20221

နိဗ္ဗာန်ရရာ ကျင့်သုံးဖြာ တရားတော်

နိဗ္ဗာန်ရရာ ကျင့်သုံးဖြာ

(၁) သပ္ပုရိသ ဘဇန် … သူတော်မြတ်၌ ဆည်းကပ်မှီဝဲခြင်း။(၂) သဒ္ဓမ္မ သောဿန … သစ္စာတရားကို နာကြားခြင်း။(၃) ဓမ္မာနုဓမ္မ ပဋိပဇ္ဇန … တရားအားလျော်စွာ ကျင့်ခြင်း။

ဆောင်ပုဒ်

သပ္ပုရိသ၊ ဘဇန၊ သောဿ သဒ္ဓမ္မံ။

ဓမ္မာနုဓမ္မ၊ ပဋိပဇ္ဇ၊ ဉာယ သံသာမံ။

ကျမ်း မဇ္ဈိမ၊ ပဏ္ဏာသ၊ ဟောပြ ဧဝကံ။

နိဗ္ဗူလိုက၊ ကလျာဏ၊ သုံးဝ လိုက်နာကြံ။

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာကြံကျင့်။

မဂ်,ဖိုလ်ခွင့်၊ ရလင့်ဧကန္တံ။

သတိချပ်

ဒွိဟိတ်တိဟိတ်၊ ဝိစီကိစ်၊ တုံးပိတ် ကျိုးမရှိ။

အားထုတ်ဖို့သာ၊ ကိုယ့်ဝန်တာ၊ သေချာ စွဲသတိ။

ကျင့်ထုတ်ခါတွင်၊ ဉာဏ်အမြင်၊ မှန်ပင် ခွဲဝေသိ။

ဖြစ်ပျက်မြင်က၊ တိဟိတ်ပ၊ မုချ မှတ်လေဘိ။

တောင်းကာရမ်းကာ၊ နိဗ္ဗာနာ၊ ရရာ လမ်းမရှိ။

အတောင်းရှော့လျက်၊ ယခုထွက်၊ ဆက်ဆက် ထုတ်ပါဘိ။

တရားသား

အင်္ဂါသုံးချက်နဲ့ညီရင် မဂ်, ဖိုလ်ကို ဧကန်ရနိုင်တယ်

ဒီကနေ့ညမှာ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မာဂဏ္ဍိယသုတ်မှာ လာတဲ့ အဓိပ္ပာယ်ကို ပြောလိမ့်မယ်လို့ မှတ်ထား ကြ။ ဘုရားရှင်က မာဂဏ္ဍီယ ပရဗိုဇ်ကို ဟောတယ်။ “မာဂဏ္ဍီမင်း-မဂ်, ဖိုလ်ကို ရချင်ရင် အချက်သုံးနဲ့ ညီစေရမယ်” လို့ ဟောတော်မူတယ်။ အဲဒီအချက် အင်္ဂါသုံးချက်နဲ့ညီရင် မဂ်, ဖိုလ်ကို ဧကန်ရနိုင်တယ်။ ဒါဖြင့် ဒီအင်္ဂါသုံးချက်နဲ့ မညီရင် မဂ်, ဖိုလ် မရနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ ထင်ရှားတာပေါ့။ အင်္ဂါသုံးက-

(၁) သူတော်ကောင်းကို ဆည်းကပ်ရမယ်။(၂) တရားလည်း နာယူရမယ်။(၃) လျော်စွာလည်း ကျင့်ရမယ်။ ဒီသုံးချက်ပဲ။ ဒါကြောင့် တို့ဒကာတွေ တရားကို ကြိုးစားနာရမယ်ဆိုတဲ့အချက်လည်း ပေါ်ကြပြီ။ သောတာပန် တည်ချင်ရင် တရားနာရမယ်။ တရားမနာရင် သောတာပန် မတည်နိုင်ဘူး။ ဘုရားနဲ့ ပစ္စေကဗုဒ္ဓါတို့ကလွဲရင် ဘယ်သူ မှ တရားမနာလို့ မဖြစ်ဘူးလို့ မှတ်ကြ။ ဒါကြောင့် သာဝကတွေမှာ တရားမနာရင် မဖြစ်ဘူး။ သစ္စာတရားကို ကြိုးစား နာရမယ်ဆိုတဲ့ အဓိပ္ပာယ်ထင်ရှားသွားပြီ။

တရားနာမှ ဒိဋ္ဌိကွာမယ်

တချို့တွေက ပြောတတ်ကြတယ်။ “တရားနာနေဖို့ မလိုဘူး အားထုတ်ဖို့ပဲ လိုတယ်။ တရားနာနေရင် အားထုတ် ချိန် လျော့တယ်။ ဒါကြောင့် နာဖို့ထက် အားထုတ်ဖို့က လိုရင်းပါ”လို့ ပြောဆိုတတ်ကြတယ်။ ဟုတ်သယောင်မို့ လမ်း မှားသွားတတ်ကြတယ်။ တရားနာမှ ဒိဋ္ဌိကွာမယ်။ ဒိဋ္ဌိကွာမှ အားထုတ်ရ လွယ်ကူတယ်။ တရားမနာရင် ဉာဏ်မပွင့်ဘူး။ ဉာဏ်မပွင့်ရင် ခရီးဖင့်ဖို့ပဲဆိုတာ မှတ်ထားကြ။ တရားနာရင် အဝိဇ္ဇာအဆင့်ဆင့်ကွာမယ်။ အဝိဇ္ဇာအဆင့်ဆင့်ခွါပြီးမှ အားထုတ်ရင် မကြာခင် မဂ်, ဖိုလ် ရနိုင်မယ်။ တရားမနာဘဲ အဝိဇ္ဇာမခွါဘဲ ရမ်းပြီး အားထုတ်နေကြရင် လုပ်ရ သလောက် ခရီးမရောက်ဘူးဆိုတာ မှတ်ထားကြ။

ပထမအင်္ဂါရပ်အနေနဲ့ သစ္စာတရား ဟောကြားတတ်တဲ့ ဆရာမြတ် သို့မဟုတ် သူတော်မြတ်ကို ဆည်းကပ် ရမယ်။ နောက် သစ္စာဆိုက်တဲ့ တရားတော်ကိုလည်း ထပ်တလဲလဲ ကြားနာရမယ်။ နောက် နာကြားရတဲ့ တရားတော် အား လျော်အောင် အားထုတ်ကျင့်ကြံရမယ်။ ဒီအင်္ဂါသုံးချက်ဟာ သုံးချက်လုံး အရေးကြီးတယ်။ သုံးချက်လုံးညီမှ မဂ်ဖိုလ်ရကြမယ်။ ဘယ်အချက်မှ ပျက်ကွက်လို့ မရဘူးဆိုတာ ဆုံးဖြတ်ချက်ချ။

မြတ်တရားနာဆိုတာ သစ္စာတရားကိုဆိုတာ

မြတ်တရားနာဆိုတာ သစ္စာတရားကိုဆိုတာ။ ဆိုက်အောင် ဟောပြတဲ့တရား၊ သစ္စာထိုက်တဲ့တရားမှ မြတ် တရားလို့ ဆိုတယ်။ ဓမ္မာနုဓမ္မပဋိပဇ္ဇန၊ လျော်စွာကျင့်ရမည်လို့ဆိုတဲ့အချက်မှာ ‘ဓမ္မဿ အနုဓမ္မံပဋိပဒံ’လို့ ဖွင့်ဆိုထား တဲ့အတိုင်း တရားကပြတဲ့ သဘာဝဆိုက်အောင် ကျင့်ရမယ်လို့ ဆိုလိုတယ်။ ဥပမာ တရားက ရုပ်တရားနဲ့ နာမ်တရား၊ ရုပ်တရားလည်း ဖြစ်ပြီးပျက်တဲ့သဘောရှိတယ်။ နာမ်တရားလည်း ဖြစ်ပြီးပျက်တဲ့သဘောရှိတယ်။ ဒီတော့ ရုပ်လည်း ဖြစ်ပျက်၊ နာမ်လည်းဖြစ်ပျက် သဘာဝရှိတာမို့ ဒီသဘာဝအတိုင်း သိရမယ်လို့ မှတ်ကြ။

ရုပ်နာမ်သဘာဝမှာ ဒီဖြစ်ပျက်ရှိတာမို့ ဒီဖြစ်ပျက်သိဖို့ဟာ အရေးအကြီးဆုံးပဲလို့ ဆုံးဖြတ်ချက်ချ။ ရိပ်မိကြ ပလား?။ တရားက ဖြစ်ပျက်ဆိုရင် ဉာဏ်ကဖြစ်ပျက်လို့ သိတာဟာ ဓမ္မာနုဓမ္မပဋိပတ္တိပါပဲ။ ဒါကြောင့် ဒီတရားအား လျော်စွာ ကျင့်ဖို့လည်း အရေးကြီးတယ်လို့ မှတ်ကြ။ ဒီအဓိပ္ပာယ်ကို မှတ်မိလွယ်အောင် ဆောင်ပုဒ်ကလေးကို ကျက် ထားကြပေါ့။

”သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့် ဧကန်သာ”။

ဘုရားရှင်ကိုယ်တော်တိုင် ဟောတာ

ဒီအဓိပ္ပာယ်က မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ ဟောတော်မူထားတယ်လို့ မှတ်ကြ။ ဘုရားရှင်ကိုယ်တော်တိုင် ဟောတာမို့ သံသယမရှိကြနဲ့လို့ သတိပေးလိုက်ပါတယ်။ တို့ဒကာတွေက ဟုတ်မှ ဟုတ်ပါ့မလား?၊ ရမှရပါ့မလား? ဆိုပြီး လုပ်မနေကြနဲ့။ ဘုရားရှင်က တစ်ခွန်းတည်း အမှန်ပြောတာ။ မမှန်တာ မပြောဘူး။ နှစ်ခွန်း၊ နှစ်မျိုး မပြောဘူး။ သဘောပါကြပလား?။

သူတော်ကောင်းထံမှာလည်း ဆည်းကပ်၊ တရားတော်ကိုလည်း ကြားနာ၊ တရားနဲ့လျော်စွာလည်းကျင့် ဒီသုံး ချက်နဲ့ညီရင် မဂ်ဖိုလ်ကို ဧကန်ရရမယ်လို့ မာဂဏ္ဍီကို ဟောတော်မူခဲ့တာ။ ဒီတော့ တို့ဒကာတွေ ဘုရားအပေါ်မှာ သံသယရှိစရာ မလိုတော့ဘူး။ တရားအပေါ်မှာလည်း သံသယဖြစ်ဖို့ မရှိတော့ဘူး။ ယုံယုံကြည်ကြည် ကိုးကိုးစားစား အားထုတ်ကြလို့ ပြောလိုက်ပါတယ်။ ဘုရားက ဒီအင်္ဂါသုံးချက်ပဲ လိုတယ်လို့ ဟောတော့ ကိုယ့်အပေါ်မှာလည်း သံသယ မရှိကြနဲ့တော့လို့ သတိပေးလိုက်ပါတယ်။

ငါလုပ်ရင် ရမှရပါ့မလား?။ ကိုယ့်အခြေနဲ့ဖြင့် နေရာကျပါ့မလား?။ ဖြစ်မှဖြစ်ပါ့မလား?နဲ့ သံသယ ဝိစိကိစ္ဆာ ဖြစ်နေတတ်ကြတယ်။ ဘာမှ သံသယမဖြစ်ကြနဲ့လို့ သတိပေးလိုက်တယ်။ တို့ဒကာတွေအတွက် အင်္ဂါသုံးချက်ကို လုပ် ကြ။ ခန္ဓာမှာ ဖြစ်ပျက်ရှိတာမို့ ဖြစ်ပျက်ကိုသိကြ၊ သိအောင်လုပ်ကြ။ ဖြစ်ပျက်သိရင် နိဗ္ဗာန်ဆုမတောင်းနဲ့ ဆုတောင်း ဖို့ မလိုဘူး။ ဒီဖြစ်ပျက်ကို ဆုံးအောင်လိုက်ရင် ရောက်တယ်ဆိုတာ ဆုံးဖြတ်ချက်ချ။

လုပ်ယူမှရမှာ လုပ်ယူကြ

ဆုတောင်းဖို့ မလိုဘူး။ ဆုတောင်းနေရုံနဲ့လည်း မရနိုင်ဘူး။ ဒါကြောင့် ဒီနေ့ကစပြီး ဆုတောင်းလျှော့ကြလို့ သတိပေးလိုက်တယ်။ လုပ်ယူမှရမှာ လုပ်ယူကြ။ ‘ဘာဝေတနဗ္ဗကိစ္စ’လို့ ဟောတယ်။ ပွားရမယ့်ကိစ္စ ပွားယူမှ ရနိုင်တယ် ဆိုတာ မှတ်ထားကြ။ နောက်ပြီး ရှိသေးတယ်။ တိဟိတ်မှ ဟုတ်မှဟုတ်ပါ့မလား?။ ဒွိဟိတ်များ ဖြစ်နေမလား?နဲ့။ ဒါက ဘုရားရှင်အရာ ကိုယ့်အရာမဟုတ်ဘူး။ ဒီတော့ အကျိုးမများမှာကို မတွေးကြနဲ့။ အလုပ်လုပ်ဖို့သာ ကိုယ့်တာဝန် ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲဆိုတာ သံသယမရှိကြနဲ့။ ကျေနပ်ပလား?။

ပါရမီစကားလည်း မပြောကြနဲ့။ သာဝကဉာဏ်အရာမှာ ပါရမီမလိုဘူးလို့ တထစ်ချ မှတ်လိုက်ကြ။ ဒီအချက်ဟာ ‘ပေဋကော ပဒေသ’ပါဠိတော်မှာ အတိအလင်း ဟောထားတာရှိတယ်။ သံသယဖြစ်ဖို့ မလိုဘူး။

+++”ဒုဝေ ဟေတူ ဒုဝေ ပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ”။

သာဝကဉာဏ်အရာမှာ အကြောင်း အထောက်အပံ့ နှစ်ချက်ပဲ လိုတယ်တဲ့။ “ပရတောစ ဃောသော သစ္စာ နုသန္ဓိ, အဇ္ဈတ္တဉ္စ ယောနိသော မနသိကာရော”။

သစ္စာတရား နာကြားမှုနှင့် နှလုံးသွင်း မှန်ကန်မှု

သစ္စာတရား နာကြားမှုနှင့် နှလုံးသွင်း မှန်ကန်မှု။ ဒီနှစ်ခုပဲလိုတယ်လို့ ဆိုလိုရင်းဖြစ်တယ်။ ဒီစကားထဲမှာ ပါရမီကို မပါဘူး။ ဒီအကြောင်းနှစ်ခုနဲ့ ညီညွတ်ရင် မဂ်ဖိုလ်ကို ရနိုင်တယ်လို့ဆိုတော့ ပါရမီမလိုဘူးဆိုတဲ့ အဓိပ္ပာယ် ဟာ အလိုလို ထင်ရှားပါတယ်။ ကျေနပ်ပလား?။

မြတ်တရားနာလို့ဆိုတဲ့ ဒုတိယအင်္ဂါနဲ့ “ပရတောစ ဃောသော သစ္စာနုသန္ဓိ”ဆိုတဲ့စကားဟာ အဓိပ္ပာယ်အတူတူ ပဲ။ ဒါကြောင့် မြတ်တရားဆိုတာ ဒါနကထာ၊ သီလကထာ တရားမျိုး မဟုတ်ဘူး။ မဂ်ရောက်၊ ဖိုလ်ရောက် တရားမှ မြတ်တရား၊ ပြတ်တဲ့တရားကိုဆိုတာ သံသရာမပြတ်တဲ့ တရားကို မဆိုဘူး။ ရုပ်နာမ်က အနိစ္စချည်းပဲပြတယ်။ ဒုက္ခချည်း ပဲပြတယ်။ အနတ္တချည်းပဲ ပြတယ်လို့ ဟောတဲ့တရားပဲလို့ မှတ်ထားကြ။ ရိပ်မိကြပလား?။

လျော်စွာကျင့်ဆိုတဲ့ တတိယအင်္ဂါနဲ့ “အဇ္ဈတ္တဉ္စ ယောနိသောမနသိကာရော”ဆိုတဲ့ စကားအဓိပ္ပာယ်လည်း မကွဲဘူး။ အတူတူပဲ။ တို့ဒကာတွေအတွက် ဒီနေရာမှာ အထက်အင်္ဂါနှစ်ပါးနဲ့ ပြည့်စုံနေကြပြီ။ ဒီတော့ သုံးချက်နဲ့ ပြည့်စုံအောင် လုပ်ကြဖို့ လိုတော့တယ်ဆိုတာ သိထားကြ။ ဒကာတွေအတွက် တတိယအင်္ဂါပဲ လိုတော့တယ်။ ဒါကိုဖြင့် ပေါ့နေကြလို့ မဖြစ်တော့ဘူး။ အခုလုပ်မှပဲလို့ ဆုံးဖြတ်ချက်ချ။

ဖြစ်ပျက်ရှိတာမို့ ဖြစ်ပျက်မြင်ရင်

မိမိခန္ဓာမှာ ဖြစ်ပျက်ရှိတာမို့ ဖြစ်ပျက်မြင်ရင် လျော်စွာကျင့်ဆိုတာနဲ့ ညီညွတ်ပြီလို့မှတ်။ ဖြစ်ပျက်မြင်ကတည်း က မဂ္ဂင်ငါးပါးနဲ့ မြင်တာ။ မဂ္ဂင်ဆိုကတည်းက မဂ်ထဲရောက်နေပြီ။ မဂ္ဂင်ရနေပြီ။ ဒီတော့ ဆုတောင်းဖို့ လိုသေးသလား?။ ဆုတောင်းဖို့ မလိုတော့ပါဘူး။ တို့ဒကာတွေ တောင်းတာ လုပ်ရမှန်း မသိကြလို့။ တောင်းလို့မရတာ သိရရင် အတောင်း လျှော့ကြတော့ အလုပ်မလုပ်ဘဲ တောင်းနေလည်း လူသိရုံပဲ။ ရမှာမဟုတ်ပါဘူး။

နိဗ္ဗာန်ကို လုပ်ယူမှသာရကြမှာ။ တောင်းယူလို့ မရဘူး။ တောင်းယူလို့ရတာဟာ လူ့ပြည်၊ နတ်ပြည်ပဲ။ ဗြဟ္မာ နဲ့ နိဗ္ဗာန်က လုပ်ယူမှရမှာ။ နောက် မတောင်းကြနဲ့တော့လို့ ပြောလိုက်ပါတယ်။ သဘောပါကြပလား?။ ဒါကြောင့် တို့ဒကာတွေအတွက် သုံးအချက် အရေးကြီးတယ်။ သုံးနံပါတ်နဲ့ လျော်စွာကျင့်မှ မဂ်ကို ရနိုင်တယ်။ မဂ် မရသေးရင် မလျော်သေးလို့ပဲဆိုတာ မှတ်လိုက်ကြ။ ရှင်းကြပလား?။

ရှေ့ကဖြစ်ပျက်၊ နောက်က မဂ်လာစေရမယ်

ရှုတဲ့အခါ ရှေ့ကဖြစ်ပျက်၊ နောက်က မဂ်လာစေရမယ်။ ကြားမှာ ဘာစိတ်မှ မဝင်စေရဘူး။ ဖြစ်ပျက်-မဂ်၊ ဖြစ်ပျက်-မဂ်လို့ ဖြစ်ပျက်နဲ့မဂ် တည့်နေရမယ်။ ဖြစ်ပျက်နဲ့မဂ် မတည့်သေးရင် မလျော်သေးလို့ပဲလို့ မှတ်ကြ။ ဒီတရား အချက်ဟာ အလွန်အရေးကြီးတယ်။ ဒီတော့ တို့ဒကာတွေအတွက် ဒုက္ခလက်စသတ်ပေးနေတာ။ ဒုက္ခကြောက်သူမှန် ရင် ကြိုးစားလိုက်နာကြ။ ပေါ့ပေါ့ကလေး မမှတ်လိုက်ကြနဲ့လို့ သတိပေးလိုက်တယ်။

ဖြစ်ပျက်နဲ့မဂ် တည့်နေရင် အဝိဇ္ဇာမလာတော့ဘူး။ အဝိဇ္ဇာမလာတော့ ပဋိစ္စသမုပ္ပါဒ် အစက စချုပ်တာမို့ ဒုက္ခစက်ဝန်း၊ ဒုက္ခခန္ဓာကြီးတစ်ခုလုံး ချုပ်သွားရော။ သဘောပါကြပလား?။ ဒါက လောကီမဂ်, မဂ္ဂင်ငါးပါးနဲ့ ဝိပဿနာ ရှုရင်းဖြတ်တာ။ ဒီအပြတ်က တဒင်္ဂပဲ ရှိသေးတယ်။ ဒါကို ဆက်ရှုရဦးမယ်။ နောက် မဂ်စစ်လာလိုက်တော့မှ ခန္ဓာသစ် ဖြစ်မဲ့ အကြောင်းတရား ချုပ်ကရော။ အကြောင်းတွေ ချုပ်တော့ ခန္ဓာသစ် မလာနိုင်တော့ဘူး။ ခန္ဓာဟောင်း အကျိုး တရားလည်း ချုပ်တာပဲလို့ မှတ်ကြ။

ဝိဇ္ဇာဝင်တာနဲ့ အဝိဇ္ဇာ မလာနိုင်တော့ဘူး

ဖြစ်ပျက်နဲ့ မဂ်နဲ့ တည့်နေရင် ဝိဇ္ဇာလာတယ်။ ဝိဇ္ဇာဝင်တာနဲ့ အဝိဇ္ဇာ မလာနိုင်တော့ဘူး။ အဝိဇ္ဇာမလာလို့ အဝိဇ္ဇာချုပ်တော့ သင်္ခါရ၊ ဝိဉာဏ် စတဲ့ တရားတွေအားလုံးချုပ်။ သံသရာစက်ဝန်းကြီးတစ်ခုလုံး အကြောင်းလည်းချုပ် အကျိုးလည်းချုပ်ကုန်ရော။ ဒါဟာ လျော်စွာကျင့်ရင် ဒိဋ္ဌဓမ္မနိဗ္ဗာန်ရတဲ့ အကျင့်ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ဒါကြောင့် တို့ဒကာတွေ ဒုက္ခခန္ဓာအစုကြီးချုပ်ဖို့ ဒိဋ္ဌဓမ္မနိဗ္ဗာန်ရဖို့ အခုထပြီး အားထုတ်ကြလို့ တိုက်တွန်းလိုက်ပါတယ်။

ဘယ့်နှယ်ညာနှယ် ဘယ်သို့နဲ့ ချေးထူနေရင် ဒုက္ခရောက်ဖို့သာ ပြင်ကြ။ ဒုက္ခနဲ့ ရင်ဆိုင်ဖို့သာ အောင်းမေ့ကြ လို့ ပြောလိုက်ပါတယ်။ တို့ဒကာတွေ ကြပ်ကြပ်သတိပြုကြ။ စင်ကြယ်အောင် မလုပ်သမျှ ဒုက္ခအဆုံးမသတ်ကြတော့ဘူး။ ငယ်ငယ်က တော်သလို၊ လျော်သလို နေခဲ့ကြ။ ကြီးတော့လည်း တော်အောင်၊ လျော်အောင်ပဲ နေနေကြဦးမယ်ဆိုရင် သင့်ပါမလား?။ အခွင့်သာတုန်း အချိန်ရတုန်းမှာ ပြင်လိုက်ကြ။ ခုအခါမျိုးမှာမှ မပြင်မိကြရင် အမှားဒီပြင်မရှိတော့ဘူး လို့သာ မှတ်ကြတော့ပဲ။

တို့ဒကာတွေ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာကြနဲ့တော့လို့ သတိပေးလိုက်ပါတယ်။ ဇာတာဖွဲ့တဲ့အခါ ဗေဒင်ဆရာ က အသက် ၁၂၀ ရှည်စေသတည်းလို့ဆိုပြီး ရေးထည့်လိုက်တယ်။ အဓိပ္ပာယ်ကတော့ မင်းကံကောင်းမှပဲ ဒီထက်မပို ဘူးလို့ဆိုတာပဲ။ သေသေချာချာ စဉ်းစားကြ အဘိဓမ္မာနည်းအရ တစ်စိတ်ကို တစ်သက်နဲ့တွက်ရင် ၁၂၀ ဆိုတော့ ပိုတောင်နေကြပြီ။ အဘိဓမ္မာနည်းက တစ်စိတ်ကို တစ်သက်ပဲလို့ ယူရတယ်။ တစ်စိတ်တစ်သက်နဲ့တွက်ရင် တစ်နာရီ မှာ အသက်ပေါင်း ၃၆၀ ဆိုတော့ တို့ဒကာတွေ ဇာတာသက်တမ်းက ကျော်နေပြီလို့ ဆိုရမယ်။

အသက်က ရုပ်သက်၊ နာမ်သက်ရှိတာ

ဗေဒင်က သုတ္တန်နည်းနဲ့ ရေးထားတာ။ အသက်က ရုပ်သက်၊ နာမ်သက်ရှိတာ။ ဘုရားက ဒီအတိုင်းဟောထား တာ။ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတတဲ့ အဲဒါကိုမှ အသက်ခေါ်တာ။ အခုဒကာတို့ အသက် ၁၂၀ ကျော်ပြီလား?။ ဒါဖြင့် ဒကာတို့တော့ သွားပြီ။ အခုမှ ခက်တော့တာပဲ သွားလေရောပဲ။ ဘယ့်နှယ်များ ကြံကြမတုံး?။ ဒီတော့ အခုအသက်ကြွင်း ကျန်နေသေးတာဟာ တရားရဖို့၊ တရားထူး ရထိုက်လို့ ကျန်နေတာပဲလို့ ဆုံးဖြတ်ချက်ချ။

ကိုယ့်ကံကထူးလို့၊ မြတ်လို့ ရလာတဲ့ အပိုအသက်ကလေးကို မဖြုန်းလိုက်ကြနဲ့။ အလဟဿ၊ အလေနတော အဖြစ်နဲ့ မပြုန်းတီးကြစေနဲ့လို့ သတိပေးလိုက်ပါတယ်။ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့သာ အချိန်မကုန်ကြစေနဲ့။ ကိုယ်ကျိုး၊ ကိုယ့်စီးပွားအတွက်မို့ ကြွင်းတဲ့ထဲက တရားထူးရဖို့ မြန်မြန်လုပ်ကြ။ သဘောပါကြပလား?။

အချိန်ဘယ်လောက်ကြာအောင် လုပ်ရမလဲ?

ဒီအလုပ်လုပ်တော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ အချိန်ဘယ်လောက်ကြာအောင် လုပ်ရမလဲ?လို့ မေးတယ်ဆိုပါတော့ ဒီလိုလုပ်တဲ့အခါ ဖြစ်ပျက်၊ မြင်တာက မဂ်၊ မဂ်ဆိုတော့ ယောဂီက ငါအမှန် မြင်ရတာပဲလို့ ဝမ်းသာလာရင်၊ နှစ်သက် လာရင် မကြာတော့ဘူး။ မဂ်ရဖို့နီးပြီလို့ မှတ်ကြ။ နှစ်သက်ဝမ်းသာတာများရင် ပီတိ၊ သောမနဿ အားကောင်းလာလို့ ပဲ။ ဒီကနေပြီး မနားဘဲ ဆက်ရှု,ရှုရင် မကြာခင် ဖြစ်ပျက်ကို မုန်းလာမယ်။ မုန်းအားကြီးတော့ ဆုံးရော၊ ဆုံးရင် နိဗ္ဗာန်ပဲဆိုတာ မှတ်လိုက်ကြ။ ရှင်းကြပလား?။

အခုပြောတာ ဒီဂရီချိန်ဖို့ပဲ။ ဒီဟာနဲ့ ချိန်ကြည့် ကိုယ့်ဟာကိုယ် သိနိုင်တယ်။ ဒီအဓိပ္ပာယ်ဟာ ဓမ္မပဒမှာ ဟောတယ်လို့ မှတ်ကြ။

+++ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။

လဘတေ ပီတိပါမောဇ္ဇံ၊ အမတန္တံ ဝိဇာနတံ။

ဘာသာပြန်

အကြင်အကြင် ရုပ်နာမ်အခြင်းအရာအားဖြင့် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်သဘောကို ဟုတ်မှန်တိုင်းပင် သုံးသပ်ဆင်ခြင်၍ နေ၏။ ထိုထိုရုပ်နာမ်အခြင်းအရာအားလျော်စွာ ဟုတ်မှန်တိုင်းပင် ရှုဆင်ခြင်သောအားဖြင့် အမြိုက် နိဗ္ဗာန်ကို သိကုန်ပြီးသော အရိယာမြတ်တို့၏ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့်တူသော နှစ်သက်ဝမ်းမြောက်ခြင်းကို ရလေ၏။ ထိုသို့နှစ်သက်ဝမ်းမြောက်ခြင်းကို ရခြင်းသည် ပညာရှိတို့အား နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်ပါပေ၏။

(အဓိပ္ပာယ်ကို အဓိကထား၍ ပြန်ဆိုလိုက်ပါသည်)

အားထုတ်တဲ့အခါ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းဆိုတဲ့ သဘောတွေ တွေ့လာရင် မညံ့တော့ဘူး။ အဲဒီနားတင် သဘောကျပြီး တစ်ခံနေလို့လည်း မဖြစ်သေးဘူး။ အဲဒါ အမှတ်မထားဘဲ ဆက်ပြီး အားထုတ်သွားရမယ်။ ဆက်အား ထုတ်ရင် မကြာမီဘဲ ဖြစ်ပျက်မုန်းပြီး ဆုံးသွားတော့တာပဲ။ ဖြစ်ပျက်ဆုံးသွားတဲ့ပုဂ္ဂိုလ်မှာ သူတို့မလာတော့ဘဲ အစက စ အားထုတ်တဲ့သူအတွက် ပြောတာလို့မှတ်ကြ။ ရှင်းပလား?။

ဝမ်းသာတာချုပ်ရင် မုန်းဉာဏ်ပေါ်လာတာပဲ

မမြင်စဖူး အမြင်ထူးတာတွေ တွေ့ရ၊ ကြုံရတော့ အတိုင်းထက်အလွန် နှစ်သက်မှု၊ ဝမ်းမြောက်မှုတွေ ဖြစ်တော့ တာပေါ့။ အဲဒီဝမ်းသာတာချုပ်ရင် မုန်းဉာဏ်ပေါ်လာတာပဲ။ မုန်းဉာဏ်လာပြီး ဆုံးတော့တာပဲလို့ မှတ်ကြ။ ဆုံးတာနဲ့ မဂ္ဂင်ရှစ်ပါးလုံး ပြည့်စုံပြီး ရှစ်ပါးလုံးရတာပဲ။ အဲဒီအခါမှ အပါယ်တံခါးလည်း ပိတ်ကရော။ သဘောပါကြပလား?။

အပါယ်တံခါးကို လူ့ပြည်ကနေပြီး ပိတ်ရင်ရတယ်။ ဒါကြောင့် ဒီကနေပြီး အပါယ်တံခါးပိတ်ကြ၊ ပိတ်အောင် ကြိုးစားကြ။ ဖွင့်တော့လည်း ဒီကနေပြီး ဖွင့်နိုင်တယ်။ ဒီတော့ ဖွင့်တတ်ရင် ပိတ်တတ်ရမယ်။ ဒကာ၊ ဒကာမတွေ ဖွင့်တော့ ဖွင့်တတ်တယ်။ ပိတ်ဖို့ကျတော့ မပိတ်တတ်ကြဘူးဆိုရင် တော်ပါ့မလား?။ မတော်တာသိရင် ပိတ်တတ်အောင် ပိတ်ကြ။ ဒါမှမဟုတ်ရင် မိဘက မိုက်တဲ့၊ ဆိုးတဲ့ ကလေးကို ထိပ်ပုတ်၊ ခေါင်းရိုက် ရိုက်ပုတ်ပြီး ဆုံးမရသလို တို့ဒကာ တွေကိုလည်း ဒီလိုပဲဆုံးမရမလား?။ ဒီလိုများမလုပ်သင့်ဘူးလား?လို့ မေးလိုက်တယ်။

မရရအောင် အားထုတ်ကြ

ကြိုးစားကြ။ မရရအောင် အားထုတ်ကြလို့ တိုက်တွန်းလိုက်တယ်။ အားထုတ်လို့ ဖြစ်ပျက်တွေ မြင်လာပြီး ကြက်သီးတွေထမယ်။ ခန္ဓာရောင်အလင်းတွေ ရမယ်။ ဝမ်းသာခြင်း၊ နှစ်သက်ခြင်းတွေ ဖြစ်လာမယ်ဆိုရင် ရဖို့သေချာ ပြီ မဝေးတော့ဘူးလို့ မှတ်ကြ။ ပီတိပါမောဇ္ဇရတာ ပထမနိဗ္ဗာန်ရတာပဲ။ တို့ဒကာတွေ မကြိုးစားသင့်ကြဘူးလား?။ ကြိုးစားကြ။ ရုပ်ကြိုက်ရင် ရုပ်ဖြစ်ပျက်ရှု၊ နာမ်ကြိုက်လည်း နာမ်ရှုကြ။

”ဖြစ်ပျက်မြင်ကာ၊ ဝမ်းသာနှစ်သက်၊ အရောင်ထွက်၍၊

ကြက်သီးစစွာ၊ ကြုံတွေ့လာ၊ မဂ္ဂါမဝေးမှတ်”။

ဒီဆောင်ပုဒ်ကလေးလည်း မှတ်ထားကြ။

ဝမ်းသာလာရင် မရပ်လိုက်နဲ့။ ရပ်လိုက်ရင် တရားမတက်နိုင်ဘူး။ မရှုချင် ရှုချင် မဆုံးမချင်း ဆက်သာရှုကြ။ ရကို မရချင်တော့ဘူးဆိုတော့ မဂ်လာမှာပဲ။ ရှင်းကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦးစို့။