20219

ဝိပ္ပလ္လာသ ပယ်ခွါချ တရားတော်

ဝိပ္ပလ္လာသ သုံးမျိုး

(၁) သညာဝိပ္ပလ္လာသ အမှတ်မှားယွင်းခြင်း။(၂) စိတ္တဝိပ္ပလ္လာသ အသိမှားယွင်းခြင်း။(၃) ဒိဋ္ဌိဝိပ္ပလ္လာသ အယူမှားယွင်းခြင်း။

မှားယွင်းပုံ

အနိစ္စကို နိစ္စဟု မှတ်, သိ, ယူစွဲခြင်း။

ဒုက္ခကို သုခဟု မှတ်, သိ, ယူစွဲခြင်း။

အနတ္တကို အတ္တဟု မှတ်, သိ, ယူစွဲခြင်း။

အသုဘကို သုဘဟု မှတ်, သိ, ယူစွဲခြင်း။

တစ်ပါးပါး၌ သုံးချက်စီဖြစ်သဖြင့် လေးပါးသုံးလီ ဝိပ္ပလ္လာသ (၁၂) ပါး ဖြစ်၏။

ဆောင်ပုဒ်

သညာ, စိတ္တ၊ ဒိဋ္ဌိက၊ သုံးဝ ဝိပ္ပလ္လာ။

မှတ်မှား, သိမှား၊ အယူမှား၊ ဘောက်ပြား ဝိပ္ပလ္လာ။

အနိစ္စ, ဒုက္ခ၊ အနတ္တ၊ အသုဘ စင်စစ်သာ။

နိစ္စ, သုခ၊ ကိုယ့်အတ္တ၊ သုဘ ဘောက်ပြန်ကာ။

သုံးပါး ဝိပ္ပလ်၊ ရူးနာသန်၊ ဘောက်ပြန် မြင်၍လာ။

ရူးနာပျောက်ချင်၊ တရားဝင်၊ လျှင်လျှင် အားထုတ်ရာ။

ဧကာ ယ နော၊ အယံ မဂ္ဂေါ၊ စကုရော သတိပဋ္ဌာနာ။

ဖြစ်ပျက် မြင်စ၊ နှိမ်ဆေးပ ငြိမ်စွာ့ များမြင်ခါ။

ဖြစ်ပျက်ဆုံးရောက်၊ ရူးနာပျောက်၊ မျက်မှောက် နိဗ္ဗူတာ။

သတိ

ရုပ် နာမ် ဖြစ်ပျက် မြင်စ ရူးနာ နှိမ်ဆေး ရသည်။

ရုပ် နာမ် ဖြစ်ပျက် အများမြင်က ရူးနာ ငြိမ်းဆေးရသည်။

ရုပ် နာမ် ဖြစ်ပျက် အဆုံးမြင်က ရူးနာ ပျောက်ဆေးရသည်။

တရားသား

အရူးထတတ်တဲ့ အချက်ကြီးလေးချက်

ဒီကနေ့ည အရူးထတတ်တဲ့ အချက်ကြီးလေးချက်ကို ပြောရမယ်။ အရင်းခံ အချက်ကြီးတွေပဲလို့ မှတ်ကြ။ ဒီအချက်ကြီးတွေ ကင်းမှ, ကင်းအောင် လုပ်ယူမှသာ အရူးရောဂါ ပျောက်ကြမယ်။ ဒီတော့ ဘယ်လိုလုပ်ယူရမလဲဆိုတဲ့ အချက်ကိုလည်း အထူးသတိချပ်ဖို့ လိုတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရှင်းကြပလား?။

ဒီအရူးရောဂါ ပျောက်ဖို့ ဆေးချက်ဟာ ဝိပဿနာအလုပ်ပဲ ရှိတယ်။ ဒီအလုပ်မှ ပျောက်နိုင်မယ်ဆိုတာ မှတ်ထားကြ။ ဒီအလုပ်ကင်းရင် အရူးထတဲ့အချိန်ပဲလို့ မှတ်။ ဝိပဿနာအလုပ် ကင်းတဲ့အချိန်မှာ အရူးလေးမျိုး ရှိ နေတယ်။ မဂ်နဲ့ ပယ်တဲ့အချိန်နဲ့ ဝိပဿနာနဲ့ နေတဲ့အချိန်မှာသာ အရူးကင်းတယ်။ အဲဒီအချိန်မျိုးမှာ အရူးလေးမျိုး မရှိဘူးလို့ မှတ်ကြ။ သဘောပါကြရဲ့လား?။

အရူးလေးမျိုးဆိုတာက အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အသုဘကို သုဘ၊ အနတ္တကို အတ္တပဲလို့ သိတယ်၊ မှတ် ထင်တယ်၊ ယူစွဲတယ်ဆိုတဲ့ အချက်လေးခုကြောင့် ဖြစ်လာရတဲ့ အရူးလေးမျိုးပဲ။ အဲဒါကို သိမှားမှာ လေးခု၊ မှတ်မှား မှာလည်း လေးခု၊ အယူမှားမှာလည်း လေးခုဆိုတော့ လေးခုသုံားလီပေါင်းရင် အရူးတစ်ဆယ့်နှစ်မျိုး ဖြစ်တယ်။ အဲဒီ တစ်ဆယ့်နှစ်မျိုးကို စာလိုတော့ ဝိပ္ပလ္လာသ။ အမှန်သဘာဝမှ ဖောက်ပြန်ပြီး မှားယွင်းစွာ မြင်တဲ့အမြင် ဆယ့်နှစ်မျိုးလို့ ဆိုတယ်လို့ မှတ်ကြ။ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးဆိုတာ ဒါကိုခေါ်တာပဲ။

တို့ဒကာတွေက အနိစ္စကို နိစ္စလို့ သိနေတယ်။ အနတ္တကို အတ္တလို့ သိနေတယ်။ ဒါက အသိမှား။ အနိစ္စကို နိစ္စ၊ အနတ္တကို အတ္တလို့ မှတ်နေတယ်။ အဲဒါက အမှတ်မှား။ အနိစ္စကို နိစ္စ၊ အနတ္တကို အတ္တလို့ ယူစွဲနေကြတယ်။ အဲဒါက အယူမှားနှစ်ခု၊ သောတာပန်မတည်သေးရင် ရှိတဲ့ရှစ်မျိုးလို့ မှတ်ကြ။ အခုပြောတာ သညာဝိပ္ပလ္လာသ၊ စိတ္တ ဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသဆိုတဲ့ ဝိပ္ပလ္လာသသုံးမျိုးရဲ့ ဒဏ်ချက်ပဲ။ ဒီဝိပ္ပလ္လာသ သုံးမျိုးရှိနေသမျှ အရူးထကြမှာချည်းပဲ တဲ့။ သဘောပါကြရဲ့လား?။

အမှတ်မှား၊ အသိမှား၊ အယူမှားဆိုတဲ့ ဝိပ္ပလ္လာသသုံးမျိုး

အရိယာမဖြစ်သေးသမျှ ဒီအမှတ်မှား၊ အသိမှား၊ အယူမှားဆိုတဲ့ ဝိပ္ပလ္လာသသုံးမျိုး ရှိပြီးနေတယ်။ ပုထုဇဉ် အဖြစ်မှာ ဒီအရူးမျိုး ပိုင်နေတယ်။ အရူးမျိုးရှိနေတော့ ဘယ်တော့မှ အဖြောင့်မသွားဘူး။ အကောက်သွားနေမှာပဲ ဆိုတာ မှတ်ထားကြ။ အကောက်သွားဆိုရင် လမ်းဖြောင့်လမ်းမှန် မရောက်တော့ဘူး။ အမှန်အကန် မဖြစ်တော့ပါဘူး။ ရောက်ချင်ရာရောက် ကျချင်တဲ့ ချောက်ကမ်းပါး ဇောက်ထိုးမိုးမျှော် ကျဖို့မှတစ်ပါး ဒီပြင်မရှိတော့ဘူးဆိုတာ ဆုံးဖြတ် ချက်ချ။ ရိပ်မိကြပလား?။

ဒကာတို့တစ်တွေ ကိုယ့်အခြေ၊ ကိုယ့်အနေနဲ့များ ဟုတ်လှပြီ၊ တော်လှပြီလို့များ အောက်မေ့မနေကြနဲ့လို့ သတိပေးလိုက်ပါတယ်။ စီးပွားရေး၊ ကြီးပွားရေးတွေ၊ သမီးသားရေးတွေနဲ့ နေတဲ့သူမှန်သမျှဟာ အရူးအဖြစ်နဲ့ပဲ နေကြ တယ်လို့ မှတ်ကြ။ အရူးရောဂါ ရှိနေသေးလို့သာ ပျော်ပိုက်နေနိုင်ကြတာပါ။ ရိပ်မိကြပလား?။ တို့ဒကာတွေ မဂ်မဆိုက်၊ ဖိုလ်မဆိုက်ဆိုရင် ဘယ်အခြေဆိုက်မတုံး?။ အရူးထတုန်း အရူးထလို့ ကောင်းတုန်းပဲဆိုတာ မှတ်လိုက်ကြ။

ဒီတော့ တို့ဒကာတွေ အေးနေဖို့၊ ပေါ့နေဖို့၊ အချိန်မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချကြ။ ဒါကြောင့် အနိစ္စကို အနိစ္စလို့ အမှန်အကန် မြင်သိအောင် ရှုဆင်ခြင်ရမယ်။ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပြီး ရှုပွားရမယ်။ အဲဒီလို အခါခါ ရှုပွားမှ အနိစ္စကို နိစ္စလို့ မှတ်ထားတဲ့ အမှတ်မှား ကွာလာမယ်။ အမှတ်မှားကွာရင် အမှန်မြင်သိလာကြမယ်။ ဒါကို အမှန်သိမှ အမှန်အကန် ဉာဏ်နဲ့မြင်မှ ဝိပ္ပလ္လာသ ရှစ်မျိုးက လွတ်ကြမယ်။ ဒါကိုမသိသေးရင်ဖြင့် တို့ဒကာတွေ အသက်ရှည်သမျှ အရူးသက် ရှည်တာပဲလို့ မှတ်ကြ။ အရူးနေ နေပြီး အရူးအသက်ရှည်ကြ သေတော့လည်း အရူးသေ သေရမှာမို့ မသာချင်တော့လည်း အရူးမသာ ချကြတော့ပေါ့။ ကောင်းနိုင်ပါဦးမလား?။ စဉ်းစားကြ။

အရူးနာပျောက်ဖို့ ဝိပဿနာရှုကြ

ဒကာတို့စိတ်ထဲမှာ ငါတို့ဟာ ဒါနတွေလည်း အမျိုးမျိုးပြုကြတယ်။ ဥပုသ်လည်း မလွတ်တမ်း စောင့်ထိန်း ကြတယ်ဆိုပြီး တော်လှပြီလို့များ အောင်းမေ့တတ်ကြတယ်။ ဥပုသ်စောင့်၊ ဒါနတွေပြု၊ သထမတွေ ပွားများနဲ့ အရူးနာ ပျောက်မယ်လို့ အောင်းမေ့နေကြတယ်။ ဒါန၊ သီလ၊ သမထနဲ့ဖြင့် အရူးပျောက်ဖို့ ခဲယဉ်းပါတယ်။ ဘယ်တော့မှ မပျောက်ဘူးဆိုတာ မှတ်လိုက်ကြ။ အရူးနာပျောက်ဖို့ ဝိပဿနာရှုကြ။ ဝိပဿနာက တဒင်္ဂပယ်မယ်။ နောက် မဂ်ရမှ၊ မဂ်ကမှ ဝိက္ခမ္ဘန၊ သမုစ္ဆေဒပယ်နိုင်မှာ။ သဘောပါကြပလား?။

ဘုရားရှင်က ဆေးနားလည်လို့၊ ရောဂါအကြောင်းသိလို့ ဒါတွေ အရူးတွေပဲလို့ သိတော်မူလို့ ဆေးပေးထား ခဲ့တာ။ ဒီဆေးသောက်မှ ဧကန်ပျောက်ကြမှာ။ မသောက်ရင် မပျောက်ပါဘူး။ ဒါကို တို့ဒကာတွေ မသိလို့ သိအောင်လို့ ဆိုပြီး ဘုန်းကြီးတို့က ဖော်ပြောနေရတာ။ ဖော်ပြလို့ အခု ကိုယ့်ကိုယ်ကိုယ် အနာရှိမှန်း အရူးမှန်း သိကြရပြီ။ အရူးနာ ပျောက်အောင် ကုနည်း၊ ပယ်နည်းလည်း ရကြပြီ။ ပယ်နည်းရရင် ပယ်ကြ။ ရိပ်မိပလား?။ ဒါမှ မဂ္ဂင်လမ်းမဖြောင့် သမျှ ဘယ်တော့မှ နိဗ္ဗာန်မရောက်နိုင်ကြဘူး။

ဒကာတို့က အရင်ကတော့ အနာရှိမှန်းမသိလို့ ဆေးရှာရမှန်း မသိခဲ့ကြဘူး။ ညွှန်ပြတဲ့သူက ပြလို့ အနာရှိမှန်း အခုသိကြရပြီ။ အခုသိတော့ အခုပျောက်ဆေးရှာကြ။ ပျောက်ဆေး သောက်ကြပါလို့ တိုက်တွန်းလိုက်တယ်။ ဒါနဲ့မှ မသောက်ချင်ရင် အရူးတာရှည် အရူးသက်ဆိုးရှည်ပြီး အရူးနေနေ အရူးသေ သေကြ၊ နောက် အရူးမသာချချင်သေး လို့ပဲဆိုတာ ငြင်းဖို့မရှိပါဘူး။

ခန္ဓာမှာ ဉာဏ်နဲ့စိုက်ရင် အမှန်သိလာလိမ့် မယ်

ဆေးသောက်ချင်ရင် သောက်ဖို့က လွယ်ပါတယ်။ မိမိခန္ဓာမှာ စိုက်ကြည့်၊ ဉာဏ်နဲ့စိုက်ရင် အမှန်သိလာလိမ့် မယ်။ ကြည့်တော့ ရုပ်ကြိုက်, ရုပ်ကြည့်၊ ဝေဒနာကြိုက်, ဝေဒနာ၊ စိတ်ကြိုက်ရင်လည်း စိတ်ကိုကြည့်၊ များများမလိုဘူး ကြိုက်တာ တစ်လုံးတည်းကိုသာ ကြည့်ရမယ်။ ဉာဏ်နဲ့ကြည့်ရင် ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စအချက်ကို အမှန်သိရမယ်။ ဒီလိုအမှန်သိလို့ ရုပ်နာမ်ဖြစ်ပျက်မြင်ရင် တဒင်္ဂ ကွာသွားပြီဆိုတာ ဆုံးဖြတ်ချက်ချ။ ဒါလောက်နဲ့ စိတ်မချရသေးဘူး။ ဖြစ်ပျက်မြင်ရုံနဲ့ ကျေနပ်မနေနှင့်ဦး။ ဒါကိုဆက်ပြီး မုန်းအောင်၊ ဆုံးအောင် ရှုရဦးမယ်။ ဖြစ်ပျက်ဆုံး မှ အရူးနာပျောက်မယ်။ ရှင်းကြပလား?။

ခန္ဓာငါးပါးက တစ်ပါးကိုကြည့်ရင် ကျန်လေးပါးအတွက် ကိစ္စပြီးတယ်။ တစ်ပါးကိုမြင်ရင် ကျန်လေးပါးလည်း မြင်တယ်။ အရေးကြီးတာက တစ်ပါးတည်းကိုး ပိုင်ပိုင်နိုင်နိုင် မြင်အောင်ကြည့်ဖို့ လိုရင်းပဲ။ ရှင်းကြပလား?။ ဥပမာ ဆိုရင် တုတ် (ဒုတ်)ငါးချောင်းလိုပဲလို့ မှတ်ကြ။ တုတ်ကလေးငါးချောင်းကို ထိပ်ချင်းတိုက်ပြီး စုထောင်ထား။ နောက်ပြီး အဲဒီတုတ်ငါးချောင်းရဲ့ ထိပ်ပေါ်မှာ တင်ချင်တဲ့ အရာဝတ္ထုတစ်ခုခု တင်ထားကြည့်။ တိတိမတ်မတ်ပဲ ရှိနေမယ်။ ဒါပေမဲ့ အဲဒီတုတ်ချောင်းငါးချောင်းထဲက တစ်ချောင်းကို အခြေက ဆွဲယူလိုက်ရင် ကျန်တဲ့လေးချောင်းဟာ လဲကျကုန် တော့မှာပဲ။ ဒီဥပမာလိုပါပဲ ခန္ဓာတစ်ပါးရဲ့ ဖြစ်ပျက်ကို မြင်ရင် ကျန်ခန္ဓာလေးပါးကို မြင်တာပါပဲ။ ဒါကြောင့် အများ မလိုဘူး။ တစ်ပါးတည်း ပိုင်ဖို့လိုတယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ သဘောပါကြပလား?။

ခန္ဓာဖြစ်ပျက် မြင်ရင် အရူးသုံးချက် ကွာတော့မယ်

ခန္ဓာဖြစ်ပျက် မြင်ရင် အရူးသုံးချက် ကွာတော့မယ်ဆိုတာ စိတ်ချ။ မြင်ရင် တဒင်္ဂတော့ ကွာပြီ။ ဒါကိုဆက်ပြီး မုန်းအောင် ရှုရမယ်။ မုန်းလာရင် ဆုံးအောင် ဆက်ပြီးရှု။ တစ်ချက်ချက်ရှုရင်းရှုရင်းက ဖြစ်ပျက်တွေ ဆုံးသွားမယ်။ ဖြစ်ပျက် ဒုက္ခသစ္စာဆုံးရင် ဆုံးတဲ့နေရာမှာ မဖြစ်မပျက်တဲ့ သုခနိဗ္ဗာန် ပေါ်တာပဲ။ ကိုင်း အားကိုးဖို့များ မသင့်ပေဘူး လား?။ သင့်ရင် ကြိုးစားကြ။ ဒါမှ အရူးနာပျောက်မယ်။ မသင့်သေးရင်ဖြင့် ရူးချင်သေးလို့၊ အရူးမသာ ချချင်သေးလို့ပဲ။ ဆိုထိုက် မဆိုထိုက်။

ကိုယ့်ဟာကိုယ် အရူးပျောက် မပျောက် စမ်းသပ်ကြည့်ရမယ်။ အရူးသုံးချက် ရှိမရှိ စမ်းသပ်ကြည့်ကြစို့…

(၁) သညာဝိပ္ပလ္လာသ… ဒါက ကျုပ်အစ်မပဲတဲ့။ ကျုပ်ညီမပါတဲ့။ ကျုပ်နှမအရင်းမှ တစ်အူထုံဆင်းပါတဲ့။ အဲဒါ အမှတ်မှားပဲ။(၂) စိတ္တဝိပ္ပလ္လာသ… ကျုပ်ညီမလေးမို့ ခင်မှပဲ၊ မခင်လို့၊ မကြင်နာလို့ မတော်ဘူးတဲ့။ အဲဒါက အသိမှားပဲ။(၃) ဒိဋ္ဌိဝိပ္ပလ္လာသ… အရေးကြုံရင် သူတို့ကိုပဲ အားကိုးရမှာတဲ့ အဲဒါက အယူမှားပဲ။ အိမ်မှာ အတူနေကြတဲ့ ယောကျ်ား၊ မိန်းမတစ်တွေမှာ ဒီအရူးသုံးချက်ပဲ ရှိတယ်။ ဒါကြောင့်လည်း တစ်ယောက် နဲ့တစ်ယောက် တည့်အောင်ပေါင်းသင်းပြီး နေနိုင်၊ ထိုင်နိုင်ကြတာပေါ့။ ဒီအရူးပျောက်ရင် တည့်အောင် နေနိုင်ဖို့ မလွယ်ပါဘူး။ ဒီအချက်ကို ဝိသာခသူဌေး၊ ဓမ္မဒိန္နာတို့ သာဓကကိုကြည့်ရင် ထင်ရှားပါတယ်။ ဝိသာခဟာ အရူးနာ ပျောက်သလောက် ရှိလာတော့ ဓမ္မဒိန္နာနဲ့ တည့်အောင်နေနိုင်ဖို့ ခဲယဉ်းသွားပြီ။ တည့်အောင်နေဆိုတာ အရူး အရူး ချင်းမှ ဖြစ်နိုင်တာကလား။ သဘောပါကြပလား?။ တစ်ယောက်ယောက်က အရူးပျောက်ရင် အတူနေလို့ မဖြစ်သေး ပါဘူးဆိုပြီး အတူမနေတော့ဘူးတဲ့။

ဘုရားဟောတာ ဒကာတို့အထင်နဲ့ ကိုက်ရဲ့လား?။ မကိုက်ရင် ကိုယ်ရူးတာ ကိုယ်ရိပ်မိကြဖို့ပဲ။ ရိပ်မိရင် ဆေးကုဖို့တာဝန် ကိုယ့်တာဝန်ဆိုတာ ဆုံးဖြတ်ကြ။ ဒီအရူးကလည်း သာမညမဟုတ်ဘူး။ ဆရာနဲ့တွေ့တုန်း ပျောက် အောင်ကုရင်ကု မကုမိလို့ မပျောက်ကြရင် ဆွေစဉ်မျိုးဆက်ဆိုသလို လှလှကြီး မှောက်တော့မယ်ဆိုတာ သံသယမရှိ ကြနဲ့။ အရူးမပျောက်တော့ အရူးကမွေး အရူးကလေးတွေပဲ ဖွားလာကြမယ်။ တို့ဒကာ ဒကာမတွေကို အရူးမျိုးတွေပဲ ဆိုရင် ခံနိုင်ကြပါမလား?။ မခံနိုင်ရင် ပျောက်အောင်လုပ်ကြ။ ပျောက်အောင် မလုပ်ချင်ရင် ခံနိုင်အောင်ခံကြ။ ရိပ် မိကြပလား?။

အရူးပျောက်အောင် ဒီလမ်းစဉ်အတိုင်း လိုက်ကြ

လမ်းဖြောင့်ဆိုတာ ‘ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ’တဲ့။ ဘုရားရှင်က သတိပဋ္ဌာန်ပါဠိတော်မှာ အတိအလင်း ဟောထားခဲ့တယ်။ ဒီလမ်းနဲ့ရောက်မယ်၊ ဒီလမ်းအပြင် ဒီပြင်လမ်း မရှိတော့ဘူးတဲ့။ သဘောပါကြပလား?။ ဒါကြောင့် အရူးပျောက်အောင် ဒီလမ်းစဉ်အတိုင်း လိုက်ကြရမယ်။ ဒီမဂ္ဂင်လမ်းလိုက်မှ ဒီအလုပ် လုပ်မှ မလုပ်ရင် မဖြစ်တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရှင်းကြပလား?။

ဒီလမ်း လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် အရူးလမ်းစဉ်ဘက် ရောက်သွားတော့တာပဲ။ အိမ်မှာနေတဲ့အခါ မျက်လုံးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်သမျှ သားအာရုံ၊ သမီးအာရုံတွေပေါ်မှာ ဒီအမှားသုံးချက် အမှားရှစ်ချက်နဲ့ နေတော့တာပဲ။ အမှားရှစ်ချက် ချုံးလိုက်ရင် အမှားသုံးချက်၊ အမှားသုံးမျိုးပဲ ရှိတယ်။ ဒီပြင် ဘာမှလာစရာ မရှိပါဘူး။ တို့ဒကာတွေ တစ်သံသရာလုံးမှာ ဒီအမှားသုံးချက်နဲ့ပဲ နေလာခဲ့ကြတာ မှန်တဲ့အခါရယ်လို့ မရှိကြပါဘူး။ သောတာပန် ဖြစ်မှ ဒီအမှားသက်သာရုံ ရှိတာပါ။

အရူးက လုပ်တဲ့အလုပ်ဟူက အမှန်မကျနိုင်

သောတာပန် မဖြစ်သေးလို့ အရူး မသက်သာသေးရင် ဒကာတို့ လုပ်သမျှ အမှားချည်း လုပ်မိတာများမှာ ပါပဲ။ ဒါနပဲပြုပြု၊ သီလပဲဆောက်တည်ဆောက်တည် ဘာလုပ်လုပ် လုပ်ချင်တာလုပ် အမှန်က နည်းလိမ့်မယ်ဆိုတာ မှတ်လိုက်ကြ။ အစလသဒ္ဓါဆိုတဲ့ သောတာပန် သဒ္ဓါရမှ အမှန်ကျနိုင်မယ်။ မြက်ထမ်း ထမ်းပိုးနဲ့ ကြိုးပါကုန်အောင် လှူ အနာထပိဏ်လောက်မကအောင်ပဲ လှူလှူ အရူးကလုပ်တဲ့ အလှူပဲ။ အရူးက လုပ်တဲ့အလုပ်ဟူက အမှန်မကျနိုင် သေးဘူးဆိုတာ မှတ်လိုက်ကြ။

သူတကာတွေ အနိစ္စရောက်တော့ တို့ဒကာ၊ ဒကာမတွေက ပြောတတ်ကြတယ်။ ဘယ်သူဘယ်သူဖြင့် ‘အယူ တိမ်းလို့ နတ်စိမ်းဖြစ်လေရဲ့’နဲ့ ပြောတတ်ကြတယ်။ သူများကိုတော့ မြင်တတ်ကြတယ်။ ကိုယ်အယူတိမ်းတာကိုတော့ မသိတတ်ကြဘူး။ သဘောပါကြပလား?။ ဒီကရှေ့ ကိုယ်အယူတိမ်းတာ ကိုယ်ပြင်ကြလို့ ပြောလိုက်ပါတယ်။ ပြင်ဖို့က မိမိခန္ဓာမှာ ဖြစ်ပျက်ရှုဖို့ပဲ။ ဖြစ်ပျက်စတွေ့ရင် အရူးစပျောက်တာပဲလို့ ဆုံးဖြတ်ချက်ချိ။

ကိုယ့်ဟာကိုယ် ရူးနာရှိမှန်းသိရင် ပျောက်ဆေးကြိုးစားပြီး စားကြရမယ်။ ကိုယ်တိုင် ရူးနာရှိမှန်းလည်း သိကြ ပြီ။ ဒါနဲ့မှ ပျောက်ဆေးမစားချင်ကြသေးဘူးဆိုရင် ငါ့ထက်မိုက်ဖြင့် မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောကြ။ သဘောပါကြပလား?။

အနာပျောက်ဆေးက ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင်မှ ရမယ်

မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်လို့ ဖြစ်ပျက်စမြင်ရင် အနာနှိမ်ဆေး ရပြီလို့မှတ်။ နောက် ဖြစ်ပျက်များများ မြင်လာ ရင် အနာငြိမ်ဆေးရပြီလို့ မှတ်ကြ။ အနာပျောက်ဆေးက ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင်မှ ရမယ်ဆိုတာ မှတ်လိုက်ကြ။ အားမကိုးထိုက်ကြဘူးလား?။ အေး အားကိုးထိုက်မှန်း သိလာရင်ပဲ အတော်နေရာကျသွားပြီ။ ကြိုးစားယူကြ။

ဒကာတို့တစ်တွေဟာ ရှေးက အားကိုးစရာ အမျိုးမျိုး ရှာဖွေကြတယ်။ ဒုက္ခနဲ့ တွေ့ရလေလေ အားကိုးရှာကြ လေပဲ။ ဒါပေမဲ့ အားကိုးစရာ ရကြရဲ့လား?လို့ မေးရင် ဘယ်လိုပြောကြမလဲ။ မရခဲ့ကြပါဘူး။ အားကိုးစရာအချက် တစ်ကွက်မှ မရခဲ့ကြပါဘူး။ ဒီလို အားကိုးစရာမရတာ ဘာကြောင့်လဲ?။ အားကိုးမှားကြလို့။ ဉာဏ်အမြင်မရှိတော့ ကိုးမိကိုးရာ ရမ်းပြီး အားကိုးလိုက်ကြတာ အမှန်မကျတော့ဘူးပေါ့။

အားကိုးစရာထင်လို့ သားအားကိုး၊ သမီးအားကိုး၊ လင်အားကိုး၊ မယားအားကိုးနဲ့ အမျိုးမျိုး အားကိုးလိုက် ကြတာ။ နောက် အနိစ္စနဲ့ကြုံရ၊ အနတ္တနဲ့တွေ့ရ၊ အဲဒီအခါကျမှ ငိုချင်းချကြတယ်။ ရိပ်မိကြပလား?။ ပဉ္စဝဂ္ဂီငါးဦးတို့က အားကိုးမှန်လို့ ရဟန္တာတွေ ဖြစ်သွားကြတယ်။ တို့ဒကာတွေတော့ အားကိုးမှားလို့ ငိုချင်းချကြတယ်။ ဒီထက် ရူးများ ရှိပါဦးမလား?။ မရှိပါဘူး။ အရူးတကာ့ ထိပ်ပိတ်တွေပဲ ဆိုထိုက်မဆိုထိုက်။

အမှန်သုံးချက်နဲ့ နေမှ သမ္မာဒိဋ္ဌိ

အမှားသုံးချက်နဲ့နေရင် မိစ္ဆာဒိဋ္ဌိပဲ အမှန်သုံးချက်နဲ့ နေမှ သမ္မာဒိဋ္ဌိဖြစ်ကြမယ်။ သူတကာတွေကိုတော့ လက်ညှိုးထိုးတတ်ကြတယ်။ ကိုယ့်မိစ္ဆာဒိဋ္ဌိအဖြစ်ကိုတော့ မမြင်တတ်ကြဘူး။ ရိပ်မိကြပလား?။ ရိပ်မိရင် အိမ်ကျတော့ ပြင်ကြဆင်ကြတော့။ တစ်နေ့လုံးသာ ပြင်ကြပေတော့။ မပြင်ရင် မတော်တော့ဘူး။ မပြင်ရင် မပြင်ချင်ရင်ဖြင့် ‘တပည့် တော် သွက်သွက်ခါပြီး နေရပါလို၏’ဆိုတာနဲ့ အတူတူပဲဆိုတာ ငြင်းဖို့ မရှိတော့ဘူး။

မာဂဏ္ဍီဝတ္ထုကို ဆက်ပြီး ပြောရဦးမယ်။ ဘုရားက မာဂဏ္ဍီပုဏ္ဏားကို ဥပမာနဲ့ ဆက်ဟောတယ်လို့ မှတ်ထား ကြ။ ဒကာ၊ ဒကာမတွေကို နားလည်အောင် ရှင်းပြောလိမ့်မယ်။ လေးလေးစားစားနဲ့ နာကြလို့ သတိပေးလိုက်တယ်။ ကိလေသာဟာ နူနာနဲ့ တူတယ်။ ကိလေသာရှိတဲ့သူဟာလည်း နူနာရှိတဲ့သူ၊ နူနာသည်နဲ့ တူတယ်လို့ မှတ်ကြ။

ကိလေသာရှိတဲ့သူဟာ နူနာသည်

ဥပမာ- နူနာရှိတဲ့သူများဟာ အတွင်းက နူနာပိုးတွေ ထလာပလားဆိုရင် ဟိုနားကကိုက်၊ ဒီနားကကိုက်နဲ့ ကိုက်လာတော့ သက်သာအောင်ဆိုပြီး မီးပူကင်ကြရတယ်တဲ့။ အဲဒီလို မီးကင်လိုက်တော့မှ အယားအယံ ပိုးကိုက် သက်သာသွားတယ်တဲ့။ နူနာရှိတဲ့သူဟာ နူနာပိုးတွေ ဟိုကကိုက်၊ ဒီကကိုက် ကိုက်တော့ သက်သာအောင်လို့ မီးကင် ရတာဟာ သူတို့ရဲ့ ထုံးစံပဲလို့ မှတ်ကြ။ နူနာသည်တွေ မီးအပူကင်ရတာ ပိုးကိုက်လို့ ကင်ရတာဆိုတာ သဘောပါကြ ပလား?။

အဲဒီနူနာသည်ကို အနာပျောက်အောင် ဆရာကောင်း၊ သမားကောင်းများနဲ့ ဆေးကုပေးလိုက်တော့ နူနာ ရောဂါ လုံးဝပျောက်ကင်းသွားတယ်။ အဲဒီအခါမှာ အဲဒီလူဟာ မီးပူနားတောင် မကပ်ချင်တော့ဘူးတဲ့။ မီးကင်ဖို့ဆိုတာ ဝေးရောပေါ့။ ဒါဘာကြောင့်လဲ?။ နူနာပျောက်သွားတော့ အတွင်းပိုး မကိုက်တော့ဘူး။ ပိုးမကိုက်တော့ မီးပူလည်း မခံနိုင်တော့ဘူး။ ခံလည်း မခံချင်တော့ဘူးပေါ့။ တခြားနူနာသည်တွေ မီးကင်တာကိုလည်း အားမကျတော့ဘူး။ မိမိ ကိုယ်တိုင်က မီးမကင်လိုတော့ဘူး။ မီးကင်ဖို့ရာလည်း မတောင့်တတော့ဘူးတဲ့။ သဘောပါကြပလား?။

ဒီဥပမာလိုပဲတဲ့။ ကိလေသာနူနာရှိတဲ့သူများဟာလည်း အတွင်းကိလေသာပိုးတွေက မနေနိုင်အောင် ကိုက် တော့ သက်သာအောင်ဆိုပြီး သားမီးဖို၊ သမီးမီးဖို၊ မယားမီးဖိုတွေနား ကပ်ကြတယ်။ မီးပူကင်ကြတယ်။ မီးပူကင်လိုက် ရတော့မှ ပိုးကိုက်သက်သာသလိုလို ထင်ရတယ်။ တကယ်အမှန် သက်သာပါ့မလား? မသက်သာပါဘူး ပိုပြီးဆိုးဖို့သာ ရှိပါတယ်။ ရှင်းကြပလား?။

နူနာရှိရင် မီးကင်ချင်

နူနာသည် မီးကင်တော့ ပိုးက အထဲပြန်ဝင်သွား။ နောက် ပိုးတွေပွား။ ဘယ်သက်သာမလဲ?။ ပိုဆိုးဖို့ပဲရှိတယ်။ ဒီအတိုင်းပဲ ကိလေသာနူနာထလို့ သား၊ သမီးမီးဖိုနား ကပ်လိုက်ရတော့ သက်သာသလိုလို ထင်ရတယ်။ ကိလေသာ တွေ ငုပ်ပြီး ပိုလို့သာ ပွားဖို့ဖြစ်တော့တာပေါ့။ ဒီလူနာ ပျောက်လမ်း မြင်ပါဦးမလား?။ ကြပ်ကြပ် သတိပြုကြ၊

”နူနာရှိရင် မီးကင်ချင်, နူနာပျောက်တော့ မီးကြောက်တယ်”။

ဒီဆောင်ပုဒ်ကိုလည်း မှတ်ထားကြ၊ ကျက်ထားကြ။ ကိုယ့်ကိုယ်ကိုယ်လည်း ချိန်ကြည့်ကြ။ ကိုယ့်ရောဂါ ဘယ် အခြေရောက်နေတယ်၊ ဘယ်လောက်ဆိုးဝါးတယ်၊ ဆေးချက်ရှိမရှိ သိရအောင် ဉာဏ်နဲ့ကြည့်ကြ။ သဘောပါကြပလား?။ ဘုရားက ဥပမာနဲ့ ဟောတယ်လို့ မှတ်ကြ။

ဘုရားက မာဂဏ္ဍိကို ဒီဥပမာလိုပဲ ဟောတော့ ပုဏ္ဏားက မှန်လှပါတယ်ဘုရား။ အနာရှိမှသာ ဆေးကုဖို့ လို ပါတယ်။ အနာမရှိရင် ဆေးကုဖို့ မလိုပါဘူးလို့ လျှောက်ထားတယ်။ ဒီတော့ တို့ဒကာတွေ အနာမရှိရင် ဆေးလိုသေး သလား?။ အနာမရှိရင် ဆေးမလိုတော့ဘူး။ ဒကာတို့က အနာမှ အကြီးအကျယ်ရှိနေကြတော့ ဆေးအကြီးအကျယ် လိုတယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ရိပ်မိကြပလား?။

တို့ဒကာ၊ ဒကာမတွေက နူနာအကြီးအကျယ်ရှိလို့ သားမီးဖိုနားကပ်ကြ၊ သမီးမီးဖိုနားကပ်ကြ၊ ဆွေမျိုးမီးဖို နားကပ်ကြ၊ ပစ္စည်းမီးဖိုနားကပ်ကြ၊ ပူမှန်းမသိ လောင်မှန်းမသိ မီးနားပဲ ကပ်နေကြတော့တယ်။ ဒါဘာကြောင့်လဲ?။ အတွင်းကိလေသာပိုးတွေက ထူထပ်၊ ထူထပ်တော့ နူနာကကြီး၊ နူနာကြီးလို့သာ အနီးပူကြိုက်တာပဲဆိုတာ ငြင်းကွက် များ ရှိသေးသလား?။

သွက်သွက်ခါနေလို့သာပဲ

ဒကာတွေ ဆုတောင်းတာရှိသေးတယ်။ ပါးစပ်ကတော့ ‘ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူများနှင့် ကင်းဝေးပါလို၏’တဲ့။ ဆုတောင်းသာနေကြတယ် လူကတော့ မီးနဲ့ နီးနီးနားနားပဲ နေချင်ကြတယ်။ နေချင်လို့လည်း မီးနားကကို မခွါနိုင်ကြဘူး။ မီးနားမှာပဲ နေနေကြတာပဲ။ တို့ဒကာတွေ လုပ်ပုံကတော့ ဆန်းလည်းဆန်းတယ်။ ပရိတ် ရွတ်လိုက်၊ ပြန်ခေါ်လိုက်ဆိုတာနဲ့ တူနေကြပြီ။ မကောင်းဆိုးဝါး ပရိတ်ရွတ်ထုတ်လိုက်ကြ၊ ပြန်ပြီးခေါ်လိုက်ကြနဲ့ဆိုတော့ သာမည ရူးရင် ဒီလိုလုပ်ပါ့မလား?။ မလုပ်ပါဘူး သွက်သွက်ခါနေလို့သာပဲဆိုရင် မမှားဘူး။

မကောင်းဆိုးဝါးတဲ့ ရန်သူမျိုးတွေဆိုတဲ့အချက်ကို လေးလေးနက်နက် ဉာဏ်နဲ့စဉ်းစားကြ။ ဒီသား၊ သမီး၊ ပစ္စည်းဆိုပြီး ဆုတောင်းယူထားကြတာ။ ရတော့ အဟုတ်ကြီးထင်ပြီး ပြောလိုက်သေးတယ်။ သေချင်းသေရင် ကိုယ်သာ သေပါရစေ၊ သူတို့တစ်တွေ မသေပါစေနဲ့တဲ့။ ဒီကြားထဲက တစ်နေ့နေ့မှာ အနာရပြီး သေလိုက်တော့ အင်း ဆုတောင်းက မပြည့်ကြတော့ဘူး။ ဘယ်ပြည့်ပါ့မလဲ?။ တို့ဒကာတွေက မပြည့်တာ ဆုတောင်းနေကြတာကိုး။ သဘောပါကြရဲ့လား?။

တို့ဒကာတွေ မီးဖိုနား ကပ်ချင်ကြရင်၊ မီးကင်ချင်ကြရင် ကိုယ့်ကိုယ်ကိုယ် အကဲခတ်ကြ။ မီးကင်တာ နူနာရှိလို့ လား?။ မရှိလို့လားဆိုတာ အကဲခတ်ကြ။ အကဲခတ်ရင် နူနာရှိလို့ဆိုတာ သိရမယ်။ နူနာ၊ ကိလေသာပိုးက ကိုက်တိုင်း အနားကပ်ချင်ကြတယ်။ တွေ့ချင်၊ မြင်ချင်ကြတယ်။ သဘောပါကြရဲ့လား?။ အဲဒီမီးက ဘာမီးလဲ?။ လောဘမီး၊ ရာဂမီးတွေပဲပေါ့။ ကိုယ့်ဟာကိုယ် လောင်လို့လောင်မှန်း၊ ပူလို့ပူမှန်းတောင် မသိနိုင်ကြတော့ဘူး။ ရောဂါအနာရှိတုန်း မို့ မသိနိုင်ကြတာ။ ရိပ်မိကြပလား?။

တို့ဒကာတွေအဖြစ်က လောဘမီး မပြောနဲ့။ လောဘမီးတွင်မက ဒယ်အိုးထဲ စွဲနေတဲ့ မီးတောင် ကျုပ်ယူမယ်၊ ကျုပ်ယူပါရစေလို့ ပြောကြတယ်။ ကိုယ့်အဖြစ် ဘယ်လောက်ဆိုးနေပြီဆိုတဲ့ အချက်ကို လေးလေးနက်နက် စဉ်းစား ကြလို့ ပြောလိုက်ပါတယ်။ ကျေနပ်ကြပလား?။

နူနာရောဂါ ပျောက်ကင်းသွားတဲ့သူ

နူနာရောဂါ ပျောက်ကင်းသွားတဲ့သူကို အားကောင်းတဲ့ လူနှစ်ယောက်က လက်မောင်းနှစ်ဖက်က တစ်ယောက် တစ်ဖက်စီ ကိုင်ပြီး မီးနားကို ဇွတ်ဒရွတ် ဆွဲဖို့တောင် မရတော့ဘူး။ မလုပ်ပါနဲ့ ကြောက်ပါပြီဆိုပြီး ဇွတ်အတင်း ရုန်း ကန်တော့တာပဲတဲ့။ အဲဒါနူနာပျောက်လို့ မီးကြောက်သွားပြီလို့ မှတ်ကြ။ နူနာလည်းပျောက်ရော မီး ပူမှန်းလည်းသိတယ်။ နူနာမပျောက်သေးရင် ပူမှန်းမသိသေးဘူး။ ရိပ်မိကြပလား?။

မီးဟာ ပူတဲ့သဘာဝရှိနေတာ ဘယ်အခါဖြစ်ဖြစ် ပူတာပဲ။ ပူတာကတော့ အတူတူပဲ။ ဒါပေမဲ့ နူနာရှိတဲ့သူက အေးတယ်လို့ ထင်တယ်။ နူနာပျောက်တော့ ပူမှန်းသိတယ်။ ပူမှန်းမသိတာ နူနာရှိလို့ပဲ။ ဒကာတို့တစ်တွေလည်း ကိလေသာနူနာရှိနေတော့ မီးကို မီးမှန်း မသိနိုင်ကြဘူး။ ပူတာကို ပူတယ်လို့ မထင်နိုင်ကြဘူး။ ဒီမီးနားကိုပဲ မကပ်ရ မနေနိုင်အောင် ဖြစ်ကြရတယ်။ ဒီမီးနားကိုပဲ တစ်ကပ်တည်းကပ်၊ တစ်ကင်တည်းကင်ပြီး နေနေချင်ကြတယ်။ အဲဒါ ကိလေသာအရူးရောဂါ ရှိလို့သာပါဆိုတာမှတ်ကြ။ ဒီရောဂါပျောက်ရင် မကပ်ချင်ကြပါဘူး။

သည်းခြေရူး စတဲ့ ဒီပြင်အရူးမျိုးတွေထက် ကိလေသာအရူးက ပိုဆိုးတယ်။ ဒီပြင်အရူးတွေက ဆေးချက်ရဖို့ လွယ်လိမ့်ဦးမယ်။ ဒီကိလေသာ အရူးအတွက်က ဆေးချက်မလွယ်ပါဘူး။ ကမ္ဘာတွေ အသင်္ချေအနန္တလွန်မှ ဘုရားတစ်ဆူ တစ်ဆူပွင့်မှ ဆေးချက်ရနိုင်ကြတာ။ ဒီတော့ အခွင့်ကောင်းရတုန်း၊ ဆေးချက်တွေ့ရတုန်း၊ ဆရာသမားကလည်း စေတနာကောင်းနဲ့ ညွှန်ပြတာမို့ ကြိုးစားယူလိုက်ကြလို့ တိုက်တွန်းလိုက်ပါတယ်။ ကျေနတပ်ကြပလား?။

မီးကို မီးမှန်းမသိတာ အလွန်ရူးတဲ့ အရူးမို့ပဲ

ဒီတစ်ခါမှ မယူမိရင်ဖြင့် ငါတို့အတွက် ဆေးချက်မမှီတော့ဘူးလို့ဆိုတာ ဆုံးဖြတ်ချက်ချ။ တို့ဒကာတွေအဖြစ် ဟာ ဘယ်လောက်ဆိုးသလဲ?။ မီးကိုတောင် မီးမှန်းမသိလောက်အောင် ဖြစ်တဲ့ အဖြစ်ဆိုးပဲ။ ကိုယ့်ကိုလောင်နေတဲ့ သားမီးတွေ၊ သမီးမီးတွေ၊ ပစ္စည်းမီးတွေကိုတောင် လောင်မှန်း၊ ပူမှန်း မသိကြဘူး။ မသိလို့ အမြဲတမ်း ပိုက်ထားကြတယ်။ မီးကို မီးမှန်းမသိတာ အလွန်ရူးတဲ့ အရူးမို့ပဲ။ ဆိုထိုက် မဆိုထိုက် စဉ်းစားကြ။

ကျုပ်တို့က သံယောဇဉ်ပြတ်တယ်။ သူများလို မဟုတ်ဘူး။ ပြတ်ပြီဆိုရင် ပြန်မကြည့်ဘူးနဲ့ တချို့တွေ ပြော တတ်ကြတာဟာ အပြတ်လို့ မခေါ်ဘူး။ အဲဒါ ဒေါသနဲ့ ပြတ်တာပဲ။ ဒေါသနဲ့ ပြတ်တာဟာ အပြတ်မဟုတ်သေးဘူး။ အဲဒါလည်း ကိလေသာပဲ။ အပြတ်မဟုတ်ဘူးလို့မှတ်။ ဒီကိလေသာကို မဂ်နဲ့ပယ်မှ အရူးပျောက်မှာ။ အရူးပျောက်ကြမှ အဟုတ်ပြတ်ကြတာလို့ မှတ်ကြ။ ရှင်းကြပလား?။

မဂ်နဲ့ မပယ်သေးသမျှ အရူးနာ မပျောက်သေးဘူး။ အရူးနာ မပျောက်သေးရင် ဘယ်တော့မှ မပြတ်သေးဘူး။ အပြတ်မဟုတ်သေးဘူးဆိုတာ ဆုံးဖြတ်ချက်ချ။ သဘောပါကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦးစို့။

**********