ဒိဋ္ဌိရူးနာ ပျောက်ကြောင်းရှာ တရားတော်
ဆောင်ပုဒ်
အနိစ္စ, ဒုက္ခ၊ အနတ္တ၊ အသုဘမှန် စင်စစ်။
နိစ္စ, သုခ၊ ကိုယ့်အတ္တ၊ သုဘ ထင်သည့်ဖြစ်။
ဖောက်ပြန်အမြင်၊ အလွဲထင်၊ မှားချင် ဒိဋ္ဌိပစ်။
ဒိဋ္ဌိရောဂါ၊ စွဲကပ်လာ၊ မြန်စွာ ဆေးကုပစ်။
သောတာပန်ဆေး၊ ပျောက်နိုင်ရေး၊ တော်ဆေး ဧကရာဇ်။
မကုနေက၊ အပါယ်ဝ၊ မုချ ကိုယ့်အိမ်ဖြစ်။
သတိချပ်
ပုထုဇဉ်မှာ၊ အရူးသာ၊ မြဲစွာ မှတ်ပိုက်ကြ။
ကိုယ့်ကိုယ်ကိုယ်ကြည့်၊ ရူးမှန်းသိ၊ ရှာဘိ ဆေးဝါးပ။
မသိသူမှာ၊ ဆေးမရှာ၊ သွက်ခါ လူ့အန္ဓ။
တော်လျော်နေစား၊ တော်လျော်သွား၊ သေငြား တော်လျော်စွ။
အရူးမသာ၊ ချခဲ့ရာ၊ ကမ္ဘာ အနန္တ။
အရူးပျောက်ချင်၊ တရားဝင်၊ မြန်လျှင် အားထုတ်မှ။
ဝိပဿနာဆေး၊ ရူးပျောက်ရေး၊ ပဂေး ဩသဓ။
တရားသား
အမှားနဲ့အမှန်ကို ဝေဖန် ခွဲခြားတတ်ဖို့
ဒီကနေ့မှာလည်း မနေ့က တရားအဆက်ကိုပဲ ပြောမယ်လို့ မှတ်ကြ။ တို့ဒကာတွေ အမှားနဲ့အမှန်ကို ဝေဖန် ခွဲခြားတတ်ဖို့ အရေးကြီးတယ်။ အမှားကို အမှန်ထင်ပြီး အမှန်ကို အမှားထင်မိရင် ဒုက္ခရောက်ဖို့သာ ပြင်ကြပေတော့ပဲ။ ဒီတော့ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်တဲ့ ဉာဏ်ရအောင် ကြိုးစားကြလို့ ပြောလိုက်တယ်။
အမှားကိုအမှန် အမှန်ကိုအမှား ထင်နေရင် ရောဂါရှိတဲ့သူပဲလို့ ဆုံးဖြတ်ချက်ချ။ အဲဒီရောဂါရှိသူဟာ ကိုယ့် ကိုယ်ကိုယ်မှ ရောဂါရှိမှန်း မသိပြန်ရင်လည်း မသင့်မတင့် ဆေးဝါးဓာတ်စာ စားမိပြီး ရောဂါထကြွလာမယ်။ ရောဂါ ပိုဆိုးလာတော့မယ်လို့ မှတ်ကြ။ ဘာရောဂါလဲဆိုတော့ ဒိဋ္ဌိရောဂါပဲတဲ့။ အဲဒီဒိဋ္ဌိရောဂါရှိပြီလားဆိုရင် အမှန်အကန် မမြင်နိုင်တော့ဘူး။ ဒိဋ္ဌိရောဂါရှိလာရင် အမှန်အကန် မမြင်ရုံတွင်မကဘူးတဲ့။ အမှားကိုအမှန် အမှန်ကိုအမှားလို့ ထင်မြင်တော့တယ်။ ဒိဋ္ဌိရောဂါရှိတော့…
အနိစ္စ-မမြဲတာကို၊ နိစ္စ-မြဲတယ်လို့ ထင်မြင်ယူဆတယ်။
ဒုက္ခ-ဆင်းရဲတာကို၊ သုခ-ချမ်းသာတယ်လို့ ထင်မြင်ယူဆတယ်။
အနတ္တ-အစိုးမရတာကို၊ အတ္တ-ငါ့ကိုယ်လို့ ထင်မြင်ယူဆတယ်။
အသုဘ-မတင့်တယ်တာကို၊ သုဘ-တင့်တယ်ဖွယ်ရာတယ်လို့ ထင်မြင်ယူဆတယ်။
ဒီလိုထင်မြင်တာ ဒိဋ္ဌိရောဂါရှိနေလို့ပဲ။ ဒီအထင်အမြင်ဟာ ပင်ကိုအရှိမှ ဖောက်ပြန်ပြီး ထင်မြင်တဲ့ အမှားထင်၊ အမှားမြင် ဖြစ်နေတယ်။ အမှန်ရှိတာက တစ်မျိုး၊ ရောဂါစွဲလို့ ယူတာထင်တာက တစ်မျိုးပဲလို့ မှတ်ကြ။ ဒိဋ္ဌိရောဂါစွဲ တော့ တစ်လုံးမှ မမှန်ဘူး။ ဒီရောဂါအတွက် ဆေးမစားရင် ဘယ်တော့မှ အမှန်ဖြစ်တော့မှာ မဟုတ်ဘူး။ သူထင်သမျှ၊ မြင်သမျှ ပြောဆိုလုပ်ကိုင်ဆောင်ရွက်သမျှမှာ အမှန်တစ်ချက်မှ မပါနိုင်တော့ဘူး။ အားလုံး အမှားချည်းပါပဲ။ ဒီတော့ ဒီရောဂါကို ဘာနဲ့ကုရမလဲ?။
ဒိဋ္ဌိရောဂါ သောတာပတ္တိမဂ်ဆေးရမှသာ ပျောက်မယ်
ဒီရောဂါကို မဂ်နဲ့ ကုရမယ်။ ဒီဒိဋ္ဌိရောဂါ သောတာပတ္တိမဂ်ဆေးရမှသာ ပျောက်မယ်လို့ မှတ်ကြ။ သောတာ ပတ္တိမဂ် မရသေးသရွေ့ ဒိဋ္ဌိရောဂါ မပျောက်သေးဘူး။ ဒီရောဂါ မပျောက်သေးသမျှ ဒီအမှားလေးချက် မပြင်နိုင်သေး ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရှင်းကြပလား?။ ဒါကြောင့် တို့ဒကာတွေ ဆရာနဲ့ကြုံတုန်း ဆေးရှိတုန်းမှာ ကိုယ့်ရောဂါ ကိုယ်ပျောက်အောင် ကုကြဖို့ပဲရှိတယ်။ ပေါ့ပေါ့တန်တန်နေမိလို့ ဒိဋ္ဌိရောဂါ အရူးနာမပျောက်သေးရင် ဆက်ပြီး ရူးသွား ဖို့နဲ့ သွက်သွက်ခါအောင် ရူးသွားဖို့ပဲ ရှိတော့တယ်။ ရိပ်မိကြပလား?။
ဒီတော့ ဆေးမကုချင်တဲ့လူဆိုရင် ဘုန်းကြီးက မေးလိုက်ပါတယ်။ ဒကာတို့တစ်တွေ ဥမ္မတ္တက ပုထုဇဉ်အရူး ဘဝကို နှစ်ခြိုက်နေကြလို့လား?။ ဒါမှမဟုတ် ဒီထက်မက သွက်သွက်ခါအောင် ရူးတဲ့ အရူးဘဝကိုပဲ လိုချင်ကြသေးလို့ လား?လို့ မေးလိုက်ပါတယ်။ ဒကာတို့ကို ပုထုဇဉ်အရူးဆိုတာ မနာကြနဲ့ အရူးတွေမို့ အရူးပြောတာနာဖို့ မရှိပါဘူး။ တကယ်သာ နာရိုးမှန်ရင် အခုထပြီး ဆေးကုကြ။ အခုလို ဆရာကောင်းများက အနာနဲ့ ဆေးနဲ့ ကိုက်ညီအောင် ကုပေးနေတဲ့အခါမှာ ယူစားကြ။ ဒါမှ မစားချင်ဘူးဆိုရင် အရူးဆိုတာ နာဖို့မရှိပါဘူး။ ရိပ်မိပလား?။
တို့ဒကာတွေ ပြောတတ်ကြတယ်။ “အင်း သူတို့မတော့ တော်လိုက်တာ၊ သိပ်ကုသိုလ်ထူးတာပဲ၊ စည်းစိမ် ချမ်းသာတွေ ပြည့်ပြည့်စုံစုံနဲ့ တင့်တင့်တယ်တယ် ရှိပါပေတယ်။ သူတို့စည်းစိမ်တွေ ဘာမှအပျက်အစီးမရှိဘူး။ နေရာ ကျလိုက်တာ”တဲ့။ အဲဒါ အမြင်မှားလို့ ပြောတဲ့စကားပဲ။ “အင်း ဘယ်သူကလေးဟာဖြင့် ဘယ်သူ့သား၊ ဘယ်သူ့သမီး ဟာဖြင့် လုံးကြီးပေါက်လှနဲ့ တယ်ချော တယ်လှ ချစ်စရာသိပ်ကောင်းတာပဲ”တဲ့။ အဲဒီလိုပြောတာလည်း အမြင်အထင် မှားလို့ပဲ။ “သူတို့တစ်တွေမှာ အိမ်ရာတိုက်တာ ပြည့်ပြည့်စုံစုံ အချွေအရံတွေကလည်း မနည်းဘူး။ အလွန်ကို စိတ် ချမ်းသာစရာကောင်းပါဘိတယ်နဲ့” အဲဒါလည်းပဲ အမြင်မှားလို့ ပြောတာပါပဲ။ သဘောပါကြပလား?။
လောကီအမြင် အရူးမျက်စိနဲ့ကြည့်ပြီး ပြောနေကြတာ
လောကီအမြင် အရူးမျက်စိနဲ့ကြည့်ပြီး ပြောနေကြတာပါ။ ဘယ်မှာ အမှန်ကျနိုင်ပါမလဲ?။ တချို့တွေများ အရောင်းအဝယ်လုပ်လို့ လက်မလည်အောင် ရောင်းကြရ။ စာရင်းရေးတဲ့လူနဲ့၊ ပြောရဆိုရတဲ့လူနဲ့၊ ချိန်တွယ်ရတဲ့လူနဲ့၊ ရှုပ်ယှက်ခတ်ပြီး ချွေးတွေသံတွေနဲ့ ဖတ်ဖတ်ကိုမောလို့ ထမင်းတောင် ဖြောင့်ဖြောင့်မစားနိုင်ဘူး။ ထမင်းတစ်လုပ် စားလိုက်။ အဝယ်လာ ထရောင်းလိုက်နဲ့ စားတဲ့ထမင်း ဘယ်ရောက်မှန်းတောင် မသိတော့ဘူး။ အဲဒါဘေးကမြင်တဲ့ လူတွေက အားကျပြီး ပြောလိုက်သေးတယ်။ “အင်း သူတို့တော့ စီးပွားရေး တည့်နေလိုက်တာ ကံကလိုက်ပေသကိုး” နဲ့။ ဟိုမှာ ရှာထွက်နေတာတော့ မသိကြဘူး။
အရူးက လေးရူးတောင်ပဲ။ ပြောကြမှာပေါ့ ဒီလေးရူးဟာ သောတာပတ္တိမဂ်ဆိုတဲ့ ဆေးချက်မှတစ်ပါး ဆေး ချက်မရှိတော့ဘူးလို့ မှတ်လိုက်ကြ။ တရားနာတုန်းမှာတော့ တော်သလိုလို အရှိသား။ အိမ်ကျတော့ အရူးရောဂါ ပြန် ထပြန်တာပဲ။ တရားနာရုံ နာနေလို့လည်း မရသေးဘူး။ ဆရာက ပေးတဲ့ဆေးကို တိတိကျကျ စားမှဖြစ်မှာ။ မစားရင် သွက်သွက်ခါချင်လို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ဒီလိုအထင်မှား အမြင်မှားရှိနေတာ ဒိဋ္ဌာနုသယ ကိန်းနေတဲ့သဘော ရှိလို့ပဲ။ ဒီဒိဋ္ဌာနုသယကို ပြုတ်အောင် ဖြုတ်လိုက်ရင် အရူးရောဂါပျောက်ပြီ။
အမြင်မှန်မရကြတော့ ဒုက္ခကို ဒုက္ခမှန်းမသိ
ခင်ဗျားတို့တစ်တွေက အမြင်မှန်မရကြတော့ ဒုက္ခကို ဒုက္ခမှန်းမသိလောက်အောင် ဖြစ်ကြရမယ်။ ရောင်းလို့ ဝယ်လို့ မကောင်းလို့၊ အရောင်းအဝယ်က ပါးတော့ နေရာမကျဘူး စိတ်ပျက်တယ်၊ အရောင်းအဝယ် သိပ်ဆိုးတယ်။ စိတ်ရှုပ်ပါတယ် ညည်းညူကြတယ်။ အဲဒါ သူများဒုက္ခရောက်သလို ကိုယ်တိုင် ဒုက္ခမရောက်ရလို့ ညည်းတာ။ ငါလည်း သူ့လို ဒုက္ခရောက်ချင်ပါဘိလို့ ဆိုလိုက်တာပါပဲ။ ရိပ်မိကြပလား?။ မရူးတဲ့အချိန်က နည်းနည်းပဲရှိတယ်။ ရူးချိန်ကသာ များနေတာပါ။ ဒါသိရရင် ပြင်ကြတော့၊ ဆင်ကြတော့လို့ ပြောလိုက်ပါတယ်။ အချိန်က သိပ်မရတော့ဘူး။
ငါ့ဟာငါ လုပ်ချင်သလိုလုပ်မယ်။ ဘယ်သူမှ ပြောစရာမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုင်တယ်တဲ့။ အဲဒါ အတ္တဒိဋ္ဌိ အရူးထတာပဲ။ သားသမီးများက ပြောလို့ဆိုလို့ မရကြဘူး။ ပြောမကောင်း ဆိုမကောင်းနဲ့ ကိုယ့်ဟာကိုယ်တော့ ထသွား လိုက် လာလိုက်ဖြစ်တယ်။ ကိုယ့်စိတ်ကိုယ်တော့ ပိုင်တယ်တဲ့။ အဲဒါဟာ အတ္တဒိဋ္ဌိ ရူးချက် ဘယ်လောက်သန်သလဲဆိုတာ စဉ်းစားကြ။ ဥမ္မတ္တကအဖြစ်နဲ့ သံသရာကျင်လည်ရတာ ကောင်းကွက်များ ပါမယ်ထင်သလား?။ ကောင်းဖို့အကွက်နဲ့ အလွန်ဝေးတယ်။ အရူးအဖြစ်နဲ့သေ၊ သေခြင်းဆိုးနဲ့ချည်း ကြုံကြရတာပဲ။
ကိုးဆယ့်ခြောက်ပါး လမ်းဆိုးလမ်းကြမ်း
ဒါ ဘာကြောင့်လဲ? ကိုးဆယ့်ခြောက်ပါး လမ်းဆိုးလမ်းကြမ်းမှာလည်း သွားရပြန် သွားတော့လည်း အကောင်း သွားမဟုတ်ဘဲ အရူးသွား သွားခဲ့ရတာမို့ပဲ။ ရိပ်မိကြပလား?။ လမ်းကလည်း ကြမ်းလိုက်တာက ပြောမဖြစ်ဘူး။ ကိုး ဆယ့်ခြောက်ပါး၊ သုံးဆယ့်နှစ်ပါး၊ နှစ်ဆယ့်ငါးပါးနဲ့ တစ်ဆယ့်ခြောက်ပါး၊ ဒဏ်ဆယ်ပါး စတဲ့ လမ်းဆိုးလမ်းကြမ်းတွေ ထဲမှာ အရူးသွားသွားပြီး သေတာတောင် နေရာမရွေးဘူး။ အရူးဆိုတော့ နေရာမရွေး။ သေချင်ရာမှာ သေလိုက်တာပဲ။ အရူးသွားသွား၊ အရူးနေ အရူးသေနဲ့ ကြုံရတာ ဘယ်လောက်ကြာပလား?။ ဒီအဖြစ်ဟာ ဘယ်လောက်များသလဲလို့ မေးရင် သံသရာမှာ သူ့ခြေရာချည်းပဲ။ သံသရာမှာ နေရာမလပ်အောင် ခြေရာချင်းထပ်လို့ပါပဲတဲ့။ ဒါကြောင့် တို့ဒကာ တွေဟာ အတ္တဒိဋ္ဌိ မကွာကြသေးရင် အခုမပြုံးကြနဲ့ဦးလို့ ပြောလိုက်ပါတယ်။ အတ္တဒိဋ္ဌိ မခွါရသေးခင် ပြုံးနေကြရင် အခုပြုံးသလောက် နောက်အခါ မဲ့ရမယ်ဆိုတာ မှတ်လိုက်ကြ။
ဒီဒိဋ္ဌိ မပယ်ရသေးရင် ရှေ့ ဒီအတိုင်းနေပြီး ဒီအသွားပဲ သွား ဒီအသေပဲ သေရဦးမှာပဲ။ သွားရမယ့်လမ်း ခရီးက ကြမ်းလိုက်တာမှ ထော်လို့ ရူးလိုက်တာကလည်း ချာလို့။ မျက်စိနှစ်လုံး စုံမှိတ်သွား၊ စုံလုံးမမြင်ဘဲနဲ့ ရမ်းသွား အရမ်းမြင် အရမ်းထင်ဆိုတော့ အနိစ္စကို နိစ္စထင်ပြီး ဇွတ်တိုး ဇွတ်တိုးတော့ ဖြစ်ချင်တိုင်းဖြစ်၊ နစ်ချင်တိုင်း နစ်ကုန် ကြရတာပဲ။ အဲ ခန္ဓာဖြစ်စဉ် သူ့သဘာဝအတိုင်း ဒုက္ခပြတော့ နဂိုက ဒီလိုမထင်မိဘူးဆိုပြီး ငိုလိုက်ကြရပါရော။ သဘောပါကြပလား?။
နေချင်သလိုနေပြီး သေချင်သလို သေ
ကိုးဆယ့်ခြောက်ပါး လမ်းကြမ်းထဲမှာ အရူးသွား သွားရမယ်။ သေတာလည်း နေရာမရွေးဘူး။ သွားချင်သလို သွား နေချင်သလိုနေပြီး သေချင်သလို သေလိုက်မှာပဲ။ ရှေးက ကိုးဆယ့်ခြောက်ပါးဆိုပေမယ့်လည်း အခုခေတ်အနေမှာ ကိုးဆယ့်ခြောက်ပါးမက ကိုးရာခြောက်ဆယ်၊ ကိုးထောင်ခြောက်ရာဆိုသလို ဖြစ်နေပြီဆိုရင် မမှားဘူး။ သတ္တဝါတွေရဲ့ စိတ်ဓာတ်တွေ ဆန်းကြယ်သလောက် သေစရာ ရောဂါလက်နက်တွေက အလွန်များပြား ဆန်းကြယ်လာပြီဆိုတာ ဒကာတို့ ကိုယ်တွေ့မျက်မြင် နားကြားတွေပါပဲ အထူးပြောဖို့မရှိဘူး။ ဒီတော့ ပေါ့တန်လို့ မဖြစ်တော့ဘူး။ အခုသိရင် အခုထလုပ်မှ ဖြစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ။
ဖြေးဖြေးတော့ လုပ်ပါမယ်။ တစ်စတစ်စတော့ လုပ်ရမှာပဲဆိုရင် သွားပြီ။ အဲဒီလိုဆိုတာ အရူးတာရှည်ချင်လို့ ပဲလို့ မှတ်လိုက်ကြ။ ဖြေးဖြေးသမားဆိုရင် ဘယ်လိုအစားထဲကဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိပ်မိကြ။ ရှင်းကြပလား?။ မဂ်အလုပ် မလုပ်ချင်တဲ့သူကို ဝက်ရူးပြန်တဲ့လူနဲ့ တူတယ်ဆိုရင် မမှားဘူး။ ဝက်ရူးပြန်တဲ့သူဟာ ရေနဲ့မတည့်သလို မဂ်ရေနဲ့ ပုထုဇဉ်အရူးနဲ့ မထည့်လို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ရိပ်မိကြပလား?။
တို့ဒကာတွေ ဂင်္ဂါဝါဠု ပွင့်တော်မူကြတဲ့ ဘုရားတွေရှောင်ပြီး အခုအချိန်ထိအောင် ဒုက္ခဝဲမှာ မြုပ်မျောလာကြ ရတယ်။ အရူးရောဂါက သည်းအားကြီးလွန်းလို့ ဘုရားအဆူဆူ ကုပေမယ့် မပျောက်နိုင်ခဲ့ကြဘူး။ ဒကာတို့တစ်တွေ ဘုရားအဆူဆူကုပေမယ့် မပျောက်တာဟာ ‘ဦးကနင်းမဲ့ကထောင်, ပဲကနင်း ဦးကထောင်’ဆိုတဲ့ ဦးထောင်, ပဲ့ထောင် သမားတွေမို့ပဲဆိုရင် မလွဲဘူး။ ဆရာသမားတွေက ရောဂါအခြေသိလို့ သနားလို့ ပျောက်တဲ့ဆေးကို တိုက်နေတာ။ ဒါကို ဒကာတို့က ကိုယ်သောက်ချင်မှ သောက်မယ်ဆိုရင် ဖြစ်ပါ့မလား?။ မဖြစ်ပါဘူး။ ဘယ်ဖြစ်နိုင်ပါ့မလဲ ပင်ကိုစိတ် ပျောက်အောင် ရူးနေတဲ့ အရူး ဘယ်သောက်ချင်ပါ့မလဲ?။
ဇွတ်သောက်ရမယ်
သောက်ချင်သောက်ချင်, မသောက်ချင် သောက်ချင် ဇွတ်တိုက်ရမယ်, ဇွတ်သောက်ရမယ် လူစိတ်မရှိတဲ့ အရူးမှာ ဆေးသောက်ရမှန်း ဘယ်သိမလဲ?။ ဒီတော့ ကြိုက်ကြိုက်, မကြိုက်ကြိုက် သနားလို့ ဆရာက တိုက်နေတာ။ ဇွတ်သာ သောက်ချပေတော့လို့ ပြောလိုက်ပါတယ်။ ရိပ်မိကြပလား?။
တရားနာနေရင်းတော့ အင်း.. မလုပ်လို့ မဖြစ်ဘူး, လုပ်မှ ဖြစ်တော့မှာဆိုပြီး စိတ်ကောင်းကလေး ပေါက် ပေမယ့် အိမ်ရောက်တော့ မလုပ်ဖြစ်ဘူး။ ဘယ်လုပ်ဖြစ်ပါ့မလဲ?။ အိမ်လည်းရောက်ရော အရူးထတာနဲ့ပဲ အချိန်ကုန် သွားရတော့တယ်။ မမြဲတာ မြဲတယ်ထင်၊ ဆင်းရဲတာ ချမ်းသာထင်၊ အနတ္တ-အတ္တထင်လို့ထင်၊ အသုဘကို သုဘထင်ပြီး အရူးရောဂါ ထကြွသောင်းကျန်းလာလိုက်တော့ တရားနဲ့ ဝေးပြီး သွက်သွက်ခါကုန်တော့တာပဲ။
ကိုယ့်သားလေး၊ သမီးလေးများ သေတော့ အနားကပ် သေသေချာချာကြည့်ပြီး အမလေး ကြည့်စမ်းပါဦး ကျုပ်သမီးကလေးဟာ အိပ်နေသလိုပါပဲ လှလိုက်တာဗျာနဲ့ ပြောတတ်ကြတယ်။ အဲဒါ အသုဘကို သုဘထင်ပြီး အရူး ထလိုက်တာလို့ မှတ်ကြ။ သားတွေ၊ သမီးတွေက အချိန်တန်လို့ အိမ်ထောင်ရက်သားကျလို့ သူ့အိုး၊ သူ့အိမ်နဲ့ နေနေပြန် တော့လည်း အင်း ကျုပ်သားလေး၊ သမီးလေးက တော်ပါရဲ့ သူ့လက်၊ သူ့ခြေနဲ့ သူ ဣန္ဒြေရနေပြီ။ ရှာတတ်၊ ဖွေတတ်၊ နေတတ်၊ ထိုင်တတ်နေလို့ ဝမ်းသာလိုက်တာ သူ့ဟာနဲ့ သူအဆင်ပြေနေလို့ စိတ်ချမ်းသာလိုက်တာနဲ့ ပြောကြတယ်။ အဲဒါ ဒုက္ခရောက်နေတာ ဝမ်းသာသတဲ့။ စဉ်းစားကြစမ်းပါ။
ဟိုမှာတော့ အိမ်ထောင်ကျတဲ့ အချိန်ကစပြီး အငြိမ်ကို မနေနိုင်ရှာဘူး။ လုပ်ရ၊ ကိုင်ရ၊ ရှာရ၊ ဖွေရ တဝမ်း တခါးကနေ နှစ်ဝမ်းနှစ်ခါးဆိုသလို များများလာတော့ လျှာထွက်လုမတတ် စားဝတ်နေရေးအတွက် ပူရပင်ရ ဒုက္ခ ရောက်နေရရှာတယ်။ ဒါကို စိတ်ချမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာနဲ့ဆိုတော့ ဒီထက်ရူး ဘာများရှိဦးမတုံး?။ ဒုက္ခရောက်နေတာ ဝမ်းသာသတဲ့။ ခင်ဗျားတို့တစ်တွေ အဖြစ်က ကောင်းကြသေးရဲ့လား?။
ရူးမှန်းသိရင်ဖြင့် ဆေးရှာမယ်
ရူးတဲ့လူ ရူးမှန်းသိရင်ဖြင့် ဆေးရှာမယ်။ ရူးမှန်းမသိရင် ဆေးမရှာဘူး။ သိတာတော်သေးရဲ့လို့ ကိုယ့်ကိုယ်ကိုယ် အောက်မေ့ကြ။ တို့ဒကာတွေ ကိုယ့်ကိုယ်ကိုယ် အရင်က ရူးမှန်းမသိကြဘူး။ အခု ဆရာသမားနဲ့ တွေ့တော့ ကိုယ့်အဖြစ် မှန်လည်း ကိုယ်သိကြရပြီ။ သိရင် ပြင်ကြဖို့ပဲ ရှိတယ်။ အနာနဲ့ဆေးတဲ့ အောင်ပေးတာမို့ ပျောက်ဖို့အရေးဖြင့် ကိုယ့် အရေးဘဲ ကျန်တော့တယ်။ ဆေးစားဖို့အရေး ကိုယ့်အရေးပဲလို့ ဆုံးဖြတ်ချက်ချကြ။ ရိပ်မိပလား?။
ဒီတော့ အခု ဆရာဘုန်းကြီးက ဆေးကို ပြောရမယ်။ ဆေးကတော့ စားချင်သူအဖို့ လွယ်တယ်။ ပေးတဲ့သူက စေတနာ မေတ္တာထားပြီး ပေးတာမို့ လေးလေးစားစားနဲ့ စားသုံးကြရမယ်။ ဒါမှလည်း ပေးရကျိုးနပ်မယ်။ ထိုက်တန်လို့ ပေးရင် ထိုက်တန်တာနဲ့ တူအောင် ကြိုးစားယူလိုက်ကြ။ ရှင်းကြပလား?။ အခုတော့ဖြင့် မအားသေးလို့၊ ဘယ်သင်း စိတ်မချသေးလို့ တစ်နေ့တော့ လုပ်ပမယ်နဲ့ ရမယ်ရှာနေရင် သွက်သွက်ခါချင်သေးတယ်လို့ ဆိုလိုက်တာပဲ။
ဒါကြောင့် ရိုးမယ်ဘွဲ့ အချိန်ဆွဲမနေကြနဲ့။ အခုသိရင် အခုလုပ်ကြရမယ်။ ဆေးစားဖို့က ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့ စိုက်ကြည့်ရမယ်။ ဉာဏ်နဲ့စိုက်ကြည့်ရင် ပေါ်လာသမျှ စိတ်အစဉ်ကလေးတွေဟာ ဖြစ်ပြီးပျက်သွားတဲ့ သဘော ပဲ တွေ့ရမယ်။ အဲဒီရုပ်နာမ်ဖြစ်ပျက် အနိစ္စမြင်အောင် ပထမကြည့်ရမယ်၊ နောက် မုန်းလာအောင် ကြည့်ရမယ်၊ နောက် မုန်းပြီး ဆုံးအောင်ကြည့်ရမယ်။ အဲဒီလိုကြည့်လို့ အနိစ္စအချက် ဖြစ်ပျက်ဒုက္ခ အဆုံးမြင်ရင် သုခနိဗ္ဗာန်ပဲလို့ ဆုံးဖြတ်ချက်ချ။ သဘောပါကြပလား?။
ပြင်ပခန္ဓာ မကြည့်ကြနဲ့လို့ သတိပေးလိုက်ပါတယ်။ ပြင်ပသူများ ခန္ဓာကြည့်နေသမျှ ဘယ်တော့မှ လမ်းစ ဆုံးဖို့ မမြင်ဘူး။ ဒါကြောင့် မိမိခန္ဓာမှာသာ ကြည့်ကြရမယ်။ ကိုယ့်ခန္ဓာကြည့်မှ ငြိမ်းရာ အေးရာ သုခနိဗ္ဗာန်ကို ရကြ မယ်ဆိုတာ မှတ်ကြ။ ဒီအဓိပ္ပာယ်ဟာ ပဋာစာရီဝတ္ထုသွားကို ကြည့်ရင် ထင်ရှားပါတယ်။ ပဋာစာရီဟာ အရင်ကတော့ သားခန္ဓာ၊ လင်ခန္ဓာ စတဲ့ ပြင်ပခန္ဓာတွေမှာ ကြည့်မိလို့ အကြီးအကျယ် ဒုက္ခရောက်ရတယ်။ နောက် ဒီတွင်မကတော့ဘဲ ပင်ကိုစိတ်ပျောက်ပြီး အဝတ်အစားတောင် မကပ်တော့ဘဲ သွက်သွက်လည်အောင် ရူးသွားတဲ့အထိ ဒုက္ခနဲ့ ရင်ဆိုင် တွေ့ကြုံခံစားရရှာတယ်။
ပဋာစာရီ ဥပမာပြ
အဲဒီလို အကြီးအကျယ် ဒုက္ခရောက်ရတဲ့အချက်ဟာ မိမိခန္ဓာမကြည့်ဘဲ အပြင်ခန္ဓာ သူများခန္ဓာ ကြည့်မိလို့ ဆိုတာ။ သဘောပါကြပလား?။ နောက် ဘုရားရှင်နဲ့ ဖူးတွေ့ရတော့မှ ဘုရားရှင်က လမ်းတည့်ပေးလိုက်လို့ အမြင်မှန် ရပြီး ပဋာစာရီဟာ ချမ်းသာစစ်ကို ရရှိသွားတော့တယ်။ သူ့လင် ဒါသကလည်း မြွေကိုက်လို့သေ၊ သားငယ်ကလေးကို လည်း စွန်ချီသွား၊ သားကြီးက ရေမျောပါဆိုတော့ ပဋာစာရီဟာ ပြောစရာမရှိလောက်အောင် ဒုက္ခနဲ့ ရင်ဆိုင်ရတာ ပေါ့။ သားလင်ဆိုတဲ့ အပြင်ခန္ဓာကြည့်ပြီး အပူမီးလောင်ခံရတယ်ဆိုတာ ထင်ရှားပါတယ်။
ငါ့လင်ပဲ ‘ငါ့သားပဲ, ငါ့သားကြီးပဲဆိုပြီး အထင်အမြင်တွေ လွဲလိုက်တော့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်း ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတင်မကတော့ဘူး ရင်တွင်းနှလုံးတွင်းမှာ ပြင်းပြင်းပြပြ ပူလောင်မှုဆိုတနဲ့ ဥပါယာသ အပိုင်းရောက်။ အဲဒီကနေပြီး နှလုံးသွေးဟာ ချာချာလည်ပြီး သွက်သွက်ခါ ရူးသွပ်သွား တဲ့ ဘဝရောက်သွားရှာတယ်။ အဲဒါ ဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ တွေ့ရတော့မှ ဘုရားရှင်က-
”ချစ်သမီး ပဋာစာရီ အသင့်မှာ ပူလိုက်တာ အလွန်ပဲ။ ပူသာပူတယ် ကိုယ့်အတွက် မပါပါကလား။ သူများ အတွက် ပူနေတာပဲ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ကိုယ့်အတွက် ကြောင့်ကြလော့။ သညာရဲ့ အလိမ်ဒဏ်ကို မခံနှင့်တော့။ သညာ၏ လှည့်စားချက်ကို ဉာဏ်နဲ့ ပယ်ဖျက်လော့။ နိစ္စသညာ၊ သုခသညာ၊ သုဘသညာ၊ အတ္တသညာ ပယ်ခွါဖို့ရာ မိမိခန္ဓာမှာ သတိချပ်လေလော့ မိမိခန္ဓာ အပူဓာတ်ကို ဉာဏ်နဲ့ သတ်လေလော့ ချစ်သမီး”။
စသည်အားဖြင့် ဉာဏ်အမြင် ပြောင်းပေးလိုက်တော့ ပဋာစာရီဟာ သောတာပန်တည်သွားတယ်။ အဲဒီအခါ ကျမှ သီလ အဝတ်မြဲမယ်လို့ မှတ်ကြ။ သဘောပါကြပလား?။
တို့ဒကာတွေလည်း မဂ်ရမှ သီလအဝတ်မြဲမယ်လို့ မှတ်ပါ။ မဂ်မရရင် မမြဲပါဘူး။ မြဲတယ်ဆိုရင် တဒင်္ဂမျှသာ ပဲ။ မဂ်မရသေးတဲ့သူဟာ အရူးဝတ်၊ အနှမ်းဝတ် တွေ့ကရာ ကောက်ဝတ်နေကြတာပါ။ ရိပ်မိကြပလား?။ ဒါကြောင့် လေးလေးစားစား ကြိုးစားလိုက်နာကြလို့ ပြောလိုက်ပါတယ်။ ဒီနေ့ မဂ်မရသေးရင် မနက်ဖြန် ချောက်ကျသွားနိုင်တယ်။ ကိုယ်ရူးတာ ရူးမှန်းသိပြီး ကိုယ့်အရူးနာ ကိုယ်ကုကြ။ ဆရာသမား၊ ဆေးကောင်း၊ ဝါးကောင်း ကြုံတွေ့တုန်း လက်လွတ် မခံကြရစေနဲ့လို့ သတိပေးလိုက်ပါတယ်။
မာဂဏ္ဍိဝတ္ထုကို ဆက်ရမယ်
ဒါနဲ့ မာဂဏ္ဍိဝတ္ထုကို ဆက်ရမယ်။ မာဂဏ္ဍိက ပွားစီးခြင်းကို လိုတယ်။ ပွားစီးအောင်လုပ်ရမယ်လို့ အယူရှိတယ်။ သူ့အယူက မျက်စိနဲ့ အဆင်းမြင်ရင် လိုချင်ရမယ်၊ စွဲလမ်းရမယ်၊ ရအောင် အားထုတ်ရမယ်တဲ့။ အဲဒါမှ မျိုးဆက်ပြန့် ပွာမးယ်၊ မျိုးမပြတ်မယ်လို့ ဆိုတယ်တဲ့။ ဘုရားရှင်ကတော့ ပွားစီးခြင်းကိုမလို၊ ပွားစီးခြင်းကို ဖြတ်ရမယ်လို့ ဟော တော်မူတယ်။ ဘာကြောင့်လဲဆိုတော့ ပွားစီးခြင်းကို လိုရင် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ငါးမျိုးလာမယ်။ ဒါကြောင့် ဖြတ်ရမယ်လို့ ဟောတာပဲ။
မျက်စိအကြည်နဲ့ အဆင်းနဲ့ တည့်တည့်အခါ မြင်စိတ်ပေါ်မယ်၊ ပေါ်တာနဲ့ ကောင်းတယ်ဆိုရင် လိုချင်၊ လိုချင်တော့ စွဲလမ်း၊ စွဲလမ်းတော့ အားထုတ်၊ အားထုတ်တုန်းမှာပဲ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ စတဲ့ ဒုက္ခအစု လိုက်လာတယ်။ အားထုတ်လို့ ရတဲ့ဟာက မမြဲတဲ့ဟာ။ အဲဒီမမြဲတဲ့ဟာက မမြဲလို့ ပျောက်ပျက်သွားတော့လည်း သောက ပရိဒေဝ စတဲ့ ငါးမျိုးပဲ လာမှာပဲ။ ပွားခြင်းကို လိုရင် ဒီငါးမျိုးရမှာပဲ။ သဘောပါကြရဲ့လား?။
ဒါကြောင့် ဘုရားရှင်က ဒါတွေသိလို့ ပွားစီးခြင်းကို မလိုဘူး။ ပွားစီးခြင်းကို ဖြတ်တယ်။ ဖြတ်တော့ သောက၊ ပရိဒေဝ စတဲ့ ငါးမျိုး မလာတော့ဘူး။ မာဂဏ္ဍီအယူက ဒီသောက၊ ပရိဒေဝ ဇာတ်ထုတ်ခင်းနေတာ။ ဘုရားရှင်က ဒီဇာတ်ထုတ်ကို သိမ်းတော်မူတာ။ ဒီဒုက္ခအစုကို ပြတ်အောင် ကျင့်တော်မူတာ။ ဒါကြောင့် တို့ဒကာတွေ ဒီဇာတ်သိမ်း ချင်ရင် မြင်တဲ့အခါ ရှေ့ဆက်မသွားစေနဲ့၊ မပွားစီးစေနဲ့လို့ မှာလိုက်ပါတယ်။ ရှေ့ဆက်ချင်ရင် မာဂဏ္ဍီမျိုးတွေမို့ပဲလို့ ဆိုထိုက် မဆိုထိုက် စဉ်းစားကြ။
ဒါကြောင့် ဒုက္ခဇာတ်သိမ်းချင်ရင် မြင်တဲ့အခါ မြင်တဲ့အဆင်း ဖြစ်ပျက်ရှု မြင်စိတ်ပေါ် ဖြစ်ပျက်ရှု။ တစ်ခုခု မိအောင် ရှုရမယ်။ ဒီလိုရှုရင် နောက် တဏှာ၊ ဥပါဒါန်၊ ကံ မဆက်တော့ဘူး။ တဏှာ၊ ဥပါဒါန်၊ ကံချုပ်မယ်။ ဒီလို ချုပ်တော့ နောက်ရမယ့် ဇာတိဒုက္ခ၊ ဇရာဒုက္ခ စတဲ့ ဒုက္ခအစုကြီး၊ ဒုက္ခစက်ကြီး ပြတ်ကရော။ ဒုက္ခအစု မလာနိုင်တော့ ဘူး။ ရှင်းကြပလား?။ မိတဲ့နေရာမှာ ဖြစ်ပျက်ရှု၊ ရှေ့က ဖြစ်ပျက်၊ နောက်က မဂ်လာမယ်။ ဒုက္ခစက်ကို မဂ်က ဖြတ် ချလိုက်တာပဲ။ အဲဒီလို အဆက်မပြတ် မဂ်ဖြစ်နိုင်အောင် ကြိုးစားကြ။
ဝိပဿနာနဲ့မှ ဒီအရူး ပျောက်နိုင်မယ်
ပထမတော့ မဂ္ဂင်ငါးပါးပဲ။ နောက် ရှစ်ပါးပြည့်မှ အရူးနာပျောက်ကြမှာ။ ရှစ်ပါးမပြည့်လို့ မဂ်မရသေးရင် အရူးနာ မပျောက်သေးဘူး။ ဒါန၊ သီလ၊ သမထနဲ့လည်း ဒီအရူး မပျောက်သေးဘူး။ ဝိပဿနာလုပ်မှ ဝိပဿနာနဲ့မှ ဒီအရူး ပျောက်နိုင်မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ တို့ဒကာတွေက မရှက်ရင်သာရှိမယ် မရူးတဲ့အချိန်က မရှိသလောက် ရှားပါတယ်။ တစ်နေ့ ဘယ်နှစ်ခါ ရူးတုန်းဆိုတာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြ။ ဒီအိမ်မှာ မနေချင်ပါဘူး စိတ်ရှုပ်ပါတယ် ဆိုပြီး အိမ်က ထွက်သွား။ နောက် တော်တော်ကြာတော့ အိမ်မှာ ငါမရှိ မဖြစ်သေးပါဘူးလေဆိုပြီး ပြန်ဝင်လာတယ်။ အဲဒါ ဘာဖြစ်တာလဲ?။ ရူးတာက သေချာတယ်။ ရိပ်မိပလား?။
တို့ဒကာတွေ ရူးချက်က ပြောလို့မဆုံးနိုင်ဘူး။ မျောက် ငရုတ်ဆုံ ထိုင်မိသလို ဣန္ဒြေမရ အငြိမ်ကို မနေနိုင် ကြဘူး။ တောင်သွား၊ မြောက်သွား ဟိုဟာလုပ်၊ ဒီဟာလုပ် အားရတယ်ကို မရှိကြဘူး။ ဘာအလုပ်တွေတုံးလို့ မေးရင် သားအလုပ်၊ မယားအလုပ်၊ ပစ္စည်းအလုပ်ဆိုတဲ့ ကိုယ်ကျိုးမပါတဲ့ အလုပ်ချည်းပဲ။ ဒီကြားထဲက သိတတ်တဲ့ လူများက ခုနစ်ရက်လောက်တော့ ကိုယ့်အတွက် စိတ်ချရအောင် တရားအားထုတ်ပါလို့ပြောရင် မအားသေးလို့တဲ့။ အဲဒါ ကျုပ် အရူးမို့ အရူးအလုပ်ပဲ လုပ်နေတော့မယ်လို့ ဆိုသလိုပါပဲ။ ရိပ်မိကြပလား?။
ဆေးတွေ့တုန်း ကုကြရမယ်
ဒီတော့ ခင်ဗျားတို့ဟာ သံသရာအရူးရောဂါသည်တွေပဲ။ ဒါကြောင့် ဒီအရူးနာပျောက်အောင် ဆေးတွေ့တုန်း ကုကြရမယ်။ ကိုယ့်မှာ ရောဂါရှိတာလည်း သိကြရပြီ၊ ပျောက်အောင်ကုပေးတဲ့ ဆရာနဲ့ ပျောက်နိုင်တဲ့ဆေးကိုလည်း တွေ့နေကြရပြီမို့ ကြိုးစားယူကြလို့ ပြောလိုက်တယ်။ ဒီတော့ ဒီနေရာမှာ မာဂဏ္ဍိယပုဏ္ဏားကို ဘုရားရှင်က ဟောပြ တဲ့အချက်ကို ပြောရမယ်။
ဘုရားရှင်က မာဂဏ္ဍီကို တောထွက်တော်မူတဲ့ အကြောင်းတွေကို ပြန်ပြောတယ်တဲ့။ “ငါဘုရားဟာ ဘုရား မဖြစ်ခင် ရှေးစဉ်အခါက ဆောင်း၊ နွေ၊ မိုးဆိုတဲ့ ဥတုသုံးပါးနဲ့လျော်တဲ့ ရမ္မ၊ သုဘ၊ သုရမ္မ ဆိုတဲ့ ရွှေနန်းသုံးဆောင် အလယ်မှာ ကာမဂုဏ်အာရုံ ခံစားမှုဆိုရင် ပြောစရာမရှိတော့ဘူး။ မောင်းမလေးသောင်း အခြံအရံတွေနဲ့ သဘော ရှိသလို ခံစား၊ စံစားခဲ့တယ်။ ဒါပေမဲ့ တစ်နေ့တော့ ဒီဟာတွေရဲ့ အပြစ်ကို ဉာဏ်နဲ့ မြင်သိလာတယ်။
”ဒီကာမဂုဏ်အာရုံတွေရဲ့ ဖောက်ပြန်ပျက်စီးမှု၊ မမြဲတဲ့ အနိစ္စအချက်၊ အမှန်ဆင်းရဲအစုပဲဆိုတဲ့ ဒုက္ခအချက်၊ သာယာဖွယ် နှစ်သက်ဖွယ်မရှိတဲ့အချက် စတဲ့ အပြစ်တွေကို အမှန်အကန် သိမြင်လာလို့ တောထွက်လာခဲ့တာပဲ။ အနိစ္စကို နိစ္စလို့ထင်၊ အသုဘကို သုဘလို့ထင်၊ ဒုက္ခကို သုခလို့ထင် အဲဒီလိုထင်တဲ့သူဟာ ရူးလို့ထင်တာပဲ။ မရူးရင် မထင်ပါဘူး။ ငါဘုရားဟာ အရူးပျောက်ဖို့ တောထွက်လာခဲ့တာပဲ”။
ဒုက္ခအစပြတ်တဲ့ အယူကိုယူတယ်
နောက် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ မာရ်ငါးပါး အောင်မြင်ပြီး အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် တရားအထူး ကိုရတော့ အကုန်အစင် သိမြင်တော်မူလို့ ဒီကာမဂုဏ်တွေရဲ့ အပြစ်ကို အမှန်အကန် သိရှိခဲ့တယ်။ ဒါကြောင့် ငါ ဘုရားက ပွားစီးခြင်းဖြစ်တဲ့ ဒုက္ခကို ဖြတ်တယ်။ ဒုက္ခအစပြတ်တဲ့ အယူကိုယူတယ် ကျင့်ကြံတယ်၊ ဟောပြောပြသတယ်။ အမှန်သိမြင်လာတော့ ေဩာ်… ရူးတုန်းကတော့ ဒီကာမဂုဏ်မှု ဒုက္ခအစုတွေကို ဒုက္ခမှန်းမသိ အကောင်းလို့ ထင် မိခဲ့တာကို မသိခင်တုန်းကတော့ ကောင်းကောင်းပါပဲကလား။ အခုလို အမှန်သိလာတော့ “ဘာမျှ အနှစ်အသားမရှိတဲ့ ဒုက္ခအစု ဆင်းရဲမှုသက်သက်တွေ”လို့ သိမြင်တော်မူလို့ ပွားစီးခြင်းကို ဖြတ်တယ်ဆိုတဲ့အကြောင်း မာဂဏ္ဍီယပရဗိုဇ် ကို ဟောပြတော်မူတယ်။
ဒါကြောင့် တို့ဒကာတွေကို အရူးပျောက်အောင် ကုဖို့ရာ အမြန်ဆုံး လုပ်သင့်၊ မလုပ်သင့် စဉ်းစားကြ။ ဘုရား ကိုယ်တော်တိုင်က ဟောခဲ့တာ သံသယဖြစ်ဖို့မလိုဘူး။ ဘုရားကရုဏာတော် ယုံကြည်ပြီး လေးလေးစားစားနဲ့ အားထုတ် ကြ။ သဘောပါကြပလား?။ ဒကာတို့တစ်တွေ အထက်ထက်က မိဘ၊ ဘိုးဘွား၊ ဘီဘင်ဆိုသလို အရူးဆွေမျိုး အစဉ် အဆက်နဲ့ လာခဲ့ကြတာ သေတော့လည်း အရူးပျောက်ပြီး သေရတဲ့ မသာရယ်လို့ မရှိခဲ့ကြပါဘူး။ အရူးနေ၊ အရူးသေ သေပြီး အရူးမသာချည်း ချခဲ့ကြရတာပဲဆိုရင် မှားသေးသလား?။
အရူးမသာဟာ အရူးမသာပါပဲ
ဒီတော့ အလုပ်မလုပ်ဘဲနေရင် အရူးသေ၊ သေရဖို့ပဲ ရှိတယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ အလုပ်မလုပ်မိဘဲ သေသွားရင် ဖိတ်စာကမ်းတဲ့အခါ ‘အရူးမသာ ကြွတော်မူကြပါ’လို့ပဲ ဖိတ်ကြလို့ မှာလိုက်ပါတယ်။ ရိပ်မိကြပလား?။ ခင်ဗျားတို့တစ်တွေက အသုဘ ဖိတ်စာကိုတောင် အမွှန်းတင်လိုက်ကြသေးတယ်။ ဖိတ်စာထဲမှာ ဘွဲ့ထူးတွေ၊ ဂုဏ်ထူး တွေ၊ ဘီအေတွေ၊ အမ်အေတွေနဲ့ ဝေဝေဆာဆာ ရေးထားလိုက်ကြတာ။ ဘယ်ဝန်ထောက်ရဲ့ ညီ၊ ဘယ်အရေးပိုင်ရဲ့ သား၊ ဘယ်ဝန်ကြီးရဲ့တူနဲ့ စုံရာကနေ ထပ်သွားတော့တာပါပဲ။
ဘယ်လောက်ပဲ ဂုဏ်တွေ၊ ဘွဲ့တွေနဲ့ ဝေဝေဆာဆာ လုပ်ပေမယ့်လည်း အရူးမသာဟာ အရူးမသာပါပဲ။ အသုဘကောင်၊ အပုပ်ကောင် အရူးမသာလောင်းကို ဘွဲ့တွေ၊ ဂုဏ်တွေ တပ်နေကြတာဟာ ဘယ့်လောက်ရူးချက် သန်သလဲဆိုတဲ့အချက် ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြ။ ဒီတော့ နောက်တစ်ခါ အရူးမသာ မချရအောင် အခုနှယ်က ဆေးဦးအောင် စားထားဖို့ သင့်တော်လောက်ပြီဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား?။ ပေါ်ရင် ကိုယ့်မှာ အရူးနာရှိမှန်းလည်း အမှန်သိရလို့ ပျောက်တဲ့ဆေးကို ဆရာသမားကလည်း ပေးနေတဲ့အခါမို့ လက်လွတ်မခံကြနဲ့တော့။
”ဒီအခွင့်အရေးမျိုးမှ လက်လွတ်သွားခဲ့ရင် အရူးစခန်း သိမ်းနိုင်ဖို့ မမြင်တော့ဘူး။ ဒါကြောင့် တို့ဒကာတွေ ကို ဘုန်းကြီးက အလေးအနက် သတိပေးစကား ပြောလိုက်ပါတယ်။ “နောက်ထပ် အရူးမသာ မချချင်နဲ့တော့”လို့။ ရှင်းကြပလား?။
