20217

ပဋိစ္စသမုပ္ပါဒ် ဉာဏ်ဖြင့်ဖြတ် တရားတော်

ဆောင်ပုဒ်

ဓမ္မကထာ၊ ဟုတ်မှန်စွာ၊ သစ္စာလွတ်မရှိ။

တရားရှာလိုက်၊ သစ္စာဆိုက်၊ ကောင်းမြိုက် ဟုတ်မှန်သိ။

ဓမ္မမှန်စွာ၊ နာကျင်ခါ၊ သစ္စာဆိုက်လေ၏။

ချိန်ခွင်ဉာဏ်စွဲ၊ လက်ကိုင်မြဲ၊ အလွဲ ဘိတ်မရှိ။

ဆရာများမြောင်၊ အတုရှောင်၊ မြတ်ခေါင်အာစရိ။

ဆရာလွဲလျှင်၊ သံသာခွင်၊ လွဲစင် ကမ်းမရှိ။

တရားသား

မာဂဏ္ဍီပရဗိုဇ်ရဲ့ ကျမ်းစာအရ

ဒီနေ့ မနေ့က တရားအဆက်ကို ပြောရမယ်။ မာဂဏ္ဍီပရဗိုဇ်ရဲ့ ကျမ်းစာအရက မြင်ရင် လိုချင်ရမယ်၊ စွဲလမ်း ရမယ်၊ အားထုတ်ရမယ်လို့ အယူရှိတယ်လို့ မှတ်ကြ။ ဘုရားက မြင်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှု၊ မြင်စိတ်ဖြစ်ပြီး ပျက် သွားတာ ဉာဏ်နဲ့မြင်အောင် ကြည့်ပေး။ လိုချင်တဲ့ဘက် မကူးစေနဲ့လို့ ဟောတော်မူတယ်။

မာဂဏ္ဍီအယူက တဏှာပွားစီးရေး၊ ခန္ဓာပွားစီးရေး၊ ဒုက္ခပွားစီးရေးလို့မှတ်။ ဘုရားက မြင်ရင် မြင်တာတင်ရပ်၊ မပွားစီးစေနဲ့။ ပွားစီးတဲ့သူ နောက်ထပ် ခန္ဓာငါးပါးရမယ်လို့ ဟောတယ်။ ခန္ဓာရတယ်ဆိုတာ ဇာတိရတာပေါ့။ ဇာတိ ရရင် ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ တရားတွေ ပွားစီးလာတော့မယ်ဆိုတာ မှတ်ကြ။ ခင်ဗျားတို့တစ်တွေ မာဂဏ္ဍီပရဗိုဇ်မျိုးတွေမို့ ခန္ဓာအမျိုးမျိုး တောင်းနေကြတယ်ဆိုရင် မှားသလား?။ ကိုယ်က လိုချင်လို့ ခန္ဓာအမျိုးမျိုးတွေ တောင်းတော့ ရလာကြတယ်။ အဲဒါပွားစီးခြင်းအလုပ်ပဲ။ တောင်းတာဟာ မသိလို့သာ တောင်းတာပဲ။ ရလာတော့ အကောင်းတစ်ခုမှ မပါပါဘူး။ ဒုက္ခခန္ဓာ အမျိုးမျိုးသာ ရနေကြတာပါ။ ရိပ်မိကြပလား?။

ဒုက္ခစက်လည်တဲ့စာ နှင့် ဒုက္ခဇာတ်သိမ်း‌တဲ့ စာ

မာဂဏ္ဍီက သူသင်ထားတဲ့ ကျမ်းစာနဲ့ချည်း ကိုင်ပြောနေတာ။ တို့ဒကာတွေကို ချိန်ခွင်ပေးလိုက်မယ်။ စာမှား၊ စာမှန်၊ ဝေဖန်တတ်ဖို့ ကိုယ်ပိုင်ဉာဏ် ချိန်ခွင်ဆောင်ထားကြ။ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့စာဆိုရင် စာမှန်၊ ပဋိစ္စသမုပ္ပါဒ် ဆက်တဲ့စာဆိုရင်ဖြင့် စာမှားပဲဆိုတာ မြဲမြဲမှတ်ထားကြ။ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့စာက ဒုက္ခဇာတ်သိမ်းပြီး အေးငြိမ်းတဲ့ စာ၊ ဆက်တဲ့စာက ဒုက္ခစက်လည်တဲ့စာပဲ။ ပဋိစ္စသမုပ္ပါဒ် မပြတ်တဲ့စာမှန်ရင် ရေးချင်ရာ ရေးထားတဲ့စာပဲလို့သာ မှတ်လိုက်ကြ။ သဘောပါကြပလား?။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ‘ဓမ္မကထာနာမ သစ္စဝိနိမုတ္တော နတ္ထိ’လို့ ဟောတော်မူထားတယ်။ တရား စစ်၊ တရားမှန်ဆိုတာ သစ္စာနဲ့လွတ်တယ်လို့ မရှိဘူးတဲ့။ တို့ဒကာတွေအတွက် ဒါဟာ ချိန်စရာချိန်ခွင်ပဲ။ စာအုပ်တွေ့ရင် ဒီချိန်ခွင်နဲ့ ချိန်ကြည့်၊ ဒီချိန်ခွင်နဲ့ ကိုက်ညီရင် စာမှန်၊ ဒီချိန်ခွင်နဲ့မှ မကိုက်ညီရင် စာမှားပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ဒီအချက်ကို ကြပ်ကြပ်သတိထားကြလို့ ပြောလိုက်ပါတယ်။

စာမှန်နဲ့စာမှား ခွဲခြားသိဖို့

စာမှန်နဲ့စာမှား ခွဲခြားသိဖို့ အလွန်ပဲ အရေးကြီးတယ်။ အမှန်နဲ့အမှား မခွဲခြားနိုင်လို့ အမှတ်လွဲရင် ဒုက္ခရောက် မယ်သာ မှတ်ကြတော့။ တို့ဒကာတွေ မမှားသောရှေ့နေ မသေသော ဆေးသမား မရှိဘူးဆိုပြီး ကာကွယ်ပြောတတ် ကြတယ်။ မသိလို့ မှားရင် ပိုပြီးဆိုးမယ်ဆိုတာ မှတ်လိုက်ကြ။ ဘာမှမသိလို့ဆိုပြီး ဂုဏ်ယူမနေကြနဲ့။ မသိလို့မှားရင် အပါယ်စာဖြစ်မယ်။ မသိလို့ ကျူးလွန်တဲ့အပြစ်က ပိုကြီးတယ်။ မသိရင် သိအောင်ကြိုးစား။ မသိတာ သိအောင်လည်း မကြိုးစားချင် တွေ့သမျှ၊ မြင်သမျှ မချိန်ဘဲ ယုံကြည်ကြမယ်ဆိုရင် ကိုယ်သာ ဒုက္ခရောက်ဖို့ ရှိတယ်။ ငါးပါးမှောက်မယ် လို့သာ မှတ်လိုက်ကြ။ ရိပ်မိကြပလား?။

ကိုယ့်မှာ ချိန်ခွင်မရှိရင် သူများချိန်ပေးသမျှနဲ့ ကျေနပ်ရတယ်။ ငါးဆယ်သားကို တစ်ပိဿာလုပ် ချိန်ပေးချင် ပေးမယ်၊ အစိတ်သားကို သုံးဆယ်သားပါဆိုလည်း ယုံကြရ၊ သူများပြောသမျှနဲ့ သူများပါးစပ်ဖျား လမ်းဆုံးနေရရင် ငါးပါးမှောက်မယ်ဆိုတာ တထစ်ချ မှတ်ထားကြ။ သူများပြောတာ အဟုတ်ကြီး ထင်ချင်ထင်နေကြမယ်။ ဘယ်လောက် ပဲပေးပေး တစ်ပိဿာထင်နေကြမယ်။ ရှင်းကြပလား?။

ကိုယ်ပိုင်ချိန်ခွင်ကို အားကိုးကြ

ဒါကြောင့် တို့ဒကာတွေကို အထူးသတိပေးလိုက်ပါတယ်။ သူများပြောသမျှနဲ့ ကျေနပ်ပြီး သူများပါးစပ်ဖျား တင် လမ်းဆုံးမနေကြနဲ့လို့ ကိုယ်ပိုင်ချိန်ခွင်ကို အားကိုးကြ။ ဘုရားရှင် ပွင့်တော်မူလာတာဟာ ပဋိစ္စသမုပ္ပါဒ်ဖြတ်ဖို့ ပွင့်လာတာ။ ဘုရားက ဘဝကို အလွန်ကြောက်ရွံ့ စက်ဆုပ်တော်မူတယ်။ ဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ပြတ်အောင် ရေးတဲ့စာ ဟောတဲ့တရားမှ စာမှန်၊ တရားမှန်ဆိုတာ သဘောပါကြပလား?။ ဘုရားက သူများပါးစပ်ဖျား လမ်းဆုံးတော့ ဝါဂွမ်းလိုပဲတဲ့။ ဟိုဘက်မှုတ်တော့ ဟိုဘက်လွင့်ပါသွား ဒီဘက်မှုတ်ပြန်တော့ ဒီဘက်လွင့်နဲ့ လွင့်ချင်တိုင်း လွင့်နေရတဲ့ အဖြစ်က လက်စမသတ်နိုင်တော့ဘူးလို့ ဟောတော်မူတယ်။

တို့ဒကာတွေလည်း ဒီဥပမာလို သူများပါးစပ်သာ လမ်းဆုံးနေကြရင် ဆင်းရဲဒုက္ခ ဘဝခန္ဓာ ဘယ်မှာမှ ဆုံး ခန်း မမြင်နိုင်တော့ဘူးလို့ မှတ်ထားကြ။ ဝါဂွမ်းဥပမာစကားကို သစ္စသံယုတ်မှာ ဟောထားတယ်။ သဘောပါကြပလား?။ ကျုပ်စာက စာလွတ်၊ ပေလွတ် မဟုတ်ဘူးဗျ။ စာနဲ့ပေနဲ့အညီ ပြောတာလို့ဆိုတိုင်းလည်း မယုံကြနဲ့။ အခုချိန်ခွင်ပေး လိုက်ပြီ။ အဲဒီချိန်ခွင်နဲ့ ချိန်ကြည့်ကြ။ ယူသင့်မှ ယူကြလို့ သတိပေးလိုက်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် ပွားတဲ့စာဟာ စာ မှား၊ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့စာမှ စာမှန်။ ရှင်းကြပလား?။

ဘုရားအယူလိုက်ကြရမယ်

ဒီတော့ တို့ဒကာတွေ ဘာလုပ်ကြရမလဲ?။ ဘုရားအယူလိုက်ကြရမယ်။ ဘုရားအယူလိုက်မှ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီးပြတ်မယ်။ မာဂဏ္ဍီ အယူလိုက်ရင် ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်လည်မယ်။ ရှေးက တို့ဒကာတွေ မသိလို့ မာဂဏ္ဍီမျိုးတွေ ဖြစ်လာကြရတယ်။ အခု ညွှန်ပြတဲ့ ဆရာကောင်းနဲ့တွေ့လို့ သိကြရပြီ။ သိရင် ပြင်ကြဖို့ပဲ။ ဒါကြောင့် ဒီကနေ့ကစပြီး ဘုရားအယူအတိုင်း လိုက်ကြ။ လိုက်တော့ မျက်လုံးဖွင့်လိုက်တာနဲ့ မြင်စရာနဲ့ တွေ့၊ မြင်စိတ်ပေါ် အဲဒီပေါ်တဲ့ မြင်စိတ်ကလေးကို ဖြစ်ပျက်ရှု။ မြင်စိတ်ကလေး ဖြစ်ပျက်သွားတာကို ဉာဏ်နဲ့ကြည့်ပေး။ အဲဒီလိုပေါ်လာ သမျှ မလွတ်အောင် ဝိပဿနာ ရှုပေးရမယ်။ ဝိပဿနာရှုတော့ ရှေ့ကဖြစ်ပျက်၊ နောက်က မဂ်၊ တဏှာ ဥပါဒါန် ကံ တွေချုပ်။ ပဋိစ္စသမုပ္ပါဒ် မပွားတော့ဘူး။ မပွားတော့ စခန်းသတ်တာရော ဒုက္ခစက် မဆက်တော့ဘူး။

မျက်စိဖွင့် မြင်စိတ်ပေါ် ဖြစ်ပျက်ရှု၊ နားဖွင့် ကြားစိတ်ပေါ် ဖြစ်ပျက်ရှု၊ နှာခေါင်းဖွင့်၊ လျှာဖွင့်၊ ကိုယ်ဖွင့်၊ မနောဖွင့်၊ သူ့ဆိုင်ရာဆိုင်ရာ အသိစိတ်ပေါ်မှာပဲ။ ပေါ်လာရင် ပေါ်တဲ့နေရာတွင် ရပ်ပစေ။ ပေါ်လာသမျှ ဖြစ်ပျက် ရှုပေးကြ။ မရှုမိရင် ပဋိစ္စသမုပ္ပါဒ် ပွားမယ်။ ဒါကြောင့် မလွတ်အောင် ရှုပေးကြ။ ရှေ့က ဖြစ်ပျက်၊ နောက်က မဂ် လာပစေ။ သဘောပါကြရဲ့လား?။

ခင်ဗျားတို့တစ်တွေက ပွားစီးခြင်းကို လိုလို့၊ ပူစရာမရှိလို့ ပူစရာရှာထားကြတယ် ငိုစရာရှာထားကြ၊ ကျွေးစရာ ရှာထား၊ ဆွေးစရာရှာထား၊ နဂိုက မရှိပါဘူး၊ ပူစရာမရှိရင် မနေတတ်လို့ တမင်ရှာထားကြတာ၊ တစ်ယောက်တည်း နေရတာ ပျင်းခြောက်ခြောက်နိုင်လှတယ်၊ ရှာထားဦးမှာပဲဆိုပြီး မရအရ ရှာထားကြရတာ၊ အမယ်လေး တို့ဒကာတွေ ဟာ ခက်,ခက်ရချည်းသေးတယ်။ ဘုရားက ဒါတွေကို ဖြတ်ကြတဲ့ မဖြတ်ရင် ပွားနေမှာပဲတဲ့။ ဒီတော့ ရှုပြီး ပြတ်အောင် ဖြတ်ကြ။ ရှင်းပလား?။

တဏှာက အမြဲတမ်းဟောနေတာ

ဘုန်းကြီးတို့က တစ်ခါတစ်ရံ ကြုံကြိုက်မှ ဟောနိုင်တာ။ အမြဲဟောနေနိုင်တာ မဟုတ်ဘူး။ ခင်ဗျားတို့ကို တဏှာက အမြဲတမ်းဟောနေတာ။ အမြဲတမ်း တတွတ်တွတ်နဲ့ နားချ။ အဲဒါ ခင်ဗျားတို့က အားကျပြီး လိုက်နာနေကြ တယ်။ လိုက်နာနေတာ တဏှာ့ကျွန်တွေမို့ပဲ။ ဆရာသမားပြောတာ နားမထောင်ချင်ရင် တဏှာကျွန်တွေပဲ။ တဏှာက အဟောကောင်း၊ အပြောကောင်းဆိုတော့ တဏှာပြောစကားပဲ နားထောင်နေကြတော့တာပေါ့။ မနက်လင်းလာ ဟိုပြေး ဒီပြေး ပြေးကြရ။ မရပ်မနား တစ်ပြေးတည်းပြေးနေရတယ်။ မြင်းမျိုးကျနေတာပဲ။ ခင်ဗျားတို့ဟာ မပြေးရရင် မနေ နိုင်ကြဘူး။

အဲဒါ ဘာကြောင့်လဲ?။ ပွားစီးလိုလို့ပဲ။ ပွားစီးခြင်းကို ဖြတ်ကြ၊ ပွားစီးခြင်း ရုပ်သိမ်းကြ၊ ဝိပဿနာရှုမှ သိမ်း နိုင်ကြမယ်။ ဝိပဿနာ မရှုရင် မသိမ်းနိုင်ဘူး။ မသိမ်းနိုင်ရင် ပဋိစ္စသမုပ္ပါဒ် ဆက်မယ်ပွားမယ်။ ဒုက္ခစက်ကြီးလည်မယ်။ ဒုက္ခဆုံးရာ လမ်းစ ဘယ်တော့မှ မမြင်နိုင်ကြတော့ဘူးဆိုတာ မှတ်ကြ။ ဒါကြောင့် တဏှာ့ကျွန်အဖြစ်ကလွတ်အောင်၊ ဒုက္ခဇာတ်သိမ်းနိုင်အောင်၊ ဝိပဿနာရှုကြလို့ အထူးသတိပေးလိုက်တယ်။ အချိန်က သိပ်မရှိတော့ဘူး။ ရိပ်မိကြပလား?။

ဘယ်သူပေါ်ပေါ် ဖြစ်ပျက်ရှုပေး

ဒါကြောင့် ဘယ်သူပေါ်ပေါ် ဖြစ်ပျက်ရှုပေး။ မျက်စိကပေါ်တဲ့ ဝိညာဏ်၊ နားကပေါ်တဲ့ ဝိညာဏ်၊ ပေါ်ချင်တာ ပေါ် မလွတ်အောင် ရှုကြ။ လွတ်သွားရင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာတွေ ဆက်လာမယ်။ အဲဒီ မှာလည်း တစ်ချက်ချက်မိအောင် ရှုနိုင်ရင် တော်သေးတယ်။ ဝေဒနာက တဏှာကူးသွားရင် ဥပါဒါန်၊ ကံဆိုပြီး ဒုက္ခ စက်ပွားဖို့ပဲ ကျန်တော့တယ်။ ဒါကြောင့် ဝိညာဏ်မမိလိုက်ရင် ဝေဒနာမလွတ်စေနဲ့။ ဝေဒနာ လက်လွတ်ခံရင် တဏှာ၊ ဥပါဒါန်၊ ကံတွေ ဆက်လာပြီး ခန္ဓာနဲ့ ဆပ်ရမယ့် ကြွေးသစ်တွေ ထပ်တင်လိုက်ပြန်တာပဲ။ ရိပ်မိကြပလား?။

စားချင်တဲ့စိတ်ပေါ်လည်း ဖြစ်ပျက်ရှုပစ်။ မရှုမိတော့ စားချင်စိတ်ပေါ် စားကြည့်၊ စားကြည့်တော့ ကောင်း တယ်ဆိုပြီး ရအောင်ရှာမယ်၊ နောက်လည်း ဒါမျိုးဝယ်ဦးမယ်ဆိုပြီး အားထုတ်မှုဖြစ်ပြန်တယ်။ အဲဒါလျှာပေါက်က ပဋိစ္စသမုပ္ပါဒ် ပွားစီးလိုက်တာပဲ။ ရိပ်မိကြပါလား?။ ဒါကြောင့် စားစိတ်လာရင် ဖြစ်ပျက်ရှု ရှုတော့ ပွားစီးခြင်းပြတ်၊ တဏှာ ဥပါဒါန် ကံ ဇာတိ မလာတော့ဘူး။ နံစိတ်ပေါ်လည်းရှု။ ကိုယ်နဲ့ တွေ့ထိလို့ ပေါ်လာလည်း ရှု။ ရှုတတ်ကြပလား?။

ဓမ္မာရုံက တွေးမှပေါ်တယ်။ တွေးမှပေါ်လို့ ဓမ္မာရုံခေါ်တာ။ တွေးပြီးမှ သိတဲ့စိတ်ကို မနောဝိညာဏ်စိတ် ခေါ်ရတယ်။ ဒီမနောဝိညာဏ် ပေါ်လာရင်လည်း ဖြစ်ပျက်ရှုပေး။ မရှုမိရင် တွေးသိ၊ သာယာ၊ စွဲလမ်း ဆက်တိုက် လာမယ်။ တွေးသိ ဖြစ်ပျက်လို့ ရှုလိုက်ရင် နောက် သာယာတာ၊ စွဲလမ်းတာ မလာနိုင်တော့ဘူး။ တွေးသိစိတ်ကလေး ဟာ တွေးပြီးပြီးချင်း ပျက်သွားတယ်။ နဂိုတွေးတုန်းက ရှိပေမယ့် တွေးပြီး အကဲခတ်ကြည့်လိုက်တော့ မရှိတော့ဘူး။ ဖြစ်ပြီးပျက်သွားတာကို သိရတော့တယ်။ အဲဒီလိုသိရင် ရှေ့က တွေးသိ ဖြစ်ပျက်၊ နောက်က မဂ်လာတာပဲ။ ရှင်းပလား?။

ဒီအပြစ်တွေမြင်လို့ ပွားစီးခြင်းကို ဖြတ်တယ်

စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံတဲ့။ မျက်စိအကြည်ရုပ်နဲ့ အဆင်းရုပ်နဲ့ တည့်တာနဲ့ မြင်စိတ် ကလေးဟာ အလိုလို ပေါ်လာရတယ်။ ပေါ်တာနဲ့ နောက်ဉာဏ်က မြင်စိတ် ဖြစ်ပျက်ဆိုပြီး ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်ချ နိုင်ရမယ်။ မြင်တာမဖြတ်နိုင်ရင် မဖြတ်မိရင် မြင်တာ လိုချင်၊ လိုချင်လို့ စွဲလမ်း၊ စွဲလမ်းတော့ အားထုတ်၊ အားထုတ် လို့ ရရင် လိုချင်စွဲလမ်းလာဦး၊ အားထုတ်လို့ မရပြန်တော့ သောကပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ စတဲ့ ဒုက္ခအစု လိုက် လာတော့တာပဲ။ ဒါကြောင့် ဘုရားက ဖြတ်ဖို့ဟောတာ။ ဘုရားက ဒါတွေသိလို့ ဒီအပြစ်တွေမြင်လို့ ပွားစီးခြင်းကို ဖြတ်တယ်။ မင်းက ဘယ်လိုသဘောလဲ?လို့ မာဂဏ္ဍိကို မေးတော်မူတယ်။ သဘောပါကြပလား?။

မြင်၊ လိုချင်၊ စွဲလမ်း အားထုတ်ပေမယ့် အချည်းအနှီးပါပဲ။ အားထုတ်ထားပေမယ့် မရှိပါဘူး။ ဖြတ်ခနဲသေ၊ ဖြတ်ခနဲသေနဲ့ သေသေသွားတာချည်းပါပဲ။ သေသေသွားလို့ မရ။ မရတော့ သောက၊ ပရိဒေဝ စတဲ့ ဒုက္ခအစုလိုက်တာ ပဲရှိတယ်။ ဘုရားက ‘ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော’လို့ ဟောတယ်။ ဆင်းရဲမှုအစု ဒုက္ခမှုသက်သက်ပဲရှိတယ်။ ဒီပြင် ဘာမှမရောပါဘူးတဲ့။ တို့ဒကာတွေ ကိုယ်ပိုင်ဉာဏ်နဲ့ လေးလေးနက်နက် စဉ်းစားကြည့်ကြ။

ကိုယ့်အိမ်ကို ပြန်ကြည့်

ကိုယ့်အိမ်ကို ပြန်ကြည့်။ ဒီဘုရားရှင်စကားတော် ဘယ်လောက်မှန်တယ်ဆိုတဲ့အချက် လက်တွေ့သိရလိမ့်မယ်။ ကိုယ့်အိမ်မှာကြည့်ရင် ဘာတွေရှိသလဲ?။ ပျောက်ရမယ့်ဟာတွေ ရှိတယ်။ ပျက်ရမဲ့ဟာတွေ ရှိတယ်။ ဒီလိုပျောက်ရမှာ နဲ့ ပျက်ရမှာပဲရှိတယ်။ ဒီပြင် ဘာမှမရှိဘူး။ အခု မပျောက် မပျက်သေးပေမယ့် တစ်ချိန်ကျ ပျောက်မယ်၊ ပျက်မယ်။ သဘောပါကြရဲ့လား?။ အဲဒီ တစ်ချိန်ချိန်ကျ ပျောက်တဲ့၊ ပျက်တဲ့အခါကျတော့ စိုးရိမ်၊ ပူဆွေး၊ ငိုကြွေးဆိုတဲ့ သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ၊ ဥပါယာသ စတဲ့ ဒုက္ခအစု ရှောင်မရ ကွင်းမရ လက်တွေ့ခံစားကြရတော့တာပဲ။

အဲဒါမသိတဲ့သူမို့ ခံရတာမသိတဲ့သူအတွက် ဒီလိုဖြစ်တာပဲ။ အဲမသိတော့ အဝိဇ္ဇာကစပြီး ဒုက္ခအစုကြီး လည် ဦး။ ပဋိစ္စသမုပ္ပါဒ် ပွားစီးဦးတော့ပဲ။ လမ်းဆုံးမရှိတော့ဘူး။ ရိပ်မိကြပလား?။ ဒီလိုဆိုရင် တို့ဒကာတွေ ကြိုးစားကြ၊ မပွားစီးစေနဲ့ ပေါ်တဲ့နေရာက ဖြတ်ကြ၊ မပြတ်ပြတ်အောင် လုံ့လစိုက်ကြလို့ ပြောလိုက်ပါတယ်။

ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦးစို့။

**********