20216

တဏှာပွားစီး ပါယ်ခရီး, တဏှာသတ်မှ ချမ်းသာရ တရားတော်

အမြင်နှစ်မျိုး

(၁) မိဘရိုးရာ အမြင်… အဆင်းရုပ် အကောင်း, အဆိုး လောဘ, ဒေါသဖြစ်။

အသိစိတ် ကောင်း, မကောင်း ဒုက္ခစက်လည်။

(၂) အရိယာ အမြင်… အဆင်းရုပ်-ဖြစ် ပျက် နောက်က မဂ်ဖြစ်။

အသိစိတ်-ဖြစ် ပျက် ဒုက္ခစက်ပြတ်။

ဆောင်ပုဒ်

အဆင်းတည့်တည့်၊ မျက်လုံးလှည့်၊ မြင်သိ စိတ်ပေါ်လာ။

စက္ခုံပဋိစ္စ၊ ရူပေစ၊ နေတ္တဝိညာဏာ (နေတ္တ-စက္ခု မျက်စိ)

အကြောင်းဆုံမှ၊ ပေါ်လာကြ၊ မူလ မရှိပါ။

စက္ခုဝိညာဏ်၊ ဧည့်သည်မှန်၊ ဖြစ်ပြန် ပျက်မြဲသာ။

ကြောင်းကျိုး ဆက်ဆက်၊ ဖြစ်တုံပျက်၊ စဉ်ဆက်ခြောက်ဒွါရာ။

အနှစ်မရှိ၊ အကာတိ၊ မျက်လှည့်ဥပမာ။

မသိမိုက်မဲ၊ တဏှာစွဲ၊ ငါပဲ ထင်မိရှာ။

မသိ လိုချင်၊ စွဲလမ်းဝင်၊ အားအင်ထုတ်ရှာ ရခန္ဓာ။

ခန္ဓာရပြန်၊ တဏှုပါဒါန်၊ ကမ္မံ, ဇာတိလာ။

တစ်ခုဒွါရ၊ ပဋိစ္စ၊ ဒုက္ခ စက်လှည့်ကာ။

ဒွါရခြောက်ခွင်၊ သတိယှဉ်၊ ဉာဏ်မြင်ရှုကြည့်ရာ။

ဖြစ်ပျက်မြင်က၊ နောက် မဂ္ဂ၊ ဒုက္ခအပြတ်နည်းနာ။

တရားသား

တဏှာပွားစီးခြင်းနဲ့ တဏှာဖြတ်ဖို့အကြောင်း

ဒီကနေ့ တဏှာပွားစီးခြင်းနဲ့ တဏှာဖြတ်ဖို့အကြောင်းကို ပြောလိမ့်မယ်လို့ မှတ်ကြ။ ဒီဘက်က မြင်စရာ အဆင်း၊ ဒီက မျက်လုံး သူတို့နှစ်ခုတည့်ရင် မြင်စိတ်ပေါ်မယ်။ မတည့်ရင် မပေါ်နိုင်ဘူး။ မြင်စရာ အဆင်းရုပ်နဲ့ မျက်စိအကြည်ဓာတ် ရုပ်နှစ်ခု တည့်နေမှဖြစ်မယ်။ ကျောပေးနေရင် မမြင်ဘူးလို့ မှတ်ကြ။ ရှင်းပလား?။

ဒီမြင်စိတ်ကလေးဟာ အကြောင်းတိုက်ဆိုင်မှ ပေါ်လာတာ။ နဂိုက ရှိနေတာမဟုတ်ဘူး။ ရူပါရုံဆိုတဲ့ အဆင်း ရုပ်တရား စက္ခု ပလာဒဆိုတဲ့ မျက်စိအကြည်ရုပ်။ သူတို့နှစ်ခုကြောင့် သူတို့နှစ်ခုအကြောင်းပြုပြီး ပေါ်လာတဲ့ စက္ခု ဝိညာဏ် မျက်စိ အသိစိတ်ကလေးလို့ မှတ်ထားကြ။ ဒါကြောင့် ဒီစက္ခုဝိညာဏ် စိတ်ကလေးဟာ နဂိုကရှိနေတာမဟုတ်။ အကြောင်းတိုက်ဆိုင်မှ ပေါ်တာဆိုတဲ့အချက်။ ရှင်းကြရဲ့လား?။

စက္ခုဝိညာဏ်ဆိုတဲ့ ဒီမြင်စိတ်ကလေးဟာ အဆင်းရုပ်နဲ့ အကြည်ရုပ်နှစ်ခုရဲ့ နောက်မှ ပေါ်လာတာ။ ဒီတော့ ဒီမြင်စိတ်ကလေးဟာ ဧည့်သည်စိတ်ပဲလို့ သိထားကြ။ သူကလည်း သိပ်အသက်မရှည်ဘူး။ သူ့အသက်က ၁ နဲ့ ၂ ပဲ ရှည်တယ်။ တစ်ဆိုဖြစ်ပြီး၊ နှစ်ဆိုပျက်သွား ဒါပဲရှိတယ်။ ဒီတော့ ဒီဧည့်သည်မြင်စိတ်ကလေးဟာ အဖြစ်နဲ့အပျက် ဖြစ်ပျက်ပဲရှိတယ်ဆိုတဲ့ အချက်ကို မြဲမြဲစွဲစွဲ မှတ်ထားလိုက်ကြ။ သဘောပါကြရဲ့လား?။

လကွင်း (ခွက်ခွင်း)နှစ်ခု တီးသည့်ဥပမာ

ဥပမာဆိုပါတော့ လကွင်း (ရကွင်း)နှစ်ခုမှာ နဂိုက အသံရှိသလား?။ မရှိပါဘူး။ ဒါပေမဲ့ တစ်ခုနဲ့တစ်ခု တီးလိုက်တဲ့အခါမှာ အသံပေါ်လာရတယ်။ ဒီလကွင်း (ခွက်ခွင်း)နှစ်ခုမှာ နဂိုက အသံမရှိသလို ဒီမြင်စိတ်ကလေးက လည်း ရှိပြီးနေနှင့်တာ မဟုတ်သေးဘူး။ လကွင်း (ခွက်ခွင်း) နှစ်ခု တီးခတ်တဲ့အခါ အသံပေါ်လာရသလို မျက်လုံး အကြည်နဲ့ ရူပါရုံ တွေ့ဆုံတဲ့အခါမှာမှ ဒီမြင်စိတ်ကလေး ပေါ်လာတယ်လို့ မှတ်ကြ။ ရှင်းကြပလား?။

ကြည့်လို့မြင်တာဟာ မြင်စိတ်ကမြင်တာ။ မြင်စိတ်ကလေးဟာ မြင်ပြီး ချုပ်သွားတာပဲ။ မြင်တဲ့အရာဝတ္ထုက ကောင်းရင် လိုချင်တယ်ဆိုတဲ့ စိတ်ဖြစ်တယ်။ ဘာကိုလိုချင်တုံးဆိုတော့ အဆင်းကို လိုချင်တာ။ မြင်တာက တခြား၊ လိုချင်တာက တခြားပဲလို့မှတ်။ မကောင်းတာမြင်ရရင် မုန်းတယ် မုန်းတဲ့စိတ်ဖြစ်မယ်။ အဲဒီမှာလည်း မြင်တဲ့စိတ်က တခြား၊ မုန်းတဲ့စိတ်က တခြားလို့မှတ်။ ဒီအထဲမှာမြင်တာက အပြစ်မရှိ၊ မုန်းတာက အပြစ်ရှိတယ်။ လိုချင်တာက အပြစ်ရှိတယ်။ ‘ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ’ ဆိုတဲ့အတိုင်း မြင်စိတ်ကလေးဟာ ဥပေက္ခာသဘောပဲရှိတဲ့အတွက် အပြစ်မဖြစ်နိုင်ဘူးတဲ့။

မျက်လုံးတစ်ပေါက်က ပဋိစ္စသမုပ္ပါဒ်

မြင်တဲ့နေရာမှာ လိုချင်တဲ့သဘော ဝင်လာရင် လိုချင်ပြီး စွဲလမ်းရော၊ စွဲလမ်းတော့ အားထုတ်၊ အားထုတ် တော့ ရတော့တာပဲ။ ဘာကိုရသလဲ?။ ပဋိသန္ဓေကနေ ခန္ဓာရတော့တာပေါ့။ လိုချင်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ အားထုတ်တာက ကံ၊ ရရှိလာတာက ဇာတိ။ ဒီလို တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ စတဲ့ ဒုက္ခစက် ကြီး လည်သွားပါရော။ အဲဒါမြင်လုံးလေးကို မသိမ်းဆည်းနိုင်လို့ မျက်လုံးတစ်ပေါက်က ပဋိစ္စသမုပ္ပါဒ် ဖြစ်ရပုံပဲလို့ မှတ်ကြ။

မြင်တာကလေး ဘာအပြစ်ရှိတုံး?လို့ ပြောကြမယ်။ ဒါမသိလို့ ပြောတာပါ။ မြင်တာကလေးက မြင်ရုံနဲ့မပြီး လို့ ခရီးဆက်ကြရတယ်။ ဒီလိုခရီးဆက်တာ သိရတော့ ဒီခန္ဓာ သူများပေးလို့ ရထားတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် အားထုတ်လို့ ရထားတယ်ဆိုတဲ့အချက် ထင်ရှားပလား?။ ဘာလို့ အားထုတ်ရသလဲ? စွဲလမ်းလို့ အားထုတ်တာ ဘာလို့ စွဲလမ်းသလဲ? လိုချင်လို့ စွဲလမ်းတာပဲ၊ ဘာလို့ လိုချင်ရသလဲ?။ မျက်လုံးနဲ့ မြင်လို့ပဲ။ ရိပ်မိကြပလား?။

ဒီမြင်တာနဲ့ ခန္ဓာငါးပါးရလာတာ ခန္ဓာက ဒုက္ခသစ္စာ ခန္ဓာကြီးပဲ။ မမြင်ရင် ဒီဒုက္ခခန္ဓာမရ မြင်လို့ရတာ။ အဲဒါ ငြင်းဖို့မရှိတော့ဘူး။ အားထုတ်တာက မသိလို့ ဒုက္ခသစ္စာမှန်း မသိလို့ပဲ။ ဒုက္ခခန္ဓာမှန်း မသိတော့ အားထုတ် ယူ ယူတော့ရတာပေါ့။ ဒုက္ခခန္ဓာရတာဟာ ကိုယ့်ဟာကိုယ် မနောကံနဲ့ အားထုတ်လို့ အားထုတ်ထားလို့ပဲ။ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ပေးလို့မဟုတ်ဘူးလို့ မှတ်လိုက်ကြ။

လိုချင်တဲ့ တဏှာ၊ စွဲလမ်းတဲ့ ဥပါဒါန်ကို သတ်ရမယ်

ဒီလို ကိုယ့်ဟာကိုယ် အငြိမ်မနေနိုင်လို့ ရထားတာဖြစ်တော့ တို့ဒကာတွေကို ပြောလိုက်ပါတယ်။ အနာပေါက် လည်း မအော်နဲ့၊ မညည်းနဲ့လို့ ခါးနာမယ်၊ လေနာ-ရင်နာထမယ်၊ ဘာလာလာ အောင့်ပြီးသာ ခံကြလို့။ ကိုယ်က လိုချင်လို့ ရထားတာဖြစ်တော့ ခံကြတော့ပဲ။ မသိလို့ မှားမိတာဖြစ်လို့ မခံနိုင်ဘူးဆိုရင် ဘာလုပ်ကြမလဲ?။ လိုချင်တဲ့ တဏှာ၊ စွဲလမ်းတဲ့ ဥပါဒါန်ကို သတ်ရမယ်။ တဏှာနဲ့ ဥပါဒါန်ဆိုတာ အနုအရင့်သာ ကွာတာ။ နှစ်ခုလုံး လောဘ ချည်းပဲ တစ်ခုခုသတ်ရင် ကိစ္စပြီးပါတယ်။ ဒါကြောင့် မခံချင်ရင် တစ်ခုကို သေအောင်သတ်ကြ။

ခင်ဗျားတို့မြင်တာက အမြင်မှားကြီး နဂိုက အမြင်မှားကြီးဆိုတော့ ရတာကိုလည်း နှမြောပြီး မစွန့်နိုင် မစွန့်ချင်ကြဘူး။ တစ်ခါတည်း စွဲလမ်းကုတ်ကပ်ထားလိုက်တော့တာပဲ။ ရလာတာလည်း မီးခဲ၊ နှမြောတာလည်း မီးခဲ၊ မစွန့်ချင်တာလည်း မီးခဲပဲ။ မီးခဲမှန်း ဒုက္ခသစ္စာမှန်းမသိလို့ အားထုတ် အားထုတ်တော့ ရလာကြ၊ ရကြတော့ အကောင်း ကြီးထင်၊ အကောင်းထင်နေတော့ မစွန့်ချင်၊ မခွါချင် ဖြစ်နေကြတော့တာပေါ့။ ဘုရားက ဒုက္ခသစ္စာလို့ ဟောထား တယ်။ ခင်ဗျားတို့က သုခထင်းပြီး မခွဲနိုင်ကြဘူး။ မခွဲနိုင်တော့ ဘုရားက နိဗ္ဗာန်သွား။ ခင်ဗျားတို့က အပါယ်သွားကြ ရော။ အဲဒါမသိတဲ့ မိုက်ပြစ်ပဲလို့ မှတ်လိုက်ကြ။ ရိပ်မိကြပလား?။

မျက်လုံးပေါက်က သံသရာစက်လည်တာပဲ

တို့ဒကာတွေ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ?။ ဒုက္ခသစ္စာမှန်း မသိကြလို့။ မသိတော့ ဖြစ်ချင်သလိုဖြစ်ပြီး နစ်ချင်သလို နစ်ကြဖို့ပဲရှိတယ်ဆိုတာ မှတ်ထားကြ။ အဲဒါမျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ်ဖြစ်တာ ဒုက္ခစက်လည်တာ မျက်လုံးပေါက်က သံသရာစက်လည်တာပဲ။ ဒါကြောင့်…

+++စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော ဖဿပစ္စယာ ဝေဒနာ ဝေဒနာ ပစ္စယာ တဏှာ တဏှာပစ္စယာ ဥပါဒါနံ ဥပါဒါနပစ္စယာ ကမ္မဘဝေါ။

လို့ ဥပရိပဏ္ဏာသပါဠိတော်မှာ ဟောတော်မူတယ်လို့ မှတ်ရမယ်။

အဓိပ္ပာယ်က ‘မျက်လုံးရုပ်၊ အဆင်းရုပ်’ နှစ်ခုကိုစွဲကာ အသိစိတ်ဖြစ်ပေါ်လာရတယ်။ ဒီသုံးခုပေါင်းဆုံမှုကြောင့် ဖဿ၊ ဖဿကြောင့် ဝေဒနာ၊ ဝေဒနာကြောင့် တဏှာ၊ တဏှာကြောင့် ဥပါဒါန်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ စသည် ဖြစ်လာရတယ်’လို့ ဆိုလိုတယ်။

ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး

အဲဒီ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီးဟာ ဖြစ်ပျက် ဖြစ်ပျက်ဆိုပြီး အမြဲတမ်း လှည့်နေတာပဲရှိတယ်။ နားဖွင့်လည်း ဒီလိုလာတာပဲ၊ နှာခေါင်းဖွင့်၊ လျှာဖွင့်၊ ကိုယ်ဖွင့်၊ စိတ်မနောဖွင့်၊ ဖွင့်ချင်ရာဖွင့် မသိဘဲနဲ့ ရမ်းပြီးဖွင့်လေသမျှ ဒီဒုက္ခ စက်က မလွတ်နိုင်ကြဘူး။ တစ်ဒုက္ခပြီး တစ်ဒုက္ခ ဖြစ်ပျက်ဒုက္ခတွေပဲ လာနေမှာပဲ။ ခင်ဗျားတို့တစ်တွေက ဒီဒုက္ခတွေ ဒီအသေတွေကိုပဲ အသေတွေမှန်း ဒုက္ခတွေမှန်း မသိကြတော့ အလွန်ဆိုးဝါးနေတာပေါ့။ ဒီလို တစ်ခုပြီးတစ်ခု ဆက်ဆက် သေလိုက်နေတဲ့ ဒုက္ခသက်သက်ပဲ ရှိတယ်ဆိုတာ မှတ်လိုက်ကြ။ ရှင်းကြပလား?။

ခင်ဗျားတို့တစ်တွေက ဒီဒုက္ခသက်သက်၊ အသေခန္ဓာကိုပဲ ရွှေ, ငွေလုပ် သုံးချင်ကြသေးတယ်။ ရူးချက်များ ဘယ်လောက်သန်သလဲဆိုတာ စဉ်းစားကြ။ မမာ မချာ နေထိုင်မကောင်း ဖြစ်ပလားဆိုရင် သူများတွေက မေးကြ၊ မြန်းကြတဲ့အခါ ‘အို… မပြောချင်ပါဘူး၊ နေကောင်းလှတယ်လို့ကို မဆိုနိုင်ဘူး။ ရောဂါက တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဆိုသလို ဖြစ်နေတာပါပဲ’တဲ့။ အမှန်က မနေ့ကသေခါနီး ဒီနေ့အသေပဲရှိတယ်။ အမှန်ပြော သစ္စာပြော ပြောရင် အို… မနေ့က သေခါနီး ဒီနေ့မှာ အသေပါပဲလို့ ပြောရမယ်။ အဲဒါ တို့ဒကာတွေက ရွှေငွေလုပ်ပြီး သုံးနေကြတယ်။ ရိပ်မိပလား?။

မနေ့က သေခါနီးနဲ့ ဒီနေ့ အသေပဲရှိတာကို ရွှေငွေလုပ်ပြီး လူလာတိုင်း ဧည့်ခံနေတာ တော်ရောလား?။ နောက်ကို သေခါနီးနဲ့ သေတာပဲရှိတယ်လို့ ပြောကြ။ ရွှေငွေ လုပ်မနေကြနဲ့။ သူတကာက မေးရင် သစ္စာထိုက်အောင် ပြောကြပါလို့ သတိပေးလိုက်တယ်။ နောက်ကို သေခါနီးနဲ့ သေတာပဲ သေချာပါတယ်လို့ ပြောကြ။ ရှင်းကြပလား?။ ဒီတော့ မျက်လုံးကို မသိဘဲနဲ့ ရမ်းဖွင့်လိုက်တဲ့အပြစ် ဘယ်လောက်ကြီးတယ်ဆိုတာ ထင်ရှားသွားပြီ။

မျက်လုံးဖွင့်နည်းကို ပြင်ကြရမယ်

ဒါကြောင့် တို့ဒကာတွေ မျက်လုံးဖွင့်နည်းကို ပြင်ကြရမယ်။ မိဘရိုးရာ မျက်လုံးကို ပြင်ကြလို့ ပြောလိုက်ပါ တယ်။ မိဘရိုးရာ မျက်လုံးပြင်ပြီး အရိယာရိုးရာ မျက်လုံး ပြောင်းလိုက်ကြ။ မပြောင်းလို့ မဖြစ်တော့ဘူး။ မိဘရိုးရာ မျက်လုံးက ဇာတိလမ်းဖြစ်နေတယ်။ ဇာတိလမ်းဆိုတာ အဖြစ်လမ်း၊ ဒုက္ခအပွားလမ်းပဲ။ ဒါကြောင့် အဇာတိလမ်း ပြောင်းမှ ဖြစ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ။ ခင်ဗျားတို့တစ်တွေ သံသရာခရီးသွားနေတာ အဝိုင်းသွား သွားနေ ကြတာ ဖြတ်လမ်းမပါဘူး။ အဇာတိလမ်းပြောင်းမှ ခရီးဆုံးကြမယ်။ ခရီးဆုံးရင် နောက်ခရီးမလာဘူး။ ဒုက္ခစက်ခရီး လမ်း ပြတ်ပြီလို့ မှတ်ကြ။

အဇာတိလမ်းရောက်အောင် မိဘရိုးရာ မျက်လုံးဖြုတ်ကြ။ အရိယာမျက်လုံး ပြောင်းတပ်ကြရမယ်။ ပြောင်းနည်း က မြင်ရင် အဆင်းသိတဲ့စိတ်လာမယ်။ အဲဒီအခါမှာ ပထမမြင်တဲ့အဆင်း မရှိဘူးလို့ သိလိုက်ရမယ်။ ဝါ အဆင်းဖြစ်ပျက်၊ မြင်စိတ်ဖြစ်ပျက်လို့ သိလိုက်ကြရမယ်။ ဖြစ်ပျက်က အနိစ္စ-သိ၊ ဒါက မဂ္ဂ။ အဲဒီတော့ အနာဂတ်အကျိုးတွေ မလာတော့ ဘူး။ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ စတဲ့ အနာဂတ်အကျိုးတွေ မဆက်နိုင်တော့ဘူး။ အဲဒီလိုပေါ်လာတဲ့စိတ် တစ်ခုခု ပေါ်မှာ မိအောင်ရှုရမယ်။ ရှေ့က ဖြစ်ပျက်၊ နောက်က မဂ်၊ ဆက်တိုက် လာအောင် ကြိုးစားအားထုတ်ကြရမယ်။ သဘောပါကြပလား?။

အကျိုးရှိအောင် မျက်လုံးဖွင့်မယ်

တို့ဒကာတွေ ဒါသိရရင် ဒီကရှေ့ အကျိုးရှိအောင် မျက်လုံးဖွင့်မယ်လို့ စိတ်ကူးကြ။ အဲဒါ သတ္ထက သမ္ပဇဉ် ခေါ်တယ်။ မသိတတ်လို့ သိတတ်အောင် ညွှန်ပြတဲ့ပုဂ္ဂိုလ်က ညွှန်ပြပြီးပြီ။ ဒါမှ မဖွင့်တတ်ကြဘူးဆိုရင် ဘယ့်နှယ် ပြောမလဲ?။ ကလေးများ အသွားသင်ခါစ သွားတတ်အောင် ‘သွားတတ်ပေ့ သွားတတ်ပေ့’နဲ့ လုပ်ပေးရသလို တို့ဒကာ တွေကိုလည်း ‘ဖွင့်တတ်ပေ့ ဖွင့်တတ်ပေ့’လို့များ လုပ်ပေးရဦးမှာလားလို့ မေးလိုက်ပါတယ်။ သဘောပါကြရဲ့လား?။

ဒီနေရာမှာ မဇ္ဈိမပဏ္ဏံာသ ပါဠိတောမှာလာတဲ့ မာဂဏ္ဍိယပရိဗိုလ်အကြောင်းကို ပြောရမယ်။ မြတ်စွာဘုရား သခင် ကုရုတိုင်းမှာ သီတင်းသုံးနေတဲ့အခါ ဖြစ်တယ်။ အဲဒီအခါမှာ ဘုရားရှင်က ဘာရဒွါဇပုဏ္ဏားအိမ် မပြတ်-မပြတ် ကြွတော်မူလေ့ရှိတယ်။ ဘာရဒွါဇ ပုဏ္ဏားကလည်း ဘုရားရှင် ကြွလာတဲ့အခါ သီတင်းသုံးတော်မူဖို့ဆိုပြီး စိမ်း လန်းအေးမြတဲ့ မြက်ခင်းကလေးတစ်ခု လုပ်ထားလေ့ ရှိတယ်တဲ့။

ဘာရဒွါဇပုဏ္ဏား

ဘုရားရှင်ကလည်း နှစ်ရက်၊ သုံးရက်ဆိုသလို ဘာရဒွါဇပုဏ္ဏားအိမ် ကြွကြွလာပြီး ဒီမြက်ခင်းကလေးပေါ်မှာ သီတင်းသုံး နေထိုင်တော်မူတယ်။ ဒါနဲ့ တစ်နေ့တော့ ဘာရဒွါဇနဲ့ ခင်မင်ဟောင်းဖြစ်တဲ့ မာဂဏ္ဍီယ ပရဗိုဇ်ဟာ ခရီး ကြုံတာနဲ့ ဘာရဒွါဇအိမ်ကို ဝင်ရောက်လာတယ်တဲ့။ ဝင်လာတယ်ဆိုရင်ပဲ ခုနပြောတဲ့ မြက်ခင်းကလေးမြင်တော့ ဒီလိုကောင်းမြတ်တဲ့ အခင်းကလေးကို ဘယ်သူထိုင်ဖို့ လုပ်ထားသလဲ?။ စသည်အားဖြင့် မေးမြန်းတယ်။

ဒီတော့ ဘာရဒွါဇပုဏ္ဏားက အရှင်ဂေါတမဘုရားရှင် ထိုင်ဖို့ဆိုတဲ့အကြောင်းနဲ့ ပြန်ပြောတော့ မာဂဏ္ဍိက ‘အရှင်ဂေါတမ’ဆိုတဲ့အသံ မကြားချင်ဘူးတဲ့။ ဘာလို့လဲဆိုတော့ သူ့စိတ်ထဲမှာ အရှင်ဂေါတမဟာ ဆွေပြတ်-မျိုးပြတ် ပုဂ္ဂိုလ်တစ်ဦးပဲလို့ အောက်မေ့ထားလို့ပဲတဲ့။ အခုနေမှာ မကြားချင်တာ ကြားရ၊ မမြင်ချင်တာ မြင်ရပြီလို့ဆိုပြီး ကျုပ် စိတ်မှာ ဂေါတမဆိုတဲ့အသံ မကြားချင်ပါဘူးဆိုတဲ့အကြောင်းနဲ့ ဘာရဒွါဇကို ပြောတယ်တဲ့။ ဘာကြောင့်တုံးဆိုတော့ သူတို့ကျမ်းစာမှာ ဒီအတိုင်းလာရှိတယ်။ ဒီလိုပုဂ္ဂိုလ်ဟာ ဆွေပြတ်မျိုးပြတ်ပဲလို့ ကျမ်းစာက ဒီအတိုင်းဆိုထားလို့ပဲလို့ ပြန်ပြောတယ်။

တို့ဒကာတွေ ဒီနေရာမှာ စဉ်းစားဖို့ကောင်းတယ်။ ခန္ဓာဖြစ်စဉ်ကို စာအုပ်နဲ့ မှတ်တမ်းလုပ်ထားရတယ်။ ခန္ဓာဖြစ်စဉ် အတိအကျကို စာအုပ်မှာ ရှာလို့မရနိုင်ဘူး။ ခန္ဓာဖြစ်စဉ် အမှန်သိချင်ရင် ခန္ဓာမှာ ရှာမှ တွေ့နိုင်မယ်ဆိုတဲ့ အချက်ပဲ။ ဒီတော့ စာမှာ ဘယ်လိုရှိတယ်၊ စာက ဘယ်လိုဆိုတာလားဆိုပြီး စာနဲ့ငြင်းရင် အမှားချည်းပဲ။ မငြင်းကြနဲ့။ ရှင်းချင်ရင် ခန္ဓာမေးကြည့်။ ခန္ဓာက အမှန်ပြောလိမ့်မယ်။ ရှင်းကြပလား?။

ခန္ဓာအရှိကြည့်မှ တဏှာသေမယ်

ခန္ဓာအရှိကြည့်မှ တဏှာသေမယ်။ စာအရှိကြည့်လို့ တဏှာမသေဘူး။ စာက ဒီလိုဆိုတယ်။ စာနဲ့မညီဘူးဆိုပြီး စာအရှိနဲ့ ငြင်းကြခုံကြ၊ နောက် မမှန်တာချင်း ထသတ်ကြ အဲဒီလိုမဖြစ်ကြစေနဲ့လို့ သတိပေးလိုက်ပါတယ်။ စာမှာ တကယ်အဖြစ်မရှိ ခန္ဓာမှာသာ တကယ်အဖြစ်ရှိတာ။ ဒါကြောင့် အရှင်သာရိပုတ္တရာမထေရ်က ‘ကာယမိမံ သမ္မသထ’ လို့ ဟောခဲ့တာပဲ။ သဘောပါကြပလား?။

ဒါနဲ့ ဝတ္ထုစကား ဆက်ရမယ်။ ဘာရဒွါဇက မာဂဏ္ဍီကို ဒီလိုမပြောဖို့၊ ဒီလိုမဆိုဖို့အကြောင်းနဲ့ တောင်းပန် တယ်တဲ့။ ဒီအရှင်ဂေါတမကို ဘယ်လောက်ပဲ ဂုဏ်ခံနေကြပေမယ့် ဘယ်သူဖြစ်ဖြစ် နောက်ဆုံး သူ့တပည့် ဖြစ်ရတာ ချည်းပဲ။ သူ့ထံမှာ ကျွတ်တန်းဝင်ရတာချည်းပဲလို့ ပြောတယ်။ ပြောပေမယ့် မရဘူးတဲ့။ မာဂဏ္ဍီပရဗိုဇ်က တဏှာပြော ကြောင်း၊ တဏှာပွားစီးကြောင်းသာ လုပ်ရမယ်လို့ စာဆိုရှိတယ်။ ကျမ်းစာက ဒီအတိုင်းပဲဆိုတယ်ဆိုပြီး စာဆိုအရှိကိုသာ ဇွတ်ပြောနေတယ်တဲ့။ နောက်ပြီး ဒီအသံကြားရ၊ မြင်ရ မင်္ဂလာမရှိတဲ့နေ့ပဲလို့ စာအကိုးအကားနဲ့ ထပ်ပြီး ဇွတ်ပြောနေ ပြန်တယ်တဲ့။

မာဂဏ္ဍီကျွတ်တန်းဝင်နိုင်ဖို့

အဲဒီအချိန်မှာ ဘုရားရှင်ကလည်း သူတို့နှစ်ဦး ပြောကြ၊ ဆိုကြတဲ့ စကားအားလုံးကို ဒိဗ္ဗသောတအဘိညာဉ် နဲ့ အကုန်ကြားသိတော်မူတယ်။ ရွှေဉာဏ်တော်နဲ့ ကြည့်ရှုဆင်ခြင်တဲ့အခါ မာဂဏ္ဍီကျွတ်တန်းဝင်နိုင်ဖို့ကိုလည်း မြင်တော် မူတယ်။ ဒါနဲ့ ဘုရားရှင်က ရုတ်တရက်ချင်းဆိုသလို သူတို့နှစ်ဦး စကားပြောနေကြတဲ့ နေရာကို ကြွလာပြီး မြက်ခင်း ကလေးပေါ် ထိုင်နေတော်မူလိုက်တယ်။

ဘုရားရှင်က ရောက်မဆိုက်ဆိုသလို ဘာရဒွါဇကို မေးလိုက်တယ်တဲ့။ ‘အခုတင်က မာဂဏ္ဍီနဲ့ အသင်တို့ဟာ ဒီမြက်ခင်းနဲ့ပတ်သက်ပြီး ပြောဆိုငြင်းခုံနေကြတယ် မဟုတ်လား?’ ဒီလိုမေးလိုက်တော့ တို့ပြောတဲ့အကြောင်းတွေ ဘုရားရှင် သိသွားကုန်ပေါ့ကိုးလို့ဆိုပြီး အထိတ်တလန့်ဖြစ်ပြီး ကြက်သီးမွေးညှင်းထသွားရှာတယ်တဲ့။ ဒါပေမဲ့ မာဂဏ္ဍီ ကတော့ မသိယောင်လိုလုပ်ပြီး နေလိုက်တယ်တဲ့။ အဲဒါနဲ့ ဘုရားရှင်ကလည်း မာဂဏ္ဍီဘက် လှည့်ပြီး ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်တရားကို ဟောကြားတော်မူတယ်။

+++”စက္ခုံ ခေါ မာဂဏ္ဍီယ, ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ တံ တထာဂတဿ ဒန္တံ ဂုတ္တံ ရက္ခိတံ သံဝုတံ၊ တဿစ သံဝရာယ ဓမ္မံ ဒေသေမီတိ”။

ပဋိစ္စသမုပ္ပါဒ် တရားမျက်လုံးပေါက်က စဖြစ်ပေါ်လာပုံအစဉ်ကို ဟောပြလိုက်တယ်။ ‘ဒါတွေကို ငါက လုံအောင်၊ စောင့်ရှောက်တယ်။ ဒီအကြောင်းကိုပဲ ပြောဟောဆုံးမတယ်’လို့ မိန့်ကြားတော်မူလိုက်တယ်။ နောက်ဆက်ပြီး ‘ငါက မြင်ရင် မြင်တာ ဖြစ်ပျက်ရှုတယ်၊ ရှုတော့ ဇာတိ, ဇရာ, မရဏ မပွားဘူး။ ငါက ဇာတိ, ဇရာ, မရဏ မပွားအောင် လုပ်နေတာ။ မင်းက ပွားအောင် လုပ်နေတာပဲ။ ငါက ဒုက္ခချုပ်အောင် သံသရာခရီးဆုံးအောင် လုပ်တာ။ မင်းက မဆုံးအောင် လုပ်နေတာပဲ’လို့ ဟောတော်မူတယ် ရှင်းကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦးစို့။

**********