အမြင်မှန်မှ နိဗ္ဗာန်ရ တရားတော်
အမြင်နှစ်မျိုး
(၁) ခန္ဓာပေါ်မှာ အမှန်မြင်လျှင် သမ္မာဒိဋ္ဌိ၊ နိဗ္ဗာန်သွားမည်။
ဆောင်ပုဒ်
အမှားမြင်လျှင်၊ ခန္ဓာခွင်၊ မြဲဖြင် ရစ်ကာဝဲ။
တဏှုပါဒန်၊ ကမ်သုံးတန်၊ တရံ ဖြစ်မစဲ။
မာန တဏှာ၊ ဒိဋ္ဌိလာ၊ ပါယ်ရွာ ဇာတိမြဲ။
ကျောက်ခဲရေကြ၊ ပမာန၊ လုံးဝအောက်ချိုးစွဲ။
ဖြစ်ပျက် ရုပ်နာမ်၊ အမြင်မှန်၊ ဧကန်ရဖို့ခဲ။
အမှန်မြင်လာ၊ တဏှာကွာ၊ ဥပါကမ်ချုပ်စဲ။
တဏှာမာန၊ ဒိဋ္ဌိပ၊ လုံးဝ လွတ်လပ်မြဲ။
တရားသား
အမှန်မြင်နဲ့ အမှားမြင်
ဒီကနေ့ ခန္ဓာပေါ်မှာ မြင်တဲ့ အမြင်နှစ်မျိုးရှိတယ်လို့ မှတ်ကြ။ အမှန်မြင်နဲ့ အမှားမြင်တဲ့။ ခန္ဓာပေါ်မှာ အမှန်မြင်ရင် နိဗ္ဗာန်သွားမယ်။ ခန္ဓာပေါ်မှာ အမှားမြင်ရင် အပါယ်သွားမယ်လို့ မှတ်ထားကြ။ တို့ဒကာတွေ သံသရာ မှာ အမေမှား၊ အဖေမှား၊ ဆရာမှား မှားခဲ့ကြလို့ အမြင်မှန်မရခဲ့ကြဘူး။ တောက်လျှောက် အကနု်မှားခဲ့ကြတယ်။ မှားတော့ အမြင်မှန်မရကြ။ မရကြတော့ တစ်သံသရာလုံး ဒုက္ခရောက်လာခဲ့ကြရတယ်။
ဒါကြောင့် အခုအခါမှာဖြင့် ဆရာကောင်းနဲ့ ကြုံတုန်း အမြင်မှန်အောင် ကြိုးစားယူကြလို့ ပြောလိုက်ပါတယ်။ အမှန်အစစ်က ခန္ဓာဟာ ကိုးစားရာ အားထားရာ မဟုတ်ဘူး။ ကိုးစားရာ အားထားရာ ငါ့ကိုယ်၊ ငါ့ဟာထင်နေရင် အပါယ်သွားရဖို့ပဲ ရှိတယ်လို့ မှတ်ကြ။ အဲဒီလိုထင်နေတာ ဘယ်သူ့လက်ချက်လို့ ထင်သလဲ?။ မိစ္ဆာဒိဋ္ဌိလက်ချက်ပဲ။ ‘မိစ္ဆာပဿတီတိဒိဋ္ဌိ’ဆိုတဲ့အတိုင်း သူ့မူလ ပင်ကိုသဘာဝ အမှန်မမြင်ဘဲ အမှားမြင်နေလို့ အမြင်မှားနေအောင် လုပ်ထားလို့ပဲ မှတ်ကြ။
ပင်ကိုသဘာဝ အရှိအမှန်ကို သိမြင်ရင် သမ္မာဒိဋ္ဌိ
ခန္ဓာရဲ့ ပင်ကိုသဘာဝ အရှိအမှန်ကို သိမြင်ရင် သမ္မာဒိဋ္ဌိပဲ။ တို့ဒကာတွေမှာ သဘာဝကိုက မိစ္ဆာဒိဋ္ဌိရှိပြီး နေကြတာ။ ဒါကို ဘုရားသာသနာ ကြုံတုန်းမှ မခွါနိုင်ရင် ကွာနိုင်ဖို့ လမ်းမမြင်တော့ဘူး။ ဒါမကွာရင် အပါယ်လေးပါးစာ၊ အပါယ်သံသရာဟာ ကိုယ့်အိုးအိမ်ပဲ မှတ်ထားကြ။ ရိပ်မိကြပလား?။ ဒါကြောင့် အပါယ်စာက လွတ်အောင် ခန္ဓာအရှိကို အမှန်သိမြင်အောင် လုပ်ကြရမယ်။
ခန္ဓာမှာ အမှန်ရှိက ရုပ်နာမ်အဖြစ်နဲ့ အပျက်ပဲရှိတယ်။ ဒီအမှန်အရှိ ရုပ်နာမ်ဖြစ်ပျက်ကို မြင်မှ အမြင်မှန် ရောက်မယ်။ ဒီအဖြစ်အပျက် မမြင်ရင် တဏှာ၊ မာန၊ ဒိဋ္ဌိ မကွာနိုင်ဘူး။ မကွာတော့ ခန္ဓာကို ငါ့ကိုယ်ငါ၊ ငါ့ဥစ္စာ လုပ်နေတော့တာပေါ့။ ငါ့ကို၊ ငါ၊ ငါ့ဥစ္စာ မဟုတ်လို့သာ ဖြစ်ပြီးပျက်နေတာပဲလို့ မြင်ရင် အမှန်မြင်ကြပြီ။ အဲဒီလိုမြင် ရင် တိဟိတ်လို့ မှတ်လိုက်ကြ။ သဘောပါကြပလား?။ အပျက်မြင်တိုင်း ငါ့ကိုယ်၊ ငါ၊ ငါ့ဥစ္စာမဟုတ်ဘူးလို့ ဆုံးဖြတ် ချက်ချကြ။
ဒါကြောင့် ခန္ဓာငါးပါးကို သမ္မာဒိဋ္ဌိအမြင် အမှန်မြင်နဲ့ ကြည့်ရမယ်။ ကြည့်တော့ တစ်ပါးပါးပျက်သွားတာကို မြင်ရမယ်။ မြင်ရင် တဏှာမာန၊ ဒိဋ္ဌိကွာရော။ မြင်ရင် တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်ကုန်ရော။ အဖြစ်အပျက် မမြင်ရင် မိစ္ဆာဒိဋ္ဌိ အမြင်ဖြစ်မယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိပွားမယ်။ အဲဒါ အပါယ်သွားဖို့ရာ လမ်းဖြောင့်ပြီလို့ မှတ်လိုက်ကြ။
အဖြစ်အပျက်မြင်ရင် နောက်ခန္ဓာအတွက် မလာဘူး။ တဏှာဥပါဒါန် ကမ္မဘဝချုပ်တယ်။ မမြင်တော့ တဏှာ ဥပါဒါန် ကမ္မဘဝဆက်လာ, နောက်ခန္ဓာအတွက် ရကြ။ အဲဒါ အခုဘဝ အမှားမြင်တဲ့သူအတွက် မှားပြစ် သုံးခုရလိုက် တာပဲ။ ဒီမှားပြစ်သုံးခုရတော့ နောက်ဇာတိ ဇရာ မရဏ စတဲ့ မှားပြစ်တွေ တစ်သီတန်းကြီး ဆက်တိုက်ရပြီလို့မှတ်။ ဒီမှားပြစ်တွေနဲ့ သံသရာ ဒုက္ခအစု ပြန်လှည့်ခံကြတော့ပဲ။ ရိပ်မိကြပလား?။
မိစ္ဆာဒိဋ္ဌိကို လက်မခံကြနဲ့
မိစ္ဆာဒိဋ္ဌိကို လက်မခံကြနဲ့။ မိစ္ဆာဒိဋ္ဌိ ခန္ဓာမှာ ဝဲနေရင် အဲဒီမှားကြောင်း သုံးခု အမြဲလိုက်နေမယ်လို့ မှတ်ကြ။ မှားကြောင်းသုံးခုနဲ့ သေရင် အပါယ်ဇာတိ အပါယ်ဇရာ မရဏ စတဲ့ မကောင်းတာရှိသမျှ အကုန်လာမယ်။ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝဆိုတဲ့ နောက် အပါယ်ဇာတိ၊ ဇရာ၊ မရဏတွေပဲ ရစရာရှိတယ်။ ဒီပြင် ဘာမှမရှိတော့ဘူး။ ဒါဟာ သူများအပြော မဟုတ်ပါဘူး။ ကမ္ဘာ့နိယာမ ဓမ္မသဘာဝအတိုင်း အမြဲတည်ရှိနေတဲ့ သဘောမှန်တရားကြီးပဲ။ ဒီကမ္ဘာ့ နိယာမ ဖြစ်မြဲတရားမို့ ဘုရားကလည်း ထုတ်ဖော်ဟောပြောလို့လည်း သိကြရတာလို့ မှတ်ကြ။
ဒီတရားဟာ ကမ္ဘာ့နိယာမဓမ္မနိယာမ သူ့သဘာဝအတိုင်း အဖြစ်မြဲတရား ဒီတရားကို ဘုရားတစ်ဆူတစ်ဆူ ပွင့်မှ ဟောပြလို့ သိကြရတာ။
ဘုရားနဲ့ မကြုံတဲ့အခါမျိုးမှာ သတ္တဝါတွေဟာ အမှောင်ထု လျှောက်နေကြတာပဲရှိတယ်။ ဘုရားပွင့်တော်မူ တာဟာ သတ္တဝါတွေကို သမ္မာဒိဋ္ဌိ ဖြစ်စေချင်လွန်းလို့ အလင်းရောင် ရပါစေတော့ဆိုပြီး ပွင့်တော်မူလာတာ။ ကမ္ဘာ့ နိယာမတရားဆိုတာ ဘုရားက ဟောဟော၊ မဟောဟော သူ့သဘောအတိုင်း သူဆောင်ရွက်သွားမှာပဲ။ ဒါကိုမြင်လို့ ဘုရားက ခင်ဗျားတို့ကို အင်မတန်သနားလို့ ကယ်ချွတ်ပေးဖို့ ပွင့်လာရတာ။ ရှင်းပလား?။
နိယာမ အမှားတွေ ခုပြင်ကြ
ဒါကိုမှ မလိုက်နာချင်သေးရင် မှောက်ချင်တိုင်း မှောက်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ခန္ဓာက သေချာတာ မဟုတ်ဘူး။ နက်ဖြန် သဘက် သေချင်ရင် သေနိုင်တယ်။ အခုတောင် စိတ်မချရပါဘူး။ နိယာမ အမှားတွေ ခုပြင်ကြ။ အခုမှမပြင်ကြရင် လှလှကြီး ဒုက္ခတွေ့နိုင်တယ်။ နည်းမှန်လမ်းမှန် ပြတတ်တဲ့ ဆရာ၊ ပြမယ့်ဆရာကလည်း အလွန် ရှားတယ်။ ပြင်ချိန်ကလည်း သိပ်မရှိတော့ဘူး။ ဒါကြောင့် အခွင့်ရတုံး အခုပြင်ကြလို့ ပြောလိုက်ပါတယ်။ ဒီထက် ကောင်းတဲ့အချိန် မရှိတော့ဘူး။ အခုဟာ အကောင်းဆုံးအချိန်ပဲလို့ ဆုံးဖြတ်ချက်ချ။
ဒီနေ့တော့ ဘာကြောင့်မို့ နေပါဦး၊ နက်ဖြန်တော့ လုပ်မယ်၊ နက်ဖြန်ခါမှ လုပ်ပါရစေ၊ ဘယ်နေ့ကျမှ လုပ် မယ်နဲ့ ရက်ရွှေ့၊ အချိန်ရွှေ့၊ ရွှေ့တတ်ကြတယ်။ အဲဒီအချိန်ရွှေ့၊ ရက်ရွှေ့နေတာ သဿတဒိဋ္ဌိပဲ။ သဿတဒိဋ္ဌိ အစွဲ ရှိလို့ မသေသေဘူးထင်လို့ မသေနိုင်သေးဘူး အောက်မေ့လို့ပြောတာပဲ။ ပေါ့တယ်များ မမှတ်လိုက်ကြနဲ့ အဲဒါ ရိုးရိုးရူး မဟုတ်ဘူး။ အလွန်ရူးတဲ့ အရူးပဲလို့ မှတ်လိုက်ကြ။ ရိပ်မိကြပလား?။
တို့ဒကာတွေ ဇာတိဒုက္ခကြီး ကိုယ်ပိုင်ရလာကြမှတော့ ဇရာ၊ မရဏ-အို,သေ ဒုက္ခက လွှဲဖယ်လို့ မရတော့ဘူး။ သစ်ပင်ကိုင်းပြီး ပေါက်လာတဲ့ ဥပမာလိုပဲလို့ မှတ်ကြ။ တစ်ဖက်ဖက်ကိုင်းပြီး ပေါက်လာတဲ့ သစ်ပင်ဟာ လဲရင် အဲဒီ ကိုင်းတဲ့ဘက် လဲရဖို့ပဲ ရှိသလို ခင်ဗျားတို့တစ်တွေလည်း မွေးလာတယ်ဆိုကတည်းက သေမယ့်ဘက် ကိုင်းလာတာ။ ထောင်ထောင်ရောင်ရောင် မဟုတ်ပါဘူး။ သုသာန်ဘက် ကိုင်းလာကြတာပဲ။ ရိပ်မိကြပလား?။ ဒီတော့ လဲချင်းလဲရင် အသေပဲရှိတယ်။ ဒါနဲ့ အချိန်ရွှေ့ကြဦးမလား?။
နောက်ထပ် အချိန်မရွှေ့ကြနဲ့တော့
နောက်ထပ် အချိန်မရွှေ့ကြနဲ့တော့။ ရွှေ့စရာ အချိန်မရှိတော့ဘူး။ အခုလား?၊ တော်တော်နေလား?ဆိုတာ ဘယ်သူမှ မသိဘူး။ သဘောပါကြရဲ့လား?။ မျက်စိမှုန်လာပြီ၊ သွားကျိုးလာပြီ၊ နားထိုင်းလာပြီဆိုတာ အသေဘက် ကိုင်းလာတာ။ တောင်ဝှေးထောက်တာဟာ သိသိသာသာ ကိုင်းလာတာ မြေထဲဝင်တော့မှာတဲ့။ ခန္ဓာက ပြောသလိုပါ ပဲ။ ဒါကြောင့် အခုအချိန်ကလေးဟာ အကောင်းဆုံးအချိန်ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။
အခုအနေမှာ ဘာမှမလုပ်မိရင် ခင်ဗျားတို့တစ်တွေ လူ့ဘဝတောင်းတာဟာ မြေကြီး ကြီးပွားရေးတောင်းသလို ရှိမှာပဲ။ အမှတ်တမဲ့နေ၊ အမှတ်တမဲ့ သေသွားကြရင် မြေကြီး ကြီးပွားရေးတောင်းတယ်။ ဒီပြင် ဘာမှမရှိနိုင်ဘူး။ လူဖြစ်လာတဲ့ဘဝမှာ ကိုယ့်အကျိုး ကိုယ့်စီးပွားဆိုလို့ ဘာမှမလုပ်ရသေးဘူး။ ဘာမှမရှိကြသေးပါဘူး။ တို့ဒကာတွေ စုမိ၊ ဆောင်းမိတဲ့ စီးပွားရေးက မြေကြီး ကြီးပွားရေးနဲ့ အပါယ်စီးပွားရေးပဲလို့ ဆိုရမယ်။
ဘာကြောင့်လဲ?။ မျက်လုံးကလေး တစ်ခါဖွင့်လိုက်တာနဲ့ တဏှာရယ်၊ ဥပါဒါန်ရယ်၊ ကမ္မာဝဲရယ်၊ နားတံခါး ဖွင့်တိုင်း တဏှာ၊ ဥပါဒါန်၊ ကံ၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တစ်ခုခုဖွင့်တိုင်းဖွင့်တိုင်း တဏှာ၊ ဥပါဒါန်၊ ကံ ဒါတွေပဲ လာနေတာ။ တစ်ခါတွင် ဒီသုံးခု သိမ်းပိုက်လိုက်၊ တစ်ခါလာ ဒီသုံးခုပဲ ရထားလိုက်။ တစ်နေ့မှာဆိုရင် အကြိမ်ပေါင်း၊ အခါပေါင်း မရေမတွက်နိုင်အောင် သိမ်းပိုက်တယ်၊ ကိုယ်ပိုင်ရတယ်၊ ဒီတော့ ကယ်သူဆယ်သူဖြင့် ငေးပြီလို့ မှတ်ကြ တော့။
မဂ်ကိုရမှပဲ ကျေနိုင်မယ်
ဒီဟာတွေ ကျေအောင်ဆပ်ဖို့ မဂ်ကိုရမှပဲ ကျေနိုင်မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ဒါကြောင့် အခုမဂ်ရအောင် လုပ်ဖို့ အခု ထပြီးလုပ်မှပဲ ဖြစ်တော့မယ်ဆိုတာ ထင်ရှားပလား?။
မူမပြောင်းဘဲ ဒီအတိုင်းသာ သွားကြရင်၊ သံသရာစခန်းသပ်စရာ မမြင်တော့ဘူး။ ဂရုစိုက်ကြ ပေါ့ပေါ့တန်တန် နဲ့ ခပ်ပေပေပဲ နေကြမယ်ဆိုရင် ကျောက်ခဲရေကျ ‘ပလပ်’ဆိုတာနဲ့ တစ်ချက်တည်းပေါ်ဖို့ လမ်းမရှိတော့ဘူး။ တို့ဒကာ တွေရဲ့ လက်ကိုင်က ပရိယာယ်၊ ဆင်ခြေ၊ ဆင်လက်တွေ များတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် သနားရင် ပရိယာယ် တွေ ဆင်ခြေတွေ လုပ်မနေကြနဲ့တော့ ကိုယ့်ကိုယ်ကိုယ် သနားကြဦး။ ဆင်ခြေဟာ ကိုယ့်ကိုယ်ကိုယ် ရင်ဝ လှံနဲ့ထိုးတာ ထက် ဆိုးသေးတယ်လို့ မှတ်ကြ။ ရိပ်မိကြပလား?။
ကိုယ့်ကိုယ်ကိုယ်မှ မသနားတဲ့သူဆိုရင် အရူးမို့ပဲ။ ဆိုထိုက် မဆိုထိုက် အလေးအနက် စဉ်းစားကြ။
ဒီတော့ တို့ဒကာတွေ ဘာလုပ်ကြမလဲ?။ မိမိခန္ဓာမှာ သတိကပ်ပြီး ဉာဏ်နဲ့စိုက်ကြည့်။ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကိုကြည့်။ ကြည့်ရင် ဖြစ်လာတာလည်း မြင်ရမယ်။ ပျက်သွားတာလည်း မြင်ရမယ်။ ဘာစိတ်ပေါ်ပေါ် ပေါ်ချင်တာ ပေါ် ပေါ်သမျှ မလွတ်အောင်ကြည့်ပေး။ မလွတ်ဖို့ ကိုယ့်တာဝန်၊ အကြည့်များလာရင် အဖြစ်နဲ့အပျက်ပဲ မြင်ရမယ်။ ဒီဖြစ်ပျက်မြင်ရင် အမြင်မှန်ကျလာပြီ။ အဲဒါ သမ္မာဒိဋ္ဌိအမြင်။
အရှိနဲ့အသိ ကိုက်အောင်ကြည့်
ပျက်သွားတာ မြင်တိုင်း ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်လို့ ရှုပေးကြ။ ဒါက ဒိဋ္ဌိသတ်ဖို့ ရှုရတာ။ ပျက်တိုင်းပျက်တိုင်း အရှိနဲ့အသိ ကိုက်အောင်ကြည့်။ ကြည့်တဲ့အခါ အရှိနဲ့အသိကိုက်ရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ငါးပါးရမယ်။ အကြည့်များလာရင် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်တဲ့အဖြစ် အမြင်များလာမယ်။ အမြင်များလာပြီး နောက် မုန်းလာမယ်။ မုန်းလာပြီး မကြာခင် ခန္ဓာဆုံးတော့တာပဲ။ ခန္ဓာဆုံးရင် နိဗ္ဗာန်တွေ့ပြီလို့ မှတ်ကြ။ အဲဒါ မဂ္ဂင်ရှစ်ပါးပြည့်ပြီး သောတာပန် တည်ပြီလို့မှတ်။ သောတာပန်တည်တာနဲ့ အပါယ်နဲ့ အိုစားကွဲပြီ အပါယ်ပဋိသန္ဓေ မလာတော့ဘူး။ ရှင်းကြပလား?။
သကဒါဂါမ်၊ အနာဂါမ်တည်ချင်ရင် ဒီနည်းနဲ့ မရှုရဘူး။ သောတာပန်တည်ချင်ရင် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ် လို့ ပျက်တာပဲလို့ ဉာဏ်ရောက်အောင်ရှု။ ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်လို့ ပျက်တာပဲလို့ ရှုပါများတော့ မုန်းစရာပဲလို့ မြင်လာမယ်။ မုန်းရာကနေဆုံးရင် ကောင်းမှာပဲဆိုတဲ့ဉာဏ် ရောက်လာမယ်။ နောက် မကြာခင် ဆုံးရာမြင်ပြီး နိဗ္ဗာန် မျက်မှောက်ပြုရတော့တာပါပဲ။ သဘောပါကြပလား?။
ခန္ဓာငါးပါးဟာ ရန်သူတွေပဲ သူသတ်ယောကျ်ားတွေပဲ
အထက်ဉာဏ်ကျတော့ ခန္ဓာငါးပါးဟာ ရန်သူတွေပဲ သူသတ်ယောကျ်ားတွေပဲဆိုတာ မြင်အောင်ကြည့်ရမယ်။ အဲဒါ တဏှာသတ်နည်းပဲလို့ မှတ်ကြ။ တဏှာဆိုတဲ့သဘောဟာ ခင်တတ်တဲ့သူထံမှာသာ ဝင်နိုင်တယ်။ မခင်တတ်သူ ဆီမှာ တဏှာမလာနိုင်ဘူး။ ခင်မင်တတ်တဲ့သူဆိုရင် ရန်သူဝင်နိုင်တယ်။ သူဌေးသား ဥပမာသဘောကို ကြည့်ကြ။
ခင်ဗျားတို့တစ်တွေကတော့ ခင်တတ်၊ မင်တတ်ကြတယ်။ ဟိုဘဝခင်၊ ဒီဘဝခင်၊ ဟိုခန္ဓာခင်၊ ဟိုခန္ဓာဆုတောင်း ယူကြ၊ ဒီခန္ဓာခင်လို့ ဒီခန္ဓာဆုတောင်းယူကြနဲ့ ခင်မင်နေလိုက်ကြတာ ဘယ်သွားပြီး သေပွဲခံချင်ကြသေးသတုံး?။ ခင်မင်တော့ တောင်းယူကြ၊ တောင်းယူတော့ ရလာပြီး တစ်ချီအသတ်ခံလိုက်ကြရနဲ့ လမ်းစမဆုံးတော့ဘူး။ ခန္ဓာက အသေသတ်မလို့လာတာ ဘာမှအားကိုးစရာမကောင်းဘူး။ အားကိုးစရာလည်း မရှိဘူး။ ဒီတော့ ခန္ဓာဆုံးရာ နိဗ္ဗာန် သဘောကျကြဖို့ ကောင်းတယ်။ ရိပ်မိကြပလား?။
ခန္ဓာငါးပါးက လဲပြီး သတ်နေကြတယ်။ ဟော လူတစ်ယောက် ဝမ်းလျှောလို့ သေပြန်ပြီတဲ့။ အဲဒါ ရူပက္ခန္ဓာက သတ်လိုက်တာ။ အနာပေါက်လို့ သေတယ်ဆိုတာ ဝေဒနာက္ခန္ဓာက သတ်လိုက်တာ။ အစားမှားလို့တဲ့ တစ်လောင်း သေပြန်ပေါ့ဆိုတာ သညာက္ခန္ဓာရဲ့ လက်ချက်ပဲ။ သင်္ခါရက္ခန္ဓာက သတ်တော့ အသွားမှားလို့ သေရပြန်တယ်။ ဝိညာ ဏက္ခန္ဓာက သတ်ပြန်တော့ စိတ်ညစ်လို့ သေရှာရတယ်။ ဘယ်နည်းနဲ့သေသေ ဒီသူသတ်ငါးယောက် လက်ချက်ချည်း ပဲလို့ မှတ်လိုက်ကြ။
သူသတ်သူသတ်မှန်းသိအောင် လုပ်ကြ
အားလုံးသေတဲ့မသာဟူသရွေ့ ဒီငါးယောက်လက်သည်ပဲ။ သူတို့ငါးယောက် လက်သည်ပဲ။ သူတို့ငါးယောက် လက်ချက်နဲ့ သေရတာချည်းပဲ။ သူများလက်ချက် မဟုတ်ဘူး။ ဒါကြောင့် ရှုတဲ့အခါမှာ ‘ဝဓကတော, ဝဓကတော၊ သူ သတ်တွေ, သူသတ်တွေ’လို့ ရှုကြ။ သူသတ်ယောကျ်ားတွေပဲလို့ မြင်ရင် ယထာဘူတဉာဏ်ပဲ။ သူသတ်မှန်း အဟုတ် သိလာရင် မုန်းလာမယ်။ မုန်းဉာဏ်လာရင် နိဗ္ဗိန္ဒဉာဏ်ရပြီ။ မုန်းပြီးရင် လွတ်လိုတဲ့ဉာဏ်လာပြီး မဂ်ဉာဏ်လာတာပဲ။ ဘုရား ရဟန္တာများဟာ ဒီခန္ဓာရဲ့အပြစ် မြင်နေတော့ ဝဋ်မခံချင်ကြဘူး။ ခန္ဓာဝဋ်က ကျွတ်လွတ်ချင်နေကြတာပဲ။ ဒီခန္ဓာနဲ့ပတ်သက်ပြီး ဝေယျာဝစ္စ မလုပ်ချင်တော့ဘူး။ ဒါ ဘာကြောင့်လဲ?။ တကယ့်ချမ်းသာရာအစစ် မြင်နေလို့ပဲလို့ မှတ်ကြ။
ဒီတော့ တို့ဒကာတွေ ဆင်းရဲက လွတ်ချင်ရင်၊ တကယ့်ချမ်းသာရေး ရချင်ရင် ရန်သူကို ရန်သူမှန်းသိအောင်၊ သူသတ်သူသတ်မှန်းသိအောင် လုပ်ကြ။ အချိန်ရွှေ့မနေကြနဲ့တော့လို့ ပြောလိုက်ပါတယ်။ သဘောပါကြပလား?။
