20213

ခန္ဓာငါးရပ် သူသတ်ငါးဦး တရားတော်

မှတ်ရန်

(၁) သူသတ်ယောကျ်ား၊ ခန္ဓာငါးပါးက သက္ကာယ(၂) ခန္ဓာငါးပါး၊ သူသတ်သားကို၊ အတွင်းလူထင်က ဒိဋ္ဌိ(၁) ဉာဏ်နဲ့ ခန္ဓာတွဲရင် မိစ္ဆာဒိဋ္ဌိအလုပ်။(၂) ဉာဏ်နဲ့ ခန္ဓာကွဲနေရင် သမ္မာဒိဋ္ဌိအလုပ်။

ဆောင်ပုဒ်

ခန္ဓာသူသတ်၊ မိတ်ဆွေမှတ်၊ ပေါင်းလတ် ဒိဋ္ဌိစွဲ။

သူသတ်ယောကျ်ား၊ ခန္ဓာငါး၊ သတ်ငြား ဘိုင်းဘိုင်းလဲ။

သက္ကာယက၊ အပါယ်ချ၊ နန္တသံသာဝဲ။

အဿုတဝါ၊ ဉာဏ်မဲ့ရှာ၊ ပါယ်ရွာရောက်ဖို့မြဲ။

သက္ကာရန်သူ၊ မှန်သိမူ၊ နိဗ္ဗူရောက်မလွဲ။

တရားသား

တဏှာသတ်မှ အထက်မဂ်ဖိုလ်ရမယ်

ဒီကနေ့ တဏှာသတ်တရားကို ဟောလိမ့်မယ်လို့ မှတ်ကြ။ တဏှာသတ်မှ အထက်မဂ်ဖိုလ်ရမယ်။ တဏှာ မသတ်နိုင်ရင် တတိယမဂ်ကို မရနိုင်ဘူးလို့ မှတ်ကြ။ တဏှာသေဖို့ရာ ဒုက္ခအချက်ကို မြင်အောင်ကြည့်ရမယ်။ ဒုက္ခသစ္စာ မြင်မှ တဏှာသေမှာ။ ဒုက္ခရောက်မှန်းသိမှ အခင်အတွယ်ကို လွတ်နိုင်မယ်။ ဆင်းရဲမှန်း မသိသေးရင် ခင်တွယ်မှု လက်မလွတ်နိုင်ဘူး။ ခင်တွယ်မြဲ ခင်တွယ်မယ်ဆိုတာ မှတ်ကြ။ ဒါကြောင့် ခင်မင်တွယ်တာမှုဆိုတဲ့ တဏှာကလွတ်အောင် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဉာဏ်နဲ့မြင်အောင် ကြည့်ကြ။

ဒီနေရာမှာ အရှင်သာရိပုတ္တရာမထေရ် ဟောတဲ့ ဥပမာစကား တရားအချက်ကို ထုတ်ပြရမယ်။ ဥပမာ- ပစ္စည်း ဥစ္စာ ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦး ရှိတယ်ဆိုပါတော့ အဲဒီသူဌေးကို လူဆိုးကြီးငါးယောက်က အသေ သတ်ဖို့ရာ ကြံစည်ကြတယ်။ ဒါပေမဲ့ သူ့ကိုသတ်နိုင်ဖို့ရာက မလွယ်ဘူးတဲ့။ သူ့မှာ အသင်း၊ အပင်း အချွေအရံ ကျေး ကျွန်တွေက အလွန်များပြားတယ်တဲ့။

လူဆိုးကြီးငါးယောက်နှင့် သူဌေး

ဒီတော့ လူဆိုးကြီးငါးယောက်က တို့တစ်တွေ ပြင်ကနေပြီး သာမန်အနေနဲ့ သတ်နိုင်ဖို့ရာ မလွယ်ဘူးတဲ့။ ဒီတော့ ဘယ်လိုလုပ်ကြမလဲ?။ သူဌေးနဲ့ အကျွမ်းတဝင် အတွင်းလူဖြစ်အောင် ပထမ ကပ်ပေါင်းကြရမယ်။ ကပ်ပေါင်း လို့ အတွင်းလူရုံဖြစ်တဲ့အခါကျတော့မှ သတ်လို့လွယ်တယ်။ ဒါကြောင့် တို့ငါးယောက် သူဌေးအတွင်းလူယုံတော်များဖြစ် အောင် ကပ်ပြီး ပေါင်းသင်းကြစို့ရဲ့လို့ တိုင်ပင်ပြီး သူဌေးဆီ ဝင်လာပြီး ပေါင်းသင်းနေကြတယ်တဲ့။

ဒီလိုနဲ့ ဒီလူဆိုးငါးယောက်ဟာ သူဌေးရဲ့ ဝေယျာဝစ္စကိစ္စကြီးငယ်များမှာ ဘာမှ မလစ်ဟင်းရအောင် လုပ် ဆောင်ပေးကြတယ်။ လိုသည်ထက် ပိုပြီး တာဝန်ဝတ္တရား ကျေပြွန်ကြတယ်တဲ့။ ဒီတော့ သူဌေးကလည်း အလွန်သဘော ကျ ကျေနပ်ပြီး ဒီလူဆိုးငါးယောက်ကို ပြန်ပြီး ပြုစုစောင့်ရှောက်ပေးတယ်တဲ့။ အဲဒါနဲ့ကြာတော့ လူဆိုးငါးယောက်ဟာ သူဌေးရဲ့ အတွင်းလူယုံ အချစ်တော်များ ဖြစ်လာကြတော့တယ်။၏

အဲဒီအခါကျမှ လူဆိုးငါးယောက်က ငါတို့အကြံအောင်ပြီ၊ ငါတို့အောင်ပြီ၊ ငါတို့အကြံ ခုမှပိုင်တော့တယ်၊ ချက်ကောင်းမိပြီလို့ဆိုပြီး အလစ်မှာ ဝိုင်းသတ်လိုက်ကြတယ်။ သူဌေးကတော့ သူတို့အကြံအစည်တွေ နည်းနည်းမှ မရိပ်မိလိုက်ဘူးပေါ့။ မရိပ်မိလို့လည်း အတွင်းလူယုံဆိုပြီး ထားခဲ့သေးတာပဲ။ အဲဒီလို အသတ်ခံရတာ ဒီသူဌေးဟာ အလို့၊ ထူလို့၊ ဖျင်းလို့ပဲမဟုတ်လား?။ သူဖျင်းလို့၊ အလို့၊ ထူလို့သာ ခံရတာပါပဲ။ ရိပ်မိကြပလား?။

ခန္ဓာငါးပါးဆိုတာ သူသတ်ယောကျ်ား လူဆိုးကြီးငါးယောက်

ဒီ ဥပမာအတိုင်းပါပဲ။ ခန္ဓာငါးပါးဆိုတာက သူသတ်ယောကျ်ား လူဆိုးကြီးငါးယောက်၊ ခင်ဗျားတို့က သူဌေးပဲ။ သက္ကာယဒိဋ္ဌိအမြင်နဲ့ ခန္ဓာသူသတ်ကို မိတ်ဆွေလို့ အမှတ်မှားနေကြတယ်။ အတွင်းလူ လူယုံတော်လို့ ထင်နေကြတယ်။ အဲဒီလိုထင်တာ အသတ်ခံချင်ကြလို့ပဲ။ ဒီလို အတွင်းလူယုံလုပ်ထားရင် အသတ်ခံရတော့မယ်ဆိုတာ သေချာပြီ။ မလစ်နဲ့ လစ်ရင် နေ့လား၊ ညလားဆိုတာ မပြောနိုင်ဘူး။ သေဖို့သာ ပြင်ထားကြ။ ရိပ်မိပလား?။

သူသတ်ယောကျ်ား ခန္ဓာငါးပါးက သက္ကာယ၊ ဒီခန္ဓာကို အတွင်းလူလို့ အထင်မှားနေတာက ဒိဋ္ဌိ၊ အဲဒီလိုအထူးကို မှတ်ရမယ်။ ‘မိစ္ဆာ ပဿတီတိ ဒိဋ္ဌိ’ဆိုတဲ့အတိုင်း မှားသောအားဖြင့် မြင်တဲ့အမြင်၊ အမှားမြင်ကို ဒိဋ္ဌိလို့ ခေါ်တယ်။ ဘယ်လိုမှားသလဲ?။ ခန္ဓာငါးပါးဆိုတဲ့ သက္ကာယပေါ်မှာ မှားလို့ပဲ။ ဒါကြောင့် သက္ကာယပေါ်မှာ အမှားမြင်တဲ့သဘောကို သက္ကာယဒိဋ္ဌိလို့ မှတ်ကြ။

အသတ်မခံရအောင် ဒီအမှားမြင်ကိုသိရင် အမှန်မြင်ကို ပြင်ကြရမယ်။ အမှန်မြင်မှ အသတ်ခံဘေးက လွတ် ကြမှာ။ အမှန်မြင်အောင် အမှားမြင်ကို ပယ်ပစ်ရမယ်။ သက္ကာယကို မပယ်ရဘူး။ ဒိဋ္ဌိကို ပယ်ရမယ်လို့ မှတ်လိုက်ကြ။ သဘောပါကြပလား?။

သက္ကာယဟာ အတွင်းရန်သူကြီး

ပယ်မယ်ဆိုလို့ ရမ်းပယ်နေရင် မဖြစ်ဘူး။ ‘စကားက မှန်တယ်၊ ဉာဏ်က မမိဘူး’ဆိုရင် နေရာမကျနိုင်ပေဘူး။ သက္ကာယဟာ အတွင်းရန်သူကြီး။ ရန်သူ ရန်သူမှန်းသိရင်ဖြင့် နိဗ္ဗာန်ရောက်မယ်။ ရန်သူ ရန်သူမှန်းမှ မသိကြရင် အပါယ်ကျမယ်၊ အပါယ်စာဖြစ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ‘သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး’ဆိုသလို သက္ကာယ ကြောင့် နိဗ္ဗာန်ရောက်နိုင်တယ်။ သက္ကာယကြောင့်ပဲ အပါယ်ကျနိုင်တယ်။ ဒါကြောင့် သုံးတတ်အောင် ကြိုးစားကြ။

‘အသုတဝါ ဗထုဇ္ဇနော’ဆိုတဲ့ ပညာမရှိသူဖြစ်ရင်၊ ပညာမရှိရင် အသတ်ခံရမယ်။ ‘သုဘဝါ အရိယ သာဝကော’ ဆိုတဲ့ ပညာရှိသူဖြစ်မှ လွတ်နိုင်မယ်။ ပညာရှိအောင် လုပ်ကြ။ မိတ်ဆွေမှန်း ရန်သူမှန်း မသိတတ်တော့ ‘ရူပံ အတ္တတော သမနုပဿတိ’ ရုပ်ကို ငါ့ကိုယ်လို့ ထင်မြင်သုံးသပ်တယ်။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ကိုလည်း ငါ့ကိုယ်ပဲ ဆိုပြီး စွဲယူနေတတ်တယ်။

အဲဒါ ပညာမရှိလို့ ‘အသုဘဝါ ပုထုဇ္ဇနော’မို့ပဲ။ ဒီလိုဆိုရင် သေရင် အပါယ်သွားရမယ်။ အဲဒါဟာ သက္ကာယ ဒိဋ္ဌိကြောင့်ပဲလို့ မှတ်။ ငါ့ကိုယ်ပဲ၊ ငါ့လက်ပဲ၊ ငါ့ခြေပဲလို့ မှတ်ယူတာ စွဲလမ်းထားတာဟာ ရုပ်ကို ငါမှတ်လို့ပဲ။ ရုပ်ကို ငါပဲလို့ စွဲထားတော့ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ကို ငါလို့စွဲထားတော့ အငြိမ်ကို မနေကြရဘူး။ အနာပေါက်လို့၊ မမာလို့၊ နေထိုင်မကောင်းလို့ဆိုပြီး ဆေးလေးနဲ့ ကုသရ၊ ဓာတ်စာလေးနဲ့ ပြုစုရ၊ ပြုစုနေကြတယ်။ အဲဒါ အမှန်က သူသတ်ရန်သူကို မိတ်ဆွေထင်ကြလို့ပဲ။

ဘဝများစွာ အသတ်ချည်းခံခဲ့ကြရပြီ

ဒီနည်းနဲ့ ဆရာကောင်း မကြုံရတော့ ဘဝများစွာ အသတ်ချည်းခံခဲ့ကြရပြီ။ ဒီလို အသတ်ချည်းခံနေရတာ ကိုယ်က ရန်သူရန်သူမှန်းမသိဘဲ အတွင်းလူထင်မိလို့ဆိုတာ မှတ်ကြ။ မိတ်ဆွေမဟုတ်မှန်း သိမြင်တဲ့လူကို မသတ်ပါ ဘူး မသတ်နိုင်တော့ဘူး။ ခင်ဗျားတို့တစ်တွေ လိုက်လိုက်ပို့နေရတဲ့ မသာတွေဟာ ဒီငါးယောက်သတ်လို့ သေတဲ့မသာ ချည်းပဲ။ ရိပ်မိကြပလား?။ နည်းလမ်းညွှန်ပြတဲ့ ဆရာနဲ့ ကြုံတုန်းမှာ မရိပ်မိကြသေးရင် နောက်ထပ် အသတ်ခံရဖို့ပဲ ရှိတယ်လို့ မှတ်ကြ။

အပူလွန်လို့ သေတယ်တဲ့။ အဲဒါ ရူပက္ခန္ဓာက သတ်လိုက်တာ။ ရင်ပြည့်ဝမ်းရောင်ဖြစ်လို့ သေပြန်ပြီတဲ့။ အဲဒါ စားကောင်းလို့ ဝေဒနက္ခန္ဓာက သတ်လိုက်တာ။ အစားမှားလို့ သေ၊ ဆေးထိုးမှား၊ ဆေးစားမှားလို့လည်း အခု ကာလ သေနေကြတယ်။ အဲဒါ သညာက္ခန္ဓာက သတ်တာ။ သင်္ခါရက္ခန္ဓာကလည်း သတ်တာပဲ။ စိတ်အလိုမကျလို့တဲ့၊ စိတ်ညစ်လွန်းလို့တဲ့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တယ်တဲ့။ အဲဒါလည်း သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ သူသတ်တွေက သတ်လိုက်တာပါ။ ရှင်းကြပလား?။

သူသတ်သူသတ်လို့ဆိုတာ ဘာကိုခေါ်တာပါလဲ

ရာဓရဟန်းက မေးလျှောက်တယ်တဲ့။ “အရှင်ဘုရား သူသတ်သူသတ်လို့ဆိုတာ ဘာကိုခေါ်တာပါလဲ”တဲ့။ ဒီတော့ ဘုရားရှင်က “ရူပံ ခေါ ရာဓမာရော ဝေဒနာ မာရော သညာ မာရော သင်္ခါရာ မာရော ဝိညာဏံ မာရော။ ရုပ်ကို သူသတ်လို့ ရှုမြင်လော့။ ဝေဒနာကို သညာကို သင်္ခါရတွေကို ဝိညာဏ်ကို သူသတ်ယောကျ်ားလို့ ရှုမြင်လော့”လို့ ဟောတော်မူတယ်။ အဲဒါ သံယုတ်ပါဠိတော်မှာလာတဲ့ အဓိပ္ပာယ်ပဲ။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာလည်း “ပရတော၊ သူစိမ်းပြင်ပ၊ ဝဓကတော၊ သူသတ်ယောကျ်ားလို့ ရှုရမယ်” လို့ ဟောတော်မူတယ်။ တို့ဒကာတွေကို တစ်သံသရာလုံး လိုက်သတ်နေတာဟာ သူတို့ပဲ။ အသတ်မခံချင်ရင် သူစိမ်း ပြင်ပအသွင်၊ သူသတ်ယောကျ်ားအသွင် မြင်အောင် ရှုပေးကြ။ ရှင်းကြပလား?။

တို့ဒကာတွေကတော့ ဒီသူသတ်ကိုပဲ ရေချိုးပေးကြ၊ အစားလေးကျွေးကြ၊ ညောင်းတယ်ညာတယ်ဆိုပြီး နှိပ်နင်း ပေးကြ၊ တယုတယနဲ့ ပြုစုနေကြတယ်။ အဲဒါ ရန်သူ သူစိမ်းမှန်း သူသတ်မှန်း မသိကြလို့ပဲ။ မသိရင် မသိတဲ့သူကို အသေသတ်လိမ့်မယ်ဆိုတာ မှတ်ကြ။ မသိတာ ဒိဋ္ဌိဝင်နေလို့။ ဒိဋ္ဌိလက်ချက်ပဲ။ ဒိဋ္ဌိနဲ့ စွဲထားတော့ သက္ကာယ ငါ့ကာယ ထင်နေတော့တာပေါ့။ ထင်နေတော့ အမှန်မမြင် ပိတ်တုန်းကန်း၊ ကန်းတော့ အသေခံရဖို့ သေလမ်းသွားဖို့ကလွဲရင် ဒီပြင်မရှိဘူးလို့မှတ်။

သက္ကာယက လှေနဲ့တူတယ်

သက္ကာယက လှေနဲ့တူတယ်။ လူက လှော်တတ်သူနဲ့ တူတယ်တဲ့။ သက္ကာယက သူ့ဘာသာ သူနေတာ။ လှော် တတ်တဲ့လူ ခင်ဗျားတို့တစ်တွေက ရမ်းပြီး လှော်နေကြ။ တောင်ရောက်၊ မြောက်ရောက်၊ ရောက်ချင်သလို ရောက်ကုန် တာပေါ့။ ဒီကရှေ့ဆရာနဲ့တွေ့လို့ နည်းလမ်းရရင် ရမ်းပြီး မလှော်ကြနဲ့တော့။ ဒိဋ္ဌိမပါစေကြနဲ့။ ပညာနဲ့ လှော်ကြ။ ဒါမှ လိုချင်တဲ့ကမ်း ကပ်နိုင်မှာ။ ရမ်းလှော်နေရင် စုပ်ဝဲ၊ မှုတ်ဝဲ အမျိုးမျိုးနဲ့ တွေ့ပြီး မြှုပ်ဖို့၊ မျောဖို့၊ မြုပ်မျောလမ်းစ မဆုံးတော့ဘူး။

ဒါကြောင့် ဉာဏ်ဦးစီးကြလို့ ပြောလိုက်ပါတယ်။ ဉာဏ်နဲ့ရှုတော့ ‘ဝဓကတော၊ ဝဓကတော၊ သူသတ်တွေ၊ သူ သတ်တွေ’လို့ ရှုပေး။ အောက်မဂ်လိုချင်ရင် ဒိဋ္ဌိသတ်ရမယ်။ အထက်မဂ် လိုချင်ရင် တဏှာသတ်ရမယ်။ အဲဒါအကွက် ကျတဲ့ လမ်းမှန်တဲ့ သတ်နည်းပဲ။ သတ်ချင်တာ ရမ်းသတ်နေလို့ မရဘူးလို့ မှတ်လိုက်ကြ။ ရှင်းကြပလား?။ ရှုတာက တော့ ဖြစ်ပျက်ပါပဲ။ ဒါပေမဲ့… ‘ဪ သူသတ်တွေ သူသတ်တွေ’လို့ နှလုံးသွင်းပေးရမယ်။

လူသေတော့ ဘာဖြစ်လို့ သေတာတုန်းလို့ မေးတော့ ဆေးသမားက ပြောတယ်။ ‘ပထဝီပျက်လို့ သေတာပါ တဲ့။ ဒီကတော့ တေဇောလွန်လို့ သေတာတဲ့’ ဒီလိုပြောတယ်။ အဲဒါ ရုပ်သူသတ်က သတ်လို့သေတာ၊ ရုပ်သူသတ်က သတ်လိုက်တာပဲလို့ မှတ်ကြ။ ခင်ဗျားတို့တစ်တွေ လူဖြစ်ရပါလို၏လို့ ဆုတောင်းတာဟာ လူ့ခန္ဓာငါးပါးသတ်ပြီး သေရ ပါလို၏လို့ တောင်းတာပဲ။ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတာလည်း နတ်ခန္ဓာ သတ်ခံရပါလို၏။ ဗြဟ္မာခန္ဓာ သတ်ပြီး သေရပါလို၏လို့ တောင်းလိုက်တာပါပဲ။

အထက်မဂ်ရချင်ရင် တဏှာသတ်ရမယ်

အောက်မဂ်ရချင်ရင် ဒိဋ္ဌိသတ်။ အထက်မဂ်ရချင်ရင် တဏှာသတ်ရမယ်။ ယမက ရဟန်းဟာ အရှင်သာရိ ပုတ္တရာက ဒိဋ္ဌိသတ် တရားဟောပြောပြလို့ သောတာပန် တည်သွားတယ်။ နောက် တဏှာသတ်တရား။ အနတ္တဝိဇ္ဇာ ဉာဏ်ရောက်အောင် ဟောပြလို့ ရဟန္တာဖြစ်သွားတယ်။ အစဉ်မမှားအောင် ကြိုးစားလိုက်နာကြ။ ဘာမှ သံသယမရှိကြနဲ့။

ပထမအနေနဲ့ ဒိဋ္ဌိသတ် အလုပ်လုပ်၊ လုပ်ဆိုတော့ ဒိဋ္ဌိသေအောင် သမ္မာဒိဋ္ဌိအလုပ် လုပ်ရလိမ့်မယ်။ ငါနဲ့ ခန္ဓာနဲ့ တွဲမနေစေနဲ့။ ငါနဲ့ခန္ဓာတွဲရင် ဒိဋ္ဌိအလုပ်၊ ဉာဏ်နဲ့ခန္ဓာခွဲနေရင် သမ္မာဒိဋ္ဌိအလုပ်ပဲ။ ခွဲနေဆိုတာ ခန္ဓာ ဘာဖြစ် ဖြစ် လိုက်ပြီး ရောမနေရဘူး။ ခန္ဓာဖြစ်တာ ပျက်တာ ဉာဏ်ကသိရမယ်။ ခန္ဓာဖြစ်ပျက်တိုင်း ဉာဏ်က သတိနဲ့ကပ်ပြီး စောင့်ကြည့်။ ကြည့်တော့ အမှန်သိ။ အမှန်မြင်လိမ့်မယ်။ ဒါကြောင့် မရောဘဲ ခွဲနေမှ သမ္မာဒိဋ္ဌိအလုပ် ဖြစ်မယ်လို့ ပြောတာ။

ခန္ဓာမခင်အောင် လုပ်ရမယ်

ဒုတိယပိုင်းက ခန္ဓာမခင်အောင် လုပ်ရမယ်။ ခန္ဓာမခင်အောင် သူသတ်အဖြစ်မြင်အောင် ရှုကြရမယ်။ ကိုယ်က ခင်လို့မင်လို့ ဆုတောင်းထားကြတော့။ ဟော အခု အကြိုက်အတိုင်း လူ့ခန္ဓာ၊ နတ်ခန္ဓာဆိုတဲ့ ခန္ဓာအသီးသီး ရကြ။ လာပြီးရတာ ဘာလုပ်ဖို့လဲ?။ သတ်မလို့ ခစားလာတာလို့ မှတ်လိုက်ကြ။ အမိဝမ်းမှာ ကိန်းလာတာ ကြီးပွားဖို့ မဟုတ်ဘူး။ အသေခံဖို့ လာတာပါ။ ရိပ်မိကြပလား?။ ခန္ဓာက သတ်မယ် သတ်မယ်နဲ့ ဓား ဂုတ်ပေါ်ဝဲနေတာ ခင်ဗျား တို့က မသိရှာကြဘူး။ သူကတော့ ဘယ်အချိန် သတ်ရပါ့မလဲဆိုပြီး အမြဲရွယ်နေတာပဲ။ ခင်ဗျားတို့တစ်တွေကတော့ ခန္ဓာသူသတ်ကို လူယုံကြီးမှတ်ပြီး ပြောလိုက်ကြသေးတယ်။ ‘ကိုယ့်ကိုယ်ကိုယ် မခင်လို့ ဘယ်သူခင်မတုံး’တဲ့။ မသိတဲ့ အဖြစ်ဟာ ဘယ့်လောက်ဆိုးဝါးသွားသလဲ။ စဉ်းစားကြ။

ရလာတဲ့ခန္ဓာ သူသတ်လက်ချက်မိမှာပဲ

နောက်ပြီး ရှိသေးတယ်။ တချို့က ‘ရှင်ဗာကူလ မထေရ်မြတ်ကဲ့သို့ အနာရောဂါ ကင်းရှင်းရပါလို၏’တဲ့။ ရှင်ဗာကူ, တောင်း၊ ရှင်ဗာကူ ခန္ဓာငါးပါး အသတ်ခံရတာပဲ။ တို့ဒကာတွေက ရှင်ဗာကူလ အစပိုင်းလည်းမသိ၊ အဆုံးပိုင်းလည်း မသိကြဘဲ အလယ်ပိုင်းသာ တောင်းနေကြတာ။ အစပိုင်းမှာ ငါးမျိုခံရတယ်။ အဆုံးပိုင်းမှာ ခန္ဓာ အသတ်ခံရတယ်။ တောင်းရင် အစအဆုံးလည်း ကြည့်ပြီး တောင်းကြမှပေါ့။ ဘာဆုတောင်းတောင်း တောင်းချင်ရာ တောင်း အသတ်ခံရမှာချည်းပဲဆိုတာ ဆုံးဖြတ်ချက်ချ။

ဘုရားသခင်တောင်မှ ဝမ်းတော်လား၊ ဝမ်းလျှောပြီး ပရိနိဗ္ဗာန်ပြုတော်မူရှာရတယ်။ အဲဒါ ရူပက္ခန္ဓာသတ်လို့ ပဲလို့ မှတ်ကြ။ ဘာတောင်းတောင်း ရလာတဲ့ခန္ဓာ သူသတ်လက်ချက်မိမှာပဲ ပြေးမလွတ်ပါဘူး။ ဒီတော့ တို့ဒကာတွေ ဘာများ တောင်းချင်ကြသေးသတုံး?။ တော်လောက်ကြရောပေါ့။ အသတ်ခံလို့ အားမရကြသေးဘူးလား?။ သဘော ပါကြရဲ့လား?

ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦး။

**********