ဧည့်သည်အိမ်သည် ဉာဏ်ဝန်းချယ် တရားတော်
သမုတိသစ္စာ ဟောတော်မူခြင်း အကြောင်းရှစ်ပါး
ဟီရောတ္တပ္ပ၊ ကမ္မဿကတာ၊ ပဋိကာရံ၊ ပဉ္စာနန္တရိ၊ ပုဗ္ဗေနိဉာဏ်၊ လှူခံယုတ်မြတ်၊ ပညတ်မပယ်၊ မေတ္တာဝယ် ကျိုး၊ ဤရှစ်မျိုးကြောင့်၊ ခေါ်ရိုးသမုတိ၊ သစ္စာရှိကို၊ မုနိရှင်ချစ်၊ ဟောတော်လှစ်သည်၊ စင်စစ်နောင်လာမှတ်ရန်တည်း။
ဆောင်ပုဒ်
ဧည့်သည်,အိမ်သည်၊ စိတ်နှစ်သွယ်၊ ကိုယ်ဝယ် အမြဲလှည့်၊
အကြောင်းတိုက်ခါ၊ ပေါ်ထွက်လာ၊ စိတ်မှာဧည့်သည်ချည့်၊
ရှူရှိုက်စိတ်မှာ၊ အိမ်သယ်သာ၊ မှန်စွာ မြဲတည်ဘိ။
ဧည့်သည်ခြောက်ယောက်၊ စိတ်ကြံပေါက်၊ လာရောက်ခိုဝင်၏၊
ဧည့်သည်ထွက်ဝင်၊ သတိယှဉ်၊ ဉာဏ်မြင် ရှုမှတ်ကြည့်၊
အရှုများခါ၊ ပျက်မြင်လှာ၊ ပြုတ်ကွာမျိုးဒိဋ္ဌိ။
သတိချပ်ရန်
ဝိပဿနာ၊ ရှုဆဲခါ၊ သာသနာ တည်မှတ်၏။
မရှုလွှဲဖယ်၊ သာသနာကွယ်၊ ဘယ်ဝယ် မမြင့်မြတ်။
သတိပဋ္ဌာန်၊ ကိုယ့်သန္တာန်၊ ကိန်းရန် လုံ့လကပ်။
ကိုယ့်သန္တာန်မှာ၊ ကိန်းဝပ်လာ၊ သာသနာ တည်မှတ်၏။
သာသနာရှုံး၊ လူထင်းတုံး၊ စုံးစုံးပါယ်လေးရပ်။
တရားသား
ဒိဋ္ဌိကွာအောင် စိတ္တာနုပဿနာ ရှုကြ
ဒီကနေ့ ဒိဋ္ဌိကွာလို့ လုပ်ငန်းစဉ်ကို ပြောရမယ်။ ပထမဆုံးအနေနဲ့ ဒိဋ္ဌိကို ခွါပစ်ရမယ်။ ဒိဋ္ဌိကွာအောင် ဘာလုပ်ရမလဲ?။ ဒိဋ္ဌိကွာအောင် စိတ္တာနုပဿနာ ရှုကြလို့ ပြောလိုက်ပါတယ်။ သမ္မောအဋ္ဌကထာက စိတ္တာနုပဿနာ ဟာ ဒိဋ္ဌိကွာစေတယ်လို့ ဖွင့်ဆိုထားတယ်။ အရှင်အာနန္ဒာကလည်း ‘ပေဋကောပဒေသ’မှာ ဒီအတိုင်း ဟောခဲ့တယ်လို့ မှတ်ကြ။
အရှင့်သာရိပုတ္တရာ မထေရ်ကလည်း-
+++ကာယမိမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပုနံ။
ကာယေ သဘာဝံဝိဒိတွာန၊ ဒုက္ခဿန္တံ ကရိဿထ။
လို့ ဟောတော်မူတယ်။ မိလိန္ဒပဥှာ ပါဠိတော်မှာလည်း ဒီအတိုင်း ဟောခဲ့တာပဲ။
ဘာသာပြန်
ငါ့ရှင်တို့ အသင်တို့သည် ဤတလံမျှလောက်သော ခန္ဓာကိုယ်ကို အဖန်တလဲလဲ သုံးသပ်ဆင်ခြင်ကြလော့၊ ပိုင်းခြား၍လည်း သိကြလေလော့။ တစ်လံမျှလောက်သောကိုယ်ဝယ် သဘောအမှန်ကို ဧကန်သိမြင်ရ၍ ဆင်းရဲအဆုံး ကို ပြုကြလော့။ ဝါ တစ်လံမျှလောက်သောကိုယ်ဝယ် သဘောမှန် ဧကန်သိမြင်ရလျှင် ဒုက္ခအဆုံးကို ရောက်နိုင်ကြ ပေလိမ့်လတံ့။
ဒိဋ္ဌိကွာချင်ရင် မိမိခန္ဓာမှာ စိတ်စိုက်ထား
ဒါကြောင့် တို့ဒကာတွေ ဒိဋ္ဌိကွာချင်ရင် မိမိခန္ဓာမှာ စိတ်စိုက်ထား။ ဘေးက ဘာစိတ်လာလာ ဖြစ်ပျက်ရှု။ အရှုအပွားများရင် ဉာဏ်ထက်သလောက် အမြင်စင်ကြယ်မယ်။ စင်ကြယ်ရင် ခန္ဓာကိုယ်ရဲ့ သဘောအမှန် ဝါ အဖြစ်နဲ့ အပျက်ပဲ ရှိတယ်ဆိုတဲ့ သဘောမှန်ကို ဉာဏ်နဲ့ ဧကန်သိမြင်လာမယ်။ ဒီလိုအမှန်သိရင် ဒုက္ခဆုံးရာ နိဗ္ဗာန်ရတော့မယ် ဆိုတာ သေချာပြီလို့ မှတ်လိုက်ကြ။ သဘောပါကြရဲ့လား?။ ဒိဋ္ဌိသေတာကို ပြောတာပဲ။
ယမကဟာလည်း ဒိဋ္ဌိသေလို့ သောတာပန်တည်တာ။ ဒိဋ္ဌိကလည်း စိတ်မှာသာစွဲနေတာ။ ဒိဋ္ဌိသေရင် အပါယ် စိတ်ချရပြီ။ အပါယ်တံခါးပိတ်ပြီလို့မှတ်။ ဒီတော့ အားထုတ်ဖို့ မသင့်ပေဘူးလား?။ သင့်ရင် အခုပဲကြိုးစားကြ။ အချိန် က သိပ်မကျန်တော့ဘူး။ နှုတ်တဲ့အချိန်ကများနေတော့ လုပ်ဖို့အချိန်က မကျန်တော့ဘူး အိပ်တာက အသက်တန်း တစ်ဝက်နှုတ်မယ်၊ ဒီကြားထဲ စားတဲ့အချိန်လည်း နှုတ်မယ်။ သားရေး၊ သမီးရေး၊ စီးပွားရေး စတဲ့ အချိန်တွေကလည်း နှုတ်ပစ်ဦးမယ်ဆိုတော့ ကိုယ့်ဖို့ ဘာကျန်သေးသလဲ?။ ရိပ်မိကြပလား။
သမုတိပယ်ရင် အပြစ်ရောက်မယ်
ယမကဟာ သမုတိ နားမလည်လို့ ချာချာလည်သွားတာ။ သူ့နေရာနဲ့သူ နားလည်ထားရမယ်။ သမုတိလည်း မပယ်ရဘူး။ သမုတိပယ်ရင် အပြစ်ရောက်မယ်၊ အပါယ်ကျမယ်။ ပရမတ္ထပယ်ရင် နိဗ္ဗာန်မရောက်တော့ဘူးလို့မှတ်။ သမုတိလည်း သူ့နေရာနဲ့သူ အမှန်၊ ပရမတ္ထက လုံးလုံးအမှန်တရား။ သမုတိကော ပရမတ္ထကော ဘုရားဟောချည်းပဲ လို့ မှတ်ထားကြ။ သမုတိသစ္စာကို ဘာကြောင့်ဟောသလဲ?။ ဘယ်အကျိုးငှာ ဟောသလဲ?။ သမုတိသစ္စာကို အကြောင်း ရှစ်မျိုး၊ အကျိုးရှစ်ပါးကြောင့် ဟောတော်မူတယ်လို့မှတ်။
အဲဒီရှစ်မျိုးက
သစ္စာနှစ်ပါး နားမလည်ရင် အလွန်နစ်နာတတ်တယ်။ ဒါကြောင့် ဒီနှစ်ပါးနားလည်အောင် လုပ်ထားကြ။ သမုတိ နားလည်ရင် ပရမတ္ထ နားလည်ဖို့ လိုသေးတယ်။ ပရမတ္ထက ဒီလိုနဲ့မရဘူး။ ကိုယ်တိုင်အလုပ်လုပ်မှ သိကြမှာ။ ဒါကြောင့် ပရမတ္ထကို သိဖို့ အခုလုပ်ရမယ်။
ဧည့်သည်စိတ်နဲ့ အိမ်သည်စိတ်
တို့ဒကာတွေ ခန္ဓာငါးပါးရှိတယ်ဆိုတာ သိကြပြီ။ အဲဒီငါးပါးထဲက ဝိညာဏက္ခန္ဓာဆိုတဲ့စိတ်ကို ကြည့်ရမယ်။ အဲဒီစိတ်ဟာလည်း ဧည့်သည်စိတ်နဲ့ အိမ်သည်စိတ်လို့ ကိုယ့်သန္တာန်မှာ နှစ်မျိုးရှိတယ်လို့ မှတ်ထားကြ။
အကြောင်းတစ်ခုခု တိုက်ဆိုင်မှ ပေါ်လာတဲ့စိတ်ကို ဧည့်သည်စိတ်။ ပင်ကိုသဘာဝရှိနေတဲ့စိတ်ကို အိမ်သည် စိတ်လို့မှတ်။ ဧည့်သည်စိတ် ချုပ်သွားတော့ အိမ်သည်စိတ်နဲ့ အသက်ရှင်နေရတယ်။ ရှူထုတ်တဲ့စိတ်၊ ရှိုက်သွင်းတဲ့စိတ် ဆိုတဲ့ ရှူ, ရှိုက်စိတ်ဟာ အိမ်သည်စိတ်ပဲ။ သူက အမြဲထာဝရ ဖြစ်ချုပ်၊ ဖြစ်ချုပ်နဲ့နေတဲ့ စိတ်ပါပဲ။ ရှုဟဲ့ ရှုဟဲ့ဆိုတော့ ရှုလိုက်ကြ ရမ်းပြီး ရှုမနေကြနဲ့။ ရှုတဲ့အခါ ဧည့်သည်၊ ဧည့်သည်စိတ်ချင်း ရှုရမည်လို့ မှတ်ထားကြ။
ကိုယ့်သန္တာန်မှာ အလည်လာတဲ့စိတ်ကို ဆရာကပေးတဲ့စိတ်နဲ့ ရှုကြ။ ဧည့်သည်တွေ အမျိုးမျိုးလာမယ်။ ဘာ လာလာ လာသမျှ မလွတ်တမ်းရှု။ ဧည့်သည်လာရင် အလွန်ဆုံး ခြောက်ယောက်ပါပဲ။ ဒီအထဲက ဘယ်သူလာမယ် မသိဘူး။ တစ်ယောက်ယောက်ကတော့ အမြဲလာမှာပဲ။ လာတဲ့အခါသာ ကျောလှည့်မနေနဲ့။ ကျောပေးမနေဘဲ အသိ အမှတ် ပြုလိုက်ပါ။ အဲဒါဟာ ပဇာနာတိ လုပ်လိုက်ပါလို့ ပြောတာပဲ။ စားချင်စိတ်ကလေးပေါ်လာရင် ‘သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ’ စားချင်စိတ် ဖြစ်ပျက်လို့ သိလိုက်ပါလို့ ပြောတာပဲ။ ရှင်းကြပလား?။
ကျောပေးနေမိရင် မိစ္ဆာမဂ္ဂင်ဝင်လို့
ကျောပေးနေမိရင် မိစ္ဆာမဂ္ဂင်ဝင်လို့ ကျောပေးတာ။ မိစ္ဆာမဂ္ဂင်ငါးပါးနဲ့ ကျောပေးတာပဲ။ ဧည့်သည်စိတ်ဝင်လာ တာသိရင် သမ္မာသမဂ္ဂင်ငါးပါးဖြစ်ပြီလို့ မှတ်ကြ။ မိစ္ဆာမဂ်ဆိုတာ မိစ္ဆာဒိဋ္ဌိပဲ။ ဧည့်ငင်လာတာ မသိလိုက်တော့ မသိလို့ အဝိဇ္ဇာလာ။ လာတော့ သံသရာလည်ရော။ ဒီတော့ သံသရာမလည်ရအောင် ဧည့်သည်လာသမျှ အသိအမှတ်ပြုကြဖို့ မမေ့နဲ့။ မသိလိုက်ဘူးဆိုရင် အလွန်ဆိုးဝါးသွားမယ်။
ကိုယ့်စိတ်ကိုယ် မသိတဲ့သူဟာ ဘယ်လိုလူတုံး?။ ကိုယ့်စိတ်မှ ကိုယ်မသိဘူးဆိုတာ အရူးမို့ပဲ။ ဒီထက်နာနာ ပြောရရင် အပါယ်သွားမယ့်လူပဲလို့ မှတ်လိုက်ကြ။ ကျောပေးတာဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ကျောပေးတာပဲ။ ဒီတော့ အနိစ္စဉာဏ်၊ ဒုက္ခဉာဏ်၊ အနတ္တဉာဏ် မရနိုင်တော့ဘူးပေါ့။ သဘောပါကြရဲ့လား?။
ပေါ်လာတဲ့ဧည့်သည် ကျောပေးတာ မသိလို့ ကျောပေးတာ။ ကျောပေးတာ အဝိဇ္ဇာပဲ။ အဝိဇ္ဇာဖြစ်တော့ သင်္ခါရဖြစ်ရော။ သင်္ခါရဖြစ်တော့ ပဋိသန္ဓေဝိညာဏ် လာမယ်။ အဲဒီ ပဋိသန္ဓေဝိညာဏ်ဟာ အပါယ်ပဋိသန္ဓေဝိညာဏ် ပဲဆိုတာ မှတ်လိုက်ကြ။ ဒါကြောင့် ဧည့်သည်လာရင် လာတာသိရမယ်။ သိတော့ ဘုရားပေးတဲ့စိတ်နဲ့ သိရမယ်။ သိလိုက်ရင် နောက် ကံမဆက်တော့ဘူး။ နောက် ကံမဆက်ရင် သံသရာစက် ပြတ်ကရော။ ရှင်းကြပလား?။ ဒါကြောင့် လာသမျှ မသိလိုက် မရှိစေနဲ့ သိအောင် ဂရုစိုက်ကြ။ ဒါမှ သံသရာဒုက္ခစက်ပြတ်မှာ။
အသိစိတ်ခြောက်ခုကို မလွတ် အောင် ရှုပေးကြ
ပဇာနာတိ သိအောင်လုပ်ပါဆိုတာ ဘုရားပွင့်မှပေါ်တဲ့ ဧည့်သည်ပဲ။ အမြဲ သံသရာအဆက်ဆက်မှာ ရှိနေတဲ့ ဧည့်သည်ကို ဘုရားပွင့်မှ ပေါ်တဲ့ဧည့်သည်နဲ့ ရှုကြလို့ပြောတာ။ အဓိပ္ပာယ်က သံသရာဘဝ အဆက်ဆက်ကတည်းက အမြဲပေါ်ပေါက်နေတဲ့ ဝိညာဏ်ခြောက်ပါး အသိစိတ်ခြောက်ခုကို ဘုရားကပေးတဲ့ ရှုစိတ်၊ ရှုဉာဏ်နဲ့ ပေါ်သမျှ မလွတ် အောင် ရှုပေးကြလို့ ဆိုလိုတယ်။ ဝိပဿနာမရှုတဲ့အခါ ကိုယ့်သန္တာန်မှာ သာသနာကွယ်နေတယ်။ ရှုတဲ့အခါမှ သာသနာ တည်တယ်လို့ မှတ်ကြ။ ကိုယ့်သန္တာန်မှာ သတိပဋ္ဌာန်ကိန်းမှ သာသနာနဲ့ ကြုံတာ သာသနာတည်တယ် ခေါ်တာပဲဆိုတာ ဆုံးဖြတ်ချက်ချ။
ပြောတဲ့၊ ဟောတဲ့စကား နားမထောင်၊ မရှုမိဘဲ အမှတ်တမဲ့နေရင် အပါယ်သွားမှာပါပဲ။ ဒီလို ပေါ့တန်နေရင် ‘မထူးပါဘူး၊ ငါသေရင် ဆွမ်းမသွတ်ကြနဲ့’လို့သာ မှာခဲ့ကြ။ ဒါဘာလို့လဲ?။ မေ့လျော့ပေါ့တန်နေရင် ခင်ဗျားတို့တစ်တွေ သွားနေကျ၊ သွားရမှာက သေချာလို့ပဲတဲ့။ သွားနေကျဆိုတာ အပါယ်ကို ပြောတာပဲ။ ရိပ်မိကြပလား?။
