20209

ဒိဋ္ဌိသစ်ငုတ် အမြစ်ဖြုတ် တရားတော်

ဆောင်ပုဒ်

ဗြဟ္မာ့ပြည်က၊ အပ်ကိုချ၊ ဒီက အပ်တစ်စင်း။

အပ်သွားချင်းသာ၊ ထိနိုင်ရာ၊ ပမာ မှတ်လေမင်း။

မနုဿတ္တ၊ ဒုလ္လဘ၊ လွန်ရခဲဘိခြင်း။

အရတော်စွာ၊ ခုကြုံလာ၊ အာကာ ငါ့မာန်တင်း။

ပါရမီရှိလာ၊ သာသနာ၊ ထောင်ငှါ-နားရှိရင်း။

ကျင့်စဉ်မှန်ရ၊ ကျင့်ပါက၊ မဂ်ရ-ခုလက်ငင်း။

သတိချပ်

ဘဝသံသရာ၊ ကျင်လည်ခါ၊ များစွာ မှောက်မှားရှိ။

ဒိဋ္ဌိအယူ၊ စွဲဝင်သူ၊ ဘယ်မူမလွတ်ဘိ။

သံသရာ့သစ်ငုတ်၊ ဝဲဇလုတ်၊ နစ်မြုပ် လားဝီစိ။

ကြိုက်ကြုံတုန်းမှာ၊ ဒိဋ္ဌိခွါ၊ ပါယ်ရွာ လွတ်လမ်းရှိ။

ဒိဋ္ဌိကွာစင်၊ တရားဝင်၊ မြန်လျှင် မဂ်ရ၏။

ဒိဋ္ဌိတန်းလန်း၊ တရားလမ်း၊ အလှမ်းကွာလှ၏။

တရားသား

ပထမဒိဋ္ဌိတောကို ရှင်းပစ်ရလိမ့်မယ်

ဒီကနေ့ ဒိဋ္ဌိသတ်တရား ဟောရမယ်။ ပေါ့ပေါ့တန်တန် မမှတ်ကြနဲ့။ လေးလေးစားစား မှတ်ယူကြလို့ ကြိုတင် သတိပေးလိုက်ပါတယ်။ ဒီနေ့ ပထမ ဒိဋ္ဌိပြုတ်အောင် ဟောရမယ်။ နောက် ဒိဋ္ဌိဖြုတ်ပြီး သောတာပန်ဖြစ်အောင် ဟောမယ်။ နောက် အထက်ဉာဏ်ပို့ ဟောလိမ့်မယ်လို့ မှတ်ထားကြ။

ဘုရားရှင် ပွင့်တော်မမူခင်အခါက ဒိဋ္ဌိချည်းပဲများတယ်။ ဘုရားပွင့်တော့ ဒိဋ္ဌိတော ရှင်းနေရတာက အကြာ ကြီးပဲ။ ဒိဋ္ဌိတော ရှင်းလင်းနေရတာနဲ့ အချိန်ပို အများကြီးကုန်သွားတယ်လို့ ဆိုနိုင်တယ်။ အခု တို့ဒကာတွေအတွက် လည်း ပထမဒိဋ္ဌိတောကို ရှင်းပစ်ရလိမ့်မယ်။ ဒုတိယတဏှာတောကို ရှင်းရမယ်လို့ မှတ်ကြ။

အခုနေမှာ ခင်ဗျားတို့တစ်တွေက ရှင်းချင်ရာ ရှင်းနေကြတော့ လိုရင်းမရောက်ကြဘူး။ ပထမရှင်းရမယ့် ဒိဋ္ဌိကို ဒုတိယ၊ ဒုတိယရှင်းရမယ့် တဏှာကို ပထမ၊ လုပ်နေတော့ အရင်ဟာက နောက်၊ နောက်ဟာက အရင်ဖြစ်နေ ကြတယ်။ ဒီလိုပြောင်းပြန်ဖြစ်နေတော့ တရားမရကြဘူး။ တရားမရနိုင်ကြတော့ ပါရမီလှည့်ချကြတယ်။ ကိုယ်ဖျင်းတာ ကိုယ်မသိဘဲ ပါရမီလှည့်ချနေကြတာ။ နောက် ပါရမီမချကြနဲ့။ ရိပ်မိကြပလား?။

ကျင့်စဉ်မှန်မှ နိဗ္ဗာန် ရမယ်

သာဝကဉာဏ်အရာမှာ ပါရမီမဆိုနဲ့ ပါရမီမလိုဘူး။ ပါရမီက ရှိကြပြီးသား။ လူ့အဖြစ်ကိုလည်း ရနေကြပြီ။ သာသနာနဲ့လည်း ကြုံနေပြီ။ ထောင်နိုင်တဲ့နားလည်း ပါကြတယ်။ ဒါတွေပြည့်စုံလျက်နဲ့ တရားမရတာဟာ ကျင့်စဉ် မမှန်လို့ မရကြတာပဲလို့ ဆုံးဖြတ်ချက်ချ။ ကျင့်စဉ်မမှန်ရင် ဘယ်အခါမှ နိဗ္ဗာန်မရနိုင်ကြဘူး။ ကျင့်စဉ်မှန်မှ နိဗ္ဗာန် ရကြမယ်။ သဘောပါရဲ့လား?။

တို့ဒကာတွေမှာ ပါရမီကလည်း ပါလာကြ။ လူ့အဖြစ်ကိုလည်း ရထားကြ။ သာသနာတွင်းဆိုတဲ့ အခွင့်အခါ ကောင်းနဲ့လည်း ကြုံကြိုက်၊ ထောင်နိုင်တဲ့ နားကလည်း ရှိပြီဆိုတော့ ဘာများလိုသေးသလဲ?။ နောက် ပါရမီမချကြနဲ့။ ကျင့်စဉ်မမှန်သေးလို့ပဲဆိုတာ မှတ်လိုက်ကြ။ သုံးဆယ့်နှစ်ကောဋ္ဌာသဆိုတဲ့ အကျင့် တချို့ကျင့်နေကြတယ်။ သုံးဆယ့်နှစ် ကောဋ္ဌာသ၊ အကျင့်က တဏှာသတ်တရား။ တဏှာသတ်ဖို့အချိန် မဟုတ်သေးဘဲ တဏှာသတ်နေတော့ အကျင့်လွဲနေ တာပေါ့။ ဒါနဲ့ပဲ သူများပါးစပ်ဖျား လမ်းဆုံးနေကြရတယ်။

ပထမ သောတာပန်ဖြစ်ဖို့ ဒိဋ္ဌိသတ်ရမယ်။ ဒိဋ္ဌိသေပြီးတဲ့နောက်မှ တဏှာသတ်ရမယ်။ အဲဒီ ဓမ္မသဘာဝ အစဉ်ကို ဇောက်ထိုးမိုးမြော်ထင်ရာ လုပ်နေတော့ ခရီးမရောက်တော့ဘူး။ ဒါဘာကြောင့်လဲ?။ နည်းမှန်ညွှန်ပြတတ်တဲ့ ဆရာကောင်း မရကြလို့ပဲ။ ဒါကြောင့် ဟောတဲ့လူက စလွဲတော့ အဟောလွဲ၊ အဟောလွဲတော့ အကျင့်လွဲ၊ အကျင့်လွဲ တော့ အရောက်လွဲဖို့ပဲ ရှိတော့တယ်။ ဒီလိုအလွဲမျိုးကြုံတော့ ရတဲ့ပါရမီလည်း ဆုံးပါလေရော။ ကောင်းနိုင်ပါဦးမလား?။

ယမကရဟန်းအယူ

ဒီလိုအဖြစ်မျိုးကြုံရင် ဘုရားတောင် ရင်မတော်မူရှာမယ်။ ဒါကြောင့်မို့ တို့ဒကာတွေ ကြပ်ကြပ်ကြီး သတိ ပေးလိုက်ပါတယ်။

ဘုရားလက်ထက်က ယမကဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်လို့ မှတ်ရမယ်။ အဲဒီယမက ရဟန်းက ရဟန္တာသေရင် ပြတ်တယ်လို့ ယူတဲ့ ဥစ္ဆေဒအယူ ရှိနေတယ်တဲ့။

”တထာဟံ ဘဂဝတာ ဒေသိတံ ဓမ္မံ အာဇာနာမိ”

”ဘုရားဟောတဲ့အတိုင်း ငါသိပါတယ်တဲ့”

”ယထာခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇံတိ နဟောတိ ပရံ မရဏာ”

”ရဟန္တာသေရင် ပြတ်တယ် ပျောက်သွားတာပဲ သေပြီးတဲ့နောက် မဖြစ်တော့ဘူးတဲ့” အဲဒီလို မိစ္ဆာဒိဋ္ဌိ အယူ ရှိပြီးနေတယ်။

ဒီလို မိစ္ဆာဒိဋ္ဌိအယူ ဖြစ်ရတာဟာ နိဗ္ဗာန်သဘောမကျလို့ပဲလို့ မှတ်ကြ။ တို့ဒကာတွေ ဒါကြောင့် နိဗ္ဗာန်သဘော ကျအောင် လုပ်ရမယ်။ နိဗ္ဗာန်သဘောမပေါက်လို့ ဥစ္ဆေဒအယူဖြစ်ရတာ။ ဥစ္ဆေဒအယူဟာ ပေါ့ပေါ့ကလေးများ မမှတ် လိုက်ကြနဲ့။ ပဉ္စာနန္တရိယကံထက် ကြောက်စရာကောင်းတယ်။ ပဉ္စာနန္တရိယ ကံပြုမိတဲ့သူက လွတ်ရက်ရှိသေးတယ်။ ဒီမိစ္ဆာအယူရှိရင် လွတ်ရက်မရှိတော့ဘူး။

ဒီကမ္ဘာပျက်ရင် ဟိုဘက်ကမ္ဘာပြောင်းခံ၊ ဒီအယူ မစွန့်သမျှ အဝီစိက လွတ်ဖို့မရှိဘူး။ ဒါကြောင့် သူ့ကို ကမ္ဘာ့သစ်ငုတ်၊ သံသရာ့သစ်ငုတ်အယူလို့ ခေါ်တယ်။ ရိပ်မိကြပလား?။

ဒိဋ္ဌိတွေ မရှင်းဘဲ၊ မလင်းဘဲ အားထုတ်ရင်

ဒါကြောင့် တို့ဒကာတွေအတွက် ဒီအချက်ဟာ အလွန်အရေးကြီးတယ်လို့ မှတ်ကြ။ ဒီလိုဒိဋ္ဌိတွေ မရှင်းဘဲ၊ မလင်းဘဲ အရိုးကျေအောင် တရားအားထုတ်ပေမယ့် မဂ် ဖိုလ် မရနိုင်ဘူးလို့ မှတ်ထားကြ။

အခုခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် ယမက၊ သုတ်မှာလာတဲ့ ယမက၊ ရဟန်းဝတ္ထုကို ရှင်းလင်းပြောမယ်လို့ မှတ် ကြ။ အဲဒီ ယမကရဟန်းက ဥစ္ဆေဒအယူ ပြတ်တဲ့အယူ ရှိနေတယ်တဲ့။ ဒီရဟန်းရဲ့စိတ်ထဲမှာ အသက်ရှင်နေတုန်းက တော့ သဿတ အဆက်ယူတယ်။ ရဟန္တာသေတော့ ဥစ္ဆေဒပြတ်တယ်လို့ ယူဆတယ်တဲ့။

ဒါ ဘာကြောင့်လဲဆိုတော့ ယမကရဟန်းရဲ့အယူမှာ ပုဂ္ဂိုလ်ရှိ၊ သတ္တဝါရှိ၊ ရဟန္တာရှိဆိုပြီး အဟုတ်မရှိကို အဟုတ်အရှိလို့ ထင်မှတ်ယူစွဲနေတဲ့အတွက် ဖြစ်ပေါ်လာတဲ့ မိစ္ဆာဒိဋ္ဌိအယူပဲလို့ မှတ်ကြ။ မိစ္ဆာဒိဋ္ဌိအယူဟာ စူးမိရင် တော်တော်အဖြုတ်ခက်တဲ့အယူ။ နှယ်နှယ်ရရများ မမှတ်လိုက်ကြနဲ့။ အလွန်ကြောက်စရာကောင်းတယ်လို့ မှတ်လိုက် ကြ။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ အရှင်သာရိပုတ္တရာမထေရ် သီတင်းသုံးနေတဲ့အခါဖြစ်တယ်။ အဲဒီ အခါမှာ ယမကရဟန်းဟာ သူ့အယူရှိတဲ့အတိုင်း သီတင်းသုံးဘက်ဖြစ်တဲ့ ရဟန်းတော်များကို လှည့်ပြီး ပြောဆိုနေတယ် တဲ့။ ‘ဘုရားဟောတာ ငါသိပါတယ်။ ရဟန္တာသေရင် ပြတ်တယ်။ နောက်မဖြစ်တော့ဘူး။ တစ်ခါတည်း ပျောက်သွား တာပဲ’တဲ့။ ဘုရားက ဒီလိုဟောတယ်ဆိုပြီး ဝါဒလည်ဖြန့်နေတယ်တဲ့။

ဒါနဲ့ သီတင်းသုံးဖော် ရဟန်းတော်တွေက အဲဒီယမက ရဟန်းကို ဝိုင်းဝန်းတားမြစ် ဆုံးမကြတယ်။ ‘ငါ့ရှင် ယမကာ ဒီလိုမပြောဟောပါနဲ့။ ဘုရားက ဒီလိုမဟောဘူး’ဆိုပြီး အကြိမ်ကြိမ် ဆုံးမတားမြစ်ကြပေမယ့် နားမထောင် ဘူးတဲ့။ အဲဒီလိုပြောဆိုဆုံးမလို့ မရနိုင်ကြတာနဲ့ ရဟန်းတော်တွေက ‘ဪ… သာသနာမှာ ဒိဋ္ဌိ သူပုန်ထလာပြီ ပွားလာရင်ဖြင့် ခက်ကုန်လိမ့်မယ်’ဆိုပြီး ယမကရဟန်းရဲ့ အကြောင်းစုံကို အရှင်သာရိပုတ္တရာ မထေရ်ထံ သွားရောက် လျှောက်ထားကြတယ်။

ရှင်သာရိပုတ္တရာမထေရ် မေးမြန်းစီစစ်ပုံ

ဒီတော့ ရှင်သာရိပုတ္တရာမထေရ်ကလည်း ‘အင်း… ဒီလိုသာဆိုရင် အပါယ်စာဖြစ်ဖို့ရှိတယ်။ ဒီအယူမှားကို အခုလိုက်ပြီး ကယ်ချွတ်ပေးမှ ဖြစ်တော့မယ်’ဆိုပြီး ယမကရဟန်းရှိတဲ့နေရာကို ချက်ချင်းပဲ ကြွလိုက်လာတယ်တဲ့။ အဲဒီကျောင်းရောက်တယ်ဆိုရင်ပဲ ယမကရဟန်းကို ခေါ်ယူစစ်ဆေး မေးမြန်းစီစစ်တော်မူတယ်။

”ငါ့ရှင်ယမက အသင်ဟာ ဒီလိုမိစ္ဆာအယူရှိပြီး ဒီအတိုင်း လယ်ပြောနေတယ်လို့ ရဟန်းများ ပြောပြလို့ သိရတယ်။ ဒီကြားတဲ့အတိုင်း မှန်သလား?”

”မှန်လှပါ ရဟန်းများ လျှောက်ထားတဲ့အတိုင်းပင် အမှန်ဖြစ်ပါသည် ဘုရား”။

”ဒါဖြင့် ငါ့ရှင်ကို မေးမယ်၊ သေသေချာချာ စဉ်းစားပြီး သင့်ဉာဏ်မြင်တဲ့အတိုင်း ဖြေဆိုစမ်းလော့”။

”မှန်လှပါ ဉာဏ်မှီသမျှ ဖြေဆိုပါမည်ဘုရား”။

”ငါ့ရှင် ယမက ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေဟာ မြဲသလား?၊ မမြဲဘူးလား?”

”မမြဲတဲ့ အနိစ္စစင်စစ် အမှန်ပင် ဖြစ်ပါသည်ဘုရား”

”ဒီမမြဲတဲ့ အနိစ္စ ခန္ဓာငါးပါးကို သုခလို့ ဆိုမလား?၊ ဒုက္ခလို့ ဆိုမလား?”

”မှန်လှပါ မမြဲတဲ့သဘောဟာ ဒုက္ခစင်စစ်ပင် ဖြစ်ပါသည်ဘုရား”

”ဒီမမြဲလို့ ဒုက္ခအမှန်ဖြစ်တဲ့ ခန္ဓာငါးပါးကို ငါ့အတ္တပဲ။ ငါ့ကိုယ်ပဲလို့ စွဲယူသင့်သလား?”

”မမြဲလို့ ဆင်းရဲတဲ့သဘောဖြစ်တဲ့အတွက် ငါ့အတ္တ၊ ကိုယ်ပဲလို့ စွဲယူစရာ မရှိပါဘုရား”

”ဒီဒုက္ခစင်စစ်ဖြစ်တဲ့အတွက် ငါ့အတ္ထ၊ ကိုယ်ပဲလို့ စွဲယူဖို့ရာ မသင့်တဲ့ ခန္ဓာငါးပါးကို ပုဂ္ဂိုလ်ဆိုထိုက်မလား?၊ သတ္တဝါ ဆိုထိုက်မလား?”

”ဒီခန္ဓာငါးပါးကို ပုဂ္ဂိုလ်၊ သတ္တဝါ ဘာတစ်ခုမျှ ဆိုစရာမရှိ။ မဆိုထိုက်ပါဘုရား”။

”ဒါဖြင့် ငါ့ရှင်ယမက ခန္ဓာငါးပါးဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါက တခြား။ ခန္ဓာငါးပါးက တခြားလို့ကော ဆိုမလား?”

”ဒီလိုလည်း မဆိုရပါ ဘုရား”

”ဒါဖြင့် ခန္ဓာငါးပါးမှာ ပုဂ္ဂိုလ် သတ္တဝါ တည်ရှိနေတယ်လို့ကော ယူဆထိုက်သလား?”

”ဒီလိုလည်း မယူဆထိုက်ပါ ဘုရား”

”ဒါဖြင့် ခန္ဓာငါးပါးက အလွတ်မှာ ပုဂ္ဂိုလ် သတ္တဝါ တည်ရှိတယ်လို့ကော ယူဆထိုက်သလား?”

”ဒီလိုလည်းပဲ မယူဆထိုက်ပါ ဘုရား”

”ငါ့ရှင်မယက ခန္ဓာငါးပါးဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်။ ခန္ဓာငါးပါးက အလွတ်မှာ ပုဂ္ဂိုလ်သတ္တဝါလို့လည်း မရှိ။ ဒီလိုပုဂ္ဂိုလ်သတ္တဝါ ဆိုစရာမရှိ။ စင်စစ် မရှိရိုးမှန်ပါလျှင် ရဟန္တာပုဂ္ဂိုလ်သေရင် ပြတ်တယ်လို့ အသင်ယူတဲ့ အယူဝါဒဟာ သင့်မြတ်မှန်ကန်ပါမလား?”

”မှန်လှပါဘုရား တပည့်တော် ရှေးက မလိမ္မာလို့ ဒီလိုယူမိပါသည် သည်းခံတော်မူပါဘုရား။ ယခုအခါ အရှင်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် အရှင်ဘုရား၏ တရားစကားကို ကြားနာရသဖြင့် မိစ္ဆာအယူလည်း ပျောက်ကင်း ပါပြီ။ တရားအထူးကိုလည်း သိမြင်ရပါပြီ ဘုရား”

ရဟန္တာပုဂ္ဂိုလ်သေရင် ဘယ်လိုဖြစ်သလဲ

”ကောင်းပြီ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်သေရင် ဘယ်လိုဖြစ်သလဲလို့ ငါ့ရှင်ကို သူများတွေက မေးကြရင် ဘယ်လို ပြောမလဲ?”

”ခန္ဓာငါးပါး ရုပ်,နာမ်တရားဟာ မြဲတဲ့ အနိစ္စမျိုးသာ အမှန်ဖြစ်တယ်။ အနိစ္စမျိုးဟူသမျှ ဒုက္ခမျိုးသာ အမှန် ဖြစ်တယ်။ ပုဂ္ဂိုလ် သတ္တဝါ ရဟန္တာလို့ ဆိုစရာမရှိ တကယ်ဆိုစရာ ရဟန္တာရယ်လို့ မရှိတော့ ရဟန္တာသေတယ်လို့လည်း ဆိုစရာမရှိ။ သေပြီးတဲ့နောက် ပြတ်တယ် မပြတ်ဘူးလို့လည်း ဆိုစရာမရှိ။ ဒုက္ခမျိုးအမှန်ဖြစ်တဲ့ ခန္ဓာငါးပါးသာ ချုပ် ဆုံးသွားတာပဲ။ ခန္ဓာငါးပါးသာ ကွယ်ပျောက်သွားတဲ့သဘောပဲ”လို့ ပြောကြားပါမည် ဘုရား။

”သာဓု သာဓု ငါ့ရှင်ယမက ကောင်းလေစွာ့၊ ကောင်းလေစွာ့” ဒီလို အရှင်သာရိပုတ္တရာ မထေရ်က ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ပြီး ဇေတဝန်ကျောင်း ပြန်ကြွတော်မူတယ်။

တို့ဒကာတွေ သိဖို့က ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ငါးခုအစု ရုပ်စု နာမ်စုပဲ ရှိနေတာ။ ဒီခန္ဓာထဲမှာ နဂိုက ရဟန္တာမပါ၊ ပုဂ္ဂိုလ်မပါ၊ သတ္တဝါမပါဘူးဆိုတဲ့ အချက်ပဲ။ ဒီအချက်ကို မသိတော့ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ ကိုယ်လို့ စွဲယူပြီးတော့ ရဟန္တာသေရင် ပြတ်တယ်လို့ ယူလိုက်တော့တာပေါ့။ အဲဒီလိုယူလိုက်တော့ ဥစ္ဆေဒဒိဋ္ဌိဖြစ်၊ ဒီကနေ နိယတမိစ္ဆာဒိဋ္ဌိဖြစ်ရင် အဝီစိစာမှတစ်ပါး တခြားမရှိတော့ဘူးလို့ မှတ်လိုက်ကြ။

အမှန်အရှိက ဖြစ်ပျက်ပဲ ရှိနေတာ

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးခု ရုပ်နာမ်အစုဟာ အမြဲတမ်း ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက် နဲ့ အမှန်အရှိက ဖြစ်ပျက်ပဲ ရှိနေတာ။ ဒီဖြစ်ပျက် အနိစ္စအချက်ကို ပိုင်နိုင်ရင် ဒုက္ခအချက် ပိုင်မယ်။ ဒုက္ခအချက် ပိုင်ရင် အနတ္တအချက် ပိုင်မယ်။ အနတ္တအချက် ပိုင်ရင် အတ္တဒိဋ္ဌိ ပုဂ္ဂလဒိဋ္ဌိ ကွာရော။ အတ္တဒိဋ္ဌိကွာတော့ ရဟန္တာရယ် လို့ တကယ်မရှိတဲ့ အဖြစ်ကို မြင်သိလာမယ်။ ဒီလိုသိမြင်တော့ သေပြီးတဲ့နောက် ပြတ်တယ်ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း ပြုတ်တော့တာပဲ။ နဂိုကမှ ပုဂ္ဂိုလ် ရဟန္တာလို့ အဟုတ်မရှိတာမို့ သေရင် ပြတ်တယ် မပြတ်ဘူးလို့ ဆိုစရာမရှိတော့ ဘူးပေါ့။

အပြတ်ယူရင် ဥစ္ဆေဒဒိဋ္ဌိ အဆက်ယူရင် သဿတ။ တို့ဒကာတွေ သတိပေးလိုတယ်။ ဒကာတို့တစ်တွေ မိရိုး ဖလာနဲ့ နေလာတာ ဘာမှမသိကြဘူး။ မသိတော့ ဘယ်လောက်နစ်နာသလဲ? အဲဒါ မသိနာ နာကြရတာ။ ဆရာ ဘုန်းကြီးက ဟောပြလို့ အခုနေ သိကြရပြီ။ သိရင် သိတဲ့အတိုင်း လုပ်ကြ။ သိပြီးမလုပ်ရင် သိနာ နာမှာပဲ။ အဲဒီ သိနာ နာရင် သာဆိုးတယ်၊ ရှင်းကြပလား?။ ဒါကြောင့် သိပြီး မနာရအောင် လုပ်ကြ။

ဗြဟ္မာ့ပြည်က အပ်ကလေးတစ်စင်းကို ချလိုက်။ အောက်လူ့ပြည်က အပ်ကလေးတစ်စင်းကို ထောင်ထား အပ်သွားအချင်းချင်းသာ ထိခိုက်နိုင်ဖွယ်ရှိတယ်။ လူ့ဘဝရဖို့ရာ ဒီအပ်သွားချင်း ထိဖို့ထက် အဆရာထောင်မက ခဲယဉ်းသေးတယ်တဲ့။ ဒါလောက် ခဲယဉ်းတာတောင် အခုရနေကြပြီ။ ဒီလို ခဲခဲယဉ်းယဉ်း ရလာတဲ့အခါကလေးကို လက်မလွတ်ကြစေနဲ့။ ရိပ်မိကြပလား?။ လက်လွတ်ခံရရင် ဒီထက်ရှုံးဖြင့် မရှိတော့ဘူးလို့ ဆုံးဖြတ်ချက်ချကြ။

သဿတ, ဥစ္ဆေဒ စတဲ့ အယူမျိုးတွေရှိနေရင်

ဒီ အခုပြောခဲ့တဲ့ ဆက်မှား၊ ပြတ်မှားဆိုတဲ့ မိစ္ဆာအယူတွေ မိမိသန္တာန်မှာ ရှိနေသလား?၊ မရှိဘူးလား?။ ကိုယ်တိုင်ဆန်းစစ်ပြီး ကြည့်ကြ။ တကယ်လို့များ ရှိနေသေးရင် မကွာကွာအောင် ဆရာကောင်း ကြုံတိုင်း ခွါထုတ်ပစ် ကြ။ ဒီ သဿတ, ဥစ္ဆေဒ စတဲ့ အယူမျိုးတွေရှိနေရင် မဂ်လမ်း၊ ဖိုလ်လမ်းနဲ့ ဖီလာသွားမယ်။ မဂ်လမ်း၊ ဖိုလ်လမ်း အသာထားဦး။ ဝိပဿနာဉာဏ်နားတောင်မှ သီနိုင်ကြမယ်မဟုတ်ပါဘူး။ ဒီလိုရှိနေသူဟာ ဘုရား၊ တရား၊ သံဃာ၊ သာသနာနဲ့ တွေ့ရတယ်လို့ မဆိုနိုင်ဘူး။ သာသနာပလူပဲ။

ဒိဋ္ဌိကွာအောင် ဘယ်လိုလုပ်ရမလဲ?။ အကြောင်းကြောင့် အကျိုးဖြစ်တယ်။ အကြောင်းတရားက ပြုပြင်လို့ အကျိုးတရား ပေါ်လာတယ်။ နောက်ဘဝက မသိလို့ အမျိုးမျိုးတွေ လုပ်ခဲ့ကြတယ်။ အဲဒီအမျိုးမျိုးလုပ်ခဲ့တဲ့အကြောင်း ကြောင့် ဒီဘဝမှာ ဝိညာဏ်ပေါ်လာတယ်။ ဒီဝိညာဏ်ကြောင့် နာမ်ရုပ်ပေါ်။ အဲဒီလို သင်္ခါရ အဆက်ဆက်ဖြစ်၊ ဖြစ် ပြီး ချုပ်နေတာပဲရှိတယ်။ ဒီလိုသိရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်မယ်။

ယမကရဟန်းရဲ့ နေရာမှာ သင်္ခါရဖြစ်ပြီး ချုပ်တာပဲရှိတယ်။ ရဟန္တာသေတာရယ်လို့ မရှိဘူး။ ရှေ့သင်္ခါရ ဖြစ်ပြီးချုပ်၊ နောက်သင်္ခါရ ဖြစ်ပြီးချုပ်၊ ဒီလို ရုပ်နာမ်သင်္ခါရ အဆက်ဆက် ဖြစ်ချုပ်တွေပဲ ရှိတယ်။ သင်္ခါရချုပ်ဆိုတာ ဒုက္ခအစုချုပ်တာ ရဟန္တာသေတာမဟုတ်။ ဒုက္ခအစုတွေ ချုပ်တာပဲ တကယ်ရှိတယ်လို့ သိရင် ဒိဋ္ဌိစင်ပြီဆိုတာ မှတ်ကြ။

အကျင့်နဲ့ ဖြတ်နိုင်မှသာ သေချာမယ်

သင်္ခါရ ဒုက္ခအစုချုပ်တော့ အသင်္ခတ သုခရတယ်။ သင်္ခါရ ဒုက္ခအစုတွေက လွန်မြောက်ပြီး အသင်္ခတသုခ ဆိုတဲ့ ဒီဘက်ကူးသွားတယ်လို့ မှတ်ထားကြ။

တို့ဒကာတွေ ပြောတတ်ကြတယ်။ ‘သိ,ပြီးရော သိရင် ပြီးတာပဲ ဘာမှမလိုတော့ဘူးတဲ့’ အသိပြတ်ရုံနဲ့ အပါယ် စိတ်မချရဘူးလို့ မြဲမြဲမှတ်။ အသိကလေးနဲ့ မရ။ အကျင့်နဲ့ ဖြတ်နိုင်မှသာ သေချာမယ်။ ဝါးလုံးခေါင်းထဲ လသာပြီး ကိုယ့်အသိကလေးနဲ့ ကိုယ်တော်သေးရဲ့ အောက်မေ့ပြီး ကျေနပ်မနေကြနဲ့။ လောကထဲမှာ သင်္ခါရဒုက္ခနဲ့ နေကြရလို့ သတ္တဝါမှန်သမျှ အားလုံး လူဆင်းရဲချည်းပဲဆိုတာ သိထားကြ၊ သဘောပါကြပလား?။

ကိုင်း… ယနေ့ ဒီတွင်တော်ကြဦး။

**********