20208

ခန္ဓာဉာဏ်စိုက် သုညဆိုက် တရားတော်

(၁) ဓမ္မ၊ ခန္ဓာမှ ဖြစ်ပေါ်လာဆဲ တရား။(၂) အနုဓမ္မ ပဋိပတ္တိ၊ ထိုတရားနှင့်လျော်စွာ ကျင့်တဲ့အကျင့်။

ဆောင်ပုဒ်

တရားဓမ္မာ၊ ခန္ဓာမှာ၊ မှန်စွာ အမြဲရှိ။

ပေါ်လာကြုံခိုက်၊ ဉာဏ်စူးစိုက်၊ အလိုက် နုပတ္တိ။

ပေါ်ဆဲစိတ်စဉ်၊ ရှုစိတ်ဝင်၊ မှန်မြင် ဖြစ်ပျက်သိ။

ရှေ့စိတ်သုည၊ နောက်ဉာဏ်ရ၊ နတ္တ ဉာဏ်ကဝိ။

ခန္ဓာငါးခွင်၊ သုညမြင်၊ လွတ်စင် သေမင်းမိ။

တရားသား

ခန္ဓာမှာ တရားပေါ်တဲ့အချိန် မှတ်ကြ

တို့ဒကာတွေ ခန္ဓာမှာပေါ်သမျှ ရှုမှတ်ကြလို့ ပြောတော့ ဘယ်အချိန်မှတ်ရမလဲမေးရင် ပေါ်တဲ့အချိန်မှတ်လို့ ပြောလိုက်ပါတယ်။ ခန္ဓာမှာ တရားပေါ်တဲ့အချိန် မှတ်ကြ။ ဘယ်လိုပေါ်တဲ့အချိန်လဲ?။ ဓမ္မာနုဓမ္မပဋိပတ္တိတဲ့။ ဓမ္မက ပေါ်လာတဲ့တရား၊ အနုဓမ္မပဋိပတ္တိက ဒီတရားနဲ့လျော်တဲ့ အကျင့်ပဲ။

ဒီဓမ္မက ပြတဲ့အတိုင်း ရှုရမယ်တဲ့။ ဓမ္မက တရား၊ အနုက လျော်တဲ့၊ ပဋိပတ္တိက အကျင့်၊ ပေါင်းတော့ ခန္ဓာ မှာ ပေါ်တဲ့တရားနဲ့ လျော်အောင်ကျင့်တဲ့ အကျင့်လို့မှတ်။ တရားကျင့်တဲ့အခါ ဒါအရေးအကြီးဆုံးအချက်ပဲလို့ မှတ် ထားကြ။ တရားက ခန္ဓာမှာ တစ်မျိုးတစ်မျိုး အမြဲပေါ်နေတာ။ ပေါ်တဲ့အခါ ဉာဏ်နဲ့စိုက်ကြည့်။ ကြည့်တော့ ဖြစ်။ ဖြစ်ပြီးပျက် ပျက်သွားတာကို မြင်ရမယ်။ ဒီအခါ ဪ …ဖြစ်ပြီးပျက်တဲ့ ဖြစ်ပျက်ကိုးလို့ သိလိုက်ရမယ်။

ဒီလိုကျင့်တော့ ဖြစ်ပျက်မြင်ရော။ ဒီတော့ တရားနဲ့ မလျော်ဘူးလား?။ အမှန်တကယ်အရှိ ရုပ်နာမ်ဖြစ်ပျက် တာကို တကယ်သိတော့ တရားနဲ့လျော်တာပေါ့။ ခန္ဓာမှာ ဓမ္မက အချိန်မရွေးရှိပါတယ်။ ဒါကို ခင်ဗျားတို့က သိဖို့ အရေးကြီးတယ်။ သဘောပါကြရဲ့လား?။ သိအောင် ဉာဏ်စိုက်ထားကြ။ ဉာဏ်မစိုက်ရင် အဝိဇ္ဇာဝင်မယ်၊ အဝိဇ္ဇာ ဝင်တာနဲ့ သံသရာစက် အစကနေပြီး မှောင်ကြီးအတိ ကျတော့မယ်ဆိုတာ မှတ်လိုက်ကြ။

အနုပဋိပတ္တိက လျော်တဲ့အကျင့်

မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ အဂ္ဂိဝစ္ဆပုဏ္ဏားကို ဟောတဲ့အချက်မှာ လာရှိတယ်လို့မှတ်။ ဓမ္မက ဖြစ်ပျက်တရား၊ အနုပဋိပတ္တိက လျော်တဲ့အကျင့်၊ သတ္တဝါတွေ သံသရာရှည်သလောက် ကိလေသာမကုန်နိုင်တာဟာ ဒီဟာနဲ့ဒီဟာ မဟပ်မိလို့။ ဒီဓမ္မနဲ့ ဒီအနုပဋိပတ္တိ မဟပ်မိကြလို့ သံသရာရှည်ကြရတာ။ တစ်ခုနဲ့တစ်ခု မဟပ်မိလို့ ကိလေသာကြား ထိုး ကြားထိုးတော့ နိဗ္ဗာန်မရနိုင်ကြဘူးလို့ ဟောတော်မူတယ်။

ဘုရားဟောတာက ဝိပဿနာအလုပ်၊ ဉာဏ်အလုပ်၊ မဂ္ဂင်အလုပ်၊ တို့ဒကာတွေ လုပ်နေတာ သမထအလုပ်၊ သံသရာရှည်တဲ့ အလုပ်တွေပဲ။ အဲဒီတော့ ဒီဓမ္မနဲ့ အနုပဋိပတ္တိ မဟပ်မိတော့ဘူး။ ဓမ္မာနုဓမ္မပဋိပတ္တိ မဟုတ်တော့ဘူး။ စေတနာကဟုတ်ပေမယ့် ဉာဏ်မအုပ်နိုင်တော့။ အလုပ်က မမှန်တော့ဘူး။ အလုပ်မမှန်၊ အကျင့်မမှန်တော့ သံသရာ လမ်းရှည် လျှောက်နေရတာပေါ့။ ရိပ်မိကြပလား?။

ဓမ္မာနု ဓမ္မပဋိပတ္တိဖြစ်ဖို့ ဘယ်ဓမ္မလို့ မဆိုဘူး။ ခန္ဓာမှာ ပေါ်လာတဲ့ စိတ်ဓမ္မဖြစ်ဖြစ်၊ ရုပ်ဓမ္မဖြစ်ဖြစ် ပေါ်တာ မလွတ်အောင်ရှု။ ပေါ်လာရင် နောက်က အနုပဋိပတ္တိ လိုက်ရမယ်။ ရှေ့ကဓမ္မ၊ နောက်က အနုပဋိပတ္တိဖြစ်ရမယ်။ ဒီလိုညီညွတ်ရင် ဒါဟာလျော်တဲ့အကျင့်ပဲ။ မဂ်၊ ဖိုလ်ရဖို့ သိပ်မခက်ပါဘူး။ လျော်အောင်ကျင့်နိုင်ရင် မဂ်ဖိုလ် မကြာခင် ရမယ်လို့ ဆုံးဖြတ်ချက်ချ။

ကိလေသာ ကြားမထိုးရင် ညအားထုတ် မနက်ရမယ်

ဒီလို ရှေ့က ဓမ္မ၊ နောက်က အနုပဋိပတ္တိဖြစ်အောင် ကျင့်တော့ ကိလေသာ ကြားမထိုးနိုင်ဘူး။ ကိလေသာ ကြားမထိုးရင် ညအားထုတ် မနက်ရမယ်။ မနက်က အားထုတ်ရင် ညမှာရမယ်လို့ ဟောတော်မူတယ်။ ဒါဟာ=

+++’သာယမနုသိဋ္ဌော ပါတော ဝိသေသံ အဓိဂမိဿတိ’။

‘ပါတမနုသိဋ္ဌော သာယံ ဝိသေသံ အဓိဂမိဿတိ’။

ဆိုတဲ့ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဗောဓိရာဇကုမာရ သုတ်လာ အဓိပ္ပာယ်ပါပဲ။ သံသယမရှိကြနဲ့။ ဒါကြောင့် တို့ဒကာတွေက လျော်အောင် လုပ်ဖို့အရေးဟာ တို့အရေးပါလားလို့ ဆုံးဖြတ်ချက်ချ။ ရှင်းကြပလား?။

ဓမ္မက ဖြစ်ပျက်ပြပေမယ့် နောက်က ဒါလေးက ကောင်းတယ်လို့ ထင်နေတော့ မလျော်တဲ့အကျင့် ဖြစ်သွား တယ်။ အနုပဋိပတ္တိ မလာတော့ အဝိဇ္ဇာ လာတာပေါ့။ တရားကတော့ ပြနေတယ်။ သူက မကျင့်ဘူး။ ဒီလိုဖြစ်တာ ဘာကြောင့်လဲ?။ ဝိပ္ပလ္လာသ မကင်းလို့ ဘယ်လိုမကင်းသလဲ?။ ဒါဟာ ငါ့စိတ်တဲ့၊ အဲဒါဖောက်ပြန်တဲ့ ဝိပ္ပလ္လာသ လက်ချက်။ တို့ဒကာတွေ တရားမရနိုင်တာ သိကြပလား?။ ပါရမီမရှိလို့ မဟုတ်ဘူး နည်းပေးလမ်းညွှန် ဆရာကောင်း လိုလို့ဆိုတာ ဆုံးဖြတ်ချက်ချ။

နည်းကောင်းလမ်းမှန်ရရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်

နည်းကောင်းလမ်းမှန်ရရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်။ သံသယရှိနေဖို့ မလိုဘူး။ သဘောပါကြပလား?။ ခန္ဓာ မှာပေါ်တဲ့ ဓမ္မက ဖြစ်ပျက်ရှိနေတာ။ ဒီအမှန်ရှိတဲ့ ဖြစ်ပျက်ကို နောက်ဉာဏ်က အမှန်သိပြီး လိုက်နေရမယ်။ အဲဒီလို လိုက်နေမှ လျော်တဲ့အကျင့်ပဲ။ ရှေ့က ဖြစ်ပျက်၊ နောက်က မဂ်။ ဒီအတိုင်း ကိလေသာ မခြားအောင် လိုက်နိုင်ရင် မကြာခင် မဂ်ရတော့မယ်လို့ မှတ်လိုက်ကြ။

ပေါ်လာတဲ့ ဓမ္မကို ကောင်းတယ်၊ မကောင်းဘူးထင်ရင် ဝိပ္ပလ္လာသ ဝင်မယ်။ အဲဒါမလျော်တဲ့အကျင့် ဖြစ် သွားတာပဲ။ မလျော်တဲ့အကျင့်ဖြစ်ရင် ပဋိစ္စသမုပ္ပါဒ် ဆက်သွားပါရော။ အနုပဋိပတ္တိ မဝင်မိလို့ ပဋိစ္စသမုပ္ပါဒ်ဆက်ရင် မြုပ်၊ မျောဖို့သာ ပြင်ကြတော့။

ရှေ့က တစ်ရှိရင် တစ်ကိုသိရမယ်။ နှစ်ရှိရင် နှစ်ကိုသိ၊ သုံးရှိရင် သုံးကိုသိ၊ သုညရှိရင် သုညသိကြပါ။ မသိ ရင် ဖြစ်ပျက်နောက်က ကိလေသာ တောထနေမယ်ဆိုတာ မှတ်ကြ။ သုညဆိုတာ ဖြစ်ပျက်ကိုဆိုတာ။ ရှေ့စိတ်ကို ရှုဉာဏ်လိုက်တော့ ဖြစ်ပြီးပျက်သွားတာ တွေ့ရမယ်။ ဖြစ်ပြီးပျက်သွားတော့ အဲဒီနေရာမှာ ဘာမှမကျန်ဘူး။ သုညပဲ ကျန်တယ်။ အဲဒါကို ဉာဏ်နဲ့မြင်အောင် ကြည့်ရမယ်လို့ ပြောတာ။ ရှင်းကြပလား?။

ဖြစ်ပျက်သာ တွေ့နေပေစေ

ရှေ့က သုည၊ နောက်က လျော်တဲ့အသိ၊ အဲဒီလို ကိုက်နေရမယ်။ သုညသိရင် အဲဒီလိုကိုက်ရင် ရှေ့ကသုည၊ နောက်ကမဂ်ပဲ။ တစ်ကို နှစ်ကို မတွေ့စေနဲ့။ သုညတွေ့ပေစေ။ အဓိပ္ပာယ်က ဘာစိတ်၊ ညာစိတ် ဘာဝေဒနာ မတွေ့ စေနဲ့။ မကြည့်နဲ့ ဖြစ်ပျက်သာ တွေ့နေပေစေ။ ဖြစ်ပျက်သာ ကြည့်ပေးလို့ ဆိုလိုတယ်။ စိတ်စိတ်ချင်းရှုရင် နောက် ရှုစိတ်ပေါ်ရင် ရှေ့စိတ် သုညဖြစ်တာပဲ။ နောက်စိတ်က ဘာလဲလို့ကြည့်တော့ ‘ပျက်ပြီ ပျက်ပြီ’ ‘ဟော ပျက်ပြီ’လို့ သိမြင်တယ်။ အဲဒါသုညပဲ။ ရှင်းပလား?။

ဒီအဓိပ္ပာယ်စကားကို ဘုရားက မောဃရာဇ မထေရ်ကို ဟောတော်မူတယ်။ သုတ္တနိပါတ်ပါဠိတော်မှာ လာ တဲ့စကားလို့ မှတ်ကြ။ ဘုရားက ‘မောဃရာဇ မင်းတို့ခန္ဓာ သုညဖြစ်အောင် ရှုကြ၊ သုညဖြစ်အောင် ရှုတော့ အတ္တာနု ဒိဋ္ဌိပြုတ်မယ်’လို့ ဟောတယ်။

+++သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါသတော၊ အတ္ထာနုဒိဋ္ဌိံ ဥဟစ္စ၊ ဧဝံ မစ္စုတရော သိယာ၊ ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ နပဿတိ။

ဘာသာပြန်

အို မောဃရာဇ သက္ကာယဒိဋ္ဌိ အယူမှားကြီးကို ပယ်စွန့်နှုတ်ပစ်၍ ပယ်စွန့်နှုတ်ပစ်နိုင်အောင် ဒုက္ခသစ္စာ ခန္ဓာလောကကြီးကို အနှစ်မပါ ဗလာအတိ ဘာမျှမရှိမှန်းသိရအောင် (ဝါ) သုညဖြစ်အောင် အမြဲတမ်း သတိချပ်ကာ ကြည့်ရှုပါလော့။ ဤသို့ကြည့်ရှု၍ အမှန်သိခဲ့သော် သေခြင်းမှ လွတ်မြောက်ပေရာ၏။ အို မောဃရာဇ ဒီဒုက္ခသစ္စာ ခန္ဓာလောက ဟူသမျှမှာ သုညသာတည်းဟု ရှုကြည့်နေသူကို သေမင်း မမြင်နိုင်ပါတကား။

သုညမြင်အောင် ရှုကြရမယ်

ဒါကြောင့် တို့ဒကာတွေ သုညမြင်အောင် ရှုကြရမယ်။ သုညတွေ့ရင် တဏှာဒိဋ္ဌိ သေတယ်။ ရှေ့က သုည တွေ့ရင် နောက်က ခန္ဓာ အာယတန၊ ဓာတ်တွေ ရာဂ၊ ဒေါသ၊ မောဟတွေ ဆိတ်သုဉ်းတဲ့ သုညတနိဗ္ဗာန် တွေ့ရမယ်။ ဒါကြောင့် ဘာစိတ်ပေါ်ပေါ် ပေါ်လာသမျှ ရှုရှုတော့ တစ်-ဖြစ်၊ နှစ်-ပျက် တကယ်ရှုတော့ တစ်-နှစ် မတွေ့ရတော့ ဘူး။ သုညပဲ တွေ့ရမယ်။ အဲဒီလိုတွေ့ရတဲ့ဉာဏ်ဟာ အနတ္တဉာဏ်ပဲ။ သုညတွေ့မှ အနတ္တဉာဏ် ရမယ်လို့ မှတ်ကြ။

သုညကို မှတ်တတ်ဖို့အရေးက ခင်ဗျားတို့အရေး။ ဒါမှ သုညတနိဗ္ဗာန် တွေ့နိုင်မယ်။ သုညတနိဗ္ဗာန်ဆိုက်မယ်။ သဘောပါကြပလား?။ နည်းရရင် ကြိုးစားအားထုတ်ကြ။ သုည မြင်အောင် အားထုတ်ဖို့ ခင်ဗျားတို့တာဝန်၊ နည်းမှန် ရောက်အောင် ဟောပြောရေးက ဘုန်းကြီးတာဝန်၊ တာဝန်နှစ်ဝန် ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆောင်ရွက်ကြ။ တာဝန်လစ်ဟင်းရင် အဖျင်းတကာ့ ထိပ်ပိတ် တံဆိပ်ခတ်ဖို့ပဲ ရှိတော့တယ်။ ရှင်းပလား?။

ဒါကြောင့် တို့ဒကာတွေတာဝန်က ခန္ဓာငါးပါးကို သုညဖြစ်အောင်လုပ်ကြ။ ခန္ဓာငါးပါးသုညဖြစ်အောင် လုပ် နိုင်ရင် နောက်က သေမင်းကို ကျေးဇူးပြုမဲ့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ စတဲ့ တရားတွေ မလာတော့ဘူး။ သဘော ပါကြပလား?။ ဝိသုဒ္ဓိမဂ်မှာ ‘ဟုတွာ အဘာဝတ္ထေန အနိစ္စံ’လို့ ဆိုတယ်။ ဖြစ်ပြီး မရှိတော့ဘူးတဲ့။ အဲဒါ အနိစ္စပါပဲတဲ့။ ဖြစ်ပြီး ဘာမှမရှိတော့တာ သုညပဲ။ ဘာမှမရှိရင် သုညပဲ ရှိတာပေါ့။

ငါမရှိ၊ ငါ့ဥစ္စာမရှိ

ခန္ဓာမှာ ဉာဏ်နဲ့ရှာကြည့်ရင် ဘာမှမရှိပါဘူး။ ငါမရှိ၊ ငါ့ဥစ္စာမရှိ တကယ်အရှိက ဖြစ်ပျက်အပျက်ပဲရှိတာ။ သုညပဲ ရှိတာပါပဲတဲ့။ အဲဒီသုညမြင်အောင် ကြည့်ကြ၊ မကြည့်ရင် မဖြစ်ဘူး။ ခင်ဗျားတို့တစ်တွေဟာ ခန္ဓာရထားကြတဲ့ လူချည်းပဲ။ ခန္ဓာရထားတဲ့လူဟာ ဒီအလုပ်မလုပ်ရင် အသေစောင့်နေတာပဲ။ သေမင်းစောင့်နေတာလို့မှတ်။ အသေ ခန္ဓာ ကိုယ်ပိုင်ရထားမှတော့ ဒီအသေက မလွတ်ကြဘူး။ ဒီတော့ ပေါ့နေလို့ မဖြစ်တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချ။ ရိပ်မိကြပလား?။

တို့ဒကာတွေ အရင်တုန်းကဆိုရင် သေမင်းစောင့်တာနဲ့ပဲ အချိန်ကုန်လာခဲ့ကြတယ်ဆိုရင် မမှားဘူး။ အစား လေးစားပြီး စောင့်ကြ။ အဝတ်ကလေးဝတ်ပြီး စောင့်ကြ။ သေမင်းကလည်း ခန္ဓာဝန်နဲ့ အခွန်ဆက်မှ လက်ခံမှာ။ ဒီပြင် ဘာနဲ့မှ လက်မခံဘူး။ တို့ဒကာတွေ နောက်ထပ်သေမင်းကို အခွန်ဆက်ချင်ကြသေးသလား?လို့ မေးလိုက်ပါ တယ်။ နောက်ထပ် မဆက်ချင်တာ ဟုတ်ရင် အားထုတ်ကြ။

ခန္ဓာသုညဖြစ်အောင် ကြည့်ကြ

တို့ဒကာတွေ သေမှာတော့ ကြောက်တယ်မဟုတ်လား?။ မကြောက်ဘူးဆိုရင် ရူးလို့ပဲ။ ကြောက်တယ်ဆိုရင် ခန္ဓာသုညဖြစ်အောင် ကြည့်ကြ။ ခန္ဓာသုညဖြစ်မှ ဒီအသေဒုက္ခက လွတ်နိုင်ကြမှာ။ ခန္ဓာမှန်ရင် ဘာခန္ဓာဖြစ်ဖြစ် သေမင်း စားဖတ် ဝါးဖတ်ချည်းပဲ။ ခန္ဓာရသူမှန်သမျှ သေမင်း စားဖို့၊ ဝါးဖို့ အခွန်ဆက်ကြ။ ဘဝပေါင်း အသင်္ချေနဲ့ အနန္တ သေမင်း စားဖတ်၊ ဝါးဖတ်အဖြစ် ခံကြရတယ်။ အဲဒါ သုညမဖြစ်လို့ ခန္ဓာသုညဖြစ်အောင် မလုပ်ကြလို့ပဲ သဘောပါကြပလား?။ ဓမ္မကရှိပေမယ့် အနုပဋိပတ္ထိ မဖြစ်လို့။

ဒါကြောင့် တို့ဒကာတွေ ညွှန်ပြတတ်တဲ့ ဆရာနဲ့ ကြုံကြိုက်တုန်း ခန္ဓာသုညဖြစ်အောင် လုပ်ကြ။ ကြိုးစား အားထုတ်ကြပါလို့ အလေးအနက် တိုက်တွန်းလိုက်တယ်။

ကိုင်း…ယနေ့ ဒီတွင်ပဲ တော်ကြဦး။

**********