20206

ခန္ဓာချည်တိုင် မရုန်းနိုင် တရားတော်

‘ခွေး’ဥပမာ= ‘သတ္တဝါ’ဥပမေယျ

ချည်တိုင် မရုန်းနိုင်အောင်= ခန္ဓာချည်တိုင် မလွတ်နိုင်အောင်

ကြိုး အချည်အနှောင်= သက္ကာယကြိုး အနှောင်အဖွဲ့

လည်ပတ် ခံနေရသည်= တဏှာလည်ပတ် ခံနေကြရသည်

ဆောင်ပုဒ်

လည်ပတ်မြဲခိုင်၊ ဖွဲ့ကြိုးပိုင်၊ ချည်တိုင် ပတ်ချာချာ။

ဒီတွင်နေစား၊ ဒီတွင်သွား၊ ဒီနား အိပ်ရရှာ။

ညစ်ကြေးစွန့်လျှင်၊ ဒီနားပင်၊ သေလျှင် နီးမကွာ။

ချည်တိုင်ရစ်ဝဲ၊ မခွါရှဲ၊ ခွေးနဲ ဥပမာ။

သတွာဆိုင်ဆိုင်၊ ခန္ဓာတိုင်၊ မြဲခိုင် မလွတ်လာ။

သက္ကာယကြိုး၊ တဏှာဆိုး၊ တုပ်မျိုး လည်ပတ်သာ။

တစ်ရစ်ပတ်ပတ်၊ လှည့်တုံလတ်၊ မပြတ် ဘယ်သံသာ။

သစ္စာမသိသူ၊ ထိုနည်းတူ၊ ဘယ်မူ မလွတ်ရာ။

အနမတဂ္ဂ၊ သံသာရ၊ သုတ္တံမိန့်ခွန်းလာ။

တရားသား

သံသရာဆုံးချင်ရင် မဂ်ရအောင် လုပ်

တို့ဒကာတွေ သံသရာ ဘယ်ကစခဲ့ကြသလဲ?။ မသိပါဘူး။ အဲ ဟုတ်ပြီ မသိတာက စခဲ့ကြတယ်။ ဒါကြောင့် သံသရာအစ အဝိဇ္ဇာကလို့ မှတ်ထားကြ။ ရိပ်မိကြပလား?။ သံသရာဆုံးတော့ ဘယ်မှာဆုံးမလဲ?။ မဂ်ရရင် ဆုံးတော့ မယ်။ သံသရာဆုံးချင်ရင် မဂ်ရအောင် လုပ်ရလိမ့်မယ်။ မဂ်မရသမျှ သံသရာ ဘယ်တော့မှ မဆုံးတော့ဘူးလို့မှတ်။

သံသရာမဆုံးလို့ ဒုက္ခစက် လည်နေကြတာ။ သံသရာမဆုံးရင် ဒုက္ခစက်ထဲ လည်ကြဦး။ အဖန်ဖန်ဖြစ်၊ အဖန်ဖန်ပျက် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ အဆက်မပြတ်အောင် ဒလစပ် လှည့်ပတ်နေတော့တယ်။ ဖြစ်လိုက်၊ ပျက်လိုက် ဆိုတဲ့ ဖြစ်ပျက်ဒုက္ခစက်ကြီး အဆက်မပြတ်နိုင်တော့ဘူး။

ခန္ဓာရတော့ ခန္ဓာနဲ့နေ၊ ခန္ဓာနဲ့ သေကြရ။ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ ငရဲ တိရစ္ဆာန် ပြိတ္တာခန္ဓာ၊ ခန္ဓာ အမျိုးမျိုးတွေ တစ်မျိုးပြီးတစ်မျိုး ရကြမယ်။ ခန္ဓာရတော့ ခန္ဓာနဲ့နေကြ။ ခန္ဓာနဲ့ပဲသေလို့ မဆုံးနိုင်တော့ဘူး။ ဒုက္ခသစ္စာ နဲ့နေ၊ ဒုက္ခသစ္စာနဲ့ နေကြ၊ ဒုက္ခသစ္စာက လွတ်ခွင့်မရနိုင်ဘဲ တဝဲလည်လည်လှည့်ပြီး ခံနေကြရတယ်။

ဘုရားပွင့်ရင် ဒုက္ခက လွတ်နိုင်ကြမယ်။ ဘုရားပွင့်မှသာ ဒုက္ခသစ္စာနဲ့ အိုးစားကွဲမယ်လို့ မှတ်လိုက်ကြ။ ဘုရားမပွင့်သမျှ ဒုက္ခက လွတ်ခွင့်ကို မရနိုင်ကြဘူး။ ဘုရားမပွင့်တဲ့အခါ ပွဲအမျိုးမျိုး ဆင်နွှဲနေကြရတယ်။ ဇာတိပွဲ၊ ဇရာပွဲ၊ မရဏပွဲဆိုတဲ့ ပွဲအမျိုးမျိုးတွေပဲ နွှဲနေရတယ်။ ဇာတိပွဲက မလွှဲသာပွဲ၊ ဇရာပွဲက မတတ်သာပွဲ၊ ဗျာဓိပွဲက အား နာပွဲ၊ မရဏပွဲက နှင်ထုတ်တဲ့ပွဲ၊ မောင်းထုတ်ခံရတဲ့ပွဲလို့ မှတ်ကြ။

သစ္စာမသိသမျှ ဒီပွဲတွေ ခံချင်ကြလို့ပဲ

တို့ဒကာတွေ သစ္စာမသိသမျှ ဒီပွဲတွေ ခံချင်ကြလို့ပဲ။ သစ္စာမသိရင် နောက်ပွဲ ခံချင်သေးလို့ပဲဆိုတာ မှတ်ထား ကြ။ ဇာရာပွဲက အတွင်းတေဇော၊ အပြင်တေဇော အရိုက်ခံရတဲ့ပွဲပဲ။ မရဏပွဲက ပြည်ရွာက မောင်းထုတ်ပြီး နှင်တဲ့ပွဲလို့ ခေါ်တယ်။ တို့ဒကာတွေ ဘယ်ပွဲများ ခံချင်ကြသေးတုံး?။ မေးလိုက်ပါတယ်။

နောက်ပွဲမခံချင်ရင် သာသနာကြုံတဲ့အခါ ကြိုးစားကြ၊ မကြိုးစားရင် မျောက်သစ်ကိုင်းလွတ်သလို လှလှကြီး ဒုက္ခတွေ့ရတော့မယ်။ မျောက်နှစ်ကောင် သစ်ပင်ပေါ်မှာ တစ်ကောင်နဲ့တစ်ကောင် ဒေါသကြီးကြီးနဲ့ ရန်ဖြစ်၊ နပန်း လုံး သစ်ကိုင်းလွတ်ပြီး သစ်ပင်က ကျသေရတယ်။ တို့ဒကာတွေလည်း သာသနာသစ်ကိုင်း လက်လွတ်ခံကြရင် ကျသေ ဖို့ပဲ ရှိတော့တယ်လို့ ဆုံးဖြတ်ချက်ချ။

ဗဟုသုတမရှိကြတော့ ဒုက္ခခန္ဓာ အဟုတ်ကြီးထင်ပြီး ဒုက္ခခန္ဓာ ခင်မင်နေကြတယ်။ ခင်လို့မင်လို့ ခလုတ်မထိ ဆူးမငြိအောင် လုပ်နေကြတာပေါ့။ ခန္ဓာကို ငါထင်ပြီး ခန္ဓာကို ငါလုပ်နေတာ သစ္စာမသိလို့ သစ္စာလည်းမသိ၊ အကြား အမြင်လည်း မရှိတော့ ခန္ဓာခင်မင်နေတာပေါ့။ အကြားအမြင်ရှိ သစ္စာသိတဲ့သူကတော့ ခန္ဓာမခင်ဘူး။ ဘယ်ခင်တော့ မလဲ သူက အမြင်မှန် သစ္စာအမြင် ရသွားပြီကိုး။

သံသရာမှာ ဘယ်လိုများ နေကြသလဲ?

ခန္ဓာခင်တဲ့ တို့ဒကာတွေ သံသရာမှာ ဘယ်လိုများ နေကြသလဲ?။ ‘အနမတဂ္ဂ သံသာရ’ သုတ်မှာလာတဲ့ ဥပမာကို ပြောရမယ်။ ဥပမာ- ခွေးကို လည်ပတ်စွပ်၊ ကြိုးနဲ့ချည်၊ ချည်ပြီးတော့မှ ချည်တိုင်မှာ မြဲအောင် ချည်ထား တယ်။ ချည်ထားပြီး ဒီတိုင်မှာ ဒီကြိုးနဲ့ ဒီလည်ပတ်နဲ့ နေစေ။ ဒီမှာနေ၊ ဒီမှာစား၊ ဒီမှာပဲ ကျင်ကြီးကျင်ငယ်သွား၊ ဒီနားမှာပဲအိပ် မွေးလည်း ဒီတိုင်နားမှာပဲ သေတော့လည်း ဒီတိုင်နားမှာပဲ သေပေတော့ဆိုပြီး ချည်တိုင်မှာ ချည်ထားတဲ့ ခွေးကလေးလိုပါပဲတဲ့။

ဒီခွေးဟာ ချည်တိုင်မှာ ချည်ထားတော့ ဒီတိုင်နားမှာပဲ နေ၊ စား၊ အိပ်၊ ကျင်ကြီးကျင်ငယ်စွန့်၊ မွေးလည်း ဒီတိုင်နားမှာ၊ သေတော့လည်း ဒီတိုင်နားမှာပဲ သေရတယ်။ သစ္စာမသိသူလည်း ဒီသဘောပါပဲ။ ဒီလိုနေရတဲ့သူနဲ့ သစ္စာမသိတဲ့သူနဲ့ ဥပမာတူတယ်တဲ့။ ဒါဟာ ‘အနမတဂ္ဂ သံသာရ’ သုတ္တန်မှာ ဘုရားရှင်က ခွေး၊ ဥပမာထားပြီး ဟောခဲ့တဲ့ အဓိပ္ပာယ်ပဲ။ ကြမ်းတယ်လို့များ မထင်လိုက်ကြပါနဲ့။ ဖြစ်စဉ်က ဒီအတိုင်း ကိုက်နေတယ်။

ခင်ဗျားတို့တစ်တွေ ခန္ဓာချည်တိုင်က လွတ်နိုင်ကြရဲ့လား?။ ခန္ဓာချည်တိုင်မှာ ဒီကမခွါနိုင်ကြဘူး ဘာကြောင့် လဲ?။ သက္ကာယကြိုးနဲ့ ချည်ထားတယ်။ တဏှာလည်ပတ်ကလည်း ပါနေတယ်။ တဏှာလည်ပတ်မှာ သက္ကာယကြိုးဆွဲ ပြီး ခန္ဓာချည့်တိုင်မှာ ခိုင်ခိုင်ကြီး ချည်ထားလိုက်တော့ ဘယ်မှာ ရုန်းထွက်နိုင်ပါတော့မလဲ?။ ဒီချည်တိုင်မှာပဲ တစ်ရစ် ပတ်ပတ်နဲ့ မပြတ်အောင် လှည့်ပတ်နေရတော့ ဒါပဲပေါ့။ ရှင်းကြပလား?။

သာသနာတွင်းကြုံမှ ချည်တိုင်ပြုတ်မယ်

ဒီအဖြစ်ဆိုးက သာသနာတွင်းကြုံမှ လွတ်နိုင်ကြမယ်။ သာသနာတွင်းကြုံမှ ချည်တိုင်ပြုတ်မယ်။ သာသနာနဲ့ မတွေ့မကြုံရင် ချာချာပတ်ပြီး သံသရာဘဝလည်ကြဦးတော့ပဲ။ အဲဒါကြောင့် အခွင့်ကောင်းကြုံတဲ့အခါ သစ္စာသိအောင် လုပ်ကြပါ သစ္စာသိအောင် မလုပ်ရင် သာသနာကြုံတယ်လို့ မခေါ်နိုင်ဘူး။ အခုလိုအခါမှာ ချည်တိုင်ကျိုးအောင် ကြိုးပြတ်အောင် လည်ပတ်ပြုတ်အောင် လုပ်ဖို့ရာ သင့်တယ်လို့ ဆုံးဖြတ်ကြ။

ဒီလိုအခွင့် ဒီလိုအခါမျိုးကို အင်မတန် ကံထိုက်လွန်းလို့ ရလာကြတာ။ ဒီအခါကောင်း၊ အခွင့်ကောင်းကိုမှ လက်လွတ်ခံကြရင် ခင်ဗျားတို့တစ်တွေဟာ ကြာပင်ခြေရင်းမှာ ဝပ်နေကြတဲ့ သားကောင်ကလေးတွေလိုပဲလို့ မှတ်ကြ။ ကြာပင်ခြေရင်းက ဖားဟာ ကြာရိုးကြာစွယ် ကြာဝတ်ဆံဆိုတဲ့ အမွန်အမြတ်ကို နီးလျက်နဲ့ မစားရ မသောက်ရဘူး။ သူ ဘာစားရသလဲ?။ ရွှံ့ပုပ်၊ ဗွက်ပုပ်တို့ စားပြီး သေရတာပါပဲ။ သဘောပါကြရဲ့လား?။

သစ္စာသိအောင် အားထုတ်ကြပါ

သစ္စာသိအောင် အားမထုတ်ချင်ရင် ရွှံ့ပုပ်၊ ဗွက်ပုပ်နဲ့သာ တန်တဲ့လူပဲလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်လိုက်ကြ။

ဒါကြောင့် ဘုရားသာသနာတွင်း၌ ကြုံတွေ့ရတဲ့အခါ ကြိုးစားလိုက်ကြ။ သူတော်ကောင်းကို ဆည်းကပ်ပြီး သစ္စာသိအောင် အားထုတ်ကြပါလို့ အလေးအနက် တိုက်တွန်းလိုက်တယ်။

ခင်ဗျားတို့တစ်တွေဟာ ‘အသုတဝါ ပုထုဇ္ဇနော’အဖြစ်နဲ့ နေခဲ့ကြတာ။ ‘အသုတဝါ ပုထုဇ္ဇနော’ဆိုတာ ဗဟု သုတမရှိတဲ့ပုဂ္ဂိုလ် ပုထုဇဉ် ဥမ္မတ္တကပဲလို့ ဆိုလိုတယ်။ သစ္စာအလုပ်မလုပ်ရင် ဒီအဖြစ်က မလွတ်နိုင်ဘူး။ သစ္စာသိမှ ဒီအဖြစ်က လွတ်မယ်။ သစ္စာသိရင် ‘သုတဝါ အရိယသာဝကော’ ဗဟုသုတနဲ့ ပြည့်ဝတဲ့ အရိယာ သာဝက၊ ‘အသုတဝါ ပုထုဇ္ဇနော’က ဗဟုသုတမရှိတဲ့ ဗာလဥမ္မဘ္တက ရှင်းကြပလား?။

‘သုတဝါ အရိယသာဝကော’ဖြစ်အောင် ဘာလုပ်ရမလဲ?။ သစ္စာအလုပ်၊ မဂ္ဂင်အလုပ် လုပ်ရမယ်။ ပထမဆုံး သမ္မာဒိဋ္ဌိအမြင်ဆိုတဲ့ အမှန်မြင်ကြဖို့ပဲ။ အမှန်မြင်အောင် ဉာဏ်နဲ့ စိုက်ကြည့်ရမယ်။ ဉာဏ်နဲ့ကြည့်တော့ ခန္ဓာအရှိ ရုပ်အရှိ နာမ်အရှိဆိုတဲ့ အဟုတ်အမှန် ရှိတဲ့ ရုပ်နာမ်အရှိကို မြင်ရမယ်။ ဒီအမှန်အရှိ ရုပ်တရား၊ နာမ်တရားတွေဟာ လည်း အမြဲတည်တံ့ ခိုင်မြဲပြီးမနေတဲ့ အဖြစ်မှန်ကို သိလာကြမယ်။ တစ်ခုခုမှာ စိုက်ကြည့်ရင် ဖြစ်ပြီးပျက်သွားတဲ့ သဘာဝအမှန်ကိုပဲ မြင်ကြရမယ်။

သောတာပန် အမြန်တည်ချင်ရင် စိတ်ကြည့်ကြ

ရုပ်ကြိုက်ရင် ရုပ်ကြည့်၊ စိတ်ကြိုက်ရင် စိတ်ကြည့်။ ဒါပေမဲ့ သောတာပန် အမြန်တည်ချင်ရင် စိတ်ကြည့်ကြ။ ကြည့်တော့ ပေါ်လာသမျှ ဘာစိတ်ပေါ်ပေါ် ဖြစ်ပြီးပျက်သွားတာကို မြင်အောင် အမှန်သဘာဝ ဖြစ်ပြီး ပျက်တာပဲ ရှိတယ်။ ကုသိုလ်စိတ်ပေါ်လာလည်း ရှု၊ အကုသိုလ်လာလည်း ရှုပစ်။ မလွတ်စေနဲ့။ ဘုရားရှိခိုးတဲ့အခါမှာ ရာဂကင်း နေတယ်။ အဲဒါလည်း သိရမယ်။ ‘ဝိတရာဂစိတ္တံ ဝိတရာဂ စိတ္တန္တိ ပဇာနာတိ’ပေါ့။ သဘောပါကြရဲ့လား?။

ချည်တိုင်က မလွတ်နိုင်ကြဘူး။ ချည်တိုင်ကျိုးသွားအောင် ဘာစိတ်ပေါ်ပေါ် ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက်ရှု၊ ရှုတဲ့စိတ်ကလေးကို ပျက်တာကိုလည်း နောက်က မဂ်ကလိုက်ပေး။ နောက် မဂ်က တိုင်ကျိုးအောင် ဖြတ်တောက်ပစ် လိုက်တာပဲ။ အဲဒီလို ပေါ်သမျှ ရှေ့က ဖြစ်ပျက် နောက်က မဂ်လာပစေ။ ကိလေသာ ကြားမဝင်စေနဲ့ ကိလေသာ ကြားမဝင်ရင် မကြာခင် မဂ်ရမယ်။ မဂ်ရရင် ဒုဂ္ဂတိ ခန္ဓာတိုင်တစ်တိုင်ကျိုးပြီလို့ ဆုံးဖြတ်ချက်ချ။

တရားလည်းမနာ၊ နာတော့လည်း နာတဲ့အတိုင်း မလုပ်ရင် လည်ပတ်မပြုတ်ဘူး။ လည်ပတ်မပြုတ်သမျှ ဒုက္ခစက်ထဲမှာ တဝဲလည်လည်ပဲလို့မှတ်။ အဲဒီလိုမှမလုပ်ကြရင် တိုင်ကျိုး ကြိုးပြတ် လည်ပတ်ပြုတ်ဖို့ မမြင်တော့ဘူး ဆိုတဲ့ အချက် မြဲမြဲမှတ်လိုက်ကြ။ ရိပ်မိကြပလား?။

ကိုင်း… ယနေ့ ဒီတွင်တော်ကြဦး။

**********