ကျင့်မြတ်မဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်
အသံဖိုင်ခေါင်းစဉ်= #အားကိုးထိုက်သောမဂ္ဂင်ဖောင်ကိုဖွဲ့ထားကြရန်တရားတော် (၇-၁၂-၁၉၆၀)
သစ္စာလေးပါး
(၁) ဒုက္ခသစ္စာ၊ လောင်စာအစစ်။
ဆောင်ပုဒ်
မီးလောင်ဖို့ရာ၊ လောင်စာရှာ၊ သစ္စာမသိတွက်။
လောင်စာနှင့်မီး၊ တွဲရက်ကြီး၊ ငြီးငြီးလောင်နှိပ်စက်။
လောင်စာသိမ်းကာ၊ မီးငြိမ်းရာ၊ မြန်စွာရောက်ဖို့တွက်။
မီးငြိမ်းစေတတ်၊ မဂ္ဂင်မြတ်၊ ကျင့်အပ်မြန်ဖြုတ်ချက်။
မကျင့်နေက၊ ပမာဒ၊ ဒီမ,သေမင်းလက်။
သတိချပ်ရန်
ရှစ်ပါးမဂ္ဂင်၊ သင်္ဘောတွင်၊ ဧယဉ် ငြိမ့်ငြိမ့်စီး။
ခေမာအမတ၊ နိဗ္ဗာန၊ ဖြောင့်စွာ လမ်းခရီး။
သူမပါလျှင်၊ သံသာခွင်၊ ဘယ်တွင်ရပ်မတည်း။
အပါယ်လေးဖြာ၊ သမုဒြာ၊ အစာငါး,လိပ်ချည်း။
ဒုက္ခလှိုင်းချက်၊ ဝဲဂယက်၊ လှဲ့စက်ခံမပြီး။
တရားသား
ကိုးစားရာ အားထားရာ အစစ်
ဒီကနေ့ ကိုးစားရာ အားထားရာအချက် တရားအနက်ကို ဟောရမယ်။ တို့ဒကာတွေ အရင်က ကိုးစားရာ အားထားရာကို အမျိုးမျိုး ရှာဖွေခဲ့ကြတယ်။ ရှာပေမယ့် ကိုးစားရာ အားထားရာ အစစ်အမှန်ကို မရခဲ့ကြဘူး။ ဒါ ဘာလို့လဲ?။ နည်းမှန်လမ်းမှန်မရလို့။ ဒီနည်းလမ်းကို ပြတတ်တဲ့ မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာသမားကောင်းနဲ့ လည်း မကြုံရလို့ပဲ။
ကိုးစားရာ အားထားရာ အစစ်ဟာ ဘာလဲ?။ မဂ္ဂင်ဖောင်ကြီးပဲ။ ဒါမှမဟုတ် မဂ္ဂင်ရှစ်ပါးဆိုတဲ့ ယာဉ်ရထား ကြီးပဲလို့ မှတ်လိုက်ကြ။ ဒီမဂ္ဂင်အကျင့်၊ မဂ္ဂင်လမ်းစဉ်တရားကလွဲရင် ကိုးစားရာ အားထားရာ ဒီပြင် ဘာမှမရှိဘူးလို့ ဆုံးဖြတ်ချက်ချ။ ကိုးစားရာ အားထားရာ အစစ်အမှန်တရားဟာ ဒီမဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ရှိပါတယ်။
ခင်ဗျားတို့တစ်တွေ ကိုးစားရာ အားထားရာ တကယ်လိုချင်တာဖြင့် ဒီမဂ္ဂင်အလုပ်ကို ရအောင် လုပ်ထားကြ ရမယ်။ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဘုရားက ‘သမ္မတ္တ နိယတာ ဓမ္မာ’လို့ ဟောတော်မူတယ်။ ဒီတရားမှ မြဲတဲ့တရားပဲ ဝိပဿနာအားထုတ်ရင် မဂ္ဂင်ငါးပါး ရမယ်။ ငါးပါးနဲ့ဖြင့် မမြဲသေးဘူး။ ရှစ်ပါးလုံးရမှမြဲမှာ ဒါကြောင့် ရှစ်ပါးလုံးရအောင် အားထုတ်ကြရမယ်။ ရှစ်ပါးလုံးရတာ မဂ်ပဲ။ မဂ်ရအောင် လုပ်ကြလို့ ပြောတာ။ ရိပ်မိကြပလား?။
မြစ်ထဲမျောတဲ့သူ
မြစ်ထဲမျောတဲ့သူဟာ အားထားမှီခိုစရာ ဖောင်မရှိရင် ဘယ့်နှယ်နေမလဲ?။ မျောချင်သလို မျောတော့မှာပဲ။ တဖြည်းဖြည်း မျောပြီး ဧရာဝတီရောက်၊ အဲဒီက ပင်လယ်ရောက်၊ မျောချင်တိုင်းမျောပြီး ဗရမ်းဗတာ ဝဲထဲမြုပ်ရတော့ မှာပဲ။ အဲဒီလူဟာ မျောဖို့၊ မြုပ်ဖို့အပြင် မရှိပါဘူး။ လှိုင်းဂယက်ထဲမှာ ဗရမ်းဗတာ မျောချင်တိုင်းမျော ဝဲဇလုတ်ထဲမှာ မြုပ်ချင်တိုင်းမြုပ်ရတော့မှာပဲ။ ဒါ ဘာလို့လဲ?။ မှီခိုစရာ ဖောင်မပါလို့။
ဒီဥပမာအတိုင်းပဲ ခင်ဗျားတို့တစ်တွေလည်း အားထားစရာ မဂ္ဂင်ဖောင်မပါကြရင် ဒုက္ခလှိုင်းဂယက်က ထွက်နိုင်ဖို့မရှိဘူး။ မျောရမှာပဲ။ ဒုက္ခဝဲဇလုတ်မှာ မြုပ်ချင်တိုင်း မြုပ်ကြဖို့ရှိတယ်။ ရှင်းကြပလား?။
ဓမ္မပဒပါဠိတော်မှာ ‘မဂ္ဂါနံ အဋ္ဌင်္ဂီကော သေဋ္ဌော’တဲ့။ မဂ္ဂင်ရှစ်ပါးရှိတဲ့ မဂ္ဂင်အကျင့်လမ်းစဉ်ဟာ အမွန်ဆုံး အမြတ်ဆုံး လမ်းစဉ်ဖြစ်တယ်’လို့ ဟောတော်မူခဲ့တယ်။
ဒီလမ်းစဉ်ထက် မွန်မြတ်တာ မရှိတော့ဘူးလို့ မှတ်ကြ။ ဒီတော့ ဒီလမ်းစဉ်ကို လိုက်နာကြရမယ်၊ ကျင့်သုံး ကြရမယ်။ သူ့ကို ကိုယ်ပိုင်ရမှသာ ကမ်းတစ်ဖက်ကို ရောက်နိုင်ကြမှာ။ ဒါမှမကျင့်ရင် နိဗ္ဗာန်ကမ်းစ၊ နိဗ္ဗာန်လမ်းစ မမြင်တော့ဘူး။ သံသရာ ဒီရေကြော မျောကြဦး၊ မြုပ်ကြဦး။
မဂ္ဂင်အကျင့်ကို ကိုယ်ပိုင်ရအောင် လုပ်
ဥပမာ- အပါယ်လေးပါးဟာ သမုဒ္ဒရာကြီးလေးခု ဆိုကြစို့။ ရေလှိုင်းတံပိုး၊ ဝဲဂယက်၊ ငါး၊ လိပ်၊ မကာရ်း စတဲ့ ဘေးဆိုးရန်စွယ်တွေ အန္တရာယ်တွေက အပါယ်မှာ တွေ့ကြုံရမဲ့၊ ခံစားရမဲ့ ဆင်းရဲမှုတွေနဲ့ အတူထားလိုက်ပါ။ ဒီမဂ္ဂင်အကျင့် မကျင့်မိပါရင် လှိုင်းဂယက် နှိပ်စက်ခံဖို့ ငါး၊ လိပ်၊ မကာရ်း အစာဖြစ်ဖို့ပဲ ရှိတယ်ဆိုတာ မှတ်ထားကြ။ ရှင်းကြပလား?။
ဒါကြောင့် ငါး၊ လိပ်၊ မကာရ်း အစားမခံချင်ရင် ဒီမဂ္ဂင်အကျင့်ကို ကိုယ်ပိုင်ရအောင် လုပ်ထားကြရမယ်။ ကိုယ်ပိုင်ရထားမှ အပါယ်စာက လွတ်နိုင်မှာ။ အပါယ်စာက လွတ်ရုံမကပါဘူး။ ဒီမဂ္ဂင်အကျင့် ကိုယ်ပိုင်ရထားရင် နိဗ္ဗာန်သွားဖို့ အမြတ်ဆုံး ယာဉ်ရထားပဲလို့ မှတ်ကြ။ နိဗ္ဗာန်ကို ဒီမဂ္ဂင်နဲ့မှ သွားနိုင်မှာပါ။ ဒါကြောင့် သံယုတ်ပါဠိတော် မှာ သမဏနတ်သားကို ဟောကြားတော်မူတဲ့ စကားတော်လို့ မှတ်ကြ။
+++ယဿ ဧတာဒိသံ ယာနံ၊ ဣတ္ထိယာ ပုရိသဿဝါ၊
သဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေဝ သန္တိကေ။
ဘာသာပြန်
မိန်းမ၊ ယောကျ်ား အကြင်သူတစ်ဦးအား ဤမဂ္ဂင်ရှစ်ပါး ယာဉ်ရထား ကိုယ်ပိုင်ရှိခဲ့ငြားအံ့။ ထိုသူကား စင်စစ်ဧကန် အမှန်မုချ ၎င်းင်းမဂ္ဂင်ရှစ်ပါးဟူသော ယာဉ်ရထားဖြင့် အမတရပ် နိဗ္ဗာန်မြတ်သို့သာ လျင်မြန်မကြာ ပေါက်ရောက်နိုင်ပါသတည်း။
ဒါကြောင့် သံသယမရှုပ်ဘဲ အဟုတ်ရအောင် ယူလိုက်ကြ။ ဒါမှမရရင် ကယ်သူ၊ ဆယ်သူဖြင့် ဝေးပြီလို့ ဆုံး ဖြတ်ချက်ချကြ။ ရှေးကဆို ခင်ဗျားတို့တစ်တွေ ဒုက္ခရေယာဉ်ကြော မျောခဲ့ကြရပြီ။ အခုလည်း တစ်စထက်တစ်စ မြုပ်မြုပ်လိုက်လာကြတာ သိကြရဲ့လား?။ ခြေကျင်းဝတ်လောက်၊ ဒူးဆစ်လောက်၊ ခါးလောက် တချို့က ရင်ဆို့လောက်၊ လည်ပင်းလောက်အထိ ရောက်နေကြပြီ။ စုံးစုံးမြုပ်ဖို့ တစ်ခုပဲ ကျန်တော့တယ်ဆိုတာ ရိပ်မိကြပလား?။
ကယ်မယ့်၊ ယူမယ့်သူ မရှိဘူး။ ကယ်မယ့်၊ ယူမယ့် မဂ္ဂင်ဖောင်မရှိရင် မြုပ်မယ်၊ မျောမယ်။ နေ့လား၊ ညလား၊ အခုလား၊ တော်တော်နေမှလားတော့ မသိနိုင်ကြဘူး။ မြုပ်မှာနဲ့ မျောမှာကတော့ အသေအချာပဲ။ လွတ်ကွက်မရှိဘူး။ မြုပ်မှာက ဒုဂ္ဂတိမြုပ်၊ မျောမှာက သုဂတိမျော၊ ဒီမြုပ်မျောနှစ်ခုနဲ့ ဒုက္ခစက်ထဲမှာ ဝဲလှည့်လေသမျှ ပါသွားကြရမယ်။
မရဏရေတွေက ဒလဟော တိုက်ချနေတယ်။ စောင်းထက်ထက်နဲ့ တစ်ချက်ကောင်း တိုက်ချလိုက်ရင် အခုပဲ နစ်တော့မယ်။ အခုပဲ ပါတော့မယ်။ မသိကြလို့လား?။ လေးလေးစားစား လုပ်ကြ။ ပေါ့နေဖို့ အချိန်မရဘူး။ တိုက်ချ လိုက်ရင် မျောရတော့မယ်။ ရိပ်မိကြပလား?။ ဒီလိုဖြင့် မဂ္ဂင်အလုပ်ကို မလုပ်ရင် မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ကြ။
မဂ္ဂင်မှမလုပ်ရင်
မဂ္ဂင်မှမလုပ်ရင် ခန္ဓာနဲ့ သေမင်းကို ကျေကျေနပ်နပ် အခွန်ဆက်နေတာပဲ။ ဒီလိုဆက်နိုင်တာဟာ မိုက်တဲ့သူမို့ ဆက်နိုင်တာ။ လိမ္မာတဲ့သူဆိုရင် မဆက်ဘူး။ တို့ဒကာတွေ လိမ္မာတာဖြင့် နောက်တစ်ခါ မဆက်ကြနဲ့တော့။ မိုက်တာ ဟာ အဝိဇ္ဇာလှည့်စားချက်ကြောင့် မိုက်တာ။ အဝိဇ္ဇာလှည့်စားခံရတော့ သားသမီးနဲ့ ပစ္စည်းကို ခင်တွယ်ပြီး အိပ်ပျော် နေကြတော့တာပေါ့။ ဒီလိုသာအိပ်ပျော်နေကြရင် ရေတွေက တအားတိုက်ချတာ ခံရတော့မယ်။ စိတ်သာချတော့။
တို့ဒကာတွေ အိပ်နေတာမြင်လို့ ဒီလိုသာအိပ်နေရင် ဒုက္ခကြီးလှလှ ရောက်ကြတော့မယ်ဆိုတဲ့အဖြစ်ကို သိလို့။ ဘုန်းကြီးက နှိုးပေးတာ နိုးကြတော့၊ ထကြတော့။ အိပ်ပျော်နေရင် မရဏရေ မျောပါပြီး အပါယ်သမုဒ္ဒရာ ရောက်ကြ တော့မယ်။ အဲဒီမှာ ငါး၊ လိပ်၊ မကာရ်းအစာ ဖြစ်တော့မယ်။ မျိုး၊ ဝါး၊ စားသောက်ပစ်ကြတော့မယ်။ သားရေးသမီးရေး၊ စီးပွားရေးပဲ လိုက်နေတဲ့သူဟာ အိပ်ပျော်နေတဲ့သူပဲ။ ဘယ်လောက်ပဲ အားထုတ်ရှာဖွေ၊ ဘယ်လောက်ပဲ လိုက်နေနေ၊ ဘယ်ပစ္စည်းနဲ့ သားသမီးကမှ မကယ်နိုင်၊ မယူနိုင်ကြပါဘူး။
ဒီအချက်ကို လေးလေးနက်နက် စဉ်းစားပြီး ဆန်းစစ်ကြည့်ကြ။ အမှတ်တမဲ့နေရင် သေရမှာ မကြောက်လို့ပဲ မှတ်ရမယ်။ အသေမကြောက်ရင် အသေမကြောက်တဲ့ သိုးစိတ်များ ပေါက်နေကြသလား? မေးဖို့ရှိတယ်။ သိုးဆိုတဲ့ သတ္တဝါမျိုးဟာ အတော်ဆန်းတယ်။ သိုးအုပ်ထဲက တစ်ကောင်ဆွဲပြီးသတ်ရင် ကျန်တဲ့သိုးတွေဟာ တစ်ကောင်ပြီးတစ် ကောင် ထွက်လာကြပြီး လည်ပင်းစင်း အသတ်ခံကြတတ်တဲ့ အလေ့အထရှိတယ်။
သိုးရဲ့သဘောဟာ တစ်ကောင်သတ်ရင်း လည်ပင်းစင်းလာရင်းနဲ့ ခင်ဗျားတို့နဲ့ မတူကြဘူးလား?။ မေးထိုက်- မမေးထိုက်၊ အသေကို မကြောက်ဘူးဆိုရင် သိုးစိတ်ပေါက်နေတယ် မဆိုနိုင်ဘူးလား?။ မနာကြနဲ့တော့ ဒီအတိုင်းပဲ ဖြစ်နေကြတာ။ ခင်ဗျားတို့ဖြစ်စဉ်က ဒီအတိုင်း မခြားပါဘူး။
အိပ်ပျော်နေသူ
+++’သုတ္တံ နရံ မဟောဃောဝ၊ မတံ အာဒါယ ဂစ္ဆတိ’
”အိပ်ပျော်နေသူကို ရေအယဉ် ဩဃက တိုက်ဆွဲချလိုက်သလို မေ့လျော့ပေါ့တန်သူကိုလည်း သေခြင်းတရား၊ ဝါ မရဏသေမင်းက အတင်းလွယ်ကူ ယူဆောင်ကာ သွားတတ်ပေ၏”တဲ့။ ဘုရားက ဟောတော်မူတယ်။
ဒါကြောင့် မေ့လျော့ပေါ့တန်ကြဖို့ အချိန်မဟုတ်တော့ဘူး။ ဒီအသေက လွတ်ရအောင် အခုလက်ငင်း လုပ်ကြ ရမယ်။ သေမှာကို ကြောက်ရှာလွန်းလို့ နည်းအမျိုးမျိုးနဲ့ တားကြတယ်။ ဆေးပေါင်းအနန္တနဲ့ အသေကို တားကြတယ်။ ဆေးရုံကြီးတွေ ဆောက်ပြီးတော့ တားကြ။ တိုက်ကြီးတာကြီးတွေ ဆောက်ပြီးလည်း တားကြရ၊ အဝတ်အစားတွေနဲ့ တားကြ၊ တားလို့ကော ရကြရဲ့လား? မရဘူး၊ တားမရအောင် နစ်မှာပါပဲ။
ဒီမဂ္ဂင် အလုပ်ကလွဲရင် ဒီပြင်မရှိဘူး။ ဆေးတွေလည်း အလကားပဲ။ ဘာမှ အားကိုးစရာမရှိဘူး။ မဂ္ဂင်မှပဲ အားကိုးရာ ရကြမှာ။ မဂ္ဂင်ဆိုတာ သတ္တဝါတို့ရဲ့ အားထားစရာ၊ မှီခိုစရာ အစစ်အမှန် ဧကန်တရားပဲလို့ ထိပ်မှာ သံမှိုစွဲသလို မြဲမြဲကြီး မှတ်ထားကြ။
ကိုယ်သေရမှာ ကိုယ်တိုင်သိကြတယ်။ မုချသေရမှာပဲဆိုတာ သိတဲ့သူချည်းပဲ ဒါပေမဲ့ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်နာရီမှာ သေရမယ်ဆိုတာ မသိကြဘူး။ နေ့လား၊ ညလား မသေချာဘူး ဒီလိုဖြစ်ပါလျက်နဲ့ အလုပ်မလုပ်ဘဲ နေရင် အသေခံပြီး မိုက်ကြတာပဲ။ တို့ဒကာတွေ အသေခံပြီး မိုက်ကြဦးမလား?။ မမိုက်ပါနဲ့တော့ မိုက်စတွေ သိမ်း လောက်ပြီလို့ သတိပေးလိုက်တယ်။
သေရမှာကြောက်ရင် နိဗ္ဗာန်ရောက်အောင် လုပ်
သေရမှာကြောက်ရင် နိဗ္ဗာန်ရောက်အောင် လုပ်ရမယ်။ လုပ်ကြရောက်အောင် မဂ္ဂင်ရှစ်ပါး အလုပ်လုပ်ကြ။ နိဗ္ဗာန်ဆိုတာက ငြိမ်းအေးရာ အစစ်တရား၊ ခန္ဓာလည်း ငြိမ်းတယ်။ ကိလေသာမီးလည်း ငြိမ်းတယ်။ နိဗ္ဗာန်ဆိုတာ ကိလေသာမီးနဲ့ ခန္ဓာလောင်စာ မရှိတာပါပဲ။ ဒါကြောင့် ခင်ဗျားတို့ အခုလက်ရှိရနေတာက လောင်စာနဲ့မီး တွဲလျက် ကြီးပဲ။ နိဗ္ဗာန်ဆိုတာက လောင်စာသိမ်း၍ မီးငြိမ်းတာလို့ မှတ်ထားကြ။ ရိပ်မိကြပလား?။
အခု လက်ရှိရနေတာက လောင်စာနဲ့မီး တွဲလျက်ကြီး၊ ခန္ဓာ။
ရအောင်လုပ်ရမှာက လောင်စာသိမ်း၍ မီးငြိမ်းရာနိဗ္ဗာန်။
မီးက လောင်လာတော့ လောင်စာတွေ ဘယ်လိုဖြစ်လာသလဲ?။ ခါးကိုင်း၊ နားထိုင်းလာတယ်။ ဆံဖြူ သွားကျိုး လာတယ်။ မျက်စိတွေ မှုန်မွဲလာတယ်။ အဲဒါ ကိလေသာမီးလောင်ပစ်လို့ လောင်စာတွေ တစ်စတစ်စ ချို့ယွင်းလာတာ ပါ။ သဘောပါကြရဲ့လား?။
လောင်စာနဲ့မီး တွဲလျက်ကြီး
(၁) လောင်စာက ခန္ဓာ၊ ဒုက္ခသစ္စာ။
ဘာဆုတောင်းကြ၊ ညာဆုတောင်းကြ၊ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏လို့ဆိုတာဟာ ဘာကြောင့်လဲ သိကြ ရဲ့လား?။ ဒီသစ္စာမသိကြလို့ ဒီအမှန်လေးချက်မရလို့ တောင်းနေကြတာ။ လောင်စာနဲ့မီး တွဲလျက်ကြီး ဖြစ်ရပါလို၏လို့ ဆိုတာနဲ့ အတူတူပါပဲ။ သဘောပါကြရဲ့လား?။
ဒီလိုတောင်းလို့ လောင်စာနဲ့မီး တွဲလျက်ကြီးတွေ ရထားကြတော့ ဘယ်လိုများနေမလဲ?။ ‘ဥပမာအားဖြင့် ဝဲပေါက်တဲ့ ခွေးလိုပဲတဲ့။ ဝဲနာပေါက်တဲ့ ခွေးဟာ အငြိမ်ကို မနေနိုင်ရှာဘူး။ သွားနေရင်းကလည်း ဝဲနာလှည့်ဖျောက် လိုက်ရ။ စားနေရင်းကလည်း ယားနာဖျောက်လိုက်ရ။ ကုန်ကုန်ပြောရရင် ခွေးချင်းကိုက်ရာက တောင်ဝဲက ယားတော့ ယားနာလှည့်ဖျောက်နေရတာနဲ့ အချိန်ကုန်တာပါပဲ။
ကောင်းကောင်းမစားရ၊ ဣန္ဒြေရရမနေနိုင် ဝဲနာလှည့်ကုတ်နေရတာနဲ့ အငြိမ်ကို မနေရပါဘူး။ ခင်ဗျားတို့ လည်း ဒုက္ခခန္ဓာ ရထားကြတော့ ဝဲပေါက်တဲ့ခွေး အငြိမ်မနေနိုင်သလို အငြိမ်ကို မနေနိုင်ကြပါဘူး။ အငြိမ်မနေရဆို အိမ်မှာကို မနေကြရဘူး။ မနက်လင်းလာရင် အထုပ်ကလေးတွေကိုယ်စီနဲ့ နေတိုင်းထွက်ကြရတယ်။ ရှင်းကြရဲ့လား?။
အငြိမ်မနေရတာ ဘာလို့လဲ
ဒီလိုအငြိမ်မနေရတာ ဘာလို့လဲ? ရိပ်မိကြပလား?။ ဒုက္ခခန္ဓာ ကိုယ်ပိုင်ရထားကြလို့။ ဒီဒုက္ခခန္ဓာ တောင်းချင် ကြသေးသလား?။ တောင်းချင်တဲ့သူဟာ အငြိမ်မနေချင်လို့ပဲလို့ မှတ်ကြ။ ဒုက္ခခန္ဓာ ရလေသမျှ အငြိမ်မနေကြရဘူး။ လောင်စာနဲ့မီးက တွဲလျက်ဖြစ်နေတော့ တစ်လောင်တည်းလောင် တစ်မြိုက်တည်းမြိုက်နေတော့ ဘယ်တော့မှ ချမ်းသာ ရာ မရကြဘူး။
ဒါကြောင့် ချမ်းသာရာ ရချင်ရင် လောင်စာသိမ်းအောင်၊ မီးငြိမ်းအောင် မဂ္ဂင်အလုပ်ကို လုပ်ကြရမယ်။ ဒီမဂ္ဂင်အလုပ် လုပ်မှ လောင်စာသိမ်း၍ မီးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ရကြမယ်။ အေးချင်၊ ငြိမ်းချင်၊ ချမ်းသာချင်ရင် ဒုက္ခဇာတ်သိမ်းချင်ကြရင် မဂ္ဂင်အလုပ်ကို လုပ်ကြပါလို့ ပြောလိုက်ပါတယ်။ သဘောပါကြပလား?။
