20203

ခန္ဓာရှိသမျှ ကြွေးဆပ်ရ တရားတော်

ဆောင်ပုဒ်

ဒါန, သီလ၊ သမထ၊ ကျန်ထ ကိလေသာ။

ကိလေကျန်က၊ ခန္ဓာရ၊ ကံက ထက်ချပ်ပါ။

ကံကစီရင်၊ ထက်အောက်ခွင်၊ စုံလင်ရခန္ဓာ။

အထက်ဆန်ကြ၊ အောက်စုံရ၊ ဒုက္ခသင်္ချေပါ။

ကြွေးဟောင်းမကျေ၊ ကြွေးသစ်ပွေ၊ မြုပ်လေစုံးစုံးသာ။

ခန္ဓာဖြင့်ပင်၊ တုံ့ဆပ်လျှင်၊ ဘယ်တွင်ဆုံးနိုင်ရာ။

ဉာဏ်ဖြင့်ဆပ်က၊ ခုဘဝ၊ မုချကျေမည်သာ။

သတိချပ်ရန်

စောင်းထောင်မြင့်မား၊ ချောက်ကမ်းပါး၊ ကြောက်အားဖွယ်လိလိ။

လိမ့်လဲကျလျှင်၊ ရိုးသားပင်၊ မွစင် ညက်ညက်စိ။

စောက်ထိုးကျရာ၊ ထိုဖြစ်မှာ၊ ဘဇာ ကြောက်ဖို့ရှိ။

သစ္စာမရ၊ ထိုသူမှ၊ ကြီးစွာ့ ကြောက်ဘေးရှိ။

သစ္စာမသိသူ၊ ဆင်းရဲထူ၊ ကယ်ယူဘိတ်မရှိ။

သံသရာ့သစ်ငုတ်၊ ဝဲဇလုတ်၊ စုံးမြုပ်ဒုဂ္ဂတိ။

တရားသား

အမှန်ကြောက်စရာကောင်းတာက

ဒီကနေ့ သစ္စသံယုတ် ပါဠိတော်မှာလာတဲ့ ဥပမာ စကားအဓိပ္ပာယ်ကို မှတ်ရမယ်။ တစ်နေ့သောအခါ ဘုရား ရှင်က ရဟန်းတော်တစ်ပါးကို ခေါ်ဆောင်တော်မူပြီး အလွန်တရာ မြင့်မားမတ်စောက်လှတဲ့ တောင်ထွတ်၊ တောင်ထိပ် တစ်ခုပေါ်ကို ကြွသွားတော်မူတယ်။ တောင်ထိပ်ပေါ်ရောက်ရင်ပဲ ဘုရားရှင်က အတူပါလာတဲ့ ရဟန်းကို မေးမြန်းတော် မူလိုက်တယ်။

”အို…ချစ်သား ဒီလိုအလွန်တရာ မြင့်မားမတ်စောက်တဲ့ တောင်ထိပ်ပေါ်ကနေပြီး အသူတရာမက နက်တဲ့ တောင်စောင်းချောက်ကမ်းပါးထဲကို မတော်တဆ ကျသွားခဲ့ရင် သင့်စိတ် ဘယ်လိုရှိပါ့မလဲ?”

ဒီအခါမှာ အတူပါလာတဲ့ ရဟန်းတော်က “မှန်လှပါဘုရား၊ အလွန်တရာ ကြောက်စရာ ဘေးဆိုးကြီးပဲလို့ အောက်မေ့မိပါသည်ရှင်ပင်ဘုရား”။

ဒီလို ပြန်လည်လျှောက်ထားတဲ့အခါမှာ ဘုရားရှင်က “ဒါဟာ ကြောက်စရာမဟုတ်သေးဘူး။ ဒီဘေးဆိုးလောက် ဟာ တကယ်ကြောက်ဖို့မကောင်းသေးဘူး။ အမှန်ကြောက်စရာကောင်းတာက သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် မရတာကမှ ဒီထက် အဆရာထောင်မက ပိုပြီးကြောက်ဖို့ကောင်းတယ်။ ဒီလို ချောက်ကမ်းပါးက အကြိမ်တစ်ခါသာ သေဖို့ရှိတယ်။ အခုပြောတဲ့ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်မရတဲ့အဖြစ်ဟာ မျက်ရည်အစမသတ်နိုင်အောင် ဒုက္ခ ထုထည် ကြီးမားသေးတယ်”။

ရေကန်ကြီးဥပမာ

”ဥပမာဆိုရင် အစောက်အဝန်း ငါးမိုင်ခန့်ရှိတဲ့ တွင်းထဲမှာ ရေအပြည့်ရှိတယ်ဆိုပါတော့။ အဲဒီတွင်းထဲက ရေတွေကို သမန်းမြက်နဲ့ ထုတ်ယူလိုက်ပါ။ ဒီလိုသမန်းမြက်နဲ့ ထုတ်ယူလို့ ပါတဲ့ရေနဲ့ ဉာဏ်သုံးပါးရတဲ့သူနဲ့ ညီမျှတယ်။ တွင်းထဲမှာ ကျန်တဲ့ရေနဲ့ ဉာဏ်သုံးပါးမရတဲ့သူနဲ့ ဥပမာညီမျှတယ်။ ဒုက္ခအထု၊ ဆင်းရဲမှုတွေကလည်း ဉာဏ်သုံးပါးမရရင် အဲဒီတွင်းမှာ ကျန်တဲ့ရေနဲ့ အညီအမျှပဲ ခံရလိမ့်မယ်။ ဘယ်တော့မှ ဆုံးရက် မမြင်တော့ဘူး။ ဒါကြောင့် ဒီဉာဏ်သုံးပါး မရတဲ့သူအဖို့က ချောက်ကမ်းပါးပြတ်ထဲ စောက်ထိုးကျရမယ့် ဒုက္ခထက် အဆရာထောင်မက ပိုလို့ ပိုပြီးကြောက်စရာ ကောင်းတယ်လို့ မှတ်ရမယ်ချစ်သား”လို့ မိန့်တော်မူတယ်။

ထို့နောက် ဆက်လက်ပြီး ဥပမာစကား မိန့်ကြားတော်မူပြန်တယ်။

”ချစ်သား..ယူဇနာငါးဆယ်ပတ်လည် ရေကန်ကြီးထဲမှာရှိတဲ့ ရေတွေဟာ ဘယ်လောက်များမယ် ထင်သလဲ?” လို့ မေးတော့…

”မှန်ပါဘုရား… မခန့်မှန်းနိုင်လောက်အောင် များပြားလှပါတယ်ဘုရား” အဲဒီလိုလျှောက်ထားတယ်။ ဒီတော့-

”ချစ်သား… အဲဒီကန်ထဲက ရေတွေကို ရေစက်ပေါင်း၊ ရေပေါက်ပေါင်း ဘယ်လောက်ရှိတယ်လို့ ရေတွက်ရင် ရနိုင်စရာရှိသေးတယ်။ အဲဒီသစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်မရသူအဖို့ ခံရမယ့် ဒုက္ခအစု၊ ဆင်းရဲမှုတွေဟာ လွန်စွာ များပါတယ်။ ရေတွက်လို့ ရနိုင်စရာအကြောင်း မရှိတော့ဘူး”လို့ မိန့်ကြားတော်မူတယ်။

ဒီဉာဏ်သုံးခုရအောင် အားထုတ်ကြ

ဒီတော့ တို့ဒကာတွေ စဉ်းစားကြ။ ဒီဉာဏ်သုံးပါးရအောင် လုပ်ထိုက်၊ မလုပ်ထိုက်။ ဒီဉာဏ်စုမရရင် ဘယ် လောက်ဆိုးဝါးသွားမယ်ဆိုတဲ့အချက်ကို လေးလေးနက်နက်ကြီး စဉ်းစားကြပါ။ မေ့မေ့လျော့လျော့နေလို့ တော်ပါ့မလား?။ မတော်တာကို ရိပ်မိရင် ဒီဉာဏ်သုံးခုရအောင် အားထုတ်ကြ။

အခုပြောတဲ့အဓိပ္ပာယ်ဟာ သစ္စသံယုတ်မှာလာတဲ့ အဓိပ္ပာယ်လို့မှတ်။ သစ္စာမသိရင် ဒီဒုက္ခတွေဟာ အတိအကျ ခံရမယ့် ဒုက္ခတွေပဲ သံသယမရှိကြနဲ့။ အခုဆရာကပြောလို့ သိရပြီ။ မပြောရင် မသိပါဘူး။ ဒီလိုအသိမျိုးရတဲ့အခါ သိတဲ့အတိုင်း လိုက်နာကြ။ ဘဝသံသရာက ပါလာတဲ့ ‘အပရာပရိယ’ အကုသိုလ်ကြွေးတွေ ‘ဥပပဇ္ဇ’ကြွေးတွေဟာ မရေမတွက်နိုင်အောင် များပြားပါတယ်။ ဒီကြွေးတွေကို ဘာနဲ့များ ကျေအောင်ဆပ်ကြမလဲ?။

တို့ဒကာတွေက မသိတော့ ထပ်တလဲလဲသာ ပွားအောင်၊ များအောင် လုပ်နေကြတယ်။ ကြွေးဟောင်းမကျေဘဲ ကြွေးသစ်တွေက ထပ်တိုးလာဦးမယ်ဆိုရင် ကျေလမ်းမမြင်တော့ဘူး။ ဒီကြွေးတွေကို ဉာဏ်နဲ့မဆပ်ရင် ခန္ဓာနဲ့ ဆပ်ကြ ရလိမ့်မယ်။ ဒီဆပ်ရမယ့် ခန္ဓာ၊ ဆပ်ရမယ့်ဘဝဆိုတာဟာလည်း သုဂတိဘဝ၊ ဒုက္ခခန္ဓာက အလွန်နည်းတယ်။ ဒုဂ္ဂတိဘဝ၊ ဒုက္ခခန္ဓာနဲ့ချည်း ဆပ်ကြရမှာ သေချာတယ်။

သုဂတိဒုက္ခဟာ ခုနင်ကပြောတဲ့ ရေကန်ထဲက ရေခုနစ်စက်ပဲ ရှိတယ်။ ကျန်တဲ့ရေတွေဟာ ဒုဂ္ဂတိ ဒုက္ခတွေပဲလို့ မှတ်ကြ။

ကြွေးဟောင်းမကျေသေးဘဲ ကြွေးသစ် ထပ်ရှာဖွေနေမယ်ဆိုရင်

ကြွေးဟောင်းမကျေသေးဘဲ ကြွေးသစ် ထပ်ရှာဖွေနေမယ်ဆိုရင် ဆပ်လို့ကုန်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ရပ်တန်းက ရပ်ကြရင် တော်ပါလိမ့်မယ်။ မရပ်ရင် ဒုက္ခဇာတ် ဘယ်တော့မှ မသိမ်းတော့ဘူး။ ရိပ်မိကြပလား?။

ဆပ်ရမယ့်ခန္ဓာကလည်း ဒုဂ္ဂတိခန္ဓာကသာ များတော့ ချမ်းသာဆိုတာ မပါတော့ ချမ်းသာဆိုတဲ့ အသံကလေး ကြားရဖို့တောင် ခဲယဉ်းတယ်လို့ မှတ်ကြ။ ဒီကြားထဲကမှ ဒီဉာဏ်ရအောင်မလုပ်ဘဲ အေးစက်စက်လုပ်နေကြရင် ကမ္ဘာ့ သစ်ငုတ်တွေ၊ သံသရာ့သစ်ငုတ်တွေပဲလို့ ဆိုထိုက် မဆိုထိုက်။ ဘုရားရှင်ဟာ ဒီအဖြစ်ဆိုးတွေ ရွှေဉာဏ်တော်နဲ့ မြင်တော် မူတော့ အင်မတန် သနားလွန်းလို့ အထပ်ထပ် အခါခါ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့တာပဲ။

ဒါကို ခင်ဗျားတို့တစ်တွေက နားမှလေသံ၊ မကြားဟန်နဲ့ ပေါ့တန်နေကြရင် တော်ပါ့မလား?။ ဘုရားကိုယ်စား လှယ် ဘုန်းကြီးတို့ကလည်း ဒီအဖြစ်ဆိုးတွေ သနားလွန်းလို့ ခဲခဲကပ်ကပ် ရှာဖွေပြီး ဟောပြနေတာ။ ဒါမှမလိုက်နာရင် ဘုရားမျက်နှာတော် မထောက်လို့၊ ကျေးဇူးတော်တွေ မသိလို့၊ မထောက်ထားလို့ပဲဆိုတနာ ထင်ရှားတယ်။ ထောက်ထား တာဖြင့် ကြိုးစားကြ။

ကလေးပျော် ပျော်နေကြတာ

ခင်ဗျားတို့ အေးနေတာဟာ မသိအေး အေးနေကြတာ။ အတော်အတန်လောက်သိရင် မအေးနိုင်ကြပါဘူး။ ဥပမာ- အိမ်မှာ ကလေးများ ပျော်နေကြသလိုပဲ မိဘလူကြီးတွေမှာ ဘယ်လိုဒုက္ခရောက်နေကြတယ်၊ စီးပွားရေးက ဘယ်လိုဆုတ်ယုတ်နေကြတယ်၊ လူမှုရေးက ဘယ်ပုံဆိုတာ မသိကြရှာတော့ ပျော်နိုင်၊ ပါးနိုင်၊ ကစားနေနိုင်ကြတယ်။ သူတို့မှာတော့ ရယ်လို့၊ မောလို့။ လူကြီးမိဘတွေမှာ ဘယ်လိုဒုက္ခတွေ့နေတယ်၊ ဘယ်လိုစိတ်ဆင်းရဲနေကြတယ်ဆိုတာ မသိရှာကြတော့ ပျော်နိုင်ကြတာပေါ့။

ခင်ဗျားတို့လည်း မသိတော့ ဒီသဘောပါပဲ။ ကလေးပျော် ပျော်နေကြတာပါ ရှင်းကြပလား?။ အေး သိတတ်တဲ့ ဆရာသမားလူကြီးမိဘတို့က သနားလို့ ပြောဆိုဆုံးမတဲ့အခါ တငိုငိုနဲ့ ရုန်းကန်နေကြဦးမယ်ဆိုရင် ကလေးများလို ထိပ်ပုတ်၊ ခေါင်းပုတ်၊ ပုတ်ပြီး ခိုင်းရရင် မကောင်းဘူးလား?။ နားမထောင်ချင်ရင် ဒီအချိုးအတိုင်းပဲ လုပ်ဖို့ရှိတော့ တယ်။

ကြွေးသံသရာမှာ ဒုက္ခခန္ဓာနဲ့ ဆပ်ကြဦးပဲ

ကြွေးဟောင်းက မကျေနိုင်ရတဲ့အထဲ ကြွေးသစ်တွေချည်း ထပ်ချေးနေချင်ကြတယ်။ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ လောဘကြွေးတွေ၊ ဒေါသကြွေးတွေ၊ မောဟကြွေးတွေ အဲဒီအကုသိုလ်ကြွေး မကောင်းမှုကြွေးတွေက ထပ်ပြီး ချေးယူကြတယ်။ ဒါဟာမသိလို့ မသိလို့ ဖြစ်ချင်တိုင်းဖြစ်၊ ကြွေးတင်ချင်တိုင်းတင်၊ ကြွေးပင်ပေါက်ပြီး ကြွေး သီးသီးရ။ နောက် ကြွေးမျိုးစေ့တွေ ထပ်ကျ။ ဘယ်တော့မှ မဆုံးတဲ့ ကြွေးသံသရာမှာ ဒုက္ခခန္ဓာနဲ့ ဆပ်ကြဦးပဲ။

ဒီအတိုင်းနေရင် သံသရာသစ်ငုတ်တွေပဲ သစ်ငုတ်အဖြစ်နဲ့ ဒုက္ခဝဲဇလုတ်မှာ အနစ်အမြုပ် ခံချင်ကြလို့ဆိုတာ ဆုံးဖြတ်ချက်ချ။ ဒီဝဋ်ကို ဘာနဲ့ ချွတ်ကြမတုံး?။ လေးလေးနက်နက် ဉာဏ်အချက်နဲ့ တွေးကြ သစ္စာနဲ့ ချွတ်ကြရမယ်။ သစ္စာနဲ့ချွတ်မှသာ ရနိုင်ကြမယ်။ သစ္စာနဲ့မှ မချွတ်နိုင်ရင် ကျွတ်လမ်းမမြင်ဘူး။ ခန္ဓာနဲ့ဆပ်လို့တော့ ကျေနိုင်ဖို့ လမ်းစ မရှိဘူး။ ဒါကြောင့် သစ္စာနဲ့ဆပ်နိုင်အောင် ဆပ်ကြ။

ကြွေးတွေကများတယ်။ အရင်းကလည်း အသေင်္ချ၊ အတိုးတွေကလည်း အနန္တဖြစ်နေတယ်။ ခန္ဓာနဲ့သာ ဆပ်ရ ရင် လမ်းစ ဘယ်တော့မှမပြတ်ဘူး။ ဒီတော့ သစ္စာနဲ့သာ ဆပ်ကြ။ သစ္စာနဲ့ဆပ်ရင် အခုတစ်ဘဝတည်းတွင် ကြွေး အားလုံး ကျေနိုင်တယ်။ ဒီလောက်လွယ်တာ မဆပ်ချင်ကြဘူးလား?။

တစ်သက်လုံး မုဆိုးတံငါ လုပ်ခဲ့လုပ်ခဲ့ ဒီသစ္စာဉာဏ်ရရင် ကြွေးအားလုံး ကျေနိုင်တယ်။ နောက် ဆပ်ဖို့မကျန် တော့ဘူး။ တစ်သက်လုံး လူတွေကို သတ်နေတဲ့ ဟိံသကကိုကြည့်။ အဲဒီဟိံသကခေါ်တဲ့ ‘အင်္ဂုလိမာလ’ဟာ သတ်လိုက်တဲ့ လူတွေ မရေနိုင်အောင်ပဲ များပါတယ်။ ဒါပေမဲ့ ဘုရားနဲ့ တွေ့တာနဲ့ တစ်ပြိုင်နက် အကျွတ်တရား ဒီသစ္စာဉာဏ်ရရင်ပဲ ကြွေးအားလုံး ကျေတော့မယ်။ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေအတွက် ကြွေးဆပ်စရာ မလိုတော့ဘူးမို့လား?။

ကိလေသာရှိရင် ခန္ဓာ ရှိတော့တာပေါ့

ဒါနနဲ့ဆပ်ဆပ်၊ သီလနဲ့ဆပ်ဆပ်၊ သမထနဲ့ပဲဆပ်ဆပ် ဘယ်လိုဆပ်နေပေမယ့် ကြွေးမကျေဘူး။ ဒါန၊ သီလ၊ သမထနဲ့ ဆပ်လို့တော့ ဘယ်အခါမှ ကျေခွင့်မရှိဘူးလို့ မှတ်လိုက်ကြ။ ဒါဘာကြောင့်လဲ?။ ဒါန၊ သီလ၊ သမထတွေက ကိလေသာကျန်တယ်။ ကိလေသာမကုန်ဘူး။ ကိလေသာကျန်တော့ ကိလေသာက ရှိနေတယ်။ ကိလေသာရှိရင် ခန္ဓာ ရှိတော့တာပေါ့။ ခန္ဓာရှိတော့ ကံပါလိုက်လာတာပဲ။

ကိလေသာကျန်တော့ ခန္ဓာရ၊ ခန္ဓာရတော့ ကံပါပါ၊ အဲဒီတော့ ခန္ဓာအမျိုးမျိုး တွေ့ကြရတာပေါ့။ ခန္ဓာအမျိုး မျိုး ရလာတော့ အဲဒီခန္ဓာအမျိုးမျိုးနဲ့ ဆပ်ကြရရောပေါ့။ ခန္ဓာနဲ့ ဆပ်ကြလို့တော့ ဘယ်အခါမှာမှ မကျေတော့ဘူး။ ဒီတော့ ကျေအောင် ဘာနဲ့ဆပ်ကြမလဲ?။ ကျေအောင် ဉာဏ်နဲ့ဆပ်ကြ။ ခန္ဓာနှင့်ဆပ်လို့ မကျေ၊ ဉာဏ်နဲ့ဆပ်မှသာ ကျေမယ်ဆိုတာ တစ်ထစ်ချမှတ်ကြ။ သဘောပါကြပလား?။

ဉာဏ်က လောဘသတ်လိုက်တော့ ခန္ဓာမဖြစ်တော့ဘူး။ ခန္ဓာဖြစ်နေတာ တဏှာကြောင့် ဖြစ်နေတာ။ အဲဒီ တော့ ကံက ဟိုပို့ဒီပို့ မပို့နိုင်တော့ဘူး။ ဒါကြောင့် ဉာဏ်နဲ့တဏှာကို သတ်ရမယ်။ တဏှာသေရင် ခန္ဓာမရ၊ ခန္ဓာမရရင် ကံကမလိုက်၊ ကံက ဟိုပို့ဒီပို့ မပို့နိုင်တော့ဘူးပေါ့။ ရှင်းကြပလား?။ ဒါကြောင့် တို့ဒကာတွေ ဒီနည်းကိုသင်ရမယ်။ ဒီနည်းကို အရယူထားကြရမယ်။

သံသရာတစ်ခွင် ကျင်လည်ခဲ့သမျှ ဘဝဘဝတွေမှာ ညီအစ်ကိုတော်ကြ၊ မောင်နှမတော်ကြ၊ သားအမိတော်ကြ နဲ့ တော်ခဲ့ဖူးတဲ့သူ တော်ခဲ့ဖူးတဲ့အဖြစ်ချည်းပဲ။ မတော်ဖူးတဲ့အဖြစ်၊ မတော်ဖူးတဲ့ဘဝရယ်လို့ မရှိကြဘူး။ ဒါကြောင့် ဘုန်းကြီးတို့က တို့ဒကာ ဒကာမတွေကို ကရုဏာရှေ့ထားပြီး ကယ်တင်နေတာ။ စေတနာရှေ့ထားပြီး ပြောပြနေတာ။ ကြိုးစားပြီး လိုက်နာကြလို့ ပြောလိုက်ပါတယ်။

သံသရာကြွေးကျေအောင် ဘာနဲ့ဆပ်ကြမလဲ

သံသရာကြွေးကျေအောင် ဘာနဲ့ဆပ်ကြမလဲ?။ အေး… ဉာဏ်နဲ့ဆပ်ကြရမယ်လို့ ဆုံးဖြတ်ချက်ချ။ ဘုရား ရှင်လည်း ဉာဏ်နဲ့ဆပ်သွားတာပဲ။ ‘ကုသလာ ကုသလံ ဇဟံ’ဆိုတာ ဉာဏ်နဲ့ဆပ်လို့ ကြွေးအကုန်ကျေပြီလို့ ဆိုလိုတာ။ ဒီနည်းလမ်းကို သဗ္ဗာညုတဉာဏ်တော်နဲ့ ရှာလို့တွေ့ရတာ။ အကုသိုလ်ကြွေးကို ဉာဏ်သုံးချက်နဲ့ ဆပ်မှသာ ကျေမယ် ဆိုတာ သိရှိတော်မူတယ်။ ဒီဉာဏ်သုံးချက် သစ္စာအလုပ်ကလွဲရင် တခြားကျေနိုင်တဲ့လမ်းကို မြင်တော်မမူဘူး။

ဒါကြောင့် ဉာဏ်သုံးချက်နဲ့ ဆပ်ဖို့သာ ပြင်ကြ။ ဒါနဲ့မှ မဆပ်နိုင်ကြရင် တဏှာဖြစ်၊ တဏှာဖြစ်ပြီး ဥပါဒါန်၊ ဥပါဒါန်ပြီး ကံလာ၊ ကံလာတော့ ဇာတိ၊ ဒီလိုချည်း အဆက်မပြတ် လှည့်ပတ်သွားမှာချည်းပဲ။ ဒီလိုမသွားအောင် တဏှာကို ဉာဏ်နဲ့ဖြတ်ရမယ်လို့ ပြောတာပဲ။

တဏှာကို ဉာဏ်ကဖြတ်နိုင်တော့ ဘာဖြစ်သလဲ?။ တဏှာကို သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်နဲ့ ဖြတ်ချ လိုက်တော့ ခန္ဓာဇာတ်သိမ်းသွားတာပေါ့။ ခန္ဓာဇာတ်ကို ဉာဏ်က သိမ်းလိုက်တာနဲ့ လူခန္ဓာ၊ နတ်ခန္ဓာ၊ တိရစ္ဆာန်ခန္ဓာ ဆိုတဲ့ ခန္ဓာတွေ ငြိမ်းသွားပါရော။ ခန္ဓာငြိမ်းတော့ ကံဟောင်းတွေရော ကံသစ်တွေပါ ကြွေးဆပ်စရာရှိတဲ့ ကံတွေ အားလုံးဟာ အဟောသိကံ၊ အလကားကံတွေ ဖြစ်ကုန်တာပေါ့။ ရှင်းကြပလား?။

တဏှာရေသောက်မြစ် ဖြတ်နိုင်ဖို့

တဏှာ ရေသောက်မြစ်ဖြတ်လို့ တဏှာရေသောက်မြစ် ပြတ်တော့ ကံဟောင်းတွေလည်း မလိုက်မပါနိုင်တော့ ဘူး။ ကံသစ်တွေလည်း မဆက်လာတော့ဘူး။ တဏှာချုပ်တော့ ဇာတိချုပ်တယ်။ ဇာတိချုပ်တော့ ‘အဇာတိံ နိဗ္ဗာနံ’ ဆိုတဲ့အတိုင်း နိဗ္ဗာန်ပေါ်ရတာပေါ့။ ဒါကြောင့် တဏှာရေသောက်မြစ် ဖြတ်နိုင်ဖို့ သစ္စာအလုပ်၊ ဉာဏ်သုံးလုပ်ကို လုပ်မှဖြစ်တော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဒါမှမဟုတ်ရင် ဘဝသံသရာမှာ မြုပ်လေဦး၊ မျောလေဦးတော့ ကြွက်ဖြစ်လာ ကြောင်ပါးစပ်ထဲ ခန္ဓာနဲ့ အကြွေးဆပ်လိုက်ရ။ ငါးဖြစ်၊ ငါးသလောက်ဥဖြစ် လူ့ပါးစပ်ထဲ ကြွေးဆပ်ရ။ တီကောင်ဖြစ်၊ ပိုးလောက်ဖြစ် ကြက်ပါးစပ်၊ ငှက်ပါးစပ်ထဲ ခန္ဓာနဲ့ ကြွေးဆပ်ကြ။ ငယ်တဲ့အကောင်က ကြီးတဲ့အကောင်ပါးစပ်ထဲ ခန္ဓာနဲ့ ကြွေးဆပ်ကြရ။ ဘယ်ဘဝ၊ ဘယ်ကာလမှာမှ ဆုံးဖို့ မမြင်တော့ဘူး။

တို့ဒကာတွေ ဘယ်လိုသဘောရကြသလဲ?။ ဉာဏ်နဲ့ တစ်ခါတည်း အကျေဆပ်ကြမလား?။ ခန္ဓာနဲ့ အသင်္ချေ အနန္တဆပ်ကြမလား?။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး လေးလေးစားစား အဖြေရှာကြ။

ခန္ဓာကို ဘယ်သူက လုပ်ပေးသလဲ?။ ခန္ဓာကို ကံကဖြစ်စေတယ်။ ကံကို ဥပါဒါန်က ဖြစ်စေတယ်။ ဥပါဒါန်ကို တဏှာကဖြစ်စေတယ်။ တဏှာအရင်းခံပဲ။ ဒီဒုက္ခရအောင် တဏှာက လုပ်ပေးတာ။ တဏှာလက်ချက်ပဲလို့ မှတ်ကြ။ ဒါကြောင့် လက်သည်တရားခံကို အသေသတ်ရင် ဒုက္ခခန္ဓာမရတော့ဘူး။ ဒုက္ခအစုက ကျွတ်လွတ်ခွင့်ရပြီ။

ဒီတော့ တို့ဒကာတွေ ဒီဉာဏ်သုံးချက်ရအောင် လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်ကြ။ ခေါင်းဖြူစွယ်ကျိုး အဘိုး၊ အဘွား အရွယ်ဖြစ်ပေမယ့်လည်း ဉာဏ်မရရင် ကလေးဘဝပဲ ရှိသေးတယ်။ ဒီဉာဏ်မရရင် အသက်ကြီးပေမယ့် အချိန်မစီးသေးတဲ့ အကလေးပဲလို့ ဆိုရတယ်။ ခုနစ်နှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ပေမယ့်လည်း ဒီသစ္စာဉာဏ်ရရင် ကြွေးကျေလို့၊ ကြွေးသိလို့ လူကြီးဘဝရပြီ လူကြီးဖြစ်ပြီလို့ ဆိုရတယ်။ အချိန်စီးတဲ့ လူကြီးလူကောင်းဖြစ်ပြီလို့ မှတ်ယူ ကြရမယ်။ ရိပ်စားမိကြပလား?။

သစ္စာဉာဏ်မရရင်

သစ္စာဉာဏ်မရရင် ကံဟောင်းလည်း မသိ၊ ကံသစ်လည်း မသိ၊ ကြွေးဟောင်းကြွေးသစ် ဘာမှမသိတော့ဘူး။ မသိတော့ ပြုမိပြုရာပြု၊ ပြုတော့ ဒုက္ခအစု ဆင်းရဲမှုတွေ ရလာပြန်ရော။ ရလာရင် ခံနိုင်အောင် ကျောကုန်းခံကြဖို့ ရှိတော့တာပဲ။ ရလာမှတော့ မခံနိုင်လည်းခံ၊ ခံနိုင်လည်းခံ၊ ဘယ်နည်းနဲ့မှ မတတ်နိုင်ကြတော့ပါဘူး။ ရှင်းကြပလား?၊

တဏှာက ‘မနော လောကေ ပိယရူပံ သာတရူပံ’တဲ့ စိတ်ကူးကလေးကို တဏှာက သာယာတယ်၊ နှစ်သက် သဘောကျတယ်။ ကိုယ့်စိတ်ကူးကို သာယာတဲ့တဏှာ ဖြစ်လာတယ်။ ဒီတော့ စိတ်ကြောင့် တဏှာဖြစ်တယ်ဆိုရင် မမှားနိုင်ဘူး။ အဲဒီလိုဆိုတော့ တဏှာသတ်ဖို့ တဏှာသေအောင် စိတ္တာနုပဿနာ ရှုကြရမယ်။ စိတ်ကူးတည့်တော့ လောဘ၊ စိတ်ကူးမတည့်ရင် ဒေါသ၊ ဒီစိတ်ကူးပေါ်တာမသိရင် အဝိဇ္ဇာဖြစ်တယ်။ အဝိဇ္ဇာက မောဟ။

ဒါနဲ့ စိတ်ကူးလေးတစ်ချက်ပေါ်လာရင် လောဘ၊ ဒေါသ၊ မောဟ ဒါတွေပဲ တစ်ခုမဖြစ်၊ တစ်ခုဖြစ် နှစ်ခု သုံးခုဖြစ်၊ မပြတ်အောင် စက်လှည့်ပြီး ဖြစ်နေကြတာပဲရှိတယ်။ ဒီတရားဆိုးတွေကလွဲရင် ဒီပြင် ဘာမှဖြစ်စရာမရှိပါ ဘူး။ သဘောပါကြရဲ့လား?။

မောဟဆိုရင် ပဋိစ္စသမုပ္ပါဒ်၊ ဒုက္ခစက် အစက စဖြစ်မယ်။ လောဘဆိုရင် ပဋိစ္စသမုပ္ပါဒ် အလယ်ကစ၊ ဒေါသဆိုရင် ဒုက္ခစက် အဆုံးက ပြန်စပြီး ပြန်လှည့်ဖြစ်ဦး။ ဒီတော့ ဘယ့်နှယ်များ ကြံကြမတုံး?။ ဆုံးတတ်အောင် လုပ်ရမယ်။ ဆုံးအောင်ဖြတ်တတ်ဖို့ ဉာဏ်နဲ့ ဖြတ်နိုင်ဖို့ ကြိုးစားရမယ်။ မဖြတ်နိုင်ရင် ဒုက္ခစက် အမျှင်မပြတ်တော့ ဘူး။ ဒါကြောင့် ‘မသုံးတတ်ရင်ဘေး၊ သုံးတတ်ရင်ဆေး’လို့ ဆိုကြတာပေါ့။

ဘယ်စိတ်လာလာ ဖြစ်ပျက်ရှု

ပထမ ဖြတ်ချင်တဲ့စိတ်ရှိဖို့၊ ဒုတိယ ဖြတ်တတ်တဲ့ဉာဏ်ရဖို့၊ တတိယ ကြိုးစားဖြတ်ဖို့ အရေးကြီးတယ်။ ဖြတ်ချင် ရင် လွယ်ပါတယ်။

”စိတ်ကလေးပေါ်လာရင် ဖြစ်ပျက်ရှုပေး၊ ဘယ်စိတ်လာလာ ဖြစ်ပျက်ရှု၊ မရှုမိဘဲ ပေါ့တန်နေမိရင် ဒုက္ခဆက် မယ်။ ရှုရင် ဒုက္ခစက် ပြတ်မယ်။ ဘာစိတ်ပေါ်ပေါ် ပေါ်ချင်တာပေါ် မလွတ်စေနဲ့။ ပေါ်သမျှစိတ်ကို ဖြစ်ပျက်ရှု။ ရှုတော့ ရှုတာက မဂ္ဂ၊ သေတာက သမုဒယ၊ ဒီတော့ ကျန်တဲ့ဒုက္ခတွေလည်းချုပ် ဒုက္ခသစ္စာတွေချုပ်တော့ ‘ဒုက္ခနိရောဓော နိဗ္ဗာနံ’ နိရောဓ ပေါ်လာရော။

ရှုစမှာတော့ ကျဲနေမယ်။ နောက်အရှုအပွားများ ကျင့်သားများတော့ ရှုဉာဏ်ဟာ စိတ်၊ စိတ်၊ စိတ်၊ စိတ်လာ မယ်။ ရှုဉာဏ်စိတ်သလောက် ကိလေသာ ကြားမခိုတော့ဘူး။ ကိလေသာ လုံးဝကြားမခိုရင် ကိလေသာချုပ်ပြီ။ ကိလေ သာချုပ်ရင် နိဗ္ဗာန်မြင်ဖို့ မဝေးတော့ဘူးဆိုတာမှတ်။ ကိလေသာ ကြားခိုခံလို့ ကိလေသာမချုပ်ရင် ကံပြန်ရောက်မယ်။ ‘ကမ္မံဝိပါကဿ ကမ္မပစ္စယေန ပစ္စယော’ပဲ အကျိုးပေးမယ့်သာ ကြံကြတော့၊ ရှင်းပလား?။

ကိုင်း… ဒီနေ့ ဒီတွင် တော်ကြဦး။

**********