သာသနာတွင်းမှာ ကြုံခဲစွာ တရားတော် အမှတ်(၂)
ဒါနအရာ မကိုးသာ
(၁) …မလ္လိကာမှာ၊ ဒါနရာ၊ လှူရှာ ပြိုင်ဘက်ကင်း။
သီလနှင့်လည်း ကျိုးမပြီး
(၁) …ကဿပရှင်၊ လက်ထက်တွင်၊ လွန်စင် သီလရင်း။
သမထပင် ကျိုးမထင်
(၁) …ဈာန,ဘိညာ၊ တန်ခိုးဖြာ၊ တေဇာရှားဘိခြင်း။
တရားသား
ကမ္မဿကတာဉာဏ်ဟာ သာသနာပဉာဏ်
ကောင်းတာလုပ်ရင် ကောင်းကျိုးရရမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရမယ်ဆိုတဲ့ ယုံကြည်ချက် ကမ္မဿကတာဉာဏ်ဟာ သာသနာပဉာဏ်ပဲလို့ မှတ်ကြ။ ဒီသာသနာပဉာဏ်၊ ကမ္မဿကတာဉာဏ်လောက်နဲ့ ဝိဇ္ဇာဉာဏ် မပေါက်နိုင်သေးပါဘူး။ ဒါကြောင့် အင်မတန် ကြုံကြိုက်ခဲတဲ့ သာသနာတွင်း ကြုံနေတဲ့အခါ သာသနာပဉာဏ်မျိုး၊ အလုပ်မျိုးလောက်နဲ့ တင်းတိမ်မနေကြနဲ့လို့ ပြောလိုက်ပါတယ်။
သာသနာတွင်းမှာ သာသနာပ အလုပ်မျိုးလုပ်နေရင် တင်းတိမ်နရင် သာသနာတွင်းမှာ လူဖြစ်ရပေမယ့် သာသနာတွင်းသား မဖြစ်သေးဘူး။ သာသနာတွင်းသားလို့ မခေါ်နိုင်သေးဘူး။ ဒီပထမကမ္မဿကတာဉာဏ်လောက် နဲ့ပဲ သေကြရတယ်။ ဒါ ဘာ့ကြောင့်လဲ?။ ဆရာကောင်း သမားကောင်း မတွေ့လို့။ ဆရာသမားကောင်း မကြုံရလို့ပဲ။
ကိုယ့်အထက်အထက်က ဘိုးတွေ၊ ဘွားတွေ သေသွားကြတာကို ကြည့်ကြ။ အဲဒါတွေကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လည်း ဆန်းစစ်ကြည့်ကြ။ ဒီလိုပဲ သေကြမလား?။ လူသာမန်အဖြစ် လူတိုင်းထဲက လူတစ်ယောက်အဖြစ်နဲ့ အသေခံ ကြမလား?။ ထူးခြားမြင့်မြတ်တဲ့ လူတစ်ယောက်၊ ပုဂ္ဂိုလ်ထူးတစ်ယောက်အဖြစ် ရောက်အောင် ကြိုးစားကြမလား?။ စဉ်းစားကြ။
သာသနာဆိုတဲ့ အဆုံးအမ အကုန်မရကြရင် အလွန်နစ်နာကြမယ်။ နစ်နာသလောက်တော့ အပါယ်သံသရာ က တက်နိုင်ကြဖို့ မရှိဘူး။ အင်မတန်မှ အခွင့်သင့်လို့ လူ့ဘဝလည်းရောက်လာ။ သာသနာနဲ့လည်း ကြုံကြိုက်။ ဒီလို အခါမှာမှ မိုက်ကြဦးမယ်ဆိုရင် တက်တက်စင်အောင် လွဲပြီလို့ မှတ်ကြ။ လွဲသမှ ပြင်မရအောင် လွဲမယ့်အလွဲ မဟာ အလွဲတော်ကြီးပါပဲ။
ကိုယ့်ကိုယ်ကိုယ် သေသေချာချာ စစ်ဆေးကြည့်တော့ ဘာမှမဟုတ်ကြသေးဘူး။ မသေပျော်သေးဘူးဆိုတာ ဆုံးဖြတ်ချက်ချ။ တို့ဒကာတွေက သာသနာတွင်း ကြုံတယ်ဆိုပြီး ဝမ်းသာနေကြတယ်။ ဘာရယ်လို့ မသိကြဘဲ ရမ်းပြီး ဝမ်းသာနေကြတာပါ။ ဒီကရှေ့ ဘာမှ မထူးခြားသေးဘဲ ရမ်းပြီး ဝမ်းသာမနေကြနဲ့။
သစ္စာဉာဏ်ကမှ သာသနာတွင်း တရား
စတုတ္ထဥခွံကွာရုံနဲ့လည်း ဝမ်းသာဖို့ မဟုတ်သေးဘူး။ သာသနာတွင်း မရောက်သေးဘူးလို့ မှတ်ကြ။ ဒီလိုဆိုရင် သမထလောက်များနဲ့ဖြင့် ဝေးပါသေးရဲ့။ လိုရင်းမရောက်သေးပါဘူး။ လိုရင်းက ကျန်သေးတယ်။ လိုရင်းက ငါးအဝိဇ္ဇာ ကွာမှ ရောက်မယ်လို့ မှတ်ကြ။ ဒီငါးနံပါတ်ဉာဏ် သစ္စာဉာဏ်ကမှ သာသနာတွင်း တရားအစစ်လို့မှတ်။ ရှင်းပလား?။
ဒီတော့ တို့ဒကာတွေ သာသနာတွင်း တရားဖြင့် ကြိုးစားဖို့ သင့်ကြတယ်၊ မသင့်ကြသေးဘူးလား?။ မသင့် ကြသေးရင်ဖြင့် ဘေးဆိုးက လွတ်ရက်မရှိဘူးလို့ မှတ်ထားကြ။ သာသနာတွင်း ကြုံတဲ့အခါ သာသနာတွင်းတရားကို ရအောင်ယူလိုက်ကြ။ ဒါမှ သာသနာ့အရသာ တွေ့ကြမယ်။
သစ္စာတရားဆိုတာ ဘုရားပွင့်မှသာ ပေါ်တာ။ ဘုရားမပွင့်တဲ့အခါမျိုးမှာ မပေါ်နိုင်ဘူး။ မည်သူတစ်ဦး တစ်ယောက်မှလည်း ဟောမပြနိုင်ဘူး။ ဘုရားရှင်မှတစ်ပါး သစ္စာတရားကို ဟောပြနိုင်တဲ့သူ ပေါ်တယ်ဆိုတာ အရာ မဟုတ်ဘူး။ ဒီတော့ တို့ဒကာတွေမှာ အတိဒုလ္လဘဖြစ်တဲ့ သစ္စာတရားကို ကြားနာရဖို့ ကိုယ်ပိုင်ရဖို့ အဆင်သင့်နေကြပြီ။ ဒီအခွင့်ကောင်းကိုမှ လက်လွတ်ခံလိုက်ရရင် ဒီထက်အရှုံးဖြင့် မရှိတော့ဘူးလို့ မှတ်ကြ။
သာသနာတွင်း မွေးသက်ဟာ ဆရာကောင်းနဲ့ တွေ့တဲ့အချိန်ကမှ စရတာ
ဒကာတို့တစ်တွေ သာသနာကြုံပေမယ့် သာသနာတွင်း ရောက်တာဟာ တယ်မကြာသေးပါဘူး။ သာသနာတွင်း ရောက်တဲ့အချိန်ဟာ အလွန်ကို နည်းပါးပါသေးတယ်။ သာသနာတွင်း မွေးသက်ဟာ ဆရာကောင်းနဲ့ တွေ့တဲ့အချိန်ကမှ စရတာပါ။ အခု ဒကာတို့တစ်တွေ ဆရာကောင်းနဲ့ တွေ့ရတာဟာ နာရီပိုင်းလောက်ပဲ ရှိသေးတယ်။ ဒါကြောင့် သာ သနာတွင်းရောက်တာ တယ်မကြာသေးဘူးလို့ ဆိုရတာ။ ရိပ်မိကြပလား?။
ရှင်အဖြစ်၊ ရဟန်းအဖြစ်ဆိုတာလည်း စင်စစ်အားဖြင့် သာသနာတွင်းရောက်ပါပြီလို့ မဆိုနိုင်သေးဘူး။ မုချ မဟုတ်သေးဘူးလို့ မှတ်ရမယ်။ ဘာကြောင့်တုံးဆိုတော့ သာသနာ့အရသာ မခံစားရသေးလို့ပဲ။ ရှင်ရဟန်းအဖြစ် ရောက်လာပေမယ့် သာသနာ့အစစ်တရား၊ ကိုယ့်သန္တာန်မှာ မရသေးရင်ဖြင့် သာသနာတွင်းအစစ်လို့ မဆိုနိုင်သေးဘူး။ ဒါကြောင့်မို့ ဒကာတို့တစ်တွေဟာ သာသနာပ၊ လူတွေထက် နည်းနည်းလောက်ပဲ သာသေးတယ်လို့ မှတ်ကြ။
သစ္စာလေးပါးကို ထိုးထွင်းမသိသေးရင် မသိသေးသမျှ သာသနာ့တွင်းသား အစစ်မဟုတ်သေးဘူး။ ဒီတော့ သာသနာတွင်းသားအစစ်ဖြစ်နိုင်ဖို့ သစ္စာသိအောင် သစ္စာဉာဏ်ကိုယ်ပိုင်ရအောင် ကြိုးစားကြ။
အရိယာသိ သိမှသာ အသိမှန်
သစ္စာသိတဲ့နေရာမှာ ပုထုဇဉ်သိ မလိုဘူး။ အရိယာသိ လိုတယ်။ အရိယာသိ သိမှသာ အသိမှန်ဖြစ်တယ်။ ပုထုဇဉ်က တစ်ဆင့်ကြား ‘အနုဿဝ’နဲ့ သိရတာ။ အရိယာက ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်သိရတာ။ မိုးနဲ့ မြေကြီးပမာ ကွာခြားတယ်။ ပုထုဇဉ်က မှန်းဆပြီးသိရတာ။ သောတာပန်က ကိုယ်တိုင် ဒိဋ္ဌဉာဏ်နဲ့ မြင်ပြီး သိရတာ။ ရှင်းကြပလား?။
သစ္စာမသိသေးရင် မပြုံးနိုင်ကြသေးဘူး။ အခုပြုံးနေကြတာဟာ လက်လွတ်စပယ်ပြုံးပဲ။ သစ္စာမသိဘဲ ပြုံးတာ ဟာ မသိပြုံးပြုံးတာလို့ မှတ်ကြ။ သစ္စာမသိဘဲ ကျွတ်ပြီ၊ လွတ်ပြီလို့ ပြုံးနေရင် မသိပြုံးပြုံးတာပဲ။ အခုပြုံးသလောက် နောက်အခါမဲ့ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ အလုပ်မှမလုပ်ရသေးရင် မပြုံးနိုင်သေးဘူး။ မဲ့ပြုံးမဖြစ်ရအောင် ကြိုးစားကြ။
မဂ္ဂင်အလုပ်၊ သစ္စာအလုပ် မလုပ်မိကြရင် အကုသိုလ်တွေကို ခန္ဓာနဲ့ ဆပ်ရမယ်။ အသေနဲ့ ဆပ်ရမယ်။ ဟိုဘဝရောက်ပြီး သေလိုက်၊ ဒီဘဝရောက်ပြီး သေလိုက်၊ အသေက မဆုံးတော့ဘူး။ အဲဒီအဆုံးမရှိတဲ့ အသေခန္ဓာနဲ့ မဆုံးနိုင်အောင် ဆပ်ကြရမယ်။ မလုပ်ချင်ရင် ဆပ်ဖို့သာ ပြင်ထားကြတော့။ ခန္ဓာနဲ့ ဆပ်ကြမလား?၊ မဂ်နဲ့ ဆပ်ကြ မလား?၊ စဉ်းစားကြ။
မဂ်နဲ့ဖြတ်ရင် ဆပ်စရာမကျန်တော့ဘူး။ တစ်ခါတည်းနဲ့ အကုန်ကျေနိုင်တယ်။ မဂ်ရဖို့၊ သစ္စာရဖို့ကလည်း ဆုတောင်းနေလို့ မရနိုင်ဘူး။ လုပ်ယူမှရမယ်။ မလုပ်ရင် မရနိုင်ဘူး။ လုပ်ဆိုပေမယ့် ခက်ခက်ခဲခဲကြီး မလုပ်ရပါဘူး။ ဆရာသမားကောင်းတွေ့လို့ အကြောင်းအင်္ဂါနဲ့ ညီညွတ်ရင် ခဏကလေး လုပ်ရမှာပါ။ တယ်မကြာပါဘူး။ ခဏကလေး နဲ့ ရနိုင်ပါတယ်။
ညက အားထုတ်ရင် မနက်မှာ အရဟတ္တဖိုလ် ရနိုင်တယ်
ဒီအကြောင်းဟာ အလွတ်ပြောနေတာ မဟုတ်ပါဘူး။ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဗောဓိရာဇကုမာရကို ဟောတော်မူခဲ့တာ အထင်အရှားရှိတယ်။ သံသယမရှိကြနဲ့။
+++”သာယမနုသိဋ္ဌော ပါတော ဝိသေသံ အဓိဂမိဿတိ၊
ပါတမနုသိဋ္ဌော သာယံ ဝိသေသံ အဓိဂမိဿတိ”
”ညက အားထုတ်ရင် မနက်မှာ အရဟတ္တဖိုလ် ရနိုင်တယ်။ မနက်က အားထုတ်ရင် ညမှာရနိုင်တယ်”လို့ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီလိုဆိုရင် အားထုတ်ကြဖို့များ မသင့်ဘူးလား?။ ကြိုးစားလိုက်ကြ။
သာသနာပကိစ္စ ဒါန၊ သီလ၊ သမထလောက်နဲ့ဖြင့် ချောက်ကျဖို့သာ ပြင်ထားကြ။ အားမကိုးလောက်ကြသး ပါဘူး။ မလ္လိကာမိဖုရားဟာ သူမတူအောင်လှူတဲ့ အသဒိသဒါန အလှူတော်ကြီးပေးပြီး သေလွန်တဲ့အခါ အဝီစိကျရရှာ တယ်။ ဒါ ဘာကြောင့်လဲ?။ သစ္စာမသိလို့ သစ္စာကသာ ကယ်နိုင်တာ။ ဒါနက မကယ်နိုင်ဘူး။
ဒီတော့ တို့ဒကာတွေ ဒါနလောက်နဲ့ဖြင့် စိတ်ချနေလို့ ဖြစ်ပါ့မလား?။ မဖြစ်ပါဘူး။ ရိပ်မိကြပလား?။ တို့ဒကာ တွေ ဘာများအားကိုးကြသေးတုံး?။
သစ္စာမသိသမျှ ကယ်သူနဲ့ ဝေးကြလိမ့်မယ်
သီလနဲ့လည်း စိတ်မချရသေးပါဘူး။ ကဿပဘုရားရှင်လက်ထက်တော်က သာသနာဘောင်ဝင်ပြီး ကုဋေ ကိုးထောင်ကျော်ရှိတဲ့ သီလသိက္ခာပုဒ်တော်တွေကို အနှစ်နှစ်သောင်းတိုင်တိုင် ကျင့်သုံးဆောက်တည်ခဲ့တဲ့ ရဟန်းတော် ကလေးဟာ စုတိကျတဲ့အခါမှာ နဂါးစိမ်းကြီး ဖြစ်ရရှာတယ်။ ပိန်းပင်ခြေမှာ တော်ရာစားသောက်ပြီး နေရတဲ့ နဂါးစိမ်း ကြီးတဲ့။ ဘယ်လောက်ကြာကြာ ဖြစ်ရတုံးဆိုရင် သိပ်တော့မကြာပါဘူးတဲ့။ ကဿပဘုရား ဒီဘက်မှာ ခုထိအောင် ကျွတ်လွတ်ခွင့် မရရှာသေးဘူး။
တို့ဒကာတွေ ကြပ်ကြပ်စဉ်းစားကြ။ ဘယ်လောက်များ ကြောက်စရာကောင်းသလဲ?။ အဲဒါ သစ္စာမသိလို့။ သစ္စာမသိသမျှ ကယ်သူနဲ့ ဝေးကြလိမ့်မယ်။ သူကျင့်သုံးခဲ့တဲ့ သီလတွေကလည်း မကယ်၊ မယူနိုင်အောင် အဖြစ်ဆိုး ကြုံရရှာတယ်။ သစ္စာမသိတဲ့အဖြစ်ဟာ ဘယ်လောက်ဆိုးသလဲဆိုတဲ့အချက် ပေါ်ကြပလား?။ ဒါဖြင့် တို့ဒကာတွေ ဘာများ အားကိုးကြသေးတုံး?။
သာသနာပ သမထမျိုးဟာလည်း အားမကိုးရဘူး။ ကာဠဒေဝီလ ရသေ့ကြီးဟာ နှယ်နှယ်ရရ မဟုတ်ဘူး။ အသိဉာဏ်အစွမ်းနဲ့ ရှေ့နောက် ကမ္ဘာလေးဆယ် ကြည့်မြင်နိုင်တယ်။ ဒါပေမဲ့ သာသနာမကြုံလို့ သစ္စာသိခွင့်မရလိုက် ရှာဘူး။ အာဠာရတို့၊ ဥဒကတို့အတွက်လည်း သာသနာခေတ်နဲ့ လွဲသွားကြလို့ ဘုရားကိုယ်တော်တိုင် ရင်မရှာတယ်။
သစ္စာမသိသေးသူ သနားစရာကောင်းတဲ့သူ
”ဪ… အဖြစ်ဆိုးလေခြင်း၊ ရှုံးခြင်းကြီး ရှုံးလေခြင်း”လို့ဆိုပြီး ရင်မ,တော်မူရှာတယ်။ သစ္စာသိခွင့်မရရှာ ကြဘူး။ သစ္စာဉာဏ် မရလိုက်ကြလို့ သံသရာဒုက္ခ ကျွတ်လွတ်ခွင့် မရနိုင်တော့ဘူးဆိုပြီး အလွန်သနားတော်မူလွန်းလို့ပဲ။ သစ္စာမသိသေးသူမှန်ရင် အလွန် သနားစရာကောင်းတဲ့သူချည်းပါပဲ။ ဒါကြောင့် တို့ဒကာတွေ ရတုန်းရခါမှာ သစ္စာ ဉာဏ် ကိုယ်ပိုင်ရအောင် ကြိုးစားသင့်တယ်လို့ ဆုံးဖြတ်ကြ။
သစ္စာဉာဏ် ကိုယ်ပိုင်မရသမျှ သနားစရာအဖြစ်က မလွတ်နိုင်ကြတော့ဘူး။ ဘာများ အားကိုးနေချင်ကြသေး တုံး?။ အားကိုးမှားကြမယ်။ အားကိုးမမှားကြစေနဲ့။ အားကိုးမှားရင် သံသရာတစ်ခွင်လုံး စုံးစုံးမြုပ်မယ် ကြံတော့ပဲ။ သစ္စာတရားမှတစ်ပါး တခြားအားကိုးစရာ မရှိတော့ဘူးလို့ ဆုံးဖြတ်ချက်ချကြ။ ညွှန်ပြတတ်တဲ့ ဆရာနဲ့ ကြုံတုန်း သစ္စာဉာဏ် ကိုယ်ပိုင်ယူလိုက်ကြလို့ တိုက်တွန်းလိုက်ပါတယ်။
