သာဝကပါရမီ နှစ်ချက်ညီ တရားတော်
မှတ်ရန် ပကတိသာဝကများမှာ
(၁) သစ္စာတရားကို နာကြားမှု၊
(၂) မိမိခန္ဓာ နှလုံးသွင်း မှန်ကန်မှု၊
ဤအင်္ဂါနှစ်ခုကို ညီညွတ်က ဒိဋ္ဌဓမ္မ နိဗ္ဗာန်ကို မျက်မှောက်ပြုရမည်။
ဆောင်ပုဒ်-
ဒုက္ခတင်တင်၊ ခုကျွတ်ချင်၊ ခုပင်အားထုတ်ရာ။
သစ္စာတရား၊ မှန်လေးပါး၊ နာကြားစဉ်မကွာ။
ခန္ဓာကိုယ်တွင်း၊ နှလုံးသွင်း၊ လက်ငင်းရှုကြည့်ရာ။
နှလုံးသွင်းမှန်၊ ရုပ်နှင့်နာမ်၊ ဖြစ်ပြန်ပျက်ခြင်းရာ။
ဖြစ်ပျက်မပြတ်၊ ဒရစပ်၊ ရှုလတ်ဉာဏ်မြင်လှာ။
ဒုက္ခဖြစ်ပျက်၊ ဒုက္ခဆက်၊ သက်သက်ဒုက္ခသာ။
ဒုက္ခမြင်များ၊ အမုန်းပွား၊ မုန်းများချုပ်ဆုံးရှာ။
ဒုက္ခဆုံးပျောက်၊ သုခရောက်၊ ကဲမောင်လွန်ချမ်းသာ။
သတိချပ်-
ခန္ဓာရုပ်နာမ်၊ အတန်တန်၊ ထပ်ပြန်ဖြစ်ချုပ်ကာ။
မိမိမွေးသေ၊ သက်ဆိုးရှည်၊ မှတ်လေသံသရာ။
သံသာရှည်မျော၊ ဒုက္ခပြော၊ အဟောဆင်းရဲစွာ။
အသေဆက်ဆက်၊ နေမစွက်၊ သက်သက်ဒုက္ခသာ။
ခန္ဓာ့ဖြစ်စဉ်၊ မဂ္ဂဝင်၊ ရှုလျှင်သိမည်သာ။
ထဆဲရုပ်နာမ်၊ ထိုင်ပျက်ကျန်၊ ထပြန်ထိုင်မပါ။
ဖြစ်ပျက်,ဖြစ်ပျက်၊ အသေဆက်၊ နဲနက်ဆင်းရဲစွာ။
ဆင်းရဲကြောက်လျှင်၊ များလူရှင်၊ မြန်လျှင်အားထုတ်ရာ။
တရားသား။ ။
သံသရာရှည်လေ ဒုက္ခရှည်လေ
ဒကာ၊ ဒကာမတို့ သံသရာရှည်လေ ဒုက္ခရှည်လေပဲဆိုတာ မှတ်ကြရမယ်။ သံသရာဆိုတာက ဘာလဲ?လို့မေးရင် ဒကာ၊ ဒကာမတို့သန္တာန်မှာ အခုစိတ်တွေ တစ်စိတ်ပြီးတစ်စိတ် ဖြစ်လိုက်ချုပ်လိုက်နဲ့ ဖြစ်ချုပ်အစဉ် တွေ တန်းနေတာဟာ သံသရာပဲလို့ မှတ်လိုက်ကြ။ ဒကာတို့သန္တာန်မှာ ရုပ်တွေ၊ နာမ်တွေ အစဉ်တန်းပြီး ဖြစ်ပျက် နေတာဟာ သံသရာပဲ ရိပ်မိပလား?။
ဒကာ၊ ဒကာမတွေ တိတိကျကျမှတ်ထားဖို့က မိမိ ပေါ်လာလိုက်၊ မိမိ ပျက်စီးသွားလိုက်၊ မိမိ ဖြစ်ပေါ်လာ လိုက်၊ မိမိ ချုပ်ပျက်သွားလိုက်နဲ့ အဲဒီလို အဆက်မပြတ် မိမိအသေများတာဟာ သံသရာပဲလို့ မှတ်လိုက်ကြ။ ရှင်းကြ ပလား?။
ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက ဒါကို ဗြုန်းခနဲ မကြောက်ကြဘူး။ အခုလို အမှန်အကန်သိရတော့ မိမိ မွေးပြီး သေတာကို အများတွေ့ကြုံရတာ သံသရာရှည်တာပဲဆိုတာ ပေါ်ကြပလား?။ မိမိမွေးပြီး သေသေနေတာကို ဉာဏ်နဲ့သိကြရင် အမှန်ကြောက်လာကြမယ်။ မသိလို့သာ မကြောက်ကြသေးတာပါ။ ဒီကရှေ့သံသရာ မရှည်ချင်ကြ ပါနဲ့တော့လို့ သတိပေးလိုက်ပါတယ်။
သံသရာရှည်ချင်တဲ့စိတ်ကို ဖျောက်ကြတော့။ ‘ခန္ဓာအာယတနဓာတ်တို့ရဲ့ မပြတ်လည်နေတာဟာ သံသရာ ပဲ’ ဒါက စာလိုပြောတဲ့ အဓိပ္ပာယ်။ ဒကာ၊ ဒကာမတို့ နားလည်တဲ့ စကားနဲ့ပြောရင် အခုပေါ် အခုပျောက်၊ အခုဖြစ် အခုပျက်။ စိတ်အစဉ်ကလေးတွေ ရုပ်အစဉ်၊ နာမ်အစဉ်ကလေးတွေ အခုမွေး အခုသေ၊ အခုမွေးပြီး သေနဲ့ အနေမပါ ဘူး။ သံသရာဆိုတာ တိုတိုပြောရရင် အသေတွေဆက်နေတာဟာ သံသရာပဲ။ ရှင်းပလား?။
ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးကြ
ကိုယ်တွေ့ဉာဏ်မြင် သိချင်ရင် ခန္ဓာမှာပြန်ကြည့်။ အမှန်သိ အမှန်မြင်ကြရမယ်။ ဘဝကူးမှ မဟုတ်ဘူး။ အခုဘဝထဲတွင် အသေချင်း ဆက်နေတာကို ပြောတာ။ မယုံရင် ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးကြ။ မြင်စိတ်ကလေး ပေါ်လာ ဖြစ်ပြီးပျက်သွား၊ ကြားစိတ်ပေါ်လည်း ဖြစ်ပျက်၊ စားစိတ်၊ သောက်စိတ်၊ ကြံစိတ်၊ တွေးစိတ် ဘာလာလာ ဖြစ်ပြီးပျက်တာချည်းပဲလို့ မှတ်ကြ။
အိမ်မှာကျတော့ ပစ္စည်းနဲ့ ပြုံးလိုက်ကြ၊ သားလေး သမီးလေးတွေ့ ပြုံးလိုက်ကြ၊ အဲဒါဟာ ပြုံးတိုင်းပြုံးတိုင်း ပြုံးတဲ့တစ်ယောက် သေသေသွားတာပဲ။ မပြုံးနိုင်လို့ မဲ့ရတာလည်း မဲ့တဲ့နောက်က တစ်ယောက်သေတာပဲ။ ပြုံးတော့ လည်း ပြုံးတဲ့နောက်ကတစ်ယောက် သေပြန်တာပဲ။ ပြုံးတဲ့နောက်က အသေလိုက်မဲ့တဲ့ နောက်ကလည်း အသေလိုက်နဲ့ အသေတွေ ထက်ချပ်လိုက်နေတာပဲ။ ဒါကို ကိုယ်တိုင်မြင်ချင်ရင် ဉာဏ်နဲ့ ကြည့်ပေးကြ။ သဘောပါပလား?။
ဒကာ၊ ဒကာမတို့ မျက်စိတစ်မှိတ်အတွင်းမှာ ရုပ်ပေါင်း ကုဋေ (၅၀၀၀) ငါးထောင်လောက် သေတယ်။ နာမ်ပေါင်းက ကုဋေတစ်သိန်းလောက် သေတယ်။ မျက်စိတစ်မှိတ်၊ လျှပ်တပြက်အတွင်းမှာ ဒီလောက်တောင် အသေ တွေ ဆက်နေတယ်။ အသေတွေ များပါတယ်။ အဲဒီလို အသေဆက်တာ၊ အသေများတာဟာ သံသရာပဲလို့ မှတ်ကြ တော့။ ဒကာ၊ ဒကာမတို့ ဒီလိုသိရလို့မှ သံသရာရှည်ချင်သေးရင် ‘တပည့်တော်တို့ အသေဆက်ပါရစေဦး၊ ဒုက္ခဆက်ပါ ရစေဦး’လို့ ဆိုသလိုပဲ။
မသာအလောင်းပေါင်း မရေမတွက်နိုင်ဘူး
‘တပည့်တော်တို့ မိုက်လုံးဆက်ပါရစေဦး’လို့ ဆိုလိုက်တာပဲ။ ရိပ်မိကြပလား?။ သူများပြောနဲ့ မယုံကြနဲ့ဦး။ ကိုယ်တွေ့သိရအောင် ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့ စိုက်ကြည့်ကြ။ ဒီလိုကြည့်မှ အမှန်သိ၊ ဧကန်သိဖြစ်မယ်။ ဉာဏ်နဲ့ကြည့် တော့ ဝိညာဏက္ခန္ဓာလေး ပေါ်လာ ဖြစ်ပြီး ပျက်သွားတာကို တွေ့မယ်။ ဘာခန္ဓာလေးလာလာ ဖြစ်ပြီး ပျက်မှာချည်း ပဲ။ ဉာဏ်နဲ့သာကြည့်ရင် အခုဘဝထဲမှာကို မသာအလောင်းပေါင်း မရေမတွက်နိုင်ဘူးဆိုတာ သိရမယ်။
ဒကာ၊ ဒကာမတို့ ဘဝများစွာ တောင်းတဲ့သူဆိုရင် အသေကြိုက်လွန်းတဲ့သူ၊ မသာဖြစ်ချင်အားကြီးတဲ့သူပဲ လို့သာ မှတ်ကြတော့။ အမှန်အကန် မသိ မမြင်တော့ ကြောက်ရကောင်းမှန်း မသိရှာကြဘူး။ ဒကာ၊ ဒကာမတို့ ဉာဏ်နဲ့မြင်အောင်သာ ကြည့်ကြ။ ဉာဏ်နဲ့ကြည့်ပြီး သံသရာကို မုန်းကြတော့ သံသရာဘေးကို ကြောက်ကြတော့လို့ ပြောလိုက်ပါတယ်။
ခန္ဓာ့ဖြစ်စဉ်က အသေချင်းဆက်နေတယ်။ တစ်သေပြီးတစ်သေ ဒီအသေပြီး နောက်အသေနဲ့ အသေတွေသာ ဆက်နေတယ်။ အနေတစ်ခုမှ မပါဘူး။ ထိုင်ဆဲရုပ်နာမ်ဟာ ထရာမပါဘူး။ ရပ်ဆဲရုပ်နာမ်ဟာလည်း သွားရာကို မပါ လာဘူး။ သွားဆဲရုပ်နာမ်ဟာလည်း ရပ်တဲ့ဆီကို မပါလာဘူး။ ရပ်ဆဲရုပ်နာမ်ကလည်း ထိုင်လိုက်တော့ အကုန်ချုပ် ပျောက်ကုန်တာပဲ။ ရုပ်နာမ်အစဉ်တွေဟာ အသေချင်းသာ ဆက်နေတယ်ဆိုတာ မှတ်လိုက်ကြ။ သဘောပါကြပလား?။
ခန္ဓာလမ်းစဉ်ဟာ အသေလမ်းစဉ်ပဲ
ဒကာတို့ ခန္ဓာလမ်းစဉ်ဟာ အသေလမ်းစဉ်ပဲရှိတယ်။ အသေလမ်းစဉ်မှတစ်ပါး တခြားဟာ မပါဘူးဆိုတာ ရိပ်မိကြရဲ့လား?။ အဲ ရိပ်မိရင် အသေလမ်းစဉ်ကို ပြင်ကြတော့။ ဒီလမ်းစဉ်ကိုဖြင့် သိမ်းကြတော့။ သိမ်းချိန်ရောက် ပြီဆိုတာ သတိပေးလိုက်တယ်။ ‘ဧကစိတ္တ သမာယုကာ’ဆိုတဲ့အတိုင်း တစ်စိတ်ဟာ တစ်သက်ပဲ။ စိတ်အစဉ်ကလေးတွေ ဝမ်းထဲမှာ ဖြစ်ပျက်ဖြစ်ပျက်နဲ့ တစ်စိတ်တစ်ခါ သေနေတာပဲ။ သဘောပါကြရဲ့လား?။
ဒီအသေဇာတ်ကို သိမ်းဖို့ဆိုတော့ သိမ်းချင်တဲ့စိတ်ရှိရင် လွယ်ပါတယ်။ ဘုရားဟောတဲ့အတိုင်း ဆရာဘုန်းကြီး က ညွှန်ပြတဲ့အတိုင်း လိုက်နာပြီး အားထုတ်ဖို့ပဲရှိတယ်။ ရိပ်မိကြပလား?။ ဒီအသေဇာတ်ကို သိမ်းချင်ရင် နှစ်လုံးတည်း နဲ့ သိမ်းနိုင်ပါတယ်တဲ့။ စကားနှစ်လုံးပဲ လိုက်နာပြီး သိမ်းရင် ရပါတယ်လို့ ‘ပေဋကောပဒေသ’ ပါဠိတော်မှာ ဟောထား ခဲ့တယ်။
+++ “ဒုဝေ ဟေတူ ဒုဝေ ပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ”
‘သာဝကပါရမီဉာဏ်ကို ရဖို့ရာ နှစ်ကြောင်းတည်းပဲ ရှိပါတယ်’လို့ ဆိုလိုတယ်။ မဂ်၊ ဖိုလ် နိဗ္ဗာန်ကို အခုရရင် အခုယူမယ်ဆိုတဲ့သူအတွက် အကြောင်းနှစ်ကြောင်းတည်းပဲ လိုပါတယ်တဲ့။ ဘုရားဆုတို့ လကျ်ာရံ လက်ဝဲရံဆုတို့ မဟာသာဝကဆုတို့ဆိုတဲ့ ဆုတွေမျိုးကို မပန်တော့ဘဲ နိဗ္ဗာန်ရရင် ပြီးရောလို့ ဆိုတဲ့သူ။ သံသရာမရှည်ချင်တဲ့သူများ အတွက် ဒီအကြောင်းနှစ်ခုပဲ ကြိုးစားတော့ ကြိုးစားရင် ရမယ်တဲ့။
ဒကာ၊ ဒကာမတို့ ဒီအကြောင်းနှစ်ခုတည်းကိုဖြင့် အခုလုပ်ပါတော့မယ်လို့ ဆုံးဖြတ်လိုက်ကြ။ ဒီနှစ်ကြောင်း ကိုလုပ်ရင် ပူစရာ ပင်စရာ ဆွေးစရာတွေ အကုန် ဇာတ်သိမ်းမယ်။ ရှင်းကြပလား?။
သာဝကပါရမီဉာဏ်ကို ရဖို့ရာ နှစ်ကြောင်း
အဲဒီအကြောင်းနှစ်ခုဆိုတာက…
+++ “ပရတောစ ဃောသော သစ္စာနုသန္ဓီ၊”
”သစ္စာတရားကို နာကြားရမယ်။” အဲဒါက အကြောင်းတစ်ခုပဲ။
+++ “အဇ္ဈတ္တဉ္စ ယောနိသော မနသိကာရော”
‘မိမိအဇ္ဈတ္တ ခန္ဓာထဲမှာ နှလုံးသွင်းမှန်ရမယ်’။ ဒါက တစ်ခုပဲ။ ဒီအင်္ဂါအကြောင်းနှစ်ပါးနဲ့ ပြည့်စုံရင် ဘယ်အခါ မဆို နိဗ္ဗာန်ကို ရတယ်လို့ ‘ပေဋကောပဒေသ ပါဠိတော်’က ဟောထားခဲ့တယ်ဆိုတာ မှတ်လိုက်ကြ။ သဘောပါကြ ပလား?။
ဒကာ၊ ဒကာမတို့ အထင်အမြင်ကတော့ သူများအသုဘကို လိုက်ပို့၊ အလှူအတန်းလိုက်၊ ဒါန သီလတွေ ဆည်းပူးကြနဲ့ ဒါတွေနဲ့ပဲ နိဗ္ဗာန်ရောက်တယ်လို့ အောက်မေ့နေကြတယ်။ မဟုတ်ပါပဲကလား။ အသုဘပို့ရုံ အလှူအတန်း လိုက်ရုံ ဒါနသီလဆည်းပူးရုံကလေးနဲ့တော့ နိဗ္ဗာန်မရောက်နိုင်ဘူး။ အထောက်အပံ့လောက်သာ ဖြစ်မှာပဲဆိုတာ မှတ် ကြ။
နိဗ္ဗာန်ကို ဒီအကြောင်းနှစ်ခုနဲ့မှ ရောက်နိုင်တယ်။ ဒီနှစ်ခုနဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်နိုင်တယ်ဆိုတာ မှတ်ထားကြ။ လမ်းမသိရင် ဟိုကွေ့ဒီကွေ့နဲ့ သွားနေရင် မရောက်နိုင်ဘူး။ လိုရာခရီးကို မရောက် တော့ဘူး။ ရိပ်မိကြပလား?။ ဒကာ၊ ဒကာမတို့ အိမ်မှာရှိတဲ့ ရွှေတွေ၊ ငွေတွေ၊ ပစ္စည်းဘဏ္ဍာတွေ အကုန်ပျောက်ပေမယ့် အရေးမကြီးလှဘူး။ နှစ်ခုပျောက်မှာ ဒီအရေးပိုကြီးတယ်။
ဒီနှစ်ခုပျောက်ရင် အလုံးစုံ ချမ်းသာရမှာ ပျောက်တာပဲ
ဒီနှစ်ခုပျောက်ရင် အလုံးစုံ ချမ်းသာရမှာ ပျောက်တာပဲ။ ချမ်းသာသုခမှန်သမျှ ပျောက်တာပဲလို့သာ မှတ် ကြတော့။ သဘောပါကြရဲ့လား?။ ဒီနှစ်ခုပျောက်ရင် အို၊ နာ၊ သေဆိုတဲ့ ဘေးအမျိုးမျိုး ဒုက္ခအမျိုးမျိုးတွေနဲ့ ဘယ်တော့ မှ မကွဲရတော့ဘူး။ အပါယ်လေးပါး ရှိသမျှပစ္စည်း ငါ့ပစ္စည်း၊ ဆင်းရဲမျိုးစုံဟာ ငါပိုင် ငါဆိုင်ပဲလို့သာ မှတ်ထားကြ။ ရှင်းကြရဲ့လား?။
ဒကာ၊ ဒကာမတို့ သားပျောက်တာလည်း အရေးမကြီးဘူး။ သမီးပျောက်လို့လည်း ပူစရာမဟုတ်ဘူး။ သား သမီး၊ သားမယား၊ ဆွေမျိုးသားချင်းဆိုတာတွေက ဘဝများစွာ ပျောက်ဖူးခဲ့လှပြီ။ ဘဝများစွာက ပျောက်ဖူးတဲ့ဟာ တွေမို့ ဘာမှအရေးမကြီးဘူး။ အရေးကြီးတာက ဒီနှစ်ခုပဲ။ ဒီနှစ်ခုသာ ပျောက်ရင် ကိုယ်ကျိုးအကြီးအကျယ်နည်းပြီ ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရိပ်မိကြပလား။
ဒီနှစ်ခု အရေးကြီးတယ်။ ဒီအချက်နှစ်ခု ညီညွတ်ရင် ပါရမီမလိုဘူး။ ဒီနှစ်ခုနဲ့ အလုပ်လုပ်ရုံပဲ လိုတယ်ဆိုတာ မှတ်လိုက်ကြ။ ဒကာ၊ ဒကာမတွေ ဘဝများစွာက သေတာကို ခန္ဓာနဲ့ချည်း ထိုးအပ်ခဲ့ရ၊ အပါယ်လေးပါးကဟာ ကိုယ် ဟာချည်း ဖြစ်ခဲ့ရ၊ ဒုက္ခမှန်သမျှ ကိုယ်ပိုင်ပစ္စည်းချည်း ဖြစ်ခဲ့ရနဲ့ သွက်သွက်လည်ခဲ့ကြရတယ်။ အဲဒါဟာ ဒီနှစ်ခုနဲ့ လွဲခဲ့လို့၊ ဒီနှစ်ခုကို မရခဲ့လို့ပဲဆိုတာ သံသယမရှိကြနဲ့။
သစ္စာတရားကို နာဖို့ ပထမ အရေးကြီးတယ်
ဒကာ၊ ဒကာမတွေ သဘောပါကြရဲ့လား?။ နားကြီးကြီးနဲ့ နားထောင်ကြ။ ထောင်ပြီး ယူတတ်အောင်လည်း ယူကြလို့ သတိပေးလိုက်ပါတယ်။ ကျေနပ်ကြပလား?။ ဒါကြောင့် ဒကာ၊ ဒကာမတွေ သစ္စာတရားကို နာဖို့ ပထမ အရေးကြီးတယ်။ သစ္စာတရားကို မနာဘဲနဲ့လည်း နှလုံးသွင်းမှန်ဖို့ မဖြစ်နိုင်ဘူး။ ရှင်းကြရဲ့လား?။
ဒကာ၊ ဒကာမတို့ အခုလက်ရှိ ရထားကြတဲ့ ခန္ဓာကြီးက ဒုက္ခခန္ဓာကြီး။ ခန္ဓာက ဒုက္ခသစ္စာကို အမြဲတမ်းပြပြီး နေတာပဲ။ ဒီခန္ဓာက ဟိုဘက်စောင်းပေးရ၊ ဒီဘက်ပြောင်းပေးရ၊ ခြုံရ၊ ရုံရ၊ ကျွေးရမွေးရ အားလုံး ဒုက္ခသစ္စာချည်းပဲ။ မကျွေးတော့လည်း ဆာလောင်မွတ်သိပ်လို့။ ကျွေးပြန်တော့လည်း ရင်တောင့်လို့ ဗိုက်အောင့်လို့ အစာကမကြေပြန်လို့ အစားမှားလို့နဲ့ အမျိုးမျိုး ဒုက္ခရောက်ရတယ်။ ရိပ်မိကြရဲ့လား?။
အဲဒီလို ခန္ဓာရဲ့ ဒုက္ခသစ္စာအချက်တွေကို ဟောပြရမယ်။ ဒီလိုဟောလို့ ဒီလိုတရားမျိုးကို နာရရင် ဉာတပရိညာ ခေါ်တဲ့ သိလုံးကလေး လာတယ်။ အဲဒီလို ဉာတပရိညာ အသိလုံးလေးရတဲ့အချိန်မှာ ကိလေသာမရှိဘူး။ ကိလေသာ စင်ကြယ်နေတယ် သစ္စာတရား ဟောပြလို့ သစ္စာတရားနာရင်းနဲ့ ဒကာ၊ ဒကာမတို့ဉာဏ်က ခန္ဓာဘက်လှည့်ပြီး ‘အခု ပျက်သွားတာ ဒုက္ခသစ္စာတွေ အခုပေါ်လာတာဟာ ဒုက္ခသစ္စာတွေပဲ’လို့ သိနေရမယ်။
သိနေရင် ကိလေသာ ကြားမဝင်ဘူး
အဲဒီလို သိနေရင် ကိလေသာ ကြားမဝင်ဘူး။ ဒီလိုသိလိုက်နေတဲ့အချိန်မှာ ကိလေသာ စင်ကြယ်နေတယ်။ သဘောပါရဲ့လား?။ ဥပမာအားဖြင့်ဆိုရင် သစ်တုံးတစ်တုံးဟာ အဆီ အစေးတွေ မရှိတော့ဘဲ ခြောက်သွေ့နေမယ်ဆိုရင် မီးစွဲလွယ်တယ်။ အဆီအစေးရှိနေမယ် ကျန်နေမယ်ဆိုရင် မီးမစွဲလွယ်ဘူး။ ဒီဥပမာလိုပါပဲ။ နှလုံးသွင်း မှန်နေဆဲ အချိန်မှာ ကိလေသာ အစေးအညှော်တွေက ခန်းခြောက်နေတယ်။ အဲဒီလိုခန်းခြောက်နေလို့ တရားရလွယ်တာပဲ။ ခန်းခြောက်နေရင် တရားရလွယ်တယ်။ သစ္စာသိနိုင်တယ်ဆိုတာ မှတ်ကြ။
ဒကာ၊ ဒကာမတွေ သဘောပါကြရဲ့လား?။ ခန္ဓာသစ်တုံးက ကိလေသာ အရေ အစေး မရှိတဲ့အခါမှာ ဉာဏ်က ဒုက္ခသစ္စာပဲလို့ နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ်။ ဒုက္ခခန္ဓာကြီးပျောက်ပြီး နိဗ္ဗာန်ရောက်တော့တာပဲလို့ မှတ်လိုက်ကြ။ ရှင်းကြရဲ့လား?။ ဒကာ၊ ဒကာမတို့ သစ္စာတရားကို သေသေချာချာ နာနေရတော့ ခန္ဓာမှာ ကိလေသာ တွေက ခြောက်ခန်းနေတယ်။ ဒီအခါမှာ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခပဲ ရှိတယ်။ ဘာမှမရောဘူးလို့ နှလုံးသွင်းမှန်ပြီး လိုက်နာ တယ်။ အဲဒီလို ခန္ဓာရှိနဲ့ နှလုံးသွင်းက မှန်နေတာနဲ့ ကိုက်သွားတော့ ဖျတ်ခနဲဆို ခန္ဓာပျောက်ပြီး နိဗ္ဗာန်ရောက်တော့ တာပဲ။ ရှင်းကြပလား?။
ဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ပေါ်လာတယ်
သစ္စာတရားကို နာနေဆဲမှာ နှလုံးသွင်းကလည်း မှန်နေတော့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ တစ်ခုမှ မလာဘူး။ စင်ကြယ်သန့်ရှင်းနေတယ်။ ဒီအခါမှာ ခန္ဓာမှာ မဂ်ဉာဏ်နဲ့ကြည့်တော့ ဖြစ်ပျက်တွေမြင်၊ ဒီလို ဖြစ်ပျက်ဒုက္ခအမြင်နဲ့ ဆက်ကြည့်တော့ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေကို မုန်းရက်နဲ့ ဆက်ပြီး ကြည့်ပြန်တော့ တစ်ချက် ချက်မှာ ဖျတ်ဆို ဖြစ်ပျက်တွေ ဆုံးသွားတော့တယ်။ အဲဒီဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ပေါ်လာတယ်ဆိုတာ မှတ်ကြရမယ်။ ကျေနပ်ပလား?။
ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ပေါ်တော့ ဖြစ်ပျက်ဒုက္ခတွေဟာ ငြိမ်းသွားတယ်။ ဒုက္ခတွေ ငြိမ်းသွားတယ်ဆိုတော့ ဒီတရားဟာ သေပျော်တဲ့တရားပဲလို့ ဆုံးဖြတ်ချက်ချကြ။ ရိပ်မိကြရဲ့လား။ ဒကာ၊ ဒကာမတို့ အိမ်မှာရှိတဲ့ ရွှေတွေ၊ ငွေတွေ၊ ပစ္စည်းပစ္စယတွေ၊ သားတွေ၊ သမီးတွေ၊ တိုက်တာတွေ၊ အိုးအိမ်တွေဆိုတာ ကိုယ်ပိုင်တစ်ခုမှ မဟုတ်ဘူး။ အားလုံးရှိသမျှ ဘုံဆိုင်တွေပါ။ ဒီဟာတွေကို ကိုယ်က အရင်စွန့်ချင်ရင်လည်း စွန့်ရမယ်။ ကိုယ်က မစွန့်လည်း သူတို့ ကစွန့်မှာပါပဲ။ ဒါတွေအတွက်နဲ့ ဘာမှစိုးရိမ်စရာမဟုတ်ဘူး။ ဘာမှကြောင့်ကြစရာ မလိုဘူး။ ပေါ်ကြပလား?။
တကယ်စိုးရိမ်ရမှာက ဒီနှစ်ခု မပျောက်စေဖို့ပဲ။ ဒီနှစ်ခုပျောက်ရင် အပါယ်ဒုက္ခဟူသရွေ့ ကိုယ့်ဟာ အပါယ် လေးပါးရှိတဲ့ပစ္စည်းဟာ ကိုယ်ပိုင်ချည်းဖြစ်မယ်။ သဘောပါကြရဲ့လား?။ သံသရာမှာ ဘယ်အခါမဆို တွေ့နေရတဲ့ သူဆိုင် ငါဆိုင် အများပိုင် ပစ္စည်းမျိုးတွေနဲ့ အလဟဿ အချည်းအနှီး အချိန်မစီးတဲ့အဖြစ်မျိုး မရောက်ကြစေနဲ့။ သားသမီးပစ္စည်း အိုးအိမ်ဆိုတာတွေက သံသရာမှာ အဆန်းတရား မဟုတ်ကြဘူး။ ရိပ်မိကြရဲ့လား?။
ကိုယ့်အတွက် ကိုယ်အရေးကြီးကြပါတော့
ဒကာ၊ ဒကာမတို့ ကိုယ့်အရေး ကိုယ်ကြောင့်ကြကြ၊ ပြင်ပဟာတွေက ဘာမှအရေးကြီးတာ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်အရေးကြီးကြပါတော့လို့ သတိပေးလိုက်တယ်။ ပြင်မကြည့်နဲ့ ကိုယ့်ခန္ဓာ ကိုယ်ကြည့်။ မိမိခန္ဓာမှာ ဉာဏ်နဲ့ စိုက်ကြည့်ကြ နားက ဟောတဲ့တရားကိုထောင် ဉာဏ်က ခန္ဓာကြည့် ခန္ဓာမှာ ဉာဏ်စိုက်ပြီးကြည့်တော့ မင်းဟာ ဒုက္ခအစစ်ပဲဆိုပြီး ဉာဏ်မီးနဲ့ ရှို့လိုက်နိုင်မယ်။ ဉာဏ်မီးနဲ့ ရှို့လိုက်နိုင်ရင် ဒုက္ခခန္ဓာကြီးပျောက်ပြီး သုခနိဗ္ဗာန် ပေါ်လာ တာပဲ။ အဲဒီဟာ ‘ခန္ဓာနိရောဓောနိဗ္ဗာနံ’ ဖြစ်တာပဲလို့ မှတ်ကြ။
အဲဒီသဘောဟာ အဆီအစေးခန်းနေတဲ့ ခြောက်သွေ့နေတဲ့ သစ်တုံးကြီးကို မီးနဲ့ ရှို့လိုက်တာပဲ။ ရှို့လိုက်သလိုပဲ။ ရှင်းကြရဲ့လား?။ နားက သစ္စာတရားကို နာဆဲ။ အဲဒီနာဆဲမှာ ကိလေသာ ၁၅၀၀၊ ထောင့်ငါးရာ အစေးတွေက ခြောက် ခန်းနေတယ်။ ဒီအခါမှာ ဉာဏ်မီးနဲ့ရှို့ချလိုက်တော့ ဒုက္ခခန္ဓာကြီး ပျောက်ထွက်သွားတော့တာပဲ။ ခန္ဓာက ဒုက္ခသစ္စာ၊ သူက ကန့်လန့်ရှိနေလို့ ရှေးက နိဗ္ဗာန်မပေါ်တာ။ အခု သူပျောက်သွားတော့ နိဗ္ဗာန်ပေးလာတာပဲ ရှင်းကြပလား?။
ဒကာ၊ ဒကာမတို့ ဒီတရားဟာ သေပျော်တဲ့ တရားပဲလို့ မှတ်လိုက်ကြ။ ဒကာတို့အတွက် ဒီတရားဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဂရုစိုက်ကြ။ ယူနိုင်အောင်ယူကြ။ ဘာမှဝန်လေးဖို့မရှိဘူး။ ဒီတရားက သားဝန်၊ မယားဝန်၊ ဆွေဝန်၊ မျိုးဝန်လောက် မလေးဘူး။ ဒီတရားက မောတဲ့တရားမဟုတ်ဘူး။ မမောဘူးဆိုတာ မှတ်လိုက်ကြ။ ရှင်းကြရဲ့လား?။
ဒကာတို့တစ်တွေမှာ ဟိုဟာတွေး ဒီဟာတွေး တွေးပြီး ဘယ်သူ့စိတ်မချ၊ ဘယ်ဝါ့စိတ်မချနဲ့ အမောဆိုက်နေ တဲ့အချိန်က များတယ်။ ဟုတ်ကြရဲ့လား?။ ဟိုက ဒီက နေရာမကျလေ အမောဆိုက်လေပဲ။ ဟိုတွေးဒီတွေးနဲ့ စိတ်မချ ဘဲ နေချင်ရင် အမောဆိုက်ချင်လို့ပဲဆိုတာ မှတ်ကြ။ ရိပ်မိကြပလား?။ ဒီလိုအမောဆိုက်ရတာ သူတို့မိုက်လို့မဟုတ်ဘူး။ ကိုယ်က အလှည့်မတတ်လို့။ ကိုယ်က အလှည့်လွဲနေလို့ပဲဆိုတာ မှတ်ကြတော့။
ဘုရားက ‘အဇ္ဈတ္တခန္ဓာမှာ လှည့်ကြတဲ့
ဘုရားက ‘အဇ္ဈတ္တခန္ဓာမှာ လှည့်ကြတဲ့၊ ဗဟိဒ္ဓမှာ မလှည့်ကြနဲ့၊ ပြင်ပခန္ဓာမှာ မလှည့်ကြနဲ့။ ပြင်လှည့်ရင် ဒုက္ခရောက်မယ်’လို့ အသေအချာ ဟောတော်မူခဲ့တယ်။ ဒကာတို့တစ်တွေက ဘုရားကို ကန့်လန့်လုပ်ပြီး အဇ္ဈတ္တကို တော့ မကြည့်၊ ဗဟိဒ္ဓကိုချည်း ကြည့်နေကြတယ်။ ဗဟိဒ္ဓခန္ဓာကိုကြည့်ပြီး ‘သူတို့ကြောင့် ကိုယ်အမိုက်ဖြစ်ရတယ်’နဲ့ လောကွတ်ချော်နေကြတယ်။ ဒကာတို့ လောကွတ်များလွန်းတာ မျက်ရည်ကျဖို့ ရင်ထုဖို့ပဲဆိုတာ မှတ်ကြ။
ဘုရားရှင်က ‘သစ္စာတရားကို နာပြီး၊ အဇ္ဈတ္တခန္ဓာမှာ ဉာဏ်လှည့်ဖို့’ ဟောတော်မူတယ်ဆိုတာ မှတ်ထားကြ။
ဒကာ၊ ဒကာမတွေက ဘုရားဟောနဲ့ ဆန့်ကျင်ဘက်လုပ်ပြီး ဟိုဘက်အိမ်လှည့်လိုက်၊ ဒီဘက်အိမ်လှည့်လိုက်နဲ့ အလှည့်လွဲနေကြတယ်။ အလှည့်လွဲပြီး အမောဆိုက်နေကြရတာပဲ။ ကြပ်ကြပ်စဉ်းစားကြ။ အလှည့်လွဲပြီး အသက်ရှူတာ တောင် အောင့်ပြီး ထွက်လာရတယ်။ အင်းဆိုတဲ့ သက်ပြင်းချသံကြီးများ ဘေးကလူတောင် အမောကူးသွားတတ်ကြ တယ်။ သဘောပါကြပလား?။
အဲဒီလို သက်မကြီးချတဲ့ အသံဟာ ဝမ်းထဲက ကိလေသာမီး ဟုန်းဟုန်းတောက်ပြီး ထွက်လာရတာပါ။ အဲဒီ ထဲမှာ မီးပွားပါမလာရင်တောင် ကံကောင်းလို့ပဲသာ မှတ်ကြ။ အဲဒီလိုဖြစ်ရတာ ဘာကြောင့်လဲ?ဆိုတော့ ပူစရာ ဆွေးစရာဘက်ကို လှည့်ပြီး အမောဆိုက်လို့ပဲ။ ရှင်းကြရဲ့လား?။ ဒါကြောင့် ဆရာသမား ညွှန်ပြတဲ့အတိုင်း ဒီနှစ်ခုကို လုပ်ရမယ်။ လုပ်ရင် ဒုက္ခခန္ဓာပျောက် အသေတွေဆက်နေတာ ပျောက်တော့တာပဲ။
နိဗ္ဗာန်ဆိုတာခန္ဓာအဆုံးမှာပဲရှိတယ်
ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ဟာ အနီးကလေးပါ။ နိဗ္ဗာန်ကို ခန္ဓာဆုံးရင် ရတာပဲ။ နိဗ္ဗာန်ဆိုတာ တစ်လံမျှလောက် သော ခန္ဓာအဆုံးမှာပဲရှိတယ်လို့ ဘုရားဟောတော်မူတယ်ဆိုတာ အရင်ကလည်း ပြောခဲ့ပြီးပြီ။ နီးရက်သားနဲ့ ဝေးနေရ တာ ဘာကြောင့်လဲ?။ ဒကာတို့က အလှည့်လွှဲနေလို့ပဲဆိုတာ မှတ်ကြ။ နိဗ္ဗာန်နဲ့ ဝေးနေတာဟာ အလှည့်လွှဲလို့ ဝေးနေ တာ ရိပ်မိပလား?။ နှလုံးသွင်းကလွဲ၊ တရားနာကလွဲတော့ ဝေးတာပဲ။ ပေါ်ကြပလား?။
ဒကာတို့တစ်တွေ သံသရာရှည်လေသမျှ အလွဲချည်းလုပ်နေတော့ သေခြင်းဆိုး သေဖို့ချည်းပဲဆိုရင် မမှားဘူး။ ရပ်ထဲရွာထဲမှာ အပူသည် အပူသည်ချင်းညှိ၊ ညှိပြီး ခေါင်းချင်းဆိုင် နောက် အပူချင်း ပြိုင်လိုက်ကြ။ ဒီလိုအပူချင်း ပြိုင်နေကြတာ ရပ်ထဲရွာထဲမှာ ဘယ်လောက်များမလဲ? မေးရင် တစ်ပုံကြီးပါပဲ။ သဘောပါကြရဲ့လား?။ ဒီကိစ္စမျိုးတွေ ဟာ ဒကာတို့ရဲ့ မျက်မြင်လက်တွေ့မို့ အထူးပြောဖို့တောင် မလိုတော့ပါဘူး။
ဒါကြောင့် အခုချိန်မှာ အလွှဲတွေကို ပြင်ကြတော့။ မပြင်ရင် မဖြစ်တော့ပါကလားလို့ ဆုံးဖြတ်ချက်ချ။ ရှင်း ပလား?။ ပြင်ချင်တော့ သစ္စာတရားကို နာပြီး ခန္ဓာဘက်မှာ နှလုံးသွင်းမှန်ရမယ်။ အဲဒီလို အင်္ဂါနှစ်ချက် ညီညွတ်ရင် အလှည့်မှန်သွားပြီ။ အလှည့်မှန်ရင် အမှန်မြင်ရမယ် ရိပ်မိကြပလား?။ နားက သစ္စာတရားကို နာဉာဏ်က ခန္ဓာဘက် လှည့်ပြီး နှလုံးသွင်းမှန်နေ။ မှန်နေတော့ ခန္ဓာရဲ့ ဒုက္ခသဘောကို မြင်ရ သိရမယ်ဆိုတာ မှတ်ကြ။ ရှင်းကြရဲ့လား?။
ဒုက္ခသစ္စာ ဆင်းရဲအမှန်ဆိုတာ ဒါပါပဲကလား
ခန္ဓာဘက် လှည့်ပြီး နှလုံးသွင်းမှန်နေတော့ ခန္ဓာက ဖြစ်ပေါ်လာလိုက်၊ ပျက်စီးသွားလိုက်၊ ဖြစ်လာလိုက် ပျက်သွားလိုက် ဒီသဘောအမှန်ကို ခန္ဓာက ပြမယ်။ ဒီလို ခန္ဓာပြတဲ့အတိုင်း နှလုံးသွင်းက မှန်မှန်နဲ့ ဆက်ကြည့်ပြီး လိုက်သွားရမယ်။ အဲဒီလိုလိုက်သွားရင်း တရားနာရင်းက ‘ဒုက္ခသစ္စာ ဆင်းရဲအမှန်ဆိုတာ ဒါပါပဲကလား’လို့ ဉာဏ်က ပိုင်းဖြတ်ချလိုက်တော့ ဖြစ်ပျက်နေတဲ့ ခန္ဓာကြီး အကုန်ပျောက်ထွက်သွားတော့တယ်ဆိုတာ မှတ်ကြ။ ရှင်းကြရဲ့လား?။
ဒကာ၊ ဒကာမတို့ အဲဒီပျောက်ထွက်သွားတဲ့ ဖြစ်ပျက်ခန္ဓာကြီးက ဒုက္ခသစ္စာပဲ။ အဲဒီအချိန်မှာ ဉာဏ်က ဒုက္ခဟူသရွေ့ မရှိတော့ဘူးလို့ အသိခံရတာက နိရောဓသစ္စာပဲ။ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ၊ အဲဒီနေရာ သေတဲ့ ကိလေသာ တွေက သမုဒယသစ္စာပဲ။ သဘောကျကြပလား?။ အဲဒီတော့မှ ပူစရာ၊ ဆွေးစရာ၊ ရွာသုံးရပ်သုံးတွေ အကုန်လုံး ချုပ် တော့တာပဲ။ ကိုယ့်ကို လောင်မယ့်မီးဟူသမျှ အကုန်လောက်ငြိမ်းသွားတယ်။ ရှင်းကြရဲ့လား?။
ဒီဥစ္စာကို မရရင် မီးဟူသမျှ ကိုယ့်လောင်ဖို့။ ရအောင်မယူရင် မီးလောင်ပြီး သေချင်လို့ပဲဆိုတာ မှတ်ကြ။ ကိုယ့်အတွေးက ကိုယ့်ကိုပြန်ပြီး လောင်တာပဲ။ သားသမီးအတွက် တွေးတော့ ဒီအပူမီးက ကိုယ့်ကိုလောင်တဲ့မီးပဲ။ ဒကာ၊ ဒကာမတွေ ကိုယ့်အတွက်၊ သားသမီးအတွက်၊ ပစ္စည်းအတွက်၊ ဆွေမျိုးသားချင်းအတွက်တွေနဲ့ အမျိုးမျိုးတွေး ပြီး အမျိုးမျိုး မီးလောင်ခံနေကြရတယ်။ ပေါ်ကြပလား?။ ဒီတော့ ဒကာတို့ တစ်မျိုးလုံး တစ်ဆွေလုံးဟာ မီးလောင် ခံနေရတဲ့ အမျိုးတွေပဲလို့ဆိုရင် လွဲပါ့မလား?။
ဒကာ၊ ဒကာမတို့ ဒီအတိုင်း အမှန်ပဲ။ မလွဲတော့ဘူး။ ရိပ်မိကြပလား?။ အဲဒီတော့ ဒကာတို့အမျိုးဟာ မီး လောင်မျိုးဆိုတော့ ‘သုဘရာဇာမျိုးလား’ဆိုပြီး တွေးမယ်ကြံတိုင်း နဖူးပေါ် လက်တင်ပြီး ကိုယ့်ကိုယ်ကိုယ် မေးကြ၊ တွေးမယ် ကြံစည်တိုင်း ‘မင်း သုဘရာဇာမျိုးလား’လို့ မေးကြဖို့ ပြောလိုက်ပါတယ်။ ဒကာ ဒကာမတွေ အခု ဆရာ ဘုန်းကြီးနဲ့ တွေ့တဲ့အချိန်ကစပြီး ‘ကိုယ့်ကိုယ်ကိုယ် မီးရှို့တဲ့ဂိုဏ်းထဲကို မဝင်ချင်နဲ့တော့။ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့အလုပ် ကို လုပ်ကြတော့’လို့ တိုက်တွန်းလိုက်တယ်။
ကာဠီ သောတာပန်တည်သွားတယ်
ဒကာ၊ ဒကာမတွေက ဒီအလုပ်က ဘယ်အချိန်မှာ လုပ်ရမှာလဲ?လို့ မေးရင် ဘုန်းကြီးက ပြောလိုက်ပါတယ်။ ဘုရားရွှေလက်ထက်တော်တုန်းက သာတာဂီရိနဲ့ ဟေမဝတဆိုတဲ့ နတ်ဘီလူးကြီး နှစ်ဦးတို့ဟာ ‘ကာဠီ’ဆိုတဲ့ အမျိုးသမီး တစ်ဦး နေထိုင်တဲ့ အိမ်ပေါ်တည့်တည့် ကောင်းကင်ယံကနေပြီး တရားစကား ပြောကြ, ဟောကြ။ အချင်းချင်း မေးကြ၊ ဖြေကြတဲ့ အသံကို ကြားနာရလို့ နှလုံးသွင်းက မှန်လိုက်တာနဲ့ အဲဒီမှာတွင် သောတာပန်တည်သွားတယ်။
အဲဒီကာဠီအမျိုးသမီးဟာ သူ့တိုက်ပေါ်က နတ်ဘီလူးနှစ်ဦးဟောတဲ့ သစ္စာတရားကို နာရလို့ သစ္စာကို နှလုံး သွင်းမှန်လို့ တစ်ခါတည်း တစ်ထိုင်တည်း နေရာကျသွားတယ်။ ကိစ္စပြီးသွားတယ်ဆိုတာ မှတ်လိုက်ကြ။ ကျေနပ်ကြ ပလား?။ ဒါကြောင့် ဘယ်အချိန်တုန်းဆိုရင် သစ္စာတရားတွေ့ရတဲ့အချိန်ပဲဆိုတာ မှတ်ကြ။ သစ္စာတရားနဲ့ တွေ့ဖို့သာ အရေးကြီးတယ်။ ဘုရားနဲ့ တွေ့ဖို့က အရေးမကြီးပါဘူး။ ဘုရားနဲ့တွေ့ပြီး သစ္စာနဲ့မတွေ့ရရင် အချည်းအနှီးပဲလို့သာ မှတ်ကြ။ ရိပ်မိကြပလား?။
သစ္စာတရားနဲ့ တွေ့ဖို့က ပိုပြီးအရေးကြီးတယ်
ဥပကကြီးဟာ ဘုရားနဲ့ ပထမဆုံး တွေ့ရတာပဲ။ ဘုရားနဲ့သာ တွေ့ရတယ်။ သစ္စာနဲ့ မတွေ့ရတော့ အဲဒီ အချိန်မှာ အလကားပဲ။ သူက ပဉ္ဇဝဂ္ဂီငါးဦးထက် စောပြီးတွေ့ပေမယ့် တွေ့ပြီးတဲ့နောက်မှာ အမဲထမ်းရောင်းတဲ့ အမဲထမ်းသည် ဘဝရောက်ပြီး ချောက်ကျရတယ် ရိပ်မိကြပလား?။ ဒါကြောင့် ဘုရားနဲ့ တွေ့ဖို့ထက် သစ္စာတရားနဲ့ တွေ့ဖို့က ပိုပြီးအရေးကြီးတယ်။ သစ္စာတရားတွေ့ဖို့သာ လိုရင်းစွဲဆိုတာ ပေါ်ကြပလား?။ ကြိုးစားပြီးယူကြ။
ဘုရားက ‘သစ္စာတရားကို မနာတဲ့၊ တရားကို နှလုံးသွင်းမမှန်တဲ့ ပုဂ္ဂိုလ်ကို နိဗ္ဗာန်ရမယ်လို့ ငါဘုရားမဟော ဘူး’တဲ့။ ဘုရားက ပေဋကော ပဒေသပါဠိတော် စကားကို ထောက်ခံချက်ပေးတယ်ဆိုတာ မှတ်ကြ။ ဒကာ၊ ဒကာမတွေ ရိပ်မိကြပလား?။
သာတာဂီနဲ့ ဟေမဝတဆိုတဲ့ နတ်ဘီလူးကြီးနှစ်ဦးတို့က တစ်ဦးနဲ့တစ်ဦး ပြန်လှန်မေးမြန်း ပြောဆိုကြတယ်။ ဘုရားက ဘာတရားကိုဟောတယ်၊ ဟောတဲ့တရားက ဘယ်အခြင်းအရာ ဘယ်သို့ဘယ်ညာ စသဖြင့် အချင်းချင်း ပြောပြနေတဲ့ တရားစကားကို ကြားရလို့ နှလုံးသွင်းမှန်ပြီး သူ့အိပ်ရာထက်မှာပဲ သောတာပန် တည်သွားတယ်။ အဲဒီ အမျိုးသမီးက ကာဠီတဲ့ ဘုရားသာသနာမှာ မိန်းမထဲက ပထမဦးဆုံး သောတာပန်တည်တာ ဒီကာဠီအမျိုးသမီးပဲ။
သစ္စာတရားနာပြီး နှလုံးသွင်း မှန်ကန်တဲ့ ကျေးဇူး
ဒကာ ဒကာမတို့ သစ္စာတရားနာပြီး နှလုံးသွင်း မှန်ကန်တဲ့ ကျေးဇူးဟာ ဘယ်လောက်များသလဲ?ဆိုတာ ရိပ်မိကြပလား?။ ဒီကာဠီအမျိုးသမီးဟာ ဘုရားနဲ့ မတွေ့ခင် ဘယ်သူနဲ့မှ မတွေ့ခင်က သောတာပန်တည်တာ ကျေနပ် ကြပလား?။ အဲဒီတော့ နှလုံးသွင်းမှန်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ။ ခန္ဓာက ဒုက္ခသစ္စာကြီးပဲလို့ ဒီလိုနှလုံး သွင်းကမှန်နေရင် ကိလေသာ ဘယ်နည်းနဲ့မှ မလာဘူး။ ကိလေသာအစေးတွေ ခြောက်ခန်းနေတယ်။ အဲဒီအခါမှာ မဂ်မီးနဲ့ရှို့တော့ ကုန်လွယ်တယ်။ ရှင်းကြရဲ့လား?။
ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေဟာ အလွန်ကံကောင်းတဲ့သူတွေ အင်မတန်ထူးတဲ့သူတွေပဲလို့ မှတ်ယူကြ။ အခု သစ္စာတရားနာရဖို့ အခွင့်အရေး ရနေကြပြီ။ ဘာလိုသေးသလဲ? မိမိတို့ကိုယ်တိုင်က နှလုံးသွင်းမှန်မှု တစ်ခုပဲ လိုတော့တယ်။
ဒီတော့ ဒကာ၊ ဒကာမတွေဘက်က နှလုံးသွင်းမှန်ဖို့ အချက်ဟာ အလွန်အရေးကြီးတယ်ဆိုတာ ပေါ်ကြပ လား?။
သစ္စာတရားလည်းနာ၊ ခန္ဓာ ဒုက္ခသစ္စာကိုလည်း နှလုံးသွင်းမှန်မှ၊ မှန်တဲ့သူမှ နိဗ္ဗာန်ရမယ်လို့ ဟောတယ်။ သစ္စာတရား မနာဘဲ နှလုံးသွင်း မမှန်ကန်တဲ့သူအတွက် ဘယ်တော့မှ နိဗ္ဗာန်မရဘူးတဲ့။ ရှင်းကြရဲ့လား?။ ဒီအဓိပ္ပာယ် ကို ထောက်ပြီးတော့ ဘာမှ တွေးတောနေဖို့ မရှိတော့ဘူး။ ဘာမှမတွေးနဲ့တော့။ ခန္ဓာဒုက္ခသစ္စာကို မြင်အောင် ဉာဏ်နဲ့ခန္ဓာမှာ စိုက်ကြည့်။ နာနေတဲ့တရားကိုလည်း နားမှာ မပျောက်စေနဲ့။ နားမှာမပျောက်ဘဲ နှလုံးသွင်းက မှန် နေတော့ တစ်ထိုင်တည်းနဲ့ တရားနာဆဲမှာ မဂ်ဖိုလ်ကို ရနိုင်တယ်။
နားက ဟောတဲ့တရားကို နာယူပါ။ ဉာဏ်က ခန္ဓာမှာ လှည့်ထားပါ
ဒါကြောင့် ဒကာ၊ ဒကာမတွေကို ‘နားက ဟောတဲ့တရားကို နာယူပါ။ ဉာဏ်က ခန္ဓာမှာ လှည့်ထားပါ’လို့ သတိပေးရတယ်။ ဒီစကားကို ဒီပေဋကော ပဒေသ ပါဠိတော်က ထောက်ခံနေတယ်။ ဘုရားကိုယ်တော်တိုင်ကလည်း ထောက်ခံချက်ပေးတယ်။ သဘောကျပြီလား?။ အဲဒါကြောင့် ဘုန်းကြီး တရားဟောတဲ့အခါ ‘နားက တရားနာ၊ ဉာဏ် က ခန္ဓာထဲမှာ ဖြစ်ပျက်ကို နှလုံးသွင်းရမယ်’ တရားနာရင် ဒီနည်းနဲ့ နာရမယ်လို့ ဟောခဲ့တယ်ဆိုတာ မှတ်ကြ။
ဒကာ၊ ဒကာမတို့ မှတ်မိကြပလား?။ ဟောတဲ့တရားကို အသားထုတ်ရင် ဘာမှမများသေးဘူး။ ထိုင်ရင်းက နှလုံးထဲပဲ ရှိပါသေးတယ်။ တစ်သက်လုံးဆောင်ထားဖို့ ထပ်ထပ်ပြီး ပြောနေတယ်။ ဒီနှစ်လုံးထဲကို ပျောက်မှာစိုးလို့ မှတ်မိစေချင်လွန်းလို့ ပြောရတာပါ။ မေ့များနေရင် ပျောက်မှာစိုးရင် အချင်းချင်း မေးကြ၊ မြန်းကြ။ ဒီနှစ်ခုပျောက်ရင် ခန္ဓာမှာ ကိလေသာဝင်ပြီး မဂ်မီးနဲ့ ရှို့လို့မရတော့ဘူး။ မဂ်မီးနဲ့မရရင် ငရဲမီးနဲ့ပဲ ရှို့ရမယ်ဆိုတာ မှတ်ကြတော့။
သစ္စာတရား နာကြားဖို့နဲ့ နှလုံးသွင်းမှန်ကန်ဖို့
သစ္စာတရား နာကြားဖို့နဲ့ နှလုံးသွင်းမှန်ကန်ဖို့ ဒီနှစ်ချက်ညီရင် ကိလေသာအစေးခြောက်တုန်း မဂ်မီးနဲ့ ရှို့ ရတဲ့အတွက် အသေအချာရတယ်။ ဒီနှစ်ချက်ညီရင် တရားပွဲအဆုံးမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စသည် ဖြစ်နိုင်တယ်။ ဒကာ၊ ဒကာမတို့တစ်တွေဟာ ရှေးရှေးက သစ္စာတရားလည်း မနာဖူးဘူး။ နှလုံးသွင်းလည်း မမှန်ဘူး ဆိုတဲ့အချက် ပေါ်ကြပြီ။ ရိပ်မိကြရဲ့လား?။
ကာဠီအမျိုးသမီးဟာ သူ့မဟောဘူး။ သူ့ဟောတဲ့တရားကို နာရတာမဟုတ်ဘူး။ နတ်ဘီလူးနှစ်ဦး ပြောတဲ့အခါနဲ့ တိုက်ဆိုင်လို့ သူတို့နှစ်ဦး ပြောတဲ့အခိုက်မှာ ခန္ဓာကို နှလုံးသွင်း မှန်ကန်လို့ရတာပဲ။ ဘာပါရမီမှ မလုပ်ပါဘူး။ ခြောက်တာ နဲ့ မီးရှို့တာနဲ့ ချိန်ကိုက်သွားလို့ ရတာ။ ရှို့ခြင်းအကြောင်းမှန်တယ်။ ဒါကြောင့် ကိလေသာခြောက်ဆဲမှာ သစ္စာတရား နာတာဟာ အကြောင်းမှန်ပဲ။ သဘောပါကြပလား?။
သစ္စာတရားမနာတဲ့အချိန်မှာ ကိလေသာတွေ ဗလပွေ ကိလေသာအစေးတွေ ဗလပြစ်နဲ့ ခန္ဓာအနှံ့အပြားမှာ အပ်ချစရာမရှိအောင် ပြည့်နှက်နေတယ်။ အဲဒီအချိန်မှာ မဂ်မီးနဲ့ရှို့လို့ မလောင်ဘူး။ ခြောက်တဲ့အချိန်မှာ ရှို့မှသာ အမြန်ဆုံးလောင်မယ်။ အဲဒါကြောင့် အစေးခြောက်မှုနဲ့ မီးရှို့မှု ချက်ကျအောင် ဂရုစိုက်ကြ။
အစေးခြောက်ခန်းမှုနဲ့ မီးရှို့မှု ညီညွတ်ရင် ခန္ဓာကြီး တစ်ထိုင်တည်းနဲ့ ပျောက်သွားတော့တာပဲ။ အဲဒီတော့ ပျောက်တဲ့ခန္ဓာကြီးက ဒုက္ခသစ္စာ၊ ပျောက်တဲ့နေရာမှာ အစားထိုးတာက နိရောဓသစ္စာပဲ။ ဒကာ၊ ဒကာမတွေ ကျေနပ် ပလား?။
