20118

အဝိဇ္ဇာကြိုက် အမိုက်တိုက် တရားတော်

အဝိဇ္ဇာငါးထပ်

(၁) ကံ, ကံ၏အကျိုးကို မသိတဲ့ …အဝိဇ္ဇာ။(၂) နာမ်, ရုပ်ကို မသိတဲ့ …အဝိဇ္ဇာ။(၃) ပဋိစ္စသမုပ္ပါဒ် ကြောင်း,ကျိုး မသိတဲ့ …အဝိဇ္ဇာ။(၄) ရုပ်, နာမ် ဖြစ်ပျက် မသိတဲ့ …အဝိဇ္ဇာ။(၅) မဂ်ဉာဏ် ဝါ၊ သစ္စာ မသိတဲ့ …အဝိဇ္ဇာ။

ဆောင်ပုဒ်-

ဗုဒ္ဓုပ္ပါဒ၊ ဒုလ္လဘ၊ ကြုံရခဲဘိတောင်း။

မြေကြီးထုဆိုင်၊ ဆယ့်သုံးမိုင်၊ တက်နိုင်ကာလညောင်း။

တစ်ဆူတစ်ဆူ၊ ပွင့်တော်မူ၊ ဗိုလ်လူကြိုက်ကြုံကောင်း။

ဘဝတဏှာ၊ ချော့တိုင်းပါ၊ သံသာဓွန့်ရှည်ညောင်း။

စိတ်ချလက်ချ၊ ပေါ့တန်က၊ ဒုက္ခဂယက်အောင်း။

ကျင်ကြီးလောက်နှယ်၊ ကျင်ကြီးတွယ်၊ ဘယ်ဝယ်မကြိုက်ကောင်း။

အဘအဝိဇ္ဇာ၊ မိ-တဏှာ၊ သတ်ပါသေပျောက်ကြောင်း။

ခွင့်သာခိုက်မှာ၊ မလိုက်နာ၊ မိက်စွာလူ့ဗူးတောင်း။

တရားသား။

အဝိဇ္ဇာက ငါးထပ်တောင် အုပ်ထား တယ်

ဒီကနေ့မှာ မနေ့ကတရားကို ဆက်ရမယ်။ အဝိဇ္ဇာမှောင်ထု ငါးထပ်။ အဲဒီ အဝိဇ္ဇာအုပ်နေသမျှမှာ ဝိဇ္ဇာဉာဏ် မဖြစ်နိုင်ဘူး။ နိဗ္ဗာန်မရတာ ဝိဇ္ဇာမဖြစ်လို့ဘဲ။ ဝိဇ္ဇာမဖြစ်နိုင်အောင် အဝိဇ္ဇာက ငါးထပ်တောင် အုပ်ထား တယ်။

ဘဝသံသရာတစ်လျှောက်မှာ အဝိဇ္ဇာဥခွံထဲက ဘယ်အခါမှ မထွက်နိုင်ခဲ့ဘူး။ ဥခွံမကွာလို့လည်း ဝိဇ္ဇာဉာဏ် မပေါ်နိုင်ခဲ့ဘူး။ ဥခွံမကွာလို့ ဥခွံခွါနိုင်တဲ့ ဘုရားရှင်တို့ကလည်း မြေကြီးထုအထက်ကို ဆယ့်သုံးမိုင်လောက်တက်မှ ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူနိုင်ကြတာ။ ဗုဒ္ဓုပ္ပါဒဘာဝ ဒုလ္လဘတရားကြီးနဲ့ အင်မတန် ကံထိုက်လို့ အခုနေ ကြုံကြိုက် ကြရပြီ။

မနုဿတ္တဘာဝ ဒုလ္လဘကိုလည်း ရနေကြ။ သဒ္ဓါသမ္မတ္တိဘာဝ ဒုလ္လဘနဲ့လည်း ပြည့်စုံကြ။ နောက်ပြီး သဒ္ဓမ္မဿ ဝန အတိဒုလ္လဘဆိုတဲ့ တကယ့်ဒုလ္လဘကြီးကို အခုရနေကြပြီ။ ဘာမှမလိုတော့ဘူး။ ဒီဘဝမှာ ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေ တွေ့ကြုံကြရတော့ ၁-၂-၃ ဆိုတဲ့ အဝိဇ္ဇာသုံးထပ်ကို ဆရာက ခွါပေးလို့ရတယ်။ ဆရာကူလို့ သုံးထပ် ကွာသွားပြီ။ ကျန်တဲ့ ၄ နဲ့ ၅ ကိုတော့ ဆရာက ခွါပေးလို့မရဘူး။ ကိုယ်တိုင် အားထုတ်ယူမှ ရကြမယ်။ ‘အားထုတ် ဖို့ ကိုယ့်တာဝန်ပဲ’လို့ ဆုံးဖြတ်လိုက်ကြ။ သဘောပါကြရဲ့လား?။

ဒီအနေလောက်နဲ့ စိတ်မချရသေးဘူး။ ကိုယ့်အနေက အနာရထားတဲ့ ခန္ဓာဖြစ်တော့ သေဘက်ချည်း သွား နေတာ။ ‘ကိုယ့်အနေနဲ့ကိုယ် တော်လောက်ပါပြီ’လို့ ထင်တာဟာ တဏှာက ပြောနေတာ။ ကိုယ့်အနေနဲ့ ကိုယ်ကျေနပ် နေတာ ဘဝတဏှာက ချော့ထားလို့ ပျော်ပိုက်နေတာပါ။ အဝိဇ္ဇာနဲ့ တဏှာက ဒကာတို့ကို တော်ရာချောင်ထိုးထား ချင်လို့ ပြောနေတာမှတ်ကြ။

အခုနေမှာ သေသွားရင် နောက်ဘဝ ငါးထပ်လုံး ပြန်အုပ်မယ်

အခုနေမှာ သေသွားရင် နောက်ဘဝ ငါးထပ်လုံး ပြန်အုပ်မယ်။ ကိုယ့်အခြေအနေနဲ့ ကိုယ့်အမြင်ဟာ ဘာမှ မဟုတ်သေးဘူးဆိုတာ သတိပြုကြ။ အေးစက်စက်များ မနေလိုက်ကြနဲ့။ စိတ်ချလက်ချ မနေလိုက်ကြပါနဲ့။ အိပ်ချင် တာက အနာတစ်မျိုး၊ စားချင်တာက အနာတစ်မျိုး၊ တစ်နေ့လုံး စိတ်ချလက်ချ နေချင်လို့ မရပါဘူး။ ကျင်ကြီးကျင်ငယ် စွန့်ရတာလည်း ဒုက္ခ၊ ဆာလောင်မွတ်သိပ်တာကလည်း ဒုက္ခ၊ အနာတွေချည်းပဲ။ အနာက ငန်းမန်းထလို့ အေးအေး မနေကြရတာ။ အနာခန္ဓာရထားတော့ ဘယ်အခါမှ မအေးပါဘူး။

ကိုယ့်အနေနဲ့ တော်လောက်ပြီလို့ စိတ်ချမနေကြနဲ့ အိုဘေး၊ နာဘေး၊ သေဘေးက အမြဲကပ်လျက် ချပ်ရက် ပါပြီးဖြစ်နေတာ။ ပျော်ပြီးနေနိုင်တာဟာ ဘဝတဏှာက လှည့်စားလို့ပဲ။ ဘယ်သူ ဘယ်လောက်ချမ်းသာတယ်ဆိုတာ ဘဝတဏှာက ပြောနေတာ။ ‘ကျုပ်တို့ဖြင့် မရှိမရှားဆိုရင် တော်လောက်ပါပြီ’ဆိုတာလည်း ဘဝတဏှာလက်ချက်ပဲ။ ရွှံ့ထဲ၊ ရေထဲ၊ တောထဲ၊ တောင်ထဲမှာ အဝတ်က စုတ်ပြတ်လို့ ကျောကလည်းနေပူ ခြေထောက်မှာ ရေစိုလို့ သီချင်း တကြော်ကြော် သီချင်းတအေးအေးနဲ့ ပျော်နေနိုင်တာဟာ ဘဝတဏှာက ချော့ထားလို့။ ဘဝတဏှာရဲ့ လက်ချက် ဘယ်လောက်ဆိုးဝါးသလဲ ကျင်ကြီးထဲကလောက် ကျင်ကြီးထဲပျော်၊ အဲဒီလောက်ကို ဒုတ်နဲ့ကောက်ယူကြည့် ကျင်ကြီးထဲ ပြန်ခုန်ချမယ်။

ဘဝတဏှာက ချော့နေတာ

ဘဝတဏှာရဲ့ သဘောက ကောင်းတာဆိုတာ အပထား။ ရောက်ရာဘဝ ရောက်ရာဌာနမှာ ပျော်စေတတ် တယ်။ ဒါဟာ အပျော်ကောင်းမဟုတ်ဘူး ဘဝတဏှာက ချော့နေတာ။ ချော့မှန်းမသိ ပျော်နေကြရင် ရှာထွက်သေချင် လို့ ပျော်နေတာလို့ မှတ်။ ကျင်ကြီးထဲက လောက်ဟာ ကျင်ကြီးထဲ ပျော်နေနိုင်တာ သူက ချော့ထားလို့ပဲ ဘဝတဏှာက ငိုပြီးသေတာ ကြည့်ချင်လို့၊ လျှာထွက်သေတာကြည့်ချင်လို့၊ သတ္တဝါတွေကို ချောက်တွန်းချင်လို့ ချောက်တွန်းနေတာ။

ဘဝတဏှာက ရောက်ရာမှာ ပျော်ခိုင်းတာ။ ပုရွက်ဆိတ်ကလေး သူ့တွင်းထဲက မောင်းထုတ်ကြည့်ပါ ရမလား? မရဘူး။ သူ့တွင်း သူပျော်နေတာပါပဲ။ တချို့တွေများ သစ်ပင်ပန်းပင်ကလေးတွေစိုက်ပြီး သစ်ပင်ကလေးတွေကြည့်ပြီး ပျော်နေကြတယ်။ ဥခွံထဲက မထွက်သေးဘဲ ပျော်နေတာဟာ တဏှာက လှည့်စားလို့ပဲဆိုတာ မှတ်ကြ။ ခဏခဏသေ၊ ခဏခဏမွဲ၊ ခဏခဏမျက်ရည်ကျ ဖြစ်လေရာဘဝမှာ ဒါတွေချည်း ထပ်တလဲလဲပဲ။ အဝိဇ္ဇာက အဘနဲ့တူတယ်။ တဏှာက အမိနဲ့တူတယ်။ ဒါကြောင့် ဘုရားက အမိနဲ့အဘကို သေအောင် သတ်ရမယ်လို့ ဟောခဲ့တာ။

အရှင်သာရိပုတ္တရာက ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ‘အန္ဓဘူတော လောက သန္နိဝါသော’လို့ ဟောတယ်။ လောကသန္နိဝါသော၊ လောကနေသူ လူများအပေါင်းသည် အန္ဓဘူတော အမိုက်အတိဖြစ်၍ နေစေ၏။ ဝါ အဝိဇ္ဇာ ဥခွံမှောင်ထဲမှာ အမိုက်အတိသာဖြစ်၏။ အဲဒါ သတ္တဝါတွေ ဥခွံထဲက မထွက်ဘဲ သေရတာကိုပြောတာ။ အဝိဇ္ဇာဥခွံထဲ မှာ ထပ်တလဲလဲ အမြဲပျော်ပိုက်နေကြတော့ မထွက်နိုင်ဘဲ ပုပ်ပုပ်ပြီး သေသွားကြရတာပေါ့။

အဝိဇ္ဇာငါးထပ်က…

ကံ, ကံ၏အကျိုးကို မသိတဲ့ …အဝိဇ္ဇာကတစ်မျိုး။

နာမ်, ရုပ်ကို မသိတဲ့ …အဝိဇ္ဇာကတစ်မျိုး။

ပဋိစ္စသမုပ္ပါဒ် မသိတဲ့ …အဝိဇ္ဇာကတစ်မျိုး။

ရုပ်, နာမ် ဖြစ်ပျက် မသိတဲ့ …အဝိဇ္ဇာကတစ်မျိုး။

မဂ်, ဉာဏ် (သစ္စာ) မသိတဲ့ …အဝိဇ္ဇာကတစ်မျိုး။

အဲဒီအဝိဇ္ဇာငါးထပ်က ဒကာတို့ရဲ့ ဝိဇ္ဇာဉာဏ်ပေါ်မှာ အုပ်ပြီး ဝိုင်းထားတာ။ ပုထုဇဉ်ဆိုတဲ့ ဆိုင်းဘုတ်ကြီး မဆွဲချင်ဘဲ ဆွဲနေရတဲ့အထဲမှာ အထပ်ငါးထပ်က အအုပ်ခံထားရသေးတယ်။ ကောင်းကြသေးရဲ့လား?။ ဒါပေမဲ့ တခြားဘာသာဝင်တွေနဲ့စာရင် ကိုယ့်ဘဝဟာ တော်သေးရဲ့လို့ အောက်မေ့ရတော့တယ်။

ကံသာအမိ ကံသာအဘလို့ သိတဲ့ဉာဏ်ရကြလို့ တော်သေးရဲ့ပေါ့။ ဘာလိုချင်လိုချင် ကံပေးရင်ရတယ်။ စကြာ မင်းစည်းစိမ် လိုချင်ခဲ့ရင်လည်း ကံပေးမှရမယ်လို့ သိတဲ့ဉာဏ်၊ ကမ္မဿကတာဉာဏ်ပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ တစ်ထပ်ကွာတယ်။ တခြားဘာသာမှာ ငါးထပ်လုံးအုပ်တယ်လို့ ပြောတာ။ ကံအမိ, ကံအဘ သိတဲ့ဉာဏ်မရှိတဲ့ တခြား ဘာသာဝင်တွေ ဘယ်လောက်ဆိုးသလဲ?။ သူတို့က ထာဝရဖန်ဆင်းမှ ရတယ်။ နတ်ဖန်ဆင်းမှ ရတယ်လို့ ယုံကြည်ကြ တယ်။

ဒါကြောင့် တို့ဒကာတွေဟာ အင်မတန်မှ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုရသေးတယ်။ ကံကောင်းလို့ တော်သေး ရဲ့လို့ ကံအပေါ်မှာ ယုံကြည်တဲ့ ဉာဏ်ကလေးက ပါလာတယ်။ အခုတစ်ထပ်သာ ကွာသေးတော့ အဝိဇ္ဇာနဲ့ အဝေးကြီး ကျန်သေးတယ်။ ရှေးက မိတွေ၊ ဘတွေ၊ ဘိုးတွေ၊ ဘွားတွေ သာသနာတွင်း ကြုံပေမယ့် ဆရာကောင်း မကြုံကြရလို့ ဒီလေးထပ်အုပ်ရက်နဲ့ သေသွားကြရတာ များတယ်။ ရှေးကလူတွေဟာ အများဆုံး ဥထဲမွေးပြီး ဥထဲ သေကြရတာပါပဲ။

ဆရာကောင်းကို ရှာကြ

ဒါကြောင့် ဘုရားက အကြိမ်ပေါင်း ၄၄ ကြိမ်တိုင်တိုင် ‘ဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ ဆရာကောင်းကို ရှာကြ’လို့ မှာတော်မူခဲ့တာပါပဲ။ ဒကာတို့မှာ သာသနာတွင်း မွေးဖွားလာလို့ တစ်ထပ်ကွာပြီ။ ကျန်လေးထပ်ကွာဖို့ ဆရာကောင်းလိုတယ်။ ဆရာကောင်း ကြုံကြိုက်တုန်းမှာ ကြိုးစားယူလိုက်ကြ။ ရှင်းကြပလား?။

ရှေးက သာသနာကြုံပေမယ့် ဆရာမကြုံဘဲ ကံကုန်ကြရတယ်။ ဒကာတို့မှ ရှာလို့တွေ့ရတာ။ တွေ့တဲ့အခိုက် လက်မလွတ်ကြစေနဲ့။ ကိုယ့်အရေးက လေးချက်ကျန်သေးတယ်။ ဒီလေးချက်ကို ကိုယ့်ဉာဏ်နဲ့ ဖွင့်လို့မရဘူး။ စာအုပ် ကြည့်ဖွင့်လို့လည်း မရပါဘူး။ မလွယ်ဘူး ‘သေလိမ့်မယ်များထင်ရင် ထွက်သက်ဝင်သက် အောင့်ထား မသေချင်နဲ့ဦးး၊ မိဘရိုးရာနဲ့ ဆရာသမား ဖွင့်ပေးလို့ ကမ္မဿကတာဉာဏ်လောက်နဲ့ဖြင့် သေလို့ မဖြစ်သေးဘူး မသေကြနဲ့ဦး’လို့ ပြောလိုက်ပါတယ်။

‘ဝိဇ္ဇာဥဒပါဒိ’ဖြစ်မှ သေချာမယ်။ ဝိဇ္ဇာဥဒပါဒိဖြစ်ရင် အပါယ်အတွက် စိတ်ချရပြီ။ ဒီအခြေအနေနဲ့ စိတ်အေး လက်အေးနေလို့ မတော်သေးဘူး ဆုံးဖြတ်ချက်ချ။ တစ်ထပ်ကွာရုံနဲ့ နတ်ပြည်ရောက်ရင် နတ်ဇာတိဒုက္ခ၊ နောက် တော်တော်နေ တဖြည်းဖြည်းရင့်လာ နတ်ဇရာဒုက္ခ၊ နောက် သေပြန်တော့လည်း နတ်မရဏဒုက္ခ၊ နတ်ဖြစ်လည်း ဒုက္ခကစ ဒုက္ခဆုံးရတာပဲ။ ဗြဟ္မာဖြစ်လည်း ဗြဟ္မာဇာတိ ဗြဟ္မာမရဏ ဗြဟ္မာမသာ ဒုက္ခသစ္စာသာ ရမယ်။

တစ်ထပ်ကွာရုံနဲ့ ဒုက္ခက မကင်းနိုင်သေးဘူး။ ဒီကမ္မဿကတာဉာဏ်ဟာ ဘုရားမပွင့်တဲ့အချိန်မှာလည်း ရှိ တာပဲ။ ဒီတော့ ရုပ်နာမ်မသိသေးရင် အကျိုးမထူးသေးဘူး။ နာမ်ရုပ်ကို ဘုရားသာသနာကြုံပါမှ သိနိုင်ကြတာပါ။

နာမ်ရုပ်သိရင် ဒုတိယအထပ်ကွာမယ်

နာမ်ရုပ်သိရင် ဒုတိယအထပ်ကွာမယ်။ ဒကာတို့သန္တာန်မှာ နာမ်နဲ့ရုပ်သာရှိတယ်။ မိန်းမ ယောကျ်ားဆိုတာ မရှိပါဘူး။ အဲဒါ သမုတိသစ္စာနယ်မှာ ဆိုင်းဘုတ်ဆွဲထားတာပါ။ နာမ်နဲ့ရုပ်ကို စာအုပ်ထဲ သွားမကြည့်နဲ့။ သွားကြည့် နေရင် စာအုပ်ထဲမှာ မှတ်စုသာရှိလို့ မှတ်စုသာတွေ့ရမယ်။ စာအုပ်ဆိုတာ ရုပ်နာမ်ခန္ဓာ မှတ်တမ်းပဲ။ စာအုပ်မှာ ရုပ်နာမ်မရှိဘူး။ ရုပ်နာမ်ကို ခန္ဓာမှာ သွားကြည့်မှသိရမယ်။ အမှန်အရှိဖြစ်တဲ့ ခန္ဓာမှာရှိတဲ့ နာမ်ရုပ်ကိုသိရင် ဒုတိယ အထပ် ကွာပြီလို့မှတ်။

ဥပမာ ပစ္စည်းကလေးတစ်ခုယူချင်တော့ ရုပ်ကလေးက မလှမ်းဘူးလား?။ လှမ်းချင်တဲ့စိတ် ယူချင်တဲ့စိတ် ကြောင့် လှမ်းတာယူတာ။ ခန္ဓာထဲမှာရှိတာ နာမ်နဲ့ရုပ်။ လှမ်းချင်တာက နာမ်၊ လှမ်းတာက ရုပ်၊ ယူချင်တာက နာမ်၊ ယူတာကရုပ်၊ ပေးချင်တော့ ပေးချင်စိတ်ကလေး ပေါ်လာတယ်။ ပေးချင်တဲ့ စိတ်ကလေးက နာမ်၊ ပေးတာက ရုပ်။ ဒီအတိုင်းပဲ ပြောချင်တာက နာမ်၊ ပြောတဲ့အသံက ရုပ် စသည်ဖြင့် သိကြရမယ်။

ဘာလေးသိသိ သိတာက နာမ်၊ သိတဲ့စိတ်က နာမ်လို့မှတ်။ ရုပ်ဆိုတာ ဓာတ်ကြီးလေးမျိုး စတဲ့ (၂၈) ပါးကို ခေါ်တာ။ နာမည်တွေ တပ်နေရင် ဉာဏ်တုံးသွားမယ်။ လွယ်လွယ်ပဲမှတ်ထားကြ။ နာမ်, ရုပ်သိတာ ဉာဏ်ကသိတာ။ ဒီတော့ နာမ်၊ ရုပ် ဉာဏ်ရလို့ ဒုတိယအဝိဇ္ဇာ ကွာသွားပြီလို့ မှတ်ကြ။ အခု ဥခွံနှစ်ထပ်တော့ ကွာပြီ ဒါနဲ့လည်း မသေ ကြနဲ့ဦး။ သုံးထပ် ကျန်နေသေးတယ်။ သုံးထပ်အုပ်ပြီး သေရင်လည်း မှောင်ထဲမွေး မှောင်ထဲသေနေတာပဲ။ ဒီလောက် သိပြီး သေတာတောင် လိုသေးတယ်လို့ ပြောလိုက်ပါတယ်။

သုံးနံပါတ် အဝိဇ္ဇာ အုပ်ထားတော့ ပဋိစ္စသမုပ္ပါဒ် မသိဘူး။ မသိတော့ ရှေးကဖြစ်ခဲ့တာလည်း မသိ၊ နောက် ဘာဖြစ်မှာတုံးဆိုတာလည်း မသိ၊ အဝိဇ္ဇာဖုံးထားလို့ မသိတာ။ ဘယ်ကလာခဲ့တယ်ဆိုတာလည်း မသိ၊ ဘယ်ကိုသွားရ ဦးမယ်ဆိုတာလည်း မသိ နှစ်ခုလုံးမှာ ဘာမှမသိအောင် ဖုံးထားတယ်။ ဒါဟာ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးမသိ လို့ပဲ။ ပစ္စုပ္ပန်လည်းမသိ၊ အတိတ်လည်းမသိ၊ အနာဂတ်လည်းမသိ ဒီဥခွံထဲက ထွက်ဖို့ရာလည်း မသိတော့ဘူး။ လက်ရှိ ရုပ်၊ နာမ် ဖြစ်ပျက်ကိုတောင် မသိအောင် ဖုံးထားနိုင်တဲ့ အဝိဇ္ဇာပဲ။

အမှန်သိဖို့က အတိတ်တုန်းကလည်း ရုပ်၊ နာမ်အစဉ်ပဲ ဖြစ်ခဲ့ပျက်ခဲ့တယ်။ နောက် အနာဂတ်မှာလည်း ရုပ် နာမ်အစဉ်ပဲ ဖြစ်ကြပျက်ကြမှာပဲ။ ယခု ပစ္စုပ္ပန်မှာလည်း ရုပ်၊ နာမ်ဖြစ်ပျက် အစဉ်နဲ့ပဲ နေနေရတာပါလို့ သိရမယ်။ ဒီလိုသိရင် သုံးအဝိဇ္ဇာ ကွာပြီလို့ မှတ်ကြ။ အချုပ်မှာတော့ ရှေးတုန်းကလည်း ရုပ်၊ နာမ်အစဉ်နဲ့ပဲ နေခဲ့ရတယ်။ အခု လည်း ရုပ်၊ နာမ်အစဉ်နဲ့ နေနေရပြီ။ နောက်လည်းပဲ ရုပ်၊ နာမ်အစဉ်နဲ့ပဲ နေရဦးမှာပါပဲလို့ သိကြရမယ်။

၂ နဲ့ ၃ ဉာဏ်ရတော့ စူဠသောတာပန်

၁-နံပါတ်ဉာဏ်ရတော့ နတ်ရွာသုဂတိကို ရောက်မယ်။ ၂ နဲ့ ၃ ဉာဏ်ရတော့ စူဠသောတာပန်၊ အပါယ် တစ်ဘဝတော့ စိတ်ချရပြီ။ သောတာပန် အငယ်စားဖြစ်ရင် တစ်ဘဝ အပါယ်မလားဘူး။ အပါယ်တံခါး တစ်ဘဝပိတ် တဲ့ဉာဏ်။ ဒီဉာဏ်နှစ်ခုပဲ ဒါကို ဆရာသမားနဲ့ တွေ့လို့သာ ရနိုင်ကြတာ။ ပဋိစ္စသမုပ္ပါဒ်ဉာဏ်ရဖို့ဆိုတာ မလွယ်ဘူး။

အရှင်အာနန္ဒာက သောတာပန်ဖြစ်လာတော့ ပဋိစ္စသမုပ္ပါဒ် တွေးကြည့်ပြီး ဘုရားထံလျှောက်တယ်။ ‘ပဋိစ္စ သမုပ္ပါဒ် ခက်တယ်ခက်တယ်နဲ့ မခက်ပါဘူးဘုရား လွယ်ပါတယ်’လို့ လျှောက်တော့ ဘုရားရှင်က အေး… ဟုတ်မှာ ပေါ့။ အသင် ဉာဏ်ရှိသလောက် သိတာ ဉာဏ်မီသလောက်သာ ပေါ်လို့ လွယ်တယ်ပြောတာပါ။ ချစ်သား သင့်ဉာဏ် ကလေးနဲ့ သိတာကို သင့်ဉာဏ်ကလေးနဲ့ တွေးပြီး ပြောတော့ လွယ်တာပေါ့။ သင်မသိတာတွေ အများကြီးကျန်သေး တယ်။ ပဋိစ္စသမုပ္ပါဒ်ဟာ အလွန်နက်နဲတယ်လို့ အာနန္ဒာမထေရ်အား မိန့်ကြားတော်မူတယ်။

ဒါကြောင့် မလွယ်ဘူးဆိုတာ ထင်ရှားပလား?။ တရားနာရတဲ့ ကျေးဇူးဆိုတာ အင်မတန်ကြီးပါတယ်။ မိဘက အပါယ်တံခါးပိတ်ပေးနိုင်ဖို့ မလွယ်ဘူး။ ဆရာကသာ ပိတ်ပေးနိုင်တယ်။

အပါယ်တံခါးပိတ်အောင် ဆရာ ကောင်းရှာပါ

ဒါကြောင့် ‘အပါယ်တံခါးပိတ်အောင် ဆရာ ကောင်းရှာပါ’လို့ မှာတော်မူတာပေါ့။ ဆရာက အပါယ်တံခါး ပိတ်ပေးနိုင်တဲ့အတွက် ‘အာစရိယဂုဏော အနန္တောက မာတာပိတု ဂုဏော’ထက် ကျေးဇူးများတယ်ဆိုတာ ပေါ်ပလား?။ ဘယ်သူ့ကို ပိုပြီး ကျေးဇူးတင်စရာကောင်းတယ် ဆိုတာ သိပလား?။ ဆရာမပါရင် မပိတ်တတ်ကြပါဘူး။

တို့ဒကာတွေဟာ ရှေးက ‘ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော’ဆိုပြီး ရွတ်ဖတ်နေကြတယ်။ ဘာဆိုလို တယ်လို့ မသိကြဘူး။ ‘ဩကာသ’ဆိုပြီး ‘နမောတဿ’ရွတ် ‘နမောတဿ’ပြီး ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ ရွတ်ပြီးတော့ ‘ပါဏာတိပါတာ’ရွတ်နဲ့ မိဘရိုးရာရွတ်စဉ်မို့သာ ရွတ်နေကြတာ။ စာအုပ်က ဝတ်ရွတ်စဉ်ပဲ။ ဝတ်သိစဉ် မဟုတ်ဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့သိမှ တန်ဖိုးရှိတယ်။ မိဘရိုးရာတွေ ပြင်ပစ်ကြ၊ တော်လောက်ကြရောပေါ့ သဘောပါကြရဲ့လား?။

နံပါတ်သုံးကို ခွါရမယ်။ မသိမှု အဝိဇ္ဇာကြောင့် သင်္ခါရတွေ ဖြစ်လာတယ်။ သင်္ခါရတွေကြောင့် ဝိညာဏ် ခြောက်ခု ဖြစ်လာရတယ်။ ဝိညာဏ်ကြောင့် နာမ်,ရုပ်ဖြစ်၊ နာမ်,ရုပ်ကြောင့် သဠာယတန၊ သဠာယတနကြောင့် ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာမရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ စတဲ့ တရားတွေ ဖြစ်တယ်။ မူလအကြောင်းကြောင့်သာ ဒီအကျိုးတရားတွေ ထိုက်သလို ဖြစ်ပေါ်ရတာ။ အကြောင်းမဖြစ်ရင် အကျိုး မဖြစ် အကြောင်းချုပ်တော့ အကျိုးလည်း ချုပ်တာပဲလို့ တကယ်သိရင် သုံးအထပ်ကွာသွားပြီ။

လက္ခဏာဉာဏ်ဆိုတာ ရုပ်ဖြစ်ပျက် နာမ်ဖြစ်ပျက်

စတုတ္ထအချက် လေးနံပါတ် အဝိဇ္ဇာကွာဖို့က လက္ခဏာဉာဏ်ရရင် ကွာနိုင်တယ်။ လက္ခဏာဉာဏ်ဆိုတာ ရုပ်ဖြစ်ပျက် နာမ်ဖြစ်ပျက် မြင်အောင်ကြည့်ဖို့ပဲ။ ရုပ်နာမ်ဖြစ်ပျက် မြင်အောင်ကြည့်တတ်တဲ့ ဉာဏ်ရရင် လေးအဝိဇ္ဇာ ကွာပြီလို့မှတ်။ ဥပမာ စားချင်တဲ့စိတ်ကလေး ဖြစ်တယ်ဆိုပါတော့ စားချင်တဲ့စိတ်က စားရသလား? မစားရပါဘူး။ စားချင်တဲ့စိတ်က အစာလှမ်းယူလိုက်တာနဲ့ ချုပ်သွားပြီ။ စားချင်ပြီး ပျက်စီးသွားတာပဲ အသေမြန်လို့ မစားရတာပါ။

လူမမာ သဗြက်သီးကလေး စားချင်တော့ လှမ်းယူလိုက်တယ်။ အဲဒီအချိန်မှာ စားချင်စိတ် ချုပ်သွားပြီ။ ယူတဲ့စိတ်ကကော စားရမှာတဲ့လား? သည်စိတ်မှာလည်း ဖြစ်ပျက်သာ ရှိတာပဲ။ အသေမြန်လို့ မစားလိုက်ရရှာဘူး။ ဒကာတို့စိတ်ကလေးတွေဟာ ကိစ္စပြီးအောင် မလုပ်နိုင်ကြဘူး။ ဖြစ်ပြီးပျက်သွားတာပဲရှိတယ် ဖြစ်ပြီးပျက်သွားတာ အသေစောလို့ စားချင်လို့ စားချင်စိတ်ပေါ်ပေါ်ပြီးပျက်၊ ယူစိတ်ပေါ် ဖြစ်ပြီးပျက်၊ ကိုင်စိတ်ပေါ် ဖြစ်ပျက်ပေါ်လာသမျှ ချုပ်ပျက်သွားကြ သေပျောက်သွားကြတာပဲ။ ဒါကို ဉာဏ်နဲ့မြင်အောင် ကြည့်နိုင်ဖို့လိုတယ်။

ဝိပဿနာရှုမှသာ ၄ နံပါတ် အဝိဇ္ဇာ ကွာနိုင်တယ်

‘စားချင်လို့ စားလိုက်တာ မြိန်လိုက်တာ လွန်ရောပဲ’လို့ ပြောတာ သဿတဒိဋ္ဌိပဲ ဆက်မှား အယူပဲ။ ဖြစ်ပျက် မမြင်လို့ ပြောတာ။ တို့ဒကာတွေ အနိစ္စကလေးတွေဆိုတာ မြင်ကြပလား? မမြင်မြင်အောင် ကြိုးစားပြီးကြည့်ကြ။ ရှုတယ် ကြည့်တယ်ဆိုတာဟာ အတူတူပဲ။ ဝိပဿနာရှုကြလို့ ပြောလိုက်တာ။ ဝိပဿနာရှုမှသာ ၄ နံပါတ် အဝိဇ္ဇာ ကွာနိုင်တယ်။ မရှုရင် မကွာဘူး။ ရှုပြီးခွါရင် အလွယ်နဲ့ မြင်နိုင်မယ်။ ဝိပဿနာ အားမထုတ်ဘဲ ဥခွံထဲက ဆုတောင်း နေရုံနဲ့ မရနိုင်ဘူး။

အခုကစပြီး အတောင်းလျှော့ကြ။ ‘ဆုတောင်း’ ခါးတောင်းကျိုက်တွေ ဖြုတ်ပစ်ကြ။ ဥပမာအားဖြင့် မီးကိုက သေတတ်တယ်ဆိုပါတော့။ မီးတောက်ကပဲ လောင်လောင်၊ မီးခဲကပဲ လောင်လောင် သေတတ်တာချည်းပဲ။ ဒါပေမဲ့ အရင်းအစ မီးခဲရှိလို့သာ မီးတောက်ဖြစ်သလို စိတ်ကို မီးခဲနဲ့တူတယ်လို့ မှတ်ရမယ်။ ရုပ်ကို မီးတောက်နဲ့တူတယ်လို့ မှတ်ကြ၊ မီးခဲသာမရှိရင် မီးတောက်မလာနိုင်။ မီးခဲရှိလို့သာ မီးတောက်လာတာ။ ဒါကြောင့် မီးခဲနဲ့တူတဲ့စိတ်ကို ရှုရမယ်။

စိတ်တစ်လုံးတည်း ရှုနေရင် မီးငြိမ်းမယ်။ စိတ်ကိုရှုရင် ရုပ်ကိုလည်း ရှုရာရောက်တယ်။ မီးခဲသေရင် မီးတောက် မလာနိုင်တော့ဘူး။ စိတ်ကလေးကို မျက်ခြေမပြတ်ရှုပေး။ အရှုအပွား များလာရင် အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက် အဖြစ်အပျက်ကို မြင်မယ်။ မြင်ရင် ဝိဇ္ဇာပဲလို့မှတ်။ ဒါမြင်ရင် လေထပ်ကွာသွားပြီလို့ သိရမယ်။ ရှင်းပလား?။

လေးထပ်ကွာရုံနဲ့ မဂ်မရသေးဘူး။ သစ္စာသိမှသာ ရကြမယ်။ သစ္စာပြန်ဟောမှ ၅ နံပါတ် အဝိဇ္ဇာကွာမယ်။ အားလုံး ပွင့်သွားမယ်။ ဒကာတို့မှာ ‘သစ္စာ’မသိတဲ့ အဝိဇ္ဇာ ကျန်သေးတယ်။ ဒီတော့ ‘သစ္စာ’သိတဲ့ဉာဏ်နဲ့ မဂ်ကို ဖွင့် ပေးမယ်။ ငါးခုမြောက် နောက်ဆုံးအဝိဇ္ဇာကွာဖို့ ခွါတဲ့နည်းကို နက်ဖြန်မှ ဆက်ကြစို့။

ကိုင်း… ဒီနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

*********