အဝိဇ္ဇာမှောင်ကြီး ပိတ်ကာဆီး တရားတော်
အဝိဇ္ဇာငါးထပ်
(၁) ကံဉာဏ်အုပ်တဲ့ အဝိဇ္ဇာ။
ဆောင်ပုဒ်-
အဝိဇ္ဇာငါးတန်၊ ဦးစွာလှန်၊ အမြန်မဂ်ရမှတ်။
ကမ္မဿကတံ၊ ကံသိဉာဏ်၊ ခွါလှန်ပထမထပ်။
နာမရူပ၊ ပရိစ္ဆေဒ၊ ဉာဏ်ကဒုကိုလှပ်။
ပဋိစ္စသမုဒ်စဉ်၊ ကြောင်းကျိုးမြင်၊ ကွာစင်သုံးနံပါတ်။
ဖြစ်ပျက်မြင်လာ၊ လက္ခဏာ၊ ဉာဏာလေးကိုလှပ်။
သစ္စာသိမြင်၊ ဉာဏ်ရလျှင်၊ ကွာစင်မှောင်ငါးထပ်။
မှတ်ဖွယ်-
တစ်,နှစ် သုံးထပ်၊ ဆရာမြတ်၊ ခွါလှပ်ရနိုင်သည်။
လေးနှင့်ငါးကို၊ ကိုယ်တိုင်ကိုယ်၊ ခွါဖြိုကျင့်ရမည်။
သတိချပ်-
အဝိဇ္ဇာမှောင်ကြီး၊ ပိတ်ကာဆီး၊ ဘယ်နည်းကြံကြမည်။
မှောင်ထဲမွေးလေ၊ မှောင်ထဲသေ၊ သင်္ချေများလှပြီ။
တီကောင်သွား,သွား၊ သူ့နှုတ်ဖျား၊ အစားခံရသည်။
ဥခွံကြိုက်သော်၊ ရူးပျော်ပျော်၊ မာန်မော် ထောင်လွှားဖိ။
ဘုရားဆူဆူ၊ ပုန်းနိုင်သူ၊ ဘေးဟူမလွတ်ပြီ။
အခွင့်သာခိုက်၊ လုံ့လစိုက်၊ အမိုက်ခွါသင့်သည်။
တရားသား။
ဖုံးအုပ်နေတဲ့ အဝိဇ္ဇာငါးချက်
ဒီနေ့ညမှာ နိဗ္ဗာန်မရနိုင်တဲ့ အဝိဇ္ဇာငါးချက်ရှိတယ်လို့ မှတ်ရမယ်။ နိဗ္ဗာန်မမြင်နိုင်အောင် မရနိုင်အောင် ဖုံးအုပ်နေတဲ့ အဝိဇ္ဇာငါးချက်ပဲ။ ဝိဇ္ဇာဉာဏ်ပေါ်မှာ ဒီအဝိဇ္ဇာငါးချက် ဖုံးအုပ်နေတော့ ‘ဝိဇ္ဇာဥဒပါဒိ’ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တာ ဒီငါးချက် လက်သည်တရားခံတွေလို့ မှတ်ကြ။ ဒီငါးချက်ကို ဘုန်းကြီးက ဖွင့်ပေးလိုက်ရင် ‘ဝိဇ္ဇာဥဒပါဒိ’ ဖြစ်လာမယ်။
ရှေးတုန်းကဆိုရင် ဒီငါးချက် မဖွင့်နိုင်ဘဲ သေကြကြေကြ ပျက်စီးသွားကြရတယ်။ ဒကာတို့မှာမှ အင်မတန် ကံထိုက်လို့ အခုလို အခွင့်ကောင်းကြုံကြိုက်တယ်လို့ အောက်မေ့ကြ။ စဉ်းစားကြည့်ရင် အထက်က ဘိုးဘွားမိဘတွေ ဟာ အများအားဖြင့် အင်မတန် ကံဆိုးရှာကြတယ်။ လမ်းမှန်ပြနိုင်တဲ့ ဆရာကောင်းနဲ့ တွေ့တဲ့သူက ရှားပါတယ်။ ဒီတော့ ရတုန်းရခါမို့ ကြိုးစားယူကြလို့ ပြောလိုက်ပါတယ်။
အခုပြောမယ့် အဝိဇ္ဇာငါးထပ် အဓိပ္ပာယ်ဟာ သုတ္တနိပါတ်ပါဠိတော် ပဋိသမ္ဘိဒါမဂ် ပါဠိတော်တို့မှာ လာတဲ့ အဓိပ္ပာယ်လို့ မှတ်ကြ။ ဒါကြောင့် ဒီအဓိပ္ပာယ်ကို လေးလေးစားစား အရေးထားပြီး မှတ်ယူကြရမယ်။
အဖုံးငါးထပ်ကို ဖွင့်လှန်ပစ်ရမယ်
တရားအားထုတ်တဲ့အခါ အဝိဇ္ဇာအဖုံးကိုဖွင့်ပြီးမှ အားထုတ်တာက ဉာဏ်ပေါ်လွယ်တယ်။ တရားရလွယ်တယ်။ ဒါကြောင့် အုပ်နေတဲ့ အဖုံးငါးထပ်ကို ဖွင့်လှန်ပစ်ရမယ်။ မဖွင့်ဘဲ အားထုတ်နေရင် ဉာဏ်ပေါ်ဖို့ မလွယ်ကူဘူး။
မဂ်ဉာဏ် ဝိဇ္ဇာပေါ်မှာ အုပ်နေတဲ့ အဝိဇ္ဇာ ငါးခု။ ဒီငါးခုအုပ်ရက်နဲ့ အားထုတ်ရင် ခက်နေလိမ့်မယ်။ ဒကာ တို့ကိုယ်တိုင်က အုပ်မှန်းမသိကြရင်ဖြင့် ဖွင့်လိုတဲ့စိတ် မလာနိုင်တော့ဘူးပေါ့။ ဒီတော့ ဘယ်လိုအုပ်နေတယ်ဆိုတာ ပထမ ပြောရမယ်။ ဒကာ ဒကာမတွေက ကိုယ့်မှာအုပ်နေတာ အုပ်မှန်း မသိရှာကြဘူး။
မဂ်ဉာဏ်ဆိုတာ ဝိဇ္ဇာ။ မဂ်ဉာဏ် ဖုံးအုပ်ထားတာ ငါးချက်။ ဒီငါးချက်က အဝိဇ္ဇာငါးချက်။ ပွင့်သွားရင် နိဗ္ဗာန်ဆိုတဲ့ အလင်းကြီးကို ကိုယ်တိုင်မြင်ရလိမ့်မယ်။ ‘အညာသိ ဝတ ဘော ကောဏ္ဍညော’ဆိုတာ ‘အဖုံးငါးချက် ပွင့်သွားပြီ။ ကိုယ်တိုင် ဒိဋ္ဌသိသွားပြီ’လို့ ဆိုတာပဲ။
မှောင်ထဲမွေး မှောင်ထဲမှာနေပြီး မှောင်ထဲမှာပဲ သေ
ရှေးကဆိုရင် ဒီလိုမွေးပြီး ဒီလိုနေ ဒီလိုသေခဲ့ရတာချည်းပဲ။ နောက်တစ်ခါလည်း ဒီငါးချက်အုပ်ပြီး လာတာ ပဲ။ ဒီတော့ ဒကာတို့တစ်တွေ မှောင်ထဲမွေး မှောင်ထဲမှာနေပြီး မှောင်ထဲမှာပဲ သေခဲ့ရတဲ့ ဘဝချည်းပါပဲ။ အဲဒါတီကောင် သွား သွားခဲ့ရတာပါ။ တီကောင်များ သွားတဲ့အခါ ချောက်မှန်းမသိ၊ ကမ်းမှန်းမသိ သွားမိသွားရာသွား၊ စားမိစားရာ စား၊ သူ့ကိုစားမယ့် ကြက်တို့ ပုတ်သင်တို့ဆိုတဲ့ အကောင်တွေက စောင့်နေကြတယ်။ စောင့်နေမှန်းသိတော့ ရန်သူဘက် ရမ်းသွား၊ ရမ်းသွားတော့ ရမ်းစားလိုက်ကြတာပေါ့။
ကိုယ့်ကိုယ်ကိုယ်မှ သနားရမှန်း မသိတတ်တဲ့ ဘဝမျိုးတွေ။ ဒီလိုအဖြစ်မျိုးများ နောက်ထပ် ရောက်ချင်သေး သလား? မသိရင် လူ့တိရစ္ဆာန်ပဲ ဆိုထိုက်,မဆိုထိုက် ‘တို့သိတာ ဘာမှမဟုတ်သေးဘူး’ဆိုပြီး ပြင်းပြင်းထန်ထန် စိတ် ထားကြ။ ကိုယ့်ကိုယ်ကိုယ် သနားရင်ဖြင့် ကြိုးစားပြီး တရားနာ၊ ကြိုးစားမှတ်၊ ကြိုးစားအားထုတ်ကြ။ ဘုန်းကြီးတို့က သနားလို့ ဟောပြနေတာ။ ကိုယ့်ကိုယ်ကိုယ်မှ မသနားရင်ဖြင့် မကြိုးစားဘူးပဲ။
မကြိုးစားတော့ မသိ၊ မသိတော့ မှောင်ထဲမွေး မှောင်ထဲသေကြဖို့ပဲ ရှိတယ်။ အပါယ်လေးပါးထဲမွေး အပါယ် လေးပါးထဲသေ၊ တိရစ္ဆာန်ဘဝနဲ့နေ တိရစ္ဆာန်ဘဝနဲ့သေ ဒီလိုချည်းဖြစ်နေကြတယ်။ နိုင်ရာစား လောကထဲမှာချည်းပဲ ကိုယ်ဖြစ်စဉ် ကိုယ်မသိကြဘူး။ မသိကြလို့သာ ပျော်နေနိုင်ကြတာပဲ။ ပေါ့ပေါ့ကလေးများ မမှတ်လိုက်ကြနဲ့။ အင်မတန် ကြီးလှတဲ့ အရေးမို့ သတိ ခဏခဏ ပေးနေရတာပါ။
ဒီအနေဆိုး အသေဆိုးက လွတ်အောင် ကြိုးစား
ဒီအနေဆိုး အသေဆိုးက လွတ်အောင်ဟာ ကြိုးစားအားထုတ်လိုက်ကြ။ တကယ်ကြိုးစားရင် မကြာပါဘူး။ ပထမမဂ်ရလို့ သောတာပန်ဆိုရင်ပဲ ‘စတူဟာပါယေဟိစ ဝိပ္ပမုတ္တော’တဲ့။ အပါယ်သံသရာက ကျွတ်လွတ်ခွင့်ကို ရပြီ။ အပါယ်လေးပါး ဘယ်တော့မှ မသွားနိုင်တော့ဘူး။ ဒါကို ကြိုးကြိုးစားစား မှတ်ထားကြ။ ဒီမဂ်ရမှ အပါယ်ကလွတ်မှာ မရရင် ဘယ်နည်းနဲ့မှ မလွတ်နိုင်ဘူး၊ ရှင်းကြပလား?။
ဒကာ ဒကာမတို့ ဝိဇ္ဇာဉာဏ်ကလေးပေါ်မှာ အဝိဇ္ဇာက ငါးထပ်ထောင် အုပ်နေတာ ‘ဝိဇ္ဇာဉာဏ်’ပေါ်မှ သက်သာရာရကြမယ်။ ဝိဇ္ဇာဉာဏ်မပေါ်သမျှ အပါယ်ဒုက္ခက မလွတ်နိုင်ဘူး။ ဒါကြောင့် အုပ်နေတဲ့ အဝိဇ္ဇာငါးခုကို ခွါပစ်ရမယ်။ ချောက်ဟောနေတယ်များ မမှတ်လိုက်ကြနဲ့။ ချောက်နေတာမဟုတ်ဘူး။ ဒကာ ဒကာမတို့ ဖြစ်စဉ်ကိုက် အတိုင်း ပြောနေတာ။ တို့ဖြစ်စဉ်က အလွန်ကို အရုပ်ဆိုးနေပါကလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောကြ ဆုံးမကြ။ ဘုန်းကြီးက အပြောကောင်းလို့များ မထင်ကြနဲ့။ အပြောကောင်းတာ မဟုတ်ပါဘူး။ ဒကာ ဒကာမတို့ဖြစ်စဉ်ကိုက အရုပ်ဆိုးလွန်းလို့ဆိုတာ မှတ်ကြ။
အဝိဇ္ဇာငါးထပ်အုပ်တဲ့အကြောင်းကို အရှင်သာရိပုတ္တရာမထေရ်က ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ‘အန္ဓဘူတော လောကသန္နိဝါသော’လို့ ဟောတော်မူတယ်။ အဓိပ္ပာယ်က လူများအပေါင်းဟာ အဝိဇ္ဇာဥခွံငါးထပ် အုပ်နေတဲ့အတွက် အမိုက်အတိ အကန်းအတိ ဖြစ်ချေ၏လို့ ဆိုလိုတယ်။
ဘုရားရှင်ကလည်း သုတ္တနိပါတ် ပါဠိတော် ဒွယတာနုပဿနာသုတ်မှာ…
+++ “ဇာတိ မရဏ သံသာရံ၊ ယေ ဝဇန္တိ ပုနပ္ပုနံ၊ ဣတ္ထဘာဝ ညတာဘာဝံ၊ အဝိဇ္ဇာယေစသာဂတိ”လို့ အဝိဇ္ဇာငါးထပ် အုပ်တဲ့အကြောင်း ဟောတော်မူတယ်။
အဓိပ္ပာယ်ကတော့…
အကြင် လူနတ်ဗြဟ္မာ သတ္တဝါတွေသည် ဒီဘဝမှာဖြစ် တခြားသောဘဝမှာ ဖြစ်ရခြင်းဟူသော ပဋိသန္ဓေနေ သေရခြင်းပါ။ သံသရာတစ်ခွင်၌ ဖန်ဖန်မပြတ် ထပ်ခါထပ်ခါ ဖြစ်ကြရပါ၏။ ဝါ ဖြစ်ပျက်မစဲ သံသရာဝဲသို့ ထပ်တလဲ လဲသာ အဖန်ဖန် သွားလာကြရကုန်၏။ ထိုကဲ့သို့ ဒီဘဝ ဟိုဘဝ ဖြစ်ရခြင်းဟူသည် ဝါ ဖြစ်ပျက်သံသာ ဖန်ခါမစဲ ဇလုပ်ဝဲတွင် ထပ်တလဲလဲသာ ဖြစ်နေခြင်းကား အမှောင်ငါးခု အဝိဇ္ဇာထုကြီးကြောင့်သာ ဖြစ်ရပါပေသတည်း ဝါ အဝိဇ္ဇာမှောင်ထု အဖုံးငါးခုကြောင့်သာ ဖြစ်ရပါပေ၏။
အဝိဇ္ဇာငါးထပ်ဆိုတာက…
(၁) ကံ,ကံ၏အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာဉာဏ်ကို အုပ်တဲ့ အဝိဇ္ဇာ။
(၂) နာမ် ရုပ်ကိုသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်ကို အုပ်တဲ့ အဝိဇ္ဇာ။
(၃) ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးသိတဲ့ဉာဏ်ကို အုပ်တဲ့ အဝိဇ္ဇာ။
(၄) ရုပ် နာမ် ဖြစ်ပျက် လက္ခဏာ အချက်သိတဲ့ဉာဏ်ကို အုပ်တဲ့ အဝိဇ္ဇာ။
(၅) မဂ်ဉာဏ် ဝါ သစ္စာသိတဲ့ဉာဏ်ကို အုပ်တဲ့ အဝိဇ္ဇာ ဒီငါးထပ်ကို ပထမအကျဉ်းချုပ် မှတ်ထားရမယ်။
(၁) ကမ္မဿကတာဉာဏ် အဝိဇ္ဇာ
(၁) အချက်ကို ပထမပြောရမယ် ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ်ရင် မကောင်း ကျိုးပေးတယ်လို့ အမှန်အကန်သိရင် ကမ္မဿကတာဉာဏ်။ ကမ္မဿကတာဉာဏ်ဆိုတာ ကံ,ကံ၏အကျိုးကို ယုံကြည်တဲ့ ဉာဏ်ပဲ။ ထာဝရက ဖန်ဆင်းထားတာ။ နတ်တွေက ဖန်ဆင်းထားတာ။ ကောင်းတာလုပ်လည်း ကောင်းကျိုးမရ၊ မကောင်းတာလုပ်ရင်လည်း မကောင်းကျိုးမရှိ စတဲ့ အယူဝါဒတွေဟာ အဝိဇ္ဇာဖုံးနေလို့ပဲ။ ဒီလိုယူတဲ့လူများဟာ ကမ္မဿ ကတာဉာဏ် အမြင်မရှိတော့ဘူး။ သူများ ဖန်ဆင်းတာလို့ယူရင် ပထမ ၁ နံပါတ် အဝိဇ္ဇာပဲ။ ကမ္မဿကတာဉာဏ် အမြင်ကန်းပြီ။ ကံ, ကံ၏အကျိုးကို မယုံကြည်တော့ဘူးလို့ ဆိုလိုတယ်။
တို့ဒကာတွေမှာတော့ မိဘရိုးရာနဲ့ ဒီဉာဏ်ရကြတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေမှာ ကံ,ကံ၏အကျိုးကို အများအားဖြင့် ယုံကြည်ကြတယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင် ဒကာတို့မှာ လေးချက်အုပ်တယ်လို့ ဆိုရမယ်။ အခြားဘာသာ ဝင်တွေမှာတော့ ငါးချက်လုံး အုပ်နေကြတယ်။ ဒီ့ပြင် ဘာသာဝင်တွေမှာ ဒီတစ်အဝိဇ္ဇာကစပြီး ဖုံးအုပ်နေကြတယ်။ ကံ,ကံ၏အကျိုးကိုမှ မယုံကြည်နိုင်တဲ့ အဝိဇ္ဇာပဲ။
ဒကာတို့တစ်တွေမှာတော့ မိဘရိုးရာနဲ့ တစ်ထပ်ကွာပြီး လေးထပ်အတွက် လိုသေးတယ်။ ဒကာတို့အမေတွေ၊ အဘေတွေ၊ ဘိုးတွေဘွားတွေနဲ့ အထက်အထက်က ဆွေမျိုးတွေဟာ လေးထပ်အုပ်ပြီး သေကြရတာချည်း များကြတယ်။ ဒီတော့ တို့အင်မတန်ကံကောင်းပါလား အောက်မေ့ပြီး ကြိုးစားယူကြ။ ဒီတရားမျိုး နာရတာ တော်တော်သေးတယ်လို့ ရင်မကြ။ အသေမစောလို့ မသေသေးလို့ အခိုက်သင့်လို့ ကြားရနာရတယ်လို့ မှတ်ကြ။
ဒါကြောင့် ညွှန်ပြတဲ့ဆရာနဲ့ တွေ့တဲ့အခါ နည်းလမ်းရခိုက်မှာ ကြိုးစားလိုက်ကြ။ မကြိုးစားရင် ကိုယ်ကျိုးမက သံသရာကျိုးပါ နည်းကြမယ်ဆိုတာ ဆုံးဖြတ်ချက်ချ။ ဒါအရေးကြီးလွန်းလို့ ဆရာကောင်း သမားကောင်းကို ရှာကြ။ ဆရာကောင်းရှာဖို့ ဘုရားရှင်က အကြိမ် ၄၄ ကြိမ်တိုင်တိုင် မှာတော်မူခဲ့တယ်။ ‘ယထာဘူတံ ဉာဏာယ သတ္ထာ ပရိ ယေသိ တဗ္ဗော’တဲ့။ ဒီတော့ တို့ဒကာတွေအဖို့ ဆရာကောင်း ကြုံကြိုက်တုန်းမှာ ကြိုးစားဖို့ မသင့်ပါလား? ‘ခွင့်သာ ခိုက်မှာ မလိုက်ချင်လျှင် အမိုက် ဒီအပြင် မရှိတော့ဘူး’ ဆိုထိုက်မဆိုထိုက်။
(၂) နာမ်ရုပ်ဉာဏ်အဝိဇ္ဇာ
နာမ်ရုပ်ဉာဏ်အုပ်နေတဲ့ (၂) အဝိဇ္ဇာကို နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ခွါရမယ်။ နာမ်ရုပ်သိတဲ့ ဉာဏ်ရဖို့က ဒကာတို့ ခန္ဓာကိုယ်မှာ နာမ်နဲ့ရုပ်ပဲရှိတယ်။ ခန္ဓာမှာ နာမ်နဲ့ရုပ်ကလွဲရင် ဒီပြင် ဘာမှမရှိဘူး။ ဒါပထမသိထားဖို့ပဲ။ အကျဉ်းချုပ် လွယ်လွယ်သိထားဖို့ရာက ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်၊ ထချင်တာက နာမ်၊ ထတာက ရုပ်၊ ရပ်ချင်တာက နာမ်၊ ရပ်တာက ရုပ်၊ သွားချင်တာက နာမ်၊ သွားတာက ရုပ် စသည်ဖြင့် သိကြရမယ်။
အမှန်ရှိတာက ဒီနှစ်ခုပဲ။ ဒါ့အပြင် ဘာမှမရှိဘူး။ မိန်းမ၊ ယောကျ်ား၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ တကယ်မရှိပါ ဘူး။ ခန္ဓာမှာ တကယ်အရှိက နာမ်နဲ့ရုပ် နှစ်ခုပဲ။ အမှန်အရှိမို့ အမှန်သိဖို့ရာ ဉာဏ်ထွက်အောင် ကြိုးစားကြ။ စား ချင်တာက နာမ်၊ စားတာ ရုပ်။ လှုပ်ချင်တာက နာမ်၊ လှုပ်ရှားတာက ရုပ်။ လှုပ်တယ်လို့ သိတာ နာမ် စသည်ဖြင့် ဉာဏ်ချဲ့ရမယ်။
အေးစက်စက်များ လုပ်မနေကြနဲ့ ‘နောက်တော့မှ လုပ်မယ် ဖြည်းဖြည်းတော့ လုပ်ရဦးမယ်’နဲ့ အေးစက်စက် လုပ်နေရင် တီကောင်သွားပဲ ကြုံရမယ်။ လမ်းဆုံးမမြင်တော့ဘူး။ ဥခွံကြိုက်ပြီး အရူးပျော်ပျော်ကြ၊ တရားမနာချင်၊ တရားမလုပ်ချင်နဲ့ မာန်ထောင်နေကြ။ ဘယ်တော့မှ အေးကွက် မမြင်တော့ဘူးလို့မှတ်။
ဘုရားရှင်မို့ ကရုဏာတော်ကြီးရှာလွန်းလို့ ဒကာတို့ကို သနားလွန်းလို့ ခြောက်တစ်လှည့် မြှောက်တစ်လှည့်နဲ့ ဟောခဲ့ရှာတာ။ ဒါကြောင့် ဘုရားရှင် ကျေးဇူးတော်တွေကို ထောက်ဖို့သင့်တယ်။ ကျေးဇူးတော်ရင် ဘုရားရှင် မျက်နှာ တော်ကို ထောက်ထားတာဖြင့် ‘မလုပ်မဖြစ် လုပ်မှပဲ’လို့ ဆုံးဖြတ်ချက်ချကြ၊ သဘောပါကြရဲ့လား?။
ဒီနာမ်နဲ့ရုပ်ကို ခွဲခြားပြီးသိရင် ဒုတိယအဝိဇ္ဇာ ကွာပြီလို့မှတ်။ နာမ်ရုပ်သိရင် နာမ်ရုပ်ဉာဏ်ပွင့်သွားပြီ။ နာမ်ရုပ်ဉာဏ် ဘယ်လောက် အဖိုးတန်တုန်း မေးစရာရှိတယ်။ နာမ်ရုပ်သိတာ မဂ်ဉာဏ်သိဖို့ပဲ နှယ်နှယ်ရရ မမှတ် ကြနဲ့။ ရှေးက နေခဲ့ထိုင်ခဲ့တာတွေဟာ ကိုယ်ကျိုးနည်းရုံတင်မကဘူး သံသရာကျိုးနည်းတာပဲ။ အခုနေအခါ အရတော် ပါလားဆိုပြီး ကြိုးစားယူကြ။
နာမ်ရုပ်သိရင် နှစ်ထပ်ကွာပြီ
နာမ်ရုပ်သိရင် နှစ်ထပ်ကွာပြီ နှစ်ထပ်ကွာရုံနဲ့ မဖြစ်သေးဘူး။ သုံးထပ်ကျန်နေသေးတယ် မသေပျော်သေးဘူး ရှေးကဥထဲမှာပဲ သေခဲ့ကြရတယ်။ ဒီနေ့တော့ ‘ဥထဲက ထွက်နိုင်အောင် ကြိုးစားလိုက်မယ်’လို့ ဆုံးဖြတ်ချက်ချ ကိုယ့် အဖြစ်ဆိုး၊ သံသရာအဖြစ်ဆိုးကြီးကကို မလွတ်နိုင်ခဲ့ကြပါဘူး ပေါ်ကြပလား?။
တူတူပုန်းတာက ပျော်အောင် ပုန်းကြတာပါ။ ဒကာတို့တစ်တွေ ဘုရားအဆူဆူတော့ လွတ်အောင် ပုန်းလာ နိုင်ခဲ့ကြတယ်။ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ ဘေးဆိုး၊ သံသရာဘေးဆိုးကြီးတွေကိုတော့ လွတ်အောင် မပုန်းနိုင် ကြပါဘူး။ သံသရာဘေးက လွတ်အောင်ပုန်းနိုင်ရင် ပျော်စရာပဲ။ အို၊ နာ၊ သေဆိုတဲ့ ဘေးတွေဟာ အခုသံသရာမှာ လည်း တွေ့ကြုံဆဲ။ ရှေ့သံသရာမှာလည်း တွေ့ကြဦးမှာပဲ။ ဒီအဖြစ်ထက် ဆိုးဖို့သာရှိတယ်။ သက်သာခွင့်တော့ မမျှော် လင့်နဲ့တော့ မရှိဘူးမှတ်ပါ။
ဘုရားရှင်က ဒီအဖြစ်ဆိုးတွေသိတော့ သနားလွန်းလို့၊ ကရုဏာတော်ကြီးရှာလွန်းလို့ ကိုယ်တော် စိတ်တော် အနစ်နာ အမျိုးမျိုးခံပြီး ကျင့်ကြံတော်မူခဲ့ရတယ်။ ဒီသတ္တဝါတွေရဲ့ ဒုက္ခက ဘယ်လိုကယ်တင်ရပါ့မလဲဆိုပြီး အပန်း တကြီး ခဲခဲယဉ်းယဉ်းနဲ့ ကယ်တင်တော်မူရှာတယ်။ ဒီကြားထဲက မလိုက်နာချင်ရင် ဥခွံကြိုက်နေသေးရင် ကိုယ့်အဖြစ် ဟာ ဘယ်လောက်ဆိုးနေတယ်ဆိုတာ မှန်ထောင်ပြီး ကြည့်ကြ၊ မှန်ထောင်ကြည့်ရင် အမှန်ကို သိရလိမ့်မယ်။
ဘုရားက ကရုဏာတော် ကြီးရှာလွန်းလို့ အပင်ပန်းခံပြီး ကယ်ချွတ်ပေမယ့် ဗကဗြဟ္မာကြီးတို့များ တင်းခံနေ လိုက်သေးတယ်။ သူကတောင် ပြန်ပြီး တရားဟောလိုက်သေးတယ်။ နောက် ဘုရားကရုဏာတော် ယုံကြည်တော့မှ မာန်ကျပြီး အကျွတ်တရားရသွားရှာတယ်။ တို့ဒကာတွေ ဒီထက်များ ဆိုးနေကြဦးမှာလား?။ ဆိုးနေလည်း မဖွင့်ဘဲ ထားလိုက်ရုံပါပဲ။ ဥခွံမှ ကြိုက်နေသေးရင် ဘုန်းကြီးက လက်လျှော့ရမှာပဲ။
မာတာပိတုဂုဏော အာစရိယဂုဏော
အနန္တငါးပါး ဂုဏ်ကျေးဇူးကို ကြပ်ကြပ်နှလုံးသွင်းကြ။ အနန္တငါးပါးကျေးဇူး ဘယ်လောက်ကြီးတယ်ဆိုတာ ပေါ်ကြမယ်။ အခု တို့ဒကာတွေ မိဘရိုးရာနဲ့ အဝိဇ္ဇာတစ်ထပ် အလိုလိုကွာပြီ။ အဲဒါ ‘မာတာပိတုဂုဏော အနန္တော’ ဆိုတာပဲ။ အခု တရားနာကို ဒုတိယအဝိဇ္ဇာတစ်ထပ် ကွာပြီ။ အဲဒါ ‘အာစရိယဂုဏော အနန္တော’ဆိုတာပေါ့။
ရှေးကဆိုရင် ဒကာတို့ဟာ ကိုယ်အန္တရာယ်ကင်းချင်လို့ ရွတ်နေကြတာ။ ရမ်းပြီး ရွတ်နေကြတာပါ။ ဘာဆိုလို တယ်လို့ မသိကြဘူး။ ဒကာတို့ဖြစ်စဉ်ကတော့ ပြောလို့တောင် မကောင်းနိုင်ဘူး။ ကိုယ်အန္တရာယ်ကင်းဖို့ရာ ဟေတု ပစ္စယော ဝင်းခတ်ကြ။ အဲဒါ အတော်ဆိုးနေတာ။ ဟေတုပစ္စယော စည်းချကြ။ အတော်ဂွကျကုန်တာပေါ့။ တရား ဂုဏ်တော်မို့ ပူဇော်ရမှာ၊ ထိပ်ပေါ်တင်ထားရမှာ ဝင်းခတ်နေတယ်။ မိဘရိုးရာမို့ပါပဲ။ အဲ… မိဘရိုးရာဆိုရင် သွားပြီ။ ကိုယ့်ရာတန်ကို ဆယ်တန်လုပ်ပြီး သုံးတာနဲ့ တူတယ်။ ကိုယ့်အဖြစ် ဘယ်လောက်ဆိုးတာကို မြင်ကြပလား?။ မြင်ရင် အခုကစပြီး ပြင်ကြ။
မာတာပိတုဂုဏောကြောင့် အဝိဇ္ဇာ တစ်ထပ်ကွာခဲ့ပြီ။ အာစရိယဂုဏောကြောင့် အခု အဝိဇ္ဇာ တစ်ထပ် ကွာသွားပြီ။ အနန္တော အနန္တနှစ်ပါးကြောင့် နှစ်ထပ်ကွာတာ။ အာစရိယဂုဏောကြောင့် နောက်ဆုံးအထပ်လည်း ကွာရမယ်။ မထည့်ရင် မကွာဘူး။ ဒီအနန္တငါးပါးလုံးဟာ နောက်ဆုံးဘုရားရှင်က ပြောပြလို့ သိရတာ။ ဒါကြောင့်လည်း ဘုရားပွင့်ရတာ။ ဒီတော့ ဗုဒ္ဓဂုဏော အနန္တောထဲ အကုန်ဝင်သွားတယ် ရှင်းပလား?။
အနန္တငါးပါးတို့ ဟေတုပစ္စယောတို့ကို ဝင်းမခတ်ကြနဲ့တော့။ ဓမ္မဂုဏောအနန္တောမို့ ထိပ်ပေါ်တင် ကိုးကွယ် ရမှာ။ ရှေးလူကြီးများ ပြောတာဆိုပြီး စီစစ်မယူတတ်ကြဘူး။ ဘာမဆို ကိုယ်ပိုင်ဉာဏ်နဲ့ စီစစ်ယူတတ်ကြဖို့ အရေးကြီး တယ်။ ငွေစက္ကူဆယ်တန်ရာတန် စစ်မှစစ်ရဲ့လားလို့ စီစစ်သလို စီစစ်ပြီး ယူတတ်ကြပါစေ။
ဒီနေရာမှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်။ သင်္ခါရကြောင့် ဝိညာဏ်၊ ဝိညာဏ်ကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့် အာယတန ၆ ခု၊ အာယတနကြောင့် ဖဿ၊ ဖဿကြောင့် ဝေဒနာ၊ ဝေဒနာကြောင့် တဏှာ၊ တဏှာကြောင့် ဥပါဒါန်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ၊ ကမ္မဘဝကြောင့် ဇာတိ၊ ဇာတိကြောင့် ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့ ဖြစ်ကြရတယ်။
အဝိဇ္ဇာချုပ်ရင် သင်္ခါရချုပ်။ သင်္ခါရချုပ်တော့ ဝိညာဏ်နာမ်,ရုပ်, သဠာယတန စတဲ့ အကျိုးတရား အဆက် ဆက်တွေဟာ အကြောင်းချုပ်ရင် ချုပ်ကြတာပဲ။ ဖြစ်ပြီးပျက်သွားတဲ့ အချုပ်ရယ်၊ အကြောင်းချုပ်လို့ အကျိုးမဖြစ်ဘဲ ချုပ်တဲ့အချုပ်ရယ် ဒါကိုသိရမယ်။ အကြောင်းကြောင့်သာ အကျိုးဖြစ်တယ်။ အကြောင်းမဖြစ်ရင် အကျိုးမဖြစ်။ အဲဒါ လို ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးကိုသိရင် တတိယသုံးနံပါတ် အဝိဇ္ဇာကွာပြီလို့ မှတ်ကြ။ ရှင်းကြပလား?။
