20116

ခန္ဓာရှုကွက် ဉာဏ်သုံးချက် တရားတော်

ဆောင်ပုဒ်-

ပျင်းလို့ဖျင်းကာ၊ လွန်နုံချာ၊ ဗာလာနောက်ပိတ်ခွေ။

မြင့်မိုရ်ထုပျောက်၊ သမုဒ်ခြောက်၊ အံ့လောက်ဖြစ်နိုင်စေ။

အို,နာ,သေက၊ မလွတ်မ၊ နန္တကမ္ဘာဝေ။

ဉာဏ်လုပ်သုံးဆင့်၊ မလုပ်ဖင့်၊ ကဲဆင့်ဒုက္ခပွေ။

နေကြီးဝင်ကာ၊ ရေကြီးစွာ၊ နီးလာသေခြင်းပေ။

မနုဿတ္တ၊ ဒုလ္လဘ၊ အရတော်ခိုက်နေ။

ငရဲမီးအိုး၊ ခွေးနက်မျိုး ပျောက်လျှိုးတတ်ကောင်းလေ။

ရင်ဝလှံစူး၊ ထိပ်ဦးမီးလောင်၊ ပမာဆောင်၊ လွတ်အောင်သက္ကာချွေ။

တရားသား။

အလုပ်သုံးလုပ် လုပ်မှသာ ချမ်းသာရာရမယ်

ဒီနေ့အဖို့ရာ မနေ့ကအဆက်ကိုပဲ ပြောရမယ်လို့ မှတ်ကြ။ မနေ့ကပြောတဲ့ အလုပ်သုံးလုပ်မှ မလုပ်ရင် ကျွတ်လွတ်ခွင့် မမြင်တော့ဘူး။ ဒီအလုပ်သုံးလုပ် လုပ်မှသာ ချမ်းသာရာရကြမယ်။ ဘုရားရှင် ဟောတော်မူတဲ့ဥပမာ မှာ ယူဇနာပေါင်း (၈၄၀၀) မြင့်တဲ့ မြင့်မိုရ်တောင်ကြီးသာ မြင့်မိုရ်ထုကြီးသာ ပျောက်ကွယ်မယ်ဆိုရင် ပျောက်ကွယ် သွားစရာရှိတယ်။

ဒီအလုပ်သုံးလုပ်ကိုမှ မလုပ်ရင် ဒကာတို့တစ်တွေရဲ့ အိုရမှု၊ နာရမှု၊ သေရမှုတွေဟာ ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး။ မဟာသမုဒ္ဒရာကြီးလေးစင်းက ရေတွေဟာ အကုန်ခန်းခြောက် ပျောက်ကွယ်သွားစရာသာရှိတယ်။ ဒကာ တို့ရဲ့ အိုမှု၊ နာမှု၊ သေမှုတွေဟာ ဘယ်တော့မှ မပျောက်နိုင်ဘူး။ ဒီဉာဏ်အလုပ်သုံးလုပ် လုပ်မှသာ ပျောက်မှာပဲလို့ ဟောထားတာရှိတယ်။

ဒကာတို့က ပေါ့ပေါ့တန်တန်နဲ့ ‘အင်း… ဒီလိုဆိုရင် လုပ်မှထင်ပါရဲ့’လို့ မတွေးလိုက်ပါနဲ့။ မလုပ်ရင်မဖြစ် ဘူးဆိုတာ ဆုံးဖြတ်ချက်ချ။ အခုလို အခါကောင်း အခွင့်ကောင်းကြုံတုန်းမှ မလုပ်ဖြစ်လို့ လက်လွတ်သွားကြရင် မျောလေဦး၊ မြုပ်လေဦးတော့မယ်။ သူများပါးစပ်ထဲ လမ်းဆုံးရမယ့်ဘဝတွေ အသင်္ချေနဲ့ သွားရတော့မှာပဲ။ သွားရဦးမယ့် ဘဝတွေက အနန္တမို့ ပြောပြလို့ မရနိုင်ပါဘူး။

ဉာဏ်သုံးပါးနဲ့ လုပ်ရမယ့်အလုပ်

မလုပ်မဖြစ်တဲ့ အလုပ်က ဉာဏ်သုံးပါးနဲ့ လုပ်ရမယ့်အလုပ်ပဲ လောကမှာ မဟာပထဝီ မြေပြင်အနှံ့ ဆုံးအောင် သွားနိုင်တဲ့သူ မရှိပါဘူး။ ဒီလောက်ကြီးမားကျယ်ပြန့်တဲ့ မြေပြင်ကြီးဟာ ပျောက်ကွယ်သွားမယ်ဆိုရင် ပျောက်ကွယ် နိုင်စရာ ရှိသေးတယ်။ ဒီဉာဏ်သုံးပါးမရတဲ့သူအဖို့ရာမှာ အေးကွက်မမြင်ဘူး။ ဒီအလုပ်မလုပ်ရင် အိုဒုက္ခ၊ နာဒုက္ခ၊ သေဒုက္ခဆိုတဲ့ ဒုက္ခအမျိုးမျိုးတွေဟာ ဘယ်တော့မှ မဆုံးနိုင်တော့ပါဘူး။

ဒီကြားထဲ သူများပါးစပ်ထဲ လမ်းဆုံးရမယ့် ဘဝတွေကလည်း အနန္တပါပဲ။ နွားဖြစ်၊ ဝက်ဖြစ်၊ ကြက်ဖြစ်၊ ဆိတ်ဖြစ်၊ လူတွေ ပါးစပ်ထဲ သင်္ဂြိုဟ်ကြရ။ တီကောင်၊ ပုရွက်ဆိတ်၊ တုပ်ကောင်ဖြစ်၊ ကြက်ပါးစပ် ကျီးပါးစပ်ထဲ လမ်း ဆုံး၊ ပိုးမွှားတိရစ္ဆာန်တွေ ဖြစ်ပြန်တော့ ကြီးတဲ့အကောင်က ငယ်တဲ့အကောင် စားလိုက်ကြ၊ သောက်လိုက်ကြ၊ သူများ ပါးစပ်ထဲ လမ်းဆုံးသွားကြ။ ဒီလိုနဲ့ သူများပါးစပ်မှာ ကိုယ့်ခန္ဓာနဲ့ အခွန်ဆက်ရမယ့် ဘဝတွေ ရေတွက်လို့ကို မဆုံးနိုင် ပါဘူး။

ဒီအထဲမှာ ရောက်ရာဘဝရဲ့ သားသေလို့ ငိုရ၊ သမီးသေလို့ ငိုရ၊ မယားသေလို့ လင်သေလို့ ငိုရတဲ့ မျက်ရည် တွေဟာ မဟာသမုဒ္ဒရာကြီး လေးစင်းရေထက် များဦးမယ်။ ဒီတော့ တို့ဒကာတွေက ‘တော်ပါပေါ့ တန်ပါပေါ့’လို့များ ဆုံးဖြတ်ချက်ချကြပါ။ သဘောပါကြရဲ့လား?။

ဘုရား တရား တကယ်အားကိုးမှ

ဘုရားစကားတော်ကိုယုံရင် ဒီအလုပ်သုံးလုပ် လုပ်ကြရမယ်။ မလုပ်ရင် မယုံလို့ပဲဆိုတာ ငြင်းကွက်မရှိဘူး။ ‘ဘုရားကိုးကွယ်ရာ တရားကိုးကွယ်ရာ’ဆိုပြီး ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ’လို့ လုပ်နေကြ ဆိုနေကြတယ်။ ဘုရား တရား တကယ်အားကိုးမှ အပါယ်သံသရာက ကာကွယ်ပေးမှာပါ။ တကယ်ကိုးမှ တကယ်ကွယ်မှာ။ တကယ် မကိုးရင် တကယ်မကွယ်ဘူး။ ရွှေမျက်နှာတော် ထောက်ထားပြီး အလကားတော့ ရွတ်မနေကြနဲ့။ အားနာစရာကြီး အဟုတ်ယုံကြည်လို့ တကယ်ကိုးစားတာမှန်ရင် ဒီအလုပ်ကိုလုပ်ကြ၊ ရှင်းကြပလား?။

ညမှပဲ လုပ်တော့မယ်၊ မနက်ကျမှ လုပ်မယ်၊ နောက်မှလုပ်မယ်နဲ့ အချိန်ရွှေ့ရွှေ့နေကြ။ အိုဘေး၊ နာဘေး၊ သေဘေးက မရွှေ့ဘူး။ အချိန်ရွှေ့တာဟာ မိုက်လို့ပဲ။ မိုက်လို့သာ ရွှေ့တာပါ။ လိမ္မာတဲ့သူ ဘုရားစကား လိုက်နာတဲ့သူ ဆိုရင် မရွှေ့ပါဘူး။ ဒါကြောင့် ဘုရားက အတ္တာဟိ ကိရဒုဒ္ဒမောတဲ့။ =ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့သာလို့ ခက်တယ်+လို့ ဟောတော်မူတာ။

ဒီလိုဘဝမှာမှ မလုပ်မိရင်ဖြင့် ဘယ်ဘဝရောက်လို့ ဘယ်ချောက်ထဲကျမယ်ဆိုတာ မသိနိုင်ဘူး။ ထောင်နိုင်တဲ့ နားရှိဖို့ ဟောပြတဲ့သူရှိဖို့ ဟောတဲ့တရားကလည်း သစ္စာဆိုက်တဲ့ တရားမှန်ဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။ တို့ဒကာ တွေတော့ အင်မတန်ကံကြီးလို့ အခုနေမှာ ထောင်နိုင်တဲ့နားလည်းရှိ၊ ဟောပြတဲ့ပုဂ္ဂိုလ်လည်းကြုံ၊ သစ္စာဆိုက်တဲ့ တရား လည်းမှန်လို့ အင်မတန် ကြုံတောင့်ကြုံခဲ ကြုံလာရတဲ့အခါမျိုးမို့ ကြိုးစားကြ။

သေဘက်နီးလေလေ အရေးကြီးလေလေ

နေကြီးဝင်သွားလေ အရေးကြီးလေ။ တစ်ချိန်ထက်တစ်ချိန် ပိုပိုပြီး အရေးကြီးလေလေပဲ။ တရွေ့ရွေ့ အချိန် တွေ ကုန်လိုက်လာတော့ တစ်ချိန်ထက်တစ်ချိန် သေဘက်ကို နီးနီးလာဖို့ပဲ။ ‘သေဘက်နီးလေလေ အရေးကြီးလေလေ’ ဆိုတာ မလွဲဘူး။ ‘အသေကသာ ဦးသွားရင် ကိုယ်ကျိုးတွင်မက သံသရာတစ်လျှောက်လုံး အကျိုးနည်းလို့ မဆုံးတော့ ဘူး’ဆိုတာ မှတ်လိုက်ကြ။

ဒီအလုပ်မလုပ်ကြတာဟာ ဖျင်းလို့၊ ပျင်းလို့၊ မသိလို့ မလုပ်ကြတာ။ ဒါဖြင့် ဒကာတို့ဟာ စွယ်စုံတွေပေါ့။ မသိတာနဲ့ ဖျင်းတာကို ဆရာသမားက တာဝန်ယူပါတယ်။ ဒီတာဝန်နှစ်ခု ဆရာ့တာဝန်ထား။ ကျန်တဲ့တာဝန်တစ်ခု ကိုတော့ ကိုယ်တိုင်ယူကြ။ ပျင်းတာကို ဒကာတို့က တာဝန်ယူ။ မပျင်းကြနဲ့ ကြားလား။ ပျင်းတဲ့တာဝန်တစ်ခုကိုတော့ ကိုယ်တိုင်ယူကြပါ။ ကျန်တာ ဘုန်းကြီးတာဝန်ထားလိုက်။

တို့ဒကာတွေအဖို့ရာ ချက်ပြီးထမင်း ခူးခပ်စားရုံလောက်ပါပဲ။ ဆရာက ဆန်ကစပြီး ထမင်းဖြစ်အောင် လုပ်ပေးရတာပါ။ ဘယ်သူက တာဝန်များသလဲ? ‘တာဝန်မများလို့ မခက်ခဲတဲ့ တာဝန်တစ်ခုကိုဖြင့် လွယ်လွယ်နဲ့ အမြန်လုပ်ကြစမ်းပါ’လို့ တိုက်တွန်းလိုက်တယ်။ (၁) ဉာဏ်နဲ့ (၂) ဉာဏ်ရရင် အရူးအကန်းလုံးလုံး မပျောက်သေးဘူး။ အရှိန်ပြေရုံလောက်ပဲ ရှိသေးတယ်။ မဂ်ဉာဏ်ရမှ လုံးလုံးပျောက်မှာ။

ဟောတဲ့သူက တကယ့်ချမ်းသာရေးအစစ်ကို ဟောနေတာ မလိုက်တဲ့သူက မလိုက်တာတော့ ကိလေသာထု ထူလွန်းလို့ဆိုတာမှတ်။ အဝိဇ္ဇာတဏှာရှိတဲ့သူဟာ မြေထု၊ ရေထု၊ မေရု စကြဝဠာကမ္ဘာ အသင်္ချေ ပျောက်ပေမယ့်လည်း အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ ဘေးဆိုး ဒဏ်ဆိုး အမျိုးမျိုးတွေ မပျောက်နိုင်ဘူး။ ဒီဉာဏ်သုံးချက်နဲ့ လုပ်ယူမှသာ ပျောက်မှာပါ။ ဒီဉာဏ်သုံးချက်နဲ့ လုပ်ယူမှသာ ပျောက်မှာပါ။ ဒီဉာဏ်သုံးချက်နဲ့ မလုပ်ရင် ဘယ်တော့မှ မပျောက်ဘူး လို့မှတ်။

ခန္ဓာမှာ ကိန်းနေတဲ့ အဝိဇ္ဇာ၊ တဏှာ စတဲ့ တရားဆိုးတွေကို ဉာဏ်သုံးချက်နဲ့ ဖြတ်မှပြတ်မယ်။

ယောဂီအလုပ် ဉာဏ်သုံးချက်

(၁) ဉာဏ်က ယထာဘူတ၊

(၂) ဉာဏ်က နိဗ္ဗိန္ဒ၊

(၃) ဉာဏ်က မဂ်ဉာဏ်၊ ကြက်မနဲ့တူတဲ့ ယောဂီတာဝန် ယောဂီအလုပ် ဉာဏ်သုံးချက် လို့ မှတ်ကြ။ ရှင်းကြပလား?။

(၁) ‘ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ’ဆိုတာ ယထာဘူတဉာဏ်။

(၂) ‘ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယာသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ’ စသည်ဆိုတာ နိဗ္ဗိန္ဒဉာဏ်။

(၃) ‘နိဗ္ဗန္ဒံ ဝိရဇ္ဇတိ ဝိရာဂါ ဝိမုစ္စတိ ဝိမုတ္တိသ္မိံ ဝိမုတ္တမှိတိ ဉာဏံဟောတိ’ဆိုတာ မဂ်ဉာဏ်ပေါ်ပြီး မြင်တာပဲ။

ဒီဉာဏ်သုံးဆင့်နဲ့ ရအောင် အားထုတ်တဲ့ ယောဂီဟာ ဥပမာဆို ကြက်မကြီးလိုပါပဲ။ ကြက်ကောင်ကလေးတွေ ပေါက်အောင် ကြက်အလုပ်သုံးလုပ် လုပ်သလို လုပ်ပေးကြရမယ်။ တို့ဒကာတွေ ရှေးက မလုပ်တတ်ကြပါဘူး။

ရှေးက ကျောင်းသွားကြ၊ ဥပုသ်စောင့် ပုတီးစိပ်ကြ၊ အနိစ္စ ဒုက္ခ အနတ္တနဲ့ ပါးစပ်က တတွတ်တွတ်ရွတ်ပြီး စိပ်ကြတာပဲ။ ထုံးစံအတိုင်းမို့ စိပ်နေကြတာ။ ဉာဏ်လည်းမပါဘူး။ စိတ်ကလည်း မပါဘူး။ စိတ်ကမပါတော့ အဲဒါ ‘ဝစသာ’ခေါ်တယ်။ ဝစသာဆိုတာ နှုတ်က ရွတ်တာပဲရှိတယ်လို့ ပြောတာ။ အဲဒါ ဝစသာပဲ။ မနသာ မဟုတ်ဘူး ဝစသာဆိုတာ အပြောပဲတဲ့။

လုပ်ရမှာက ‘မနသာ’နဲ့ လုပ်ရမှာ

လုပ်ရမှာက ‘မနသာ’နဲ့ လုပ်ရမှာ။ စိတ်နဲ့ လုပ်ရမှာပဲ။ အသံသာဟုတ်တဲ့ ဝစသာ အလုပ်စကားအလုပ်ပဲ။ ဝစီကံနဲ့ လုပ်လို့မရဘူး။ အပြောသမားနဲ့ မရဘူးတဲ့။ မနသာနဲ့ ကိုယ့်သန္တာန်မှာ စိတ်စိုက်ရှုရမှာ။ မနသာနဲ့ လုပ်ရမှာ ကို ဝစသာနဲ့ လုပ်နေကြတယ်။ မိမိခန္ဓာမှာ မနသာနဲ့ စိုက်ရှုကြ။

အရှင်နာဂသိန်က ဟောတယ် ‘စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန’ဆိုတဲ့ တံခါးခြောက်ခုမှာ ပေါ်လာ သမျှ အာရုံကို မနသာနဲ့ စိုက်ရှုရမယ်တဲ့။ နိဗ္ဗာန်ရအောင် မနနဲ့ အားထုတ်မှသာ မနောနဲ့သာ မြင်နိုင်တဲ့ နိဗ္ဗာန်ရကြမယ်။ ဒကာတို့တစ်တွေ ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီး ရောက်ကုန်ကြမယ်။ နိဗ္ဗာန်ဆိုတဲ့ အဆန်လမ်းမသွားဘဲ အစုန်လမ်း ဖြစ်တဲ့ အပါယ်ရွာသစ်ကြီးကို ပြောတာ။ ရွာသစ်ကြီးမရောက်ခင်မှာ ဝိပဿနာလုပ်ကြရမယ်။ ခတ်ကွင်းချည်း ပြင်မနေ ကြနဲ့။

ဒီတော့ ‘ဝိပဿနာအစ ထိုင်ချင်တာကစ’ ထိုင်ချင်တော့ ထိုင်ချင်စိတ်ကလေး ပေါ်လာတယ်။ ထိုင်ပြီး ကြည့် လိုက်တော့ ထိုင်ချင်စိတ်မရှိတော့ဘူး။ နဂိုက ‘ငါထိုင်ဦးမယ်’ ပြောတယ်။ အခုမရှိတော့တာ ငါမဟုတ်လို့ပေါ့။ ထိုင်တာထဲ ငါပါသေးသလား?။ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုင်ချင်တဲ့စိတ် မရှိတော့ဘူး။ မရှိတာက အနိစ္စ၊ သိတာက ယထာ ဘူတဉာဏ်။ ‘ဧဝမေတံ ယထာဘူတံ’လို့ ဆိုတယ်။ ယထာဘူတဉာဏ် ရပြီးတဲ့သူဟာ အရူးအကန်း သက်သာသွားပြီ အတော်အတန်ပျောက်ပြီ။ အန္ဓပုထုဇဉ်က လွတ်ပြီဆိုတာ ဆုံးဖြတ်ချက်ချ။ ဉာဏ်မှမရသေးရင် အန္ဓပုထုဇဉ်ပဲ။ ဒီဉာဏ် ရောက်မှ ကလျာဏအစစ်ဖြစ်တယ်လို့ မှတ်ကြ။

မဂ်ဉာဏ်မရသေးရင် အရူးအကန်းအကုန် မပျောက်တတ်သေးဘူး။ အရူးအကန်းမှ မပျောက်သေးတဲ့သူဟာ သံသရာထဲမှာ သူလုပ်သမျှ အမှားချည်းပဲ။ ဒါန၊ သီလလုပ်လည်း အလွဲချည်းလုပ်မိမှာပဲ။ ဒါန၊ သီလ လုပ်နေလို့လည်း ဘယ်တော့မှ အရူးအကန်းမပျောက်၊ အရူးမပျောက်ဘဲနဲ့သေ၊ အကန်းမပျောက်ဘဲနဲ့သေ ဒီအသေမျိုးချည်းပါပဲ။

တို့ဒကာတွေဟာ စီးပွားရေးကလည်း ရှိမယ်။ အပြောကလေးကလည်း ပါမယ်ဆိုရင် ဒီလူပြောသမျှ အဟုတ် ချည်းထင်ကြတယ်။ အန္ဓပုထုဇဉ် ပြောလေသမျှ ဥမ္မတ္တက ပုထုဇဉ်တွေက ယုံကြရတယ်။ ဒါကြောင့် ဒီဉာဏ် အရေး ကြီးတယ်။ ဒီဉာဏ်ရအောင်လုပ်။ ဖြစ်ပျက်မမြင်သေးရင် အရူးအကန်းပျောက်ဖို့ ဝေးသေးတယ်လို့ မှတ်ကြ။

ဝိပဿနာအစ ထိုင်ချင်တာကစ

မှတ်မိကြပလား? ‘ဝိပဿနာအစ ထိုင်ချင်တာကစ’ ထိုင်လိုက်တော့ ထိုင်စိတ်မရှိ၊ ထိုင်စိတ် ပျက်တာသိ၊ သိတဲ့စိတ်ကလေး ပျက်သွားပြန်တာကိုလည်း ဂရုစိုက်။ လေကိုရှူတဲ့စိတ်ကလေးလည်း ရှူပြီးပျက်၊ ရှိုက်စိတ်ကလေးလည်း ရှိုက်ပြီး ပျက်သွားတာပဲ။ ဒါကိုသိအောင် ဖြစ်ပျက်ကို မြင်အောင်ရှု၊ ဘေးအာရုံတွေ ပေါ်လာရင် ပေါ်တဲ့စိတ် လိုက်ရှု၊ ပင့်ကူဥပမာလို ရှုရမယ်ဆိုတာ မှတ်ကြ။ ‘ဝိပဿနာ ယောဂီဟာ ပင့်ကူနဲ့တူအောင် နေရမယ်’လို့ အရှင်နာဂသိန်က မိလိန္ဒကို ဟောခဲ့တယ်။

ဝိပဿနာဆိုတာ ဒီလိုလိုက်ရမှာလားတဲ့။ ဒိဋ္ဌိဟာ စိတ်ပေါ်မှာသာ အများဆုံးဖြစ်တယ်။ ထိုင်တာ ငါပဲ။ သွားချင်တာ ကျွန်မပဲလို့ဆိုတာ ဒိဋ္ဌိများလွန်းလို့ ဒိဋ္ဌိသေအောင် ပထမရှုရမှာ၊ ဘယ်စိတ်လာလာ ရှုရမှာပဲ။ ရှုလို့ ဖြစ် ပျက်မြင်ရင် ယထာဘူတဉာဏ် အရူးသက်သာသွားပြီ။ ဒီ (၁) နံပါတ်ဉာဏ်က အရူးအကန်းပျောက်အောင် ကုတာ။ ဒကာတို့ဟာ ယထာဘူတ ဆေးသောက်ကြဖို့ ကောင်းပြီ။

သောတာပန် အမြန်တည်အောင် စိတ်ရှု

စိတ်ကလေး တစ်ခုပေါ်လာရင် ‘ငါ့စိတ်မစမ်းနဲ့’တဲ့။ ငါ့စိတ်ဆိုတာ ဒိဋ္ဌိဖြစ်နေတယ်။ စိတ္တာနုပဿနာ အရှု ခိုင်းတာဟာ သောတာပန် အမြန်တည်အောင်လို့ပဲ။ ဒီအဓိပ္ပာယ်ဟာ ပေဋကောပဒေသ ပါဠိတော်မှာလာတဲ့ အဓိပ္ပာယ် လို့မှတ်။ သံသယမရှိကြနဲ့။ ဒါကြောင့်လည်း သောတာပန် အမြန်တည်အောင် စိတ်ရှုဖို့ စိတ္တာနုပဿနာ အဓိကထားပြီး ဟောနေတာ လိုရင်းထားဟောနေတာပဲ။

ပင့်ကူဥပမာအတိုင်း အလယ်မှာထိုင် မလွတ်အောင်ရှု ဘေးကလာလည်း မလွတ်စေနဲ့။ ဒီလိုရှုဖန်များရင် အသေတွေချည်း မြင်လာမယ်။ အသေတွေချည်း အမြင်များတော့ မုန်းလာမယ်။ ဒီဉာဏ်ကို ဆရာက တက်ပေးလို့ မရဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူရမှာ။ ယထာဘူတဉာဏ် ရင့်ကျက်တော့ နိဗ္ဗိန္ဒဉာဏ်ပေါ်တာပဲ။ ယထာဘူတဉာဏ် ရင့်ရင့် မဟာသောတာပန်နား နီးသွားပြီ။

သတ္တဝါတစ်ဦးဦးအတွက် ငရဲပြည်က ငရဲမီးတွေက လောင်ဖို့ အဆင်သင့်စောင့်ပြီးနေတယ်။ စောင့်နေတာက ဒိဋ္ဌိ မကွာသေးတဲ့ သတ္တဝါတွေဖို့ စောင့်နေတာ။ အဲဒါဟာ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေက အကျိုးပေးဖို့ စောင့် နေတာပါ။ အဲဒီငရဲအိုးတွေ၊ ငရဲမီးတွေ၊ ခွေးနက်ကြီးတွေကို ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာက လုပ်ပေးထားတာဆိုရင် မမှားပါဘူး။

နိဗ္ဗိန္ဒဉာဏ်ရောက်ရင် ငရဲအိုးဟာ အဆူရပ်တယ်

ဒါကြောင့် ကြိုးစားကြ၊ မပေါ့ကြနဲ့လို့ ပြောနေတာ။ နိဗ္ဗိန္ဒဉာဏ်ရောက်ရင် ငရဲအိုးဟာ အဆူရပ်တယ်၊ ငရဲ မီးလည်း ငြိမ်းမယ်။ မီးငြိမ်းသွားတော့ အဆူပျောက် အဆူရပ်တော့တာပဲ။ စဉ်းစားကြည့်ကြ။ လူ့ပြည်က ဒါနပြု သီလဆောက်တည်ကြတော့ နတ်ပြည်မှာ ကိုယ်မသေခင်က ဘုံပေါက်နေရတယ်။ နန္ဒိယသူဌေး စသူတွေရဲ့ နမူနာ ကြည့်ကြ။ ဒီတော့ ကုသိုလ်များလို့ သုဂတိမှာ ဘုံပေါက်သလို အကုသိုလ်များရင် ငရဲမှာ ဘုံပေါက်မယ်ဆိုတာ သံသယ မရှိကြနဲ့ သေချာတယ်။

ဒီလိုဖြင့် တို့ဒကာတွေ စိတ်ချလက်ချနေလို့ ဖြစ်ပါ့မလား?။ စိတ်ချနေလို့ မဖြစ်တော့ဘူး။ မနုဿတ္တဘာဝ ဒုလ္လဘဆိုတဲ့အတိုင်း လူ့ပြည်ဟာ အလွန်ရနိုင်ခဲတယ်။ ဘာကြောင့်လဲ?။ အလွန်မွန်မြတ်လို့၊ အလွန်ကောင်းလို့ လူ့ပြည် ကနေ အထက်တက်ချင်လည်း လွယ်တယ်၊ အောက်ဆင်းချင်ရင်လည်း ပိုပြီးလွယ်သေးတယ်။ သုံးဆယ့်တစ်ဘုံ ဘယ်ဘုံ သွားချင်သွားချင် လူ့ပြည်ကသွားမှ ရနိုင်တယ်။

ဒီလူ့ပြည်ကနေပြီး ဘုံလည်းပေါက်နိုင်တယ်။ မီးငြိမ်းအောင်လည်း လုပ်ယူနိုင်တယ်။ ဒီဘုံက လိုသလိုဖြစ်နိုင် တယ်။ ဒါကြောင့် လူ့ဘုံကောင်းတယ်လို့ဆိုတာပါပဲ။ သဘောပါကြပလား?။

ဒီတော့ အလွန်ကံကောင်းထောက်မလို့ ရထားတဲ့ ဘဝကလေးကို အကျိုးမပြီး အချည်းနှီး မကုန်ကြပါစေနဲ့။ လုပ်သင့်လုပ်ထိုက်တဲ့ ပဓာနလုပ်ငန်းကို အဟုတ်တမ်း ခရီးပေါက်အောင် ကြိုးစားကြရမယ်၊ လုပ်ဆောင်ကြရမယ်၊ ‘မလုပ်ရင် မဖြစ်တော့ဘူး’လို့ ဆုံးဖြတ်ကြ။ လေးလေးနက်နက်ကြီး တိုက်တွန်းလိုက်တယ်။

ခန္ဓာထဲမှာ ဇာတိတွေ၊ ဇရာမီးတွေ၊ မရဏမီးတွေ ဝိုင်းအုံပြီး တဟုန်းဟုန်း တညီးညီး တောက်လောင်နေပြီ။ ခြေကြည့်လည်း မီးဝိုင်း၊ လက်ကြည့်လည်း မီးဝိုင်း ဘယ်ကြည့်ကြည့် ဒီမီးတွေချည်းပဲ လောင်မြိုက်နေတယ်။ မီးမြင် လာရင် လွတ်ရာလွတ်ကြောင်းရှာလိုတဲ့စိတ် ဖြစ်ပေါ်လာတယ်။ ရှာတော့ မီးထဲက လွတ်ရာလွတ်ကြောင်း လမ်းကောင်း လမ်းမှန်ဟာ မဝေးပါဘူး။ ခန္ဓာမှာပဲ ရှိပြီးနေတာပါ။ ဒါကိုသိအောင် ညွှန်ပြနိုင်တဲ့ ဆရာနဲ့ တွေ့ရတဲ့ အခုလိုအခါမျိုး မှာ ကြိုးစားယူကြ။ ဒါမှမယူချင်ကြရင် အခုပြုံးသလောက် နောက်အခါ မဲ့ဖို့ချည်းမှတ်တော့။

နိဗ္ဗာန်ရတယ်ဆိုတာ ဘယ်လိုပါလဲ

ဆရာက ညွှန်ပြတဲ့အတိုင်း ရှုမှတ်သွားကြရင် ခန္ဓာအဆုံးမှာ နိဗ္ဗာန်ရကြမယ်။ မိလိန္ဒက ရှင်နာဂသိန်ကို မေးတယ်။

”အရှင်ဘုရား နိဗ္ဗာန်ရတယ်ဆိုတာ ဘယ်လိုပါလဲ”

ဒီတော့ မထေရ်က “ဝိပဿနာ ရှုမှတ်တဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ဝမှာ ရုပ်၊ နာမ် ဖြစ်ပျက်ကို အမြင်သန်လာ မယ်။ နောက် တဖြည်းဖြည်း ဖြစ်ပျက်သဘောတွေ ကျဲရာကနေ စိပ်စိပ်ပြီး နူးညံ့လာမယ်။ နောက်မကြာမီ ဖြစ်ပျက် သဘောတွေ စုလာမယ်။ စုလာပြီးတဲ့နောက် အလွန်နု အလွန်သိမ်မွေ့ပြီး တစ်ချက်ချက်မှာ ရှုရင်း ရှုရင်းက ဖျတ်ခနဲ ဆုံးသွားတော့တယ်။

အဲဒီဖြစ်ပျက်ဆုံးသွားတာဟာ နိဗ္ဗာန်ပါပဲ။ ဖြစ်ပျက်အဆုံးကို မြင်တာဟာ မဂ်ဉာဏ်ပဲ”လို့ ဖြေကြားတော်မူ လိုက်တယ်။ ဆုံးတာက နိဗ္ဗာန်၊ မြင်တာက မဂ်ဉာဏ်ပဲလို့ မှတ်ကြ။ အဲဒီတော့ တို့ဒကာတွေ မပေါ့ကြနဲ့တော့။ ရနိုင်တဲ့ အခါ ရအောင်ယူထားကြ။

အခုလို အလွန်အဆင်ပြေတဲ့ လူဘုံ လူ့ဘဝက နေရာကျအောင် လုပ်ထားကြ။ မလုပ်ရင် အခုပြုံးသလောက် နောက်အခါ မဲ့ရမယ်၊ ငိုရမယ်ဆိုတာ တစ်ထစ်ချ မှတ်လိုက်ကြ။ ရှင်ကြပလား?။

ကိုင်း… ယနေ့ ဒီတွင် တော်ကြဦးစို့။

*********