ကြက်ကိုစံပြု ခန္ဓာရှု တရားတော်
အထူးသိရန်
(၁) ယောနိသော မနသိကာရ၊ ရုံးစုခြင်း သဘောရှိ၏။
ဆောင်ပုဒ်-
ယောနိသောက၊ မနသိကာရ၊ ပထမလိုအပ်ချက်။
ပညာဖြင့်ပင်၊ ပိုင်းခြားအင်၊ နောက်တွင် မှန်လက်နက်။
နှလုံးသွင်းက၊ မှန်ကန်မှ၊ ဉာဏ်က ပိုင်းနိုင်တွက်။
သစ္စာနက်ရင်း၊ နှလုံးသွင်းမှန်၊ ဉာဏ်ဖြင့်ပိုင်းခြား၊ ညီစေအား၊
တရားပေါက်မြန်ထက်။
သတိချပ်-
ဥခွံအဝိဇ္ဇာ၊ မှောင်မိုက်မှာ၊ သံသာတစ်လျှောက်လုံး။
ရမ်းသွားရမ်းလာ၊ စုံကန်းစွာ၊ ဒုက္ခာဘယ်မဆုံး။
ဆရာကောင်းကြုံ၊ ခွင့်ကောင်းစုံ၊ ကြည်ရုံအားသစ်ကျုံး။
ကိုယ်မသေခင်မှာ၊ ကိုယ့်သာသနာ၊ ခဲစွာ ကြုံကြိုက်တုန်း။
ကြုံတောင့်ကြုံခဲ၊ တစ်ခါလွဲ၊ ကျိုးနည်းဘဝဆုံး။
တရားသား။
တို့ဒကာတွေ ‘ဝဋ်’ဆိုက်နေကြတယ်
ဒီကနေ့ မနေ့က တရားအဆက်ကို ပြောရမယ်။ ပထမသတိပြုဖို့က တို့ဒကာတွေ ‘ဝဋ်’ဆိုက်နေကြတယ်။ ဘာဝဋ်တုံးဆိုတော့ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသာဝဋ်ဆိုတဲ့ ဝဋ်သုံးမျိုးပဲ။ ကုသိုလ်၊ အကုသိုလ်ဆိုတဲ့ ကမ္မဝဋ်တွေ လုပ်ကြ။ အဲဒီ ကမ္မဝဋ်ကပ်တွေနဲ့ ခန္ဓာအမျိုးမျိုး ဆုတောင်းယူ ဆုတောင်းတော့ ဝိပါကဝဋ်ကောင်ကြီး ရလာကြတယ်။ ဒီရတဲ့ ဝဋ်ကောင်ကလည်း ကိလေသာ အစေးအညှော် ဗလဗျစ်နဲ့ အဝိဇ္ဇာဥခွံဆိုတဲ့ အမှောင်တိုက်ထဲမှာ နေရရှာတယ်။
အခုနေရတဲ့အဖြစ်ဟာ အဝိဇ္ဇာဥခွံကလည်းအုပ်၊ တဏှာအစေးတွေကလည်း ရှုပ်လို့ ဒီတော့ ဉာဏ်ကလေးတွေ တုံးနေကြတာပေါ့။ အဲဒါကြောင့် အခုအဖြစ်ဟာ တောင်မှန်းမသိ၊ မြောက်မှန်းမသိ၊ ချောက်မှန်းလည်းမသိ၊ ကမ်းမှန်း လည်းမသိ၊ ဘာမှန်းမှမသိတဲ့အဖြစ်မျိုး ကြုံရတယ်ဆိုရင် မမှားပါဘူး။ အဲဒီတော့ ကိုယ့်အဖြစ်ဟာ ‘အဖြစ်ဆိုး’ပဲဆိုတာ သိကြရမယ်။ အဖြစ်ဆိုးကြုံရတာ ဥခွံထဲက မထွက်နိုင်ကြလို့ပဲ။ ဥခွံဟာ ပဋိစ္စသမုပ္ပါဒ်ကြီးပဲ။ ပဋိစ္စသမုပ္ပါဒ်အလုံးကြီး ဟာ ဥခွံကြီးပဲလို့ မှတ်ကြ။
ဆရာကောင်း၊ သမား ကောင်းနဲ့ တွေ့ရကြုံရလို့ သိကြရတာ
တို့ဒကာတွေ အင်မတန် ကံကောင်းကြလို့ပဲ။ ဘုရားဟောတော်မူတဲ့ စကားတော်တွေ ဆရာကောင်း၊ သမား ကောင်းနဲ့ တွေ့ရကြုံရလို့ သိကြရတာ။ အကြောင်းအကျိုး နားလည်ကြရတာ သာမည မအောက်မေ့ကြနဲ့။ နက်နက်နဲနဲ သိတဲ့ပုဂ္ဂိုလ်က ‘သူသိသလို သိပါစေ’ဆိုတဲ့ စေတနာနဲ့ တိုက်တွန်းတဲ့ကိစ္စဖြစ်တယ်။ ပြောပြတဲ့ပုဂ္ဂိုလ်ကလည်း ‘သူ့ပါရမီ နဲ့ သိလာပေလို့ ပြောပြနိုင်တယ်’ လေးလေးစားစား လိုက်နာအားထုတ်ကြ။
ဒကာတို့တစ်တွေ နောက်,နောက်တုံးကဥခွံထဲတွင် အကောင်မဖြစ်လာဘဲ ပုပ်ပုပ်ပြီး သေသွားကြရတာ။ ဘဝပေါင်း အသင်္ချေ မရေမတွက်နိုင်အောင် များခဲ့ကြပြီ။ ဒီအခါမှ ဥခွံထဲက မထွက်ကြတော့ဘူးဆိုရင် နောက်အဖို့ရာ ဝေးပါသေးတယ်။ ကိုယ်ကျိုးနည်းဖို့အပြင် မရှိပါဘူး။
ကိုယ့်အထက်ကို ပြန်ကြည့်ကြ။ ဒကာတို့ အထက်အထက်က မိတွေ,ဘတွေဟာ၊ ဘိုးတွေ,ဘွားတွေဟာ ဒီဥခွံ ထဲကကို မထွက်နိုင်ခဲ့ကြဘူး။ ဒကာတို့မှာ ကံကောင်းလို့ ထွက်နိုင်တဲ့လမ်းစထွက်နည်းကို ရကြပြီ။ သူတို့တစ်တွေဟာ ဆိုရင် ဥထဲမှာနေပြီး ဥထဲမှာပဲ သေကြရရှာတယ်။ ဒါကြောင့်မို့ ကြုံတောင့်ကြုံခဲ ရတောင့်ရခဲ ရလာတဲ့အခွင့်အခါ ကောင်းမှာ ဥထဲကထွက်နိုင်အောင် ကြိုးစားရမယ်။ မရအရ အားထုတ်ကြဖို့ သင့်တယ်၊ မသင့်ကြဘူးလား?။
အချိန်မဆိုင်းဘဲ လုပ်ဖို့သာ ကိုယ့်တာဝန်ပဲလို့ မှတ်ကြ
အခုကြုံလာတဲ့ ဝိမုတ္တိယုဂ အနှစ် (၅၀၀) လို့သာဆိုတာ စင်စစ်က ‘ကိုယ့်အနိစ္စမကြုံခင် ကိုယ်မသေခင်မှာ သာ ကိုယ်သာသနာရှိတာပါ’ အချိန်များများစားစား မရှိတော့ဘူး။ ရှင်းကြပလား?။ ဒီတော့ ဘယ်လိုလုပ်ကြမလဲ?။ ဆရာသမားက ညွှန်ကြားတဲ့အတိုင်း အချိန်မဆိုင်းဘဲ လုပ်ဖို့သာ ကိုယ့်တာဝန်ပဲလို့ မှတ်ကြ။
ဒီအရေးဟာ အလွန်ကြီးတဲ့အရေးပါ။ ဒါကြောင့်လည်း အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များက ထပ်မနားတိုက်တွန်း ကြတာပဲလို့မှတ်။ ‘ထမင်းမစားရချင်နေပါစေ ဒီအလုပ်ကိုဖြင့် အရင်ပြီးအောင် လုပ်လိုက်ကြပါ’လို့ လေးလေးနက်နက် ကြီး တိုက်တွန်းလိုက်ပါတယ်။
အခု ဥခွံကပေါက်နည်းကို ပြောရမယ်။ ဒီခန္ဓာငါးပါး ဒီခန္ဓာကို ဥခွံက သုံးထပ်အုပ်နေတယ်။ သုံးထပ်က လက္ခဏာမသိတဲ့ ဥခွံ အဝိဇ္ဇာသုံးထပ် အနိစ္စလက္ခဏာမသိတဲ့ အဝိဇ္ဇာ၊ ဒုက္ခလက္ခဏာမသိတဲ့ အဝိဇ္ဇာ၊ အနတ္တလက္ခဏာ မသိတဲ့ အဝိဇ္ဇာ။ ဒီအဝိဇ္ဇာဥခွံသုံးထပ် အုပ်နေတယ်။ ဒီအပေါ်မှာ တဏှာရေတွေကလည်း ဖုံးထားပြန်တော့ ဉာဏ်တွေ ကလည်း တုံးနေတာပေါ့။
ဒီသုံးထပ်ကို ဉာဏ်ထက်အောင်လုပ်ပြီး ခွါပစ်ရမယ်။ ခွါတဲ့နေရာမှာ တစ်ချက်ကိုပိုင်နိုင်ရင် ကျန်တဲ့လက္ခဏာ နှစ်ချက်အတွက် ကိစ္စပြီးစီးပါတယ်။ သံယုတ်ပါဠိတော်မှာ ‘ယံ အနိစ္စံ တံဒုက္ခံ တဒေဝ အနတ္တာ’လို့ ဟောတော်မူတယ်။ ဒီတော့ လက္ခဏာတစ်ပါးရှုရင် ပြီးနိုင်တယ်ဆိုတာ သေချာပြီ။ ကြိုးစားကြ။ တစ်ခုတည်းဆို မခက်တော့ဘူး။
နောက် ဒီတရားမျိုး မတွေ့ကြရင် အခက်ချည်းကြုံရဖို့ ရှိတော့တယ်။ မှောင်ထဲမွေးပြီး မှောင်ထဲသေရမှာပဲ။ ပြင်မရောက်ဘဲ သေရတော့ သေခြင်းဆိုးပေါ့။ မဆိုထိုက်ဘူးလား?။ ဥပမာဆိုရင် ဘဝတစ်ခုရောက်ဖို့ရာ ပဋိသန္ဓေ ကလလရေကြည် တည်လာတယ်ဆိုပါတော့ ဒီအခါမှာ ရေကြည်ကလေးကို ပိုးမျိုး (၁၀) က စားသွား။ ဒီလိုပဲ နောက် ဘဝလည်း စားသွားနဲ့။ ဒီလိုဘဝပေါင်းတွေကလည်း အသင်္ချေနဲ့ အနန္တရေတွက်လို့ မရနိုင်ဘူး။
သူများစားဖို့ဝါးဖို့ ဆုတောင်းနေကြတာ
‘သမင်မွေးရင်း ကျားစားရင်း၊ ကြက်မွေးရင်း ကြောင်စားရင်း’ ဆိုသလိုပါပဲ။ ဒကာတို့ဟာ ဘဝအထွေထွေ ဆုတောင်းနေကြတာ။ သူများစားဖို့ဝါးဖို့ ဆုတောင်းနေကြတာ။ မရဏမင်းစားဖို့ ဆုတောင်း မရ,အရယူပြီး အသေခံ မိုက်နေကြတာပဲ။ ဆိုထိုက်, မဆိုထိုက် စဉ်းစားကြည့်ရင် သိကြမယ်။ တို့ဒကာတွေက ကိုယ့်ကိုယ်ကိုယ် မကြည့်သူများကို ကြည့်တတ်ကြတယ်။ ဒီတော့ ကိုယ့်အကြောင်းကိုယ်တောင် မသိနိုင်လောက်အောင် ဖြစ်နေကြရတာပေါ့။
ဘေးပတ်ဝန်းကျင်ကို မကြည့်နဲ့။ ကိုယ့်ခန္ဓာမှာ ကိုယ်ကြည့်ကြ။ ဉာဏ်နဲ့ကြည့်ပြီး ကိုယ့်အကြောင်းကိုယ်သိအောင် လုပ်ကြ။ ကိုယ့်အကြောင်း ကိုယ်ကိုယ်တိုင်မှ မသိဘူးဆိုတာ ရှက်ပြီး သေကြဖို့သာ ကောင်းတော့တယ်။ ကိုယ့်အကြောင်း သိအောင်မှ မလုပ်ချင်ဘူးဆိုရင် ဥခွံက အုပ်နေရတဲ့အထဲမှာ ဇာတိဇရာဗျာဓိမရဏဆိုတဲ့ ဒုက္ခတွေနဲ့ တွေ့ပြီး သေရ မှာပဲ။ ဒီပြင် ဘာမှမရှိပါဘူး။ ဒကာတို့မှ အင်မတန် ကံထိုက်လို့ ထောင်နိုင်တဲ့နားလည်း ရှိကြ၊ ဟောပြတဲ့ပုဂ္ဂိုလ်က လည်းရှိလို့ ဟောပြတဲ့အခါ ယူနိုင်တဲ့ဉာဏ်နဲ့ ရအောင်ယူကြ။ ဒီတစ်ပွဲမှ လွဲခဲ့ရင် မဟာအလွဲတော်ကြီးပဲလို့ ဆုံးဖြတ် ချက်ချ။
ဒီနေရာမှာ သတိချပ်ဖို့ ပြောရဦးမယ်။ ယူနိုင်တဲ့ဉာဏ်အတွက် အချက်အချာပဲလို့မှတ်။ မိလိန္ဒမင်းက အရှင် နာဂသိန်ကို မေးတယ်။ “အရှင်ဘုရား ယောနိသော မနသိကာရနဲ့ ပညာဟာ ဘယ်လိုထူးပါသလဲ? သူတို့နှစ်ခု ထူးခြား ပုံကို အမိန့်ရှိတော်မူပါ”လို့ လျှောက်တော့ အရှင်နာဂသိန်က ရှင်းလင်းဖြေကြားတော်မူတယ်။ ဒီဖြေကြားချက်ကို လွယ်ကူအောင် အဓိပ္ပာယ်နဲ့ ပြောရမယ်။
ပညာက ပိုင်းခြားခြင်းသဘောရှိတယ်
ယောနိသော မနသိကာရ ရုံးစုခြင်းသဘော၊ ပညာက ပိုင်းခြားခြင်းသဘောရှိတယ်။ ဥပမာဆိုရင် ကောက် ရိတ်သလိုပဲလို့မှတ်။ ကောက်ရိတ်သမား ကောက်ပင်ရိတ်တဲ့အခါမှာ ဘယ်ဘက်လက်နဲ့ ကောက်ပင်ကို စုရုံး ဆုပ်ကိုင်ပြီး ညာလက်က တဇင်နဲ့ ရိတ်ဖြတ်လိုက်တယ်။ ဒီဥပမာလိုပဲ ယောနိသောက ဘယ်လက်လို ရုပ်, နာမ်, သင်္ခါရတွေကို စုရုံးခြင်းသဘောရှိတယ်၊ ညာလက်က ဉာဏ်နဲ့တူတယ်လို့ မှတ်ရမယ်။ ယောနိသောက ရုပ်၊ နာမ်၊ သင်္ခါရကို ရုံးစုတော့ ဉာဏ်က ပိုင်းခြားလိုက်နိုင်တော့တယ်လို့ မှတ်ကြ။
ဒါကြောင့် နှလုံးသွင်းမှန်မှ ဉာဏ်ဖြတ်နိုင်တယ်လို့ အသေအချာမှတ်။ ရုပ်၊ နာမ်၊ ဓမ္မ၊ သင်္ခါရ တစ်ခုခုကို အနိစ္စ အနိစ္စလို့ နှလုံးသွင်းတော့ ဉာဏ်က ကိလေသာကို ဖြတ်နိုင်တယ်။ သူတို့ချင်းဟာ ခွဲလို့မရဘူး။ ယောနိသော မပါရင် ဉာဏ်ဟာ အလကားပဲ။ ဒါကြောင့် သူတို့နှစ်ခု ခွဲမရလို့ တွဲဖက်ပြီး ထားရမယ်။ ဒီလိုတွဲဖက်ထားမှသာ ဉာဏ် က ကိလေသာကို ဖြတ်နိုင်မယ်။
အဲဒါကြောင့် ရှုမှတ်ပွားများတဲ့အခါ ပထမအချက် နှလုံးသွင်းမှန်ကန်ဖို့ရာ အထူးအရေးကြီးတယ်လို့ မှတ်ရ မယ်။ ဥပမာ- ဝေဒနာဆိုပါစို့ ဝေဒနာသုံးပါး တစ်ပါးပါးဖြစ်ပေါ်လာမယ်။ နေလို့ကောင်းတယ်ဆိုတော့ သုခဝေဒနာ၊ နေလို့မကောင်းဆိုပြန်တော့ ဒုက္ခဝေဒနာ၊ နေလို့ အသင့်အတင့်ရှိတယ်ဆိုတော့လည်း ဥပေက္ခာဝေဒနာ ဒီသုံးပါးထဲက တစ်ပါးပါးတော့ ကိုယ့်ခန္ဓာမှာ အမြဲတမ်း ရှိပြီးနေတယ်။
ဒါကို မြင်အောင်ကြည့်ရမယ်။ ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့စူးစိုက်ပြီးကြည့်ရင် ဖြစ်ပေါ်နေတဲ့ ဝေဒနာတစ်ခုခု ဝေဒနာက္ခန္ဓာကို တွေ့ရမယ်။ ဉာဏ်နဲ့မစိုက်မိရင် နေလို့ကောင်းတဲ့ သုခဝေဒနာလာတော့ လောဘဖြစ်၊ နေလို့မကောင်း ပြန်တော့ ဒေါသဖြစ်၊ အသင့်အတင့်ရှိတော့လည်း လောဘတဏှာ ဖြစ်တော့တာပဲ။
ဝေဒနာ ပစ္စယာ တဏှာ
ဒီလိုဆိုရင် ဘာဖြစ်မလဲ? ‘ဝေဒနာ ပစ္စယာ တဏှာ’ ဝေဒနာတွေကြောင့် တဏှာဖြစ်ပေါ်လာတယ်။ တဏှာ ဖြစ်တော့ ဥပါဒါန်ကမ်ဆိုပြီး အနာဂတ် နောက်ခန္ဓာအတွက် အကုသိုလ်ထုတွေ သိမ်းဆည်းမိလိုက်ပြန်တယ်။ ဒီနည်းနဲ့ ချည်း တဏှာက မကောင်းဆိုးဝါး လာလာသမျှ သိမ်းပိုက် သိမ်းပိုက်ထားပြီးနောက် ခန္ဓာဇာတိဒုက္ခက လူဇာတိ၊ နတ်ဇာတိ၊ ခွေး၊ ဝက်၊ ကြက်၊ ငှက်၊ ဖြုတ်၊ ခြင်၊ ယင်၊ မှက်၊ ဇာတိ၊ ပိုးဟတ်၊ ပရစ်၊ အိမ်မြှောင်၊ တက်တူ၊ ပင့်ကူ၊ တီကောင် မဆုံးနိုင်အောင် ဇာတိဒုက္ခအမျိုးမျိုးတွေ လာပါရော။
အဲဇာတိကိုမှ ရတဲ့နောက် ဇရာ၊ မရဏ၊ သောက စတဲ့ အို၊ နာ၊ သေ ဒုက္ခတွေဟာ ပြေးမလွတ်သာတော့ဘူး။ ဆက်တိုက်လာကြတော့မယ်။ တို့ဒကာတွေ ဇာတိကပေးလို့ အခုလက်ငင်းပဲ တွေ့ကြုံနေကြရတယ်မဟုတ်လား?လို့ ငြင်းကွက်မရှိပါဘူး။
နှလုံးသွင်းတတ်တဲ့ ယောနိသောလိုတယ်
ဒါကြောင့် နေကောင်းတော့လည်း သုခဝေဒနာဖြစ်ပြီး ပျက်သွားတာပဲ။ နေမကောင်းတော့ ဒုက္ခဝေဒနာ၊ သူလည်း အမြဲမနေဘူး ဖြစ်ပြီးပျက်သွားတာပဲ ရှိတယ်။ ‘ဪ မမြဲတဲ့သဘောတွေပါကလား’လို့ နှလုံးသွင်းတတ်တဲ့ ယောနိသောလိုတယ်။ ဒီလိုအမှန်တရား အရှိတရားကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီး အမှန်အရှိသဘာဝနဲ့ညီအောင် နှလုံးသွင်းမှုကို ယောနိသော မနသိကာရဆိုတာပဲ။
အမှန် အရှိက ရုပ်၊ နာမ် ခန္ဓာငါးပါး၊ ဖြစ်ပြီးပျက်နေတာပဲ ရှိတယ်။ ဒါကို ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ ဆိုတဲ့ မသင့်မတင့် နှလုံးသွင်းမိနေရင် ယထာဘူတ သဘာဝမကျဘူး။ ‘ဒီနေ့ ငါ သိပ်နေမကောင်းဘူး။ မနေ့ကတော့ နေကောင်းသား နေ့လယ်ကမှ ပိုဆိုးလာတယ်’တဲ့။ အဲဒါ ဝေဒနာကို ငါထင်နေလို့ပဲ။ ခန္ဓာမှာ ငါစွဲထားလို့ ငါစွဲနာနေ လို့ပဲ။ သဘောပါကြပလား?။
ဒီတော့ မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့် ဝေဒနာက္ခန္ဓာ တစ်ခုခုကိုတွေ့၊ တွေ့တော့ တွေ့တဲ့ဝေဒနာတစ်ပါးပါးကို မလွတ်အောင် ဖြစ်ပျက်ရှုပစ်။ ခံစားမှုသဘော ဝေဒနာကို မလိုက်နဲ့။ ဒီဝေဒနာသဘောကလေး ဖြစ်ပြီးပျက် ဖြစ်ပြီး ပျက်နေတဲ့သဘော မမြဲတဲ့ အနိစ္စ အချက်ကလေးမျှကို မိမိရရ မလွတ်အောင်ရှုရမယ်။ ရှုတဲ့အခါ ပထမခန္ဓာမှာ ဖြစ် နေဆဲ ခံစားရမှုဝေဒနာတစ်ခုခုပေါ်မှာ စိုက်ထား။ သတိကပ်မိလို့ သိတာနဲ့ ရှုဉာဏ်က ‘ဖြစ်ပျက်-ဖြစ်ပျက်’လို့ ရှုမှတ် ရမယ်။
ဒီနည်းအတိုင်း အရှုအမှတ်များလာရင် ဉာဏ်က သူ့အလုပ်သူ လုပ်လိမ့်မယ်။ ဒါကြောင့် ယောနိသောကို ပထမသန်အောင် လုပ်ရမယ်။ ယောနိသောသန်လို့ နှလုံးသွင်းမှန်မှသာ ကိလေသာကို ဉာဏ်က ဖြတ်ယူနိုင်တယ် ရှင်းကြပလား?။
