20112

ကြက်ကိုစံပြု ခန္ဓာရှု တရားတော်

ကြက်အလုပ်သုံးမျိုး

ဥပမာ

(၁) ကြက်ဥကို အတောင်ဖြန့်၍ ဝပ်ပေးရခြင်း။

(၂) ကြက်ဥကို အပူဓာတ် ကိုယ်ငွေ့ပေးရခြင်း။

(၃) ကြက်ဥကို သဘာဝ ကြက်ရနံ့ပေးရခြင်း။

လောကီအလုပ်သုံးမျိုး

ဥပမေယျ

(၁) မိမိခန္ဓာမှာ သတိစိုက်ထားရခြင်း။

(၂) အာတပ လုံ့လဝီရိယ ရှိစေရခြင်း။

(၃) ရုပ်, နာမ် ဖြစ်ပျက်ကို ဉာဏ်ဖြင့် ရှုမှတ်ရခြင်း။

ဆောင်ပုဒ်။

ဥပမာ

ကြက်ဥပမာ၊ စံယူကာ၊ ထုတ်ရှာပဓာန။

တောင်ပံဖြန့်ဝပ်၊ အပူဓာတ်၊ ပေးလတ်ကြက်နံ့မျှ။

ခြေလက်သည်းချွန်၊ ပါးဥခွန်၊ ရေမြန်ခန်းခြောက်ပ။

ကတော်-ကတော်၊ တောင်းဆုအော်၊ ဘယ်သော်လိုမရ။

တောင်း၍ယူချင်၊ ဒုက္ခပင်၊ ပွားလျှင်နိရောဓ။

ဥပမေယျ

ခန္ဓာငါးပါး၊ တစ်ပါးပါး၊ စိုက်ထားရှုကြည့်က။

အဝိဇ္ဇာဥခွံ၊ ပါးလှပ်ပြန်၊ တဏှံစေးခြောက်ရ။

ဉာဏ်ခြေလက်သည်း၊ ထက်မြက်ကဲ၊ ဖောက်ခွဲဉာဏိက။

ကျက်ရန်

ခန္ဓာအရှိ၊ သတိကပ်ထား၊ လုံ့လအားပြု၊ ဉာဏ်ဖြင့်ရှု၊ ရမှုနိရောဓ။

သတိချပ်။

လက်ရိုက်ရိုးတွင်၊ လက်ရာထင်၊ နှိုင်းယှဉ်ပမာသင့်။

အားထုတ်ကြိုးစား၊ ဇွဲဉာဏ်အား၊ ရငြား လျှင်နှေးသင့်။

အမျှအတန်း၊ ပေးဝေမှန်း၊ စခန်းပြိတ္တာပွင့်။

သာဓုတန်းက၊ တဆုပ်မျှ၊ ရကြကျိုးမဖွင့်။

သာဓုကုသိုလ်၊ မျှကုသိုလ်၊ လူလိုဘယ်မသင့်။

ကိုယ့်ကိုယ်ကိုယ်သာ၊ ကိုးစားရာ၊ သူ့ဟာမမျှော်သင့်။

တရားသား။

ဘယ်လောက်ကြာမှ မဂ်ကိုရပါမလဲ

ဒီကနေ့ တို့ဒကာတွေ မေးတယ်ဆိုပါတော့။ ‘တပည့်တော်တို့ တရားအားထုတ်လို့ ဘယ်လောက်ကြာမှ မဂ်ကိုရပါမလဲ’လို့။ ဘယ်လောက်ကြာအောင် အားထုတ်ရမှာလဲလို့ မေးတယ်ဆိုရင် ဒကာတို့ရဲ့ ကိလေသာထုက နည်းရင်ပါးရင်ဖြင့် မြန်မြန်နဲ့ ရကြမယ်။ ကိလေသာထုက ထူရင်ဖြင့် ကြာမယ်၊ နှေးမယ်လို့ မှတ်ကြ။

‘သံယုတ်ပါဠိတော် ဝါသိဇဋသုတ်’မှာ ဘုရားဟောတော်မူတဲ့ လက်ရိုက် ဥပမာကဲ့သို့ မှတ်ရမယ်။ လက်ရိုက် ရိုက်တော့ လက်ကိုင်တဲ့နေရာမှာ လက်ရာထင်တယ်။ လက်က လက်ရိုက်ရိုးကို တဖြည်းဖြည်း စားစားသွားလို့ ရိုက်ပါ များတော့ လက်ရာခွက်နေအောင် ထင်တာပေါ့။ ဒီလိုအတိုင်းသာ ဆက်ပြီးရိုက်သွားခဲ့ရင် အဲဒီအရိုးဟာ တစ်ချိန်တော့ ကုန်သွားမှာပဲ။

ဘယ်နေ့ ဘယ်လောက်ကုန်တယ်လို့တော့ တိုင်းတာလို့မရလို့ မသိနိုင်ဘူး။ ဒါပေမဲ့ တစ်နေ့ကုန်မှာကတော့ သေချာတယ်။ အဲဒါ လက်ရိုက်ကိုကြည့်ရင် ထင်ရှားပါတယ်။ ဒီဥပမာအတိုင်းပါပဲ။ တရားအားထုတ်တဲ့ ယောဂီဟာ လည်း အားထုတ်တဲ့အခါ သူ့သမာဓိ၊ ပညာ၊ လုံ့လ၊ ဝီရိယအားလျော်စွာ အနှေးနဲ့အမြန် အဝိဇ္ဇာက ပါးလာမယ်။ တဏှာကလည်း တစ်စထက်တစ်စ ခန်းခြောက်လာမယ်။

အဝိဇ္ဇာပါးလို့ တဏှာခန်းခြောက်သလောက် ဉာဏ်စွမ်းကလည်း ထက်မြက်လာတော့တယ်။ ဘာလို့လဲဆိုတော့ ‘ပွားများမှုများလို့ပဲ’လို့ မှတ်ကြ။ ဒီလိုပွားများမှုများရင် မကြာခင်အာသဝေါလည်း ကုန်မယ်၊ ဉာဏ်စွမ်းထက်ရင် ထက်သလောက် ခရီးပေါက်မယ်လို့မှတ်။ ဒါ ဘုရားက တိုက်ရိုက် ကိုယ်တော်တိုင် ဟောတော်မူခဲ့တာပဲ။

ဘုရားက ‘ပွားကြဟဲ့-ပွားကြဟဲ့’လို့ ဟောတာ။ တို့ဒကာတွေကဖြင့် ‘တောင်းလိုက်ကြတာ’ လွန်ပါရောပဲ။ လက်ရိုက်ပုံပမာဆိုတော့ ပါရမီချဖို့ မရှိတော့ဘူး။ ဒီကရှေ့ အတောင်းလည်း လျှော့ကြ ပါရမီလည်း မချနဲ့တော့။ ‘လုပ်မှရမယ်’ဆိုတာ ဆုံးဖြတ်ချက်ချ၊ လက္ခဏာသုံးပါး တစ်ပါးပါးမြင်ရင် ပြီးပါတယ်။ ဘယ်သင်းရှုဦးမယ် ဘယ်ဟာ ကျန်သေးတယ်လို့ မရှိပါဘူး။

လက္ခဏာမြင်လေ အဝိဇ္ဇာဥခွံပါးလေ

အနိစ္စ စတဲ့ လက္ခဏာတစ်ခုခုကိုသာ မြင်အောင်ကြည့်။ လက္ခဏာမြင်လေ အဝိဇ္ဇာဥခွံပါးလေပဲလို့မှတ်။ လက္ခဏာရေးသုံးပါး တစ်ပါးပါးထင်ရင် ကျန်တဲ့နှစ်ပါး အကျုံးဝင်တယ်။ ခန္ဓာငါးပါးမှာလည်း တစ်ပါးပါးကို စွဲမြဲပြီး ရှုပွားရမယ်။ တစ်ပါးကိုပွားရင် ကျန်လေးပါး သီးခြားရှုဖို့ မလိုတော့ဘူး။ အလိုလို ကိစ္စပြီးလာမယ်။ ဒီလိုရှုပွားရင် အဝိဇ္ဇာဥခွံပါးမယ်။ တဏှာအစေးလည်း ခန်းခြောက်မယ်။ ဉာဏ်ခြေသည်း လက်သည်းများလည်း ထက်မြက်လာမယ်။ ဒီအကျိုးသုံးချက် တစ်ပြိုင်နက် ကိစ္စပြီးစီးမယ်။

ပွားများတဲ့ကိစ္စဟာ ‘ဘာဝေတဗ္ဗကိစ္စ၊ မဂ်ကိစ္စ’လို့မှတ်။ ဒီတော့ ပွားများယူမှရမယ်ဆိုတာ ရှင်းပလား?။ ဘုရားက ‘ငါလည်း ပွားယူလို့ရတာ ပွားမယူရင် မရဘူး။ မင်းတို့လည်း ပွားများယူကြ။ တောင်းယူလို့မရဘူး’လို့ သံယုတ်ပါဠိတော်မှာ အသေအချာ ဟောထားတယ်။ ဒါဖြင့် ဒကာတို့တတွေ အခုအခါမှာ လမ်းစတော့တွေ့ပြီ၊ လမ်းစ ကိုတွေ့နေရင် ဆုံးအောင်လိုက်ဖို့ဟာ ကိုယ့်တာဝန်ပဲ ရှိတော့တယ်။

ဒကာတို့တစ်တွေ ရှေးက လမ်းမှားလိုက်မိလို့ ဒုက္ခစက်ထဲ လည်နေကြရတာ။ အခုသိရင် ပြင်ကြဖို့ပဲ။ ရှေးက မှားခဲ့ပုံတွေသိရရင် အကုန်ဖျောက်ကြပေါ့။ ဒကာတို့တစ်တွေက ၃၁ ဘုံလမ်းသာ လည်နေကြတယ်။ တောင်းလို့ရတာ ဟာ ၃၁ ဘုံမှာရှိတဲ့ဟာမို့သာ ရတာ။ ၃၁ ဘုံမှာ တောင်းလို့ရသမျှ အသေတွေပဲ ရကြမှာ။ အသေကလွဲရင် ဘာမှ ရဖို့ မမြင်ပါဘူး။

တောင်းလမ်းက ဒုက္ခသစ္စာ

ဒါကြောင့် တောင်းရင် ဒုက္ခသစ္စာရမယ်။ ပွားယူရင် နိရောဓသစ္စာ ရကြမယ်။ ‘တောင်းလမ်းက ဒုက္ခသစ္စာ၊ ပွားလမ်းက နိရောဓသစ္စာ’ပဲလို့ မှတ်ကြ။ ဒီကနေ့ကစပြီး နှစ်လမ်းမလိုက်ကြနဲ့ တစ်လမ်းလိုက်ကြ။ တစ်လမ်းက ပွား လမ်းလို့မှတ်။ ဒကာတို့က တစ်ဆင့်ကြားဆိုတဲ့ (အနုဿဝ)မှာ လမ်းဆုံးနေကြတာ။ တောင်းလို့ရတာ ‘အသေ’ပွားလို့ ရတာ ‘နိဗ္ဗာန်’ စွဲစွဲမြဲမြဲမှတ်။

အခုပြောတဲ့စကားမျိုး၊ တရားမျိုး ရှေးက ကြားနာရဖို့ မလွယ်ဘူး။ အခုမှ ကံထိုက်လို့သာ နာကြရတာ။ ပေါ့ ပေါ့တန်တန် မနာကြနဲ့ လေးလေးစားစား နာယူကြ။ ဟောတဲ့ပုဂ္ဂိုလ်ကလည်း ဟောနိုင်လို့။ ဒကာတို့ကလည်း ထောင် နိုင်တဲ့နားရှိလို့ အခွင့်ကြုံကြရတာ။ ထောင်နိုင်တဲ့နားရှိဖို့ကိုလည်း မလွယ်ဘူး။ ကျွတ်ထိုက်တဲ့လူမှလည်း ထောင်နိုင်တဲ့ နားပါကြတာ ကြိုးစားကြ။

တရားအားထုတ်တဲ့သူဟာ ကြက်ဥပမာစံထားပြီး ကြိုးစားရမယ်။ ကြက်မဥပမာယူပြီး အားထုတ်ရမယ်လို့ ဘုရား ဟောတော်မူတယ်။ ဘယ်လိုလဲဆိုတော့ ကြက်မဟာ အဥတွေဥပြီး ကြက်ထုံးစံ၊ ကြက်အလုပ်မလုပ်ဘဲ ‘ဥခွံတွေ ပါးပါစေ၊ အရေတွေ ခန်းခြောက်ပါစေ၊ ကြက်သားငယ်လေးတွေ ခြေသည်း၊ လက်သည်းများ ထက်ပါစေ’ဆိုပြီး အနီး အပါးက ဆုတောင်းနေခဲ့ရင် ကြက်ကောင်ကလေးတွေ ပေါက်နိုင်ပမလား?။ မပေါက်ပါဘူး အဥတွေဟာ ပုပ်သွားကြ မှာပါပဲ။

အလုပ်သုံးလုပ်ဆိုတာ

သူ့ထုံးစံ ကြက်အလုပ်မလုပ်ရင် မရဘူး။ အနားကနေ ဆုတောင်းနေတဲ့အလုပ်ဟာ သူ့အလုပ်မဟုတ်ဘူး။ ကြက်ထုံးစံအလုပ် မဟုတ်ဘူး။ ဒါကြောင့် မရနိုင်တာပဲ။ ကြက်ထုံးစံက ကြက်ဥတွေ ဥပြီးရင် အလုပ်သုံးလုပ် လုပ်ပေး ရတဲ့ထုံးစံရှိတယ်။ အလုပ်သုံးလုပ်ဆိုတာက (၁) အတောင်ဖြန့်ပြီး ဝပ်ပေးရမယ်၊ (၂) အပူဓာတ် ကိုယ်ငွေ့ကိုလည်း ပေးရမယ်၊ (၃) ကြက်တို့ရဲ့ သဘာဝရနံ့ကိုလည်း ပေးရမယ်။ အဲဒီသုံးခုပါပဲ။

ကြက်ဥပေါက်စေချင်ရင် ဒီအလုပ်သုံးလုပ်ကို လုပ်ပေးရမယ်။ ဒီလိုလုပ်ပေးမှ အမိရဲ့သတ္တိကြောင့် ကြက်ကောင် ဖြစ်လာရတာ။ ဒီကြက်ထုံးစံ အလုပ်သုံးလုပ် လုပ်ပေးမှသာ ကြက်သားငယ်လေးတွေ ပေါက်ဖွားလာရမှာ။ အတောင် ဖြန့်ဝပ် အပူဓာတ်ပေးရတာ အထဲက အရေခန်းအောင် ခြောက်အောင်လို့ပဲ။ ပူမှ အရေတွေက ခန်းခြောက်မယ်။ ခန်းခြောက်မှ ကြက်ကောင်ကလေးတွေ ရင့်လာမယ်။ အရေခန်းပြီး ကြက်ကောင်ကလေးတွေရင့်တော့ ဥခွံကလည်း ပါးသွား၊ ခြေသည်းလက်သည်းတွေကလည်း ထက်မြက်လာမယ်တဲ့။

ဒီအခါမှာမှ ကြက်ကောင်ကလေးဟာ မိုက်မှောင်ကျဉ်းကျပ် အနေရကပ်တဲ့ ဥခွံထဲမှာ မနေလိုတော့ဘဲ သူ့ ခြေသည်းလက်သည်းကလေးတွေနဲ့ အားထုတ်ပြီး ရုန်းကန်လိုက်တော့ ဥခွံဟာ ပါးနေတာမို့ ဖျတ်ခနဲ ကွဲထွက်သွား တော့တယ်။ ဒီတော့မှ ကြက်ကလေးလည်း ‘အင်း အခုမှပဲ လွတ်လပ်ချမ်းသာခြင်းနဲ့ အလင်းရောင်ကို ရပေပြီ’လို့ ဝမ်းမြောက်လို့မဆုံးနိုင်အောင် ချမ်းသာမှု ရသွားတော့တယ်တဲ့။

ဒီဥပမာကဲ့သို့ တရားအားထုတ်တဲ့ ယောဂီဟာ အလုပ်သုံးလုပ် လုပ်ရမယ်။

(၁) မိမိခန္ဓာမှာ ‘သတိ’ကို ကပ်ထားရမယ်။

(၂) ကိလေသာကို ပူပန်စေတဲ့ ‘အာတပဝီရိယ’ စိုက်ထုတ်ရမယ်။

(၃) ခန္ဓာမှာ ဖြစ်ပျက်တဲ့ ရုပ်၊ နာမ်ကို ဖြစ်တာလည်း သိအောင် ပျက်တာလည်း သိအောင် ဖြစ်ပျက်အစဉ် မှာ ‘ဉာဏ်’နဲ့ စူးစိုက်ပြီး ရှုမှတ်ရမယ်။

ဒီအလုပ်သုံးလုပ်ကိုလုပ်ရင် မကြာခင် =မဂ်ဖိုလ်+ကို ရရမယ် သဘောပါပလား?။ ဒီသုံးချက်ကို လွယ်လွယ် မှတ်ဖို့ ဆောင်ပုဒ်ကျက်ထားကြ။

”ခန္ဓာအရှိ၊ သတိကပ်ထား၊ လုံ့လအားပြု၊ ဉာဏ်ဖြင့်ရှု၊ ရမှုမဂ်ဖိုလ်သာ။”

ဒီအတိုင်းသာ သုံးလုပ်ညီအောင် ကြိုးစားရင် မကြာလှပါဘူး။ ၇ ရက်နဲ့တောင် မဂ်ဖိုလ်ရနိုင်ပါတယ်တဲ့။ ဒါ သံယုတ်ပါဠိတော်မှာဟောတဲ့ ဘုရားစကားတော်လို့ မှတ်ကြ၊ ရှင်းကြပလား။

တို့ဒကာတွေ ဆုတောင်းမနေကြနဲ့တော့။ ကိုယ်က အလုပ်မလုပ်ဘဲ ဆုသာတောင်းနေကြရင် မဂ်ဖိုလ်မရဘဲ ခန္ဓာကြီးသာ ပုပ်သွားရမှာပါပဲ။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြရမယ်။ ‘ကတော်-ကတော်’နဲ့ လုပ်မနေကြ နဲ့။ ကြက်မကြီး အော်နေရုံနဲ့ ဘာမှမဖြစ်ဘူး၊ ဖြစ်မှာကတော့ ဥတွေပုပ်ဖို့ပဲရှိတယ်။ ဒကာတို့တတွေလည်း ကတော် နေကြဦးမယ်ဆိုရင် ခန္ဓာဥခွံပုပ်ဖို့က လက်စတုံးမှာ မဟုတ်ကြဘူး။

ဝိပါက ဝဋ်ကောင်ကြီးကို ရထားကြတာ

ဒကာတို့မှာက ဝိပါက ဝဋ်ကောင်ကြီးကို ရထားကြတာ။ ‘လူ့ဘဝကို ရပါလို၏’ဆိုပြီး ကိလေသာနဲ့ ဆုတောင်း ယူကြ။ လူ့ဘဝလိုချင်လို့ ဒါန၊ သီလ စတဲ့ ကမ္မဝဋ်တွေ ပြုကြရ။ ဒီတော့ ကိလေသာကြောင့် ကံတွေဖြစ်လာ။ ဒီကံ ကြောင့်ပဲ ဒီလူကောင် ဝိပါက ဝဋ်တုံးကြီးကို ကိုယ်ပိုင်ရလာကြတယ်။ ဒီဝဋ်ထက်ကြီးတဲ့ ဝဋ်ဖြင့် မရှိတော့ဘူး။ ခွဲလို့ မရ ခွါလို့မရနဲ့ အစဉ်တစိုက်သာ ပါနေတော့တာပဲ။

ဒီလို ထက်ချပ်မကွာ ခွါမရ ခွဲမရရှိနေတော့ ဒီဥခွံထဲမှာပဲ နေနေကြရတာပေါ့။ ဒကာတို့ကို ခန္ဓာဥခွံက အုပ်နေတာ။ ဒီအုပ်နေတဲ့ဥခွံကို ကွာစေချင်ရင် ဘာလုပ်ကြရမလဲ? အလုပ်သုံးလုပ် လုပ်ကြရမယ်။ ခန္ဓာပြင်ဘက် ထွက်ရအောင် ကြိုးစားမှဖြစ်မယ်။ အလုပ်သုံးလုပ်လုပ်ရင် ခန္ဓာဝဋ်က ကျွတ်မယ်။ ခန္ဓာဝဋ်က ကျွတ်လွတ်ပြီး ခန္ဓာ ဥခွံကို ထားပစ်ခဲ့တာဟာ နိဗ္ဗာန်ပါပဲ။ ကိုင်း-ရှင်းကြပလား?။

ဥခွံထဲက မထွက်ရခင် ပုပ်သွားရင်ဖြင့် အပါယ်လေးပါး သွားရဖို့ပဲရှိတယ်။ ကြက်ဖြစ်မလို့ လာခဲ့တာဟာ ကြက်ကောင်မဖြစ်လိုက်ရဘူး။ အဲဒါလိုပဲ လူဖြစ်မလို့လာတာ လူမဖြစ်လိုက်ရ။ နတ်ဖြစ်မလို့လာတာ နတ်မဖြစ်လိုက်ရ ဘူး ဆိုရမယ်။ လူဖြစ်၊ နတ်ဖြစ်မလို့လာတာ လူ၊ နတ် မဖြစ်လိုက်ရဘဲ ကလလရေကြည်ဘဝနဲ့ပဲ အနိစ္စရောက်သွား ရတယ်။ အဲဒီလိုအဖြစ်ဆိုးတွေဟာ ဘယ်လောက်များတယ်လို့ကို မရေမတွက်နိုင်ဘူး။

ပြိတ္တာဘဝများရောက် သွားရင်

လူကောင်၊ နတ်ကောင်ဖြစ်လာပေမယ့်လည်း အဝိဇ္ဇာဥခွံမကွာရင် လူစင်စစ်၊ နတ်စင်စစ်ဖြစ်တယ်လို့ မဆိုရ ဘူး။ ဥခွံထဲမှာပဲနေပြီး ဥခွံထဲမှာပဲ သေရတာဖြစ်လေတော့ အပါယ်ကျဖို့မှတစ်ပါး တခြားမရှိပါဘူး။ ဒီလိုမရှိလို့လည်း သေလွန်တဲ့အခါမှာ နောက်ကျန်တဲ့လူတွေက အမျှအတန်းပေးဝေကြရတယ်။ စိတ်ကူးကတော့ ပြိတ္တာဘဝများရောက် သွားရင်ဖြင့် အငတ်ပြဿနာ ဖြေရှင်းနိုင်မလားလို့ ခဲယဉ်းပါတယ် အမျှပေးလို့ ရနိုင်တယ်ဆိုတဲ့ အဖြစ်မျိုးဟာ မလွယ် လှဘူး။

သူပြုခဲ့သမျှနဲ့ သူ့ဖြစ်ရာဘဝမှာ ခံရစံရဖို့သာရှိတယ်။ အမျှဆိုတာ ‘ဆယ်ရေးတရေး-ကိုးရေးတရာ’ရဖို့ရာ အလွန်ဝေးပါတယ်။ ဒီတော့ ‘အမျှကို အားကိုးမနေကြပါနဲ့’လို့ ပြောလိုက်ပါတယ်။ အမျှပေးတဲ့စနစ်ဟာ ပြိတ္တာစခန်း ဖွင့်နေတာပဲ။ ဘာလို့ ပြိတ္တာစခန်းဖွင့်နေတုန်းဆိုတော့ အမျှနဲ့ပဲ ကျေနပ်ကြလို့ပေါ့။

နိဗ္ဗာန်လမ်းဆိုတာ

သုံးဆယ့်တစ်ဘုံကုသိုလ်သာ အမျှပေးလို့ ရချင်ရမှာ နိဗ္ဗာန်မရဘူး။ နိဗ္ဗာန်စခန်း၊ နိဗ္ဗာန်လမ်းဆိုတာ ဝိပဿနာ စခန်း ဝိပဿနာလမ်း အမျှစခန်းမဟုတ်ဘူး။ လုပ်မှရမှာဆိုတာ တထစ်ချမှတ်။ အမျှကြိုက်ရင် ပြိတ္တာစခန်းဖွင့်တာ ပဲ။ ‘ကျုပ်အတွက် စိတ်မချရဘူး ကျုပ်ရောက်ရာဘဝ အမျှဝေကြပါလို့’ မဆိုပေမယ့် ဆိုသလိုပါပဲ။ ‘ကျုပ်ဟာကျုပ်တော့ ဘယ်နည်းနဲ့မှ စိတ်ချစရာမရှိဘူး။ နည်းနည်းမှ သက်သာသက်သာ အမျှအတန်းကလေးများတော့ ဝေဖြစ်အောင် ဝေလိုက်ပါနော်’လို့ မျက်နှာငယ်လေးနှင့် မှာခဲ့ရတဲ့အဖြစ်မျိုး မဖြစ်ကြစေနဲ့။

အင်း… ‘ကျုပ်တို့လည်း စိတ်ကူးထားပါတယ်၊ အားထုတ်ရဦးမယ်၊ စေတနာရှိပါတယ်၊ ကိစ္စကလေးတွေက တန်းလန်းနဲ့မို့ အခုတော့ မသွားဖြစ်သေးဘူး၊ စိတ်ကူးရွယ်စူးထားပါတယ်’နဲ့ ကြားရတဲ့လူတွေက ‘အင်း သာဓု သာဓု၊ ကောင်းပ ကောင်းပ’နဲ့ ဝိုင်းမြှောက်လိုက်ကြတယ်။

ဒီတော့ အကျေနပ်ကြီး ကျေနပ်လို့ ‘တယ်ဟုတ်တဲ့ ငါပါလား’ အောက်မေ့နေကြတယ်။ နောက်ပြီးတော့ ရှိသေးတယ်။ သူတကာတွေ တရားကျောင်းက ပြန်လာပလားဆိုရင် ‘အင်း ကောင်းပ ကောင်းပ၊ သာဓုဗျာ သာဓု ဝမ်းသာပါတယ် ခင်ဗျားတို့က ပါရမီရှိပေသကိုး။ ကုသိုလ်ကောင်းပေသကိုး။ သာဓု သာဓု’လို့ ဆီးပြီး ခေါ်တတ်ကြတယ်။

အဲဒီလို သာဓုလောက်နဲ့ နေနေကြလို့မဖြစ်ဘူး။ သာဓုတန်းက နိဗ္ဗာန်မရဘူး။ ဒီကရှေ့ သာဓုတန်းက မနေ ကြနဲ့ ‘ကိုယ်တိုင်လုပ်ကြပါ’လို့ တိုက်တွန်းလိုက်ပါတယ်။ သာဓုကုသိုလ် အမျှကုသိုလ်တို့နဲ့ လောကီကုသိုလ်လောက်သာ ဖြစ်တယ်။ နိဗ္ဗာန်ကို မရနိုင်ပါဘူး။ သူတစ်ပါးအားကိုးနေရင် ကိုယ်ကျိုးနည်းမယ်မှတ်ကြ။

ကိုယ့်ကိုယ်ကိုယ် အားကိုးကြ

+++ “အတ္တာဟိ အတ္တနော နာထော ကောဟိ နာထော ပရောသိယာ”။

ဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် အားကိုးကြ။ သူများအားကိုးစရာ မရှိဘူး။ သူများပေးတဲ့ အမျှလောက်၊ သူများခေါ်ရတဲ့ သာဓုလောက်နဲ့ဖြင့် ဒုက္ခရောက်ဖို့က များတယ်။ သဘောပါကြပလား?။

ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် အားကိုးရအောင် စိတ်ချရအောင် ဘာလုပ်ရမလဲ? တရားအားထုတ်ရမယ်။ တရား အားထုတ်တော့လည်း ပြင်ပ ဗဟိဒ္ဓကို ဂရုမစိုက်ရဘူး။ ပြင်ပခန္ဓာကို ရှုနေရင်ဖြင့် ခရီးမရောက်နိုင်ဘူး။ ‘တရားရှာ ကိုယ်မှာတွေ့’ဆိုတဲ့အတိုင်း မိမိခန္ဓာမှာ မိမိကိုယ်မှာ ရှာရမှာ။ ကြက်မဝပ်တဲ့ဥပမာလို မိမိခန္ဓာမှာ ဝပ်ရမှာ တခြားမှာ ဝပ်လို့မရဘူး။ တရားရှုတာ မိမိခန္ဓာမှသာ ရှုကြရမှာ။ ဒါကို မြဲမြဲစွဲစွဲ မှတ်ထားကြ။

မိမိခန္ဓာမရှုဘဲ ပြင်ပခန္ဓာ၊ သူတစ်ပါးခန္ဓာ ရှုမိတော့ ဘာဖြစ်တတ်သလဲ?။ ဘယ်လိုအဖြစ်မျိုးတွေ ဖြစ်လာ တတ်သလဲ?။ နှိုင်းယှဉ်ဖို့ ဥပမာဆိုရင် ယသောဓရာနဲ့ ဒေဝဒတ်တို့ကိုကြည့်ရင် သိနိုင်တယ်။

ယသောဓရာနဲ့ ဒေဝဒတ်တို့ဟာ တအူထုံဆင်းလာတဲ့ မောင်နှမအရင်းခေါက်ခေါက် ဖြစ်ကြပေမယ့်လည်း အကြည့်ချင်းက ကွာခြားတော့ တစ်လမ်းစီ သွားကြရတယ်။ ယသောဓရာက ‘နိဗ္ဗာန်’ အထက်လမ်း အမြတ်လမ်း၊ ဒေဝဒတ်ကတော့ ‘အဝီစိ’ဆိုတဲ့ အောက်လမ်း အယုတ်တမာတို့ သွားရာလမ်းကို သွားရတယ်။

သူတို့နှစ်ဦးဟာ မောင်နှမအရင်းဖြစ်ရက်နဲ့ ဘာကြောင့်များ တခြားစီ၊ တစ်လမ်းစီ သွားကြရသလဲ?။ အဲဒါ အကြည့်ချင်း၊ အမြင်ချင်း မတူကြလို့ပဲ ဒေဝဒတ်က မိမိခန္ဓာမကြည့်မိဘဲ ဗဟိဒ္ဓ ပြင်ပခန္ဓာကို ကြည့်မိလို့။ ယသော ဒရာကတော့ ပြင်ပခန္ဓာ ဂရုမစိုက်ဘဲ မိမိခန္ဓာမှာသာ စူးစိုက်ပြီး ကြည့်ခဲ့ရှုခဲ့လို့ အာသဝေါကင်းကွာတဲ့ ရဟန္တထေရီ ဖြစ်ပြီး ‘ဒုက္ခခပ်သိမ်း ကင်းငြိမ်း’သွားရတယ်။ ဒီတော့ ‘ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်းကိုယ်သွား’ကြရတယ်လို့ ဆိုနိုင်တော့တယ်။ ရှင်းကြပလား?။

ကိုင်း… ဒီနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

*********