အာသဝချုပ်ကြောင်း အကျင့်ကောင်း တရားတော်
အာသဝ ငါးချက်
(၁) အာသဝတရား၊ ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ။
ဆောင်ပုဒ်-
အဝိဇ္ဇာက၊ အာသဝ၊ ဖြစ်ထ, ကြောင်းကျိုးဆက်။
ပုညာ ပုည၊ ပြုလုပ်ကြ၊ ကျိုးရ သုံးတစ်စက်။
အပါယ်လူနတ်၊ ဗြဟ္မာရပ်၊ ပို့တတ် သူ့လက်ချက်။
အထက်ကန်ချ၊ အောက်ကန်ချ၊ အာသဝ ပြစ်ဒဏ်နှက်။
လက်ရှိအနာ၊ မပျောက်ရာ၊ နောက်နာရှာချင်လျက်။
ခုရေးနောင်ရာ၊ ကျိုးကြောင်းမှာ၊ မှန်စွာ မသိတွက်။
အရူးအကန်း၊ လူအနှမ်း၊ သော့သွမ်းဆိုမည်ရှက်။
သတိချပ်-
သူ့များသန္တာန်၊ ကဲခတ်ရန်၊ အမှန်ခက်ခဲရှိ။
ကိုယ့်ကိုယ်ကိုယ်ပ၊ ကဲခတ်ရ၊ မုချလွယ်ကူ၏။
ခက်ခဲပယ်ထုတ်၊ လွယ်ကူလုပ်၊ အဟုတ် ကျိုးများဘိ။
မိမိခန္ဓာ၊ အဇ္ဈတ်မှာ၊ ခတ်ကာ ဖြစ်ပျက်သိ။
တစ်စိတ်နောက်တွင်၊ နှစ်ဉာဏ်ဝင်၊ မြန်ပင် နိဗ္ဗေဒိ။
နိဗ္ဗိန္ဒကြာ၊ ဝိရဇ္ဇာ၊ ဉာဏာ ဝိမုတ္တိ။
တရားသား။
ဒီကနေ့ ပဉ္စင်္ဂုတ္တရပါဠိတော်မှာလာတဲ့ အာသဝနဲ့ ပတ်သက်တဲ့တရားကို ဟောရမယ်။ ဒီအာသဝ အကြောင်းနဲ့ စပ်ဆိုင်တဲ့ အချက်ငါးချက်နဲ့ ရှင်းပြရလိမ့်မယ်။ ဒီအချက်ငါးချက်ကို ပထမမှတ်ထားကြ။ ဒီအချက်ငါးချက် က ၁။ အာသဝတရား ၂။ အာသဝရဲ့ဖြစ်ကြောင်း ၃။ အာသဝရဲ့ ထူးခြားချက် ၄။ အာသဝရဲ့ အကျိုးပေးပုံ ၅။ အာသဝရဲ့ ချုပ်ရာချုပ်ကြောင်း အကျင့်ကောင်း ဒီငါးချက်ကို သိကြရမယ်။ အာသဝရဲ့ ချုပ်ရာရောက်ဖို့ရာ ဆုတောင်း လို့ရမလား? ဘယ်လိုလုပ်မှ ရနိုင်မလဲ? ဒီနေ့ ဒီဟာတွေကို သိကြရမယ်။
(၁) #အာသဝတရား။ အာသဝတရားက သုံးပါးရှိတယ်။ သတ္တဝါတွေကို သံသရာမှာ အူချာလည်အောင် လုပ်နေတာ သူ့လက်ချက်ပဲ။ အဲဒီသုံးပါးဆိုတာက…
(၁) သားသမီးနဲ့ ပစ္စည်းကို ခင်မင်တာဟာ ကာမာသဝ။
(၂) ဘုံဘဝကို ခင်တွယ်တာဟာ ဘဝါသဝ။
(၃) သစ္စာလေးပါးကို မသိမမြင်တတ်တာ အဝိဇ္ဇာသဝ။
‘အာသဝတရား သုံးပါး’ဆိုတဲ့စကားဟာ ပဉ္စင်္ဂုတ္ထိုရ်ပါဠိတော်မှာလာတဲ့ စကားလို့ မှတ်ကြ။
(၂) #အာသဝရဲ့ဖြစ်ကြောင်း။ အာသဝရဲ့ ဖြစ်ကြောင်းတရားဟာ ‘အဝိဇ္ဇာ’ပဲ။ အာသဝဖြစ်ရတာ အဝိဇ္ဇာ ကြောင့်ဖြစ်ရတာ။ စင်စစ်တော့ ‘အဝိဇ္ဇာ’နဲ့ ‘အာသဝ’ဆိုတာ အချင်းချင်း အကြောင်းအဖြစ်၊ အကျိုးအဖြစ်အနေနဲ့ ဆက်စပ်ပြီးနေတာပဲ။ အဝိဇ္ဇာရဲ့ အကြောင်းဟာလည်း အာသဝပါပဲ။ ဒါကြောင့် သံယုတ်ပါဠိတော်မှာ ‘အာသဝ သမုဒယာ အဝိဇ္ဇာ သမုဒယော’လို့ ဟောတော်မူတာပဲ။
ဒီတော့ လိုရင်းက… (က) အဝိဇ္ဇာကြောင့် (ခ) အဝိဇ္ဇာဖြစ်ရတယ်လို့သာ မှတ်ထားကြ။ အာသဝဆိုတာ မှာလည်း ‘အဝိဇ္ဇာသဝ’ဆိုတာ ပါနေတာကိုး။ ဒါကြောင့် ပထမ ‘အဝိဇ္ဇာအကြောင်း’ကြောင့် ဒုတိယအကျိုး ‘အဝိဇ္ဇာ’ ဖြစ်တယ်လို့မှတ်။ အဲဒီတော့ အာသဝရဲ့ဖြစ်ကြောင်းဟာ ‘အဝိဇ္ဇာ’လို့ ဆိုရတော့တယ်။
(၃) #အာသဝရဲ့ ထူးခြားချက်။ ထူးခြားပုံက ဘာလဲဆိုတော့ အာသဝက ‘မင်း… အပါယ်ရောက်စေ၊ မင်း… လူ့ပြည်ရောက်စေ၊ မင်း နတ်ပြည်ရောက်စေ’နဲ့ အမိန့်ချတတ်တယ်။ အပါယ်ပို့တတ်တဲ့ အာသဝ၊ လူ့ပြည် ပို့တတ်တဲ့ အာသဝ၊ နတ်ပြည်ပို့တတ်တဲ့ အာသဝ၊ အဲဒီလို အာသဝ တစ်မျိုးထဲကပေမယ့် ထူးခြားချက် တန်ခိုးသတ္တိ ရှိတယ်။
(၄) #အာသဝရဲ့ အကျိုးပေး။ အကျိုးပေးပုံက အာသဝကို မပယ်ရသေးရင် ပုညလည်း လုပ်ဖြစ်တယ်။ အပုညလည်း လုပ်ဖြစ်တယ်။ အာသဝကြောင့် ကုသိုလ်လည်းပြုတယ်၊ အကုသိုလည်းပြုတယ်လို့ ဆိုလိုတယ်။
အာသဝရှိတော့ အာသဝကြောင့် အကုသိုလ်လုပ်တော့ အကုသိုလ်ဆိုင်ရာ မကောင်းကျိုးကို ရမယ်။ ကုသိုလ် ပြုတော့လည်း သူ့ဆိုင်ရာအကျိုး ၃၁ ဘုံ ဒုက္ခမျိုးသာရမှာပဲ။ ဒီတော့ အာသဝကြောင့် ဖြစ်ရမယ့် ကုသိုလ်မျိုးကို ကြောက်ကြရမယ်။ ဒီလိုဆိုတော့ ဘုရားရှင်က ‘ပုညံ ဘိက္ခဝေ မာဘာယိတ္ထ’လို့ ဟောတဲ့စကားနဲ့ ဆန့်ကျင်သလိုဖြစ် နေလို့ ဘုန်းကြီးက ရန်တိုက်တာလား?၊ မေးစရာရှိတယ်၊ ရန်တိုက်တာ မဟုတ်ပါဘူး။
မြတ်စွာဘုရား ဟောတော်မူရင်းက =ဝိဝဋ္ဋ+ ဝဋ်နဲ့ မနွယ်တဲ့ ကုသိုလ်မျိုး၊ ဝဋ်နဲ့ကင်းတဲ့ ကုသိုလ်မျိုးကို ဆိုလို တာလို့ မှတ်ရမယ်။ ဝဋ်နဲ့နွယ်တဲ့ ဝဋ်ကုသိုလ်မျိုးကိုတော့ ကြောက်ရမှာပါပဲ။ ကုသိုလ်ဆိုတိုင်းလည်း အကောင်းချည်း မမှတ်လိုက်ကြပါနဲ့။
သူများပါးစပ်တွင် လမ်းဆုံးနေကြတယ်
တို့ဒကာတွေဟာ သူများပါးစပ်တွင် လမ်းဆုံးနေကြတယ်။ သူများတွေက လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာနဲ့ ပြောတော့ အဟုတ်ကြီးမှတ်ပြီး အဲဒီ လူနတ်ချမ်းသာဆိုတာတွေ တမ်းတပြီး မရရအောင် တောင်းယူကြ တယ်။ ဒါကြောင့် အခု ကိုယ်ပိုင်ရထားကြတာ။ နောက် သူများပါးစပ်တွင် လမ်းဆုံးကြဦးမယ်ဆိုရင် ကိုယ်ကျိုးနည်း တော့မယ်လို့ မှတ်ကြ။
အခု အာသဝကြောင့် ရထားတဲ့ခန္ဓာက သေလိုက်တော့မယ်၊ သေလိုက်တော့မယ်နဲ့ ပြောနေတယ်။ ဒီကြား ထဲက အမောင်ခန္ဓာ ဆိုင်းပါဦး၊ မသေလိုက်ပါနဲ့ဦးဆိုပြီး မနည်းကို ဆေးနဲ့ဝါးနဲ့ တားတားနေရတယ်။ သိရင် တော် လောက်ကြရောပေါ့။ အာသဝကြောင့် နတ်ပြည်ရောက်သွားလိုက်၊ လူဖြစ်လာလိုက်၊ အပါယ်ကျသွားလိုက်၊ အတည် ကျတယ်လို့ မရှိကြဘူး။ အဲဒါအာသဝက အထက်ကန်ချ အောက်ကန်ချနဲ့ လုပ်နေလို့ပဲ။ အာသဝနဲ့ပေါင်းရင် အကန် ခံရမှာ မလွဲဘူး။ နောက်များ အကန်ခံချင်ကြသေးသလား?။ မေးလိုက်ပါတယ်။
ဒကာတို့တစ်တွေဟာ နှုတ်သွားပါပေမယ့်လည်း အလုပ်သွားမပါကြဘူး။ အလုပ်သွားပါမှ အရာရောက်ကြ မှာ။ ဒကာတို့မယ်အာသဝက ကန်ချတဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုတောင်ပဲ အနာရွတ် မပျောက်ကြသေးပါဘူး။ နက်နက်နဲနဲ စဉ်းစားကြ။
ဘုရားက ကုသိုလ်ဆိုတိုင်း မကောင်းဘူးတဲ့။ ကုသိုလ်ဆိုတိုင်း လက်ခံရမယ်လို့လည်း မဟောပါဘူး။ ဒီတော့ ဒီအချိန်ကစပြီး ကုသိုလ်ပြုတတ်အောင် လုပ်ကြ။ ဝဋ္ဋကုသိုလ် မဖြစ်စေနဲ့။ ဝိဝဋ္ဋကုသိုလ်ဖြစ်ဖို့ ကြိုးစားကြ။ ရှင်းပလား?။
နောက်ထပ် တောင်းဦးမယ်ဆိုရင် အကန်ခံချင်သေးလို့ပဲ။ နောက်ထပ် လက်ခံချင်ရင် နောက်ထပ် အနာ ရှာတာလို့မှတ်။ ဒီတော့ အနာရွတ်မပျောက်ခင်က အနာရှာသလိုပါပဲ။ ကလေးများဟာ မိမိမှာ အနာရှိပေမယ့် စိုးရိမ် ရမှန်း ကြောင့်ကြရမှန်း မသိကြဘူး။ အငြိမ်မနေနိုင်ဘဲ ဆော့ပြီးချည်းနေကြတယ်။ ဒီအခါမှာ လူကြီးတွေက ‘ဟဲ့ ကလေး နင့်နှယ်ဟယ် ဆော့လှချည်လား အရင်အနာ မပျောက်သေးခင် နောက်တစ်နာ ထပ်ရချင်လို့လား မိုက်လှ ချည်လား?၊ ပြောမရဆိုမရနဲ့’လို့ ပြောဆိုဆုံးမကြတယ်။ အဲဒါ မုန်းလို့ဆိုသလား? ချစ်ကြင်နာလို့ ဆိုသလား?။
တို့ဒကာတွေ နောက်ထပ်ရှာချင်ရင် နောက် နင့်ထက် မိုက်တာများ ရှိသေးသလား? ဆိုထိုက်မဆိုထိုက်။ အေး ကလေးထက်တော့ မမိုက်ကြစေနဲ့။ ဒကာတို့အနာက ငန်းမန်းတောင် မပျောက်တတ်သေးဘူး။ ဒါနဲ့မှ အနာ ရှာချင်တယ်ဆိုရင်ဖြင့် ပစ္စုပ္ပန်အကျိုးအကြောင်းလည်း အမြင်၊ သံသရာ အကျိုးအပြစ်ကိုလည်း မသိကြလို့ပဲ။ ပစ္စုပ္ပန် သံသရာ နှစ်ခုလုံး မမြင်နိုင်တာဟာ ‘အကန်းမို့သာပဲ’ ဒီလိုမဆိုသင့်ဘူးလား?။ စဉ်းစားကြ။
အကန်းပျောက်အောင် ဆေးသောက်ကြရမယ်
ပစ္စုပ္ပန်သံသရာမှာ နှစ်ဖက်ကန်းပဲလို့ မှတ်ကြ။ ဒါကြောင့် အကန်းပျောက်အောင် ဆေးသောက်ကြရမယ်။ ဆေးက အာသဝချုပ်ကြောင်း အကျင့်ကောင်းကို ပြောတာ။ ဒီအကျင့်ကောင်းကို ကျင့်ခဲ့ရင် အဆင့်အတန်း တက် သလောက် အရူး အကန်း ပျောက်မယ်။ နောက်တစ်ဆင့်တက် ‘နိဗ္ဗာန်’အာသဝကုန်ရာ ချုပ်ဆုံးရာ နိဗ္ဗာန်ရကြမယ်။ နိဗ္ဗာန်ဆိုတာ ကောင်းလိုက်တာ၊ အေးလိုက်တာ၊ မြလိုက်တာ၊ ချမ်းသာလိုက်တာ၊ လောကမှာ နှိုင်းယှဉ်စရာကို မရှိဘူး လို့ မှတ်ကြ။
တို့ဒကာတွေ နိဗ္ဗာန်လိုချင်တယ်ဆိုတာဟာလည်း ပြောသံကြားနဲ့ ကြိုက်နေကြတာပါ။ လူချမ်းသာ နတ်ချမ်းသာ ကြိုက်နေတယ်ဆိုတာလည်း ပြောသံကြားနဲ့ ကြိုက်နေတာပါပဲ။ အကြိုက်မှာ နှစ်မျိုးရှိတယ်။ ပြောသံကြားကြိုက်၊ ကိုယ် တိုင်ကြိုက်လို့ နှစ်မျိုး ဘာကိုပဲဖြစ်ဖြစ် ကိုယ်တိုင်ကြိုက်ဆိုတဲ့ နောက်ကြိုက်ကြိုက်မှ ကောင်းမယ်။ ကိုယ်တိုင်ကြိုက် ဖြစ်မှ ဇွဲနဘဲ လုံ့လဝီရိယဆန္ဒဓာတ် ပြင်းပြင်းနဲ့ အားထုတ်ချင်ကြမယ် ဟုတ်ပါရဲ့လား?။
ဒီတော့ ကိုယ်တိုင်ကြိုက်ဖြစ်အောင် ကြိုးစားကြ။ လက်တွေ့ဖြစ်မှ ကိုယ်တိုင်ကြိုက်ဖြစ်ကြမှာ။ သာဝကမှာ ပါရမီမလိုဘူး။ ပါရမီစကားမပြောကြနဲ့။ နဂိုက ဖျင်းရတဲ့အထဲ ပျင်းတာကလေးကကူပြီး ဒီအလုပ်က ပါရမီရှိမှဖြစ်မှာ။ ကျုပ်တို့က ပါရမီမရှိပါဘူး။ အခုတော့ မလွယ်သေးဘူးနဲ့ ရိုးမယ်ဖွဲ့ ရမယ်ရှာပြီး ပေါက်ကရ ပြောတတ်ဆိုတတ်ကြတယ်။
‘သူများယောင်တိုင်း မယောင်ကြနဲ့’လို့ သတိပေးလိုက်ပါတယ်။ ပေဋကောပဒေသ ပါဠိတော်မှာ အသေအချာ ဟောထားတယ်။ ‘မင်းတို့သာဝကအဖို့အရာမှာ ပါရမီမလိုဘူး’တဲ့။ ဒါကြောင့် ဒီကနေ့ကစပြီး ‘သာဝကမှာ ပါရမီမလို ဘူး’လို့ တစ်ထစ်ချမှတ်ကြ။
(၅) #အာသဝချုပ်ကြောင်း အကျင့်ကောင်း။ အာသဝချုပ်ကြောင်း အကျင့်ကောင်းဆိုတာကတော့ ‘ဝိပဿ နာအကျင့်၊ မဂ္ဂင်အကျင့်’ပါပဲ။ ဝိပဿနာ မဂ္ဂင်အကျင့် ကျင့်ရင် ခန္ဓာဆုံးမယ်။ ခန္ဓာဆုံးတယ်ဆိုတာ နိဗ္ဗာန်မျက်မှောက်ပြု တာကို ပြောတာ။ ခန္ဓာမှ ဆုံးတဲ့နောက် အာသဝလည်း ဆုံးရောပေါ့။ ဒီတော့ အာသဝချုပ်ရာရောက်အောင် အာသဝ ချုပ်ကြောင်းဖြစ်တဲ့ မဂ္ဂင်အကျင့်ကို ကျင့်ကြရမယ်။
ဒါဖြင့် အခု အာသဝချုပ်နည်း ခန္ဓာဆုံးနည်းကို မှတ်ကြရမယ်။ ခန္ဓာဆုံးနည်းက မိမိခန္ဓာမှာ ‘နာမ်နဲ့ရုပ်’သာ ရှိတယ်။ အကျဉ်းချုပ် နာမ်တရားနဲ့ ရုပ်တရားအပြင် ဘာမှမရှိဘူး။ ဒါကိုလည်း သေသေချာချာ ဝိပဿနာဉာဏ်နဲ့ ကြည့်တော့ အနိစ္စကိုပဲ တွေ့ရမယ်။ ဒီနာမ်တရား ရုပ်တရားများ ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို အနိစ္စလို့ပြောတာ။
အဲ နာမ်ကိုကြည့်ကြည့်၊ ရုပ်ကိုကြည့်ကြည့် ကြည့်ချင်တာကို စိုက်ကြည့်။ တစ်ခုတည်းကို မိမိရရကြည့်။ ရုပ် ကြည့်တော့ ရုပ်ဖြစ်ပျက် အနိစ္စ၊ နာမ်ကြည့်တော့ နာမ်ဖြစ်ပျက် အနိစ္စ ဒါပဲတွေ့ရမယ်။ ခန္ဓာမှာ ဖြစ်ပေါ်လာသမျှ တရားအစုဟာ ဖြစ်ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ပြီးပျက်သွားတာတွေချည်း ဉာဏ်မှာတွေ့ရမယ်။ ဒီဟာ တွေ့အောင်၊ မြင်အောင် ဉာဏ်နဲ့စိုက်ပြီး ရှုကြရမယ်၊ သဘောပါကြရဲ့လား?။
ဖြစ်ပျက်အနိစ္စ တစ်ခုတည်းတွေ့ရင် ပြီးတာပါပဲ
ဒီရုပ်၊ နာမ် တစ်ချက်ချက်မှာ ‘ဖြစ်ပျက်အနိစ္စ တစ်ခုတည်းတွေ့ရင် ပြီးတာပါပဲ’။ ဒီတွေ့လာတဲ့ ဖြစ်ပျက် အနိစ္စကို ဆုံးအောင် လိုက်ရမယ်။ ဒီတစ်ခုတည်းကို လိုက်သွားတော့ နောက်မုန်းလာမယ်။ မုန်းလာရင် မကြာခင် ဆုံးမှာပဲ။ ဒီဖြစ်ပျက်အနိစ္စဆုံးသွားရင် မဖြစ်မပျက်တဲ့ နိစ္စနိဗ္ဗာန် ရောက်တာပဲ။
တရားတွေ များများစားစား အကျယ်ချဲ့ဖို့ မလိုဘူး။ တစ်လုံးတည်းပဲ မှတ်ထားကြ။ ‘ဝိရောဂေါတိ မဂ္ဂေါ’ ဆိုတဲ့အတိုင်း မလိုချင်တဲ့အဆုံးမှာ ‘မဂ်’လာမှာပဲ။ ဒါကြောင့် ဒီတွေ့တဲ့တစ်ခုတည်းကို မလိုချင်အောင်၊ မုန်းလာအောင် လိုက်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်တယ်။
တို့ဒကာတွေက သူများကိုတော့ အကဲခတ်တတ်ကြတယ်။ ဘယ်သူက ဘယ့်နှယ်၊ ဘယ်ဝါက ဘယ်လိုနဲ့၊ အင်း ကိုယ့်ကိုယ်ကိုယ်တော့ အခုထိ အကဲမခတ်တတ်ကြသေးဘူး။ ဘုရားရှင်က ‘ကိုယ့်စိတ်ကို အကဲခတ်ကြ။ သူများ စိတ် အကဲခတ်ရတာ မှားလေရှိ၊ မှန်လေရှိ အကဲခတ်မနေကြနဲ့တဲ့။ ကိုယ့်စိတ်အကဲ ကိုယ်ခတ်ကြ ကိုယ့်ကိုယ်ကိုယ် အကဲခတ်တာဟာ အမှန်ချည်း ကျလိမ့်ဦးမယ်။
+++ ‘နောစေ ဘိက္ခဝေ ဘိက္ခု ပရစိတ္တပရိယာယ ကုသလော ဟောတိ၊ အထ သစိတ္တပရိယာယ ကုသလော ဘဝိဿာမီတိ ဧဝံဟိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗ’လို့ သစိတ္တ ပရိယာယသုတ်မှာ ဟောတော်မူထားတယ်။
(၁) စိတ်ကို (၂) စိတ်နဲ့ အကဲခတ်ပါ
ကိုယ့်စိတ်ကို အကဲခတ်တဲ့အခါ (၁) စိတ်ကို (၂) စိတ်နဲ့ အကဲခတ်ပါ။ ဘာစိတ်ပဲဖြစ်ဖြစ် အဲဒီဖြစ်ပေါ်လာ တဲ့ ရှေ့စိတ်ကို နောက်စိတ်နဲ့ မလွတ်အောင် ရှုမှတ်ရမယ်။ ဒီလို အကဲခတ်တဲ့အခါ အကုသိုလ်ဖြစ်လည်း မကြောက် နဲ့။ ကုသိုလ်ဖြစ်လည်း ဝမ်းမသာနဲ့။ (၂) စိတ်နဲ့သာ လိုက်ပေးကြ။ ရှင်းကြပလား?။
သတ္တဝါတွေဟာ အိုလိုက်ကြ၊ နာလိုက်ကြ၊ သေလိုက်ကြနဲ့ နောက်ပြီး သေတော့လည်း မသာပို့လိုက်ကြ။ အဲဒီ အို၊ နာ၊ သေ၊ မသာပို့ဆိုတဲ့ အလုပ်တွေဟာ အများနဲ့ ဆက်ဆံတဲ့အလုပ်တွေပဲ။ နိဗ္ဗာန်ဆိုတာကတော့ အများနဲ့ ဆက်ဆံတဲ့အရာမျိုး မဟုတ်ပါဘူး။ နိဗ္ဗာန်ဆိုတာ ထူးမှ ထူးခြားတဲ့လူမှ ရနိုင် ရောက်နိုင်တာပါ။ ဒီတော့ သီးသန့် ထူးခြားတဲ့ လူဖြစ်အောင်လုပ်ပြီး ရှာကြည့်ဖို့ မကောင်းဘူးလား? စုံစမ်းကြည့်ဖို့၊ စမ်းသပ်ကြည့်ဖို့ ကောင်းပါတယ်။
ဒီပြင် ကိစ္စတွေမှာတော့ ‘ငါက သူများပြောတိုင်း ယုံတတ်တဲ့လူ မဟုတ်ဘူး။ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ စမ်းကြည့်လို့ အသေအချာသိရမှ ကျေနပ်တာ။ ကိုယ်တွေ့မဟုတ်ရင် မယုံကြည်ဘူး’တဲ့။ ဒီလိုများ တစ်ခါလောက် စိတ်ကူးပြီး စမ်းသပ်ကြည့်ဖို့ မကောင်းပါလား?။ စမ်းသပ်ဖို့ လွယ်ပါတယ် စမ်းသပ်ကြည့်ပါလို့လည်း တိုက်တွန်းလိုက် တယ်။
စမ်းကြည့်နည်းက ဘာစိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုလိုက်ရင် ပြီးပါတယ်။ ဖြစ်ပျက်ဒုက္ခဆုံးအောင်လိုက်ရင် ‘နိဗ္ဗာန်’ ဆိုက်မယ်။ နိဗ္ဗာန်ကို ဧကန်တွေ့ရမယ်။ ဥပမာဆိုရင် ‘လမ်းဆုံးတော့ ရွာတွေ့’ဆိုသလိုပါပဲ။ ဒါကြောင့် တွေ့ချင်ရင် ကြိုးစားရှာကြဖို့ပဲ။
ရှုတဲ့အခါ ဘယ်စိတ်လာလာ ဝမ်းမသာနဲ့။ ဝမ်းသာရင် လောဘ၊ ဝမ်းနည်းရင် ကြောက်ရင် ဒေါသ ဒါတွေ လာလိမ့်မယ်။ ဒီလောဘ၊ ဒေါသဖြစ်မှာစိုးလို့ ပြောတာပါ။ ဝမ်းသာရင် ဝမ်းနည်းရင် ပဋိစ္စသမုပ္ပါဒ်ဆက်မယ်။ ရှုစိတ် ရှုဉာဏ်၊ ကုသိုလ် အကုသိုလ် ဂရုပြုနေဖို့ မလိုဘူး။ ဖြစ်ပေါ်သမျှ ပျက်စီးကြတာပဲ။ ဖြစ်ပျက်ဒုက္ခသစ္စာပဲလို့ သိရမယ်။ ဒီလိုသိဖို့ အရေးကြီးတယ်။ ဒါမသိရင် ပဋိစ္စသမုပ္ပါဒ်ဆက်တော့မယ် သတိချပ်ကြ။
လိုရင်းမှတ်ဖို့က ‘အာသဝချုပ်ရာချုပ်ကြောင်း အကျင့်ကောင်း’ဆိုတာဟာ (၁) စိတ်ကို (၂) စိတ်နဲ့လိုက်တဲ့ အကျင့်။ ရှေ့စိတ်ကို နောက်စိတ်နဲ့ လိုက်တဲ့အကျင့်ပဲလို့ လွယ်လွယ်မှတ်ထားကြ။
သတိပဋ္ဌာန်ပါဠိတော်မှာ ‘သမုဒယဓမ္မာ နုပဿီဝါစိတ္တသ္မိံဝိဟရတိ၊ ဝယဓမ္မာ နုပဿီဝါ စိတ္တသ္မိံ ဝိဟရတိ’ လို့ဆိုတဲ့အတိုင်း အဖြစ်မြင်ရင် အဖြစ်ကိုရှု၊ အပျက်မြင်ရင် အပျက်ကိုပဲရှု။ ပထမမြင်ရတာ ပေါ်လွင်တာကိုသာ မလွတ်အောင် လိုက်ရှုကြ။
