20110

အနာဂတ်ဘေး လာမည့်ရေး တရားတော်

အနာဂတ်ဘေးငါးမျိုး

(၁) အိုဘေး။(၂) နာဘေး။(၃) ငတ်မွတ်ဘေး။(၄) လူသင်းကွဲဘေး။(၅) သံဃာသင်းကွဲဘေး။

ဆောင်ပုဒ်-

ခန္ဓာငါးတန်၊ လောင်စာမှန်၊ အလျှံရဲရဲစု။

သုံး,တစ် မီးပုံ၊ ဝိုင်းကာအုံ၊ ဟုန်ဟုန်လောင်မြိုက်မှု။

လောင်မှန်းမသိ၊ မောဟဖိ၊ မိမိမိုက်ပြစ်ရှု။

လောင်စာသိမ်းကာ၊ မီးငြိမ်းရာ၊ မြန်စွာရောက်အောင်ပြု။

အနာဂတ်ဘေး၊ ကြာမဝေး၊ လေးဆေးမသင့်ခု။

သတိချပ်-

ကိုယ့်ကိုယ်ကိုယ်သာ၊ ဆုံးမရာ၊ လွန်စွာအခက်ဆုံး။

အရွယ်ရှိခိုက်၊ လုံ့လစိုက်၊ ကျင့်လိုက်ဉာဏ်ထက်တုန်း။

မိုးကုန်ကာမှ၊ ထွန်ကိုချ၊ ဗာလ နောက်ပိတ်ဆုံး။

ဆင်ခြေဆင်လက်၊ ချိန်ရွှေ့တွက်၊ အခက်ကြုံကြဦး။

တဏှာလှည့်သမျှ၊ ငုံ့ခံကြ၊ ဘဝသံသာလုံး။

မေ့လျော့ပေါ့တန်၊ အသေခံ၊ တရံဘယ်မဆုံး။

ကိုယ့်ကိုယ်ကိုယ်သာ၊ ကိုးကွယ်ရာ၊ မှန်စွာဉာဏ်လက်သုံး။

တရားသား။ ။

အနာဂတ်ဘေး ငါးမျိုး

ဒီကနေ့ညမှာ ‘အနာဂတ်ဘေး’ ငါးမျိုးရှိတယ်လို့ သိရမယ်။ ပဉ္စကနိပါတ် အင်္ဂုတ္ထိုရ်ပါဠိတော်မှာလာတဲ့ အနာဂတ်ဘေးငါးမျိုးလို့ မှတ်ထားကြ။ မကြာခင်မှာ မိမိတို့ဆီကို ရောက်လာမယ့် ဘေးဆိုးငါးခုကို အနာဂတ်ဘေး ငါးပါးလို့ ခေါ်တယ်။

အဲဒီဘေးငါးခုက- ၁။ အိုဘေး ၂။ နာဘေး ၃။ ငတ်မွတ်ခေါင်းပါးဘေး ၄။ လူသင်းကွဲဘေး ၅။ သံဃာသင်း ကွဲဘေးလို့ ပထမအကျဉ်းမှတ်ထား။

(၁) အိုဘေး။ အိုဘေးဆိုတာ ခါးကိုင်း၊ နားထိုင်း၊ သွားကျိုး၊ ဆံဖြူ ငယ်မူတွေ အကုန်ပျောက်ပြီး အသိဉာဏ် ပညာခန်းခြောက်တဲ့အရွယ်။ အိုမင်းရင့်ရော်တဲ့အခါမျိုး မကြာခင်ရောက်လာမယ်။ အခု တရားအားမထုတ်ရင် အဲဒီ ‘အိုဘေး’စောင့်တာပဲလို့ ဆိုရမယ်။ တရားတော်ဟာ အင်မတန် ဉာဏ်ထက်မြက်တဲ့အချိန်အရွယ်မှာမှ အားထုတ်လို့ ကောင်းတာ။ အရွယ်က ကုန်ဆုံး၊ အသိဉာဏ်ကလည်း တုံးနေပလားဆိုရင် ရာဘာတုံး လက်သီးနဲ့ထိုးသလို နေရာကို မကျနိုင်တော့ဘူး။ အချိန်ကြာသလောက် ခရီးမရောက်ဘဲ ကြန့်ကြာနေတတ်တယ်။

ဒါကြောင့် အခုနေ အရွယ်ကောင်းတုန်း ကြိုးစားကြ။ အားထုတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမကြ။ ဓမ္မပဒ ပါဠိ တော်မှာ ‘အတ္တာဟိ ကိရ ဒုဒ္ဒမော’လို့ ဟောတယ်။ လောကမှာ သူများကို ဆုံးမရတာထက် ကိုယ့်ကိုယ်ကိုယ် ဆုံးမရတာ အခက်ဆုံးပဲတဲ့။ ကိုယ့်ကိုယ်ကိုယ် လိမ္မာအောင် ပထမ ဆုံးမကြရမယ်။ ကိုယ့်ကိုယ်ကိုယ် ဆုံးမကြ။

(၂) နာဘေး။ ကိုယ့်ကိုယ်ကိုယ် ဆုံးမလို့မှ မရရင်ဖြင့် အဲ ‘နာဘေး’နဲ့ တွေ့လိမ့်မယ်။ နာဘေး စောင့်တယ် လို့သာ မှတ်ကြတော့။ နာဘေးဆိုတာလည်း အချိန်ရွေးတာမဟုတ်ဘူး။ ခန္ဓာရသူ ခန္ဓာရှိတဲ့သူမှန်သမျှမှာ ဘေးက ဝန်းရံပြီး စောင့်နေတာ သိကြရဲ့လား?။ သူက ဝင်နှိပ်စက်မယ်၊ ငါက ဝင်နှိပ်စက်မယ်နဲ့ တကဲကဲပါပဲ။ ခုခေတ်မှာ (၉၆) ပါးမကတော့ဘူး။ အကြောင်းတိုက်ဆိုင်တာနဲ့ တစ်ချက်တည်း နာဘေးက သင့်ဖို့ အဆင်သင့်စောင့်နေတာ။ ဒီတော့ အခုမှ အားမထုတ်ကြသေးရင် နာဘေးစောင့်တယ်ဆိုတာ မှတ်တော့။

(၃) ငတ်မွတ်ဘေး။ အခု လူတွေပြောကြတယ်။ ငွေတွင်းက နက်လှပြီတဲ့။ ရောင်းလို့ဝယ်လို့၊ ရှာလို့ဖွေလို့ အဆင်မပြေဘူး။ ရှေးကနဲ့ မတူတော့ဘူး။ အခုကိုပဲ ပိုပြီး ကြပ်လှပါတယ်နဲ့ ပြောဆိုနေကြပြီ။ ခန္ဓာရှိရင် ‘ငတ်မွတ် ဘေး’လာမယ်။ ငတ်ဘေးလွတ်ချင်ရင် အခုအားထုတ်ကြ။ နိဗ္ဗာန်ဆိုတာ ငတ်တဏှာမရှိဘူး။ ငတ်တဏှာမရှိလို့ ငတ် ဘေးက လွတ်ကြရမယ်။ ငတ်ပြီးများ သေချင်ကြသေးသလား?။

(၄) လူသင်းကွဲဘေး။ လူသင်းကွဲဘေးကလည်း အခုကိုပဲ ဆိုက်ရောက်နေပြီလို့ ဆိုနိုင်တယ်။ သင်းကွဲတာ ဟာ အယူအဆမတူ၊ ဝါဒမတူလို့ ဖြစ်ရတာ။ သတ္တဝါတွေအချင်းချင်း အယူဝါဒကွဲတဲ့ဘေးဟာ ပိုပြီးဆိုးတယ်။ ဘာဝါဒ ညာဝါဒနဲ့ ဝါဒချင်းပြိုင်ကြ၊ ပြိုင်ရာကစပြီး လူလူချင်း အနိုင်ခင်းကာ သတ်ဖြတ်နေကြပြီ။ ခုနေကတည်းက နောက်ကျ ရင် ဒီထက်ပိုပြီး ကွဲဖို့ရှိတယ်ဆိုတာ သိကြရမယ်။ နောက်လာမယ့် ‘ကွဲဘေးတွေ’ အမျိုးမျိုး တွေ့ကြရမယ်။

ရှင်ကွဲ,ကွဲ၊ တစ်ခါ သေကွဲ,ကွဲ၊ လင်နဲ့ကွဲ မယားနဲ့ကွဲ သားနဲ့ကွဲ သမီးနဲ့ကွဲ ဆွေမျိုးသားချင်းနဲ့ကွဲ ရှင်ကွဲသေကွဲ အမျိုးမျိုး အကွဲဘေးနဲ့ မုချကြုံရတော့မယ်။ ကြုံရလိမ့်မယ်။ အဲ… အခုနေအခါမှာမှ အားမထုတ်ကြသေးဘူးဆိုရင် အိုဘေး၊ နာဘေး၊ သေဘေး၊ ဝါဒမတူလို့ အယူကွဲပြားတဲ့ဘေး အဲဒီဘေးတွေ လာတော့မယ် မုချပဲ။ အခု တရားအား မထုတ်သေးရင် ဘေးအမျိုးမျိုးသင့်ပြီး သေကြရမှာပဲ။

(၅) သံဃာသင်းကွဲဘေး။ လူသင်းကွဲတဲ့နောက် ‘သံဃာသင်းကွဲတဲ့ဘေး’က လာဦးမယ်။ လူဒကာအချင်းချင်း သင်းကွဲတော့ ကိုးကွယ်တဲ့ သံဃာအချင်းချင်း ဆရာအချင်းချင်း သင်းကွဲကြမယ်။ ဒီတော့မှ ဟိုကိုးကွယ်ရင် ဒီဘက်က မျက်နှာမသာ ဒီကိုးကွယ်တော့ ဟိုဘက်က မျက်နှာမသာ၊ ဟိုကိုးကွယ်ရမလို ဒီကိုးကွယ်ရမလိုနဲ့ သောကများရမယ်။ ဒီဘေးသင့်တော့ နှလုံးမသာမယာ ဒေါမနဿဖြစ်၊ ဒေါမနဿဖြစ်ရဖန်များပြီး ဒီအပြစ်နဲ့သာသေရင် အပါယ်ကျဖို့ပဲ ရှိတော့တာပဲ။

တို့ဒကာတွေ ကြပ်ကြပ်စဉ်းစားကြ။ အနာဂတ်ဘေးတွေ လာလိမ့်မယ်။ ဒီတော့ အခုအချိန်ဟာ အကောင်း ဆုံးအချိန်ပဲဆိုတာ ဆုံးဖြတ်ချက်ချ။ ငယ်ပါသေးတယ် ကြီးမှပဲ အားထုတ်တော့မယ်ဆိုရင် အိုဘေးစောင့်နေတာပဲ။ စိတ်ကူးရှိပါရဲ့ ဖြည်းဖြည်းတော့ လုပ်မှာပါဆိုရင် အပြောကယဉ်သလောက် ဘေးသင့်ဖို့ စောင့်နေတာ ဧကန်ပဲလို့မှတ်။

ကျုပ်က စိတ်ကူးတော့ရှိပါရဲ့ အကြောင်းမညီညွတ်သေးလို့ စဉ်းစားထားပါတယ်။ ဖြည်းဖြည်းတော့ လုပ်မှာ ပါပဲ။ ဒီလိုပြောတဲ့လူများကို သွားပြီး သာဓု-သာဓုလို့ မလုပ်လိုက်ပါနဲ့။ အဲဒါ ဘေးစောင့်နေတာ။ ဘေးမလာသေးလို့ မလာလာအောင် စောင့်နေတာလို့ မှတ်ရမယ်။

တဏှာက လှည့်စားနေတာ

ဆင်ခြေဆင်လက်က သိပ်များကြတယ်။ စီးပွားရေးက ဘယ့်နယ်၊ သားရေးသမီးရေးက ဘယ်လို၊ ကျုပ်ကိုယ်တိုင် က ဘယ်သို့၊ ခင်ဗျားတို့ပြောတာတော့ လွယ်ပါရဲ့၊ ကျုပ်မှာက ဘယ်ပုံဖြစ်နေရတာနဲ့ ဘာနဲ့ညာနဲ့ ရိုးမယ်ဖွဲ့တတ်ကြ တယ်။ အဲဒါဟာ နှယ်နှယ်ရရများ မမှတ်လိုက်ပါနဲ့။ တဏှာက လှည့်စားနေတာ။ သံသရာတစ်လျှောက်မှာ ဒုက္ခရောက် အောင် သူနှောင့်ယှက်နေတာ။ သူလှည့်စားနေတာ။ သူခြယ်လှယ်သမျှ ငုံ့ခံနေကြရတာပဲ။ အေးသက္ကာယ မကွာသေး သမျှ ခံရမှာပဲ။ ခံနိုင်အောင်သာ ခံကြပေတော့။

တဏှာက အလှည့်စားကောင်းတော့ ‘အင်း… ဟုတ်ပေသားပဲ ဟုတ်ပ-ဟုတ်ပ’နဲ့ လိုက်နေကြတယ်။ ကိုယ့် ကိုယ်ကိုယ် အလိမ်ခံရလို့တောင် ခံရမှန်း မသိရှာကြဘူး။ ဒါကြောင့် ဘုရားရှင်က ‘ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့ အခက်ဆုံး’ လို့ ဟောတော်မူတာ။ ကိုယ်မလိမ္မာတာ ကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ် လိမ္မာအောင် ဆုံးမကြ။

ဒီအတိုင်းသာ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် သာမန်အနေမျိုး နေသွားကြရင် အသေဆိုးနဲ့ ဧကန်ကြုံရ တော့မယ်။ ဘုရားက…

+++ “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနောပဒံ”လို့ ဟောတော်မူတယ်။

တရားအားမထုတ်ဘဲ မေ့လျော့ပေါ့တန်ရင် သေရဖို့အပြင် ဘာမှမရှိဘူးတဲ့။ သေပြီးရင်း သေရင်းနဲ့ ထပ်တလဲလဲ သာ သေပြီး အသေချင်း ထပ်နေမှာပဲတဲ့။ ဒီလိုသာ မေ့မေ့လျော့လျော့ အိပ်ပျော်နေကြမယ်၊ ပေါ့နေကြမယ်ဆိုရင် မကြာခင် သေမင်းက ခေါ်သွားမယ်။ မပေါ့ကြနဲ့။

လူ့ဘဝကို မရစဘူး အရထူးလို့ ရလာကြတာ။ အရထူးတဲ့ ဒုလ္လဘတရားကြီးကို တဏှာကဝင်ပြီး အသေကောင် လုပ်ခိုင်းလိုက်တာ။ တဏှာက ကပ်ကပ်ပြီး အမြဲမပြတ် အသေကောင် လုပ်ခိုင်းနေတာ မသိကြတော့ အသေကောင် အဖြစ်က လက်စမသတ်နိုင်ကြဘူး။ သမုတိမရဏဆိုတဲ့ အသေမှ အသေခါ်တာမဟုတ်ဘူး။ ဘာမှမသိလောက်အောင အိပ်ပျော်နေတဲ့အချိန်လည်း ‘အသေ’ခေါ်တာပဲ။

အသေမဦးခင် ကြိုးစားပြီး အားထုတ်ကြရမယ်

ဒီတော့ အသေကောင်က ညတိုင်းညတိုင်း အဖိုးတန်တဲ့ အချိန်ကလေး နှုတ်ယူလိုက်၊ စားတာနှုတ်လိုက်နဲ့ ဘာကျန်သေးသလဲ?။ နှုတ်,နှုတ်ပစ်တာနဲ့ ဘာမှမကျန်တော့ဘူး။ တစ်ဝက်မကဘူး လျော့သွားပြီ။ အသေမလာခင် အသေမဦးခင် ကြိုးစားပြီး အားထုတ်ကြရမယ်။

ဆင်ခြေလဲချင်ရင် ဆင်ခြေလဲတာ ‘မိုက်တဲ့အချိန်ပဲ’လို့မှတ်။ ကိုယ်မိုက်တာ ကိုယ်သိကြပလား?။ လောကမှာ အလိမ်အကောက်ဆိုရင် တဏှာကို ဘယ်သူမှ မမှီဘူး။ ‘လောဘတဏှာ’ဟာ အလိမ်ဝိဇ္ဇာ အကောက်ဝိဇ္ဇာဆိုရင် မမှားဘူး။ သူဗိုလ်ဘဲ သူ့ထက်သာတာ မရှိတော့ဘူး။ သိတတ်ဖို့ အချိန်တော်ပြီ။ နောက်ကိုများ အလိမ်မခံကြနဲ့တော့။

အခု ကျန်းမာလို့ အခုစိတ်ပေါ်တဲ့အချိန်ဟာ အကောင်းဆုံးအချိန်ပဲလို့ ဆုံးဖြတ်ချက်ချ။ အချိန်ပြောင်းတိုင်း ပြောင်းတိုင်း ပြောင်းချင်တဲ့တဏှာကို ဖြစ်ပျက်ရှုပစ်လိုက်။ ပေါ်လာတဲ့တဏှာက အနိစ္စ၊ ရှုတာက မဂ္ဂ၊ နောက်လာသမျှ ကို ဖြစ်ပျက်ရှုပစ်၊ ဒီလိုပေါ်လာသမျှကို နိုင်အောင်ရှုနိုင်ရင် ကိလေသာရန်သူ အောင်ပွဲယူလိုက်တာပဲ။

လက်နက်အပြည့်အစုံပါတဲ့ ဗိုလ်ခြေတစ်သိန်းကို တစ်ယောက်တည်းနဲ့ အောင်နိုင်တာ အောင်ပွဲရတာကို အအောင်မဆိုဘူး။ အောင်နိုင်ခြင်းအစစ်လို့ မဆိုနိုင်ဘူး။ ‘ကိလေသာ’ဆိုတဲ့ အတွင်းရန်သူကို အောင်နိုင်မှသာ အောင် နိုင်သူ အောင်ပွဲရသူစစ်စစ်လို့ မှတ်ကြ။

တဏှာက အဟောကောင်း၊ အပြောကောင်း၊ အလှည့်ကောင်း၊ အလိမ်ကောင်း၊ အလှည့်ဝိဇ္ဇာ၊ အလိမ်ဝိဇ္ဇာ၊ နောက်ကို အလှည့်မခံကြနဲ့။ တဏှာက အချိန်ရွှေ့နေရင် ‘ဟဲ့ တဏှာ သင့်အလိုမလိုက်တော့ဘူး၊ အခု အားထုတ်မယ် သင်နေခဲ့တော့၊ ငါ ဘေးတွေ့မခံနိုင်ဘူး၊ အသင်တဏှာက ငါ့ကို ဘေးနဲ့တွေ့အောင် တွန်းနေတာ သင့်အကြောင်း ရိပ်မိပြီ၊ သင့်အလို မလိုက်နိုင်ဘူး’ဆိုပြီး အားမထုတ်ချင်တဲ့စိတ်ကို ရှုပစ်၊ ရှုပြီး အောင်ပွဲယူကြ။ တရားအားမထုတ်ချင် တာ ကိလေသာမာရ် ကိလေသာရန်သူခေါ်တယ်။

တရားအားမထုတ်ချင် တာ ကိလေသာမာရ်

အချိန်ရွှေ့ချင်တဲ့စိတ်က ‘လောဘ’၊ ပျင်းတဲ့စိတ်က ‘ကောသဇ္ဇ’ လောဘပဲ။ အိပ်ချင်တဲ့စိတ် ‘ထိနမိဒ္ဓိ’ လာသမျှ မလွတ်အောင်ရှုကြ။ အိပ်မှတော်မယ်ဆိုပြီး အိပ်ချင်စိတ်ပေါ်လာတော့ ရှုမိရင် ရှုမိ၊ မရှုမိရင် တစ်ခါတည်း အိပ်မှတော် မယ်ဆိုပြီး ချက်ချင်း အသေကောင်ဖြစ်သွားတာပဲ။

ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက်ရှုတော့ ‘ကိလေသာ’ကို ‘မဂ်’နဲ့ အောင်ပွဲယူလိုက်တာ။ ဒီလို ကိလေသာ လာသမျှ မဂ်နဲ့သတ်နိုင်အောင် အောင်ပွဲယူနိုင်အောင် ကြိုးစားရမယ်။ ‘ကိလေသာဟူသမျှ မဂ်နဲ့ အောင်ရမယ်’လို့ ကိုယ့်စိတ်ကို အဓိဋ္ဌာန်ချက်ပြုကြ။

ဘေးမှန်သမျှ မဂ်က ကာကွယ်နိုင်တယ်။ အနာဂတ်ဘေးက ပြေးမလွတ်နိုင်ဘူး။ လာမှာ မုချပဲ။ ဒီတော့ အနာဂတ်ဘေး ရှောင်ချင်ရင် လွတ်ချင်ရင် အခုပေါ်တဲ့စိတ် ရှုပစ်။ ဒါမှသာ လွတ်နိုင်မယ်။ ဒီပြင်မှာ လွတ်လမ်းမရှိ ဘူး။ ပေါ်ပေါ်လာတဲ့ အဲဒီစိတ်တွေဟာ သူခိုးချည်းပဲ။ အဖိုးတန်တဲ့အချိန်တွေ လျော့ကုန်အောင် သူတို့က ခိုးခိုးပစ်၊ နှုတ်နှုတ်ပစ်ကြတာ။ နောက်ဆုံး အခိုးမခံရအောင် ကြိုးစားကြ။

သံယုတ်ပါဠိတော်မှာ “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ ဓမ္မဒီပါ ဓမ္မသရဏာ, အနညသရဏာ”လို့ ဟောတယ်။ “မိမိကိုယ်သာ မှီခိုအားထားရာ၊ မိမိကိုယ်သာ ကိုးကွယ်ရာ၊ တရားတော်သာ မှီခို အားထားရာ၊ တရားတော်သာ ကိုးကွယ်ဆည်းကပ်ရာ”လို့ ဆိုလိုတယ်။

ဒကာတို့က အသက်ရှည်ချင် အနာကင်းချင်ကြလို့ အသက်ရှည်အောင် အနာကင်းအောင်ဆိုပြီး အိမ်မှာ ပရိတ်ရွတ်ကြ၊ အန္တရာယ်ကင်း ကမ္မဝါရွတ်ကြနဲ့ ဘယ်ကင်းပမလဲ ပရိတ်ရွတ်နေရင်းကကို အို,အိုပြီး လိုက်နေတယ်။ အဲဒါရွတ်ရင်း ဘေးသင့်နေတာ။

‘မဂ်’ကသာ တားနိုင်တာ

ရိုးရာအလုပ်က ဘာဘေးကိုမှ မတားနိုင်ဘူး။ ‘မဂ်’ကသာ တားနိုင်တာ။ ရိုးရာအလုပ်တွေ ပြင်ကြ၊ ကိုးသင့် တာကို မကိုး၊ မကိုးသင့်တာကို ကိုး၊ အားကိုးမှားကြတယ်၊ လုပ်သင့်တာကို လုပ်ရမှာမလုပ်ဘဲ မလုပ်သင့်တာ မလုပ်ရမှာ စွဲလုပ်နေကြရင် အသေလမ်းစ အမျှင်ပြတ်ကြတော့မှာ မဟုတ်ဘူး။ ဘေးအမျိုးမျိုးသင့်ဖို့ကလည်း လွတ်နိုင်တဲ့ဘဝ မရှိတော့ဘူး။ သတိကြပ်ကြပ်ပြုကြ။ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ကြည့်ကြ။

ဥပမာ ကလေးငယ်ကလေးဟာ ကျင်ကြီးတွေ ပါချပြီး ကိုယ့်ကျင်ကြီးပေါ်မှာပဲ ပြစ်ပြစ်နှစ်နှစ်ထိုင်၊ နောက် ကျင်ကြီးကို လက်နဲ့ မွှေပြီးစားလိုက်၊ မွှေပြီးကစားလိုက်လုပ်နေတော့ လူကြီးတွေက အမြင်မကောင်းလို့ အမြင်မတော် လို့ ကျင်ကြီးပုံထဲက ဆွဲထုတ်လိုက်ပြီး စင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးရတယ်။ ဒီအခါမှာ ကလေးငယ်ဟာ သူ့အလိုမကျနိုင်ရှာဘူး။ ကျင်ကြီးမစားရ မကစားရတော့မှာမို့ စင်ကြယ်သွားမှာစိုးလို့ လူကြီးတွေက ကျင်ကြီးပုံထဲက ဆွဲယူမယ်လုပ်ရင်ပဲ ကျူကျူပါအောင် ငိုကြွေးတယ်။

လူကြီးတွေကသာ အမြင်မကောင်းအောင် ဖြစ်နေတာပါ။ သူ့စိတ်ထဲမှာတော့ ကျင်ကြီးစားလိုက်၊ ကစားလိုက် လုပ်နေတာ အလွန်နှစ်ခြိုက်ပြီး အလွန်ပျော်ပိုက်နေတာလား။ သူက အလွန်သဘောကျနေလေတော့ လူကြီးတွေက ခေါ်မယ့်ကြံရင် ကလန်ကဆန်နဲ့ ရုန်းကန်နေသေးတယ်။ ကျင်ကြီးကစားရတာ ပျော်ရှာလွန်းလို့ပဲ။

ဒီဥပမာလိုပါပဲ ဒကာတို့တစ်တွေဟာလည်း ကိလေသာ အညစ်အကြေးတွေ ကစားပြီး ပေရေညစ်ပတ်နေ တာ။ ဘုန်းကြီးတို့က အမြင်မတော်လွန်းလို့ ရေဆေးပေးနေပါတယ် ဟင့်အင်, ဟင့်အင်နဲ့ ရုန်းကန်ပြီး ငိုလိုက်ချင် ကြသေးတယ်၊ ကောင်းကြသေးရဲ့လား?။

ဒါကြောင့် ဘုန်းကြီးကပြောတာ ဒကာတို့အလုပ်တွေ လျော့ကြလျော့ကြဆိုတာ လက်ဆေးကြလို့ဆိုတာ။ ‘မှန် လှပါ ဖြည်းဖြည်းတော့ လုပ်ပါမယ်’ဆိုရင် ဖြည်းဖြည်းတော့ ဆေးမယ်ဆိုတာပဲ။ ဒကာတို့က ဗြုန်းခနဲ ပြောင်းသွားရင် ‘ငိုချင်တယ်ဘုရား’လို့ ပြောကြဦးမှာလား?။ အမလေး ခက်ကောင်းခက်ရချည်ရဲ့။ ကျင်ကြီးမှန်းသိရဲ့နဲ့ ကစားချင်ကြ သေးသလား?။ အေး တော်လောက်ပြီဆိုတာ ဆုံးဖြတ်ကြ။

နိဗ္ဗာန်ချမ်းသာ

နိဗ္ဗာန်ချမ်းသာဟာ ချမ်းသာတကာတို့ထက် အမြတ်ဆုံးဖြစ်တယ်။ ဘေးအပေါင်းက လွန်မြောက်တယ်။ နိဗ္ဗာန် ရရင် ဘယ်ဘေးမှ မသင့်နိုင်တော့ဘူး။ ဘေးကလွတ်ချင်ရင် နိဗ္ဗာန်ရအောင် ကြိုးစားကြ။ ဒီနေရာမှာ မိလိန္ဒမင်းရဲ့ အမေးကို ထုတ်ပြဦးမယ်။ မိလိန္ဒမင်းက အရှင်နာဂသိန်မထေရ်ကို မေးလျှောက်တယ်။

”အရှင်ဘုရား နိဗ္ဗာန်ချမ်းသာဟာ ဘယ်ချမ်းသာနဲ့ တူပါသလဲ?”။ ဒီတော့ အရှင်နာဂသိန်က “မင်းကြီး ဥပမာအားဖြင့်ပြောရရင် ပဋိသန္ဓေကတည်းက မျက်စိမမြင်တဲ့လူက အဖြူဆိုတာ ဘယ်လိုဟာတုံး? အနီဆိုတာ ဘယ့်နှယ်ဟာတုံး? နေဆိုတာ ဘာနဲ့တူသတုံး?လို့ မေးတာနဲ့တူတယ်။ သူက မွေးကတည်းက မျက်စိမပါတဲ့လူဆိုတော့ လောကမှာရှိတဲ့ အရာဝတ္ထုတွေကို ဘယ်နည်းနဲ့ ခွဲခြမ်းပြီး သိနိုင်ပါမလဲ?။

ဒီဥပမာလိုပါပဲ။ လောကထဲမှာရှိနေတဲ့ လောကသားတွေအဖို့ရာမှာ လောကနဲ့တန်တဲ့ မျက်စိသာပါကြတာ ပဲ။ လောကထက်လွန်တဲ့ လောကမှာရှိတဲ့ ချမ်းသာမျိုးတွေနဲ့ နှိုင်းယှဉ်မရတဲ့ လောကုတ္တရာ နိဗ္ဗာန်ချမ်းသာဟာ လောက ချမ်းသာ ဘယ်ချမ်းသာနဲ့မှ တူတယ်လို့ မဆိုနိုင်ပေဘူး။ နိဗ္ဗာန်နဲ့တူတဲ့ ချမ်းသာဟာ လောကမှာ မရှိဘူးမှတ်ပါ”လို့ ဖြေကြားတော်မူလိုက်တယ်။

ဥပမာဆိုရင် လောကထဲမှာရှိတဲ့ ချမ်းသာဟာ သရက်သီးပုပ်နဲ့ တူတယ်။ သရက်သီးပုပ်ဆိုရင် နည်းနည်း ပုပ်ပုပ်၊ တစ်ခြမ်းပဲပုပ်ပုပ် သရက်ပုပ်လို့ ခေါ်ရတာပဲ။ အပြစ်အနာအဆာကင်းရင် သရက်ကောင်း၊ အနာအဆာ မကင်းရင် သရက်သီးပုပ်လို့ ခေါ်ရသလို လောကချမ်းသာဆိုတာလည်း အပြစ်အနာမကင်းတော့ ချမ်းသာစစ် ချမ်းသာ ကောင်းလို့ မခေါ်ဆိုနိုင်ဘူး။

ဖြစ်ပြီးပျက်နေတဲ့ လောက

ဖြစ်ပြီးပျက်နေတဲ့ လောကထဲမှာ ချမ်းသာစစ်ဆိုတာ ဘယ်မှာရှိနိုင်ပါမလဲ?။ ဖြစ်ပျက်လောကထဲမှာ ချမ်းသာ စစ် မရနိုင်ဘူးဆိုတာမှတ်။ ဒါကြောင့် ‘လုဇ္ဇတိ ပလုဇ္ဇတီတိ လောကောတဲ့၊ လုဇ္ဇတိ ပလုဇ္ဇတိ၊ ပျက်တတ် အဖန်တလဲလဲ အမြဲတစေ ပျက်တတ်ပေ၏၊ ဣတိ၊ ထို့ကြောင့်၊ လောကော၊ လောကမည်၏’လို့ ဆိုရတာပေါ့။

နောက်တစ်ဖန် ရှင်နာဂသိန်က မီးဝိုင်းခံရသူဥပမာနဲ့ နှိုင်းယှဉ်ပြပြန်တယ်။ ဒကာတော်မင်းကြီး ဥပမာအား ဖြင့် ပတ်ဝန်းကျင် အရပ်လေးမျက်နှာက လှည့်ပတ်ဝိုင်းရံပြီး လောင်မြိုက်လာတဲ့ မီးပုံကြီးဆိုပါတော့။ အဲဒီမီးပုံကြီး အလယ်မှာ လူတစ်ယောက်ဟာ မီးပတ်ချာ ဝိုင်းမိရက်သား ဖြစ်နေတယ်။ မကြာခင်အတွင်း တဟုန်းဟုန်း လောင်မြိုက် လာတဲ့ မီးတောက်မီးလျှံတွေဟာ ကိုယ့်အနားရောက်ရောက်ပြီး နီးသထက် နီးကပ် နီးကပ်လာကြတယ်။

ဒီအချိန်မှာ မီးခိုးတွေ မီးရှိန်မီးဝါတွေဟာ ကိုယ်ကို အပူဟပ်လာပြီ။ အပူလွန်လွန်းလို့ အခံရအတော်ကြပ် နေလေပြီ။ ဒီအခါမှာ အဲဒီလူဟာ ဘယ်လိုစိတ်ထားများ ပေါက်ပမလဲ။ ဪ အကြီးဆုံး ဒုက္ခရောက်ရတော့မယ်။ ငါ ဒီမီးပုံထဲက ဘယ်နည်းနှင့်များ လွတ်ကင်းနိုင်ပမလဲဆိုပြီး အပူတပြင်း ထွက်ပေါက်ကို ရှာကြံတယ်။ လွတ်မြောက်နိုင် ရေးအတွက် တအားထုတ်တော့မယ်။

အဲဒီလို ဘေးဆိုးကြီးနဲ့ ရင်ဆိုင်ရတော့ ယောကျ်ားတို့ စွမ်းပကားနဲ့ ကြောက်အားကြီးပြီး တအားကြီး ကြိုးစား လိုက်တော့ ကံအားလျော်စွာ မီးပုံကြီးအတွင်းက လွတ်မြောက်သွားရတယ်။ အဲဒီမီးလောင်ခံရတော့မယ့်ဆဲဆဲ ဘေးက လွတ်မြောက်သွားတဲ့ ယောကျ်ားဟာ ဘယ်လောက်များ ဝမ်းမြောက်မလဲ ဘယ်လောက်များ စိတ်ချမ်းသာသွားမယ် ဆိုတာ စဉ်းစားကြည့်ကြ။ အတိုင်းအဆကို မမြင်နိုင်ဘူး။

”မင်းကြီး ဒီဥပမာကဲ့သို့ပဲ နိဗ္ဗာန်ချမ်းသာဆိုတာ နှိုင်းယှဉ်စရာမရှိပေဘူး။ မီးဘေးက လွတ်မြောက်ရတဲ့ စိတ်ချမ်းသာမှုမျိုးထက် အဆရာထောင်မက ငြိမ်းအေးချမ်းသာတဲ့သဘော ရှိပေတယ်”လို့ မိန့်ဆိုဖြေကြားတော်မူတယ်။

ဒီနေရာမှာ တို့ဒကာတွေ သိဖို့က ‘ခန္ဓာငါးပါး’ဆိုတာ မီးလောင်စာနဲ့ မီးတွေပဲလို့ သိထားကြရမယ်။ ခန္ဓာဟာ လောင်စာနဲ့မီး၊ မီးနဲ့လောင်စာ တွဲရက်ကြီး အမြဲနေတာပဲ။ ခန္ဓာမှာ ဉာဏ်နဲ့ရှာရင် မီးနဲ့လောင်စာမှတစ်ပါး တခြား ဘာမှမတွေ့ရပါဘူး။

မီးဘေးက လွတ်မြောက်တာဟာ နိဗ္ဗာန်

ဒါကြောင့်မို့ တို့ဒကာတွေ ရှုကြ၊ မှတ်ကြလို့ တိုက်တွန်းရတယ်။ ရှုရင် ခန္ဓာဖြစ်ပျက် မြင်ရမယ်။ ဖြစ်ပျက် မြင်ရင် မီးဝိုင်းမှန်း သိပြီ။ မီးမှန်းသိလို့ မီးကိုမုန်းရင် ‘နိဗ္ဗိန္ဒဉာဏ်’ရတာပဲ မီးမုန်းတော့ ထွက်လမ်းရှာ ရှာတော့ ထွက် လမ်းဟာ ‘မဂ်’ပဲ။ မဂ်လမ်းစဉ်နဲ့ထွက်တော့ မီးဘေးက လွတ်မြောက်တာဟာ ‘နိဗ္ဗာန်’ပါပဲ။

တို့ဒကာတွေဟာ ပထမဦးဆုံးအနေနဲ့ မီးမှန်းသိဖို့လိုတယ်။ မီးဝိုင်းတာကို ဝိုင်းမှန်းသိမှ အရူးပျောက်မယ်။ ဝိုင်းမှန်းမသိရင် အရူးပဲ။ ဘာကြောင့်လဲဆိုတော့ မီးကို မီးမှန်းမသိ၊ ရွှေတောင်များထင်လို့ ဝင်ပြီး တိုးမိ ဝင်တိုးတော့ လောင်လိုက်တာပေါ့။ ဒါကြောင့် ‘ပိုးဖလံမျိုး’လိုပဲလို့ ဆိုရတာ။ တိုးပြန်ရင် ကိုယ်ကျိုးနည်းပြန်ရောပဲ။

မီးကို မီးမှန်းမသိ။ မီးဝိုင်းတာ ဝိုင်းမှန်း မသိဘူးဆိုတာ လူကောင်းဖြင့် သိမှာပေါ့။ စိတ်မကောင်းတဲ့အရူးမို့သာ မသိတာပဲ။ တို့ဒကာတွေ အခုလို မီးဝိုင်းမှန်း မသိကြဘူး။ အခုကို ရူးချက်သန်လွန်းလို့ အရူးပျောက်အောင် ဟောပြ နေတာဆိုရင် လွဲသေးသလား။ အေး… မလွဲမှန်းသိရင် အချိန်မီပြင်ကြပါ။

ခန္ဓာမှာ လောင်စာနဲ့ မီးပဲရှိတယ်။ ဒါကိုသိမှ ကလျာဏပုထုဇဉ် ခေါ်နိုင်တယ်။ ဒါမသိသေးရင် ‘ဥမ္မတ္တက’ အရူးပဲ ရှိသေးတယ်မှတ်။ ဒီတော့ အရူးမဖြစ်ချင်ရင် အားထုတ်ကြ၊ အားထုတ်ရင် ခန္ဓာရုပ်နာမ် ဖြစ်ပျက်ကို မြင်ရ မယ်။ ဖြစ်ပျက်မြင်ရင် မီးဝိုင်းမှန်းသိပြီ။ မီးဝိုင်းမှန်းသိလာတော့ လွတ်ရာလွတ်ကြောင်း လမ်းကောင်းရှာမယ်။ လွတ် လမ်းရှာလို့ တွေ့တော့ ငြိမ်းတာပေါ့။ အဲဒါ နိဗ္ဗာန်တွေ့တာပဲ။ သုံးဆယ့်တစ်ဘုံဆိုတာက ‘မီးပုံကြီး’ သတ္တဝါတွေရဲ့ ခန္ဓာငါးပါးက ‘လောင်စာ’တွေပဲလို့ မှတ်ကြ။

ဒကာတို့ အခုနေရတာ လောင်စာနဲ့မီး တွဲရက်ကြီး နေရတာ။ ဒီတော့ လောင်စာတွေ သိမ်းကြ။ လောင်စာ သိမ်းမှ မီးငြိမ်းမှာပဲ။ ငြိမ်းရာဟာ ‘နိဗ္ဗာန်ပဲ’။ ဒါကြောင့် လောင်စာသိမ်း၍ မီးငြိမ်းရာဟာ နိဗ္ဗာန်ပဲလို့ မှတ်ကြ။ ရှင်း ပလား?။

ကိုင်း… ယနေ့ ဒီတွင် တော်ကြဦး။

*********