20109

သေလမ်းနည်းပြ တရားတော်

သေနည်းနှစ်မျိုး

(၁) သစ္စာတရားနာ၍ သေနည်း။(၂) ကိုယ်တိုင် တရားနှလုံးသွင်း၍ သေနည်း။

ဆောင်ပုဒ်-

အာရုံတွေ့လတ်၊ အကြည်ဓာတ်၊ သိတတ်ဝိညာဏ်ဖြာ။

သုံးခုဆုံငြား၊ ဖဿလား၊ ခံစားဝေဒနာ။

ရုပ်နာမ်ဆက်ဆက်၊ ဖြစ်ပြီးပျက်၊ ဉာဏ်ချက်သတိပါ။

ဝေဒနာနောက်၊ တဏှာကောက်၊ လက်ရောက်မခံရာ။

ဝေဒနာဖြစ်ပျက်၊ နောက်ဉာဏ်မဂ်၊ မဆက်သေတဏှာ။

ဒုက္ခသိလျှင်၊ အကုန်မြင်၊ ပြီးစင်လေးသစ္စာ။

သတိချပ်-

ခန္ဓာရတွက်၊ သေလမ်းဘက်၊ ရက်ဆက် ချိန်တိုင်းသွား။

အမှတ်မထင်၊ သေပွဲဝင်၊ ပါယ်ခွင်ကျဖို့များ။

ဆရာ့ထံမှာ၊ သေနည်းနာ၊ မြန်စွာသင်သင့်လား။

သေနည်းသိက၊ သေခါကျ၊ လွတ်ရ သေဆိုးဝါး။

တရားသား။ ။

အသေလွတ်တရား ဟောရမယ်

ဒီကနေ့ အသေလွတ်တရား ဟောရမယ်။ တို့ဒကာတွေ အခုတရားနာရင်း ဘယ်သွားနေကြသလဲ?။ မေးရင် ဘယ့်နှယ်ဖြေကြမလဲ?။ “တပည့်တော်တို့ တရားနာရင်း သေရွာ သွား,သွားနေတာပါ”လို့ ဖြေရမှာပဲ။ တရား နာရင်း သေရွာသွားနေတယ်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ဘူး။ ငြင်းဖို့များ ရှိသေးသလား?။

တစ်နေ့ထက်တစ်နေ့၊ တစ်နာရီထက်တစ်နာရီ၊ တစ်မိနစ်ထက်တစ်မိနစ်၊ တစ်စက္ကန့်ထက် တစ်စက္ကန့် သေဘက် ကို သွားနေကြတယ်။ အချိန်ရွေ့သလောက် သေဖို့နဲ့ တဖြည်းဖြည်း နီးကပ်လာပြီ။ အခု ဒီမှာထိုင်နေကြရင်းကို တစ် ခဏထက် တစ်ခဏ သေဝကနီး,နီးလာတယ်ဆိုတာ သေချာပြီမဟုတ်လား?။

ဒီလိုနဲ့ပဲ ဘဝ အဆက်ဆက် သံသရာမှာ သေရပေါင်းက များလှပြီ။ အရိုးတွေ စုပုံထားကြမယ်ဆိုရင် မြင့်မိုရ် တောင်လောက်မကအောင် များပြားလှပါတယ်။ အသေတွေဟာလည်း အသေကောင်းလို့များ မမှတ်လိုက်ကြနဲ့။ အသေ ဆိုးကြုံရတာက များပါတယ်။ ဒီတော့ သေရမှာများ မကြောက်ကြဘူးလား?။ အေး သေရမှာကြောက်လို့ တရားနာလာ ကြတာ။ အသေလွတ်ဖို့ လာကြတာ။

ဘာကြောင့်များ သေလမ်းချည်း သွားနေရသလဲ?

ဒီလို ‘တပည့်တော်တို့ သွားတာက အသေလွတ်ဖို့ပါ’လို့ ပြောပေမယ့် ဒကာတို့ သွားနေတာကတော့ သေလမ်း ပဲ။ ဘာကြောင့်များ သေလမ်းချည်း သွားနေရသလဲ?၊ သိကြရဲ့လား?၊ နောက်ဘဝက သစ္စာမမြင်ခဲ့ကြလို့ သစ္စာမမြင် တော့ အသေခန္ဓာရထားတာပေါ့။ အသေခန္ဓာကို ရတဲ့နောက်တော့ သေလမ်းပဲ သွားဖို့ရှိတာပေါ့။ ခန္ဓာရထားရင် အသေက မလွတ်ဘူး။ သူကတော့ သေဘက်ချည်းသာ သွားနေမှာပဲ။ ဘယ်နည်းနဲ့မှ တားလို့ဆီးလို့ မရနိုင်ဘူး။

အဲလေ အခုလက်ရှိ ဒီဘဝမှာ အမှားက ရှေ့ကျပြီး အမှန်က နောက်ကျနေတာကိုး။ ဒီတော့ ခန္ဓာက သုသာန် ကိုသာ အရောက်သွားနေတော့တာပေါ့။ အခုနေ ရသမျှအချိန်ကလေး အသေထဲကလုပြီး မသေတဲ့အလုပ် လုပ်နေကြ ရတာ။ တရားမရခင် သေများသွားရင်ဖြင့် ခက်လိမ့်မယ်။ တရားမပေါ်ခင် သေရင် ‘ငါတို့တော့ အရှုံးကြီးရှုံးပြီလို့’ပဲ ဆုံးဖြတ်ချက်ချ။

အသေမှားနဲ့ သေသွားရင်ဖြင့် ဒုက္ခရောက်တော့မယ်။ ဒါကြောင့် ဒီကနေ့ သေနည်းကို သင်ပေးရမယ်။ သေနည်းကို တတ်အောင်သင်ထားလိုက်ကြ။ ဘာမှအားမငယ်ကြနဲ့။ သေတတ်ဖို့သာ အရေးကြီးတယ်။

တရားမပေါက်မီ သေနည်း

မဟာကရုဏာတော်ရင် ဘုရားရှင်ကိုယ်တော်မြတ်က တရားမပေါက်ခင် သေရင် ဘယ်လိုသေကြရမယ်ဆိုတဲ့ သေနည်းကို ‘သုတ္တနိပါတ် အင်္ဂုတ္ထိုရ် ပါဠိတော်မှာ ဟောကြားထားတာရှိတယ်၊ သေနည်းသင်ပြခဲ့တယ်လို့ မှတ်ရမယ်။ တရားမပေါက်မီ သေနည်း’တဲ့။ တို့ဒကာတွေ အရိုးစွဲအောင် မှတ်ထားကြ။ ဘုရားက ဧရာမ မဟာကရုဏာတော်နဲ့ ဟောထားခဲ့တာ ဘယ်လိုလဲဆိုတော့…

သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင် သီတင်းသုံးနေတော်မူတဲ့အခါ ဇေတဝန်ကျောင်းတော် ရဲ့ မနီးမဝေးမှာရှိတဲ့ ကျောင်းတစ်ဆောင်မှာ ‘ဖဂ္ဂုဏ’ အမည်ရှိတဲ့ ရဟန်းတော်တစ်ပါး နေထိုင်လျက်ရှိတယ်။

ဖဂ္ဂုဏရဟန်း မကျန်းမမာဖြစ်တယ်

အဲဒီ ဖဂ္ဂုဏဆိုတဲ့ ရဟန်းတော်ဟာ တစ်နေ့ကျတော့ မကျန်းမမာဖြစ်လာတယ်။ တော်တော်ကြာလာရင်ပဲ မကျန်းမာတာဟာ သက်သာတယ်လို့မရှိဘဲ အသည်းအသန် ဝေဒနာ ဖိစီးလာခဲ့တယ်။ အဲဒါနဲ့ အရှင်အာနန္ဒာမထေရ် က အကဲလေးခတ်ပြီး ဒီ’ဖဂ္ဂုဏမထေရ်ဟာဖြင့် အခုနေမှာ အားကိုးအားထားစရာ ဘာတစ်ခုမှ မရသေဘူး။ မရဏာ သန္န အဝေဝကလည်း နီးနေပြီ ဒီဒုက္ခဝေဒနာနဲ့သာ စုတိကျရရင် လှလှကြီး မှောက်တော့မယ်။ ဒီတော့… မိတ်ဆွေ ကောင်းအဖြစ်နဲ့ ဆောင်ရွက်ဦးမှပဲ’လို့ စဉ်းစားပြီး ဘုရားသခင်ထံသွားပြီး အကြောင်းစုံ လျှောက်ထားတယ်။

ဒီတော့ ဘုရားကိုယ်တော်မြတ်ကလည်း မဟာ ကရုဏာတော်ရှင်တစ်ဆူ ဖြစ်တော်မူသည့်အလျောက် ကိုယ် တော်တိုင် ကြွရောက်ပြီး အဲဒီဖဂ္ဂုဏ မထေရ်နေတဲ့ ကျောင်းကလေးကို လိုက်တော်မူလာတယ်။ ဘုရားရှင် ကြွတော် မူလာတယ်ဆိုရင်ပဲ ဖဂ္ဂုဏမထေရ်ဟာ အင်မတန်ကြီး မမာနေရာကထပြီး ဝတ်ကြီးဝတ်ငယ်ပြုမယ့် အမူအရာကို မြင်ရတယ်။ ဒီတော့ ဘုရားရှင်က “ချစ်သား ချမ်းသာသလိုနေပါ ငါဘုရားခွင့်ပြုတယ်”လို့ မိန့်တော်မူပြီး “ချစ်သား ရောဂါဝေဒနာဟာ ဘယ်လိုများ နေသေးသလဲ”လို့ မေးတော့ ဖဂ္ဂုဏရဟန်းက “မှန်လှပါ… ဝေဒနာတိုးပါတယ် ဘုရား”လို့ လျှောက်တယ်။

ဒီတော့ ဘုရားရှင်က တရားအချက်ကို ဟောကြားမိန့်မြွက်တော်မူတယ်။

ခန္ဓာရှိနေရင် ဝေဒနာလာနိုင်မယ်

”ချစ်သား ဖဂ္ဂုဏ၊ ခန္ဓာရှိလို့သာ ဝေဒနာ လာနိုင်တာပဲ။ ခန္ဓာရှိနေရင် ဝေဒနာလာနိုင်မယ်၊ နှိပ်စက်နိုင်မယ်။ ခန္ဓာသာ မရှိရင် ဝေဒနာမလာနိုင်ဘူး။ ခန္ဓာချုပ်ရင် ဝေဒနာချုပ်တာပဲ။

”ခန္ဓာဟာ ဒုက္ခဟူသမျှကို ခံယူတတ်တဲ့ သဘောရှိတယ်။ ခန္ဓာဟာ ဒုက္ခရဲ့ စုဝေးရာပဲ။ ခန္ဓာဟာ ဒုက္ခစုရာ ဆင်းရဲအမှန်ဖြစ်တဲ့ ဒုက္ခသစ္စာပဲလို့ သိရမယ်။

”အဲဒီဒုက္ခအချက် ဆင်းရဲနက်ကို မပြတ်ရှု။ နှလုံးသွင်း၊ ဉာဏ်နဲ့ရှင်းအောင် ကြည့်လေတော့ ချစ်သား၊ ခန္ဓာ မရှိရင် ဒုက္ခဟူသမျှ မလာနိုင်။ ခန္ဓာချုပ်ရင် ဒုက္ခအစု ချုပ်တာပဲ။ ခန္ဓာရှိသမျှ ဒုက္ခရမှာပဲ။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာ့အပြစ်ကို မပြတ်ရှု ဆင်ခြင်လော့”။

ထို့နောက်လည်း ဆက်လက်၍ ဟောတော်မူပြန်တယ်။ “ချစ်သားဖဂ္ဂုဏ ကောင်းစွာ နှလုံးထားလော့။ ဒီခန္ဓာ အစုဟာ အပူကပေးတဲ့ ဒုက္ခကိုလည်း ခံယူတတ်တယ်။ အအေးကပေးလည်း ခံယူတတ်တယ်။ အခါးကပေး၊ အစပ်က ပေး၊ ပေးသမျှ ဒုက္ခအစုကို သူက ခံယူတတ်တယ်။

ဒီခန္ဓာကို ဆင်းရဲအမှန်တရား ဒုက္ခသစ္စာ

ဒါကြောင့် ဒီခန္ဓာကို ဆင်းရဲအမှန်တရား ဒုက္ခသစ္စာလို့ ခေါ်ဆိုရတယ်။ မိမိက မကြိုက်တာ၊ မနှစ်သက်တာ ဟူသရွေ့ သူက အကုန်လက်ခံတတ်တဲ့သဘော ရှိတယ်။ သူနဲ့ ကြာရှည်နေရလေ မကောင်းလေပဲဆိုတဲ့အချက်ကို ဉာဏ်သက်အောင် အမြဲနှလုံးသွင်းလေလော့။

ခန္ဓာချုပ်ရာ နိဗ္ဗာန်တရားဟာ အချမ်းသာဆုံးဖြစ်ပေတယ်။ ခန္ဓာချုပ်ရာ ဒုက္ခအပေါင်း၏ ချုပ်ဆုံးရာဖြစ်တဲ့ အတွက် နိဗ္ဗာန်ဟာ အလွန်လျှင် အေးမြချမ်းသာလှပေတယ်။ ချမ်းသာစစ် ချမ်းသာမွန် ဧကန်မှန်လှပေသည် ချစ် သား…”

စသည်အားဖြင့် ဟောကြားဆုံးမတော်မူတယ်။ ဒီလိုဟောကြားပြီး အတန်လောက်ကြာရင်ပဲ ဖဂ္ဂုဏမထေရ် ဟာ စုတိကမ္မဇရုပ် ချုပ်သွားရှာတယ်။

ဒီအခါမှာ ရှင်အာနန္ဒာက ကြည့်ရှုအကဲခတ်ပြီး ဘုရားရှင်ထံ ပြောဆိုလျှောက်ထားတယ်။

”အရှင်ဘုရား ဖဂ္ဂုဏမထေရ်ဟာ ဣန္ဒြေကြည်လင်သလောက် ချို့ယွင်းဖောက်ပြန်ချက် မတွေ့ရဘူး။ ချို့ယွင်း ဖောက်ပြန်ခြင်း လုံးဝကင်းပြီး အေးဆေးတည်ငြိမ်တဲ့ အသွင်လက္ခဏာရှိပါတယ် ဘုရား”လို့ လျှောက်ထားတယ်။

ဒီလိုလျှောက်တော့ ဘုရားရှင်က အကြောင်းခြင်းတရားကို ဖွင့်ဟမိန့်ကြားတော်မူလိုက်တယ်။

ဣန္ဒြေအမူအရာ ကြည်လင်မှာပေါ့

”ချစ်သား အာနန္ဒာ ဖဂ္ဂုဏဟာ ဣန္ဒြေအမူအရာ ကြည်လင်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ငါဘုရား တရား တော်ကို အစ၊ အလယ်၊ အဆုံး ကောင်းမွန်စွာ နာကြားရပေတယ်။ အစ၊ အလယ်၊ အဆုံး ကောင်းခြင်းသုံးရပ်နဲ့ ညီညွတ်တဲ့ တရားတော်ကို ကြားနာသွားရပေတယ်။ ဒါကြောင့်မို့လည်း ဖဂ္ဂုဏဟာ အောက်မဂ်သုံးပါးကို မျက်မှောက် ပြု၍ သွားနိုင်ခဲ့ပေတယ် အာနန္ဒာ”။

”ဒါကြောင့် ဖဂ္ဂုဏဟာ ကောင်းမြတ်သော သေခြင်းနဲ့ သေသွားတယ်လို့ ဆိုရတယ်။ ဒီနည်းနဲ့သေရင် ချို့ယွင်း ဖောက်ပြန်ရိုး ထုံးစံမရှိပေဘူး။ ကြည်လင်သန့်ရှင်းစွာ ဣန္ဒြေမူရာမျိုး ရရှိမြဲ ဓမ္မတာပေပဲ ချစ်သားအာနန္ဒာ”လို့ မိန့်ကြားဖြေဆိုတော်မူတယ်။

အသေက လွတ်ချင်ကြရင်

ဒီတော့ တို့ဒကာတွေ အသေကောင်းနဲ့များ မသေချင်ကြဘူးလား? သေချင်ရင် ဘုန်းကြီးက သင်ပေးရတာပေါ့။ ခန္ဓာရထားကြသမျှ သေဘေးက မလွတ်နိုင်ကြဘူး။ ခန္ဓာရနေသမျှ သေဘေးနဲ့ ကြုံရမှာပဲ။ ခန္ဓာဟာ ဒုက္ခအစု ဆင်းရဲမှု ဟူသမျှ သူက အကုန်လက်ခံတာ။ တကယ်သာ အသေက လွတ်ချင်ကြရင် နောက်ခန္ဓာ ဆုမတောင်းကြနဲ့။

တို့ဒကာတွေကတော့ ဒီလိုမဟုတ်ပေါင်။ သူ့ကိုပဲ မရအရ ဆုတောင်းပြီး ယူနေကြတယ်။ နောက်ထပ် မရအရ ဆုတောင်းပြီး ယူဦးမယ်ဆိုရင်ဖြင့် ‘သေချင်ကြလို့ပဲ၊ အသေပဲ ကြိုက်လွန်းလို့ပဲ၊ သူ့ထက်မိုက်တဲ့လူဖြင့် မရှိတော့ဘူး’လို့ ဆိုထိုက်မဆိုထိုက်။ အေး… လိမ္မာဖို့ အချိန်ရောက်ကြပြီ။ လိမ္မာသင့်ကြပြီလို့ မှတ်လိုက်ကြ။

လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာဆိုတဲ့ ခန္ဓာအမျိုးမျိုးတွေကို ဆုတောင်းပြီး ယူနေကြတယ်။ အဲခန္ဓာအမျိုးမျိုးတွေ ရလာတော့ အသေအမျိုးမျိုးနဲ့ကြုံရ၊ ဒုက္ခအမျိုးမျိုးတွေ ခံကြရတာပေါ့။ ခန္ဓာရချင်ယူချင်ရင် ကုန်းရုန်းပြီး ခံနိုင်အောင် သာ ခံကြပေတော့။

ခန္ဓာလိုချင်လို့ ခန္ဓာတောင်းယူနေကြတာဟာ ဘာလို့လဲ?။ သစ္စာတရား အမှန်အကန်တရားကို မသိကြလို့ပဲ။ ‘ခန္ဓာဟာ ဒုက္ခပဲ’လို့ မသိဘူး။ မသိတာဟာ အဝိဇ္ဇာ တိမ်သလာဖုံးနေလို့။ ပညာမျက်စိ စုံလုံးကန်းနေတယ်။ ကန်းနေတော့ ‘ဒုက္ခအစစ်ပဲ ဆင်းရဲအမှန်ပဲ’ဆိုတာ မသိတော့ဘူး။ မသိတော့ ခန္ဓာရချင် ယူချင်ကြတာပေါ့။

သစ္စာမသိတဲ့သူ အရူး အကန်း

‘လောကမှာ မကောင်းတာ လိုချင်တဲ့လူဟာ အရူးမို့သာ’ပဲလို့ ဆိုရသလို အဲဒီသစ္စာမသိတဲ့သူကိုလည်း အရူး အကန်းပဲလို့ ဆိုထိုက်,မဆိုထိုက်။ ရူးလည်းရူးသေး၊ ကန်းလည်းကန်းသေး ဘာများ ကောင်းတာရှိသေးသလဲ? စဉ်းစား ကြ။ မိမိက အရူးအကန်းဆိုတော့ ဒုက္ခခန္ဓာ အဖော်လုပ်မိနေတာပေါ့။ ဒုက္ခခန္ဓာအဖော်လုပ်မိတော့ ‘ဒုက္ခနဲ့လူ လူနဲ့ဒုက္ခ’ ‘မိမိနဲ့ဒုက္ခ ဒုက္ခနဲ့မိမိ’ ဘယ်တော့မှ ခွဲခွါလို့မရတော့ဘူး။

ဥပမာကြမ်းတယ်လို့များ မအောက်မေ့ကြပါနဲ့။ ခွေးဝဲစားနဲ့ပဲ တူသတဲ့။ ခွေးဝဲစားလေးလိုပါပဲတဲ့။ ခွေးဝဲစား ဆိုတာ ခွေးနဲ့ ဝဲနာ ခွဲခွါလို့မရသလို မိမိနဲ့ဒုက္ခ (ဝါ) ခန္ဓာနဲ့ ဒုက္ခဟာလည်း ခွဲခွါလို့မရဘူး။ ခွေးဝဲစားကလေးဟာ ပြေးရင်းလွှားရင်းလည်း မဖြောင့်ဘူး။ ဝဲနာကယားလို့ ဖျောက်လိုက်ရ၊ သွားရင်းလာရင်း စားရင်းသောက်ရင်း ဖျောက် လိုက်ရ၊ ကောင်းကောင်းစားရသောက်ရတယ်လို့ မရှိရှာဘူး။ တလုပ်စားလိုက် ဝဲနာလှည့်ဖျောက်လိုက်၊ တစ်လှမ်းသွား လိုက် ဝဲနာလှည့်ကုတ်လိုက်ရနဲ့ ဣန္ဒြေကိုမရနိုင်ဘူး။ ကောင်းကောင်းနေရတဲ့အချိန်ရယ်လို့ မရှိတော့ဘူး။ ဝဲနာယားလို့ ကုတ်ရတာနဲ့ အချိန်ကုန်တာပဲတဲ့။

ဒီအတိုင်းပါပဲ တို့ဒကာတွေ ရန်ကုန်သွားရင်းနဲ့လည်း လမ်းမှာ လေနာ,ရင်နာထ ဖျားချင်လည်းဖျားနေ အအေးမိ၊ နှာစေး ချောင်းဆိုးနဲ့ အမျိုးမျိုး ဝဲနာထနေတာပါပဲ။ ဝဲနာထရင် ကုရအောင် သရအောင် ငွေရှာရ၊ ပစ္စည်း ရှာရ ဆရာဝန်နဲ့ သင့်အောင်ပေါင်းရ၊ အဲဒါ ဝဲနာထထနေတတ်လို့ ခန္ဓာအတွက် လုပ်နေကြရတာပဲ ရှင်းကြပလား?။

ခန္ဓာနဲ့ ပေါင်းသင်းပြီး နေထိုက်/ မနေထိုက်

ဒီလို ခန္ဓာနဲ့ ပေါင်းသင်းပြီး နေထိုက်၊ မနေထိုက် စဉ်းစားကြ။ သူ့ကို ဒီလောက်တောင် ပြုရ၊ စုရ၊ အဝတ်ဆင် ရ၊ အစာကျွေးရ၊ တယုတယ ကြောင့်ကြစိုက်နေရတဲ့ကြားထဲက သူက သေလိုက်တော့မယ်များ ပြောသေးတယ်။ ခေါင်း ကိုက်လိုက်၊ ဗိုက်နာလိုက်၊ အသည်းအသန် မမာလိုက်နဲ့ ‘ငါ့ဂရုစိုက်၊ ငါသေတော့မယ်’နဲ့ ပြောပြောနေသေးတယ်။

‘အမောင်ရယ် တောင်းပန်ပါရစေ၊ မသေလိုက်ပါနဲ့ဦး။ ကျုပ် ခင်ဗျားကို အများကြီး အလိုလိုက်ပါ့မယ်၊ ပြုစု ပါ့မယ်၊ ယုယပါမယ်’ ပြောပေမယ့် ရကြသလား? မရပါဘူး။ နဂိုကတည်းက အနိစ္စ မမြဲတဲ့ခန္ဓာ၊ ဒုက္ခဆင်းရဲတဲ့ခန္ဓာ၊ အနတ္တ ကိုယ့်အလိုမပါတဲ့ခန္ဓာပါလို့ ပြောနေမှပဲ။

ခရီးသွားရင်း အရောင်းအဝယ်သွားရင်းနဲ့ တချို့များ အိမ်ကိုတောင် ပြန်မရောက်ကြဘူး။ လေထိုးလို့၊ လေ ဖြတ်လို့၊ ကားမှောက်လို့နဲ့ လမ်းခုလတ်မှာပဲ သေပွဲဝင်ကြရတယ်။ ‘ကျုပ်အိမ်စိတ်မချလို့ ခဏလောက်ဆိုင်းပါဦး စာရင်း တွေက မရှင်းရသေးလို့ပါ၊ ခုနစ်ရက်လောက် ဆိုင်းပါဦး’ဆိုလို့များ ရပါရဲ့လား?။ တားလို့ဆီးလို့ ရနိုင်ပါ့မလား?။ ဘယ်မှာရနိုင်ပါ့မလဲ?။ ခန္ဓာကိုယ်က အနတ္တပါလို့ ပြောနေမှပဲ။ ဒုက္ခလို့ အနိစ္စလို့ ပြောနေမှပဲ။ မသေချင်ပဲနဲ့လည်း သေရတယ်။ မသေအောင် အောင့်နေလို့လည်းမရ ဆိုင်းထားလို့လည်း မရဘူး။

ခန္ဓာကို မရအရ ဆုတောင်းပြီး ယူချင်ကြသေးတယ်

ဒါနဲ့များ ဒကာတို့တစ်တွေက ဒီလောက်ကြီးနှိပ်စက်တဲ့ ခန္ဓာကို မရအရ ဆုတောင်းပြီး ယူချင်ကြသေးတယ်။ တရားနာနေရင်းကတောင် ဟိုဘက်ပြောင်းရ၊ ဒီဘက်ပြောင်းရ၊ အငြိမ်ကို မနေနိုင်ကြဘူး။ ဝဲနာထလို့ပဲမဟုတ်လား။ ခါးထဲကတောင့် ကျောထဲကအောင့် ဇက်ကထိုးနဲ့ အမျိုးမျိုး ဝဲနာထနေကြတယ်။ တရားကိုတောင် ငြိမ်ငြိမ်မနာနိုင် ကြဘူး။ ဝဲနာထလို့ ခန္ဓာမှာ ဝဲနာထတာနဲ့ အချိန်ကုန်တာပဲ။

ဒကာတို့ အခုလည်း သူတို့ပစ္စည်းရှာရတယ်၊ ကျွေးဖို့မွေးဖို့ ပြုဖို့စုဖို့ အခုလည်းပြုစုနေရသေး၊ အခုမမာရင် အခုကုဖို့လည်း ရှာရ နောက်ကုဖို့လည်း ရှာပြီးစုထားရ ဒါနဲ့ပဲ အချိန်ကုန်နေကြရတာပဲ။ ဒီပြင် ဘာအကျိုးများ ရှိကြ ဦးမှာလဲ?။ ဘုရားအလုပ်၊ တရားအလုပ်များ လုပ်နိုင်ဖို့ အချိန်ရကြသေးသလား?။ လုပ်နေသမျှ သူ့အတွက်ကများ တယ်၊ တော်လောက်ကြပြီထင်တယ်။

ဒုက္ခခန္ဓာကြီးဟာ လှေပေါက်လိုပဲ။ ဒီဒုက္ခသစ္စာကြီး ဖာဖို့၊ ထေးဖို့၊ မဖို့ ဒါကို မပျင်းမရိ လုပ်နိုင်ကြတာများ အံ့လောက်ပါရဲ့။ သာမညရူးရင်ဖြင့် မလုပ်နိုင်ပါဘူး။ အလွန်ကို ရူးလွန်းလို့ လုပ်နိုင်ကြတာလို့ မဆိုထိုက်ဘူးလား?။ ဘယ်လောက်ပဲ အားထုတ်ပြီး ဖာကြ၊ ထေးကြ၊ မကြပေမယ့် မရပါဘူး။ လှော်ရင်းက နစ်ကြရမှာပဲ၊ ရှင်းကြပလား?။

ဘာနဲ့ အချိန်ဖြုန်းနေကြသလဲ?

တို့ဒကာတွေ ဘာနဲ့ အချိန်ဖြုန်းနေကြသလဲ?။ ဘုရားကိစ္စ၊ တရားကိစ္စနဲ့ပဲလား?။ ဒီဒုက္ခခန္ဓာကြီးအတွက်ပဲ လား?။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြ။ ခင်ဗျားတို့ဟာ ဆေးရုံက သူနာပြု ဆုတောင်းထားသလိုပါပဲ။ အဲ… ခန္ဓာရှိသူမှန်သမျှ သူနာပြုရာထူး ရထားတာနဲ့ အတူတူပဲ။

ခန္ဓာက အစိုးမရလို့ ကိုယ့်ဟာကိုယ် မဟန်နိုင်တော့တဲ့အချိန်ကျပြန်တော့လည်း ‘ဝိုင်းပါဟ-ဝန်းပါဟ ဘယ် လောက်ပေးရပေးရ ဆရာဝန်ခေါ်ကြပါဦး လူ့ထက် ဘာမှပိုမကောင်းဘူး လူမသေ ငွေမရှားဘူး’လို့ ဝိုင်းဝန်းကြပ်မတ် ပြီး စောင့်ရှောက်ပေးပေမယ့် ဒီကြားထဲက ကိုယ့်ဟာကို လက်လျှော့ရ၊ ဆွေမျိုးတွေလည်း လက်လျှော့လိုက်ရ၊ လက် လျှော့ပြီး နောက်ဆုံး ခေါင်းထဲသွား ခေါင်းထဲဝင်ရတာပါပဲ။ ဒီထက် ဘာများပိုသေးလို့လဲ? သဘောပါကြရဲ့လား။

ဘယ်လောက်ပဲ ပြုနေကြ၊ စုနေကြ၊ ပြုကျိုးမနပ် စုကျိုးမနပ်တဲ့ ဒုက္ခခန္ဓာပါ သူစိမ်းပြင်ပသူများကိုတော့ မြင်တတ်ကြတယ်။ ကိုယ့်ခန္ဓာမှာတော့ မမြင်တတ်ကြဘူး။ ဒကာတို့ဟာက ဖျင်းလိုက်တာမှ လွန်ရောပဲ။ တစ်ခါဖျင်း မကဘူး ဘဝအဆက်ဆက်က ပါလာတဲ့ အဖျင်းတကာ ထိပ်ပိတ်ချည်းပဲ။ ပြော, မပြောချင်တော့ဘူး မိုက်သထက် ပိုမိုက်နေကြတော့တယ်။

ဒီကနေ့ကစပြီး ပြင်ကြ၊ မမိုက်ကြတော့နဲ့။ ဒီတစ်ချီမိုက်မိရင် မိုက်စသိမ်းဖို့ရာ မမြင်တော့ဘူး။ မမိုက်တော့ ဘူးဆိုရင် အမိုက်လက်စဆုံးကြမှာပဲ ဒီတော့ ဘုန်းကြီးတို့က ဘုရားရှင်ကိုယ်တော်စား ကျကျနန ဟောပြနေတာမို့ ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ ဘုရားစကားတော်တွေလို့ဆိုပြီး လိုက်နာကြ။

ဘုရားရှင်က သေခါနီးရင် ဘယ်လိုသေရမယ်ဆိုတဲ့ သေနည်းသင်ပြခဲ့တယ်။ သေတာများ သင်နေရသေး သလားလို့ မအောက်မေ့လိုက်ကြနဲ့။ တို့ဒကာတွေ ခုထက်ထိ အနေလည်းမတတ်၊ အသေလည်း မတတ်ကြသေးဘူ။ ဒါကြောင့် ဘုရားအဆူဆူကို ရှောင်ကွင်းပြီး ဆင်းရဲတွင်း နက်နေကြတာပဲ။

သေနည်းနှစ်မျိုး

ဘုရားရှင်က သေနည်းနှစ်မျိုး ဟောပြခဲ့တယ်။ နှစ်မျိုးက…

(၁) တရားတော်နာကြားရင်း သေတဲ့နည်းနဲ့။

(၂) မိမိကိုယ်တိုင် တရားနှလုံးသွင်း ဆင်ခြင်၍ သေတဲ့နည်းလို့ နှစ်မျိုး။

တရားနာရင်း သေရင် အောက်သံယောဇဉ်ငါးပါးကို ပယ်နိုင်တယ်တဲ့။ တရားကလည်း ခန္ဓာကို စက်ဆုပ်အောင် ဟောတဲ့တရားဖြစ်ရမယ်။ ဒုက္ခသစ္စာ ပိုင်းခြားပြီးသိတဲ့ သစ္စာဆိုက်တဲ့တရား သစ္စာဆိုက်အောင် ဟောပြတဲ့ တရားမျိုး သာ ဆိုလိုတယ်။ သစ္စာမဆိုက်တဲ့ ဒီပြင်တရားမျိုးကို ဆိုတာမဟုတ်ဘူးလို့ မှတ်ကြ။

ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး သေနည်း

ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး သေနည်းက သေခါနီးရင် ဒုက္ခဝေဒနာ ဒုက္ခဒဏ်ချက် တစ်ခုခုပေါ်လာမယ်။ အဲဒီပေါ်လာတဲ့ ဒုက္ခဝေဒနာကို ဖြစ်ပျက်ရှုပေး။ ဪ… နှိပ်စက်တဲ့ တရားပါလား။ နှိပ်စက်တာ ဧကန်ဖြစ်လို့ ဒုက္ခတရား ဒုက္ခသစ္စာကြီးပဲ။ ဒီဒုက္ခတရား ဒုက္ခသစ္စာဟာလည်း မမြဲပါဘူး။ ဖြစ်ပြီးပျက်သွားတာပဲ။ ဝေဒနာလည်း ဖြစ်ပြီးပျက် ဒီဝေဒနာရဲ့ ဆင်းရဲသဘောဟာလည်း ဖြစ်ပြီးပျက်တာပါပဲ။

အားလုံး ဖြစ်ပေါ်လာသမျှတွေဟာ ပျက်ကြရတာချည်းပဲ။ ဘာပဲလာလာ ပျက်မှာချည်းပဲ။ အဖြစ်နဲ့အပျက်က လွဲရင် ဘာမှမရှိပါကလား။ ‘ဖြစ်ပျက်,ဖြစ်ပျက်’လို့ ရှုနေရမယ်။ ဖြစ်ပြီးပျက်သွားတဲ့ ဖြစ်ပျက်အစဉ်မှာ ဉာဏ်ရောက် နေရမယ်။ ဒီလိုဉာဏ်နဲ့နေတော့ ဝေဒနာချုပ်သွားတယ်။ ဝေဒနာချုပ်တာ ဒုက္ခချုပ်တာပဲ။ ‘ဝေဒနာ နိရောဓာ တဏှာ နိရောဓော’ ဝေဒနာချုပ်တဲ့နောက် တဏှာအလိုလိုသေတယ်။ ဒီတော့ ပဋိစ္စသမုပ္ပါဒ် ဒီတွင်ပဲပြတ်။ ပြတ်တော့ ‘ဒုက္ခ နိရောဓော နိဗ္ဗာနံ’ လာတာပဲ။

ဒုက္ခဝေဒနာ လာသမျှ ဖြစ်ပျက်သာရှု။ ဖြစ်ပျက် အနိစ္စနောက်က မဂ္ဂဉာဏ်လိုက်ရမယ်။ ဒီလိုဖြစ်ပျက်နဲ့ မဂ်မပြတ်အောင် ဉာဏ်လိုက်သွားနိုင်ရင် မသေခင်ကလေးမှာ သုံးမဂ်ကျအောင် ရနိုင်တယ်။ အားမကိုးထိုက်ကြဘူး လား?။

ဘုရားရှင်က အလွန်တရာ ထက်သန်ကြီးမားလှတဲ့ မဟာကရုဏာတော်နဲ့ ဟောပြခဲ့တာ။ ‘သတ္တဝါ ဝေနေယျ’ ဒကာတို့ကို သနားလွန်းလို့ ကြိုးစားလိုက်နာကြ။ ပေါ့ပေါ့ကလေးများ မမှတ်လိုက်ကြနဲ့။

‘သဒ္ဓမ္မဿဝနံ အတိ ဒုလ္လတံ’ဆိုတဲ့အတိုင်း အင်မတန်မှ ညီညွတ်နိုင်ခဲ့တယ်။ ကိုယ်လည်း ကျန်းမာမှ တရား နာနိုင်တယ်။ ကျန်းမာလို့ နာနိုင်ပေမယ့်လည်း သစ္စာဆိုက်တဲ့တရားလည်း ဖြစ်ပါဦးမှ ‘သဒ္ဓမ္မ’လို့ ဆိုနိုင်တယ်။ ဒီတော့ ဒီတရားမျိုး၊ ဒီနားမျိုး အဆင်ပြေဖို့ရာ တစ်သက်မှာမှ တစ်ခါပဲဆိုရင် မမှားပါဘူး။

သေခါနီးမှာ အရေးကြီးတယ်

ဒါကြောင့် အရေဝအောင် နာထားကြ။ ခုအနေမှာ အဆင်မပြေလို့ မဂ်ခြေ၊ ဖိုလ်ခြေ မဆိုက်နိုင်ခဲ့သေးရင် သေခါနီးမှာ အရေးကြီးတယ်။ သေပြီး အပါယ်မကျဖို့ လုပ်ကြ။ ဒီတော့ ကောင်းတာက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နှလုံး သွင်းပြီး သေတာ အကောင်းဆုံးပဲမှတ်။ တို့ဒကာတွေ သေတဲ့အခါ ကိုယ့်သစ္စာကိုယ်ရှုပြီး သေကြပါလို့ ပြောလိုက်ပါ တယ်။

ဒကာတို့တစ်တွေဟာ ခန္ဓာရထားမှတော့ သေနာပေါက်မယ့် လူချည်းပဲ။ သေနာမပေါက်မဲ့သူ တစ်ယောက်မှ မပါပါဘူး။ ဒီတော့ ဒုက္ခမရောက်ရအောင် ခုကတည်းက ဒီဆေးကို လုပ်ထားကြ။ ဒီဆေးနဲ့မှ သေခြင်းကောင်းသေရ မယ်။ ဒီသေနည်းနှစ်ခုမသိရင် ဒါမှမဟုတ် မလုပ်မိကြရင် သေခြင်းဆိုးသာ ကြုံရမယ်လို့သာ ဆုံးဖြတ်ချက်ချ။ သေခြင်း ဆိုး မကြုံချင်ရင် ခုအချိန်က ပြည့်စုံအောင် လုပ်ထားကြ။

လုပ်ထားရင် သေခြင်းဆိုးက လွတ်မယ်။ သေခြင်းဆိုးလွတ်ဆိုတာ အပါယ်လမ်းပိတ်တာကို ပြောတာ။ အပါယ် လမ်းလည်း ပိတ်ကရော နိဗ္ဗာန်တံခါးလည်း ပွင့်လာရော။ သုဂတိလမ်းဆိုတာကတော့ မဆန်းပါဘူး။ သံသရာလမ်း တစ်လျှောက်မှာ မရောက်ဘူးတဲ့ ဘုံဘဝရယ်လို့ မရှိပါဘူး။ ဒါပေမဲ့လည်း ခဏတဖြုတ်ပါ။ သုဂတိက နည်းနည်းပါး ပါးလောက်နဲ့ အပါယ်ကသာ များနေတာ။

ကောင်းကင်မြှောက်လိုက်တဲ့ ‘ခဲ’လိုပါပဲ

ဥပမာဆိုရင် ကောင်းကင်မြှောက်လိုက်တဲ့ ‘ခဲ’လိုပါပဲတဲ့။ ကောင်းကင် မြောက်တက်သွားတဲ့ အရှိန်လောက် ကြာတာပါ။ အရှိန်ကလေးကုန်တော့ ပြန်ကျလာပြီး အောက်မှာ နေနေတဲ့အချိန်ဟာ ဒုဂ္ဂတိဘဝ အပါယ်သံသရာ နေရတဲ့အချိန်နဲ့ ဥပမာတူတယ်လို့ မှတ်ကြရမယ်။

ဒီတော့ နိဗ္ဗာန်ရဖို့ အရေးကြီးတယ်။ နိဗ္ဗာန်ရအောင် ဘယ်လိုလုပ်ရမလဲ?။ ဒီနေရာမှာ မိလိန္ဒမင်းက အရှင် နာဂသိန်မထေရ်ကို မေးမြန်းတဲ့စကားအချက်ကို ထုတ်ပြရမယ်။

”အရှင်ဘုရား နိဗ္ဗာန်ကို အလုံးစုံသော ပုဂ္ဂိုလ်များ ရနိုင်ပါသလား” မိလိန္ဒမင်းကြီးက ဒီလိုမေးလျှောက်တော့ အရှင်နာဂသိန်မထေရ်က…

”မင်းကြီး အလုံးစုံသော ပုဂ္ဂိုလ်တို့ မရနိုင်ပေဘူး”လို့ ဖြေတယ်။ “ဒါဖြင့် ဘယ်လိုပုဂ္ဂိုလ်များမှ ရနိုင်ပါသလဲ?၊ ရှင်းလင်းမိန့်ကြားတော်မူပါဘုရား”လို့ လျှောက်ထားတော့ ရှင်နာဂသိန်မထေရ်က…

”မင်းကြီး အဘိညေယျေ အဘိဇာနာတိတဲ့။ ထိုးထွင်းပြီး သိရမယ့်တရားကို ထိုးထွင်းပြီးသိတဲ့ ပုဂ္ဂိုလ်မှသာ နိဗ္ဗာန်ရနိုင်တယ်”လို့ ဖြေကြားတော်မူတယ်။

အဓိပ္ပာယ်က ပိုင်းခြားပြီး သိရမယ့်တရား၊ ပယ်ရမယ့်တရား၊ ပွားများရမယ့်တရား၊ မျက်မှောက်ပြုရမယ့်တရား၊ ဒီလိုသစ္စာလေးပါးတရားကို ထိုးထွင်းပြီးသိမှ နိဗ္ဗာန်ရနိုင်တယ်လို့ ဆိုလိုတယ်။

တို့ဒကာတွေအတွက်တော့ လေးပါးဆိုရင် များနေပါလိမ့်မယ်။ လန့်ကန်မှာ စိုးရတယ်။ ဒါကြောင့် ‘ဒုက္ခသစ္စာ’ သိရင် ရောက်တယ်လို့ပဲ ဘုန်းကြီးက ဟောမယ်။ တစ်ဆို လွယ်တယ်။ ကြိုးစားမှပဲဆိုပြီး ကြိုးစားကြ။ တစ်မှ မကြိုးစား ချင်ရင်တော့ တစ်ကလွဲရင် သုညပဲကျန်တော့တယ်။

တစ်ပါးသိရင် ကျန်သုံးပါးကိုလည်း အလိုလိုသိ

တစ်ခုကိုတော့ ကြိုးစားကြ တစ်,ကြိုးစားရင် သုံးပါးအတွက် ကိစ္စပြီးစီးပါတယ်။ တစ်ပါးသိရင် ကျန်သုံးပါးကိုလည်း အလိုလိုသိလာပါတယ်။ အခုပြောတာ သံယုတ်ပါဠိတော်မှာ ဟောတဲ့စကား…

+++ “ယော ဘိက္ခဝေ ဒုက္ခံ ပရိဇာနာတိ သမုဒယမ္ပိ ပဇဟတိ နိရောဓမ္ပိ သစ္ဆိကရောတိ မဂ္ဂမ္ပိ ဘာဝေတိ”လို့ ဟောတော်မူတယ်။ ဒါကြောင့် တစ်လောက်တော့ မခဲယဉ်းပါဘူး ကြိုးစားကြ။

ဒါဖြင့် ဒီနေရာမှာ ဘယ်လိုများ ကြိုးစားရမှာလဲဆိုတော့ ဥပမာ- ထမင်းစားတယ်ဆိုပါစို့၊ ထမင်းစားတော့ ဇိဝှာပသာဒ လျှာ, အကြည်ရုပ်နဲ့ အရသာရုပ်ကို အစွဲပြုပြီး ဇိဝှာဝိညာဏ် လျှာ, အသိစိတ် ဖြစ်ပေါ်လာရတယ်။ အဲဒီလျှာ, အကြည်ရုပ် အရသာရုပ်၊ လျှာ, အသိစိတ်ဆိုတဲ့ သုံးခုပေါင်းဆုံမှုသဘောဟာ ‘ဖဿ’ပဲ။ ဖဿဖြစ်တော့ ခံစားမှုဝေဒနာတစ်ခုခု ဖြစ်ပေါ်လာတယ်။

+++”ဇိဝှဉ္စ ပဋိစ္စ ရသေစ ဥပပဇ္ဇတိ ဇိဝှါဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ” လို့ ဆ,ဆက္ကသုတ် ဒေသနာမှာ ဟောတော်မူတယ်။

ဒါကြောင့်လည်း ဒီစားသောက်တဲ့နေရာမှာ သတိကပ်ပြီး ရှုမှတ်ရမယ်။ ‘စားသိပျက်၊ စားသိပျက်၊ စားသိ ဖြစ်ပျက် စားသိဖြစ်ပျက်’လို့ရှု၊ ရုပ်ရှုရှု၊ နာမ်ရှုရှု၊ တစ်ခုခု မိအောင်ရှု၊ ဖဿလည်းရှု၊ ဝေဒနာလည်းရှု၊ တစ်ခုခုကို မလစ်အောင် ဖြစ်ပျက်ရှုပေး စားသိပျက်ရှုရင် ဖဿဝေဒနာ တစ်ပြိုင်တည်းချုပ်တယ်။ နာမ်ခန္ဓာလေးပါးလုံး ချုပ် တာပဲ။ မရှုမိရင် ဝေဒနာ၊ တဏှာ၊ ဥပါဒါန်ကံတွေ ဇက်တိုက်လာလိမ့်မယ်။ သတိမလွတ်စေနဲ့။

တဏှာသေတာနဲ့ နိဗ္ဗာန်ပေါ်တာပဲ

ရှုတာနဲ့ အဲဒီဝေဒနာချုပ်တဲ့နေရာမှာ မဂ်ပေါ်လာတယ်။ မဂ်ပေါ်တာနဲ့ တဏှာသေတာနဲ့ တစ်ချက်တည်းပဲ။ တဏှာသေတာနဲ့ နိဗ္ဗာန်ပေါ်တာပဲ။ ‘တဏှာ နိရောဓော နိဗ္ဗာနံ’၊ သမ္မပ္ပဓာန် ဝီရိယနဲ့ ကြိုးစားအားထုတ်ကြ။

ဥပမာ… အိပ်တဲ့အခါ ထိုင်တဲ့အခါဆိုပါတော့ ထွက်လေဝင်လေ သို့မဟုတ် ရှူစိတ်ရှိုက်စိတ် ရှိနေတယ်။ အဲဒီမှာပဲ ရှုချင်ရှု၊ ရှုတဲ့အခါ ‘ရှူစိတ်ဖြစ်ပျက်၊ ရှိုက်စိတ်ဖြစ်ပျက်ပဲရှု’ ရုပ်ရှုလို့ ထွက်လေဝင်လေ သဘောမှာရှိတဲ့ လှုပ်ရှားမှုသဘောဆိုတဲ့ ဝါယောရုပ်ကို ရှုနိုင်တယ်။ ရှုတိုင်းရှုတိုင်း လှုပ်ရှားမှုသဘော ဖြစ်ပျက် ဖြစ်ပျက်ပဲ။

ကာယအကြည့်နဲ့ တွေ့ထိသွားလို့ ဖောဋ္ဌဗ္ဗရုပ်ကိုလည်း ရှုလို့ရတယ်။ ရှူတိုင်း ရှိုက်တိုင်း ကာယအကြည့်နဲ့ ထိတွေ့ ထိတွေ့ပြီး ဖြစ်ပျက်နေတာကို ဉာဏ်နဲ့မြင်အောင်ကြည့်၊ ကြည့်ပြီး အတွေ့သဘော တစ်ခုနဲ့တစ်ခု တစ်သဘော နဲ့တစ်သဘော ပြောင်းလဲသွားတာ မြင်ရမယ်။ ဒါသတိမလွတ်အောင် ဖြစ်ပျက်-ဖြစ်ပျက် ရှုပေး၊ ဘာရှုရှု တစ်ချက် ချက်မိအောင် ဉာဏ်ရောက်အောင် ရှုကြ၊ တဏှာတော့ မကူးစေကြနဲ့။

+++ “ဒုက္ခနိရောဓော နိဗ္ဗာနံ ခန္ဓာနိရောဓော နိဗ္ဗာနံ တဏှာနိရောဓော နိဗ္ဗာနံ”ပဲ။

ဒါကြောင့် ဒုက္ခသစ္စာ တစ်ခုတည်းကို ဒုက္ခသစ္စာအချက် ဖြစ်ပျက်ကို မြင်အောင်ရှုကြ။ နောက် မုန်းအောင်၊ နောက် ဆုံးအောင် ရှုကြ။ ဒုက္ခသစ္စာပဲ။ ဆင်းရဲအမှန် တရားပဲလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချနိုင်အောင် ရှုကြလို့ တိုက်တွန်းလိုက်တယ်။

ကိုင်း… ဒီနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********