နိဗ္ဗာန်ရရာ နည်းလမ်းရှာ တရားတော်
ဖြစ်-မဖြစ် တရားလေးပါး
(၁) ကံကြောင့်ဖြစ်တဲ့တရား၊ ရုပ်, နာမ်, ခန္ဓာ သတ္တဝါများ။
မနောနှစ်မျို။
ကိလေသာကို အာရုံပြုတဲ့မနော၊ ဝိပဿနာဉာဏ်။
ကိလေသာကို အာရုံမပြုတဲ့မနော၊ မဂ်ဉာဏ်။
ဆောင်ပုဒ်-
ဥတုကြောင်းကံ၊ မဆက်ဆံ၊ နိဗ္ဗာန်ချမ်းသာမြတ်။
မဂ္ဂင်ရှစ်ဝ၊ မဇ္ဈိမ၊ ကျင့်မှ ရမည်မှတ်။
သမ္ပာပဋိပန်၊ စင်ကြယ်ဉာဏ်၊ နိဗ္ဗာန်မြင်ဆတ်ဆတ်။
ဆုတောင်းရုံပင်၊ မကျင့်လျှင်၊ ဘယ်တွင်မရအပ်။
သတိချပ်-
ကိလေနူနာ၊ ရှိသူမှာ၊ မြဲသာ ပိုးလောက်ကိုက်။
အတွင်းပိုးထ၊ မီးလှုံကြ၊ သားများ သမီးပိုက်။
နူနာပျောက်ချင်၊ တရားခွင်၊ မြန်လျှင် ကျင့်ထုတ်လိုက်။
နူနာမသိ၊ ဆေးမဖိ၊ လား၏ ပါယ်စိုက်စိုက်။
တရားသား။ ။
‘နိဗ္ဗာန်’ကို ပြောရမယ်
နိဗ္ဗာန်ရောက်ကြောင်း တရားကို ပြောခဲ့ပြီးပြီ။ ဒီနေ့ တရားအားထုတ်လို့ ရောက်ရာ ရရာဖြစ်တဲ့ ‘နိဗ္ဗာန်’ကို ပြောရမယ်။ လောကမှာ တရားအမျိုးမျိုးရှိတယ်။ အမျိုးမျိုးက ကံကြောင့်ဖြစ်တဲ့တရား၊ အကြောင်းကြောင့် ဖြစ်တဲ့တရား၊ ဥတုကြောင့်ဖြစ်တဲ့တရား နောက်ပြီး ကံကြောင့်မဖြစ်တဲ့တရား၊ အကြောင်းကြောင့်မဖြစ်တဲ့တရား၊ ဥတု ကြောင့်မဖြစ်တဲ့တရားလို့ အစားစားပဲ။
ကံဖြစ်တရား။ ။ စေတနာဟာ သတ္တဝါကို ဖြစ်စေတယ်။ စေတနာကံကြောင့် ရုပ်နာမ်ခန္ဓာ သတ္တဝါတွေ ဖြစ်တာ။ ဒါကြောင့် ‘ကမ္မံ သတ္တေ ဝိဘဇ္ဇတိ’လို့ဆိုတာပဲ။
အကြောင်းဖြစ်တရား။ ။ မျိုးစေ့ဆိုတဲ့ အကြောင်းကြောင့် သစ်ပင်တွေ၊ တောကြီးတွေ စသည်တို့ ဖြစ်ပေါ် လာရတယ်။ မီးဆိုတဲ့ အကြောင်းကြောင့် မီးလျှံ၊ မီးတောက်၊ မီးခိုးတွေ ဖြစ်တယ်။ အဲဒါတွေ အကြောင်းကြောင့် ဖြစ် တာတွေပဲ။
ဥတုဖြစ်တရား။ ။ ဥတုကြောင့် မြေ၊ ရေ၊ လေ၊ တောင် စသည်တို့ဖြစ်တယ်။ ဒါကြောင့် ဒီတရားတွေဟာ ဥတုကြောင့် ဖြစ်ပေါ်လာရတဲ့ တရားတွေပဲလို့မှတ်။
အကြောင်းမဲ့ဖြစ်တရား။ ။
နိဗ္ဗာန်တရားနဲ့ ကောင်းကင်ကြီးဟာ ဘာကြောင့်မှ မဖြစ်ဘူး။ ကံကြောင့်လည်း မဖြစ်ဘူး။ အကြောင်းကြောင့်လည်း မဖြစ်ဘူး။ ဥတုကြောင့်လည်း မဖြစ်ဘူး။ ဒါကြောင့် ‘နိဗ္ဗာန်’ဟာ ဘာကြောင့်မှ ဖြစ်တဲ့တရားမျိုး မဟုတ်ဘူး၊ အကြောင်းကင်းတဲ့တရားလို့ မြဲမြဲမှတ်ကြ။
နိဗ္ဗာန်ဟာ ကံကြောင့်မဖြစ်ဘူး။ ကံနဲ့မရဘူး။ နိဗ္ဗာန်ရောက်အောင် ‘မဂ္ဂင်’နဲ့ သွားမှရတယ်။ မဂ္ဂင်ဆိုတာ ဉာဏ်ဦးစီးတဲ့လမ်း။ တို့ဒကာတွေက ‘ဩကာသ ဩကာသဆိုပြီး အဆုံးစွန်သောဘဝမှာ နိဗ္ဗာန်ရရပါလို၏’ဆိုပြီး တောင်းနေကြတယ်။ အဲဒါ အနာဂတ် လှမ်းတောင်းနေကြတာ။ နိဗ္ဗာန်ဆိုတာ ကာလသုံားပါးက လွတ်နေတဲ့တရား။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးမှာရှိတဲ့ တရားမဟုတ်ဘူး။
အဆုံးစွန်သော ဘဝဆိုတာ ဘယ်လောက်ကြာမှ ဆုံးမယ်မသိဘူး။ တို့ဒကာတွေက သံသရာ ကြာချင်သလောက် ကြာ အဆုံးမှာတော့ ရှိမှာပဲလို့များ အောက်မေ့နေကြသလား? မပြောတတ်ဘူး ရယ်စရာပဲကောင်းနေတော့တယ်။ ကိုယ်က မဆုံးချင်ရင် ဘယ်တော့မှ မဆုံးဘူးဆိုတာ တစ်ထစ်ချမှတ်လိုက်ကြ။
သံသရာဆိုတာ ကိုယ်ဆုံးချင်တဲ့အချိန် ဆုံးနိုင်တယ်။ နိဗ္ဗာန်ဟာ ဆုံးတဲ့အချိန်မှာ ရတာပဲ။ ဒါကြောင့် ဒီကနေ့ ကစပြီး ရှေးမူတွေဖျက်ကြ။ ‘သူများယောင်လို့ယောင်-အမောင် တောင်မှန်းမြောက်မှန်းမသိ’ ဆိုသဖြင့် ဖြစ်နေကြမယ်။ နိဗ္ဗာန်ဆိုတာ တောင်းလို့ရတာမျိုး မဟုတ်ဘူး။ တောင်းလို့ရရင် ကူပြီး တောင်းပေးပါရဲ့။
ဉာဏ်နဲ့ လုပ်ယူမှ ရနိုင်တယ်
နိဗ္ဗာန်ဆိုတာ တောင်းယူလို့လည်း မရနိုင်ဘူး။ သူများလုပ်ပေးလို့လည်း မရဘူး။ ကိုယ်တိုင်လုပ်၊ ကိုယ်တိုင် ကျင့်ပြီး ယူမှရကြမှာ။ အဲဒါ သေသေချာချာမှတ်။ နိဗ္ဗာန်သွားလမ်းဟာ ကံလမ်းမဟုတ်ဘူး။ ဉာဏ်လမ်း၊ ဉာဏ်နဲ့ လုပ်ယူမှ ရနိုင်တယ်။ ဘုရားရှင်ဟာ သူအို၊ သူနာ၊ သူသေ တွေ့တော့ မအိုအောင်၊ မနာအောင်၊ မသေအောင် ဉာဏ် ကိုရှာရတယ်။
အကြောင်းကြောင့် မဖြစ်ဘူး။ အကြောင်းကြောင့်ဖြစ်တဲ့ တရားမျိုးမဟုတ်ဘူး။ ကံအကြောင်း၊ ဥတုဆိုတဲ့ အကြောင်း ကင်းတဲ့တရား။ ဒါကြောင့် မိလိန္ဒပဥှာ ပါဠိတော်မှာ အရှင်နာဂသိန်က မိလိန္ဒမင်းကို “နိဗ္ဗာနံ မဟာရာဇ အကမ္မဇံ အဟေတုဇံ အနုတုဇံ”လို့ ဟောတော်မူခဲ့တယ်။
နိဗ္ဗာန်ဟာ ဖြစ်ဆဲလည်းမဟုတ်၊ ဖြစ်ပြီးလည်းမဟုတ်၊ ဖြစ်လတ္တံ့တရားလည်းမဟုတ်၊ သူတစ်ပါးက ဖြစ်စေတဲ့ တရားလည်းမဟုတ်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးက လွတ်တယ်။ ဒါဖြင့် ဒီနိဗ္ဗာန်ကို ဘယ်လိုတွေ့ နိုင်မလဲ?။ တွေ့အောင် ဘယ်လိုရှာရမလဲ မေးစရာရှိတယ်။
စင်ကြယ်တဲ့မနောနဲ့ ရှာရမယ်
နိဗ္ဗာန်ဟာ ကာလသုံးပါးက အလွတ်ဖြစ်ပေမယ့် နိဗ္ဗာန်ကို မနောနဲ့ တွေ့နိုင်တယ်။ နိဗ္ဗာန်တွေ့ချင်ရင် မနောနဲ့ ရှုရမယ်။ မနောနဲ့ရှာရင် မနောမှာ နိဗ္ဗာန်ကို တွေ့နိုင်တယ်လို့ မှတ်ကြ။ ဒါဖြင့် ဘယ်မနောနဲ့ ရှာမလဲ?၊ စင်ကြယ်တဲ့မနောနဲ့ ရှာရမယ်တဲ့။ ဒါကြောင့် မိလိန္ဒပဥှာ ပါဠိတော်မှာ…
+++ “ယံခေါ သမ္မာပဋိပန္နော အရိယသာဝကော ဝိသုဒ္ဓေန ဉာဏေန ပဿတိ”လို့ ဟောတော်မူတယ်။
ဝိသုဒ္ဓေန ဉာဏေန၊ စင်ကြယ်တဲ့ဉာဏ်၊ စင်ကြယ်တဲ့ မနောနဲ့မှ မြင်နိုင်တယ်လို့ဆိုတာ။ စင်ကြယ်တဲ့မနော ဆိုတာ ကိလေသာမရောတဲ့ မနောကိုပြောတာ။ အဲဒီမနောမှ တွေ့မှာ။ မတွေ့သေးရင် မစင်ကြယ်သေးလို့မှတ်။
တို့ဒကာတွေ နိဗ္ဗာန်မြင်ချင်ကြရင် စင်ကြယ်တဲ့ မနော၊ စင်ကြယ်တဲ့ဉာဏ် ကိုယ်ပိုင်ရအောင် လုပ်ကြရမယ်။ ဘယ်လိုလုပ်ရမလဲ? ‘သမ္မာပဋိပန္နော’ ကောင်းစွာကျင့်ရမယ်လို့ ဆိုတယ်။ ကောင်းစွာကျင့်ရင် စင်ကြယ်တဲ့မနောကို ရမယ်။ စင်ကြယ်တဲ့ မနော ကိုယ်ပိုင်ရရင် နိဗ္ဗာန်မြင်ကြရမယ်၊ မြင်ချင်ရင် ကြိုးစားကြ။
အာသဝနဲ့ မရောတဲ့ မနော
မနောက နှစ်မျိုးရှိတယ်။ ကိလေသာကို အာရုံပြုနိုင်တဲ့ မနောနဲ့ ကိလေသာကို အာရုံမပြုနိုင်တဲ့ မနောလို့ နှစ်မျိုး။ အဲ နိဗ္ဗာန်ကို မြင်နိုင်၊ တွေ့နိုင်တဲ့ မနောဆိုတာက အာသဝ အာရုံမပြုနိုင်တဲ့ အာသဝနဲ့ မရောတဲ့ မနောကို ပြောတာ။ အဲဒီ အာသဝနဲ့ မရောတဲ့ မနောကမှ တွေ့နိုင်တာ။ ဝိပဿနာရှုတဲ့စိတ်ဟာ အာသဝနယ်ထဲက မလွတ် သေးဘူး။ ဝိပဿနာရှုတာဟာ အာသဝနယ်ထဲက စိတ်နဲ့ရှုတာလို့ မှတ်ကြ။ ဒီတော့ ဝိပဿနာဉာဏ်မနောနဲ့လည်း အာရုံမပြုနိုင်သေးဘူး။ နိဗ္ဗာန်မမြင်နိုင်သေးဘူး။
ကိလေသာနဲ့ မရောဘူးဆိုတာ အာရုံ အာရမ္မဏိကအနေနဲ့ မရောတာကို ပြောတာလို့မှတ်။ အချုပ်က ကိလေ သာ အာရုံပြုမနော၊ ကိလေသာနဲ့ အဆက်အသွယ်ပြတ်တဲ့မနော နှစ်ခုထဲက ဒုတိယမနောဉာဏ် (ဝါ) မဂ်ဉာဏ်နဲ့မှ နိဗ္ဗာန်အာရုံပြုနိုင်တယ်လို့မှတ်။ ဒီတော့ တို့ဒကာတွေ ‘သမ္မာပဋိပန္နော’ဖြစ်အောင် ကြိုးစားကြ။ ဒါမှမြင်နိုင်မှာ။
ကိလေသာဟာ နူနာနဲ့ တူတယ်
ဘုရားရှင်က ကိလေသာဟာ နူနာနဲ့ တူတယ်တဲ့။ ကိလေသာရှိတဲ့သူဟာလည်း နူနာရှိတဲ့သူ၊ အနူအရွဲလို့ ခေါ်ဆိုရတယ်လို့ ဟောတော်မူတယ်။ ဥပမာဆိုရင် သစ်သီးတစ်ခုဟာ အနာအဆာပါနေရင် မကောင်းဘူး။ ကောင်းတဲ့ သစ်သီး မဆိုနိုင်ဘူး။ မကောင်းတဲ့ သစ်သီးပဲလို့ ဆိုရသလို ဒကာတို့ ခန္ဓာမှာပဲ ကိလေသာ အနာအဆာရှိနေရင် မကောင်းဘူးလို့ ဆိုရတယ်။ ကိလေသာဟာ နူနာပဲ။ ကိလေသာ နူနာရှိတော့ အတွင်းက ကိလေသာပိုးတွေ ထထလာ တတ်တယ်။ နူနာရှိတဲ့သူများဟာ အတွင်းပိုးထတဲ့အခါမှာ မီးလှုံကြ၊ မီးပူကင်ကြရတယ်။ ဒါမှလည်း အယားအယံ သက်သာတယ်တဲ့။ ဒီသဘောပဲ ဒကာတို့လည်း ကိလေသာပိုးတွေက ထထလာပလားဆိုရင် သားမီးဖို သမီးမီးဖို ပစ္စည်းမီးဖိုနား ကပ်ချင်ကြတယ်။
သား၊ သမီး၊ သားမယားဆိုတဲ့ မီးဖိုနား ကပ်လိုက်ရတော့ ကိလေသာပိုးဟာ သက်သာသလိုလိုနဲ့ ခံသာရည် ရှိသွားတယ် ထင်ကြတယ်။ ဒီတော့ ဒီမီးဖိုနားပဲ အမြဲ ကပ်ချင်နေကြတော့တာပေါ့။ ကိလေသာ သောင်းကျန်းတိုင်း ပိုးထတိုင်းထတိုင်း သားမီးဖိုနားကပ်လိုက်၊ မယားမီးဖိုနားကပ်လိုက် ပိုးထတိုင်း ကပ်နေကြတာပဲ ကပ်ချင်ရင် ပိုးထလို့ ပဲမှတ်။
နူနာပိုးတွေကိုက်တော့ မီးဖိုနားကပ်၊ မီးပူတော့ ကိုက်တဲ့ပိုးတွေက ပြန်ဝင်၊ ဒီတော့ သက်သာတယ် ထင်ရ တယ်။ အမှန် မသက်သာပါဘူး။ ပိုပြီးဆိုးတာပဲ ရှိတယ်။ ကိလေသာ ရွပိုးကိုက်တိုင်း မီးပူနားကပ်၊ ကပ်လေဆိုးလေ နိဗ္ဗာန်နဲ့ ဝေးလေပဲလို့ မှတ်ကြ၊ ရှင်းပလား?။
တို့ဒကာတွေက ကိုယ်ဟာကိုယ် နူနာသည်တွေမှန်း မသိကြဘူး။ မသိတော့ ဆေးစားရကောင်းမှန်း၊ ဆေးကုရ ကောင်းမှန်းလည်း မသိကြတော့ဘူး။ ဆရာသမားက သနားလို့ ဒီဆေးစားဆိုပြီး ဆေးဖော်ပေးပေမယ့် အင်တင်တင် နဲ့ ခေါင်းရမ်းချင်ကြသေးတယ်။ တကယ်ဆိုးဝါးတဲ့ အနာရှိမှန်းသာ သိကြရင် မစားဘဲ မနေကြပါဘူး။
အသေများဦးသွားခဲ့ရင် မခက်ပါလား
အခုနေမှာ ဆရာကောင်းနဲ့ တွေ့ရလို့ အနာရှိမှန်း သိကြရပြီ အနာပျောက်အောင် ဆေးသောက်ဖို့ ရှိတော့ တယ်။ ဆေးကလည်း ‘ရော့ သောက်ကြဆိုပြီး’ လက်ရောက်အပ်နေတာ။ ပေါ့ပေါ့များ မထင်ကြနဲ့။ အနာမပျောက်ခင် သေသွားရင် အကျိုးနည်းလိမ့်မယ်။ တရားမရခင် အသေက နီးချင်နီးမယ် မသိနိုင်ကြဘူး။ အသေများဦးသွားခဲ့ရင် မခက်ပါလား?၊ စဉ်းစားကြ။
ဝိသာခါဟာ ကိလေသာ လေးပိုင်းသုံးပိုင်း ကျန်တယ်။ သူ့မှာ စိတ်ချရလို့ ပျော်နိုင်ပါးနိုင်တဲ့ အခြေရောက် သွားပြီ။ ဒကာတို့မှာ လေးပိုင်းလုံး ကျန်နေသေးတယ်။ မပျော်နိုင် မပါးနိုင်ကြသေးဘူး။ အနည်းဆုံး ဝိသာခါလို ကိုယ့်ကိုယ်ကိုယ် စိတ်ချပြီး ပျော်နိုင်တဲ့အခြေရအောင် ကြိုးစားကြ။
ရသင့်ရထိုက်လို့ ရလာတဲ့ ခဏကလေး အချိန်တိုကလေးကို မဖြုန်းတီးကြနဲ့။ အခွင့်သာတုန်း လုံ့လစိုက်ကြ။ နိဗ္ဗာန်ရှာချင်ရင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်အောင်လုပ်ကြ။ အဆင့်ဆင့်တက်လို့ စင်ကြယ်လာရင် ဉာဏ်ထက်တာပဲ။ ဉာဏ်ထက်လို့လည်း စင်ကြယ်တာပဲ။ စင်ကြယ်မှုဟာ ဉာဏ်ထက်မှု မထက်မှုပေါ်မှာ မူတည်တယ်။
စင်ကြယ်ရင် နိဗ္ဗာန်မြင်တာပဲ
အလုပ်လုပ်ပြီး ဉာဏ်စင်နဲ့ရှင်းတော့ ကိလေသာဝေးသထက်ဝေးပြီး စင်ကြယ်သလောက် စင်ကြယ်လာမယ်။ ကိလေသာဝေးတော့ ဝေးသလောက် ဉာဏ်ထက်မယ်၊ ဉာဏ်စင်ကြယ်မယ်၊ စင်ကြယ်ရင် နိဗ္ဗာန်မြင်တာပဲလို့ မှတ်ကြ။
နိဗ္ဗာန်မြင်ဖို့ အဆင့်သုံးဆင့်ရှိတယ်။ အဲဒါက…
”နိဗ္ဗာန်နံ မဂ္ဂဿ နိဗ္ဗာနံဖလဿ အရမ္မဏ ပစ္စယေန ပစ္စယော”လို့ ဟောတော်မူတယ်၊ ရှင်းကြပလား?။
