20107

မိမိခန္ဓာ တရားရှာ တရားတော်

ခန္ဓာငါးပါး

၁။ ရူပက္ခန္ဓာ၊ ရုပ်အစု ဖောက်ပြန်မှု သဘောတရား။

၂။ ဝေဒနာက္ခန္ဓာ၊ ဝေဒနာအစု ခံစားမှု သဘောတရား။

၃။ သညာက္ခန္ဓာ၊ သညာအစုမှတ်သားမှု သဘောတရား။

၄။ သင်္ခါရက္ခန္ဓာ၊ သင်္ခါရအစု ပြုပြင်မှု သဘောတရား။

၅။ ဝိညာဏက္ခန္ဓာ၊ ဝိညာဏ်အစု သိမှု သဘောတရား။

ဉာဏ်သုံးဆင့်

၁။ ယထာဘူတဉာဏ် … အဟုတ်အမှန် သိတတ်သည့်ဉာဏ်။

၂။ နိဗ္ဗိန္ဒဉာဏ် … ပျင်းမုန်းငြီးငွေ့တတ်သောဉာဏ်။

၃။ မဂ်ဉာဏ် … ကိလေသာကို သတ်၍ နိရောဓသို့ ကူးသွားတတ်သောဉာဏ်။

ဆောင်ပုဒ်။

တရားရှာလျှင်၊ ကိုယ်မှာပင်၊ တို့ရှင် မိန့်တော်မြတ်။

အဇ္ဈတ္တမှာ၊ ဉာဏ်ဖြင့်ရှာ၊ သစ္စာတွေ့ဆတ်ဆတ်။

ခန္ဓာငါးခု၊ ဖြစ်ပျက်မှု၊ ဉာဏ်ရှုသတိကပ်။

ဖြစ်ပျက်မြင်က၊ မြတ်စူဠ၊ တစ်ဘဝပါယ်ဘေးလပ်။

မုန်းအောင်ရှုလျှင်၊ မလိုချင်၊ ဆုံးလျှင်သောတာပတ်။

သတိချပ်။

သံသရာ့ရောဂါ၊ ထက်ချပ်ပါ၊ ချမ်းသာမရမှတ်။

ရောဂါပျောက်နည်း၊ ဆေးတော်ကြီး၊ အပြီးကိုယ်မှာကပ်။

ကပ်သည်မှန်ဘိ၊ ဉာဏ်မသိ၊ အတိအန္ဓဇာတ်။

ဆရာကောင်းပင်၊ တွေ့ခိုက်တွင်၊ လျှင်လျှင် သုံးစားအပ်။

တရားသား။ ။

ဉာဏ်သုံးဆင့်နဲ့ တက်နည်း

ဒီကနေ့ ခန္ဓာငါးခုမှာ ဉာဏ်သုံးဆင့်နဲ့ တက်နည်းကို ပြောရမယ်။ တက်နည်းက မိမိခန္ဓာမှာ ပညာ နဲ့ စောင့်ကြည့်။ ပညာနဲ့ စိုက်ပြီးကြည့်။ ကြည့်တော့ ခန္ဓာဖြစ်ပြီး ပျက်နေတာကို တွေ့ရမယ်။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ငါးပါးထဲက တစ်ပါးပါး စိုက်ကြည့်ဉာဏ်နဲ့ စိုက်ကြည့်ရင် အမှန်ဖြစ်ပြီး ပျက်နေတာသာ တွေ့ ရမယ်။ ဖြစ်ပျက်-ဖြစ်ပျက်နဲ့ အနိစ္စသဘော အမှန်ကိုသာ ဉာဏ်နဲ့ မြင်ရမယ်။

အဲဒါ ခန္ဓာက ပြောနေတာ။ “ကျုပ်ဟာ ဒုက္ခသစ္စာ ဆင်းရဲတာအမှန်ပါ။ ဖြစ်ပြီးပျက်နေတာပါ။ ဖြစ်ပြီးပျက် တာကလွဲလို့ ဘာမှမရှိပါဘူး။ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခပဲ ရှိပါတယ်”လို့ ပြောနေတယ်။ ခန္ဓာစိုက်ကြည့်။ ဖြစ်ပျက်ဒုက္ခသစ္စာ မြင်ရင် အနိစ္စဉာဏ်ကို ရတာပဲ အဲဒါခန္ဓာက ပြောလို့ရတာ။

ဒီအနိစ္စဉာဏ်ရရင် မအို၊ မနာ၊ မသေရာဆိုတဲ့ နိဗ္ဗာန်သွားဖို့ရာ လှေကားသုံးဆင့်ရှိတဲ့အနက်က တစ်ဆင့် တက်မိပြီလို့ မှတ်ပါ။ တစ်ထစ်တက်မိတယ်ဆိုတာ ယထာဘူတဉာဏ်ရတာကို ပြောတာ။ ဖြစ်ပျက်တစ်လုံးသိ ဖြစ်ပျက် တစ်လုံးတွေ့ရင် ဒုက္ခသစ္စာသိတာပဲ။ ဒုက္ခသိရင် အသေဆိုး မသေနိုင်တော့ဘူး။ ဒါကြောင့် ဘုရားက ဓမ္မပဒ ပါဠိတော် မှာ…

+++ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

”ရုပ်နာမ် ဖြစ်ပျက် အနိစ္စအချက် မြင်ရင် တစ်ရက်တည်းပင် အသက်ရှည်ရပေမယ့် မွန်မြတ်ပါတယ်”လို့ ဟောတော်မူထားတယ်။

မုန်းတဲ့ဉာဏ်ရရင် ဒုတိယထစ်ရောက်ပြီ

အားကိုးဖို့များ မကောင်းကြဘူးလား?။ ဖြစ်ပျက်ဒုက္ခသိ နောက်ပြီး ဖြစ်ပျက်မုန်းတဲ့ဉာဏ် ပေါ်လာမယ်။ အဲဒီမုန်းတဲ့ဉာဏ်ရရင် ဒုတိယထစ်ရောက်ပြီလို့ ဆုံးဖြတ်တော့။

မုန်းတယ်ဆိုတာ အသုဘမုန်း မုန်းတာမျိုး မဟုတ်ဘူးနော်။ မိမိခန္ဓာမှာ သတိပညာနဲ့ စောင့်ကြည့်ပါများလာ တော့ မလိုချင်တော့ဘူး။ ဒုက္ခသစ္စာ အမှန်ဆင်းရဲတာသိလာတော့ ဘယ်မှာ လိုချင်တော့မလဲ။ မလိုချင်တဲ့ဉာဏ်၊ စွန့် ချင်တဲ့ဉာဏ် ရလာတော့တယ်။ ဒီအဓိပ္ပာယ်စကားကို-

+++ “ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိံပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗန္ဒတိ၊ ဝိညာဏသ္မိမ္ပိနိဗ္ဗိန္ဒတိ” လို့ ဟောတော်မူတယ်။

ဖြစ်ပျက်ဒုက္ခကို မလိုချင်၊ စွန့်ချင်တဲ့ဉာဏ်ရောက်ရင် ဒုက္ခခန္ဓာပျောက်တော့မှာပဲ။ ဒုက္ခခန္ဓာ ပျောက်တာနဲ့ တစ်ပြိုင်နက် သုခနိဗ္ဗာန် ပေါ်လာတော့တာပဲ။ အဲဒါ မဂ်ဉာဏ်ဆိုက်တာလို့မှတ်။ ဒါကြောင့်…

+++ “နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တိသ္မိံ ဝိမုတ္တမှိတိ ဉာဏံ ဟောတိ”

မုန်းရင် မလိုချင်၊ မလိုချင်တော့ ကိလေသာ လွတ်ကင်း၊ လွတ်ကင်းတော့ ဪ… ‘လွတ်ပြီကိုး’လို့ သိတဲ့ ဉာဏ် (မဂ်ဉာဏ်) ပေါ်လာတယ်လို့ ဟောတော်မူတယ်။ ဒီဟာ အနတ္တလက္ခဏာသုတ် ပါဠိတော် စကားပါပဲ။

အလှူကြီး အတန်းကြီး ပေးရတာထက် လွယ်ကူပါတယ်။ ဒီလိုလွယ်တာကလေးကိုမှ မလုပ်ချင်ကြဘူးဆိုရင် ဂုံနီအိတ်စုတ်ထဲမှာ ပျော်ချင်သေးတယ်ဆိုတာ သေချာတယ်။ ဘယ့်နှယ်များဆိုကြမတုံး? ငြင်းကွက်များ ရှိကြသေး သလား?၊ အခုဟောတဲ့နည်းလမ်းဟာ မိလိန္ဒပဥှာမှာလည်း လာတယ်လို့ မှတ်ကြ။

ခန္ဓာမှာ ဉာဏ်နဲ့စိုက်ကြည့်

တို့ဒကာတွေ ရှုတတ်ကြပလား? ခန္ဓာမှာ ဉာဏ်နဲ့စိုက်ကြည့်။ ဘာမှမမြင်ရင် မမြင်တဲ့စိတ်ကလေးကို ရှုပစ် လိုက်။ အဲဒီမမြင်တဲ့စိတ်ဟာ ‘အဝိဇ္ဇာ’ပဲ။ ရှုတော့ မမြင်တဲ့စိတ်ကလေးဟာ မြဲသလား? ခိုင်သလား?။ ဉာဏ်နဲ့ကြည့် တော့ မမြဲဘူးဆိုတာ မြင်ရမယ်၊ မမြဲလို့ အနိစ္စ။

ဝိပဿနာ အရှုခံရတဲ့စိတ်လည်း မမြဲဘူး။ ရှုတတ်တဲ့စိတ်ကလည်း မမြဲပါဘူး။ ဖြစ်ပြီး ပျက်သွားတာပဲ။ ဉာဏ်နဲ့ကြည့်တော့ အရှုခံစိတ်လည်း ဖြစ်ပြီး ပျက်သွားတာပဲ။ ရှုစိတ်ကလည်း ဖြစ်ပြီးပျက်သွားတာပဲ။ ဒါကိုမြင်ရမယ်။ ဒီစိတ်ကလေး မရှိတော့တာကို တွေ့ရမယ်။ မရှိတာက အနိစ္စလက္ခဏာ။ အဲဒါ ဒုက္ခသစ္စာပဲ။ ရှင်းကြပလား?။

ကိုင်း… ဝိပဿနာရှုကြဆိုတော့ ဘယ်လိုရှုရမှာတုံး?။ မရှုတတ်ပါဘူးတဲ့။ အဲ မရှုတတ်ရင် အဲဒီမရှုတတ် တဲ့ စိတ်ကလေးကို ရှု၊ တယ်ဆန်းတဲ့ တရားပါလား မအောက်မေ့နဲ့။ မဆန်းပါဘူး ဒီတရားဟာ ရိုးရာတရားကြီးပါ။ ဒါကို ဘုရားရှင်က…

+++ “သမ္မောဟံဝါစိတ္တံ သမ္မောဟံဝါစိတ္တန္တိ ပဇာနာတိ” လို့ ဟောတယ်။

စိတ္တာနုပဿနာ ဓမ္မာနုပဿနာ

အဲဒါ စိတ္တာနုပဿနာ ဓမ္မာနုပဿနာ ဖြစ်ပါတယ်။ ‘စိတ်ပျက်ပါတယ်’လို့ဆိုတာ စိတ္တာနုပဿနာ။ ‘စိတ်ဒုက္ခ ရောက်ပါတယ်’ဆိုတော့ ဓမ္မာနုပဿနာ ရှုတာပေါ့။ တို့ဒကာတွေ ဆေးတွေ့နေတာ ဆေးတွေ့ရက်နဲ့ မစားတတ်လို့ ခက်နေကြတယ်။

ဒကာတို့တစ်တွေဟာ သံသရာ့ရောဂါသယ်တွေပဲ။ ကိုယ့်မှာ ဆေးအမြဲပါနေတယ်။ ဆေးမှန်းမသိကြလို့ စား ရမှန်း မသိရှာကြဘူး။ ခန္ဓာအစဉ်မှာ ဆေးက ကပ်ရက်ပါနေပေမယ့် ဆရာကောင်းနဲ့ မတွေ့ကြလို့ စားရကောင်းမှန်း မသိကြဘူး။ ဆေးမှန်းသိလာရင် နှစ်နှစ်သက်သက် စားကြဖို့ဟာ ကိုယ့်တာဝန်ပဲလို့ ဆုံးဖြတ်ချက်ချ။

အဲ… ဝိပဿနာရှုတဲ့အခါ ရှုစရာမတွေ့ပါဘူးဆိုရင် မတွေ့တဲ့စိတ်ကိုရှု။ ဘယ်လိုရှုရမှန်း မသိပါဘူးလို့ ဖြစ်နေရင် အဲဒီမသိတဲ့စိတ်ကလေးကိုပဲ ရှုပစ်လိုက်။ မသိတဲ့စိတ်ကလေး ဖြစ်ပျက်,ဖြစ်ပျက်၊ ဒါကြောင့် ‘ဝိပဿနာအစ မသိတဲ့စိတ်က’လို့ဆိုရင် မမှားဘူး။

အဲဒီမသိတဲ့စိတ်ရှုရင် မသိတဲ့စိတ် ဖြစ်ပျက်ကို သိတဲ့ဉာဏ် ဝိဇ္ဇာပေါ်တယ်။ အဲဒီဝိဇ္ဇာက အဝိဇ္ဇာကို ဖြတ်ချ လိုက်တာပဲ။ ဒါဟာ အစကဖြတ်တာ။ အစဖြတ်တော့ အစသိမ်းသွားတာပေါ့။ အစက သိမ်းလိုက်တော့ ပဋိစ္စသမုပ္ပါဒ် သံသရာရောဂါ ပျောက်တော့တာပဲ။ သံသရာရောဂါ အမြစ်ကဖြုတ်နည်းလို့ မှတ်ကြ။

အဝိဇ္ဇာကခေါ်နေတာ ‘ဧဟိပဿီကော’တဲ့။ ဟေ့ ငါ့ကိုရှုကွ ငါ့ကိုရှုကြည့်ရင် သိရလိမ့်မယ်။ ငါ့ကိုရှု ငါ့ကိုရှုနဲ့ အဝိဇ္ဇာက လက်ယပ်ခေါ်နေတာ။ ခင်ဗျားတို့က ကန်တော့ကောင်းလွန်းလို့ မှိန်းနေကြတယ်။ ရှင်းပလား?။ ဆရာ ဘုန်းကြီးက သနားလို့ ဟောနေတာ ကြိုးစားပြီး မှတ်ကြ၊ လိုက်နာကြ။ ပေါ့ပေါ့တန်တန်ကလေး မအောက်မေ့လိုက်ကြနဲ့။

ခန္ဓာကိုယ်မှာ သုံးသပ်ပါ

ကိုယ့်အိမ်ကျရင် သေသေချာချာ ထိုင်ကြည့်ကြ။ မတွေ့လေ ကောင်းလေပဲလို့မှတ်။ ကိုယ်ခန္ဓာက အမြဲတမ်း လာပါရှုပါနဲ့ ခေါ်နေတာ။ တို့ဒကာတွေက အပြင်မှာချည်း ကြည့်နေကြတယ်။ ခန္ဓာကိုယ်မှာ သုံးသပ်ပါဆို အပြင်မှာ သုံးသပ်နေကြတယ်။ အပြင်ကို သုံးသပ်သမျှ သဘာဝမဆိုက်အေးဘူး။ ဒီကနေ့ကစပြီး အတွင်းသုံးသပ်ကြ။

တစ်ခါတလေတော့ ရှုတဲ့အခါ တွေ့သယောင်ယောင်ရှိတယ်တဲ့။ တွေ့သယောင်ယောင်ရှိရင် တွေ့သယောင် ယောင်စိတ်ကိုရှု။ အဲဒါ ‘ဝိစိကိစ္ဆာ’ပဲ ရှုလိုက်တော့ ဝိစိကိစ္ဆာက အနိစ္စ၊ ရှုတာက မဂ္ဂ၊ ရှုစရာက အနိစ္စ၊ ရှုတာက မဂ္ဂ၊ အထင်စိတ်ဟာ ဝိစိကိစ္ဆာပဲ။

ဒါလုံလောက်ရဲ့လားလို့ ယုံမှားမရှိကြနဲ့။ သတိပဋ္ဌာန်ပါဠိတော်မှာ အသေအချာ ဟောထားတယ်။ ယုံမှားတဲ့ စိတ်ဟာလည်း ဝိစိကိစ္ဆာပဲ။ ဒီဝိစိကိစ္ဆာဟာ တစ်သံသရာလုံး မှောက်အောင်လုပ်နေတဲ့ အဝိဇ္ဇာပဲ။ လက်မခံကြနဲ့။ လက်ခံရင် သံသရာတစ်ခွင် မှောက်ချင်သေးလို့ဆိုတာ သေချာတယ်။

တရားကတော့ ခေါ်နေတာပဲ ‘အဝေးမရှုနဲ့ ကျုပ်ရှု-ကျုပ်ရှု’လို့ ခေါ်နေတယ်။ ရှုစမ်းကြည့်ရင် တွေ့ရလိမ့်မယ်။ ကိုယ်တိုင်လုပ်မှ ကိုယ်ပိုင်ရကြမယ်။ ကိုယ်က ဆောင်ရမယ်။ ကိုယ်တိုင်ဆောင်လို့ ကိုယ်ပိုင်ရရင် ပူဇော်တာထက် ကျေးဇူးများတယ်။

‘ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ’လို့ဆိုတဲ့အတိုင်း မိမိက တရားကိုဆောင်မှ ကျင့်မှ တရားကပြန်ပြီး ဆောင်မှာ စောင့်ရှောက်မှာလို့ မှတ်ထားကြ။

ကိုယ်မလိမ္မာတာ ကိုယ်သိကြ

ကိုယ်တိုင်က တရားမဆောင်ကြဘဲ ယောင်တောင်ပေါင်တောင်နဲ့ တောင်ပြောမြောက်ပြော ပြောတတ်ကြတယ်။ ကိုယ်ဖျင်းတာကို ကိုယ်သိကြ၊ ကိုယ်ဖျင်းတာတော့ ကိုယ်မသိကြဘူး။ ဆရာ အပြစ်တင်လိုတင်၊ ရိပ်သာတွေ အပြစ်ပြော လိုပြောနဲ့ ကိလေသာတောထပြီး အခြောက်တိုက် ပြစ်မှားနေတတ်ကြတယ်။ နောက်ကို မပြစ်မှားမိကြစေနဲ့။ ကိုယ်ဖျင်း တာ၊ ကိုယ်မလိမ္မာတာ ကိုယ်သိကြ။

အပြင်မှာ တရားမရှိဘူး။ မိမိခန္ဓာမှာ တရားကရှိနေတာ။ ဪ တို့ဒကာတွေ မသိသားဆိုးဝါးလိုက်ကြတာ လွန်ပါရော။ ‘တရားရှာ ခန္ဓာမှာရှိ၊ တရားရှာ ကိုယ်မှာတွေ့’တဲ့။ တို့ဒကာတွေက ဟိုရှာဒီရှာနဲ့ အချိန်သာ ကုန်နေကြတယ် တရားမတွေ့ကြဘူး။ ဒါကြောင့် တို့ဒကာတွေ ဒါလောက် သံသရာရှည်နေကြတာ။ ရှင်းပလား?။ ဘုရားရှင်က…

+++ “ယဒါဟဝေ ပါတုဘဝန္တိ ဓမ္မာ။ လ။ ယတော ပဇာနာတိ သဟေတု ဓမ္မံ”

သတ္တဝါတွေရဲ့ ဖြစ်ခြင်းကိုလည်း သိပြီ။ ဖြစ်ကြောင်းတရားကိုလည်း သိပြီ။ ချုပ်ကြောင်းတရားကိုလည်း သိပြီ။ ‘ယတော ခယံ ပစ္စယာနံ အဝေဒီ’တဲ့။ သတ္တဝါအစဟာ အဝိဇ္ဇာပဲလို့ ဟောခဲ့တယ်။

သတ္တဝါအစ အဝိဇ္ဇာက

ဒီတော့ သတ္တဝါအစ အဝိဇ္ဇာက၊ သတ္တဝါအဆုံး ဘုရားပွင့်မှ ဆုံးတယ်၊ အဝိဇ္ဇာချုပ်ရင် အဝိဇ္ဇာဆုံးရင် သတ္တဝါဆုံးတာပဲ။ ဘုန်းကြီးက ဘုရားရှင်ရဲ့ ကိုယ်စားလှယ်ပဲ။ တို့ဒကာတွေကို သနားလို့ ဟောပြနေတာ။ ဘုရားစကား တော်တွေကို ဘုရားကိုယ်စား ဟောပြနေတာဖြစ်လို့ လေးလေးစားစား မှတ်သားနာယူကြ၊ လိုက်နာကျင့်သုံးကြ။ ဒါမှ မဟုတ်ရင် သံသရာ့သစ်ငုတ်ဖြစ်ဖို့သာ မှတ်ပေတော့။

ရှေးရှေးက အများတကာတွေဟာ အဇ္ဈတ္ထမှာ မရှာကြဘဲ ဗဟိဒ္ဓမှာ ရှာနေကြလို့ လမ်းစမဆုံးနိုင်ဘဲ ဒုက္ခနဲ့ချည်း ကြုံကြရတာ ရှင်းပလား။

+++ “ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ”တဲ့။

ထိုင်တဲ့အခါ နည်းနည်းညောင်းလာလို့ ပြောင်းချင်တယ်။ ပြောင်းချင်ရင် အဲဒီစိတ် ဖြစ်ပျက်ရှု။ ရွှေ့ချင်ရင် ရွှေ့ချင်စိတ်ရှု၊ ပြင်ချင်ရင် ပြင်ချင်တဲ့စိတ်ရှု၊ ဣရိယာပုထိ ပြောင်းတိုင်းပြောင်းတိုင်း တစ်မျိုးဖြစ်တိုင်းဖြစ်တိုင်း မလွတ် အောင် ရှုကြ။

ဒီနည်းအတိုင်း အရှုအပွားများလာတော့ ကြားခိုတဲ့ ကိလေသာတွေဟာ တဖြည်းဖြည်းပါးပါးသွားမယ်။ ကိလေ သာ ပါးလေ ရှုအားဉာဏ်အား ကောင်းလာလေ ဖြစ်ပျက်တွေ များများမြင်လာလေပဲ။

လွတ်လိုတဲ့စိတ် လွတ်လိုတဲ့ဉာဏ် ပေါ် လာမယ်

များများမြင်တာ ကြပ်ကြပ်ရှုတော့ အနိစ္စအချက်က ဒုက္ခအချက်ကို ကွက်ကွက်ကွင်းကွင်း ပြနေသလို ဖြစ်လာ မယ်။ ဒုက္ခအချက် အနတ္တအမြင်များလေ ကြောက်လာလေ၊ နောက် ရွံမုန်းပြီး လွတ်လိုတဲ့စိတ် လွတ်လိုတဲ့ဉာဏ် ပေါ် လာမယ်။

ဒီလို လွတ်လိုတဲ့ မုန်းဉာဏ်လည်းလာရော တယ်မကြာတော့ဘူး။ ဖျတ်ခနဲဆို ဖြစ်ပျက်တွေဟာ ချုပ်ဆုံး ကုန်ပျောက်သွားတော့တာပဲ။ အဲဒါ မဂ်ဉာဏ်ကဆိုင်ရာ ကိလေသာကိုဖြတ်ပြီး နိရောဓဓာတ် အလင်းနိဗ္ဗာန်ကို မျက် မှောက်ပြုလိုက်တာပဲလို့မှတ်။

ဒီအလင်းနိဗ္ဗာန်ကို ကိုယ်တိုင်သိရအောင် ကိုယ်တိုင်ကျင့်ကြ။

ကိုင်း… ဒီနေ့ ဒီတွင် တော်ကြဦး။

**********