3047

မာတိကာသို့

စိတ္တာနုပဿနာအခြေခံအလုပ်ပေး (ပင့်ကူ ဥပမာပြ)

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော

စိတ္တာနုပဿနာအခြေခံအလုပ်ပေး

( ပင့်ကူ ဥပမာပြု)(၁၇-၁-၆၁)ညအလုပ်ပေးတရားတော်

လူရယ်လို့ဖြစ်လာရင်

ဒကာ,ဒကာမတို့ လူရယ်လို့ဖြစ်လာတယ်၊ ဘယ်လိုများဖြစ်ပြီး သကာလ ဘယ်လိုများနေပါလိမ့်၊ ဘယ်လိုများ သေပါလိမ့်ဆိုတာကို ရှေးဦးစွာသိဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို လူရယ်လို့ဖြစ်လာတော့ ဒီဘဝအစာ အမိဝမ်းခေါင်းထဲမှာ ပဋိသန္ဓေနေမှုကတော့ စ,တယ်လို့ဆိုရ မှာပဲ (မှန်ပါ)၊ ပဋိသန္ဓေနေမှုက စတယ်ဆိုတော့ ဒါကတော့ထားပါတော့ နောက်ဘဝက ကံက ပစ်ချလိုက်တယ်ဆိုတာ သိပြီးသား။

ဇာတိပိဒုက္ခာ

ပဋိသန္ဓေနေမှုကစတယ် ဆိုကတည်းကိုက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပဋိသန္ဓေနေတယ်ဆိုတာ ဆင်းရဲ တာတော့ ကန်းကုန်နေပြီ၊ အစားလဲ မစားရ၊ အဝတ်လဲ မဝတ်ရ၊ ကလလရေကြည်ကစပြိး ခန္ဓာထဲမှာ ပိုးမျိုးရှစ်ဆယ် နဲ့ အန္တရယ်တွေကလဲကြုံ၊ အမိ၏ သွားလာ လှုပ်ရှားမှုတွေ ကြောင့်လဲ ပျက်စီးနိုင်တယ်ဆိုတဲ့ ဒုက္ခတွေ ဒီသူငယ်လေးမဖြစ် ခင် ကလလရေကြည်ကိုပဲ အမိဝမ်းခေါင်းထဲမှာ ကိုးလခွဲဆယ်လ တိုင်တိုင် နေရတဲ့ဥစ္စာကို ဦးဘရင် ဘာမှ မတွေးနဲ့၊ ဒါ- ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ဒါဖြင့် ‘ ဇာတိပိဒုက္ခာ’ လို့ ဘုရားကိုယ်တော်မြတ်ကြီးက ဟောပေမှာပဲ (မှန်လှပါ ဘုရား)။

ဘယ်လောက်နေရမှာတုံး ဒီဒုက္ခသစ္စာနဲ့ဆိုလို့ရှိင် ကိုးလခွဲ ဆယ်လနေရမယ် (မှန်ပါ)၊ ဘယ်သူက ရေတိုက်လို့ ဘယ်သူက ဝတ်ဆင်ပေးသတုန်း ၊ ဘယ်သူကျင်ကြီးစွန့်တဲ့နေရာပို့ပေးသတုံးလို့ မေးလို့ရှိရင် ဘယ်သူမှ မပို့ပါဘူး၊ ဘယ်သူ ထမင်းလာကျွေးတုန်းဆို ဘယ်သူမှ ထမင်းမကျွေးဘူး (မှန်ပါ)၊ ဒါနဲ့ ဘာဖြစ်နေသတုန်း အို ငတ်တည်းနေတယ်၊ ဆင်းရဲနေတယ်ဆိုတော့ သူ့ကို ဘာသစ္စာလို့ ဦးဘရင်ဆိုမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီပြင်ဘာမှ ဆိုစရာမရှိဘူး၊ ဒုက္ခက ဆင်းရဲတာ သစ္စာကမှန်တာ (မှန်ပါ)၊ ဆင်းရဲတာအမှန်မှတစ်ပါး ဘာမှ ဆိုစရာမရှိပါဘူး (မှန်လှပါ ဘုရား)။

ကောင်းပြီး – ဒီ- ဇာတိဒုက္ခကနေပြီး မျိုးရှစ်ဆယ်တွေ၏ အစားအသောက်လုပ်ပြီး မသေလို့ အပြင်ဘက်ထွက် လာတဲ့အခါကျတော့ တစ်နေ့တခြား ရင့်ကျက်လာတယ်လို့ ဆိုလို့ရှိရင် ဒါ- အိုလာတာပဲ ၊ ရင်ကျက်တယ်ဆိုတာ ဆိုတာပဲ သရက်သီးတို့ မရမ်းသီးတို့ ရင့်ကျက်တယ်ဆိုရင် ကြွေမလို့သာ မှတ်ပေတော့ (မှန်ပါ) ဒါဖြင့် ဒီဆင်းရဲ့ပြီးတော့ ဒီဆင်းရဲပြန်ရတယ် မသေလို့ရှိရင် (မှန်လှပါ ဘုရား)။

အိုတယ်ဆိုတာ ကတော့

ဒီဆင်းရဲပြီး ဒီဆင်းရဲပဲ ပြန်လာတယ်ဆိုတာ ရှင်းနေတာပဲ (မှန်ပါ)၊ အိုတဲ့ ဆင်းရဲပဲ ပြန်ရတယ်၊ အိုတယ်ဆိုတာ ကတော့ အမိဝမ်းခေါင်းထဲက ထွက်ကတည်းက နေပူလေပူနဲ့တွေ့ပြီး တစ်နေ့တခြား ရင့်ရော်ပြီး အိုလာတာပဲ (မှန်ပါ) ကလေးလေးရယ်လို့ ကျုပ်တို့က အပြောနဲ့သာဆိုနေတာ အပြီးသတ်ကျတော့ ရင့်ကျက်တာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် – ဆင်းရဲအစစ်ပဲလို့ဆိုတာကို သေချာမှတ်ပါ (မှန်ပါ)၊ မင်းတို့ ဒီကနေပြီး ခန္ဓာကြီး၏ ထုံစံအတိုင်း ဘယ်များရွေ့လျားသွားမလဲလို့ အမေးထုတ်လို့ရှိရင်ဖြင့် အိပ်ယာဖျာကပ် အနာရတဲ့ဆီကို သွားမယ် (မှန်ပါ)၊ ဒါခန္ဓာကြီး ၏ လမ်းစဉ်၊ ခန္ဓာကြီးဟာ ဒီကစတယ်၊ ဒီသွားတယ် ၊ ဒီလာတယ်၊ သူသွားတဲ့နေရာတွေဟာ အတည်းကောင်းသည် ဒုက္ခော = ဒုက္ခသစ္စာပဲဆိုတော့ ဒီဒုက္ခသစ္စာက ဒီဒုက္ခသစ္စာပြောင်းခဲ့တယ် (မှန်ပါ)၊ ဒါက လမ်းစဉ်ခန္ဓာကြီး၏ လမ်းစဉ်၊ ဉာဏ်နဲ့ကြည့်ရင် ဒါကလမ်းစဉ်အတိုင်းပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဉာဏ်နဲ့ကြည့်ပေးပါ

ဒီအတိုင်းပကတိမျက်လုံးနဲ့ မကြည့်နဲ့ ဉာဏ်နဲ့ကြည့်ပေးပါတဲ့၊ ဪ ဒီအတိုင်းသွားနေသကိုးလို့သာ မှတ်ပေါ့ ဒီကနေပြီး ဒီခန္ဓာ၏ လမ်းစဉ်ဟာ ဘယ်ကိုအဖြောင့်သွားမလဲလို့မေးလို့ရှိရင် ‘ မရဏံပိဒုက္ခံ’ သေခါနီးဒုက္ခကို သူသွား မှာပဲ (မှန်ပါ)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ သွားပြီး သကာလ အခုလို ဆရာကောင်းသမားကောင်းနဲပ မတွေ့လို့ အသေလွတ်တဲ့လမ်းကို မရှာနိုငိလို့ရှိရင်ဖြင့် အနေလမ်းကိုပြန်ဆိုက်ကြမယ် (မှန်ပါ)၊ မဆိုက်ပေဘူးလား (ဆိုက်မှာပါ ဘုရား)၊ တစ်ခုခုသော ပဋိသန္ဓေကိုပဲ ပြန်ဆိုက်မှာပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဦးဘရင်ခန္ဓာဟာ ဘယ်လိုများလှည့်နေသတုံးလို့မေးလို့ရှိရင် ဒုက္ခသစ္စာ လေးချက်လှည့်နေတယ် (မှန်ပါ)၊ ဒုက္ခသစ္စာလေးချက်ပဲ လှည့်နေတော့ကို ဒါဘယ်လောက်ကြာကြာ တပည့်တော်လှည့်ရမှာတုံးလို့ ဦးဘရင်က မေးဖို့လိုတယ် နော် (မှန်ပါ) ခင်ဗျား အသေလွတ်လမ်းကို မရှာသရွေ့ ဒီအနေလမ်းချည်း လှည့်နေမှာပဲ (မှန်ပါ)၊ ဆရာကောင်း မတွေ့သရွေ့ ကိုယ်ကိုယ်တိုင်က မရှာသရွေ့ ဒီဒုက္ခလေးချက်မှတစ်ပါး ခင်ဗျားမှာ အပြင်ထွက်စရာလမ်းကို မရှိပါဘူး (မရှိပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါ ခင်ဗျားတို့ရဲ့လမ်းစဉ်။

ဒီလေးချက်ဖြစ်ခဲ့တယ်

တပည့်တော်နောက်က ဘာဖြစ်ခဲ့သတုန်းဆို ဒီလေးချက်ဖြစ်ခဲ့တယ် (မှန်ပါ)၊ ရှေ့ကြာ့်တော့ ဒီအနေလမ်းကို သေပြီးသည့်နောက်မှ ကျွတ်လွတ်တဲ့လမ်းကို မတွေ့သေးသရွေ့ ကာလပတ်လုံးလဲ ဒီလမ်းချည်းပြန်လှည့်မယ်၊ ရှေ့လဲ ခင်ဗျား ဒါပဲ ဖြစ်မှာပဲ (မှန်ပါ)၊ အဲဒီတော့ အပြောယုံမလား မသွားယုံမလားလို့မေးလို့ရှိရင် ဦးဘရင် ဘယ့်နှယ်ဖြေ မတုံး (အသွားကိုယုံတယ် ဘုရား)၊ အပြောကိုမယုံနဲ့တဲ့၊ သူများက လူချမ်းသာ၊ နတ်ချမ်းသာလို့ ပြောနေငြားသော် လည်း ခင်ဗျားလှည့်နေတာက ဒါပဲ (မှန်ပါ)၊ သူများအပြောကတစ်မျိုး၊ ကိုယ့်လှည့်နေရတာက (တစ်မျိုးပါ ဘုရား) သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ခင်ဗျားတို့ကလဲ မင်း ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင် ဟောဒီနတ်ဇာတိ၊ နတ်ပဋိသန္ဓေရမယ်ဆိုတာ သူများအပြော (မှန်ပါ)၊ ဘုရားကိုယ်တော်မြတ်ကြီးက ဘာသစ္စာတဲ့တုံး ‘ ဇာတိပိဒုက္ခာ’ (မှန်ပါ)၊ ‘ ဇရာပိဒုက္ခာ’ ဗျာဓိပိဒုက္ခော’ မရဏံပိ (ဒုက္ခံပါ ဘုရား)၊ ဘုရားကိုယ်တော်မြတ်ကြီးက ဒါပဲဟောတယ် ၊ ဒါဖြင့် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က ပြောတာကို မှတ်ထားကြပါ။ ပြောသံကြားကို မှတ်မနေပါနဲ့နော် (မှန်ပါ)၊ အမြင်ကျယ်တာ ဘယ်သူတုံးဆိုလို့ ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးပါပဲ (မှန်ပါ)၊ နောက်ဘုရားကိုယ်တော်မြတ်ကြီးကို အတူလိုက်ပြီးအခု ဘုန်းကြီးများ က ပြောဆိုနေတာပါ (မှန်လှပါ ဘုရား)။

ထွက်ရပ်လမ်း မတွေ့သေးသရွေ့

ဒါဖြင့်- ဦးဘရင် နောက်တုန်းက ခင်ဗျား ဘာဖြစ်ခဲ့တုံး ဆို ဒုက္ခလေးချက်လှည့်ခဲ့တယ်ဘုရားလို့ ဖြေရမှာပဲ (မှန်ပါ)၊ ရှေ့ကို ခင်ဗျားဘာလုပ်ဦးမှာတုံးလို့မေးလို့ရှိရင်ဖြင့် ထွက်ရပ်လမ်း မတွေ့သေးသရွေ့ ကာလပတ်လုံး ဒီလမ်း သွားမှာပဲ၊ သေပြီး ဒီလမ်းချည်းပဲ သွားမယ်ဆိုတာ မရှင်သေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် – ဒီလမ်းနဲ့ပဲ အချိန်ကုန်တော့မှာလား ၊ ထွက်လမ်းရှာဥိးမှာလားလို့ဆိုတဲ့ မေးခွန်းဟာ တစ်ခါတည်း ခင်ဗျားစိတ်ထဲမှာ ရောက်လာတယ် (ထွက်လမ်းရှာရမှာပါ ဘုရား)။ ထွက်ရာလမ်းကို ရှာရမယ် ၊ မသိခင်တော့ မရှာဘူးပေါ့၊ အခုတော့ သိပြီတဲ့၊ နောက်တုန်းကလဲ ဒီလမ်းလေးလမ်း ‘ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ’ ပဲ လျှောက်ပြေးခဲ့တယ် ရှေ့ကို ဒီသေပြီးသည့်နောက် ထွက်လမ်း မတွေ့သေးသရွေ့ကာလပတ်လုံး ဒီလေးလမ်းပဲ လှည့်မယ် (မှန်ပါ)၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒါဖြင့် ငြင်းလို့ ရသေးလား (မရပါ ဘုရား)၊ ငြင်းလို့မရတော့ဘူးတဲ့။

ဆုံးမရက် နှစ်ပေါင်း ၅၀၀၀

ကောင်းပြီ ဒါဖြင့် ကျုပ်တို့သည် မြတ်စွာဘုရားတစ်ဆူတစ်ဆူ ပွင့်ထွန်းပါမှ ဒီကနေထွက်တဲ့လမ်းဟာ တစ်ခါပေါ် တယ် (မှန်ပါ)၊ သေပြီးထွက်တဲ့လမ်းနော် (မှန်ပါ)၊ ဒါ ဘုရားတစ်ဆူ တစ်ဆူ ပေါ်တဲ့အခါမှာ ဒါတွေလာတာပဲ (မှန်ပါ)၊ ဘုရားကိုယ်တော်မြတ်ကြီးကလဲ ဆုံးမရက်ကို နှစ်ပေါင်း ၅၀၀၀ ပဲ ထားပစ်ခဲ့တယ် ၊ အဲဒီအချိန်မှာ ဘုန်းတော်ကြီးတို့လို ပြနိုင်တဲ့ပုဂ္ဂိုလ်တွေ ပေါ်လာလိမ့်မယ် (မှန်ပါ)၊ နောက်ဘုရားတွေ ကျတော့ထားမှာ မဟုတ်တော့ဘူး (မှန်လှပါ ဘုရား)။

အဲဒီတော့ – ဒီအချိန်ကလေးကို ဦးဘရင်လက်လွတ်ခံမလား၊ ဒီလမ်းပဲပြေးနေရတာကို အကျေနပ်ကြီး ကျေနပ်နေသလားလို့မေးရင် ဘယ့်နှယ်ဖြေမတုံး (လက်လွတ်မခံနိုင်ပါ ဘုရား)။ ဘယ်နည်းနဲ့မှ မခံနိုင်ဘူး၊ သူများပြော တာကတော့ လူချမ်းသာ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာလို့ပြောမှာပဲ (မှန်ပါ)၊ သစ္စာနဲ့ ဝေဖန်ကြည့်လိုက်တဲ့အခါမှာ ဘုရားကိုယ်တော်မြတ်ကြီးရဲ့အမြင်၊ အမှန်တရားတွေနဲ့ စဉ်းစားလိုက်တဲ့အခါ ဒုက္ခလေးချက်လှည့်တာပဲ ရှိပါတယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုတန်းလိုက်မယ် (ပုံစံခွက်များ ချပြသည်)၊ အခု ဒါက ဒုက္ခလေးချက်ကို ပဋိစ္စသမုပ္ပါဒ်နဲ့ လှည့်ပြ လိုက်တာ၊ ဒီလိုဆိုလို့ရှိရင် ခင်ဗျားနားမလည် မရှိတော့ဘူး၊ ခုနကအပိုင်းတော့ ခင်ဗျားနားလည်သွားပြီ မဟုတ်လား (မှန်ပါ)၊

အသေလွတ်တရားကို ရှာပါ

ကောင်းပြီ ဒီဇာတိ၊ အမိဝမ်းခေါင်းထဲမှာ နေတုန်းကို ခင်ဗျား အသေလွတ်တရားကို ရှာပါလို့ဆိုရင် ရှာချိန်မရသေး ဘူး (မရပါ ဘုရား)၊ နည်းနည်း အသက်အရွယ်ကြီးလာတဲ့အချိန်မှာလဲ ကျောင်းတွေ၊ သားမယားကျွေးမှု မွေးမှုတွေနဲ့ စီးပွားရေးလိုက်နေရလို့ မရသေးဘူး (မှန်ပါ)၊ အဲဒီတော့ အခုတော့ဖြင့် ဟောဒီ အနားနား တော်တော်ကပ်လာပြီ (ကပ်နေပါပြီ ဘုရား)။ အိပ်ရာဖျာကပ်နား တော်တော်နီးလာပြီး (နီးပါပြီ ဘုရား)၊ နီးတော့ကို ဒီကြားထဲမှာ ခင်ဗျားအခု ဘုန်းကြီးဆီရောက်လာတယ် (မှန်ပါ)၊ ဒီကြားထဲမှာရှာ၊ ဒီသေခါနီးကျရင်တော့ ရှာမယ်လို့တော့ စိတ်မကူးနဲ့၊ မလွယ် တော့ဘူးတဲ့၊ ဒီကျတော့လဲ သေရတယ်ဆိုတော့ကို ရှာချိန်မရှိတော့ဘူး (မရတော့ပါ ဘုရား)။

ဒါဖြင့် ဒီကြားမှာ ခင်ဗျား၊ ဒီလမ်းခွဲလေးတစ်ခု “ အအိုက အနာကြား” ခင်ဗျားလိုက်ပါဆိုတာကို တိုက်တွန်း တယ် (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)၊ ဒီကြားမှာ လမ်းခွဲလေးလိုက်ပါ၊ ဒီကြားမှာ ဘုန်းကြီးနဲ့လာတွေ့တာကိုး (မှန်ပါ)၊ ဒါဖြင့် ဒီလမ်းခွဲကလေးကို မလိုက်ခဲ့လို့ရှိရင်တော့ ခင်ဗျား ဒီအသေဆိုက်တော့မယ် ၊ ဒီဆိုက်ရင်ဘုရားမကယ်နိုင် ဆရာမကယ်နိုင် ဖြစ်မှာပဲ (မှန်ပါ)၊ဒီဆိုက်ပြီဆို လုံးလုံး ဥပေက္ခာထားရတော့မယ်၊ခင်ဗျားကို ဘယ်လောက်ခင်တဲ့ ဘယ်လောက်ရင်းနှီးတဲ့ ဘယ်လောက်အကျိုးစီးပွား အလိုရှိတဲ့ပုဂ္ဂိုလ်ကဖြစ်စေ ၊ ကယ်ဖို့ယူဖို့ အချိန်မရတော့ဘူး (မှန်လှ ပါ ဘုရား)။

အအိုနဲ့အနာ မရောင်ခင် ကြားထဲလမ်းခွဲပါ

ဒါဖြင့် အအိုနဲ့အနာ မရောင်ခင် ကြားထဲလမ်းခွဲပါ (မှန်ပါ)၊ ဒီနေရာမှာ ရှာလိုက်ပါ (မှန်ပါ)၊ ဒီ အအိုလွတ်၊ အသေလွတ်၊ ဒီတစ်ခါအိုပြီး၊ ဒီတစ်ခါသေပြီး သကာလ နောက်လွတ်တဲ့လမ်းကို ရှာလိုက်ပါ (မှန်ပါ)၊ ဒါဖြင့် ဒီ “ အအိုနဲ့ အနာ” ကြားရှာပေါ့၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)၊ ဒီ ‘အသေ’ ကျတော့မှ မရှာနဲ့နော် (မှန်ပါ)၊ ဒီနဲ့ဒီ ‘ အနာနဲ့အသေ’ ကျတော့ ကြားမရှိဘူး (အခုရှာဖို့အချိန် ရောက်နေပါပြီ ဘုရား)၊ ရောက်နေပြီ၊ ရှာဖို့အချိန်ကလဲ အခု ပြောတဲ့အတိုင်း ဪ – ဒီကြားလေးပဲကျန်တော့တယ်၊ ဒီဘက်ကြားက ကိုယ်နဲ့မဆိုင်တော့ဘူး နာပြီးဖျတ်ဆို သေချင် သေပစ်လိုက်မှာကိုး (မှန်ပါ)၊ ဒီနဲ့ဒီ ‘ အအိုနဲ့အနာ’ ကတော့ နည်းနည်းဝေးသယောင်လေး ရှိသေးတယ် (မှန်ပါ)၊ ဒီနဲ့ဒီ ‘အအိုနဲ့အသေ’ ကတော့ မဝေးဘူး (မှန်ပါ)၊ အင်း နာပြီတဲ့ဆို သေပြီးကြားရတာများတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီကြား ‘ အအိုနဲ့အနာ’ မှာ ခင်ဗျား အခု အရှာလာတာပဲလို့ ဘုန်းကြီးများကလဲ သိထားတယ် ကိုသံဒိုင်ကလဲ ဒါကိုမြင်လို့ လွှတ်လိုက်တာပဲ (မှန်ပါ)၊ သူ့ကို ခင်ဗျား အင်မတန်ကောင်းသော မိတ်ဆွေတစ်ဦး တစ် ယောက်လို့မှတ်ပါ (မှန်ပါ)၊ သူ့ကိုခင်ဗျား အင်မတန်ကောင်းသော မိတ်ဆွေတစ်ဦး တစ်ယောက် လို့မှတ်ပါ (မှန်ပါ)၊

ကလျာဏမိတ္တပဲ၊ ကလျာဏမိတ္တဆိုတာ ဦးဘရင်တစ်ခါတည်းမှတ်ထားပါ၊ ရှင်သာရိပုတ္တရာက နှစ်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းကျင့်ပြီးပြီ (မှန်ပါ)၊ ကလျာဏမိတ္တဆိုတာနဲ့ မတွေ့လို့ရှိရင် ဘုရားကိုယ်တော်မြတ်ကြီးက ဒီကောင်မျောမယ်တဲ့ သူ့မှာ အဿဇိရဟန်းကလေးက ဆရာကိုးက (မှန်ပါ)၊ အဲဒါနဲ့ တွေ့သွားလို့ သူသောတာပန် တည်သွားတာ (မှန်ပါ)။ အဲဒီ ရှင်အဿဇိနဲ့သာ မတွေ့ဘူးဆိုလို့ရှိရင် နှစ်အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းဟာ ကွားသွားပြီတဲ့၊ ကလျာဏမိတ္တ မတွေ့ရင် သူ့ဟာသူကို မဂ်ဉာဏ်ဟာမပေါ်နိုင်ဘူးကွ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကလျာဏမိတ္တဆိုတာ

ဒါဖြင့် – ကလျာဏမိတ္တဆိုတာ ကလျာဏက ကောင်းတာ၊ မိတ္တက အဆွေခင်ပွန်း ခင်ဗျား ကိုသံဒိုင်ရော ဒီက ဆရာဘုန်းကြီးရော ၊ ဒါ ကလျာဏမိတ္တတွေချည်းမှတ်ထားပါ (မှန်ပါ)၊ မတွေ့လို့ရှိရင် သွားပြီတဲ့ (မှန်ပါ)၊ နှစ် အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသားတောင်မှ အလကားဖြစ်ရမယ်လို့ ပြေားထားတာပဲ (မှန်ပါ)၊

ရှင်မောဂ္ဂလာန် လဲ ဒီအတိုင်းပဲ နှစ်အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ပြီးသားဟာ ဒီရှင်သာရိပုတ္တရာကတစ်ဆင့် ဟောလို့သာ သောတာပန် တည်ရမယ် (မှန်ပါ)၊ ကလျာဏမိတ္တဟာ ဘယ်လောက်ကျေးဇူးများတယ်ထင်လဲ ဒါကြောင့် ရှင်အာနန္ဒာကို ဘုရားကိုယ် တော်မြတ်ကြီးက မေးလိုက်တယ်၊ ညီတော်အာနန္ဒာ ကလျာဏမိတ္တများဟာ ဘယ်လောက်များ ကျေးဇူးများသတုံးကွလို့ မေးတော်မူတော့ ထက်ဝက်ကျေးဇူးကို ဆောင်ပါတယ်လို့ဖြေတဲ့အခါမှာ အို မင်းဟာ သာဝကဉာဏ်နဲ့ ပြောတာကိုးကွ မဟုတ်ဘူး ၊ သူအားလုံးဆောင်ရွက်သွားတာ သူ့ကြောင့် ဒုက္ခခပ်သိမ်း ငြိမ်းသွားတာ (မှန်ပါ)၊ သဘောပါပြီလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူအရေးကြီးနေတာတုံး (ကလျာဏမိတ္တပါ ဘုရား)၊ ကလျာဏမိတ္တသိ၏ အရေးကြီးပါတယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ဒီ ‘ အအိုနဲ့အနာ’ ကြားမှာ ခင်ဗျားရှာရင်ရှာနော် ဒီဘက်လွန်သွားရင် တော့ ကျုပ်လဲ မတတ်နိုင်ဘူး (မှန်ပါ)၊ ဒီဘက်လွန်ရင်တော့ မတတ်နိုင်ဘူး လက်လျော့ပြီး (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

လက်လျော့ရတာကို ကျုပ်ရှင်းပြမယ် (မှန်ပါ)၊ ဒါအလုပ်စဉ်ကို မပြောသေးပါဘူးတဲ့၊ အခု ပေါ့ပေါ့နေမှာစိုးလို့ ပြောတဲ့ စကားတွေလို့မှတ်ပါ (မှန်ပါ)၊ ဒါဖြင့် ဒီကြားရှာရလိမ့်မယ်ဆိုတာ သိပြီနော် (သိပါပြီ ဘုရား)၊

အာဠာရရသေ့ ဥဒကရသေ့

ကောင်းပြီ အာဠာရ ရသေ့ကြီးဟာ လောကီဈာန်ကို သင်ပေးတဲ့နေရာမှာ ဆရာပဲ၊ ဥဒကရသေ့ကလဲ အရူပဈာန်ကိုသင်ပေးတဲ့ နေရာမှာ ဘုရားကိုယ်တော်မြတ်ကြီး၏ ဆရာနော် (မှန်ပါ)၊ ကိုယ်တော်မြတ်ကြီး နုစဉ်အခါတုန်းက ဒီနှစ်ယောက်ကို ဆရာထားတာ (မှန်ပါ)၊ လောကုတ္တရာမှာသာ ဆရာမရှိတာ၊ လောကီဈာဉ်မှာ ဆရာရှိတယ် သူ့မှာ (မှန်ပါ)၊

နောက် သစ္စာလေးပါးသိပြီး ဆရာဖြစ်ပြီးလာတော့ ငါဘယ်သူ့ကို တရားဟောရပါမတုံးလို့ စဉ်းစားတဲ့အခါမှာ အို ငါ့ဆရာ အာဠာရ ရှိသားပဲဆိုပြီး ဒိဗ္ဗစက္ခုနဲ့ကြည့်လိုက်တော့ ခုနှစ်ရက်စောပြီသေနှင့်တယ် (မှန်ပါ) မဟာကပ်ပေါင်း ခြောက် သောင်းခမျာမှာ ဒုက္ခသစ္စာနဲ့လှည့်နေတယ် ၊ နှစ်ရက်စောသေသွားတာနဲ့ ကမ္ဘာပေါင်းခြောက်သောင်း ခုန ဒုက္ခလေးချက်နဲ့ လှည့်နေတယ် (မှန်ပါ)၊ ကောင်းနိုင်သေးရဲ့လား (မကောင်းနိုင်ပါ ဘုရား)။ အရှုံးကြီးရှုံးပြီ ဟေ့ ဘုရားကိုယ်တော်မြတ် ကြီးက အရှုံးကြီးရှုပြီဟေ့လို့ တစ်ခါတည်း ပြောလိုက်တယ်။

ဒါနဲ့ – ဆက်ပြီးစဉ်းစားတယ်၊ ဪ – ငါ့ဒုတိယ ဆရာရှိပါသေးလား၊ ဥဒကရှိပါသေးလားဆိုတော့ ကိုယ်တော် မြတ်ကြီး သစ္စာလေးပါးသိပြီး လွန်ခဲ့တဲ့ညဉ့်သန်းခေါင်အချိန်ကပင် သေနှင့်တယ် (မှန်ပါ)၊ ဪ လူလဲ အရှုံးကြီးရှုံးသွား ပြီ တဲ့၊ ဒီထက် အရှုံးမရှိတော့ဘူး ၊ ဟေ့ သစ္စာတရား မနာလိုက်ရလို့တဲ့၊ သစ္စာတရား နာလိုက်ရရင်သူတို့က တိဟိတ် တွေလဲဖြစ်တယ်၊ ဈာန်တွေလဲ ရပြီးသားဆိုတော့ ဝိပဿနာဖက်ကူးလိုက်ရင် ဖျက်ခနဲ နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်တွေ (မှန်ပါ) မဟာကပ်ပေါင်းရှစ်သောင်းလေးထောင် ဒုက္ခသစ္စာနဲ့ လှည့်နေရတော့ မနာဘူးလား ကဲ (နာပါတယ် ဘုရား)၊ အဲဒါကတော့ အသေစောလို့ ဖြစ်ရတာ (မှန်ပါ)၊ သဘောပါပြီးလား (ပါ,ပါပြီ ဘုရား)၊ အသေစောလို့ ဖြစ်ရတာ အသေက နည်းနည်း လေး စောသွားတယ် (မှန်လှပါ ဘုရား)။

အနေရှိပါလျက် ကလျာဏမိတ္တနဲ့ မတွေ့လို့ ရှုံးရတာတွေကလဲ တစ်ပုံကြီးပါပဲ၊ အဲဒါ ဝတ္ထုမထုတ်တော့ဘူး (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

အသေကလဲ စောစရာကိစ္စပါတယ်

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့အသေကလဲ စောစရာကိစ္စပါတယ် (မှန်ပါ)၊ ဒီမဂ်ဉာဏ်ဖိုလ်ဉာဏ်မရခင်ပေါ့ဗျာ (မှန်ပါ) ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ သစ်ပင်တစ်ပင်ပေါက်နေတယ် ဦးဘရင် နဂိုကတည်းက ကိုင်းပေါက်လာတယ် ဆိုတော့ ကိုင်းတဲ့ဘက်လဲမလာ မလဲဘူးလားဆိုတာ ခင်ဗျားတို့ သံသယရှိဖို့ မလိုတော့ဘူး (မလိုတော့ပါ ဘုရား)၊ လဲမှာပဲ (လဲမှာပါ ဘုရား)။

ဒီခန္ဓာကလဲ မွေးကတည်းက သေမယ့်ဘက်ချည်းပြေးတာ (မှန်ပါ)၊ သေပါမပါ (ပါ,ပါတယ် ဘုရား)၊ မေးကတည်းက သူအိုတဲ့ဆီပြေး နာတဲ့ဆီပြေး၊ သေတဲ့ဆီပြေးနေတာဟာ ခန္ဓာလစ်းစဉ်ပဲ (မှန်ပါ) ဆိုတော့ သူကမစော ဘူး စောနိုင်တယ်လို့ဆိုလို့ရရဲ့လား (မရပါ ဘုရား)၊ စောချင်လဲ စောသွားမယ် (မှန်ပါ)၊ စောနိုင်ပါတယ်တဲ့ အဲဒီအသေ စောလို့ ခုနက ပုဂ္ဂိုလ်နှစ်ယောက်မှာလဲ ဒုက္ခရောက်သွားပါတယ် ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် ဒုက္ခစက်လည် ရတယ် (မှန်ပါ)၊

ကလျာဏမိတ္တနဲ့မတွေ့လို့လဲ ကိုယ်ကျိုးနည်းရတာတွေက တစ်ပုံကြီး (မှန်ပါ)၊ ဆိုတော့ ဒါတွေကို လွတ်အောင်ရှောင်ရလိမ့်မယ် (မှန်ပါ)၊ အသေမစောပါစေနဲ့ဆိုတာတော့ ဘုန်းကြီးလဲမတားနိုင်ဘူး ခင်ဗျားဟာ ခင်ဗျားလဲ မတားနိုင်ဘူး (မတားနိုင်ပါ ဘုရား)။ ကလျာဏမိတ္တနဲ့တွေ့တုန်းကို အရယူပြီး သကာလ အသုံးချလိုက်ရင်တော့ ဒါအဖိုးတန် သွားမယ် (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)၊ ကလျာဏမိတ္တနဲ့တွေ့တုံးကို ခင်ဗျားအရယူလို့ရှိရင် ခင်ဗျား အဖိုးတန်သွားမယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အလုပ်တရားစပြောမယ်

ဒါဖြင့် ခင်ဗျားတို့ တရားလဲနာရလိမ့်မယ်၊ အလုပ်တရားမပါဘဲနဲ့လဲ ဘယ်သူမှ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန် မရောက်နိုင်ဘူး (မရောက်နိုင်ပါ ဘုရား)။ မရောက်နိုင်တော့အလုပ်တရားကို အခုကစပြီးတော့ ခင်ဗျားကို ပြောမယ်နော် အလုပ်တရားစပြောမယ်လို့ ဆိုတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ နားလည်ပြီးသားထဲကပဲ ရှင်းပေးလိုက်ပါ့မယ်။

ဒါ ဦးဘရင်ခန္ဓာငါးပါး အခု တရားနာနေတဲ့ ခန္ဓာငါးပါး ရုပ်ရယ်၊ နာမ်ရယ်လို့ဆိုပါတော့ဗျာ၊ နာမက္ခန္ဓာလေးပါး အခု တရားနာနေတဲ့ ခန္ဓာငါးပါး ရုပ်ရယ်၊ နာမ်ရယ်လို့ ဆိုပါတော့ဗျာ၊ နာမက္ခန္ဓာလေးပါး အခု တရားနာနေတဲ့ ဦးဘရင် ခန္ဓာပဲလို့ မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ)၊ ခန္ဓာ ဘာလုပ်နေသတုံးဆိုတော့ ခန္ဓာဆိုတာက ခန္ဓာက ဘာလုပ်နေသတုံးလို့ မေးမနေနဲ့၊ ခန္ဓာက အနိစ္စပဲ (မှန်ပါ)၊ သူ့သဘောလုပ်နေတာပဲ (မှန်ပါ)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ၊ ဖြစ်လိုက် ပျက်လိုက် သူက အနိစ္စပဲ သူ့တာဝန်က ဒါပဲ သူ့ဝတ္တရားက ဒါပဲ ၊ ခန္ဓာအလုပ်က အနိစ္စအလုပ်နော် (မှန်ပါ)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ချင်း လဲနေတာပဲ (မှန်လှပါ ဘုရား)။

ကျုပ်တို့ ဟို ဒိုင်နမိုကလည်တော့ ဒီမီးခွက်လေးတွေဟာ အစဉ်လိုက် လင်းနေတယ်ထင်ရတယ်၊ ဒိုင်နမို တစ်ပတ်မှ တစ်ချက်ထွက်တာ (မှန်ပါ)၊ သို့သော်လည်း ဒိုင်နမိုအလည်မြန်နေလို့ရှိရင် မီးကစဉ်တိုက်လို့ ထင်ရတယ် (မှန်ပါ)။ ထက်ပင်ထင်ရငြားသော်လည်း စဉ်တိုက်လင်းတယ်လို့ ကျုပ်တို့ဒိုင်နမိုကနေကြည့်ရင် ဘယ်နည်းနဲ့မှ မတူဘူး ဒိုင်နမိုမှာ ကုပ်နေတဲ့ ကြေးလေးတွေနဲ့ တိုက်တဲ့အခါ မီးထွက်တာပေါ့ (မှန်ပါ)၊ မတိုက်ရင် (မထွက်ပါ ဘုရား)။ ထွက်ကို မထွက်ဘူး ဒါဖြင့် တိုက်တာကအချိန်ရယ်၊ ဘေးလည်နေတာက အကြာကြီး (မှန်ပါ)၊ အဲဒီကိုက်တဲ့အချိန်လေးမှာ မီးထွက်တာကအတိုက်မြန်တော့ ဒီမှာ မီးဟာ စဉ်တိုက်လင်းနေတယ် တောက်လျှောက်လင်းနေတယ်လို့ ခင်ဗျားက ထင်မှာပဲ (မှန်ပါ ဘုရား)။

ခန္ဓာကြီးဟာ ဖြစ်လိုက် ပျက်လိုက်

ဒီမှာပဲ ခန္ဓာကြီးဟာ ဖြစ်လိုက် ပျက်လိုက် ၊ ဖြစ်လိုက် ပျက်လိုက်နဲ့ ဖြစ်ပျက်မြန်လွန်းလို့ မနေ့ကလဲ ဦးဘရင် ဒီနေ့လဲ ဦးဘရင် ၊ ထိုင်စကလဲ ဦးဘရင် ၊ အခုလဲ ဦးဘရင်လို့ ခင်ဗျားထင်နေတယ် ၊ ဒါဖြင့် သူက ခဏခဏ ဖြစ်ပြီး ခဏခဏ ပျက်နေတာပေါ့ (မှန်ပါ)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ ၊

ဒီရုပ်ကလဲ ဖြစ်လိုက်ပျက်လိုက် နာမ်ကလဲ (ဖြစ်လိုက် ပျက်လိုက်ပါ ဘုရား)။ ဖြစ်လိုက် ပျက်လိုက်နဲ့ ဒီလို ချည်းနေတယ်နော် ၊ နေတာကို ဗြုန်းခနဲ ခင်ဗျားဉာဏ်နဲ့ကြည့်မယ်ဆိုတော့ အတုံးအခဲကြီးဖြစ်နေယ်၊ ခင်ဗျားက ခပ်ဝဝ (မှန်ပါ) မမြင်နိုင်ဘူးဘုရား၊ ခုနက ဖြစ်လိုက် ပျက်လိုက်ရှိတာတော့ စာထဲမှာတော့ ဟုတ်ရဲ့၊ ဘုရားကိုယ်တော်မြတ်ကြီး ဟောတာတော့ဟုတ်ရဲ့ တပည့်တော် ဉာဏ်ထဲမှာ မမြင်ဘူး၊ ဒါ ခင်ဗျားသေချာဆင်ခြေလဲရမယ့် အသွားပဲ (မှန်ပါ)၊ မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။

ဒါဖြင့် မြင်နိုင်တဲ့နည်းကို ပြောရလိမ့်မယ်၊ ရှိတာကို ဆရာကောင်း သမားကောင်းက နည်းပြရမယ်၊ ရှိလို့ရှိရင် ပြရမယ် (မှန်ပါ)၊ ရှိလို့ရှိရင် ဒီနည်းကို အမှန်ပြရမယ် မပြရင် ဖြစ်ကိုမဖြစ်ဘူးဆိုတော့ ဒါဖြင့် ဒီလိုလုပ်ပေတော့ ဦးဘရင် ခင်ဗျား ဒီနာမက္ခန္ဓာလေးပါးထဲမှာ စိတ်ဆိုတာရှိတယ်၊ စိတ်တစ်လုံးရှိတယ်၊ ခင်ဗျားစိတ်ပေါ့ဗျာ (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)၊

စိတ္တာနုပဿနာ

ဘာရမှာတုန်း (စိတ္တာနုပဿနာ လုပ်ရမှာပါ ဘုရား)၊ စိတ္တာနုပဿနာ လုပ်ရလိမ့် မယ်လို့ မှတ်ထားကြပါ။

စိတ္တာနုပဿနာ လုပ်တော့မယ်ကြံတော့ကို ကောင်းပြီ စိတ်ဟာ တပည့်တော် သန္တာန်ဖြစ်တဲ့စိတ်ကို တပည့်တော် ဉာဏ်နဲ့ကြည့်ရရင်တော့ သိမှာပဲကို မဆိုထိုက်ဘူးလား (မှန်ပါ)၊

ကိုယ့်သန္တာန်ဖြစ်တဲ့စိတ်ကို ကိုယ့်ဉာဏ်နဲ့ကြည့်ရရင် သိမှာပဲ (မှန်ပါ)၊ ကိုယ့်သန္တာန်ဖြစ်တဲ့စိတ်ကို ကိုယ့်ဉာဏ်နဲ့ကြည့်ရရင် (သိရမှာပါ ဘုရား)၊ သဘောပါ ပြီလား (ပါ,ပါပြီ ဘုရား)။ ကိုယ့်သန္တာန်ဖြစ်တဲ့စိတ်ကို ကိုယ့်ဉာဏ်နဲ့ကြည့်ရမယ်နော် (မှန်လှပါ ဘုရား)။

သမာဓိအရင်ဖမ်းလိုက်ပါ

ကောင်းပြီး ပထမရှေးဦးစွာ “ သမာဓိံ ဘိက္ခဝေ ဘာဝေထ” ဆိုတဲ့အတိုင်း ကိုယ်က တစ်ခါ ဉာဏ်ထက်အောင် ရှေးဦးစွာ ဦးဘရင် အိမ်ရောက်တဲ့အခါမှာ ဖြစ်စေ အနီးစခန်းမှာ သွားတဲ့အခါမှာဖြစ်စေ ခင်ဗျား အိပ်ရာဝင်ခါနီးဖြစ်စေ အားတဲ့အချိန်မှာဖြစ်စေ ခင်ဗျား ခန္ဓာထဲက စိတ်ကလေးကို သမာဓိအရင်ဖမ်းလိုက်ပါ (မှန်ပါ)။ ဒီနှာသီးဖျားမှာ စိတ်ကလေးထားပြီး လေကလေးကိုထွက်တိုင်းသိ၊ လေကလေး ဝင်ခန္ဓာထဲကစိတ်က ဒီမှာထည့်ထား မှန်ချိန်သလို ထည့်ထားပါ (မှန်ပါ)၊ လေကလေးထွက်လာလဲသိအောင်လုပ်၊ ဝင်တာကိုလဲ သိအောင်လုပ်ပါ၊ ဒါ အာနာပါနကို ပေးတယ် လို့မဆိုနဲ့၊ သမာဓိဖမ်းတာသက်သက်လို့မှတ် (မှန်ပါ)၊

အာနာပါနကို ပေးချင်လို့မဟုတ်ဘူး မဖမ်းမဖြစ်လို့ ဖမ်းတာ ဒီစိတ်ကို ယဉ်အောင်လုပ်ပစ်တာ ပြီးတော့မှ ဒီ ခုနက အနိစ္စရှိတဲ့ဘက်ကို သူ့ခိုင်းမလို့ နွားလို့ ယဉ်အောင်လို့ချည်ထားတာ ကြိုးနဲ့ချည်ထားတာ ဒါဖြင့် စိတ်ဟာ နွားနဲ့တူတယ် ၊ ဟောဒီလေက ချည်တိုင်နဲ့တူတယ်၊ သတိကကြိုးနဲ့တူတယ် သတိတည်း ဟူသော ကြိုးနဲ့ချည်ထားပြီး သကာလ ဒီစိတ်ကို ထွက်လေ- ဝင်လေကို သိပြီးနေရမယ် စိတ်ဟာ ထွက်လေ ဝင်လေကိုသာ သိနေရတာ ထွက်လေ ဝင်လေတည်းဟူသော တိုင်ကို သတိတည်းဟူသော ကြိုးနဲ့ချည်ထား ချည်ထားလို့ တစ်ဆယ်မိနစ် တစ်ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ် နာရီဝက်အတွင်းမှာ တပည့်တော်စိတ်ဟာ ဘယ်မှ မပြေးဘူးဘုရား၊ ထွက်တိုင်း သိနေတယ်။ ဝင်တိုင်းသိနေတယ် ဆိုတာက ၁ နံပါတ်စလုပ်နေတာနော် (မှန်လှပါ ဘုရား)။

၁ နံပါတ်စလုပ်မယ်

၁ နံပါတ်စလုပ်မယ်ဆိုတော့ စိတ်ကို ဘယ်မှာထားရမှာတုံးဆို ၊ နှာသီးဖျားပြိးတော့ထွက်တိုင်းသိ၊ ဝင်တိုင်းသိ လုပ်ရမယ်နော် (မှန်ပါ)၊ မိနစ်နှစ်ဆယ် ၊ နာရီဝက်ရပြီဆိုတော့မှ ကဲ ငါ့စိတ်တော့တည်ပြီ တည်ပြီဆိုလို့ရှိရင်ဖြင့် ခန္ဓာ ပေါ်မှာ သူ့ကိုခိုင်းတော့မယ် (မှန်ပါ)၊

ဒီစိတ်ပဲ ခန္ဓာအပေါ်မှာ ဉာဏ်နဲ့တွဲခိုင်းမှာ (မှန်ပါ)၊ ဉာဏ်နဲ့တွဲခိုင်းမယ်တဲ့ ဉာဏ်နဲ့တွဲခိုင်းတဲ့အခါကျတော့ မျက်လုံးထဲမှာ ဖျတ်ဆို မြင်စိတ်ကလေး ပေါ်လာတယ် ပေါ်ကာရှိသေးတယ်၊ နားထဲက ကြားစိတ်ကလေး ပေါ်လာတယ်၊ အင်းမြင်စိတ်ကလေးက ခန္ဓာထဲမှာ ပေါ်လဲပေါ်တယ်၊ ပျက်လဲပျက်တယ်၊ မျက်လုံးထဲ မှာ ပေါ်လဲပေါ်တယ်၊ ပျက်လဲပျက်တယ်ဆိုတာ သမာဓိရှိတဲ့လူကျတော့ မသိပေဘူးလား သိမလား (သိပါတယ် ဘုရား)။

မြင်စိတ်ကလေးပေါ်တယ် ၊ ပေါ်ပြီးကြားစိတ်ကလေးပေါ်လာတော့ မြင်စိတ်ကလေးဟာ ရှိသေးရဲ့လား (မရှိတော့ ပါ ဘုရား)။ မရှိတော့ဘူး၊ မြင်စိတ်ကလေးဟာ ပေါ်ပြီး ပျက်ထွက်သွားတယ် ဒါ သမာဓိရပြီးလို့ရှိရင် သူပေါ်လာတာလဲ သိတယ် သူပျက်တာလဲ သိတယ်။

ကြားစိတ်ကလေးပေါ်လာရင်ကော ကြားရင် ကြားစိတ်ကလေးပေါ်တာပဲ (မှန်ပါ)၊ မကြားဘဲနေတော့ ပျက်သွား တယ်ဆိုတာ မသိပေဘူးလား (သိပါတယ် ဘုရား)။

ဒါဖြင့် ကြားစိတ်ကလေးဟာ ပေါ်လဲပေါ်တယ်၊ ပျက်လဲ ပျက်တယ်လို့ သိပေး (မှန်ပါ)၊ နှာခေါင်းထဲနံတယ်၊ မွှေးတယ်ဆိုတဲ့ စိတ်ကလေးပေါ်လာလို့ရှိရင်လဲ ပေါ်လဲပေါ်တယ်၊ ပျက်လဲပျက်တယ် လို့ သိပေးပါ၊ လျှာပေါ်မှာ တံတွေးမျိုမျို၊ ဘာမျိုမျို၊ ထမင်းခဲဖွယ်မျိုမျို၊ စားတဲ့စိတ်ကလေးပေါ်ရင် ပေါ်လဲပေါ်တယ်၊ ပျက်လဲပျက်တယ်လို့ သိပေး (မှန်ပါ)၊ ကိုယ့်ပေါ်မှာယားတယ်၊ ယံတယ်၊ နာတဲ့စိတ်ကလေး ပေါ်တယ် ဆိုလို့ရှိရင်လဲ ပေါ်လဲပေါ်တယ် ပျက်လဲပျက်တယ်လို့ ခင်ဗျားကသိနေ ကိုယပေါ်မှာ လေကလေးဘာလေးတိုက် ပန်ကာလေး ဘာလေး က လေရတော့ ချမ်းသာတဲ့စိတ်ကလေးပေါ်မယ်၊ ပေါ်တဲ့နေရာကို ခင်ဗျားက ဉာဏ်လှည့်ပြီးတော့ ပေါ်လဲပေါ်တယ် ပျက်လဲပျက်တယ်လို့ သိပေးပါနော် (မှန်လှပါ ဘုရား)။

အပြင်ဧည့်သည် အတွင်းဧည့်သည် အိမ်သည်

ဒါဖြင့် သိစရာသည် အပြင်ဘက်က (၁ ၂ ၃ ၄ ၅ ၆) သဘောကျပြီလား (ကျပါပြီ ဘုရား)။ အပြင်ဘက်မှာ သိစရာက ဘယ်နှစ်ခုတုံး (ခြောက်ခုပါ ဘုရား) ခြောက်ခုဟာလဲ ခင်ဗျား ဝန်မလေးပါနဲ့တဲ့ (မှန်ပါ)၊ ဟောဒီ တစ်ခုပေါ် နေပြီဆို နောက်ငါးခုမရှိပါဘူး ၊ ဘယ်တော့မှ ပြိုင်မပေါ်ပါဘူး (မှန်ပါ)၊

တစ်ခုပဲပေါ်တယ် ‘ ဧကောဓမ္မော’ ပဲ (မှန်ပါ)။ တစ်ခုပဲ ရှုရမယ် (မှန်ပါ) ၊ ပြီးတော့မှ အတွင်းမှ လိုချင်တဲ့လောဘစိတ်ပေါ်လာတယ်၊ ဒေါသစိတ်ပေါ်လာတယ် သံသယစိတ် ပေါ်တယ်၊ တစ်ခါတလေကျတော့ မေတ္တာစိတ်ကလေးဆိုတဲ့ ဒေါသစိတ်ပေါ်တယ် တစ်ခါတလေ အမောဟစိတ်ကလေး ဒီအနားမှာထား ဘာမှမရှိဘူးဆိုရင် ခင်ဗျားခန္ဓာထဲမှာ လေကို အပြင်ဘက်ထုတ်တဲ့ စိတ်ကလေး တစ်မျိုးရှိတယ် နော် (မှန်ပါ)။ လေကို ပြန်သွင်းတဲ့စိတ်ကလေးက ဟောဒီဟဒဝတ္ထုပေါ်မှာရှိတယ် အဲဒီနှစ်ခုရှိပါတယ် (မှန်လှပါ ဘုရား)။

အဲဒါကို ဒီကနေပြီး ခင်ဗျား ဟဒယဝတ္ထုပေါ်ကနေပြီး ပညာနဲ့ ဒါတွေဟာခြောက်ရယ်၊ ဒီကငါးရယ်၊ ဒီက နှစ်ခုရယ်ကို မှတ်ထားလိုက်တာပေါ့ ဒါ့အပြင် ဧည့်သည်ခြောက်ယောက်လို့ မှတ်ထားပါ (မှန်ပါ)၊ အတွင်းဧည့်သည်က ငါးယောက်လို့မှတ်ထားပါ (မှန်ပါ)၊ အိမ်သည်က နှစ်ယောက်လို့ မှတ်ထားပါ (မှန်ပါ)၊ အိမ်သည်က လေကို ထွက်အောင် အားထုတ်တဲ့စိတ် သက်စောင့်စိတ်ပေါ့ (မှန်ပါ) လေကို ပြန်ရှိုတ်တဲ့စိတ် (မှန်လှပါ ဘုရား)။’

ကောင်းပြီ အပြင်ဧည့်သည် ဘယ်နှစ်ယောက်တုံး (ခြောက်ယောက်ပါ ဘုရား) အတွင်းဧည့်သည်က (ငါးယောက် ပါ ဘုရား)၊ အိမ်သည်က (နှစ်ယောက်ပါ ဘုရား)၊ ဒီနှစ်ယောက်ကို ဟောဒီအမောဟဆိုတာနဲ့ အလောဘ ၊ အဒေါသတွေကို ဒီပညာနဲ့ ဒီကနေစောင့်ပြီးတော့ သူပေါ်ရင် သူ့လိုက်၊ သူပေါ်ရင်သူ့လိုက်၊ သူပေါ်ရင်သူ့လိုက် သူပေါ်ရင် သူ့လိုက် ပေါ်ရာကိုလိုက်ပါ (မှန်ပါ)၊ ဘာမှ လိုက်စရာမရှီဘူးဆို သူတို့နှစ်ခုကို ပြန်လိုက်ပါ (မှန်ပါ)၊ ဟိုစာအုပ်ထဲမှာလဲ ပါတယ် ၊ ပင့်ကူကြီးလိုပဲတဲ့။

ပင့်ကူဥပမာ

ပင့်ကူဥပမာလေးကို ကျုပ်နည်းနည်းပြောလိုက်ဦးမယ်၊ ခင်ဗျားလုပ်တတ်အောင်နော် (မှန်ပါ)။ ခင်ဗျားတို့ လမ်းသွားတဲ့အခါမှာ ပင့်ကူဟာ ကြိုးမျှင်ဝိုင်းကြီးနဲ့ ဒီကြိုးအိမ်ခွေကြီးနဲ့ သူသားကောင်တွေကို မထောင်ဘူးလား (ထောင်ပါတယ် ဘုရား)။ သူကတော့ အလယ်မှာဝပ်နေတယ် (ဝပ်နေပါတယ် ဘုရား)။

ဒီ ထောင့်ကကြိုးလှုပ်သံကြားရင် ကြိုးလှုပ်တဲ့ဆီကို သူပြေးတယ် (မှန်ပါ)၊ ပြေးပြီး စားသောက်ပြီး အလယ်ပြန်ထိုင်တယ် (မှန်ပါ)၊ ဟိုဘက်က ကြိုးလှုပ် ရင် ( ဟိုဘက်ပြေးပါတယ်ဘု့ရား)၊ ဟိုဘက်က စားသောက်ပြီးရင် သူအလယ်ပြန်ထိုင်တယ် (မှန်လှပါ ဘုရား)။

ဒီလိုပါပဲ တဲ့ ခင်ဗျား ဒီပညာနဲ့ ဒီကလှုပ်လို့ရှိရင် ဒီလိုက်၊ ဒီကလှုပ်လို့ရှိရင် ဒီလိုက်၊ ဒီကလှုပ်ရင် ဒီလိုက်နဲ့ ဘက်ကမှ မရှိဘူးဆိုရင် ဟောဒီအလယ်ကို ပြန်ထိုင် သူတို့နှစ်ခုကို ပြန်ထိုင် ၊ ထွက်စိန် ဝင်စိတ်ကို ပြန်ထိုင် (မှန်ပါ)၊ ဆိုတော့ ခင်ဗျား အားလပ်ခွင့် ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ကို ဒါတွေက အပျက်တွေပါ ရှုတာက မဂ်လာ ဖြစ်ပါတယ်။

ရှုတဲ့ဉာဏ်က မဂ်လာဖြစ်တယ်

ရှုတဲ့ဉာဏ်က မဂ်လာဖြစ်တယ် (မှန်ပါ)။ သူတို့က အကုန်အပျက်ချည်းပဲ ရှုတာကမဂ် သူတို့က (အပျက် ချည်းပါ ဘုရား)၊ အေး သူက (မဂ်ပါ ဘုရား)။ အပျက်နဲ့မဂ်နဲ့ ကိုက်သွားအောင် ခင်ဗျားကြိုးစား (မှန်ပါ)၊ဒါ ဝန်လေးစရာရှိ ရဲ့လား (မရှိပါ ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ ပြတာက အကုန်ပြထားတာကိုးဗျ၊ ၆ ရယ် ၊ ၅ ရယ် ပေါင်းတော့ ခုနက ၁၁ မနေဘူးလား (မှန်ပါ)၊ ၁၁ ရယ်၊ ၂ ရယ်ပေါင်းတော့ ၁၃ ပါဘုရား၊ ၁၃ ကို ၁ နဲ့လိုက်တာ (မှန်ပါ)၊ ၁၃ ကို ၁နဲ့လိုက် ရငြားသော်လည်း ၁၃စလုံးတော့ ပြိုင်ပေါ်တာမဟုတ်ဘူး၊ တစ်ခုသာပေါ်တာ (မှန်ပါ)၊ ပင့်ကူလိုပေါ့၊ ကြိုးလှုပ်တဲ့ဆီကို လိုက်သွားရုံပဲ (မှန်ပါ)၊ များများလိုက်နေစရာ လိုသေးလား (မလိုပါ ဘုရား)၊ မလိုတော့ဘူး ၊ ဒါ စိတ္တာနုပဿနာ (မှန်ပါ)၊ သူကတော့ စိတ်ရယ်၊ သူကနုပဿနာ သူကရှုတာ (မှန်ပါ)၊ သူတို့ကစိတ်။ သူတို့ကို နုပဿနာ (မှန်ပါ) ဒါဖြင့် စိတ္တာနုပဿနာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ မနဲ့အိနဲ့ပေါင်းရင် မအိပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီလိုလိုက်နေတော့ လိုက်တဲ့အခါကျတော့ ကျုပ်ရှင်းပြလိုက်မယ်၊ အခု ဒါကို ပုံစံနဲ့ခင်ဗျား တစ်ခါတည်း မှတ်ထား (မှန်ပါ)၊ ဒီလိုလိုက် လိုက်တော့ တပည့်တော် ဘာများ ကျေးဇူးရှိသတုံး ၊ ဟာ ကျေးဇူးရှိတာပေါ့ ဦးဘရင် အနိစ္စနဲ့ မဂ္ဂသွားဖြစ်နေတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သူတို့က ဘာတွေတုံး အနိစ္စတွေ (အနိစ္စပါ ဘုရား)။ ရှုတာက (မဂ္ဂပါ ဘုရား)၊ သူတို့က ဘာတွေတုံး၊ အနိစ္စတွေ (အနိစ္စပါ ဘုရား)၊ ရှုတာက (မဂ္ဂပါ ဘုရား)။ အနိစ္စနဲ့ မဂ္ဂဖြစ်နေတော့ ခင်ဗျားဝိပဿနာမဂ်ရနေပြီ၊ မဂ်ရနေလို့ရှိရင် မဂ်ဆိုတာ ဘာတုံးဆိုတော့ အပါယ်သွားမယ့် ကိလေသာ၊ တဏှာ၊ ဥပါဒါန်၊ ကံတွေကို အကုန်ဖြုတ်ချလိုက်တယ် (မှန်ပါ)၊ တဏှာ ၊ ဥပါဒန်၊ ကံတွေကို အကုန်ဖြုတ် ချလိုက်တော့ကို ခင်ဗျား သံသရာဆက်စရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ဒါကြောင့် အလုပ်ခိုင်းနေတာ (မှန်ပါ)၊ လုပ်ထိုက်ကဲ့လား (လုပ်ထိုက်ပါတယ် ဘုရား)၊ လုပ်ထိုက်တယ်နော် ဒါ ဘာနုပဿနာတဲ့တုံး (စိတ္တာနုပဿနာပါ ဘုရား)၊ အဲ သူတို့ကစိတ်တွေ ဒီကနုပဿနာ (မှန်ပါ)၊ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

ရှုနည်းကလေး နှစ်လုံး

ပေါ်တော့ ရှုနည်းကလေး နှစ်လုံး ခင်ဗျားမှတ်သွားပါတဲ့ ရှုနည်းကလေးနှစ်လုံးဟာ ဘာတုံးလို့ မေးတဲ့အခါ ကျတော့ ခင်ဗျားတို့ညဉ့်မှာ ဘုရားရှိခိုးတယ်၊ ‘ ဧဟိပဿိကော’ လို့ ပါဘူးလား (ပါ,ပါတယ် ဘုရား)၊ ‘ သိန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗောကိုယ်တိုင် မြင်အောင်လုပ်ရလိမ့်မယ် (မှန်ပါ)၊ သန္ဒိဋ္ဌိကောနဲ့လိုက်နော် ဧဟိပဿိကောက ခေါ်သမား သန္ဒိဋ္ဌိကောက လိုက်သမား ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဧဟိပဿိကောက ဘာတုံး (ခေါ်သမားပါ ဘုရား)၊ သန္ဒိဋ္ဌိကောက (လိုက်ရှုသမားပါ ဘုရား) အဲဒီတော့ကို ခေါ်ရာကို ခင်ဗျားရှုရုံပဲဆိုတော့ မခေါ်ရင် မသွားပါနဲ့ (မှန်ပါ)၊ မပေါ်သေဘူးလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် တပည့်တော် ဘယ်လို ရှုရမှာတုံးဆိုတော့ အို – ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောကလိုက် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဘယ်သူက ခေါ်သတုံး (ဧဟိပဿိကောက ခေါ်ပါတယ် ဘုရား)၊ ဘယ်သူက လိုက်ရမှာတုံး (သန္ဒိဋ္ဌိကောက လိုက်ရမှာပါ ဘုရား)၊

သန္ဒိဋ္ဌိကောက သာမံ ပဿိတဗ္ဗောတဲ့ ကိုယ်တိုင်မြင်အောင်သာ လိုက် – လိုက်တဲ့၊

ကိုယ်တိုင် မြင်အောင်သာလိုက်

ခင်ဗျားလိုက်တဲ့အချိန်မှာ ဒါမရှိဘူးဆိုတာသိလိမ့်မယ် (မှန်ပါ)။ မရှိတာဟာ အနိစ္စပဲ (မှန်ပါ)၊ ကဲ ဒီနှစ်ခုနဲ့ ခင်ဗျား ကိစ္စမပြီးသေးဘူးလား (မှန်ပါ)။ ဘယ်သူက ခေါ်မတုံး (ဧဟိပဿိကောက ခေါ်မှာပါ ဘုရား)။ ဘယ်သူကလိုက်ရမှာတုံး (သန္ဒိဋ္ဌိကောက လိုက်ရမှာပါ ဘုရား)၊ သန္ဒိဋ္ဌိကောက သာမံပဿိတဗ္ဗောတဲ့ ကိုယ်တိုင် မြင်အောင်သာလိုက် လိုက်ခဲ့ ခင်ဗျားလိုက်တဲ့အချိန်မှာ ဒါမရှိဘူးဆိုတာသိလိမ့်မယ် (မှန်ပါ)၊ မရှိတာဟာ အနိစ္စပဲ (မှန်ပါ)၊ ကဲ ဒီနှစ်ခုနဲ့ ခင်ဗျားကိစ္စ မပြီးသေးဘူးလား (မှန်ပါ)၊ ဘယ်သူက ခေါ်မတုံး (ဧဟိပဿိကောက ခေါ်မှာပါ ဘုရား)။

မယုံရင် ဟောဒီမှာ ခန္ဓာကိုယ့်ပေါ်မှာ ယားတယ်၊ ယားတဲ့ဆီကို လက်လိုက်မနေပဲ ဉာဏ်နဲ့လိုက် လိုက်ပါ (မှန်ပါ)၊ ယားတဲ့ဆီသာ ခင်ဗျားတို့က လက်ကလိုက် ခင်ဗျားတို့က လက်ကလိုက်နေတာ သူကခေါ်လို့လိုက်တာ (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ)၊ ခေါ်လို့လိုက်တာကို ခင်ဗျားတို့က လက်နဲ့လိုက်နေတယ်၊ ဟောဒီဉာဏ်နဲ့ လိုက်လိုက်လို့ရှိရင် ဒါဟာ ဪ ယားတဲ့စိတ်ကလေးပေါ်ပြီး ယားတဲ့စိတ်ကလေး ပျက်တာဆိုတော့ အနိစ္စသွားတွေ့တယ် (မှန်ပါ)၊

ခင်ဗျား တို့က လက်ကလေးနဲ့လိုက်ပြီး သွားဖျောက်ပေးနေလို့ ကောင်းတဲ့စိတ်ကလေးလာရင် ကောင်းတဲ့စိတ်ကလေးဆီကို ဪ ဒါကောင်းတဲ့စိတ်ကလေးပေါ်တာပဲ ကိုယ်ပေါ်မှာ ဖြစ်ပြီးပျက်တာပဲလို့ ခင်ဗျားတို့ ရှုပေး၊ သူကလဲ ဖြစ်ပြီး ပျက်နေလို့ ခင်ဗျားက ဪ သူကလဲ ဖြစ်ပျက်ဆိုတော့ သူက မဂ်သွားဖြစ်တယ် (မှန်ပါ) ခေါ်ရာကို လိုက်လို့ဖြစ်တာ (မှန်လှပါ ဘုရား)။

ဧဟိပဿိကောကို အသုံးချတတ်ပြီးလား

ဆိုတော့ ဒီဥစ္စာ ခင်ဗျားတို့ အသုံးချတတ်ပါပြီလားတဲ့ ဧဟိပဿိကောကို အသုံးချတတ်ပြီးလား (ချတတ်ပါပြီ ဘုရား)၊ သူက ဘယ်လိုလုပ်တုံးဆို ခေါ်လေ့ရှိတယ် (မှန်ပါ)၊ သန္ဒိဋ္ဌိကောက ဘာတုံး (လိုက်ရမှာပါ ဘုရား)။ ခေါ်ရာကိုလိုက်ရမယ်၊ မခေါ်ရာကို မလိုက်ပါနှင့် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဧဟိပဿိကောက ခေါ်သမားနော် (မှန်ပါ)၊ သန္ဒိဋ္ဌိကောက ဘာတုံး (လိုက်ရမှာပါ ဘုရား)။ ခေါ်ရာကိုလိုက်ရမယ်၊ မခေါ်ရာကို မလိုက်ပါနှင့် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဧဟိပဿိကောက ခေါ်သမားနော် (မှန်ပါ)၊ သန္ဒိဋ္ဌိကောက (လိုက်သမားပါ ဘုရား)၊ ဆိုတော့ကို ခေါ်သမားနဲ့လိုက်သမား နှစ်ခုကို ဆရားဘုန်းကြီးက ကနေ့ ခင်ဗျားတို့ကို ထူးထူးခြားခြားပဲ သင်ပေးလိုက်ပြီ ဒါ ခင်ဗျားတို့က ဘုရားရှိခိုးတဲ့အခါမှာ တရားကို ရှိခိုးနေတာ ဒီတရားအကျင့်က ကျင့်ဖို့ပေးထားတဲ့တရား (မှန်ပါ)၊

ခင်ဗျားတို့က တရားပူဇော်ပါ၏ဆိုပြီး ရှိခိုးနေတာ (မှန်ပါ)၊ မခိုးကောင်းဘူးလားဆို၊ ခိုးကောင်းပါတယ် ။ ဓမ္မာနုဿတိ သွားဖြစ်နေတယ် ဝိပဿနာ မဖြစ်ဘူး (မှန်ပါ)၊ အခုဟာက အဲဒါကို ဘုရားက ဝိပဿနာဖြစ်အောင်လို့ ပြောထားတာ အင်္ဂုတ္တိုရ်ပါဠိတော်ကြီးကျတော့ ဒါ ဝိပဿနာကွ၊ သူခေါ်ရာကို လိုက်ရမှာ (မှန်ပါ)။ ဘဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့်-ဧဟိပဿိကော ခေါ်ရာသို့ သန္ဒိဋ္ဌိကောဆိုတဲ့ အမောဟလိုက်ပေးပါ၊ ဒါကြောင့်-လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ၊ အမောဟနဲ့လိုက်ရမှာ၊ အမောဟဆိုတာ ပညာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ကဲ-တရားနာတာ ဘာမှ မကြာသေးပါဘူး၊ တော်တော်လေး သဘောပေါက်ပြီနော်။

ဘာကျေးဇူးရှိသလဲ

ကဲ-တစ်ခါသွားပါဦး၊ တပည့်တော် ဒီလိုလိုက်နေတော့ ဘာကျေးဇူးရှိမလဲ၊ အို-အပျက်နဲ့မဂ်နဲ့က ဆက်-ဆက်တွေ့တယ်၊ အပျက်ကို မဂ်နဲ့တွေ့နေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါတွေက အပျက်တွေ မဟုတ်လား (မှန်ပါ)၊ ဒါကမဂ်မဟုတ်လား (မှန်ပါ)၊ ဒါဖြင့် အပျက်တွေကို မဂ်နဲ့တွေ့တယ်လို့ဆိုရင် လွဲပါမလား (မလွဲပါ ဘုရား)။ အပျက်ကိုမဂ်နဲ့သွားတွေ့တယ် (မှန်ပါ) ဒါဖြင့် အနိစ္စကိုတွေ့တာပဲ မဟုတ်လား (မှန်လှပါ ဘုရား)။

ကောင်းပြီ-ဒါဖြင့် ခင်ဗျားသည် အပျက်နဲ့မဂ်နဲ့တော့ တွေ့နေပြီ၊ ဒီအတိုင်း လိုက်နေလို့ရှိရင် ဘာကျေးဇူးရှိသလဲ လို့ ခင်ဗျားမေးကို မေးရလိမ့်မယ် (မှန်ပါ)၊ ‘အကာလိကော’ကွ၊ ဟော-လာပြီ၊ အကာလိကော၊ မင်းအခါကို မလင့်ဘူးကွ၊ ဒိဋ္ဌဓမ္မအကျိုးပေးပစ်လိုက်မယ်တဲ့ ဘာတဲ့တုံး (ဒိဋ္ဌဓမ္မအကျိုးပေးလိုက်မှာပါ ဘုရား)၊ အခါမလင့် အကျိုးပေးတယ်၊ မပေးတယ်ကို ကျုပ်ရှင်းပြလိုက်မယ်နော် (မှန်လှပါ ဘုရား)။

ဒီက-ယားတယ်၊ ယားတဲ့ဆီကို ခင်ဗျားက လိုက်-လိုက်တယ် (မှန်ပါ)၊ လိုက်-လိုက်တော့ ဖြစ်ပျက်-မဂ်သွား မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ နို့မို့ရင် ဒီယားတဲ့စိတ်ကလေး နောက်ကနေပြီး ခင်ဗျားက ဒီမဂ်သာ မလိုက်ဘူး ဆိုလို့ရှိရင် ငါစိတ်ပျက်လိုက်တာကွာ ဆိုလို့ရှိရင် ဒေါသတို့၊ သောကတို့ အကုန်လိုက်လာတယ် မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊

ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရတွေ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်မယ်။ လိုက်လို့ရှိရင် ဒါခင်ဗျား ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့မလိုက်လို့ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရတွေဟာ တစ်ခါတည်း သံသရာကြီး တန်းသွားတာပဲ (မှန်ပါ)၊ မတန်းပေဘူးလား (တန်းပါတယ် ဘုရား)၊

မဂ်သည် ဒီကိလေသာကို ဖြတ်တယ်

ဒါ-ဘာဖြစ်လို့တုံးဆိုရင် မလိုက်မိလို့ (မလိုက်မိလို့ပါ ဘုရား)၊ လိုက်မိတော့ ဒီအကျိုးခံစားရမယ်တဲ့၊ ဟောဒီအပါယ်သွားမယ့်တရားတွေ လုံးဝမပေါ်လာဘူး၊ သံသရာကူးမယ့်တရားတွေ လုံးဝမပေါ်တော့မှ ဟောဒီမဂ်လာပေါ်တယ် (မှန်ပါ)၊ ဒါဖြင့်မဂ်သည် ဒီကိလေသာကို ဖြတ်တယ်ဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)၊ ဒီဘဝတွေကို ဖြတ်တယ်ဆိုရင်ကော (မလွဲပါ ဘုရား)၊ ဒါဖြင့် အကာလိကော မဟုတ်ဘူးလား (မှန်ပါ)၊ ပေါ်ပြီ၊ ရှင်းသွားပြီ မဟုတ်လား၊ (ရှင်းပါပြီ ဘုရား)။

ဪ-ဒါဖြင့် ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောလိုက်တာနဲ့ အကာလိကောဆိုတဲ့ အခါမလင့် ရန်သူတွေ အကုန်သေပါလား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မလွယ်ဘူးလားကွ မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ ဒါ-ဘုရားဟောပါဠိတော် သက်သက်ပဲ (မှန်ပါ)၊ ဘာမှမရောနှောဘဲနဲ့ ခင်ဗျားကို ရှင်းလင်းပြီးပေးနေတာ (မှန်ပါ)၊ ဒေါ်ခင်ညွှန့် နားလည်ရဲ့လား (မှန်ပါ)၊ ဒေါ်ခင်ညွှန့်ဒကာကြီးလဲ နားထောင်ပါနော် (မှန်လှပါ ဘုရား)။

ကဲ အခု သုံးလုံးတည်း ဟောတာနဲ့ ဦးဘရင် တော်တော်ရိပ်မိပြီ (တော်တော်ကြီး ရိပ်မိပါပြီ ဘုရား)။ တော်တော် ရိပ်မိတော့ကို ဒါက ဒီအတိုင်းနဲ့ ဒီကိလေသာရန်သူသေမှာလား ၊ သန္ဒိဋ္ဌိကောလိုက်မှ သေမှာလားလို့ မေးကြည့်တော့ ခေါ်ရာကို သန္ဒိဋ္ဌိကောလိုက်မှ ဒီကိလေသာသေမှာ (သေမှာပါ ဘုရား)။

ကိလေသာ မပယ်နိုင်ရင် ဒါတွေဟာ ဆက်လာ မယ် (မှန်ပါ)၊ မလာပေဘူးလား (လာမှာပါ ဘုရား)။ ယားတယ် ၊ စိတ်ပျက်တယ်လို့ လာမှာပဲ (မှန်ပါ) ဒေါသ၊ သောက ၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အဝိဇ္ဇာ သင်္ခါရတွေ မလာပေဘူးလား (လာမှာပါ ဘုရား)၊ နောက်ဘဝကော ဆက်သွားမယ် (ဆက်မှာပါ ဘုရား)၊ ဒါ ဘာမလိုက်မိလို့တုန်း (သန္ဒိဋ္ဌိကော မလိုက်မိလို့ပါ ဘုရား)။ သန္ဒိဋ္ဌိကော မလိုက်မိလို့ ဒါကြောင့် အကာလိကော ကျေဇူး ခင်ဗျား မခံစားလိုက်ရဘူး (မှန်လှပါ ဘုရား)။

–သောက်ဆေးကြီးကို လိမ်းဆေးလုပ်နေတာ

ဪ နေရာကျနေပြီကော ဒါဖြင့် တို့ရပြိးသား ပါဋ္ဌိကို ဆရာသမားက အညွန့်တပ်ပေးတာပဲ ရှိတယ်၊ ရပြီးသား ပါဠိကို အညွန့်တပ်ပေးလိုက်တာ (မှန်ပါ) မသုံးတတ်ကြလို့ (မှန်ပါ)

ဒါဖြင့် ကျုပ်က ပြောတယ် ဥိးဘရင်တို့ လူစုက ဘုရားရှေ့သွားပြီးတော့ သန္ဒဋ္ဌိကော ၊ အကာလိကော ၊ ဧဟိပဿိကောနဲ့ သွားသာဆိုရွတ်နေတယ်၊ ဒါသောက် ဆေးကြီးကို လိမ်းဆေးလုပ်နေတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ သူက သောက်ဆေးလေဗျာ၊ ဝမ်းထဲကို သောက်ရမှာ (မှန်ပါ)၊ ခင်ဗျားတို့ကလဲ တစ်ခါတည်း လိမ်းဆေးလုပ်နေတာ ၊ လိမ်းဆေးအကျိုးက မခံစားရပါဘူး (မှန်ပါ)၊ သူက ဘာတုန်း (သောက်ဆေးပါ ဘုရား)၊ သောက်ဆေးကို ခင်ဗျားတို့က ဘာလုပ်နေကြတုံး (လိမ်းဆေးလုပ်နေ ပါတယ် ဘုရား)၊ အဲ လိမ်းဆေး လုပ်နေတာ ဝေဒနာနဲ့ ဝေးတာပေါ့ (မှန်ပါ)၊ မြန်မြန်ပျောက်ဖြစ်ရမှာကို ဖြည်းဖြည်းပျောက် ဖြစ်နေတာကိုး (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်ဟာ ဝေးသလား ၊ နီးသလားဆိုတဲ့စကားဟာ တစ်ခါအမေးထွက်လာတယ် (မှန်ပါ)၊ ဒါတွေ မလာရင် နိဗ္ဗာန်ပါပဲ၊ ကိလေသာတွေသေလို့ ရှိရင် နိဗ္ဗာန်၊ ဒါဒုက္ခကိလေသာတွေချည်းပဲ (မှန်ပါ)၊ ဒေါသ၊ သောက၊ ပရိဒေဝ ဒီဘက်က အဝိဇ္ဇာ၊ သင်္ခါရတွေကော မသေဘူးလား (သေပါတယ် ဘုရား)၊ ဒါဖြင့် ဒီကိလေသာတွေ သေတာ ဘာခေါ်မတုန်းဆို နိဗ္ဗာန်လို့ခေါ်တယ် (မှန်ပါ)၊

အလုပ်လုပ်တဲ့လူမှာ အနီးကလေး

ဒါဖြင့် နိဗ္ဗာန်ဟာ အလုပ်လုပ်တဲ့လူမှာ အနီးကလေးပဲ (မှန်ပါ)၊ သန္ဒိဋ္ဌိကောလိုက်တဲ့ ပုဂ္ဂိုလ်မှာ နီးတယ် (အလုပ်လုပ်တဲ့လူမှာ အနီးကလေးပဲ (မှန်ပါ)၊ သန္ဒိဋ္ဌိကောလိုက်တဲ့ ပုဂ္ဂိုလ်မှာ နီးတယ် (နီးပါတယ် ဘုရား)၊ သန္ဒိဋ္ဌိကော လုံးဝမပါတဲ့ပုဂ္ဂိုလ်မှာ (ဝေးပါတယ် ဘုရား)၊ ဝေးဆို ရောက်ကိုမရောက်နိုင် ဘူး (မှန်ပါ)။ ရောက်ကို မရောက်နိုင်ဘူးတဲ့ ပေါ်လာပြီကဲ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျား အပြင်ဧည့်သည်ခြောက်ယောက်ပေါ်တိုင်း ပေါ်တိုင်းလိုက်ပါ အတွင်း ဧည့်သည်ငါးယောက် ပေါ်တိုင်းပေါ်တိုင်း (လိုက်ရမှာပါ ဘုရား) ဘာမှ မရှိရင် ပင့်ကူကြီးလို့ ဒီပြန်ထိုင် (မှန်ပါ)၊ သူတို့နှစ်ခုကို ဖြစ်ပျက်ရှုနေ (မှန်ပါ)၊ ရှုနေရင် ဒီမဂ်က ဒီနောက်ကလဲ လိုက်မှာပဲ၊ ဒီနောက်ကလဲ လိုက်မှာပဲ ဒီနောက်ကလိုက်လို့ရှိရင် ဒီကဟာတွေ အကုန်သေမှာပဲ (မှန်ပါ)၊ မသေပေဘူးလား (သေပါတယ် ဘုရား)။

ဒါဖြင့် ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်လို့ အကာလိကောဆိုတဲ့ ဒီရန်သူတွေသေတယ် (သေပါ တယ် ဘုရား)။ သုံးချက်တည်းရယ် (မှန်ပါ)၊ ကိုက်ပလား (ကိုက်ပါတယ် ဘုရား)၊ ဧဟိဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောက လိုက်လို့ အကောလိကောက အခါမလင့် အကျိုးပေးပစ်လိုက်တယ်၊ ဟော ဒီရန်သူတွေ အကုန်သေတယ် (သေပါတယ် ဘုရား)။

လာခွင့်မရလို့မလာတာ

ပယ်လို့သေတာလား ဒါမှမဟုတ် မင်းတို့က မလာနဲ့ဆိုလို့ သက်သတ်လွတ်လျှော့စားလို့ သားကောင်တွေ မစားလို့ အကုသိုလ် နည်းတာလားလို့ဆိုရင် မဟုတ်ဘူး ၊ လာခွင့်မရလို့မလာတာ (မှန်ပါ)၊ ဟိုဟာက ခြုံးခြံတာလို့ခေါ် တယ် ဒါက လုံးဝသက်ပစ်တာခေါ်တယ် (မှန်ပါ)၊ ခြုံးခြံတာနဲ့ သတ်ပစ်တာမှာ ခြုံးခြံတာက ကိလေသာကျန်တယ် (မှန်ပါ)၊ သတ်ပစ်တာက (မကျန်ပါ ဘုရား)၊

အဲ – အကျန်တဲ့အလုပ် လုပ်လိုက်ပါလား ခြုံးခြံနေတာက ပင်ပန်းသေးတယ် (မှန်ပါ) မဟုတ်ဘူးလား ၊ ခြိုးခြံတာက ကိလေသာကျန်တယ် (မှန်ပါ)။ သတ်ပစ်တာက (မကျန်ပါ ဘုရား)၊ အဲ မကျန်တဲ့ အလုပ် လုပ်လိုက်ပါလား ခြိုးခြံနေတာက ပင်ပန်းသေးတယ် (မှန်ပါ)၊ မဟုတ်ဘူးလား ခြိုးခြံနေတာက ပင်ပန်းသေးတယ် သတ်ပစ်လိုက်တာက အေးတယ်၊ ဟိုရန်သူကိုပဲ နည်းနည်းကျန်လဲ ကိစ္စရှိမယ် မထင်ဘူးဆို တော်ကြာ ကြီးလာမှာ မဟုတ်ဘူးလား (မှန်ပါ)။ သတ်ပစ်လိုက်တော့ မအေးဘူးလား (အေးပါတယ် ဘုရား)၊ ကဲ သဘောပါကြရဲ့လား (ပါ, ပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်မတုန်း (ဧဟိပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်ရမှာပါ ဘုရား) ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လို့ရှိရင် ခင်ဗျား ဘာကျေးဇူးခံစားရမှာတုန်း (အကာလိကော မခါမလင့် အကျိုးပေးမှာ ပါ ဘုရား)။

ကိလေသာတွေ အခါမလင့်သေသွားတယ်

ဆိုတော့ ကိလေသာတွေ အခါမလင့်သေသွားတယ် (မှန်ပါ)၊ ရန်သူတွေ ဘယ့်နှယ်နေတုန်း (သေပါတယ် ဘုရား)။ ဒါဖြင့် အကာလိကော ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား)။ ဒါဖြင့် နိဗ္ဗာန်ဟာ နီးသလား ဝေးသလားလို့ မေးတဲ့နေရာကျတော့ နီးတယ်လို့ ခင်ဗျားဖြေရတော့မယ် (မှန်ပါ)၊ ဒီကိလေသာ သေရင် ဘာခေါ်မတုန်းဗျ (နိဗ္ဗာန် ပါ ဘုရား)။

နိဗ္ဗာန်ပဲ သေဖို့ရာ အထူးအားထုတ်ရသလားဆိုတော့ ဒီနှစ်ခုမိနေရင် ပြီးတာပဲ (မှန်ပါ)၊ ဧဟိပဿိကောက ခေါ်လိမ့်မယ် မခေါ်ဘဲ မရှိဘူး (မှန်ပါ)၊ ခင်ဗျားက သန္ဒိဋ္ဌိကောနဲ့လိုက် မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

မြင်တဲ့စိတ်ကလေးကလဲ မြင်တယ် မြင်ပြီးပျက်တယ်လို့သိအောင် ခင်ဗျား သန္ဒိဋ္ဌိကောနဲ့လိုက်ပါ (မှန်ပါ) ကြားတဲ့စိတ်ကလေးကိုလဲ ကြားပြီးပျက်တယ်လို့ ကြားတဲ့စိတ်ကလေးက ခေါ်လိုက်လို့ရှိရင် ကြားတဲ့စိတ်ကလေးက ဖြစ်ပြီးပျက်တာ ကျုပ်တို့ရှုပါ ကျုပ်ကိုရှုပါလို့ ခေါ်နေတယ် ဒီကသန္ဒိဋ္ဌိကောက လိုက်ပေး (မှန်ပါ)၊

နံတဲ့စိတ်ကလေးကလဲ ကျုပ်ကိုရှုပါလို့ခေါ်နေတယ်၊ ဒီကသန္ဒိဋ္ဌိကောက လိုက်ပေး (မှန်ပါ)၊ နံတဲ့စိတ်ကလေးကလဲ ကျုပ်ကိုရှုပါ ကျုပ်ကိုရှုပါလို့ မခေါ်ပေဘူးလား (ခေါ်ပါတယ် ဘုရား)။ သူက ဧဟိပဿိကောကိုး (မှန်ပါ)၊ အဲဒီတော့ ခင်ဗျားက ဒါနဲ့လိုက်ရုံပဲ (မှန်ပါ) မဂ္ဂင်ငါးပါးနဲ့လိုက်မှာ (မှန်လှပါ ဘုရား)။

မဂ္ဂင်ငါးပါးဆိုတာက

မဂ္ဂင်ငါးပါးဆိုတာက ခင်ဗျားလိုက်ရင် ခင်ဗျားကမဂ်ရ ရပါလို၏လို့ ဆုမတောင်းနဲ့ မဂ္ဂင်ငါးပါးကလိုက်တာ ဟောဒါ သမ္မာဒိဋ္ဌိ၊ ဒါက သမ္မသင်္ကပ္ပ၊ ဟောဒါက သမ္မာဝါယာမ ၊ ဟောဒါက သမ္မသတိ၊ ဟောဒါက သမ္မာသမာဓိ သူတို့က ခွဲလို့မရဘူးလိုက်ရင် တစ်ပြုံကြီးလိုက်တယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊

ဒါဖြင့် ဒီလောကီမဂ္ဂင်ကို ခင်ဗျား မရပေဘူးလား (ရပါတယ် ဘုရား)၊ လောကီမဂ္ဂင်ရပြီရင်း လောကုတ္တရာမဂ္ဂင် ခင်ဗျား မရပေဘူးလား (ရပါတယ် ဘုရား)။ လောကီမဂ္ဂင်ရပြီးရင် လောကုတ္တရာမဂ္ဂင် ခင်ဗျားဘာလို့ဟောတုန်း၊ ခင်ဗျား ဒါသာလိုက်ပါ လောကုတ္တရာမဂ္ဂင်ကို ကျုပ်ခဏလေးနဲ့ပဲ ခင်ဗျားတို့ ဖြစ်ပုံကို ပြောနိုင်ပါတယ် (မှန်ပါ)၊ ဒါကိုတော့ လိုက်ရဦးမှာကိုး ဗျ (မှန်ပါ) သဘောပါရဲ့လား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် သုံးချက်တည်း ဟောတယ်လို့ အဓိပ္ပါယ်ရပြီလား (မှန်ပါ)၊ ခေါ်သမားက ဘယ်သူတုံး (ဧဟိပဿိကော ပါ ဘုရား)၊ လိုက်သမားက (သန္ဒိကောပါ ဘုရား)၊ သေသမားက ဘယ်သူတုန်း ( အကာလိကောပါ ဘုရား)၊ အဲ သေသမား က အကာလိကောပဲ ဆိုတော့ကို ဪ ဒါ တို့လုပ်ရစ်ဖို့ ဟောထားတဲ့တရားကိုးလို့ဆိုတာ ဦးဘရင်က ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊

အဲဒါကို အသုံးမချတတ်လို့ ခက်နေတာ (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဒိ့ပြင်တရားတွေ ရှည်နေတာက တော်တော်နဲ့ ဒီမရောက်နိုင်ဘူးကွ၊ ရောက်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။ အခုဟာကတော့ မရောက်သေး ဘူးလား ကဲ (ရောက်ပါတယ် ဘုရား)။

ဧည့်သည်စိတ် အိမ်သည်စိတ်

ဒါ ခင်ဗျားသန္တာန်မှာ ဒါအပြင်ဘက်က ဧည့်သည်ကိုပြောတော့ ဒါဧည့်သည်လို့ ဘုန်းကြီးက ဘာလို့ဟောသတုန်း ဆို တစ်ခါတလေမှမြင်တာ တစ်ခါတလေ ကြားတာနဲ့ပြီးနေတာ မဟုတ်ဘူးလား (မှန်ပါ)၊ တစ်ခါတလေ နံတာနဲ့ပြီးသွားတာ တစ်ခါတလေ စားတဲ့စိတ်သာ ရှိတယ် ၊ ဒိ့ပြင်စိတ်ရှိရဲ့လား (မရှိပါ ဘုရား)၊ တစ်ခါတလေ ယားတဲ့ယံတဲ့စိတ်သာရှိတယ် ဒိ့ပြင်စိတ်ရှိရဲ့လား (မရှိပါ ဘုရား)။ ဒါဖြင့် တစ်ခါတစ်ခါမှ ပေါ်လို့ ဧည့်သည် (မှန်ပါ)၊ လောဘ၊ ဒေသ၊ မောဟ၊ အလောဘ၊ အဒေါသ ဒါတွေလဲ ဧည့်သည်တွေပဲ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

ဟော အိမ်သည်ဆိုတာကတော့ ရှုစိတ်၊ ရှိုတ်စိတ်၊ လေကို ထုတ်တဲ့စိတ်၊ လေကိုပြန်ရှိုတ်တဲ့စိတ်ကတော့ သတ္တဝါ တစ်ဦး တစ်ယောက်မှာ ရှိရမယ်၊ ခန္ဓာငါးပါးသမားမှာ ရှိရမယ် (မှန်ပါ)၊ မရှိရပေဘူးလား (ရှိရမှာပါ ဘုရား)။

အဲဒီတော့ အပြင်ဧည့်သည်ဘယ်နှစ်ယောက်တုန်း (ခြောက်ယောက်ပါ ဘုရား)။ ခြောက်ယောက်၊ သူက သုခ ဒုက္ခတိုး (မှန်ပါ)၊ သုခစိတ်၊ ဒုက္ခစိတ်အတွင်း ဧည့်သည်က (ငါးယောက်ပါ ဘုရား)။ ငါးယောက် ကဲ အိမ်သည်က (နှစ်ယောက် ပါ ဘုရား)။ နှစ်ယောက်ဆိုတော့ အားလုံးမှ တစ်ဆယ့်သုံးယောက်မရှိဘူးလား (မှန်ပါ) တစ်ဆယ့်သုံးကပေါ်တော့ကို ပြိုင်ပေါ်မလား ၊ တစ်ခုတည်းပေါ်မလား (တစ်ခုတည်းပေါ်မှာပါ ဘုရား)။ တစ်ခုတည်းပေါ်တော့ တစ်ခု ၊ တစ်ခုနဲ့လိုက် ရုံပဲ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုလိုက်၊ လိုက်တဲ့အတွက် တပည့်တော်မှာ ဘာကျေးဇူးရှိသတုံးလို့ မေးဖို့ လိုသေးလား (မလိုတော့ ပါ ဘုရား)။ အကာလိကောကွ၊ ဒါ ခင်ဗျားခံစားရမယ့် ကိစ္စ (မှန်ပါ)။

အပါယ်သွားကြောင်း ပါနေတယ်

ခင်ဗျား အခုရောင်းဝယ်ဖောက်ကားပြီး ပွဲစား လုပ်ပြီး သကာလ နေရတာဟာ အပါယ်သွားကြောင်းလဲ ပါနေတယ် ၊ လောဘ၊ ဒေါသကိစ္စတွေလေ (ပါ,ပါတယ် ဘုရား)။ တစ်ခါတလေ မနာလို မရှုနိုင်တဲ့ မောဟကိစ္စတွေကတော့ (ပါ,ပါတယ် ဘုရား)။ တစ်ခါတလေ မနာလို မရှုနိုင်တဲ့ မောဟကိစ္စတွေကတော့ (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟကိစ္စနဲ့ အချိန်ကုန်နေတယ်လို့ဆိုသဖြင့် ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟကိစ္စနဲ့ အချိန်ကုန်နေတယ်လို့ဆိုသဖြင့် ဒါဟာ ဘယ်တော့မှမလိုက်နိုင်ဘူး (မှန်ပါ)၊ မလိုက်နိုင်တော့ ဥပမာ လောဘလာတယ် (မှန်ပါ)၊ လောဘဆိုတာ တဏှာမဟုတ်လား (မှန်ပါ)။ တဏှာဖြစ်ရင် ဥပါဒန်၊ ကံဟုတ်လား (မှန်ပါ)၊ တဏှာလာရင် ဥပါဒါန်လာရတော့မယ် (မှန်ပါ)၊ ပဋိစ္စသမုပ္ပါဒ်ဖြတ်လို့ရသေးရဲ့လား (မရတော့ပါ ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံဆိုတော့ ဟော နောက်ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ မလာပေဘူးလား ၊ လာမလား (လာမှာပါ ဘုရား)။

ဒါ မလိုက်မိလို့ ခင်ဗျားဖြစ်ရတာ၊ မလိုက်မိလို့ ဒီပဋိစ္စသမုပ္ပါဒ်ဆက်သွားတာ (မှန်ပါ)၊

ကဲ- ဒါဖြင့် ဒီလောဘကို ဒီပြန်ထားလိုက်ပါပြီတဲ့ ကဲ ဒေါသတစ်ခါတလေ ခင်ဗျားအပြောအဆို မတည့်တဲ့အခါ ပါသေးတယ်နော် (ပါ,ပါတယ် ဘုရား)။ ကဲ ဒေါသလိုက်တော့ ဒေါသဆိုတော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနုဿ၊ ဥပါယာသဆိုတဲ့ မသိတဲ့အဝိဇ္ဇာက ဒီဘက်မလာပေဘူးလား (လာပါတယ် ဘုရား)။

သန္ဒိဋ္ဌိကော မလိုက်မိလို့

‘ အဝိဇ္ဇာပစ္စာယာသင်္ခါရာ’ ‘ သင်္ခါရပစ္စယာဝိဉာဏ’ ဆိုတော့ ဟိုဘက် ပဋိသန္ဓေမနေပေဘူးလား (နေပါတယ် ဘုရား)။ ဒါ သန္ဒိဋ္ဌိကောမလိုက်မိတာ (မှန်ပါ)၊ ကဲ ခင်ဗျား တစ်ခါမောဟလေး ဖြစ်တယ်ဆိုပါတော့ မောဟလေးဖြစ်တော့ မောဟဖြစ်တာကို ခင်ဗျားကမလိုက်မိတော့ မောဟက အဝိဇ္ဇာမဟုတ်လား (မှန်ပါ)။ ဒါဖြင့် အဝိဇ္ဇာပစ္စာယာ (သင်္ခါရာပါ ဘုရား)။ သင်္ခါရပစ္စယာဝိညာဏံဆိုတော့ ဆက်မသွားဘူးလား (ဆက်ပါတယ် ဘုရား)။

ဒါ ဘာဖြစ်လို့တုန်းဆို သန္ဒိဋ္ဌိကော မလိုက်မိလို့ (မှန်ပါ)၊ သန္ဒိဋ္ဌိကော မလိုက်မိတာနဲ့ ကာလိကဆိုတာတွေ အကျိုးပေးကုန်တယ်၊ အကာလိက မဟုတ်တော့ဘူး၊ ကာလိကတွေ ဝင်လာတယ် (မှန်ပါ)၊ သန္ဒိဋ္ဌိကော မလိုက်မိလို့ရှိရင် ကာလိကတော့ ဝင်လာတယ်၊ သန္ဒိဋ္ဌိကောလိုက်မိလို့မိလို့ရှိရင် အကာလိက ပေါ်လာတယ်၊ ကာလိကနဲ့ အကာလိက ကော ကွပြီလား (ကွဲပါပြီ ဘုရား)။ ကာလိကဆိုတာ ပဋိစ္စသမုပ္ပါဒ်ပေါ်လာတာ (မှန်ပါ)။ အကာလိကဆိုတာက ပဋိစ္စ သမုပ္ပါဒ်ပြတ်တာ (မှန်ပါ)၊ ကဲ ဒါလောက်ဆိုရင် ခင်ဗျားရှင်းနေပြီး (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဪ ဒီအလုပ်ဟာ ခုနက ဒုက္ခလေးမျိုးလည်နေတာကို သတ်ချင်ပါတယ်ဆိုရင်ဖြင့် သန္ဒိဋ္ဌိကောကို အားကိုးရမှာပဲ (မှန်ပါ)။ သန္ဒိဋ္ဌိကောကို အားကိုးမှ ဒီဘက်က အကာလိကောဆိုတဲ့ အခါမလင့် အကျိုးပေးမယ် ကိလေသာရန်သူတွေ သေတဲ့ကိစ္စဟာ ပြီးသွားမယ် (မှန်ပါ)၊ မပြီးပေဘူးလား (ပြီးပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။

အမောဟက ပညာ

ဒါဖြင့် ခင်ဗျား ခန္ဓာကိုယ်ထဲမှာလဲ အခုပြောခဲ့တဲ့ တစ်ဆယ့်သုံးမှ တစ်ပါး မရှိဘူးတဲ့၊ တစ်ဆယ့်သုံးစိတ်ပဲ ရှိတယ် (မှန်ပါ)၊ ဒိပြင် ဘာမှ မရှိဘူး ၊ တစ်ဆယ့်သုံးစိတ်ကို ဟောဒီအမောဟနဲ့ရှု၊ အမောဟက ပညာပဲဗျ၊ ဒီက အလောဘ၊ အဒေါသ၊ အမောဟကို နုတ်ထားတယ်၊ နုတ်ထားတာက ရှုဖို့နုတ်ထားတာ (မှန်ပါ)၊ နို့မို့သူလဲ ခြောက်ဖြစ် ရမှာ၊ စာလိုတော့ ခြောက်ဖြစ်ရမှာပေါ့၊ အခု ဘုန်းကြီးက နုတ်ထားလိုက်တာ ဒီဥစ္စာက သူကအလုပ် လုပ်ရမယ့်လူနော် သူတို့က အင်း ခဏ ခဏ ဧဟိပဿိကောနဲ့ ခေါ်ပြောနေမယ်လူတွေ သူက ကြည့်သမား ၊ ခေါ်သမားနဲ့ ကြည့်သမား ခွဲလိုက်တာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပြီးတော့ တစ်ခုလေးမှတ်ထားလိုက်ပါ လိုက်တာလဲစိတ်ပဲ၊ ပျက်တာလဲစိတ်ပဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ပျက်တာလဲ (စိတ်ပါ ဘုရား)။ လိုက်တာလဲ (စိတ်ပါ ဘုရား)။ လူတစ်ယောက်မှာတဲ့ နှစ်စိတ်နဲ့အသက် မရှင်ကောင်းဘူး ၊ ဒါကို သေချာမှတ်ထားပါ (မှန်ပါ)၊ နှစ်စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူက ခေါ်တယ်ဆိုကြပါလို့၊ မြင်တဲ့ဓမ္မလေးက ကျုပ်ကိုရှုပါလို့ သူကခေါ်တယ်၊ ခင်ဗျားက လိုက်လိုက် တယ်ဆိုပါတော့ ဒီနောက်စိတ်နဲ့လိုက် လိုက်တော့ သူရှိသေးသလား ၊ မရှိတော့ဘူးလား (မရှိတော့ပါ ဘုရား)။ မရှိတာဟာ အနိစ္စပဲ ၊ ဟောသိဟာ မဂ္ဂသွားဖြစ်တယ် (မှန်ပါ)။ ဒါဖြင့် ဦးဘရင် တစ်ယောက်သေတာ ဒါပဲ၊ တစ်စိတ်နဲ့ အသက်ရှင်နေ တာကိုး (မှန်လှပါ ဘုရား)။

ကိုယ့်အသေကိုယ်ကြည့်တာ

ဒါဖြင့် ကိုယ့်အသေကိုယ်ကြည့်တာ (မှန်ပါ)၊ ဘာကြည့်တာတုန်း (ကိုယ့်အသေကိုယ် ကြည့်တာပါ ဘုရား)။ ဒါ ခုနက ခင်ဗျား ဒီစိတ်နဲ့ အသက်ရှင်နေတာ အခု ကြည့်တဲ့စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ)၊ တစ်ခါ ဒီစိတ်ကလေး ပေါ်ပြန်တော့ လိုက်ပြန်ပြီ ဟိုက ဧဟိပဿိကော ခေါ်တာနဲ့ ဒီကသန္ဒိဋ္ဌိကောနဲ့လိုက်ပြန်တော့ လိုက်တော့သူရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။

တစ်စိတ်နဲ့ အသက်ရှင်နေမှာကိုး၊ ရှင်တဲ့စိတ်နဲ့လိုက်ရတာကိုးဗျ (မှန်ပါ)၊ သေတဲ့စိတ်က သေသွားပြီ၊ ဒါဖြင့် ဒီမှာ ဘယ်သူ့အသေတုံးလို့ မေးရင် ဘယ့်နှယ်ပြောမတုံး (ဦးဘရင် အသေပါ ဘုရား)။ ဦးဘရင် အသေကို ဦးဘရင်ဉာဏ်က လိုက်တာ၊ ဦးဘရင်စိတ်က လိုက်တာ (မှန်လှပါ ဘုရား)။

ဒါဖြင့် တိုတိုမှတ်ချင်တော့ ခုနကလို ပါဠိမသုံးခင်တော့ မသေကို အရှင်နဲ့လိုက်ဟေ့ ဒါပြီးသွားတာပဲ (မှန်ပါ) သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။ ဘာကို ဘာနဲပလိုက်ရမှာတုန်း (အသေကို အရှင်နဲ့လိုက်ရမှာ ဘုရား)၊ အသေကို အရှင်ကမှ လိုက်နိုင်မှာပဲ။ ထုံးစံက (မှန်ပါ)၊ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား) အသေကို အရှင်မှ လိုက်နိုင်တာပဲဆိုတော့ ရှေ့းက တရားတွေနဲ့ နားမထောင်နဲ့တဲ့၊ အခုခေတ် ခင်ဗျားတို့ နားလည်မှုကို ဘုန်းကြီးတို့က ပဓာနထားပြောတာ ပါဠိတော်ကတော့ ဒါဟာဒါပဲ (မှန်ပါ)၊ ပါဠိတော်ကတော့ ဧဟိပဿိကော ၊ သန္ဒိဋ္ဌိကော ၊ ဒီဘက်ကလာမှာက အကာ လိကောဆိုတော့ ပါဠိတွေ ရှုပ်မနေဘူးလား (မှန်ပါ)၊ အခုတော့ မရှုပ်တော့ဘူး၊ အသေကို အရှင်နဲ့လိုက်ရင် မိတာပဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘယ်သူ့အသေကို ဘယ်သူမြင်သတုန်းမေးလိုက်တော့ (ကိုယ့်အသေကိုယ်မြင်တာပါ ဘုရား)။ ကိုယ့် အသေကိုယ်မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒီအသေကြီးကို နောက်ထပ်ရချင်ဦးမှာလား (မရချင်တော့ပါ ဘုရား)။

မလိုချင် မရချင် ဘူးဆိုတော့ ဟောဒါနဲ့လိုက်လို့ နောက်လိုချင်တဲ့တရားတွေ သေသွားတာ (မှန်ပါ)၊ ဒါဖြင့် လိုချင်တဲ့တရားတွေ သေသွား တယ်ဆိုလို့ရှိရင် ဘယ်ဘဝဘယ်ဌာနကို ခင်ဗျားသွားစရာလိုသေးလား (မလိုတော့ပါ ဘုရား)။

ဘဝဆုံးနိဗ္ဗာန်၊ ခန္ဓာဆုံးနိဗ္ဗာန်

မလို လို့ရှိရင် ဘဝဆုံးနိဗ္ဗာန်၊ ခန္ဓာဆုံးနိဗ္ဗာန် (မှန်ပါ) လိုချင်တဲ့တဏှာက ဆုံးသွာတာကိုး (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ‘ဧကာဟံ ဇီဝိတသေယျော’ ဆိုတော့ တစ်လုံးကောင်းကို ပြောတတ်လို့ရှိရင်ဖြင့် တစ်ခါ တည်း မဂ်ဆိုက်တာပဲ ၊ များများပြောနေဖို့ မလိုပါဘူးတဲ့ (မှန်လှပါ ဘုရား)။

ကဲ ကျေနပ်တဲ့လား (ကျေနပ်ပါတယ် ဘုရား)။ ကျေနပ်လို့ရှိရင် ဒီနေ့ ဒီတင်ရပ်ဦးနော် (မှန်လှပါ ဘုရား)။

သာဓု – သာဓု – သာဓု