3046

မာတိကာသို့

သမာဓိတည်ကြည်တဲ့ပုဂ္ဂိုလ်မှသာ မဂ်ပညာရနိုင်ပုံ

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး၊

မင်္ဂလာရိပ်သာကျောင်းတိုက်၌ ဟောကြားဆုံးမတော်မူသော

သမာဓိတည်ကြည်တဲ့ပုဂ္ဂိုလ်မှသာ မဂ်ပညာရနိုင်ပုံ

(ဥပရိမိဖုရားကြီး ဥပမာပြ)(၁၅-၁-၆၁)ညအလုပ်ပေးတရားတော်

သမာဓိကို အရင်ပွားများကြ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ သမာဓိံ ဘိက္ခဝေ ဘာဝေထ” သမာဓိကို အရင်ပွားများကြကွ သမာဓိကို အရင်ပွားများကြပါလို့ မှာတော်မူပါတယ်။

သမာဓိဆိုတာကတော့ တစ်ခုတည်းသော အာရုံကို စိုက်ကြည့်ပြီး စိတ်ဟာ ဘယ်မှ မပြေးဘဲနဲ့နေလို့ရှိရင် သမာဓိပါပဲ ၊ ဘာနဲ့ပဲဖမ်းဖမ်း အားနာပါနမှ မဟုတ်ပါဘူး ဒီပစ္စည်းကလေးတစ်ခုကို စိုက်ပြီးကြည့်လိုက်တယ် စိတ်ဟာ ဘယ်မှ မပြေးဘူးဆိုလို့ရှိရင်ဖြင့် ဒါ သမာဓိ ရတာပါပဲ။

ဒါကြောင့် “ သမာဓိံ ဘိက္ခဝေ ဘာဝေထ’’ သမာဓိမရှိပြီဆိုမှဖြင့် ခြေလှမ်းလှမ်းတာတောင် မတည့်ဘူး မှန်းခြေက တစ်နေရာ ၊ ကျတာက တစ်နေရာ ဒါဘာဖြစ်လို့မှန်း ခြေကတစ်နေရာ ကျတာက တစ်နေရာဖြစ်ရသလဲဆိုလို့ ရှိရင်ဖြင့် သမာဓိမရှိလို့ လို့မှတ်ကြပါ (မှန်လှပါ ဘုရား)။

သမာဓိမရှိတဲ့ပုဂ္ဂိုလ်များမှာ မှန်ခြေက တစ်နေရာ၊ ကျတာက (တစ်နေရာပါ ဘုရား)။ ဘာမရှိလို့တုန်း (သမာဓိ မရှိလို့ပါ ဘုရား)၊ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်နော် ဒါကြောင့် ဘုရားကိုယ်တော်မြတ်ကြီးက သမာဓိရှိတဲ့ ပုဂ္ဂိုလ်နော် ဒါကြောင့် ဘုရားကိုယ်တော်မြတ်ကြီးက သမာဓိရှိအောင် အရင်လုပ်ပါလို့ဆိုတဲ့ဥစ္စာဟာ မမှားဘူးလို့ မှတ်ထားကြပါ (မှန်ပါ) သမာဓိကို ဘာလုပ်ရမှာတုန်းဆို အရင်ထားရမယ် (မှန်လှပါ ဘုရား)။

ဒါ အလုပ်လုပ်နည်းကို သင်ပေးနေတာ

အဲဒီတော့ကို အလုပ်ရည် အပါးမဝသေးတဲ့ပုဂ္ဂိုလ်များကျတော့ကို တင်ပလ္လင်ခွေပြီး ထိုင်ထိုင်၊ ဒူးတုပ်ပြီး ထိုင်ထိုင် ၊ စိတ်ကို နှာသီးဖျားမှာ ထည့်ထားပါ၊ ထည့်ထားပြီးတော့မှ လေကလေးကို ဒီဘက်ကထွက်လဲ ဒီစိတ်ကလေးက သိပေးပါ ၊ ဒီဘက်ကဝင်သွားပြန်လည်း ဪ – ဝင်သွားပြီလို့ သိပေးပါ ဒီဘက်ကထွက်လာပြန်လို့ရှိရင်လဲ ထွက်လာ ပြီလို့ ခန္ဓာထဲက စိတ်ကလေးကို ဒီနေရာမှာ ထည့်ထားလိုက်တာပေါ့ အဲဒီလို သိ- သိ-သိပေးနေလို့ တစ်ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်၊ နာရီဝက်ရလို့ရှိရင် စိတ်ဘယ်မှ မပြေးတော့ဘူးဆိုလို့ရှိရင်ဖြင့် အလုပ်မလုပ်ခင် သမာဓိရပြီလို့ အောက် မေ့ကြရမယ် (မှန်ပါ)၊ ဒါ အလုပ်လုပ်နည်းကို သင်ပေးနေတာနော် (မှန်ပါ)၊ အိမ်ကျတော့ လုပ်ကြပါ (မှန်လှပါ ဘုရား)။

စိတ်ကလေးကို ဘယ်မှာထားကြမယ် (နှာသီးဖျားမှာ ထားရမှာပါ ဘုရား)။နှာသီးဖျားမှာထားပါ ၊ လေကလေး ထွက်လာရင် (သိရမှာပါ ဘုရား)၊ ဒီစိတ်ကလေးဟာ သိရမယ်နော် (မှန်ပါ)၊ ဝင်သွားရင်ကော (သိရမှာပါ ဘုရား)၊ အဲဒီတော့ ထွက်သိ – ဝင်သိ၊ ထွက်သိ – ဝင်သိ မှန်မှန်ရှု၊ မှန်မှန်ရှိုတ်၊ အဲဒီလို သိ- သိ ၊ သိ- သိ သိပြီး သကာလ နေလို့ တစ်ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်၊ နာရီဝက်ရတယ်ဆိုလို့ရှိရင်ဖြင့် ဒီစိတ်ဟာ ဘယ်မှ မပြေးတော့ဘူး ထွက်တိုင်း၊ ဝင်တိုင်း သူသိတယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်နိုင်ပြီလို့ အောက်မေ့ရမယ် (မှန်ပါ)၊ ဒါ ရှေးဦးစွာအလုပ် လုပ်တဲ့ပုဂ္ဂိုလ်တွေ မှာ ဒီက စရမယ်လို့ မှတ်ကြပါ (မှန်လှပါ ဘုရား)။

နွားရိုင်းကိုချည်ထားပါ

ကိုယ့်စိတ်ကိုယ်နိုင်တော့ကို ဘယ့်နှယ်ကြောင့် ဘုရား ကိုယ်တော်မြတ်ကြီးက ဒါကို ဟောရသတုံးလို့ မေးလို့ရှိရင် ဖြင့် သတိတည်းဟူသောကြိုးနဲ့ လေတည်းဟူသောထွက်သက် – ဝင်သက်ချည်တိုင်မှာ ဒီစိတ်ကို ချည်ထားပါ (မှန်ပါ) သတိကကြိုး၊ စိတ်ကနွား၊ ထွက်သက် – ဝင်သက်က ချည်တိုင်၊ ထွက်လေ- ဝင်လေက (ချည်တိုင်ပါ ဘုရား)။ အဲဒီ ချည်တိုင်မှာ သတိတည်းဟူသောကြိုးနဲ့ စိတ်တည်းဟူသောနွားရိုင်းကိုချည်ထားပါ (မှန်ပါ)၊ ဒီစိတ်ကိုပဲ သူကခိုင်းရမှာကိုး သူက ထွက်- ထွက်ပြေးနေလို့ရှိရင် နင်တို့ ဘယ့်နျယ်လုပ်ခိုင်လို့ရမှာတုံး (မရပါ ဘုရား)။ မင်း ဖြစ်ပျက်ရှုပါ ၊ မင်းဘာလုပ်ပါလို့ ခိုင်းလို့ကို မရတော့ပါဘူး (မရပါ ဘုရား)။

ဒါကြောင့် ရှေးဦးစွာ ‘ သမာဓိ ဘိက္ခဝေ ဘာဝေထ’ သမာဓိ = သမာဓိကို (ဝါ) တည်ကြည်မှုကို ဘိက္ခဝေ = ရဟန်းတို့၊ ဘာဝေထ = ပွားများကြကွ။ သမာဓိကို အရင်ပွားများကြပပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါအားလုံးကို အခု အလုပ်သင်နေပြီနော် (မှန်ပါ)၊ အလုပ်သင်နေပါတယ် တရားနာတာ မဟုတ်တော့ပါဘူး (မှန်ပါ) အလုပ်သင်နေတာ။

အဲ- သမာဓိကို တစ်ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ရပြီဆိုတော့မှ ကဲ အလုပ်ဖက်ကို ကူးရတော့မယ် ဒီစိတ်ကို အလုပ်ဖက်မှာ ခိုင်းရတော့မယ် (မှန်ပါ)။ အရင်ကတော့ ချည်ထားတာ နွားချည်ထားပြီး နောက်ထမ်းပိုးတဲ့ထည့်ပြီး သကာလ ဝန်ရုန်းခိုင်းရလိမ့်မယ် ဆိုတာဟာ ထုံးစံပဲမဟုတ်လား (မှန်လှပါ ဘုရား)။

အဲဒီစိတ်ကို ဒီ ဒကာ ဒကာမတွေက တစ်ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုသလိုပဲ တဲ့ ဘယ်မှမပြေးအောင် ထားနိုင်ကြလို့ရှိရင်ဖြင့် သမာဓိတည်ပြီလို့ အောက်မေ့ကြပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အဲဒီတော့မှ ‘ သမာဓိံ ဘိက္ခဝေ ဘာဝေထ’ ဘိက္ခဝေ = ရဟန်းတို့ ၊ သမာဓိံ = သမာဓိကို၊ ဘာဝေထ = ရှေးဦးစွာ အရင်တည်ထားကြပါကွာ ပွားများကြပါကွာ။

သမာဓိတည်ပြီး ဘာဖြစ်သတုံး

သမာဓိတည်ပြီး ဘာဖြစ်သတုံးဆိုတော့ ‘ သမာဟိတော ယထာဘူတံ ပဇာနာတိ’ လာပြီ ၊ ဒုတိယအဆင့်က ‘ သမာဟိတော ယထာဘူတံ ပဇာနာတိ’ တဲ့ သမာဟိတော = တည်ကြည်ပြီးသောပုဂ္ဂိုလ်ဟာ ၊ တည်သွားပြီမဟုတ်လား (မှန်ပါ)၊ ယထာဘူတံ = ခန္ဓာထဲ၌ ဘာဖြစ်နေတယ်ဆိုတဲ့အမှန်တရားကို၊ ပဇာနာတိ = အဲဒီစိတ်နဲ့ ဉာဏ်နဲ့ကသိ၏။ စိတ်နဲ့ဉာဏ်နဲ့က တွဲနေတာ (မှန်ပါ)၊ တည်ကြည်ပြီးလို့ရှိရင် ခန္ဓာထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို သူသိတယ်တဲ့ (မှန်ပါ)။ တည်ကြည်ပြီးရင် (ခန္ဓာထဲဖြစ်နေတာကို သိတယ် ဘုရား)၊ ခန္ဓာထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို သေချာသိတာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် တို့ ဒကာ,ဒကာမတွေက ဒီလိုမှတ်ရလိမ့်မယ် ဪ ခန္ဓာထဲမှာ အနိစ္စတွေ ရှိပါတယ်၊ ဖြစ်ပျက်နေတာတွေ ရှိုပါတယ်၊ တို့ ဘာလို့မသိသေးပါလိမ့်မတုံးဆိုတော့ သက်သေခံလုံလောက်ပြီလား (လုံလောက်ပါပြီ ဘုရား) ဘာလိုနေတာတုန်း (သမာဓိလိုနေပါတယ် ဘုရား)။ သမာဓိကို မပွားမိတဲ့အတွက် (မှန်ပါ)။ သမာဓိကို မပွားမိတဲ့အတွက် ခန္ဓာထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို မသိဘူး (မသိပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် -သမာဓိကို ပွားဖြစ်အောင် ပွားများကြပါ (မှန်ပါ) သမာဓိကို ပွားဖြစ်ေးအာင် ပွားများလို့ရှိရင်ဖြင့် ခန္ဓာထဲမှာ ဖြစ်ချင်တာဖြစ် အကုန်သိတယ် (မှန်ပါ)၊ ယားယားမှန်းသိတယ် နာ နာမှန်းသိတယ် ၊ စိတ်ကလေး ပေါ်လာရင် ပေါ်မှန်းသိတယ်၊ အသစ်တစ်ခုခုဖြစ်လာတိုင်း ဖြစ်လာတိုင်း (သိပါတယ် ဘုရား)။ သိတယ် ဘာရှိမှ သိတာတုံး (သမာဓိရှိမှ သိတာပါ ဘုရား)။ အဲ သမာဓိရှိလို့ရှိရင်ဖြင့် သိပါပြီတဲ့။

‘ သမာဟိတော = တည်ကြည်ပြီးသောပုဂ္ဂိုလ်အား၊ ယထာဘူတံ = ခန္ဓာထဲ၌ ဘာဖြစ်နေတယ်ဆိုတာကို ဟုတ်မှန်တဲ့အတိုင်း ပဇာနာတိ = သိ၏။ ဪ – သမာဓိ တည်ပြီးလို့ရှိရင်ဖြင့် နင်တို့ ဘာပူစရာရှိသေးတုံး ၊ ကိုယ့် ခန္ဓာထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို အကုန်သိတာပါပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။ ဘာရှိမှ သိတာတုံး (သမာဓိရှိမှ သိတာပါ ဘုရား)။ အဲ သမာဓိရှိရင်ဖြင့် သိပါပြီ တဲ့။

‘ သမာဟိတော’ = တည်ကြည်ပြီးသောပုဂ္ဂိုလ်အား ၊ ယထာဘူတံ = ခန္ဓာထဲ၌ ဘာဖြစ်နေတယ်ဆိုတာကို ဟုတ်မှတ်တဲ့အတိုင်း၊ ပဇာနာတိ = သိ၏။ ဪ – သမာဓိ တည်ပြီးလို့ရှိရင်ဖြင့် နင်တို့ ဘာပူစရာရှိသေးတုံး၊ ကိုယ့်ခန္ဓာထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို အကုန်သိတာပါပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။ သမာဓိ တည်ကြည်ရင် ခန္ဓာထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို (သိပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘာကိုသိသတုန်းလို့မေးတဲ့အခါ

ကောင်းပြီ- ဒီလိုသိတော့ ဘာကိုသိသတုန်းလို့မေးတဲ့အခါကျလို့ရှိရင်ဖြင့် တည်ကြည့်ပြီးတဲ့ပုဂ္ဂိုလ်ဟာ ရုပ်တရားတို့၏ ဖြစ်ပျက်မှုကိုလဲသိပါတယ် (မှန်ပါ)။ ဒါရုပ်တရားလေး ဒါရုပ်တရားကြီး သူဘယ်လိုဖြစ်ပျက်နေတယ်ဆို တာကိုလဲ သိတယ်တဲ့ (မှန်ပါ) ဝေဒနာတရားလေး ခန္ဓာထဲမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကိုလဲ သိတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးဖြစ်ပျက်နေတာကို (သိပါတယ် ဘုရား)။ သိတယ်၊ ဘယ်လိုပုဂ္ဂိုလ်မှ သိတာတုံး (သမာဓိရှိတဲ့ပုဂ္ဂိုလ်မှ သိပါတယ် ဘုရား)။ အဲ – သမာဓိတည်ကြည်ပြီးသာ ပုဂ္ဂိုလ်ကတော့ ခန္ဓာထဲမှာ ဘာဖြစ်တယ်ဆိုတာကို အကုန်သိတာပါပဲ တဲ့ မသိပါနဲ့ဆိုလို့ရကို မရပါဘူး (မရပါ ဘုရား)။

အဲဒီတော့ ဒီ ဒကာ, ဒကာမတွေမှာ ရှုလိုက်တဲ့အခါကျတော့ ခန္ဓာထဲမှာ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေ မမြင်သေးဘူးလို့ဆိုလို့ရှိရင်ဖြင့် ဪ ငါသမာဓိကို ပြန်ပွားမယ်၊ ဒီလိုပြန်လှည့်ပစ်လိုက် (မှန်ပါ) ဘာလုပ်ကြမယ် (သမာဓိ ပြန်ပွားရမှာပါ ဘုရား)။ အဲ သမာဓိပြန်ပြီးပွားတော့ ခုနကဟာလေးအတိုင်း ပြန်လုပ်လိုက်ပါ (မှန်ပါ)၊ ပြန်လုပ်လိုက်လို့ တည်နေပြီဆိုတော့ သိတာပေါ့ (မှန်လှပါ ဘုရား)။

ဥပမာ – ငါပြပါမယ့် ၊ ညဉ့်အခါ ငြိမ်နေတဲ့အချိန်ကျတော့ ဒီအပေါ်က အိမ်မြှောင်ကလေးကျတာတောင်မှ ခဲကျသလောက် ဒီနားထဲမှာ ထင်ရှားပါတယ် (မှန်ပါ)၊ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။ ဘာဖြစ်လို့တုံးဆိုလို့ ရှိရင်ဖြင့် ငြိမ်ဆိမ်နေလို့ပဲ (မှန်ပါ)၊ ဘာဖြစ်လို့ပါလိမ့် (ငြိမ်ဆိမ်နေလို့ပါ ဘုရား)၊

အဲ နင်တို့စိတ်ထဲမှာလဲ တည်ကြည်နေလို့ရှိ ရင်ဖြင့် ခန္ဓာထဲက ဘယ်လောက်သေးငယ်တာလေးပဲဖြစ်ဖြစ် ဖြစ်လိုက်ပျက်လိုက်နဲ့ နေတာကို သိတာပဲတဲ့ (မှန်ပါ)။ ငြိမ်နေတုန်းကို ကျောက်ခဲလေးကျတာကို ခဲကြီးကျသလောက် ထင်ရသလို စိတ်တည်ပြီး ဘယ်မှ မပြေးတော့ဘူးဆိုလို့ ရှိရင်ဖြင့် အဲဒီစိတ်က ခန္ဓာထဲမှာ နည်းနည်းလေး ယားတာလဲ သိတာပဲ ၊ အလတ်စား ယားတာလဲ သိတာပဲ ၊ အကြီးစား ယားတာလဲ (သိပါတယ် ဘုရား)။ ဪ လောဘစိတ်ကလေးဖြစ်နေလဲသိတာပဲ ၊ ဒေါသစိတ်ကလေး ဖြစ်နေလဲ (သိပါတယ် ဘုရား)။ မောဟစိတ်ကလေးဖြစ်နေလဲ (သိပါတယ် ဘုရား)။ ဘယ့်နှယ်ကြောင့် သိပါလိမ့်မလဲ (သမာဓိ တည်လို့ပါ ဘုရား)။ သမာဓိတည်လို့ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အနိစ္စတွေကို မမြင်သေးတာဟာ ဘာကြောင့်ပါလိမ့်

ဪ ဒါဖြင့် တို့အဖြစ်အပျက် အနိစ္စတွေကို မမြင်သေးတာဟာ ဘာကြောင့်ပါလိမ့်မလဲလို့ ဒီဒကာ,ဒကာမတွေ က မတွေးပါနဲ့ သမာဓိလိုနေသေးလို့ မတွေ့တာပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ သမာဓိတည်နေပြီဆိုရင် တစ်ခါတည်း သိတော့တာပဲ (မှန်ပါ)။ ဒါဖြင့် သမာဓိကို ရှေးဦစွာ ပွားများကြပါ (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

သမာဓိပွားများပြီးတော့မှ ဉာဏ်ခိုင်းပါ၊ ဉာဏ်ကို ခန္ဓာကိုယ်ထဲလှည့်ခိုင်းပါ (မှန်ပါ)၊ သမာဓိတည်ကြည်ပြီးတဲ့ ပုဂ္ဂိုလ်ကျတော့ ဉာဏ်နဲ့တွဲတဲ့စိတ်ကလေးနဲ့ ခန္ဓာကိုယ်ကို ပြန်လှည့်လိုက် (မှန်ပါ)၊သူကဉာဏ်နဲ့ တွဲပြီး သကာလ ခန္ဓာတို့၏ အကြောင်းခြင်းရာတွေကို အကုန်သိတာပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။

ကဲ – ဒါဖြင့် နေရာကျပြီ၊ သမာဓိလုပ်ပြီးမှ ပညာလုပ်ရမယ်ဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။ သမာဓိကို ၁ နံပါတ်ထား၊ ပညာကို ၂ နံပါတ်ထားပါ (မှန်ပါ)။ နေရာကျပြီလား (ကျပါပြီ ဘုရား)။ ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ၏ အလုပ်စဉ်နော် (မှန်ပါ)၊ ဒါ ခန္ဓဝဂ္ဂသံယုတ်မှာ ဟောထားပါတယ် (မှန်လှပါ ဘုရား)။

ကောင်းပြီ – ဒါဖြင့် သမာဓိရှိတဲ့ပုဂ္ဂိုလ်ကျတော့ ဘာသိသတုန်းဆိုလို့ရှိရင်ဖြင့် စိတ်တို့၏ ဖြစ်တာပျက်တာကိုလဲ သိပါတယ်၊ ဝေဒနာတို့၏ ဖြစ်တာပျက်တာကိုလဲ (သိပါတယ် ဘုရား)။ သညာဆိုတဲ့ မှတ်မှုလေး၏ ဖြစ်မှုပျက်မှုကိုလဲ (သိပါတယ် ဘုရား)။ သင်္ခါရဆိုတဲ့ စေတနာလေး၏ စေ့ဆော်တာရယ်၊ ပျက်စီးတာရယ် (သိနေပါတယ် ဘုရား)။ စိတ်ကလေး ဘယ်စိတ်လာလာ ဖြစ်တာ ပျက်တာကိုကော (သိပါတယ် ဘုရား)။

ကိုယ့်အကြောင်း ကိုယ်သိပါလား

သိတယ်တဲ့ ဪ – သမာဓိရှိပြီးရင် သိပ်ကျေးဇူးများပါလား (များပါတယ် ဘုရား)။ ကိုယ့်အကြောင်း ကိုယ်သိပါလား (သိပါတယ် ဘုရား)။ ကိုယ့်အနိစ္စ ခန္ဓာကိုယ်ကို အနိစ္စ ခန္ဓကိုယ်လို့သိတယ် (မှန်ပါ)၊ အနိစ္စ ခန္ဓာကိုယ်ကို အနိစ္စခန္ဓာကိုယ်ရယ်လို့သိတယ်ဆိုတာ အလွန်အဖိုးတန်တယ် ဆိုတဲ့ဥစ္စာကို မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ကိုင်း- ဒီဘက်က အဆင်းကလေးတစ်ခု ကိုယ့်အဆင်းကလေးဖြစ်ဖြစ် ဖြူတဲ့အဆင်းကလေး အဖြစ်ဖြစ် မြင်ရတာဟူသရွေ့ အဆင်းချည်းမှတ်ထားပါ (မှန်ပါ) မှန်ထဲကြည့်လိုက်၊ ကိုယ့်ဒီနေရာကြည့်လိုက် ဒီနေရာလေးဟာ အင်းဖြူတယ် ၊ ဒီနေရာလေးက နီတယ် ၊ ဒီနေရာလေးက ကြောင်တယ် ၊ ဒီနေရာလေးက နက်တယ်၊ ဒီနေရာက တင်းတိပ်၊ ဒီနေရာက ဝက်ခြံ၊ အဲဒါတွေဟူသရွေ့ဟာ အဆင်းချည်းပဲ မှတ်ပါ (မှန်လှပါ ဘုရား)။

အဲဒီအဆင်းကို သာယာကြမယ်၊ ဒီကသာယာတဲ့ လောဘလာမယ် (မှန်ပါ)၊ သာယာတဲ့ လောဘလာလို့ရှိရင် စွဲလမ်းတဲ့ ဥပါဒါန်က မလိုက်ပါနဲ့ဆိုလို့ မရဘူး (မရပါ ဘုရား)။ ဥပါဒါန်လိုက်လို့ ရှိရင်ဖြင့် ကံလိုက်လာမယ် (မှန်ပါ)။ ကံလိုက်လာလို့ရှိရင် ဘဝကူးပြီး ဇာတိ၊ ဇရာ၊ မရဏတွေ၊ ဒီဘက်က ပုံလာမယ် (မှန်ပါ)၊ ဒါဖြင့် ဒီအဆင်းရုပ်ကလေးကို နင်တို့လှတယ်ထင်လို့ရှိရင်ဖြင့် တစ်ခါတည်း လောဘလာမယ် (မှန်ပါ)။ လှလိုက်တာ သဘောကျလိုက်တာဆိုရင်ဟာ သဘောကျလိုက်ဆိုရင် လောဘ ၊ စွဲလမ်းရင် ဥပါဒါန် ၊ အင်အားထုတ်ရင် (ကံပါ ဘုရား)။ ဒီကံသာလာရင် ဇာတိ၊ ဇရာ၊ မရဏတွေဟာ (လာပါတယ် ဘုရား)။

ဖြစ်မှုပျက်မှုမသိလို့ ဒါတွေလာပစ်လိုက်တာ

ဪ ဒါ ဘယ့်နှယ်ကြောင့်တုံးဆို သူတို့၏ သမာဓိမရှိတော့ကို ဖြစ်မှုပျက်မှုမသိလို့ ဒါတွေလာပစ်လိုက်တာ (မှန်ပါ)။ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။ ဖြစ်မှု ပျက်မှုကို (မသိလို့ပါ ဘုရား)။ ဖြစ်မှု၊ ပျက်မှုကို ဘာဖြစ်လို့ မသိတာတုံးဆိုရင် သမာဓိမရှိလို့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအဆင်းရုပ်ကလေး၏ ဖြစ်မှုပျက်မှုမသိတဲ့ပုဂ္ဂိုလ်ဟာ တဏှာ၊ ကိုယ့်ကိုယ်ကို ခင်ပါတယ် (မှန်ပါ)။ သူတစ်ပါးကြည့်လိုက်လဲ လှလိုက်တာ၊ သဘောကျလိုက်တာဆိုရင် ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ ၊ မရဏတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။ ဒါ- သမာဓိမရှိဘဲနဲ့ ဒီအတိုင်းသာ ရွာထဲရပ်ထဲမှာ နေကြမယ်ဆိုရင်ဖြင့် တစ်နေ့ တဏှာ၊ ဥပါဒန်၊ ကံ၊ ဇတိ၊ ဇရာ၊ မရဏ – နောက်လာမယ့်ဇာတိ၊ ဇရာ၊ မရဏပေါင်းဟာ ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်ရင် ဒါကိုယ့်ဒုက္ခတွေလာနေတယ်ဆိုတာကော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဒုက္ခတွေ အကုန်လာမှာပဲ (မှန်ပါ)၊ အခု မလာသေးလဲ နောက်သေရင် လာမယ် (မှန်ပါ)၊ ဘာဖြစ်လို့ လာရသတုံးလို့မေးလို့ရှိရင်ဖြင့် ဟောဒီအကြောင်းသုံးခုကြောင့် (မှန်ပါ)၊ နောက်ဘဝ ဘာလာမယ် (ဇာတိလာမှာ ပါ ဘုရား)။ ဇာတိ၊ ဇရာ၊ မရဏဆိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ အဲဒီဒုက္ခသစ္စာတွေ အကုန်လာမယ် (မှန်ပါ)။ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။

ဒါ သမာဓိမရှိတော့ အဆင်းကလေး၏ ဖြစ်မှုပျက်မှုကော (မသိပါ ဘုရား)။ ဒါ- သမာဓိမရှိတော့ အဆင်းကလေး၏ ဖြစ်မှုပျက်မှုကော (မသိပါ ဘုရား)။ မသိတော့ သာယာတယ် (မှန်ပါ)။ သာယာတော့ စွဲလမ်းတယ် (မှန်ပါ)။ စွဲလမ်းတော့ကို အားထုတ်တယ်၊ အားထုတ်တော့ ဇာတိ၊ ဇရာ မရဏတွေ သေသည့်အခြားမဲ့၌ ရပါတယ် (မှန်ပါ)။ မရပေဘူးလား (ရပါတယ် ဘုရား)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဖြစ်ပျက်မမြင်ပါလိမ့်မတုံး

ဘယ့်နှယ်ကြောင့် ဒီဖြစ်ပျက်မမြင်ပါလိမ့်မတုံး၊ ဟုတ်တိုင်းမှန်စွာ ဖြစ်ပြီးပျက်နေတဲ့ အဆင်းရုပ်ကလေးကို ဖြစ်ပျက်မမြင်ပါလိမ့်မတုန်းဆိုတော့ ဘယ့်နှယ်ဖြေကြမတုန်း (သမာဓိမရှိလို့ပါ ဘုရား)။ ဒါဖြင့် သမာဓိရှိတဲ့ပုဂ္ဂိုလ်ကျတော့ သူ့ကို ဘယ့်နှယ်ဆိုကြရမလဲဆိုရင် ဖြစ်ပျက်မြင်တယ် (မှန်ပါ)။ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဖြစ်ပျက်မြင်တဲ့စိတ်နဲ့၊ ဖြစ်ပျက်မြင်တဲ့ပညာနဲ့တွဲလျက်ကြီး ဝင်လာတယ် (မှန်ပါ)။ ဝင်မလာပေဘူးလား (ဝင်လာပါတယ် ဘုရား)။ ဝင်လာတဲ့အခါကျတော့ ဖြစ်ပျက် မဂ်သွား သွားဖြစ်တယ် (မှန်ပါ)။ ဖြစ်ပျက်- မဂ်သွားဖြစ်တယ်၊ သမာဓိ ရှိတဲ့ပုဂ္ဂိုလ်မှာ ဖြစ်ပျက် – မဂ်ကလာတယ် (မှန်ပါ)။ သမာဓိမရှိတဲ့ပုဂ္ဂိုလ်မှာ (မလာပါ ဘုရား)။ ဖြစ်ပျက် မဂ်မလာဘူး ၊ သမာဓိမရှိတဲ့လူကျ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ (မှန်လှပါ ဘုရား)။

ဒါဖြင့် သမာဓိရှိတဲ့ပုဂ္ဂိုလ်ကဖြစ်ပျက်နဲ့ မဂ်တွဲနိုင်တယ် (မှန်ပါ)။ သမာဓိရှိတဲ့ပုဂ္ဂိုလ် (ဖြစ်ပျက်နဲ့မဂ်တွဲနိုင်ပါ တယ် ဘုရား)။ တွဲနိုင်လို့ရှိရင်တော့ တဏှာချုပ်တယ် (မှန်ပါ)။ ဥပါဒါန် (ချုပ်ပါတယ် ဘုရား)။ ကံ (ချုပ်ပါတယ် ဘုရား)။ ဇာတိ၊ ဇရာ၊ မရဏကော (ချုပ်ပါတယ် ဘုရား)။ ချုပ်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

သမာဓိရှိပြီး ဟုတ်တိုင်းမှန်စွာသိလို့

ကောင်းပြီ ဒါဖြင့် ဪ – သမာဓိရှိပြီး သကာလ ဟုတ်တိုင်းမှာစွာသိတဲ့ ပုဂ္ဂိုလ်ဟာ တဏှာမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ အင်း ဒါ သမာဓိရှိပြီး ဟုတ်တိုင်းမှန်စွာသိလို့နော် (မှန်ပါ)။ သမာဓိရှိပြီး ဟုတ်တိုင်းမှန်စွာသိတဲ့ ပုဂ္ဂိုလ်မို့ ၊ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာ ဟောဒီမဂ်ပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီး ဘုရား)။ ဟုတ်တိုင်းမှန်စွာ သိတာ ဘာခေါ်ကြမယ် (မဂ်ပါ ဘုရား)။ ဘယ်ပုဂ္ဂိုလ်မှ ဒီမဂ်ရနိုင်ပါလိမ့် (သမာဓိရှိတဲ့ပုဂ္ဂိုလ် ရနိုင်ပါတယ် ဘုရား)။ သမာဓိရှိတဲ့ပုဂ္ဂိုလ်မှ မဂ်ရနိုင်တယ်ဆိုတာကို သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒါက ရူပက္ခန္ဓာ၊ အင်း- ဝေဒနက္ခန္ဓာလေး ၊ ဝေဒနာလေးတွေ ခန္ဓာကိုယ်ထဲ ပေါ်- ပေါ်-ပေါ် ပေါ်ပြီး သကာလ နေပြန်တယ် (မှန်ပါ)၊ သမာဓိရှိတဲ့ပုဂ္ဂိုလ်ကျတော့ ဝေဒနာလေးတွေကို မတွေ့တော့ဘူး ၊ ဖြစ်ပျက်ပဲ သွားတွေ့တယ်၊ အနိစ္စပဲ သွားတွေ့တယ်တယ် (မှန်ပါ)၊ ဘာသွားတွေ့တုန်း (အနိစ္စပဲသွားတွေ့ပါတယ် ဘုရား)။ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာတော့တွေ့ပါရဲ့ တဏှာ၊ ဥပါဒါန် ကံလဲလိုက်တယ် (မှန်ပါ)။ ကံလိုက်ရင် ဇာတိ၊ ဇရာ၊ မရဏ (လိုက်ပါတယ် ဘုရား)။ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ဪ ဒါက သမာဓိမရှိတဲ့ ပုဂ္ဂိုလ် ဟုတ်တိုင်းမှန်စွာ မသိဘူး (မှန်ပါ)၊ ဝေဒနာကလေး၏ ဖြစ်ပျက်ကို ဖြစ်ပျက်ရယ်လို့ သိရဲ့လား (မသိပါ ဘုရား)။ မသိတဲ့အခါကျတော့ ဘာတွေလိုက်တာတုံး (တဏှာ၊ ဥပါဒါန်၊ ကံတွေ လိုက်လာပါတယ် ဘုရား)။

တဏှာ ၊ ဥပါဒန်၊ ကံတွေလိုက်တော့ ဇာတိ၊ ဇရာ ၊ မရဏ နောက်ဘဝတွေ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။ အဲဒီတော့ နင်တို့က နောက်ဘဝကို ဆုတောင်းမှ ဆက်တာလား မတောင်းဘဲနဲ့ ဆက်နေတာ လား (မတောင်းဘဲနဲ့ ဆက်နေတာပါ ဘုရား)။

သံသရာရှည်တယ်ဆိုတာ

အဲ မတောင်းဘဲနဲ့ ဆက်နေတော့တဲ့ မတောင်းဘဲနဲ့ ဆက်နေတော့ကို ဪ သံသရာရှည်တယ်ဆိုတာ ဒီဘက်က တစ်ခု ဒီဘက်ကတစ်ခု နောက်ဘဝလဲ ဒီလို မသိပြန်တော့ ဟိုဘက်ကတစ်ခု လာဦးမှာပဲ (မှန်ပါ)။ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် သံသရာဘယ့်နှယ်နေကြတုံး (ရှည်သွားပါတယ် ဘုရား)။ သံသရာရှည်သွားတယ် (မှန်ပါ)။ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။ ဘာရှည်တာတုန်း (သံသရာ ရှည်တာပါ ဘုရား)။

သံသရာရှည်သွားတယ်ဆိုတာ သမာဓိ၊ ပညာမရှိလို့ (မှန်ပါ)။ သမာဓိမရှိတော့ ပညာကတော့ (မရှိပါ ဘုရား)။ မရှိတော့ကို ဘာဖြစ်တာတုံး (သံသရာရှည်သွားပါတယ် ဘုရား)။ အဲ- တဏှာ၊ ဥပါဒန်၊ ကံလိုက်လို့ သံသရာရှည်သွားပြီ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဟာ – ဒါဖြင့် သံသရာရှည်တဲ့ပုဂ္ဂိုလ်များ ဘယ့်နှယ်ကြောင့် ရှည့်ပါလိမ့်မ လဲလို့မေးလို့ရှိရင် သမာဓိမရှိသောကြောင့် ဟုတိုင်းမှန်စွာမသိ (မှန်ပါ)။ သမာဓိမရှိသောကြောင့် (ဟုတ်တိုင်းမှန်စွာ မသိပါ ဘုရား)။ ဟုတ်တိုင်းမှန်စွာ မသိသောကြောင့် လိုချင်တယ် စွဲလမ်းတယ် ၊ အားထုတ်တယ်ဆိုတော့ သေတဲ့အခါ မှာ ကံပစ်ချသလို မခံရဘူးလား (ခံရပါတယ် ဘုရား)။ ဒီ – ကမ္မဘဝ ပစ်ခချသလို ခံရတာပေါ့ (မှန်ပါ)။ ကံပစ်ချလို့ ခံရတော့ နွားချေးပုံထဲလဲ ရောက်ချင်ရောက်သွားတယ် (မှန်ပါ)။ နွားချေးပိုးထိုး သွားဖြစ်တာပေါ့ (မှန်လှပါ ဘုရား)။

ဥပရိမိဖုရားကြီး

ဟို- ဥပရိမိဖုရားကြီးဟာ ဒီလိုတရားတွေကို နားမလည်ရတဲ့အတွက် သေသည့်အခြားမဲ့၌ နွားချေးပိုးထိုးကို သွားဖြစ်ရတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘယ်သူက ပစ်ချလိုက်တာတုန်း (ကံကပြစ်ချလိုက် တာပါ ဘုရား)၊ ကံကပစ်ချချင်လို့ပစ်ချတာလား၊ သူ့နောက်က ဥပါဒါန်ကြောင့်လား (သူ့နောက်က ဥပါဒါန်ကြောင့် ပါ ဘုရား)။ သူ့နောက်က ဥပါဒါန်ကြောင့်လား (သူ့နောက်က ဥပါဒါန်ကြောင့်ပါ ဘုရား)။ သူ့နောက်က ဥပါဒါန် သက်သက်လားဆိုတော့ သူ့နောက်က ဘာရှိတုံး (တဏှာရှိပါတယ် ဘုရား)။

ဒီ တဏှာ၊ ဥပါဒါန်တွေက အားပေးလို့ ဒီကံကနေပြီး နွားချေးပိုးထိုးဖြစ်အောင် ပစ်ချလိုက်တယ် (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် သမာဓိရှိတဲ့ပုဂ္ဂိုလ်မှ ဟုတ်တိုင်းမှာစွာသိတဲ့ပုဂ္ဂိုလ်မှ ဒီနောက်ချေးပိုးထိုးဘဝ လွတ်မှာ (မှန်ပါ)။ မင်းတို့ ဒီဘဝမှာ လူကောင်းဖြစ်နေတယ်၊ ဟိုနောက်ဘဝက ချေးပိုးထိုးဖြစ်နေမယ် ၊ ဟိုတစ်နေ့က ကိုယ်တော်ကြီးလို သန်းကြီးဖြစ်နေမယ် ဆိုတာကော မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။

အဲဒီဥစ္စာ ဥပရိမိဖုရားကြီး နွားချေးပိုးထိုးဖြစ်နေတာကို မသိတဲ့၊ သူ့ရှင်ဘုရင်ကြီးကတော့ တစ်ခါတည်း မိဖုရားကြီးအလောင်းကို မပစ်နိုင်ဘူး၊ ခင်နေတုန်းရှိသေးတယ် (မှန်ပါ)။ အဲဒီတင်မှ မှူးတွေမတ်တွေက ဪ ရှင်ဘုရင် အရူးထနေပြီ သူ့ဒီအလောင်းကြိးကို အပြင်ဘက်လဲ မပစ်နိုင်ဘူး ၊ မီးရှိုလဲမပစ်နိုင်ဘူးဆိုပြီး သကာလ ၊ ဒီရှင်ဘုရင်က ဒီအတိုင်းဆိုရင် ရူးပြီးသေတော့မယ်ဆိုပြီး အမတ်အလိမ္မာတစ်ယောက်က တောထဲမှာ အဘိဉာဏ်ရတဲ့ ရသေ့တစ်ပါးကို သွားပြီးပင့်တယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ ရသေ့က ဥပရိမိဖုရားကြီး ဘာဖြစ်နေပါလိမ့်မတုန်း၊ စုတေတော့ စုတေသွားပြီဘာဖြစ်နေပါလိမ့်မလဲလို့ ကြည့်လိုက်တော့မှ ဟိုမှ နွားချေးပိုးထိုးဖြစ်နေတာကိုမြင်တယ် (မှန်ပါ)၊ မြင်တော့မှ အသင်မင်းကြီး မငိုနဲ့ဆိုပြီး ဒီရသေ့က ဥပရိမိဖုရားကြီးဟာ အခုဘာဖြစ်နေတယ်ဆိုတာ သင်သိရဲ့လား ၊ မသိဘူး၊ လွမ်းနေတာသာ ရှိတာပဲ ၊ ဒါနဲ့ ဥပရိ မိဖုရားကြီးကို (နွားချေးပိုးထိုး) ကို ခေါ်ယူတယ်၊ ဒီရသေ့က ခေါ်ယူပြိးတော့ အသင်ဘယ်သူတုံးလို့မေးတာပဲ (မှန်ပါ)။ ဥပရိမိဖုရားကြီးက ဖြစ်လာတဲ့ နွားချေးပိုးထိုးပါလို့ပြောတာပဲ ၊ ဒီတော့ ရှင်ဘုရင်က ယုံတာပေါ့ (မှန်ပါ)။ ဒါဖြင့် သင် အခုငိုနေတဲ့ ရှင်ဘုရင်ကို မကြင်နာဘူးလားလို့မေးတော့ မကြင်နာဘူး၊ မခင်ဘူးလို့ ပြောတာပဲ (မှန်ပါ)၊ ဘယ်သူ့ကို ခင်တုံး – ခင်ပုံကို ပြောစမ်းပါဆိုတော့ အခုရနေတဲ့ နွားချေးပိုးထိုးဖိုကို ခင်တယ်ပြောတာပဲ (မှန်လှပါ ဘုရား)။

တွေ့တဲ့ဟာနဲ့ ခင်နေတာ

ဘယ်လောက်စိတ်နာစရာ ကောင်းသတုန်း (မှန်ပါ)။ နင်တို့ ငိုတဲ့လူကသာ ငိုနေတာ ဟိုမှာဖြင့် ရောက်ရာမှာ ခင်နေပြီ (မှန်ပါ)။ ကျန်တဲ့လူကသာ လောကွတ်ချောနေတာ (မှန်ပါ)၊ ဟိုကဟာ ဘာတုံး (ရောက်ရာမှာ ခင်နေပါတယ် ဘုရား)။ တွေ့တဲ့ဟာနဲ့ ခင်နေတာ (မှန်ပါ)။ နင်တို့ အခုနေကြတာတွေလဲ နောက်ဘဝက သားလင်ခင်ပွန်းတွေလဲ ပုံနေတာ (မှန်ပါ)။ သားသမီးတွေကော (ပုံနေပါတယ် ဘုရား)။

နို့ – အဲဒါတွေကို ခင်သလား၊ အခုရောက်ရာမှာ ခင် နေကြသလား မေးရင်ကော (ရောက်ရာမှာ ခင်နေပါတယ် ဘုရား)။ အေး – နင်တို့လဲ နွားချေးပိုးထိုးလိုပဲ ၊ တယ် မထူးပါဘူး ၊ နွားချေးပိုးထိုးဖြစ်နေတာပါပဲ (မှန်ပါ)၊ ရောက်ရာမှာ ခင်နေတာကိုး (မှန်ပါ)၊ နောက်ကဟာတွေကို အကုန်မေ့ (မှန်လှပါ ဘုရား)။

ဒါနဲ့ ရှင်ဘုရင် သင့်နွားချေးပိုးထိုးဖိုကို ဘယ်လောက်များခင်သတုန်းလို့ ဥပမိဖုရားကြီးကဖြစ်တဲ့ နွားချေး ပိုးထိုးကို မေးကြည့်တာပေါ့ (မှန်ပါ)။ အခုရောက်ရာမှ ခင်တဲ့ဥစ္စာကိုတော့ မပြောပါနဲ့တော့ ၊ အခုငိုနေတဲ့ ရှင်ဘုရင် ကိုတော့ မပြောပါနဲ့တော့ အခုငိုနေတဲ့ရှင်ဘုရင်ကိုတော့ မခင်တော့ဘူး (မှန်ပါ)။ ဘယ်လောက်ထိအောင် နင့်နွားချေး ပိုးထိုးဖိုကို ခင်သတုန်းလို့မေးကြည့်တော့ အခုရှင်ဘုရင်ရဲ့ လည်ချောင်းသွေးနဲ့တောင်မှ သူ့ယောင်္ကျားကို စားစေချင် သေးတယ်၊ ပူဇော်ချင်သေးတယ်လို့ ပြောတာပဲ (မှန်ပါ)၊ ရှင်ဘုရင်လည်ချောင်းသွေးနဲ့ အခုရောက်တဲ့ နွားချေးပိုးထိုးဖိုကို သူက ကျွေးချင်သေးတယ်လို့ ပြောတာပဲ (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ရှင်ဘုရင်က စိတ်နာတယ်

အဲဒီတင်မှ ရှင်ဘုရင်က စိတ်နာတယ် (မှန်ပါ)။ ငါကတော့ မျက်ရည်နဲ့မျက်ခွက်အလောင်းကြီးကိုလဲ မပစ်နိုင် သူကပြောလိုက်တာကတော့ဖြင့် ဟိုမှာ သူ့နွားချေးပိုးထိုးဖိုကို ငါ၏လည်ချောင်းသွေးနဲ့တောင်မှ ပူဇော်ချင်သေးတယ် ပ,သ ချင်သေးတယ် (မှန်ပါ)၊ အဲဒီအခါကျတော့မှ ရှင်ဘုရင်က စိတ်နာပြီး ဒီအလောင်းကြီးကို မီးရှိုပစ်လိုက်ရတယ် (မှန်လှပါ ဘုရား)။

အဲဒါ – နင်တို့ ငိုမယ်ကြံလို့ရှိရင် ၊ ဒါကိုစဉ်းစားကြဦး (မှန်ပါ)။ ဥပမာ- သားလေးသေသွားလို့ ငိုတယ် သူ ကတော့ ရောက်ရာမှာ ပျော်နေပြီး ရောက်ရာမှာ ခင်တွယ်နေပြီ စာကလေးဖြစ်ရင် စာကလေးချင်း ခင်နေပြီး (မှန်ပါ)။ ပုတ်သင်ညိုဖြစ်ရင် ပုတ်သင်ညို အချင်းချင်း ခင်နေပြီး (မှန်ပါ)။ ဒီကို ပြန်ကြည့်နိုင်သေးရဲ့လား (မကြည့်နိုင်တော့ ပါ ဘုရား)။ အကုန်မေ့နေတယ်၊ အဝိဇ္ဇာက ဖုံးသွားပြီ (မှန်ပါ) သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။

ကဲ – လွမ်းတဲ့လူတွေကော လွမ်းချင်စရားများ ရှိကြသေးရဲ့လား (မရှိပါ ဘုရား)။ လွမ်းရင် ရူးတယ်လို့သာ အောက်မေ့ ၊ ဟိုကတော့ ရောက်ရာခင်မယ် (မှန်ပါ)။ သူများကို အကဲမခတ်နဲ့၊ ကိုယ့်ကိုယ်တိုင် ဘယ်ဘဝကလာတယ် ၊ ဘယ်ခင်ပွန်းစွန့်ပြိး လာခဲ့ရတယ်၊ ဘယ်ခင်ပွန်းမစွန်ပြီး လာခဲ့ရတယ်ဆိုတဲ့ လူချည်းပဲ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။ ဟိုဟာတွေကို ပြန်သတိရသေးလား (မရတော့ပါ ဘုရား)။ ဟိုပုဂ္ဂိုလ်တွေကတော့ ငိုချင် ငိုနေဦးမယ် (မှန်ပါ)။ နင်တို့ကတော့ အခုရောက်ရာမှာ မပျော်ကြဘူးလား (ပျော်ပါတယ် ဘုရား)။

နွားချေးပိုးထိုးပျော် ပျော်နေတယ်

အဲဒီ နွားချေးပိုးထိုးပျော် ပျော်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းနေတာပဲ (မှန်ပါ)။ ဒါကြောင့် ဘယ်သူက ခင်ပါတယ်၊ ကြင်နာပါတယ်ဆိုပေမယ့်လဲ ဒါသိပ်ပြီး အယုံအကြည်မရှိကြနဲ့ (မှန်ပါ)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ဘယ်သူက ကြောင့်ကြပါတယ်၊ ဘယ်သူက စိုးရိမ်ပါတယ်ဆို – အို – ဒါတွေဟာအပိုတွေ ၊ တော်ကြာ ရောက်ရာပျော်ထဲကပဲ (မှန်ပါ) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။ ဒါလင်မယား ရန်တိုက်ပေးတာမဟုတ်ဘူး အမှန်ကိုပြောနေတာ (အမှန်ပါ ဘုရား)။ အမှန်ပြောနေတာ ရောက်ရာပျော်ပဲ (မှန်ပါ)။ ရောက်ရာပျော်ပဲတဲ့ မသေလွန်ခင် တောင်မှ နီးရာခင်ကြတာပဲ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။ နီးရာခင်ကြတာပဲ အင်း ဒီလူနဲ့ နေရာမကျရင် ဟိုလူနဲ့ဆိုတော့ နီးရာခင်ကြတာပဲ (မှန်ပါ)။ ဘာမှ အမှန်ထားလို့ ရကြရဲ့လား (မရပါ ဘုရား)။ အဲဒါကြောင့် ဒါတွေဟာ စိတ်နာစရာတွေလဲ ဒီအလုပ်တွေဟာ မဟုတ်ပါဘူးဆိုတာကို မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဝတ္ထုအကြောင်းပြီးသွားတော့ကို နင်တို့ ဒီလူစင်စစ်က နွားချေးပိုးထိုးဖြစ်ရတယ်ဆိုတော့ အခု ရသေ့က ခေါ်မေးတော့ အကုန်မှန်မနေဘူးလား (မှန်နေပါတယ် ဘုရား)။ မှန်နေတယ်တဲ့ – ဒါဖြင့် ဪ တို့မှာ မဂ် မရသေးသရွေ့ ကာလပတ်လုံးဖြစ်ချင်သလိုဖြစ်နေဦးမှာပဲ (မှန်လှပါ ဘုရား)။

ဖြစ်ပျက်ကို မြင်အောင်ကြည့်ပါ

ဒါဖြင့် – ဒီဥစ္စာကို အဆင်းဖြင့် အဆင်းဖြစ်ပျက်ကို မြင်အောင်ကြည့်ပါ (မှန်ပါ)၊ ဝေဒနာဖြင့် (ဝေဒနာဖြစ်ပျက်ကို မြင်အောင်ကြည့်ရမှာပါ ဘုရား)၊ ဖြစ်ပျက်ကိုမြင်အောင် ကြည့်လိုကတော့ တဏှာ၊ ဥပါဒန်၊ ကံ၊ နွားချေးပိုးထိုး ဖြစ်သေးရဲ့လား (မဖြစ်တော့ပါ ဘုရား)၊ နွားချေးပိုးထိုးဆိုတာ နောက်ခန္ဓာလာတာကို ဆိုတာ (မှန်ပါ)၊ နောက်ခန္ဓာ ဇာတိ၊ ဇရာ၊ မရဏဆိုတာမရှိရင် နွားချေးပိုးထိုးလဲ မဖြစ်ဘူး၊ သန်းလဲမဖြစ်ဘူး၊ ငရဲကော (မရောက်တော့ပါ ဘုရား)၊ ဘာမှမဖြစ်နိုင်ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဪ နွားချေးပိုးထိုးမဖြစ်တဲ့ဆေး သန်းမဖြစ်တဲ့ဆေး ငရဲကောင်မဖြစ်တဲ့ဆေး ရှိပါသလားဆိုရင် ဖြစ်ပျက်ရှုတဲ့ဆေးရှိနေပါတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ခန္ဓာကိုယ်ဖြစ်ပျက်ရှုတဲ့ မဂ်ပဲ မင်းတို့မှာ ဆေးအဖြစ် ကိုးစားရာ အားထားရာရှိတော့တယ် (မှန်ပါ)၊ ဒိပြင်နည်းကတော့ဖြင့် (မရှိပါ ဘုရား)။ မရှိတော့ဘူးဆိုတော့ ကို ဝေဒနာလာတိုင်း ဖြစ်ပျက်ရှုရမယ် (မှန်ပါ)၊ စိတ်လာတယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ မဂ်ဖြစ်သွားတော့ကို တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ် (မှန်ပါ)၊ အင်း နွားချေးပိုးထိုးတို့ သန်းတို့ (မဖြစ်တော့ပါ ဘုရား)။ အကုန်ချုပ်သွားတယ် (မှန်ပါ)၊ ချုပ်တယ်ဆိုတာ မဖြစ်တော့တာကို ဆိုတာ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

မဂ်ကလေးဟာ အားကိုးရာအစစ်ပဲ

ဒါဖြင့် ဪ တော်တော်သေးတယ် တို့တရားနာ ရတာ အားကိုးစရာအစစ်ဟာ ဒါလေးကိုးလို့ မပေါ်လာကြ ဘူးလား (ပေါ်လာပါတယ် ဘုရား) ဖြစ်ပျက်ရှုနိုင်တဲ့ မဂ်ကလေးဟာ အားကိုးရာအစစ်ပဲ (မှန်ပါ)၊ ဒီမဂ်ကလေးကိုသာ ဝိပဿနာမဂ်ကနေပြီး သကာလ သူ့ထက်ကြီးတဲ့ လောကုတ္တရာမဂ်ဖြစ်အောင် ပွားများရင်ဖြစ်လာတာပဲ (မှန်ပါ)၊ ပွားများရင် (ဖြေစ်လာပါတယ် ဘုရား)။

အဲ ပွားများလို့ဖြစ်လာလို့ရှိရင်ဖြင့် ဒီဘက်က နွားချေးပိုးထိုးတို့၊ သန်းတို့၊ ဟုတ်လား (မှန်ပါ)၊ ငရဲကောင်းကြီး တို့ဆိုတာတွေဟာ ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်တော့ပါ ဘုရား)။ အဲ – ဒုက္ခသိမ်းတဲ့တရာကို ဖြည်းဖြည်းမှလုပ်ပါ့မယ် ဆိုတဲ့စိတ် မမွေးကြပါနဲ့ (မှန်ပါ)၊ ဒီအနာတွေပေါက်မှာကို သေချာသိနေတာပဲ ၊ မပေါက်တဲ့နည်းလုပ်နေရင်ကောင်း တယ် (ကောင်းပါတယ် ဘုရား)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် မပေါက်တဲ့နည်းကိုပဲ စွဲစွဲမြဲမြဲလိုက်ရလိမ့်မယ် (မှန်ပါ)၊နင်တို့မသိတဲ့ပုဂ္ဂိုလ်တွေမှာ ဪ အားကိုး ကလွဲကုန်ကြပြီ၊ သား, လင်, ခင်ပွန်းအားကိုး နေကြတယ် ၊ ငွေတွေအားကိုးနေကြတယ် ၊ ရွှေတွေ အားကိုးနေကြတယ် ဆိုတာတွေဟာ မဟုတ်ဘူး ၊ ဒါတွေက ဒီ – သန်းမဖြစ်အောင် မတားမြစ်နိုင်ဘူး (မှန်ပါ)၊ ငရဲမသွားအောင် (မတားမြစ် နိုင်ပါ ဘုရား)။ မတားမြစ်နိုင်ဘူး၊ နင်တို့ ဒါတွေကို အားကိုးနေလို့ရှိရင် မှတ်သာထား၊ ငိုချင်လို့သာမှတ် (မှန်ပါ)၊ အားကိုးလို့ရှိရင် (ငိုချင်လို့ပါ ဘုရား)။

အားကိုးကြီးလွဲရင်ငိုပွဲ

အားကိုးတဲ့တရားက ဥပမာ ၊ ရူပက္ခန္ခာ၊ ဝေဒနာက္ခန္ခာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဆိုတဲ့အားကိုးလုံးတရား တွေက ဒါပဲမဟုတ်လား (မှန်ပါ)၊ ဒါတွေက တော်ကြာ အနိစ္စရောက်မယ် (မှန်ပါ)၊ ဖျတ်ဆို ဖျတ်ဆို ဖျတ်ဆို အနိစ္စမရောက် ဘူးလား (ရောက်ပါ တယ် ဘုရား)၊ အနိစ္စရောက်တဲ့အခါကျတော့ အားကိုးကြီးလွဲပါပေါ့ဆိုတဲ့ ငိုလုံးတွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒီတော့ အားကိုးကြလို့ရှိရင် ၊ ငိုချင်လို့သာ မှတ်ထား(မှန်ပါ)၊

မိန်းမလာ ယောင်္ကျားအားကိုးလို့ ရှိရင် တော်ကြာကျတော့ ယောင်္ကျားက ဖောက်ပြန်ပျက်စီးသွားလို့ရှိရင် မိန်းမက ငိုရမယ် (မှန်ပါ)၊ မငိုချင်ပါဘူးဆိုလို့ (မရပါ ဘုရား)၊ မိန်းမအားကိုးနေတဲ့ ယောင်္ကျားကလဲ – ထိုနည်းတူပဲ အားမကိုးကောင်းတာအားကိုးလို့ရှိရင်ဖြင့် ဒီဥစ္စာ ငိုချင်လို့သာမှတ်ပေတော့ (မှန်ပါ)၊ ငိုချင်လို့ အပါယ်သွားချင်လို့ ဟုတ်လား (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်သူ့အားကိုးရမတုန်းဆိုတော့ တစ်နေ့ကပြောသလို ဒီမဂ်ပဲ (မှန်ပါ) ဘာအားကိုးကြမယ် (မဂ်အား ကိုးရမှာပါ ဘုရား)။ ဖြစ်ပျက်ရှုတဲ့မဂ်ကို ဒါ – အားကိုးရာ အစစ်ကို ပြပေးတာပဲတဲ့ (မှန်ပါ)၊

မဂ်စစ်ရအောင် ကြိုးစားကြပါ

ဒီ- အားကိုးရာအစစ်ကလဲ ဘယ်လိုမှ ရမတုံးလို့မေးလို့ထုတ်လို့ရှိရင် သမာဓိရှိပြီးတော့ကို တည်ကြည်တဲ့ပုဂ္ဂိုလ်မှ ဒီပညာကလာတယ် (မှန်ပါ)၊ သမာဓိရှိပြီးတော့ (တည်ကြည်တဲ့ပုဂ္ဂိုလ်မှ ဒီပညာက လာပါတယ် ဘုရား)။ တည်ကြည်တဲ့ပုဂ္ဂိုလ်မှ ဒီမဂ်ပညာက (လာ ပါတယ် ဘုရား)၊ မဂ်ပညာ၊ မဂ်ဉာဏ်ကလေး (လာမှာပါ ဘုရား)၊ဒါမှ လာမှာတဲ့ နို့မို့လို့ရှိရင် လာစရာအကြောင်းမြင် ရဲ့လား (မြင်ပါ ဘုရား)။

ဒါကြောင့် – သမာဓိကို အရင်တည်ကြည်အောင် ပွားများပြီး မဂ်စစ်ရအောင် ကြိုးစားကြပါလို့ ယနေ့ည တရားမှာ တိုက်တွန်းလိုက်ပါတယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ – အချိန်စေ့ပြီး – ဒီတင် တော်ကြပါစို့။

သာဓု – သာဓု – သာဓု။