အရွယ်သုံးပါးကို အခါမလွန်မိပါစေလင့်
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၊
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း၊
မင်္ဂလာရိပ်သာကျောင်းတိုက်၌
ဟောကြားဆုံးမတော်မူသော
အရွယ်သုံးပါးကို အခါမလွန်မိပါစေလင့်
မိမိကိုယ်ကို မိမိချစ်လို့ရှိရင် အရွယ်သုံးပါး တစ်ပါးပါးမှာ တရားအားထုတ်ရမယ်၊ မိမိကိုယ်ကို မိမိချစ်လို့ရှိရင် အရွယ်သုံးပါး တစ်ပါးပါးမှာ တရားအားထုတ်ရမယ်၊ နော် (မှန်လှပါ ဘုရား)။
အရွယ်သုံးပါးဆိုတာ
အရွယ်သုံးပါးဆိုတာ ခုနှစ်ဆယ့်ငါးနှစ်သက်တမ်းကို သုံးပုံပုံ၊ နှစ်ဆယ့်ငါးနှစ်မှာ ထုတ်နိုင်ရင်ထုတ်၊ မထုတ်နိုင်လို့ရှိရင် နှစ်ငါးဆယ်မှာထုတ်ပါ၊ ငါးဆယ်မှာ မထုတ်နိုင်လို့ရှိရင်ဖြင့် ခုနှစ်ဆယ့်ငါးနှစ် သေခါနီးမှာထုတ်ကြပါ (မှန်ပါ)၊ မိမိကိုယ်ကို ချစ်ရင်အရွယ်သုံးပါး တစ်ချိန်ချိန်မှာ အားထုတ်ရမယ်လို့ (ဓမ္မပဒပါဠိတော်)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူသည်။
အခု ဒကာ, ဒကာမတွေ နေကြထိုင်ကြတာသည် မိမိကိုယ်ကိုချစ်လို့၊ ရှာကျွေးကြတာ၊ လိမ်ကောက်ကျွေးကြ၊ မုသားပြောပြီးကျွေးကြ၊ ဣဿာမစ္ဆစရိယတွေနဲ့ ရှာကြံပြီးကျွေးကြ မွေးကြဆိုတော့ ကောသလမင်းကြီးက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို မေးလျှောက်တာက အရှင်ဘုရား မိမိကိုယ်ကိုချစ်တဲ့လူတွေဟာ ချစ်တယ်လို့လဲ ဆိုကြပါတယ်တဲ့ ကိုယ့်ကိုယ်ကိုချစ်လို့ သူတို့ရှာကျွေးနေကြတာပါပဲ၊ လိမ်ကျွေး၊ ကောက်ကျွေး၊ မုသားပြောကျွေးနဲ့ အမျိုးမျိုးအဖုံဖုံ ကျွေးနေကြတာပါပဲ အဲဒီလိုပုဂ္ဂိုလ်များဟာ ချစ်လို့ကျွေးတယ်လို့ဆိုငြားသော်လည်း ချစ်ရာရောက်ပါ့မလားလို့ မေးလျှောက်လိုက်ပါတယ်။
ချစ်ရာရောက်ပါ့မလား
ချစ်ရာရောက်ပါ့မလားလို့ မေးလျှောက်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ချစ်ရာမရောက် ဘူးကွ၊ နှစ်ရာရောက်တယ်လို့ ဟောတော်မူတယ်၊ ကိုယ်စားဖို့ ကိုယ့်ကိုယ်မှာ စားစရာမရှိလို့ ကိုယ်ကြံဖန်ပြီး စားကြရတယ် ဆိုပြီး အမျိုးမျိုးအဖုံဖုံ လိမ်လည်ကောက်ကျစ်၊ ခိုးဝှက်၊ မုသားပြောပြီး ဤကဲ့သို့ကျွေးနေတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ့်ကိုယ်ကို ချစ်လို့ ကျွေးတယ်လို့ ပြောဆိုငြားသော်လည်း ချစ်လို့ကျွေးတာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်နစ်နာအောင် လုပ်နေကြတာ (မှန်ပါ)
ဒီဘဝတာမှာ ဒီခဏတော့ စားလိုက်ရတာပေါ့လေ၊ တော်ကြာ အပါယ်လေးပါးကျတော့ ကိုယ်ပဲခံရတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါဖြင့်ကိုယ့်ကိုယ်ကို ချစ်လို့ရှိရင် မှန်မှန်ကန်ကန်လုပ်ကိုင်ရောင်းဝယ် ဖောက်ကားပြီး ကျွေးမှသာလျှင် ကိုယ့်ကိုယ်ကို ချစ်စရာရောက်မယ် (မှန်ပါ)။ ကိုယ့်ဖို့ကျန်အောင် ကိုယ့်ဖို့ကျန်အောင် ဆိုပြီးတော့ လိမ်လည်ကောက်ကျစ်၊ ခိုးဝှက် အမျိုးမျိုးအဖုံဖုံပေါ့ကွာ၊ လိမ်လည်ကောက်ကျစ်တဲ့နည်းကတော့ များပါတယ် (မှန်ပါ)၊ အဲဒါတွေနဲ့ ကျွေးနေကြရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုချစ်တဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး (မှန်ပါ) ကိုယ့်ကိုယ်ကို နစ်နာအောင် လုပ်နေတဲ့ ပုဂ္ဂိုလ် (မှန်ပါ) အမြင်အားဖြင့်တော့ ချစ်တယ်လို့ထင်ရပါတယ်၊ အလုပ်သွားကတော့ဖြင့် နစ်နာပါလိမ့်မယ် (မှန်လှပါ ဘုရား)။
အမြင်အားဖြင့်တော့ (ချစ်တယ်လို့ထင်ရပါတယ် ဘုရား)၊ ချစ်တယ်လို့ထင်ကြတာပေါ့လေ၊ တကယ့် အလုပ်သမားနဲ့ စဉ်းစားကြည့်လိုက်တော့ ကိုယ့်ကိုယ်ကို နစ်နာအောင်လုပ်နေကြတာပဲ (မှန်ပါ)၊ အပါယ်လေးပါးစာ ဖြစ်နေအောင်လုပ်တယ်လို့ ဆိုလို့ရှိရင်လဲ မလွဲဘူးပေါ့ကွာ (မှန်ပါ)၊ အဲဒီဟာကို ကြပ်ကြပ်စဉ်းစားကြပါ၊ ကိုယ့်ကိုယ်ကို ချစ်လို့ရှိရင်ဖြင့် ချစ်တဲ့နည်းနဲ့ပဲ ကောင်းသောရောင်းဝယ်ခြင်း၊ ကောင်းသောပြောဆိုခြင်း၊ ကောင်းသောအလုပ်လုပ်ခြင်း ဆိုတဲ့ သမ္မာအာဇိဝနဲ့ အလုပ်လုပ်ပါလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်။
ကိုယ့်ကိုယ်ကို ချစ်လို့ရှိရင်
ကိုယ့်ကိုယ်ကို ချစ်လို့ရှိရင် အရွယ်သုံးပါးမှာ တစ်ပါးပါးကြိုးစားရမယ်လို့ မူလပြောခဲ့ပါတယ်။ အဲဒါ အရွယ် သုံးပါးမှာ တစ်ပါးပါးကြိုးစားရမယ်လို့ မူလကပြောခဲ့ပါတယ်။ အဲဒါအရွယ်သုံးပါးမှာ တစ်ပါးပါးမကြိုးစားခဲ့လို့ ရှိရင်ဖြင့် ကိုယ်ကျိုးနည်းပြီလို့သာ မှတ်ကြပါ (ကိုယ်ကျိုးနည်းပါတယ် ဘုရား)၊ ကိုယ်ကျိုးနည်းပြီလို့ သေသေချာချာ မှတ်ကြပါ (မှန်လှပါ ဘုရား)။
အဲဒါ-အရွယ်သုံးပါး တစ်ပါးပါးအားထုတ်ရမယ်ဆိုတာက ကျန်းမာတဲ့လူကို ဆိုလိုတာနော် (မှန်ပါ)၊ မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီကြားမှာ သေနိုင်တယ် ကြေနိုင်တယ်ဆိုတဲ့ ဥစ္စာကရှိနေတော့ ပထမအရွယ်မှာ အားထုတ်ရင် ထက်ထက်မြက်မြက်ပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရနိုင်ပါတယ် (မှန်ပါ)၊ ဒုတိယအရွယ်မှ အားထုတ်လို့ ရှိရင်တော့ နည်းနည်းညံ့ညံ့ဖျင်းဖျင်း မဂ်ဉာဏ်ဖိုလ်ဉာဏ်ရမယ် (မှန်ပါ)၊ တတိယအရွယ်မှ အားထုတ်လို့ရှိရင် ထိုထက်ပိုပိုပြီး ညံ့ညံံ့ဖျင်းဖျင်းပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရမယ် ဆိုတာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူပါတယ် (မှန်လှပါ ဘုရား)။
ဒါကြောင့်-ပထမအရွယ်နှစ်အစိတ် နှစ်နှစ်ဆယ်မှာ ကြိုးစားကြလို့ရှိရင် ထက်ထက်မြက်မြက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမယ် (မှန်ပါ)၊ လောကီရှာလဲ ထက်ထက်မြက်မြက်ရမယ်၊ လောကုတ္တရာရှာလဲ ထက်ထက်မြက်မြက်ရမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊
ဒါဖြင့်-အရွယ်သုံးပါးပေမယ့်လဲ ပထမအရွယ်မှာ ထက်မြက်တဲ့ဉာဏ်မျိုးကို ရနိုင်တယ် (မှန်ပါ)၊ ဒုတယအရွယ်ကျတော့ အလတ်စားဉာဏ်သာ ရတော့မယ်လို့မှတ်ပါ (မှန်ပါ)၊ တတိယအရွယ်မှာ မိုးလွန်မှ ထွန်ချနေကြလို့ရှိရင်ဖြင့် အဖျင်းဆုံးအင်မတန်အားထုတ်ပါမှ သောတာပတ္တိမဂ်လောက်ပဲရမယ် (မှန်ပါ)၊ မနစ်နာပေ ဘူးလား (နစ်နာပါတယ် ဘုရား)။
အရွယ်ရှိတုန်းကို ကြိုးစားကြပါ
ဒါကြောင့်အရွယ်ရှိတုန်းကို ကြိုးစားကြပါ၊ အရွယ်ရှိတုန်းကို ကြိုးစားကြပါဆိုတဲ့ဥစ္စာကို လေးလေးစားစားနဲ့ မှတ်ထားရမယ် (မှန်ပါ) ဒီအတိုင်း ကိုယ့်သဘောနဲ့ကိုယ် ငါထင်နေသလိုနေ၊ ငါထင်သလိုသွား ဆိုလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုမသနားတဲ့ ပုဂ္ဂိုလ်မို့ အပါယ်လေးပါး ရောက်သွားလိမ့်မယ်ဆိုတာကို မှတ်ထားရလိမ့်မယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒါဘယ်သူ့ကိုဟောပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ မဟာဓနသူဌေးသားဆိုတာရှိသည်လို့ မှတ်ပါ၊ မဟာဓနသူဌေးသားဆိုတဲ့ဥစ္စာသည် ကုဋေလေးဆယ် ချမ်းသာပါတယ်၊ သူ့အမေအဖေက ဒီသားကလေး တစ်ယောက်တည်း ရှိတာမို့ အင်မတန်မှ ချစ်မြတ်နိုးတာနဲ့ အတီးအမှုတ်၊ အကအခုန်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါစေ၊ ရောင်းမှုဝယ်မှု၊ တွက်ချက်မှုတွေကို ဘာမှမသင်ပါနဲ့ တစ်သက်စားလို့မကုန်ပါဘူး၊ သူတို့မှာ ကုဋေလေးဆယ်တောင် ချမ်းသာတာပဲဆိုပြီးသကာလ ဒီသားကိဘာမှ မသင်ပေးခဲ့ဘူး၊ အပျော်အပါး အကအခုန် အတီးအမှုတ်တွေကိုပဲ သင်ပေးထားပြီး ပျော်ပျော်နေသေခဲ အလုပ်ကို လုပ်ပေးထားပါတယ် (မှန်လှပါ ဘုရား)။
သူနဲ့အိမ်ထောင်ကျမယ့် သူဌေးသမီးကလဲ ထို့အတူပဲတဲ့ သမီးကလေး တစ်ယောက်ဆိုတော့ ဘာပူစရာရှိတုံး၊ ကုဋေလေးဆယ်တောင် ချမ်းသာတာပဲ၊ တို့သမီးလေးကို အက အခုန် အတီး အမှုတ် အပျော်အပါးတွေနဲ့ပဲ သူပျော်သလို နေပါစေဆိုပြီး ဘာမှမပြောဘဲနဲ့ထားတယ်၊ တစ်နေ့သ၌ကျတော့ကို သူတို့အချင်းချင်း အကြောင်းဆက်ကြတယ်၊ ခုနက ပေါ့ပေါ့ထားတဲ့ သူဌေးသားနဲ့ ပေါ့ပေါ့နေတဲ့သူဌေးသမီးတို့ကို အချင်းချင်း အမေမိဘတွေက အကြောင်းဆက်ပေး လိုက်တယ်၊ အကြောင်းဆက်လိုက်တော့ ကုဋေရှစ်ဆယ်ချမ်းသာသွားတယ် ဆိုကြပါစို့၊ နောက်အမေမိဘတွေက အိုတော့ သေကုန်ကြတာပေါ့၊ ဟိုဘက်ကလဲ သေ-ဒီဘက်ကလဲသေပြီး သူတို့နှစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။
ကုဋေရှစ်ဆယ် ချမ်းသာတဲ့သူဌေးကြီးဖြစ်လာ
အဲဒီမှာကုဋေရှစ်ဆယ် ချမ်းသာတဲ့သူဌေးကြီးဖြစ်လာတော့ ရှေးကသူဌေးဆိုတာက ရှင်ဘုရင်ဆီမှာ နေ့တိုင်း အခစားဝင်ရတယ်လို့ မှတ်ကြပါ (မှန်ပါ)၊ အခစားဝင်ရတော့ လမ်းမှာ အရက်သမားတွေက ဈေးသွားတဲ့လမ်းမှာပဲ အရက်လာသောက်တယ်၊ သူဋ္ဌေးနောက်က အစေခံလိုက်လာတာတွေကိုလဲ အရက်သမားတွေက သင်ထားတယ်၊ သူဌေးနဲ့ပေါင်းမှ တို့အရက် ဖောဖောသီသီ သောက်ရမှာ ၊ စားချင်တာလဲစားရမှာ ဒါကြောင့် သူ့ကို ဖြားယောင်းမှ တော်မယ်ဆိုပြီးသကာလ သူဌေးနောက်က လိုက်တဲ့လူတွေကို သင်ထားတယ်၊ သူဌေးကများ တို့ကို ဘာလုပ်နေတာတုံး လို့ မေးလို့ရှိရင် မသေတတ်တဲ့အရက်ကို သောက်နေတယ်၊ တစ်သက်လုံး ချမ်းသာတဲ့အရည်ကို သောက်နေတယ်လို့ မင်းတို့က အဲဒီအတိုင်း ကျကျနနပြောပါလို့ဆိုပြီး တံစိုးလက်ဆောင်တွေနဲ့ ထိုးထားတာပေါ့လေ (မှန်လှပါ ဘုရား)။
သူဌေးကြီးက သွားပါများလာပြီး တစ်နေ့သ၌ကျတော့ ဒီလူတွေက နေ့တိုင်း တွေ့နေရတော့ မေးမိတာပေါ့ ၊ မေးမိတော့ ထိုလူတွေကလဲ မှာထားတဲ့အတိုင်းပဲ မသေတဲ့အရည်ဖြစ်ပြီး ဒီဥစ္စာ အင်မတန် ကျန်းမာချမ်းသာတဲ့သဘော ရှိတယ်လို့ ပြောတဲ့အခါမှာ မမြည်းရဘူးလားလို့ ဖြစ်လာတာပေါ့၊ ဟိုကဟာတွေကလဲ ဒီဟာကို စောင့်နေကြတာကိုး ဒါနဲ့ မြည်းတဲ့အခါမှာ မကောင်းတဲ့အရည်ကျတော့ စွဲသွားတာပေါ့လေ တစ်နေ့နည်းနည်း၊ တစ်နေ့နည်းနည်းနဲ့ ကြာတော့ အရက်သမားတွေနဲ့အဖော်ဖြစ်ပြီးသကာလ သူ့အိမ်ကို လိုက်လာတယ် အမျိုးမျိုးအဖုံဖုံ တစ်ခါတည်း မူးကြရူးကြတာပေါ့ တောင်ဆူကြ၊ ဘဘင်သည်တွေကိုငှား၊ ပျော်စရာပါးစရာတွေနဲ့ ပျော်ကြတဲ့အခါမှာ ယောင်္ကျားလေးဘက်ကရှိတဲ့ ပစ္စည်းကုဋေလေးဆယ်ကုန်ရော အပျော်တွေလိုက်ပစ်တာကိုး (မှန်လှပါ ဘုရား)။
သုံးတာက တော့ လွယ်ပါတယ်
ဒါနဲ့ -သူတို့အိမ်မှာရှိတဲ့ စားရေးကပြောတယ်၊ သူဌေး ကုဋေလေးဆယ်တော့ ကုန်သွားပြီဆိုတော့ အို- ဘာကိစ္စ ရှိတုန်း၊ မိန်းမဘက်ကပါတဲ့ ကုဋေလေးဆယ် ရှိသေးတာပဲဆိုပြီး လင်ရောမယားရောဆိုကြပါစို့ကွာ (မှန်ပါ)၊ သုံးတာက တော့ လွယ်ပါတယ် (မှန်ပါ)၊
ကုဋေရှစ်ဆယ် ကုန်သွားတဲ့အခါကျတော့ ဘာရှိသေးတုံး၊ ညာရှိသေးတုံးဆိုပြီး မူးမူးရူးရူးနဲ့ အိမ်ပေါင်၊ ယာပေါင်၊ အဝတ်အစားကစပြီး ပေါင်သုံးလိုက်တာတော့ နောက်ဆုံးပိတ် ဘာမှ မရှိတော့ဘူးဆိုကြပါစို (မှန်ပါ)၊ ဒီ သေရည်သေရက် ဖျက်ဆီးလိုက်တာနောက်ဆုံး ဘာမှ မကျန်ရစ်တော့ဘူး (မှန်လှပါ ဘုရား)။
နောက်- ဘာမှ မကျန်ရစ်တဲ့အခါကျတော့မှ စားချိန်သောက်ချိန် ရောက်လာတဲ့ အခါမှာ အိုကင်းပဲ့ကိုကိုင် ပြီး လင်ရော မယားပါ အဟောင်းထွက်ရတော့တယ် (မှန်ပါ)၊ တောင်းရမ်းရင်းနဲ့ မျက်စိလည်ပြီးသကာလ ဘုရားကိုယ်တော်မြတ်ကြီး ကျောင်းတော်ကို ရောက်လာကြတယ်၊ ဘုရားကိုယ်တော်မြတ်ကြီး ကျောင်းတော်ကို ရောက်လာပြီး အိုးကင်းပဲ တစ်ချပ်နဲ့ နှစ်ယောက်သား ကျောင်းထရံမှာမှီပြီးနေကြတဲ့အခါမှာ ဘုရားကိုယ်တော်မြတ်ကြီး က သူတို့လင်မလယားနှစ်ယောက်ကိုမြင်တော့ ပြုံးတော်မူပါတယ်၊
အရွယ်သုံးပါးလွန်သွားပြီ
ပြုံးတော်မူတော့ ရှင်အာနန္ဒာကမေးတယ်၊ ဘာလို့ ပြုံးပါလိမ့်မတုံးဘုရား၊ ပြုံးခြင်း၏အကြောင်းကို ပြောစမ်းပါဦးဆိုတော့၊ ကွာ -တဲ့ အရွယ်သုံးပါးလွန်သွားပြီဟေ့ အဲဒီအချိန်ကျတော့ ခုနှစ်ဆယ့်ငါးနှစ် ကျော်သွားပြီးကော (မှန်လှပါ ဘုရား)။
ပြောပါဦးဘုရား – ဒီဥစ္စာကို ဇာတ်ကြောင်းအရှည်ပြောပါဦးဆိုတော့ ကွာ-တဲ့
ဒီသူဌေးလင်မယားဟာ ပထမအရွယ်တုန်းက သူတို့ရှိတဲ့ပစ္စည်းတွေနဲ့ ရင်းနှီးမယ်ဆိုရင် ၊ ဗာရာဏသီမြို့မှာ ပထမတန်းစား သူဌေးကြီးဖြစ်မယ်၊ ဝိပဿနာဘက်လိုက်ပြီး တရားကို အားထုတ်မယ်ဆိုလို့ရှိရင်လဲ သူဌေးကလေးက ရဟန္တာဖြစ်မယ်ကွ၊ သူဌေးကတော်ကတော့ အနာဂါမ်တည်နိုင်တယ် (မှန်ပါ)၊
အခုတော့ အဲဒီကလွန်ပြီးသကာလ ဒုတိယအရွယ်မှာပဲကွာ တစ်ခါ သူတို့မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ကုန်ရင်းလိုက်မယ်ဆိုရင် ဒုတိယတန်းစား သူဌေးဖြစ်တယ်၊ ဟာ – လောကုတ္တရာ ဘက် လိုက်ပါတော့မယ်ဆိုလို့ရှိရင်ဖြင့် သူဌေးက အနာဂါမ်တည်နိုင်တယ်၊ ရဟန္တာတော့ မဖြစ်နိုင်တော့ဘူး (မှန်ပါ)၊ သူဌေးကတော်လေးကတော့ သကဒါဂါမ်ဖြစ်နိုင်တယ်ကွ
တတိယအရွယ် ခုနှစ်ဆယ့်ငါးနှစ်မပြည်ခင်မှာ သူတို့ ကြိုးစားဦးမယ်လို့ ဆိုပြန်လို့ရှိရင်လဲ ပစ္စည်းနဲ့ ရင်းနှီးမယ်ဆို တတိယတန်းစား သူဌေးဖြစ်ပါတယ်၊ ဟာ – လောကုတ္တရာဘက်က ဝိပဿနာအလုပ်တွေကို လုပ်မယ်ဆိုလို့ရှိရင်လဲ သူက သကဒါဂါမ်တည်ပြီး သူဌေးကတော် ကလေး ကတော့သောတာပန် တည်နိုင်ပါတယ်၊ အခုတော့ ဒါတွေမှ ဆုံးရှုံးသွားပြီ ဒါကြောင့် သိပ်နာတယ်ကွာတဲ့ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။
အရွယ်သုံးပါး တစ်ပါးပါးမှာ
အရွယ်သုံးပါး တစ်ပါးပါးမှာ စီးပွားကလဲ မရှာခဲ့၊ ပစ္စည်းရှာခဲ့ရင်လဲ သူ့အတန်းနဲ့သူဖြစ်သေးတယ်၊ တရားအား ထုတ်ခဲ့လို့ရှိရင်လဲ သူ့အတန်းနဲ့သူ ဖြစ်ပါတယ် (မှန်ပါ)။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းပေါ့ကွာ (မှန်ပါ)၊ ပထမ အရွယ်က အားထုတ်ရင် ပထမတန်းစားဖြစ်ရမယ်၊ ဒုတိယအရွယ်မှာ အားထုတ်ရင် (ဒုတိယတန်းစား ဖြစ်ပါတယ် ဘုရား)၊ ဒုတိယတန်း အနာဂါမ်ဖြစ်ရမယ်၊ ကလေးမလေးကလဲ တို့အတူ တစ်ဆင့်နိမ်ပြီး ဖြစ်မယ်၊ တတိယအရွယ်ပြည့်တုန်း သူဌေးဟာ လောကီစီးပွားဘက်ကူးလိုက်ရင် တတိယတန်းသူဌေးဖြစ်မယ် (မှန်ပါ)၊ လောကုတ္တရာဘက်လိုက်လို့ရှိရင်လဲ တတိယတန်း ဖြစ်တဲ့ သကဒါဂါမ် သူဌေးကတော်လေးကတော့ သောတာပန်တည်နိုင်သေးတယ်ကွ (မှန်လှပါ ဘုရား)။
အခုတော့ – ဒါတွေမှ ဆုံးရှုံးပြီးကာလ သွားတော့ကို သနားစရာပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာဖြစ်လို့တုံး (သနားစရားကောင်းလို့ပါ ဘုရား)၊ အဲဒီတော့ တို့ ဒကာ, ဒကာမတွေလဲ အခု အရင်းအချာတွေပဲ ဒီအရွယ် သုံးပါးမှာ တစ်ပါးပါးမှ မလုပ်ကြတော့ဘူး ၊ ရှာလဲ မရှာဘူး ၊ လုပ်လဲ မလုပ်တော့ဘူးဆိုရင် လောကီလဲရှုံး လောကုတ္တရာရှုံးဆိုတော့ကို အင်မတန် နာသွားပြီကွ (မှန်လှပါ ဘုရား)။
အဲဒီတော့- ငါ ဥပမာလေးတစ်ခု ပြောပါဦးမယ်ကွဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောလိုက်ပါတယ်
ရေကလဲခန်း၊ ငါးတွေကလဲကုန်
အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါယောဗ္ဗနေဓနံ။
ဇိဏ္ဏကောဉ္စဝ ဈာယန္တိ ၊ ခိဏမစ္ဆေဝ ဝလ္လလေ။
(ဓမ္မပဒပါဋ္ဌိတော်၊ ဇရာဝဂ်မှ မဟာဓနသေဋ္ဌိ ပုတ္တဝတ္ထု)
ယောဗ္ဗနေ = အရွယ်ရှိတုန်း (ငယ်ငယ်တုန်း) က၊ ဗြဟ္မစရိယံ = မြတ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်အကျင့်ကို ၊ အစရိတွာ = သူ မကျင့်မိဘူး ၊ အရွယ်ရှိတုန်း ပစ္စည်းတွေကို မရှာခဲ့တော့ဘူးတဲ့ အဖြုန်းဘက်က သာသွားတယ်၊ အဲဒီတော့- ဘာနဲ့တူသတုံးဆိုလို့ရှိရင်ကွာ ၊ ရေကန်လေးတစ်ကန်ရှိပါတယ် ဒီအထဲမှာ ငါးတွေရှိတယ်၊ ကြိုးကြာအိုကြီး တစ်ကောင်ကလဲ ဒီအနားမှာ ဒီရေကန်ကိုပဲ အားကိုးနေရတယ်၊ အတောင်တွေကလဲ ကျွတ်ကုန်ပြီ၊ နောက်နွေကလေး ပေါက်လို့ အခုလိုနွေကလေးပေါက်လာတဲ့အခါကျတော့ ရေကလဲခန်း၊ ငါးတွေကလဲကုန်၊ အတောင်ကလဲမရှိလို့ မပျံနိုင်တော့ တညည်းထဲညည်းပြီး ဆာလောင်မွတ်သိပ်တဲ့အနာနဲ့ပဲ သေရရှာတယ် (မှန်ပါ)။ အတောင်ကျိုးတဲ့ ကြိုးကြာ အိုဆိုတာ ဒီကလာတာပဲ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် – မင်းတို့သည် အတောင်ကျိုးတဲ့ ကြိုးကြာအိုဆိုတဲ့ဥစ္စာသည် တခြားမဟုတ်ပါဘူး ၊ ရေကန်ထဲမှာရှိတဲ့ စားစရာ ငါးကလဲကုန်၊ ကိုယ်ကလဲ ဟိုဟိုဒီဒီ ပျံနိုင်ဖို့ရာက အတောင်ကလဲ မရှိ၊ ညည်းလုံးထုတ်နေရုံမှတစ်ပါး ဘာရှိသေးတုံး ( မရှိတော့ပါ ဘုရား)။
အဲ – ဒီမှာလဲ အခုအချိန်ကစပြီး အကျင့်ကြ၊ မကြံကြတော့ဘူးဆိုလို့ရှိရင် ကြီးလာတဲ့အခါကျတော့ ဪ တတ်သရွေ့ မှတ်သရွေ့နဲ့ နေရတော့မှာပဲ လို့ ဆိုရမှာပဲ (မှန်ပါ)၊ ထိုးထိုးထွင်းထွင်းနဲ့ တစ်ခါတည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရုပ်နာမ်ဓမ္မဖြစ်ပျက် မဂ်ဉာဏ်ဆိုက်အောင်ကို မလုပ်နိုင်တော့ဘူး (မှန်ပါ)၊
အချိန်ကုန်သွားရတာတွေဟာ သိပ်များပါတယ်
တတ်သရွေ့ မှတ်သရွေ့ပဲ ဗုဒ္ဓေါဖြင့် ဗုဒ္ဓေါမည်နေရုံပဲ၊ ဓမ္မောဖြင့် ဓမ္မောမည်နေရုံပဲ၊ သံဃောဖြင့် သံဃောမြည်နေရုံပဲဆိုတော့ အဖိုးတန်တဲ့အလုပ်တွေက မရှိလေတော့ တတ်သရွေ့မှတ်သရွေ့နဲ့ပဲ အချိန်ကုန်သွားရတာတွေဟာ သိပ်များပါတယ် (မှန်ပါ)၊ အများပေဘူးလား (များပါတယ် ဘုရား)။
အဖိုးတန်ပါရဲ့လားလို့မေးလို့ရှိရင်လဲ အစစ်ကြီးဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။ မဟုတ်ပါဘူး – တဲ့ ဒီဥစ္စာ ရွတ်တာဖတ်တာလောက် ရှိပြီး ခန္ဓာဉာဏ်ရောက်တာလို့ဆိုလို့ကို ရရဲ့လား (မရပါ ဘုရား)။
အဲဒီ- ကြိုးကြာအိုလိုပဲတဲ့ ရှေးက ဒါတွေကို စားဖူးခဲ့ပါရဲ့လို့ပြောလိုပြော၊ နောက်စားရတာ ခက်လှချည်ရဲ့လို့ ညည်းလိုညည်း (မှန်ပါ)၊ ဒီမှာလဲ ထိုနည်းအတူပါပဲ – တဲ့၊ ရောဂါဝေဒနာလေး ရောက်လာမှာ ဘုရားကိုးကွယ်ပါ၏။ တရားကိုးကွယ်ပါ၏၊ သံဃာကိုးကွယ်ပါ၏လို့ ဒီကျတော့မှ ညည်းလုံးတွေ ထုတ်နေလို့ အပိုပါပဲ (မှန်ပါ)၊ တကယ် ရောဂါကပ်လာတော့မှ ဒီတောင်က မတက်တော့ဘူးလို့ဆိုရမှာပေါ့ဗျာ၊ ဘုရားကိုးကွယ်ပါ၏။ တရားကိုးကွယ်ပါ၏။ သံဃာကိုးကွယ်ပါ၏။ အရှင်မြတ်ဘုရား ကြီး ခေါင်းရင်းထားပြီးသကာလ ဦးတိုက်နဲ့ ဘာမှ သူ့ဟာက အနှစ်သာရရှိတာကို မပါတော့ဘူးကွ (မပါ,ပါ ဘုရား)။
အရွယ်သုံးပါးမှာ အကုန် တဏှာခိုင်းတာနဲ့ ဖြုန်းပစ်ခဲ့တာနဲ့ပဲ အရှုံးကြီးရှုံးခဲ့တယ် (မှန်ပါ)၊ ဘာခိုင်းတာတုံး (တဏှာခိုင်းတာပါ ဘုရား)၊
တဏှာခိုင်းလို့ ဖြုန်းပစ်တာ
တဏှာခိုင်းလို့ ဖြုန်းပစ်တာနဲ့ အရှုံးကြီးရှုံးကုန်တဲ့အတွက် ညည်းလုံးနဲ့ သေရတယ်ဆိုတဲ့ ဥစ္စာဟာ ဒီဝတ္ထုကလာတာ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)၊ မင်းတို့က အခု တဏှာက ခိုင်းလိုက်တာတွေက ရှုပ်နေတာပဲ၊ ဟိုဟာမပြည့်စုံသေးဘူး၊ ဒီဟာ မပြည့်စုံသေးဘူး၊ ဒီဟာက လိုသေးတယ်၊ ဟိုဟာက လိုသေးတယ်၊ သားအတွက်ကလို၊ သမီးအတွက်ကလို၊ ငါ့အတွက်ကလို၊ အိမ့်အတွက်ကလို၊ မင်းစိုးရာဇာတွေပေးဖို့ အတွက်ကလို၊ အခွန်ဘဏ္ဍာဆောင်ဖို့ကလို ဆိုပြီးတော့ တဏှာခိုင်းတာနဲ့ပဲ တစ်နေ့လုံး အမောဆိုက်ပြီး ခေါင်းအုံးပေါ် ရောက်လာနဲ့ အိပ်ပျော်သွားတာ ရှိတာပဲ (မှန်လှပါ ဘုရား)။
ဘာများ ကိုယ့်မှာ ဉာဏ်ခိုင်းတာများ ပါသေးရဲ့လားလို့ မေးရင် ဘယ့်နှယ် ဖြေကြမတုံး (မပါ,ပါ ဘုရား)၊ တဏှာခိုင်းတာနဲ့ပဲ တဏှာ့ကျွန်ဖြစ်ပြီးသကာလ ကျွန်သေသေပြီ သပေါက်တို့၏ သွားရာလမ်းဖြစ်တဲ့ အပါယ်လေးပါးကို ပဲ သွားလေ့ရှိတယ် (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
အခု – ကိုယ့်လုပ်နေတဲ့အလုပ်ဟူသရွေ့ကတော့ဖြင့် များသောအာ်းဖြင့် ဝိပဿနာသာကင်းပြီး နေကြထိုင်ကြ နေလို့ရှိရင်ဖြင့် တဏှာခိုင်းတာကို ကျွန်ပီပီ လုပ်နေတာလို့သာ အောက့်မေ့ပါ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (တဏှာ ခိုင်းတာကို ကျွန်ပီပီ လုပ်နေတာပါ ဘုရား)၊ တဏှာခိုင်းတာကို ကျွန်ပီပီလုပ်နေလို့ရှိရင်ဖြင့် သူကလဲ ဒီအလုပ်ပြီးရင် ဟိုအလုပ် ခိုင်းမှာပဲ (မှန်ပါ)၊ အင်း ထမင်းချက်ပြီးပြီလားဆိုရင် ရေခပ်ခိုင်းမှာပဲ (မှန်ပါ)၊ ရေခပ်ပြီးပြီးလား၊ ရေခပ်ပြီးရင် ဆေးလိပ်အသောက်ခိုင်းမှာပဲ (မှန်ပါ)၊ ဟောမနက်ဖြန်ကျလို့ရှိရင် အဝတ်တွေ ဘာတွေ အဖွပ်ခိုင်းမှာပဲ ပြီးတော့ ငွေအရှာခိုင်း၊ ဒါမှတစ်ပါး သူ ဒိပြင် ဘာခိုင်းသေးတုံး (ဘာမှ မရှိပါ ဘုရား)၊ ဘာမှ မရှိပေမယ့်လဲ ဒါကိုယ့်အလုပ်ကို ထင်နေကြတယ် (မှန်လှပါ ဘုရား)။
တဏှာကကျွန်ခိုင်း ခိုင်းနေတာပါလား
ဪ – ဒီဥစ္စာသည်ကားလို့ဆိုရင် ငါ့ကို တဏှာကကျွန်ခိုင်း ခိုင်းနေတာပါလား၊ ကျွန်သေ- သေအောင်လို့ သူတော်ကောင်းဘက် မော်မကြည့်နိုင်အောင်လို့ ခိုင်းနေတာပါလားလို့ အခု တရားနာနေကြတဲ့ ပုဂ္ဂိုလ်တွေကလဲ မရိပ်မိဘူး (မရိပ်မိပါ ဘုရား)၊
သူများရှိသလိုရှိဖို့၊ သူများတိုက်သည် ကားဝယ်ရင် ဝယ်နိုင်ဖို့၊ သူများ စိတ်ဝတ်လို့ရှိရင် -ဝတ်နိုင်ဖို့ ဆိုတာတွေက တဏှာခိုင်းတာကို လုပ်နေကြတာ (မှန်ပါ)၊ ဘယ်သူက ခိုင်းတာတုံး (တဏှာက ခိုင်းတာ ပါ ဘုရား)။ တဏှာခိုင်းတာ သက်သက်ဆိုတော့ သူက ဒီဘဝလဲချမ်းသာပေးသလားဆိုတော့ သူခိုင်းလေလေ ပင်ပန်း လေလေပဲ (မှန်ပါ)၊
ဒီဘဝ ချမ်းသာပေးရင်လဲ (သူခိုင်းလေလေ ပင်ပန်းလေလေပါ ဘုရား)၊ သူခိုင်းလေလေ ပင်ပန်းလေလေ ဟုတ်လား ၊ ဒီခိုင်းတဲ့ အဖြစ်က ဒီဘဝမှာတော့ မောအောင်ခိုင်း၊ ဟိုဘဝကျတော့ အပါယ်လေးပါးကို ပို့ (မှန်ပါ)၊ ဘယ်သူ့ သတ္တိပါလိမ့်မတုံးလို့မေးတော့ (တဏှာ သတ္တိပါ ဘုရား)။
တဏှာသတ္တိပဲဆိုတဲ့ဥစ္စာကို ငြင်းဆန်နေဖို့ လိုသေးသလား (မလိုတော့ပါ ဘုရား)။ အဲဒါ – တချို့ ခေါင်းသာဖြူနေ ပြီ အစွယ်သာ ကျိုးနေတယ်၊ အင်း – ဒါလုပ်ရိုးလုပ်စဉ်ပဲလို့ ထင်နေသေးတယ် (မှန်ပါ)၊ လုပ်ရိုးလုပ်စဉ်လား၊ တဏှာခိုင်းလို့ ကျွန်ဖြစ်နေရတာလား (တဏှာခိုင်းလို့ ကျွန်ဖြစ်နေရတာပါ ဘုရား)၊ အမောဆိုက်အောင်ခိုင်းပေမယ့်လဲ ပြီးတယ်လို့ကို ရှိရဲ့လား (မရှိပါ ဘုရား)၊ ရက်ကန်းထောင်ထားတဲ့လူကလဲ ဒီနေ့ တစ်အုပ်ပြတ်ပြီးရင်း မနက်ဖြန် တစ်အုပ်ခတ်စရာကျန် နေတာပဲ (မှန်ပါ)၊ မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)၊ ဒီ တစ်စင်ကျွတ်သွားတော့ နောက်တစ်စင်စခတ်ဖို့ တစ်ခါတည်း ရက်ကန်း ဆရာဆီ မြန်မြန်သွားတောင်းရတယ် (မှန်ပါ)၊ မတော် အလုပ်လက်မဲ့ဖြစ်ပြီး ကျွန်စာရင်းက လွတ်နေမှာကို စိုးတာနဲ့ မြန်မြန်သွားတောင်းရသေးတယ် (မှန်ပါ)၊ မတောင်းရဘူးလား (တောင်းရပါတယ် ဘုရား)။
အလုပ်ကိုပဲ မပြတ်ရှာနေရတယ်ဆိုတာ
ဒီအလုပ်ကလေးများ ပြုတ်သွားမယ်ဆိုလို့ရှိရင် ကိုယ်ကျိုးနည်းချက်ရဲ့ ဘာကြောင့်တုံးဆို ကျွန်အဖြစ်က လွတ်သွားမှာကိုး (မှန်ပါ)၊ ဒါ့ကြောင့် အလုပ်ကိုပဲ မပြတ်ရှာနေရတယ်ဆိုတာ ဘာတုံး (တဏှာအခိုင်းခံချင်လို့ပါ ဘုရား)၊ ရှာခိုင်းတာလဲ သူပဲ (မှန်ပါ)၊ ရှာပြီး ကျွန်လုပ် လုပ်ခိုင်းတာကော (သူပါပဲ ဘုရား)၊
အစားကို ချွေတာကွဆိုပြီး အလုပ်ကို ကဲခိုင်းတာကော (တဏှာပါ ဘုရား)၊ အငတ်ထားခိုင်းတာ (မှန်ပါ)၊ မင်းတို့ကလဲ မရိပ်ပါဘူး ဒီဥစ္စာကို (မရိပ်မိပါ ဘုရား)၊ ချွေတာရင် ကိုယ့်ဖို့များထင်နေလိုက်သေးတယ် (မှန်ပါ)၊ ကောင်းကောင်းမွန်မွန်လေး ဝယ်စားမယ်၊ အရသာရှိတာလေး ဝယ်စားလိုက်မယ်ဆိုရင် အို – ကျုပ်တော့ မစားဘူး၊ အလုပ်သာ ပိုလုပ်မယ် (မှန်ပါ)၊ အံမာ – အငတ်ထားများ ခိုင်းလိုက်တာကို မင်းတို့က မရိပ်မိဘူး (မရိပ်မိပါ ဘုရား)၊ ရိပ်မိကြရဲ့လား (မရိပ်မိပါ ဘုရား)။
ကိုယ့်ဖို့ထင်ပြီးတော့ ဒါ – နောက် နင်အိုတော့ ဘယ့်နှယ်လုပ်မလဲ ဒါလေးကို နင်အထုတ်အထည်လုပ်ထား ဒီအထုပ်ကလေးလဲ မပျောက်စေနဲ့၊ အလုပ်လဲ ပိုလုပ်လို့ ပြောပြီး အလုပ်နှစ်လုပ်ပေးလိုက်တယ် (မှန်ပါ)၊ အထုပ်ကလေး မပျောက်အောင်ကလဲ (ထပ်လုပ်ပါ ဘုရား)၊ အစောင့်အရှောက်ခိုင်းပြန်တယ် (မှန်ပါ)၊ အခုလဲ အလုပ်ကို ပိုကဲလုပ်လို့ (ခိုင်းပါတယ် ဘုရား)၊ အရင်တုန်းက အထုပ်မပေါ်ဘဲနဲ့လုပ်ရတာက တစ်မျိုး (မှန်ပါ)၊ အလုပ်ကို ပိုကဲရတာက (တစ်မျိုး ပါ ဘုရား)၊ တစ်မျိုးဆိုတော့ ဟေ့တင်လှတို့ ဘယ့်နှယ်များ နင်တို့ဖြစ်နေကြတုံးဆိုလို့ရှိရင်ဖြင့် ရူးလို့ကို မပြီးတော့ပါဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာမပြီးတာတုံး (ရူးလို့ မပြီးတာပါ ဘုရား)။
အထုပ်ပျောက်မှာစိုးရတာက တစ်မျိုး၊ အထုပ်ပျောက်မှာ စိုးရတာဆိုတာက တခြားမဟုတ်ပါဘူး၊ အိမ်စိတ်မချ ရတာက တစ်မျိုး၊ ဒီအလုပ်က မပြန်နိုင်တာက (တစ်မျိုးပါ ဘုရား)၊ ဒီလောက်ဆင်းရဲအောင် ခိုင်းထားတယ်ဆိုတာကို ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
သို့သော် သူက တစ်ခါမပြီးသေးဘူး ၊ အထုပ်သေးတော့ အားမရသေးပဲ အထုပ်ကြီးတော့ လုပ်ပါဦး (မှန်ပါ)၊ အထုပ်သေးတော့ ဘာတုံး (သေးသေးပူရပါတယ် ဘုရား)၊ အင်း အထုပ်ကြီးတော့ကော (ကြီးကြီး ပူရပါတယ် ဘုရား)၊ ကြီးကြီးပူရအောင် လုပ်ဦးဆိုပြီး ပိုခိုင်းပြန်သေးတယ် (မှန်ပါ ဘုရား)။
အထုပ်ကလေး ကြီးလာလို့ရှိရင်
အဲဒါကို – မင်းတို့ကလဲ သဘောကျနေတယ် ၊ အထုပ်ကလေး ကြီးလာလို့ရှိရင် ဪ – ကံလိုက်တယ် (မှန်ပါ)၊ အပူကြီးလာတာတော့ မပါဘူး (မပါ- ပါ ဘုရား)၊ မပါဘူး ၊ ကံလိုက်နေတာကိုပဲ ပြောနေကြတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ နောက်ကအထုပ်ကလဲ ကြီးလာပြီဆိုတော့ အင်း – အထုပ်ကလဲကြီး၊ ဒါကလဲ ကြီးချင်လို့ ကြီးတာမဟုတ်ဘူး၊ ဒီမှာ အားကြိုးမာန်တက်လုပ်ထားလို့ ဟိုမှာကြီးရတာ (မှန်ပါ)၊ ဒီမှာလဲ အားကြိုးမာန်တက် အရင်ထက် ပိုလုပ်ဆိုပြီး ခိုင်းပြန်တာပဲ (မှန်ပါ)၊ ဟိုအထုပ်ကိုလဲ အရင်ထက်ပိုအောင်လို့ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။ တစ်ဖက်သတ်လား နှစ်ဖက်သတ်လားဆိုတာ စဉ်းစားကြည့်စမ်းပါဥိး (နှစ်ဖက်သတ်ပါ ဘုရား)၊ နှစ်ဖက်ခိုင်းတာ (မှန်လှပါ ဘုရား)။
အိမ်လဲ စိတ်မချနဲ့ ပစ်မထားနဲ့ ဒီမှာလဲအလုပ်ကို တွင်ကျယ်အောင်လုပ်ဆိုတော့ နင်တို့မို့လုပ်နိုင်တယ် (မှန်ပါ)၊ နွားကို နှစ်လုပ်လုပ်ခိုင်းလို့ရှိရင် အမြှီးထောင်ပြေးတယ် (မှန်ပါ)၊ တော်ကြ မလုပ်ဘူး။ စိတ်သာချ (မှန်ပါ)၊ ဒီလမ်းကို ဒီတစ်လှည်းသာရုန်းပါဆိုရင် ဒီတစ်လှည်းရုပ်းမယ် ၊ နှစ်လှည်းတပ်ရင်တော့ မောင်ချစ်စိန် ဘယ်သူများ ပြေးသတုံး ကွ (မပြေပါ ဘုရား)၊ နွားက ပါးတယ်နော် (မှန်ပါ)၊ နွားက မပါးဘူးလား (ပါးပါတယ် ဘုရား)၊ မင်းတို့ကဘယ့်နှယ်နေတုံး (မပါးပါ ဘုရား)၊ မပါးဘူး ထူလိုက်တဲ့ဖြစ်ခြင်းမှ ပြော – မပြောပါနဲ့တော့ကွာ၊ နှစ်လုပ်ခိုင်းတာတောင်မှ ဪ – အလုပ်ကလေးက နှစ်ခု၊ ဟိုအလုပ်ကလဲရှိ၊ ဒီအလုပ်ကလဲရှိဆိုတော့ တစ်ခါ နောက်ထပ်တစ်လုပ်ရပြန်တဲ့ အခါကျလို့ ရှိရင်ဖြင့် အကြောင်းညီညွတ်ရင် လက်ခံလိုက်ဦးမယ်က ပါသေးတယ် (မှန်ပါ)၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)။
ကျွန်အဖြစ်နဲ့တင် မတင်းတိမ်လို့
အံမယ်လေး – ကျွန်အဖြစ်နဲ့တင် မတင်းတိမ်လို့သပေါက်၊ သပေါက်အဖြစ်နဲ့တင် မတင်းတိမ်လို့ သတက်ဆိုတဲ့ အသွားတွေကို ဒီဘဝက တက်လိုချင်တာကိုး (မှန်ပါ)၊ ပြီးတော့ ဘေးကပုဂ္ဂိုလ်တွေက မြှောက်ပေးလိုက်သေးတယ် မင်းတို့အလုပ်တွေက များသလောက် ခရီးပေါက်ပါတယ်ကွာဆိုလို့ရှိရင် အံမာ – မောတာအကုန်ပျောက်ပြီး ပြုံးများပြုံး နေလိုက်သေးတယ် (မှန်ပါ)၊ မောတာတွေ ဘယ့်နှယ်နေတုံး (ပျောက်ပါတယ် ဘုရား)၊ ပျောက်တယ်၊ မောတာ သာ ပျောက်တယ် ၊ မောတာသာပျောက်တယ်၊ လူက လူရုပ်မပီဘူး (မှန်ပါ)၊ လူက လူရုပ်ပီကြရဲ့လား (မပီပါ ဘုရား)၊ လူရုပ်ကို မပီဘူး ၊ မင်းတို့အိမ်ထောင်မကျခင်ကရုပ်နဲ့အိမ်ထောင်ကျတဲ့ရုပ်ကို ယောင်္ကျားမှာ ကြည့်ကြည့် မိန်းမမှာ ကြည့်ကြည့် အများကြီးပြောင်းတယ် (မှန်ပါ)၊ မပြောင်းဘူးလား (ပြောင်းပါတယ် ဘုရား)။
ကဲ – အရင်လို သစ်သစ်လွင်လွင်ဝတ်ချင်တဲ့စိတ်ကော ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ အဲဒီကျတော့ တဏှာက အစုပ်အပြတ်နဲ့ခိုင်းတယ်ကွ (မှန်ပါ) ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အစားလဲ မကျွေးဘဲနဲ့ ခိုင်းတယ်ကွ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ဒါနဲ့များ မင်းတို့က အပျော်ကြီးပျော်ပြီးသကာလနေတာ နွားဖြစ်ရင်မပျော်ဘူးကွ၊ မိုက်လွန်းတဲ့သူမို့လို့ ပျော်နေကြတာ (မှန်ပါ)၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
အင်မတန်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)၊ အံမယ်လေး၊ တိရစ္ဆာန်ဟာ မရုန်းနိုင်ဘူးဆိုရင် ဝပ်နေသေး တယ်ကွ (မှန်ပါ)၊ မင်းတို့ဟာက မရုန်းနိုင်လို့စပ်တယ်လို့ ပါသေးရဲ့လား (မပါပါ ဘုရား)၊ အို – မသေမခြင်း နှုတ်၏စောင့်မ ခြင်းဆိုပြီး နှုတ်နဲ့ရုန်းမယ် (မှန်ပါ)၊ ကိုယ်၏စောင်မခြင်းဆိုပြီး (ကိုယ်နဲ့ရုန်းပါတယ် ဘုရား)၊ အံမယ်တယ်စွမ်းပါလား (မှန်ပါ)၊ မစွမ်းကြဘူးလား (စွမ်းပါတယ် ဘုရား)၊ ရူးလွန်းလို့ စွမ်းတာကွ (မှန်ပါ)၊ ဘာပြုလို့စွမ်းတာတုံး (ရှုးလွန်းလို့ စွမ်းတာပါ ဘုရား)။
ကိလေသာအရူး
ဘာအရူးတုံးလို့မေးတော့မှ ကိလေသာအရူး (မှန်ပါ)၊ ဒီဟာကို ‘ ရာဂုမ္မတ္တက’ လို့ ခေါ်တယ် (မှန်ပါ)၊ ဘာအရူးတုံးလို့မေးတော့ (ကိလေသာအရူးပါ ဘုရား)၊ ပါဋ္ဌိလို့သုံးတော့ ‘ ရာဂုမ္မတ္တက’ လို့ခေါ်တယ်၊ ရာဂကြောင့် ဥမ္မတ္တကဖြစ်ရတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုင်းဒါဖြင့် တဏှာကတော့ကို အရွယ်သုံးပါးကို ဘယ်အပါးမှ သူတော်ကောင်းအလုပ်ကို မဝင်ခိုင်းဘူး (မှန်ပါ)၊ အထုပ်ကြီးအောင်ဟ တိုက်တစ်လုံးက နှစ်လုံးဖြစ်အောင်ဟ ကားတစ်စင်းက နှစ်စင်းဖြစ်အောင်ဟ ဒါသာကြီုးစားနေ မင်းသေတော့ရောက်းရားပေါ့ကွာ အခုတော့ ဒါသာကြိုးစား (မှန်ပါ)၊ ဒါပဲခိုင်းတာပဲ (မှန်ပါ)၊ ဒိပြင် ကော ဘာများခိုင်းသတုံး (မခိုင်းပါ ဘုရား)၊ မင်းခန္ဓာကိုယ်ကို မင်းမှန်ကလေးနဲ့ ကြည့်ပြီးသကာလ ဘယ်လောက်အိုတယ်၊ ဘယ်လောက်ဆိုတာ မင်းကြည့်စမ်းပါဦးလို့များ တစ်ခါမှ မခိုင်းပါဘူး (မခိုင်းပါဘူး)၊ မင်းစုတေမနေ သေလွန်ရလို့ ရှိရင် မင်းအပါယ်လေးပါးကျလိမ့်မယ်လို့ တဏှာက တစ်ခါမှ မပြောဘူး (မှန်ပါ)၊ ပြောရဲ့လား (မပြောပါ ဘုရား)။ မပြောပါဘူးတဲ့ မပြောတော့ သူကတော့ အခိုင်းသမား အနှိပ်စက်သမားသက်သက်လို့မှတ်ပါ (မှန်ပါ)၊ ဘယ်လို မှတ်ကြမတုံး (အခိုင်းသမား အနှိပ်စက်သမား သက်သက်ပါ ဘုရား)၊ အခိုင်းသမား အနှိပ်စက်သမား သက်သက်ပဲ ဆိုတာကို ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
အဲဒါကို – ယနေ့ကစပြီး မင်းတို့ ဒီအလုပ်ကလေးလုပ် ဆိုရင် တဏှာက ခိုင်းတာလား ဉာဏ်ကခိုင်း တာလားဆိုတာကို မင်းတို့ဝေဖန်ဦးနော် (မှန်ပါ)၊ ကဲ – တဏှာက ခိုင်းတာဆိုရင် မလုပ်ဘူးကွာ၊ ဉာဏ်ခိုင်းတဲ့အလုပ် လုပ်ဦးမယ် (မှန်ပါ)၊ ဟိုအလုပ်ကလေးတစ်ခု လုပ်မယ်ကြံရင်ကော (ဝေဖန်ရမှာပါ ဘုရား)၊ တဏှာက ခိုင်းတာလား ဉာဏ်က ခိုင်းတာလားလို့ ဝေဖန်ဦး (မှန်ပါ)၊ ဝေဖန်ပြီး ဉာဏ်ခိုင်းတာဆိုရင်ဖြင့် (လုပ်ရမှာပါ ဘုရား)၊ လုပ်ရမယ်၊ တဏှာခိုင်းတာဆိုရင်ဖြင့် အဆင်းတွန်းမို့ မလုပ်နိုင်ဘူးကွာ (မှန်ပါ)၊ ဒီလိုများ ပြောဖူးကြရဲ့လား (မပြောဖူးပါ ဘုရား)။ အံမာ – ငယ်ကြောက်ဖြစ်နေတာကိုး (မှန်ပါ)၊ ငယ်ကြောက်ဖြစ်နေတာက အတော်ဆိုးနေတယ်ကွ၊ ငယ်တုန်းက ကတည်းက နိုင်လာတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ မောင်ချစ်စိန်တို့ မင်းတို့ အရှင်သခင်ဟာ ဘယ်သူပါလိမ့်မတုံးဆိုတော့ တဏှာဟာ အရှင်သခင်ပဲ (မှန်ပါ)၊ အခုထက်ထိ သူ့ကို တော်လှန်ရဲကြရဲ့လား (မတော်လှန်ရဲပါ ဘုရား)။ ဟ – ဘယ်နှယ်ဖြစ်နေတုံးကွ ဆိုတော့ ငယ်ကြောက်ဖြစ်နေတယ် (မှန်ပါ)၊ အံမယ်လေး ငယ်ကြောက်တဲ့ အတော်ကို ခဲယဉ်းနေပါးကွ (မှန်လှပါ ဘုရား)။
ငယ်ကြောက်ဖြစ်နေတယ်
မင်းတို့ကြည့်စမ်းပါတဲ့၊ ကြက်တိန်ညင်လေးက ငယ်ငယ်လေး၊ ဗမာကြက်ဖကြီးကို ကြက်တိန်ညင်လေးကလိုက် တော့ ပြေးရတာကို ကြည့်လို့ကောင်းရဲ့လား (မကောင်းပါ ဘုရား)၊ သို့သော် သူ့ကို ငယ်ကြောက်ဖြစ်နေတယ် (မှန်ပါ)၊ ကြည့်တော့ မကောင်းတာအမှန်ပဲ (မှန်ပါ)၊ သို့သော် ဘယ့်နှယ်တုန်း (ငယ်ကြောက်ဖြစ်နေပါတယ် ဘုရား)၊ မင်းတို့က လေးလုံးခြောက်ဖက် ခန္ဓာကိုယ်ကြီးနဲ့ တဏှာက အရွယ်တောင် မပြနိုင်ဘူး တဏှာဆိုတာက ခန္ဓာထဲမှာ သေးသေး လေး (မှန်ပါ)၊ အရွယ်တောင် ပြလောက်တဲ့လား (မပြလောက်ပါ ဘုရား)၊ အဲဒါကို ကြောက်နေရတာကွ (မှန်ပါ)၊ ငယ်ကြောက်ဖြစ်နေတာကိုး (မှန်ပါ)၊ မဆိုးဝါးဘူးလားကွ (ဆိုဝါးပါတယ် ဘုရား)။
ကိုင်း – သူသာငယ်ကြောက်အဖြစ်နဲ့ ကြီးသည့်တိုင်အောင်ပဲ မင်းတို့က ကြောက်နေမယ်ဆိုလို့ရှိရင်တော့ဖြင့် အလုပ်နဲ့လက်နဲ့လဲ မပြတ်နိုင်တော့ဘူး ဟုတ်လား (မှန်ပါ)၊ တစ်ခါတလေ ရေမသောက်နဲ့ တစ်ခါတလေ ဆေးလိပ် လျှောသောက် တစ်ခါတလေ လျှော့စား ၊ ဆန်ကြမ်းဝယ်ဟ အံမာ – မင်း မရှိမှမရှိပဲနဲ့ မင်းက မပြောချင်လို့ဆိုတော့ အငတ်များထားပြီး အလုပ်တော့ ပိုလုပ်ခိုင်းတယ် (မှန်ပါ)၊ သဘောကျပြီးလား (ကျပါပြီ ဘုရား)၊ ဟို ကွန်မြူနစ်တိုင်း ပြည်ထက် ဆိုးနေပါပေါ့လားကွ (ဆိုးပါတယ် ဘုရား)။ ကွန်မြူနစ်နိုင်ငံကမှ ငါးနားရီ အိပ်ခွင့်မရဘူး ၊ ညဉ့်လုံးပေါက်များ စာရင်းချုပ်ပြီး အလုပ်လုပ်နေရတဲ့အခါများ ပါသေးတယ် (မှန်ပါ)၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)။
အရွယ်သုံးပါးမှာ တစ်ပါးပါးကို အရယူလိုက်ပါ
ကိုင်း – ဒါဖြင့် မင်းတို့သည် ပါးလို့ရှင်ရင် အရွယ်သုံးပါးမှာ တစ်ပါးပါးကို အရယူလိုက်ပါ (မှန်ပါ)၊ ဒီ – တစ်သက်လုံး တဏှာကျွန်အဖြစ်နဲ့ အခေါင်းထဲတော့ ဝင်ဖို့မတော်ပါဘူး (မတော်ပါ ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)၊ အရွယ်သုံးပါးမှာလဲ ပထမအရွယ်က ပိုကောင်းတယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဒုတိယအရွယ်ကျ နည်းနည်းညံ့ဖျင်းတယ် (မှန်ပါ)၊ တတိယအရွယ်ကျတော့ (ပိုပြီး ညံ့ဖျင်းပါတယ် ဘုရား)၊ ပိုမိုပြီး ညံ့ဖျင်းတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီဥစ္စာကိုမှ မကြိုးစားနိုင်ဘူး ၊ ပထမအရွယ်ကို မကြိုးစားနိုင်ဘူးဆိုလို့ရှိရင် လွန်ခဲ့ပေါ့လေ၊ ဒီလိုဆရာကောင်း သမားကောင်းနဲ့ တိုက်တွန်းတာလဲ မတွေ့ခဲ့တော့ ဒုတိယအရွယ်မှာ ပိုကြီုးစားကြ (မှန်ပါ)၊ အင်း – ဒုတိယအရွယ်လဲ ဆရာကောင်းနဲ့ မတွေ့ခဲ့လို့ လွန်သွားပြန်တယ်ဆို တတိတအရွယ်ကို မလွန်စေနဲ့ (မှန်ပါ)၊ လွန်လို့ရှိရင်တော့ဖြင့် သွားပြီး (မှန်ပါ)၊ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)၊ နားက လေးလာမယ် (မှန်ပါ)၊ နားလေးကို နားမကြားတော့ပါဘူးဆိုလို့ ရှိရင် ဒီဘဝ ဘုရားကိုယ်တော်မြတ်ကြီးလာဟောလဲ သောတာပန် မတည်နိုင်တော့ဘူး (မတည်နိုင်တော့ပါ ဘုရား)။ ဒါကြောင့် – အရူပဘုံကျတော့ နားကမပါဘဲကိုးကွ (မှန်ပါ)၊ နားက မပါတော့ အရူပဘုံကို ဘုရားကိုယ်တော် မြတ်ကြီး ဘယ်တော့မှ သွားပြီး တရားမဟောဘူး၊ ဒါကြောင့် ရပ်ပြစ်ရှစ်ပါးထဲ ထည့်လိုက်တာ (မှန်ပါ)၊ အဲ – တို့မှာလဲ နားလေးသွားလို့ရှိရင် ဒါမဂ်ဖိုလ်ရထိုက်တဲ့အကြောင်းတွေ အကုန်ပိတ်သွားတယ် (မှန်ပါ)၊ ဒါ တစ်ကြောင်းတည်း ပိတ်တယ် လို့ အောက်မေ့မနေနဲ့ (မှန်လှပါ ဘုရား)။
နားထက်တုန်းကို ကြိုးစားရမယ်
အဲဒီတော့ကို အရွယ်သုံးပါးမှာ နားထက်တုန်းကို ကြိုးစားရမယ် (မှန်ပါ)၊ တရားနာရတာ မျက်စိက နာလို့ဖြစ်တာမှ မဟုတ်ပဲကိုး (မှန်ပါ)၊ ဘယ်သူက နာရတာတုံး (နားကနာရတာပါ ဘုရား)၊ နားကမှ နာလို့ဖြစ်တာဖြစ်နေ တော့ နားနဲ့မှ မဂ်ဖိုလ်ဆိုက်နိုင်တယ် ၊ မောင်ချစ်စိန်ရ (မှန်ပါ)၊ ဒိပြင်ဟာနဲ့တော့ (မဆိုက်နိုင်ပါ ဘုရား)၊ မဆိုက်နိုင်ဘူး တဲ့ နားကနာပြီးတော့မှ ဉာဏ်က အလုပ်- လုပ်ဖြစ်မှာကိုး (မှန်ပါ)၊ သဘောကပါကြပလား (ပါ,ပါပြီ ဘုရား)။
ဒါဖြင့် – နားကောင်းတုန်းလုပ် (မှန်ပါ)၊ ဒုတိယအရွယ်ကျရင် နားကညံ့ပြီ (မှန်ပါ)၊ တိတိယအရွယ်ကျတော့ နားက ကြားချင်မှ ကြားမယ် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အဲဒီကျတော့ လူဖြစ်မရှုံးပေဘူးလား (ရှုံးပါတယ် ဘုရား)၊ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် (နားကောင်းတုန်းလုပ်ရမှာပါ ဘုရား)၊ နားကောင်းတုန်းဆိုတော့ ပထမအရွယ်မှာ ပိုကောင်း တယ် အစိတ် (မှန်ပါ)၊ ဒုတိယအရွယ်ကျလို့ရှိရင် ငါးဆယ်ထားပါတော့ (မှန်ပါ)၊ ငါးဆယ်ဆိုရင်ပဲ သူနည်းနည်း ညံ့ချင်လာပြီ (မှန်ပါ)၊ မညံ့သေးဘူးလား (ညံ့ပါတယ် ဘုရား)၊ ရောဂါထူလာပြီကော (မှန်လှပါ ဘုရား)။
အဲဒီကျလို့ရှိရင်တော့ ပထမအရွယ် ရဟန္တာဖြစ်မယ်ဆို ဒုတိယငါးဆယ်ကျမှ လုပ်မယ်ဆိုလို့ရှိရင်ဖြင့် ဘုရား ကိုယ်တော်မြတ်ကြီးက ရဟန္တာမဖြစ်ဘဲ ၊ အနာဂါမ်လောက်ဖြစ်တော့မယ်တဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အဲ တတိယအရွယ်ကျအောင် ကိုယ်က သားရေး၊ သမီးရေး၊ စီးပွားရေးတွေရှုပ်ပြီး တဏှာကျွန်ခံရတာကို ပြင်းပြနေလို့ရှိရင် လဲ တတိယအရွယ်ရောက်သွားမယ်ဆိုတော့ အလွန်အားထုတ်ပါမှ သောတာပန်ပဲ ဖြစ်နိုင်မယ် (မှန်ပါ)၊ ဒီကလွန်သွားလို့ ရှိရင်တော့ အလွန်အားထုတ်ပါမှ သောတာပန်ပဲ ဖြစ်နိုင်မယ် (မှန်ပါ)၊ ဒီကလွန်သွားလို့ရှိရင်တော့ ကြိုးကြာအိုလို့ ညည်းရတော့မယ် (မှန်ပါ)၊ ဘယ်နည်းနဲ့မှာ အားကိုးစရာမရှိတော့ပါဘူး (မှန်လှပါ ဘုရား)။
မိမိကိုယ်ကို မိမိချစ်လို့ရှိရင်
ဒါကြောင့် ‘ အတ္တာနဉ္စေ ပိယံဇညာ ‘ = မိမိကိုယ်ကို မိမိချစ်လို့ရှိရင် ‘ ရက္ခေယျနံ သုရက္ခိတံ = ကိုယ့်ကိုယ်ကို အရွယ်သုံးပါး တစ်ပါးပါးမှ တစ်ခါတည်း ဒီအရွယ်မှာ ဉာဏ်ခိုင်းတာလုပ်ပါတော့မယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အရွယ်သုံးပါး တစ်ပါးပါးမှာ ဘယလုပ်ရမှာတုံး (ဉာဏ်ခိုင်းတာ လုပ်ရမှာပါ ဘုရား)။ ဉာဏ်ခိုင်းတာလုပ် ရမယ် ၊ လွန်သွားရင်တော့ (မရတော့ပါ ဘုရား)။
‘ တိဏ္ဏမညတရံ ယာမံ ‘ တဲ့ သုံးခုသောအရွယ်ရှိရာတွင် ‘ပဋိဇဂ္ဂေယျပဏ္ဍိတော’ ကိုယ့်ကိုယ်ကိုသနားလို့ရှိရင် ဖြင့် ဒီသုံးခု တစ်ခုခုမိလိုက်မှ တော်မှ (မှန်ပါ)၊ ဒီသုံးခုတစ်ခုခု မမိလိုက်လို့ရှိရင်ဖြင့် ဒီသုံးခု တစ်ခုခုမိလိုက်မှ တော်မှာ (မှန်ပါ)၊ ဒီသုံးခု တစ်ခုခုမှ မမိလိုက်လို့ရှိရင်ဖြင့် ရေကလဲမရှိ၊ ငါးကလဲကုန်၊ အတောင်ကကျိုးတဲ့ ကြိုးကြာအိုဘဝလိုတော့ သေချာဆိုက်မယ် (မှန်ပါ)၊ မဆိုက်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)၊ သူ့လမ်းနဲ့ သူ့စခန်းက ဒီလမ်းစဉ်မှတစ်ပါး ဒိပြင် ဘာပါသေးတုံး (ဘာမှ မပါ,ပါ ဘုရား)၊ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။
ခန္ဓာကိုယ်ဉာဏ်လှည့်ရမယ်
ဒါဖြင့် – အရွယ်သုံးပါးမှာ ဘာလုပ်ရမယ် (တစ်ပါးပါးလုပ်ရမှာပါ ဘုရား)၊ တစ်ပါးပါးမှာ ဉာဏ်စခန်းဝင်ရမယ် (မှန်ပါ)၊ ဉာဏ်စခန်းဝင်ဆိုတော့ ဘာဝင်ရမှာတုံးဆို ခန္ဓာကိုယ်ဉာဏ်လှည့်ရမယ်လို့ ဆိုတာပဲ (မှန်ပါ)၊ ဉာဏ်စခန်းဝင်ဆို တာ ဘာပါလိမ့် (ခန္ဓာကိုယ်ဉာဏ်လှည့်ရမှာပါ ဘုရား)၊
အဲ – ခန္ဓာကိုယ်ဉာဏ်လှည့်တော့ကို ခန္ဓာက ပြောတာကို ယုံ (မှန်ပါ)၊ ခန္ဓာက ဖြစ်ပျက် ပျက်လိုက်။ ဖြစ်လိုက် ပျက်လိုက် ဒါပဲပြောလိမ့်မယ် (မှန်ပါ)၊ အဲဒီပြောတဲ့ဥစ္စာကို ကြပ်ကြပ် ကြည့်ပေး (မှန်ပါ)၊ ကြပ်ကြပ်ကြည့်ပေးလို့ရှိရင် ခန္ဓာကြီးဟာ အလကားပဲဆိုတာ မင်းတို့ မသိပေဘူးလား (သိပါတယ် ဘုရား)။ သိလို့ရှိရင် ဒီခန္ဓာကို မလိုချင်တော့ဘူးလား (မှန်ပါ)၊ မလိုချင်တဲ့ အချိန်ဟာ မဂ်ဆိုက်တဲ့ အချိန်ပဲကွ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ – ဒီတင် တော်ကြစို့။
