သစ္စာနှင့် ကိုးကွယ်သည့် သရဏဂုံမှ မြဲပုံ
ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၊
မင်္ဂလာရိပ်သာကျောင်းတိုက်၌
ဟောကြားဆုံးမတော်မူသော
သစ္စာနှင့် ကိုးကွယ်သည့် သရဏဂုံမှ မြဲပုံ
သရဏဂုံ မမြဲသေးဘူး
ကဲ- တရားနာကြ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏီ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဘုရားကို ကိုးကွယ်ပါ၏။ တရားကို ကိုးကွယ်ပါ၏။ သံဃာကို ကိုးကွယ်ပါ၏။ မင်းတို့ရွတ်ဆိုနေကြတာပဲ (မှန်လှပါ ဘုရား)။
ဆိုပင်ဆိုငြားသော်လည်း ဒီဥစ္စာက ဥပမာ- တိတ္ထိဆရာကြီးတစ်ယောက်ကို ရှိခိုးလိုက်တယ်ဆိုရင် မောင်ချစ်စိန် ဒါပျက်သွားတာပဲ (မှန်ပါ)၊ မမြဲဘူး (မှန်ပါ)၊ ဆိုမယ့်သာဆိုနေတာ မမြဲသေးဘူးတဲ့၊ ဒါဖြင့် သရဏဂုံ မမြဲသေးဘူးလို့ ဆိုတာပေါ့ (မှန်လှပါ ဘုရား)။
သရဏဂုံသုံးပါးဆိုတာ ရှိတယ် မဟုတ်လား (ရှိပါတယ် ဘုရား)၊ ဗုဒ္ဓံ သရဏံ ၊ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိဆိုတာ သရဏဂုံသုံးပါးလို့ခေါ်တယ်၊ အဲဒါ-တိတ္ထိဆရာကြီးတွေကို ရှိခိုးလိုက်ပြုလိုက်၊ အမျိုးမျိုး အဖုံဖုံတွေကို ရှိခိုးလိုက်လို့ရှိရင် ပျက်သွားတာပဲ (မှန်လှပါ ဘုရား)။
ဘာဖြစ်လို့ ပျက်သွားတာတုံး ဆိုလို့ရှိရင်ဖြင့် ဘုရားစစ် တရားစစ်ကို နဂိုက မသိသေးတဲ့အတွက်၊ မှန်းခြေကလေးနဲ့ လုပ်နေတဲ့အတွက် နောက်တကယ်တမ်း မဟုတ်တာတွေကို ရှိခိုးပူဇော်လိုက်ပြီဆိုရင် ပျက်သွားတာပဲ (မှန်ပါ)၊ သစ္စာသိပြီးတဲ့ သရဏဂုံမှ မြဲတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ နို့မို့ရင်ဖြင့် သရဏဂုံဟာ မမြဲသေးဘူးတဲ့ (မှန်လှပါ ဘုရား)။
သရဏဂုံ မမြဲသရွေ့ကာလပတ်လုံး
အဲဒီ သရဏဂုံ မမြဲသရွေ့ကာလပတ်လုံး အပါယ်လေးပါးကို ငါစိတ်ချရပြီလို့ ဘယ်တော့မှ မယူကြပါနဲ့ (မှန်ပါ)၊ အပါယ်လေးပါးကို ငါဖြင့် စိတ်ချရပြီ၊ ဒီသရဏဂုံကလည်း အခုဆောက်တည်နေတာမပြီးသေးပါဘူး၊ သူများဆိုလို့ လိုက်ဆိုတာရယ်၊ အကြောင်းညီညွတ်လို့ ကြည်ညိုတာရယ်က ဖျက်လိုက်ရင်ပျက်တာပဲ (မှန်လှပါ ဘုရား)။
ဒီ သရဏဂုံ မမြဲသေးဘူးဆိုတာဟာ ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ဖြင့် သစ္စာလေးပါးတစ်ပြိုင်နက် သိပြီးတဲ့ဉာဏ်ရ ပြီးမှသာလျှင် ဒီသရဏဂုံက ဘယ်သွားသွား မပျက်တာ (မှန်ပါ)၊ နို့မို့လို့ရှိရင် ပျက်တာပဲ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သရဏဂုံမြဲမှု မမြဲမှုဆိုတာဟာ အပါယ်ကျမှ မကျမှုဆိုတာနဲ့ အတူတူပဲ (မှန်ပါ)၊ သူကအကြောင်း ဟိုဟာက အကျိုး (မှန်ပါ)၊ သူမြဲမှ ဟိုမှာ အပါယ်လွတ်သွားတာကိုး (မှန်ပါ)။ အဲဒီတော့ သူ မမြဲသေးလို့ ရှိရင်ဖြင့် မင်းတို့ကို နေ့လည်ကလဲ ပြောခဲ့တယ်၊ ဘေးသင့်တဲ့အထဲမှာ ဒီပြင်ဘေးထက်ကြောက်စရာကောင်းတာက မနုဿတောဝါ ဆိုတာ မရကြဘူးလား (ရှိပါတယ် ဘုရား)။ လူဘေးသင့်တာ (မှန်လှပါ ဘုရား)။
လူဘေးသင့်တယ်ဆိုတာ မတရားသဖြင့် ပြောတဲ့လူကို ပြောတဲ့ဥစ္စာကို ကိုယ်ကဉာဏ်မပါတော့ သူပြောတာ ဟုတ်တယ် ထင်ပါရဲ့ဆိုတာဟာ လူဘေးသင့်တာပဲ (မှန်ပါ)၊ အခြားသောတိတ္ထိတွေက ဟောလိုက်၊ ကလေးလေးတွေ ပါသွားလိုက် တော်တော့ လူကြီးတွေ ဉာဏ်မပါတဲ့လူတွေလဲ သွားလိုက်ဆိုတာ ဘာဘေးသင့်တယ် ဆိုကြမတုံး (လူဘေး သင့်တာပါ ဘုရား)။ လူဘေးသင့်နေတာ။
အဲဒါ မင်းတို့က ၂၅ ပါးသော ဘေးထဲမှာတော့ ရာဇတောဝါ၊ စောရတောဝါ၊ မနုဿတောဝါ ပါပါတယ် (မှန်ပါ)။
လူဘေးသင့်တာဟာ ရိုက်တာထက်နာတယ်
ဪ ငါရိုက်တဲ့လူမှ ဘေးထင်နေတယ် (မှန်ပါ)၊ မဟုတ်ပါဘူးတဲ့ ဘာသာပြောင်းသွားတာက ရိုက်တာထက် တောင်နာပါသေးတယ် (မှန်ပါ)၊ တိတ္ထိဘက် ရောက်မသွားဘူးလား (ရောက်ပါတယ် ဘုရား)။
တိတ္ထိဘက်ရောက်သွားတော့ လူဘေးသင့်တာဟာ ရိုက်တာထက် မနာဘူးလား (နာပါတယ် ဘုရား)၊ အဲဒီတော့ ရိုက်တာက ဘာကိစ္စရှိတုံး၊ တော်ကြာ ဆေးရုံတက်၊ ကုလိုက်ပြုလိုက်ရင် ပျောက်ထွက်သွားတာပဲ (မှန်ပါ)၊
ဟိုဟာကတော့ အပါယ်ကျအောင်ရောက်တာပြီး တော့လဲ လွတ်ရက်မရှိဘူး (မှန်လှပါ ဘုရား)။
ဆိုတော့ကို လူဘေးသင့်တာကသာ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။ အေး ဒါလဲမှတ် ထားရတယ် (မှန်ပါ)၊
အဲဒီတော့ ဒီလူဘေးကို မသင့်ဖို့ရာဆိုတော့ ကိုယ်က ဉာဏ်မပါပြီဆိုရင် ဟိုလူက ပြောတာလဲ ဟုတ်ထင်ပါရဲ့ ဟိုကပြောတာလဲ ဟုတ်ထင်ပါရဲ့၊ ဒီကပြောတာလဲ ဟုတ်ထင်ပါရဲ့နဲ့ ကိုယ်က ဉာဏ်မပါတော့ဟုတ်ထင်ပါရဲ့ နဲ့ ချည်းဖြစ်နေတယ် (မှန်ပါ)၊ အဲဒီတော့ အစစ်မဟုတ်တော့ကို ဒါဘေးသင့်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ဆိုနိုင်ပါတယ် (မှန်လှပါ ဘုရား)။
ခန္ဓာကပြောတာကို ယုံကြ
အဲဒါကြောင့် မင်းတို့ကို ပြောရတယ်၊ ခန္ဓာကပြောတာကို ယုံကြကွဆိုတော့ ကုန်နေပြီ (မှန်ပါ)၊ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)၊ ဒါလူဘေးသင့်စရာလိုသေးသလား (မလိုပါ ဘုရား) မလိုတော့ဘူး သူများပါးစပ် ဘေးသင့်စရာ မလိုတော့ပါဘူး (မှန်လှပါ ဘုရား)။
အဲဒီတော့ ရှေးလူကြီးတွေက ဥပမာ ဒီဒကာကြီးက အသက်ကြီးတယ် မင်းတို့ထဲမှာ သူကခေါင်းဆောင်လုပ် ပြီး မင်းတို့ကို လည်လည်ဝယ်ဝယ်ပြောနေလို့ရှိရင် သူပြောတာက ဟုတ်တာလဲပါလိမ့်မယ်၊ မဟုတ်တာလဲပါလိမ့်မယ် ၊ မသိတော့လေ (မှန်ပါ)၊
အဲဒီတော့ မင်းတို့က သူတို့ဟာ ရှေးမီတဲ့လူကြီးတွေပဲဆိုပြီး သကာလ လိုက်နာကြလို့ရှိရင် လူဘေးသင့်သွားမယ် (မှန်ပါ)၊ မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)။
အင်း- ဘေးတကာဘေးထဲမှာ မင်းတို့လူဘေးသင့်တာက အတော်ကြောက်စရာကောင်းတယ် (မှန်ပါ)၊ အခု ဘာသာတွေပြောင်းသွာတာ၊ ဘာဘေးသင့်တယ်ထင်ကြတုံး (လူဘေးသင့်တာပါ ဘုရား)။ လူဘေးသင့်တာ(မှန်ပါ)။ ဘာသာတွေပြောင်းပြီးသာကာလ တစ်ခါတည်း အပါယ်လေးပါးသွားကုန်ကြတယ် ဗုဒ္ဓဘာသာက နေပြီး ဖြစ်ချင်သလို ဖြစ်လိုက်ကော မရှိကြဘူးလား (ရှိပါတယ် ဘုရား) အဲဒါ ဘာဘေးသင့်တာတုံး (လူဘေးသင့်တာပါ ဘုရား)၊ လူဘေးသင့်တာလို့ မှတ်ကြပါတဲ့။
အဲဒါကြောင့်- အခု လူဘေးသင့်တာသည် ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ၊ ဘုရားကိုး ကွယ်ပါ၏။ တရားကိုးကွယ်ပါ၏၊ သံဃာကိုးကွယ်ပါ၏ ဆိုကြတာပဲတဲ့ (မှန်ပါ)၊ ဆိုပင်ဆိုငြားသော်လည်း ခုနကလူဘေးသင့်ရင် ဒါကို မကိုးကွယ်တောဘူး (မှန်ပါ)၊ ကိုးကွယ်သေးရဲ့လား (မကိုးကွယ်တော့ပါ ဘုရား)။ လူဘေးသင့် သွားပြီလေ (မှန်ပါ)၊ ကိုးကွယ်ကြသေးရဲ့လား (မကိုးကွယ်တော့ပါ ဘုရား)။
မနုဿတောဝါ လူဘေးသင့်သွားတာ
အဲဒါ- ဘာတုံးဆိုရင်ရော ရိပ်မိကြပလား (မှန်ပါ)၊ မနုဿတောဝါ (မှန်ပါ)၊ လူဘေးသင့်သွားတာကွ၊ အဲဒါ ရွာထဲရပ်ထဲမှာ နေကြတဲ့အခါမှလဲ ဒါကို အတော်သတိထားရတယ် (မှန်ပါ)၊ လူစုံနဲ့ နေကြရတာဆိုတော့ သူသန်ရာ သူဆွဲပြော တစ်လုံးမှလည်း မဟုတ်ဘူး၊ ကိုယ်ကလဲ မခံမရှိတော့ ဟုတ်တယ်ထင်နေတယ် (မှန်ပါ့)၊ ဆိုတော့ ဘာဘေး သင့်ကြတုံး (လူဘေးသင့်ပါတယ် ဘုရား)၊ လူဘေးသင့်နေတယ်။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မနုဿတောဝါ၊ လူကြောင့်ဖြစ်သော ဘေးသင့်ခြင်းမှလည်းကောင်း ဆိုတာ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)၊
အဲဒါ မင်းတို့က ဘာမှမယူတတ်တော့ ဪ ဒါဘာပါလိမ့် မတုံး၊ ဘေးလို့ဆိုတော့ဆိုတာပဲ၊ ဆိုပင်ဆိုငြား သော်လည်း လူက ဘေးသင့်တယ်ဆိုတော့ လူကဘယ်လိုလုပ်လို့ပါလိမ့် မဆုံးဆိုတာကို မင်းတို့က မဝေဖန်နိုင်ဘူး (မှန်ပါ)၊ အခုတော့ လူက သူထင်ရာပြောပြီး သူ့ဘက်ကိုဆွဲတယ် (မှန်ပါ)၊
တရားမှန်တော့ မဟုတ်ဘူး သို့သော် ကိုယ်က အခံမရှိလေတော့ မယုံပေဘူးလား (ယုံပါတယ် ဘုရား)၊ ယုံသွားတော့ကို ဒီလူမှာ ဘေးသင့်ပြီးတဲ့ (မှန်ပါ)၊ မသင့်သေးဘူးလား (သင့်ပါတယ် ဘုရား)၊ အပါယ်ကျလောက်အောင် ဘေးသင့်သွားတာ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
သရဏဂုံဟာ ဘယ်တော့မှ မြဲမှာတုံး
ကဲ ဒါဖြင့် မင်းတို့ သရဏဂုံဟာ ဘယ်တော့မှ မြဲမှာတုံးဆိုတော့ မင်းတို့ဖြစ်ပျက်ဆုံးပြီး သကာလ မဂ်ဆိုက်မှသာလျှင် သရဏဂုံက မြဲမှာ (မှန်ပါ)၊ နို့မို့လို့ရှိရင် လူဘေးသင့်ရင် ကျန်နေလိမ့်မယ် (မှန်ပါ)၊
လူဘေးသင့်ရင် အပါယ်ဘေးသင့်မှာပဲ (မှန်ပါ) မသင့်ပေဘူးလား (သင့်မှပါ ဘုရား)၊ လူဘေးသင့်ရင် (အပါယ်ဘေးသင့်မှာပါ ဘုရား)။ အပါယ်ဘေးသင့်မှာပဲဆိုတာကို မှတ်ထားကြပါ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဘေးသင့်တဲ့ဥစ္စာကို ထုတ်ပြပါ့မယ်၊
အဂ္ဂိဒတ္တပုဏ္ဏားကြီး
ဘုရားသခင်ကိုယ်တော်မြတ်ကြီးလက်ထက်က အဂ္ဂိဒတ္တဆိုတဲံ ရသေ့တစ်ပါးရှိတယ်၊ အဲဒီအဂ္ဂိဒတ္တဆိုတာက ပသေနဒီကောသလမင်းကြီး၏ ခမည်းတော်၊ မဟာကောသလမင်းကြီး လက်ထက်ကတည်းက ပုရောဟိတ်ပုဏ္ဏားကြီးပဲ၊
ခမည်းတော် မဟာကောသလမင်းကြီး နတ်ရွာစံတဲ့အခါမှာ သားတော် ပသေနီကောသလမင်း နန်းတက်တဲ့ အခါမှာလဲ သားတော် ကောသလမင်းက အဂ္ဂိဒတ္တပုဏ္ဏားကြီး သူ့ထံ ခစားဆည်းကပ် ရန်လာတဲ့အခါမှာလဲ သူက တရိုသသေ ခရီးဦးကြိုပြုပြီး နေရာတိုးပေးပါတယ်။
တစ်နေ့ကျတော့ ဒီပုရောဟိတ် ပုဏ္ဏားကြီးက အို – ဒီအာရုံတွေက အလကားပါပဲ၊ ပုရောဟိတ်ပုဏ္ဏားလုပ်နေပြီး လခကြီးကြီးစားနေပြီး သကာလ ဘာမှ ကျေးဇူးများမှာမဟုတ်ဘူး၊ ငါ့မှာလည်း ပစ္စည်းတွေ အပုံကြီးပဲ ၊ ဒီအာရုံတွေဟာ အလကားဟာတွေပါပဲ၊ နှိပ်စက်မှာတွေပါပဲဆိုပြီး သူ သံဝေဂရလာတယ်၊ သူသံဝေဂရပြီး ကောသလ မင်းကြီးကို တောင်းပန်ပြီး သကာလ ပုရောဟိတ်ပုဏ္ဏား မလုပ်ပါရစေနဲ့တော့ တောထွက်ပါရစေ သူတော်ကောင်းအလုပ်သာ ကျင့်ပါရစေဆိုပြီး သကာလ တောထွက်မယ်လို့ အကြောင်းကြားလိုက်တယ်။
ကောသလမင်းကြီး ခွင့်ပြုချက်ရတော့ သူက သူ့ပစ္စည်းတွေကို ဒီအတိုင်းဝေနေရင်ကြာနေလိမ့်မယ်ဆိုပြီး ခုနှစ်ရက်တိုင် မောင်းကြေး နင်းခတ်ပြီး လိုချင်တဲ့လူယူဆိုပြီး ခုနှစ်ရက်တိတိကို ဝေပေးတယ်၊ သူ့ပစ္စည်းတွေကို (မှန်ပါ)၊
ဒါနဲ့ သူကလည်း ကောသလတိုင်းမှာ ပညာရှိကြီး ဖြစ်ပြီးနေတော့ သူ့နောက်က လူတစ်သောင်းလောက် လိုက်သွားတယ် သူတောထွက်တဲ့ဆီကို သူလိုအဝတ်တွေဝတ်ပြီးတော့ (မှန်ပါ)၊ လူတစ်သောင်းပါတယ်ဆိုတဲ့ဥစ္စာ တော်တော့ဂုဏ်၊ တော်တော့ပညာရှိတော့ မဟုတ်ဘူးပေါ့၊ သူ့ကိုမှီမလို့လိုက်ကြတာ ၊ ပညာအားဖြင့် မှီမလို့ လိုက်သွားကြတာ (မှန်လှပါ ဘုရား)။
တောင်ကြီးဖြစ်လာတယ်
လိုက်သွားပြီး သကာလ တောထဲမှာ နေကြတယ်၊ ကောင်းတော့ကောင်းတယ် ပထမအစီအစဉ်ပေါ့ကွာ တဲ့ တို့သန္တာန်မှာ အားလုံး မိတ်ဆွေတစ်သောင်းတို့ လောဘပေါ်လာလို့ရှိရင်လဲ ဪ လောဘပေါ်လာတယ်လို့သိ၊ ဝိပဿနာရှုတာမပါဘူး သူ့ဟာက (မှန်ပါ)၊
လောဘပေါ်လာတယ်လို့ သိ၊ ကိုယ့်ကိုယ်ကို ဒဏ်ပေးကြကွ မင်းလောဘ ဖြစ်တယ်ဆိုပြီး ဒဏ်ပေးဆိုပြီး သဲတစ်ပုံးကိုယူပြီး သကာလ ဒီနေရာကိုပုံရမယ်ဆိုပြီး ပုံမယ့်နေရာကိုပြလိုက်တယ် (မှန်ပါ)၊ ကိုယ့်ဟာကိုယ် ဒဏ်ပေးတာ ဒီလိုနဲ့ လူတစ်သောင်းပုံလိုက်တော့ တောင်ကြီးဖြစ်လာတယ် (မှန်လှပါ ဘုရား)။
တစ်ယောက်က ဒေါသဖြစ်တာနဲ့ ဒီနေရာကိုယ့်ဟာကိုယ် ဒဏ်ပေးပြီး ပုံ၊ ဒီလို ပုံလိုက်တော့ လူတစ်သောင်း လပေါင်းများစွာပုံလိုက်တော့ တောင်ကြီးဖြစ်လာတယ် (မှန်ပါ)၊
အဲဒီတောင်ကြီးထဲမှာ အခေါင်းဖြစ်အောင်လုပ်ပြီး အဟိဆတ္တမည်တဲ့ နဂါးကြီးတစ်ကောင်က ဒီအထဲဝင်နေတယ် ဒီနဂါးကလဲ အင်မတန်တန်ခိုးကြီးတဲ့နဂါး၊ အဲဒီနဂါးကြီးဟာလဲ ဒီအထဲမှာပဲနေတယ်၊ နောက် ဒီအဂ္ဂိဒတ္တ ပုဏ္ဏားကြီး ကလည်း သူ့တပည့်တွေကို တရားဟောတယ် မင်းတို့ ဒုက္ခခပ်သိမ်းငြိမ်းချင်လို့ရှိရင် တောင် ကိုးကွယ်ကြ၊ တော ကိုးကွယ်ကြ၊ အရာမ်ဥယျာဉ်တွေ ကိုးကွယ်ကြ၊ သစ်ပင် ကိုးကွယ်ကြ၊ ဒါတွေဟာ အန္တရာယ်ကင်းလို့ ဘေးရှင်းတယ်၊ ဒုက္ခခပ်သိမ်းငြိမ်းတယ်ဆိုတော့ သူ့တပည့်တွေကလဲ အကုန်ယုံတာပဲ (မှန်ပါ)၊
သူက ပညာရှိကိုး ၊ ပုရောဟိတ်ပုဏ္ဏားကြီးလဲဖြစ်ပြန်ဆိုတော့ လူတစ်သောင်းဟာ တစ်ခါတည်း ဒါကို ကိုးကွယ်ကြတယ် (မှန်ပါ)၊ လူဘေးသင့်တာပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ မောင်ချစ်စိန် လူဘေးသင့်နေတာကွ (မှန်လှပါ ဘုရား)။
ကဲ မင်းတို့လဲ ရှေးဦးစွာသာ တွေ့ကြမယ်၊ ကိုယ်ကလဲ ဘာမသိ၊ ညာမသိနဲ့ဆိုလို့ရှိရင် သစ်ပင်ကို ထမင်းကပ်နေကြ ဦးမှာပဲကွ (မှန်ပါ)၊ မြင်တယ်မဟုတ်လား၊ တချို့သစ်ပင်ကို ထမင်းလေးတွေ ကပ်နေကြတယ်လေ (မှန်ပါ)၊ ရှိသေးတယ်နော် (ရှိပါတယ် ဘုရား)၊ သစ်ပင် မီးထွန်းနဲ့ အင်း – အန္တရာယ်ကင်းလို့ ဘေးရှင်းချင်လို့ပဲကွ (မှန်လှပါ ဘုရား)။
လူဘေးသင့်ထားတာ
ဒါ သူ့အမေအဖေက ပြောခဲ့လိမ့်မယ် (မှန်ပါ)၊ လူဘေးသင့်ထားတာ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမတုံး (လူဘေးသင့် ထားတာပါ ဘုရား)၊ လူဘေးသင့်ထားတာဆိုတော့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ပေါ်ပြီတဲံ သူကလဲ ဒါချည်းဟော နေတာပဲ (မှန်ပါ) တော ကိုးကွယ်ကြ၊ တောင် ကိုးကွယ်ကြ၊ သစ်ပင်ကိုးကွယ်ကြ၊ အရာမ်ဥယျာဉ်တွေ ကိုးကွယ်ကြ ၊ ဒါတွေဟာ ဒုက္ခမှလွတ်နိုင်တယ်၊ ပညာရှိလဲဖြစ်ပြန်၊ ပိုကဆံရှိလဲဖြစ်ပြန် ၊ ဂုဏ်ရှိလဲဖြစ်ပြန်ဆိုတော့ မောင်ကျော်သိန်း အကုန်ဝိုင်းပြီး ယုံနေကြတာပဲ (မှန်လှပါ ဘုရား)။
တစ်နေ့သ၌ကျတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက တစ်နေ့က ပြောတဲ့သူ့ဉာဏ်မှန်ကြီးနဲ့ လှည့်ချိန် လိုက်တယ် သူတို့တစ်သောင်းကျွတ်ဖို့ ဒီအထဲမှာ လာပေါ်တာပဲ (မှန်ပါ)၊ သူတို့တစ်သောင်းကျွတ်ဖို့လာပေါ်တယ်၊ ဘယ့်နှယ်ဘာလိမ့်မတုံးလို့ စဉ်းစားတော့ ဪ – တရားမှားတွေတော့ ဟောနေပြီး သတ္တဝါတွေ အကုန်အပါယ်သွား ကုန်လိမ့်မယ်၊ အဲဒါ သူ့ကို နိဗ္ဗာန်ရမယ့်ဘဝကို မှားနေတာ (မှန်ပါ) နိဗ္ဗာန်ရမယ့်ဘဝပဲ ဒါကို အမှားကြီးမှားနေတာ (မှန်လှပါ ဘုရား)။
ကဲ မောင်ကျော်သိန်း ကြောက်စရားမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ သူ့နောက်က တစ်သောင်း ကလဲ မှားလိုက်သေးတယ် (မှန်ပါ) နောက် ဒါတင်မကသေးဘူး အင်္ဂတိုင်း မဂဓတိုင်း ကုရုတိုင်းကြားထဲမှာနေတော့ ဟိုဘက် ဒီဘက် တိုင်းတွေအားလုံး မှားကြတယ် (မှန်ပါ)။
တိုင်းသုံးတိုင်းလုံး သူတို့ဆီ ဥပုသ်နေ့လာပြီး တရားလာနာတော့ သူက ဒါပဲဟောနေတယ်၊ တော ကိုးကွယ်ကြ၊ တောင် ကိုးကွယ်ကြ အရာမ် ဥယျဉ် ကိုးကွယ်ကြ သစ်ပင်ကိုးကွယ်ကြ ဒါတွေဟာ ဒုက္ခမှ လွတ်နိုင်တယ် တိုင်းသုံးတိုင်း ပါသွားပြန်ပြီ နည်းသလားကွာ (မနည်းပါ ဘုရား)။ နဂိုတုန်းက တစ်သောင်းကျော် (မှန်ပါ) အခုတိုင်းကြီးသုံးတိုင်း ပါသွားတယ် ဆိုတော့ မောင်ကျော်သန်း မနည်းဘူးကွ (မနည်းပါ ဘုရား)။ လူဘေး သင့်ကုန်ပြီး (မှန်ပါ)၊ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)၊ သင့်ကုန်ပြီတဲ့။
ရှင်မောဂ္ဂလာန် အရင်သွားတယ်
ဒါနဲ့- ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဉာဏ်တော်ထဲမှာ လာမြင်တာနဲ့ ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ခေါ်လိုက်တယ် မောဂ္ဂလန်လာဦးဟေ့ မင်းမသိဘူးလား ဟိုမှာတရားမှားတွေ ဟောနေပြီ အားလုံးအပါယ်သွားကုန် တော့မယ် သိပါတယ်ဘုရား မင်းသွားချွတ်ချေကွဆိုပြီး ရှင်မောဂ္ဂလာန်ကို ခိုင်းလိုက်တယ် ဟာ တစ်ယောက်တည်းမချွတ် ရဲဘူးဘုရား ဟို တစ်သောင်းတောင်ပဲ ဝိုင်းရိုက်ရင် ဘယ့်နှယ်လုပ်မလဲ ဟိုဘက်က သိပ်များနေတယ် (မှန်ပါ)၊ အကယ်၍ အရှင်ဘုရား လိုက်လို့ရှိရင်တော့ တပည့်တော် ချွတ်ရဲပါတယ် နို့မို့ရင်တော့ မချွတ်ရဲ့ဘူးဆိုတော့ ငါနောက်က လိုက်ခဲ့မယ် မင်းအရင်ချွတ်နှင့်လို့ ဘုရားကိုယ်တော်မြတ်ကြီးကိုက ပြောယူရတယ် (မှန်လှပါ ဘုရား)။
ဒါနဲ့ ရှင်မောဂ္ဂလာန်က တန်ခိုးနဲ့ပဲ သွားလို့ရောက်သွားတယ်၊ ဟိုရောက်တော့ ရှင်မောဂ္ဂလာန်က တွေးလိုက်တယ် လူတွေကို တစ်သောင်းလုံးစုပြီး ပြောဆိုရရင်တော့ မဖြစ်ဘူး ၊ ဒီလူစုကို ခွဲဦးမှဖြစ်မယ် ဒီလူစုကို မခွဲရင် မဖြစ်ဘူး (လူစုကများနေပါတယ် ဘုရား)။
သူတို့ကများနေတယ်လေ ဒါနဲ့ သူကမိုးရွာချပေးလိုက်တယ် တန်ခိုးနဲ့ မိုးတွေရွာချလိုက်တော့ သူကျောင်း ကိုယ့်ကျောင်းပြေးကြတာပေါ့ အဲဒီတင် လူစုကကွဲထွက်သွားကြတယ် ကွဲတော့မှ အဂ္ဂိဒတ္တနေတဲ့ကျောင်းကို ဒဂ္ဂိဒတ္တလို့ခေါ်တာပေါ့၊
အဂ္ဂိဒတ္တက စိတ်ဆိုးတယ်
အဂ္ဂိဒတ္တက စိတ်ဆိုးတယ် ငါလို လူပညာရှိတစ်ယောက်ကို ငါ့နာမည် ခေါ်ရဲတဲ့လူမရှိဘူး ၊ ဆရားကြီးသာ ခေါ်မယ့်လူရှိတယ် (မှန်ပါ)၊ ငါ့နာမည်ကို ခေါ်ရမလားဆိုပြီးဟေ့ ဘယ်သူတုံးလို့ ပြန်မေးတယ် ဟေ့ ဘယသူတုံးလို့မေးတော့ ရဟန်းပါလို့ ရှင်မောဂ္ဂလာန်က ပြန်ပြောတယ် ရဟန်းဖြစ်ရင် ရဟန်းပရက္ခရာ ပြပါလားဆိုတော့ သူတို့မှာတော့ တို့ဗရားမင်း (အိန္ဒိယဖကီးကြီး) ကိုင်တဲ့ အုန်းမြစ်ကြီးတွေပေါ့ကွာ (မှန်ပါ)၊
ဒီလိုဟာတွေကိုကွ၊ အိန္ဒိယက အဲဒီဟာက စလာတာ အုန်းမြစ်နတ်ကြီးတွေနဲ့ချိတ်ပြီးတော့ သွားကြတာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒေါက်ခရာတရားကြီးတွေ ဘာတွေနဲ့လေ (မှန်လှပါ ဘုရား)။
အဲဒီ ပရိက္ခရာတွေပြပါဆိုတော့ ဒီပရိက္ခရာကို ကျုပ်က ဟိုသွားဒီသွား သွားနေရတဲ့အတွက် ရဟန်းပရိက္ခရာကို ကိုယ်တွင်းထဲမှာ ယူဆောင်လာတယ်ဆိုတော့သာစိတ်ဆိုးတာပေါ့ (မှန်ပါ)၊ သူတို့နဲ့ အမြင်ချင်းက မတူဘူးကို (မှန်ပါ) လိုရင်းကတော့ရဟန်းပရိက္ခရာ၊ လူပရိက္ခရာဆိုတာဟာ အပြင်ဘက်ဆောင်လာတာက မောင်ကျော်သိန်းဟန်ပါပဲတဲ့ (မှန်ပါ)၊ အတွင်းဆောင်နိုင်မှ ကျင့်ဖို့ကြံဖို့တရားတွေဟာ (မှန်ပါ)။ အပြင်ဘက် ဟန်ချည်းပဲမှန်ပါ (မှန်ပါ)။ အတွင်းဆောင်လာမှ လောဘဖြစ်တဲ့ဥစ္စာလောဘမဖြစ်အောင် ဒေါသဖြစ်တာကို (ဒေါသမဖြစ်အောင်ပါ ဘုရား) ဆိုတော့ ဒါက အပြင်က ဆောင်တာနဲ့ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)၊ မလွတ်ပါဘူး။
ဒါနဲ့- ရှင်မောဂ္ဂလာန်က ကျုပ်ပရိက္ခရာက သွားရလာရပါများလွန်းလို့ ခင်ဗျားတို့လို့တော့ အပြင်ဘက် မဆောင်ဘူး အတွင်းက ဆောင်လာခဲ့တယ် (မှန်ပါ)။ ဟင်ခွကျလိုက်တဲ့ဖြစ်ခြင်း နို့ ဘယ်သူမှန်တုံးကွာ (ရှင်မောဂ္ဂလာန်က မှန်ပါတယ် ဘုရား)။ ရှင်မောဂ္ဂလာန်က မှန်တာပေါ့ အပြင်ဘက်ကနေတာက ဒါလောက်လုံခြုံနိုင်တာမှ မဟုတ်ဘဲ (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။ အတွင်းကနေပြီး ဆောင်လာတယ်ဆိုတော့ ဘယ်အာရုံမျိုးကိုမဆို တိုက်ဖျက်နိုင်တဲ့ အဓိပ္ပါယ်မပါဘူလား (ပါ,ပါတယ် ဘုရား)။
အဲဒီကဲ့သို့ ဆောင်လာတယ်ပြောတော့ မကျေနပ်ဘူး သူတို့လိုမှကိုကွ (မှန်ပါ)။
သူတို့လို ထမ်းပိုးနဲ့ ခြင်းတောင်းနဲ့ ခုနက အုန်းလက်ကြီးတွေ ကိုင်လို့ စောင်ဖြူကြီးတွေကိုင်ပြီး သကာလ ဆံပင်တွေကျစ်ထားမှ ဒါမှ သူတို့က ပရိက္ခရာကိုးကွ အခု ဟိန္ဒူဘုန်းကြီးတွေလို့ပေါ့လေ (မှန်လှပါ ဘုရား)။
မဟုတ်ပါဘူး – မိုးလဲချုပ်ပြီ ရဟန်း ရဟန်းချင်းပဲ ၊ ရဟန်းနေရာတော့ ပေးဖို့ကောင်းတယ် ရှင်မောဂ္ဂလာန်က (မှန်ပါ)၊ နေရာမရှိဘူး ဒီမှာ တစ်ကျောင်းတစ်ပါးနဲ့ တစ်သောင်းအကုန်စေ့နေတာ စိတ်ဆိုးနေတော့ မပေးချင်ဘူး (မှန်ပါ)။ ရဟန်းပရိက္ခာခန္ဓာထဲ ဆောင်လာတယ်ဆိုတာကို မကျေနပ်နိုင်ဘူး (မှန်လှပါ ဘုရား)။
နဂါးကြီးရှိတဲ့တောင်
ဒါနဲ့- ရှင်မောဂ္ဂလာန်က ဒါဖြင့် ဟိုဘက်က တောင်ကြီးက ဘာတောင်တုံး အဲဒီမှာ နဂါးကြီးရှိတယ် မသွားနဲ့ သေလိမ့်မယ်ဆိုတော့ ရှင်မောဂ္ဂလာန်က မဟုတ်ဘူး တစ်ဉာဉ်တည်းခိုပါရစေ တစ်ညဉ်သာခွင့်ပြုပါ၊ အဲဒီနေရာ ငါသွား တည်းမယ် ၊ မဟုတ်ဘူး နဂါးရှိတယ် အဲဒီမှာ အင်မတန် တန်ခိုးကြီးတဲ့နဂါး သင်သေသွားလိမ့်မယ် မဟုတ်ဘူး သင် ငါသာအခွင့်ပေးပါ အဲဒီကို ငါတစ်ဉာဉ်သွားတည်းမယ်။
ဒါနဲ့ ပေးလိုက်တယ် ပြောမရတာနဲ့ ပေးလိုက်တော့ နဂါးကြီးကလည်း ဒီကပြောတာတွေ အကုန်ကြားတော့ ဟိုကလဲ တရှုးရှုးထနေတာပဲ ဒီရဟန်းက ငါ့သတ္တိမသိသေးဘူးထင်ပြီး လာတာပဲဆိုပြီး သူ့နေရာကို လုမှာစိုးတာနဲ့ပဲ အဲဒီတင်မှာ နဂါးက တံတွေးတွေနဲ့ အခိုးတွေလွှတ်တယ် နီနေအောင်လွှတ်တယ် ရှင်မောဂ္ဂလာန်ကလဲ တန်ခိုးနဲ့လွှတ်တာပဲ ကြာတော့ အခိုးတွေက ပြိုင်နေတာပဲ အခိုးတွေက ပြိုင်ပြီးဒီအခိုးတွေက ရှင်မောဂ္ဂလာန်ဘက် မရောက်ဘဲနဲ့ နဂါးကြီးဘက် ချည်း သွား သွားပြီးတော့ လောင်တယ် (မှန်လှပါ ဘုရား)။
ဒီလိုကနေ လောင်လိုက်တဲ့ဥစ္စာ ဗြဟ္မာပြည်လောက်ကျအောင် ဒီအခိုးတွေတက်သွားတယ် နဂါးကလည်း အတော်တန်ခိုးကြီးတာကိုး လောက်တာကတော့ ဒီနဂါးမှာပဲ သွားပြီးလောင်တာပဲ ဒိပြင်မှာ မလောင်ဘူး (မှန်ပါ)၊ ဒါနဲ့ နဂါးက အရှုံးပေးလိုက်ရတယ် အရှုံးပေးတော့မှ နဂါးက သဲပုံကြီးပေါ်မှာ ခွေတယ် ၊ ခွေပြီးတော့မှ ဒီအပေါ်ကို ရှင်မောဂ္ဂလာန်က တက်ထိုင်တယ် နဂါးက တစ်ဉာဉ့်လုံး ပါးပြင်မိုးပေးထားတယ် (မှန်လှပါ ဘုရား)။
ဒီမီးတွေ လောင်နေတာကို အဂ္ဂိဒတ္တနဲ့ တပည့်တစ်သောင်းတွေက သိတာပေါ့ကွာ (မှန်ပါ)။
ဒါနဲ့ မနက်မိုးလင်း တော့ ဟိုရဟန်းဟာ အခုလောက်ဆို မီးလောင်လို့သေပြီတို့သွားကြည့်ဦးမှပဲ နဂါးကြီးရှိတယ် မသွားပါနဲ့ဆိုတာ ပြောမရဘူး တစ်နေ့ညဉ့်ကသူ့ကို နဂါးက မီးရှို့ပစ်လိုက်ပြီ ဒါနဲ့သွားကြည့်လိုက်တော့ နဂါးကြီးက ပါးပြင်မိုးပြီး နဂါးအခွေပေါ်မှာ ရှင်မောဂ္ဂလာန်က ထိုင်နေတာကိုး (မှန်လှပါ ဘုရား)။
ဘယ့်နှယ်တုံး အသင်မသေဘူးလား
ဘယ့်နှယ်တုံး အသင်မသေဘူးလားလို့ အဂ္ဂိဒတ္တက သွားမေးတယ် မသေတဲ့ အပြင်ကြည့်ပါလား သင်တို့ နဂါးကြီးက ငါ့ကို နေရာထိုင်ခင်းပေးနေရတယ် ဪ တယ်တန်ခိုးကြီးပါလားဆိုပြီး ပြောကြတာပေါ့လေ သူတို့ကလည်း ဒီနဂါးကြီးကို ကိုးကွယ်နေရတယ် ကြောက်နေရတယ် (မှန်ပါ)။
အဲဒီတင်မှ တယ်တန်ခိုးကြီးပါလားလို့ ပြောရင်း ဆိုရင်း ဘုရားကိုယ်တော်မြတ်ကြီးက နောက်ကနေ ရောက်လာတယ် ဘုရားကိုယ်တော်မြတ်ကြီး ရောက်လာတော့ ရှင်မောဂ္ဂလာန် က အခွေပေါ်ကဆင်းပြီးတော့ ကိုယ်တော်မြတ်ကြီးကို ဦးချတာကိုးကွ၊ ဦးတိုက်တာပေါ့ ဒီတော့ အဂ္ဂိဒတ္တက ဒါဘာတော် တုံး ဒါ- ဘာတုံးဆို မြတ်စွာဘုရား ပွင့်နေပါလျက်နဲ့ ဘုရားကို မသိတာကွ ခက်လိုက်တာ (မှန်လှပါ ဘုရား)။
ဒါ- သူ့ဆရာလို့ ရှင်မောဂ္ဂလာန်က ပြောလိုက်တယ်(မှန်ပါ)၊ ဪ – သူ့တပည့်တောင် ဒါလောက်တန်ခိုး ကြီးနေတာ သူ့ဆရာဆိုရင် ဘယ်ပြောစရာရှိတော့မှာတုံး (မှန်ပါ)၊ တန်ခိုးနဲ့ကို ပြရသေးတာကွ မပြရင်လဲ မဖြစ်ပဲကိုး (မှန်လှပါ ဘုရား)။
အဲဒါနဲ့ ဘုရားကိုယ်တော်မြတ်ကြီး ကြွလာပြီတော့မှ ဟေ့- အဂ္ဂိဒတ္တလို့ ခေါ်တာပဲ၊ နာမည်က သိပြီးသားတွေကိုး (မှန်ပါ)၊ ဘာတွေများ တရားဟောနေတုံးကွ ပြောစမ်းပါဦးဆိုတော့မှ တောကိုးကွယ်ကြ ၊ တောင်ကိုးကွယ်ကြ အရာမ်ဥယျဉ် ကိုးကွယ်ကြ သစ်ပင် ကိုးကါယ်ကြ ၊ ဒါတွေဟာ ဒုက္ခမှ လွတ်လိမ့်မယ်လို့ ဟောနေပါတယ်။
မင်းဟာက အလွဲတွေကို ဟောနေတာပဲ
ဟာ- မင်းဟာက အလွဲတွေကို ဟောနေတာပဲ၊ ဒါတွေဟာ ဘာမှ မလုပ်တတ်ဘူးကွ၊ ဘာမှ မင်းတို့ရဲ့ဒုက္ခကို ကယ်တင်နိုင်တဲ့ သတ္တိမရှိဘူး ၊ မင်းတို့ကို ဒုက္ခပေးတာက မင်းတို့သန္တာန်မှာရှိတဲ့ လောဘကပေးနေတာ မဟုတ်ဘူးလား (မှန်ပါ)၊
သတ္တဝါတွေ ဒုက္ခဖြစ်နေတာက လောဘ၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တာ မဟုတ်လား (မှန်ပါ)၊ ဒါတွေကိုးကွယ်နေလို့ သမုဒယသစ္စာက ဖြုံမှာတဲ့လား (မဖြုံပါ ဘုရား)။
မဖြုံတော့ကို မင်းတို့လုပ်နေတာတွေဟာ မဟုတ်ဘူးကွ ဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက
ယောစဗုဒ္ဓဉ္စ၊ သံဃဉ္စ သရဏံဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္ဗပ္ပညာယပဿတိ။ (ဓမ္မပဒပါဠိတော် ဗဒ္ဓဝဂ်မှ အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထဲ)
သစ္စာကြိုးစားကွ (မှန်ပါ)။ သဘောကျကြပလား (ကျပါပြီ ဘုရား)။
သစ္စာကို ကြိုးစားရမှာ
ဘာလုပ်ရမှာတုံး (သစ္စာကို ကြိုးစားရမှာ ပါ ဘုရား)။ သစ္စာကြီးစားဆိုတော့ မင်းတို့ခန္ဓာကြီးမှာ ဘာပဲဖြစ်ပျက် ဖြစ်ပျက် ဖြစ်နေနေ ခဏခဏ ပျက်နေတာ ဘာသစ္စာဆိုမတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီ ဒုက္ခသစ္စာကို မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ရှုပေး (မှန်ပါ)။ ရှုပေးလို့ရှိရင်ဖြင့် သစ္စအမှန်သိသွားပြီ ၊ ဒါ- ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိသွားပြီး ဆိုလို့ရှိရင် ပြီးတာပဲ (မှန်လှပါ ဘုရား)။
အဲဒီသစ္စာသိပြီးတော့မှ မင်းတို့ ဘုရား တရား သံဃာကို ကိုးကွယ်တဲ့ဥစ္စာဟာ ဒီကျမှ မြဲတယ်လို့ ဘုရားကိုယ် တော်မြတ်ကြီးက အဲဒီနေရာမှာ ဟောတာကွ (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သစ္စာမသိခင်က ဗုဒ္ဓံ၊ သရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဆိုနေတဲ့ဥစ္စာဟာ မှန်သေးတာ မဟုတ်သေးဘူး (မှန်ပါ)၊ နောက် ဓားနဲ့တင်ပြီး သကာလ မင်းငါ့ကိုကိုးကွယ်ရမယ်၊ ငါ့ဆည်းကပ်ရမယ်ဆိုပြီး ကြောက်လို့ တောတောင်ကိုးကွယ်ဖြစ် တာ (မှန်ပါ)၊ ဘီလူးကနေ ချောက်လိုက်ရင်ကော (ကြောက်ပြီး ကိုးကွယ်ပါတယ် ဘုရား)။
ကိုးကွယ်မှာပဲဆိုတော့ သစ္စာသိပြီးတဲ့ ပုဂ္ဂိုလ်မှာ ဓားရိုးဂုတ်ပေါ်မှာ ဝဲလဲမပြောင်းတော့ဘူး (မပြောင်းတော့ ပါ ဘုရား)။
ဒါဖြင့် သီသရဏဂုံသည် ဘယ်ကျမှ မြဲမှာတုံးဆိုတာကို ဘုရားကိုယ်တော်မြတ်ကြီးက သစ္စာသိပြီးမှ မြဲတယ် အဂ္ဂိဒတ္တလို့ ဟောလိုက်တယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
သစ္စာသိအောင် ဟောလိုက်တယ်
ဒါနဲ့- သစ္စာသိအောင် ဘုရားကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်၊ သစ္စာသိအောင်ပဲ ဟောလိုက်တော့ သူတို့က ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ ၊ ဒီထက်ကြီးတဲ့ ဒုက္ခမရှိတော့ဘူး ၊ ဒုက္ခဤမျှပဲဆိုတော့ကို ပိုင်ပိုင်နိုင်နိုင်သိတော့ သူတို့အားလုံးပဲ သစ္စာတရားကိုလဲ နားလိုက်ရော တစ်သောင်းနဲ့တစ်ယောက် ရဟန္တာဖြစ်ကြတယ် (မှန်ပါ)၊ အဂ္ဂိဒတ္တ ဆရာကြီးကို အရင်ဟောလိုက်တော့ အကုန်ပါသွားတော့တာပေါ့ (မှန်လှပါ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာတရားဟောလိုက်တော့မှ ဒီပရိဗိုဇ်အဖြစ်တွေနဲ့ ရဟန္တာဖြစ်နေကြ တာကိုးကွ၊ တစ်ခါတည်း မဂ်လေးဆင့် တက်သွားတာပဲ (မှန်ပါ)၊ နဂိုက မှားချင်လို့သာ မှားနေကြာတာကိုး ၊ နဂိုကတော့ ရင်းပြီးသားလူတွေဖြစ်နေတယ် ၊ ရင်းပြီးသားလူတွေနော် (မှန်လှပါ ဘုရား)။
အဲဒါနဲ့ပဲ ဘုရားကိုယ်တော်မြတ်ကြီးက ရွှေလက်တော် ဆန့်တန့်ပြီး လက်ရပ်ခေါ်လိုက်တော့ ရဟန်းအသွင်နဲ့ လာခဲ့ကြဟေ့လို့ ခေါ်လိုက်လို့ရှိရင် ရဟန်းအသွင်နဲ့ အကုန်ပြောင်းသွားတာပဲ ၊ ဝါ ၆၀ ရသော မထေရ်ကြီးကဲ့သို့ ဧဟိဘိက္ခုခေါ်လိုက်တာပေါ့ ဧဟိ = လာခဲ့၊ ဘိက္ခု = ရဟန်း၊ ရစန်းအသွင်အပြင်နဲ့ လာခဲ့ကြဆိုတော့ အကုန် ရဟန်းဖြစ် ကုန်ရော၊ ခေါင်းတွေ ဘာတွေ ရိတ်နေရတာမဟုတ်တော့ဘူး (မှန်ပါ)၊ သူ့ဟာသူ နဂိုတုံးက လှူးခဲ့တန်းခဲ့ ပေးခဲ့ကမ်းခဲ့ ဖူးတဲ့ ပါရမီတွေက ပြည့်စုံခဲ့တယ်၊ အဲဒါတွေက ပြုပြင်ပေးလိုက်တာ (မှန်လှပါ ဘုရား)။
သူတို့တစ်သောင်း ရဟန္တာဖြစ်တယ်
အဲဒီတင်မှ သူတို့တစ်သောင်း ရဟန္တာဖြစ်တယ်၊ နောက် အဲဒီနေ့ကလဲ ဘာနေ့ဖြစ်နေသလဲဆိုတော့ ဥပုသ် နေ့ဖြစ်နေတယ် (မှန်ပါ)၊ သစ္စာကို ဟောချလိုက်တာ ဒါကြောင့် သစ္စာမှ မဂ်ဖိုလ်ဆိုက်နိုင်တယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်တရားမှမဟုတ်ဘူး၊ သစ္စာဆိုက်တဲ့တရားမှ မဂ်ဖိုလ်ဆိုက်တယ် (မှန်ပါ)၊ ဒါကြောင့် မင်းတို့ဖြစ်ပျက် ရှုနေတာဟာ သစ္စာမင်နေတာသာ မှတ်ပေတော့ (မှန်ပါ)။ ဖြစ်ပျက်ရှုနေတာဟာ ဘာတုံး (သစ္စာမြင် နေတာ ပါ ဘုရား)။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာကိုး (မှန်လှပါ ဘုရား)။
အဲဒီတော့ သစ္စမြင်လို့ရှိရင် ဒီသစ္စာသာ မင်းတို့ ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင်သိလို့ရှိရင် ဒုက္ခသစ္စာချုပ်ပြီး နိရောဓသစ္စာပေါ်မယ်လို့ ခဏခဏ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒါပေါ်လာလို့ရှိရင် ဒါသစ္စာ ကိစ္စကလဲ ပြီးတာပဲ (မှန်ပါ ဘုရား)။
ဒီတင်မှ အားလုံးရဟန္တာတွေ ဖြစ်ပြီးနေတော့ အင်္ဂတိုင်း မဂဓတိုင်း ကုရုတိုင်းကလဲ ဒီဆရာကြီးဆီ အရင်လိုပဲ တော ကိုးကွယ်ကြ၊ တောင် ကိုးကွယ်ကြဆိုတဲ့တရားကို နာဖို့ လာကြတာပေါ့ (မှန်ပါ)၊
ဒီသုံးတိုင်းက လာကြတဲ့လူတွေ ဟာ သံသယရှိကြတယ် တို့ညွှန်ကြားပြသတဲ့ အဂ္ဂိဒတ္တဆရာကြီးကပဲ ဆရာပဲလား ၊ ဂေါတမဆိုတဲ့ ရဟန်းကြီးကပဲ ဆရာပဲလားလို့ မပြောတတ်ဘူးနဲ့ သုံးတိုင်းလုံး မှားနေကြတာပေါ့ (မှန်လှပါ ဘုရား)။
အရှင်ဘုရားကဆရာပါ
ဒီတင်မှ ဘုရားကိုယ်တော်မြတ်ကြီးက ရိပ်မိတယ်၊ ဪ- အားလုံး သံသယရှိနေကြပြီကော ဟေ့ အဂ္ဂိဒတ္တ မင်းကို အင်္ဂတိုင်း မဂဓတိုင်း ကုရတိုင်းက လာတဲ့ပုဂ္ဂိုလ်တွေက သံသယရှိတယ်ကွ၊ အဲဒီသံသယကို ဖြေဖျောက်လိုက် စမ်းပါဆိုတော့ သူက ရဟန္တာပင်ဖြစ်ငြားနေသော်လည်း အဘိညာဉ်ပါရတာကိုးကွ (မှန်ပါ)၊
တခါတည်း ကောင်းကင် ပေါ်ကို ထန်းတစ်ဖျားလောက်ကို တန်ခိုးနဲ့တက်ပြီးမှ အရှင်ဘုရားကဆရာပါ။ တပည့်တော်က တပည့်ပါလို့ သုံးကြိမ်ဝပ် ချတယ် (မှန်ပါ)၊ အဲဒီတင်မှ လူတွေ သံသယကင်းသွားတယ် (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒီတော့ ဒီတင်မှ ရှင်တစ်ထောင်ချွတ်ခန်းတွေ ဖြစ်တော့တာပေါ့ကွာ (မှန်ပါ)၊ သူတို့ကတော့ သောင်းကျော် ပေါ့လေ၊ သောင်းကျော်ကျွတ်သွားတာ၊ ဘာနဲ့ကျွတ်သွားတုံးဆိုတာကို မင်းတို့သိပလား (သစ္စာနဲ့ပါ ဘုရား)။ သစ္စာနဲ့ကျွတ် သွားတယ်၊ သစ္စာမှ ကျွတ်တမ်းဝင်ရမယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီသစ္စာနဲ့ ကိုးကွယ်တဲ့ သရဏဂုံမှ မြဲတော့တယ်လို့ဆိုတာကိုလဲ ယနေ့မှတ်ရမယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ- ဒီတင်တော်ကြစို့။
