”မျက်စိကန်း ဆင်စမ်းဘဝမှ လွတ်မြောက်ရန် ဝိပဿနာကို အားကိုးကြပါ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”မျက်စိကန်း ဆင်စမ်းဘဝမှ လွတ်မြောက်ရန် ဝိပဿနာကို အားကိုးကြပါ”
ည-အလုပ်ပေး တရားတော်
ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတုန်း ရဟန်းလေး ငါးပါး စုပြီး စကားပြောနေကြတယ်၊ ရဟန်းလေးငါးပါး စုပြီး သကာလ စကားပြောနေကြပါတယ်။
ကိုယ့်အကြိုက် ကိုယ်ပြောနေကြ တယ်
တစ်ပါးသော ပုဂ္ဂိုလ်က တပည့်တော်တို့တော့ သီလလုံခြုံနေပါပြီ၊ သီလဆောက်တည်ထားတော့ သီလလုံခြုံနေ ပေါ့ပဲ၊ ကျေနပ်ပါတယ်၊ လူဖြစ်ရကျိုးနပ်ပါတယ်လို့ သီလနဲ့ကျေနပ်နေတဲ့ ရဟန်းတစ်ပါးက ပါလာတယ်။
တစ်ယောက်သော ပုဂ္ဂိုလ်ကတော့လည်း သူက စာတွေ ပေတွေ တတ်နေတော့ တပည့်တော်တော့ စာတွေ ပေတွေနဲ့ သိရတာနဲ့ပဲ အထူးတလယ် ကျေနပ်နေပါပြီလို့ ပြောလိုက်တယ်။
တစ်ယောက်သောပုဂ္ဂိုလ်ကတော့ သမထ၊ သမာဓိအတော်ကောင်းနေပြီ၊ တပည့်တော်ကတော့ ဒီသမာဓိကို ဘယ်အချိန်ဖမ်းလိုက်-ဖမ်းလိုက်ရတာပဲ၊ အဲဒီတော့ ဒါနဲ့ပဲ သေပျော်နေပျော်ရှိပြီလို့ သူ့စိတ်ထဲအောက်မေ့ပြီး သကာလ သူတို့ စုပြောနေကြတယ်။
တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ တပည့်တော်တော့ တောထဲ-တောင်ထဲမှာ တစ်ယောက်တည်း အေးအေး ချမ်းချမ်းနေလိုက်ရတယ်ဆိုရင် စိတ်ကဘယ်မှအာရုံတွေက မသွားတော့၊ သူ ဆိတ်ဆိတ်ငြိမ်ငြိမ်နေရတာကိုပဲ သူ့မှာ အတော်ခရီးပေါက်နေပါပြီတဲ့။
တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ အနာဂါမ်တည်နေတယ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင် တည်းနေတယ်၊ သူက အနာဂါမ်တည်နေတာနဲ့ပဲ တပည့်တော်တော့ ကိစ္စမရှိတော့ဘူး၊ နောက်ကျန်လှတစ်ဘဝပဲ၊ တစ်ဘဝ-နှစ်ဘဝပဲ ကျန်တော့တယ်၊ ဘာမှ ပူစရာ-ပင်စရာမရှိတော့ဘူးဆိုပြီး သကာလ ကိုယ့်အကြိုက် ကိုယ်ပြောနေကြ တယ်၊ ဘယ်သူ့အကြိုက် ဘယ်သူပြောနေတာတုံး (ကိုယ့်အကြိုက် ကိုယ်ပြောနေတာပါ ဘုရား)၊
ကိုယ့်အကြိုက်၊ ကိုယ်ပြောပြီး သကာလ နေကြပါတယ်ဆိုတော့ ဆရာမတွေ့သေးလို့ ကိုယ့်ဟာလေးနဲ့ ကိုယ်တင်း တိမ်နေကြတာပဲ (မှန်လှပါ ဘုရား)။
အကောင်း လမ်းဆုံးပြီလား
ကောင်းတော့ မကောင်းဘူးလားလို့မေးတယ်၊ ကောင်းတော့ကောင်းပါတယ်လို့ပဲ အဖြေထုတ်ရမှာပဲ၊ ကောင်း ပေမယ့် အကောင်းလမ်းဆုံးပြီလားလို့ မေးတဲ့အခါကျလို့ရှိရင် အကောင်းလမ်းမဆုံးသေးဘူး (မှန်ပါ)၊ အကောင်း လမ်းဆုံးပြီလား (မဆုံးသေးပါ ဘုရား)၊ မဆုံးသေးပါဘူးတဲ့။
အဲဒီတင် သူတို့စကားပြောပြီး လက်ဆုံကျနေတုန်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြွလာတယ်၊ သူတို့ နားကြွလာတယ်။
ငါလာနေတဲ့အချိန် မင်းတို့မပြီးသေးတဲ့ စကားတွေ ဘာများပြောဆိုနေသလဲကွ၊ ဘာများပြောဆိုနေကြသတုံး ဆိုတော့ တစ်ယောက်သော ပုဂ္ဂိုလ်ကစပြီး သူကလျှောက်တယ်၊ တပည့်တော်ကတော့ သီလလုံလို့ရှိရင်ဖြင့် အပါယ် လေးပါးလွတ်ပြီး သကာလ ၊ အပါယ်တံခါး ပိတ်နေပြီမို့ တပည့်တော်သီလနဲ့တပည့်တော် ကျေနပ်တဲ့ အကြောင်း ပြောနေပါ တယ်၊ တစ်ယောက်သော ပုဂ္ဂိုလ်ကလည်း စာတတ် ပေတတ်ဖြစ်ပြီး သကာလ နေတဲ့အတွက် တပည့်တော်တော့ဖြင့် အားလုံးပဲ သိနေတဲ့အတွက် ဒီသိမှုနဲ့ပဲ တပည့်တော် ကျေနပ်နေပါတယ်။
တစ်ယောက်သော တတိယပုဂ္ဂိုလ်ကတော့ သမာဓိစခန်းတော့ တပည့်တော် ဘယ်အချိန် ဖမ်းလိုက် ဖမ်းလိုက်၊ စိတ်ဟာတည်နေတာပဲ၊ ဘယ်မှပြေးတယ်လို့မရှိဘူး၊ အဲဒါကြောင့် တပည့်တော်ကဒါနဲ့ပဲ ကျေနပ်ပြီး သာသနာတော်တွင်း ကြုံရတာ တပည့်တော်ဖြင့် ဝမ်းမြောက်နေပါပြီ။
တစ်ယောက်သော စတုတ္ထမြောက် ပုဂ္ဂိုလ်ကတော့ တပည့်တော်က တောကျောင်း တောင်ကျောင်းမှာနေနိုင် တဲ့အတွက်၊ တောကျောင်း တောင်ကျောင်း ဆိတ်ဆိတ်နေတဲ့နေရာမှာ ပျော်တယ်၊ ဆိတ်ဆိတ်နေတဲ့နေရာကို အာရုံတွေ ရှုပ်လာလို့ရှိရင်နေလို့မဖြစ်ဘူး၊ အဲဒီတော့ ဆိတ်ဆိတ်နေတဲ့ သဘောကိုပဲ အာရုံတွေကလုံနေတဲ့အတွက်၊ ဒီလို ဆိတ်ဆိတ် နေနိုင်တဲ့စွမ်းရည်သတ္တိ မိမိကိုယ်ပိုင်ရှိတာကို တပည့်တော်က ကျေနပ်နေတယ်လို့ ဒီလိုပြောနေပါတယ်။
တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ တပည့်တော်ကတော့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင် တည်တဲ့အတွက်၊ အပါယ်လေးပါးတံခါးပိတ်ပြီ၊ ဘာမှပူစရာ ပင်စရာမရှိဘူး၊ တစ်ဘဝ-နှစ်ဘဝဆိုရင် လိုချင်တဲ့နိဗ္ဗာန် ဟာ ရတော့တာပဲလို့ လျှောက်လိုက်တယ်။
မကျေနပ်ကောင်းဘူးလို့ ဟောတယ်
လျှောက်လိုက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မကျေနပ်ကောင်းဘူးကွလို့ ငါးပါးစလုံးကို ဟောလိုက် တယ် (မှန်ပါ)၊ မကျေနပ်ကောင်းဘူးတဲ့၊ ဘယ်လိုဟောတုံး (မကျေနပ်ကောင်းဘူးလို့ ဟောပါတယ် ဘုရား)၊
မကျေနပ် ကောင်းပါဘူးတဲ့၊ ကျေနပ်စရာက မင်းတို့ကို ရှင်းပြောရလို့ရှိရင်ဖြင့် ဒီသီလလုံရုံနဲ့ နောက်ပဋိသန္ဓေနေမူတွေကလည်း လွတ်သလား (မလွတ်ပါ ဘုရား)၊ မလွတ်သေးရင် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ ဒုက္ခတွေက ရှိသေးတယ်လို့ဆိုရမှာပဲ (ဆိုရမှာပါ ဘုရား)၊ အနာမှ အကင်းမသေပဲ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊။
ဒီ ဗဟုသုတ စာတွေ-ပေတွေတတ်ပြီး သကာလ နေငြားသော်လည်း နိဗ္ဗာန်မှ မရောက်သေးတဲ့ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ဖြစ်နေတော့ သူက အပါယ်လေးပါး တံခါးကလည်း မပိတ်သေး၊ ဇာတိ၊ ဇရာ၊ မရဏ ဘေးတွေကလည်း အထွေထွေ ခံစားရဦးမယ်ဆိုတဲ့ဥစ္စာ၊ သူ့အတွက် သူ့ဟာသူ စိတ်ချငြားသော်လည်း အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်က တော်ပြီတန် ပြီလို့ ဟောဖို့မသင့်သေးဘူး (မသင့်သေးပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
သမာဓိတည်ကာမျှနဲ့လည်း၊ အင်း အပါယ်လေးပါး တံခါးပိတ်ပြီလို့လည်း မင်းတို့ ဆိုနိုင်ကြပါ့မလား (မဆိုနိုင် ပါ ဘုရား)၊ မဆိုနိုင်သေးဘူး၊ ဇာတိ၊ ဇရာ၊ မရဏတွေ လွတ်ပြီလို့ကော (မဆိုနိုင်ပါ ဘုရား)၊ မဆိုနိုင်သေးတော့ ဒါလောက် နဲ့လည်း တင်းတိမ်နေလို့ မတော်ဘူးဆိုတာ ဘုရားကသိတယ် (မှန်လှပါ ဘုရား)။
တောကျောင်း-တောင်ကျောင်း၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်ကာမျှနဲ့လည်း ဘာမှ မဟုတ်သေးဘူးတဲ့၊ အပါယ် လေးပါး တံခါးကလည်းမပိတ်သေး၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ ဘေးတွေကလည်းလွတ်ပြီ လား (မလွတ်သေးပါ ဘုရား)၊ မလွတ်သေးတော့ သူ့ဟာသူကျေနပ်ရတယ်၊ ဘေးအတန်တန် ရန်အထပ်ထပ်က သူ့တွေ့ စရာတစ်ပုံကြီးရှိသေးတယ် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒီ အနာဂါမ်ပုဂ္ဂိုလ်ဆိုတာကလည်း သူ ရဟန္တာမဖြစ်သေးလို့ရှိရင်ဖြင့် နောက်ပဋိသန္ဓေနေမှုတွေကော သူ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အပါယ်သာလွတ်သွားတယ်၊ ပဋိသန္ဓေနေမှု၊ အိုမှု၊ နာမှု၊ သေမှု ဒုက္ခတွေက သူ့လွတ်ပြီ လား (မလွတ်သေးပါ ဘုရား)၊
တင်းတိမ်မနေနဲ့
မလွတ်သေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက န သီလဗ္ဗတမတ္တေန သီလလေး လောက်နဲ့ မင်းက တင်းတိမ်မနေနဲ့ကွ၊ ဗာဟုဿစ္စေနဝါပနပိဋကတ်သုံးပုံ စာပေအကြားအမြင်ပြည့်စုံရုံနဲ့လည်း မင်း မကျေနပ်နဲ့ကွ၊ အထဝါသမာဓိလာတေန၊ သမာဓိရရုံလေးနဲ့လည်း မင်းကျေနပ်ပြီးမနေနဲ့တဲ့၊ သူပြောလိုက်တယ်နော် (မှန်လှပါ ဘုရား)။
ဝိဝိတ္တသယနေနဝါ၊ ဆိတ်ဆိတ်-ငြိမ်ငြိမ် တောကျောင်းတောင်ကျောင်း နေနိုင်တာနဲ့ပဲ မင်းက ဂုဏ်ယူပြီး မနေနဲ့ဦး၊ အပါယ်လေးပါး တံခါးကတော့ ပွင့်လျက်ကြီး ရှိသေးတယ်၊ ဇာတိ၊ ဇရာ၊ မရဏဘေးတွေကလည်း မင်းပြေးလို့ မလွယ်ဘူး၊ တွေ့ရဦးမယ် (မှန်လှပါ ဘုရား)။
ဒီအနာဂါမ်တည်တဲ့ပုဂ္ဂိုလ်လည်း နောက် ဇာတိ၊ ဇရာ၊ မရဏတွေရှိနေသေးတယ်၊ ဖုသာမိ နေက္ခမံ သုခံ၊ အပုထုဇ္ဇနသေဝိတံ- ပုထုဇဉ်တော့ မင်းမဟုတ်ပါဘူးတဲ့၊ မဟုတ်ပင် မဟုတ်ငြားသော်လည်း အရိယာ တစ်ပိုင်းကြောင့် ဖြစ်နေသေးတယ် (မှန်ပါ)၊ ပဋိသန္ဓေနေမှု၊ အိုမှု၊ နာမှု၊ သေမှုက မလွတ်သေးဘူးကွ၊ ဘုရားက ဒီလို ဟောလိုက်တယ် (မှန်လှပါ ဘုရား)။
ရဟန္တာဖြစ်ပြီးမှ နိဗ္ဗာန်ရပြီးမှ ကျေနပ်ပါ
ဘိက္ခုဝဿသမာပါဒိတဲ့၊ ဒါနဲ့ မင်းတို့က တော်လောက်ပြီဆိုတဲ့ စိတ်ကလေးကိုလည်း မင်းတို့ မွေးမထားပါနဲ့၊ အပတ္တောအာသဝက္ခယံ-အာသဝေါတရားလေးပါးကုန်မှ မင်းတို့ကျေနပ်ပါ (မှန်ပါ)၊ ဘယ်လိုမှကျေနပ်ရမှာတုံး (အာသ ဝေါတရားလေးပါးကုန်မှ ကျေနပ်ရမှာပါ ဘုရား)၊ အာသဝေါတရားလေးပါးကုန်၊ ရဟန္တာဖြစ်ပြီးမှ နိဗ္ဗာန်ရပြီးမှ ကျေနပ်ပါလို့ ပြောတာပါပဲ (မှန်လှပါ ဘုရား)။
ဒါ-ဓမ္မပဒပါဠိတော် သမ္မဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္တုလို့ မှတ်ထားလိုက်စမ်းပါ (မှန်လှပါ ဘုရား)။
အဲဒီတင် ဘုရားက ဟောလိုက်တော့၊ ကဲ မင်းတို့ငါးယောက်ကို ငါဥပမာလေးတစ်ခုပြမယ်ဆိုပြီး ကျင်ကြီး တစ်ပုံရှိတယ်ကွာတဲ့၊ ငါးပုံပုံပြီး တစ်ပုံဆေးလဲ- လေးပုံကျန်တာပဲ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကျန်တာပဲပြောတာ (မှန်ပါ)၊
ကျန်တဲ့လေးပုံကို တစ်ပုံတော့ဆေးပြီးပြီ၊ ရေနဲ့သီလနဲ့ဆေးလိုက်တယ် ထားပါဦးတော့၊ လေးပုံကျန်နေတဲ့ ကျင်ကြီးကိုမင်းတို့ ဘယ်အထဲထည့်ပြီး အသုံးချမှာတုံး မေးတာပဲ (မှန်ပါ)၊ ဘယ်အထဲထည့်ပြီး အသုံးချကြမှာလည်း (မချနိုင်ပါ ဘုရား)၊ ဘယ်နေရာမှ အသုံးမချနိုင်ဘူး (မှန်ပါ)၊ လေးပုံကျန်နေတယ်၊ တစ်ပုံသာဆေးတယ်၊ လေးပုံကျန်လို့ ကျန်တဲ့ အပုံဘယ်လိုအသုံးချကြမှာတုံးလို့မေးရင် ဘယ့်နှယ့်ဖြေကြမှာတုံး (ဘယ်လိုမှ အသုံးချမရပါ ဘုရား)။
အဲ မင်းတို့ ရဟန်းတွေမှာလည်းတဲ့၊ သီလလေးတစ်ပုံနဲ့ ကျင်ကြီးလေးဆေးလိုက်ရတာနဲ့၊ လေးပုံက မင်းတို့မှာ ခန္ဓာထဲအပြည့်အနှက်ကျန်ပြီး သကာလ နေတော့၊ ဒါဘာမှအသုံးချလို့မဖြစ်တာနဲ့ မင်းတို့က ကျေနပ်နေလို့ရှိရင် ဘာမှ ခရီးမပေါက်သေးဘူးပြောတာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရင်းပါပြီ ဘုရား)။
အကုန်ဆေးပစ်ရမယ်
ကဲ လေးပုံဆေးပြီးပြီ၊ တစ်ပုံကျန်နေတယ်၊ မောင်ချစ်စိန်ဘာအသုံးချမှာတုံးမေးပြန်တယ် (ဘာမှအသုံးချလို့ မရပါ ဘုရား)၊ ကျင်ကြီးပဲမဟုတ်လား (မှန်ပါ)၊ ကျင်ကြီးပဲကျန်နေတော့ ဒီကျင်ကြီးဟာ ဘာမှ အသုံးမကျဘူးကွ၊ ဘယ်နေရာမှ အသုံးတည့်တဲ့ ပစ္စည်းမျိုးမဟုတ်ဘူး (မှန်ပါ)၊ အကုန်ဆေးပစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ် (ရပါဘယ် ဘုရား)၊ ဘာရတာတုံး (အကုန်ဆေးပစ်ရမှာပါ ဘုရား)။
အကုန်သေလို့ရှိရင်ဖြင့်၊ ဪဒါဖြင့် ပြောင်ပေပေါ့၊ ရှင်းပေးပေါ့၊ လင်းပေပေါ့ အနံအစော်သက်သာပေပေါ့ ဆိုပြီး သကာလ အလုံးစုံပြီးရမယ်ကွ (မှန်ပါ)၊ မင်းတို့ဟာ အခု မင်းတို့ဟာနဲ့မင်းတို့ တင်းတိမ်ပြီး သကာလ နေတော့ မှားတယ်လို့ပြောတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ မမှားဘူးလား (မှားပါတယ် ဘုရား)၊ မှားတယ်တဲ့။
အဲဒီတော့ကို အခုဘုရားလည်း ချီးမွမ်းတော်မူတာက၊ နောက်ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ကျင်ကြီးကျန်နေလို့ရှိ ရင် နောက်ပဋိသန္ဓေကျန်တဲ့ပုဂ္ဂိုလ်ဟူသရွေ့ဟာ ကျင်ကြီးကျန်တယ်ချည်းမှတ်ရမယ် (မှန်ပါ)၊
နောက်ပဋိသန္ဓေ ကျန်တာ ဘယ်လိုမှတ်ကြမယ် (ကျင်ကြီးကျန်တာပါ ဘုရား)၊ ဘာအသုံးချလို့ ရကြမှာတုံး (ဘာမှ အသုံးချလို့မရပါ ဘုရား)၊ ဆင်းရဲ တာပဲ (မှန်ပါ)၊ ဆင်းရဲတွေ ကျန်နေတာ၊ မောင်ချစ်စိန်တို့ တင်လှတို့ ဘာအသုံးချမှာတုံး (ဘာမှ အသုံးချလို့မရပါ ဘုရား)၊
ဆင်းရဲတာကျန်တော့ ဆင်းရဲမှုခံရရုံရှိမှာပဲ (မှန်ပါ)၊ ဆင်းရဲတာ ကျန်တော့် (ဆင်းရဲမှုခံရမှာပါ ဘုရား)၊ ဆင်းရဲတာခံရ မှာပဲလို့ဆိုတော့ တစ်နေ့က ပဋိသန္ဓေခန်းပြလိုက်တော့ မောင်ချစ်စိန်၊ ကိုင်းခံနိုင်ရည်ရှိပါ့မလား (မရှိပါ ဘုရား)၊ အိုခန်း၊ နာခန်း၊ သေခန်းတွေ ကြည့်လိုက်ပြန်တော့ကော (ခံနိုင်ရည်မရှိပါ ဘုရား)၊ ခံနိုင်ရည် မရှိပါဘူးဆိုတဲ့ဥစ္စာက ရှင်းလင်းနေ တော့တယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အလုံးစုံရှင်းနိုင်ရင်ကောင်းတယ်
ဒါဖြင့် မင်းတို့အသိဉာဏ်ရှိတဲ့ဘဝမှာ အလုံးစုံရှင်းနိုင်ရင်ကောင်းတယ် (မှန်ပါ)၊ အသိဉာဏ်ရှိတဲ့ဘဝမှာ (အလုံးစုံရှင်းနိုင်ရင်ကောင်းပါတယ် ဘုရား)၊ အလုံးစုံ ရှင်းနိုင်ရင်ကောင်းတယ်ဆိုတော့ ကျင်ကြီး ငါးပုံ-ပုံထားတဲ့ဥစ္စာ ဘယ်အပုံမှ မင်းတို့သည် အသုံးမဝင်ဘူးဆိုတာ သိပြီးသားလုပ်ထားရမယ် (မှန်ပါ)၊ ဘယ်အပုံ အသုံးဝင်ကြတုံး (ဘယ် အပုံမှ အသုံးမဝင်ပါ ဘုရား)၊ ဘယ်နေရာမှ သူ့ကိုထည့်သုံးလို့ကိုမရဘူး (မရပါ ဘုရား)၊ မရဘူး၊ နံတာနဲ့ စော်တာနဲ့ အသုံးမကျတာပဲရှိတာပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒီတော့ ဒီကျင်ကြီးဆိုတာ တခြားကို ဘုရားကရည်ရွယ်ချက်ထားပြီး တကယ့်ကျင်ကြီးအစစ်ကို ပြောတာ မဟုတ်ပါဘူး (မှန်ပါ)၊ ခန္ဓာကျန်နေရင် မကောင်းဘူးပြောတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာကျန် နေရင် မကောင်းတာတုံး (ခန္ဓာကျန်နေရင် မကောင်းပါ ဘုရား)၊
ခန္ဓာကျန်နေလို့ရှိရင်ဖြင့် မင်းတို့ စဉ်းစားကြည့် သေစရာကျန်နေတာပဲ (မှန်ပါ)၊ နှိပ်စက်စရာ ကျန်နေတာပဲ (မှန်ပါ)၊ မဆိုထိုက်ကြဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ခန္ဓာကျန်နေတာဟာ နှိပ်စက်စရာကျန်နေတာ (မှန်ပါ)၊ ဇာတိ၊ ဇရာ၊ မရဏတို့၊ မင်းတို့၊ စိုးတို့၊ သူခိုးတို့၊ ဒါတွေက နှိပ်စက်စရာ ကျန်နေတာပဲ (မှန်လှပါ ဘုရား)။
နှိပ်စက်မှုခံရမယ့်အထည်ကြီး ကျန်နေတာ
ခန္ဓာ ကျန်နေတာလည်း နှိပ်စက်မှုခံရမယ့်အထည်ကြီး ကျန်နေတာ (မှန်ပါ)၊ မောင်ချစ်စိန် ဘာကျန်နေတာတုံး (နှိပ်စက်မှုခံရမယ့် အထည်ကြီးကျန်နေတာပါ ဘုရား)၊
ဒါဖြင့် နှိပ်စက်မှုခံရမယ့် အထည်ကြီးကျန်တာကို တော်လောက်ပြီ ဆိုလို့ရှိရင်ဖြင့်၊ ဒါ ကြီးကျယ်တဲ့ အလွဲလို့ ဆိုရင်ဖြင့် မမှားဘူးပေါ့ (မမှားပါ ဘုရား) ကြီးကျယ်တဲ့ အလွဲပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာကျန်တာ ဟူသရွေ့ဟာ ကျင်ကြီးကျန်တာထက် ဆိုးတယ် (ဆိုးပါတယ် ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (ခန္ဓာကျန်တာဟူသရွေ့ ကျင်ကြီးကျန်တာထက် ဆိုးပါတယ် ဘုရား)။
စဉ်းစားကြည့်ပါတဲ့၊ တစ်ဘဝပဋိသန္ဓေ နေရတယ်ဆိုကတည်းက တစ်ဘဝဆင်းရဲလိုက်တဲ့ဖြစ်ခြင်းဟာ မင်းတို့ တွေးလို့ကိုမရဘူး (မှန်ပါ)၊
တစ်ဘဝအိုတဲ့ သတ္တိဟာကောကွာ၊ ဘယ်တော့များ ချမ်းသာတယ်လို့ဆိုလို့ရတုံး (မရပါ ဘုရား)၊ တစ်ဘဝတွင်းမှာပဲ လူနာသည်ဖြစ်နေရတာ ဘယ်ချမ်းသာလိမ့်မတုံး (မချမ်းသာပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)၊ သေခါနီး၊ ဆင်းရဲများကောကွာ၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီတော့ တစ်ဘဝကျန်နေရင်လည်း ဒီသေ ခါနီးဆင်းရဲလည်း တစ်ခါတော့ကျန်ဦးမှာပဲ (မှန်ပါ)၊ မကျန်ပေဘူးလား (ကျန်မှာပါ ဘုရား)၊ အဲဒီတော့ ကျန်တာဟူ သရွေ့ကို ဘယ်ဟာအကောင်းယူကြမှာတုံး (ဘယ်ဟာမှ မကောင်းပါ ဘုရား)။
လျှော့ဈေးတွေလုပ်မနေနဲ့ဦး
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အေး-ပထမပုဂ္ဂိုလ် မင်းသီလလေးလောက်နဲ့ တင်းတိမ်မနေနဲ့ (မှန်ပါ)၊ ပညာတတ်တာနဲ့လည်း (တင်းတိမ်လို့မရပါ ဘုရား)၊
တင်းတိမ်မနေနဲ့တဲ့၊ သမာဓိ ရရုံနဲ့လည်း တင်းတိမ်လို့ မရပါ ဘုရား)၊ တောကျောင်း တောင်ကျောင်း နေကာမျှနဲ့ကော (တင်းတိမ်လို့မရပါ ဘုရား)၊ ကျန်သေးတာကိုးကွ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
အနာဂါမ်ထောင်ချီးမွမ်းရဲ့လား (မချီးမွမ်းပါ ဘုရား)၊ မင်းတို့ကတော့ ဒီဘဝသောတာပန်ကလေးလောက် ဖြစ်ရင်ပဲ ကျေနပ်ပါပြီလို့များ သွားပြီး လျှော့ဈေးတွေလုပ်မနေနဲ့ဦး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပြီးအောင် လုပ်လိုက်လို့ရှိရင် အလုပ်တစ်ခုကို ဒုက္ခသိမ်းတဲ့ဥစ္စာတဲ့၊ အားလုံး ဒကာ-ဒကာမတို့ ဒုက္ခသိမ်းတဲ့ ဥစ္စာပဲ၊ နည်းနည်းမှ မကျန်အောင်သိမ်းရင် ကောင်းတာပဲ (ကောင်းပါတယ် ဘုရား)၊ ဒုက္ခသိမ်းတာကို (နည်းနည်းမှ မကျန်ရင်ကောင်းပါတယ် ဘုရား)၊ ဘာမှမကျန်အောင် သိမ်းနိုင်လေကောင်းလေပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒုက္ခသိမ်းတာကို (ဘာမှမကျန်အောင် သိမ်းရမှာပါ ဘုရား)။ မကျန်အောင်သိမ်းမှ ကောင်းတယ်ဆိုတဲ့ ဥစ္စာကို ဘုရားက ဟောတာ (မှန်လှပါ ဘုရား)။
(၇)ဘဝလောက် ဇာတိ၊ ဇရာ၊ မရဏတွေကျန်နေတာ
မင်းတို့က ဘုန်းကြီးတရားနာရတယ်၊ ကိုယ်ကလည်းကြိုးစားတယ်၊ ဒီဘဝသောတာပန်လောက်တည်၊ အပါယ် လေးပါးတံခါးပိတ် တော်ပါပြီဆိုတော့ ဟို (၇)ဘဝလောက် ဇာတိ၊ ဇရာ၊ မရဏတွေကျန်နေတာကို မင်းတို့ကထည့်မှ မတွက်ပဲကိုး (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ (၇)ဘဝ ပဋိသန္ဓေဝမ်းခေါင်းထဲ အောင်းရမှာတွေ (၇)ဘဝအိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ နေရာမှာတွေမရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါတွေ ဆင်းရဲစင်စစ်တွေ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဆင်းရဲစင်စစ်တွေကို တော်လောက်ပါပြီ လို့ဆိုတာများမသိလို့ ပြောတဲ့စကား (မှန်ပါ)၊ ဆင်းရဲစင်စစ် တော်လောက်ပါပြီလို့ဆိုတာက (မသိလို့ပြောတဲ့ စကားပါ ဘုရား)။
အဲဒီတော့ မသိတာကို အခုဘုရားက ဖော်ပြောနေတယ် (မှန်ပါ)၊ မင်းတို့ဟာ မတင်းတိမ်ကောင်းတာနဲ့ တင်း တိမ်နေတယ်လို့ နေ့လည်ကပြောတဲ့တရားလို (မှန်ပါ)၊ ပုံတော့တစ်မျိုးစီ (မှန်ပါ)၊ နေ့လယ်ကဟာက တစ်မျိုး၊ အခုဟာက တစ်မျိုး (မှန်ပါ)၊ နေ့လယ်ကဟာက ပဏ္ဏာသပါဠိတော်ကလာတယ်၊ ဒါက ဓမ္မပဒပါဠိတော်က လာတာ (မှန်လှပါ ဘုရား)။
ဘယ်လိုစခန်းသတ်မှာတုံး
ကိုင်း ဒါဖြင့် ဘယ်လိုလုပ်ကြမှ ဘယ်လိုစခန်းသတ်မှာတုံးလို့ မေးလို့ရှိရင်ဖြင့် ကျင်ကြီးငါးပုံ ရှိတဲ့အနက်က အကုန်ဆေးမှသာလျှင် အကုန်အနံအစော်ပျောက်မယ်ဆိုတဲ့ ဥစ္စာဆုံးဖြတ်ချက်ချရမယ် (မှန်ပါ)၊ အကုန်ဆေးမှ (အကုန် အနံအစော်ပျောက်မှာပါ ဘုရား)၊ အကုန်မဆေးရင် (မပျောက်ပါ ဘုရား)၊ အကုန်အနံအစော်ပျောက်နိုင်ပါ့မလား (မပျောက်နိုင်ပါ ဘုရား)၊ မပျောက်နိုင်ဘူးဆိုတာသေချာပြီလား (သေချာပါပြီ ဘုရား)။
အဲဒါကြောင့် မင်းတို့ လျှော့ဈေးမှန်ခြေကြီးနဲ့ တရားနာပြီး တရားကို နှလုံးသွင်းပြီး သကာလ မနေကြပါနဲ့ဆို တဲ့ဥစ္စာကို ဒီပါဠိတော်ကတိုက်တွန်းတာ (မှန်ပါ)၊ အခုကြည့်စမ်း သူတို့စုပြီး ငါးပါးပြောနေတာ၊ ဘယ်ပုဂ္ဂိုလ်ကို ချီးမွမ်း သတုံး (ဘယ်ပုဂ္ဂုလ်မှ မချီးမွမ်းပါ ဘုရား)၊ ဘယ်ပုဂ္ဂိုလ်မှ မချီးမွမ်းဘူး၊ လိုသေးတယ်ချည်းပြောတာပဲ (မှန်ပါ)၊ လိုကော မလိုဘူးလား (လိုပါတယ် ဘုရား)။
မသိတာအခက်ဆုံးပဲ
အဲဒါကြောင့် မင်းတို့မှာ ဘာခက်နေသတုံးဆိုတော့ လိုတာ မသိတာအခက်ဆုံးပဲ (မှန်ပါ)၊ အချို့တောရွာမှာနေ ကြ၊ မြို့ပေါ်နေကြ၊ ဥပုသ်သီတင်းလေးစောင့်ပြီး ကျေနပ်ပါပြီ သေပျော်ပြီနဲ့ ဘေးကပုဂ္ဂိုလ်ကလည်း လက်ခုပ်တီးပေး လိုက်တာ ကျုပ်တို့ ဒီလိုမှ မဆောက်တည်နိုင်ဘူး ခင်ဗျားတို့တော့ အပါယ်လေးပါး တံခါးစိတ်ချရပါပြီနဲ့ တစ်ခါတည်း ရမ်းမြှောက်နေတယ် (မှန်ပါ)၊ ရမ်းမမြှောက်ဘူးလား (မြှောက်ပါတယ် ဘုရား)။
အခု ဒီပါဠိတော်နဲ့ကျတော့ အနာဂါမ်တည်တာတောင် လိုသေးတယ် ပြောနေတာ (မှန်ပါ)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် သူ့ဟာသူ ကျေနပ်နေတာဟာ ဒါမျက်စိမမြင်လို့ ကျေနပ်နေတာ၊ ဝမ်းထဲကစုံလုံးကန်းကို အဝတ် မည်းကြီးဆီသုတ်ထားတဲ့ အဝတ်ကြီးဝတ်ပြီး သူ့အဝတ်နဲ့ သူလိုက်နေတယ်လို့ သူထင်တာတော့ သူမမြင်လို့ သူထင်နေတာ တော့ မတတ်နိုင်ဘူးကွ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊
သူမမြင်လို့ သူထင်တာ (သူဟာသူ ကျေနပ်နေပါတယ် ဘုရား)၊ သူ့ဟာသူ ကျေနပ်တာမတတ်နိုင်ဘူး (မှန်ပါ)၊ သို့သော်လည်း သူကျေနပ်တာက မျက်လုံးမြင်ပြီးကျေနပ်တာလား၊ မမြင်ပဲနဲ့ကျေနပ်တာလားလို့ အကဲခတ်ဦး (မမြင်ပဲနဲ့ ကျေနပ်တာပါ ဘုရား)။
အမှားကျေနပ်နေတာ
ဒါဖြင့် မမြင်ပဲနဲ့ကျေနပ်တာတော့ အမှား ကျေနပ်တာပေါ့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဘာကျေနပ်နေတာတုံး (အမှားကျေနပ်နေတာပါ ဘုရား)၊ အမှားကျေနပ်နေတာကို မောင်ချစ်စိန်တို့လူစုက တော်ပါပေရဲ့လို့ လက်ခုပ်တီးပေးလို့ရှိရင် အရူးဗုံတီးမြှောက်သလို ဖြစ်နေမှာပေါ့ကွ (မှန်ပါ)၊ အရူး ဗုံတီး မြှောက်တော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
ကိုယ်ကလည်း ခပ်ရူးရူး၊ ဟိုကလည်း ဒီထက်သွက်သွက်ခါ (မှန်ပါ)၊ သွက်သွက်ခါနဲ့ အရူးကလေးနဲ့သွားတွေ့ နေလို့ရှိရင် ဒီဇာတ်ပွဲတော့ ကောင်းမှာမဟုတ်တော့ပါဘူး (မကောင်းပါ ဘုရား)။
အဲဒီတော့ မင်းတို့မြို့ထဲရွာထဲမှာနေကြတာက ဒါတွေများနေတာ (များပါတယ် ဘုရား)၊ တစ်ယောက်က တစ်ယောက်မြှောက်လိုက်၊ ဪ-ခင်ဗျားတို့ တော်လိုက်တာ တရားနာနေ့တိုင်းသွားနိုင်လို့ ခင်ဗျားတို့တော့ စိတ်ချရ ပြီ၊ ဟိုမသွားနိုင်တဲ့ လူကပေါ့ကွာ (မှန်ပါ)၊
ဒါမင်းတို့ကလည်း ဘဝင်ကလေးမြင့်တက်ပြီး သကာလ သူတို့နဲ့စာရင် တို့ တော်သေးတယ်နဲ့ (မှန်ပါ)၊ မတော်သေးပါဘူးကွ၊ လိုသေးတယ် (လိုပါသေးတယ် ဘုရား)၊ လိုသေးတယ်၊ ကျင့်ကြုံကြိုး ကုတ် အားထုတ်ပြီး သကာလ တို့ကျင်ကြီးငါးပုံ အကုန်ဆေးဖို့ရာ လိုသေးတယ် (မှန်ပါ)၊ မလိုဘူးလား (လိုပါတယ် ဘုရား)။
အဲ-လိုတာကို လိုတယ်လို့သိမှသာလျှင် တဲ့၊ မျက်စိနှစ်ကွင်းအလင်းရတဲ့ ပုဂ္ဂိုလ် (မှန်ပါ)၊ လိုတာကို လိုတယ်လို့ မသိခဲ့လိုရှိရင် ဝမ်းတွင်းကကန်းလာတဲ့ ပုဂ္ဂိုလ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊
လိုတာကို လိုတယ်လို့မသိရင် (ဝမ်းတွင်းကကန်းလာတဲ့ပုဂ္ဂိုလ်ပါ ဘုရား)၊ ဝမ်းထဲကကန်းလာတဲ့ ပုဂ္ဂိုလ်ကတော့ သူ့မှာ နေရှိမှန်းလဲမသိ၊ လရှိမှန်းလဲ မသိ (မှန်ပါ)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
မျက်စိကန်းငါးယောက်
အဲဒီတော့ ဘုရားကဟောလိုက်တယ်၊ မျက်စိကန်းငါးယောက်လောက် စုခဲ့ဟေ့လို့ ရှင်ဘုရားတစ်ယောက်က အမိန့်ထုတ်လိုက်တယ်၊ (မှန်ပါ)၊ ဒါနဲ့ သူ့ဝန်ကြီးတွေက မျက်စိကန်း ငါးယောက်ကို ရှာလာခဲ့တယ်၊ စုံလုံးကန်းတွေ (မှန်ပါ)၊ စုံလုံးကန်းတွေရှာလာပြီး သကာလ ဆင်ကြီးကိုပြတယ် (မှန်ပါ)၊
ဒီတင် သူတို့က မျက်လုံးကမြင်တာမဟုတ် တော့ကို စမ်းရမှာပေါ့ကွာ (မှန်ပါ)၊ စမ်းတဲ့အခါကျတော့ စမ်းမိစမ်းရာ စမ်းတာပဲ၊ နှာမောင်းစမ်းမိတဲ့လူက ဪ ဆင်ဆိုတာဗူးနွယ်ကြီးလိုကိုးလို့ အောက်မေ့တယ် (မှန်ပါ)၊ သူက ဒါသိတာကိုး (မှန်လှပါ ဘုရား)။
တစ်ယောက်သောပုဂ္ဂိုလ်ကလည်း ညာလက်ကြီးတွေ တန်းနေတာကြီးကို စမ်းမိတယ်၊ ဪ ဆင်ဆိုတာထန်း ပင်လိုနေတယ် (မှန်ပါ)၊ တစ်ယောက်က နားရွက်စမ်းမိတယ်၊ တစ်ယောက်က နားရွက်စမ်းမိတဲ့အခါကျတော့ ဪ ဆင်ဆိုတာစကောလိုပဲ (မှန်ပါ)၊ ဒီလိုမှတ်ထားတာ (မှန်ပါ)၊ တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ အမြီးစမ်းမိတယ်၊ ဪ ဆင်ဆိုတာ တံမြက်စည်းလိုပဲ (မှန်ပါ)၊ တံမြက်စည်း ပုံသဏ္ဌာန်ကိုးကွ (မှန်ပါ)၊ တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ ဗိုက်စမ်းမိတဲ့အခါ ဆင်ဆိုတာ အိုးကြီးလိုနေတာပဲ (မှန်လှပါ ဘုရား)။
နောက်တော့ သူတို့တတွေကို စုပြီးရှင်ဘုရင်က ခေါ်မေးတာပဲ၊ ဟေ့ ဆင်အကြောင်း ပြောကြစမ်းကွ၊ ပထမလူက စပြောဆိုတော့ ဆင်ဆိုတာဗူးနွယ်ကြီးလို့ ပြောတာပဲ၊ သူမှမမြင်ဘူးပဲကိုး (မှန်ပါ)၊ အကုန်မမြင်တော့ ဒီအတိုင်း ဖြစ်နေတာ၊ သူ့အတွေးနဲ့သူ ဟုတ်နေတာ (မှန်ပါ)၊
အဲဒါမင်းတို့မြင်တဲ့လူက သူတို့ပြောတာကို ဆင်ဆိုတာ သူတို့ပြောတဲ့ စကောနဲ့ တူတယ်၊ တိုင်ကြီးနဲ့တူတယ်၊ တံမြက်စည်းနဲ့တူတယ်၊ ရေအိုးကြီးနဲ့တူတယ်ဆိုတာ မောင်ချစ်စိန်တို့ တင်လှတို့က အတည် ပြုနိုင်ပါ့မလား မပြုနိုင်ပါ ဘုရား)။
ဘာပြုလို့တုံး၊ မင်းတို့က မျက်လုံးမြင်လို့ (မှန်ပါ)၊ မျက်လုံးမြင်တဲ့လူက အတည်ပြု နိုင်ပါ့မလား (အတည်မပြုနိုင်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ ဥပမာပြလိုက်တာပါတဲ့၊ ဇစ္စန္ဓဥပမာ (မှန်ပါ)၊ ဇစ္စန္ဓဥပမာဆိုတာ မျက်လုံးကန်းတဲ့လူတွေချည်း ဆင်ပြတဲ့ ဥပမာ၊ ဒါဘုရားပြတဲ့ဥပမာ (မှန်လှပါ ဘုရား)။
မျက်လုံးကန်းတင်းတိမ်နေတာ
အဲဒီတော့ မင်းတို့ တင်းတိမ်နေတဲ့ ဒီငါးယောက်ဟာလည်း တဲ့၊ မျက်လုံးကန်းတင်းတိမ်နေတာ (မှန်ပါ)၊ မျက်လုံးကန်း တင်းတိမ်နေတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊
ကဲ ဒါဖြင့် ဟိုပုဂ္ဂိုလ်တွေဖြင့် ဪ မျက်လုံး ကန်တော့ ဆင်ဆိုတာ ဖမ်းမိတဲ့ပုဂ္ဂိုလ်ဟာ ဗူးနွယ်နဲ့တူတယ်၊ ခြေစမ်းမိတဲ့လူက တိုင်တဲ့တူတယ်၊ လူက စကောနဲ့တူတယ်၊ အမြီးစမ်းမိတဲ့လူက တံမြက်စည်းနဲ့တူတယ်၊ ရေအိုးကြီးနဲ့လူက စကောနဲ့တူတယ်၊ အမြီးစမ်းမိတဲ့ လူက တံမြတ် စည်းနဲ့တူတယ်၊ ရေအိုးကြီးနဲ့တူတယ်ဆိုတော့ မောင်ချစ်စိန်က စဉ်းစားကြည့်ပါလားတဲ့၊ ဒါ ဘယ်သူမှ မမှန်ဘူးဟေ့ ဆင်ကိုသူတို့ ငါးယောက်ပြောတာ ဘယ်သူမှ မဟုတ်ဘူးလို့ (ချရမှာပါ ဘုရား)၊
သူတို့ ငါးယောက်ပြောတာသည် (ဘယ်သူမှ-မမှန်ပါ ဘုရား)၊ ဘယ်သူပြောတာမှ မမှန် ဘူး (မမှန်ပါ ဘုရား) တွေ့ရတာ ဆင်အကောင်အထည်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
ဒီမှာလဲ မင်းတို့ရွာထဲ မြို့ထဲမှာဆိုရင် ကိုယ်တွေ့တာလေးနဲ့ ကိုယ်ကောင်းနေတာ (မှန်ပါ)၊ ဒါနလေးနဲ့ဆိုတော့ တော်ပြီ သေပျော်ပြီ။ သီလလေးနဲ့ ဆောက်တည်နေလည်း တော်ပြီ ဒါလောက်ဆိုသေပျော်ပြီဆိုတော့ ဟိုစမ်းမိစမ်းရာ နဲ့ မျက်လုံးကန်းတင်းတိမ်နေတာကွ (မှန်ပါ)၊ မျက်လုံးကန် အမြင်သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာအမြင်ပါလိမ့် (မျက်လုံးကန်းအမြင်ပါ ဘုရား)။
တို့ဟာလိုပါသေးလား
အဲဒါ မင်းတို့က သေချာစဉ်းစားကြည့်တော့မှ ဪ တို့ဟာလိုပါသေးလား၊ လိုပါသေးလား၊ ဆင်းရုပ်လုံးပေး အောင် တို့ဘယ်နည်းနဲ့မှ ဆင်အဖြစ်သို့ ရောက်အောင် တို့မသိသေးဘူး၊ ဒါမျက်လုံးမမြင်သေးလို့ ဒီအဖြစ်-ဖြစ်တာပဲ ဆိုတာကော ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။
အဲဒါ မင်းတို့ တစ်သံသရာလုံးက အမြင်စုံမမြင်တဲ့အတွက် (စမ်းမိစမ်းရာနဲ့ အချိန်ကုန်လာတာပါ ဘုရား)၊ စမ်းမိစမ်းရာနဲ့ အချိန်ကုန်လာကြတော့ကို၊ မင်းတို့သည် အခုခန္ဓာဝန်ကြီးထမ်းပြီး သကာလ နွားဖြစ်လိုက်၊ ကျွဲဖြစ်လိုက်၊ ဝက်ဖြစ်လိုက်၊ ကြက်ဖြစ်လိုက်နဲ့ စမ်းမိစမ်းရာနဲ့ အချိန်ကုန်တာပဲ (ကုန်ပါတယ် ဘုရား)၊ ဟင် နတ်ကလေးဖြစ်ရတော် ပါပြီဆိုတော့ နတ်ရုပ်ကလေး (ဖြစ်နေတာပေါ့) (မှန်ပါ)၊ ဗြဟ္မာကလေးဖြစ်ရ တော်ပါပြီဆိုတဲ့လူကတော့ (ဗြဟ္မာရုပ် ကလေး ဖြစ်နေပါတယ် ဘုရား)။
ဗြဟ္မာရုပ်ဖြစ်နေတော့ကို အပြီးသတ်တော့ ရုပ်လုံးက မပေါ်တော့ နိဗ္ဗာန်ကိုပါသေးရဲ့လား၊ (မပါ-ပါ ဘုရား)၊ မပါဘူးတဲ့၊ ပုံသဏ္ဌာန်သာ ပြောင်းတာ၊ ခန္ဓာငါးပါးဒုက္ခသစ္စာတရားပြန်ရတယ် (မှန်ပါ)၊
ပုံသဏ္ဌာန်တော့ (ပြောင်းပါတယ် ဘုရား)၊ ပြောင်းတော့ ဘာရတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ခန္ဓာငါးပါးဒုက္ခသစ္စာတရား၊ တိုတိုပြောတော့ အသေထည် ရတယ် (မှန်ပါ)၊
ဘာရတုံး (အသေထည်ရပါတယ် ဘုရား)၊ သေဖို့ရာအထည်ကြီး ပြန်ရတယ် (မှန်ပါ)၊ အလောင်းမြုပ် စရာနေရာ ခြားနားသွားတယ် (မှန်ပါ)၊ လူ့ပြည်မမြှုပ်ရတော့ဘူး၊ နတ်ပြည်မြှုပ်ရတယ် (မှန်ပါ)၊ ဒီပြင်ဘာရှိသေးတုံး (ဘာမှမရှိတော့ပါ ဘုရား)။
မသာချင်းကတော့ အတူတူ ပဲ
တိုတိုပြောတော့ကို မသာကလေးချနဲ့ မသာကြီးချလောက်ကွာသွားတာ (မှန်ပါ)၊ မသာချင်းကတော့ အတူတူ ပဲ (အတူတူပါ ဘုရား)၊ အထည်ကြီးတာနဲ့ အထည်သေးတာ (ကွာသွားပါတယ် ဘုရား)၊ ဒါပဲ ကွာသွားတယ်ဆိုတာ၊ အဲဒါ မင်းတို့မျက်စိကန်းဆင်ပြသလို ကိုယ်မြင်တာနဲ့ ဆင်လုပ်နေကြလို့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊
ကိုယ် မြင်တာနဲ့ (ဆင်လုပ်နေတာပါ ဘုရား)၊ ဪ ဆင်ဆိုတာ ဗူးနွယ်လိုပဲဆိုတော့ သူ့ဟာသူတော့ ဆင်ဖြစ်နေတာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဆင်ဆိုတာ တိုင်ကြီးလိုပဲ ဆိုတာကော (သူ့ဟာသူ ဟုတ်နေတာပါ ဘုရား)၊ ဆင်ဆိုတာ ရေအိုးကြီးလိုပဲ ဆိုတာကော (သူ့ဟာသူ ဟုတ်နေတာပါ ဘုရား)၊ ဆင်ဆိုတာ စကောလိုပဲဆိုတာကော (သူဟာသူ ဟုတ်နေတာပါ ဘုရား)။
အင်း မင်းတို့လည်း ကိုယ့်ရွာနဲ့ကိုယ်တော့ မင်းတို့ ကိုယ့်အမေမိဘနဲ့ ကိုယ့်ဟာလေးနဲ့ကိုယ်တော့ စုံတဲ့လူ မလာသေးသရွေ့တော့ ကိုယ့်ဟာကိုယ် ဟုတ်နေတာပဲ (မှန်ပါ)၊ မျက်လုံးကန်း ဟုတ်နေတာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊
မင်းတို့ ဒီနေ့ညတော့ လုံးစုံကန်းဖြစ်ပေတော့တယ် (မှန်လှပါ ဘုရား)၊ ကိုယ်တင်းတိမ်နေတာလေး မမှန်သရွေ့ကာလပတ်လုံး တင်လှတို့ ဒီအကန်းပဲရှိသေးတယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒါကြောင့် တောမယ်၊ တောင်မယ်၊ ဗဟုသုတနည်းတဲ့အရပ်မှာသွားပြီး လူဖြစ်ရတာကတော့ သွားပြီကွ၊ ဒီစုံလုံးကန်းမျက်လုံးနဲ့ စမ်းမိရာတင်းတိမ်နေကြတာ (မှန်ပါ)၊ ဘယ်လောက်ကြောက်စရာကောင်းတဲ့ (ကြောက်စရာ ကောင်းပါတယ် ဘုရား)။
မင်းတို့ဆရာကောင်း၊ သမားကောင်းရှာရမယ်
ဒါကြောင့် မင်းတို့ဆရာကောင်း၊ သမားကောင်းရှာရမယ်ဆိုတာ၊ ကဲ ပေါ်လာပြီလား (ပေါ်ပါပြီ ဘုရား)၊ နို့မို့ ကိုယ့်တင်းတိမ်မှုကလည်း တစ်လုံးမှလည်း မဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊
ကိုယ့်တင်းတိမ်မှုက မျက်စိကန်းတင်းတိမ်ချည်း ပဲ (မှန်ပါ)၊ ကျုပ်တို့တော့ဗျာ ဆင်အကြောင်းတော့ ကောင်းကောင်းသိပါရဲ့လို့ သူပြောချင် ပြောနေမှာပဲ (မှန်ပါ)၊ တံမြက်စည်းလိုပါပဲလို့ အပြီးသတ်တော့ ပြောမှာပဲ (မှန်ပါ)၊ ဆင်အဖြစ်ကို ရောက်ကဲ့လား (မရောက်ပါ ဘုရား)။
ဒီမှာလဲ မင်းတို့တရားထူး တရားမြတ်၊ တကယ်အဖိုးတန်တာတွေ၊ တကယ်နိဗ္ဗာန်ရောက်ကြောင်း၊ တကယ့် နိဗ္ဗာန်အရသာကို ပြောဆိုတတ်တဲ့ ဆရာကောင်း သမားကောင်းနဲ့ မတွေ့သေးသရွေ့ ကာလပတ်လုံးတော့၊ အို ဒီဘဝ စုတေမနေသေလွန်ရ၊ အပါယ်လွတ်ရင်တော်ပါပြီဗျာလို့ မင်းတို့ကြားဖူးကြမှာပဲ (မှန်ပါ) မကြားဘူးကြားဘူးလား (ကြား ဘူးပါတယ် ဘုရား)။
စုတေမနေ သေတော့သေရမှာ၊ သေလဲကျုပ်တော့အပါယ်လွတ်ရင်တော့ တော်ပါပြီ (မှန်ပါ)၊ သူတို့ကစမ်းမိရာ တင်းတိမ်နေတာ (သူ့စိတ်က ဒီလိုထင်နေတာပါ ဘုရား)၊ အေးလေ ခုနက စုံလုံးကန်းလေ (မှန်ပါ)၊ စုံလုံးကန်းစမ်းမိရာ တင်းတိမ်နေတာ (တင်းတိမ်နေပါတယ် ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊
ကျုပ်တို့တော့ လက်ဦးလက်ဖျားလေးလှူ ပြီး သကာလ နေရတော့ ဒီလောက်ဆိုလို့ရှိရင်ဖြင့် သေလဲအပါယ်တော့ မကျတော့ပါဘူး၊ နတ်ရွာသုဂတိတော့သွားဖို့ပါပဲ၊ အင်း ဒါနဲ့ သူတင်းတိမ်ပြန်ပြီ (မှန်ပါ)၊ ကိလေသာရန်သူတွေ ဝမ်းထဲတောထနေလို့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ သွားမယ်ဆိုတာ သူမသိဘူး (မသိပါ ဘုရား)၊ သိသေးရဲ့လား (မသိပါ ဘုရား)။
ဘာဖြစ်နေကြတာတုံး၊ စမ်းမိရာစမ်းထားတာ (မှန်ပါ)၊ ဟင် မှတ်မိကြပြီလားကွ (မှတ်မိပါပြီ ဘုရား)၊ ဘာတုံး (စမ်းမိစမ်းရာ စမ်းထားတာပါ ဘုရား)၊ ဆင်စမ်းတာ ဆင်ဆိုတာ ရေအိုးနဲ့တူတယ်လို့ ပြောရမှာလည်း ဘယ်ဟုတ်ရမှာ တုံးကွ (မှန်ပါ)၊ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ သို့သော် သူကတော့ မျက်စိတစ်စုံလုံးကန်း ဖြစ်နေတော့ သူ့ဟာနဲ့သူ ဆင်ဆိုတာ ဒါပဲလို့ ဧကန်ယူလိုက်တာပဲ (မှန်ပါ)၊ မယူပေဘူးလား (ယူပါတယ် ဘုရား)။
အဲ နင်တို့လည်း ရပ်ထဲရွာထဲမှာနေတော့ အခုလိုဗဟုသုတများတဲ့ ပုဂ္ဂိုလ်နဲ့ မကြုံဘူး-မတွေ့ဘူးပြီဆိုလို့ရှိရင် ဖြင့် ကိုယ့်အိမ်ရဲ့ ဟိုဘက်အိမ်က အဝတ်ဖြူလေးဝတ်ပြီး ပုတီးလေးနဲ့ ကြေးစည်ရိုက်နေလို့ရှိရင် အို တော်လိုက်တာ တော်လိုက်တာ လုပ်နေမှာပဲ (မှန်ပါ)၊ မလုပ်ပေဘူးလား (လုပ်မှာပါ ဘုရား)။
နိဗ္ဗာန်ရောက်တဲ့ အလုပ်ကမပါသေး
ဟိုဘက်အိမ်ကနေပြီး သကာလ ၊ အော်ပြီး ပရိတ်တွေရွတ်နေလို့ရှိရင် ဪ သူတို့တော့ဖြင့် တကယ့်သူတော် ကောင်းပဲ၊ အပါယ်လေးပါးတံခါးတော့ပိတ်ပြီ၊ နိဗ္ဗာန်တော့ရောက်မှာပဲ (မှန်ပါ)၊ ဘယ်-သူ့အလုပ်ကပါ မပါသေးဘူး၊ နိဗ္ဗာန်ရောက်တဲ့ အလုပ်က (မပါသေးပါ ဘုရား)၊ ပါပြီလား (မပါသေးပါ ဘုရား)၊
လိုသေးတာပဲ၊ ကိလေသာရန်သူတွေ က ဝမ်းထဲတော့ထနေတယ် (မှန်ပါ)၊ မထဘူးလား (ထပါတယ် ဘုရား)၊ ဒီကိလေသာရန်သူ မသေသရွေ့လည်း နိဗ္ဗာန်နဲ့ နီးတယ်လို့ မောင်ချစ်စိန်က ဆိုလို့ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ကိလေသာရန်သူပဲ၊ အကျဉ်းချုပ်က ကိလေသာရန်သူကျန်ရင် ကျင်ကြီးကျန်တယ် (မှန်ပါ)၊ ကိလေသာ ရန်သူကျန်ရင် ခန္ဓာကကျန်ပြီးသား မနေဘူးလား (နေပါတယ် ဘုရား)၊
ခန္ဓာက ကျန်ပြီးသား ဆိုလို့ရှိရင်ဖြင့် မင်းတို့ ဘယ်လို ဆုံးဖြတ်ချက်ချကြမှာတုံးဆို၊ ကျင်ကြီးကျန်-ကျန်နေတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် သူကျေနပ်တာသည် မျက်စိမမြင်တဲ့လူ ဆင်စမ်းပြီး သကာလ ၊ ဆင်အကြောင်း ကောင်းကောင်းသိပါရဲ့ လို့ ကျေနပ်နေတာနဲ့ တူလိမ့်မယ် (မှန်ပါ)၊ မတူပေဘူးလား (တူပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့ ဘာအရေးကြီးသတုံးဆိုတော့၊ ကိုယ်ကတော့ စုံလုံးကန်းပဲတဲ့၊ ဆင်ကို အစုံပြပေးမယ့် ပုဂ္ဂိုလ် တွေ့ဖို့ အရေးကြီးတယ် (မှန်ပါ)၊ ဆင်ဆိုတဲ့ဥစ္စာ ဘယ်လိုကွ ဆိုတဲ့ဥစ္စာ အစုံပြပေးမှသာလျှင် သူဆင်အကြောင်း ကောင်းကောင်းသိမှာပဲ (မှန်လှပါ ဘုရား)။
သုံးဆယ့်တစ်ဘုံဟာ မကောင်းဘူး
ဒီမှာလည်း သုံးဆယ့်တစ်ဘုံ အပြင်ဘက်မှာရှိတဲ့ သုံးဆယ့်တစ်ဘုံဟာ မကောင်းဘူး၊ သုံးဆယ့်တစ်ဘုံ အပြင်ဘက်မှာမှ အအိုလွတ်၊ အနာလွတ်၊ အသေလွတ်ရှိတယ်ဆိုတဲ့ နိဗ္ဗာန်ကို လည်လည်ပတ်ပတ် ပြပေးတဲ့ ပုဂ္ဂိုလ် နဲ့တွေ့မှ ရုပ်လုံးပေါ်မှာကွ (မှန်ပါ)၊
အကန်းစမ်းတဲ့အတိုင်း စမ်းနေရင်တော့ ရုပ်လုံးကတော့ပေါ်စရာမမြင်ဘူး (မမြင် ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ မင်းတို့ကို ငါနာအောင် ပြောနေတယ်လို့ အောက်မေ့မနေနဲ့၊ မင်းဖြစ်စဉ်က ဒီအတိုင်းပဲ (မှန်လှပါ ဘုရား)။
ကိုယ့်ဟာကို ကျေနပ်နေတာပဲ (ကျေနပ်ပါတယ် ဘုရား)၊ အင်း ဟိုအိမ်နဲ့ ဒီအိမ်၊ သူတို့မှာ ဆန်မှအလျင်မမီ ဘူး၊ ကျုပ်တို့က ဆန်အလျင်မီသေးတယ်၊ တော်သေးရဲ့ နဲ့၊ အံမာ မင်းတို့ဟာ မင်းတို့များ ကျေနပ်နေလိုက်တာ စုံလုံး ကန်းချင်း (မှန်ပါ)၊ ဒီအတိုင်းမနေဘူးလား (နေပါတယ် ဘုရား)၊ ဟိုအိမ်ကဖြင့် လက်ဦး လက်ဖျားလေးတောင်မှ သူ့မှ မလှူနိုင်ဘူး၊ ကျုပ်တို့က လက်ဦးလက်ဖျားလေး လှူနိုင်သေးတယ်၊ အဲဒီတော့ ကျုပ်တို့ဟာနဲ့ ကျုပ်တို့ဆိုတော့ ကျုပ်တို့ က ကျေနပ်တယ်၊ အင်း စမ်းမိစမ်းရာနဲ့ ကျေနပ်နေပြန်ပြီ (ကျေနပ်နေပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ စမ်းမိတာနဲ့ ကျေနပ်နေတာ (မှန်လှပါ ဘုရား)။
အင်း စမ်းမိတာနဲ့ ဆင်လုပ်နေတာပဲ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အကုန်မစမ်းမိသရွေ့ ကာလပတ်လုံး ဆင်ရုပ်လုံးတော့ မပေါ်ဘူး (မပေါ်ပါ ဘုရား)။
သုံးဆယ့်တစ်ဘုံဟာ ဘာသစ္စာတဲ့တုံး
ဒီမှာ သုံးဆယ့်တစ်ဘုံ အကုန်ဒုက္ခသစ္စာချည်း မသိသေးလို့ရှိရင်ဖြင့် နိရောဓသစ္စာပေါ်မယ်မဟုတ်ပါဘူး (မပေါ်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သုံးဆယ့်တစ်ဘုံဟာ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)၊
အဲဒီ ဒုက္ခသစ္စာတွေ အကုန်လျှောက်ကြည့်ပြီး၊ ကြည့်တော့မှ ဪ ဆင်ဆိုတာ ဒီလိုပါလား၊ တိရစ္ဆာန်သက်သက်ပါ လားလို့ ပေါ်လာတယ် (မှန်ပါ)၊ ဘာမှ အသုံးမကျတဲ့ မဂ်ဖိုလ်နဲ့ဝေးတဲ့ တိရစ္ဆာန်ပါလားလို့ ပေါ်လာတော့မှ ဆင်အဖြစ် ကို မကြိုက်တော့တာကိုးကွ (မှန်ပါ)၊ နို့မိုရင်ဖြင့် တကြိုက်ထဲ ကြိုက်နေ ကြလိမ့်ဦးမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သုံးဆယ့်တစ်ဘုံလုံးကို တစ်ခါတည်းဘာမှ အသုံးမကျတဲ့ အခြေအနေရောက်အောင် မင်းတို့ အကုန် အနိစ္စလက္ခဏတွေ ကြည့်ရလိမ့်မယ် (မှန်ပါ)၊
အကုန်ဖြစ်ပျက်နေတာတွေကို ဒီပကတိမျက်လုံးနဲ့ မကြည့်နဲ့၊ ဆရာပေး ထားတဲ့မျက်လုံး၊ ဘုရားပေးတဲ့ မျက်လုံးနဲ့ကြည့် (မှန်ပါ)၊ ကြည့်တဲ့ အခါကျတော့ သုံးဆယ့်တစ်ဘုံမှာ မသာတွေသာရှိတော့ တယ် (မှန်ပါ)၊ အနိစ္စမသာတွေသာ အကုန်မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲ အနိစ္စမသာတွေအကုန်ရှိတော့ ဒီမသာတောထဲတော့ဖြင့် ဘယ်တော့မှ မတိုးချင်တော့ပါဘူးလို့ မလာပေ ဘူးလား (လာပါတယ် ဘုရား)၊ ဘယ်တော့မှ မတိုးချင်ပါဘူးလို့လာတဲ့ အချိန်ကျတော့မှ ဪ မသာလွတ်ရာဆိုတာ “အမတ” ဆိုတဲ့ မသေရာကို မင်းတို့သည် မသာတွေ့မြင်မှ ဒါတွေမလိုချင်တဲ့ဉာဏ် လာတော့မှ မသာလွတ်ရာရောက် မှာကွ (မှန်လှပါ ဘုရား)။
ဝိပဿနာဉာဏ်မှတစ်ပါး အားကိုးစရာမရှိဘူး
နို့မို့ရင် ရောက်နိုင်ပါ့မလား၊ (မရောက်နိုင်ပါ ဘုရား)၊ ကဲ အဓိပ္ပာယ်ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် မင်းတို့ ဝိပဿနာဉာဏ်မှတစ်ပါး အားကိုးစရာ မရှိဘူး (မရှိပါ ဘုရား)၊
ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်တက် (မှန်ပါ) ဖြစ်ပျက်ကိုရှု၊ ဖြစ်ပျက်ကိုမုန်းအောင်ရှု၊ ဖြစ်ပျက်ကို ဆုံးအောင်ရှု၊ ဖြစ်ပျက်တွေမုန်းလို့ ဆုံးလာတယ်ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ကိုတွေ့မှာပဲ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
