”စိတ်၏အလိမ်မိမခံရဖို့ အရေးကြီးပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”စိတ်၏အလိမ်မိမခံရဖို့ အရေးကြီးပုံ”
ည-အလုပ်ပေး တရားတော်
ဓမ္မာရုံဆိုတာ
ဓမ္မာရုံဆိုတာ တွေးမှပေါ်တဲ့အာရုံကို ဓမ္မာရုံလို့ခေါ်တယ်၊ တွေးမှပေါ်တဲ့ အာရုံကို ဘာခေါ်တုံး (ဓမ္မာရုံပါ ဘုရား)။
ဒီက မင်းတို့ဝမ်းထဲမှာ ဟဒယဝတ္ထုကို မှီဖြစ်တဲ့ မနောအကြည် ဆိုတာရှိတယ်၊ ဒီအကြည်နဲ့ ဒီကတွေးစရာ အာရုံနဲ့သွားတည့်လို့ရှိရင် ဒီမှာ တစ်ခါတည်းကြံစိတ်ပေါ်လာတယ်၊ ဆင်ခြင်တဲ့ အာဝဇ္ဇန်းကလေးလည်းရှိဦးမှ၊ သူက သုံးကြောင်းလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ဓမ္မာရုံလည်းရှိမှ အကြည်လည်း သူ့ဘက်လှည့်ထားဦးမှ (မှန်ပါ)၊ ဆင်ခြင်တဲ့ အာဝဇ္ဇန်း၊ ဒီဟာလေးတော့ဖြင့် ဆင်ခြင်လိုက်ဦးမှပဲ ဆိုတဲ့ ဥစ္စာလေးလည်းပါဦးမှ (မှန်ပါ)၊ ဒီတော့မှ တစ်ခါတည်းတွေးစိတ်ကလေး ပေါ်လာတယ်၊ တွေးစိတ်ကလေးပေါ်ခြင်း၏ အကြောင်း ဘယ်နှစ်ကြောင်းတုံး (သုံးကြောင်းပါ ဘုရား)။
သုံးကြောင်းလို့မှတ်ထားပါ၊ ဒီတွေးစိတ်ကလေးဟာ ဒီသုံးကြောင်းကြောင့်ပေါ်တာ မနေ့ကအတိုင်းပဲ။
တွေးကောင်းတာ မတွေးကောင်းတာ
အဲဒီတော့ တွေးတယ် ဆိုတဲ့ဥစ္စာသည်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း တွေးတာပဲ၊ အားလုံးလည်း တွေးကြတာပဲ၊ တွေးပေမယ့်တွေးကောင်းတာ မတွေးကောင်းတာဆိုတာ နှစ်မျိုးရှိတယ်လို့ မှတ်ထားရမယ် (မှန်ပါ)၊
စိုးရိမ်စရာဘက်ကို ဒီအကြည်မှန် လှည့်လိုက်လို့ရှိရင် စိုးရိမ်တဲ့စိတ်ပေါ်လာတာပဲ၊ ဆင်ခြင်လိုက်ရင် စိုးရိမ်တဲ့စိတ်ပေါ် လာတာပဲ (မှန်ပါ)၊
ကြောင့်ကြစရာရှိတဲ့ဘက်ကို ဒီမှန်လှည့်လိုက်လို့ရှိရင် ကြောင့်ကြစရာနဲ့ သွားတည့်တာပဲ၊ ကြောင့်ကြ တဲ့စိတ် ဒီလှမ်းပေါ်တာပဲ (မှန်ပါ)၊ သူကအလယ်မှာ လာ-လာပေါ်တယ်၊ ဝမ်းထဲက ဒီအကြည်ပေါ်မှာ လာ-လာပေါ် တယ်နော် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီအကြည်စိတ်သည် အလိုလိုပေါ်တာလား၊ အကြောင်းသုံးပါးကြောင့်လားလို့မေးကြည့် (အကြောင်း သုံးပါးကြောင့်ပါ ဘုရား)၊ အကြောင်းသုံးပါးကြောင့် ပေါ်တယ်ဆိုတာ မှတ်ထားပါတဲ့၊ အဲဒီအကြောင်းသုံးပါးကြောင့် ပေါ်လို့ရှိရင်ဖြင့်၊ ဒီစိတ်ကို ငါ့စိတ်ပဲလို့ ဒိဋ္ဌိစွဲလို့ရကြပါ့မလား (မရပါ ဘုရား)၊ ဒိဋ္ဌိစွဲလို့တော့ မရဘူးလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ငါလုပ်ထားတယ်လို့ကော ဆိုလို့ရရဲ့လား (မရပါ ဘုရား)၊ အကြောင်းသုံးခုက လုပ်ထားတာ၊
ဒိဋ္ဌိဝိစိကိစ္ဆာ အကြမ်းပြုတ်တယ်
အကြောင်းသုံးခုက လုပ်ထားတဲ့အတွက်၊ ငါလုပ်ထားတယ်လို့လည်း မဆိုသောကြောင့် ဝိစိကိစ္ဆာကွာတယ် (မှန်ပါ)၊
ပေါ်လာတာလေးဟာ ဖြတ်ခနဲ အခု၊ ဘယ်နေရာကပေါ်လာမှန်းမသိဘူး၊ နောက်လည်း ဘယ်နေရာ ပျောက်သွားမှန်းမသိဘူး၊ ဒီစိတ်ကလေး ဟာ (မှန်ပါ)၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာလိုက်တာပဲ၊ အကြောင်း တိုက်ဆိုင်ပြီး ပျောက်သွားတာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့် သူသည် ကုန်တတ် ပျောက်တတ်တဲ့ သဘောပဲရှိတယ် (မှန်ပါ)၊ ကုန်တတ်-ပျောက်တတ်တဲ့သဘောကို ငါလို့ဆိုလို့ရပါ့မလား (မရပါ ဘုရား)၊ မရနိုင်ဘူး၊ မရနိုင်ဘူးလို့ မှတ်ထားလိုက်တော့ ဒါလေးကို မင်းတို့သည် ကားလို့ ဆိုလို့ရှိရင် သိထားဖို့ အကြောင်းသုံးပါးကြောင့် ဖြစ်တာလဲ သိရမယ်၊ ငါစွဲစရာမရှိဘူးဆိုတာလည်း သိထားရမယ် (မှန်ပါ)၊
ဒီလိုဆိုရင် ဒိဋ္ဌိဝိစိကိစ္ဆာ အကြမ်းပြုတ်တယ်လို့ မှတ်ထားကြပါ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌိဝိစိကိစ္ဆာ အကြမ်းပြုတ် ပါတယ် ဘုရား)၊ ဒိဋ္ဌိဝိစိကိစ္ဆာ အကြမ်းပြုတ်တယ်လို့ မှတ်ထားလိုက်တာပေါ့။
ကောင်းပြီ၊ လောကကြီးကိုပြုပြင်နေတဲ့ မင်းတို့လောကကြီးမှာ၊ ဥပမာ ပန်းချီဆေးရုပ်တွေရှိမှာပေါ့ မောင်ချစ် စိန်ရ (မှန်ပါ)၊ ဒီစိတ်ကရေးနေတာ၊ ဒီစိတ်က ဒီနေရာမျက်လုံးထည့်၊ ဒီနေရာမျက်ခုံးထည့်၊ ဒီနေရာမျက်ဆန်ထည့်၊ ဒါဖြင့် သူက လောကကြီးထဲမှာ လှအောင်-ပအောင်လည်း သူခြယ်လှယ်တာပဲ (မှန်ပါ)၊ အရုပ်ဆိုးအောင်ကော (ခြယ် လှယ်ပါတယ် ဘုရား)။
လောကကြီး ဘယ်သူကပြုပြင်တုံး
ဒါကြောင့် “စိတ္တေန နိယျတိ လောကော” လောကော=လောကကြီးကို၊ စိတ္တေန=စိတ်က၊ နိယျတိ=ပြုပြင်နေ၏။ လောကကြီးပြုပြင်နေတဲ့လက်သည် ဒီနေ့ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။
လောကကြီး ဘယ်သူကပြုပြင်တုံး (စိတ်ကပြုပြင်ပါတယ် ဘုရား)၊ ဟောဒီ မနောဝိညာဏ်စိတ်ကပြုပြင်တာ (မှန်ပါ)၊ နတ်ပြည်ရောက်သွားချင်တာလဲသူပဲ၊ လှချင်ပချင်တာလည်း (သူပါ ဘုရား)၊
အရုပ်ဆိုးဖြစ်ချင်တာလည်း (သူပါ ဘုရား)၊ အရုပ်ဆိုးဖြစ်ချင်ဆိုတော့ သူတစ်ပါးရိုက်နှက်၊ ဣဿမစ္ဆရိယ အားကြီးတဲ့စိတ် ပေါ်လာလို့ရှိရင် အရုပ်ဆိုးဖြစ်တာ ပဲ (မှန်ပါ)၊
သန့်သန့်ရှင်းရှင်း လှူတမ်းပေးကမ်းဆိုလို့ရှိရင်လည်း ဒီစိတ်ပဲ (မှန်ပါ)၊ နောက်ဘဝသန့်သန့်ရှင်းရှင်းဖြစ် တာပဲ (မှန်ပါ)၊ ဟာ နောက်ဘဝ မလိုချင်တော့ဘူး၊ နိဗ္ဗာန်ပဲလိုချင်တယ်ဆိုလို့ရှိရင်လည်း ဒီစိတ်ကနေပြီး ဖြစ်ပျက်ရှု ရုံပဲ (မှန်လှပါ ဘုရား)။
ဒီလိုဆိုလို့ရှိရင်ဖြင့် လိုရာကိစ္စ၊ သူအကုန်ပြီးစေနိုင်သောကြောင့် လောကဇာတ်သိမ်းချင်လည်း ဒီစိတ်နဲ့သိမ်းရင် ရတာပဲ (မှန်ပါ)၊ လောကကြီး ကျယ်ချင်ရင်လည်း (ဒီစိတ်ပါ ဘုရား)၊ ဒီစိတ်ကြောင့် ကျယ်တယ်လို့မှတ်ပါ (မှတ်လှပါ ဘုရား)။
ခွေးကလေးတွေသွားကြည့်ပါတဲ့၊ ခွေးကလေးတွေကို သွားကြည့်တဲ့အခါကျတော့၊ ခွေးကလေးတွေဟာ နားရွက် ကလေးကုတ်တာလည်း ရှိတယ်၊ နားရွက်ကလေး ထောင်တာလည်း ရှိတယ်၊ ဒီနားရွက်ကလေးတင် ဖြူနေတာလည်း ရှိတယ်၊ ဒီနားရွက်ကလေးတင် မည်းနေတာလည်း ရှိတယ်ဆိုတာ စိတ်ကဒီလိုဖြစ်ရပါလို၏ ဆိုလို့ ဒီလိုဖြစ်နေတာ (မှန်ပါ)၊
ကံက ရုပ်နာမ်ဖြစ်အောင် လုပ်လိုက်တာပဲ
ဒါဖြင့် လောကကြီးမှာ အရုပ်ဆိုးတယ်၊ အကျည်းတန်တယ်၊ ခြေများများဖြစ်တယ်၊ ခြေနည်းနည်း ဖြစ်တယ် ဆိုတာတွေ ဟာ ကံကတော့ကို တဲ့၊ ရုပ်နာမ်ပဲဖြစ်အောင် လုပ်တယ်၊ ဒီပြင် အခြယ်အလှယ် တွေကတော့ စိတ်ကဖြစ်အောင်လုပ် တာ (မှန်ပါ)၊ ကံကတော့ကို (ရုပ်နာမ်သာလုပ်ပါတယ် ဘုရား)၊
ကံက ရုပ်နာမ်ဖြစ်အောင် လုပ်လိုက်တာပဲ၊ ဒိပြင်အခြယ် အလှယ်တွေကတော့ (စိတ်ကလုပ်ပါတယ် ဘုရား)။
အေး-ဒါကြောင့် “စိတ္တေန နိယျတိ လောကော” စိတ္တေ=စိတ်သည်၊ လောကော=လောကကြီးကို၊ နိယျတိ=ပြုပြင် ဆောင်နေ၏။
သူလုပ်နေတာပဲ၊ ဒီစိတ်ကို (မှန်ပါ)၊ မှန်အကြည့်တည့်တဲ့ ပုဂ္ဂိုလ်လည်း စိတ်ကနေနိဗ္ဗာန်ဆောင်မှာပဲ၊ မှန် အကြည့်မတည့်တဲ့ပုဂ္ဂိုလ်မှာလည်း မဟုတ်တဲ့ဘက် တည့်နေကြလို့ရှိရင် စိတ်ကဆောင်သွားမှာပဲ (မှန်ပါ)၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် မင်းတို့သည် ကိုယ့်အရပ်ကို ကိုယ်ဒေသပြန်ကြတယ်၊ ဒီတရားပွဲ ပြီးလို့ရှိရင် ကိုယ့်အိမ်ကိုယ့်ရာ ပြန်ကြတယ်၊ ဒီစိတ်ကနေပို့တာပဲကွ (မှန်ပါ)၊ ဒီစိတ်ကနေပြီး လမ်းမမှားအောင်လည်းသူပဲ (မှန်ပါ)၊ လမ်းမှားအောင် လုပ်ပြန်လည်း (သူပါ ဘုရား)၊ လမ်းမှားအောင်လုပ်တော့လည်း မေ့တဲ့စိတ်ကနေလုပ်လိုက်တာပဲ (မှန်ပါ)၊ လမ်းဖြောင့် အောင်လုပ်ကိုင်ပြန်တော့လည်း ဒီစိတ်ကလုပ်လိုက်ပြန်တာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီစိတ်သည် ကြိုးဆွဲခေါင်းဆောင်
ဒါဖြင့် ဒီစိတ်သည် အလုံးစုံအကုန်ကို ကြိုးဆွဲခေါင်းဆောင်ကြီးတစ်ခု လုပ်နေတယ်လို့ မှတ်ရမှာပဲ (မှန်ပါ)၊ အလုံးစုံအကုန် ခေါင်းဆောင်ကြိုးဆွဲကြီး လုပ်နေတယ်၊ စိတ်ကနောက်လှည့်လိုက်ဦးဆို၊ မင်းတို့က နောက်လှည့်ရတယ် (မှန်ပါ)၊ စိတ်ကရှေ့သွက်သွက်သွားဆိုရင်လည်း (သွက်သွက်သွားရပါတယ် ဘုရား)၊ သွက်သွက်သွားရတယ်၊ မင်းတို့အလို ပါသေးရဲ့လား (မပါ-ပါ ဘုရား)၊ ဒီစိတ်စီမံသလိုခံနေရတယ်လို့ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
သုံးဆယ့်တစ်ဘုံမှာ ဘုံတွေပေါက်ချင်တာလည်း ဒီစိတ်ကပေါက်ချင်တာနဲ့ ဘုံတွေက သွားသွားပေါက်နေရတာ (မှန်ပါ)၊ ငရဲအိုးတွေ ဘာတွေ အစရှိသည်တို့ ကြီးကြီးကျယ်ကျယ်ဖြစ်အောင်လည်း ဒီစိတ်ကပဲ တန်ဆာဆင်နေတာပဲ၊ မကောင်းတဲ့စိတ်ကနေ ငရဲအိုးတည်ပေးလိုက်တာပဲ (မှန်ပါ)၊ ကောင်းတဲ့စိတ်ကနေ ဘုံပေါက်ပေးလိုက်တာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီစိတ်တစ်လုံးကို မင်းတို့သည် မှန်အလှည့်လွဲလို့ရှိရင်ဖြင့် ဒီစိတ်စီမံတာ ခံရတော့မယ် (ခံရမှာပါ ဘုရား)၊ မှန်သာအချိန်လွဲရင်လေ (ခံရမှာပါ ဘုရား)၊ မှန်အချိန်လွဲရင် ဒီစိတ်စီမံတာခံရမယ် (မှန်ပါ)၊ မှန်အချိန် တည့်လိုရှိရင် လည်း ဒီစိတ်စီမံတာ ခံရမှာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီစိတ်သည် မင်းတို့အင်္ကျီတွေ၊ အဝတ်တွေ၊ အမျိုးမျိုးအဖုံဖုံ ပုံပြောင်းလာတာလဲ ဘယ်သူထင်ကြတုံး (စိတ်ပါ ဘုရား)၊ စိတ်ကပြောင်းလာတာ (မှန်ပါ)၊ စိတ်ကပြောင်းတာနဲ့ပဲ ဟိုစက်ချုပ်သမားတွေက ဝတ်ချင်တဲ့ပုဂ္ဂိုလ်၏ စိတ်အလိုက် ချုပ်ပေးကြရတယ်ဆိုတော့ လောကကြီးမှာ ခြယ်လှယ်နေတဲ့ လက်သည် ခေါင်းဆောင်ကြီး တွေ့ရောပေါ့ကွာ (တွေ့ပါပြီ ဘုရား)၊ ဘာတုံးကွ (စိတ်ပါ ဘုရား)။
စိတ်အလိုအတိုင်းဖြစ်နေကြတာ
ဒါကြောင့် စိတ္တေနနိယျတိလောကော၊ စိတ္တေနပရိကဿတိ။
စိတ္တဿ ဧက ဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ တဲ့။ (သဂါထာဝဂ္ဂသံယုတ် ပါဠိတော်)။
အလုံးစုံသော ပုဂ္ဂိုလ်တို့ဟာ စိတ်အလိုအတိုင်းဖြစ်နေကြတာပဲ ဆိုတာကို သဘောကျပြီလား (ကျပါ ပြီ ဘုရား)၊
‘ဥ’တာခြင်းအတူတူပဲ၊ ကြက်ကလည်း ကြက်ဥဥတာပဲ၊ ဒိပြင်သတ္တဝါတွေကလည်း အတောင်နဲ့ဟာတွေ ‘ဥ’ ကြတာပဲ၊ ‘ဥ’တာခြင်း အတူတူ အကောင်လေးတွေကျတော့ ထူးလာတယ်၊ ဘဲက-ဘဲကောင်လေး၊ ကြက်က ကြက်ကောင် လေးဖြစ်လာတော့ ‘ဥ’တာခြင်း အတူတူ ဖြစ်ပါလျက်သားနဲ့ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ဘဲက ဘဲစိတ်ပေါက်တာနဲ့ ဘဲဖြစ်ချင်လို့ ဘဲစိတ်ဖြစ်လာတာ (မှန်ပါ)၊
ကြက်က ‘ဥ’ တာခြင်းအတူတူပဲ၊ အဲဒီကြက်ငယ်လေး၏ စိတ်က ကြက်ဖြစ် ချင်တာနဲ့ ကြက်လို အကောင်လေး၊ အမောက်ကလေးအစရှိသည်တို့နဲ့ ဖြစ်လာရတယ်ဆိုတော့ ကံကတော့ဖြင့် ရုပ်နာမ် ထည့်ပေးလိုက်တာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကံက (ရုပ်နာမ်ထည့်ပေးလိုက်ပါတယ် ဘုရား)၊ စိတ်ကြောင့် အမျိုးမျိုးအမေမိဘ ပုံသဏ္ဌာန်တွေဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊
တချို့အမေအဖေနဲ့မတူတဲ့ သတ္တဝါလေးတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒါလည်း သူ့စိတ်အလိုက် သူဖြစ်တာ (မှန်လှပါ ဘုရား)။
လောကကြီး ဘယ်သူဖန်ဆင်းနေသတုံး
ဒါဖြင့် လောကကြီး ဘယ်သူဖန်ဆင်းနေသတုံးဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်ထာဝရက ဖန်ဆင်းတာမဟုတ်ဘူး၊ ဘယ်မိုဟာမက်က ဖန်ဆင်းတာမဟုတ်ဘူး၊ ဒီစိတ်အလိုက်အတိုင်းဖြစ်နေတာ (မှန်ပါ)၊ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။
စိတ်အလိုက်၊ ဥတုအလိုက်၊ ရာသီအလိုက်ဖြစ်နေကြတာ၊ တချို့ဥတုအလိုက် အောက်သူတွေကျတော့မည်းတယ်၊ ရှမ်းပြည်က သူတွေကျတော့ ဖြူတယ်၊ ဒါကတော့ မည်းတာ ဖြူတာကတော့ ဥတုအလိုက်ဖြစ်တာ (မှန်ပါ)၊ ပုံသဏ္ဌာန်ဟန် ပန်တွေနှင့်တကွ နေတာကတော့ စိတ်အလိုက်ဖြစ်တာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သို့သော်လည်း မည်းတာ-ဖြူတာကို အသာထား၊ ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်တာကတော့ဖြင့် စိတ်ချည်းပဲလို့ မှတ်ရမယ် (မှန်ပါ)၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်တာက (စိတ်ချည်းပါ ဘုရား) စိတ်ချည်းပဲလို့ မှတ်ကြရမယ်တဲ့။
အဲဒီတော့ ဒီစိတ်တစ်လုံးကို၊ မင်းတို့မနိုင်ဘူးဆိုလို့ရှိရင် စိတ်ကိုနိုင်စေချင်လို့ရှိရင် ဒီမှန်ကိုမလွဲစေနဲ့၊ ကောင်း တဲ့စိတ်ပေါ်အောင်လုပ်ကြနော် (မှန်ပါ)၊
မှန်က ဒီဆွေးစရာဘက်ကို လှည့်လိုက်လို့ရှိရင် ဆွေးတာပဲ၊ စိုးရိမ်စရာဘက် လှည့်လိုက်ရင် စိုးရိမ်တာပဲ၊ အိမ်ကလေးဘက် လှည့်လိုက်လို့ရှိရင် အိမ်ကလေးက ပျက်နေတယ်၊ အိမ်ကလေးအတွက် စိတ်မချမ်းသာဘူးဆို၊ သူအလှည့်လွဲတာနဲ့ ဟောဒီမချမ်းသာတဲ့စိတ်ပေါ်တာ (မှန်ပါ)၊
အဲဒီတော့ မချမ်းသာတဲ့စိတ်ပေါ် တော့ကို မချမ်းသာတဲ့ စိတ်ကနေ ပဋိစ္စသမုပ္ပါဒ်တန်းသွားမှာပဲ (တန်းမှာပါ ဘုရား)၊ မတန်းပေဘူးလား (တန်းမှာပါ ဘုရား)။
အလှည့်လွဲလို့ရှိရင်စိတ်ကောင်းမပေါ်
အဲဒါတွေ စဉ်းစားကြည့်တဲ့ အခါကျတော့မှ ဪ- စိတ်ဟာထားတတ်မှပဲ၊ မပေါ်လာသေးဘူးလား (ပေါ်လာပါ တယ် ဘုရား)၊ စိတ်ထားတော့မယ်ဆို စိတ်ကို အခုဆရာဘုန်းကြီးပြောတာက မင်းတို့အလှည့်မလွဲလို့ရှိရင် စိတ်ကောင်း ပေါ်တာပဲ (မှန်ပါ)၊ အလှည့်လွဲလို့ရှိရင် (စိတ်ကောင်းမပေါ်ပါ ဘုရား)။
သား-သမီးလေးတွေကြည့်လိုက်တယ်၊ နေမကောင်း ထိုင်မသာ ရှိနေတယ်ဆိုလို့ရှိရင်၊ သားသမီးဘက် လှည့် လိုက်လို့ရှိရင် စိုးရိမ်တဲ့စိတ်ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ မလှည့်ပါဘူး ငါသည်ကားလို့ဆိုရင် ကိုယ့်ခန္ဓာဘက်ကိုယ် ဒုက္ခသစ္စာတွေ လှည့်လိုက်ပါမယ်လို့ဆိုလို့ရှိရင် ဒုက္ခသစ္စာသိတဲ့စိတ်ပေါ်တာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် မင်းတို့သည် အလှည့်ဟာပဓာနဆိုတာ မနေ့က ပြောသလို မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊
ဒီ အလှည့်မတည့်ပြီဆိုမှဖြင့် ဘယ်သူမှမရိုက်ပဲနဲ့လဲ မျက်ရည်ကျတယ်၊ ဘယ်သူက ဘာမှမပြောဘဲနဲ့လည်း မျက်နှာပျက် တာတွေ မလာဘူးလား (လာပါတယ် ဘုရား)၊
အဲဒါတွေဟာ ဘယ်သူ့ကြောင့်တုံးမေးရင် ဘယ့်နှယ်ဖြေကြမှာတုံး (အလှည့် လွဲလို့ပါ ဘုရား)၊ အလှည့်လွဲလို့ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (အလှည့်လွဲလို့ပါ ဘုရား)၊ အလှည့်လွဲတော့ အလှည့်လွဲတဲ့ စိတ်က ပေါ်လာတယ်၊ အဲဒီစိတ်က စီမံပစ်လိုက်တာ (မှန်လှပါ ဘုရား)။
အလှည့်လွဲတာက ၁-နံပါတ်
ဒါကြောင့် မင်းတို့အလှည့်လွဲတာက ၁-နံပါတ် (မှန်ပါ)၊ စိတ်စီမံတာက နောက်မှ ၂-နံပါတ် (မှန်ပါ)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ အလှည့်လွဲတာက (၁-နံပါတ်ပါ ဘုရား)၊
စိတ်စီမံခံရတာက (၂-နံပါတ်ပါ ဘုရား)၊ အလှည့် တည့်သွားတော့ ကောင်းတဲ့စိတ်ပေါ်တော့လည်း သူစီမံတာက အကောင်းစီမံမှာပဲကွ (မှန်ပါ)၊ အလှည့်မတည့်လို့ရှိရင် တော့ဖြင့် မကောင်းတာတွေ မကောင်းတဲ့စိတ်ပေါ်ပြီးသကာလ မကောင်းတဲ့စိတ်က စီမံမှာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့်စိတ်သည် အမျိုးမျိုးသောသတ္တဝါတွေကို စီမံနိုင်တယ်ဆိုတာကကော သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ချက်ချင်းမျက်ရည်ကျအောင်လည်းစီမံနိုင်တယ် (စီမံနိုင်ပါတယ် ဘုရား)၊ ချက်ချင်းရေတွေ ငတ်လာအောင်ကော (စီမံနိုင် ပါတယ် ဘုရား)၊ စီမံနိုင်တာပဲ၊ ချက်ချင်းချွေးတွေကျအောင်တော့ (စီမံနိုင်ပါတယ် ဘုရား)၊
ဒါကြောင့် ချွေးတွေဟာ စိတ်ကြောင့်ဖြစ်တဲ့ ချွေးတွေကများတယ်၊ ဥတုကြောင့်ဖြစ်တဲ့ ချွေးက နည်းတယ် (မှန်ပါ)၊ စိတ်ကလုပ်ပစ်လိုက်တာ၊ ဇောချွေးဆိုတာ မကြားဖူးဘူးလား (ကြားဖူးပါတယ် ဘုရား)၊ ဒါဘယ်သူကလုပ်တာတုံး (စိတ်ကလုပ်တာပါ ဘုရား)။
အဲ စိတ်ကဘယ့်နှယ်ကြောင့် လုပ်တုံးဆို၊ ဒီက စိုးရိမ်တဲ့ဘက် လှည့်လိုက်တော့ ဒီဇောစိတ်က အလယ်လာပေါ် တော့၊ သူ့ကြောင့် ချွေးတွေ ဘာတွေဖြစ်လာတယ် (မှန်ပါ)၊ အမောတွေဘာတွေ ဆိုက်လာတယ် (မှန်ပါ)၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)၊ တချို့စိတ်လျှော့လိုက်တာနဲ့ သေတယ်ဆိုတာကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ စိတ်သတ် လိုက်တာ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီစိတ်သည် မင်းတို့ကောင်းစေချင်လည်း သူ့ကို ကောင်းတဲ့ဘက်လှည့်ပေး၊ မှန်ကိုကောင်းတဲ့ဘက်လှည့် ပေး (မှန်ပါ)၊ မကောင်းစေချင်လို့ရှိရင်လည်း (မှန်ကိုမကောင်းတဲ့ဘက်လှည့် ပေးရမှာပါ ဘုရား)၊ မကောင်းတဲ့ ဘက်ကို လှည့်ပေးရင် မကောင်းစိတ်ပေါ်မှာပဲ (မှန်ပါ)၊ ကောင်းတဲ့ဘက်ကိုလှည့်လိုက်ရင် (ကောင်းတဲ့စိတ် ပေါ်မှာပါ ဘုရား)။
အရူးမှန်ရ ဖြစ်နေတာပဲ
အဲဒီတော့ကို မင်းတို့သည် ဪ တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် မနေ့က ပြောသလို အရူးမှန်ရ ဖြစ်နေတာပဲ၊ မကောင်းတဲ့ဘက်ချည်း အလှည့်ကများနေတယ် (များပါတယ် ဘုရား)၊
အနောက်နိုင်ငံသားတွေဆိုလို့ရှိရင် ဖြင့် ဘယ်နိုင်ငံ ကငွေကို ဘယ်လို သယ်ရပါ့မတုံးဆိုပြီး သူများ နိုင်ငံဘက်ချည်း လှည့်နေတာပဲ (မှန်ပါ)၊
လှည့်တော့ သူတို့မှာလိုချင်တဲ့ စိတ်၊ ရချင်တဲ့စိတ်၊ ချွေးသိပ်ချင်တဲ့စိတ်တွေ (များနေပါတယ် ဘုရား)၊ များနေတာ အလှည့်ကလွဲနေတာကိုး (မှန်ပါ)၊ အဲဒီတော့ စိတ်က စီမံလိုက်တော့ စစ်ထတိုက်တော့တာပဲ၊ မသေကောင်းတာတွေသေ၊ မပျက်စီးကောင်းတာတွေပျက်စီး၊ ဒီလို မသွားဘူးလား (သွားပါတယ် ဘုရား)။
ဒါဘာကစလိုက်တာတုံး (စိတ်ကပါ ဘုရား)၊ စိတ်ကတော့မစဘူး၊ အလှည့်လွဲတာကစတယ် (အလှည့်လွဲပါတယ် ဘုရား)၊ အလှည့်လွဲပြီးတော့မှ စိတ်ကစီမံတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အလှည့်မလွဲဖို့ရာ အရေးဟာ က ၁-နံပါတ်
ကောင်းပြီ ဒါဖြင့် အလှည့်လွဲမှုသည် ၁ နံပါတ်၊ စိတ်စီမံမှုသည် ၂-နံပါတ် (မှန်ပါ)၊ အလှည့်လွဲမှုက (၁-နံပါတ်ပါ ဘုရား)၊ စိတ်စီမံမှုက (၂-နံပါတ်ပါ ဘုရား)။ ၂-နံပါတ်ဆိုတော့ ဒါဖြင့်မင်းတို့သည် အလှည့်မလွဲဖို့ရာ အရေးဟာ က ၁-နံပါတ်အရေးကြီးတာပေါ့ကွ (အရေးကြီးပါတယ် ဘုရား)။
အဲဒီတော့ ဘုရားက လှည့်ပါတဲ့၊ မှန်ဆိုတာ မလှည့်ပဲတော့မရှိပါဘူး၊ မလှည့်ရင်လည်း စိတ်မပေါ်ဘူး၊ စိတ် မပေါ်ရင်လည်း သေသွားမှာကိုး (မှန်ပါ)၊ စိတ်မပေါ်ရင် (သေသွားမှာပါ ဘုရား)၊ လှည့်တော့လှည့်ရမှာပဲ၊ ဒီလှည့်မှစိတ် ပေါ်မှာပဲ (မှန်ပါ)၊ မပေါ်လို့ရှိရင်လည်း သတ္တဝါတွေ သေရမှာပဲ၊ စိတ်မရှိသေတယ်ခေါ်ကြတာကိုး (မှန်လှပါ ဘုရား)။
ဒါခန္ဓာကိုယ်၊ ဒီဘက်လှည့်ပြီး ခန္ဓာကိုယ်ထဲ ဪ-အခု ဒီဖြစ်ပျက်ကလေးတွေဟာ ခန္ဓာဘက်မှန်အကြည့်လှည့် လိုက်တော့ ခန္ဓာမြင်တဲ့စိတ် မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဟာ အဲဒါကျတော့ ဒီစိတ်ကလေးကို ဒုက္ခသစ္စာမြင် အောင်ကြည့်ခိုင်း၊ သမုဒယသစ္စာမြင်အောင်ကြည့်ခိုင်း၊ နိရောဓသစ္စာမြင်အောင် ကြည့်ခိုင်း၊ မဂ္ဂသစ္စာသူ့ဟာသူ ဖြစ် အောင်လုပ် (မှန်ပါ)၊ ဒီလိုလုပ်သွားပြန်တော့လည်း စိတ်ကြောင့်ပဲ နိဗ္ဗာန် ရောက်သွားတယ် (ရောက်ပါတယ် ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
အလှည့်ကအရင် ပြီးမှ စိတ်ကိုခိုင်းမှု
ဒါဖြင့် စိတ်ကိုမင်းတို့သည် အခုသေသေချာချာပြောတော့မှ ဪ-အလှည့်က အရင်ပြီးမှ စိတ်ကိုခိုင်းမှုက နောက်ဒုတိယအချက်ပါလားဆိုတာပေါ်လာတယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီကျောင်းမှာ ပန်းအိုးလေးတွေ ဟိုချ-ဒီချ ချထားတာ ဘယ်သူက ချတာတုံးမေးရင် ဘယ့်နှယ်ပြောမှာ တုံး (စိတ်ကချတာပါ ဘုရား)၊ ပန်းပင်လေးတွေ အမျိုးမျိုး၊ ဟိုအရွက်ကလေးနဲ့ ဒီအရွက်ကလေးနဲ့ ပူပြီးသကာလ အရွက်တွေကူးပြီး လှအောင်လုပ်တာကော (စိတ်ကြောင့်ပါ ဘုရား)၊ ပန်းပင်ကြိုက်တဲ့ ပုဂ္ဂိုလ်၏ စိတ်ကနေ လျှောက်လုပ် နေတာ (မှန်လှပါ ဘုရား)။
ဒါဖြင့် လောကကြီးတစ်ခုလုံးမှာ နတ်ဘုံတွေ၊ ဗြဟ္မာဘုံတွေ၊ ငရဲဘုံတွေ၊ အလုံးစုံ အကုန်ဘယ်သူလုပ်တယ်လို့ မင်းတို့ထင်ကြတုံး (စိတ်ကလုပ်ပါတယ် ဘုရား)၊ ဒါဖြင့် ကိုယ့်ငရဲကို ဘယ်သူတည်ဆောက်သတုံး (ကိုယ့်စိတ်ကပါ ဘုရား)၊ ကိုယ့်စိတ်က တည်ဆောက်တာ၊
ဟို နတ်ဘုံ-ဗြဟ္မာဘုံတွေကို (ကိုယ့်စိတ်က တည်ဆောက်ပါတယ် ဘုရား)၊ ကိုယ့်စိတ် ကတည်ဆောက် တာတွေချည်းပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီစိတ်တစ်လုံး နိုင်လို့ရှိရင်ဖြင့် မင်းတို့သည် ဘယ်သူမှ မတည်ဆောက်၊ ဒီစိတ်ကလေးကို တပည့်တော် တို့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ပဲ ရောက်ချင်ပါတယ်ဆိုလို့ရှိရင်လည်း၊ ဒီစိတ်ကလေးကို မင်းတို့ အလှည့်မလွဲအောင် လုပ်လိုက်ရင် ဒီဖြစ်ပျက်ဘက်ကို လှည့်လိုက်၊ ဒုက္ခသစ္စာဘက်ကို လှည့်လိုက်လို့ရှိရင် ပြီးသွားတာပဲ (မှန်ပါ)၊ မပြီးပေဘူး လား (ပြီးပါတယ် ဘုရား)။
ဘယ်သူခေါင်းဆောင်ဖြစ်နေတုံး
အခုတော့ မင်းတို့က တစ်ခါတည်း နတ်ပြည်ရောက်ချင်တဲ့ စိတ်ကလေးလာတော့ နတ်ပြည်ရောက်ကြောင်း တွေ လုပ်တော့တာပဲ (မှန်ပါ)၊ ဗြဟ္မာပြည်ရောက်ချင်တဲ့စိတ်ကလေး ပေါ်လာပြန်လည်း ဗြဟ္မာပြည်ရောက်ကြောင်းဖြစ် တဲ့ အလုပ်တွေမလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်သူခေါင်းဆောင်ဖြစ်နေတုံး (စိတ်က ခေါင်းဆောင်ပါ ဘုရား)၊ စိတ်ခေါင်းဆောင်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီနေရာ-ကမူကလေး၊ အင်း ဒီနေရာဖြင့် မြောင်းကလေး၊ ဒီနေရာဖြင့် ချောင်းကလေးဆိုတာ မင်းတို့ လယ်ထဲဘာထဲ သွားကြည့်တွေ့မှာပေါ့ကွ၊ (တွေ့ပါတယ် ဘုရား)၊ လယ်သမားစိတ်ကလုပ်ထားတာ (မှန်ပါ)၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)၊ ကန်သင်းကလေးဟုတ်လား (မှန်ပါ)၊ စပါးအမျိုးမျိုးကို ဟိုနေရာမှာစိုက်-ဒီနေရာ မှာစိုက် ဆိုတာလည်း ဘယ်သူတုံး (လယ်သမား၏ စိတ်ပါ ဘုရား)၊ စိတ်ပဲ-တဲ့၊ ဥယျာဉ်ခြံမြေတွေ စိုက်ကြတာကော (စိတ်ပါ ဘုရား)၊ စိတ်ချည်းပဲ။
ဒါဖြင့် လောကကြီးထဲမှာ စိတ်စီမံနေတယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဒီစိတ်တစ်လုံးမနိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ကျယ်ဝန်းနေမှာပဲ (မှန်ပါ)၊ ကျယ်ဝန်းမှာပဲ၊ သုံးဆယ့်တစ်ဘုံ ပြေးလို့လွှားလို့ကို ပြီးနိုင်ပါ့မလား (မပြီးနိုင်ပါ ဘုရား)၊ ငရဲပြည်စီမံထားတာလည်း ဒီစိတ်ကဆိုတော့ ကိုယ်စီမံထားတဲ့ ငရဲအိုးကိုယ်သွားရုံပဲ၊ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ နတ်ပြည်စီမံထားပြန်ပြီ ဆိုလို့ရှိရင်လည်း နတ်ပြည်သွားရုံပဲ၊ (မှန်လှပါ ဘုရား)၊
အဲဒီတော့ ဒီစိတ်သည် ကားလို့ဆိုလို့ရှိရင်ဖြင့် မင်းတို့သည် ကိုယ်ကမနိုင်တဲ့ ပုဂ္ဂိုလ်၊ ဒီစိတ်ကို တစ်ခါတည်း၊ ကိုယ်ကဒုက္ခသစ္စာဘက်သာ လှည့်ခိုင်း၊ အနိစ္စ၊ ဒုက္ခဘက်သာ အလှည့်ခိုင်း၊ ဤကဲ့သို့ အလှည့်ခိုင်း နေပြန်တော့လည်း မင်းတို့ကို ဒီစိတ်က နိဗ္ဗာန်အရောက်ပို့ပြန်တာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
မနောဝိညာဏ်စိတ် အရာကျယ်တယ်
မနောဝိညာဏ်စိတ်ကို ဒီနေ့ဟောနေတယ် (မှန်ပါ)၊ ဒီမနောဝိညာဏ်စိတ်သည်ကားလို့ဆိုရင် အလွန်အရာ ကျယ်တယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊
အလွန်အရာကျယ်တယ်တဲ့၊ ဒီလောကဓာတ်တွေ အခုရီကော်ဒါတွေ ဟင်၊ ကောင်းကင်ပျံတဲ့ အခုလုပ်နေတဲ့ ဂြိုဟ်တုတွေဟုတ်လား၊ ဒါတွေဟာ ဘယ်သူကလုပ်တယ်ထင်တုံး မင်းတို့ (စိတ်ကလုပ်တာပါ ဘုရား)၊
စိတ်ကလုပ်တာတွေကွ၊ မော်တော်ကား၊ ပုံစံတွေ အမျိုးမျိုးပြောင်းလာတာကော (စိတ်က လုပ်တာပါ ဘုရား)၊ မင်းတို့ ဝယ်တဲ့လူကလည်း စိတ်ကိုမနိုင်တော့ဘူး၊ ဒီဟာမှလှတာ၊ ဟိုဟာမှလှတာနဲ့ စိတ်ကအဝယ် ခိုင်းတာ ဝယ်နေရတယ် (မှန်ပါ)၊ အဲ စိတ်ကချည်းပဲ အကုန်ချယ်လှယ်နေတယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။
အဲဒါကြောင့် ကံကဆန်းကြယ်တာ၊ စိတ်ကဆန်းကြယ်တယ်လို့ ပြောတာကွ (မှန်ပါ)၊ စိတ်ဆန်းကြယ်တော့ အကျိုးပေး ဆန်းကြယ်တယ်ပြောတာ (မှန်ပါ)၊ ကံကလည်း ဒီအထဲ စိတ်နဲ့ရောပြီးပါနေတာကွ (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊
စိတ်ကို ဝိပဿနာရှုရလိမ့်မယ်
အဲဒီလိုသိထားတော့မှ၊ ဪ ဒီကံရောစိတ်ရောမရှိမှပဲ ဆန်းကြယ်တဲ့ သုံးဆယ့်တစ်ဘုံလည်မှုဟာ ငြိမ်းတော့မှာပဲ ဆိုတော့ မင်းတို့ စိတ်ကို ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ မှန်ကြည့်လွဲလို့ မကောင်းတဲ့စိတ်ပေါ်လာလဲမင်းတို့ ဖြစ်ပျက်ရှုရမယ် (မှန်ပါ)၊ မှန်အထောင် လွဲလို့မကောင်းတဲ့စိတ်လည်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုရမှာပဲ၊ မှန်အကြည့်လွဲတဲ့အတွက် အမျိုးမျိုးအဖုံဖုံ ကြမ်းတဲ့စိတ် ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ နုတဲ့စိတ် ပေါ်လာရင်လည်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ အကုန်ရှု၊ ဒီစိတ်မနိုင်သရွေ့ကာလပတ်လုံး သုံးဆယ့်တစ်ဘုံ မင်းတို့ ဒိုင်းဒိုင်းပြေးနေရလိမ့်မယ် (မှန်ပါ)၊ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။
အရူးဆိုတာ
အခုစိတ်မနိုင်တဲ့ ပုဂ္ဂိုလ်များ တစ်ခါတလေကျတော့ကွာ၊ ဟိုရူးနေတဲ့ ပုဂ္ဂိုလ်သာ ကြည့်ပါတော့၊ သူ့စိတ်သူမနိုင် တဲ့အခါကျတော့ ဘယ့်နှယ်နေတုံး (ရူးပါတယ် ဘုရား)၊
တစ်ခါတည်း မနိုင်ဝန်ကြီးထမ်းလို့ မဟုတ်တာတွေထည့်လို့၊ ဒါ ဘယ်သူစီမံနေတယ်ဆိုတာကော (အရူးစိတ်ပါ ဘုရား)၊ အဲအရူးဆိုတာ စိတ်ကမနိုင်ပဲကိုးကွ (မှန်ပါ)၊
မနိုင်တော့ စိတ်စီမံသလို၊ အလုံးစုံအကုန်၊ သူ့တောင်းထဲ ပလုံးထဲမှာ ပြည့်နေတာပဲ (မှန်ပါ)၊ ဒါဘယ်သူက လုပ်တာတုံး (စိတ်က လုပ်တာပါ ဘုရား)၊ မင်းတို့လည်း တော်ကြာ အိမ်ကနေ တိုက်၊ တိုက်ကနေပြီးသကာလ ကားအမျိုးမျိုးပြောင်းသွား တော့ကော (စိတ်ကလုပ်တာပါ ဘုရား)၊ ဒါစိတ်မနိုင်တဲ့အတွက် ပြောင်းလို့လွှဲလို့ကို ပြီးပါ့မလား(မပြီးပါ ဘုရား)။
ဒါဖြင့် မင်းတို့သည် စိတ်မနိုင်လို့ ရှိရင်ဖြင့်တဲ့ သုံးဆယ့်တစ်ဘုံလည်လေဦးတော့ ပတ်လေဦးတော့ ဆိုတဲ့ အဓိပ္ပာယ်ရှင်းနေတယ် (ရှင်းပါတယ် ဘုရား)၊ ဒါဖြင့် မင်းတို့ကို စိတ်နိုင်အောင်လုပ်ရလိမ့်မယ် (မှန်ပါ)၊ ဒါကြောင့် ဘုရားက စိတ္တာနုပဿနာဟေ့ (မှန်ပါ)၊ စိတ္တာနုပဿနာရှုကြ၊ မင်းတို့သူ့မနိုင်လို့ရှိရင် ကိုယ်ကျိုးနည်းလိမ့်မယ် (မှန်ပါ)၊ မဟောပေဘူးလား (ဟောပါတယ် ဘုရား)။
စိတ်ကိုနိုင် အောင်ရှု
ဒါဖြင့် မင်းတို့အားကိုးရာတွေ့ပြီလား (တွေ့ပါပြီ ဘုရား)၊ ဘာတွေ့တုံး (စိတ်ကိုရှုရမှာပါ ဘုရား)၊ စိတ်ကိုနိုင် အောင်ရှု၊ စိတ်ကိုမြင်အောင်ရှု၊ စိတ်ဖြစ်ပျက်မြင်အောင်ရှု၊ စိတ်ဖြစ်ပျက်မှန်အောင်ရှု၊ စိတ်ကိုဆုံးသွားအောင်လုပ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
စိတ်ဆုံးအောင်လိုက်လိုက်လို့ရှိရင်ဖြင့် စိတ်ဘယ်တော့မှ မလာတော့ဘူး ဆိုလို့ရှိရင်ဖြင့် စိတ်နဲ့တွဲနေတဲ့ကံဟာလည်း မင်းတို့ကို မစီမံနိုင်တော့ဘူး (မှန်ပါ)၊ စိတ်ကလည်း မစီမံနိုင် မခြယ်လှယ် နိုင်တော့ဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါကြောင့် မင်းတို့သည် စိတ္တာနုပဿနာမှတစ်ပါး ကိုးစားရာ အားထားရာ မရှိတော့ဘူး (မရှိတော့ပါ ဘုရား)၊ ဘာအားကိုးကြမယ် (စိတ္တာနုပဿနာကို အားကိုးရမှာပါ ဘုရား)၊ စိတ္တာနုပဿနာပဲ ကိုးစားအားထား လိုက်လို့ရှိရင်ဖြင့် စိတ်တစ်လုံးအပေါ်၌ ဒိဋ္ဌိတွေပြုတ်၊ ဟုတ်လား (မှန်ပါ)၊
စိတ်တစ်လုံးအပေါ်၌ ရွံမုန်း၊ စိတ်တစ်လုံးအပေါ်၌ မင်းတို့ သည်ကားဆိုလို့ရှိရင်ဖြင့် သူပေးနေတဲ့ဒုက္ခပဲ၊ သူပေးတဲ့ဒုက္ခကို တို့မခံယူတော့ပါဘူး သူ့ဒုက္ခသစ္စာပဲ၊ သူနဲ့ကိုယ်မနေချင် ပါဘူးဆိုလို့ရှိရင်၊ စိတ်ချုပ်လို့ ရှိရင် သူ့အလုပ်တွေကော (ချုပ်ပါတယ် ဘုရား)၊ သူ့အလုပ်တွေလည်း အကုန်ချုပ်မယ်ဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။
စိတ်နိုင်ဖို့အရေးကြီးတယ်
ဒါဖြင့် မင်းတို့ ဘာနိုင်ဖို့အရေးကြီးတုံး (စိတ်နိုင်ဖို့အရေးကြီးပါတယ် ဘုရား)၊ အဲ မိုက်ချင်လဲဒီစိတ်ပဲ (မှန်ပါ)၊ လိမ္မာချင်ကော (ဒီစိတ်ပါ ဘုရား)၊ ဒီစိတ်ပဲ၊ နိဗ္ဗာန်သွားချင်ကော (ဒီစိတ်ပါ ဘုရား)၊ အပါယ်သွားချင်ကော (ဒီစိတ်ပါ ဘုရား)။
ဒါဖြင့် လောကကြီးမှာ သူအခြယ်အလှယ်ဆုံးပဲ (မှန်ပါ)၊ သူဗိုလ်ပဲဆိုတာ မတွေ့သေးဘူးလား (တွေ့ပါပြီ ဘုရား)၊ ဒါကြောင့် သုံးဆယ့်တစ်ဘုံကြီးကို အမျိုးမျိုးအဆင်မတူအောင် လုပ်ထားတာလည်း မင်းတို့တွေ့ကြရဲ့လား (တွေ့ပါတယ် ဘုရား)၊ ဘယ်သူတုံး (စိတ်ပါ ဘုရား)၊ အဆင်မတူအောင် လုပ်ထားတာဟူသရွေ့ စိတ်ချည်းပဲ (မှန်ပါ)၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)။
အေး ဒါကြောင့် မင်းတို့သည် လင်နဲ့မယားအတူတူနေတယ်၊ တည့်ပြန်လည်း ဒီစိတ်ပဲကွ (မှန်ပါ)၊ မတည့် ပြန်ကော (ဒီစိတ်ပါ ဘုရား)၊ ရော-ဒါဖြင့် တည့်အောကင်လည်းသူလုပ်တာပဲ (မှန်ပါ)၊ မတည့်အောင်ကော (သူလုပ်တာ ပါ ဘုရား)၊ သူလုပ်တာပဲဆိုတော့ မင်းတို့သည် မတည့်အောင်လုပ်ပြန်တော့လည်း မှန်က-ဒီဒကာမဘက် အကြည့်လွဲလိုက် တယ်၊ အသုံးအဖြုန်းကြီးတယ်ဆိုပြီး မတည့်တဲ့စိတ်ပေါ်လာတယ် (မှန်ပါ)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ တည့်ချင် ပြန်တော့လည်း သူ့သနားစရာပဲ၊ သူပဲချက်ပြုတ်ပြီး ဝေယျာဝစ္စလုပ်နေတယ်ဆိုပြီး ဒီသနားတဲ့စိတ် ပြန်ပေါ်လာတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် တည့်ချင်လည်း ဒီစိတ်ပဲ (မှန်ပါ)၊ မတည့်ချင်ကော (ဒီစိတ်ပါ ဘုရား)။
ဒါဖြင့် မင်းတို့ဟာ ဒီစိတ်ကိုက မင်းတို့အခုရှိတဲ့ ကျန်တဲ့ရုပ်နာမ်တွေကို အရူးလုပ်ချင်လဲဒီစိတ်ပဲ (မှန်ပါ)၊ အကောင်းလုပ်ချင်ကော (ဒီစိတ်ပါ ဘုရား)၊ အရူးလုပ်ချင်လည်း (ဒီစိတ်ပါ ဘုရား)၊ အကောင်းလုပ်ချင်လည်း (ဒီစိတ် ပါ ဘုရား)၊ ဒီစိတ်ပဲဆိုသဖြင့် “စိတ္တေန နိယျတိ လောကော” ဆိုတဲ့အတိုင်းပေါ့ကွာ နော် (မှန်လှပါ ဘုရား)။
လောကအပြင်ဘက်ထွက်ချင်လို့ ရှိရင်
ဒီလောကကြီး ပြုလုပ်နေတာ ဒီစိတ်ဖြစ်တော့၊ လောကအပြင်ဘက်ထွက်ချင်လို့ ရှိရင်လည်း ဒီစိတ်ကို မင်းတို့ နိုင်အောင် လုပ်ရလိမ့်မယ် (မှန်ပါ)၊ ဒီစိတ်ကိုဖြစ်ပျက်မြင်အောင်လုပ်၊ ဒီစိတ်ကို မုန်းအောင်လုပ်၊ ဒီစိတ်ဆုံးအောင်လုပ်လို့ ရှိရင်ဖြင့် နိဗ္ဗာန်ကျတော့ အရူးဖြစ်သေးရဲ့လား (မဖြစ်တော့ပါ ဘုရား)၊
နို့မို့လို့ရှိရင် နိဗ္ဗာန်ကျလည်း သူပါနေသေးလို့ ရှိရင် ဟိုဟာနဲ့မတည့် ဒီဟာနဲ့မတည့်၊ လာဦးမှာပဲကွ (လာမှပါ ဘုရား)၊ မလာဘူးလား (လာမှာပါ ဘုရား)။
ဒါကြောင့် နိဗ္ဗာန်မှာ ရုပ်လည်းမရှိဘူး၊ နာမ်လည်းမရှိဘူးဆိုတဲ့ဥစ္စာ၊ သူမရှိကတည်းက သူကဖြစ်စေတဲ့ ရုပ်ရှိပါ့ဦးမလား (မရှိတော့ပါ ဘုရား)၊
အခုတော့ မင်းတို့ဟာ တစ်ခါတလေ မျက်နှာကြီးများနီလို့ စိတ်ကစီမံထားလိုက် တာ (မှန်ပါ)၊ တစ်ခါတလေကျတော့လည်း ပြုံးလို့၊ တစ်ခါတလေကျတော့လည်းမဲ့လို့ (မှန်ပါ)၊ ဘာကလုပ်ထားတာတုံး ကွ (စိတ်ကလုပ်တာပါ ဘုရား)၊
စိတ်ကသူလုပ်ချင်လို့လုပ်ရတာလား၊ မှန်ကအလှည့်လွဲလို့လား (မှန်ကအလှည့်လွဲလို့ပါ ဘုရား)၊ မှန်ကအလှည့် လွဲတာနဲ့ အရင်အတူတူနေ ချစ်ခင်နေကြတဲ့အထဲကပဲ ကွဲကြပြန်ပြီတဲ့ ဟင်း (မှန်ပါ)၊ မှန်းကြပြန် တဲ့ဟ၊ ဘယ်သူတုံးလက်သည် (မှန်အလှည့်လွဲတာပါ ဘုရား)၊
မှန်အလှည့်လွဲနေတာ
အေး မှန်အလှည့်လွဲတော့ စိတ်ဆိုးပေါ်လာတာပေါ့ (မှန်ပါ)၊ စိတ်ဆိုးပေါ်လာတဲ့အတွက် မင်းတို့သည်ကားလို့ရှိရင် မတည့်ပြန်ဘူး (မှန်ပါ)၊ တစ်သက်လုံးတည့်လာတာ အခုမတည့် ပြန်ဘူး၊ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါ ဘာတုံးဆို မှန်အလှည့်လွဲနေတာ (မှန်ပါ)၊ မှန်အလှည့်လွဲတော့ စိတ်ကြမ်းပေါ်လာတာ (ပေါ်ပါတယ် ဘုရား)၊ စိတ်ကြမ်းပေါ်တော့ တည့်နိုင်ပါ့ဦးမလား (မတည့်နိုင်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် လောကကြီးပြုပြင်တဲ့ လက်သည်တွေ့ပြီကွ (မှန်ပါ)၊ ဘာတွေ့တုံး (မှန်အလှည့်လွဲတာပါ ဘုရား)၊ ဒါဖြင့် လောကဆိုတာ ဖြစ်တတ်ပျက်တတ်သောကြောင့် လောကကွ (မှန်ပါ)၊ လောကဆိုတာ ဘယ်နှယ်ကြောင့်တုံး (ဖြစ်တတ် ပျက်တတ်လို့ပါ ဘုရား)၊ နတ်ပြည်မှာလည်း ဖြစ်ပျက်ရှိတာပဲတဲ့၊ ဗြဟ္မာပြည်မှာကော (ဖြစ်ပျက်ရှိပါတယ် ဘုရား)။
ဒါဖြင့် စိတ်လုပ်ထားတဲ့လောကဟာ ဖြစ်ပျက်ရှိတာချည်းပဲ (မှန်ပါ)၊ ဖြစ်ပျက်ရှိနေလို့ရှိရင် တော်ကြာကျလို့ရှိ ရင် မင်းတို့သည် မျက်ရည်ကြီးငယ် ကျဦးမှာပဲ (ကျမှာပါ ဘုရား)၊ နတ်ဖြစ်သော်လည်း နတ်ဖြစ်ပြီး နတ်ပျက်သွားပြန် တယ်ဆိုတော့ ဖြစ်မှဖြစ်ရလေခြင်း လာဦးမှာပဲ (လာမှပါ ဘုရား)၊ ဗြဟ္မာဖြစ်ပြီး ဗြဟ္မာပျက် သွားတယ်ဆိုရင်ကော (လာမှပါ ဘုရား)၊ ဖြစ်မှဖြစ်ရလေခြင်း လာမှာချည်းပဲ (လာမှာပါ ဘုရား)။
ဒါဖြင့် သူလုပ်ထားတဲ့ စိတ်ကိုက အနိစ္စကိုးကွ (မှန်ပါ)၊ သူက ဖြစ်စေတာတွေကျတော့ (အနိစ္စပါ ဘုရား)၊ ဒါဖြင့် အနိစ္စကမွေးလို့ အနိစ္စပြန်ဖြစ်ရတယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)၊ အနိစ္စကမွေးလို့ (အနိစ္စ ဖြစ်ရပါတယ် ဘုရား)၊ အဲဒီတော့ မင်းတို့အနိစ္စနယ်ထဲက ဘယ်ထွက်နိုင်တော့မှာတုံး (မထွက်နိုင်ပါ ဘုရား)၊ စိတ်အလို လိုက်နေတဲ့ ပုဂ္ဂိုလ်ဟာ (အနိစ္စနယ်ကမထွက်နိုင်ပါ ဘုရား)၊ မထွက်နိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
စိတ်က အနိစ္စမို့ သူစီမံထားတာတွေကလည်း
ဒါဖြင့် စိတ်အလိုလိုက်တဲ့ ပုဂ္ဂိုလ်ဟာ စိတ်က အနိစ္စမို့ သူစီမံထားတာတွေကလည်း (အနိစ္စပါ ဘုရား)၊ ဒါဖြင့် မင်းတို့သည် စိတ်ကိုက မူမှန်တဲ့စိတ်မှ မဟုတ်တော့ကိုး ဟိုသူကလုပ်ထားတာတွေလည်း မူမှန်ဖြစ်နိုင်ပါ့မလား (မဖြစ် နိုင်ပါ ဘုရား)။ မူမမှန်တဲ့တရားက လုပ်ထားလို့ မူမှန်ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ မူမမှန်တဲ့တရားကလုပ်ထား လို့ မူမမှန်တာတွေချည်းပဲဖြစ်နေရတယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
မူမမှန်တဲ့ တရားက ဘာတွေလုပ်ထားတာတုံး (မူမမှန်တာတွေလုပ်ထားပါတယ် ဘုရား)၊ သူကဖြစ်စေတတ်တဲ့ တရားတွေက မူမှန်လို့ဆိုရပါ့မလား (မရပါ ဘုရား)။
ဒါကြောင့် နိဗ္ဗာန်မှာ စိတ်ဆိုတဲ့ နာမ်လည်းမရှိဘူး (မှန်ပါ)၊ သူကဖြစ်စေတဲ့ ရုပ်ကော (မရှိပါ ဘုရား)၊ မရှိဘူး ဆိုသဖြင့် နာမ်ရုပ်မရှိတဲ့အခါကျလို့ရှိရင်ဖြင့် လောကကြီးအပြင်ဘက် မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)၊
လောကကြီး အပြင်ဘက် ရောက်အောင် စိတ်ချုပ်ရင် ရုပ်ချုပ်မှာပဲ (မှန်ပါ)၊ စိတ်ရော-ရုပ်ရောကို မင်းတို့ ဒုက္ခသစ္စာ မြင်လို့ သူတို့နှစ်ခုကို နောက်ကစိတ်ပေါ်တိုင်းသာလိုက်လို့ မလိုချင်တဲ့ မဂ်ဉာဏ် ရောက်လာမယ်၊ ဟုတ်လား (မှန်ပါ)၊ ဒီလိုဆိုလို့ရှိရင် စိတ်ကော၊ ရုပ်ကော မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)၊
အဲ ဒုက္ခသစ္စာရော ဒုက္ခပေးစေတတ်တဲ့တရားရော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒုက္ခပေးစေတတ်တာ ကစိတ်၊ သူကဖြစ်စေတာတွေက ဒုက္ခသစ္စာ၊ ဟုတ်လား (မှန်ပါ)၊ ဒုက္ခဖြစ်ကြောင်းရော ဒုက္ခဖြစ်ကျိုးရော မချုပ်သေးဘူး လား (ချုပ်ပါတယ် ဘုရား)။
ဒုက္ခဖြစ်ကြောင်း-ဒုက္ခဖြစ်ကျိုး ချုပ်တယ်
အဲ ဒုက္ခဖြစ်ကြောင်း-ဒုက္ခဖြစ်ကျိုး ချုပ်တယ်လို့ဆိုလို့ရှိရင်ဖြင့် မင်းတို့သည်ကားလို့ဆိုလို့ရှိရင် ချမ်းသာသက်သက် နဲ့ပဲ ဒီဟာကို ရှုတဲ့ဉာဏ်နဲ့ပဲ နေရုံပဲရှိမှာပဲ (မှန်ပါ)၊ ချမ်းသာနဲ့ ဒုက္ခတွေ အကုန်ပယ်ပစ်တဲ့ဉာဏ်နဲ့၊ ဥပမာမယ် ဒီအနားမှာ ချုံတွေရှုပ်နေတယ်၊ ချုံတွေရှုပ်တော့ ဓားနဲ့ရှင်းပြီးသကာလ ပစ်လိုက်တယ်၊ ဓားနဲ့ရှင်းပြီးသကာလ ပစ်လိုက်တဲ့ အခါကျတော့ ဒီနေရာသူပိုင်လို့ သူရှင်းတော့ကို သူပဲ ချမ်းချမ်းသာသာမနေရပေဘူးလား (နေရပါတယ် ဘုရား)။
ဒီမှာလည်း ဒုက္ခရှင်းတဲ့ပုဂ္ဂိုလ်ဟာ ချမ်းချမ်းသာသာနေရမှာပဲ (မှန်ပါ)၊ ဒုက္ခမရှင်းတဲ့ပုဂ္ဂိုလ်ဟာ (မနေရပါ ဘုရား)၊ အဲဒါကြောင့် ဒုက္ခသစ္စာတစ်ခုလုံး ရှင်းမှသာလျှင် ရှင်းတဲ့ပုဂ္ဂိုလ်ဟာ ချမ်းချမ်းသာသာဖြစ်မယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ချမ်းချမ်းသာသာသည်ကားလို့ဆိုရင် နိဗ္ဗာန်ပဲ (မှန်ပါ)၊ ရှင်းပစ်တာ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ သဘောပါပြီ လား (ပါပါပြီ ဘုရား)။
