3032

မာတိကာသို့

”တဏှာသည် အပ်ချုပ်သမနှင့်တူပုံ”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၂-၁-၆၁) နေ့တွင် အမရပူရမြို့မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”တဏှာသည် အပ်ချုပ်သမနှင့်တူပုံ”

ည-အလုပ်ပေး တရားတော်

အကြောင်းလေးကြောင်းရှိတယ်

မင်းတို့ နှာခေါင်းစိတ်ဖြစ်တာ၊ ဒါက နှာခေါင်းစိတ်ထားပါတော့၊ စိတ်ကလေးပေါ်တာ၊ နှာခေါင်းရုပ်ကလည်း ရှိဦးမှ၊ ဒီက အနံ့ကလည်းရှိဦးမှ၊ ရှုမယ်ဆိုတဲ့ နှလုံးသွင်းကလည်း ရှိဦးမှ၊ လေကလည်း ယူပို့ဦးမှ၊ သူကလေပါလာတယ် (မှန်ပါ)၊ ဒီလေးပါးစုံမှ မွှေးတယ်၊ ကြိုင်တယ်၊ ပုပ်တယ်၊ ညှီတယ်ဆိုတဲ့စိတ်ကလေး ပေါ်လာတယ် (မှန်လှပါ ဘုရား)။

အကြောင်းဘယ်နှစ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)၊ ဒီက နှာခေါင်းရုပ်၊ ဒီက အနံ့၊ ဒီက လေ၊ နှလုံးသွင်း (မှန်ပါ)၊ နှလုံးသွင်းဆိုတာကတော့ သူကရှုမယ် ရှိုက်မယ်လို့ နှလုံးသွင်းဦးမှကိုးကွ (မှန်ပါ)၊ နို့မို့လို့ရှိရင်လည်း နှာခေါင်းထဲမှာ နံတယ်၊ မွှေးတယ် ဆိုတဲ့ စိတ်ကလေးဟာ မပေါ်နိုင်ဘူးလို့မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဘယ်နှစ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)၊ အကြောင်းလေးကြောင်းရှိတယ်လို့ မှတ်ထားတော့၊ ဪ အကြောင်းလေးကြောင်း သိဖြင့် မနေ့က ပြောခဲ့တယ် ဝိစိကိစ္ဆာသေတယ် (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့် မတုံးဆိုတာ လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ ဒီအကြောင်း လေးကြောင်းကြောင့်လို့ သိထားကြတယ်နော် (မှန်လှပါ ဘုရား)။

စူဋ္ဌသောတာပန်ဆိုတာ

ဒါလေးဟာ သူတို့လေးကြောင်း ပြုပြင်လို့ပေါ်လာတဲ့ နှာခေါင်းစိတ်နှံ့ကလေးလို့သိတော့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ)၊ ဒီလိုဆိုတော့ ဒါတစ်ဘဝ သောတာပန်ဖြစ်သွား တာပ (မှန်ပါ)၊ ဒီအသိလေးနှစ်ခု ရလိုက်လို့ရှိရင် တစ်ဘဝအပါယ်မလား ဘူး (မှန်ပါ)၊ ဒီအသိလေးနှစ်ခုရထားရင်ဘာတုံး (တစ်ဘဝ အပါယ်မလားတော့ပါ ဘုရား)၊ အဲဒါ စူဋ္ဌသောတာပန်ဆိုတာ ဒါပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီအသိမှ မရှိတဲ့လူဟာ သေရင်ပဲ ဘာမှမသိတဲ့အတွက် အပါယ်သွားရုံပဲ ရှိမှာပဲ (သွားမှာပါ ဘုရား)၊ ဒီအသိကလေးမှ မရှိဘူးဆိုလို့ရှိရင် (အပါယ်သွားရမှာပါ ဘုရား)၊ အပါယ်သွားရုံပဲ။

ဘာလို့ သွားရမှာတုံးဆိုရင် အို ငါနံ့တယ်၊ ငါမွှေးတယ်ဖြစ်နေလို့ (မှန်ပါ)၊ ငါနံတယ်၊ ငါမွှေးတယ် ဖြစ်နေတော့ ဒိဋ္ဌိကပါနေတယ် (ပါပါတယ် ဘုရား)၊ ဒိဋ္ဌိဆိုတာ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုပြီးသကာလ ဇာတိ၊ ဇရာ၊ မရဏဘက်မလှည့် ပေဘူးလား (လှည့်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီအသိမရှိရင် သွားရုံ ရှိတော့တာပဲ (မှန်လှပါ ဘုရား)။

ဒီအသိရှိလို့ကတော့ ဒါလေးဟာ နာမ်ကို နာမ်မှန်း ဒီကနေပြီးသကာလ သိနေရင်ဖြင့် သိတဲ့စိတ်ကလေးဟာက တားမြစ်တာပဲ (မှန်ပါ)၊ ပုဂ္ဂိုလ်သတ္တဝါပယ်ချလိုက်တာကိုး (မှန်ပါ)၊ ပုဂ္ဂိုလ်သတ္တဝါကို မပယ်လိုက်ဘူးလား (ပယ်ပါတယ် ဘုရား)၊ အဲ ပုဂ္ဂိုလ်သတ္တဝါပယ်လိုက်တဲ့အတွက် ငါ-သူမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားတယ် (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒီဥစ္စာကို ဒါလောက်နဲ့တော့ဖြင့် ဒါဒိဋ္ဌိကွာပြီ၊ ဝိစိကိစ္ဆာတော့ ကွာသွားပြီဆိုပေမယ့်လည်း အမြစ်က မပြုတ်သေးတော့ကို၊ ဒါကြောင့် မင်းတို့ ဒါလေးကို၊ နံတဲ့စိတ်ကလေးကို နှာခေါင်းအဆုံးမှာ ပေါ်လေ့ရှိတယ်နော် (မှန်ပါ)၊ နှာခေါင်းအဆုံးအတွင်းမှာပေါ်လေ့ရှိတယ် (မှန်ပါ)၊ အဲဒါလေးကို မင်းတို့ကပေါ်လိုက်-ပျက်လိုက်၊ ပေါ်လိုက်-ပျက်လိုက်၊ နေ့လယ်က ပြောသလိုပေါ့ကွာ၊ အသေကို အရှင်ကနေကြည့် (မှန်ပါ ဘုရား)။

အသေကို အရှင်ကနေကြည့်

အသေကို (အရှင်ကနေကြည့်ရမှာပါ ဘုရား)၊ အရှင်ကနေ ကြည့်ရမယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ဒါဖြင့် ဒါက အသေ၊ သူကဖြစ်ပျက်၊ သူကမဂ်သွားဖြစ်ပါတယ်တဲ့၊ ဒီလိုချည်းလားတိုင်းရှု၊ လာတိုင်းရှု၊ လာတိုင်းရှု။

လာတိုင်းရှုကြလို့ရှိရင်ဖြင့်၊ ဒီနှာခေါင်းစိတ်ကလေးနဲ့ အသက်ရှင်နေတာ (မှန်ပါ)၊ နှာခေါင်းစိတ်ကလေးနဲ့ အသက်ရှင်နေတာကိုး၊ နှာခေါင်းစိတ်ကလး ဖြစ်ပျက်၊ ဖြစ်ပြီးပျက်သွားတဲ့ အနိစ္စသဘောရောက်သွားတော့ကို၊ ဒါလေး မသိကြတော့ဘူး၊ ဆိုလို့ရှိရင် ကိုယ့်အနိစ္စမသိဘူး (မှန်ပါ)၊ သိသေးရဲ့လား (မသိပါ ဘုရား)၊ ကိုယ့်အသေကော (မသိပါ ဘုရား)၊

ကိုယ့်အသေလည်း ကိုယ်မသိ၊ ကိုယ့်အနိစ္စလည်း ကိုယ်မသိ၊ ကိုယ်ဘာဖြစ်နေတယ်လို့ကော (မသိပါ ဘုရား)၊ ဒါဖြင့် ကိုယ့်ကိုယ်မှ ကိုယ်မသိတဲ့လူထဲပါသွားတယ် (ပါ-ပါတယ် ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်မှ၊ ကိုယ့်စိတ်မှကိုယ်မသိတဲ့အထဲ ပါမသွားဘူးလား (ပါသွားပါတယ် ဘုရား)၊ ပါသွားလို့ရှိရင် မသိ တာက အဝိဇ္ဇာ (မှန်ပါ)၊ အဝိဇ္ဇာ ပစ္စယာသင်္ခါရာဘက် မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။

အဲ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဘက်သို့လှည့်သွားလိမ့်မယ်တဲ့၊ လှည့်သွားလို့ ရှိရင်တော့ သင်္ခါရပစ္စယာဝိညာဏံ ဆိုတဲ့ မင်းတို့ ပဋိသန္ဓေနေတဲ့ ဒုက္ခကို မရပေဘူးလား (ရပါတယ် ဘုရား)။

အဲဒါ ရမှာစိုးတဲ့အတွက် ဆရာဘုန်းကြီးကွ မင်းတို့ကိုကယ်တင်နေတာ (မှန်ပါ)၊ ရူပါဟ၊ ရူပါဟ၊ လာရင်ရှုပါ ဟ၊ တစ်သက်လုံးလည်း ရှုရမှာမဟုတ်ပါဘူး၊ နင်တို့ကိစ္စပြီးရုံ ရှုရမှာ(မှန်ပါ)၊ ဟုတ်ဘူးလား၊ ကိစ္စမပြီး သေးရင်တော့ တစ်သက်လုံး ရှုပေါ့ကွာ၊ ကိုယ်ဖျင်းလို့ဟာကိုး (မှန်ပါ)၊ ကိစ္စပြီးနေတဲ့ ပုဂ္ဂိုလ်ကျတော့ ရှုဖို့လိုသေးလား (မလိုတော့ပါ ဘုရား)၊ မလိုတော့ဘူး၊ ကိုယ်ရှုချင်ရင်ရှုဖို့ပဲ၊ မရှုချင်ရင် နေဖို့ပဲ (မှန်လှပါ ဘုရား)။

ရှူစိတ်-ရှိုက်စိတ် ကလေးဖြစ်ဖို့

ဒါဖြင့် အကြောင်း ဘယ်နှစ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)၊ နှာခေါင်းရုပ်ရယ်၊ အနံ့ရယ်၊ လေရယ်၊ လေကပို့ရသေးတယ်၊ ဒီအနံ့ကို ဒီပို့ရသေးတာကွ (မှန်ပါ)၊ နှာခေါင်းရှိတဲ့ဆီပို့ရတယ်၊ ဒါမှ ဒီစိတ်ကလေးက ပေါ်တာ (မှန်ပါ)၊ သို့သော်လည်း ရှူမယ် ရှိုက်မယ်ဆိုတဲ့ နှလုံးသွင်း မရှိပြန်လို့ရှိရင်လည်း မပေါ်ဘူးတဲ့ (မပေါ်ပါ ဘုရား)၊ ဘယ်နှစ်ကြောင်းတုံး (လေးကြောင်းပါ ဘုရား)၊ အဲ-လေးကြောင်းတော့ဖြင့် မမေ့စေနဲ့၊ ဪ ရှူစိတ်-ရှိုက်စိတ် ကလေးဖြစ်ဖို့ဟာ မလွယ်ပါလားဆိုတာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

အဲဒီတော့ ဒါလေးဟာက ငါ့စိတ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဖြစ်နိုင်ရဲ့လား (မဖြစ်နိုင်ပါ ဘုရား)၊ ဒီလေးကြောင်းက ပိုင်နေတာကိုး (ပိုင်ပါတယ် ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ)၊ အဲဒီတော့ ဒါဟာ ဖြစ်ပြီးပျက်တဲ့အနတ္တဆိုလို့ရှိရင်လည်း မင်းတို့ ငြင်းဖို့မလိုပါဘူး (မလိုပါ ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ (အနတ္တပါ ဘုရား)၊ အဲ ဖြစ်ပြီးပျက်တဲ့အနတ္တဆိုကတည်း က ငြင်းဖို့မလိုတော့ပါဘူးတဲ့၊ အနတ္တမို့ အနတ္တဆိုတာ၊ ဒီအနတ္တက ပိုင်ပိုင်နိုင်နိုင်သိတဲ့ အနတ္တ (မှန်လှပါ ဘုရား)။

သူ့ဟာသူဖြစ်၊ သူ့ဟာသူပျက်တာကို သိတာမဟုတ်ဘူး (မှန်ပါ)၊ အကြောင်းနဲ့တကွ ဝေဖန်ပြီးသိတဲ့အနတ္တ (မှန်ပါ)၊ ဒါဖြင့် အကြောင်းချုပ်လို့အကျိုးချုပ်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုလို့ရှိရင်ဖြင့် အလိုလိုချုပ်မဟုတ်တော့ဘူး (မှန်ပါ)၊ အလိုလိုချုပ်ဆိုလို့ရှိရင် ဒိဋ္ဌိပါ ပါတယ်လို့ မှတ်ထား ရမယ် (မှန်လှပါ ဘုရား)။

နှာခေါင်းစိတ်ကဖြစ်ပျက်၊ ရှုတာကမဂ်

ကဲ ရှုတတ်ကြပြီလား (ရှုတတ်ပါပြီ ဘုရား)၊ ဒါဖြင့် နှာခေါင်းစိတ်က ဖြစ်ပျက်၊ ရှုတာကမဂ်၊ နှာခေါင်း စိတ်ကဖြစ်ပျက်၊ ရှုတာကမဂ်၊ နှာခေါင်းစိတ်ကဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)၊ နှာခေါင်းစိတ်က (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ်ပါ ဘုရား)။

အဲဒါကို တင်လှတို့လူစုတွေက ရှု-ရှု-ရှု-ရှုပြီးသကာလ နေပေးကြလို့ရှိရင်ဖြင့်၊ သူကလည်း အမြဲလာနေတာ မပေါ်ဘူး၊ မြင်လို့ရှိရင်လည်း မြင်စိတ်ရှုရမှာပဲ (မှန်ပါ)၊ ကြားရင်လည်း (ကြားစိတ်ကို ရှုရမှာပါ ဘုရား)၊ အေး ကြားရင် လည်း ကြားစိတ်ရှုရမယ်၊ နံရင်လည်း (နံစိတ်ကိုရှုရမှာပါ ဘုရား)၊ နံစိတ်ရှုရမှာဆိုတာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ ဒါပေါ်တဲ့အခါမှာ ရှုပေးကြပါ (မှန်ပါ)၊ ပေါ်တဲ့အခါ ရှုပေးကြပါ၊ ရှုလိုက်လို့ရှိရင်အနိစ္စ မြင်ပါလိမ့်မယ် (မှန်ပါ)၊ သူက အနိစ္စ၊ မြင်တာက မဂ္ဂသွားဖြစ်တယ် (မှန်ပါ)၊ မဂ်ဆိုတာ ဘာလုပ်တတ်ပါသတုံးဆိုတော့ သံသရာဖြတ်တတ်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ)၊ သံသရာဖြတ်တယ်ဆိုတာ ဘာတုံးမေးလို့ရှိရင် နောက်ကလာမယ့် ဒုက္ခတွေ ဖြတ်တယ်လို့မှတ်လိုက် (မှန်ပါ)၊ သံသရာဖြတ်တယ်ဆိုတာ ဘာပါလိမ့် (နောက်ကလာမယ့် ဒုက္ခတွေဖြတ်တာပါ ဘုရား)၊ ခန္ဓာပေါ်မယ့် ဒုက္ခတွေ (မှန်ပါ)၊ ခန္ဓာဟူသရွေ့ ဒုက္ခချည်းပါပဲလို့မှတ်တာပါ (မှန်ပါ)၊ အဲဒီဒုက္ခတွေကို အကုန်ဖြတ်တာကို ဘာခေါ်ကြမယ် (မဂ်ပါ ဘုရား)။

အေး ဒါကြောင့်၊ မင်းတို့သည် မဂ်ရဖို့ အရေးဟာက ရှုမှရမှာ (မှန်ပါ)၊ မရှုရင် (မရပါဘုရားဝ၊ မရှုရင် မရဘူးဆိုတာသေချာပြီလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့်၊ ဒီနှာခေါင်းစိတ် ကလေးသည်ကား ဆိုလို့ရှိရင်ဖြင့် အကြောင်းနှင့်တကွ သိမ်းဆည်းပြီးသကာလ နိုင်ပါပြီ၊ ရှုလဲရှုတတ်ပါပြီနော် (မှန်ပါ)၊ သူ့ကို မရှုနိုင်လို့ရှိရင် အနံ့ကိုရှုချင်လဲရှု (မှန်ပါ)၊ သို့မဟုတ် နှာခေါင်းစိတ်ရှုချင် လည်းရှု (မှန်ပါ)၊ သို့မဟုတ် နံတယ်၊ ပုပ်တယ်လို့ သိတဲ့စိတ်ကလေးကိုရှု (မှန်ပါ)၊ ဒီသုံးချက်တစ်ချက်ချက်ကို မိအောင်ရှု (မှန်လှပါ ဘုရား)။

ဒီသုံးချက်ကို တစ်ချက်ချက်မိအောင်ရှု

ဒီသုံးချက်ကို (တစ်ချက်ချက်မိအောင်ရှုရမှာပါ ဘုရား)၊ တစ်ချက်ချက်မိအောင် ဖြစ်ပျက်ရှုပါတဲ့၊ ဖြစ်ပျက်ဆိုတာ အနိစ္စပဲ၊ အဲဒီအနိစ္စဖြစ်ပျက်ကို ရှု-ရှု-ရှု ပေးနေကြလို့ရှိရင်ဖြင့်၊ ဒါဟာ ကိုယ့်အသေကိုယ်မြင်တာ၊ အသေကိုအရှင်ကမြင် တာ၊ အနိစ္စကို မဂ္ဂကသိတာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့်ပြောလိုက်တယ်၊ သူက ရှေ့ကျပါတယ်ကွာလို့၊ သူကနောက်ကျပါတယ် (မှန်ပါ)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ သူက ရှေ့ကျတော့ ပျက်နှင့်တာပေါ့ကွ (မှန်ပါ)၊ နောက်ကျတော့ မပျက်သေးတာပေါ့ (မှန်ပါ)၊ ဒါဖြင့် ပျက်ပြီးသားကို မပျက်သေးတာကနေကြည့်ရမယ် (မှန်ပါ)၊ ပျက်ပြီးသားကို (မပျက်သေးတာကနေကြည့်ရမှာပါ ဘုရား)။

မပျက်သေးတာကနေ ကြည့်လို့ရှိရင် ခန္ဓာထဲမှာ ဒီဥစ္စာက ဒီနေရာကမပေါ်၊ ဟိုနေရာကပေါ်၊ ဟိုနေရာက မပေါ်၊ ဒီနေရာကပေါ်နဲ့ ဒွါရခြောက်ပေါက်မှာ လှည့်ပေါ်မှာပဲ (မှန်ပါ)၊ မပေါ်ပေဘူးလား (ပေါ်မှာပါ ဘုရား)၊ ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။

မိစရာကသုံးချက်ရှိတယ်

ကဲ ဒါဖြင့် ဘယ်နှစ်ချက်ရှုရမှာတုံးလို့မေးလို့ရှိရင် မိစရာကသုံးချက်ရှိတယ် (မှန်ပါ)၊ အနံ့ကိုလည်းရှုနိုင်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အင်း ရှူတဲ့ ရှိုက်တဲ့စိတ်ကလေးကော (ရှုရမှာပါ ဘုရား)၊ သိတာကလေး ကော (ရှုရမှာပါ ဘုရား)၊ သိတာကလေးရှုတော့မယ်ဆိုတော့ ဝမ်းထဲကိုငဲ့ရှုပါ (မှန်ပါ)၊ အနံ့ရှုရင်အပြင်ဘက်ရှု (မှန်ပါ)၊ ဟုတ်ဘူးလား (မှန်ပါ)၊ သူ့ရှုလို့ရှိရင် နှာခေါင်းထဲရှု (မှန်ပါ)၊ သူ့ရှုလို့ရှိရင် ဝမ်းထဲဟာဒယပေါ်ရှု (မှန်ပါ)၊ သူက ဟဒယဝတ္ထုမှာပေါ်တယ်၊ သိတဲ့စိတ်ကတော့ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် နှာခေါင်းပေါက်ကဖြင့် တော်တော်လည်းပြောလို့ ရှင်းပါပြီဆိုလို့ရှိရင်ဖြင့် အခုသုံးခေါက်ရှိသွားပြီ၊ မင်းတို့ကိုပြောတာက (မှန်ပါ)၊ ဒါ ဟိုအရင်ရီကော်ဒါတွေထဲမပါသေးဘူး၊ ဒီဥစ္စာတွေက (မပါသေးပါ ဘုရား)၊ ဒါက ခရေစေ့တွင်းကျ ပြောတာကွ၊ အမှန်အကန် တစ်ခါတည်း ရမ်းရှု-မှန်းရှုမဟုတ်တော့ဘူး (မှန်ပါ)၊ ရမ်းရှု-မှန်းရှုဟုတ်သေး ရဲ့လား (မဟုတ်တော့ပါ ဘုရား)။

အကြောင်းနှင့်တကွ သိမ်းဆည်းပြီးရှုနိုင်တယ်ဆိုတော့၊ ဒီအကြောင်းတွေပျက်လို့ သူပျက်တယ် (မှန်ပါ)၊ ဒီအကြောင်းတွေပျက်လို့ သူပျက်တယ်ဆိုလို့ရှိရင် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပေါ်လာတဲ့တရား ဟူသရွေ့ အနိစ္စချည်းပဲ

အဲဒီကဲ့သို့ ခန္ဓာကိုယ်ထဲမှာ အကောင်းပေါ်တာရှိသလား၊ အပျက်ပေါ်တာသာ ရှိသလားဆိုတာ မင်းတို့စဉ်းစား ကြည့်ရင်သိပါတယ် (အပျက်ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် ခန္ဓာကိုယ်ကြီးမှာ အလုံးစုံဟာအနိစ္စချည်းပဲမို့ ပေါ်လာတဲ့တရား ဟူသရွေ့ အနိစ္စချည်းပဲပေါ်လာတဲ့ တရားတွေသာရှိတယ် (မှန်ပါ)၊ ဒါဖြင့် အနိစ္စသာရှိတယ်လို့ ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် နှာခေါင်းပေါက်ကို ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ကျေနပ်လို့ရှိရင် လျှာပေါက်ကိုပြောမယ် (မှန်ပါ)၊ လျှာပေါက်က လျှာပေါက်မှာပေါ်တဲ့ သိစိတ်ကလးပေါ်ပုံကို ပြောပြမယ် (မှန်လှပါ ဘုရား)။

ဒီဘက် ချို၊ ချဉ်၊ ဖန်၊ ငန် ဆိုတဲ့ အရသာလည်းရှိမှနော် (မှန်ပါ)၊ ဒီက ၄ မျိုး ရေဓာတ်ကလေးကလည်း လျှာပေါ်မှာ ရေမရှိရင်လည်းမရဘူး (မှန်ပါ)၊ တံထွေးရေပေါ့ (မှန်ပါ)၊ အဲဒီရေဓာတ်လည်းရှိမှ၊ နှလုံးသွင်းလည်းရှိမှ၊ လျှာရုပ်လည်းရှိဦးမှ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သူက ရေဓာတ်ကလေးပါတယ်၊ ရေဓာတ်မပါပဲနဲ့ အခြောက်ကြီးတင်ထားလို့ ဘာမှ ချို၊ ချဉ်၊ ဖန်၊ ငန် သိတဲ့စိတ်မလာဘူး (မလာပါ ဘုရား)၊ လျှာကခြောက်နေလို့ရှိရင် ရကိုမရဘူး (မရပါ ဘုရား)။

လျှာစိတ်ပေါ်ခြင်း၏ အကြောင်း

ဒါဖြင့် လျှာစိတ်ပေါ်ခြင်း၏ အကြောင်း ဘယ်နှစ်ကြောင်းတုံး (လေးကြောင်းပါ ဘုရား)၊ ခုနကထက် ဘာထူး လာတုံး (ရေဓာတ်ထူးလာပါတယ် ဘုရား) ခုနတုန်းကတော့လေ၊ အခုတော့ (ရေပါ ဘုရား)၊ ခုနတုံးကတော့ လေက ယူပို့ရတာကိုးကွ (မှန်ပါ)၊ အခုရေကတော့ သူ့အပေါ်မှာ၊ ဒီ ချို၊ ချဉ်၊ ဖန်၊ ငန်ကလေးကရမှ ပျော်သွားတာကိုးကွ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

အဲဒီတော့ လျှာစိတ်ပေါ်ခြင်း၏အကြောင်းက လေးကြောင်းတဲ့ (မှန်ပါ)၊ ဒီလေးကြောင်းကို ဪ လျှာစိတ် ကလေးပေါ်ဖို့ဟာ လေးခုတောင်ပြင်ရတယ်ကိုး၊ လေးကြောင်းထောက်နေရတယ်ကိုးဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)၊ လေးကြောင်းထောက်တာမြင်သဖြင့် လျှာဟာငါစားတယ်ဆိုတဲ့ဥစ္စာ မဟုတ်တော့ဘူး (မဟုတ်ပါ ဘုရား)၊ ငါ့ချိုလိုက်တာ၊ ငါ့ချဉ်လိုက်တာ၊ ငါနဲ့ချည်းတွဲနေစရာမင်းတို့ဖြစ်နေတယ် (မှန်ပါ)၊ အခုတွဲစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ဘူးတဲ့၊ တွဲစရာမရှိတော့ဘူး။

ငါလုပ်ထားတာကို မပါလို့၊ ငါမရှိဘူး (မှန်ပါ)၊ ငါလုပ်ထားတာ ပါသေးရဲ့လား (မပါပါ ဘုရား)၊ ဒီအကြောင်းက လုပ်ထားတာ (မှန်ပါ)၊ လေးကြောင်းကလုပ်ထားတာဖြစ်တဲ့အတွက် ငါလုပ်ထားတာလဲမဟုတ်လို့ ငါမပါဘူး၊ ငါမပါသော ကြောင့် ဒီဥစ္စာ ငါနဲ့ဘာမှမဆိုင်သောကြောင့် သူအနတ္တပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊

ငါနဲ့ဘာမှမဆိုင် လို့ (အနတ္တပါ ဘုရား)၊ အနတ္တဆိုတာကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ဪ ငါနဲ့မဆိုင်လို့အနတ္တဆိုတဲ့ဥစ္စာ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ညမှာ အဘိဓမ္မာသင်တန်းတက်နေတာ

ဒါကမင်းတို့ဟာ ည သင်တန်းတက်နေတယ်လို့ အဓိပ္ပာယ်ယူပါ (မှန်ပါ)၊ ညမှာ အဘိဓမ္မာသင်တန်းတက်နေတာ ကွ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် အကြောင်းလေးကြောင်းကိုသိရင် ဘာကွာသတုံး (ဝိစိကိစ္စာကွာပါတယ် ဘုရား)၊ ဒါလေးဟာ ဒီလျှာ စိတ်ကလေးသက်သက် ပေါ်တာပဲလို့သိရင် (ဒိဋ္ဌိကွာပါတယ် ဘုရား)၊ ဒိဋ္ဌိကွာတယ်၊ ဒါစူဠသောတာပန်ဖြစ်တယ် (မှန်ပါ)၊ မဟာသောတာပန်ဖြစ်ချင်ရင်တော့ဖြစ်ပျက်ရှု (မှန်ပါ)၊ မဟာသောတာပန်ဖြစ်ချင်ရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

အဲ ဖြစ်ပျက်ရှုလို့မြင်၊ မြင်ရာကမုန်း၊ မုန်းရာကဆုံးသွားလို့ရှိရင်ဖြင့် ဒါ မဟာသောတာပန်အစစ်ဖြစ်ပါတယ် လို့ သေချာမှတ်ရမယ် (မှန်ပါ)၊ မဟာသောတာပန်ဖြစ်တဲ့အခါကျတော့ကို၊ အပါယ်လေးပါး တံခါးပိတ်သွားတယ် (မှန်ပါ)၊ ရှင်းပြီလား (ရင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒါကို ဖြစ်ပျက်ရှုလိုက်တယ်၊ ဒါမမိလို့ရှိရင် ဒီဟာမိရင်မိ (မှန်ပါ)၊ အရသာကို ဖြစ်ပျက်ရှုနိုင် ရင်ရှု၊ အရသာဆိုတာ လျှာပေါ်မှာ ချဉ်တယ်၊ ချဉ်တာလေးချုပ်သွားရင် ဒါရတာပဲ (မှန်ပါ)၊ တွေ့တဲ့စိတ်ကလေးချုပ် သွားရင် စိတ်ချုပ်တာပဲ (မှန်ပါ)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊

ဟာ ကောင်းတယ်၊ မကောင်းဘူးသိတဲ့ စိတ် ကလေးပေါ်လာရင်၊ ဒါကို ရှုပေး (မှန်ပါ)၊ ရှုနိုင်လို့ရှိရင် သူလည်း အနိစ္စရတာပဲ (မှန်ပါ)၊ နောက်က မဂ္ဂင်ငါးပါးနဲ့သာ အမြဲတမ်းရှုပေးနေကြမယ်ဆိုရင်ဖြင့် နင်တို့အပါယ်လေးပါးသွားဖို့ ဝတ္တရားမရှိဘူးဆိုတဲ့ ဥစ္စာ မှန်သွားတာပဲ (မှန်ပါတယ် ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်လို့ အပါယ်မကျတာ

ဘာကြောင့်တုန်းဆို ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်လို့ အပါယ်မကျဘူး (မှန်ပါ)၊ ဘာကြောင့် မကျတာတုံး၊ (ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်လို့ မကျတာပါ ဘုရား)၊ ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်လို့ အပါယ်မကျတာဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ ဒီဟာကို ငါ့ကိုယ်လို့ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါ ဘုရား)၊ ငါဟာလို့ကော (မဆိုနိုင်ပါ ဘုရား)၊ ငါ့ဥစ္စာလို့ကော (မဆိုနိုင်ပါ ဘုရား)၊ ဒီလိုမဆိုနိုင်အောင်ကိုပဲ မင်းတို့ဉာဏ်ထဲမှာ ဖြစ်ပြီးပျက်တာပဲ၊ ဖြစ်ပြီးပျက်တာပဲလို့ သိနေလေ-လေ၊ မဆိုနိုင်လေ လေပဲ (မှန်ပါ)၊ မဆိုနိုင်လေ လေ တဏှာပြုတ်၊ မာနပြုတ်၊ ဒိဋ္ဌိပြုတ်ဆိုတော့ အပါယ် သွားမယ့် ပပဉ္စတရားတွေ အကုန်ချုပ်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပပဉ္စတရားတွေ အကုန်ချုပ်၊ သံသရာကို ဆက်ပေးမယ့်တရားတွေ (မှန်ပါ)၊ မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား)၊ အဲဒီသံသရာဆက်ပေးမယ့်တရားတွေချုပ်တော့၊ ဪ သံသရာဆိုတာ အိုဘေး၊ နာဘေးဟာ သံသရာခေါ်တာပဲ (မှန်ပါ)၊ ရှင်းပြီလား၊ (ရှင်းပါပြီ ဘုရား)၊ အိုဘေး၊ နာဘေးဟာ (သံသရာပါ ဘုရား)၊ အဲဒီ သံသရာကြီး ဘာဖြစ်တုံး (ချုပ်သွားပါတယ် ဘုရား)၊ ပြတ်သွားတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့သံသရာပြတ်တယ်ဆိုတာ ဒုက္ခပြတ်တာကိုဆိုသည် (မှန်ပါ)၊ သံသရာပြတ်တယ်ဆိုတာ (ဒုက္ခပြတ် တာပါ ဘုရား)၊ ဒုက္ခပြတ်တာကိုဆိုတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒုက္ခပြတ်ချင်လို့ရှိရင်ဖြင့် သူ့ဒုက္ခမှန်းသိမှ ဒုက္ခပြတ်မှာ (မှန်ပါ)၊ နောက်ဘဝ အနံ့ကောင်း ကောင်းရှုချင်တယ်၊ အစားကောင်းကောင်းစားချင်တယ်ဆိုရင် ဒီတဏှာလာလိမ့်မယ် (မှန်ပါ)၊ တဏှာလာရင် ဒီဘက်က ဥပါဒါန်၊ ကံတွေ ဘယ့်နှယ်တုံး (လာမှာပါ ဘုရား)၊ ဆိုတော့ သံသရာမဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား)၊ ဆက်တာ က ဒီတဏှာကနေ ဆက်ချလိုက်တာ (မှန်လှပါ ဘုရား)။

စုတိနဲ့ပဋိသန္ဓေဆက်တာ သံသရာ

ဒါကြောင့် ဒီတဏှာသည် မင်းတို့ထူးထူးလည်လည်မှတ်လိုက်ပါ၊ ဟိုဘဝနဲ့ ဒီဘဝဆက်တာလည်း သံသရာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဟိုဘဝနဲ့ ဒီဘဝဆက်တာ (သံသရာပါ ဘုရား)၊ စုတိနဲ့ပဋိသန္ဓေဆက်တာ (သံသရာပါ ဘုရား)၊ သံသရာပဲဟုတ်လား (မှန်ပါ)၊

ကံနဲ့ အကျိုးပေးဆက်တာလည်း (သံသရာပါ ဘုရား)၊ အဲဒါ တဏှာ သတ္တိချည်းမှတ် (မှတ်ပါ)၊ သူသုံးဆက် ဆက်တတ်တယ်၊ ဒီတဏှာဟာ (မှန်ပါ)၊ သူ့ပယောဂနဲ့ပေါ့လေ (မှန်ပါ)၊ သူ့ပယော ဂနဲ့ သုံးဆက် ဆက်တတ်သည်ဆိုတာ သေချာမှတ်ထားပါ (မှန်လှပါ ဘုရား)။

ဘယ်လို ဆက်သွားတုံးဆို၊ စုတိနဲ့ ပဋိသန္ဓေကိုလည်း သူဆက်ပေးတယ်နော် (မှန်ပါ)၊ ကံနဲ့အကျိုးပေးကော (ဆက်ပေးပါတယ် ဘုရား)၊ ဆက်ပေးတယ်တဲ့၊ ကံနဲ့အကျိုးပေးလည်း သူဆက်ပေးတယ် (မှန်ပါ)၊ စုတိနဲ့ ပဋိသန္ဓေလည်း (ဆက်ပေးပါတယ် ဘုရား)၊ ကံနဲ့အကျိုးပေးလည်း (ဆက်ပေးပါတယ် ဘုရား)၊ ဆက်ပေးတယ်တဲ့၊ ဒုက္ခနဲ့ကော (ဆက်ပေး ပါတယ် ဘုရား)၊ ဒါဖြင့် တဏှာကသုံးဆက် ဆက်တတ်တယ် (မှန်လှပါ ဘုရား)။

ဒုက္ခနဲ့ဆက်ပေးတာလည်း သူပဲ (မှန်ပါ)၊ စုတိနဲ့ပဋိသန္ဓေ ဆက်ပေးတာလဲ (သူပါ ဘုရား)၊ ကံနဲ့ အကျိုးပေးနဲ့ ဆက်ပေးတာကော (သူပါ ဘုရား)၊ သူပဲဆိုတော့ ဒါကြောင့် တဏှာဟာ အပ်ချုပ်သမနဲ့တူတယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြ မယ်(တဏှာဟာ အပ်ချုပ်သမနဲ့တူပါတယ် ဘုရား)၊

တဏှာဟာ အပ်ချုပ်သမနဲ့တူပါတယ်

အပ်ချုပ်သမဆိုတာ နှစ်ခုဆက်ပေးတာ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ လုံချည်ကွင်းဖြင့် တစ်ခါ ဆက်ပေးလိုက်၊ ထဘီဖြင့် တစ်ခါဆက်ပေးလိုက် (မှန်ပါ)၊ တစ်ခါတည်းကွင်းထွက်လာ တာမှ မဟုတ်ပဲကိုးကွ သူကဆက်ပေးလိုက်တာ (မှန်လှပါ ဘုရား)။

ဒါကြောင့် တဏှာဟာ မင်းတို့ကို မကောင်းသဖြင့် ဆက်ပေးနေတာသူပဲလို့ မှတ်ရမယ် (မှန်ပါ)၊ စုတိ-ပဋိသန္ဓေဆက်ပေးတာသူပဲ၊ ကံနဲ့ အကျိုးပေးဆက်ပေးတာ (သူပါ ဘုရား)၊ ဟိုဘဝ ဒီဘဝဆက်ပေးတာ (သူပါ ဘုရား)၊ ဘဝတွေဆက်ပေးတာလည်း သူပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ သိတော့မှ ဪ ဒီအပ်ချုပ်သမဟာ သူမသေသရွေ့ကာလပတ်လုံးတို့ကို တစ်ဆက်တည်း ဆက်ပေး နေမှာပဲဆိုတဲ့ဥစ္စာ မှန်ပါတယ်နော် (မှန်ပါ)၊ သူမသေသရွေ့ဘာတုံး (ဆက်ပေးနေမှာပါ ဘုရား)၊ တစ်ဆက်တည်းဆက် ပေးနေမှာပဲ (မှန်လှပါ ဘုရား)။

ဒါကြောင့် “တဏှာ သိဗ္ဗိနိ” တဏှာ တဏှာသည်၊ သိဗ္ဗိနီအပ်ချုပ်သမနှင့် တူ၏တဲ့၊ ဘုရားက (မှန်လှပါ ဘုရား)။

ဒါဖြင့် တစ်သံသရာလုံးမှာ မင်းတို့ ဒုက္ခမပြတ်ခဲ့တာ လက်သည်တွေ့တာပေါ့ (မှန်ပါ)၊ ဘယ်သူတုံး (တဏှာပါ ဘုရား)၊ တဏှာပဲ၊ စုတိနဲ့ ပဋိသန္ဓေကို သူက ဒီဘက်ကနေပြီးသကာလ၊ ဒါနဲ့ဒါ ဆက်လိုက်လို့ အမိန့်ပေးနေတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာနှစ်ခု ဆက်ပေးနေတာ

အဲဒီတော့ စုတိက ဒုက္ခသစ္စာ၊ ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာနှစ်ခု ဆက်ပေးနေတာ (မှန်ပါ)၊ ကံနဲ့အကျိုးပေးဆက်ပေးတာကော (ဒုက္ခသစ္စာနှစ်ခု ဆက်ပေးတာပါ ဘုရား)၊

ဒုက္ခသစ္စာနှစ်ခု ဆက်ပေးတာပဲ၊ ဟုတ်ဘူးလား၊ (မှန်ပါ)၊ ဟိုဘဝ ဒီဘဝဆက်ပေးလိုက်တာကော (ဒုက္ခနှစ်ခုဆက်ပေးလိုက်တာပါ ဘုရား)၊ ဘဝပစ္စယာ ဇာတိတွေကိုးကွ (မှန်ပါ)၊ အဲ-ဟိုဘဝ ဒီဘဝဆက်ပေးတာလဲ သူပဲ (သူပါပဲ ဘုရား)။

ဒါဖြင့် တို့မှာ ဒုက္ခနဲ့ဆက်ပေးလေသမျှ သူချည်းပဲဆိုတဲ့အဓိပ္ပာယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ သူမသေသရွေ့ ဒုက္ခနဲ့တို့နဲ့ အိုးစားကွဲဖို့ မလွယ်ပါဘူး (မလွယ်ပါ ဘုရား)၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)၊

မင်းတို့ကလည်း တဏှာအရှင်သခင်ကို အကောင်းထင်နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ)၊ တဏှာ အရှင်သခင်ကို (အကောင်းထင်နေပါတယ် ဘုရား)၊ သူကလည်း ဒုက္ခချည်းဆက်ပေးနေမှာပဲ (မှန်ပါ)၊ အိမ်မှာမင်းတို့ ကြည့်စမ်းပါလား၊ ဒီအလုပ်ပြီး ဟိုအလုပ်ဆက်လုပ်နေတာ ဒါဘယ်သူကခိုင်းတာတုံး (တဏှာကခိုင်းတာပါ ဘုရား)၊ မင်းတို့များ သနားတယ်လို့ပါသေးရဲ့လား (မပါပါ ဘုရား)။

လူ့တိရစ္ဆာန်ဖြစ်နေတယ်

ဟိုအလုပ်ပြီး ဒီအလုပ် လုပ်၊ ဥပမာ ရုံးကပြန်လာတယ်၊ ရုံးကပြန်ရင် အိမ်အလုပ် လုပ်လေကွာ (မှန်ပါ)၊ အိမ်ကပြီး ရုံးသွားလုပ်လေကွာ ဟုတ်ဘူးလား (မှန်ပါ)၊ ဟာ ထမင်းစားပြီးပြီးလား၊ ထမင်းစားပြီးလို့ရှိရင်လည်း နွား သမားဖြစ်ရင် ကောက်ရိုးစင်းလေးကွာ (မှန်ပါ)၊ ဒါပဲခိုင်းနေမှာပဲ (ခိုင်းနေမှာပါ ဘုရား)၊ တစ်နေ့လုံးမှာ မင်းတို့ကလည်း ဖျင်းလိုက်တာ ခိုင်းတိုင်းလုပ်တတ်တဲ့သဘော ရောက်နေတယ် (ရောက်နေပါတယ် ဘုရား)၊ ဘာကြောင့် ခိုင်းတိုင်းလုပ် တတ်တဲ့ သဘောရောက်နေတုံးဆို လူ့တိရစ္ဆာန်ဖြစ်နေတယ်၊ နားခွင့်မှမပေးဘဲ (မှန်ပါ)၊ နားခွင့်ပေးသေးရဲ့လား၊ (မပေးပါ ဘုရား)၊ အိပ်ရာထဲတောင်မှ မနက်ဖြန်အလုပ်ကို တွေးထားခိုင်းသေးတာ (မှန်လှပါ ဘုရား)။

ဒါဘယ်သူ့လက်ချက်ထင်တုံး (တဏှာ့လက်ချက်ပါ ဘုရား)၊ တဏှာ့လက်ချက်ပဲ၊ ဒါကိုပဲ အမလေးသတိရလို့ တော်သေးတယ်၊ မနက်စောစောလေး ဟိုဟာလေး ဒီဟာလေးကိုင်ပြီး လုပ်နိုင်သေးတယ်လို့ မင်းတို့ကတဏှာသခင်ကြီး ကို ဘုရားတစ်ဆူလောက် မင်းတို့က ကျေးဇူးများတင်နေလိုက်သေးတယ် (မှန်ပါ)၊ နင်တို့အရုပ်ဆိုးပုံတွေကလွန်နေတယ်၊ မလွန်ဘူးလား (လွန်ပါတယ် ဘုရား)။

တဏှာကခိုင်းလိုက်တာ

ကိုင်း နောက်ကျတော့ နင်ကဒါခိုင်းတယ် မလုပ်ဘူးကွာ၊ မင်းက ဒါခိုင်းတယ် မလုပ်ဘူးကွာ၊ ဘယ်သွားတာတုံး ဘယ်ဆွေမျိုးဆီသွားလိုက်ပါဦးလား အားတဲ့အချိန်၊ ဒါတဏှာကခိုင်းလိုက်တာ (မှန်ပါ)၊ အချိုလေးရှိနေတယ်၊ အချဉ်လေး သွားဝယ်လိုက်ပါဦးလားဆို ဘယ်သူကခိုင်းတာတုံး (တဏှာကခိုင်းတာပါ ဘုရား)၊ တဏှာကခိုင်းနေတာပဲ၊ အချဉ်ကလေး လာတော့ အစပ်ကလေးလိုသေးတယ်ဆိုပြန်တာကော (တဏှာကခိုင်းတာပါ ဘုရား)၊ မင်းတို့ကလည်း ခေါင်းကိုမော် မကြည့်ဘူး၊ ဟုတ်ပါ့မှန်ပါပဲ လိုက်နေတာပဲဟင် (မှန်လှပါ ဘုရား)။

ဟုတ်ပါ့ မှန်ပါ့နဲ့ လိုက်ပဲနေတော့ မင်းတို့ဟာက လူမှ မဟုတ်တော့ပဲ၊ တိရစ္ဆာန်မျိုးဖြစ်နေပြီ (မှန်ပါ)၊ ဘာဖြစ် နေတုံး (တိရစ္ဆာန်မျိုးဖြစ်နေပါတယ် ဘုရား)၊ မှန်ပါ့ ဟုတ်ပါ့နဲ့ အချိန်ကုန်သွားတယ် (ကုန်ပါတယ် ဘုရား)၊ နောက်ဆုံး ပိတ်တစ်နေ့ကျတော့ ကဲ သူက သေအောင်လည်းသတ်ပြီး အပါယ်ပို့လိုက်တာပဲ (မှန်ပါ)၊ နွားကိုခိုင်းနိုင်သလောက်ခိုင်း၊ နောက်ခိုင်းလို့မဖြစ်တော့ နွားသတ်ရုံပို့ဆိုတော့၊ ဒီနွားရှင်ကိုမင်းတို့ မော့်ကြည့်ချင်စရာကောင်းရဲ့လား (မကောင်းပါ ဘုရား)။

မင်းတို့ကတော့ မော်ကိုပဲကြည့်နေသေးတာ၊ ဒါလေးသူရှိပေလို့ ရလိုက်သေးတယ် (မှန်ပါ)၊ ဒီလိုတောင် ပြော လိုက်သေးတယ်၊ (ပြောပါတယ် ဘုရား)၊ ကိုယ့်လောဘလေးနဲ့မို့ ကိုယ်ဒါလေးစားလိုက်ရသေးတယ်၊ ဒီဈေးလေး မှှီလိုက် သေးတယ် (မှန်ပါ)၊ ဟို ကျွန်လုပ်ထားတာတော့ မင်းတို့က မရိပ်မိဘူး (မရိပ်မိပါ ဘုရား)၊ ဘယ်လောက်ဆိုးဝါးတယ်ဆို တာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘုရားရှင်တရားတော်ကို မနာရလို့ရှိရင်

ဒါတစ်သက်လုံး ခိုင်းနေမှာပဲ မင်းတို့ကို (မှန်ပါ)၊ ဘုရားရှင်တရားတော်ကို မနာရလို့ရှိရင် ခိုင်းမှန်းလဲ သိမှာ မဟုတ်ပါဘူး (မသိပါ ဘုရား)၊ ခိုင်းပြီးတော့ သူဘာလုပ်မှာတုံးဆိုတာ စုတိနဲ့ပဋိသန္ဓေဆက်ပေးမယ်တဲ့ ဒုက္ခနှစ်ခုကို (မှန်ပါ)၊ မင်းတို့ကို ခိုင်းပြီးရင် (မှန်ပါ)၊ ခိုင်းပြီးတော့ ဒီဘဝစုတိ၊ မင်းသေပြီ ခိုင်းလို့သေပြီ၊ သေတဲ့အခါ ဟိုဘက်ဒုက္ခနဲ့ ငါဆက်ပေးဦးမယ်တဲ့ (မှန်လှပါ ဘုရား)။

စိတ်နာစရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ မင်းတို့ကလည်း မနာတတ်တဲ့လူမျိုး ဖြစ်နေတယ် (မှန်ပါ)၊ ဟေ့တင်လှ ဘယ့်နှယ်နေတုံး၊ မနာတတ်တဲ့လူမျိုး ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)၊ ဘာပြုလို့တုံး မသိလို့ (မသိလို့ပါ ဘုရား)၊ မသိတာဘာတုံးဆိုတော့ အဝိဇ္ဇာကဖုံးလွှမ်းထားတာ၊ တဏှာခိုင်းတာ မသိတာ (မှန်ပါ)၊ အဝိဇ္ဇာကဖုံးထားတော့ (တဏှာခိုင်းတာကို မသိပါ ဘုရား)၊ တဏှာကခိုင်းတာမသိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ရှင်းနေတယ်၊ မရှင်းကြဘူးလား (ရှင်းပါတယ် ဘုရား)၊ မလွန်လွန်းဘူးလားကွာ (လွန်လွန်းပါတယ် ဘုရား)။

နွားကိုမျက်မှန်တပ်ပြီးသကာလ မင်းတို့အရုန်းခိုင်းတဲ့ဥစ္စာ အတော်ရှားတယ် (မှန်ပါ)၊ လူကို မျက်မှန်တပ်ပြီး များ ခိုင်းနေလိုက်သေးတယ် ဟင် (ခိုင်းပါတယ် ဘုရား)၊ နွားကဘေးမဲ့ရှိသေးတယ်၊ မင်းတို့က ဘေးမဲ့မရှိဘူး (မရှိပါ ဘုရား)၊ အတော်ကြောက်စရာကောင်းနေပါပေါ့လားဟ (မှန်ပါ)၊ ဘယ့်နှယ်နေကြတုံး (အတော်ကြောက်စရာကောင်းနေ ပါတယ် ဘုရား)၊ ဘေးမဲ့အချိန်ကို ဘယ့်နှယ်နေတုံး (မရှိပါ ဘုရား)။

တဏှာကအတင်း တွန်းခိုင်း၊

အဘွားကြီး အဘွားကြီးအလိုက် တဏှာက ခိုင်းထားတယ်၊ မင်း မြေးဆီသွားပါဦးလား (မှန်ပါ)၊ တောင်ဝှေး ထောက်ပြီး သွားလိုက်ပါဦးလား၊ ဟိုက မုန်းချင်မုန်း ဆဲလွှတ်လွှတ်၊ နင်က မရောက်တာ နင့်တာဝန်ကို (မှန်ပါ)၊ အမလေး မလွန်လွန်းဘူးလား (လွန်လွန်းပါတယ် ဘုရား)၊

ဟိုကလာချင်မှန်းမသိ မလာချင်မှန်းမသိ၊ တဏှာကအတင်း တွန်းခိုင်း၊ ဟိုကဆဲလွှတ်လိုက် (မှန်ပါ)၊ ဟိုက ချောင်ထိုးချင်လို့၊ မပြချင်လို့၊ အပြမလှလို့မလာခဲ့ပါနဲ့ ဆိုထားတဲ့ဥစ္စာ၊ ကျုပ်တို့လာခဲ့ပါမယ်ဆိုပြီး လောကွတ်ချောပြီး လာမိလို့၊ ငေါက်များလွှတ်လိုက်သေးတယ် (မှန်ပါ)၊ မင်းတို့ ဒီအထဲရောက် ဦးမယ် (မှန်ပါ)၊ မရောက်ပေဘူးလား ရောက်မှာလား (ရောက်မှာပါ ဘုရား)။

အင်း ရောက်မှာမို့ လောကွတ်တွေ သိပ်ချောမနေကြနဲ့၊ အဆဲခံချင်လို့ လောကွတ်ချော်တာ (မှန်ပါ)၊ ခက်လိုက် တာ ဒီအဘွားကြီးကလည်း ကိုယ့်ဟာကိုယ် ဣန္ဒြေရရနဲ့၊ အဘွားကြီး ပီပီနေတာမဟုတ်ဘူး ဟိုလျှောက် ဒီလျှောက်နဲ့၊ လမ်းမှာမော်တော်ကားတွေနဲ့၊ မော်တော်ကားက အလကားပြောတာ၊ အပြီးသတ်ကျတော့ မလာစေချင်တာ (မလာစေချင် တာပါ ဘုရား)၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

ဘယ်သူကခိုင်းတာတုံး

အဲဒါ မင်းတို့ကလည်း လောကွတ်ချော်ပြီး သကာလ၊ အို ကလေးတွေက ဘာပြောပြော၊ သူတို့က မသိလို့ပြော တာ၊ တယ်အအော်ခံချင်တာကိုးကွ ဟင် (ခံချင်ပါတယ် ဘုရား)၊ မင်းတို့ဥစ္စာက အအော်ကလည်း တယ်ခံချင်တယ်ကိုး ကွ၊ အော်လို့ ငေါက်လို့ တစ်ခါအော်ပြီးရင် မပြီးသေးဘူး၊ အို သူတို့က မသိလို့ အော်တာလို့ ဆိုပြီး နောက်ထပ် အအော်ခံချင်နေသေးတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်သူကခိုင်းတာတုံး (တဏှာက ခိုင်းတာပါ ဘုရား)။

ကဲ တဏှာက မင်းတို့ကို မျက်နှာကောင်းရတဲ့ဆီ လွှတ်တာလား၊ ပြောစမ်းပါဦး (မဟုတ်ပါဘုရား၊ အအော်ခံ တဲ့ဆီကို လွှတ်တာပါ ဘုရား)၊ အအော်ခံရမယ့်ဆီကို လွှတ်တယ်၊ ဒီကနေမင်းတို့မန္တလေးကို အကြွေးတွေချထားလို့ မင်းသွားတောင်းပါဦးလား၊ မင်းမရပဲ နေလိမ့်မယ်ဆိုပြီး တဏှာက သွားတောင်းခိင်းတာ၊ ဟိုကျတော့ ဒူးတုပ်ရတာပဲ (မှန်ပါ)၊ ဒူးမတုပ်ရဘူးလား (တုပ်ရပါတယ် ဘုရား)၊ ဘယ်သူက ခိုင်းတာတုံး (တဏှာကခိုင်းတာပါ ဘုရား)။

အဲ တဏှာက ကျွန်သဘောက်ဖြစ်တာကို ကြည့်ချင်လို့ခိုင်းတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ကျွန်သဘောက်ဖြစ်တာကို (ကြည့်ချင်လို့ ခိုင်းတာပါ ဘုရား)၊

အပြန်ကျတော့ ဒီတဏှာက ခိုင်းတဲ့ ဟိုကအကြွေးကလည်း မရခဲ့၊ စရိတ်ကလေးနှမြောတာနဲ့ပဲ အချို့နေရာခြေလျင်လျှောက်တော့ အမောခိုင်းတာလဲသူပဲကွ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဟာ မော်တော်ကားမစီးပါနဲ့၊ စက်ဘီးလေးသာနင်းသွားပါ၊ စက်ဘီးဘေးတောင် မနင်းပါနဲ့၊ ဒါလောက်တော့ ခြေလျင်သွားလိုက်ပါ (မှန်ပါ)၊ နေပူလို့ မင်းလဲသေတာ ငါ့တာဝန်မှ မဟုတ်ပဲ၊ ဟုတ်ဘူးလား (မှန်ပါ)၊ ဒါလောက်ထိ အောင်ခိုင်းတာ ဘယ်သူတုံးကွ (တဏှာပါ ဘုရား)။

ဒီတဏှာမသေသရွေ့ ကာလပတ်လုံး

အဲ မင်းတို့သည် ဒီတဏှာမသေသရွေ့ ကာလပတ်လုံး၊ ဒီအပ်ချုပ်သမ မသေသရွေ့ ကာလပတ်လုံး ဒုက္ခချည်းပဲ ဆက်ပေးနေမှာပဲ (ဆက်ပေးနေမှာပါ ဘုရား)၊ ဒီပြင်ဘာများဆက်ပေးစရာရှိတုံး (မရှိပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါ ပြီ ဘုရား)၊

ပေါ်တာက ငါ့ရှေ့တင်ပေါ်လို့မဖြစ်ဘူးကွ (မှန်ပါ)၊ အိမ်မှာပေါ်လာတဲ့အခါ တော်လှန်နိုင်မှ (မှန်ပါ)၊ ဘာတုံး (အိမ်မှာပေါ်လာတဲ့အခါ တော်လှန်နိုင်ရမှာပါ ဘုရား)၊ ဒီအတိုင်း မတော်လှန်တော့ဘူးဆိုလို့ရှိရင် မင်းတို့ဟာ သွားပြီ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူမပေါ်အောင်ကို ဒီကနေပြီး ဟောဒီ အရသာချိုချဉ်ကို ဖြစ်ပျက်ရှုချင်ရှု (မှန်ပါ)၊ စားစိတ်ကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ကောင်းမှန်းဆိုးမှန်း သိတဲ့စိတ်ကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ရှုလို့ရှိရင် ဒီမဂ်သာလာတော့ တဏှာက ဒီနောက်က လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ သူသာလာမယ်ဆိုလို့ရှိရင် ဟောဒါလေးက စားလို့ ကောင်းလို့သွားဝယ်ချည်ဦးဆိုတာ သေချာခိုင်းတယ် (ခိုင်းပါတယ် ဘုရား)၊ မခိုင်းပေဘူးလား (ခိုင်းပါတယ် ဘုရား)၊ သူလာရင်တော့ ခိုင်းပြီ (မှန်လှပါ ဘုရား)။

မဟုတ်ဘူး ညသန်းခေါင်အချိန်ကြီးပဲ၊ အို သန်းခေါင်ကြီးပေမယ့်လဲ၊ မင်း အပြောကောင်းရင် ရပါသေးတယ်၊ သွားသွား လမ်းမှာမြွေကိုက်လို့သေ သေ (မှန်ပါ)၊ သူက ဒီလိုခိုင်းတာ (ခိုင်းပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မင်းတို့ တစ်ခါတလေများဘာမှ မကြောက်နိုင်ပဲနဲ့တစ်ခါတည်း အရဲကိုးပြီးသွားတဲ့ အခါတွေကော မပါဘူး လား(ပါပါတယ် ဘုရား)၊ ဘယ်သူကခိုင်းတာတုံး (တဏှာကခိုင်းတာပါ ဘုရား)၊ အင်း အဆင်းတော့ တွန်းတော့တွန်းနေ ပြီ၊ မင်းတို့ကလည်း တွန်းမှန်းမသိသေးဘူး (မှန်ပါ)၊

အသေကို တွန်းလိုက်တာ

မသိသေးဘူး (မသိသေးပါ ဘုရား)၊ ပြီးတော့ ကံကောင်းအကြောင်း သင့်ပြီး လွတ်လာခဲ့သေးတယ် (မှန်ပါ)၊ ခိုင်းတာကတော့ အသေကိုတွန်းလိုက်တာ (မှန်ပါ)၊ ခိုင်းတာကတော့ ဘာတုံး (အသေကို တွန်းလိုက်တာပါ ဘုရား)၊ အသေတွန်းတာ၊ မင်းတို့က အဲဒီအသေတွန်းတာကို မသေတဲ့အခါကျတော့ကို ကံကောင်းလို့ ပြန်ရောက်တာ၊ လမ်းကလည်း ကြမ်းလိုက်တာ၊ ရှုပ်လိုက်တာ၊ ပွေလိုက်တာ၊ တော်တော်သေးတယ် (မှန်လှပါ ဘုရား)။

အဲဒါ မင်းတို့ သားစာ၊ သမီးစာတွေ ခိုင်းနေသရွေ့ကလာပတ်လုံး သူ့တာဝန်ချည်းပဲ (မှန်ပါ)၊ မင်း သားသမီး ဝတ်ရအောင် မင်းရှာပါလား၊ ဘယ်သူကခိုင်းတာတုံး (တဏှာကခိုင်းတာပါ ဘုရား)၊ မင်း သား သမီး လူချင်းတူအောင်၊ မင်း သား သမီး လက်ထပ်တဲ့နေရာမှာ ကိုယ်ကမျက်နှာမငယ်ရအောင်၊ ထည့်နိုင်သလောက် ထည့်ရအောင် အံမာတယ် သဒ္ဒါတရားကောင်းပါလားကွ ဟင် (ကောင်းပါတယ် ဘုရား)၊ ဘယ်သူက အထည့်ခိုင်းတာတုံး (တဏှာကပါ ဘုရား)၊ မင်းတို့သဒ္ဓါလား၊ တဏှာလား ကဲ (တဏှာပါ ဘုရား)၊ တဏှာက အထည့်ခိုင်းတာ (မှန်လှပါ ဘုရား)။

အဲဒီတော့ သူတို့ မင်္ဂလာအခမ်းအနားက အဝေးကြီးရှိသေးတယ်၊ ဒီအမေ အဖေက ဆင်းရဲလှပြီကွ (မှန်ပါ)၊ စောစောကတင်ကြိုခိုင်းတာကွ (မှန်ပါ)၊ နီးတော့ ဒီထက်ပျာပျာသလဲခိုင်းတာပဲ (ခိုင်းပါတယ် ဘုရား)၊ အခု မင်းတို့က ပြိုင်မြင်းဖြစ်နေပြီကွ (ဖြစ်နေပါတယ် ဘုရား)၊ စောစောကလည်း တော်တော်အမောဆိုက်အောင် ပြေးခဲ့ရတယ်၊ ပန်း တိုင်နားရောက်ပြန်တော့လည်း လဲလုလုမက (ပြေးရပါတယ် ဘုရား)။

အမောဆိုက်အောင် ပြေးခဲ့ရတယ်

မောင်အောင်မြတ်တို့များ ဟင် တွေ့ခဲ့ပြီလား၊ မင်းအမောဆိုက်တာ (တွေ့ခဲ့ပါပြီ ဘုရား)၊ တွေ့ခဲ့ပြီ၊ တင်လှတို့ ကော တွေ့ခဲ့ပြီလား (မှန်ပါ)၊ အမောဆိုက်တာလေ (မှန်လှပါ ဘုရား)။

စားဖို့ရာ လုပ်တာတောင်မစားနိုင်ဘူး (မှန်ပါ)၊ အိပ်ဖို့ရာအချိန်ကော (မအိပ်နိုင်ပါ ဘုရား)၊ နေဖို့ရာ ဆောက် ထားတဲ့အိမ်ကော (မနေရပါ ဘုရား)၊ မနေရဘူး ပြေးနေရတာ (မှန်ပါ)၊

အံမာ ဆောက်လဲခိုင်းသေးတယ်၊ မနေနဲ့ဆို တာလည်း သူပဲ (မှန်ပါ)၊ အိမ်ဆောက်ခိုင်းတာလဲ၊ မင်း လူချင်းတူတူသူချင်းမျှမျှ ဆောက်ပါလားကွ ဆိုတာကော (သူပါပဲ ဘုရား)၊ အဲဒီတုန်းကလည်း ဒုက္ခအများကြီး ပေးခဲ့တယ်၊ အိမ်တစ်လုံးဖြစ်ဖို့ နည်းတဲ့ ဒုက္ခမဟုတ်ဘူး (မှန်ပါ)၊ အိမ်ဆောက်ပြီး မင်းမနေနဲ့ စီးပွားရှာဦး၊ အိမ်ဆောက်တာနဲ့ မင်းကုန်သွားပြီ၊ ပြန်ရှာကွ (မှန်ပါ)၊ အင်း ခိုင်းပြန်ပြီ၊ (ခိုင်းပါတယ် ဘုရား)၊ ဒါဘယ်သူတုံး (တဏှာပါ ဘုရား)။

မင်းတို့ကိုများ၊ နည်းနည်းကလေး သနားတဲ့စိတ်များပါရဲ့လား (မပါပါ ဘုရား)၊ မပါပေမယ့် မင်းတို့ကလည်း မရိပ်မိဘူး (မရိပ်မိပါ ဘုရား)၊ မရိပ်မိဘူးတဲ့၊ ဘာပြုလို့မရိပ်မိသတုံးလို့ မေးတဲ့အခါ တဏှာကို ငါ့ဟာလုပ်နေတာ (မှန်ပါ)၊ တဏှာကို ငါစွဲကာ (မှန်ပါ)၊ ငါလုပ်မှပြီးမှာ၊ ငါ့အိမ်ငါ့လူကြီး၊ ငါခေါင်းဆောင်မှ ပြီးမှာဆိုတဲ့ အသွားတွေက၊ မင်းတို့မှာ ရှုပ်ပွေလိမ်နေတယ်ကွ (မှန်လှပါ ဘုရား)။

သက္ကာယဒိဋ္ဌိမပြုတ်လို့

အဲဒါ သက္ကာယဒိဋ္ဌိမပြုတ်လို့၊ ဒါလောက်လုပ်နိုင်တာ (မှန်ပါ)၊ ရှင်းပြီလား၊ (ရှင်းပါပြီ ဘုရား)၊ ဘာမပြုတ်လို့တုံး (သက္ကာယဒိဋ္ဌိ မပြုတ်လို့ပါ ဘုရား)၊ သက္ကယဒိဋ္ဌိ မပြုတ်တဲ့အခါကျတော့၊ ငါ့အိမ်ငါခေါင်းဆောင်နေတာ (မှန်ပါ)၊

ငါအမိုက် ဆုံးကို မထည့်ဘူး (မထည့်ပါ ဘုရား)၊ စင်စစ်တော့ အမိုက်ဆုံးမဟုတ်လား (မှန်ပါ)၊ ကလေးတာဝန်လဲငါယူ၊ လူကြီးတာဝန် ကော (ယူပါတယ် ဘုရား)၊ လူကြီးလုပ်တဲ့တာဝန်တွေချည်း မယူရဘူးလား (ယူရပါတယ် ဘုရား)။

ဒါဖြင့် ဝန်တွေဟူသရွေ့၊ သူပေးလေသမျှလည်း တဏှာကပေးတာပဲ မဟုတ်လား (မှန်ပါ)၊ အဲဒီတော့ ဒီမှာ ဖြင့်ညမအိပ်ရ၊ နေ့ကောင်းကောင်းမစားရ၊ အိမ်ရှိလျက်သားနဲ့မနေရ၊ စောင်ရှိလျက်နဲ့မခြုံရ၊ တစ်ခါတလေကျတော့ ကဲဒါကြီးလေးလှတယ်၊ အမြန်သွားရမယ့်ကိစ္စမို့ သူမယူတော့ပါဘူး၊ ပေအိပ်ပါ့မယ် (မှန်ပါ)၊ အံမာ ကဲ မင်းမစားနိုင်ပေ မယ့် သားသမီးစားပေ့စေ၊ မင်းကတော့ စားဘူးလှပြီဆိုပြီး အဝတ်များထားလိုက်သေးတယ် (မှန်ပါ)၊ ဘယ်သူတုံးကွ (တဏှာပါ ဘုရား)။

ဒီဖြစ်ပျက်မရှုလို့ရှိရင် ဘယ်နည်းနဲ့မှမသေဘူး

အံမယ် ဒါတောင်မင်းတို့က ကျေးဇူးရှင်ထင်နေတုန်းရှိသေးတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

အဲဒီလောက်ဆိုးဝါးနေတဲ့ဥစ္စာကို မင်းတို့က ဒီဖြစ်ပျက်မရှုလို့ရှိရင် ဘယ်နည်းနဲ့မှမသေဘူး (မှန်ပါ)၊ ဖြစ်ပျက် ရှုရင် (သေပါတယ် ဘုရား)၊ ဖြစ်ပျက်မရှုရင် (မသေပါ ဘုရား)။

အဲဒီတော့ မင်းတို့ဖြစ်ပျက်ရှုတဲ့ မဂ်ပဲအားကိုးစရာရှိတယ်၊ ဒီအလုပ်ကိုမလုပ်မဖြစ်ဘူးဆိုပြီး ဒီသုံးချက်မမိ မိအောင်ရှု (မှန်လှပါ ဘုရား)။

ကဲ တော်ကြစို့။

သာဓု သာဓု သာဓု။