3029

မာတိကာသို့

”အကြောင်းလေးပါးလက်အောက်သို့ မရောက်ရန် အရေးကြီးပုံ”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၃၀-၁၂-၆၀) နေ့တွင်အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”အကြောင်းလေးပါးလက်အောက်သို့ မရောက်ရန် အရေးကြီးပုံ”

ည-အလုပ်ပေး တရားတော်

တရားနာနေကြတာ ဘယ်သူတွေတုံး

ခန္ဓာငါးပါးရှိတယ်တဲ့၊ အခု တရားနာနေကြတာ ဘယ်သူတွေတုံးမေးရင် ဘယ့်နှယ်ဖြေကြမှာတုံး (ခန္ဓာငါးပါးပါ ဘုရား)၊ ဒီခန္ဓာငါးပါးဟာ ဘယ်သူကဖြစ်စေသလဲလို့ တစ်ခါမေးလိုက်တဲ့အခါကျတော့ ဒါက ရူပက္ခန္ဓာ ဒီဘက်က နာမက္ခန္ဓာလေးပါး။

ရူပက္ခန္ဓာကျတော့ ကံရယ်၊ စိတ်ရယ်၊ ဥတုရယ်၊ အာဟာရရယ်၊ ရုပ်ကို ဖြစ်စေတာက ဒီလေးကြောင်းလို့ မှတ် ထားပါ (မှန်ပါ)၊ ရုပ်ဖြစ်စေတာက (လေးကြောင်းပါ ဘုရား)၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေ (မှန်ပါ)၊ ဘယ်သူပါလိမ့် (ကံ၊ စိတ်၊ ဥတု၊ အာဟာရပါ ဘုရား)။

ဒါက နာမက္ခန္ဓာလေးပါးတဲ့၊ ခန္ဓာကိုယ်ထဲမှာ သွားချင်တဲ့စိတ်၊ စားချင်တဲ့စိတ်၊ ဒါတွေကျတော့ကို ဘယ်သူက ဖြစ်စေသလဲလို့ မေးဖို့ လိုတဲ့အခါကျတော့ကိုတဲ့၊ ဒီ နာမက္ခန္ဓာကျတော့ကို အာရုံ ဒွါရနှစ်ခုက ဖြစ်စေတယ်လို့ မှတ် ထားပါ (မှန်ပါ)၊ အဲဒီတော့ကို ရူပက္ခန္ဓာပဲ ရှင်းပြောပါ့မယ်၊ နာမက္ခန္ဓာအသာထားလိုက်ပါဦး (မှန်လှပါ ဘုရား)။

ဒါက ရုပ်တရားကြီး၊ ဒါက ဒကာ ဒကာမတွေ အခု တရားနာနေတဲ့ ကိုင်တွယ်ရတဲ့ ရုပ်တရားကြီး (မှန်ပါ)၊ သူဖြစ်စေတဲ့အကြောင်းက ဘယ်နှစ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ။

ကောင်းပြီ၊ သူဟာ ကံလည်း မှီနေရတဲ့တရား၊ စိတ်ကိုလည်း မှီနေရတဲ့တရား၊ ဥတုကော (မှီနေရပါတယ် ဘုရား)၊ အာဟာရကော (မှီနေရပါတယ် ဘုရား)၊ အာဟာရမစားလည်း သူသေတာပဲ (မှန်ပါ)၊ ဥတုမကောင်းလည်း (သေပါတယ် ဘုရား)၊ စိတ်မကောင်းလည်း (သေပါတယ် ဘုရား)၊ ကံမကောင်းလည်း (သေပါတယ် ဘုရား)။

အကြောင်းလေးကြောင်း က အမြဲပြုပြင်နေ

ဒါဖြင့် ဒီဒကာ ဒကာမတွေ၏ ရုပ်တရားကြီးမှာ အကြောင်းဘယ်နှစ်ကြောင်းက အမြဲတမ်း ပြုပြင်နေရသလဲ လို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဘယ်နှစ်ကြောင်းပါလိမ့် (လေးကြောင်းပါ ဘုရား)၊ အကြောင်းလေးကြောင်း က အမြဲပြုပြင်ပြီးသကာလ နေရတယ်။

အဲဒီတော့ကို အိမ်တစ်လုံးမှာ ကျားလေးကြောင်းထောက်နေရတယ်လို့ မောင်ကျော်သိန်းတို့က မှတ်ရမယ် (မှန်ပါ)၊ အိမ်တစ်လုံးမှာ (ကျားလေးကြောင်းထောက်နေရပါတယ် ဘုရား)။

ကျားလေးကြောင်းထောက်နေတာ့ကို၊ ဒီကျားလေးကြောင်းသည် တစ်ကြောင်းမှလည်း ကံကိုပိုင်သလားလို့ မေးလို့ရှိရင် မပိုင်ဘူး (မပိုင်ပါ ဘုရား)၊ စိတ်ကော (မပိုင်ပါ ဘုရား)၊ ဥတုကော (မပိုင်ပါ ဘုရား)၊ ဥတုက သူပူချင်ပူတာ ပဲ၊ အေးချင်အေးတာပဲ (မှန်ပါ)၊ အာဟာရကလည်း သူတည့်ချင်တည့်တာပဲ၊ မတည့်ချင် မတည့်တာပဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ မင်းတို့သည် ကိုယ်မပိုင်တဲ့အကြောင်းက ကိုင်တွယ်ရတဲ့ မိမိရုပ်ခန္ဓာကြီးကို ဓာတ်လေးပါးခန္ဓာကြီး ကို သူတို့က ပြုပြင်နေတာကို မင်းတို့သဘောလား၊ သူတို့စီမံသလို ခံရမှာလားဆိုတာကို အကဲခတ်ကြဦး (သူတို့စီမံ သလို ခံရမှာပါ ဘုရား)။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါး စီမံသလိုခံရမယ်ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)၊ အချို့ကျတော့လည်း မင်းတို့ကြားဖူးကြတယ်၊ ကံကုန်လို့ သေသွားရှာတယ်လို့ကော ပြောသံမကြားလိုက် ဘူးလား (ကြားပါတယ် ဘုရား)၊ သူ့စိတ်နဲ့သူ သေတာပဲလို့ကော (ကြားပါတယ် ဘုရား)၊ ဥတုဒဏ်ချက် မိသွားရှာတာ လို့ကော (ကြားပါတယ် ဘုရား)၊ အာဟာရက သတ်ပစ်လိုက်တာဆိုတာကော (ကြားပါတယ် ဘုရား)။

အကြောင်းလေးပါး စီမံသလိုခံရမှာ

ဒါဖြင့် မင်းတို့ခန္ဓာကိုယ်ကြီးဟာ မင်းတို့က ပိုင်သလား၊ အကြောင်းလေးပါးက အုပ်ချုပ်နေသလား (အကြောင်း လေးပါးက အုပ်ချုပ်နေပါတယ် ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ အကြောင်းလေးပါးက အုပ်ချုပ်နေတယ်၊ ဒါဖြင့် မောင်ကျော်သိန်းတို့ တင်လှတို့ အကြောင်းလေးပါး စီမံသလိုခံရမှာပေါ့ (ခံရမှာပါ ဘုရား)၊ ဘယ်သူစီမံသလို ခံရမှာတုံး (အကြောင်းလေးပါး စီမံသလိုခံရပါတယ် ဘုရား)၊ ရုပ်တရားကြီးမှာလေ (မှန်လှပါ ဘုရား)။

အကြောင်းလေးပါး စီမံသလိုခံရတော့ ငါသွားချင်သလို သွားနိုင်တယ်ဆိုတော့ ကံက မင်းတယ်ကြွားတယ်ကွာ၊ ငါမထောက်ပံ့ဘူးဆိုရင် ရှေ့တစ်လှမ်းသွားခွင့်ပေးပြီး နောက်တစ်လှမ်းမှာ ကံက မထောက်ပံ့တော့ဘူးဆို ဗိုင်းခနဲ ထိုးလဲတာပဲ (လဲပါတယ် ဘုရား)၊ မလဲဘူးလား (လဲပါတယ် ဘုရား)။

အဲဒါတွေ သေချာစဉ်းစားပြီးသကာလ ကြည့်တော့မှ ဪ- အနတ္တကြီး ရထားတာကိုး (မှန်ပါ)၊ မပိုင်တာ ကြီး ရထားတာကိုးလို့ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)၊ မပိုင်တာကြီး ရထားတယ် (မှန်လှပါ ဘုရား)။

အဲဒါ မင်းတို့က ဒေါသဖြစ်မယ်ကြံ၊ လောဘဖြစ်မယ်ကြံ၊ တစ်ယောက်ကိုတစ်ယောက် အမျိုးမျိုးအဖုံဖုံ ကတောက် ကဆတ် ပြောမယ်ကြံလို့ရှိရင်း ပြောရင်း မတ္တနဲ့ ရှေ့တစ်ခွန်းတော့ စိတ်ကပြောတော့လို့ ခွင့်ပြုလိုက်တယ်၊ စိတ်ကြောင့် ဖြစ်တဲ့ အသံကိုးကွ (မှန်ပါ)၊ နောက်တစ်ခွန်းကို စိတ်ကပြောခွင့်မပေးဘူးဆိုရင် ပြောနိုင်သေးရဲ့လား (မပြောနိုင်တော့ ပါ ဘုရား)၊ မပြောနိုင်တော့ ပထမတစ်ခွန်းပြောပြီး နောက်တစ်ခွန်း သေလိုက်ရတာပဲ (သေလိုက်ရပါတယ် ဘုရား)။

သေလိုက်ရတာ ထောက်လိုက်တဲ့အခါကျတော့ စိတ်ကလည်း အုပ်ချုပ်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် စိတ်၏ကျွန်ပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)၊ စိတ်စီမံသလို ခံရတယ်ဆိုရင် (မလွဲပါ ဘုရား)၊

ဥတု၏ ကျွန်သဘောက်

ဥတုကလည်း ကဲ ကမ္ဘာမီးလောင်သလို မင်းသေပေတော့ဆိုရင်ကော (ခံရမှာပါ ဘုရား)၊ အအေးတွေကလည်း သေပေ တော့ဆိုရင်ကော (ခံရမှာပါ ဘုရား)၊ မောင်ချစ်စိန် ခံရမှာပဲ (ခံရမှာပါ ဘုရား)၊ ခံရမှာပဲဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ဟာ ဥတု၏ ကျွန်သဘောက်ဆိုတာလည်း မင်းတို့မလွဲပါဘူး (မလွဲပါ ဘုရား)၊

ဒါဖြင့် အာဟာရ ကလည်း တစ်ခါတလေ ဒီထမင်းစားတာပဲ၊ ဒီထမင်းကပဲ အစာမကြေပဲနဲ့ ဝမ်းလျောသတ်လိုက်ရင်လည်း (သေပါတယ် ဘုရား)၊ သေရတာပဲ၊ ဒီဟင်းစားတော့ ဒီဟင်းကလည်း အဆိပ်ဖြစ်ပြီးသကာလ ဝမ်းထဲမှာ သတ်လိုက်ရင်ကော (သေပါ တယ် ဘုရား)၊ ဒါဖြင့် အာဟာရကကော (သတ်ပါတယ် ဘုရား)၊ အာဟာရကလည်း သတ်ရင်သေရတာပဲ ဒေါ်ရွှေရ (မှန်လှပါ ဘုရား)။

ဒါဖြင့် မင်းတို့ဟာ ဒီနယ်ထဲနေရလို့ရှိရင်တော့ အသေလွတ်စရာ မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား)၊ သူတို့ လက်အောက်သာ ရောက်ရောက်သွားမယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်သဘောအတိုင်း၊ ကိုယ့်ဆန္ဒအတိုင်း၊ ကိုယ့်အလိုအတိုင်း ဖြစ်နိုင်-မဖြစ်နိုင် စဉ်းစားရမယ် (မဖြစ်နိုင်ပါ ဘုရား)။

ဘာလို့မဖြစ်နိုင်တုံးလို့ မေးတဲ့အခါကျတော့ အုပ်ချုပ်ရေးရှိနေလို့ (မှန်ပါ)၊ အုပ်ချုပ်ရေးမရှိဘူးလား (ရှိပါတယ် ဘုရား)။

အနတ္တခန္ဓာကိုယ်အစစ်

ဒါဖြင့် ဒီဥစ္စာကြီးဟာ မင်းတို့ ဘယ်ကနေတွေးတွေး ကိုယ်ပိုင်မဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ ကိုယ်ပိုင်မဟုတ် လို့ရှိရင် ဒီဥစ္စာဟာ အနတ္တခန္ဓာကိုယ်အစစ်လို့ ဒကာသိုက်တို့ မှတ်ရမယ် (မှန်ပါ)၊

ဘယ်လိုမှတ်ကြမယ် (အနတ္တခန္ဓာကိုယ် အစစ်ပါ ဘုရား)၊ ဒါကြည့်လိုက်ရင်ပဲ အနတ္တပေါ်လာတယ် (မှန်ပါ)၊ သူတို့စီမံသလို ခံနေရကတည်းက ဒါ ကိုယ့်ကိုယ်လို့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)၊ ကံ၏ကိုယ်၊ စိတ်၏ကိုယ်၊ ဥတု၏ကိုယ်၊ အာဟာရ၏ကိုယ်ဆိုရင် နည်းနည်းတည့်သေး တယ် (မှန်ပါ)၊ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်တယ်လို့ ထင်ရင်တော့ (မတည့်ပါ ဘုရား)။

ဘာဖြစ်လို့တုံးလို့မေးတော့ အုပ်ချုပ်ရေးမြင်ထားပြီ (မှန်ပါ)၊ အုပ်ချုပ်ရေး မမြင်ကြဘူးလား (မြင်ပါတယ် ဘုရား)၊ အုပ်ချုပ်ရေးမြင်ထားတော့ ဒီအုပ်ချုပ်ရေးလက်အောက်မှာပဲ မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် သူက နေစေ ဆိုတဲ့ အမိန့်ချလိုက်လို့ရှိရင် နေလိုက်ရပြန်တာပဲ (မှန်ပါ)၊ သူက သေစေဆိုတဲ့ အမိန့်ချလိုက်ရင်ကော (သေရပါတယ် ဘုရား)။

မင်းတို့သဘောအတိုင်း စဉ်းစားကြစမ်းပါဦး (မပါပါ ဘုရား)၊ ခြေတစ်လှမ်းတောင်မှ ဟောဒီစိတ်က သူက မြှောက်ဆိုရင် မြှောက်ရတယ် (မှန်ပါ)၊ သူက ချဆိုရင် (ချရပါတယ် ဘုရား)၊ ဒီရုပ်ကြီးက တကယ့်အရုပ်ကြီး ဖြစ်နေတယ် (မှန်ပါ)၊ သစ်သားရုပ်ကြီးဖြစ်နေတယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ခြေတစ်လှမ်းတောင် ကိုယ်ပိုင်ရဲ့လား

ခြေတစ်လှမ်းတောင် ကိုယ်ပိုင်ရဲ့လား (မပိုင်ပါ ဘုရား)၊ စိတ်က အုပ်ချုပ်နေတယ် (မှန်ပါ)၊ ရှုတာ ရှိုက်တာ လေးကော ငါရှုချင်ရှုမယ်၊ ငါရှိုက်ချင်ရှိုက်မယ်လို့ ရရဲ့လား၊ စိတ်ကလေလေးလုပ်ပေးမှ ရှုရတာလား (စိတ်ကလေလေး လုပ်ပေးမှ ရှုရတာပါ ဘုရား)၊ စိတ်က လေကလေးရှိုက်မှ ရှိုက်ရတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ဟာ စိတ်၏ လက်အောက်ခံပေါ့ (မှန်ပါ)၊ စိတ်က ကဲ-ငါနောက်စိတ်မပေါ်တော့ဘူးဆိုရင်တော့ သေပြန်တာပဲ (မှန်ပါ)၊ မသေဘူးလား (သေပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ဟာမင်းတို့ ကြွားလုံးထုတ်နေတဲ့ဥစ္စာက အရှင်သခင်မမြင်လို့ ကြွားလုံးထုတ်နေကြတာပေါ့ (မှန်ပါ)၊ ဟေ့ ငါ့သဘောနဲ့ငါ နေစမ်းပါရစေ၊ ငါ့နားမှာ မဆူစမ်းပါနဲ့၊ ငါ့ဟာငါ နေစမ်းပါရစေလို့ ဖြစ်နိုင်ကြရဲ့လား (မဖြစ်နိုင် ပါ ဘုရား)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

အနတ္တဆိုရင် ကိုယ်ပိုင်မဟုတ်တာ

ဒါဖြင့် မင်းတို့ခန္ဓာကိုယ်ကြီးဟာ အတ္တလား အနတ္တလားလို့ မေးရင် ဘယ့်နှယ်ပြောမှာတုံး (အနတ္တပါ ဘုရား)၊ အတ္တဆိုရင် ကိုယ်ပိုင်ပေါ့ကွာ (မှန်ပါ)၊ အနတ္တဆိုရင် ကိုယ်ပိုင်မဟုတ်တာ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘုရား-ရဟန္တာများကျတော့ ဒါတွေကို စဉ်တိုက်မြင်နေတော့ မောင်ကျော်သိန်း ပျော်နိုင်စရာ (မရှိပါ ဘုရား)။

ဒါ သူတို့မှာ တဏှာနဲ့ပျော်စိတ်တွေ၊ ဘယ်ပွဲလမ်းသဘင်သွားချင်တယ် လာချင်တယ်ဆိုတဲ့ စိတ်တွေဟာ မပေါ် လာတော့ဘူး၊ မတတ်သာလို့ သွားတာပဲရှိတယ် (မှန်ပါ)၊ ဒါတွေကို ကြောက်နေတယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးဟာ သူတို့နှိပ်စက်သလိုပဲ ခံနေရတာပဲဆိုရင်ကော (မလွဲပါ ဘုရား)၊ ဒါဖြင့် သူ့ကို ဒုက္ခ သစ္စာလို့လည်း ဆိုနိုင်တယ် (ဆိုနိုင်ပါတယ် ဘုရား)၊ အနတ္တလို့လည်း (ဆိုနိုင်ပါတယ် ဘုရား)၊ အနတ္တလည်း ဆိုနိုင်တယ်၊ ဒုက္ခသစ္စာလို့လည်း ဆိုနိုင်တယ်ဆိုရင် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ သူတို့နှိပ်စက်ရင် ရှင်လိုက်ဆိုလည်း ရှင်ရတယ်၊ သေလိုက်ဆိုလည်း (သေရပါတယ် ဘုရား)၊ နာလိုက်ဆိုရင်ကော (နာရပါတယ် ဘုရား)၊ မောင်ကျော်သိန်းရဲ့ သဘောများပါသေးရဲ့လား (မပါတော့ပါ ဘုရား)၊ မပါဘူး။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ

ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဤလေးပါး စီမံသလိုသာ ခံပြီးသကာလ နေရတယ်ဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အကြင်လင်မယားတွေ နေကြတာ မခွဲဘူး မခွဲဘူးနဲ့ ပါးစပ်ပြောပါ၊ မောင်နှမရယ်လို့ မခွဲမခွါဘူး နေမယ် ဆိုတာကော (ပါးစပ်ပြောပါ ဘုရား)၊ သူ့ပါးစပ်က ပြောတာကို မင်းတို့က ယုံမနေကြနဲ့ကွ၊ သူတို့မေးကြည့်ဦး ကံကို မေးကြည့်ပါဦး၊ စိတ်ကိုမေးကြည့်ပါဦး၊ ဥတုကို (မေးကြည့်ရမှာပါ ဘုရား)၊ အာဟာရကို (မေးကြည့်ရမှာပါ ဘုရား)၊ ထမင်း၊ ခဲဖွယ်၊ ဘောဇဉ်၊ အာဟာရကို မေးကြည့်ပါဦး (မှန်ပါ)၊ ကျုပ်တို့ပြောတဲ့အတိုင်း ခင်ဗျားတို့က ထောက်ပံ့ ကူညီမှာလားဆိုတော့ သူတို့ ဘာမှမပြောဘူး (မှန်ပါ)၊ ဖြုတ်ချင်တဲ့နေ့ဖြုတ်မယ် (ဖြုတ်မှာပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စိတ်ကူးတစ်မျိုး ဖြစ်စဉ်တဖုံဆိုတာ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ ဒါက စိတ်ကူး ဒီဟာတွေကို မင်းတို့က စိတ်ကတော့ကူးတာပဲ ဖြစ်စဉ်ကတော့ လိုက်ပါ့မလား (မလိုက်ပါ ဘုရား)။

အခုကောင်းနေလျက်နဲ့ တော်ကြာ လည်နာလာပြန်ပြီ၊ ရင်နာပြန်ပြီ၊ ခေါင်းကိုက်ပြန်ပြီ၊ ကျောအောင့်ပြန်ပြီလို့ မလာကြဘူးလား (လာပါတယ် ဘုရား)၊ ဘာဖြစ်လို့လာတာတုံး သူများစီမံသလိုခံနေရလို့ (မှန်ပါ)၊ သူများဆိုတာ ဒီလေးခု (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သူများဆိုတာ ဘယ်သူပါလိမ့် (ကံ၊ စိတ်၊ ဥတု၊ အာဟာရပါ ဘုရား)၊ အကြောင်း လေးပါး (မှန်လှပါ ဘုရား)။

အကြောင်းလေးပါး စီမံသလိုသာ အကုန်အုပ်ချုပ်ရေး ဒကာသိုက်တို့ ခံနေရတော့ ချောင်းဆိုးလိုက်ဆိုလို့ရှိရင် လည်း အမောဆိုက်အောင်ဆိုး (မှန်ပါ)၊ ခံလိုက်ရတာပဲ (ခံရပါတယ် ဘုရား)၊ ခံလိုက်ရတာပဲ၊ ချောင်းဆိုးရင်းနဲ့ သေလိုက် ကွာဆိုရင်ကော (သေလိုက်ရပါတယ် ဘုရား)၊ အဲဒါကျတော့ အာဟာရကနေ စီမံလိုက်တာ (မှန်လှပါ ဘုရား)။

အာဟာရကနေ ကဲ ချောင်းဆိုးတဲ့အစာ စားတာနဲ့ ချောင်းဆိုးပြီး သေလိုက်ကွာဆိုပြီး အာဟာရက စီမံတော့ ခင်ဗျားတို့က ဘာများတတ်နိုင်သေးတုံး (မတတ်နိုင်ပါ ဘုရား)။

သူများစီမံသလိုခံရတဲ့ ကျွန်သဘောက်

ဒါဖြင့် ဒီရုပ်ခန္ဓာကြီးကို မောင်ကျော်သိန်းတို့၊ တင်လှတို့က ဘာခန္ဓာလို့ ဆိုကြမယ် (အနတ္တခန္ဓာပါ ဘုရား)၊ အနတ္တခန္ဓာ၊ သူများစီမံသလိုခံရတဲ့ ကျွန်သဘောက်ဖြစ်နေလို့ ဒုက္ခသစ္စာ (မှန်ပါ)၊ သဘောပါကျပြီလား (ပါပါပြီ ဘုရား)၊ အနတ္တခန္ဓာကိုယ်ဆိုလည်း ဟုတ်တာပဲ၊ ဒုက္ခသစ္စာခန္ဓာကိုယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။

ဘယ်မှာတုံးကွ မောင်ချစ်စိန်ရ၊ မင်းဖြစ်စဉ်က မင်းအကြိုက်တွေပါသေးရဲ့လား (မပါတော့ပါ ဘုရား)၊ သေလိုက် ဆို သေရုံပဲမဟုတ်လား (မှန်ပါ)၊ ရှင်လိုက်ဆိုရင် (ရှင်ရုံပါ ဘုရား)၊ ရှင်ရာကနေ ဗိုင်းခနဲ ထိုးလဲလိုက် ဆိုရင်ကော (လဲရပါတယ် ဘုရား)၊ ကိုယ့်သဘော ဘယ့်နှယ်တုံး (မပါပါ ဘုရား)။

အဲဒီတော့ ကံမကောင်းလို့ချည်း မင်းတို့မချပါနဲ့ (မှန်ပါ)၊ စိတ်ကြောင့်လည်း ဖြစ်နိုင်ပျက်နိုင်တာပဲ (မှန်ပါ)၊ ဥတုကြောင့်ကော (ဖြစ်နိုင်၊ ပျက်နိုင်ပါတယ် ဘုရား)၊ အာဟာရကြောင့်ကော (ဖြစ်နိုင်၊ ပျက်နိုင်ပါတယ် ဘုရား)၊ ဖြစ်နိုင်၊ ပျက်နိုင်တာချည်းပဲဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့က ကံမကောင်းလို့ ဖျားရတယ်၊ ကံမကောင်းလို့ နာရတယ်၊ ကံမကောင်းလို့ စီးပွားရေးပျက်ရ တယ်ဆိုတာ မင်းတို့ကံတစ်ခုတည်း ယူပစ်လိုက်လို့ ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ)၊ ဖြစ်တာက လေးကြောင်း (မှန်လှပါ ဘုရား)။

ဘာဖြစ်ဖြစ် ကံပေါ်ချလိုက်ရင် ဒိဋ္ဌိပဲ

ကဲ မြင်ကြပြီလား (မြင်ပါပြီ ဘုရား)၊ အဲဒီတော့ ကံကိုအယူရှိတဲ့ ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ)၊ ဘာဖြစ်ဖြစ် ကံပေါ်ချလိုက်ရင် ဒိဋ္ဌိပဲ (မှန်လှပါ ဘုရား)။

ခရမ်းသီးစားလို့ ချောင်းဆိုးတာ ကံမကောင်းလို့လားကွာ (မဟုတ်ပါ ဘုရား)၊ အာဟာရပဲ (မှန်ပါ)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ ခရမ်းသီးစားလို့ ချောင်းဆိုးတာ ကံမကောင်းလို့ ကျုပ်တို့ တစ်အိမ်လုံး လင်ရော မယား ရော ချောင်းဆိုးနေတယ်လို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)၊ ကံနဲ့ ဘာမှမဆိုင်ဘူး (မဆိုင်ပါ ဘုရား)၊ မဆိုင်ပါဘူး၊ ဥတုက အအေးပတ်သွားလို့ ချောင်းဆိုးတာကို မောင်ကျော်သိန်းက ကံမကောင်းလို့ ချောင်းဆိုးတယ်ဆိုရင် ဒါ မှန် သလား-မှားသလား (မှားပါတယ် ဘုရား)။

ဒါကြောင့် မင်းတို့ ကံချည်းယူနေလို့ရှိရင် ဒိဋ္ဌိတဲ့ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ကံချည်းယူနေရင် (ဒိဋ္ဌိပါ ဘုရား)၊ ဒိဋ္ဌိပဲဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ မင်းတို့ဟာမင်းတို့ ဒိဋ္ဌိဖြစ်နေတာ မသိဘူး (မသိပါ ဘုရား)၊ ကံပေါ်ပဲချလိုက်တာပဲ၊ ကောင်းကံ-ဆိုးကံ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဥပမာမယ် ဒေါ်ရွှေကြီး ဆံပင်ဖြူနေတယ်၊ ကံမကောင်းလို့ ဖြူတာလားလို့ မေးလို့ရှိရင် မဟုတ်ပါဘူးတဲ့၊ ဥတုကြောင့် ဖြူရတာ (မှန်ပါ)၊ ဟင် (ဥတုကြောင့် ဖြူရတာပါ ဘုရား)၊ အပူစာတွေစားလို့ရှိရင်လည်း ဖြူရမယ် (မှန်ပါ)၊ ဆိုတော့ ကံနဲ့ ဘာဆိုင်တုံးကွ (မဆိုင်ပါ ဘုရား)၊ နှာစေးလာတယ်၊ အအေးပတ်လို့ နှာစေးတာကျတော့ ကံ မကောင်းလို့ဗျာဆိုလို့ရှိရင် တည့်ပါ့မလား (မတည့်ပါ ဘုရား)၊ မတည့်ဘူးကွ၊ ဒါ ဥတုကြောင့်ဖြစ်တာ (မှန်လှပါ ဘုရား)။

ကံပေါ်ချည်းချနေလို့

အဲဒီတော့ မင်းတို့ ဒီနေ့ ဒိဋ္ဌိဖြုတ်နေတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ကံပေါ်ချည်းချနေလို့ ကမ္မဝါဒီဒိဋ္ဌိ ဖြစ်နေလို့ ဖြုတ်နေတာ (မှန်ပါ)၊ ကံချည်း မင်းတို့က မယူပါနဲ့၊ မင်းတို့ကို အုပ်ချုပ်နေတာ လေးခုရှိတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

စိတ်က ဒေါသဖြစ်လို့ နှပ်တွေဘာတွေများ ထွက်လာတာမရှိဘူးလား (ရှိပါတယ် ဘုရား)၊ ကံမကောင်းလို့ နှာစေးလာတယ်လို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)၊ ဘာကြောင့်တုံးဆို စိတ်ကြောင့်ပဲ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)။

စိတ်ကြောင့်ပဲ ဟိုသွားချင်စရာတွေပေါ်၊ ဒီသွားချင်တာတွေပေါ်နေတဲ့ဥစ္စာ၊ ကျုပ် ဘာဖြစ်တယ်မသိဘူးဗျာ၊ ကျုပ်ကံခေတယ်ထင်တယ်၊ ကျုပ်ဂနာမငြိမ်ဘူး ဘာဆိုင်တုံးကွ (ဘာမှမဆိုင်ပါ ဘုရား)၊ ဆိုင်သေးရဲ့လား (မဆိုင်ပါ ဘုရား)၊ မဆိုင်ပါဘူးတဲ့၊ ဒါ စိတ်မကောင်းလို့ဖြစ်တာ (မှန်ပါ)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ ရုပ်ခန္ဓာကြီးအပေါ်မှာ အုပ်ချုပ်ရေး ဘယ်နှစ်ခုရှိသတုံး (လေးခုရှိပါတယ် ဘုရား)၊ လေးခုရှိတယ် ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဒီလေးခုက ရောက်ရာမှာ သူတို့စီမံလိမ့်မယ် (မှန်ပါ)၊ ရောက်ရာမှာ စီမံပြီး မင်းတို့ကို ကျွန်သဘောက် အလုပ်ခိုင်းမှာ (ခိုင်းမှာပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီလေးခုက ရောက်ရာစီမံပြီး ဘာလုပ်မယ် ထင်ကြတုံး (ကျွန်သဘောက်လုပ်ခိုင်းမှာပါ ဘုရား)၊ ကျွန်သဘောက်လုပ်ခိုင်းမယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကဲ မောင်ကျော်သိန်း ဒီလက်အောက်က မလွတ်သရွေ့ကာလပတ်လုံး ကိုယ့်သဘောကို (မပါပါ ဘုရား)၊ ပါနိုင်ကြပါ့မလား (မပါနိုင်ပါ ဘုရား)၊ ကိုယ့်သဘောကို မပါနိုင်တာထောက်လို့ရှိရင် မင်းတို့ ဒီလေးခုလက်အောက်က လွတ်အောင် ရုန်းရလိမ့်မယ် (ရုန်းရမှာပါ ဘုရား)၊ ဒါမှ ကိုယ့်သဘောအတိုင်း နေလို့ဖြစ်မယ် (မှန်လှပါ ဘုရား)။

နို့မို့လို့ရှိရင်ဖြင့် မိုးရွာချလို့ ကိုယ်သွားချင်တဲ့လမ်း ကိုယ်မသွားနိုင်ဘူး (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ အင်း နေပူနေလို့ ကိုယ်သွားချင်တဲ့လမ်းကို (မသွားနိုင်ပါ ဘုရား)၊ မသွားနိုင်ဘူးဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံး

ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံးဆိုရင် ဒီလေးခုမရှိတာကိုဆိုသည် (မှန်ပါ)၊ ဒီလေးခုမရှိတော့ကို မလွတ်လပ်ဘူးလား (လွတ်လပ်ပါတယ် ဘုရား)၊ ဒီလေးခုရှိနေရင် (မလွတ်လပ်ပါ ဘုရား)။

ဒီလေးခုစီမံသလိုပဲ ခံနေရမယ်ဆိုတဲ့ဥစ္စာ ဘယ်လောက်ကြာခဲ့ကြပြီတုံးလို့ မေးတယ်ကွာ (တစ်သံသရာလုံးပါ ဘုရား)၊ အပါယ်သွားတယ်ဆိုတာ ကံက စီမံချလိုက်တာ (မှန်ပါ)၊ ကမ္ဘာမီးလောင်တယ်ဆို ဥတုက စီမံချလိုက်တာ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ အင်း အစားမှားသေတယ်ဆိုရင် အာဟာရက စီမံချလိုက်တာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ စိတ်ကနေပြီး နတ်ပြည်သွားချင်တဲ့စိတ်ကြောင့် နတ်ကောင်ကြီးဖြစ်ပြီး သေခဲ့၊ ဗြဟ္မာပြည်သွားချင်တဲ့စိတ်ကြောင့် ဗြဟ္မာကောင်ကြီးဖြစ်ပြီး သေခဲ့တာကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါဖြင့် သူတို့ဟာ အသေတွန်းသမားတွေပဲ (အသေတွန်းသမားတွေပါ ဘုရား)၊ ဘယ်နှစ်ယောက်ရှိပြီတုံး (လေးပါးရှိပါပြီ ဘုရား)၊ လေးပါးရှိတယ် သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ခန္ဓာကိုယ်ကို မင်းတို့ ကိုယ်ပိုင်၊ ကိုယ်ဆိုင်၊ ကိုယ့်သဘော၊ ကိုယ့်အကြိုက်၊ ကိုယ့်အလိုက် ဘယ် တော့နေနိုင်မှာတုံးလို့ မေးတော့ ဘယ့်နှယ့်ပြောမှာတုံး (ဘယ်တော့မှ မနေနိုင်ပါ ဘုရား)၊ မနေနိုင်ဘူးလို့ ဒီလိုပဲ မင်းတို့ နေလို့လည်း မဖြစ်ဘူး (မှန်ပါ)၊ ဒီလို ဉာဏ်တုံး ကံတုံးနဲ့ နေမယ်ဆိုလို့ရှိရင်လည်း သူတို့စီမံသလို ခံသွားရုံပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဉာဏ်တုံး ကံတုံးနဲ့သာ နေမယ်ဆိုရင် ဒီလေးပါး၏လက်အောက်မှာ သေဆိုသေလိုက်၊ ရှင်ဆိုရှင်လိုက်၊ ဖြူဆို ဖြူလိုက်၊ အနာပေါက်ဆိုပေါက်လိုက်၊ လည်နာလိုက်ဆိုနာလိုက်၊ ရင်နာလိုက်ဆို (နာလိုက်ရပါတယ် ဘုရား)။

ကဲ မောင်ကျော်သိန်း ဒီလက်အောက်က လွတ်မှ ကောင်းမှာကွ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒီလက်အောက်က မလွတ်ရင် (မကောင်းပါ ဘုရား)။

နိဗ္ဗာန်ဆိုတာ ကံနဲ့လည်းမဆိုင်ဘူးတဲ့

ဒါကြောင့် နိဗ္ဗာန်ဆိုတာ ကံနဲ့လည်းမဆိုင်ဘူးတဲ့ (မှန်ပါ)၊ ဟော ကံက သေစေ ရှင်စေဆိုလို့လည်း မရ တော့ဘူး (မရတော့ပါ ဘုရား)၊ စိတ်နဲ့လည်း မဆိုင်ဘူးတဲ့ စိတ်မရှိလို့ (မှန်ပါ)၊ ဥတုနဲ့လည်း (မဆိုင်ပါ ဘုရား)၊ ပူစေ အေးစေဆိုပြီး သတ်လို့ဖြတ်လို့ ရသေးရဲ့လား (မရတော့ပါ ဘုရား)၊ အာဟာရလည်း မစားတဲ့နေရာမို့ မစားဘဲနဲ့ ချမ်း သာနေတဲ့နေရာမို့ အာဟာရက စီမံသလိုကော ခံရဦးမှာလား (မခံရတော့ပါ ဘုရား)။

ဒါဖြင့် မင်းတို့သည် သူ့အောက်မှာ နေရလို့ရှိရင်ဖြင့် အနတ္တပဲဖြစ်နေမှာပဲ (ဖြစ်ရမှာပါ ဘုရား)၊ အကြောင်း လေးပါး လက်အောက်မှာနေရရင် ဘာဆိုကြမယ် (အနတ္တဖြစ်နေမှာပါ ဘုရား)၊ ဒါဖြင့် ဒီအနတ္တပဲ မင်းတို့ ဆုတောင်း ယူနေကြမယ်ဆိုလို့ ရှိရင်ဖြင့် သူတို့လေးယောက် ဝိုင်းရိုက်သလို ခံရပါလို၏၊ ဒီအတိုင်း ကျမနေပေဘူးလား (ကျနေပါ တယ် ဘုရား)၊ သူတို့လေးယောက် ဝိုင်းရိုက်သလို (ခံနေရပါတယ် ဘုရား)၊ ဒါ မင်းတို့ဉာဏ်တုံးနေတာကွ (မှန်လှပါ ဘုရား)။

သူတို့နဲ့ လွတ်တဲ့နေရာ မရှိတော့ဘူးလားလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ ရှိတယ် မောင်ကျော်သိန်း တို့ တင်လှတို့နော် (မှန်ပါ)၊ သူတို့လွတ်တဲ့နေရာ (ရှိပါတယ် ဘုရား)၊ နိဗ္ဗာန်ဆိုတာ ကံနဲ့ကော ဘာဆက်သွယ်သေးတုံး (မဆက်သွယ်ပါ ဘုရား)၊ စိတ်နဲ့ကော (မဆက်သွယ်ပါ ဘုရား)၊ ဥတုနဲ့ကော (မဆက်သွယ်ပါ ဘုရား)၊ အာဟာရနဲ့ကော (မဆက်သွယ်ပါ ဘုရား)၊ မဆက်သွယ်တော့ကို အဲဒီမဆက်သွယ်တဲ့ နေရာ ရောက်မှပဲ တို့ အနတ္တဘဝက လွတ်မယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မဆက်သွယ်တဲ့နေရာကို သွားနေမှ

မဆက်သွယ်တဲ့နေရာကို သွားနေမှ ဘာတုံး (အနတ္တဘဝက လွတ်မှာပါ ဘုရား)၊ အခုတော့ဖြင့် တော်တော် နေရင် အနတ္တ မပိုင်ပဲကိုး၊ ကိုယ့်ကိုယ်ကိုယ် မပိုင်ပဲကိုး၊ အတော်နေရင် အနတ္တ ညည်းလုံးထုတ်ရပြန်ပြီ (မှန်ပါ)၊ ဘာလို့ ညည်းလုံးထုတ်နေရတာတုံးဆိုတော့ ဒီအောက်နေမိလို့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မောင်ချစ်စိန် ဘယ်အောက်နေမိလို့တုံး (အကြောင်းလေးပါးအောက် နေမိလို့ပါ ဘုရား)၊ အကြောင်းလေးပါး လက်အောက်မှာ နေမိတဲ့အခါကျတော့ ကိုယ့်သဘော ကိုယ့်အကြိုက်ကို ပါသေးရဲ့လား (မပါပါ ဘုရား)။

ဘယ်လိုများ ညည်းကြရတုံး၊ အနတ္တကိုး ဘာတတ်နိုင်မှာတုံး၊ ခံရရုံရှိတာပဲ၊ ကိုယ့်ကိုယ်မှ ကိုယ်မပိုင်ပဲကိုး၊ ဒါပဲ မင်းတို့က အဲဒါကိုညည်းလုံးထုတ်လိုက်တာပဲ (မှန်လှပါ ဘုရား)။

ကိုယ့်ညည်းလုံးက ကိုယ်ပဲ စဉ်းစားပါဦးကွ၊ ကျွန်သံကိုထွက်လို့ (မှန်ပါ)၊ ကိုယ့်ညည်းလုံးက ဘာသံထွက်လာ တုံး (ကျွန်သံထွက်လာပါတယ် ဘုရား)၊ ကိုယ့်ညည်းလုံးကလည်း စဉ်းစားကြည့်စမ်းပါဦး၊ နင်တို့ကတော့ ဂုဏ်ရှိတယ် ထင်လို့ပေါ့လေ၊ အနတ္တပဲမတတ်နိုင်ဘူး ဖြစ်သရွေ့အကြောင်းပဲ-ဟင် (မှန်ပါ)၊ ဖြစ်သရွေ့အကြောင်းပဲဆိုပြီး မင်းတို့ ကတော့ ဒါတော်တော်လေး ပညာရှိတယ်လို့ မင်းတို့ ထင်ပစ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။

အပြီးသတ်တော့ ကျွန်သံထွက်နေတာ

အင်း ဦးသိုက်ကြီး၊ ဒေါ်ရွှေကြီး တော်တော်လေးဉာဏ်ပါလာပြီ၊ အနတ္တပဲဆိုတော့ ဘေးကလူကတော့ အတော်ဟုတ်နေတာ အနတ္တပေါက်ရှာတယ်၊ အပြီးသတ်တော့ ကျွန်သံထွက်နေတာ (မှန်ပါ)၊

အပြီးသတ်တော့ ဘာသံ ထွက်နေတာတုံး (ကျွန်သံထွက်နေပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘာသံတွေများ ထွက်နေတာတုံး (ကျွန်သံတွေပါ ဘုရား)။

တစ်နေ့သော်လည်း မင်းတို့ ဘာသံထွက်နေတာတုံး (ကျွန်သံထွက်နေပါတယ် ဘုရား)၊ မင်းတို့က သခင်ဖြစ် အောင်မှ မလုပ်နိုင်ပဲကိုး (မှန်ပါ)၊ ဒီအသံကို ပြောင်းလို့ကိုမရတော့ဘူး (မရတော့ပါ ဘုရား)၊ သဘောပါပြီလား (ပါပါ ပြီ ဘုရား)။

ဒီအသံကိုမှ မင်းတို့ ပြောင်းလို့မရသေးလို့ရှိရင် ဘယ်တော့မှ ကိုယ်ပိုင်၊ ကိုယ်ဆိုင်၊ ကိုယ့်သဘော၊ ကိုယ့်အကြိုက်၊ ကိုယ့်အလိုက် ဖြစ်လိမ့်မယ်လို့မှ မအောက်မေ့နဲ့ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီအနတ္တကို ပြောင်းမှရမယ် (ပြောင်းရမှာပါ ဘုရား)၊ ဒီအနတ္တကို ပြောင်းမှရမယ် (မှန်ပါ)၊ ဒီအနတ္တကို ပြောင်းချင်တော့ သူတို့နယ်က ထွက်ရလိမ့်မယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)၊ ဒီအနတ္တပြောင်းချင်ရင် (သူတို့နယ်ကထွက်ရမှာပါ ဘုရား)၊ သူတို့နယ်က ထွက်ရလိမ့်မယ်။

သူတို့နယ်က မထွက်သရွေ့ကာလပတ်လုံး သူတို့ကတော့ အမြဲစီမံနေမှာပဲ (မှန်ပါ)၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ အင်း ဒါပဲ စီမံနေမယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီနယ်က လွတ်ရပါလို၏

အဲဒါကြောင့် အခု ကျောင်းလှူကြတယ်၊ မနက်ဖြန် ကျွေးကြ မွေးကြမယ်ဆိုတာ ဒီနယ်က လွတ်ရပါလို၏၊ ကျွန်သဘောက်အဖြစ်မှ (လွတ်ရပါလို၏)၊ ဒါကို စိတ်ပြောင်းယူရမှာ (မှန်ပါ)၊ ဒီ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြီး၏ အောက်မှာ နေရတာကိုက ကိုယ့်သဘောကိုမပါဘူး (မပါပါ ဘုရား)၊ အာဟာရကများ တက်စေဆိုလို့ရှိရင် အို မူးမိုက်နေအောင်တက်တာပဲ၊ ဟင် (မှန်ပါ)၊ အာဟာရကနေပြီး ဝမ်းလျှောလိုက်ဆိုရင်ကော (လျှောရပါတယ် ဘုရား)၊ ကိုယ့်သဘောပါရဲ့လား (မပါပါ ဘုရား)။

မပါတော့ ဪ ဘယ်မှာသာလျှင် ပျော်စရာပါကြရဲ့လား (မပါပါ ဘုရား)၊ ပျော်ရင်လည်း ကျွန်ပျော် ပျော် တာပေါ့ကွာ (မှန်ပါ)၊ ပျော်ရင်လည်း ဘယ်နှယ်ဆိုကြမှာတုံး (ကျွန်ပျော် ပျော်တာပါ ဘုရား)၊

ကျွန်ပျော်သာ ပျော်နေ တယ် ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် သခင်စိတ်ပေါက်နေသေးတယ်၊ ခက်လိုက်တဲ့ဖြစ်ခြင်းက (မှန်ပါ)၊ ကျွန်က ဘာ စိတ်ပေါက်နေတုံးကွ (သခင်စိတ်ပေါက်နေပါတယ် ဘုရား)။

ဪ မသိရှာဘူးနော်၊ ဘေးကနေပြီး ပညာရှိက ကြည့်တဲ့အခါ ကျွန်က သခင်စိတ်ပေါက်နေတော့ တယ်ရယ်စရာကောင်းတယ် (ရယ်စရာကောင်းပါတယ် ဘုရား)၊ သူများအိမ်မှာ ထမင်းအငှားချက်နေတဲ့ လူကနေ ဧည့်သည်လာတော့ သူကခေါ်ကျွေးလို့ရှိရင် အို ရယ်စရာကြီး (မှန်ပါ)၊ သူက အငှားချက်နေတာကိုး (မှန်ပါ)၊ သူ့ထမင်း သူ့ဟင်း ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ သူက လခစား (မှန်ပါ)၊

ကျွန်သဘောက်ကနေပြီး ကြွားလုံးထုတ်နေတာ

သူကနေ ဧည့်သည်လာတိုင်း ခေါ်ကျွေးနေမယ်ဆို မင်းတို့ စားရဲပါ့မလား (မစားရဲပါ ဘုရား)၊ ဘာလို့တုံး (သူ့ထမင်းမဟုတ်လို့ပါ ဘုရား)၊ ဒီမှာလည်း ခင်ဗျားတို့ကနေ ကြွားနေတာ (မှန်ပါ)၊ ကျွန်သဘောက်ကနေပြီး ကြွားလုံးထုတ်နေတာ၊ ငါ့ ဘာထင်လို့တုံး၊ ငါ့ ဘယ်လိုလူစားမှတ်လို့တုံး၊ ငါအောက်ကျနောက်ကျမှတ်လို့လား၊ ဟေ့ မောင်အောင်မြတ် မင်းတို့ကြွားလုံးတွေပေါ့ကွာ (မှန်လှပါ ဘုရား)။

ဘယ်လိုကြွားတာတုံးဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်သူက ကြွားတာတုံး (ကျွန်က ကြွားတာပါ ဘုရား)၊ ကျွန်က ကြွားနေတာ (မှန်ပါ)၊ ကဲ ဒီလောက်ကြွားလှတယ်ကွာဆိုပြီး ကံကဖြုတ်လိုက်ရင် ဗိုင်းခနဲ လဲတယ် (လဲပါတယ် ဘုရား)၊ မလဲဘူးလား (လဲပါတယ် ဘုရား)၊ လဲပြီး သူသေပွဲဝင်လိုက်ရတာပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့သည် မောင်ကျော်သိန်း ဒီလက်အောက်က လွတ်တဲ့နည်းကို မရှာနိုင်လို့ရှိရင်ဖြင့် ဘယ်အခါ ကာလမှ ကိုယ်ပိုင် ကိုယ်ဆိုင်တော့ မဖြစ်တော့ဘူး (မှန်ပါ)၊ ဖြစ်ပါဦးမလား (မဖြစ်တော့ပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကဲ ဒီတွင်တော်ကြ။

သာဓု သာဓု သာဓု။