3028

မာတိကာသို့

”ဒုက္ခသစ္စာကို သိပြီးမှ လှူကြပါ”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၂၉-၁၂-၆၀) နေ့တွင်အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”ဒုက္ခသစ္စာကို သိပြီးမှ လှူကြပါ”

ည-အလုပ်ပေး တရားတော်

နိဗ္ဗာန်ကိုသာ ရည်မှန်းပြီး လှူဒါန်းကြရမယ်

ကဲ တရားကိုမှတ်ကြ၊ မင်းတို့ နောက်နေ့မှာ မောင်ကျော်သိန်းတို့ တင်လှတို့ လှူဒါန်းမယ့် ဒီကျောင်းတိုက် ကြီးအတွက် ယနေ့ည ကြိုတင် အလှူရေစက်ချ ဟောတယ်လို့လည်း မှတ်ရမယ် (မှန်လှပါ ဘုရား)။

အခုလို မင်းတို့လှူကြတာသည် လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်လို့ လှူကြတာဆိုရင်တော့ အလကားပဲ (မှန်ပါ)၊ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ အစရှိတဲ့ ဒုက္ခတွေကို သိမြင်ပြီး ဒီဒုက္ခတွေမှ ကျွတ်လို-လွတ်လို တဲ့ စိတ်ထားနဲ့လှူကြမှ ကောင်းတယ် (မှန်လှပါ ဘုရား)။

နောင်တစ်ဖန် ပဋိသန္ဓေနေခြင်းကင်းသော နိဗ္ဗာန်ကိုသာ ရည်မှန်းပြီး လှူဒါန်းကြရမယ် (မှန်လှပါ ဘုရား)။

ဒီလိုမှမဟုတ်ရင်ဖြင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း အစရှိတာတွေက ပြန်-ပြန်ရနေဦးမှာပဲ (မှန်ပါ)၊ ဒီလိုဆိုရင်ဖြင့် ဒုက္ခတောထဲက လွတ်ဦးမယ် မဟုတ်ဘူးဆိုတာကိုလည်း သေချာမှတ်ရမယ် (မလွတ်ပါ ဘုရား)။

အမိဝမ်းတွင်း၌ နေရတဲ့ ဒုက္ခဖြစ်စဉ်

ကဲ မင်းတို့ကို ဒီနေ့ အမိဝမ်းတွင်း၌ နေရတဲ့ ဒုက္ခဖြစ်စဉ်တွေကို ပြပေးမယ် (မှန်ပါ)။

ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။

သဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတေ ဃနော။

ဃနာ ပသာခါ ဇာယန္တိ၊ ကေ သာ လောမာ နခါပိစ။ (သဂါထာဝဂ္ဂသံယုတ် ပါဠိတော်)။

ကာယော=ရူပကာယသည်၊ ဂဗ္ဘေ=အမိဝမ်း၌၊ ပဌမံ=ရှေးဦးစွာ၊ ကလလံ=ကလလရေကြည်သည်၊ ဟောတိ= ဖြစ်၏၊ ကလလာ=ကလလရေကြည်မှ၊ ပရံ=နောက်၌၊ အဗ္ဗုဒံ=ရေပြစ်ရေချွဲ အမြှုပ်ခဲသည်၊ ဟောတိ=ဖြစ်၏။

အဗ္ဗုဒါ=ထိုရေပြစ်ရေချွဲ အမြှုပ်ခဲမှ၊ ပရံ=နောက်၌၊ ပေသိ=နုဖတ်ကျိချွဲသားတစ်ခဲသည်၊ ဇာယတေ=ဖြစ်၏၊ ပေသိ-ပေသိယာ=နုဖတ်ကျိချွဲ သားတစ်ခဲမှ၊ ပရံ=နောက်၌၊ ဃနော=ကြက်ဥပမာတူတဲ့ မာမာလုံးလုံး အသားတုံးခဲသည်၊ နိဗ္ဗတ္တတေ=ဖြစ်၏။

ဃနာ=ကြက်ဥပမာတူတဲ့ မာမာလုံးလုံး အသားတုံးခဲမှ၊ ပရံ=နောက်၌၊ ပသာခါ=ခြေနှစ်ချောင်း လက်နှစ်ချောင်း ဦးခေါင်းဖြစ်စရာ ခက်မငါးဖြာတို့သည်၊ ဇာယန္တိ=ဖြစ်ကုန်၏၊ ကေသာ၊ လောမာ၊ နခါပိစ=ဆံ၊ အမွှေး၊ လက်သည်း၊ ခြေသည်းတို့သည်၊ ဇာယန္တိ=ဖြစ်ပေါ်ကုန်၏။

ဒါ ဣန္ဒကဘီလူးကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့အတိုင်း အခု ဆရာဘုန်းကြီးက မင်းတို့ကို ပြန်ဟောနေတာ (မှန်ပါ)၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ လာထားပါတယ် (မှန်လှပါ ဘုရား)။

မင်းတို့ လူဖြစ်တယ်ဆိုတာ လွယ်လွယ်နဲ့ဖြစ်တယ်လို့ မမှတ်ယူကြပါနဲ့ (မှန်ပါ)၊ ဒုက္ခမျိုးစုံ တွေ့ပြီးမှ ဖြစ်ကြရ တာ (မှန်ပါ)၊ ဘာတဲ့တုံး (ဒုက္ခမျိုးစုံ တွေ့ခဲ့ရပါတယ် ဘုရား)။

ပိုးမျိုးရှစ်ဆယ်ရှိတယ်

မင်းတို့ခန္ဓာကိုယ်ထဲမှာ ပိုးမျိုးရှစ်ဆယ်ဆိုတာတွေ ရှိပါတယ်၊ ဘာတွေရှိတုံး (ပိုးမျိုးရှစ်ဆယ်ရှိနေပါတယ် ဘုရား)၊ ဒီပိုးမျိုးရှစ်ဆယ်ကို ဘယ်သူက အစာလာကျွေးသတုံးဆိုရင် ဘယ်သူကမှ လာကျွေးတာမဟုတ်ဘူး (မှန်ပါ)၊ သူတို့ဟာ သူတို့ ရှာစားရတာပဲ (မှန်ပါ)၊ ဘယ်သူက ရှာကျွေးတုံး (သူ့ဟာသူ ရှာစားရပါတယ် ဘုရား)။

ဒီပိုးမျိုးရှစ်ဆယ်ဆိုတာကလည်း မင်းတို့ ငါတို့ ခန္ဓာထဲမှာ ရှိနေကြပါတယ် (မှန်ပါ)၊ လူဖြစ်တယ်ဆိုတာ ဘုရား၊ ဗြဟ္မာ၊ သိကြားက လာဖန်ဆင်းပေးတာမှ မဟုတ်ဘဲ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

အမိဝမ်းထဲမှာ ကိုးလခွဲ-ဆယ်လ ပဋိသန္ဓေနေပြီးမှ မွေးဖွားကြရတာ (မှန်ပါ)၊ ဘယ်လိုမှတ်ရမယ် (ကိုးလခွဲ- ဆယ်လ ပဋိသန္ဓေနေရပါတယ် ဘုရား)၊ အေး ကိုးလခွဲ-ဆယ်လ ပဋိသန္ဓေနေပြီးလို့ ဒုက္ခမျိုးစုံကြုံပြီးလို့ မသေမှ ဒီကိုရောက်လာတာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အမိဝမ်းထဲမှာ ပဋိသန္ဓေနေရပြီဆိုတော့ ကာယော=ရူပကာယသည်၊ ဂဗ္ဘေ=အမိဝမ်း၌၊ ပဌမံ=ရှေးဦးစွာ၊ ကလလံ =ကလလရေကြည်သည်၊ ဟောတိ=ဖြစ်၏။

ကလလရေကြည်ကလေးဟာ အမိဝမ်းတွင်းမှာ ရှေးဦးစွာဖြစ်ရတယ် (မှန်ပါ)၊ အမိဝမ်းထဲမှာကလည်း ပိုးမျိုး ရှစ်ဆယ်ဆိုတာက မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒီပိုးမျိုးရှစ်ဆယ်ဆိုတာကလည်း အမိဝမ်းထဲမှာ ဟိုဟာရှာစား၊ ဒီဟာရှာစားနဲ့ နေနေတာပဲ (မှန်ပါ)၊ မနေပေဘူးလား (နေပါတယ် ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဓာတ်မှန်ထဲ ကြည့်လိုက်ရင် အခုအခါမှာမြင်သလို ပိုးကောင်တွေက ရှိနေတယ်၊ အဲဒီပိုးကောင်တွေကလည်း ဒီလိုဟာရှာစားနေတာ၊ ဒီလိုအညစ်အကြေးတွေ၊ ဒီလိုဟာလေးတွေ ရှာစားနေတော့ သူတို့ကလည်း ဝမ်းထဲမှာရှိတာ၊ ဒီဟာလေးတွေ့သွားလို့ရှိရင် တွေ့တဲ့အကောင်က စားလိမ့်မယ်ဆိုတာ မောင်ကျော်သိန်း မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

မသာပို့မပါပဲနဲ့ သေတာပဲ

တွေ့မှာနဲ့ မတွေ့မှာက ဘယ်ဟာကများသတုံးလို့ မေးရင် တင်လှတို့ ဘယ့်နှယ်ဖြေကြမှာတုံး (တွေ့မှာက များပါတယ် ဘုရား)၊ တွေ့ရင် မသာပို့မပါပဲနဲ့ သေတာပဲ (မှန်ပါ)၊ မောင်ကျော်သိန်း ပဋိသန္ဓေ၊ ငါ့ပဋိသန္ဓေ၊ တင်လှ ပဋိသန္ဓေ (မှန်လှပါ ဘုရား)။

ဒါဖြင့်ကွာ နောက်တစ်ခါပြန်တည်ပြန်တော့ ဒီလိုဟာကစဦးဆိုတော့ ဝမ်းထဲမှာ လူတစ်သိန်းသေလို့ အပြင်ဘက် တစ်ယောက်မရောက်ဘူး (မရောက်ပါ ဘုရား)၊ ဝမ်းထဲမှာ လူတစ်သိန်းသေလို့ အပြင်ဘက် တစ်ယောက်မရောက်နိုင် ဘူးဆိုတာ သေချာမှတ်ရမယ် (မှန်ပါ)၊ ဖြစ်ဖို့ရာ အသာထားစမ်းပါဦး၊ သေဖို့ရာက သေချာနေတယ်ဆိုတာ ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။

ဒါ ဇာတိဒုက္ခ (မှန်ပါ)၊ လူဖြစ်ဖို့ရာ မောင်ကျော်သိန်း လွယ်ရဲ့လားကွ (မလွယ်ပါ ဘုရား)၊ ဟေ့ တင်လှ တို့ကော (မလွယ်ပါ ဘုရား)။

အဲဒါကြောင့် ဆရာဘုန်းကြီးနဲ့ တွေ့လာတော့ ဟေ့ မောင်ကျော်သိန်း ပေါ့ပေါ့မနေနဲ့ကွ၊ သိလာပြီကွ (မှန်ပါ)၊ မသိခင်တုန်းက နေတာ ဘာမှအရေးမကြီးဘူး၊ အခု သိလာပြီကွ၊ ဒါကြောင့် ခဏခဏ တိုက်တွန်းနေတာ (မှန်ပါ)။

ဒါ အမေက ကုန်းလိုက်ရင်လည်း နေရာရွေ့သွားပြီး ပျက်တာပဲ (မှန်ပါ)၊ အမေက နောက်ပြန်ကော့လိုက်လို့ နေရာရွေ့ရင်လည်း ခုနကဟာလေးက နေရာပျက်သွားရင် သေပြန်တာပဲ (သေပါတယ် ဘုရား)၊ ပင့်ကူဥလေးတွေလို ကပ်နေတာကိုးကွ (မှန်လှပါ ဘုရား)။

ကလလရေကြည်ပဲ ပါသေးတယ်

ဒါဖြင့် ပိုးမျိုးရှစ်ဆယ်ဆိုတာ အမျိုးပေါင်းရှစ်ဆယ်၊ အကောင်ရေကိုဆိုတာ မဟုတ်ဘူး (မှန်ပါ)၊ အဲဒါတွေက လည်း ဒါရှာစားနေတာပဲ၊ အမေက ကုန်းလိုက်-ကွလိုက်လို့ နေရာရွေ့သွားရင် ဘာဖြစ်မယ်ထင်ကြတုန်း (သေမှာပါ ဘုရား)၊ ဟ မောင်ကျော်သိန်း လူဖြစ်ဖို့ရာ လူကိုလည်း မပါသေးဘူးကွ၊ ဒီထဲမှာ ကလလရေကြည်ပဲ ပါသေးတယ် (မှန်လှပါ ဘုရား)။

ကလလရေကြည်ပဲ ပါသေးတော့ ဒါလေးဟာက ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါကြီးငယ်ဆိုတာ မောင်ကျော် သိန်း အသာထားစမ်းပါဦးကွ၊ ဒီအရေကြည်လေးရှိသေးတာ (မှန်ပါ)၊ ဒီအရေကြည်လေးကလည်း ပြောပလောက်ကဲ့ လား (မပြောပလောက်ပါ ဘုရား)၊ မပြောပလောက်ပါဘူးတဲ့။

အဲဒီတော့ အဲဒီမှာ ဒီအတိုင်းပဲ သေလိုက်တဲ့ ဒုက္ခဟာလည်း ဇာတိဒုက္ခပဲ (မှန်ပါ)၊ အမေက ရေသောက်လိုက် တယ်၊ ရေသောက်တော့ ရေသောက်များသွားလို့ ဒါလေးဟာ သားအိမ်နေရာမှာပဲ ပျက်စီးသွားပြန်တယ်ဆိုလည်း သွားပြန်တာပဲ (မှန်ပါ)၊ သားလျှောတယ် ဖြစ်သွားတာပဲ (မှန်ပါ)၊ ကြီးမှ လျှောတာသာသိတယ်၊ ငယ်ငယ်က လျှောတာ ကို အမေတွေက သိတာမဟုတ်ဘူး (မသိပါ ဘုရား)။

မတည့်တဲ့အစာတွေ စားလိုက်မယ်၊ ကုန်းလိုက်မယ်၊ ကွလိုက်မယ်၊ ခြေထောက်ဆောင့်လိုက်မယ်ဆိုရင် သွားပြီ၊ နေရာပျက်သွားတာပဲ၊ နေရာပျက်သွားရင် ဒါတစ်ယောက် သေပြန်တာပဲ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်တုံးကွ အပြင်ဘက်ရောက်ဖို့အရေး အဝေးကြီးကျန်ပါသေးလား (ကျန်ပါတယ် ဘုရား)၊ အပြင်ဘက် ရောက်ဖို့အရေး အဝေးကြီးကျန်သေးတယ် (မှန်လှပါ ဘုရား)။

ဣန္ဒကဘီလူးကို ဘုရားက ဟောတာ

ကဲ ဒီအရေတွေက ဒီသားအိမ်ထဲမှာပဲ ကပ်နေရတယ်၊ ကလလရေကြည်လေးဟာ (မှန်ပါ)၊ (၇) ရက် နေမယ် “ပဌမံကလလံ”တဲ့၊ ဒါ ဣန္ဒကဘီလူးကို ဘုရားက ဟောတာ၊ ငါကဟောနေတယ်လို့ မင်းတို့က အောက်မေ့ မနေနဲ့ (မှန်ပါ)၊ လူ ဘယ်ကစဖြစ်တာတုံးလို့ မေးလို့ ဣန္ဒကဘီလူးကို ဟောတာ (မှန်လှပါ ဘုရား)။

ကဲ လူ့ဘဝ ရလွယ်သလား၊ ရခဲသလားဆိုတာ မောင်ကျော်သိန်း စဉ်းစားရမယ် (ရခဲပါတယ် ဘုရား)၊ တင်လှတို့ကော (ရခဲပါတယ် ဘုရား)၊ ဒီအထဲမှာ ပိုးမျိုးရှစ်ဆယ်ကလွတ်ဖို့ ဘယ့်နှယ်နေတုံး (မလွယ်ပါ ဘုရား)၊ ကဲ အမေက ကုန်းလိုက်-ကွလိုက်လို့၊ ရေတွေသောက်လိုက်လို့၊ ထမင်းတွေစားလိုက်လို့၊ ဆောင့်အောင့်ပြီး ထွက်သွားလိုက် လို့၊ ချော်လဲလိုက်လို့ရှိရင် ပျက်စီးစရာနဲ့ မပျက်စီးစရာ၊ ဘယ်ဟာကများတုံး (ပျက်စီးစရာက များပါတယ် ဘုရား)။

ဒါဖြင့် အဲဒါ ဇာတိဒုက္ခပါပဲ၊ တယ်ကြီးကျယ်ပါလား (ကြီးကျယ်ပါတယ် ဘုရား)၊ ဒါကြောင့် ဇာတိပိဒုက္ခာလို့ ဟောတာ (မှန်ပါ)၊ နာမည်ပေးဖို့၊ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါဖြစ်ဖို့ဆိုတာ တင်လှ အဝေးကြီးကျန်ပါသေးတယ် (မှန်ပါ)၊ မောင်ကျော်သိန်း အဝေးကြီးကျန်သေးတယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဘာဒုက္ခတဲ့တုံးကွ (ဇာတိဒုက္ခပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ ကိုက်ပြီလား (ကိုက်ပါပြီ ဘုရား)၊ ဘာသိ တာတုံးလို့ မေးလို့ရှိရင် ဘာမှမသိသေးဘူး၊ အရေကြည်လေးရယ် သူနဲ့တွဲနေတဲ့ နာမ်ကလေးရယ် (မှန်ပါ)၊ ဘာသိ သတုံးဆို ဘာမှမသိဘူး၊ ဒီအတိုင်းကပ်နေတာရှိတာပဲ (မှန်ပါ)၊ ဒါ ဘာဒုက္ခခေါ်ကြမယ် (ဇာတိဒုက္ခပါ ဘုရား)။

ကဲ မောင်ကျော်သိန်း ဒီဟာမျိုး နောက်ထပ်ဖြစ်ချင်သေးသလား (မဖြစ်ချင်ပါ ဘုရား)၊ တင်လှကော (မဖြစ်ချင်ပါ ဘုရား)။

ဇာတိဒုက္ခကြီးကို ရွံလွန်းလို့

အဲဒီ ဇာတိဒုက္ခဟာ ဘုရား၊ တပည့်တော်တို့ အမိဝမ်းခေါင်းထဲမှာ ဒီလိုသာဖြစ်ရမယ်ဆိုလို့ရှိရင်ဖြင့် သေဖို့ ကြေဖို့ အရေးဟာကလည်း အင်မတန်များနေတဲ့အတွက် အဲဒီဇာတိဒုက္ခကြီးကို ရွံလွန်းလို့၊ ကြောက်လွန်းလို့၊ မုန်းလွန်း လို့၊ ဒီဒုက္ခမှ လွတ်ချင်လို့ ဒီကျောင်းကို ဆရာတော်အား လှူပါ၏၊ ဤသင်္ကန်းကို လှူပါ၏၊ ဤမိတ်ဆွေသင်္ဂဟတွေကို ဤအကျွေးအမွေးတွေနဲ့ ပေးကမ်းပါ၏လို့ စိတ်ထဲပြောင်းပစ်လိုက် (မှန်ပါ)၊ ဒါကြောက်လို့ လှူတာနော် (မှန်လှပါ ဘုရား)။

ဒီဇာတိဒုက္ခကြီးကို လုံးဝမလိုချင်တော့လို့ (မှန်ပါ)၊ လိုချင်ကြသေးလား (မလိုချင်တော့ပါ ဘုရား)။

ကဲ လိုက်ကြ-လိုက်ကြ၊ မင်းတို့နှစ်ယောက် လိုက်ဆိုကြနော် (မှန်လှပါ ဘုရား)။

(တပည့်တော်-တပည့်တော်မတို့သည် ယခုဟောသော ဇာတိဒုက္ခမှ ကြောက်ခြင်း ရွံ့ခြင်း မုန်းခြင်း မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ ဇာတိမှ လွတ်ရာဖြစ်သော အဇာတိဟုဆိုအပ်သော နိဗ္ဗာန်ကိုသာ ရလို ရောက်လိုခြင်း ပြင်းပြသည် ဖြစ်ပါ၍ ဤကျောင်းနှင့် ဤဘုရား ဤအကျွေးအမွေးတွေကို လှူဒါန်းတည်ထား ပေးကမ်းပါ၏ အရှင် ဘုရား)။

ဇာတိကြောက်လို့ လှူတာ ဘာမှမလိုချင်ဘူး၊ ဇာတိလွတ်ရင်ပြီးရော (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါလေးဟာက ခုနစ်ရက်တဲ့ကွ၊ ဒီအရေကြည်လေးတင် (၇) ရက် (မှန်ပါ)၊ ပြီးတော့မှ ဒါလေးက အမြှုပ်ကလေး တွေ သေးသေးလေးတွေ ဖြစ်လာတာက (၇) ရက်တဲ့၊ အမြှုပ် (၇) ရက်အတွင်းကော မောင်ကျော်သိန်းတို့ တင်လှတို့ ပျက်စီးနိုင် မပျက်စီးနိုင် အကဲခတ်ပါဦး (ပျက်စီးနိုင်ပါတယ် ဘုရား)၊ ပျက်စီးနိုင်တာချည်းပဲ၊ မပျက်စီးနိုင်တာကို မင်းတို့ တွေးကြည့်စမ်း (မရှိပါ ဘုရား)။

လူ့ဘဝ ရလွယ်သလား၊ ရခဲသလား

ကဲ လူ့ဘဝ ရလွယ်သလား၊ ရခဲသလားဆိုတာ မောင်ကျော်သိန်းပဲ အကဲခတ်ပါကွာ (ရခဲပါတယ် ဘုရား)၊ ဘာသိသတုံးမေးပြန်တော့ (ဘာမှမသိပါ ဘုရား)၊ သူများက စားလည်း စားသလိုပဲ ပါသွားရုံပဲ၊ ရေနဲ့တိုက်ချလည်း ရေနဲ့ပါသွားရုံပဲ၊ လှုပ်လိုက်ရှားလိုက်လို့ ပြုတ်ကျသွားရင်ကော ပြုတ်ကျရုံပဲ၊ သူက ဘာမှမတတ်နိုင်ဘူး (မှန်ပါ)။

ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါကြီးငယ် ပေါ်ပြီလားကွ (မပေါ်သေးပါ ဘုရား)၊ ဘယ်ပေါ်ဦးမှာလဲ အခုမှ စခါရှိသေးတယ်၊ ဒီအထဲက တည်တံ့စရာ၊ ခိုင်ခံ့စရာ ပါပြီလား (မပါသေးပါ ဘုရား)၊ အဲဒါ ဇာတိဒုက္ခကွ (မှန်လှပါ ဘုရား)။

အဲဒီအမြှုပ်ကလေးချည်း ဖြစ်နေရတာက (၇) ရက်တဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ (၁၄) ရက်ရသွားပြီ (မှန်ပါ)၊ အမေက ငါ့ကို ပဋိသန္ဓေရှိတယ်၊ ငါ့ဖြင့် ပဋိသန္ဓေရှိတယ်လို့ ဘယ်လောက်ပါးတဲ့ အမေဖြစ်ဖြစ် မသိဘူး (မသိပါဘုရာ)၊ သိကိုမသိဘူး (မှန်ပါ)၊ ဘယ်သိမှာတုံး ဒီလောက်သေးငယ်တာလေး ကပ်နေတာ၊ ခြင်ကောင် လေး ကပ်နေတာလောက်တောင် မရှိတဲ့ဥစ္စာ (မှန်ပါ)၊ ရှိပါ့မလား (မရှိပါ ဘုရား)။

အမေက မသိဘူးတဲ့၊ မသိတော့ သူစားချင်တာ စားမှာပဲ၊ သွားချင်တာ သွားမှာပဲ၊ ရေချိုးချင်ချိုးမှာပဲ၊ မိုးချိုး ချင်ချိုးမှာပဲ၊ ရေနွေးသောက်ချင် သောက်မှာပဲ (မှန်ပါ)၊ မချပေဘူးလား (ချမှာပါ ဘုရား)။

အဲဒါတွေကို မင်းတို့ စဉ်းစားကြည့်တော့ ပျက်စီးဖို့ရာလား မပျက်စီးဖို့ရာလားဆိုတာ စဉ်းစားမိကြရဲ့လား (ပျက်စီးဖို့ရာပါ ဘုရား)၊ ပျက်စီးဖို့ရာက များတယ် (မှန်ပါ)၊ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ပျက်စီးဖို့ရာများတော့ ဒီဥစ္စာကို မင်းတို့ နောင်တစ်ဖန်ပြန်ပြီး ဒီအမြှုပ်ကလေးတွေ ဖြစ်ချင်သေးသလား (မဖြစ်ချင်ပါ ဘုရား)၊ ဒါဖြင့် ဒါ ဘာသစ္စာလို့ မင်းတို့က ထင်ကြမှာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာအစစ်ပဲ (မှန် လှပါ ဘုရား)။

လွတ်ချင်လို့ လှူပါတယ်ဘုရား

အဲဒါကြောင့် ဪ ဒီဒုက္ခကြီးကို နောင်တစ်ဖန် မတွေ့ချင်လို့၊ ဆရာဘုန်းကြီးထံ ကျောင်းအဖြစ် ကျောင်း လှူပါ၏၊ သင်္ကန်းလှူပါ၏၊ ပရိဘောဂတွေလှူပါ၏၊ အသုံးအဆောင်တွေ လှူပါ၏ဆိုတော့ ဘာဖြစ်ချင်လို့ မင်းတို့က ဒါလောက်အဖိုးတန်တွေ ငွေပေါင်းများစွာ အကုန်ခံပြီး လုပ်ရတာတုံး၊ ဒါတွေကို ရွံလွန်း-မုန်းလွန်းလို့၊ ဒါတွေမှ လွတ်ချင်လို့ လှူပါတယ်ဘုရားဆိုတာကို စိတ်ပြောင်းလိုက် (မှန်ပါ)၊ ပြောင်းပြီးပြီလား (ပြောင်းပြီးပါပြီ ဘုရား)။

မတွေ့ချင်လို့ ဘာတုံး (လှူတာပါ ဘုရား)၊ မတွေ့ချင်လို့ လှူတာ၊ ဒီဥစ္စာကို နောက်ထပ်ပြန်ရမှာ ကြောက်လွန်း လို့ (မှန်ပါ)၊ ဆိုတော့ ဒုက္ခသစ္စာကို မြင်ပြီးတော့ လှူတဲ့အလှူ၊ ဒုက္ခသစ္စာမြင်ပြီး ဒုက္ခသစ္စာမုန်း၊ ဒုက္ခသစ္စာကြောက်၊ ဒုက္ခသစ္စာရွံပြီး သကာလ လှူတဲ့အလှူဖြစ်လေသောကြောင့်တဲ့ နောင်ကို လူဒုက္ခလည်းမရဘူး၊ နတ်ဒုက္ခကော (မရပါ ဘုရား)၊ ဗြဟ္မာဒုက္ခကော (မရပါ ဘုရား)၊ အပါယ်ဒုက္ခတွေကော (မရပါ ဘုရား)။

အဲဒီလိုမရအောင်လို့ ဆရာဘုန်းကြီးက အခု မနက်ဖြန်ဆို မင်းတို့လည်း ဒီလိုနှလုံးသွင်းနိုင်မှာ မဟုတ်ဘူး၊ ဆရာဘုန်းကြီးလည်း ဒီလို ရေရေလည်လည် ပြောလို့ရမှာ မဟုတ်ဘူးဆိုပြီး သကာလ မင်း ဒီနေ့ည ဒီမှာအိပ်လို့ ပြောတာ (မှန်လှပါ ဘုရား)။

အခု (၁၄) ရက်ရှိသွားပြီနော် (မှန်ပါ)၊ ဒီအရေကြည်ကလေးက (၇) ရက်၊ အမြှုပ်ကလေးက (၇) ရက်ပါ ဘုရား)။

အမြှုပ်ကလေးက (၇)

တခဲနက် ကလလရေကြည်နဲ့ အမြှုပ်ကလေးဟာ နောက်မှ ဒါလေးဟာ သွေးခဲလေးလို နီနီလေးဖြစ်လာတယ် (မှန်ပါ)၊ ၁၅ ရက်က စတယ် (မှန်ပါ)၊ ဒါလေးဟာလည်းကွာ တို့ အင်မတန်နုတဲ့ တိုဟူးလိုဖြစ်နေတဲ့ဥစ္စာ၊ ခိုင်စရာ မြဲစရာ ပါရဲ့လား (မပါပါ ဘုရား)၊ ဒီမှာလည်း ပျက်စီးနိုင်တာပဲ (မှန်ပါ)၊ ဒီမှာလည်း ပျက်စီးနိုင်တာပဲ ဆိုတာ သေချာ ကြပြီလား (သေချာပါပြီ ဘုရား)။

ဒီမှာသေတဲ့ပုဂ္ဂိုလ်ပေါင်းလည်း မောင်ကျော်သိန်း မရေတွက်နိုင်ဘူးတဲ့ (မှန်ပါ)၊ ဘုရားဉာဏ်နဲ့ ကြည့်လိုက်တာ (မှန်ပါ)၊ နို့ ခိုင်တာက ဘာပါသေးတုံး (မပါပါ ဘုရား)၊ သေးသေးလေး ဒီလောက်ကလေးရှိတဲ့ဥစ္စာ၊ အမြှုပ်ကလေး ကနေမှ ဒီသွေးခဲလေးသွားဖြစ်တာကိုးကွ (မှန်ပါ)၊ ခိုင်စရာ၊ မြဲစရာ၊ တည်တံ့စရာ (မရှိပါ ဘုရား)။

မပျက်စီးနိုင်ဘူးလား၊ ပျက်စီးနိုင်သလားလို့ ဆရာဘုန်းကြီးက မေးတယ် (ပျက်စီးနိုင်ပါတယ် ဘုရား)၊ ပျက်စီး နိုင်တယ်ဆိုကတည်းကိုက ဒါက ပဋိသန္ဓေရှိသေးတာ၊ ဇာတိပိဒုက္ခာပဲ (မှန်ပါ)၊ ပိုးမျိုးရှစ်ဆယ်ကလည်း ဒါမစားဘူးလို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)၊ အမေက ရေသောက်လိုက်လို့ ဒါလေးမပျက်စီးဘူးလို့ကော (မဆိုနိုင်ပါ ဘုရား)၊ မဆိုနိုင်ဘူး၊ အမေက ခုန်လိုက်-ပေါက်လိုက်၊ ကျော်လိုက်-လွှားလိုက်၊ ချော်လဲလိုက် ဆိုရင်ကော မပျက်စီးနိုင်ဘူးလား (ပျက်စီးနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဘာသစ္စာတုံးကွ (ဒုက္ခသစ္စာပါ ဘုရား)၊ စတုန်းကလည်း ဒုက္ခသစ္စာ၊ နောက် (၇) ရက်လည်း ဒုက္ခသစ္စာ၊ အခု (၁၅) ရက်ထဲ ဝင်လာပြန်တော့လည်း ဒုက္ခသစ္စာပဲ (မှန်လှပါ ဘုရား)။

လူဖြစ်ဖို့အရေးဝေးပါသေးရဲ့ကွာ

ဒါဖြင့် ဒီကနေတက်ရတော့မယ်ဆိုတော့ လူဖြစ်ဖို့အရေး မောင်ကျော်သိန်း ဝေးပါသေးရဲ့ကွာ (မှန်ပါ)၊ မဝေး ဘူးလား (ဝေးပါတယ် ဘုရား)၊ (၁၀) လသွားရဦးမှာကွ (မှန်ပါ)၊ (၉) လခွဲ (၁၀) လအထိအောင် သွားရဦးမှာ (မှန် ပါ)၊ အခု ဒီစကတည်းကိုက အခြေကမခိုင်ဘူး (မှန်ပါ)၊ ခိုင်ကြရဲ့လား (မခိုင်ပါ ဘုရား)။

အဲဒါကြောင့် မင်းတို့အားလုံးကို ပြောတယ်၊ ကွာ နောက်ထပ်မပြန်ပါနဲ့တော့ ဝမ်းထဲတွင် သေကုန်လိမ့် မယ် (မှန်ပါ)၊ ဝမ်းထဲတွင် သေရတဲ့ဘဝတွေက များနေတယ်၊ ဘာမှလဲမသိဘဲနဲ့ သေရတယ် (မှန်ပါ)၊ ထူလပိန်းသေရ တယ်၊ စုံလုံးကန်းသေရတယ်၊ ဘာမှလဲ ကုသိုလ်-အကုသိုလ်မှန်းလဲ မသိဘူး (မသိပါ ဘုရား)၊ ပိုးလောက်ကလေးတွေ သေသလိုသေရတယ် (မှန်လှပါ ဘုရား)။

ပြီးတော့မှ ခုနစ်သုံးလီ (၇x၃)=(၂၁) ရက်ပြီးတော့မှ မာကျော၊ ကလလရေကြည် (၇) ရက်၊ အမြှုပ် (၇) ရက်၊ သွေးခဲ (၇) ရက် ပြီးတော့မှ သားတစ်သဏ္ဌာန်ကလေး ဖြစ်လာခဲ့တယ် (မှန်ပါ)၊ ခုနကဟာလေး သားတစ်ကလေး ဖြစ်လာတယ်၊ အဲဒါကလည်း (၇) ရက်တဲ့၊ ခိုင်စရာ-မြဲစရာ ပါပြီလားကွာ (မပါပါ ဘုရား)၊ ဒါ ဘာသစ္စာဆိုကြမှာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဘာမှ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ အင်္ဂါကြီးငယ် ပေါက်စရာကို မပါလာသေးဘူး ဒုက္ခသစ္စာ၊ အဲဒါ ဇာတိဒုက္ခတွေကွ မောင်ကျော်သိန်းရ၊ ဇာတိဒုက္ခတွေ (မှန်လှပါ ဘုရား)။

လူဖြစ်ဖို့ လွယ်တယ်များ ထင်ကြရဲ့လား

လူဖြစ်ဖို့ လွယ်တယ်များ ထင်ကြရဲ့လားတဲ့၊ အခုလို လူဘဝရောက်ပြီး အခုလို အရောင်းအဝယ်နဲ့ ဆရာသမား နဲ့ တရားကောင်းကလေး နာနေရတာဟာ လွယ်လွယ်များ ရခဲ့ကြတယ်လို့ ထင်မနေကြနဲ့ (မထင်ပါ ဘုရား)၊ ဒါ လူဖြစ် ဖို့ရာ ဆက်ဟောနေလို့သာ ဒီကြား သေတာတွေတော့ ငါ့မထည့်နိုင်တော့ဘူး၊ ဒီကြားထဲမှာ မောင်ကျော်သိန်း ပေါင်း ဘယ်လောက်တုံးဆိုရင် မပြောနိုင်ဘူး၊ ကလလရေကြည်တုန်းက သေခဲ့တာတွေ (မှန်ပါ)၊ တင်လှ ပေါင်းဘယ်လောက် တုံးဆိုရင်ကော (မပြောနိုင်ပါ ဘုရား)၊ မပြောနိုင်ဘူးတဲ့။

ဒါက မသေရင် ဒီလိုဖြစ်တတ်တယ်၊ ဖြစ်တယ်ဆိုတာ အစဉ်သာပြားတယ်၊ ဒီကြားမှာ သေနိုင်တာချည်းပဲ (မှန်ပါ)၊ သေခဲ့တာချည်းပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ဒါဖြင့် သားတစ်ကလေးကလည်း (၇) ရက်ပေါ့ကွ၊ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

အဲဒီသားတစ် (၇) ရက်ထဲမှာပဲ ခိုင်ဖို့၊ မြဲဖို့၊ တည်တံ့ဖို့၊ ခုနက ဝမ်းထဲက ပိုးတွေ အစားလွတ်ဖို့ဆိုတာက ရှောင်နိုင်၊ တိမ်းနိုင်တဲ့သတ္တိ သူ့မှာပါရဲ့လား (မပါပါ ဘုရား)၊ ခြေ၊ လက်၊ နား၊ နှာခေါင်းကို မပေါ်လာသေးဘူးကွ (မှန်ပါ)၊ ပေါ်ပါပြီလား (မပေါ်သေးပါ ဘုရား)။

မပေါ်သေးတော့ ရေကလလည်းသူက ခံဘက်က (မှန်ပါ)၊ ပိုးမျိုးရှစ်ဆယ်က စားမယ့်လာလည်း (ခံဘက်ကပါ ဘုရား)၊ အမေက တုန်တုန်လှုပ်လှုပ်နဲ့၊ ဟိုနားဒီနား သွားလိုက်လို့ရှိရင် သူက ခံဘက်ကဆိုတော့ ရွေ့ပြီး ပျက်စီးသွား တာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ပျက်စီးဖို့ရာနဲ့ မပျက်စီးဖို့ရာ ဘယ်ဟာကများကြသတုံး (ပျက်စီးဖို့ရာက များပါတယ် ဘုရား)၊ ဒါဖြင့် အဲဒီလိုပျက်စီးတာပေါင်း ဘယ်လောက်ရှိခဲ့ပြီတုံးလို့ မေးလို့ရှိရင် မင်းတို့ ဘယ့်နှယ်ပြောမှာတုံး (မရေတွက်နိုင်ပါ ဘုရား)။

ဗြဟ္မာပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း

ဒါကြောင့် ဘုရားက၊ ဗြဟ္မာပြည်က ယူဇနာသန်းပေါင်းများစွာက အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းကို ထောင်ထား၊ အသွားချင်းထိဖို့ ဘယ့်နှယ်နေတုံး (ခဲယဉ်းပါတယ် ဘုရား)၊ အဲဒါကလွယ်သေးတယ်၊ ဒါကမရနိုင်ဘူး (မှန်ပါ)၊ ဒီအပြင်ဘက်ရောက်ပြီး မင်းတို့လို ကျောင်းဒကာ-ကျောင်းအမ၊ သူတော်ကောင်းတရားစစ်-တရားမှန်တွေ့ဖို့၊ လူဖြစ်ဖို့ ဖြစ်ကိုမဖြစ်နိုင်ဘူး (မှန်ပါ)၊ ငါဘုရား မြင်ကိုမမြင်ဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒါကြောင့် အလွဲသုံးစားမလုပ်ကြနဲ့၊ ရတဲ့ဘဝလေးကို (မှန်ပါ)၊ ရတဲ့ဘဝလေးကို (အလွဲသုံးစားမလုပ်ရပါ ဘုရား)၊ ရတဲ့ဘဝလေးကို ပျော်လိုက်၊ ပါးလိုက်၊ လောဘကြီးလိုက်၊ ဒေါသကြီးလိုက်နဲ့ ဒီလိုမနေကြပါနဲ့၊ မြန်မြန်သာ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ဆီကို သွားကြပါ (မှန်ပါ)၊ ဒီလိုလုပ်ပါလို့ဆိုတာကို ကဲ သိတဲ့ပုဂ္ဂိုလ်က တိုက်တွန်းတော့ မင်းတို့ ကိုယ့်ဖြစ်စဉ် ကိုယ့်အကြောင်းကို အခု ဆရာဘုန်းကြီးက ဖော်ပြောလို့ သိပါပြီ (သိပါပြီ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခုနစ်လေးလီ (၇X၄)=၂၈ ရက် ပြီးတော့မှ ၂၉ ရက်မြောက်ကျတော့ အဖုကလေးတွေ ခုနကဟာလေးက ပေါက်လာတယ်၊ ခေါင်းနေရာကလည်း အဖုကလေးပေါက်လာတယ်၊ လက်နေရာ ခြေထောက်နေရာတွေကလည်း အဖုကလေးတွေ ပေါက်လာတယ်၊ မုန့်ညက်ရုပ်ကလေးလိုပေါ့ကွာ (မှန်ပါ)၊ ခြေသည်း-လက်သည်း မပါသေးဘူး၊ ဘုကလေး တင်ထွက်လာတယ်၊ ဒါမသေခဲ့ရလို့ ဒီဘုကလေးတွေ ထွက်လာတယ် (မှန်လှပါ ဘုရား)။

အဲဒီမှာ ခက်မငါးဖြာ (၇) ရက် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ ဒီအချိန်မှာကောကွ ဒီကောင်လေး ဟာ ဘာမှန်းသိပြီလဲလို့ မေးပါဦး (မသိပါ ဘုရား)၊ ဘာမှမသိတော့ ဒီအချိန်မှာ ပျက်စီးမှုကြုံလို့ရှိရင် သူက ဘာကာကွယ် နိုင်သတုံး မေးတော့ (ဘာမှမကာကွယ်နိုင်ပါ ဘုရား)၊ မကာကွယ်နိုင်ဘူး သဘောပါကြပြီလား (ပါပါပြီ ဘုရား)၊ မောင်ချစ် စိန် ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဘယ်လောက်ရှည်ခဲ့ပြီတုံးဆိုတော့ ခုနစ်ငါးလီ (၇X၅) ရှိသွားပြီ (မှန်ပါ)၊ (၃၅) ရက်ရှိသွားပြီ (မှန်လှပါ ဘုရား)။

အဖုကလေးတွေ ထွက်တာပဲရှိသေးတယ်

လူမှန်းသူမှန်း၊ လူရုပ်သူရုပ် ပေါ်ပြီလားကွ (မပေါ်သေးပါ ဘုရား)၊ အဖုကလေးတွေ ထွက်တာပဲရှိသေးတယ်၊ ခေါင်းနေရာက တစ်ခု၊ လက်နေရာက နှစ်ခု၊ ခြေနေရာက နှစ်ခု၊ ဟိုဘက်ဒီဘက် မောင်ကျော်သိန်း ဒါပဲရှိတယ် (မှန်ပါ)၊ တကယ့်မုန့်ညက်ရုပ်လေးပဲ (မှန်လှပါ ဘုရား)။

ခြေသည်းလက်သည်း ဒါတွေကို မစဉ်းစားပါနဲ့၊ ဒါတွေ မလာနိုင်သေးပါဘူး (မှန်ပါ)၊ ဘယ်လောက်ထိအောင် တို့သည်ကားလို့ဆိုလို့ရှိရင် တက်ခဲ့ရတယ်ဆိုတဲ့ဥစ္စာ သိပါစေတော့လို့ ဘုရားကဟောတာ (မှန်ပါ)၊ ဆရာဘုန်းကြီးက တစ်ခါ ဒါကို တစ်ဆင့်ပြောပြန်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီလို ငါးဆင့်တက်လာဖို့ရာလည်း အဝေးကြီးကျန်ပါသေးတယ်၊ အောက်တုန်းကတင် ပျက်စီးနိုင်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအချိန်လေး၊ သူ့ကို ထမင်း ဘယ်သူကျွေးသတုံးလို့ မေးဖို့လိုလာတယ်၊ ဟင် ဘယ်သူလာပေး သတုံးဆို ဘာမှ သူ့မရှိဘူး (မှန်ပါ)၊ သူ့အပေါ်မှာ အမေစားသောက်တဲ့ အစာအာဟာရတွေရှိတယ်၊ ဒီအပေါ်မှာ ဖြန့် ပြီးတော့ အုပ်သွားတယ် (မှန်ပါ)၊ ခုနက ငါးခုလုံး နေရာမှာ စိမ့်ဝင်တယ်၊ ပါးစပ်က စားတာမဟုတ်ဘူး၊ ပါးစပ်မှ မပါ သေးတာ (မှန်ပါ)၊ အဖုလေးငါးခု ရှိသေးတာ (မှန်လှပါ ဘုရား)။

ဒီလိုလာခဲ့ရတာ ထမင်းစားတာတောင် ဘယ်လိုစားခဲ့ရတယ်ဆိုတာ မင်းတို့သိပြီလား (သိပါပြီ ဘုရား)၊ တို့ ဒီထောပတ်သုတ်လိုက်တဲ့အခါ အသားထဲ စိမ့်ဝင်သလို၊ ဒီလို တစ်ကိုယ်လုံးက စိမ့်ဝင်ရတာ အမေစားသောက်တဲ့ အစာအာဟာရတွေက၊ အဆီတွေက ဒီအပေါ်မှာ ပြန့်ပြီးမှ စိမ့်ဝင်သွားတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကဲ ဘယ်ကစားတယ်ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အသားနုနုသေးသေးလေးထဲ စိမ့်ဝင်သွားရတော့

ဒီဟာစားတာလည်း မင်းတို့ စဉ်းစားကြည့်စမ်းပါလားတဲ့၊ သူ့ဟာသူ စားချင်လို့ စားရတာလား၊ ဟိုက စိမ့်ဝင် ချင်တာ ဝင်တာလားလို့ အကဲခတ်ပါဦး (ဝင်ချင်တာဝင်တာပါ ဘုရား)၊ ဒါဖြင့် ငရုပ်ရော၊ ကြက်သွန်ရော၊ ငံပြာရည် ရော၊ ငါးပိရော အစပ်တွေ စုံစေ့ပြီး သကာလ အသားနုနုသေးသေးလေးထဲ စိမ့်ဝင်သွားရတော့ ဘယ်လောက်ထိအောင် နာကျင်ကိုက်ခဲမယ်ဆိုတာကို စဉ်းစားကြည့်စမ်းပါ (မှန်ပါ)၊ အမျိုးစုံဝင်သွားတာပဲ သတ္တိတွေ အကုန်ဝင်သွားတာပဲ (မှန်လှပါ ဘုရား)။

အမေက စားတော့ အမေ့ကိုယ်ထဲလည်း ပျံ့နှံ့ဝင်၊ သူ့ကော (ပျံ့နှံ့ဝင်ပါတယ် ဘုရား)၊ ပျံ့နှံ့ဝင်ရတော့ မောင်ကျော် သိန်း သက်သာခွင့်ရရဲ့လား (မရပါ ဘုရား)၊ မျက်စိ-မျက်နှာတွေ ဘာတွေ မပါသေးဘူးနော် (မပါသေးပါ ဘုရား)၊ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်း ဒါတွေမထည့်နဲ့၊ ဘာမှမပါသေးဘူး (မှန်ပါ)၊ မုန့်ညက်ရုပ်ထဲ စိမ့်ဝင်တာရှိတာ ပဲ၊ မုန့်ညက်ရုပ်ထောပတ်သုတ်တာပဲ (မှန်ပါ)၊ ဘယ်လောက်ဆင်းရဲတုံးကွာ (ဆင်းရဲပါတယ် ဘုရား)၊ ဘာသစ္စာဆိုကြမှာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဤဒုက္ခသစ္စာကြီးကို နောင်တစ်ဖန် မတွေ့ချင်လို့

ဤဒုက္ခသစ္စာကြီးကို နောင်တစ်ဖန် မတွေ့ချင်လို့၊ ရွံ့လွန်း-မုန်းလွန်း၊ ပျင်းရိခြင်း-ငြီးငွေ့ခြင်းရှိသည်ဖြစ်ပါ၍ ဒုက္ခသစ္စာ လွတ်လို၍ ဤကျောင်းကို ဆရာသမားအား လှူပါ၏၊ ဤသင်္ကန်းလှူပါ၏၊ ဤမိတ်ဆွေသင်္ဂဟတွေ စွန့်ကြဲ ပါ၏၊ ကျွေးမွေးပါ၏လို့ ဒါပြောင်းပစ်ရမယ် (မှန်ပါ)၊ ဒါတွေကို ကြောက်လွန်းလို့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါတွေကို ကြောက်လွန်းလို့ လုပ်ရတာနော် (မှန်ပါ)၊ ဒီပြင် လူချမ်းသာ နတ်ချမ်းသာ သွားမလုပ်ပါနဲ့၊ ဒါက စလာလိမ့်မယ်၊ မလာပေဘူးလား (လာမှာပါ ဘုရား)၊ ဒီ ကလလရေကြည်က ပြန်စနေဦးမယ် (မှန်ပါ)။

အဲဒါနဲ့ပြောလိုက်တော့မှ ဟိုဟာတွေက ချမ်းသာမဟုတ်ဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ကဲ အခု ခုနစ်ငါးလီ (၇x၅) ရှိသွားပြီကွ၊ ၃၅ ရက်ရှိသွားပြီ (မှန်ပါ)၊ ဘာများ အခြေ အနေ ထူးလာသေးတုံးဆိုတော့ အဖုလေးတွေ ပေါက်တာပဲ ရှိသေးတယ် (မှန်လှပါ ဘုရား)။

အဲဒီလောက်ကျတော့မှ အမိကျောဘက်မှာ ခုနကဟာလေးက ထိုင်လျက်ကလေး သွားဖြစ်တယ် (မှန်ပါ)၊ ထိုင်လျက်က ဘယ်လိုနေရတုံးဆိုတော့ အမိကျောဘက်မှာ မျက်နှာမူနေရတယ်၊ ခေါင်းက ဒီလိုအုပ်ထားရတယ်၊ ဆောင့် ကြောင့်လေး ထိုင်နေတယ် (မှန်ပါ)၊ အဲဒါ အကြာကြီးနေရဦးမှာ (မှန်လှပါ ဘုရား)။

ခုနက အရုပ်ကလေး ကြီးပွား-ကြီးပွားလာတော့ ဘယ်အပေါ်မှာ ထိုင်မိလျက် ကြုံနေရသတုံးဆိုတော့ အောက် က အမေ့ကျင်ကြီး (မှန်ပါ)၊ အပေါ်က အမေစားသောက်ထားတဲ့ အစာသစ်တွေကို ရွက်ထားရတယ်၊ စားသောက်တဲ့ အစာတွေက သူ့ခေါင်းပေါ်မှာ လာကျတယ် (မှန်ပါ)၊ အူဘက်လှည့်သွားတော့ အမေ့ကျင်ကြီးပုံပေါ်မှာ သူက သွား ထိုင်ရတယ် (မှန်ပါ)၊ အောက်မကျသေးတဲ့ ကျင်ကြီးပေါ် (မှန်လှပါ ဘုရား)။

အပေါ်ကလည်းနံလိုက်တာ အောက်ကလည်းနံလိုက်တာ

ဘယ့်နှယ်တုံးကွ အပေါ်ကလည်း နံလိုက်တာ အချဉ်ပေါက်နေတယ် (မှန်ပါ)၊ အောက်ကလည်း နံလိုက်တာ သိုးပုပ်နေတယ် (မှန်ပါ)၊ ဒီအပေါ်မှာ နေရမှာကွ၊ အသက်ကလည်း မရှူရဘူး (မှန်ပါ)၊

ကဲ-မောင်ကျော်သိန်း မင်း ငါးမိနစ်နေနိုင်ပါ့မလား (မနေနိုင်ပါ ဘုရား)၊ ဘယ်လောက်ဆင်းရဲမလဲကွ (ဆင်းရဲပါတယ် ဘုရား)၊ ၉ လခွဲ နေရမှာနော် ဒီနေရာမှာ (မှန်ပါ)၊ ဝဋ်ပါတဲ့လူမှာ ၇ နှစ်များ နေရတတ်တယ် (မှန်ပါ)၊ ဝဋ်မပါတဲ့လူမှ ၇ လ၊ ၉ လခွဲ ဒီလောက်မှ မွေးဖွားကြတာ (မှန်လှပါ ဘုရား)။

ကဲ မောင်ကျော်သိန်း ဒီကျင်ကြီးပေါ်ထိုင်ပြီး ဒီအနံ့ကြီးနဲ့ ဒီလို အသက်မရှူဘဲနဲ့ ဒီဒူးပေါ်ထောက်ပြီး ဘယ်မှမရွှေ့ရပဲနဲ့ မင်း တစ်နာရီလောက် အခုနေကြည့်ပါ၊ နေလို့ရရဲ့လား (နေလို့မရပါ ဘုရား)၊ ဟိုမှာ ဝဋ်ကောင်မို့ နေရတာ၊ မင်းက လူဖြစ်ရပါလို၏ဆိုတော့ ဒုက္ခရောက်တာပေါ့ (မှန်ပါ)၊ ဘာသစ္စာလို့ဆိုကြမှာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါ ဘယ်လောက်နေရမှာတုံးဆိုလို့ရှိရင် ၉ လခွဲ၊ ၁၀ လ နေရမှာနော် (မှန်လှပါ ဘုရား)။

အဲဒီဒုက္ခမျိုး မင်းတွေ့ချင်သေးလား (မတွေ့ချင်တော့ပါ ဘုရား)၊ တင်လှတို့ကော (မတွေ့ချင်တော့ပါ ဘုရား)၊ အဲဒီ ပဋိသန္ဓေနေရတဲ့ ဒုက္ခကြီးကို တပည့်တော်တို့သည်၊ ကဲ-လိုက်ဆိုကွာ

တပည့်တော်-တပည့်တော်မတို့သည် ဤပဋိသန္ဓေနေရသော ၉ လခွဲ ၁၀ လ ကျင်ကြီးပေါ်ထိုင်၍ အစာသစ် တွေကို ရွက်၍ ဒူးနှစ်ဖက်ပေါ်၌ တံတောင်နှစ်ဖက်တင်ပြီး သကာလ ခေါင်းပေါ်မှာ လက်ယှက်၍ အသက်မရှူ ဘဲနေရသော မိမိနေပြီးသော ဒုက္ခကြီးကို ရွံ့ခြင်း၊ ကြောက်ခြင်း၊ မုန်းခြင်း ရှိသည်ဖြစ်ပါ၍ ဤဒုက္ခမှ နောင်ကို ဘယ်တော့မှ မတွေ့လို၍ ဤကျောင်း ဤသင်္ကန်း ဤအကျွေးအမွေးတွေကို စွန့်ကြဲ လှူဒါန်းပေးကမ်းပါ၏ အရှင်ဘုရား။

ဒီနေရာကို ပြန်မရောက်ချင်လို့ လှူတာ

ဒီနေရာကို ပြန်မရောက်ချင်လို့ လှူတာ (မှန်ပါ)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ ဒီနေရာကိုမရောက် မှ ချမ်းသာတွေ့တော့မှာကိုးကွ (မှန်ပါ)၊ ဒီနေရာမရောက်တော့ ဒီဇာတိဒုက္ခကြီး ပျောက်တော့ အဇာတိဆိုတဲ့ နိဗ္ဗာန် (မှန်ပါ)၊ ဇာတိက ဒုက္ခသစ္စာ၊ အဇာတိက နိရောဓသစ္စာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဇာတိက ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဇာတိက (နိရောဓသစ္စာပါ ဘုရား)။

အဲဒီ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို တပည့်တော်တို့ ဒါကြောက်လို့ ဟိုဟာရချင်လို့ လှူပါတယ်ဘုရား (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဒုက္ခ အတော်ကြီးပြီဆိုတာကို မောင်ကျော်သိန်းတို့ တင်လှတို့ သိပြီပေါ့ (သိပါပြီ ဘုရား)၊ ကျောဘက်မျက်နှာမူနေရတယ်နော် (မှန်ပါ)၊ အမေက ကုန်းလိုက်တဲ့အခါ လည်မျိုကို ဆွဲလိုက်သလို ဖြစ်သွားတယ် (မှန်ပါ)၊ အဲဒီကျတော့ နည်းနည်းသိပြီ၊ နာမ်ရုပ်ကလေးက စုံလာပြီကော (မှန်ပါ)၊ ငါတော့ဖြင့် လည်ပင်းရိုက်ချိုးတဲ့ လူတစ်ယောက်တော့ လာပြီလို့ သူ့စိတ်ထဲ အောက်မေ့တယ် (မှန်ပါ)၊ ကလေးစိတ်ထဲမှာ (မှန်လှပါ ဘုရား)။

အမေက ခါးလေးဘာလေး ပြန်ပြီးကော့လိုက်တဲ့အခါကျ ဂုတ်ဆွဲလိုက်သလို အောက်မေ့တယ် (မှန်ပါ)၊ အမေက ဆောင့်ဆောင့်အောင့်အောင့် လင်နဲ့မယား ရန်ဖြစ်တဲ့အခါကျတော့ အို ငါတော့ သူသတ်ယောကျ်ားလက်ထဲရောက် တဲ့ ဆိတ်ကောင်လေးလို နေပါပေါ့လားလို့ ဒီကလေးစိတ်ထဲမှာ သိပ်တုန်လှုပ်ချောက်ချားသွားတယ် (မှန်ပါ)၊ ချမ်းသာ ကွက်ကို ပါရဲ့လား (မပါပါ ဘုရား)။

နံလိုက်စောလိုက်တာလည်း လွန်နေတာပဲ (မှန်ပါ)၊ ထိုင်ရတာကလည်းကွာ လပေါင်းများစွာဆိုတော့ ဘယ့်နှယ် နေတုံး (မသက်သာပါ ဘုရား)၊ သိပ်နာကျင်ကိုက်ခဲတာကိုး (မှန်ပါ)၊ ဒီအထဲကလည်း အချဉ်က ပေါက်ထားတာကိုး၊ အသက်ရှူခွင့်ကို မရဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကိုင်း ချမ်းသာဆိုတာကို မောင်ကျော်သိန်း ပါကိုမပါသေးပါဘူး၊ အစကတည်းက ပါရဲ့လား (မပါပါ ဘုရား)၊ မပါဘူး၊ တင်လှ ပါခဲ့ရဲ့လား (မပါပါ ဘုရား)။

လူဘဝရချင်ရင် ဒီဒုက္ခရချင်တာကွ

ကဲ ဒီဒုက္ခလောက်ကြီးတာ မောင်ကျော်သိန်း ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါဖြင့် မင်း လူဘဝရချင်ရင် ဒီဒုက္ခရချင်တာကွ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ သေချာသိတော့လေ၊ လူ့ဘဝရချင်တာ ဘာရချင်တာတုံး (ဒုက္ခ ရချင်တာပါ ဘုရား)။

အမလေး မင်းတို့ ဆရာကောင်း၊ သမားကောင်းသာ မတွေ့ရင် သွားပြီကွ (မှန်ပါ)၊ အခုဟာကတော့ ဒီလိုမဟုတ်တော့ဘူး၊ ဒီဒုက္ခကြီးမရချင်လို့ ဤကျောင်း ဤသင်္ကန်း ဤသံဃာတွေကို ဆွမ်းကျွေးပြီး ဤပရိသတ်ထောင် ပေါင်းများစွာတို့အား ကျွေးမွေးလှူဒါန်း ပေးကမ်းခြင်းဖြင့် ဒီဒုက္ခကြီးကို မရချင်လို့ ဒုက္ခလွတ်ရာဖြစ်တဲ့ ဇာတိမရှိတဲ့ နိဗ္ဗာန်ကိုသာ တပည့်တော် ရချင်လို့ ဒါလောက်ပေးကမ်းလှူဒါန်းပါတယ် ဘုရားလို့ အခုအချိန်မှာ စိတ်ထဲပြင်လိုက် ကြ (မှန်လှပါ ဘုရား)။

ပြင်ပြီးပြီလား (ပြင်ပြီးပါပြီ ဘုရား)၊ ဒီဒုက္ခမရချင်လို့ လှူတာနော်၊ ဒီဒုက္ခမှ လွတ်ရာနိဗ္ဗာန်ကိုသာ လိုချင်လို့ လှူတာ၊ ဘာမှ ဒီပြင်ဟာတွေ မညွန်နဲ့တော့ မကိုင်နဲ့တော့၊ ဒါအရေးအကြီးဆုံးပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

လေက မှုတ်ချလိုက်တယ်

ကဲ ကိုးလခွဲရှိတော့ မွေးဖွားရတော့မယ်၊ မွေးဖွားခါနီးလာပြီဆိုတော့ ခုနက ထိုင်နေတဲ့ကလေးကို ကံ ကြောင့်ဖြစ်တဲ့ လေက၊ သူ့ကိုမွေးဖို့ဖြစ်တဲ့ သူ့ကိုနှိပ်စက်မယ့်ကံကြောင့်ဖြစ်တဲ့ လေက အောက်ကနေ မှုတ်တာကိုးကွ (မှန်ပါ)၊

မှုတ်တော့မှ သူက နဂိုကကျောဘက်ကို မျက်နှာမူနေရာက ကျွမ်းပြန်ကျတာပဲ (မှန်ပါ)၊ ကျွမ်းပြန်ပြီး အမေ မွေးဖွားမယ့်နေရာမှာ ခေါင်းသွားတိုးတယ်၊ အဲဒီမှာ အမေဝမ်းနာတယ်ဖြစ်လာတာ (မှန်ပါ)၊ ဝမ်းနာတာမဟုတ်ဘူး၊ သူ့ကို လေကမှုတ်လိုက်လို့ ခေါင်းနဲ့ခြေထောက်နဲ့ အုန်းပင်စိုက်သွားတာကွ (မှန်ပါ)၊ ခေါင်းကမွေးတာ များတာကိုး၊ ခြေကမွေးတာ ရှားတယ် (မှန်လှပါ ဘုရား)။

ကဲ ကံကြောင့်ဖြစ်တဲ့ လေက မှုတ်ချလိုက်တယ်၊ ဒီအချိန်တော့ဖြင့် ငါအရင်က ဆင်းရဲတာတွေဟာ ကိစ္စမရှိဘူး၊ ဒီတစ်ခါ ဆင်းရဲတာတော့ အသူတရာနက်တဲ့ ချောက်ထဲ ငါတော့ကျပြီလို့ ကလေးစိတ်ထဲမှာ ဒီလိုအောက် မေ့တယ် (မှန်ပါ)၊ တုန်လှုပ်သွားတယ် ဆတ်ဆတ်ခါအောင် နာတယ် (မှန်ပါ)၊ ဒါ တို့လာခဲ့တဲ့လမ်းကွ (မှန်လှပါ ဘုရား)။

မောင်ကျော်သိန်း ဒီလိုများ ဖြစ်ချင်သေးရဲ့လား (မဖြစ်ချင်တော့ပါ ဘုရား)၊ တင်လှကော (မဖြစ်ချင်တော့ပါ ဘုရား)၊ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ နောင်တစ်ခါ မင်း ဒီနေရာ ပြန်ချင်သေးလား (မပြန်ချင်တော့ပါ ဘုရား)။

ဒီဒုက္ခတွေကို ကြောက်လို့ လှူလိုက်တာ

ဒါကြောင့် သိသွားပြီတဲ့၊ ကဲ လိုက်ဆိုကြ။

(တပည့်တော် တပည့်တော်မတို့သည် ဤကဲ့သို့ ကမ္မဇလေကမှုတ်၍ ကျွမ်းပြန်ကျရသောအဖြစ်မှ ရွံခြင်း ကြောက်ခြင်း မုန်းခြင်းရှိသည်ဖြစ်၍ ဤဇာတိဒုက္ခမှ လွတ်ရာ သိမ်းရာ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရည်မှန်း ၍ ဤကျောင်း ဤသင်္ကန်း ဤအကျွေးအမွေးတွေကို လှူဒါန်းပေးကမ်းပါ၏ အရှင် ဘုရား)။

ဒီဒုက္ခတွေကို ကြောက်လို့ လှူလိုက်တာ လှူပြီးပြီ မင်းဟာက (မှန်ပါ)၊ ဒါကြောင့် လှူတာပါဆိုတော့ လှူတာပဲ သူ့ဟာက၊ လှူပေမယ့် ရိုးရိုးလှူတာမဟုတ်ဘူး၊ ဒါတွေမရချင်လို့ လှူတာ (မှန်ပါ)၊ ခုနကပြောပြီးသားတွေ မရချင်လို့ လှူတာ (မှန်လှပါ ဘုရား)။

ကိုင်း ခုနက ဒုက္ခသည်ကလေးက အမိမွေးဖွားမယ့်နေရာနားမှာ ခေါင်းကျသွားတာ ရိုးရိုးကျတာလား ကျွမ်းထိုးကျတာလား (ကျွမ်းထိုးကျတာပါ ဘုရား)၊ အဲဒီအခါမှာ အခု ဝမ်းထဲမှာနေတဲ့ ကလေးလေးဟာ ငါတော့ အသူတရာနက်တဲ့ ချောက်ကြီးထဲတော့ ကျပါပြီ၊ ဒီတစ်ခါတော့ဖြင့် သေခြင်းဆိုး သေရတော့မှာပါပဲဆိုပြီး ဆတ်ဆတ် ခါအောင် ကြောက်သွားတယ် (မှန်လှပါ ဘုရား)။

ကဲ ဘယ့်နှယ်တုံးကွ၊ ဒီလိုချည်းဖြစ်ချင်ကြသေးလား (မဖြစ်ချင်ပါ ဘုရား)၊ ဤကဲ့သို့ ဖြစ်မှုကြီးကို မင်းတို့ ရွံ့ခြင်း မုန်းခြင်း ကြောက်ခြင်းရှိသည်ဖြစ်၍ ဤကျောင်းနှင့်တကွ ဤသင်္ကန်းတွေကို လှူပါ၏ဆိုတာ ပြောင်းဖြစ်အောင် ပြောင်းပါ (မှန်ပါ)၊ မပြောင်းလို့ရှိရင်တော့ မင်းတို့ ငါးပါးမှောက်တော့မယ်၊ ဒီနေရာပြန်ရောက်ရမှာကိုးကွ (မှန်ပါ)၊ လူချမ်းသာလိုချင်ရင် ဒီနေရာပြန်ရောက်မှာပဲ၊ နတ်ချမ်းသာလိုချင်ရင် (ဒီနေရာပြန်ရောက်ပါတယ် ဘုရား)၊ ဗြဟ္မာ ချမ်းသာလိုချင်ရင် (ဒီနေရာပြန်ရောက်ပါတယ် ဘုရား)၊ ဒုက္ခထဲချည်း ပြန်ရောက်မယ် (မှန်လှပါ ဘုရား)။

ကံကြောင့် ဖြစ်တဲ့လေကမှုတ်တော့

အဲဒီတင်မှ အမေက လုပ်တာတော့မဟုတ်ဘူး၊ ဝမ်းထဲမှာရှိတဲ့ ဒီကလေး၏ ကံကြောင့် ဖြစ်တဲ့လေက တစ်လက်မ ရှိတဲ့ အပေါက်မှာ နှစ်လက်မရှိတဲ့ ကြွက်ကို မင်းတို့ ဘယ်မှ ပြေးစရာမရှိတော့ ဒီကြွက်ဟာ ဒီအပေါက် တိုးရတော့မှာ ကိုး (မှန်ပါ)၊ ဘေးကလည်း လိုက်နေကြမယ်ဆိုရင် မတိုးရပေဘူးလား (တိုးရမှာပါ ဘုရား)၊ အဲဒီလိုတိုးထွက်နေတဲ့ ဒီသူငယ်လေးဟာ မထွက်လည်းမဖြစ်ဘူး၊ နောက်ကလေက အတင်းမှုတ်နေတာကိုး (မှန်ပါ)၊ မှုတ်တော့ ဒီမွေးဖွားရာ ဌာနကို အမြဲတိုးနေတာပဲ (မှန်လှပါ ဘုရား)။

တစ်လက်မရှိတဲ့ သံပြားပေါက်မှာ နှစ်လက်မရှိတဲ့ ကြွက်ကို ဒီကရိုက်ပါများလို့ ကြောက်ကြောက်လန့်လန့်နဲ့ တိုးထွက်လို့ရှိရင် ဟိုဘက်မှာ အရေပြားတောင် ပါစရာမရှိဘူး၊ သွေးရဲရဲ သံရဲရဲနဲ့ အပြင်ဘက်ရောက်သွားမယ် (မှန်ပါ)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)၊ အပေါက်ကကျဉ်း၊ ထွက်တဲ့ဝတ္ထုပစ္စည်းက ကြီးနေတာကိုးကွ (မှန်လှပါ ဘုရား)။

တို့လည်း ဒီလိုပဲ နောက်က ကမ္မဇလေက အတင်းတွန်းထုတ်ကန်တာပဲ အပြင်ဘက်ရောက်အောင် (မှန်ပါ)၊ အပြင်ရောက်တော့ ဟာ ဒီတစ်ခါတော့ သေပြီဆိုပြီး သူ့ဟာသူ ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘယ့်နှယ်မှ မတတ်နိုင် တော့ဘူး၊ လေကလည်း နောက်က အတင်းမှုတ်နေတာပဲ (မှန်လှပါ ဘုရား)။

အဲဒီမှာ အပြင်ဘက်ကျတော့ မောင်ကျော်သိန်းတို့ တင်လှတို့ပဲကြည့်၊ မလှုပ်နိုင်ဘဲ တက်သွားတာကိုး ဘာမှ မပြောနိုင်ဘူး၊ အူဝဲလို့လည်း တစ်ချက်မအော်နိုင်ဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီတိုးပုံလေးရဲ့သတ္တိ က မသေရုံတမယ် ကျန်နေတယ် (မှန်ပါ)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်လောက်ကြောက်စရာကောင်းတယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

မွေးဖွားတဲ့ဒုက္ခ

ဒါ ဩက္ကန္တိကဒုက္ခ၊ ဩက္ကန္တိကဒုက္ခဆိုတာ မွေးဖွားတဲ့ဒုက္ခ၊ မွေးဖွားမှုကို ခံရတဲ့ဒုက္ခ။

ကဲ ဒီလိုများ မင်းတို့ နောင်တစ်ဖန် ဖြစ်ပါရစေလို့ ဘယ်သူထည့်တောင်းမှာတုံးကွ၊ ဒါကြီးသိလို့ရှိရင် တောင်းပါ့မလား (မတောင်းပါ ဘုရား)၊

အခုတော့ ဆရာကောင်းနဲ့တွေ့လို့ အခုသိလို့သာကိုးကွ (မှန်ပါ)၊ မသိခင်က တော့ လူဖြစ်တာ အလွယ်လေး အောက်မေ့နေတယ် (မှန်ပါ)၊ အခုစကတည်းက လွယ်တာတစ်ခုပါရဲ့လား (မပါပါ ဘုရား)၊ ကဲ ပါရဲ့လား (မပါပါ ဘုရား)၊ ချမ်းသာဆိုတာ ပါရဲ့လား (မပါပါ ဘုရား)၊ ဒါဖြင့် ဘာသစ္စာဆိုကြမှာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ သူ့ခန္ဓာကလည်း ဒုက္ခသစ္စာ၊ သူနေရတာကလည်း ဒုက္ခသစ္စာ၊ သူထွက်လာတာကကော (ဒုက္ခသစ္စာပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)၊ ဒါဖြင့်ကွာ လိုက်ဆိုကြပါဦး။

မွေးဖွားမှုဒုက္ခကြီးကို ကိုယ်တိုင်သိရသည်ဖြစ်ပါ၍

(တပည့်တော် တပည့်တော်မတို့သည် ဤမွေးဖွားမှုဒုက္ခကြီးကို ကိုယ်တိုင်သိရသည်ဖြစ်ပါ၍ ဤဒုက္ခမျိုးကို ကြောက်ခြင်း ရွံ့ခြင်း မုန်းခြင်း ပျင်းရိခြင်း မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ ဤဒုက္ခမှ လွတ်ရာ မွေးဖွားမှုမရှိသော နိဗ္ဗာန်တစ်ခုကိုသာ ရည်မှန်း၍ ဆရာတော်အား ကျောင်းသင်္ကန်း မိတ်ဆွေသင်္ဂဟတို့အား ကျွေးမွေးခြင်း ကျန်သောသံဃာများအား ဆွမ်းနှင့်တကွ သင်္ကန်းကို လှူဒါန်းခြင်းပြုပါ၏ အရှင် ဘုရား)။

ကဲ ဒုက္ခကြီးကို ကြောက်လွန်းလို့ လှူတာ (မှန်ပါ)၊ ကြောက်တာက ဒုက္ခသစ္စာ၊ ဒီကြောက်စရာကြီးဖြစ်နေတာက (ဒုက္ခသစ္စာပါ ဘုရား)၊ အခုဟာက သာမညလှူနေတာမဟုတ်ဘူး၊ ကြောက်တဲ့ဉာဏ်နဲ့ လှူနေတာ (မှန်လှပါ ဘုရား)။

ကြောက်လွန်းလို့ တပည့်တော် ဒီဉာဏ်နဲ့ မြင်ပြီး သကာလ ဒီဒုက္ခကို မရောက်ချင်လို့ ဒီဟာနဲ့ လွတ်တဲ့နေရာကို ရောက်ချင်လို့ လှူပါတယ်ဘုရားလို့ အခုပြောင်းမှ ကိုက်မှာကိုးကွ (မှန်ပါ)၊ ဒါက လက်တွေ့ ဒုက္ခကိုကြောက်တာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါနဲ့ အပြင်ဘက်ရောက်လာတော့ တစ်ခါတည်း ခြေထောက်ကလေး ဆင်းပြီး ရေတွေဘာတွေနဲ့ ပွတ်ကြ-သပ်ကြ၊ အထဲမှာ နေမထိ-လေမထိနဲ့ နေရတဲ့ဥစ္စာ ကြမ်းလှစွာသော လက်တွေနဲ့ ကိုင်လိုက်တဲ့ အခါကျတော့ အို သရဲသဘက်လက်ထဲ ကျုပ်ရောက်ပြန်ပြီလို့ အဲဒီကျတော့မှ တစ်ခါတည်း လှုပ်အော်ပြီးငိုတာပဲ၊ တတ်မတတ် ငိုပစ်လိုက်တာ (မှန်လှပါ ဘုရား)။

နေမထိ-လေမထိ နေရတဲ့ အသားလေးကို ကြမ်းလှစွာသော လက်တွေနဲ့ ကိုင်ပြီကောကွာ (မှန်ပါ)၊ ခေါင်းရိတ် တဲ့လူက ရိတ်ကုန်ပြီကော (မှန်ပါ)၊ ဆိုတော့ သူခံချင်တဲ့အလုံးကိုပါရဲ့လား (မပါပါ ဘုရား)၊ ဒါကော ဘာသစ္စာဆိုကြ မှာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အပြင်ဘက်ရောက်တော့ကော သက်သာရဲ့လား

နို့-အပြင်ဘက်ရောက်တော့ကော သက်သာရဲ့လား (မသက်သာပါ ဘုရား)၊ ဒီဒုက္ခကော တွေ့ချင်ကြသေးရဲ့ လား (မတွေ့ချင်ပါ ဘုရား)၊ ဒါ မတွေ့ချင်လို့ လှူတာ (မှန်ပါ)၊ ဒီဒုက္ခကြောက်လို့၊ မုန်းလို့၊ ဒီဒုက္ခမျိုးမရချင်လို့ လှူတာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့အလှူသည် ဒုက္ခကြောက်လို့ လှူတဲ့အလှူပဲ (မှန်ပါ)၊ ဒုက္ခကြောက်လို့ သုခကြိုက်လို့ လှူတဲ့အလှူ (မှန်ပါ)၊ ဒီ့ပြင် ဘာမှမလိုချင်ဘူး (မလိုချင်ပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကဲ ဒါနဲ့ပဲ စကောလေး ဗန်းလေး ပဝါဖြူလေးနဲ့ထုပ်ပြီး ထားကြတယ်၊ ခြင်ကိုက်လည်း မသိ၊ ကျင်ငယ်စွန့်တာ လည်း သူ့ဟာသူမသိဘူး၊ ကျင်ကြီးစွန့်တော့ကော (မသိပါ ဘုရား)၊

သူ့မှာ ဘာသတ္တိရှိတုံးဆိုတော့ ငိုတာပဲ သတ္တိရှိတယ် (မှန်ပါ)၊ ရေဆာလည်း ငိုတယ်၊ ကစီရေဖတ်ဆာရင်ကော (ငိုပါတယ် ဘုရား)၊ နို့ဘူးဆာရင်ကော (ငိုပါတယ် ဘုရား)၊ ငိုတော့ ငိုတာကို ဘယ်သူက အကဲခတ်နိုင်မှာတုံး၊ သူက ရေဆာနေတယ်၊ ဒီက နို့ဘူးသွားတိုက်တယ်ဆိုတော့ ရေနဲ့တခြားစီ ပဲ (မှန်ပါ)၊

ဒီဒုက္ခိတဘဝကို မင်းတို့လိုချင်ကြသေးလား

သူက ဒုက္ခိတကလေးပါလားကွ၊ ကျုပ် ဘာပေးပါလို့ တောင်းနိုင်ရဲ့လား (မတောင်းနိုင်ပါ ဘုရား)၊ ကျုပ် ကျင်ကြီးစွန့်ချင်တယ် (မပြောနိုင်ပါ ဘုရား)၊ ကျုပ် ကျင်ငယ်စွန့်ချင်တယ် (မပြောနိုင်ပါ ဘုရား)၊ ကျုပ်ဟိုဘက်စောင်း ချင်တယ် (မပြောနိုင်ပါ ဘုရား)၊ ဒါဖြင့် ဒုက္ခိတလေးဖြစ်နေတော့ ဒါ ဘာသစ္စာဆိုကြမှာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီဒုက္ခိတဘဝကို မင်းတို့လိုချင်ကြသေးလား (မလိုချင်တော့ပါ ဘုရား)။

မင်းတို့ ဒီကတက်လာခဲ့ကြတာကွ (မှန်ပါ)၊ နဂိုက ဆုတောင်းလွဲခဲ့တယ် (မှန်ပါ)၊ ယခုကဲ့သို့ မဂ္ဂသစ္စာက မမြင်ကြတော့ ဒီဒုက္ခကြီးနဲ့ လှလှ တွေ့လာကြတာ (မှန်ပါ)၊ ကဲ-ဒီဒုက္ခိတဘဝကို မောင်ကျော်သိန်းတို့ တင်လှတို့ ရချင်သေးရဲ့လား (မရချင်တော့ပါ ဘုရား)။

ကဲ လိုက်ဆိုကြ။

တပည့်တော် တပည့်တော်မတို့သည် မွေးဖွားပြီးသည့်နောက် ဒုက္ခိတအဖြစ်ကလေးကို ကိုယ်တိုင်မြင်သည်ဖြစ် ပါ၍ ရွံ့လည်းရွံ့ပါ၏ ကြောက်လည်းကြောက်ပါ၏ ဤရွံ့ရာကြောက်ရာကို မရောက်စေခြင်းအကျိုးငှာ မရောက် ချင်ခြင်းစိတ် ပြင်းပြသည်ဖြစ်ပါ၍ ဒုက္ခသစ္စာမှန်းလည်း သိပြီဖြစ်ပါ၍ ဤဒုက္ခမှလွတ်ရာ ခန္ဓာမရှိသော နိဗ္ဗာန် ကိုသာ ရည်မှန်း၍ ဤကျောင်း ဤသင်္ကန်း ဤမိတ်ဆွေတွေအား ကျွေးမွေးခြင်း လှူဒါန်းခြင်း ပြုလုပ်ပါ၏ အရှင်ဘုရား။

ရေစက်ချတယ်ဆိုတာ ဒါမျိုးမှ အစစ်

ရေစက်ချတယ်ဆိုတာ ဒါမျိုးမှ အစစ်ကိုကွ၊ ကိုယ်တွေ့ကိုး (မှန်ပါ)၊ ဒါကျတော့ မင်းတို့ ဒိပြင်ဟာ တောင့်တ ချင်တဲ့စိတ်ကို လာသေးရဲ့လား (မလာပါ ဘုရား)၊ မလာဘူး ဒါပဲကြောက်နေတာပဲ၊ ဒါနဲ့ လွတ်ရာသာပို့ပါဘုရား၊ လွတ် ရာသာ ပို့ပါတော့ဘုရားနဲ့၊ ဟင် (မှန်လှပါ ဘုရား)။

ဒါကြောင့် မောင်ကျော်သိန်း ဆရာကောင်း သမားကောင်း အရေးကြီးတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ် ပါပြီ ဘုရား)၊ ကဲ သောင်းကုန်-သိန်းကုန်ခံပြီး လှူတဲ့လူတွေ အပုံပေါ့ကွာ၊ အို လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာကို မင်းတို့ရမှာပေါ့ကွာ အစရှိသည်နဲ့ပြောလိုက်တော့ ဟိုကလည်း ဒါကြိုက်သွားတယ်၊ အပြီးသတ်ကြ တော့ ဒါတွေရတာပဲ (မှန်ပါ)၊ ခုနကဟာတွေ ပြန်မရဘူးလား (ရပါတယ် ဘုရား)၊ ချမ်းသာတာပါရဲ့လား (မပါပါ ဘုရား)။

ကဲ ဒီကနေပြီး သကာလ လေပူ၊ နေပူက ဒီကလေးလေးကို နှိပ်စက်တော့ ရင့်ကျက်မလာဘူးလား (လာပါ တယ် ဘုရား)၊ ရင့်ကျက်လာတာ အိုတာ (မှန်ပါ)၊ ရင့်ကျက်လာတာ ဘာတုံး (အိုတာပါ ဘုရား)၊ အိုတာ ဘာဖြစ်လို့တုံး ဆိုတော့ နာမလို့ (မှန်ပါ)၊ နာတာ ဘာဖြစ်မလို့တုံး သေမလို့ (မှန်ပါ)၊ ဒါဖြင့် သူ့ဟာ ဘယ်လမ်းတိုးလာတာတုံးကွ (အသေလမ်းပါ ဘုရား)၊ ဇာတိလမ်းကနေပြီး ဇရာလမ်းတိုးတယ် (မှန်ပါ)၊ ဇာတိလမ်းကနေ ဘယ်တိုးတုံး (ဇရာလမ်းပါ ဘုရား)၊ ဘယ်မှာတုံးကွ၊ ဇရာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ခုနက ကလေးလေးဖြစ်လာလို့ အပြင်ဘက် ရောက်တော့ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီကလေးဟာ ရေသောက်ချင်လို့ အသံပေးတယ်ဆိုရင် ဆေးလာတိုက်တယ်၊ သေပြီ-သေပြီ ဒီကလေး လေးဟာ (မှန်ပါ)၊ ပြောကလည်း မပြောတတ်၊ ခြင်ကလေးက လာကိုက်လည်း မဖျောက်တတ်၊ သူ့ကျင်ကြီးနဲ့ကျင်ငယ် ကလည်း လုံးထွေးနေတာပဲ (မှန်ပါ)၊ တကယ့်ဒုက္ခိတဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)၊ သူ့ဟာသူ ဘာစွမ်းရည် သတ္တိရှိတုံး (ဘာမှမရှိပါ ဘုရား)။

လူပုံအလယ်မှာ အရှက်ကွဲဖို့လာတာ

ခြေပါလျက်နဲ့ ခြေက ဘာလုပ်တတ်တုံး (မလုပ်တတ်ပါ ဘုရား)၊ လက်ပါလျက်နဲ့ကော (မလုပ်တတ်ပါ ဘုရား)၊ ပါးစပ်ပါလျက်နဲ့ကော (မလုပ်တတ်ပါ ဘုရား)၊ ဘာမှမပြောနိုင်ဘူးဆိုတော့ လူအ လူဆွံ့ လူနုံ လူပုံအလယ်မှာ အရှက် ကွဲဖို့လာတာ (မှန်ပါ)၊ ဘာလုပ်လာတာတုံး (လူပုံအလယ်မှာ အရှက်ကွဲဖို့ပါ ဘုရား)၊ ကိုင်း ဒုက္ခိတဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။

မင်းတို့ကသာ ဒီကလေးလေး သနားစရာလေး လုပ်နေတာ၊ သနားစရာဆိုကတည်းက ဒုက္ခိတပဲ (မှန်ပါ)၊ ဒီကလေးက သနားစရာကောင်းလိုက်တာဆိုပြီး မသိတဲ့လူတွေက ချစ်ကြတာ၊ သိတဲ့လူက ဘာတဲ့တုံး (ဒုက္ခိတပါ ဘုရား)၊ သနားစရာကောင်းလိုက်တာ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

မင်းတို့ ဘယ်ကတက်လာတာတုံးဆိုတော့ သနားစရာဘဝက တက်လာတာ (မှန်ပါ)၊ သနားစရာဆိုတာ မြင်တဲ့ လူအပေါင်းက သုခိတပုဂ္ဂိုလ်ဆိုမှာလား၊ ဒုက္ခိတပုဂ္ဂိုလ်ဆိုမှာလား (ဒုက္ခိတပုဂ္ဂိုလ်ပါ ဘုရား)၊ အဲဒီတော့ မင်းတို့ ဒုက္ခိတ က တက်လာတာကွ (မှန်ပါ)၊ တင်လှ ဘယ်ကတက်လာတာတုံး (ဒုက္ခိတက တက်လာတာပါ ဘုရား)။

အဲဒီ ဒုက္ခိတဘဝမှ လွတ်ချင်လို့ လှူတာကွ၊ ဒီဒုက္ခိတမျိုး နောက်မတွေ့ချင်လို့ လှူတာ၊ တမ်းတာ၊ ပေးတာ၊ ကမ်းတာလို့ မှတ်ရမယ်ကွ (မှန်ပါ)၊ ဒုက္ခိတဘဝမှ လွတ်ချင်လို့နော် (မှန်ပါ)၊ ဒုက္ခိတဘဝသာဆိုတယ် သူ့မှာ နေပူလေပူ တွေက တွေ့ပြီကွ၊ ညှေ်ာပူတွေက တွေ့ပြီ၊ လူပူတွေက တွေ့ပြီကွ၊ မတွေ့သေးဘူးလား လက်ပူတွေ (တွေ့ပါတယ် ဘုရား)။

နောင်တစ်ဖန်လိုချင်ရင် မိုက်လို့ပေါ့

ဒါ သူခံနိုင်ရည်ရှိရဲ့လားဆိုတော့ အို ဘယ်ခံနိုင်ရည်ရှိမှာတုံးကွာ၊ သူများပြုသလို ခံနေရတာ မခံရဘူး လား (ခံရပါတယ် ဘုရား)၊ သူများပြုသလိုခံနေရတော့ ကိုယ့်စွမ်းရည်က ဒီနေရာမှာ မောင်ကျော်သိန်း တုံးမနေဘူးလား (တုံးပါတယ် ဘုရား)၊ ဒါဖြင့် စွမ်းရည်တုံးတဲ့ ဒုက္ခိတဘဝကို မင်းတို့သည် နောင်တစ်ဖန်လိုချင်ရင် မိုက်လို့ပေါ့ကွ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ နောင်တစ်ဖန် လိုချင်တဲ့ပုဂ္ဂိုလ်များ (မိုက်လို့ပါ ဘုရား)။

ဘာကြောင့်မိုက်တာတုံးဆို မိုက်တာက အဝိဇ္ဇာ၊ အဝိဇ္ဇာဆိုတာ မသိတာ၊ ဒုက္ခိတက မသိဘူးတဲ့ (မှန်ပါ)၊ မိုက်တာက အဝိဇ္ဇာနော် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒီကနေပြီးကွာ ကြီးရင့် ကြီးရင့်လာတာပဲ၊ ဘာဖြစ်လို့ ကြီးရင့်လာတာတုံးဆိုတော့ အိုလာတာ (မှန်ပါ)၊ အိုတာက အနာဆီသွားတာကွ (မှန်ပါ)၊ အိုတာက ဘယ်သွားတာတုံးကွ (အနာဆီသွားတာပါ ဘုရား)၊ ဒါဖြင့် ဒီအနာဆီ သွားတဲ့အလုပ်ဟာ ကောင်းတဲ့အလုပ်လား၊ ဆိုးတဲ့အလုပ်လားလို့ တစ်ခါ အကဲခတ်ပါဦး (ဆိုးတဲ့အလုပ်ပါ ဘုရား)၊ ဒါ ခန္ဓာ၏ သွားလာလမ်းလေကွာ၊ ဒီမှာ အပြင်ဘက်ရောက်လို့ အိုပြီ၊ ဟောဒီ အိပ်ရာဖျာကပ်နဲ့ အနာကရပြီ၊ သူငယ်နာ ဆိုတာကလည်း အတူတူပဲကွ (မှန်ပါ)၊ နာတာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီကြားထဲမှာ သူငယ်နာနဲ့ သေသွားပြန်တော့ လူလားမှ မြောက်လိုက်သေးရဲ့လား (မမြောက်ပါ ဘုရား)၊ မမြောက်တော့လည်း ငိုတာက ဒေါသဖြစ်လို့ သူငိုတာ၊ သွားအပါယ် (မှန်ပါ)၊ ငိုတာက ဒေါသမဟုတ်လား (မှန်ပါ)၊ သွား ဒီကလေးလေး အပါယ်၊ ဘာမှန်းသိတုံး (မသိပါ ဘုရား)၊ ကဲ ဒီလိုသေသွားတာတွေကော မောင်ကျော် သိန်း လူပေါင်း ဘယ်လောက်တုံးမေးရင် ဘယ့်နှယ်ပြောမှာတုံး (မရေမတွက်နိုင်ပါ ဘုရား)။

မင်းတို့ကိုယ်တိုင် သေခဲ့ရတဲ့ဘဝကော ဘယ်လောက်တုံးဆိုရင် (မရေမတွက်နိုင်ပါ ဘုရား)၊ ဒီလို လူမှန်းမသိဘဲ နဲ့ သေသွားတာ (မှန်ပါ)၊ ဒီကနေ ဘယ်သွားရပြန်တုံးဆိုတော့ သူ့ငိုတဲ့သတ္တိနဲ့ ဘာမှ ကုသိုလ်က တစ်ပဲသား မပါသေး တော့ သွားအပါယ် (မှန်ပါ)၊ အပါယ်သွားတော့ ဟိုတစ်နေ့က ဟောသလိုပေါ့ သွားခံရတာပဲ (မှန်လှပါ ဘုရား)။

ဒုက္ခိတနဲ့အပါယ်နဲ့ လှည့်နေတာတွေ

ဒါဖြင့် ဒုက္ခိတနဲ့အပါယ်နဲ့ လှည့်နေတာတွေကော မောင်ကျော်သိန်း မများပေဘူးလား (များပါတယ် ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တစ်ခါ ဒုက္ခိတလေး သူငယ်နာစွဲပြန်ပြီဆိုတော့ကောကွာ သူငယ်နာဆိုတာ တို့အမြင်နဲ့ ငယ်နေလို့ သူကတော့ ကြီးလာပြီကွ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ သူငယ်နာလို့သာ ခေါ်ရတာ ဒီသူငယ်နာနဲ့ သေသွားတာတွေကော မောင်ကျော်သိန်း လူပေါင်းဘယ်လောက်တုံး (မရေတွက်နိုင်ပါ ဘုရား)၊ တို့ကော ဒီသူငယ်နာနဲ့ သေခဲ့ရတဲ့ဘဝ ဘယ် လောက်လို့ဆိုရမှာလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီသူငယ်နာအသေမျိုးကိုလည်း ဘာမှမပါလို့ အပါယ်သွားရပြန်တယ်ဆိုတော့ ဒါလည်း တွေ့ချင်ကြုံချင် စရာကိစ္စမျိုးလား (မဟုတ်ပါ ဘုရား)၊ တွေ့ချင် ကြုံချင်စရာ ကိစ္စမျိုးမဟုတ်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒီအရေးကို မကြုံချင်လို့ ဒီလိုသူငယ်နာဒုက္ခနဲ့ သေခြင်းဆိုးသေရတာကို မကြုံချင်-မဆုံချင်သောကြောင့် ဒီဒုက္ခမှ လွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ ဤကျောင်း ဤသင်္ကန်း ဤကျွေးမွေးမှုအလုပ်ကြီးကို လုပ်ပါ၏လို့ စိတ်ပြင်ပစ်လိုက်ပါ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ပြင်ရမယ်နော် (မှန်ပါ)၊ ဒီအချိန်ပြင်ရမှာ၊ မင်းတို့ကို ဟိုမှာတော့ ပွဲပြရုံတင် ငါပြောမှာ (မှန်ပါ)၊ ဒီအချိန်ကတော့ အလုပ်နဲ့တကွ ပါသွားအောင်၊ ကဲ ရှင်းကြပြီလား (ရှင်းပါ ပြီ ဘုရား)။

မသေလို့ တွေ့ကြပြန်တော့လည်း

နောက်ကျတော့ ကဲ မသေလို့ တွေ့ကြပြန်တော့လည်း လူအိုနာနဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒါကော နာချင်ကြရဲ့လား (မနာချင်ပါ ဘုရား)၊ မနာချင်တော့ လူနာဆိုတာက ကိုယ့်ကျင်ကြီးမှ ကိုယ်သွားမစွန့်နိုင် တဲ့ အနာကလည်းရှိသေးတယ်ကွ (မှန်ပါ)၊ ကျင်ငယ်မှ သွားမစွန့်နိုင်တဲ့ အနာကော (ရှိပါတယ် ဘုရား)၊ ရှိတယ်၊ နှပ်မှ အပြင်ဘက်ထွက်အောင် မတတ်နိုင်လို့ သူများညှစ်ပေးရတဲ့ဘဝကော (ရှိပါတယ် ဘုရား)၊ ကိုယ့်သလိပ်ကလေးမှ ကိုယ့် ထွေးခံထဲရောက်အောင် မထွေးနိုင်တဲ့ လူနာကော (ရှိပါတယ် ဘုရား)။

အင်း ဗျာဓိပိဒုက္ခော၊ ဗျာဓိပိ=အနာနှိပ်စက်ခြင်းသည်၊ ဒုက္ခော=ဒုက္ခသစ္စာမည်၏၊ အဲဒါတွေလည်း မင်းတို့ မြင်ဖူးတယ်မဟုတ်လား (မြင်ဖူးပါတယ် ဘုရား)၊ ကိုယ်ကိုယ်တိုင်ကလည်း တစ်ကြိမ်တစ်ခါ မတွေ့ဖူးဘူးလား (တွေ့ဖူး ပါတယ် ဘုရား)။

ကဲ လိုက်ဆိုကြ။

တပည့်တော် တပည့်တော်မတို့သည် ဤကဲ့သို့ နာမှုကိစ္စကြီးကို ရွံ့လွန်းလို့ ကြောက်လွန်းလို့ မုန်းလွန်းလို့ မရ ချင်လွန်းလို့ ဤကျောင်းနှင့်တကွ ဤသင်္ကန်း ဤဆွမ်း ဤမဏ္ဍပ်ကြီးများကို မိတ်ဆွေသင်္ဂဟ သံဃာတော်များ အား တည်းခိုရာအဖြစ်ဖြင့် လှူဒါန်းပေးကမ်းပါ၏ အရှင်ဘုရား။

ဒါတွေကြောက်လို့ လှူတာကိုးကွ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဗျာဓိဒုက္ခက ဒီတောင်ကို မတက်နိုင်ပြန်ဘူး၊ ဒီတောင်မတက်နိုင်တော့ သေခါနီးဖြစ်လာတယ် (မှန်ပါ)၊ သေခါနီးဖြစ်လာတဲ့အခါကျတော့ မင်းတို့သိတဲ့အတိုင်းပဲ သေရမယ်ဆိုတဲ့ကိစ္စဟာ ဘယ်နေရာက သက်သာ သတုံးမေးရင် မောင်ကျော်သိန်း ဘယ့်နှယ်ဖြေမှာတုံး (ဘယ်နေရာမှ မသက်သာပါ ဘုရား)။

သေခါနီးကိစ္စက ချမ်းသာ ရဲ့လား

ဒါဖြင့် သေခါနီးကိစ္စကကော ချမ်းသာစရာပါ ပါရဲ့လား (မပါပါ ဘုရား)၊ တင်လှ သေခါနီးကိစ္စက ချမ်းသာ ရဲ့လား (မချမ်းသာပါ ဘုရား)၊ အို-ယင်အုံတာတောင် မခံနိုင်ဘူးတဲ့ (မှန်ပါ)၊ ဘယ်လောက်ထိအောင် နူးညံ့သွားတယ် ဆိုတာကိုလည်း ကြည့်ကြပါဦး (မှန်ပါ)၊ အကုန် တစ်ကိုယ်လုံးဟာ ဂဏ္ဍတောဆိုတဲ့အတိုင်း အနာကြီးဖြစ်သွားတာကိုး ကွ၊ တစ်ကိုယ်လုံးအနာဖြစ်ပြီးမှ သေရမှာကိုး (မှန်ပါ)၊ သက်သာပါ့မလား မောင်ကျော်သိန်း စဉ်းစားကြည့်စမ်း (မသက် သာပါ ဘုရား)၊ ဒီဒုက္ခကော တွေ့ချင်သေးလား (မတွေ့ချင်ပါ ဘုရား)။

ကဲ ဒါဖြင့် လိုက်ဆိုကြ။

တပည့်တော် တပည့်တော်မတို့သည် သေခါနီးဒုက္ခကို အလွန်ကြီးသည်ဟုသိ၍ ဤသေရာဒုက္ခမှ လွတ်ရာ ကျွတ်ရာ ငြိမ်းရာ သိမ်းရာဖြစ်သော နိဗ္ဗာန်ကိုသာ ရည်မှန်း၍ အသေလွတ်ရာကိုသာ ရည်မှန်း၍ ဒုက္ခကျွတ်ရာ ကိုသာ ရည်မှန်း၍ ဤကျောင်း ဤသင်္ကန်း ဤဆွမ်း အစရှိသည်ကို ပေးကမ်းလှူဒါန်းပါ၏ အရှင် ဘုရား)။

ဘာမှ မလိုချင်ဘူး၊ ဒါတွေကျွတ်ရင် ပြီးတာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သေပြီး သကာလ ၁-၂-၃-၄၊ (ပုံစံခွက်ချပြသည်) ဒီလိုမလှူတဲ့ပုဂ္ဂိုလ်ကျတော့ ၄ ကနေပြီး ဒီပြန်ပတ်ပြန်တာပဲ၊ ၄ ကနေ ၁ လာတယ်၊ ဇာတိပြန်လာတာပဲ (မှန်ပါ)၊ ၄ က ဘာလာဖြစ်တုံး (၁ ပြန်ဖြစ်ပါတယ် ဘုရား)၊ ၁ ပြန်ဖြစ်တယ်၊ ကဲ ၄ ဒုက္ခပြီးတော့ ၁ ဒုက္ခပြန်စတယ်၊ မစဘူးလား (စပါတယ် ဘုရား)၊ ကဲ မင်းတို့ဟာ ဒုက္ခစက်လည်နေတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

မင်းတို့ဟာ ဒုက္ခစက်လည်နေတယ်

ခုနတုန်းက ကလလရေကြည်က ၁၊ မွေးဖွားပြီးတော့ ပြင်ဘက်ရောက်တာ-၂၊ လူမမာဖြစ်နေတာ-၃၊ သေတာ -၄၊ သေပြီး ပဋိသန္ဓေနေတယ်ဆိုတာ ဟောဒီ ၁ ကို ပြန်လှည့်တာ၊ ၄ ကပြီး ဘယ်ပြန်လှည့်တာတုံး (၁ ကို ပြန်လှည့် ပါတယ် ဘုရား)၊ နို့ ဘယ်ကောင်းတာပါသေးတုံး (မပါပါ ဘုရား)၊ ဒီတန်းလာတုန်းကလည်း မကောင်းဘူး၊ ဒီဘက ပြန်လှည့်တော့ကော (မကောင်းပါ ဘုရား)။

ဒါဖြင့် ဒုက္ခစက်လည်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ အင်း ၁ က ၂ ဖြစ်၊ ၂ က ၃ ကော (ဖြစ်ပါတယ် ဘုရား)၊ ၃ က ၄ကော (ဖြစ်ပါတယ် ဘုရား)၊ ၄ က တစ်ခါ ဘာပြန်ဖြစ်တုံး (၁ ပြန်ဖြစ်ပါတယ် ဘုရား)၊ ၁ က ဘာပြန်ဖြစ်တုံး (၂ ပြန်ဖြစ်ပါတယ် ဘုရား)။

ဘယ်မှာတုံး သူဟာက ချမ်းသာဆိုတာ (မပါပါ ဘုရား)၊ ကြားမညှပ်ပါဘူး ဒီအထဲမှာ (မှန်ပါ)၊ ကြားညှပ်သေး ရဲ့လား (မညှပ်ပါ ဘုရား)၊ ဒါဖြင့် ဒုက္ခစက်လည်နေတယ်၊ ဒုက္ခစက်ဝိုင်းကြီး လည်နေတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီဒုက္ခစက်ဝိုင်းကြီးလည်တာဟာ မင်းတို့ ငါတို့သည် ဒီလို ဆရာကောင်း သမားကောင်းလည်း မတွေ့ဘူး၊ ဒီလိုလည်း မလှူတတ်ဘူးဆိုရင် ဒီဒုက္ခစက်ပဲ ပြန်လည်မယ် (မှန်ပါ)၊ မလည်ပေဘူးလား (လည်ပါတယ် ဘုရား)၊ ရှင်းပြီ လား (ရှင်းပါတယ် ဘုရား)၊ သံသရာလည်တယ်ဆိုတာ ဒုက္ခစက်လည်တာကိုဆိုတာ (မှန်လှပါ ဘုရား)။

ကဲ လိုက်ဆိုကြ၊

ရေစက်ချ

တပည့်တော် တပည့်တော်မတို့သည် ဤဒုက္ခစက်ကြီးလည်တာကို ရွံ့ခြင်း မုန်းခြင်း ကြောက်ခြင်း ပျင်းရိခြင်း ရှိသည်ဖြစ်ပါ၍ ဒုက္ခစက်ပြတ်ရာ ဒုက္ခမရှိသော နိဗ္ဗာန်တစ်ခုကိုသာ ရည်မှန်း၍ ဤကျောင်း ဤသင်္ကန်း ဤ ဆွမ်း ဤပဏ္ဍပ်ကြီးကို မိတ်ဆွေသင်္ဂဟတို့အား တည်းခိုရန်အလို့ငှာ လှူဒါန်းပါ၏ အရှင်ဘုရား။

ဒါဖြင့် ကြောက်လို့လှူတဲ့အလှူ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ကဲ ရေစက်ခွက်ကိုင် ကြ။

ဘန္တေ-အရှင်ဘုရား၊ မယံ-အကျွနု်ပ်တို့သည်၊ ရာဂါဒီဟိ-ရာဂ အစရှိကုန်သော၊ ဧကာဒသဂ္ဂီဟိ-တစ်ဆယ့်တစ်ပါး သော မီးတို့ဖြင့်၊ ပဋိပီဠိတံ-အလွန်အကဲ ညှဉ်းဆဲနှိပ်စက်၍နေထသော။

မင်းတို့မှာ ရာဂမီး ဒေါသမီး မောဟမီး ဇတိ ဇရာ မရဏမီးဆိုတဲ့ ခန္ဓာကိုယ်ကြီးဟာ တစ်ဆယ့်တစ်မီး လောင်နေတယ်လို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ရာဂါဒီဟိ-ရာဂအစရှိကုန်သော၊ ဧကာဒသဂ္ဂီဟိ-တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့်၊ ပဋိပီဠိတံ-အလွန်အကဲ ညှဉ်းဆဲ နှိပ်စက်၍နေထသော။

ခန္ဓာကိုယ်ကြီး တစ်ဆယ့်တစ်မီးလောင်နေတယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ)၊ ဟိုရွေ့ရ ဒီရွေ့ရတာ ဒါမီး လောင်လို့ ရွေ့ရတာ (မှန်ပါ)၊ ဟိုဟာခြုံရ ဒီဟာခြုံရဆိုတာ မီးကာကွယ်နေရတာ (မှန်လှပါ ဘုရား)။

သံသာရဘယံ-ခြားရဟတ်ပမာ၊ ချာချာပတ်၍ တစ်ဖြစ်တည်းဖြစ်၍နေတဲ့ ဒုက္ခဖြစ်နေတဲ့ သံသရာဘေးကြီးကို၊ အတိဘာယိတွာ-အလွန်တရာကြောက်ကြပါကုန်သည်ဖြစ်၍၊ တတော-ထိုသံရာဘေးဘယမှ၊ မုတ္တာ-ကင်းလွတ်ရကုန် သည်၊ ဟုတွာ-ဖြစ်၍၊ နိဗ္ဗာနံ-နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို၊ သစ္ဆိကရဏတ္ထာယ-မကြာမတင် ဆောလျင်ကူးမြောက် မျက် မှောက်ပြုရပါခြင်းအကျိုးငှာ၊ ဉာဏစက္ခုနာ-ဉာဏ်ပညာစက္ခုဖြင့်၊ ဂဝေသန္တော-ရှာမှီးကြည့်ရှုတော်မူသည်ရှိသော်၊ ဘုရား က ကြည့်လိုက်တယ် ဘိက္ခဝေ-သံသရာဘေးဘယ တွေးဆရှုမျှော်လေ့ရှိကြကုန်သော သူတော်ကောင်းအပေါင်း တို့၊ ပုညံ-မင်းတို့ပြုတဲ့ ကောင်းမှုကုသိုလ်ဟူသမျှသည်၊ သုခံ-လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို၊ ဇနေတိ-ဖြစ်စေတတ်၏။

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ပေးနိုင်ပါတယ်တဲ့၊ သို့သော် လူချမ်းသာမလိုချင်နဲ့ ဒုက္ခသစ္စာ၊ နတ်ချမ်းသာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဗြဟ္မာချမ်းသာကော (ဒုက္ခသစ္စာပါ ဘုရား)၊ ကဲ နိဗ္ဗာန်ချမ်းသာ တစ်ခုတည်းကိုသာ လိုချင်ပါ၏ (မှန်လှပါ ဘုရား)။

လိုက်ဆိုကြ နိဗ္ဗာန်တစ်ခုကိုသာ လိုချင်ပါ၏ အရှင်ဘုရား။

သံသာရဘယံ-ခြားရဟတ်ပမာ၊ ချာချာပတ်၍ တစ်ဖြစ်တည်းဖြစ်၍နေတဲ့ ဒုက္ခဖြစ်နေတဲ့ သံသရာဘေးကြီးကို၊ အတိဘာယိတွာ-အလွန်တရာကြောက်ကြပါကုန်သည်ဖြစ်၍၊ တတော-ထိုသံရာဘေးဘယမှ၊ မုတ္တာ-ကင်းလွတ် ရကုန်သည်၊ ဟုတွာ-ဖြစ်၍၊ နိဗ္ဗာနံ-နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို၊ သစ္ဆိကရဏတ္ထာယ-မကြာမတင် ဆောလျင် ကူးမြောက် အသော့ရောက်၍ မျက်မှောက်ပြုရပါခြင်းအကျိုးငှာ၊ ဉာဏစက္ခုနာ-ဘုရား၏ ဉာဏ်စက္ခုဖြင့်၊ ဂဝေသန္တော-ရှာမှီးကြည့်ရှုတော်မူသည်ရှိသော်၊ ဘိက္ခဝေ-သံသရာဘေးဘယ တွေးဆရှုမျှော်လေ့ရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့၊ ပုညံ-မင်းတို့ပြုတဲ့ ကောင်းမှုကုသိုလ်ဟူသမျှသည်၊ သုခံ-လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို၊ ဇနေတိ-ဖြစ်စေတတ်၏။

ဣတိ-ဤသို့၊ ဝုတ္ထံ-သုံးလူ့ဆရာ စောသတ္ထာသည် ကောင်းစွာဟောကြားအပ်သော စကားရပ်ကို၊ မနသိကတွာ- နှလုံးနှစ်ခြိုက် ပိုက်မိကြကုန်သည်ဖြစ်၍၊ တိသရဏေန-သရဏဂုံသုံးပါးနှင့်၊ သဟ-တကွ၊ ပဉ္စသီလာနိ-အင်္ဂါ ငါးပါးနှင့် ပြည့်စုံသော ပရမတ္ထသီလတော်မြတ်ကြီးတို့ကို၊ သမာဒိယိတွာ ဂဏှိတွာ-ကောင်းစွာခံယူဆောက် တည်ပြီး၍၊ ဣမံ ဝိဟာရံ-ဤကျောင်းကို၊ အာယသ္မတော-အရှင်ဘုရားအား၊ ဒေမ-ဒုက္ခဝဋ်ကိုကြောက်၍ နိဗ္ဗာန် ရမှုဧကန်ပြု၍ လှူဒါန်းပါ၏ အရှင်ဘုရား။

ဣမာနိ စီဝရာဒီနိ-ဤသင်္ကန်း အစရှိသည်တို့ကို၊ ယထာဥဒ္ဒိဋ္ဌံ-အကြင် အကြင် ရည်မှန်းထားတဲ့အတိုင်း၊ ဒေမ-ဒုက္ခဝဋ်ကိုကြောက်၍ နိဗ္ဗာန်ကို ရည်မှန်းပြီး သကာလ လှူဒါန်းပါ၏ အရှင်ဘုရား။

ပိဏ္ဍပါဟခါဒနီယ ဘောဇနိယာနိ-ဤဆွမ်းခဲဖွယ် ဘောဇဉ်ချိုချဉ်အရသာတို့ကို၊ ယထာဥဒ္ဒိဋ္ဌံ-မိမိတို့ ဖိတ်ကြား ညွှန်ကြားထားတဲ့အတိုင်း၊ ဒေမ-ဒုက္ခဝဋ်ကြီးကို ကျွတ်ရာရည်မှန်း၍၊ ကျွတ်ရာကို ဧကန်သိ၍၊ ကျွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုရည်မှန်း၍ တပည့်တော်တို့ အကြင်လင်မယားသည် လှူဒါန်းပေးကမ်းပါ၏ အရှင် ဘုရား)။

နိဗ္ဗာန်ကို ရည်မှန်းပြီး သကာလ လှူလိုက်ပါတယ် တဲ့။

ဘန္တေ-အရှင်ဘုရား၊ မယံ-အကျွနု်ပ်တို့သည်၊ ဇာတိဇရာ ဗျာဓိ မရဏဒီဟိ-ဇာတိ ဇရာ ဖျာဓိ မရဏ အစ ရှိသည်တို့မှ၊ မုတ္တာ-ကင်းလွတ်ရကုန်သည်၊ ဟုတွာ-ဖြစ်၍၊ နိဗ္ဗာနံ-နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို၊ သစ္ဆိကရောမ- မကြာမတင် ဆောလျင်ကူးမြောက် အသော့ရောက်၍ တပည့်တော်တို့ အကြင်လင်မယား မုချစင်စစ် ဧကန် မျက်မှောက်ပြုရပါလိုကုန်၏ အရှင်ဘုရား။

ဒါ နိဗ္ဗာန်ကို ရောက်ချင်လို့ လှူတာပဲ (မှန်လှပါ ဘုရား)။

ဘန္တေ-အရှင်ဘုရား၊ မယံ-အကျွန်ုပ်တို့သည်၊ ဣမဿ-ဤကောင်းမှုကံ၏၊ ဘာဂံ-အဖို့ကို၊ ဂုဏဝိသိဋ္ဌတရာနံ- ဂုဏ်ကျေးဇူးအားဖြင့် အထူးကြီးမားလှကုန်သော၊ မာတာပိတုနဉ္စ-မိခင် ဖခင်တို့အားလည်းကောင်း၊ အာစရိယာ နဉ္စ-ဆရာသမားတို့အားလည်းကောင်း၊ ဣမာသံပရသာနဉ္စ-ယခုရောက်လာကြကုန်သော ဖိတ်ထားသည့် ပရိ သတ်တို့အားလည်းကောင်း၊ ဧကတသဘဝေ-သုံးဆယ့်တစ်ဘုံ၌၊ စရန္တာနံ-ကရွတ်ကို ကင်းလျှောက်သည့်အသွင် ကျင်လည်ပြေးသွား၍ နေကြလေကုန်သော၊ သဗ္ဗသတ္တာနဉ္စ-အလုံးစုံသော သတ္တဝါအပေါင်းတို့အားလည်း ကောင်း၊ ဘာဇေမ-ရေစက်သွန်းချ အမျှပေးဝေပါကုန်၏၊ တေသတ္တာ-ထိုသတ္တဝါအပေါင်းတို့သည်၊ အမှေဟိ- အကျွနု်ပ်တို့နှင့်၊ သမံ-ထပ်တူထပ်မျှ၊ ပုညဘာဂံ-ကုသိုလ်အစု ကောင်းမှုအဖို့ကို၊ လဘိတွာ-အတူတကွ အမျှ ရကြပါကုန်သည်ဖြစ်၍၊ သုခိတာ-ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာရှိကြကုန်သည်၊ မုဒိတာ-ပီတိလွှမ်းမောက် ၍ ဝမ်းမြောက်သောစိတ်ရှိကြကုန်သည်၊ ဘဝန္တု-ဖြစ်ကြပါစေကုန်သတည်း။

အမျှ အမျှ အမျှ ယူတော်မူကြပါခင်ဗျား။

သာဓု သာဓု သာဓု။