3026

မာတိကာသို့

”မေ့လျော့ခြင်း၏ ဘေးကြီးပုံ” (ဒေဝဒူတသုတ်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၂၇-၁၂-၆၀) နေ့တွင်အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”မေ့လျော့ခြင်း၏ ဘေးကြီးပုံ” (ဒေဝဒူတသုတ်)

ည-အလုပ်ပေး တရားတော်

ဒါက ကလေးသူငယ်လေး၊ ဒါက အိုတာ၊ ဒါက နာတာ၊ ဒါက ရာဇဝတ်သင့်တာ၊ ဒါက သေတာ၊ (ပုံစံခွက်များ ချပြသည်)။

ဒေဝဒူတသုတ်ကို ပြောလိမ့်မယ် (မှန်ပါ)၊ ဒေဝဒူတသုတ်ဆိုတာ ဒေဝက နတ်၊ ဒူတက တမန်၊ သေမင်း(နတ်) တမန်သုတ်ပေါ့လေ။

ဘုရားတစ်ဆူမှ တစ်ခါဟောတဲ့ တရား

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်ပြီးလာတော့ သူ့ဒိဗ္ဗစက္ခု-အဘိညာဉ်နဲ့ ကြည့်လိုက်တယ်၊ အပါယ် သွားတာတွေလည်း မြင်ရတယ်၊ သုဂတိသွားတာတွေလည်း မြင်ရတယ်၊

အပါယ်ရောက်ပြီးသကာလ ယမမင်းက စစ်ဆေး နေတာတွေလည်း မြင်ရတယ်၊ စစ်ဆေးပြီး လွှတ်လိုက်လို့ ငရဲထိန်းတွေက နှိပ်စက်နေတာတွေလည်း မြင်ရတယ်၊ ငရဲ အမျိုးမျိုးတွေကို ဒီတစ်ယောက်ထဲကနေပြီး ဟိုပို့လိုက်၊ ဒီပို့လိုက်နဲ့ ငရဲထိန်းတွေက ပို့တာကိုလည်း မြင်ရတော့ အင်း ဒီတရားတော့ဖြင့် ငါဘုရားတစ်ဆူပွင့်မှ တစ်ခါမြင်ရတဲ့ဥစ္စာကို ဟောမှတော်မယ်၊ ဘုရားတစ်ဆူမှ တစ်ခါဟောတဲ့ တရားလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ဘုရားတစ်ဆူမှ (တစ်ခါဟောတာပါ ဘုရား)၊ သူက ဘုရားဖြစ်တဲ့နေ့ကစပြီး သုဂတိသွားတဲ့ပုဂ္ဂိုလ်လည်း သူ မြင်ရတယ်၊ အပါယ်လေးပါးသွားတဲ့ ပုဂ္ဂိုလ်တွေလည်း သူမြင်တယ် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် သူများပြောနဲ့ ငါဟောတာမဟုတ်ဘူးတဲ့၊ ကိုယ်တိုင်မြင်ပြီး ငါဟောတာ (မှန်ပါ)၊ သူများပြောနဲ့ ပြောတာ မဟုတ်ဘူး၊ ကိုယ်တိုင် မြင်ပြောတာလို့ ဘုရားက ရှေးဦးစွာ အမိန့်ထုတ်တယ် (မှန်လှပါ ဘုရား)။

ဗြုန်းဆို လူ့ပြည်မှာ မကောင်းမှုတွေလုပ်တဲ့ သောက်စားမူးယစ်ပြီး အကုသိုလ်တရားတွေလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဟာ တစ်ခါတည်း ငရဲပြည်မှာ အကောင်အထည်ကြီး ဥပပါတ်ပဋိသန္ဓေသွားဖြစ်တယ် (မှန်ပါ)၊ ဥပပါတ်ပဋိသန္ဓေ ဆိုတာ ဘွားခနဲ ငရဲကောင်ကြီး သွားဖြစ်တယ်။

အဲဒီ ငရဲကောင်ကြီးကို တစ်ခါတည်း ငရဲထိန်းတွေက ဖမ်းပြီးတော့ တရားသူကြီးဖြစ်တဲ့ ယမမင်း ရှေ့မှောက် မှာ အပ်တယ်။

အရှင်ယမမင်း ဤပုဂ္ဂိုလ်ကို စစ်ပါ

အရှင်ယမမင်း ဤပုဂ္ဂိုလ်ကို စစ်ပါ၊ ဤပုဂ္ဂိုလ်ကို စစ်ပါဆိုပြီး အပ်လိုက်တယ်တဲ့၊ သူကိုယ်တိုင်မြင်တာနော်၊ ဘုရားကိုယ်တိုင်မြင်တာလို့ မှတ်ထားကြပါ (မှန်လှပါ ဘုရား)။

ဒါနဲ့ စစ်ပါဆိုတော့ ယမမင်းက တရားပလ္လင်ပေါ်ထိုင်ပြီးသကာလ အမောင်ယောကျ်ား မိန်းမဖြစ်ရင် မိန်းမ ပေါ့ကွာ (မှန်ပါ)၊ မင်း လူ့ပြည်မှာ ကလေးသူငယ် လူမမယ်လေးတွေ ခြေကားရား လက်ကားရားနဲ့ ပုခက်ထဲမှာ ခြေ ပါလျက်နဲ့ အသုံးမကျ၊ လက်ပါလျက်နဲ့ အသုံးမကျ၊ တကယ့်ဒုက္ခိတလေးကို မင်းမြင်ဖူးရဲ့လား၊ မြင်ဖူးပါတယ် (မှန်ပါ)၊ ခုနကဖမ်းလာတဲ့လူကို မေးတယ် (မှန်လှပါ ဘုရား)။

ဪ ဒီဥစ္စာဖြင့် ဒုက္ခပဲ၊ ဒီဝဋ်မျိုးကျွတ်အောင် ကုသိုလ်ကောင်းမှုတွေ လုပ်မှ၊ တရားဓမ္မတွေ ကြိုးစား မှလို့၊ မင်းဒီကလေးလေး မြင်တဲ့အခါမှာ စိတ်ထဲပေါ်လာရဲ့လားကွလို့ မေးတာပဲ (မှန်လှပါ ဘုရား)။

ယမမင်းကလည်း ဩဇာအာဏာ တိက္ကမကြီး၊ ရောက်တဲ့နေရာကလည်း ကြောက်စရာ လန့်စရာဆိုတော့ လိမ်ရမှာဝေးလို့ ကျွန်တော်ဖြင့်ဗျာ ဒါတွေကို မြင်တော့မြင်ဖူးပါတယ်တဲ့၊ ကလေးသူငယ် လူမမယ်တွေကို၊ ဒုက္ခိတလေး တွေကို မြင်ဖူးပါတယ် (မှန်ပါ)၊ မြင်ပေမယ့်လည်း ဒီဝဋ်မှကျွတ်အောင် မြန်မြန်လုပ်မှပဲဆိုတဲ့ ဒါန၊ သီလကုသိုလ်တွေ၊ သမထ၊ ဝိပဿနာကုသိုလ်တွေကို မင်းလုပ်ဖို့ စိတ်ကူးများ မပေါ်ဘူးလားလို့ မေးလိုက်တယ် (မှန်လှပါ ဘုရား)။

(၁)ကလေးပြပြီးတော့ တစ်နံပါတ်မေးလိုက်တယ်

ဒီကလေးပြပြီးတော့ တစ်နံပါတ်မေးလိုက်တယ် (မှန်ပါ)၊ ကျွန်တော် မပေါ်ပါဘူးတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ပေါ်ခဲ့ရဲ့လား (မပေါ်ပါ ဘုရား)။

ဪ မင်းမပေါ်တော့၊ မင်းဟာ ဒါဖြင့် ပျော်ချင်သလိုပျော်၊ နေချင်သလိုနေ၊ မေ့ချင်သလို မေ့နေတာ ကို၊ မင်းဟာ အကုသိုလ်တွေများနေတယ်၊ အကုသိုလ်တွေချည်းပဲ၊ ကုသိုလ်ကို မပါဘူး၊ ဒီကလေးကိုမြင်လို့မှ မင်းဟာက ဘာဉာဏ်မှ မပေါ်လာပဲကိုး၊ အဲဒီတော့ မင်းဟာ အကုသိုလ်တွေပဲ လုပ်နေတာပဲ (မှန်လှပါ ဘုရား)။

မင်း အကုသိုလ်လုပ်ခဲ့တာတွေကို မင်းအမေကလည်း မင်းအတွက် လာအစားခံလို့မဖြစ်ဘူး၊ မင်းအဖေက လည်း အစားခံလို့မဖြစ်ဘူး၊ မင်းမိတ်ဆွေသင်္ဂဟကလည်း အစားခံလို့မဖြစ်ဘူး၊ ဘယ်သူမှ ပြုတာမဟုတ်ဘူး၊ မင်းပြုတာ၊ ရဟန်းသံဃာကလည်း ပြုတာမဟုတ်ဘူး၊ မင်းဟာမင်းပြုတာပဲဆိုပြီးသကာလ မှတ်ချက်ရေးလိုက်တယ်၊ ဘာမှမပါဘူး၊ ကုသိုလ်တွေ ဘာမှမပါဘူးလို့ မှတ်ချက်ရေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။

(၂)ဒုတိယမေးခွန်း(လူအို)ကို မေးပြန်တယ်

သို့သော်လည်း ဗြုန်းခနဲ ဘေးကစောင့်နေတဲ့ ငရဲထိန်းတွေက ဆွဲမချသေးပါဘူး၊ ဒုတိယမေးခွန်းကို မေးပြန် တယ်၊ မင်းဟာကွာ နံရိုးကြီးတွေကောက်လို့၊ အရေတွေက တွန့်လိပ်လို့၊ သွားတွေက ကျဲလို့၊ ကျိုးတန်တာက ကျိုးလို့၊ တောင်ဝှေးကြီး အားကိုးနေတဲ့ပုဂ္ဂိုလ်များ မင်းမြင်ဖူးရဲ့လား၊ လူ့ပြည်မှာ မြင်ဖူးပါတယ်၊ မြင်တော့ မြင်ဖူးတာကိုး (မှန်လှပါ ဘုရား)။

ဪ ငါသည် မအိုရာကို ရှာမှပဲ၊ ဒါန-သီလတွေ လုပ်မှပဲ၊ သမထ-ဝိပဿနာ ကြိုးစားမှပဲလို့ မင်းစိတ်ထဲ မှာ ဒါတွေမြင်တော့ လွတ်အောင်ရှောင်ချင်တဲ့ စိတ်ကလေးများ ပေါ်ရဲ့လားလို့ မေးတာပဲကွ ယမမင်းက (မှန်ပါ)၊ မပေါ်ပါဘူးခင်ဗျားလို့ ဖြေတာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့်ကွာ မင်းအကုသိုလ်တွေ၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ မင်းအချိန်ကုန်နေတာ သေချာပြီ၊ အဲဒီတော့ မင်း အခုရထားတဲ့ အပြစ်တွေ၊ မင်းကုသိုလ်တွေကို မေ့နေတဲ့အပြစ်တွေဟာ မင်းအမေ လာခံလို့လည်းမဖြစ်ဘူး၊ မင်းအဖေ လာခံလို့လည်းမဖြစ်ဘူး၊ ရဟန်းသံဃာ လာခံလို့လည်းမဖြစ်ဘူး၊ ဆွေမျိုးဉာတကာကလည်း လာခံလို့မဖြစ်ဘူး၊ မင်းသာလျှင် မင်းပြုထားတဲ့ အကုသိုလ်ကို ခံထိုက်တယ်လို့ ကောက်ချက်ချရေးလိုက်တယ် (မှန်လှပါ ဘုရား)။

ဘယ်နှစ်ချက်ရှိသွားပြီတုံး (နှစ်ချက်ရှိပါပြီ ဘုရား)၊ မေးရှာတာပဲကွ၊ သတိများရမလားလို့ (မှန်ပါ)၊ သတိရလို့ ရှိရင်လည်း ပြန်လွှတ်ရမှာကိုး (မှန်ပါ)၊ နှစ်နံပါတ်မေးပြီးတော့ သုံးနံပါတ်ကို တစ်ခါမေးပြန်တယ်။

(၃)လူမမာများ သွားဖူး-လာဖူးရဲ့လား

မင်းကွာ ကိုယ့်တံတွေးမှ ကိုယ်မထွေးနိုင်၊ အိပ်ရာထဲခွေပြီးသကာလ ကိုယ့်အဝတ်မှ ကိုယ်လုံအောင် မဖုံးနိုင်၊ အဲဒီလိုနာနေတဲ့ပုဂ္ဂိုလ်များ မင်း လူ့ပြည်မှာ လူမမာများ သွားဖူး-လာဖူးရဲ့လား၊ သွားဖူး-လာဖူးပါတယ်။

ဪ ဒါ ဒီခန္ဓာရလို့ ဒီလိုနာရပါလား၊ ငါလည်း ဒီအဖြစ်မှလွတ်အောင် ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ တွေ အားထုတ်မှ တော်မယ်ဆိုတဲ့စိတ်ကလေးများ မင်းမလာဘူးလား၊ အားကောထုတ်ဖြစ်ကဲ့လားလို့ မေးလိုက်တယ်။

ကျွန်တော် သတိမထားမိပါဘူး၊ ဪ ဒါဖြင့် မင်းအပြစ်ဟာ မင်းကုသိုလ်ဘက်က မပါလာဘူး၊ မင်း အပြစ်တွေကို မင်းအမေလည်း လာခံလို့မဖြစ်ဘူး၊ မင်းအဖေလည်း လာခံလို့မဖြစ်ဘူး၊ မင်းမိတ်ဆွေ သင်္ဂဟတွေလည်း လာခံလို့မဖြစ်ဘူး၊ ရဟန်းသံဃာတွေကလည်း လာခံလို့မဖြစ်ဘူး၊ မင်းအပြစ် မင်းပဲခံထိုက်တယ် (မှန်လှပါ ဘုရား)၊ ကဲ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

မင်းတို့က သားစာ၊ မယားစာ၊ ဆွေစာ၊ မျိုးစာတွေ ရှာနေလို့ ပြောပါတယ်ကွ (မှန်ပါ)၊ အကုသိုလ်တွေလုပ်ပြီး တော့-ဟင် (မှန်ပါ)၊ ကိုယ့်အပြစ် ကိုယ်ပဲခံရမယ်လို့ ဟိုကဆုံးဖြတ်ချက်ချနေပြီကွ၊ ဘယ်သူမှ လာလုပ်တာမဟုတ်ဘူး တဲ့ (မှန်ပါ)၊ မင်းတို့ ဒီမှာတော့ လူပိုတွေက သားအတွက်၊ မယားအတွက်၊ ဆွေမျိုးအတွက်၊ ဉာတကာအတွက်တွေနဲ့ တစ်ခါတည်း အကုသိုလ်တွေ နီးရာထလုပ်တဲ့အလုပ်တွေ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

(၄)ရာဇဝတ်သင့်တဲ့ ပုဂ္ဂိုလ်များမြင်ဖူးလား

ဒါနဲ့ မေးပြန်တယ်၊ မင်းကွာ တဲ့၊ လေးနံပါတ် မေးလိုက်တယ်၊ ရာဇဝတ်သင့်တဲ့ ပုဂ္ဂိုလ်များကွာ ခြေ ဖြတ်၊ ခေါင်းဖြတ်၊ လက်ဖြတ်၊ ခွေးစာကျွေး၊ ရှင်ဘုရင်ကလေ (မှန်ပါ)၊ အဲဒီပုဂ္ဂိုလ်တွေများ မင်းမမြင်ဘူး-ဘူးလား ကွာ လူ့ပြည်မှာ မြင်ဖူးပါတယ်၊ မြင်ဖူးလို့ရှိရင် ဒီအဖြစ်မှလွတ်အောင် ငါသည် ဒါန၊ သီလ၊ သမထ၊ ဝိပဿနာတွေ ကြိုးစားမှ လွတ်မယ်ဆိုတဲ့ စိတ်ကလေးများ မပေါ်ဘူးလားကွာလို့ မေးလိုက်တယ် (မှန်လှပါ ဘုရား)။

မပေါ်ပါဘူးပဲ ဖြေလိုက်တယ် (မှန်ပါ)၊ ဒီပြင်လည်း မှားဖြေလို့ မရဘူးလေ (မှန်ပါ)၊ မှားဖြေလို့ ဟိုက မျက်လုံး နဲ့ ပြူးကြည့်လိုက်ရင် သူသေမှာ၊ တစ်ယောက်တည်း အစစ်ခံနေရတာကွ၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့်ကွာတဲ့ ကုသိုလ်ဘက်က မင်းဟာ မပါပဲကိုး၊ မပါတဲ့အတွက် ဒီမင်းပြုထားတဲ့ အကုသိုလ်တွေဟာ မင်း အမေကလည်း လာခံလို့မဖြစ်ဘူး၊ မင်းအဖေလည်း လာခံလို့မဖြစ်ဘူး၊ ဆွေမျိုးဉာတကာ လာခံလို့လည်းမဖြစ်ဘူး၊ ရဟန်း သံဃာတွေလည်း လာခံလို့မဖြစ်ဘူးကွ၊ မင်းအပြစ် မင်းသာခံထိုက်တယ် ဆိုပြီး ကောက်နုတ်ချက် ရေးလိုက်တယ် (မှန်ပါ)၊ လေးခါရှိပြီ (မှန်ပါ)၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ဒါက ဘုရားက ငါဘုရားဖြစ်တဲ့နေ့မှ မြင်တာတဲ့၊ ဒီစစ်တမ်းတွေကို (မှန်ပါ)၊ ငါကိုယ်တိုင် ဒိဗ္ဗစက္ခုနဲ့ ကြည့် လိုက်တော့ ဟိုမှာစစ်နေတာတွေကို မြင်နေတာပဲ၊ သူများပြောသံကြားနဲ့ ငါဟောနေတာ မဟုတ်ပါဘူးတဲ့ (မှန်လှပါ ဘုရား)။

(၅)မသာများ ပို့ဖူးရဲ့လား

နောက် ငါးနံပါတ် မေးပြန်တယ်၊ ကွာ မင်း မသာများ ပို့ဖူးရဲ့လား၊ ပို့ဖူးပါတယ်၊ ဖူးဖူးရောင်နေပုံကြီးတွေ ကော မြင်ဖူးပါရဲ့လား၊ မြင်ဖူးပါတယ်၊ ဪ ဒါတွေမြင်ရတဲ့အခါမှာ မင်း သံဝေဂလေးရပြီးသကာလ ဒါတွေမှ လွတ်ရေးကျွတ်ရေးဆိုတဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာတွေ လုပ်မှတော်မယ်၊ လုပ်လည်း လုပ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့စိတ်များ မင်းမပေါ်ဘူးလား၊ မပေါ်ပါဘူး ဖြေတာပဲ (မှန်ပါ)၊ ဘယ်နှစ်ချက်ရှိသွားပြီလဲ (ငါးချက်ပါ ဘုရား)။

ဒါဖြင့် ဒီအပြစ်သည် မင်းအမေနဲ့လည်း မဆိုင်ဘူး၊ မင်းအဖေနဲ့လည်း မဆိုင်ဘူး၊ မင်းနဲ့သာ ဆိုင်တယ်၊ မင်း ဆွေမျိုးဉာတကာတွေနဲ့လည်း ဘာမှမဆိုင်ဘူး၊ မင်းနဲ့သာ ဆိုင်တယ်ဆိုပြီး ကောက်နှုတ်ချက်ချလိုက်တယ်၊ ငါးချက် ရေးလိုက်တယ် (မှန်ပါ)၊ ဘယ်နှစ်ချက်ရှိသွားပြီလဲ (ငါးချက်ပါ ဘုရား)။

ငါးချက်ရှိသွားပြီနော်၊ ဘုရားတစ်ဆူမှ တစ်ခါဟောတဲ့တရား (မှန်ပါ)၊ ကိုင်း သူများတော့ စစ်ပြီးပြီ၊ မင်းတို့ စစ်ရုံပဲ ကျန်တော့မှာ (မှန်ပါ)၊ မင်းတို့လည်း ကလေးလေးတွေ ပွေ့ကာနဲ့ ပြုကာနဲ့၊ နှပ်တွေ-တံတွေးတွေနဲ့၊ ချွဲတွေနဲ့၊ ပွေ့ဖူး-ပြုဖူးကြတယ်မဟုတ်လား (ပွေ့ဖူးပါတယ် ဘုရား)။

အင်း ဒီကလေးအဖြစ်မှ လွတ်အောင်တော့ ငါတော့ဖြင့် ဒီလို ဇာတိဒုက္ခကနေ တက်လာတဲ့ ကလေး လေး၊ ဘာမှမသိ အရူးလေး၊ အနှမ်းလေး၊ အကန်းလေး၊ မျက်လုံးက ဗြုန်းခနဲ မြင်သေးတာမှမဟုတ်ဘဲကိုးကွ (မှန်ပါ)၊ အရူး၊ အနှမ်း၊ အကန်းကလေးအဖြစ်မှ ငါဖြင့် လွတ်အောင်၊ ကလေးပွေ့ရင်း မင်းတို့ ဒီအဖြစ်မှ လွတ်အောင်တော့ ကြိုးစားမှပဲဆိုတဲ့ စိတ်ပေါ်ကြရဲ့လားလို့မေးရင် မင်းတို့ ဘယ့်နှယ်ဖြေကြမှာတုံး (မပေါ်ပါ ဘုရား)။

ယမမင်း မှတ်တမ်း

မပေါ်ဘူး၊ အင်း ယမမင်း မှတ်တမ်းထဲတော့ ကောက်နှုတ်ချက်ချပြီး ရေးရုံပဲရှိတယ်၊ ဒီအပြစ်ဟာ ဘယ်သူမှ မခံရဘူး၊ ကိုယ်မသိတဲ့လူအတွက်၊ မပေါ်တဲ့လူတွေအတွက်သာလျှင် ကုသိုလ်ဘက်က ဆိတ်နေလို့၊ သုဉ်းနေ လို့ ကိုယ်ပဲခံရမယ် (မှန်လှပါ ဘုရား)။

(တပည့်တော်မတို့ ကလေးကို ရှင်ပြုပေးချင်တဲ့စိတ်တော့ လာပါတယ် ဘုရား)၊

အင်း ကိုယ့်ဟာကိုယ်ပြု လွတ်အောင်၊ ဒီကလေးအဖြစ်မှ လွတ်အောင်တော့ မလာဘူး၊ ရှင်ပြုချင်တာတော့ လာတာပေါ့ (မှန်ပါ)၊ ဒီကလေး အဖြစ်က ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ ဒီဒုက္ခတွေမှလွတ်အောင် ငါသူတော်ကောင်း အလုပ်တွေ လုပ်ပါတော့မယ် လို့ လာရဲ့လား (မလာပါ ဘုရား)၊ မလာဘူး ရှင်ပြုချင်တာပဲ လာနေတာ၊ သူ့ဟာက (မှန်လှပါ ဘုရား)။

ကိုယ့်အတွက် အလွတ်ရုန်းတဲ့ အလုပ်မပါဘူး (မပါပါ ဘုရား)၊ အခုဟာက ယမမင်းက ဒါစစ်နေတာ၊ ရှင်ပြုချင်တာ မပါဘူး၊ ဒီအထဲမှာ (မှန်ပါ)၊ ကဲ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီကလေးလေး မြင်သဖြင့် ဪ ဒီဒုက္ခမျိုးတော့ နောက်မကြုံရအောင်၊ ဒီပဋိသန္ဓေနေပြီ၊ ခြေကားရား လက်ကားရားနဲ့၊ ဒီဒုက္ခိတလေးအဖြစ်မှ လွတ်အောင်၊ သူတော်ကောင်းအလုပ် ကြိုးစားပါတော့မယ်လို့ မင်းတို့ လာရဲ့ လား (မလာပါ ဘုရား)၊ မလာဘူး။

ဒါဖြင့် ဒီအပြစ်ကို မင်းတို့ သူ့မြင်ပြီး တစ်ခါတည်း ဒီကလေးလေး အိပ်တယ်ဆို ချထားပြီး၊ ကဲ ဒီအဖြစ် မှလွတ်အောင် ငါ တရားဓမ္မ ကြိုးစားပါတော့မယ်၊ လုပ်ပါတော့မယ်လို့ မလာဘူး၊ ဝမ်းသာနေတာက များတယ် (မှန် ပါ)၊

သံဝေဂရတဲ့ဘက်တော့ မလှည့်ဘူး

ကြီးလာရင် ရှင်ပြုရမယ်၊ အင်း ကြီးလာရင် ကျောင်းထားရမယ် အစရှိသည်နဲ့ ဒီဘက်သာ လှည့်သွားတယ် (မှန်ပါ)၊ သာယာတဲ့ဘက်သာ လှည့်သွားတယ်၊ သံဝေဂရတဲ့ဘက်တော့ (မလှည်ပါ ဘုရား)၊ အဲဒါလိုသွားတာ၊ ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)၊ သံဝေဂမပါဘူး၊ ထိတ်လန့်တဲ့စိတ်မလာဘူး-ဟင် (မလာပါ ဘုရား)။

ကိုင်း ဒါနဲ့ အဘိုးကြီးတွေ၊ အဘွားကြီးတွေ၊ ခေါင်းဖြူ စွယ်ကျိုးကြီးတွေ မြင်တဲ့အခါကျလို့ရှိရင် အင်း ဒီဥစ္စာက ဇာတိဒုက္ခကနေ ဇရာဒုက္ခလာတာပဲ၊ ဒီဇရာဒုက္ခ၏ လွတ်ရေး-ကျွတ်ရေးဖြင့် ကြိုးစားပါတော့မယ်လို့ကော မြင်တိုင်း မြင်တိုင်း လာကြရဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေမှာတုံး (မလာပါ ဘုရား)။

မလာဘူး၊ တချို့ဆို အဘွားကြီးတွေလာရင် ရွံ့တယ်၊ အဘွားကြီးတွေနဲ့ အတူတူ မစားချင်ဘူးတောင် ဖြစ်သေး တယ်-ဟင် (မှန်ပါ)၊ ဒီအဘွားကြီးတွေကို နောက်ဖေးချောင်မှာ သိပ်တောင် သိပ်ထားကြသေးတယ် (မှန်ပါ)၊ ကိုယ့်အမေ -ကိုယ့်အဖေဆိုရင်လေ (မှန်ပါ)၊ မလာတဲ့အပြင် ပြောပါတယ် (မှန်ပါ)၊ လူထဲမဝင်စေချင်လို့၊ မျက်နှာပန်းပြမကောင်း လို့၊ ဒီလိုတောင်မရှိဘူးလား (ရှိပါတယ် ဘုရား)။

ချောင်ထိုးတာက ဒေါသဖြစ်တာ

ငြိမ်ငြိမ်နေစမ်းပါ ကိုယ့်ဟာကိုယ် လူကြီးပီပီ လူကြီးနေရာ နေစမ်းပါ (မှန်ပါ)၊ ယဉ်အောင်သာ ပြောနေတာ ချောင်ထိုးတာ (မှန်ပါ)၊ အမှန်စင်စစ်တော့ ဘာတုံး (ချောင်ထိုးထားတာပါ ဘုရား)၊ ချောင်ထိုးတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ သံဝေဂရတာလားကွာ ချောင်ထိုးတာလား (ချောင်ထိုးတာပါ ဘုရား)၊ ချောင်ထိုးတာက ဒေါသဖြစ် တာကွ (မှန်လှပါ ဘုရား)။

ချောင်ထိုးတာက ဒေါသဖြစ်တာ၊ အလိုက်မသိလိုက်တာ၊ ဂွကျလိုက်တာနဲ့ (မှန်ပါ)၊ အမေမို့ ပြောရလည်း ခက်တယ်လို့ ဒီလိုလာတယ်ကွ၊ မလာဘူးလား (လာပါတယ် ဘုရား)၊ လာတယ်တဲ့၊ ပွဲထဲ ဝင်မကောင်းလို့ ထုတ်မပြချင် တာ (မှန်ပါ)၊

ဘာဖြစ်တာတုံး (ပွဲမဝင်တော့လို့ ထုတ်မပြချင်တာပါ ဘုရား)။

ထုတ်မပြချင်တဲ့ စိတ်သာလာတယ်၊ ဒီလို အအိုဘေးကြီးလွတ်အောင်များ ငါတော့ ကြိုးစားမှပဲ၊ ငါ့အမေ အိုနေတာမြင်တယ်၊ ငါ့အဖေ အိုနေတာမြင်တယ်၊ ဒီလို အအိုလွတ်တဲ့နေရာကို ငါရှာမှပဲ၊ အအိုလွတ်ရာ လွတ်ကြောင်း ဖြစ်တဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာတွေ ကြိုးစားမှပဲလို့ လာကြရဲ့လား (မလာပါ ဘုရား)။

မလာတော့ ယမမင်းက ဘယ်နှယ့်တုံး၊ မင်းပြုတဲ့အမှုဟာ မင်းသာခံရမယ်ဆိုတဲ့ ကောက်နှုတ်ချက်ထဲ ပါသွား တာပေါ့ (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

မတတ်သာလို့သာ သွားမေးကြတာ

တစ်ခါ နာတဲ့ပုဂ္ဂိုလ်ကို မြင်တဲ့အခါကျလို့ရှိရင် မတတ်သာလို့သာ သွားမေးကြတာ (မှန်ပါ)၊ ဒီတောင်က တက်မယ်မထင်ပါဘူးဆိုပြီး မေးငေါ့၊ ခြေငေါ့၊ နည်းနည်းပါးပါး နံစော်တယ်ဆိုရင် အိမ်အပြင်ဘက်ကျမှ တံတွေးလေး ငုံလာပြီး ထွေးပစ် (မှန်ပါ)၊ ဒီလိုသာများနေတာ (များပါတယ် ဘုရား)။

ဒီအနာလွတ်အောင်တော့ဖြင့် ငါကြိုးစားပါမယ်၊ ဒီဟာမျိုး မတွေ့အောင်တော့၊ ဒီတစ်ခါတွေ့တောင် နောက်ဆုံး ပိတ် တွေ့ခြင်းမျိုးဖြစ်အောင် ကြိုးစားပါမယ်ဆိုတဲ့စိတ်ကို လူမမာဆီက ပြန်လာတဲ့အခါ ပေါ်ကြရဲ့လား (မပေါ်ပါ ဘုရား)။

အင်း ကောက်နှုတ်ချက်ထဲချည်းပါနေပြီ (မှန်ပါ)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ဒါ နောက်ကို သတိ ထားဖို့နော် (မှန်ပါ)၊ နောက်ကို သတိထားဖို့ အရေးကြီးပါတယ် (မှန်လှပါ ဘုရား)။

ရာဇဝတ်သင့်တဲ့လူတွေကို သွားကြည့်၊ ကြိုးပေးခံရတဲ့လူတွေကို သွားကြည့်၊ ကျင်စက်တွေနဲ့ အတို့ခံရတဲ့ ပုဂ္ဂိုလ်တွေကို လိုက်ကြည့်ပြီး ဪ ဒါတွေဟာ ခန္ဓာရှိလို့ တွေ့ရတာ၊ ခန္ဓာမရှိရင် တွေ့ရမှာမဟုတ်ဘူး၊ ခန္ဓာ မရှိတဲ့အလုပ်ကို လုပ်မှပဲလို့ လာရဲ့လား (မလာပါ ဘုရား)။

အို ဒီကောင် ဒီလိုတွေ့တာကောင်းတယ်၊ သူ့ကိုယ်က အတော်မိုက်တာပဲ (မှန်ပါ)၊ ဟော သံဝေဂ မလာတဲ့အပြင် သူ့အပေါ်မှာသာ စွဲချက်တွေ၊ အပြစ်တွေကို ကိုယ်ကတောင်ဖို့လိုက်သေးတယ် (မှန်ပါ)၊ မဖို့ဘူးလား (ဖို့ပါတယ် ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတွေက ဒီအတိုင်းပဲ၊ သူများအပေါ်သာ အပြစ်ဖို့တယ်၊ ကိုယ်လည်း ဒီခန္ဓာရှိနေရင် ဒီလိုရာဇဝတ်မင်းဒဏ်ဆိုတာ သင့်နေမှာပဲ၊ ဒါတွေကိုရှောင်မှပဲ၊ တိမ်းမှပဲလို့ မောင်ချစ်စိန် လာရဲ့လားကွ (မလာပါ ဘုရား)၊ လွတ်ရာလွတ်ကြောင်းကို ကြိုးစားမှပဲလို့ကော (မလာပါ ဘုရား)။

မင်းပြုတဲ့အမှု မင်းခံပဲ

ဒါဖြင့် ကောက်နုတ်ချက်ထဲ ပါသွားပြန်ပြီ၊ မင်းပြုတဲ့အမှု မင်းခံပဲ (မှန်ပါ)၊ မင်းမေ့တာကိုး (မှန်ပါ)၊ မေ့တာက အဝိဇ္ဇာမဟုတ်လား (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ မသွားရပေဘူးလား (သွားရပါတယ် ဘုရား)၊ သွားရရင် ဘယ်လွတ်နိုင်ပါ့မတုံး (မှန်လှပါ ဘုရား)။

ဒါက နင်တို့ကို စစ်တာတဲ့ (မှန်ပါ)၊ နင်တို့ အသုဘတွေ ပို့ကြတဲ့အခါကျတော့ အခေါင်းကြီးတွေထမ်း ဟိုကျ တော့ အခေါင်းမှောက်ပြီး မီးရှို့တန်ရှို့ (မှန်ပါ)၊ အချို့လည်း အသုဘတွေအိမ်မှာ သွားပြီးသကာလ ဖူးရောင်နေတာ တွေ၊ အနံ့တွေ ပါးစပ်ကထွက်နေတာတွေတွေ့တော့ အသေလွတ်တော့ရှာမှပဲ မဖြစ်ပါဘူး ကြောက်စရာကြီးပဲဆိုပြီး သံဝေဂဉာဏ်နဲ့ အသေလွတ်ရှာမှပဲဆိုတဲ့စိတ်ကော ပေါ်ကြရဲ့လား (မပေါ်ပါ ဘုရား)၊ မပေါ်ဘူး။

မပေါ်တော့ ဒါမေ့တာပဲမဟုတ်လား (မှန်ပါ)၊ မေ့တာက အဝိဇ္ဇာပဲ (မှန်ပါ)၊ အဝိဇ္ဇာလာလို့ရှိရင် အဝိဇ္ဇာ ပစ္စယာသင်္ခါရာ လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား)၊ မလွတ်ဘူးတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီလို ခုနကပုဂ္ဂိုလ်လည်းစစ်၊ အခု နင်တို့ကိုစစ်ပြီးတော့ ယမမင်းက စကားသိမ်းလိုက်တယ်၊ မင်းအပြစ် မင်းခံရုံပဲလို့ စကားသိမ်းလိုက်တော့မှ ခုနက နောက်ကလိုက်လာတဲ့ ငရဲထိန်းတွေက တစ်ခါတည်း ဒီပုဂ္ဂိုလ်ကို လေး လက်မလောက်ရှိတဲ့ သံပြားပူကြီးနဲ့ လူအိပ်လောက်အောင်ကြီးတဲ့ သံပြားကြီးပေါ် ဆွဲလွှဲပြီးသကာလမှ အင်မတန် ပူ လှတဲ့ သံချောင်းကြီးတွေနဲ့ လက်ဖဝါးကိုထိုး သံပြားနဲ့ ကပ်လိုက်တယ် (မှန်လှပါ ဘုရား)။

ဘုရားကပြောတာ

အောက်ကလည်း မီးတောက်နေတာကွ (မှန်ပါ)၊ လေးဘက်လှည့်ကြက်၊ ဒီလက်နှစ်ဖက်ကိုလည်း စိုက်၊ ခြေ နှစ်ဖက်ကိုလည်း စိုက်၊ အလယ်ဗိုက်ပေါ်မှာ တစ်ချက်စိုက်ပြီးသကာလ ဒီအတိုင်းထားလိုက်တာ (မှန်ပါ)၊ ကဲ ခံနိုင်ရည်ရှိကြပါ့မလား (မရှိနိုင်ပါ ဘုရား)၊ ခံနိုင်ရည် ဘယ်သူမှရှိမှာမဟုတ်ဘူး (မှန်ပါ)၊ ဒါ ငါကပြောတာ မဟုတ်ဘူး နော်၊ ဘုရားကပြောတာ၊ သူကိုယ်တိုင်မြင်လို့ ပြောတာနော် (မှန်ပါ)၊ ပြောသံကြားနဲ့ ပြောတာလို့ မှတ်မနေနဲ့၊ ဘုရား ဖြစ်တဲ့နေ့ကစပြီး မြင်တာပဲ (မှန်လှပါ ဘုရား)။

ပြောသံကြားနဲ့ ပြောတယ်လို့ မယူလိုက်ပါနဲ့ (မှန်ပါ)၊ ဘုရားက ငါက နှစ်အိမ်တန်းနေတယ်တဲ့၊ တံခါးက တစ် ပေါက်စီရှိတယ်တဲ့၊ ငါက အလယ်ကနေ ထိုင်ကြည့်တာနဲ့ အတူတူပဲ (မှန်ပါ)၊ သုဂတိသွားတဲ့ပုဂ္ဂိုလ်လည်း ငါမြင်တယ်၊ ဒုဂ္ဂတိသွားတဲ့ပုဂ္ဂိုလ် ဘာဖြစ်နေတယ်ဆိုတာလည်း ငါမြင်တယ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတင် ဆွဲလှဲပြီးသကာလမှ ဘာများစားချင်တုံး၊ ဘာများသောက်ချင်တုံးလို့ မေးသေးတာ (မှန်ပါ)၊ အဲဒီမှာ ရေဆာလှချည်ရဲ့လို့ အော်လို့ရှိရင် ကြေးတွေကို အရည်ကျိုထားတာကို တစ်ခါတည်း ပါးစပ်ကို သံကောက်နဲ့ဖြဲပြီး အဲဒီထဲ လောင်းထည့်တာပဲ (မှန်ပါ)၊ ခံနိုင်ရည်ရှိပါ့မလား (မရှိပါ ဘုရား)။

မရှိနိုင်ရင်လည်း မြန်မြန် ခန္ဓာဇာတ်သိမ်း- ငြိမ်းတဲ့အလုပ်ကို မောင်ချစ်စိန် လုပ်ကွ (လုပ်ရမှာပါ ဘုရား)၊ မလုပ် ရင်တော့ ဒီလမ်းက တစ်ချီဆိုရင်ကို သည်းခံနိုင်ဖို့ အခြေအနေမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

နင်းတို့ကို ဒါတွေလောင်းချတာက ပါးစပ်ကို ဒီအတိုင်းဖြဲတာမဟုတ်ဘူးကွ အင်မတန်ပူတဲ့ သံကောက်ကြီးနဲ့ ရဲရဲနီနေတာကြီးနဲ့ ပါးစပ်ကိုဖြဲတာ (မှန်ပါ)၊ ပါးစပ်ဖြဲပြီးမှ ခုနက ကြေးရည်ပူတွေ လောင်းတာကွ (မှန်ပါ)၊ ပါးစပ်က လောင်းလိုက်တယ်ဆိုရင် ဒွါရက ထွက်သွားတာပဲ (မှန်ပါ)၊ သေပါတော့လားလို့ မောင်အောင်မြတ်က မေးဖို့ မလိုဘူး လား (လိုပါတယ် ဘုရား)။

ကံက အရှင်ခိုင်းထားတယ်

ကံက အရှင်ခိုင်းထားတယ် မသေရဘူး၊ မသေမှ နာကျင်ရကောင်းမှန်း၊ ပူလောင်မှန်း သိမှာကိုး (မှန်ပါ)၊ သေသွားရင် သိပါ့မလား (မသိပါ ဘုရား)၊ အဲ အရှင်ခံရတာလို့လည်း မှတ်ထားကြပါ (မှန်ပါ)၊ ဘယ်လိုမှတ်ထား ကြမှာလဲ (အရှင်ခံရတာပါ ဘုရား)၊ အရှင်ခံရတာ။

နောက် ဒီကနေပြီးမှ သံကောက်တွေနဲ့ တစ်ခါတည်း ချိတ်တွေနဲ့ လူကို မပြီးမှ ထုတ်တာကွ (မှန်ပါ)၊ လူကို မပြီးတော့မှ သံကောက်တွေနဲ့ ကြွလာအောင် လုပ်ပြီးတော့မှ တို့သံတူရွင်းနဲ့ ထိုးမသလိုပေါ့ကွာ (မှန်ပါ)၊ ဇလီဖားတုံး များ မသလိုပေါ့ (မှန်ပါ)၊ အဲဒီလို ထိုးမပြီးတော့မှ ခုနက ကြေးနီရေအိုးထဲကို ထည့်လိုက်တယ် (မှန်ပါ)၊ သူက အမြှုပ် တွေ ထွက်လာတယ်၊ လူမြှုပ်တွေ (မှန်ပါ)၊ ကြေလည်းမသွားဘူးတဲ့၊ အမြှုပ်တွေသာ ထွက်လာတယ်၊ သေလည်းမသေ ဘူး (မှန်လှပါ ဘုရား)။

ဘာလို့ မသေတုံးဆိုလို့ရှိရင် မသေမယ့်ကံကိုက ပါလာတာ၊ ခံဖို့ ကံသက်သက် (မှန်ပါ)၊ သေဖို့ရာကို မပါဘူး (မပါပါ ဘုရား)၊ သေသွားလို့ရှိရင် ငါးကြော်လိုဖြစ်သွားတော့ အရေးမကြီးဘူးပေါ့ကွာ (မှန်ပါ)၊ အခုတော့ သေလည်း မသေရဘူး၊ ဒီအထဲမှာပဲ ရှူရှိုက်နေရတယ်၊ ကြေးနီရည်တွေထဲမှာ (မှန်လှပါ ဘုရား)။

မေ့တဲ့အပြစ်တွေ

ခံနိုင်ရည်ရှိကြပါ့မလားလို့ မေးရင် ဘယ့်နှယ်ဖြေကြပါ့မတုံး (ခံနိုင်ရည်မရှိပါ ဘုရား)၊ ဒါ ခုနက မေ့တဲ့အပြစ် တွေလေ (မှန်ပါ)၊ ဘာပြစ်တွေတုံး (မေ့တဲ့အပြစ်ပါ ဘုရား)၊ မေ့တဲ့အပြစ်တွေဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒီကနေပြီးတော့မှ ခုနက ငါးမျှားချိတ်နဲ့ ဆွဲပြန်တာပဲကွ၊ ဆွဲပြီးသကာလ မီးတောင်ကြီးကို သူ့ကို လှည်းကပြီး သကာလ သူ့အရုန်းခိုင်းတာပဲ (မှန်ပါ)၊ နောက်ကနေ အတင်းရိုက်တာပဲ၊ သံကြိမ်လုံးတွေနဲ့ အမြဲအတင်းရိုက်တာပဲ (မှန်ပါ)၊ ရဲရဲနီနေတာနော် (မှန်ပါ)၊ ရဲရဲနီနေတဲ့ သံကြိမ်လုံးကြီးနဲ့ အမြဲရိုက်ပြီး မီးတောင်ကြီးကို တက်ခိုင်းတာပဲ၊ သေ ပါရဲ့လားလို့ မေးတော့ ဘယ့်နှယ့်ဖြေပါ့မတုံး (မသေပါ ဘုရား)၊ ကံက မသေရဘူးတဲ့၊ အရှင်လတ်လတ်ခံရမှာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခံနိုင်ရည်ရှိကြပါ့မလားလို့ မေးရင် ဘယ့်နှယ်ဖြေပါ့မတုံး (ခံနိုင်ရည်မရှိပါ ဘုရား)၊ ဒါဖြင့် မင်းတို့ မမေ့တဲ့ တစ်လုံးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုမှာလဲ (ကြီးပါတယ် ဘုရား)၊ သူတော်ကောင်းအလုပ် မမေ့တဲ့ဥစ္စာလေ (မှန်လှပါ ဘုရား)။

သူက မေ့ပြစ်သင့်တာကွ (မှန်ပါ)၊ မောင်အောင်မြတ် ပေါ်ပြီလားကွ (ပေါ်ပါပြီ ဘုရား)၊ ဘာပြစ်သင့်တာတုံး (မေ့ပြစ်သင့်တာပါ ဘုရား)၊ မေ့ပြစ်သင့်တာ အဝိဇ္ဇာလေကွာ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတောင်ပေါ် အတက်ခိုင်းပြီး တစ်ခါ အတင်းဆင်းခိုင်းပြန်တာပဲကွ ဒီမီးတွေထဲမှာ (မှန်ပါ)၊ ဒီကောင်ကြီး ဟာ အလောင်ခံပြီး ပြေးနေရတာပဲ၊ ဘယ့်နှယ်တုံးကွ အဝတ်အစားပါတယ်များ ထင်ကြရဲ့လား (မပါပါ ဘုရား)၊ ဘယ်ပါလိမ့်မတုံး၊ တုံးလုံးပဲ (မှန်ပါ)၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ယမမင်းစစ်တော့ ဘယ်သူဖုံးလို့ ဖြစ်သေးတုံး

ခံနိုင်ရည်ရှိကြပါ့မလားလို့ မေးလိုက်တယ် (ခံနိုင်ရည်မရှိပါ ဘုရား)၊ အခုဖြစ်တဲ့ လောဘ၊ ဒေါသတွေကတော့ အရေးမကြီးလှဘူးပေါ့ကွာ (မှန်ပါ)၊ လူမသိ ဖုံးထားလို့ရသေးတယ်၊ ဟိုကျတော့ ဖုံးလို့ရသေးရဲ့လား (မရပါ ဘုရား)၊ ယမမင်းစစ်တော့ ဘယ်သူဖုံးလို့ ဖြစ်သေးတုံး (ဘယ်သူမှ မဖြစ်တော့ပါ ဘုရား)။

ကဲ မောင်ချစ်စိန်၊ မင်းတို့က သားစာ၊ မယားစာနဲ့ တစ်ခါတည်း ပြေးလွှားလိုက်တာ၊ ကိုယ့်ဟာကိုယ်တော့ အင်မတန်ဟုတ်နေတာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်နေပါတယ် ဘုရား)၊ ကိုယ့်ဟာကိုယ် ဟုတ်သလောက် ဘယ့်နှယ် တုံး ဟန်ကျရဲ့လား (မကျပါ ဘုရား)။

အဲဒါ မင်းတို့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို မြင်အောင်လုပ်မှ ဒါလွတ်မှာ (မှန်ပါ)၊ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို မြင်ရင်တော့ ဖြင့် “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော”ဆိုတဲ့အတိုင်း အပါယ်လေးပါးကို မရောက်တော့ဘူး (မှန်လှပါ ဘုရား)။

ဒါမှမလုပ်လို့ရှိရင်တော့ဖြင့် ဒီဥစ္စာ ငါ့အိမ်၊ ငါ့ယာပဲလို့ မှတ်ထားရုံပဲရှိတယ် (မှန်လှပါ ဘုရား)။

အခု မင်းတို့ တောင်ပြော မြောက်ပြော ပြောနေတာတွေ၊ လေပြေထိုးနေတာတွေ၊ ဖုံးလိုက်ဖိလိုက်တာတွေ အကောင်းပြောပါတယ်ဆိုပြီးသကာလ တိုက်လုံးရုပ်လုံးတွေ အမျိုးမျိုးအဖုံဖုံပေါ့လေ (မှန်ပါ)၊ ဒါတွေဟာ အကုသိုလ် တွေပဲတဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မီးတောင်ငရဲ လက်ပံပင်ငရဲ သံလျက်ငရဲ

ဒါနဲ့ပဲ ကွာ၊ ခုနက မီးတောင်ငရဲပို့ပြီးသကာလ လက်ပံပင်ငရဲသွားပြီးတော့ အဲဒီအောက်သွားရပြန်တာ ပဲကွ၊ သံလျက်တွေချည်း အပေါ်က ကြွေကျတာပဲ၊ သူ အဲဒီအောက်ကို အတင်းမောင်းထုတ်၊ မောင်းထုတ်ပြီး သံလျက် တွေက ကြွေကျတော့ ခြေတွေ လက်တွေကပြတ်၊ ပြန်ဆက်တာပဲ၊ သေသလားလို့မေးရင် ဘယ့်နှယ်ဖြေကြမှာတုံး (မသေပါ ဘုရား)။

ဘာလို့ မသေတာတုံးကွ (ကံမပါလို့ပါ ဘုရား)၊ အရှင်ခံဖို့ပါတယ် (မှန်ပါ)၊ ဘယ်လိုပါကြတုံး (အရှင်ခံဖို့ပါ ဘုရား)၊ အရှင်ခံဖို့ပါလို့ သေကိုမသေဘူး (မှန်လှပါ ဘုရား)။

ဒီတင်မှ ယူဇနာပေါင်း ငါးရာ၊ တစ်ထောင်ရှိတဲ့ တိုက်ကြီးထဲ ပစ်ထည့်လိုက်တယ်၊ အဲဒီတိုက်ကြီးထဲမှာလည်း မီးတွေက ဟုန်းဟုန်းတောက်နေတယ် (မှန်ပါ)၊

အဲဒီဟုန်းဟုန်းတောက်တဲ့အထဲမှာပဲ သူတို့လိုလူတွေကို အကုန်စုထည့် လိုက်တယ် (မှန်ပါ)၊ ဒီအထဲမှာပဲ လျှောက်ပြေးနေရတာပဲ အလွန်ပြေးပါများလို့ မောတဲ့ အခါကျတော့ကို ယူဇနာငါးရာ ဟိုဘက်ကနေ တံခါးတစ်ခုက ပွင့်တာမြင်ရတယ် (မှန်လှပါ ဘုရား)။

ပွင့်နေတာမြင်တော့ တစ်ခါတည်း အလောင်ခံပြီး အတင်းပြေးတာပဲ၊ သူရောက်တော့ ဟိုက ပိတ်တာပဲ၊ ဒီဘက်ပြန်ပြေးရပြန်တာပဲ (မှန်ပါ)၊ ဒီဘက်ပြန်ပြေးတော့ ဒီဘက်က ပွင့်သလိုလိုဖြစ်နေပြန်တာပဲ (မှန်ပါ)၊ သူရောက် ရင် (ပိတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီငရဲသားဟာ မီးလောင်ခံရတာနဲ့ ပြေးလို့ မောတာပဲရှိတာပဲကွ (မှန်ပါ)၊ ဘယ်နှယ်တုံးကွ ခံနိုင်ရှည် ရှိပါ့မလား (မရှိပါ ဘုရား)။

ကျင်ကြီးပုပ်တွေရှိတဲ့ ငရဲထဲ ထပ်ပို့တာပဲ

အဲဒီကနေပြီးတော့ ကျင်ကြီးပုပ်တွေရှိတဲ့ ငရဲထဲ ထပ်ပို့တာပဲ၊ အဲဒီငရဲထဲကျတော့လည်း အပ်လို အသွားချွန် နေတဲ့ပိုးတွေဟာ ရိုးတွင်းခြင်ဆီထိ ဖောက်စားတာကိုးကွ (မှန်ပါ)၊ ဒီကျင်ကြီးပုပ်ငရဲထဲမှာ (မှန်ပါ)၊ ကူးလိုက်-လွှား လိုက်နေတုန်း အပ်လိုပိုးတွေက ရိုးတွင်းခြင်ဆီထိ ဖောက်စားတာ (မှန်ပါ)၊ လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား)၊ ဘယ်မှလဲ ပြေးစရာမရှိဘူးလေ၊ ကံမကုန်သရွေ့ ဒီအထဲကူးနေရမှာပဲ (မှန်ပါ)၊ ကျင်ကြီးပုပ်ထဲ ကူးနေရမှာ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်တုံး ခံနိုင်ရည်ရှိပါ့မလားလို့ မေးကြည့်တော့ ဘယ်နှယ်ပြောကြမှာတုံး (မရှိပါ ဘုရား)၊ မရှိရင် ဘာ လုပ်ရမှာတုံး (ဝိပဿနာအလုပ် လုပ်ရမှာပါ ဘုရား)၊ တစ်ခါတည်း မဂ်ရအောင် လုပ်ပစ်လိုက် (မှန်ပါ)၊ နိဗ္ဗာန်မြင်အောင် လုပ်ပစ်လိုက် (မှန်ပါ)၊ ဟေ့ မောင်အောင်မြတ် မင်းတို့မလုပ်ရင်တော့ ဒီဥစ္စာတွေဟာ ကိုယ့်အိမ် ကိုယ့်ယာလို့ မှတ် လိုက်ပါ (မှန်ပါ)၊ မလုပ်ရင် ဘယ်လိုမှတ်မယ် (ကိုယ့်အိမ် ကိုယ့်ယာပါ ဘုရား)၊ ကိုယ့်အိမ် ကိုယ့်ယာမှတ်ရမယ်တဲ့၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သံပူချိတ်ကြီးနဲ့ ဆည်ပြန်တာပဲ

ကဲ ဒီငရဲကနေပြီးမှ ချိတ်ကြီးနဲ့ ဆည်ပြန်တာပဲကွ၊ သံပူချိတ်ကြီးနဲ့ ဆည်ပြန်တာပဲ (မှန်ပါ)၊ ဆည်တဲ့အခါ ကျပြန်လို့ရှိရင်လည်း ကျွန်တော် ဆာလှချည်ရဲ့၊ မွတ်လှချည်ရဲ့နဲ့ ဘာမှစားခဲ့ရတာမှ မဟုတ်ဘဲကိုး (မှန်ပါ)၊ ဘာစားချင် သတုံးဆိုလို့ရှိရင်ဖြင့် ကျွန်တော် ထမင်းဆာတယ်ဆိုရင် ခုနက သံပူခဲကြီးတွေကို ပါးစပ်ထဲ သံကောက်နဲ့ဖြဲပြီး ထည့် ပြန်တာပဲ (မှန်ပါ)၊ ရေသောက်ချင်တယ်ဆိုရင် ခုနက ကြေးရည်ပူတွေ လောင်းပြန်တာပဲ (မှန်လှပါ ဘုရား)။

ဘယ်နှယ့်တုံး ခံနိုင်ရည်ရှိကြပါ့မလား (မရှိပါ ဘုရား)၊ မရှိလို့ရှိရင်ဖြင့် အကုသိုလ်ရှောင်ပြီးသကာလ ဒီအပါယ် လေးပါး တံခါးပိတ်တဲ့အလုပ်ကို လုပ်ရုံပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတုန်းက စိတ်များ မောင်ချစ်စိန်နှယ်၊ ကိုင်း လူ့ပြည်ရောက်လို့ရှိရင်ဖြင့် ရောက်လည်းရောက်ပါရစေ ရောက်လို့ရှိရင် ဘုရားလည်း ပွင့်တာနဲ့ ကြုံရလို့ရှိရင်ဖြင့် ခြေရင်း-ဝပ်ဆင်းပြီးသကာလ တစ်ခါတည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ခန္ဓာမဖြစ်တဲ့ အလုပ်ကို လုပ်ပါတော့မယ်လို့ အဲဒီမှာစိတ်ပေါ်တာပဲ (မှန်လှပါ ဘုရား)။

ဒါက ဆင်းရဲလို့ပေါ်တာ (မှန်ပါ)၊ ဆင်းရဲလွန်းလို့ပေါ်တာနော် (မှန်ပါ)၊ နည်းနည်းမှ ပြန်ကြည့်ချင်စရာတစ်ကွက် ရှိရဲ့လား (မရှိပါ ဘုရား)၊ တင်လှတို့ ပြန်ကြည့်ချင်စရာ၊ ရောက်ချင်စရာကော (မရှိပါ ဘုရား)၊ ဒါနဲ့ သူ စိတ်ထဲမှာ ပေါ်လာတယ်၊ လူ့ပြည်ရောက်ရင် ဘုရားပွင့်သည်ဖြစ်စေ၊ ဆရာကောင်း သမားကောင်းနဲ့ တွေ့သည်ဖြစ်စေ ဒီနေရာကို ပြန်မရောက်တဲ့ အလုပ်တော့ဖြင့် လုပ်ပါတော့မယ်၊ သဲသဲမဲမဲပဲ လုပ်တော့မယ် (မှန်ပါ)၊ မလျှော့တော့ပါဘူးလို့ စိတ်က ပါလားတယ် (မှန်လှပါ ဘုရား)။

သို့သော်လည်း နောက်ကျသွားပြီ (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ လွန်ကုန်ပြီ အမှုတွေက (မှန်ပါ)၊ လွတ်ရက်က ဘယ်လိုတုံးလို့ မင်းတို့က မေးဖို့လိုတယ်မဟုတ်လား (မှန်ပါ)၊ လွတ်ရက်ဟာ ငရဲမှာ သက်တမ်း မရှိဘူးတဲ့၊ မင်းတို့ပြုထားတဲ့၊ ဒီကပြုတဲ့ကံတွေကုန်မှ လွတ်မှာ (မှန်ပါ)၊ သက်တမ်းမရှိဘူး (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အသက်တမ်းရယ်လို့ (မရှိပါ ဘုရား)၊ အနှစ်တစ်ရာရှိရင် လွတ်လိမ့်မယ်၊ အနှစ်တစ်သိန်းရှိရင် လွတ်လိမ့်မယ် လို့၊ ဒီလိုမယူနဲ့တဲ့ (မှန်လှပါ ဘုရား)။

ကံတွေ မကုန်သေးသရွေ့ ဒီအထဲပဲလှည့်နေမယ်

အကြင်သူ ပြုထားတဲ့ကံတွေ မကုန်သေးသရွေ့ ဒီအထဲပဲလှည့်နေမယ် (မှန်ပါ)၊ လွတ်ရက်ကတော့ မျှော်လင့် ချက်မရှိဘူး (မှန်လှပါ ဘုရား)။

ဒါ သားနဲ့မယားနဲ့၊ မင်းတို့ကတော့ အခုပျော်တာလေးက အရေးတကြီးပေါ့ကွာ (မှန်ပါ)၊ ဟိုဟာနဲ့စာလိုက် တော့ မင်းတို့ပျော်တာလေးဟာ ဖြစ်လောက်သေးရဲ့လား (မဖြစ်လောက်ပါ ဘုရား)၊ ဘယ်ဖြစ်လောက်လိမ့်မတုံးကွာ၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက-

”ဥပါဒါနေ ဘယံဒိသွာ၊ ဇာတိ မရဏ သမ္ဘဝေ။

အနုပါဒါ ဝိမုစ္စန္တိ၊ ဇာတိ မရဏ သင်္ခယေ”တဲ့။

(ဥပရိပဏ္ဏာသပါဠိတော်-ဒေဝဒူတသုတ်)။

ဇာတိ မရဏ သမ္ဘဝေ = ဇာတိ မရဏ၏ အကြောင်းဖြစ်သော၊ ဥပါဒါနေ = တဏှာ ဒိဋ္ဌိဟုဆိုအပ်သော စွဲလမ်းခြင်း ဥပါဒါန်တရား၌၊ ဘယံ = ဘေးကို၊ ဒိသွာ = မြင်သောကြောင့်၊ ဇာတိ မရဏ သင်္ခယေ = ဇာတိ မရဏ၏ ကုန်ရာ နိဗ္ဗာန်၌၊ အနုပါဒါ = စွဲလမ်းခြင်းမရှိကုန်သည်ဖြစ်၍၊ ဝိမုစ္စန္တိ = ကိလေသာမှ လွတ်ကုန်၏။

တဏှာ၊ ဥပါဒါန်ကို မြန်မြန်ဖြတ်ပါ

မင်းတို့ စွဲလမ်းတဲ့ တဏှာ၊ ဥပါဒါန်ကို မြန်မြန်ဖြတ်ပါကွာ (မှန်ပါ)၊ အပါယ်-ဇာတိတွေကို ဖြစ်စေနိုင်တယ် ဒါတွေက (မှန်ပါ)၊ မင်းတို့ ခင်တယ်၊ စွဲလမ်းတယ်ဆိုတာတွေလေ (မှန်ပါ)၊ ဝိပဿနာမှမလုပ်ရင် ခင်တာ-စွဲလမ်းတာ က ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)၊ အဲဒီ တဏှာ၊ ဥပါဒါန်သာ ချုပ်သွားရင် မရောက်တော့ဘူးတဲ့ (မှန်ပါ)၊ ရောက်ပါ ဦးမလား (မရောက်တော့ပါ ဘုရား)၊ ခန္ဓာမှ မဖြစ်တော့ပဲကိုးကွ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာအလုပ်က မဂ်ဆိုက်အောင် လုပ်တဲ့အလုပ်မှတစ်ပါး အားကိုးရာမရှိတဲ့အတွက် ဒါပဲ တို့ ဖိလုပ်တော့မယ်ဆိုတဲ့စိတ်ကို မွေးမိအောင် မွေး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ တော်ပြီ တော်ပြီ။

သာဓု သာဓု သာဓု။