”ဝေဒနာရှုနည်း”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”ဝေဒနာရှုနည်း”
ည-အလုပ်ပေး တရားတော်
ဒီခုနစ်ချက် နားလည်ရမယ်
ဒီနေ့ ဝေဒနာရှုနည်းကို သင်ပေးမယ်၊ ရှေးဦးစွာ ဝေဒနာရှုနည်း သင်ရမယ်ဆိုရင် ယောကျ်ားမြတ်၊ မိန်းမ မြတ် ဖြစ်ချင်လို့ရှိရင် ဒီခုနစ်ချက် နားလည်ရမယ်တဲ့ (မှန်လှပါ ဘုရား)။
ယောကျ်ားမြတ်၊ မိန်းမမြတ် ဖြစ်ချင်ရင် ဒီခုနစ်ချက် နားလည်ရမယ်၊ ရှေးဦးစွာ ဝေဒနာကို ဘယ်လောက် ရှိတယ်ဆိုတာ သိမှုက တစ်နံပါတ်၊ ဝေဒနာ ဘယ်လောက်ရှိတယ်ဆိုတာကို သိမှုက ဘာတုံး (တစ်နံပါတ်ပါ ဘုရား)၊ ဝေဒနာဖြစ်ကြောင်း သိမှုက (နှစ်နံပါတ်ပါ ဘုရား)၊ ဝေဒနာချုပ်ကြောင်း သိမှုက (သုံးနံပါတ်ပါ ဘုရား)၊ ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်းအကျင့် သိမှုက (လေးနံပါတ်ပါ ဘုရား)၊ ဝေဒနာကြောင့် သာယာမှုပေါ်တာကို သိမှု (ငါးနံပါတ်ပါ ဘုရား)၊ ဝေဒနာကြောင့် အပြစ်သင့်တာ သိမှု (ခြောက်နံပါတ်ပါ ဘုရား)၊ ဝေဒနာကြောင့် ထွက်မြောက်တာ သိမှု (ခုနစ်နံပါတ်ပါ ဘုရား)၊ အေး ဒီခုနစ်ချက်ကို ဟောလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒါ ဝေဒနာကို ဟောသဖြင့် ကျန်တာတွေလည်း ဒီအတိုင်းပဲ မှတ်ရမယ်၊ ရုပ်လည်း ဒီအတိုင်း ခုနစ်ချက်ရှိမှာ ပဲ (မှန်ပါ)၊ ဝေဒနာသိမှု (တစ်နံပါတ်ပါ ဘုရား)၊ ဝေဒနာဖြစ်ကြောင်း သိမှု (နှစ်နံပါတ်ပါ ဘုရား)၊ ဝေဒနာချုပ်ကြောင်း သိမှု (သုံးနံပါတ်ပါ ဘုရား)၊ ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်းအကျင့် သိမှု (လေးနံပါတ်ပါ ဘုရား)၊ ဝေဒနာကြောင့် သာယာမှုပေါ်ပုံ သိမှု (ငါးနံပါတ်ပါ ဘုရား)၊ ဝေဒနာကြောင့် အပြစ်သင့်တာ သိမှု (ခြောက်နံပါတ်ပါ ဘုရား)၊ ဝေဒနာ ကြောင့် ထွက်မြောက်တာ သိမှု (ခုနစ်နံပါတ်ပါ ဘုရား)။
ဝေဒနာသိမှု တစ်နံပါတ်
ဒါကို အရင် မူတည်ထားရမယ်တဲ့၊ အဲဒီတော့ ဝေဒနာသိမှု တစ်နံပါတ်ဆိုတော့ ဝေဒနာဟာ ဖြန့်ပြီး ပြောမယ် ဆိုလို့ရှိရင်တော့ မျက်လုံးမှာလည်း ဝေဒနာပေါ်တာပဲ (မှန်ပါ)၊ နားမှာလည်း ဝေဒနာပေါ်တာပဲ (မှန်ပါ)၊ နှာခေါင်း မှာကော (ဝေဒနာပေါ်ပါတယ် ဘုရား)၊ ပေါ်တာပဲ၊ လျှာမှာကော (ဝေဒနာပေါ်ပါတယ် ဘုရား)၊ ကိုယ်မှာကော (ပေါ်ပါ တယ် ဘုရား)၊ ဝမ်းထဲမှာကော (ပေါ်ပါတယ် ဘုရား)။
ဒါ တစ်နံပါတ်ဟောလိုက်တော့ ဝေဒနာခြောက်မျိုးရှိတယ်လို့ သိထားရမယ် (မှန်ပါ)၊ မျက်လုံးထဲပေါ်တဲ့ ဝေဒနာ၊ နားမှာပေါ်တဲ့ ဝေဒနာ၊ နှာခေါင်းမှာပေါ်တဲ့ ဝေဒနာ၊ လျှာမှာပေါ်တဲ့ ဝေဒနာ၊ ကိုယ်မှာပေါ်တဲ့ ဝေဒနာ၊ ဝမ်းထဲ ဟဒယဝတ္ထုပေါ်မှာ ပေါ်တဲ့ ဝေဒနာရယ်လို့ ဝေဒနာခြောက်မျိုးကို သိရမယ် (မှန်ပါ)၊ ဪ တို့ခန္ဓာမှာ ဝေဒနာ ခြောက်မျိုးတွေ ရှိနေတာကိုးလို့ သိရမယ်လို့ သံယုတ်ပါဠိတော်က ဟောထားတယ်။
အဲဒီတော့ ဒီဝေဒနာတွေတော့ သိပါပြီ၊ တစ်နံပါတ်တော့ အောင်မြင်ပြီလို့ ဆိုကြပါစို့ (မှန်ပါ)၊ ဝေဒနာ ဘယ် နှစ်မျိုးရှိတုံး (ခြောက်မျိုးပါ ဘုရား)၊ ကိုယ့်ခန္ဓာထဲမှာ ခြောက်မျိုးရှိတယ်လို့ သိထားရင် ဒါပြီးတာပဲ (မှန်လှပါ ဘုရား)။
ဝေဒနာချုပ်ကြောင်း သိမှု သုံးနံပါတ်
ဝေဒနာချုပ်ကြောင်း သိမှု၊ ဒါက ဖြစ်တာသိတာ (မှန်ပါ)၊ နှစ်နံပါတ်ပြီးသွားပြီနော် (ပြီးပါပြီ ဘုရား)၊ သုံးနံပါတ် ကို ပြောမယ်တဲ့၊ ခုနက ဝေဒနာချုပ်ကြောင်း သိမှု သုံးနံပါတ်လို့ ဆိုထားတယ် (မှန်ပါ)၊ ဖြစ်ကတည်းက အတူတူဖြစ် တာမို့ ဖဿချုပ်ရင် သူချုပ်ရမှာပဲ (ချုပ်ရမှာပါ ဘုရား)၊ ဖဿချုပ်ရင် ဝေဒနာတွေဟာ (ချုပ်ရမှာပါ ဘုရား)၊ သူ့ဖဿ ချုပ်ရင် သူ့ဝေဒနာချုပ်ရမယ်ဆိုတာ မှတ်ထားလိုက်တော့၊
ဪ ခန္ဓာကိုယ်ထဲမှာ ဖြစ်တာလည်း ဖဿကြောင့် မနေ့ကဟောတဲ့ တရားအတိုင်း (မှန်ပါ)၊ ချုပ်တာလည်း (ဖဿကြောင့်ပါ ဘုရား)၊ ဖဿချုပ်လို့ ချုပ်တာ (မှန်လှပါ ဘုရား)၊ ဒီလိုမှတ်ထားလိုက်တော့ကိုတဲ့ သုံးချက်ပြီးသွားတယ် (မှန်ပါ)၊ မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။
အကျင့်သိမှုက လေးနံပါတ်
ချုပ်ရာချုပ်ကြောင်း အကျင့်သိမှုက လေးနံပါတ် (မှန်ပါ)၊ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှုက (လေးနံပါတ် ပါ ဘုရား)၊ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှုက လေးနံပါတ်လို့ မှတ်ထားလိုက်ပါ (မှန်ပါ)၊ လေးနံပါတ်က ဘယ်လိုတုံး ဆိုတော့ မဂ္ဂင်နဲ့ကျင့်ရမယ် (မှန်ပါ)၊ ဘာနဲ့ကျင့်ရမယ် (မဂ္ဂင်နဲ့ကျင့်ရမှာပါ ဘုရား)၊ မဂ္ဂင်ငါးပါးနဲ့ ကျင့်ရမယ်လို့ မင်းတို့ မှတ်ထားလိုက်ရင် ပြီးတာပဲ (မှန်ပါ)၊ ဒီဝေဒနာကလေး ပေါ်လာတယ်၊ ဖြစ်ပြီးပျက်သွားတယ်လို့ သိတာဟာ မဂ္ဂင်က သိတာပဲ (မှန်လှပါ ဘုရား)။
အဲဒီတော့ မဂ္ဂင်နဲ့ချည်း၊ မင်းတို့က ဘယ်ဝေဒနာပေါ်ပေါ် ခြောက်ပါးဟာ ပြိုင်တော့ မပေါ်ဘူးပေါ့ကွာ (မှန်ပါ)၊ တစ်ခုစီပေါ်မှာပဲ (မှန်ပါ)၊ ဒီပေါ်တာတွေကို ဖြစ်တယ်-ပျက်တယ်၊ ဖြစ်တယ်-ပျက်တယ်လို့ မင်းတို့အလုပ် လုပ်တဲ့လူက သိနေရမယ် (မှန်ပါ)၊ ဖြစ်တယ်-ပျက်တယ်၊ ဖြစ်တယ်-ပျက်တယ်လို့ သိနေရမယ်၊ သိနေတာ ဘာနဲ့သိနေတာတုံးဆိုတော့ မဂ္ဂင်နဲ့သိနေတာ (မှန်ပါ)၊ သိတာ ဘာနဲ့သိနေတာတုံး (မဂ္ဂင်နဲ့သိနေတာပါ ဘုရား)၊ မဂ္ဂင်နဲ့သိနေတယ်လို့ တင်လှတို့က မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ဖြစ်ပျက်-မဂ်၊ ဖြစ်ပျက်-မဂ်၊ ဒီလိုချည်းသွားနေရမယ် (မှန်ပါ)၊ ဒါ ချုပ်ရာချုပ်ကြောင်း အကျင့်ပဲ (မှန်ပါ)၊ ဝေဒနာချုပ်ရာချုပ်ကြောင်း အကျင့်ဆိုတဲ့ဥစ္စာက မင်းတို့ခန္ဓာကြီးက ဝေဒနက္ခန္ဓာကြီးကိုး ဝေဒနာခြောက်မျိုးရှိတယ် (မှန်ပါ)၊ ဝေဒနာတွေအကုန် ချုပ်သွားမယ်ဆိုလို့ရှိရင် ဘာကျန်ရစ်စရာရှိသေးတုံး (ဘာမှ ကျန်ရစ်စရာမရှိပါ ဘုရား)၊ ဪ ဒါဖြင့် ဒုက္ခသစ္စာတွေ ချုပ်သွားတာပေါ့ (မှန်ပါ)၊ ဒုက္ခသစ္စာတွေ ချုပ်သွားတယ် အဲဒီကျအောင် ကျင့်ပါ လို့ ဆိုထားတယ်နော် (မှန်လှပါ ဘုရား)။
ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှုဆိုတော့ ဪ မဂ္ဂင်နဲ့ ကျင့်ရမှာကိုးလို့ သိရမယ် (မှန်ပါ)၊ ဘယ်လိုသိရမှာတုံး (မဂ္ဂင်နဲ့ကျင့်ရမှာပါ ဘုရား)၊ မဂ္ဂင်နဲ့ကျင့်ရမှာပဲလို့ သိရမယ် (မှန်ပါ)၊
ချုပ်ရာချုပ်ကြောင်း မကျင့်ကြပါဘူး ဆိုရင်
အကယ်၍ ဒီဝေဒနာကို ချုပ်ရာချုပ်ကြောင်း မကျင့်ကြပါဘူး၊ မင်းတို့က ချုပ်ရာချုပ်ကြောင်းကို မကျင့်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဝေဒနာကြောင့် အဿာဒဖြစ်မယ် (မှန်ပါ)၊ သာယာမှုလာမယ် (မှန်လှပါ ဘုရား)။
ဘယ်လို သာယာမှုလာမှာတုံးဆိုတော့ အင်း မြင်ရတာ ကောင်းတယ်ဆိုတဲ့ သာယာမှုလာမယ် (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊ သာယာမှုလာရင် ဒီဘက် တဏှာ၊ ဥပါဒါန်တွေက (လာမှာပါ ဘုရား)၊ လာမှာ ပဲ၊ ဒီတဏှာလာမှာစိုးလို့ ချုပ်ရာချုပ်ကြောင်းအကျင့်ကို ကျင့်ပါလို့ပြောတာ (မှန်ပါ)၊ ဒီတဏှာလာမှာစိုးလို့ ဘာတုံး (ချုပ်ရာချုပ်ကြောင်းအကျင့်ကို ကျင့်ရမှာပါ ဘုရား)၊ ချုပ်ရာချုပ်ကြောင်း အကျင့်ကို ကျင့်ရမယ်။
ဒါကြောင့် ဪ မကျင့်လို့ရှိရင် သာယာမှုလာတော့မယ်၊ သာယာမှုလာလို့ရှိရင်ဖြင့် သူ ဒုက္ခရောက်တော့ မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒါကြောင့် လေးနံပါတ်ကို မင်းတို့ ဖြိုင်ဖြိုင်ကျင့်ရမယ်၊ ငါ ဟောနေတာက လေးနံပါတ်ကို အဓိကထား ဟောနေတာ (မှန်လှပါ ဘုရား)။
ဒါဖြင့် ချုပ်ရာချုပ်ကြောင်းအကျင့်ကို မသိကြတော့ပါဘူးဆိုလို့ရှိရင် ဝေဒနာကြောင့် သာယာမှုတဏှာ လာ တော့မယ် (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါ အဿာဒခေါ်တာပဲ (မှန်ပါ)၊ အဲဒီတော့ကို အဿာဒ လာလို့ရှိရင်ဖြင့်တဲ့ အာဒီနဝဆိုတဲ့အပြစ်ဟာ သင့်တော့မှာပဲ (မှန်ပါ)၊ မသင့်ပေဘူးလား (သင့်မှာပါ ဘုရား)၊ သင့်မှာပဲ။
ဘယ်လို အာဒီနဝ သင့်မှာတုံးဆိုလို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ အပြစ်တွေ ဘယ့် နှယ်နေတုံး (သင့်မှာပါ ဘုရား)၊ ဒါ အဿာဒ လာလို့ရှိရင် အာဒီနဝက နောက်ကလိုက်တော့မှာပဲ (မှန်ပါ)၊ မလိုက်ပေဘူးလား (လိုက်မှာပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ အဿာဒလာရင် (အာဒီနဝ လာမှာပါ ဘုရား)၊ အာဒီနဝ နောက်ကလိုက်တော့မှာပဲ၊ အာဒီနဝဆိုတဲ့ အပြစ်သင့်တာတွေ လိုက်တော့မှာပဲ (မှန်လှပါ ဘုရား)။
မရှုရင် မဖြစ်ဘူး
ဒါဖြင့် မရှုမဖြစ်ဘူးပေါ့ (မှန်ပါ)၊ မရှုရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မှတ်ထားပါ (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် အာဒီနဝကို မသင့်ချင်ပါဘူးဆိုလို့ရှိရင်ဖြင့် မင်းတို့ ထွက်မြောက်ကြောင်းအလုပ်ကို လုပ် ရမယ် (လုပ်ရမှာပါ ဘုရား)။
ထွက်မြောက်ကြောင်း လုပ်မယ်ဆိုလို့ရှိရင်ဖြင့် ခုနက စတုတ္ထအချက်ကို ပြန်ကိုင် (မှန်လှပါ ဘုရား)၊ ဘာလုပ် ရမှာတုံး (စတုတ္ထအချက်ကို ပြန်ကိုင်ရမှာပါ ဘုရား)၊ စတုတ္ထအချက်ကို ပြန်ကိုင်ဆိုတော့ ဖြစ်ပျက်ရှုတာကို ပြန်ကိုင် (မှန်ပါ)၊ မဂ္ဂင်ရှစ်ပါးနဲ့ (မှန်လှပါ ဘုရား)၊ မဂ္ဂင်ရှစ်ပါးအလုပ်ကို ပြန်ကိုင်ရမယ် (မှန်လှပါ ဘုရား)။
ဒီလိုဆိုလို့ရှိရင် မင်းတို့ ထွက်မြောက်သွားမယ်တဲ့၊ သံသရာထဲက လွတ်မြောက်သွားမယ် (မှန်ပါ)၊ သဘော ပါပြီလား (ပါပါပြီ ဘုရား)၊ ဒါဖြင့် သံသရာထဲက ထွက်မြောက်ချင်လို့ရှိရင်ဖြင့် ထွက်မြောက်ကြောင်းကိုလည်း သိရမယ် ဆိုတော့ ဪ စတုတ္ထအချက်ကို ပြန်ကိုင်လိုက်ရင် ထွက်မြောက်မှာပါပဲလို့ဆိုတဲ့ဥစ္စာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် မင်းတို့ ဒီတရားမှာ၊ ဒါ အလုပ်စဉ်ကို ပြတယ်လို့ မှတ်ရမယ် (မှန်ပါ)၊ အလုပ်စဉ်ပြတယ်လို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
တစ်ခေါက် ပြန်ပြောဦးမယ်
ကဲ တစ်ခေါက် ပြန်ပြောဦးမယ်
ဝေဒနာသိမှုက တစ်နံပါတ်ကိုး (မှန်ပါ)၊ ဝေဒနာ ဘယ်နှစ်မျိုးရှိတုံး (ခြောက်မျိုးပါ ဘုရား)၊ အဲဒီတော့ တစ်နံပါတ် အောင်မြင်သွားပြီ (မှန်ပါ)၊
ဝေဒနာဖြစ်ကြောင်း သိမှု နှစ်နံပါတ်ဆိုတော့ ဝေဒနာ ဘယ်သူ့ကြောင့်ဖြစ်တုံး (ဖဿကြောင့်ဖြစ်ပါတယ် ဘုရား)၊ ဖဿကြောင့်ဖြစ်တယ်၊ အဲဒါ နှစ်နံပါတ် အောင် မြင်သွားတာပဲ၊ ဝေဒနာဟူသရွေ့ဟာ ဖဿကြောင့်ချည်းဖြစ်တာပဲ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာချုပ်ကြောင်းသိမှု သုံးနံပါတ်လို့ ဟောခဲ့တယ် (မှန်ပါ)၊ ဖဿချုပ်ရင် (ဝေဒနာချုပ်မှာပါ ဘုရား)၊ အဲ ရောချုပ်တာလို့မှတ် (မှန်ပါ)၊ ဖြစ်တုန်းကကိုက ရောဖြစ်တာ (မှန်ပါ)၊ ချုပ်တော့ကို (ရောချုပ်ပါတယ် ဘုရား)၊ ရော ချုပ်တယ်လို့ သေချာမှတ်ထားလို့ရှိရင် ဒါပြီးသွားတာပါပဲ (မှန်လှပါ ဘုရား)။
ဝေဒနာတို့၏ ချုပ်ရာချုပ်ကြောင်း အကျင့်သိမှု လေးနံပါတ် (မှန်ပါ)၊ ဟုတ်ပြီလား (မှန်ပါ)၊ သုံးနံပါတ်က ချုပ်တာသိ၊ ပြီးတာကိုးကွ (မှန်ပါ)၊ လေးနံပါတ်ကတော့ သူတို့ ချုပ်တော့ချုပ်မှာပဲ၊ ချုပ်ရာချုပ်ကြောင်း အကျင့်က ဘယ်လိုကျင့်ရမှာတုံးလို့ မေးလို့ရှိရင် (မဂ္ဂင်ငါးပါး-မဂ္ဂင်ရှစ်ပါးနဲ့ ရှုရမှာပါ ဘုရား)၊ ပထမ ငါးပါးနဲ့ရှု၊ နောက် အောင် မြင်လာရင် ရှစ်ပါးဖြစ်မှာပဲ (မှန်ပါ)၊ ဒါဖြင့် ချုပ်ရာချုပ်ကြောင်းအကျင့်ကို သိပြီဆိုတော့ လေးနံပါတ်ကို မင်းတို့ မအောင်သေးဘူးလား (အောင်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ချုပ်ရာချုပ်ကြောင်းအကျင့်ကို မကျင့်ခဲ့လို့ရှိရင် ဘာဖြစ်မှာတုံးဆိုတော့ ဝေဒနာကြောင့် သာယာမှုနောက်က လိုက်တော့မယ် (မှန်ပါ)၊ ဝေဒနာကြောင့် (သာယာမှုနောက်က လိုက်မှာပါ ဘုရား)၊ သာယာမှု နောက်က လိုက်လိမ့်မယ်၊ ဒါ ဝေဒနာကြောင့်ဖြစ်တဲ့ အဿာဒ (မှန်ပါ)၊ သုခ-သောမနဿတွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ လာလို့ရှိရင် သုခသောမနဿနောက်က တဏှာ၊ ဥပါဒါန်၊ ကံတွေ ဘယ့်နှယ်နေတုံး (လာမှာပါ ဘုရား)၊ အကုန်လိုက်မှာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီသာယာမှုလိုက်လို့ရှိရင်ဖြင့် ဝေဒနာကြောင့် အပြစ်သင့်တာကိုလည်း သိရမယ်၊ အာဒီနဝ အပြစ်ကို လည်း သိရမယ်နော် (မှန်ပါ)။
အပြစ်သင့်နေတဲ့ တရားပဲ
ဪ ဝေဒနာသည် အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တပါလားဆိုတဲ့ သူ့အပြစ်တွေကို မင်းတို့ သိသိပေး ရမယ် (မှန်ပါ)၊ ဝေဒနာသည် အနိစ္စ အပြစ်သင့်နေတာပဲ၊ ဒုက္ခအပြစ်သင့်နေတာပဲ၊ အနတ္တအပြစ် (သင့်နေပါတယ် ဘုရား)၊ ဪ ဝေဒနာဟာလည်း အပြစ်သင့်နေတဲ့ တရားပဲလို့ မင်းတို့ကလည်း သိရမယ် (မှန်ပါ)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဒါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုတာသည် အပြစ်သင့်တာကို သိအောင်လုပ်နေတာ (မှန်ပါ)၊ ဦးစံလှ သေချာမှတ် (မှန်ပါ)၊ အပြစ်သင့်တာကို သိအောင်လုပ်ရမယ်၊ မင်းတို့က ဒီအတိုင်းထားလို့ အခု ရရဲ့လား (မရပါ ဘုရား)၊ မရဘူး အနိစ္စ၊ ဒုက္ခ၊ အနတ္တတရား အနိစ္စ၊ ဒုက္ခ၊ အနတ္တတရား ဖြစ်နေတာပဲ၊ အမြဲတမ်း အပြစ်သင့်နေတာပဲဆိုတာ မှတ် လိုက်ပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီ အပြစ်သင့်တာ သိလို့ရှိရင်ဖြင့် နိဿရဏဋ္ဌတဲ့၊ ဝေဒနာမှ ထွက်မြောက်သွားမှာပဲ (မှန်ပါ)၊ အပြစ်သင့် တာသိတော့ လိုချင်သေးရဲ့လား (မလိုချင်တော့ပါ ဘုရား)၊ မလိုချင်တဲ့အခါကျလို့ရှိရင်ဖြင့် မရတော့ဘူး၊ မရတော့ အပြစ်သင့်တာတွေ လွတ်မသွားဘူးလား (လွတ်ပါတယ် ဘုရား)၊ အဲ အပြစ်သင့်တာတွေ လွတ်သွားတာသည် မင်းတို့က နိဿရဏဋ္ဌလို့ မှတ်ပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒါ ဘာဟောတာတုံးဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဝေဒနာကျင့်သော ပုဂ္ဂိုလ်တို့၏ အလုပ် စဉ်ကို ဟောတာ (မှန်လှပါ ဘုရား)။
အပြစ်သင့်ပုံကို တစ်နည်းဟောဦးမယ်
တစ်နည်း ဝေဒနာအပြစ်သင့်ပုံကို ဟောမယ်၊ ဝေဒနာကို မရှုခဲ့လို့ရှိရင် အပြစ်သင့်ပုံကို တစ်နည်းဟောဦး မယ် (မှန်ပါ)။
မျက်လုံးမှာ ဥပေက္ခာဝေဒနာပေါ်တယ်၊ ဒါကြောင့် ဆရာဘုန်းကြီးက ခဏခဏ ဟောတယ်၊ ရေထဲက ငါးဟာ ကုန်းပေါ်သေတယ်လို့ မဟောဖူးဘူးလား (ဟောဖူးပါတယ် ဘုရား)၊ ရေထဲက ငါးဟာ (ကုန်းပေါ်မှာ သေပါတယ် ဘုရား)၊ ရေထဲက ငါးဟာ ရေထဲ သေပါလားလို့ ပြောဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ကုန်းပေါ်မှာ လာသေရတာဟာ သူ အပြစ်သင့်လို့ပဲ (မှန်လှပါ ဘုရား)။
ကုန်းပေါ်နေတဲ့လူ ရေထဲမှာ သေတယ်ဆိုလည်း အပြစ်သင့်လို့ပဲ (မှန်ပါ)၊ ကောင်းပြီ လူတွေဟာ ကုန်းပေါ်မှာ နေကြတာပဲ၊ ရေထဲ သင်္ဘောနစ်လို့ သေသတဲ့၊ ရေကူးလို့ သေသတဲ့၊ တံငါလုပ်ရင်း နယ်လွန်သွားလို့ သေသတဲ့၊ ရှိတာ ပဲ (ရှိပါတယ် ဘုရား)။
အဲဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ အားလုံးဟာ ဝေဒနာသတ်လို့ သေတယ်လို့ မှတ်ရမယ်၊ ဝေဒနာမရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာသတ်လို့ သေမှာပဲ (မှန်ပါ)၊ ဘယ်လိုဝေဒနာသတ်လို့ သေမှာတုံး၊ ဟောဒီဟာက ငါးမျက်လုံးဆိုပါ တော့ (မှန်ပါ)၊ ဟောဒီက တံငါသည်ကချထားတဲ့ ငါးမျှားချိတ်နဲ့ ငါးစာလေးကို သူမမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊ ဟော ဥပေက္ခာဝေဒနာက မြင်တယ် (မှန်ပါ)၊ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။
ဥပေက္ခာဝေဒနာက မြင်တဲ့အခါကျတော့ လောဘနဲ့ပတ်သက်တဲ့ သုခဝေဒနာက စားချင်တယ် ဖြစ်လာတယ် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ စားချင်တော့ မစားပေဘူးလား (စားပါတယ် ဘုရား)၊ ဒီအစာကိုမြင်တော့ စားတယ် (မှန်ပါ)၊ စားတော့ ဒီငါးမျှားချိတ်က စားတဲ့ အာခေါင်မှာချိတ်နေတယ် (မှန်ပါ)၊ ချိတ်နေတဲ့အခါကျတော့ တံငါသည်က မိသည်နှင့်တစ်ပြိုင်နက်တည်း ဒီငါးကို မရိုက်ပေဘူးလား (ရိုက်ပါတယ် ဘုရား)၊ ရိုက်တော့ ဒုက္ခဝေဒနာ မပေါ်ပေဘူး လား (ပေါ်ပါတယ် ဘုရား)၊ ဒုက္ခဝေဒနာနဲ့ သေတယ် (မှန်လှပါ ဘုရား)။
ပြသမား မျိုသမား ရိုက်သတ်သမား
ဒါဖြင့် ဥပေက္ခာဝေဒနာက ပြသမား (မှန်ပါ)၊ သုခဝေဒနာက မျိုသမား (မှန်ပါ)၊ ဒီဒုက္ခဝေဒနာက ရိုက်သတ် သမား (မှန်ပါ)၊ ဘယ်နှစ်ယောက်ရှိသတုံး (သုံးယောက်ရှိပါတယ် ဘုရား)၊ ပြသမားကလည်း မင်းတို့၏ ကျေးဇူးရှင် မဟုတ်ပါဘူး၊ မကောင်းတာကို ပြတာပါ၊ သေလမ်းကို ပြတာပါ (မှန်ပါ)၊ မျက်လုံးကလည်း ဘာကိုပြတုံး (သေလမ်း ပြပါတယ် ဘုရား)၊
သေလမ်းပြတာကို သေလမ်းပြတယ်လို့ မသိတော့ စားချင်လာတဲ့ သောမနဿသုခကကော (လာပါ တယ် ဘုရား)၊ စားလိုက်တယ် (မှန်ပါ)၊ စားလိုက်တော့ အာခေါင်ချိတ်နေတာပဲ (မှန်ပါ)၊ အာခေါင်ချိတ်နေတော့ တံငါ သည်က ဆွဲတင်ပြီး ကုန်းပေါ်ကျတော့ သူ့ကို အရှင်မထားချင်တော့ သတ်ပစ်တာပေါ့ကွ (မှန်ပါ)၊ သတ်ပစ်တော့ ဘယ်ဝေဒနာက သတ်တာတုံး (ဒုက္ခဝေဒနာက သတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒါ သူ့အပြစ်ကိုပြတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒါက ဦးစံလှ တစ်မျိုးလို့ မှတ် ထားရမယ် (မှန်ပါ)၊ ဒါဖြင့် ဘယ်ဝေဒနာများ မင်းတို့မိတ်ဆွေပါသတုံးလို့ မေးလိုက်တယ် (မပါပါ ဘုရား)၊ ဘယ်ဝေဒနာ မှ မိတ်ဆွေမပါဘူးနော် (မှန်လှပါ ဘုရား)။
မျက်လုံးဝေဒနာကလည်း မိတ်ဆွေမဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ ဝမ်းထဲက ဝေဒနာကကော (မိတ်ဆွေမဟုတ် ပါ ဘုရား)၊ စားချင်တဲ့ဝေဒနာကကော (မိတ်ဆွေမဟုတ်ပါ ဘုရား)၊ မဟုတ်ဘူး အရိုက်ခံရတဲ့ ဝေဒနာကကော (မိတ်ဆွေ မဟုတ်ပါ ဘုရား)၊ ရန်သူချည်းပဲမဟုတ်လား (မှန်လှပါ ဘုရား)။
သေမင်း၏ စေတမန်တွေ
အဲ ဝေဒနာသုံးမျိုးဟာ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မာရ်နတ်မင်း၏ အစေခံတွေ၊ သေမင်း၏ စေတမန်တွေပဲလို့ မှတ်ရမယ် (မှန်ပါ)၊ ဘယ်လိုမှတ်ရမှာတုံး (သေမင်း၏ စေတမန်တွေပါ ဘုရား)၊ သေမင်း၏ စေတမန် တွေ၊ သူလွှတ်ထားတာတွေ (မှန်လှပါ ဘုရား)။
ဒါကြောင့် မင်းတို့သည် ဘဝများစွာ သံသရာက သေခဲ့ရတာ၊ အခု ရေထဲကငါးတောင် ကုန်းပေါ် အရိုက် ခံရပြီး သေရတာကြည့်တော့ (မှန်ပါ)၊ ကုန်းပေါ် အရိုက်ခံ သေရတယ်ဆိုကတည်းကိုက ဒါ မျက်လုံးကမပြဘဲနဲ့ မြင်ပါ့ မလား (မမြင်ပါ ဘုရား)၊ မမြင်ဘူး၊ မစားချင်ဘဲနဲ့လည်း သေပါ့မလား (မသေပါ ဘုရား)။
မစားချင်ဘဲနဲ့ဆိုလို့ရှိရင်လည်း ငါးမျှားချိတ်က အာခေါင်ချိတ်မှာ မဟုတ်ပါဘူး (မှန်ပါ)၊ ချိတ်မိတော့ တံငါ သည် အလိုရှိရာကို ရောက်ပြီးသကာလ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင် ကုန်းပေါ်မှာ အရိုက်ခံပြီး သေရတော့ ဒုက္ခ ဝေဒနာနဲ့ သေကြရတာပေါ့ကွ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ဘယ်ဝေဒနာနဲ့ သေရတုံး (ဒုက္ခဝေဒနာနဲ့ သေရပါတယ် ဘုရား)။
ဒါဖြင့် ဒီသုံးယောက်ကို မင်းတို့ ဘယ်ဟာမိတ်ဆွေဖွဲ့ရမှာတုံး (ဘယ်ဟာမှ မဖွဲ့ပါ ဘုရား)၊ သေမင်းတမန်တွေ ချည်းပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် မင်းတို့သန္တာန်မှာ ဝေဒနာ ဘယ်နှစ်မျိုး ရှိသတုံးလို့ မေး ရင် (သုံးမျိုးရှိပါတယ် ဘုရား)။
သုံးမျိုးကို မနိုင်သရွေ့ ကာလပတ်လုံး
အဲဒီသုံးမျိုးကို မနိုင်သရွေ့ ကာလပတ်လုံးဟာဖြင့် သေချည်းနေရမှာပဲ (မှန်ပါ)၊ သုံးမျိုးမနိုင်သရွေ့ ကာလ ပတ်လုံး (သေချည်းနေရမှာပါ ဘုရား)၊ သေချည်းနေရမှာပဲဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မင်းတို့ဝေဒနာကို ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူး၊ နို့မို့ရင်ဖြင့် ရေထဲကငါးတောင်မှ ဝေဒနာသုံးမျိုးသတ်လို့ သေတော့ ကုန်းပေါ်ကလူတွေလည်း ဥပမာ ဒီကနေပြီး ရန်ကုန်မှာ ကုန်ဈေးကောင်းတယ်လို့ ပြောသံကြားတယ်ဆိုတော့ နားဝေဒနာက မကြားဘူးလား (ကြားပါတယ် ဘုရား)၊ နားဝေဒနာက ကြားလိုက်တော့ မင်းတို့က လိုက်မှတော်မယ်ဆိုပြီး ဝမ်းသာအားရ သောမနဿဝေဒနာနဲ့ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ တော် ကြာကျတော့ လေယာဉ်ပျံပျက်ကျလို့ ကောင်းကင်မှာ မီးလောင်ပြီးသေတယ် (မှန်ပါ)၊ ဒုက္ခဝေဒနာနဲ့ မီးလောင်ပြီး မသေဘူးလား (သေပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒုက္ခဝေဒနာနဲ့ မီးလောင်ပြီး သေရပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ကြားတဲ့ဝေဒနာက သတ်လိုက်တာပဲ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (ကြားတဲ့ဝေဒနာက သတ်လိုက်ပါတယ် ဘုရား)။
ဒါဖြင့် ကြားတာက ဥပေက္ခာဝေဒနာ၊ ကြားလို့ သွားချင်တာက သောမနဿဝေဒနာ၊ မီးလောင်ခံရတာက ဒုက္ခဝေဒနာ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (ကြားတဲ့ဝေဒနာက သတ်လိုက်ပါတယ် ဘုရား)။
ဘယ်သူအသေကောင်းပါသတုံး
ကဲ ဒါဖြင့် ဘယ်သူအသေကောင်းပါသတုံးလို့ မေးကြစို့ (ဘယ်သူမှ အသေကောင်းမပါပါ ဘုရား)၊ ဒါဖြင့် ဘယ်သူတွေက သတ်သတုံးလို့မေးရင် ဘယ့်နှယ်ပြောကြမှာတုံး (ဝေဒနာသုံးမျိုးက သတ်ပါတယ် ဘုရား)၊ ဝေဒနာသုံးမျိုး က လှည့်သတ်တယ် (မှန်ပါ)၊ အကြံတူ ဉာဏ်တူလုပ်ပြီးသကာလ မင်းတို့ကို သတ်လိုက်ပါတယ် (မှန်ပါ)၊ သဘောပါ ပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီဝေဒနာကို မင်းတို့ခန္ဓာကိုယ်ထဲမှာ ရှိနေသရွေ့ကာလပတ်လုံး သတ်ချည်းနေမှာပဲကွ မောင်အောင်မြတ် (မှန်ပါ)၊ သုံးမျိုးရှိနေရင် (သတ်ချည်းနေမှာပါ ဘုရား)၊ တိုင်ပင်ပြီး သတ်မှာကွ (မှန်ပါ)၊ သူက ပြသမား၊ သူက မျိုသမား၊ သူက ရိုက်သတ်သမား (မှန်လှပါ ဘုရား)။
ဆိုတော့ မင်းတို့ကလည်း ဒီဝေဒနာသုံးမျိုးနဲ့ နေကြတာပဲ (မှန်ပါ)၊ ဒါကြောင့် ဝေဒနာမာရောလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ)၊ ဝေဒနာ ဝေဒနာသည် မာရော-သူသတ်ယောကျ်ားကွ (မှန်ပါ)၊ ဝေဒနာကို ဘယ့်နှယ်ဟော တုံး (မာရောပါ ဘုရား)၊ မာရောဆိုတာ ဘာတုံး (သူသတ်ယောကျ်ားပါ ဘုရား)၊ သူသတ်ယောကျ်ား။
မင်းတို့ခန္ဓာမှာ ဝေဒနာတွေကော ရှိကြရဲ့လား (ရှိပါတယ် ဘုရား)၊ ဘယ်ဝေဒနာမဆို ဘာတွေတုံး (သူသတ် ယောကျ်ားတွေပါ ဘုရား)၊ အေး အဲဒီလိုရှုနိုင်ရမယ်တဲ့၊ ဒါ သေမင်းတမန်တွေပဲ၊ သေမင်းတမန်တွေပဲ၊ ဒီဝေဒနာ တွေဟာ သေမင်းတမန်တွေပဲ၊ သေမင်းတမန်တွေပဲ။
ဒါ မင်းတို့က မရှုရင် ဖြစ်ကိုမဖြစ်ဘူး (မဖြစ်ပါ ဘုရား)၊ သူမရှိတော့မှပဲ အသေလွတ်ကြတော့မှာပဲ (မှန်ပါ)၊ သူရှိနေရင် (အသေမလွတ်သေးပါ ဘုရား)၊ သေတဲ့လူအပေါင်းဟာ ဒုက္ခဝေဒနာနဲ့ အသက်ထွက်သွားတာချည်းပဲ (မှန်ပါ)၊ သေမယ့်လူအပေါင်းတွေ သေကြတာတွေဟာ ဘယ်ဝေဒနာနဲ့ သေသွားတာတုံး (ဒုက္ခဝေဒနာနဲ့ သေပါတယ် ဘုရား)။
ဒုက္ခဝေဒနာနဲ့ သေမှာပဲကွ၊ ဟောဒီမှာ မြင်တော့ကို စားချင်တယ်၊ စားချင်တော့ သေရတယ် (သေရပါတယ် ဘုရား)၊ ဟင် ကြားတော့ကို သွားချင်တယ်၊ သွားချင်လို့ သေရတယ် (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဝေဒနာသုံးမျိုးဟာ ဘယ့်နှယ်ဆိုကြမှာတုံး
ဒါဖြင့် ဝေဒနာသုံးမျိုးဟာ ဘယ့်နှယ်ဆိုကြမှာတုံး (သူသတ်ယောကျ်ားပါ ဘုရား)၊ သေမင်းချည်းပဲ (မှန်ပါ)၊ ဝေဒနာသုံးမျိုးကို ဘယ့်နှယ်ခေါ်ကြမှာတုံး (သေမင်းပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တင်လှတို့က ဒီဝေဒနာကို ကုန်အောင် ရှုရလိမ့်မယ် (ရှုရမှာပါ ဘုရား)၊ ဝေဒနာကို ကုန်အောင်ရှုလို့ ရှိရင် သေမင်းကို ကိုယ်နိုင်မှာပဲ (မှန်ပါ)၊ ဝေဒနာကို ကုန်အောင် မရှုနိုင်ကြတော့ဘူး၊ ဝေဒနာကို မရွံဘူး မမုန်းဘူး၊ ဝေဒနာကို ကုန်အောင်မရှုနိုင်ဘူးဆိုရင် သူကသတ်မှာပဲ (မှန်လှပါ ဘုရား)။
မြွေပွေးရဲ့လည်ပင်းကို ဆုပ်ကိုင်မိသလိုပဲ ကိုယ်က နိုင်နိုင်နင်းနင်း ကိုင်နိုင်ရင်ကိုင်၊ မကိုင်နိုင်ရင် သူက ကိုက်မှာပဲ (မှန်ပါ)၊ ကိုယ်က နိုင်လို့ရှိရင်လည်း ကိုယ့်အသက်ချမ်းသာရမှာပဲ (မှန်ပါ)၊ မသေရတော့ဘူး (မှန်ပါ)၊ ကိုယ်က မနိုင်နိုင်တော့ဘူးဆိုရင် သူကိုက်တာနဲ့ပဲ (သေရမှာပါ ဘုရား)၊ သေရမယ်ဆိုတာ မရှင်းသေးဘူးလား (ရှင်းပါ ပြီ ဘုရား)။
အေး ဒါကြောင့် လျှာဝေဒနာက စားချင်တယ်၊ စားချင်တော့ ဝမ်းထဲမှာ ကောင်းတယ်လို့ ဖြစ်လာတယ် (မှန်ပါ)၊ ကောင်းတာက အဆိပ်ဖြစ်ပြီးသတ်တော့ (သေရမှာပါ ဘုရား)၊ မသေရဘူးလား (သေရပါတယ် ဘုရား)။
အစားမှားသေတဲ့ ပုဂ္ဂိုလ်တွေလည်း မင်းတို့ မသာပို့ဖူးပါပြီ (ပို့ဖူးပါတယ် ဘုရား)၊ အသွားမှားသေတဲ့ မသာ တွေကော (ပို့ဖူးပါတယ် ဘုရား)၊ အမြင်မှားပြီး သေတဲ့မသာတွေကော (ပို့ဖူးပါတယ် ဘုရား)၊ အနံ့၊ အရှု-အရှိုက်မှားပြီး သေတဲ့ မသာတွေကော (ပို့ဖူးပါတယ် ဘုရား)၊ နားကနေပြီး ဒိုင်းခနဲဆို လန့်တယ်၊ လန့်တော့ ဟောဒီမှာ လန့်တဲ့ဝေဒနာ နဲ့ သေသွားတာပဲ (မှန်ပါ)၊ မသေဘူးလား (သေပါတယ် ဘုရား)။
သေတော့ ဝေဒနာသုံးမျိုးက လှည့်သတ်နေတာပဲဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် မင်းတို့ ဘယ့်နှယ့်လုပ်ကြရမှာတုံး (ဝေဒနာသုံးမျိုးကို နိုင်အောင် ရှုရမှာပါ ဘုရား)၊ ဝေဒနာကို ကုန်အောင်ရှုရမယ် (မှန်ပါ)၊ ဝေဒနာသုံးမျိုးကို (ကုန်အောင်ရှုရမှာပါ ဘုရား)။
ကုန်အောင်ရှုရမယ်တဲ့၊ ကုန်အောင်မရှုလို့ရှိရင်ဖြင့် မင်းတို့ကို ဝေဒနာက သတ်မယ် (မှန်ပါ)၊ သဘောပါကြ ပြီလား (ပါပါပြီ ဘုရား)။
သေမင်းနဲ့ အတူတူနေရတယ်
ဒါဖြင့် မင်းတို့ ကြောက်စရာအကောင်းဆုံး ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ မင်းတို့ အခု ဘယ်သူနဲ့ အတူနေကြ ရသတုံးလို့ မေးရင် သေမင်းနဲ့ အတူတူနေရတယ် (မှန်ပါ)၊ သေမင်းတမန်နဲ့ အတူတူနေရတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ကဲ ဒါဖြင့် ဝေဒနာမရှုချင်တဲ့ ပုဂ္ဂိုလ်များအတွက်က သေချင်သေးလို့မှတစ်ပါး ဘာမှ အဖြေထွက်စရာ မရှိဘူး (မှန်ပါ)၊ ဝေဒနာကို နိုင်အောင် မရှုချင်ဘူး၊ ဝေဒနာကပဲ ကြိုက်နေတယ်ဆိုကတည်းက သေချင်သေးလို့သာ မှတ်ပေတော့ (မှန်ပါ)၊ ဝေဒနာကြိုက်နေရင် (သေချင်လို့ပါ ဘုရား)၊ သေချင်လို့သာ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ကြည့်ပါလားကွ ရေထဲနေတဲ့ငါးတောင်မှ ဝေဒနာသတ်လိုက်တာ ကုန်းပေါ်မှာ သေရရှာတယ် (မှန်ပါ)၊ ကုန်း ပေါ်နေတဲ့လူတွေ ရေထဲကော (သေရပါတယ် ဘုရား)၊ နင်တို့က နတ်ပြည်ချမ်းသာကို ကြိုက်လိုက်တာ ပြောသံကြားနဲ့ (မှန်ပါ)၊ နားကနေ ကြိုက်လိုက်တာ၊ သူများပြောသံကြားနဲ့ နားကနေကြိုက်လိုက်တော့ သောမနဿဝေဒနာနဲ့ နတ်ပြည် မှာ နတ်ကောင်ကြီး သွားမဖြစ်ဘူးလား (ဖြစ်ရပါတယ် ဘုရား)၊ ဘယ်သူသတ်လိုက်တာတုံး (ဝေဒနာကသတ်တာပါ ဘုရား)၊ ဝေဒနာသုံးမျိုးပဲ (မှန်လှပါ ဘုရား)။
ဗြဟ္မာပြည် အသံကြားပြန်တော့ကော နားကကြားတာ (မှန်ပါ)၊ နားကကြားတော့ ဥပေက္ခာဝေဒနာက ကြား သမားပေါ့ကွာ (မှန်ပါ)၊ အဲ သောမနဿဝေဒနာက ကြိုက်သမား၊ ဒေါမနဿဝေဒနာက သတ်သမား (မှန်လှပါ ဘုရား)။
သုံးဆယ့်တစ်ဘုံမှာ လှည့်ပတ်ပြီး သတ်နေတာ
ဒါကြောင့် သုံးဆယ့်တစ်ဘုံမှာ လှည့်ပတ်ပြီး သတ်နေတာ၊ ဒီဝေဒနာသုံးမျိုးက လှည့်ပတ်သတ်နေတာ (မှန်လှ ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒါ ဝေဒနာ၏အပြစ်တွေကို ယနေ့ည မင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောနေတာပဲ (မှန်လှပါ ဘုရား)။
အခု တောင်ကလူ၊ မြောက်သွားတာလည်း ဝေဒနာပဲကွ (မှန်ပါ)၊ ချမ်းသာမှာလားလို့၊ ဟုတ်လား (မှန်ပါ)၊ ကြားတယ်ကိုးဗျ ကျုပ်က၊ ဟော ကြားတယ်လို့ဆိုတာ ဥပေက္ခာဝေဒနာ (မှန်ပါ)၊ ဒါဖြင့် သွားဦးမှပဲ၊ ချမ်းသာမှာ လားလို့ဆိုတာက သောမနဿဝေဒနာ (မှန်ပါ)၊ တော်ကြာကျလို့ရှိရင်ဖြင့် ဖျားပြီး၊ နာပြီး မသေကြဘူးလား (သေကြ ပါတယ် ဘုရား)၊ သေတာက ဒုက္ခဝေဒနာက သတ်ချလိုက်တာ (မှန်လှပါ ဘုရား)။
ဒါဖြင့် လူတွေသွားလာပြီး အငြိမ်မနေနိုင်ကြတာဟာ ဝေဒနာသုံးမျိုးက လမ်းပြတာ (မှန်ပါ)၊ လမ်းပြနေတာ နဲ့ပဲ မင်းတို့သည် အငြိမ်မနေနိုင်ကြဘူး (မှန်ပါ)၊ ဝေဒနာသုံးမျိုးက ဘာဖြစ်နေတုံး (လမ်းပြနေပါတယ် ဘုရား)၊ လမ်းပြ တော့ အငြိမ်မနေနိုင်ကြတော့ဘူး၊ နောက်ဆုံးပိတ်ကျတော့ ဗိုင်းဗိုင်းလဲ သေလိုက်တာပါပဲ (မှန်ပါ)၊ မသေလိုက်ဘူးလား (သေလိုက်ပါတယ် ဘုရား)၊ ဘယ်သူသတ်လိုက်တာတုံး (ဝေဒနာက သတ်တာပါ ဘုရား)၊ ဝေဒနာသုံးမျိုးလှည့်ပြီး သူတို့ အပေါင်းအဖော်ချင်း ညှိပြီး သတ်ပစ်လိုက်တာပဲ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်ဘုံဆုတောင်း ဆုတောင်း၊ ဝေဒနာကိုတောင်းတာ (မှန်ပါ)၊ သူသတ်ယောကျ်ားနဲ့ ကျုပ်နဲ့တွေ့ရ ပါလို၏ (မှန်ပါ)၊ ဘာတောင်းတာတုံး (သူသတ်ယောကျ်ားနဲ့ တွေ့ဖို့ပါ ဘုရား)၊ သူသတ်ယောကျ်ားနဲ့ တွေ့ရပါလို၏ (ဝါ) အတူနေရပါလို၏ (မှန်ပါ)၊ မပါပေဘူးလား (ပါပါတယ် ဘုရား)၊ သူသတ်ယောကျ်ားနဲ့ (တွေ့ရပါလို၏ပါ ဘုရား)၊ (ဝါ) (အတူနေရပါလို၏ပါ ဘုရား)။
အတူနေဆိုတော့ ဝေဒနက္ခန္ဓာ သွားဖြစ်တယ် (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ တော်ကြာကျတော့ နတ်တွေသည်ပင်လျှင် နတ်ပြည်မရှိပြန်ဘူးတဲ့ဆိုရင် သုခဝေဒနာကနေ ပထမချမ်းသာသလိုလိုထင်၊ တော်ကြာ ဒုက္ခ ဝေဒနာ သတ်ချလိုက်တာပဲ (မှန်ပါ)၊ ဒီလိုမနေပေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ ကြားလို့ဆုတောင်း၊ ဆုတောင်းလို့သေရ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ကြားတာက ဥပေက္ခာ ဝေဒနာ (မှန်ပါ)၊ ဆုတောင်းတာက သောမနဿဝေဒနာ (မှန်ပါ)၊ ဟိုသွားသေရတာက ဒုက္ခဝေဒနာ (မှန်ပါ)၊ ဒီလို မနေပေဘူးလား (နေပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့ဥစ္စာသည် နားမလည်လို့ရှိရင် ဒီလိုပဲကြားရင်ဆုတောင်း၊ ဆုတောင်းပြီး သေသွား (မှန်ပါ)၊ မောင်အောင်မြတ် ဘယ့်နှယ်နေတုံး၊ ဒီအတိုင်း မသေဘူးလား (သေပါတယ် ဘုရား)၊ အဲဒါ အမှားတွေ ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သူသတ်ယောကျ်ားလို့မှ မသိတော့
ဒါ ဝေဒနာတရားကို မနာဘူးတော့ မောင်ချစ်စိန်ရ ဒါတွေဟာ တစ်ခါတည်း ဖြစ်ချင်သလိုဖြစ်နေတာပဲ (မှန်ပါ)၊ သူသတ်ယောကျ်ားလို့မှ မသိတော့ ဘယ်ဘုံသွားရင် ချမ်းသာမှာပဲ (မှန်ပါ)၊ ဒီကနေ့ ရန်ကုန်သွားရင် ချမ်းသာ မှာပဲဆိုတော့ ဟော ဝေဒနာတရားကို မနာဘူးတော့ ချမ်းသာမှုက နှိပ်စက်လိမ့်မယ်လို့ သိရဲ့လား (မသိပါ ဘုရား)။
ချမ်းသာမှုကနေပြီး တော်ကြာ ဆင်းရဲဒုက္ခဘက် မပို့ပေဘူးလား (ပို့မှာပါ ဘုရား)၊ ဒါ ဘယ်သူနှိပ်စက်နေတာ တုံး (ဝေဒနာနှိပ်စက်တာပါ ဘုရား)၊ ဝေဒနာနှိပ်စက်တယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သုံးဆယ့်တစ်ဘုံမှာ သူသတ်ယောကျ်ား ဘယ်နှစ်ယောက်ရှိသတုံးမေးရင် ဘယ့်နှယ်ပြောကြမှာတုံး (သုံးယောက်ပါ ဘုရား)၊ သုံးယောက်လည်းတဲ့၊ တခြားမှာ နေသလား အတူပဲနေရသလားလို့ တစ်ခါအကဲခတ်ပါဦး (အတူနေရပါတယ် ဘုရား)။
မျက်လုံးက ဥပေက္ခာဝေဒနာလည်း သူပေါ်ရင် အတူတူဖြစ်နေတာပဲ (မှန်ပါ)၊ ဝမ်းထဲက သောမနဿဝေဒနာ၊ သူပေါ်လာတဲ့အခါလည်း အတူတူပဲ (အတူတူပါ ဘုရား)၊ အင်း ဝမ်းထဲက ဒုက္ခဝေဒနာကလည်း သူပဲ တစ်ခါတည်း သတ်ချလိုက်တာ၊ ဒုက္ခရောက်အောင် လုပ်လိုက်တာလည်း သူပဲမဟုတ်ဘူးလား (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာတို့၏အပြစ်ကို အခုဟောနေတာပဲ (မှန်ပါ)၊ ဒီဝေဒနာကြောင့် အဿာဒ၊ အဿာဒကြောင့် အာဒီနဝဆိုတာတွေ သိသွားတဲ့အခါကျတော့ ဝေဒနာမှ ထွက်မြောက်အောင်လုပ်ကြ (မှန်ပါ)၊ ဘယ်လိုဟောတုံး (ဝေဒနာ မှ ထွက်မြောက်အောင် လုပ်ရမှာပါ ဘုရား)၊ ဝေဒနာမှ ထွက်မြောက်အောင်လုပ်ကြလို့ မဟောသင့်ဘူးလား (ဟောသင့် ပါတယ် ဘုရား)။
ဝေဒနာမှ ထွက်မြောက်အောင် လုပ်မယ်ဆိုရင်
ဝေဒနာမှ ထွက်မြောက်အောင် လုပ်မယ်ဆိုလို့ရှိရင်ဖြင့် ဝေဒနာကို ဖြစ်ပျက်မရှုလို့ရှိရင် ဘယ်နည်းနဲ့မှ မထွက် မြောက်နိုင်ဘူး (မှန်ပါ)၊ ဝေဒနာဖြစ်ပျက်မြင်မှပဲ (ထွက်မြောက်မှာပါ ဘုရား)၊ ဝေဒနာကို မုန်းလာမှာပဲ (မှန်ပါ)၊ ဝေဒနာ ကို မုန်းလာတော့မှပဲ ဝေဒနာနဲ့နေတာကို မလိုချင်တော့ဘူး (မှန်ပါ)၊ လိုချင်သေးရဲ့လား (မလိုချင်တော့ပါ ဘုရား)။
မလိုချင်တော့ နောက် ဝေဒနက္ခန္ဓာရဦးမှာလား (မရတော့ပါ ဘုရား)၊ မရရင် အသေလွတ်သွားမှာပဲ (မှန်ပါ)၊ သူသတ်ယောကျ်ားနဲ့ အိုးစားကွဲပြီ (မှန်ပါ)၊ မကွဲသေးဘူးလား (ကွဲပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့သည် ဝေဒနာနဲ့ နိဿရဏဋ္ဌဖြစ်အောင်လုပ်ပါ (မှန်ပါ)၊ ဝေဒနာနဲ့ နိဿရဏဋ္ဌဖြစ်အောင် လုပ်ပါဆိုတော့ ဝေဒနာနဲ့ ထွက်မြောက်အောင် လုပ်ပါဆိုတော့ သူ့ကို ရှုတတ်ပြန်လို့ရှိရင်လည်း သူက ထွက်မြောက်တဲ့ဆီ ပို့လိုက်တာပဲ (မှန်ပါ)၊ သူ့ကို သာယာပြီး နှစ်သက်နေပြန်လို့ရှိရင်လည်း အဿဒဖြစ်လာတာပဲ (မှန်ပါ)၊ အဿဒဖြစ်ရင် အာဒီနဝဘေးတွေ မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီဝေဒနာကို ယနေ့ အလုပ်တရားချည်း ဟောတဲ့နေ့ဖြစ်နေတဲ့အတွက် သံဝေဂမပါဘူး၊ သံဝေဂပါတော့ ပါရဲ့၊ ပါပင်ပါငြားသော်လည်း သံဝေဂမှာ သူက အကြီးဆုံး (မှန်လှပါ ဘုရား)။
ဝေဒနက္ခန္ဓာရှိနေရင် အသေမလွတ်
ဪ ဝေဒနက္ခန္ဓာကြီး ရှိနေသရွေ့ကာလပတ်လုံး အသေတော့ လွတ်မှာမဟုတ်ပါဘူး (မလွတ်ပါ ဘုရား)၊ ဝေဒနက္ခန္ဓာရှိနေရင် (အသေမလွတ်ပါ ဘုရား)၊ လွတ်နိုင်စရာအကြောင်းကော မြင်ကြရဲ့လား (မမြင်ပါ ဘုရား)၊ ဘာဖြစ် လို့တုံးဆိုတော့ သူတို့က သူသတ်ယောကျ်ားသုံးယောက်ကိုး (မှန်လှပါ ဘုရား)။
သူသတ်ယောကျ်ားသုံးယောက်ကို တို့ကလည်း လိုက်လိုက်ပြီး မိတ်ဆွေဖွဲ့နေလို့ ရှိရင်တော့ဖြင့် အတော်ထူလို့ အတော်အလို့ဆိုတာ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
မျက်လုံးပြောတာကို ဝမ်းထဲကလိုက်၊ ဝမ်းထဲကလိုက်လို့ရှိရင်ဖြင့် ဝမ်းထဲမှာပဲ သေနာပေါ်ချင်လို့ဆိုတဲ့ အဓိပ္ပာယ် ပါလာတယ် (ပါလာပါတယ် ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ အဲဒါတွေကော ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
ဝေဒနာဖြစ်ပျက်မြင်အောင်ရှု
ရှင်းတဲ့အခါကျလို့ရှိရင်ဖြင့် ဒီဝေဒနာမှ ထွက်မြောက်အောင် မင်းတို့ ဘယ့်နှယ်လုပ်ရမှာတုံး (ဝေဒနာဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ဝေဒနာဖြစ်ပျက်မြင်အောင်ရှု (မှန်ပါ)၊ ဝေဒနာဖြစ်ပျက်ကို (မြင်အောင်ရှိုရမှာပါ ဘုရား)၊ ဝေဒနာကို မလိုချင်အောင်ရှု (မှန်ပါ)၊ မလိုချင်ရင် မဂ္ဂင်ရှစ်ပါးဖြစ်လာမယ် (မှန်လှပါ ဘုရား)။
ဖြစ်သည်နှင့်တစ်ပြိုင်နက်တည်း ဝေဒနာတွေက ချုပ်ဆုံးသွားတော့ ခန္ဓာချုပ်ဆုံးသွားတဲ့အခါကျတော့ သေစရာ အထည်ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ အေး သေစရာအထည်မရှိတာ နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
