”ဆန္ဒရာဂယ်ခြင်းသည် ဘုရား၏ဝါဒဖြစ်ပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
”ဆန္ဒရာဂယ်ခြင်းသည် ဘုရား၏ဝါဒဖြစ်ပုံ”
ည-အလုပ်ပေး တရားတော်
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သက္ကတိုင်းမှာ သီတင်းသုံးနေတုန်း၊ ရဟန်းငယ်တွေက ပစ္ဆာဘူမက ဆိုတဲ့အရပ်ကို သွားပြီးနေချင်ကြတာနဲ့ ဘုရားကိုယ်တော်မြတ်ကြီးဆီသွားပြီး လျှောက်ထားကြတယ်။
အရှင်ဘုရား တပည့်တော်တို့ ပစ္ဆာဘူမကကို သွားပြီးနေချင်ပါတယ်ဘုရား ဆိုတော့ ဘုရားကိုယ်တော် မြတ်ကြီးက မင်းတို့ နောင်တော်ကြီးဖြစ်တဲ့ ရှင်သာရိပုတ္တရာကို လျှောက်ထားပြီးကြပြီလားလို့၊ ဘုရားက စကားတောင်း လိုက်ပါတယ် (မှန်လှပါ ဘုရား)။
တပည့်တော်များ မလျှောက်ထားရသေးပါဘုရားဆိုတော့ အေး မင်းတို့ နောင်တော်ကြီးဖြစ်တဲ့ ရှင်သာရိ ပုတ္တရာဟာ ရဟန်းငယ်တွေကို အင်မတန် သနားတယ်၊ အကျိုးစီးပွားကိုလည်း အင်မတန် အလိုရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ သူ့ဆီကိုသွားပြီး ပန်ကြားချေဦးဆိုပြီး ရှင်သာရိပုတ္တရာဆီကို လွှတ်လိုက်ပါတယ် (မှန်လှပါ ဘုရား)။
ရှင်သာရိပုတ္တရာဆီ သွားကြတယ်
ဒါနဲ့ ရဟန်းငယ်တွေက ရှင်သာရိပုတ္တရာဆီ သွားကြတယ်၊ ရှင်သာရိပုတ္တရာက တစ်ခုသောချုံထဲမှာ တရား နှလုံးသွင်းပြီး သကာလ နေပါတယ်၊ ရဟန်းငယ်တွေက သွားကြပြီး အရှင်ဘုရား တပည့်တော်တို့ ပစ္ဆာဘူမက ဆိုတဲ့ အရပ်ကို သွားလည်းသွားချင်တယ်၊ အဲဒီမှာလည်းနေချင်လို့ အရှင်ဘုရားဆီ လာလျှောက်ပါတယ်တဲ့။
မင်းတို့ ဘုရားကိုယ်တော်မြတ်ကြီးဆီကော ရောက်ခဲ့ပြီလားဆိုတော့ ရောက်ခဲ့ပါပြီဘုရား၊ ဘုရားက မင်းတို့ နောင်တော်ကြီးဆီ သွားပြီး သကာလ လျှောက်ထားချေကြဦးဆိုလို့ လာခဲ့ရပါတယ်။
ဒီတင် ရှင်သာရိပုတ္တရာက ရိပ်မိလို့၊ ဪ ငါ့ကို တရားသင်ပေးဖို့ လွှတ်လိုက်တာပဲဆိုတာကို သိပြီးသား ဖြစ်နေတော့ မင်းတို့သွားတာတော့ သွားတာပေါ့ကွာ၊ မသွားရဘူးလို့ မကန့်ကွက်ပါဘူး၊ သို့ရာတွင် ပစ္ဆာဘူမကမှာ ဗိမ္ဗိသာရမင်းကြီးတို့၊ ဇာရုက္ခပုဏ္ဏားတို့၊ စိတ္တသူကြွယ်တို့ ရှိတယ်။
အဲဒီရဟန်းပညာရှိ၊ လူပညာရှိတွေ တစ်ပုံကြီးရှိနေတဲ့နေရာမှာ သူတို့က သက္ကတိုင်း ဘုရားကိုယ်တော်မြတ် ကြီးဆီက လာခဲ့ကြတာဆိုတော့ အရှင်ဘုရားတို့၏ ဆရာ၏ဝါဒကို ပြောစမ်းပါဦးလို့ မင်းတို့ကိုမေးခဲ့ရင် မင်းတို့ ဖြေ တတ်ကြမှာမဟုတ်ဘူး၊ အလွှဲတွေချည်း ဖြေနေရင်လည်း ဘုရားကို စွပ်စွဲရာရောက်ပါလိမ့်မယ်။ တစ်ခါ သူတစ်ပါး ကို ဘယ်လိုများ ဟောလေ့ပြောလေ့ရှိသတုန်းလို့ ဆက်မေးလို့ရှိရင်ဖြင့် မင်းတို့ အဖြေမှန် မပေးနိုင်လို့ အခက်တွေ့နေ လိမ့်မယ်။
ဆန္ဒရာဂကို ပယ်တဲ့ဝါဒဟာ ဘုရား၏ဝါဒ
ဒါနဲ့ ရှင်သာရိပုတ္တရာက ရဟန်းငယ်တွေကို အရှင်ဘုရားတို့ကို အမျိုးမျိုးသော ပုဂ္ဂိုလ်တို့က မေးတဲ့အခါ ဆန္ဒရာဂကို ပယ်တဲ့ ဝါဒလို့ ဖြေကြ (မှန်ပါ)၊ ဆန္ဒရာဂကို ပယ်တဲ့ဝါဒဟာ ဘုရား၏ဝါဒလို့ အားလုံးမှတ်ကြပါ (မှန်လှ ပါ ဘုရား)။
ဆန္ဒရာဂဆိုတာက ခန္ဓာငါးပါးကို ခင်တွယ်တဲ့ ဆန္ဒတဏှာ၊ ဆန္ဒဆိုတာလည်း တဏှာပဲနော် (မှန်ပါ)၊ ပစ္စည်းကို ခင်တွယ်တဲ့ ဆန္ဒတဏှာ၊ အဲဒါတွေကို ပယ်တဲ့အလုပ်ဟာ ဘုရား၏ဝါဒ၊ ဘုရား၏ဝါဒက ဒါတွေပယ်ဖို့ အရေးကြီးဆုံး ပဲလို့ မှတ်ကြရမယ် (မှန်ပါ)၊ ခန္ဓာခင်တဲ့တဏှာနော် (မှန်ပါ)၊ ပစ္စည်းခင်တဲ့ (တဏှာပါ ဘုရား)၊ အဲဒီတဏှာတွေကို ပယ်တဲ့ဝါဒဟာ ဘုရား၏ဝါဒလို့ မင်းတို့မှတ်ထားပါ (မှန်လှပါ ဘုရား)။
ဟောတဲ့အခါကျလို့ရှိရင်လည်း ဆန္ဒရာဂကိုပယ်ဖို့ပဲ ဟောလေ့ရှိပါတယ်၊ တဏှာပယ်ဖို့ပဲ ဟောလေ့ရှိပါတယ် လို့ မင်းတို့ မှတ်ထားကြပါလို့ ရှင်သာရိပုတ္တရာက ရဟန်းငယ်တွေကို သင်ပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ ဒီတရားပွဲမှာ အခု တရားကို ဂရုစိုက်နေတဲ့ ပုဂ္ဂိုလ်များက ဘုရားရှိခိုးနေတာကို ဗုဒ္ဓဘာသာအယူ လို့ ယူလေ့ရှိတယ်၊ မဟုတ်ဘူး ဘုရားယူတဲ့အယူကို ကိုယ်ယူမှ ဗုဒ္ဓဘာသာ (မှန်ပါ)၊ ဘုရားယူတဲ့အယူကို (ကိုယ်တိုင် ယူမှ ဗုဒ္ဓဘာသာပါ ဘုရား)။
ဘုရားယူတဲ့အယူ
ဘုရားယူတဲ့အယူက ခန္ဓာငါးပါးအပေါ်၌ ခင်တွယ်မှုတဏှာကို ပယ်တယ် (မှန်ပါ)။ ပစ္စည်းအပေါ်၌ ခင်တွယ်မှု တဏှာကို (ပယ်ပါတယ် ဘုရား)၊ ဒါ ဘယ်သူ့အယူတုံး (ဘုရားအယူပါ ဘုရား)၊ သူဟောပြန်လို့ရှိရင်လည်း ဘယ်တရားပဲ ဟောဟော ဒီဆန္ဒရာဂကို ခင်တွယ်တာ ပယ်ဖို့၊ ပစ္စည်းနဲ့ သားသမီးတွေ ခင်တွယ်တာ ပယ်ဖို့၊ ဒါတွေပဲ ဟောလေ့ရှိ တယ် (မှန်ပါ)၊ သူ့အယူအတိုင်း သူဟောတာပဲလို့ မှတ်ထားကြရမယ် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (သူ့အယူအတိုင်း သူဟောပါတယ် ဘုရား)။
အဲ ဆန္ဒရာဂကို ပယ်ဖို့အယူဆိုတော့ ဒီ အခု တရားနာတဲ့ပုဂ္ဂိုလ်တွေ ရိပ်မိပြီ (မှန်ပါ)၊ တရားနာတဲ့ပုဂ္ဂိုလ်တွေ ရိပ်မိပြီကွ မောင်ကျော်သိန်းရ (မှန်ပါ)၊ ဘာပယ်ဖို့တဲ့တုံး (ဆန္ဒရာဂပယ်ဖို့ပါ ဘုရား)၊ ဆန္ဒရာဂဆိုတာ တဏှာနော်၊ နောက်က ရာဂပါလာတာကိုး (မှန်ပါ)၊ အဲဒါပယ်တဲ့အယူဟာ ဘုရား၏ ပင်ကိုရင်းအယူလို့ မှတ်ထားပါ (မှန်ပါ)၊ သူ့ အယူဝါဒက ဒါပဲ (မှန်လှပါ ဘုရား)။
သူဟောလေ့ ပြောလေ့ရှိတာကလည်း ခန္ဓာခင်တွယ်တဲ့ တဏှာပယ်ဖို့၊ ပစ္စည်းနဲ့ သားသမီးခင်တဲ့ တဏှာကို (ပယ်ဖို့ပါ ဘုရား)၊ ဒါကိုပဲ ဟောလေ့ရှိတယ်တဲ့၊ ဒါ ပင်ကိုရင်းဘာသာလို့ မှတ်လိုက်ပါ (မှန်ပါ)၊ ဗုဒ္ဓဘာသာဆိုတဲ့ဥစ္စာ က ဒါပဲ။
မင်းတို့ယူနေတဲ့ ဗုဒ္ဓဘာသာက ဘုရားဦးခိုက်လို့ရှိရင် ဗုဒ္ဓဘာသာ၊ ဘုရားရှိခိုးရင် ဗုဒ္ဓဘာသာလို့ ထင်နေကြ တယ် (မှန်ပါ)၊ ဒါက အယောင်မျှလောက်သာ ဟုတ်ပါတယ်၊ အစစ်ကတော့ဖြင့်တဲ့၊ ခုနက ခန္ဓာကို ခင်တွယ်တဲ့ တဏှာ ပယ်ဖို့၊ ခန္ဓာကို ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ဖို့၊ ဒီဟာသည် သူ့အယူလိုက် လိုက်လို့ရှိရင် တို့ဟာ ဒါတွေပယ် တဲ့ အလုပ်ကို လုပ်ရမှာပဲ (မှန်ပါ)၊ ကဲ မောင်ကျော်သိန်းတို့၊ တင်လှတို့ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
မင်းဟာ အပါယ်ကျမယ့် အယူပါလား
အဲဒါ မင်းတို့မှတ်ထားလို့ ရှင်သာရိပုတ္တရာက ရဟန်းတွေကို သင်လိုက်ပါတယ် (မှန်ပါ)၊ အဲဒီတော့ ကိုယ်က ခင်တွယ်မယ်၊ ကြောင့်ကြမယ်၊ စိုးရိမ်မယ်ဆိုရင် ဒါ ဘုရားအယူမဟုတ်ပါလားလို့ ကိုယ့်ကိုယ်လည်း ဆုံးမဦးကွ (မှန်ပါ)၊ မင်းဟာ အပါယ်ကျမယ့် အယူပါလား၊ ဘုရားအယူက ဒါမဟုတ်ပါလားလို့၊ ဒါ ကိုယ့်ကိုယ်ကိုယ် ပေါ်လာတိုင်း ပေါ်လာ တိုင်း ဆုံးမရမယ်ကွ (မှန်လှပါ ဘုရား)။
ပစ္စည်းလေးခင်တွယ်၊ သားလေးခင်တွယ်၊ သမီးလေးခင်တွယ်၊ ခင်ပွန်းမခင်တွယ်၊ ခင်ပွန်းယောကျ်ားခင်တွယ် ဆိုတာတွေ လာလို့ရှိရင် အင်း ဒါတွေဟာ ဘုရားအယူ မဟုတ်ပါလားလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ကိုယ့်ကိုယ်ကိုယ် ဆုံးမရမှာက ကိုယ်ခင်တွယ်နေတဲ့အချိန်မှာ ဖြတ်ခနဲ သတိရ အောင် (မှန်ပါ)၊ ဖြတ်ခနဲ သတိရပြီး ဒါ မင်းဟာက ဘုရားအယူမှမဟုတ်ဘဲပဲ မင်းအယူကြီးဖြစ်နေတာပဲလို့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
မင်းအယူက အပါယ်သွားမယ့်အယူ၊ ခင်တယ်ဆိုတာ တဏှာ၊ တဏှာဆိုတာ ဥပါဒါန်၊ ဥပါဒါန်ဆိုတာ ကံလုပ် တာ၊ ကံလုပ်ရင် ဇာတိ၊ ဇရာ၊ မရဏ သွားတော့မယ် (မှန်ပါ)၊ ဇာတိ၊ ဇရာ၊ မရဏချုပ်ရာငြိမ်းရာ သိမ်းရာမှ နိဗ္ဗာန်၊ မင်းဟာက ဘုရားအယူမဟုတ်တဲ့အတွက် ဒုက္ခပင်လယ်ဝေစေမယ့် အယူပါလားလို့၊ ကိုယ့်ကိုယ်ကိုယ် ဆုံးမရမယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ကိုယ့်နေပုံထိုင်ပုံကိုလည်း ပြင်ကြဦးကွ
ဘုရားအယူဆိုပြီး မင်းတို့ ကိုယ့်နေပုံထိုင်ပုံကိုလည်း ပြင်ကြဦးကွ (မှန်ပါ)၊ ကိုယ်နေပုံထိုင်ပုံက သားတန်းလန်း၊ သမီးတန်းလမ်း၊ ပစ္စည်းတန်းလန်း၊ ခင်တွယ်မှုတွေ တန်းလန်းတွေနဲ့ဆိုတော့ တို့ဟာ ဗုဒ္ဓဘာသာမှ ဟုတ်ကဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် မောင်အောင်မြတ် မေးကြည့်ဦးကွ (မဟုတ်ပါ ဘုရား)။
မေးကြည့်တော့ မဟုတ်ကြောင်းကို သက်သေခံတာပဲ (မှန်ပါ)၊ သားခင်၊ မယားခင်၊ ပစ္စည်းခင်၊ ဟ မင်း တို့က ဗုဒ္ဓဘာသာလည်းဆိုရဲ့၊ ဘုရားအယူကို ယူတယ်လို့လည်းဆိုရဲ့၊ မင်းဟာ ဘုရားအယူဝါဒက ဒါတွေမဟုတ်ပါ လားလို့ ဘယ်သူ့ကို မေးရမှာတုံး (ကိုယ့်ကိုယ်ကိုယ် မေးရမှာပါ ဘုရား)၊ အေး ကိုယ့်ကိုယ်ကိုယ် မေးရမယ်လို့ ယနေ့ညတရားမှာ သေချာမှတ်ပါ (မှန်လှပါ ဘုရား)။
ဒါ လာတိုင်း လာတိုင်း၊ ဒါတွေဟာ ဘုရားအယူမဟုတ်ဘူး၊ ဘုရားအယူမဟုတ်ဘူးဆိုပြီးတော့ ဝိပဿနာကို ပြန်ကောက်ရမယ် (မှန်ပါ)၊ ဒီလိုပြန်ကောက်မှသာလျှင် ဘုရားအယူအစစ်ဖြစ်တယ်ကွ မောင်ထွန်းတင်ရ (မှန်လှပါ ဘုရား)။
ဘုရားအယူ မဟုတ်ဘူးဆိုလို့ရှိရင် မင်းတို့သည်ကားလို့ဆိုရင် ကိုယ့်အယူဖြစ်နေမှာပဲ (မှန်ပါ)၊ မဖြစ်ပေဘူး လား (ဖြစ်ပါတယ် ဘုရား)၊ ကိုယ့်အယူကတော့ အပါယ်သွားရမှာပဲ ပဋိစ္စသမုပ္ပါဒ်တန်းကြည့်ပါလား (မှန်ပါ)၊ သားခင်၊ မယားခင်၊ ဆွေခင်၊ မျိုးခင်၊ ပစ္စည်းခင်၊ ခင်တာက တဏှာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတော့ လွတ် သေးရဲ့လား (မလွတ်ပါ ဘုရား)။
ဘုရားအယူကို ယူလို့ရှိရင် နိဗ္ဗာန်ရောက်ဖို့
ဒါဖြင့် ကိုယ့်အယူကတော့ဖြင့် အပါယ်သွားဖို့အယူ (မှန်ပါ)၊ ဘုရားအယူကို ယူလို့ရှိရင် နိဗ္ဗာန်ရောက်ဖို့ အယူ (မှန်လှပါ ဘုရား)။
ကဲ မင်းတို့ ဗုဒ္ဓဘာသာဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒါ ကိုယ်ဖောက်ပြန်တိုင်း ဖောက်ပြန်တိုင်း မင်းဟာ ဘုရားအယူမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမလုံးသန်သန်နဲ့ ဆုံးမရမယ် (ဆုံးမရမှာပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ရှင်သာရိပုတ္တရာက ကဲ မင်းတို့ ဘုရားအယူနဲ့ ဘုရားဟောလေ့ရှိတာကို သိပြီလား၊ ဘုရား ဟောလေ့ရှိတာကလည်း ခန္ဓာကို ခင်တွယ်တဲ့ တဏှာဖြတ်ဖို့၊ ပစ္စည်းဥစ္စာရတနာ ခင်တွယ်တဲ့ တဏှာဖြတ်ဖို့၊ မဖြတ် လို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဘက်သွားရမှာကို သူက စိုးရိမ်တာကိုး (မှန်ပါ)၊ မစိုးရိမ်သင့်ဘူး လား (သေချာပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါက ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရှင်သာရိပုတ္တရာဆီ သွားကြ၊ ရှင်သာရိပုတ္တရာက ဆုံးမ လိမ့်မယ်ဆိုတဲ့အကြောင်းကို ပြောလို့ ရှင်သာရိပုတ္တရာက ရဟန်းတွေကို ပစ္ဆာဘူမက ဆိုတဲ့အရပ် သွားလို့ရှိရင် အဲဒီ မှာ လူပညာရှိ၊ ရဟန်းပညာရှိ၊ မင်းပညာရှိတွေက မင်းတို့ကို မေးလို့ရှိရင် ဘုရားအယူဟာ ဒီအယူပါပဲဆိုတာကို မင်း တို့က ဖြေကြပါ (မှန်လှပါ ဘုရား)။
အင်း တော်တော့်လူ ဖြေနိုင်ပါ့မလားကွ (မဖြေနိုင်ပါ ဘုရား)၊ မင်းတို့ကလည်း ဘုရားအယူလို့ ယူနေကြ တာပဲ၊ ဗုဒ္ဓဘာသာလို့ နာမည်တော့ခံနေကြတာပဲတဲ့၊ အလုပ်သွားက ဟုတ်ကဲ့လားလို့ မေးကြည့်တဲ့အခါ ကန့်လန့်ကြီး ဖြစ်နေတယ် (ဖြစ်နေပါတယ် ဘုရား)၊ အလုပ်သွားက ဘယ့်နှယ်နေတုံး (ကန့်လန့်ကြီးပါ ဘုရား)၊ ကဲ ဒါဖြင့် ဗုဒ္ဓ ဘာသာလို့ မောင်ကျော်သိန်းက ဆိုလို့ရရဲ့လား (မရပါ ဘုရား)၊ မရဘူးတဲ့၊ မရဘူး၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘယ်အပေါ်မှာ ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ရမှာတုန်း
ကောင်းပြီ မင်းတို့ကွာတဲ့၊ ဒါလောက်နဲ့ပဲ ဟိုကလူတွေက ကျေနပ်မှာမဟုတ်သေးဘူးကွ (မှန်ပါ)၊ ကျေနပ်မှာ မဟုတ်သေးဘူးတဲ့ (မှန်ပါ)၊ ဘုရားအယူဟာ ဒါပဲဆိုရုံနဲ့ ကျေနပ်မှာမဟုတ်သေးဘူးတဲ့၊ မင်းတို့ကို ပစ္ဆာဘူမက မှာရှိတဲ့ လူပညာရှိ၊ ရဟန်းပညာရှိ၊ မင်းပညာရှိတွေက ဆက်ပြီး မေးလိမ့်ဦးမယ်ကွတဲ့၊ ဘယ်လိုများ ဆက်မေးမှာလဲဆိုလို့ရှိရင် ဘယ်အပေါ်မှာ ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ရမှာတုန်းလို့ မေးဦးမှာတဲ့ (မှန်ပါ)၊ မမေးပေဘူးလား (မေးမှာပါ ဘုရား)။
ဒီအယူကလေးပြောရုံနဲ့ မပြီးသေးဘူးကွ၊ အရှင်ဘုရားတို့ အရှင်ဘုရားတို့ ဘုရားဆီက လာတယ်ဆိုပြီး သကာလ ဘုရားက ဆန္ဒရာဂပယ်တာကို ဟောတယ်၊ ဟုတ်ပြီ ဆန္ဒရာဂကို ပယ်တဲ့အယူက သူ့အယူ၊ ဟောတဲ့အယူကလည်း ဆန္ဒရာဂကို ပယ်ဖို့ ဟောတယ်၊ ဘယ်အပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရမှာတုံးလို့ သူတို့က ကောက်နုတ်ချက်ချ မေး ဦးမှာကွတဲ့ (မှန်ပါ)၊ မမေးပေဘူးလား (မေးမှာပါ ဘုရား)။
ဘယ်အပေါ်မှာရှိတဲ့ ဆန္ဒရာဂကို ပယ်ရမှာတုံးလို့ ဟိုကဆင့်မေးရင် မင်းတို့ ဘယ့်နှယ်လုပ်ဖြေမှာတုံးဆိုတော့ သာမညရဟန်းတွေဆိုရင် ဖြေနိုင်ပါ့မလား (မဖြေနိုင်ပါ ဘုရား)၊ အဲဒီတော့ ရှင်သာရိပုတ္တရာက ငါသင်လွှတ်လိုက်မယ် တဲ့၊ မင်းတို့ကို ဟိုကျတော့ ဒီအမေးကို မမေးပဲ နေမှာမဟုတ်ဘူးတဲ့၊ မေးမှာပဲ (မှန်လှပါ ဘုရား)။
မေးတဲ့အခါ မင်းတို့က တော်အောင်ဖြေလို့ရှိရင်လည်း မင်းတို့ ဘုရားကို စွပ်စွဲရာရောက်မှာပဲတဲ့၊ မမှန်တာ တွေ ဖြေတဲ့အတွက်၊ အဲဒီတော့ ဒီလိုမှတ်ယူပါတဲ့၊ ခန္ဓာငါးပါး တစ်ပါးပါးအပေါ်ကို ခင်နေတဲ့ ဆန္ဒရာဂကို ပယ်ရမယ် လို့ မင်းတို့ကို သေချာအကွက်ကျပြောပြီ (မှန်ပါ)၊ မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ခန္ဓာငါးပါး တစ်ပါးပါး အပေါ်ကို (ခင်နေတဲ့ ဆန္ဒရာဂကို ပယ်ရမှာပါ ဘုရား)၊ ခင်နေတဲ့ ဆန္ဒရာဂ (တဏှာ)ကို ပယ်ရမှာကွ (မှန်ပါ)၊ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။
ခန္ဓာငါးပါး တစ်ပါးပါးခင်တွယ်တဲ့ဆန္ဒရာဂ
ခန္ဓာငါးပါး တစ်ပါးပါးခင်တွယ်တဲ့ (ဆန္ဒရာဂကို ပယ်ရမှာပါ ဘုရား)၊ ဆန္ဒရာဂဆိုတာ တဏှာပါပဲ (မှန်ပါ)၊ အဲဒါကို ပယ်ရမယ်လို့ ဘုရားက ဟောလေ့ရှိတယ်၊ သူ့အယူဝါဒကလည်း ဒီ သူ့ခန္ဓာခင်တွယ်တဲ့ တဏှာကို ပယ်လို့ ဘုရားဖြစ်လာတာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
နင်တို့လည်း ကိုယ့်ခန္ဓာကို ခင်တွယ်တဲ့တဏှာကို မစွန့်နိုင်သေးသရွေ့ကာလပတ်လုံး ဒီခန္ဓာပြီးရင် ဟိုခန္ဓာ ခင်ဦးမှာပဲ၊ ဟိုခန္ဓာခင်ရင် ဟိုခန္ဓာဒုက္ခသစ္စာရမှာပဲ (မှန်ပါ)၊ ဒီခန္ဓာခင်ရင် ဒီခန္ဓာဒုက္ခသစ္စာ ခင်မိလျက်ကြုံတာပဲ (မှန်ပါ)၊ ဘယ့်နှယ်တုံး မောင်ချစ်စိန် (ခင်မှာပါ ဘုရား)။
ဒီခန္ဓာခင်လို့ ဒီဒုက္ခသစ္စာကို ခင်တာ၊ ဒုက္ခသစ္စာက ခင်ကောင်းတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ဟိုခန္ဓာ ခင်ပြန်တော့ကော (ဒုက္ခသစ္စာပါပဲ ဘုရား)၊ ဒုက္ခသစ္စာ သွားခင်တော့ ခင်ကောင်းရဲ့လား (မခင်ကောင်းပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ ကိုယ်နဲ့အိုးစားကွဲဖို့ အရေးကြီးတယ် (မှန်ပါ)၊ ခင်ဖို့ ဝတ္တရားရှိရဲ့လား (မရှိပါ ဘုရား)။
အဲဒါလေးတွေကိုလည်း ကိုယ်က ထိုးထိုးထွင်းထွင်းလေး၊ဪ ဒါကြောင့်၊ ဟိုက လူပညာရှိ၊ ရဟန်း ပညာရှိတွေက ဘယ်အပေါ်မှာ ခင်တာကို၊ ပယ်တာကို ဘုရားဟောလေ့ရှိပါသတုံးလို့ မေးလို့ရှိရင်တဲ့ မင်းတို့ခန္ဓာငါးပါး အပေါ်၌ ခင်တဲ့ ဆန္ဒရာဂကို ပယ်ရမယ်လို့ မင်းတို့ သေသေချာချာဖြေ (မှန်လှပါ ဘုရား)။
ခန္ဓာငါးပါးဆိုတော့ ပစ္စည်းကလည်း ရူပက္ခန္ဓာထဲ ပါသွားတာပဲ (မှန်ပါ)၊ သားသမီးတွေဆိုတော့လည်း ခန္ဓာ ငါးပါးဖြစ်သွားတာပေါ့ (မှန်ပါ)၊ ကိုယ့်ခန္ဓာခင်လည်း ခန္ဓာငါးပါး မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီနေ့ မခင်တဲ့တစ်နေ့မှာ ဒီနေ့ စားစရာမပူတော့ဘူး (မှန်ပါ)၊ ဝတ်စရာကော (မပူတော့ပါ ဘုရား)၊ သူခိုး၊ ဓားပြဘေးကော (မပူတော့ပါ ဘုရား)၊ တစ်နေ့တည်း မင်းတို့ ဒီခန္ဓာခင်တဲ့ ခင်လုံးသာ ဖြုတ်ပစ်လိုက် မယ်ဆိုလို့ရှိရင်ဖြင့် ချက်ချင်း သက်သာခွင့်ရမယ်ဆိုတာ ရှင်းနေတာပဲ (မှန်ပါ)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
ကဲ မင်းတို့ပစ္ဆာဘူမကကို သွားတဲ့အခါကျတော့ ဘယ်အပေါ်မှာ ခင်တဲ့ ဆန္ဒရာဂကို ပယ်ရမှာတုံးလို့ မေးလို့ရှိရင် မင်းတို့ ခန္ဓာငါးပါးအပေါ်မှာ ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ဖို့ရာ ဟောပါတယ်ဆိုတဲ့ဥစ္စာကို မင်းတို့ သေသေချာချာ ဖြေကြ (မှန်လှပါ ဘုရား)။
အဖြေနှစ်ခုထွက်သွားတယ် (မှန်ပါ)၊ မထွက်သေးဘူးလား (ထွက်ပါတယ် ဘုရား)၊ တစ်နံပါတ်က ဆန္ဒရာဂကို ပယ်တယ် (မှန်ပါ)၊ နှစ်နံပါတ်က ဘယ်အပေါ်မှာ ခင်တဲ့ ဆန္ဒရာဂကို ပယ်ရမှာတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာငါးပါး အပေါ်၌ ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ဖို့ရာ အယူဟာ ဘုရားအယူ၊ ဟောလေ့ရှိတာလည်း ဒါပယ်ဖို့ကိုပဲ ဟောလေ့ ရှိတယ်ဆိုတာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘယ်အကျိုးရှိသတုံး
အဲဒီတင် ရှင်သာရိပုတ္တရာက ဆက်ပြီးလာပြန်တယ်၊ ဒါလောက်နဲ့လည်း သူတို့က တင်းတမ်မှာ မဟုတ်သေး ဘူးကွတဲ့၊ ဆက်မေးဦးမှာတဲ့ (မှန်ပါ)၊ အင်မတန်ကောင်းတဲ့တရား (မှန်ပါ)၊ အရှင်ဘုရားတို့ ဒါလောက်နဲ့ ပြီးဦးမှာ မဟုတ်သေးဘူးတဲ့၊ အရှင်ဘုရားတို့ ဒီခန္ဓာငါးပါးအပေါ်ကို ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ပါလို့ဆိုတော့ ပယ်တော့ ဘယ်အကျိုးရှိသတုံးဆိုတာလဲ လာဦးမှာ (မှန်ပါ)၊ မလာပေဘူးလား (လာမှာပါ ဘုရား)။
ပယ်တဲ့အခါ ဘယ်အကျိုးရှိသတုံးဆိုတဲ့ဥစ္စာ မေးဦးမှာတဲ့၊ မင်းတို့ ဒီလိုနဲ့ ဟိုကပုဂ္ဂိုလ်တွေက ငြိမ်နေမှာမဟုတ် ဘူး (မှန်ပါ)၊ ဘယ်လောက် အကွက်ကျသတုံး (ကျပါတယ် ဘုရား)၊ အင်မတန် အကွက်ကျတယ်၊ မောင်ကျော်သိန်း အကွက်မကျဘူးလား (ကျပါတယ် ဘုရား)။
ကဲ မင်းတို့မေးပြီ၊ ပယ်လိုက်ပါပြီတဲ့၊ ပယ်တော့ ဘယ်လိုအကျိုးရှိသတုံးဆိုတာကို ဆက်မေးမယ်တဲ့၊ ဟိုက လူပညာရှိ၊ ရဟန်းပညာရှိ၊ မင်းပညာရှိတွေက ဆက်မေးမယ်တဲ့၊ ဘယ်နှယ့်ဖြေမှာလဲ၊ မင်းတို့ တော်အောင် ဖြေလိုက် လို့ရှိရင်လည်း ဒါ ဘုရားကို စွပ်စွဲရာရောက်မယ်၊ ဘုရားမဟောတာကို သူက ပြောနေမှာကိုးကွ (မှန်ပါ)၊ အဲဒီတော့ ဘုရားကို စွပ်စွဲရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဆန္ဒရာဂရှိလို့ မပယ်ခဲ့သည်ရှိသော်
အဲဒီတော့ မင်းတို့ ဘယ့်နှယ်လုပ်မှာလဲတဲ့၊ အဲဒါ ခန္ဓာငါးပါးအပေါ်မှာ ခင်တွယ်တဲ့ ဆန္ဒရာဂကို ပယ်ရမယ် ဆိုတာကို ဖြေတတ်ပြီလား (မှန်ပါ)၊ ပယ်ခြင်း၏ အကျိုးကို ပြောစမ်းပါဆိုလို့ရှိရင်တဲ့၊ ဒီလိုပြောကွ မပယ်တာက စပြောတဲ့၊ အကယ်၍ ဆန္ဒရာဂရှိလို့ မပယ်ခဲ့သည်ရှိသော် ခန္ဓာငါးပါးဟာ ဖောက်ပြန်ပျက်စီးမယ်တဲ့၊ မပျက်စီးပေဘူး လား (ပျက်စီးမှာပါ ဘုရား)၊ ဖောက်ပြန်ပျက်စီးလာတဲ့အခါကျလို့ရှိရင်ဖြင့် မပယ်တဲ့ပုဂ္ဂိုလ်ကျတော့ ဟောဒီက သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ လာမယ် (လာမှာပါ ဘုရား)၊ မလာပေဘူးလား (လာမှာပါ ဘုရား)။
ဪ ဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့သောက (မှန်ပါ)၊ နဂိုက ပယ်မထားလို့လေ (မှန်ပါ)၊ ငိုချင်တဲ့ ပရိဒေဝ ကော မလာပေဘူးလား (လာပါတယ် ဘုရား)၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခဒေါမနဿ (လာပါ တယ် ဘုရား)၊ ပြင်းစွာ ပင်ပန်းခြင်းဆိုတဲ့ ဒုက္ခအကြီးစားကော (လာပါတယ် ဘုရား)။
အဲ ခန္ဓာငါးပါးအပေါ်ကို ခင်တွယ်တဲ့ ဆန္ဒရာဂကို မပယ်လို့ရှိရင် ဒါတွေလာလိမ့်မယ်လို့ မင်းတို့ဖြေ (မှန်ပါ)၊ အင်မတန်မိတယ်ကွ (မှန်ပါ)၊ မှန်လည်းမှန်နေတာပဲ (မှန်ပါတယ် ဘုရား)၊ မောင်ကျော်သိန်း မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ ဟေ့ တင်လှတို့လူစုတွေ (မှန်ပါတယ် ဘုရား)၊ မှန်တယ်။
သူတို့ခင်တွယ်တဲ့ ခန္ဓာငါးပါး ပျက်လို့
ကဲ ဒါဖြင့် လက်တွေ့ပြကြပါစို့၊ သုသာန်သွားငိုတဲ့လူတွေ၊ သုသာန်မသာပို့ရင်း ပိုတဲ့သူတွေ၊ ရောပြီး အရင်သေထားတာ ငိုတဲ့သူတွေကို သွားကြည့်လို့ရှိရင် သူတို့ခင်တွယ်တဲ့ ခန္ဓာငါးပါး ပျက်လို့ဖြစ်ရမယ် (မှန်ပါ)၊ မဟုတ် ဘူးလား ဟုတ်သလား (ဟုတ်ပါတယ် ဘုရား)၊ အင်း သူတို့ခင်တွယ်တဲ့ ခန္ဓာငါးပါး ပျက်လို့ ဒါဖြစ်ရတာ (မှန်ပါ)၊ သုသာန်သွားငိုနေတဲ့ ပုဂ္ဂိုလ်တွေကို မောင်ကျော်သိန်းတို့ မသာပို့သွားတော့ မြင်ဖူးမှာပေါ့ကွာ (မြင်ဖူးပါတယ် ဘုရား)၊ တင်လှတို့ကော မမြင်ဖူးဘူးလား (မြင်ဖူးပါတယ် ဘုရား)။
ဟ ဘယ့်နှယ်ကြောင့် ကိုယ့်မသာမဟုတ်ဘဲနဲ့ ငိုနေကြတာတွေတုံး (ဆန္ဒရာဂ မစွန့်ခဲ့လို့ပါ ဘုရား)၊ အဲ နဂိုက ဆန္ဒရာဂ မစွန့်ဘဲနဲ့ထားတာ (မှန်ပါ)၊ တဏှာငိုနဲ့ ခင်ပြီး သကာလ နေတာ မစွန့်လို့ သုသာန်ရောက်တိုင်း သူတို့ မှာ မျက်ရည်ကျရတာ (မှန်လှပါ ဘုရား)။
သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿနဲ့ ငါးခုမလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒါ ဘာမစွန့်လို့တုံး (ခင်တဲ့ တဏှာ မစွန့်လို့ပါ ဘုရား)၊ အေး သူတို့ခင်တဲ့ ခန္ဓာငါးပါးကို သူတို့တဏှာမစွန့်လို့ မပယ်လိုက်တဲ့အတွက် (မှန်ပါ)၊ ကဲ ရောငိုတဲ့သူတွေကော ရိပ်မိကြရဲ့လား (ရိပ်မိပါပြီ ဘုရား)၊ ကိုယ့်မသာလည်း သူတို့ငိုလိုက်သေးတယ် (မှန်ပါ)၊ မသာပို့တွေကလည်း ရောပြီး သကာလ ၊ သူ့သားလင်ခင်ပွန်းတွေ သေထားတော့ ငိုလိုက်သေးတယ် (မှန်ပါ)၊ မောင်ကျော် သိန်း မတွေ့ဖူးဘူးလား (တွေ့ဖူးပါတယ် ဘုရား)။
အဲဒါ ဘာမပယ်လို့တုံး (သူတို့ခင်တဲ့ ခန္ဓာငါးပါးပါ ဘုရား)၊ အေး သူတို့ခင်တဲ့ ခန္ဓာငါးပါးအပေါ် ခင်တွယ် ထားတဲ့ တဏှာမပယ်လို့ ငိုပွဲဆင်ရတယ် (မှန်ပါ)၊ ငိုချင်ရင် ခင်ကြနော် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ငိုချင် ရင် (ခင်ရမှာပါ ဘုရား)၊ မောင်ကျော်သိန်း ငိုချင်ရင် ဘာလုပ်ရမှာတုံး (ခင်ရမှာပါ ဘုရား)၊ မငိုချင်ရင် (မခင်ရပါ ဘုရား)၊ ဒါကို ငိုစရာ လျှောက်ရှာနေတဲ့ လူတွေက အတော်ဆိုးတယ်ကွ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ခင်ပြန်ပြီဆိုရင် ငိုဖို့ရာရတယ်
ဥပမာမယ် ဒီတစ်ယောက် ခင်ပြန်ပြီဆိုရင် ငိုဖို့ရာရတယ်သာ အောက်မေ့ပါ (မှန်ပါ)၊ ဟိုဘက်တစ်ယောက် ဆက်ခင်ရင်ကော (ငိုဖို့ရာရတာပါ ဘုရား)၊ သူက ဖောက်ပြန်သွားလို့ ကိုယ့်ပစ္စည်းခိုးသွားလို့လည်း ငိုတန်ငိုရမယ် (မှန်ပါ)၊ ဒီလိုလုပ်လိမ့်မယ်မထင်လို့လည်း (ငိုရမှာပါ ဘုရား)၊ မငိုရပေဘူးလား (ငိုရမှာပါ ဘုရား)၊ အင်း ဒေါသ အကြီးအကျယ်ကော (ဖြစ်ရမှာပါ ဘုရား)။
ဒါ ဘာကြောင့်တုံးလို့ မေးလို့ရှိရင် သူတို့က လုပ်တာလားတဲ့၊ ကိုယ်က ခင်မှု ဆက်လိုက်လို့လား (ကိုယ်က ခင်မှုဆက်လို့ပါ ဘုရား)၊ ဒါဖြင့် မင်းတို့အလုပ်သမားတွေ ထွက်သွားတာ သူတို့ဆိုးတာ မဟုတ်ပါဘူးကွ မင်းတို့ဆိုးတာ ပါ (မှန်ပါ)၊ ကျုပ်မကျေနပ်ဘူးဗျာ သူတို့ထွက်သွားတာတော့ (မှန်ပါ)၊ မကျေနပ်လို့ လဲသေ သေလေ၊ မင်းက ခင်မိလို့ မင်းဒုက္ခဖြစ်ရတာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒါဖြင့် အခု အိမ်ထောင်ပြုကြတယ်ဆိုတာ ဘာရှာကြတာတုံး (ခင်မှုရှာတာပါ ဘုရား)၊ ငိုစရာ ရှာတာကွ၊ အမလေး မင်းရှုပ်မနေနဲ့ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အိမ်ထောင်ပြုကြတာ ဘာဖြစ်ဖို့တုံး (ငိုစရာရှာတာ ပါ ဘုရား)၊ နဂိုက ကိုယ့်ခန္ဓာအတွက်ကို ငိုစရာရှိပြီးသား (ရှိပြီးသားပါ ဘုရား)၊ ဟင် ကိုယ့်ခန္ဓာ မစားရမှာ ပူရ မှာနဲ့ ကိုယ့်ခန္ဓာအတွက် စိတ်ပျက်ရတာနဲ့ (မှန်ပါ)၊ ဒီအထဲက ငိုစရာအသစ်ရှာတယ်ဆိုတော့ မောင်ကျော်သိန်း မင်း လောက်ဆိုးဝါးတဲ့လူမှ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ငိုစရာနည်းလို့ ရှာတာလား
မင်းတို့ တစ်ယောက်တည်းနေတာတောင်မှ ကိုယ့်ခန္ဓာအတွက်က ငိုစရာရှိနေသေးတယ်၊ ခလုတ်တိုက်မိလို့ ငိုရမှာနဲ့ (မှန်ပါ)၊ သူများ လာရိုက်လို့ ငိုရမှာနဲ့၊ ဝေဒနာရလို့ ငိုရမှာနဲ့၊ ငိုစရာတွေက အထင်အရှားရှိပြီးသား (ရှိပြီး သားပါ ဘုရား)၊ ကိုယ့်ခန္ဓာခင်နေတုန်းကတောင် (မှန်ပါ)၊ ဒီအထဲက ခန္ဓာအပိုတွေ လျှောက်ပြီး သကာလ ခင်ကြဦးမယ် ဆိုလို့ရှိရင် ငိုစရာနည်းလို့ ရှာတာလားလို့ မေးဖို့အချိန် ရောက်လာတယ် (မှန်ပါ)၊ ဘယ့်နှယ်ရောက်လာတုံး (ငိုစရာ နည်းလို့ ရှာသလိုပါ ဘုရား)။
ဒါကို လူအများကတော့ မင်္ဂလာဆောင်တယ်ဖြစ်နေတာ (မှန်ပါ)၊ မင်းတို့ကတော့ ဘာဖြစ်နေတုံး (မင်္ဂလာ ဆောင်တယ် ဖြစ်နေပါတယ် ဘုရား)၊ သေချာတွေးတော့ (အငိုရှာတာပါ ဘုရား)၊ ငိုစရာထပ်ရှာတာ (မှန်ပါ)၊ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)၊ မျက်စိက ပြောင်းပြန်လည်နေတာကိုးကွ (မှန်ပါ)၊ တကယ်ကို မင်းတို့က ငိုစရာရှာတာကို မင်္ဂလာယူနေတော့ အတော်ခက်နေပါလားလို့ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
နောက်ကျတော့လည်း ဘုရားဟောတာက မှန်သလား၊ မင်းတို့ဖြစ်စဉ်က မှန်သလားဆိုတာကိုလည်း စဉ်းစား ကြည့်စမ်းပါ (ဘုရားဟောတာက မှန်ပါတယ် ဘုရား)၊ တော်ကြာကျတော့ မမာလို့ပူရ၊ ပင်ရ၊ ဆွေးရတယ် (မှန်ပါ)၊ သေသွားလို့ ငိုရ၊ ဆွေးရတယ် (မှန်ပါ)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ နဂိုက ဘာရှာထားလို့တုံး (ငိုစရာရှာထားလို့ပါ ဘုရား)။
မင်းတို့က ကလေးမိုက်ထက် ဆိုးပါသေးလား
အမလေး မင်းတို့က ကလေးမိုက်ထက် ဆိုးပါသေးလား (မှန်ပါ)၊ ကလေးလေး ပြေးပါများလို့ ဒူးကွဲနေ တယ်၊ နောက်တစ်ခါ ထပြေးပြန်တော့ အမေမိဘက ဒီကောင် ငိုချင်ပြန်ပြီလားလို့ မပြောရပေဘူးလား (ပြောပါတယ် ဘုရား)၊ မင်းတို့က ကလေးပဲ ဆုံးမတတ်တာ ကိုယ့်ကိုယ်ကျ ဆုံးမတတ်မှုမရှိဘူး (မရှိပါ ဘုရား)။
မောင်ထွန်းတင် ဘယ့်နှယ်တုံး၊ ကလေးတော့ မင်းတို့က အရင်ငိုရတာ အားမရသေးလို့ ငိုစရာရှာပြန်ပြီလား ငိုချင်ပြန်ပြီလား (မှန်ပါ)၊ အစရှိသည်နဲ့ ပြောလေ့ဆိုလေ့မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ကိုယ့်ကျတော့ ဖုံးကာဖိကာနဲ့ (မှန်ပါ)၊ ကိုယ့်ကျတော့ ဖုံးကာဖိကာနဲ့ တင်လှတို့လူစုတွေလေ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့သည် ငိုစရာမရှိရင် မနေတတ်တဲ့အထဲက ဖြစ်နေတယ် (မှန်ပါ)၊ မင်းတို့က ငိုချင်းသည်အမျိုး လားလို့ မေးဖို့ လိုလာတယ် (လိုပါတယ် ဘုရား)၊ ဒီအမျိုးပဲဘုရားလို့ ဆိုရမှာပဲကွ (မှန်ပါ)၊ ဟို ဘုန်းကြီးပျံ ငိုချင်း သည်ကြီး မျက်ရည်မထွက်တာတော့ မင်းတို့က သွားပြီး လှောင်နေတယ် (မှန်ပါ)၊ မင်းတို့မျက်ရည်ထွက်တာတော့ မရှက်ဘူး (မှန်ပါ)၊ ဟိုပုဂ္ဂိုလ်တော့ သွားလှောင်နေတယ် (မှန်ပါ)၊ ကိုယ်မျက်ရည်ကျတာတော့ (မရှက်ပါ ဘုရား)။
ဟိုငိုချင်းသည်က ငိုခြင်းကြောင့် ပိုက်ဆံရသေးတယ် (မှန်ပါ)၊ မင်းတို့ကတော့ ငိုခြင်းကြောင့် ဒုက္ခရောက် တယ် (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် သားကလေးမွေးလာတာလည်း ဘာလုပ်ဖို့တုံး (ငိုဖို့ ပါ ဘုရား)၊ ငိုဖို့မွေးလာတာ သူကတေလေဖြစ်လို့ ငိုရမှာတစ်မျိုး၊ သူသေသွားလို့ ငိုရမှာတစ်မျိုး၊ သူနာလို့ (ငိုရမှာ တစ်မျိုးပါ ဘုရား)။
သမီးကလေးမွေးလာတာကော (ငိုဖို့ပါ ဘုရား)၊ ငိုဖို့ပေါ်လာတာပဲ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ နောက် သမီးကလေး အိမ်ထောင်ချပေးလိုက်ပြန်တော့ကော (ငိုဖို့ပါ ဘုရား)၊ အင်း ဆက်ငိုချင်လို့ (မှန်ပါ)၊ တော် ကြာကျတော့ သမက်အတွက် ငိုရဦးမှာပဲ (ငိုရမှာပါ ဘုရား)။
အမလေး နင်တို့ ဘာအမျိုးတွေတုံးဆိုတော့ ငိုချင်းသည်မျိုးပဲ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘာအမျိုးလို့ ဆိုကြမှာတုံး (ငိုချင်းသည်မျိုးပါ ဘုရား)၊ ဟေ့ မောင်အောင်မြတ် မင်း ဘာအမျိုးတုံး (ငိုချင်းသည် မျိုးပါ ဘုရား)၊ အားလုံး သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဘယ်နှစ်ခါငိုရပြီတုံး
ကဲ မောင်ကျော်သိန်းတို့၊ တင်လှတို့ အိမ်ထောင်ကျတာ ဘာမှမကြာသေးပါဘူး၊ ဆယ့်ငါးနှစ် အနှစ် နှစ်ဆယ်ပဲ ရှိပါသေးတယ်၊ ဘယ်နှစ်ခါငိုရပြီတုံးလို့ မေးလို့ရှိရင် မင်းတို့ ဖြေနိုင်ပါ့မလား (မဖြေနိုင်ပါ ဘုရား)၊ ဘယ် နှစ်ခါ စိတ်ဆင်းရဲရပြီတုံးလို့ မေးရင်ကော (မရေမတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်တော့ဘူးနော် (မှန်ပါ)၊ ဟ ဘယ်အချိန်များ ချမ်းချမ်းသာသာနဲ့ နေခဲ့ရသတုံးလို့ မေးပြန်တော့ကော (ဘယ်အချိန်မှ မနေခဲ့ရပါ ဘုရား)။
ဒါက ရှိပါစေတော့တဲ့၊ သူ့အလိုလိုလာတာလား ကိုယ်က ရှာထားတာလား (ကိုယ်က ရှာထားတာပါ ဘုရား)၊ ဟ နင်တို့ဟာ ဘယ့်နှယ်တုံးဟ ငိုစရာရှာထားတော့ ငိုရတယ်၊ ငိုတော့မငိုချင်ဘူး၊ ငိုစရာတော့ရှာတယ် စိတ် ချမ်းသာ လက်ချမ်းသာ နေချင်တယ်လို့လည်း ပြောပြန်တယ် (မှန်ပါ)၊ ဘယ့်နှယ်ဖြစ်နေကြတာတုံး၊ ဟေ့ မောင်ညို၊ ငိုစရာတော့ရှာပြန်တယ် နေတော့ စိတ်ချမ်းသာ လက်ချမ်းသာ နေချင်တယ် (မှန်ပါ)၊ ကဲ မောင်ကျော်သိန်းကော ဘယ့်နှယ်ဖြေမှာတုံး၊ ရှာတော့ ဘာရှာတုံး (ငိုစရာပါ ဘုရား)၊ ပြီးတော့ မင်းစိတ်ကူးက ဘယ်လိုကူးသတုံး (စိတ်ချမ်းသာ လက်ချမ်းသာ နေချင်တာပါ ဘုရား)၊ မဖြစ်ဘူးကွ (မှန်လှပါ ဘုရား)။
ငိုစရာရှာထားရင် ငိုရမှာပဲ (မှန်ပါ)၊ စိတ်မချမ်းသာစရာ ရှာထားရင်ကော (စိတ်မချမ်းသာမှာပါ ဘုရား)၊ နို့ မင်းတို့ဥစ္စာက ရူးတာလွန်လွန်းနေတယ် (မှန်ပါ)၊ ပေါ်ပြီလားကွ (ပေါ်ပါပြီ ဘုရား)၊ ရူးတာက နည်းနည်းလား များများလားလို့ အကဲခတ်ပါဦး (များပါတယ် ဘုရား)။
ငိုစရာရှာပြီး သကာလ စိတ်ချမ်းသာ လက်ချမ်းသာ ဖြစ်ချင်ပါတယ်ဆိုတော့ မောင်အောင်မြတ် ဘယ်နည်းနဲ့ မှ မဖြစ်ဘူးကွ (မဖြစ်ပါ ဘုရား)၊ ရှာထားတုန်းက ဘာရှာတာတုံး (ငိုစရာရှာတာပါ ဘုရား)၊ ငိုစရာရှာထားရင် ငိုဖို့ရာ သာ စိတ်ကူးရမယ် (မှန်ပါ)၊ စိတ်ချမ်းသာ လက်ချမ်းသာ နေချင်တယ်ဆိုတာကတော့ မောင်ကျော်သိန်း ထည့်မနေနဲ့ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ခင်တွယ်ရင် သောက၊ ပရိဒေဝ
ကဲ ဒါဖြင့် မင်းတို့ ပစ္ဆဘူမက သွားတဲ့အခါမှာ ဒီလူတွေက ဒါတွေ ခင်တွယ်တော့ ဘာဖြစ်သတုံးဆိုတော့ ခင်တွယ်ရင် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေ အများကြီးလိုက်လိမ့်မယ်လို့ မင်းတို့ဖြေရမယ် (မှန်ပါ)၊ မမှန် ဘူးလား (မှန်ပါတယ် ဘုရား)။
ကဲ ဒီတရားဟာ မင်းတို့အတွက်မှာဖြင့် အင်မတန် အရေးကြီးတဲ့တရားကွ (အရေးကြီးပါတယ် ဘုရား)၊ မင်းတို့ မျက်စိလည်နေတာကော မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား)၊ အို မပျောက်ပါဘူးကွ၊ မင်းတို့ ငါ့ကို ညာမနေပါနဲ့၊ မင်းတို့ မျက်စိလည်တာ မပျောက်ပါဘူးတဲ့ (မှန်ပါ)၊ စကားတစ်လုံးကို ကိုယ်က မာမာလေး ပြော လိုက်တယ်ဆို မိန်းမက ပြန်ပြောတော့ အေး နင်မသိလို့ ငါကတော့ ခင်လို့ပြောတာ နင့်အကျိုး (မှန်ပါ)၊ ဟော ငါငိုမယ်လို့ပြောတာ (မှန်လှပါ ဘုရား)။
ဒီအဓိပ္ပာယ်က သေချာရှင်းလင်းနေတာ (မှန်ပါ)၊ မင်းတို့က ခွေးမြီးကောက် ကျည်တောက်စွပ်ဖြစ်နေတာ (မှန်ပါ)၊ တော်ကြာပြန်ကောက်တာပဲ (မှန်ပါ)၊ ဟင် ကျည်တောက်ကလေးစွပ်ထားတော့ တန်းနေသလိုလို ထင်ရ တယ်၊ အခု တရားနာနေတာက ခဏကလေး ကျည်တောက်စွပ်ထားတာ (မှန်ပါ)၊ အိမ်ကျတော့ ပြန်ကောက်မယ် မင်းတို့ (ကောက်မှာပါ ဘုရား)၊ မကောက်ပေဘူးလား (ကောက်မှာပါ ဘုရား)။
ဒါဖြင့် ဘာအမျိုးတုံးကွ (ခွေးမျိုးပါ ဘုရား)၊ ခွေးမြီးကောက်မျိုး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ တင်လှတို့ ဘာအမျိုးတုံး (ခွေးမြီးကောက်မျိုးပါ ဘုရား)၊ အမလေး ငါ နင်တို့ကို ဒါလောက်အမျိုးယုတ်မှန်းမသိဘူး (မှန်ပါ)၊ ရိပ်မိ ကြပြီလား (ရိပ်မိပါပြီ ဘုရား)။
မခင်တဲ့အကျိုးလည်း ပြောဦးမှ
ကဲ ဒါနဲ့ကွာတဲ့၊ မင်းတို့မခင်တဲ့အကျိုးလည်း ပြောဦးမှရမှာ (မှန်ပါ)၊ ခင်တဲ့အဖြစ်တော့ သိသွားပြီတဲ့၊ မခင်တဲ့အကျိုး ပြောစမ်းပါဦးလို့၊ ဟိုက လူပညာရှိ၊ ရဟန်းပညာရှိ၊ ပုဏ္ဏားပညာရှိတွေက မေးဦးမှာကွတဲ့ (မှန်ပါ)၊ မေးရင် ဒီလိုဖြေကြ၊ မခင်လို့ရှိရင် သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ ငြိမ်းတယ်လို့ ဖြေ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မခင်လို့ရှိရင် (သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ ငြိမ်းပါတယ် ဘုရား)၊ ဒါဖြင့် မငိုချင်လို့ရှိရင် မခင်နဲ့ (မှန်ပါ)၊ ဒီအဓိပ္ပာယ်ပြောတာပဲကွ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကိုတဲ့ ငိုချင်လို့ရှိရင်တော့ဖြင့် ခင် (မှန်ပါ)၊ မငိုချင်ရင် (မခင်ရပါ ဘုရား)၊ အပါယ်မသွားချင်ရင် (မခင်ရပါ ဘုရား)၊ အပါယ်သွားချင်ရင် (ခင်ရမှာပါ ဘုရား)။
အမလေး ကြောက်စရာကြီးပါလား (မှန်ပါ)၊ အမှန်ပြောလာတော့မှ မောင်ကျော်သိန်းရ၊ မင်းတို့ဟာ ကန့်လန့် ကြီးဖြစ်သွားတာ (မှန်ပါ)၊ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)။
ဒီတော့မှ ရှင်သာရိပုတ္တရာ အဖြေတွေပေးနေတာ သိပ်ကောင်းတာပဲကွ (ကောင်းပါတယ် ဘုရား)၊ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)၊ ကဲကွာ မခင်လို့ရှိရင်တော့ သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ ငြိမ်းတယ်ဆိုတော့ သူက ဒါလောက်ဟောတာ၊ တို့က မခင်တာကို ဒီက ဝိပဿနာရှုမှ ခင်မှာ (မှန်ပါ)၊ ဒီဟာ ဝင်ရတော့မယ် (ဝင်ရမှာ ပါ ဘုရား)၊ ဒီဟာ မဝင်လို့ရှိရင် ခင်နေမှာပဲ (မှန်လှပါ ဘုရား)။
မခင်ဆိုတာက ဝိပဿနာရှုတာ
ဒါတွေဟာ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ၊ အသုဘပဲလို့ သိသွားတော့ ခင်ပါဦးမလား (မခင်တော့ပါ ဘုရား)၊ အင်း မခင်ဆိုတာက ဝိပဿနာရှုတာ (မှန်ပါ)၊ ခင်ဆိုတာက မိဘရိုးရာအတိုင်းနေ (မှန်ပါ)၊ ခင်ဆိုတာက ဘာ တုံး (မိဘရိုးရာအတိုင်း နေတာပါ ဘုရား)၊ မခင်နဲ့ဆိုတာက (ဝိပဿနာရှုတာပါ ဘုရား)၊ အဲဒီတော့ သူမပါရင် မပြီး ဘူးကွ (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒီတော့ မင်းတို့ခင်ရင် သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿလိုက်တယ်၊ မခင်ရင် သောက၊ ပရိဒေဝ၊ ဒုက္ခ ဒေါမနဿ ချုပ်တယ်ဆိုတာလောက်နဲ့ ပြေမှာမဟုတ်သေးဘူးတဲ့၊ မင်းတို့ကို ဆက်မေးလိမ့်မယ်၊ ခင်မှုကြောင့် ကိုယ့် သန္တာန်မှာ ဘယ်တရားကိန်းတယ်၊ မခင်မှုကြောင့် ဘယ်တရားကိန်းတယ်ဆိုတာကို မေးဦးမှာကွတဲ့ (မှန်လှပါ ဘုရား)
အဲဒီတော့ မင်းတို့ သေသေချာချာမှတ်ပါတဲ့၊ ခင်မှုရှိလို့ရှိရင် အကုသိုလ်ကိန်းတယ်လို့မှတ် (မှန်ပါ)၊ ခင်မှုရှိရင် (အကုသိုလ်ကိန်းပါတယ် ဘုရား)၊ ဝမ်းထဲမှာ အကုသိုလ်တွေချည်းပဲ (မှန်ပါ)၊ ခင်မှုရှိရင် (အကုသိုလ်ကိန်းပါတယ် ဘုရား)။
ကဲ မခင်တော့ဘူး၊ ဝိပဿနာရှုနေတဲ့အခါ ဝမ်းထဲမှာ အကုသိုလ် အကုန်ချုပ်တယ် (မှန်ပါ)၊ ဒီကျအောင် မင်းတို့ဖြေရမှာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဝိပဿနာမလုပ်ရင် မဖြစ်ဘူးပေါ့ကွာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ကဲ ဒါဖြင့် ဝိပဿနာလုပ်ကြ (မှန်လှပါ ဘုရား)။
