3022

မာတိကာသို့

”ခန္ဓာငါးပါး ကမ်းနားသစ်ပင်”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

(၂၃-၁၂-၆၀) နေ့တွင်အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

”ခန္ဓာငါးပါး ကမ်းနားသစ်ပင်”

ည-အလုပ်ပေး တရားတော်

ခန္ဓာငါးပါးရှိတယ်။ အခု တရားနာကြတာသည် ခန္ဓာငါးပါးလို့ မှတ်ရမယ်။ အဲဒီခန္ဓာငါးပါးဟာ ဘာနဲ့ တူသတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ကမ်းနားသစ်ပင်နဲ့ တူတယ်လို့ မှတ်ထားရမယ်။

ခန္ဓာငါးပါးသည် ဘာနဲ့တူသတုံး (ကမ်းနားသစ်ပင်နဲ့ တူပါတယ် ဘုရား)။ ခန္ဓာငါးပါးသည် ကမ်းနားသစ်ပင် နဲ့ တူတယ်လို့ သေသေချာချာ မှတ်ထားကြပါ (မှန်လှပါ ဘုရား)။

ကမ်းနားသစ်ပင်လို့ ဆိုတဲ့ဥစ္စာဟာ ရေတွေက စီးပြီး သကာလ နေပါတယ်။ ရေတွေက စီးပြီး သကာလ နေတော့ ကို ရေတွေ နေ့တိုင်းပဲ တိုက်စားနေတယ်။ နေ့တိုင်းတိုက်သားနေတော့ ကမ်းနားသစ်ပင်တို့၏ အမြစ်ကတော့ဖြင့် တယ်ပြီး ခိုင်စရာ၊ မြဲစရာ မရှိပါဘူး။ ရေက တိုက်စားသွားတာနဲ့ (မှန်လှပါ ဘုရား)။

ကမ်းနားသစ်ပင် ပေါက်ပုံ

သို့သော်လည်း သူ့အကိုင်းတွေ အလက်တွေကတော့ ရေပေါ်မှာပဲ အဖျားတွေထိ၊ အခက်တွေထိနဲ့ ကမ်းအပေါ်စီးကနေပြီး ပေါက်ငြားသော်လည်း အမြစ်ရေတိုက်စားတဲ့အခါကျတော့ ရေထဲချည်းပဲ အပင်တွေက ကိုင်း တယ်။ ကိုင်းတဲ့အခါကျလို့ရှိရင် ရေနဲ့ထိတာလဲရှိတယ်၊ မထိတာလဲရှိတယ်။ ဪ ကမ်းနားသစ်ပင် ပေါက်ပုံက ဒီလိုပါ့လားလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ကမ်းနားသစ်ပင်ပေါက်တဲ့ဥစ္စာသည် အမြစ်ကတော့ အခြေအနေမရှိပါဘူး။ အကိုင်းတွေ ကသာ မြစ်ထဲဝဲပြီး သကာလ နေတာပဲ။ အဲဒီမှာ ပုထုဇဉ် သတ္တဝါဆိုတာ ရှိပါတယ် တဲ့။ ပုထုဇဉ်ဆိုတာ အခု တရားနာ နေတဲ့ ပုဂ္ဂိုလ်တွေ (မှန်လှပါ ဘုရား)။

အဲဒီ ပုထုဇဉ်တွေက ကိုယ့်တဏှာနဲ့ကိုယ် ဆုတောင်းပြီး မျောလာတာနဲ့ တူပါတယ် (မှန်လှပါ)။ လူ့ဘဝ ရောက်ရပါလို၏ဆိုတော့ လူ့ခန္ဓာငါးပါး- ကမ်းနားသစ်ပင်နဲ့ သွားတွေ့တယ်။ လူခန္ဓာငါးပါး- ကမ်းနားသစ်ပင်နဲ့ သွားတွေ့ပြီး သကာလ တွေ့လိုက်ပါတယ် (မှန်လှပါ ဘုရား)။

တွေ့တဲ့အခါကျတော့ ဒါက သူ့ခန္ဓာရယ်လို့၊ သူ့ပစ္စည်းရယ်လို့၊ သူ့ဟာရယ်လို့ သူက အောက်မေ့တာပဲ။ သူမျောလာတာကတော့ သံသရာအရှည်ကြီးကိုး (မှန်ပါ)။ တဏှာရေမျှောတာနဲ့ မျောလာတာပဲ။

တဏှာရေကမျှောတယ်

ကမ်းနားသစ်ပင်က တဏှာရေမျှောတဲ့ ကမ်းဘေးမှာပေါက်တယ်လို့ အားလုံး မှတ်ထားရမယ် (မှန်ပါ)။ ကမ်းနားသစ်ပင်က အောက်က တဏှာရေကမျှောတယ်။ ကမ်းနားသစ်ပင် ခန္ဓာငါးပါးကြီးကတော့ ဘေးကနေ ပေါက်နေတယ်လို့ သေသေချာချာမှတ်ပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရေက- တဏှာရေ (မှန်ပါ)။ ကမ်းနားသစ်ပင်က ခန္ဓာငါးပါး။ ရေက ဘာရေပါလိမ့် (တဏှာရေပါ ဘုရား)။ အဲဒီ တဏှာနဲ့ဆုတောင်းပြီး သကာလ တဏှာသမားသည် ဆုတောင်းရင်းမတ္တနဲ့ မျောလာပါတယ် တဲ့။ ဒီခန္ဓငါးပါးကို ဒါတွေဟာ ငါ၏ကိုးစားရာတွေပဲ၊ အားထားရာတွေပဲလို့ သူ့စိတ်ထဲမှာ အောက်မေ့တယ်။

အောက်မေ့ပြီး သကာလ တဏှာရေထဲမျောလာတဲ့ သံသရာခရီးသည်ဟာ တဏှာမျှောလိုက်လို့ မျောလာပါ တယ်။ မင်းတို့ ဆုတောင်းလိုက်တာ ဟိုဘဝမျောတာ (မှန်ပါ)။ တဏှာမျှောတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

ဟိုဘဝ- ဒီဘဝ ရောက်ရပါလို၏ဆိုတာ တဏှာနဲ့ဆုတောင်းလိုက်တာ။ တဏှာမျှောရာကို မမျောရဘူးလား (မျောရပါတယ် ဘုရား)။ မျောတော့ကို ကမ်းနားသစ်ပင်ငါးပါးဆိုတာနဲ့ သွား- သွားပြီးမတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။ လူခန္ဓာငါးပါး၊ နတ်ခန္ဓာငါးပါး၊ ဗြဟ္မာခန္ဓာငါးပါး၊ အဲဒီခန္ဓာငါးပါး ကမ်းနားသစ်ပင်နဲ့အတူ သွား- သွားဖြစ် တယ်လို့ မောင်ချစ်စိန် မှတ်ရမယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ရောက်ရာမှာပဲ၊ သူများလိုပဲ ခြေနဲ့လက်နဲ့၊ ခေါင်းနဲ့ ပခုံးနဲ့ပဲကွာ၊ လုပ်စားမယ်ကွာ၊ ဘယ်သူ့ လူထင်ရမှာတုံးကွာ၊ ငါကျန်းမာသားပဲကွာ ဆိုတော့ ဒီခန္ဓာငါးပါး- ကမ်းနားသစ်ပင်ကို မောင်ကျော်သိန်းတို့၊ တင်လှတို့ လူစုတွေက သွား- သွားအားကိုးတယ် (မှန်ပါ)။ မကိုးပေဘူးလား (ကိုးပါတယ် ဘုရား)။

သံသရာခရီးသည်က အားကိုးတယ်

ကိုးတာသည် တဏှာရေထဲမျောလာတဲ့ သံသရာခရီးသည်က ခိုင်လိမ့်မယ်၊ မြဲလိမ့်မယ်ထင်ပြီး ဒီခန္ဓာငါးပါး အားကိုးတာနဲ့တူတယ် ဆိုတာကို သဘောကျကြပြီလား (ကျပါပြီ ဘုရား)။ သို့သော် ခန္ဓာငါးပါးက မင်းတို့ သိပြီး သားအတိုင်းပါပဲ တဲ့။

ကမ်းနားသစ်ပင်လို့ ပြောထားကတည်းက မခိုင်ဘူး၊ မမြဲဘူး၊ မတည်တံ့ဘူး၊ အစိုးမရဘူး၊ မပိုင် ဆိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်က ရှင်းနေပါတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် သံသရာ့ခရီးသည်ဖြစ်ပြီး သကာလ ရေမျောသမားဖြစ်နေတော့ ဒီ- ကမ်းနားသစ်ပင်တွေပဲ မောင် ချစ်စိန်တို့၊ တင်လှတို့ လူစုတွေက အားကိုးချလိုက်တာ (မှန်ပါ)။ ငါ့ခြေနဲ့ပဲ၊ လက်နဲ့ပဲ၊ ယောက်ျားတွေလဲ သွားနိုင်တာ ပဲ၊ ငါလဲ သွားနိုင်တာပဲ၊ ယောက်ျားတွေလဲ လုပ်ကိုင်နိုင်တာပဲ၊ ငါလဲ လုပ်ကိုင်နိုင်တာပဲ (မှန်လှပါ ဘုရား)။

ဒီ ခန္ဓာငါးပါးကိုပဲ ရုပ်ကြီးအားကိုးလိုက်၊ ငါလဲ စားနိုင်သေးတာပဲဆိုပြီး ဝေဒနာအားကိုးလိုက်၊ ငါလဲ ဒီအကြောင်း- အကျိုးကို အကုန်မှတ်မိတာပဲဆိုပြီး သညာအားကိုးလိုက် (မှန်ပါ)။ ငါ့လဲ ငါ့စေတနာနဲ့လာတာပဲ ဆိုပြီး စေတနာအားကိုးလိုက်၊ အို ငါ့စိတ်နဲ့ငါပဲဆိုပြီး စိတ်ကိုအားကိုးလိုက် (မှန်ပါ)။ ငါးပါးလုံး ဘယ့်နှယ်နေကြ တုံး (အားကိုးနေပါတယ် ဘုရား)။ အားကိုးနေကြတယ်၊ သို့သော် ကမ်းနားသစ်ပင်ပဲ၊ ဘာတဲ့တုံး (ကမ်းနားသစ်ပင် ပါ ဘုရား)။

ကမ်းနားသစ်ပင်ဖြစ်ပြီး သကာလ နေကြတယ်။ အဲဒီကမ်းနားသစ်ပင်ကို မင်းတို့က အားကိုးလုံးတွေနဲ့ အား ကိုးတော့၊ ရုပ်အားကိုးလိုက်၊ ရုပ်က တော်ကြာမမာလိုက်၊ ဝုန်းခနဲပျက်ကျလိုက် (မှန်ပါ)။ ဝေဒနာအားကိုးလိုက် ကောင်းစားတာလေးက တော်ကြာ အနိစ္စတရားမို့ ပြုတ်ကျလိုက် (မှန်လှပါ ဘုရား)။

ရေမျောလာတဲ့ပုဂ္ဂိုလ်ဟာ ဆွဲမိဆွဲရာ ဆွဲတာ

ဒါဖြင့် ရေမျောလာတဲ့ပုဂ္ဂိုလ်ဟာ ဆွဲမိဆွဲရာ ဆွဲတာပါလား (မှန်ပါ)။ ရေမျောလာတဲ့ပုဂ္ဂိုလ်က (ဆွဲမိ ဆွဲရာ ဆွဲပါတယ် ဘုရား)။ ဆွဲမိဆွဲရာ ဆွဲတော့ ပြုတ်မကျမယ့် ကမ်းနားသစ်ပင်က ရှိရဲ့လား (မရှိပါ ဘုရား)။

ရူပက္ခန္ဓာအပင်ကြီး၊ ဝေဒနာက္ခန္ဓာအပင်ကြီး၊ ဒီဟာတွေကတော့ သစ်ပင်အမျိုးမျိုးပေါ့ကွာ (မှန်ပါ)။ အဲဒီ ငါးမျိုးစလုံးကို ဒီ တကာ- တကာမတွေက ဆွဲမိဆွဲရာ ဆွဲလို့ ပြုတ်ကျတယ် (မှန်ပါ)။ ပြုတ်ကျတဲ့အခါကျတော့ သူက ပက်လက်မျောလာတော့ ဆွဲမိဆွဲရာ ဆွဲတော့ စုံဆွဲလိုက်မှာပေါ့ကွာ (မှန်ပါ)။ စုံဆွဲလိုက်တော့ နဂိုက ကမ်းနား သစ်ပင်ကလဲ အခြေမရှိ (မရှိပါ ဘုရား)။ အခြေမရှိတော့ ပြုတ်ကျ လာတာပေါ့ကွာ (မှန်လှပါ ဘုရား)။

အရင်တုန်းက မျောသမား၊ အခု ပြုတ်ကျလာတော့ ကိုယ်ပေါ်ပိတာပေါ့ကွ၊ မျက်လုံးတွေထဲ- သဲတွေဝင် (မှန်ပါ)။ တစ်ခါတည်းကို အကန်းမျော- အကန်းမြုပ် မမြုပ်ရပေဘူးလား (မြုပ်ရပါတယ် ဘုရား)။ ဘာပြုလို့တုံး သစ်ပင်ပိပြီကောကွ (မှန်လှပါ ဘုရား)။

ရောက်ရာကျတော့ မြုပ်သမား

ဒါဖြင့် နဂိုက အမျောသမား၊ ရောက်ရာကျတော့ မြုပ်သမား (မှန်ပါ)။ နဂိုကတော့ တဏှာနဲ့ဆုတောင်းပြီး မျောလာကြတယ် (မှန်ပါ)။ ရောက်ရာမှာ ကိုယ့်ခန္ဓာ ကိုယ်အားကိုးလိုက်တဲ့အတွက် ငါးပါးစလုံးကလဲ ပြုတ်မကျတာ ရှိရဲ့လား (မရှိပါ ဘုရား)။

ပြုတ်မကျတာ မရှိတော့ဘူး၊ ဒါတွေက ပြုတ်ပြုတ်ပြီးကျတော့ မျောသမားမှာ နဂိုက မျောသမားသက်သက်၊ အခု ဘာဖြစ်သွားသတုံး (မြုပ်သမားဖြစ်သွားပါတယ် ဘုရား)။

အင်း တို့ရောက်ရာဘဝမှာ သေတော့မျောတယ်၊ ရောက်တော့မြုပ်တယ် (မှန်ပါ)။ ရောက်တော့ ကိုယ့် ခန္ဓာငါးပါး ကိုယ်အားကိုးလိုက်တာပေါ့ (မှန်ပါ)။ သေတော့ တဏှာကမျှောလိုက်တယ် (မှန်ပါ)။ ရောက်ရာကျတော့ (မြုပ်ပါတယ် ဘုရား)။

နောက်တုံးက ဘယ်လိုနေခဲ့ကြသတုံး

ဒါဖြင့် သံသရာထဲမှာ တပည့်တော်တို့၊ နောက်တုံးက ဘယ်လိုနေခဲ့ကြသတုံးလို့ ကိုယ့်ကိုယ်ကိုယ် စဉ်းစား ဖို့ အရေးကြီးပါတယ် (မှန်ပါ)။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားဖို့ အရေးကြီးတဲ့အခါကျတော့ သေပြီးမျောပါတယ်ဘုရား (မှန်ပါ)။ ရောက်ရာကျတော့လဲ အားမကိုးကောင်းတာ အားကိုးသောကြောင့် တပည့်တော်တို့ ဒိဋ္ဌိနဲ့ အပါယ်လေးပါး မြုပ်ရပါတယ် (မှန်လှပါ ဘုရား)။

ရုပ်ကို ငါ့ဟာဆိုပြီး ဆွဲလိုက်တော့ ရုပ်က မခိုင်လို့ ပြုတ်ကျတော့ အင်း သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေနဲ့ ငါတော့ ကိုယ်ကျိုးနည်းပြီဆိုပြီး မြုပ်လိုက် (မှန်ပါ)။ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။ ဝေဒနာ ကမ်းနားသစ်ပင်ဆွဲလိုက် (မြုပ်ပါတယ် ဘုရား)။ သင်္ခါရ ကမ်းနားသစ်ပင်ဆွဲလိုက် (မြုပ်ပါတယ် ဘုရား)။ စိတ်ဆိုတဲ့ ကမ်းနားသစ်ပင်ဆွဲလိုက်ရင်ကော (မြုပ်ပါတယ် ဘုရား)။ ဒီခန္ဓာငါးပါးက အနိစ္စတရားပေါ့ကွ (မှန်လှပါ ဘုရား)။

မင်းတို့က ဒါကြီးဟာ ငါပဲ၊ သူပဲ၊ ယောက်ျားပဲ၊ မိန်းမပဲဆိုပြီး သူ့အားကိုးနေကြတယ်၊ သူက အနိစ္စတရား (မှန်ပါ)။ သူ့အားကိုးလိုက်တဲ့အခါကျလို့ရှိရင် သူက အနိစ္စတရားတွေဖြစ်သွားတဲ့အခါကျတော့ မင်းတို့မှာ အားကိုးရာ မလွဲဘူးလား (လွဲပါတယ် ဘုရား)။

အင်း အားကိုးရာလွဲတာက ဘယ်ကျမှလာတုံးဆိုရင် နာလာရင် အားကိုးကလွဲပြီ (မှန်ပါ)။ အိုလာရင် ကော (လွဲပါတယ် ဘုရား)။ အားကိုးကလွဲပြီ၊ ဒီလိုဖြင့် ခက်ရချည်ရဲ့နဲ့ မလာဘူးလား (လာပါတယ် ဘုရား)။

ဆွဲတဲ့လူအပေါ်မှာ ပြုတ်တာ

ဒါဖြင့် ခက်ရချည်ရဲ့ဆိုတဲ့ဥစ္စာ ပြုတ်ကျလို့ကွ (မှန်ပါ)။ ပြုတ်ကျလို့ရှိရင်ဖြင့် ပြုတ်ဆိုတာမျိုးဟာလဲ တင်လှတို့က သေချာမှတ်ရမယ်၊ ဆွဲတဲ့လူအပေါ်မှာ ပြုတ်တာ (မှန်ပါ)။ သံသရာ့ခရီးသည်က ငါ့ဟာဆိုပြီး ဆွဲလိုက် တယ် (မှန်ပါ)။ ဒီဘက်ကဟာလဲ ငါ့ဟာဆိုပြီးဆွဲလိုက်တော့ ပြုတ်ကျတယ် (မှန်ပါ)။ ဒီအထဲက ရေတွေကိုး (မှန်လှပါ ဘုရား)။

နဂိုကမှ မျောလာရတဲ့အထဲ ငါ့ဟာဆိုပြီးဆွဲလိုက်တော့၊ အတင်းအဓမ္မတက်ချင်ဇောနဲ့ ဆွဲလိုက်တာ ပြုတ်ကျ တာပဲ (မှန်ပါ)။ ဒီမှာလဲ ခန္ဓာငါးပါးဟာ ကမ်းနားသစ်ပင်၊ ဘယ်ဟာမှ အားကိုးလို့မရဘူး (မှန်ပါ)၊ ပြုတ်ကျမှာ ချည်းပဲလို့ သိထားရမယ် (မှန်လှပါ ဘုရား)။

သား၊ လင်၊ ခင်ပွန်း၊ ခန္ဓာငါးပါးကော (ပြုတ်ကျမှာပါ ဘုရား)။ ကိုယ့်ခန္ဓာငါးပါးကော (ပြုတ်ကျမှာပါ ဘုရား)။ ဘယ်သူ့အားကိုးစရာရှိသတုံး (ဘယ်သူမှအားကိုးစရာမရှိပါ ဘုရား)။ နို့ အားကိုးစရာမရှိတာကို တောင်ကြီးပြို ပြီနဲ့၊ ဘာနဲ့ ဘယ့်နှယ်ကြောင့် ငိုနေကြသတုံးဆိုရင် အားကိုးလို့ငိုနေတာ (မှန်ပါ)။ လက်မောင်းကြီး ပြုတ်သွားပြီလို့ များ၊ ထများ ငိုနေလိုက်သေး (မှန်ပါ)။ သေတဲ့ပုဂ္ဂိုလ်တွေလေ (မှန်လှပါ ဘုရား)။

ဟာ ဘာဖြစ်ကြတာတုံး၊ ကိုယ့်လက်မောင်းလဲ ရှိလျက်သားနဲ့၊ ဘယ့်နှယ်ကြောင့် လက်မောင်းကြီးပြုတ် ကျပါလိမ့်၊ တောင်ကြီးပြိုကျပါလိမ့်မတုံးလို့မေးရင် ဘယ့်နှယ်ဖြေမှာတုံး (အားကိုးလွဲလို့ပါ ဘုရား)။ အားကိုးထားတာ ကိုက ကမ်းနားသစ်ပင်ဆိုတော့ ပြုတ်ကျတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သားသေ၊ လင်ဆုံး၊ အမျိုးမျိုး မောင်သေ၊ နှမသေ (မှန်ပါ)။ သူလေးပဲ အားကိုးနေတယ် ဆိုတာတွေဟာ ပြုတ်ကျမှာတွေကို အားကိုးနေတဲ့အတွက် မင်းတို့သည်ကားလို့ဆိုရင် ပိဖို့ရာပဲ စိတ်ကူးနေတဲ့အထဲ အပါအဝင်ဖြစ်နေတယ် (မှန်ပါ)။ ပြုတ်ကျတာကို အားကိုးလို့ရှိရင်ဖြင့် မြုပ်ချင်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ)။ ပြုတ်တာအား ကိုးရင် (မြုပ်ချင်တဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

ဒါ တည့်ကိုမတည့်သေးဘူးကွ၊ မင်းတို့ကလဲ ယောက်ျားကလဲ မိန်းမအားကိုး၊ မိန်းမကလဲ ယောက်ျား အားကိုး။ တစ်နည်းအားဖြင့် စိတ်ဆိုးတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်အားကိုးတယ်- ဟင် (အားကိုးပါတယ် ဘုရား)။ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့အခါကျတော့လဲ ကမ်းနားသစ်ပင်ပဲ။ ယောက်ျားက မိန်းမအားကိုးပြန်တော့ကော မိန်းမက (ကမ်းနားသစ်ပင်ပါ ဘုရား)။ မိန်းမက ယောက်ျားအားကိုးပြန်တော့ကော (ကမ်းနားသစ်ပင်ပါ ဘုရား)။

အားကိုးက တယ်လွဲနေတယ်

ဪ မင်းတို့ဥစ္စာက ခက်နေပြီ၊ အားကိုးက တယ်လွဲနေတယ် (လွဲပါတယ် ဘုရား)။ ဘယ့်နှယ်- ရေစား ထားတဲ့ ကမ်းနားသစ်ပင်ကြီးကွ (မှန်ပါ)။ ကိုင်းနေကတည်းက သူက နဂိုက လဲတော့မယ့်စဲစဲကြီး၊ ပြိုမယ့်ပျက် မယ့်စဲစဲကြီးကို အားကိုးနေကြတယ်ဆိုရင် လွဲပါမလား (မလွဲပါ ဘုရား)။

အဲဒါကြောင့် မင်းတို့ကတော့ သံသရာ့ခရီးသည် ဒီကိုမျောလာတယ်၊ မျောလာလို့ရှိရင်ဖြင့် ဆွဲမိ ဆွဲရာတော့ မင်းတို့ဆွဲတော့မှာ (ဆွဲမှာပါ ဘုရား)။

အဲဒါ ဘဝတဏှာလို့ခေါ်သည် (မှန်ပါ)။ ရောက်ရာမှာ ကိုယ့်ခန္ဓာ ကိုယ်ခင်တာ ဘာခေါ်ကြမယ် (ဘဝ တဏှာပါ ဘုရား)။ ဘဝတဏှာနဲ့ ဆွဲပြန်တာပဲတဲ့၊ ရောက်ရာခင်တွယ်တဲ့ ဘဝတဏှာပဲ (မှန်ပါ)။ မျောလာရတာကလဲ နောက်ဘဝခင်တွယ်တဲ့ ဘဝတဏှာကြောင့် မျောလာတယ် (မှန်ပါ)။ မျောလာတော့ ရောက်ရာခန္ဓာကိုပဲ ဘဝတဏှာ က ခင်ပြန်တယ် (ခင်ပါတယ် ဘုရား)။

ဒါဖြင့် တောင့်တတဲ့တဏှာက တောင့်တ၊ ရောက်တဲ့တဏှာက ဘဝတဏှာ (မှန်ပါ)။ တဏှာဘယ်နှမျိုး ပါလိမ့် (နှစ်မျိုးပါ ဘုရား)။ ဟိုဘဝကဆုတောင်းတဲ့တဏှာက မျောခင်တဲ့တဏှာ (မှန်ပါ)၊ မျောအောင်လုပ်မယ့်တဏှာ (မှန်ပါ)။ ဒီဘဝ ရောက်ရာခင်တဲ့တဏှာက မြုပ်အောင်လုပ်မယ့်တဏှာ (မှန်ပါ)။ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။

ဘယ်တော့ခရီးသတ်မှာတုံး

မင်းတို့ ဘယ်တော့ခရီးသတ်မှာတုံးတဲ့။ မျောသမား၊ မြုပ်သမားအဖြစ်မှ ဘယ်တော့ခရီးသတ်မှာတုံး ဆိုတာ ဒီ ပါဠိတော်ကလာတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အခု တကာ၊ တကာမတွေ ဘာဖြစ်နေကြတာတုံး၊ သီလရှင်တွေ ဘာဖြစ်နေကြတာတုံးဆိုတော့ အို ကိုယ့်လက်-ကိုယ့်ခြေနဲ့၊ ကိုယ့်ဆွမ်းဆန် ကိုယ်ခံစား၊ အထောက်အပံ့လေးတွေရှိတော့ ဘာပူစရာရှိသတုံး၊ အင်း တော်ကြာပြုတ်ကျပြန်ပြီ၊ ဟင် (မှန်ပါ)။ တော်ကြာကျတော့ ဘာဖြစ်တုံး (ပြုတ်ကျပါတယ် ဘုရား)။ ပြုတ်ကျကုန်ပြီ၊ ကိုယ်ကျိုးနည်းကုန်ပြီ၊ လက်မောင်းပြုတ်ပြီ၊ ကျုပ်ဖြင့် သေသာသေချင်တာပဲ။ အို သေချင်မနေနဲ့၊ သေရမှာပဲ (မှန်ပါ)။ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဘာအားကိုးနေကြတာတုံး ဆိုတော့ ဘယ့်နှယ်ပြောကြမှာတုံး (ကမ်းနားသစ်ပင်ပါ ဘုရား)။ ကမ်းနား သစ်ပင် အားကိုးတော့ မပြုတ်တဲ့သစ်ပင်လို့ ရှိပါရဲ့လား (မရှိပါ ဘုရား)။

ဪ ဒါဖြင့် မင်းတို့ဟာက ခက်သေးတယ် (မှန်ပါ)။ မျောလာတဲ့အထဲမှာ အားမကိုးကောင်းတဲ့ ကိုယ့် ခန္ဓာငါးပါး ကမ်းနားသစ်ပင်ကို အတင်းဆွဲပြန်တယ် (မှန်ပါ)။ အတင်းဆွဲပြန်တယ်ဆိုတော့ မြုပ်မှမြုပ်ပါ့မလား (မြုပ် မှာပါ ဘုရား)။ နဂိုက ဘယ်လိုလာခဲ့ရသတုံး (မျောလာပါတယ် ဘုရား)။ နဂိုက တဏှာနဲ့ဆုတောင်းပြီး မျောလာတယ်၊ အခု ရောက်ရာခန္ဓာ ခင်တွယ်လိုက်တော့ကို ဆွဲပြန်တာပဲ (မှန်ပါ)။ ဆွဲတော့ ဘာဖြစ်မယ် ထင်တုံး (မြုပ်မှာပါ ဘုရား)။

မျောသမား မြုပ်သမားသက်သက်ပဲ

မင်းတို့လမ်းစဉ်ကို ပြောစမ်းပါဦး ဆိုတော့ တပည့်တော်တို့ဟာ ဘာရယ်လို့တော့ မပြောနဲ့တော့ဘုရား၊ မျော သမား မြုပ်သမားသက်သက်ပဲ (မှန်ပါ)။ ဘယ့်နှယ်ဆိုကြမှာတုံး (မျောသမား-မြုပ်သမား သက်သက်ပါ ဘုရား)။ မျော သမား-မြုပ်သမားသက်သက်ပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီတဏှာရေလဲမခန်း၊ ဒီကမ်းနားသစ်ပင်တွေကိုလဲ မင်းတို့ကအားမကိုး၊ ကောင်းဘူးလို့မသိသေး သရွေ့ကာလပတ်လုံးတော့ဖြင့်ကွာ မျောသမား-မြုပ်သမား ဇာတ်ထုပ်မှတစ်ပါး ဘာဇာတ်မှခင်းစရာမရှိဘူး (မရှိ ပါ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာဇာတ်ထုပ်ခင်းမှာတုံး (ဘာဇာတ်ထုပ်မှခင်းစရာ မရှိပါ ဘုရား)။ ကိုယ့်ဇာတ်ထုပ်ကတော့ဘာတုံး (မျောသမား မြုပ်သမားပါ ဘုရား)၊ ပေါ်ပြီလားကွ (ပေါ်ပါပြီ ဘုရား)။

အဲဒီမှာ တို့ဆီက သီလရှင်တွေ၊ လူတွေအားလုံးက ဘယ်ဘဝရောက်ရပါလို၏ဆိုတဲ့ အမျောတွေကိုတော့ လုပ်မနေကြနဲ့ (မှန်ပါ)။ အမျောတွေကလဲ ပန်းတွေတင်၊ ဘုရားတွေရှိခိုး၊ သံဃာလာတဲ့အခါလဲ အမျိုးမျိုးအဖုံဖုံ ထိုက်တန်သလောက် လှူကြ-တန်းကြ၊ ပေးကြ-ကမ်းကြ၊ ကိုယ်တတ်အားသရွေ့ (မှန်ပါ)။ ဘာမှဆုတောင်းမနေနဲ့၊ မျောသမား-မြုပ်သမားအဖြစ်မှ လွတ်ပါရစေလုပ်ရမှာ (မှန်လှပါ ဘုရား)။

မျောရာဖြစ်တဲ့အောက်လမ်း (မှန်ပါ)။ မြုပ်ရာဖြစ်တဲ့အောက်လမ်းမှ လွတ်ရပါလို၏၊ တဏှာရေ ခန်းရပါလို ၏၊ ကမ်းနားသစ်ပင်တွေနဲ့ မကြုံရပါလို၏၊ ကမ်းနားသစ်ပင်နဲ့ မကြုံရပါလို၏ဆိုရင် ခန္ဓာမရပါလို၏မှ ကိုက်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် နောက်တုံးက၊ တပည့်တော်တို့က စကြဝတေးမန္ဓာတ်၊ သိကြား၊ ဗြဟ္မာများ ဖြစ်ခဲ့လေရော သလားဆိုတာကတော့ မပြောတတ်ဘူးကွ မောင်ချစ်စိန်ရ (မှန်ပါ)။ မျောသမား-မြုပ်သမားကတော့ (ဖြစ်ခဲ့ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီတစ်ခါ ဘာလုပ်ချင်ကြသေးတုံး၊ မျောသမားဘဝပဲ နေချင်သေးလား၊ မြုပ်သမားဘဝနဲ့ပဲ ကျေနပ်နေကြ သလားလို့မေးရင် (ဘယ်ဘဝမှမနေချင်ပါ ဘုရား)။ ဘယ်ဟာမှ ကျေနပ်စရာမရှိဘူးဆိုတာကို သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဘုံဘဝဆုမတောင်းရင် မမျောဘူး

ကဲ ဒါဖြင့် ဘုံဘဝကို ဘယ်တော့မှဆုမတောင်းရင် မမျောဘူး (မှန်ပါ)။ ခန္ဓာငါးပါးကို ဘယ်တောမှ အားမကိုးဘူးလို့ဆိုလို့ရှိရင် မမြုပ်ဘူး (မှန်ပါ)။ ဘုံဘဝဆုမတောင်းရင် (မမျောပါ ဘုရား)။ ခန္ဓာငါးပါးကို အားမကိုး ဘူးဆိုရင် (မမြုပ်ပါ ဘုရား)။

ဒါ တော်တော်အရေးကြီးတယ် (မှန်ပါ)။ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။ ဉာဏ်နားနဲ့ထောင်ပါလို့ သတိပေးနေတယ် (မှန်ပါ)။ ဘာနားနဲ့ထောင်ရမှာတုံး (ဉာဏ်နားနဲ့ထောင်ရမှာပါ ဘုရား)။ ဘုံဘဝဆုတောင်းတာက ဘာသမားတုံး (မျောသမားပါ ဘုရား)။ ရောက်ရာခန္ဓာကြီးကို အားကိုးတာက (မြုပ်သမားပါ ဘုရား)။

အဲဒီတော့ တဏှာလဲမသေ၊ ခန္ဓာလဲမချုပ်ဆိုရင်တော့ မင်းတို့ သွားပြီကွ (မှန်ပါ)။ တဏှာမသေရင် မျောနေ ဦးမယ် (မှန်ပါ)။ ခန္ဓာမချုပ်လို့ရှိရင် မင်းတို့ခန္ဓာကပဲ နှိပ်စက်ပြီး မြုပ်အောင်လုပ်ဦးမယ် (မှန်ပါ)။ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုံး၊ တဏှာရေခန်းပြီး ခန္ဓာပျောက်မှာပဲ (မှန်ပါ)။ ဘယ်လို မှတ်ကြမယ် (တဏှာရေခန်းပြီး ခန္ဓာပျောက်မှပါ ဘုရား)၊ တဏှာရေခန်းပြီး ခန္ဓာပျောက်မှ လိုရင်းဆိုက်မယ်ဆိုတာကို တင်လှတို့ သေသေချာချာမှတ်ဖို့ပါပဲ (မှန်လှပါ ဘုရား)။

ဪ ဒါဖြင့် မသိသေးခင်ကတော့ တို့ဆုတောင်းနေတာ နောက်ဘဝကောင်းစားရေးလား အောက်မေ့ တယ်၊ မဟုတ်ဘူး မျောသမားဖြစ်အောင်လုပ်နေတာ (မှန်ပါ)၊ ဘုံဘဝတွေဆုတောင်းတာဘာတုံး (မျောသမား ဖြစ်အောင်လုပ်နေတာပါ ဘုရား)။

ပြင်ပြီးမှပဲ ခင်ဗျားတို့စိတ်အေးရမှာ

ပြင်ပြီးကြပြီလား (ပြင်ပြီးပါပြီ ဘုရား)။ ပြင်ပြီးမှပဲ ခင်ဗျားတို့စိတ်အေးရမှာပဲ၊ နို့မို့လို့ရှိရင် တမျောတည်း- မျောနေဦးမှာပဲ (မှန်ပါ)။ ဒီခန္ဓာကြီးကို အားမကိုးကောင်းဘူးဆိုတာကော သိကြပြီလား (သိပါပြီ ဘုရား)။ အားကိုး ရင်း မတ္တနဲ့ အိုခြင်းဆိုး၊ နာခြင်းဆိုးတွေ တိုးလာတာပဲ (မှန်ပါ)။ ကျွေးရင်း-မွေးရင်းနဲ့ ဘာတုံး (အိုခြင်းဆိုး၊ နာခြင်း ဆိုး တိုးလာပါတယ် ဘုရား)။ ကျွေးရင်း-မွေးရင်းနဲ့ အိုခြင်းဆိုး၊ နာခြင်းဆိုး တိုးလာတယ်ဆိုတာကော သဘောပါပြီ လား (ပါ ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ နောက်တုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတဲ့ ကိုယ့်ဖြစ်ထွေကိုလဲ ပြန်တွေးလို့ရှိရင်ဖြင့် အင်း လွမ်းစရာတော့ တစ်ကွက်မှမပါ-ပါဘူး (မပါ-ပါ ဘုရား)။ ပါသေးရဲ့လား (မပါ-ပါ ဘုရား)။ ဘာသမား ဖြစ်ခဲ့ကြတုံး (မျောသမားနှင့် မြုပ်သမားကါ ဘုရား)။ အမလေး မောင်ထွန်းတင် လွန်လှချည်လား (လွန်ပါတယ် ဘုရား)။ ဉာဏ်ကလေးများကော ရောက်ကြပြီလား (ရောက်ပါပြီ ဘုရား)။

အင်း ဘုံဘဝဆုတောင်းတာက ဘာဖြစ်ချင်လို့တုံး (မျောချင်လို့ပါ ဘုရား)။ ရောက်ရာခန္ဓာကြီးကို ဘယ်သူ့ လူထင်ရမှာတုံးလို့ အားကိုးတာက (မြုပ်ချင်လို့ပါ ဘုရား)။ မြုပ်ချင်လို့ပဲ၊ တော်တော်သဘောပါပြီကွ (ပါ-ပါပြီ ဘုရား)။

ဟေ့ သီလရှင်တွေဘက်ကကော ဒီဥစ္စာ သီလရှင်တရားပဲဆိုတာ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

မျောသမားဆိုတာ ဘာပါလိမ့် (ဘုံဘဝဆုတောင်းတာပါ ဘုရား)၊ ဘုံဘဝဆုတောင်းတာက မျောချင်လို့တောင်း တာ (မှန်ပါ)။ ရောက်ရာခန္ဓာကြီးကို အားကိုးပြီး သကာလ သူသာ ကျန်းမာပါစေ၊ ကျုပ်ဘာမှမပူဘူးဆိုပြီး ခန္ဓာကြီး ဆွဲပြန်တာပဲ (မှန်လှပါ ဘုရား)။

မျက်လုံးလေး ကောင်းလဲ ကျုပ်မပူပါဘူး၊ နားလေးမထိုင်းသေးလဲ ကျုပ်မပူပါဘူးဆိုပြီး အားကိုးလုံးတွေ နဲ့ ဆွဲပြီကွ (ဆွဲပါတယ် ဘုရား)။ မဆွဲဘူးလား (ဆွဲပါတယ် ဘုရား)။

အင်း ဒါဖြင့် ဆွဲရင်တော့ ဘာဖြစ်ကြမယ်ထင်ကြတုံး (မြုပ်မှာပါ ဘုရား)။ ဆွဲရင်ပြုတ်ကျမယ်၊ ပြုတ်ကျ ရင် မြုပ်မယ် (မှန်လှပါ ဘုရား)။

ခုနက သံသရာ့ခရီးသည်မှာ တဲ့၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်း မျောလာတော့ အရမ်းဆွဲပစ်တယ် (မှန်ပါ)။ ခရီးကလံ ရှည်ပါဘိသနဲ့ကွာ၊ မျောခဲ့ရတာက (မှန်ပါ)။ တွေ့ရာကျတော့ ဘာလုပ်ကြတုံး (ဆွဲပါတယ် ဘုရား)။ အတင်းဆွဲတာပဲ၊ အတင်းခင်တာပဲ (မှန်လှပါ ဘုရား)။

ဒီသားမယားကိုလဲ အတင်းခင်တာပဲ။ သူမှတစ်ပါး အားကိုးရာမရှိဘူး၊ အမလေး သူ့ပဲအားကိုးနေရ တယ် (မှန်ပါ)။ ဟာ မောင်ချစ်စိန်တို့ မင်းတို့ဆွဲလိုက်တဲ့ဖြစ်ခြင်းမှ အတင်းအဓမ္မဆွဲနေတာပဲ (မှန်လှပါ ဘုရား)။

ဒီသားလေးကိုပဲ အားကိုးနေရတာပဲ၊ ဒီသမီးလေးပဲ အားကိုးနေရတာပဲ၊ ဟာ ဒီမျက်လုံးနဲ့ ဒီခန္ဓာကြီးပဲ အားကိုးနေရတာပဲ၊ ဒီပညာလေးပဲ အားကိုးနေရတာပဲဆိုပြီး သင်္ခါရက္ခန္ဓာတွေများ အားကိုးချနေလိုက်တာ (မှန်ပါ)။ ဘာဖြစ်ချင်လို့တုံးကွ (မြုပ်ချင်လို့ပါ ဘုရား)၊ မြုပ်ချင်လို့ကွ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

နောက်တုန်းက ဘယ်လိုနေခဲ့ရသတုံး

အင်း သံသရာထဲမှာ နောက်တုန်းက ဘယ်လိုနေခဲ့ရသတုံး (အမျောနဲ့ အမြုပ်ပါ ဘုရား)။ အကောင်းများ ပါသေးရဲ့လား (မပါ ပါ ဘုရား)။ ဘာနဲ့ဘာပဲ ကြုံနေရတုံး (အမျောနဲ့ အမြုပ်ပါ ဘုရား)။

အဲဒါကြောင့် ခက်တယ်ကွ၊ မင်းတို့ဥစ္စာက အမျောနဲ့ အမြုပ်ပဲ မိတ်ဆွေဖွဲ့နေတယ် (မှန်ပါ)။ မောင်ချစ်စိန် ဘာမိတ်ဆွေဖွဲ့နေတာတုံး (အမျောနဲ့ အမြုပ်ပါ ဘုရား)။ အမျောနဲ့ အမြုပ်ပဲမိတ်ဆွေဖွဲ့နေလို့ရှိရင်ဖြင့် မျောဆိုတာ ကလဲ တဏှာကမျောနေတာ (မှန်ပါ)။ မြုပ်ဆိုတာက ဒိဋ္ဌိကြောင့်မြုပ်ရတာ (မှန်ပါ)။ ဆွဲမိဆွဲရာဆွဲလိုက်တဲ့ ဒိဋ္ဌုပါဒါန် ကြောင့် မြုပ်ရတာ (မှန်လှပါ ဘုရား)။

ဒါဖြင့် အခု နေကြထိုင်ကြပုံတွေ၊ ဒီအတိုင်းပဲ ကိုယ့်ဟာကိုယ် အားကိုးနေကြပြန်လို့ရှိရင်လဲ လွဲကြလိမ့် မယ် နော် (မှန်ပါ)။ ဒီခန္ဓာကိုယ်ကြီး အားကိုးနေရင်လဲ (လွဲမှာပါ ဘုရား)။ မြုပ်လိမ့်မယ်၊ ဘုံဘဝတွေဆုတောင်းရင် (မျောမှာပါ ဘုရား)။ ဒီရောက်ရာမှာ ခန္ဓာကိုယ်ကြီး အားကိုးကြရင် (မြုပ်မှာပါ ဘုရား)။

ဒါ နှစ်ခုစလုံးပြင်မှရမယ် (မှန်ပါ)။ ဘယ့်နှယ်တုံး တကာ တကာမတို့၊ ဘာလုပ်ရမှာတုံး (နှစ်ခုစလုံး ပြင်ရမှာပါ ဘုရား)။ ဒါက ခန္ဓဝဂ္ဂသံယုတ် ‘နဒီသုတ်’ ပဲကွ (မှန်ပါ)။ နဒီဆိုတာမြစ်၊ မြစ်ပြပြီးဟောတဲ့သုတ် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် အမျောကိုလဲ ဒီအထဲ ကြိုက်မယ့်လူတော့ ပါမယ်မဟုတ်ပါဘူး (မပါ ပါ ဘုရား)၊ ကြိုက်သာ မကြိုက်တယ်၊ ကိုယ်တိုင်လဲ လုပ်မနေကြပါနဲ့၊ တချို့က ကြိုက်တော့မကြိုက်ဘူး၊ ကိုယ်တော့ ဟိုဘဝ-ဒီဘဝ ရောက်ရပါလို၏၊ နိဗ္ဗာန်မရမီစပ်ကြားဆိုပြီး ဆုတောင်းချင်တောင်းနေတာ (မှန်လှပါ ဘုရား)။

အဲဒီ ပါးစပ်ကသာ မကြိုက်တာ၊ သူ့ဟာက အလုပ်ကလုပ်လျက်ဆိုရင်ဖြင့်၊ အလုပ်ကဝင်ပြီး အကျိုးပေးသွား မယ် (မှန်ပါ)။ တင်လှ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတို့ ဘယ့်နှယ်လုပ်ကြမှာတုံး၊ အမျောလဲလွတ်အောင် (မှန်ပါ)၊ အမြုပ်ကော (လုပ်ရမှာပါ ဘုရား)။ လုပ်ရလိမ့်မယ် ဆိုတော့ ဒီလိုလုပ်ရမယ် တဲ့။

ဒီခန္ဓာကြီးကို မျောလာတာတော့ဖြင့် တဏှာလဲကင်းသွားမယ်ဆိုရင် အမျောရပ်မှာပဲ (မှန်ပါ)။ ဟိုဟာ အားကိုးမှု မရှိရင်လဲ အမြုပ်ရပ်မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တဏှာမရှိရင် အမျောရပ်မယ် (မှန်ပါ)။ ခန္ဓာငါးပါးအားမကိုးလို့ရှိရင် (အမြုပ်ရပ်မှာပါ ဘုရား)။ အေး ဒါ ပေါ်လာပြီကွ၊ ပေါ်လာပြီ၊ ပေါ်လာပြီ (မှန်လှပါ ဘုရား)။

ဝိပဿနာရှုရလိမ့်မယ်

ဒါဖြင့် ဒီဥစ္စာကို တို့ ဘာမှပြောစရာမရှိဘူးတဲ့၊ ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ)။ မျောလာတဲ့ပုဂ္ဂိုလ်က မျောရင်းမတ္တနဲ့ပဲ ဝိပဿနာရှု (မှန်ပါ)။ ဝိပဿနာ ရှုလိုက်တဲ့အခါကျတော့ ဒါတွေက ဖြစ်တတ်-ပျက်တတ်၊ ဖြစ်တတ်- ပျက်တတ်၊ ခန္ဓာကြီးကို ဒီလိုပဲရှုပေးကြပါနော် (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာကိုယ်ကြီးကို ဖြစ်တယ်-ပျက်တယ်၊ ဖြစ်တယ်-ပျက်တယ်၊ ဖြစ်တယ်-ပျက်တယ်နဲ့ ရှု-ရှု၊ ရှု-ရှု၊ ရှု-ရှုပေးလိုက်တဲ့အခါကျတော့ အင်း ဖြစ်ပျက်သာမြင်နေတာ့ ဪ သူတို့က နဂိုက မခိုင်တာ၊ မမြဲ တာမှန်းသိတော့ အားကိုးသေးရဲ့လား (မကိုးတော့ပါ ဘုရား)။ အားမကိုးတော့ သူလှမ်းဆွဲသေးရဲ့လား (မဆွဲတော့ ပါ ဘုရား)။ မဆွဲရင် မြုပ်စရာမရှိပါဘူး၊ သူ့မှအားမကိုးတော့ပဲကိုး (မှန်လှပါ ဘုရား)။

သူ့အားမကိုးတာသည်ကား ဆိုလို့ရှိရင်ဖြင့် ဖြစ်-ပျက်မြင်လို့၊ အနိစ္စမြင်လို့၊ အားမကိုးကြတာပဲ (မှန်ပါ)။ အားမကိုးတဲ့အခါ ဒီခန္ဓာမျိုးကြီးကို နောက်လိုချင်သေးရဲ့လား (မလိုချင်တော့ပါ ဘုရား)။ အင်း မလိုချင်လို့ရှိရင် တဏှာရေကလဲ ခန်းတာပဲ (မှန်ပါ)။ မလိုချင်ရင် (တဏှာရေခန်းပါတယ် ဘုရား)။ အားမကိုးရင် ဒိဋ္ဌိခန်းတယ် (မှန်ပါ)။ တင်လှ သဘောကျရဲ့လား (ကျပါပြီ ဘုရား)။

အားမကိုးရင် ဒိဋ္ဌိပြုတ်ပါတယ်

ဒိဋ္ဌိပြုတ်တယ် တဲ့။ အားမကိုးရင် ဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ)။ နောက်မလိုချင်လို့ရှိရင် တဏှာရေခန်း တယ် (မှန်ပါ)။ နောက်ဘဝမလိုချင်ရင် (တဏှာရေခန်းပါတယ် ဘုရား)။ အခုခန္ဓာကိုယ်ကြီး အားမကိုးရင် (ဒိဋ္ဌိပြုတ် ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိပြုတ်တော့ ဒိဋ္ဌုပါဒါန်နဲ့ စွဲသေးရဲ့လား (မစွဲတော့ပါ ဘုရား)။ ဒိဋ္ဌုပါဒါန်နဲ့လဲ မစွဲဘူး၊ နောက်ခန္ဓာ လဲ မလိုချင်ဘူးဆိုတော့ ဒီပုဂ္ဂိုလ်သည် ဒီအတိုင်း တည်တံ့ပြီး သကာလ ခိုင်မြဲတဲ့သဘောဖြစ်ရမယ် (မှန်လှပါ ဘုရား)။

ဆွဲလဲ မဆွဲတော့ပါဘူး၊ ဟုတ်လား (မှန်ပါ)။ နောက်ဘဝ မျောခြင်းကိုလဲ ရပ်စဲလိုက်ပါတယ် ဆိုတော့ကို အင် မတန် ရှင်းမသွားဘူးလား (ရှင်းပါတယ် ဘုရား)။ ဒါဖြင့် မျောသမား-မြုပ်သမားမှလွတ်ချင်လို့ရှိရင် ဒီဒကာ ဒကာမ တွေ ဘာလုပ်ရမှာတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။ ဒါဖြင့် ဝိပဿနာရှုမှရမယ် (မှန်လှပါ ဘုရား)။

ဝိပဿနာရှုတော့ ဒီခန္ဓာကိုယ်ကြီးကို လိုချင်သေးရဲ့လား (မလိုချင်တော့ပါ ဘုရား)။ ဒီခန္ဓာမှ မလိုချင်တော့ ဘူးဆိုရင်ဖြင့် နောက်ခန္ဓာဘယ့်နှယ်တုံး (မရတော့ပါ ဘုရား)။ တဏှာရေကော ခန်းမသွားဘူးလား (ခန်းပါတယ် ဘုရား)။ တဏှာရေခန်းသွားပါတယ်။

ဒီခန္ဓာကြီးဟာ ဖြစ်တာနဲ့ ပျက်တာပဲရှိတာပဲ၊ ဘယ်လိုမှ သူ့ကိုအစိုးမရဘူး၊ မပိုင်ဘူး၊ မဆိုင်ဘူး၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်ဘူး၊ ဒီလိုသိသွားတော့ သူဆွဲသေးရဲ့လား (မဆွဲတော့ပါ ဘုရား)။ မဆွဲတော့ သူကလဲ တို့ကို မြုပ်အောင်လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်တော့ပါ ဘုရား)။

ဒိဋ္ဌိကမြုပ်အောင်မလုပ်နိုင်

ဒါဖြင့် ဒိဋ္ဌိကမြုပ်အောင်မလုပ်နိုင်၊ တဏှာကမျောအောင်မလုပ်နိုင် (မှန်ပါ)။ သဘောကျပြီလား (ကျပါ ပြီ ဘုရား)။ ဒိဋ္ဌိက (မြုပ်အောင်မလုပ်နိုင်ပါ ဘုရား)။ သူ့ဆွဲမှမြုပ်မှာကိုးကွ (မှန်ပါ)။ ဒါဖြင့် ဒိဋ္ဌိကလဲ မြုပ်အောင် မလုပ်နိုင်၊ တဏှာကလဲ မမျှောနိုင်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်တည်းဟူသော ဆိပ်ကမ်းပေါ်မှာ သူတည်ပြီတဲ့၊ ရှုတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ)။ နိဗ္ဗာန်တည်းဟူသော ဆိပ်ကမ်းပေါ်မှာ သူတည်နေပြီ (မှန်လှပါ ဘုရား)။

ဘယ်လိုကြောင့် တည်ပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် တဏှာမျှောကိုလဲ မခံတာတစ်ကြောင်း၊ ဒိဋ္ဌိနဲ့ ဒီခန္ဓာ ကိုယ်ကြီးကို အားကိုးသဖြင့် ဆွဲမှုကလဲမရှိတဲ့အတွက် သူ့မှာမြုပ်စရာမရှိ၊ မျောစရာမရှိတဲ့အဓိပ္ပာယ်ကို ဒကာ ဒကာမ တို့ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာအလုပ်မှတစ်ပါး မြုပ်လမ်း-မျောလမ်းကို ရှောင်နိုင်တဲ့အလုပ်ဟာ ရှာမှရှားတယ် (မှန် ပါ)။ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။ ဝိပဿနာအလုပ်မှတစ်ပါး မြုပ်လမ်း-မျောလမ်းကို လွတ်အောင်လုပ် နိုင်တဲ့နည်းတော့ မရှိတော့ဘူး (မရှိတော့ပါ ဘုရား)။

ဝိပဿနာအလုပ် လုပ်ရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်နေကြရမယ် (ဝိပဿနာအလုပ် လုပ်ရမှာပါ ဘုရား)။ ခန္ဓာငါးပါး- တစ်ပါးပါးကို ဝိပဿနာရှုပြီး သကာလ နေလို့ရှိရင် လက်ရှိခန္ဓာ မလိုချင်သဖြင့်လဲ နောက်ခန္ဓာမရတော့ပါဘူးဆိုတော့ တဏှာကမျှောလို့ရသေးရဲ့လား (မရတော့ပါ ဘုရား)။

လက်ရှိခန္ဓာကြီး မခိုင်မှု၊ မမြဲမှု၊ မတည်တံ့မှုတွေကို ပိုင်ပိုင်နိုင်နိုင်သိသဖြင့် သူ့အားကိုးသေးရဲ့လား (မကိုးတော့ပါ ဘုရား)။ အားမကိုးလို့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ)။ ဒီခန္ဓာကြီးအကြောင်းကို ကောင်းကောင်းသိတဲ့အတွက် နောက်ခန္ဓာမလိုချင်ရင် တဏှာရေခန်းတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီခရီးသည်-သည် အရင်လို မျောသမား-မြုပ်သမားမျိုး ဟုတ်သေးရဲ့လားဆိုတော့ တည်တံ့တဲ့ လူ သွားဖြစ်တယ် (မှန်ပါ)။ ဘယ်လိုသွားဖြစ်ပါလိမ့် (တည်တံ့တဲ့လူ သွားဖြစ်ပါတယ် ဘုရား)။

တည်တံ့တော့ကို ဘုရားသခင်ကိုယ်တော်မြတကြီးက ငါ မျောသမားအဖြစ်မှလဲ ရပ်စဲတယ်၊ မြုပ်သမားအဖြစ် မှလဲ (ရပ်စဲပါတယ် ဘုရား)။ အဲဒါ ဒီအလုပ် လုပ်သွားတာပဲ (မှန်လှပါ ဘုရား)။

ဒီဝိပဿနာက ကယ်သွားတာပဲ

မျောသမားအဖြစ်မှ ရပ်စဲတာလဲ ဘုရားပဲ၊ မြုပ်သမားအဖြစ်မှ ရပ်စဲတာလဲ (ဘုရားပါ ဘုရား)။ ဘုရား ပဲ ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အဲဒီပုဂ္ဂိုလ်ကြီးကို အခု မျောသမားအဖြစ်နဲ့လဲ မတွေ့ရဘူး၊ မြုပ်သမားအဖြစ်နဲ့လဲ ရှာလို့မတွေ့တာသည် ဒီဝိပဿနာက ကယ်သွားတာပဲ (မှန်ပါ)။ ဘာကကယ်သွားတာတုံး (ဝိပဿနာက ကယ်သွားတာပါ ဘုရား)။

ဒါဖြင့် ယောဂီအသစ်တွေရော၊ အဟောင်းတွေရော ဘာပဲအားကိုးရမယ်ဆိုတာကို သိပြီလား (သိပါပြီ ဘုရား)။ ဝိပဿနာအလုပ်ကို လုပ်လို့ရှိရင် မဂ်ဆိုက်အောင်လုပ်ပါ (မှန်ပါ)။ မျောသမား-မြုပ်သမားအဖြစ်မှ လွတ်ပါတယ်ဆို တာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒါပဲလုပ်ပါ၊ ဒီတင် တော်ကြစို့။

သာဓု သာဓု သာဓု။