”တဏှာသင်္ခယသုတ်”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး
”တဏှာ သင်္ခယသုတ်”
ည-အလုပ်ပေး တရားတော်
တဏှာသင်္ခယသုတ်ကို ဟောမယ်၊ တဏှာကုန်တဲ့သုတ်ပေါ့။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ပုဗ္ဗာရုံကျောင်း မှာ သီတင်းသုံးနေတုန်း တာဝတိံသာနတ်ပြည်က သိကြားမင်းကြီးက တာဝတိံသာနတ်ပြည်မှာ ဧရာဝဏ်ဆင်ကြီး စီးပြီး သကာလ နတ်သမီး နတ်သားတွေနဲ့ ဥယျာဉ်ထဲမှာ ပျော်ပျော်ပါးပါးနေကြမလို့ ဆင်စီးပြီး ဥယျာဉ်တော် ထွက် လာပါတယ်။
ဥယျာဉ်ပေါက် ရောက်လာတဲ့အခါမှ ဖျတ်ခနဲ သတိလေးတစ်ခု ပေါ်လာတယ်။ ဘာပေါ်လာသတုံးလို့ မေး လို့ရှိရင် အမြန်ဆုံးနည်းနဲ့ တဏှာကုန်တဲ့ နိဗ္ဗာန်ရောက်ဖို့ရာ ဘယ်အလုပ် လုပ်မှ သင့်ပါ့မလဲဆိုတဲ့ဥစ္စာ ပေါ်လာတယ်။
အမြန်ဆုံးနည်းနဲ့ တဏှာကုန်ဖို့ရာ
အမြန်ဆုံးနည်းနဲ့ တဏှာကုန်ဖို့ရာ၊ လောဘကုန်ဖို့ရာ ဘယ်အလုပ် လုပ်မှ သင့်ပါ့မလဲဆိုတဲ့ဥစ္စာ သူ့စိတ်ထဲ မှာ ပေါ်လာတယ်။ ပေါ်လာပြီး သကာလ ပေါ်သာလာတာ သူ့ဟာသူလဲ အဖြေထွက်နိုင်တာ မဟုတ်ဘူး။ သူ့ဟာသူ အဖြေထွက်နိုင်တာမဟုတ်တော့ သူ့စိတ်ထဲ အောက်မေ့တယ်။
ဪ ဒီဥစ္စာဟာ အင်မတန်ကောင်းတဲ့ သတိလေး။ သူ့စိတ်ထဲ ပေါ်လာတာပဲ၊ ဒီပေါ်လာတာလေးက ဥယျာဉ်ထဲသွားပြီး သကာလ နတ်သမီးတွေ၊ နတ်သားတွေနဲ့ ဥယျာဉ် ခြံမြေတွေ လျှောက်သွားပြီး သကာလ ရေမိုးချိုး ပျော်ပျော်ပါးပါး နေလိုက်လို့ရှိရင် အခုပေါ်လာတဲ့ သတိကောင်းကလေးဟာ ပျောက်သွားတော့မှာပဲ ဆိုပြီး သကာလ အားလုံးသော သူ့အစောင့်အရှောက်တွေကို မင်းတို့ဆိုင်းကြဦး၊ ဆင်ကြီးလဲ ဒီအနားရပ်ထား၊ ပျော်မယ့်ပါးမယ့် ပုဂ္ဂိုလ် တွေလည်း ထို့အတူပဲ၊ ဒီနားမှာ ခဏထိုင်ကြဦးဟေ့၊ ငါ ဘုရားထံ သွားမယ်ဆိုပြီး သကာလ ကွေးသည့်လက် ဆန့်သ လောက်နဲံ လူ့ပြည်ဆင်းသက်လာခဲ့တယ်။
လူ့ပြည်မှာ ပုဗ္ဗာရုံကျောင်းတွင် ဘုရားကိုယ်တော်မြတ်ကြီး သီတင်းသုံးနေတုန်း ဘုရားသခင်ကိုယ်တော်မြတ် ကြီးကို သူ ဝင်လျှောက်ပါတယ် (မှန်ပါ)။
အရှင်ဘုရား တပည့်တော် အရေးတကြီးပေါ်လာတဲ့ ပြဿနာလေးတစ်ခု ရှိနေပါတယ်။၊ ပုစ္ဆာလေးတစ်ခု ရှိနေပါတယ်။
နိဗ္ဗာန်ကို အမြန်ဆုံးရောက်နည်း
ဘာပုစ္ဆာတုံးကွ၊ ပြောစမ်းပါဦး။ တဏှာကုန်ရာ နိဗ္ဗာန်ကို အမြန်ဆုံးနည်းနဲ့ ရောက်စေနိုင်တဲ့ဥစ္စာကို တပည့်တော်ဉာဏ်ထဲမှာ ပေါ်လာတယ်။ အဲဒီဥစ္စာကို ဘယ်ဟာကို ရှုမှတ်ပြီး သကာလ အလုပ် လုပ်လို့ရှိရင်ဖြင့် တဏှာ အမြန်ဆုံးကုန်ပြီး သကာလ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ ပုဂ္ဂိုလ်တွေအဖြစ် သို့ ရောက်ပါ့မလဲဆိုတာ တပည့်တော်သိချင်လို့ ကပျာကယာဆင်းပြီး လာခဲ့ပါတယ်။
အို သိကြားရေ မင်း အင်မတန်ကောင်းတဲ့ ပုစ္ဆာပဲ၊ အင်မတန် အမေးတည့်တဲ့ပုစ္ဆာပဲ တဲ့။ အလုံးစုံသော ခန္ဓာငါးပါးတရား ရှိတယ်ကွာ။ ခန္ဓာငါးပါးတရား ရှိတဲ့ဥစ္စာကို ဒီခန္ဓာငါးပါးနောက်က တဏှာ၊ မာန၊ ဒိဋ္ဌိ မလိုက်လို့ ရှိရင်လဲ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ ကုန်သွားလို့ရှိရင်လဲ ဒါ နိဗ္ဗာန်ရောက်တာပဲကွ။ သို့သော်လည်း ဘာကိုမြင်မှရောက်မယ် ဆိုတာ ငါ ချီးမြှောက်ဦးမယ်ဆိုပြီး၊ ခယ-ဝယမြင်မှ ရောက်နိုင်မယ် (မှန်လှပါ ဘုရား)။
ခယ-ဝယမြင်မှ ရောက်နိုင်မယ်
ခန္ဓာကိုမြင်ရုံနဲ့ မရောက်နိုင်သေးဘူး၊ ခယ-ဝယဆိုတဲ့ ကုန်တာ ပျောက်တာတွေကို မြင်မှသာလျှင် ရောက်နိုင် မယ်။
”ကိတ္တာဝတာနုခေါ ဘန္တေ ဘိက္ခူ သံခိတ္တေန တဏှာသင်္ခယ ဝိမုတ္တော ဟောတိ” ဘယ်ကဲ့သို့ရှုလို့၊ ဘယ်ကဲ့ သို့ မှတ်လို့၊ ဘယ်တရားရှုမှ၊ တဏှာကုန်တဲ့နိဗ္ဗာန် ရောက်နိုင်ပါ့မလဲလို့ မေးတဲ့အခါကျတော့ အလုံးစုံသော ခန္ဓာငါးပါး တရားကို တဏှာ၊ မာန၊ ဒိဋ္ဌိမလိုက်နိုင်အောင် မင်း ရှုနိုင်၊ မှတ်နိုင်လို့ရှိရင် ရောက်ပါတယ်ကွ။ သို့ရာတွင် အမြန်ဆုံး ကုန်တဲ့နည်းဟာဖြင့် စင်စစ် တဏှာကိုကုန်ပြီး ယောဂလေးပါးကို ကုန်စေနိုင်တဲ့ဥစ္စာကတော့ဖြင့် ဝေဒနာသုံးပါးရှိ တယ်ကွာ၊ ဒါ အမြန်ကုန်တဲ့နည်းဟာ ဒါပဲဟေ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာကိုယ်ထဲမှာ ဝေဒနာကို ဝေဖန်လိုက်လို့ရှိရင် သုံးမျိုးထက် ပိုမရှိဘူး (မှန်ပါ)။ ဝေဒနာကို ဝေဖန်လိုက် ရင် (သုံးမျိုးရှိပါတယ် ဘုရား)။ သုံးမျိုးပဲရှိတယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ သုံးမျိုးပဲရှိတယ်ကွာ (မှန်လှပါ ဘုရား)။
အဲဒီ သုံးမျိုးကို ခယ-ဝယ၊ ရှေးဦးစွာ မြင်အောင်ကြည့်ရမယ် (မှန်ပါ)။ ခယ-ဝယကုန်တာ၊ ခယ-ဝယပျက် တာ အတူတူပဲ။ ပြေပြစ်အောင်လို့ စကားသုံးထားတာ၊ ကုန်တာ ပျက်တာ မြင်အောင်ကြည့်နိုင်မှ (မှန်ပါ)။ ဝေဒနာသုံးမျိုး ကို ဘယ်လိုမြင်အောင်ကြည့်ရမယ် (ကုန်တာ ပျက်တာ မြင်အောင်ကြည့်ရမှာပါ ဘုရား)။
ကုန်တာ ပျက်တာကို မြင်အောင်ကြည့်ရမယ် ဆိုတော့ ဝေဒနာသုံးမျိုးကလဲ ခန္ဓာပဲ။ ဒီခန္ဓာတစ်ခုလုံးကို ကြည့်မနေနဲ့တဲ့၊ ဝေဒနာပေါ်ရာကို ကုန်တာ ပျက်တာ မြင်အောင်ကြည့်ရမယ် (မှန်လှပါ ဘုရား)။
ဝေဒနာပေါ်ပုံလေး
ကောင်းပြီ ဒါဖြင့် ဝေဒနာတွေပေါ်လာတော့၊ ဝေဒနာပေါ်ပုံလေးကို ရှုမယ့်ပုဂ္ဂိုလ်များက မှတ်ရသေးတယ်။ မျက်လုံးမှာဆိုလို့ရှိရင် ဥပေက္ခာဝေဒနာပေါ်တာပဲ (မှန်ပါ)။ မြင်တယ်ဆိုရင် ဥပေက္ခာဝေဒနာပေါ်ပြီ မှတ်ပေတော့ (မှန်ပါ)။ ကြားတယ်ဆိုရင် နားထဲမှာ ဥပေက္ခာဝေဒနာပေါ်ပြီ (မှန်ပါ)။ နံတယ်ဆိုရင် နှာခေါင်းထဲမှာ ဥပေက္ခာဝေဒနာ ပေါ်ပြီ၊ စားတယ်ဆို လျှာလယ်မှာ ဥပေက္ခာဝေဒနာပေါ်ပြီ (မှန်ပါ)။ ကိုယ်ပေါ်မှာ ယားတယ်၊ နာတယ်ဆို ကိုယ်ပေါ် မှာ ဒုက္ခဝေဒနာပေါ်ပြီ (မှန်ပါ)။ ကိုယ်ပေါ်မှာ နေလို့ကောင်းတယ်၊ ထိုင်လို့ကောင်းတယ်ဆိုလို့ရှိရင် ကောင်းတဲ့နေ ရာလေးမှာ သုခဝေဒနာပေါ်တာပဲ (မှန်လှပါ ဘုရား)။
ဝမ်းထဲမှာ အာရုံတစ်ခုတွေ့လို့ ဝမ်းသာရင် သောမနဿဝေဒနာ၊ ဝမ်းနည်းရင် ဒေါမနဿဝေဒနာ၊ ဘယ် လိုမှမရှိလို့ရှိရင် ဥပေက္ခာဝေဒနာလို့ သူ့ပေါ်တဲ့နေရာလေးသူ ယောဂီပုဂ္ဂိုလ်တွေက မှတ်ထားရမယ် (မှန်ပါ)။ မှတ်ထား ပြီး သကာလ ဒီဝေဒနာသုံးမျိုး၊ ပေါင်းလိုက်ရင်တော့ သုံးမျိုးပဲ၊ ပေါ်ရာဌာနသာ ပြားနေကြတယ်လို့ မှတ်ရမယ် (မှန် ပါ)။
ဝေဒနာပေါ်ရာဌာန
ပေါ်ရာဌာနက မျက်လုံးမှာ ဘာဝေဒနာပေါ်တုံး (ဥပေက္ခာဝေဒနာပါ ဘုရား)။ နားမှာ (ဥပေက္ခာဝေဒနာပါ ဘုရား)။ အဲ နားမှာ ကြားတဲ့စိတ်ကလေးဟာ ကြားတဲ့စိတ်လို့ မယူနဲ့၊ ဝေဒနာနဲ့ကျတော့ ဥပေက္ခာဝေဒနာလို့ယူလိုက် (မှန်ပါ)။ နှာခေါင်းမှာနံတဲ့အခါ ဖြစ်တဲ့စိတ်ကလေးဟာ (ဥပေက္ခာဝေဒနာပါ ဘုရား)။ ဥပေက္ခာဝေဒနာ၊ လျှာပေါ်မှာ စားတဲ့အခါ ဖြစ်တဲ့စိတ်ကလေးက (ဥပေက္ခာဝေဒနာပါ ဘုရား)။
ကိုယ်ပေါ်မှာ ယားတယ်၊ နာတယ်၊ ကိုက်တယ်၊ ခဲတယ်၊ ကျင်တယ်ဆိုတော့ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ကိုယ်ပေါ်မှာ မီးလှုံလို့ကောင်းတာလေး၊ ရေချိုးလို့ကောင်းတာလေး၊ လေတိုက်လို့ ခံသာတာလေးတွေဟာ သုခဝေဒနာလို့မှတ်ပါ (မှန်ပါ)။ ကိုယ်ပေါ်မှာ ဒုက္ခ-သုခ၊ ဝမ်းထဲတော့ တခြားအပေါ်ပါဘူးတဲ့။ ဝမ်းသာရင် သောမနဿ၊ ဝမ်းနည်းရင် ဒေါမနဿ၊ အလတ်စားရှိရင် ဥပေက္ခာလို့ မှတ်ထားလိုက်တာပေ့ (မှန်လှပါ ဘုရား)။
အဲဒီ ဝေဒနာတွေ ပေါင်းလိုက်တဲ့အခါကျလို့ရှိရင်၊ တူရာပေါင်းလိုက်လို့ရှိရင် သုခ၊ ဒုက္ခ၊ ဥပေက္ခာထဲ ဝင်သွား တာပဲ (မှန်ပါ)။ ဒါကြောင့် စုပုံချုံ့ယူလိုက်လို့ရှိရင် ဝေဒနာဟာ သုံးမျိုးပဲရှိတယ်လို့ မှတ်ထားရမယ် (မှန်ပါ)။ ကိုယ့် သန္တာန်ပေါ်တဲ့ ဝေဒနာသုံးပါးကို လှည့်ရှုရမယ်ဆိုတာကို မှတ်ထားရမယ် (မှန်ပါ)။ ကိုယ့်သန္တာန်ပေါ်တဲ့ ဝေဒနာသုံးပါး ကို လှည့်ရှုနော် (မှန်ပါ)။
ရှုတဲ့အခါကျလို့ရှိရင် သုခဝေဒနာပေါ်နေရင် ဒုက္ခဝေဒနာ ဘယ်တော့မှမပေါ်ဘူးလို့ မှတ်ပါ (မှန်ပါ)။ ဒုက္ခ ဝေဒနာပေါ်နေလို့ရှိရင်လဲ သုခတို့၊ ဥပေက္ခာတို့ မပေါ်ဘူးမှတ်ပါ (မှန်ပါ)။ ဒါကြောင့် ဝေဒနာသည် ခန္ဓာကိုယ်ထဲမှာ ပေါ်တဲ့အခါကျတော့ တစ်ခုစီ တစ်ခုစီသာ ပေါ်တယ်ဆိုတဲ့အဓိပ္ပာယ်ကို ရှင်းနေအောင် မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ကုန်တာ-ပျောက်တာကို မြင်အောင်ကြည့်
အဲဒီကဲ့သို့ ပေါ်တာသိပြီးတော့မှ ဉာဏ်ကနေပြီး နောက်ကလိုက်ရမယ် (မှန်ပါ)။ ဉာဏ်က နောက်ကလိုက် တဲ့အခါကျတော့ ကုန်တာ-ပျောက်တာကို မြင်အောင်ကြည့်ရမယ် (မှန်ပါ)။ မဂ္ဂင်ငါးပါးနဲ့ (ကုန်တာ ပျောက်တာ မြင် အောင်ကြည့်ရမှာပါ ဘုရား)။ ကုန်တာ ပျောက်တာ မြင်အောင်ကြည့်ရမယ်တဲ့။
ပေါ်လာလိုက်-ပျောက်သွားလိုက်၊ ပေါ်လာလိုက်-ပျောက်သွားလိုက်။ သုခပေါ်လဲ ပေါ်ပျောက်ပဲ။ ဒုက္ခပေါ် လဲ ပေါ်ပျောက်ပဲ၊ ဥပေက္ခာပေါ်ရင်ကော (ပေါ်ပျောက်ပါ ဘုရား)။ အဲဒီ ပေါ်ပျောက်ကလေးတွေကို တင်လှတို့ လူစု တွေက ကြည့်နေရမယ် (မှန်ပါ)။ ကြည့်နေတော့ ဝေဒနာမြင်တာလား ကုန်တာ-ပျောက်တာမြင်တာလားလို့မေးရင် ဘယ့်နှယ်ပြောကြမယ် (ကုန်တာ-ပျောက်တာမြင်တာပါ ဘုရား)။
ကုန်တာ-ပျောက်တာက အနိစ္စ၊ မြင်တာက မဂ္ဂလို့မှတ် (မှန်ပါ)။ ကုန်တာ-ပျောက်တာက (အနိစ္စပါ ဘုရား)။ မြင်တာက (မဂ္ဂပါ ဘုရား)။ မဂ္ဂလို့ ဒီလိုသိပြီးထားတော့ ဪ ကုန်တာ-ပျောက်တာက အနိစ္စပါလားဆိုတော့ ဝေဒနာမတွေ့တော့ဘူး (မှန်ပါ)။ ဝေဒနာလို့သာဆိုတယ် ကိုယ့်မဂ္ဂင်နဲ့ ကြည့်လိုက်တဲ့အခါ၊ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက် တဲ့အခါကျတော့ ကုန်တာ-ပျောက်တာပဲ တွေ့တယ်တဲ့၊ ဝေဒနာကို မတွေ့ပါဘူး (မှန်ပါ)။ ကုန်တာ-ပျောက်တာသည် အနိစ္စ၊ တွေ့တဲ့ဉာဏ်သည် မဂ္ဂလို့ မှတ်ထားပါ (မှန်လှပါ ဘုရား)။
တဏှာအမြန်ဆုံးကုန်တဲ့နည်း
အဲဒီကဲ့သို့ ကုန်တာ-ပျောက်တာလေးတွေကြည့် ကြည့်ပြီးတော့ အိမ်ကျ ထိုင်ကြ (မှန်ပါ)။ သိကြားက မေးတာက တဏှာအမြန်ဆုံးကုန်တဲ့နည်းကို၊ အမြန်ဆုံးကုန်ပြီး ယောဂလေးပါးတို့၏ကုန်ရာ၊ နိဗ္ဗာန်ရောက်တာ အမြန်ဆုံးနည်းကို သင်ပေးပါဘုရား၊ ဟောပေးပါဘုရားလို့ဆိုတော့ ဘုရားက ဝေဒနာလေးတွေ ကုန်တာ ပျောက်တာကို မြင်အောင် မင်း ကြည့်ပါလို့ ဟောတာပဲ (မှန်လှပါ ဘုရား)။
ဝေဒနာလေးတွေ ကုန်တာ ပျောက်တာကို (မြင်အောင်ကြည့်ရမှာပါ ဘုရား)။ ကြည့်တော့ကို ဝေဒနာက နာမည်သာ တပ်လိုက်တယ်၊ ကုန်တာ ပျောက်တာပဲရှိတယ် (မှန်ပါ)။ ဒါဖြင့် ကုန်တာ ပျောက်တာက အနိစ္စ၊ ကုန်တာ ပျောက်တာတွေမြင်တာက ဉာဏ်ဖြစ်လာလို့ မဂ္ဂဖြစ်နေတော့ ဝေဒနာက နိရောဓဖြစ်သွားတယ် (မှန်ပါ)။ ဝေဒနာ နိရောဓော တဏှာနိရောဓာ ဖြစ်သွားတယ် (မှန်လှပါ ဘုရား)။
ကုန်တာ ပျောက်တာက နိရောဓ မဟုတ်လား (မှန်ပါ)။ နိရောဓဆိုတာ ချုပ်တာ (မှန်ပါ)။ ကုန် ပျောက် သွားတာကို ဆိုသည် (မှန်ပါ)။ ဒါကြောင့် ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။ တဏှာနိရောဓောဆိုတော့ တဏှာက ချုပ်သွားတယ်၊ ချုပ်မှာပဲတဲ့၊ ဝေဒနာနောက်က တဏှာမှမလိုက်ပဲနဲ့ တဏှာချုပ်တဲ့တရား လိုက်နေတယ် ဆိုတော့ မဂ္ဂင်ငါးပါးလိုက်နေတာ (မှန်လှပါ ဘုရား)။
တဏှာချုပ်တဲ့တရား လိုက်နေတာ
မဂ္ဂင်ငါးပါးလိုက်နေတော့ကို အင်း တဏှာချုပ်တဲ့တရားနောက်က လိုက်နေတယ်၊ တဏှာလိုက်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။ တဏှာလိုက်တာ မဟုတ်ဘူးတဲ့၊ တဏှာချုပ်တဲ့တရား လိုက်နေတာ (မှန်ပါ)။ ဘယ့်နှယ်ကြောင့် ဒီတဏှာချုပ်တဲ့တရား လိုက်ပါသတုံးဆိုတော့ ဝေဒနာတို့၏ ခယ-ဝယကို မြင်တဲ့မဂ်လိုက်နေလို့ လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဝေဒနာတို့က ခယ-ဝယ၊ မြင်တာက မဂ်ဆိုတော့ ဝေဒနာက ခယ-ဝယဆိုသောကြောင့် ဝေဒနာ နိရောဓာ (တဏှာနိရောဓောပါ ဘုရား)။ တဏှာနိရောဓောဆိုတော့ ဟောဒီမဂ္ဂင်လေးဟာ တဏှာနိရောဓာပဲ (မှန်ပါ)။ မဂ္ဂင်လေးဟာ ဘာခေါ်ကြမယ် (တဏှာနိရောဓောပါ ဘုရား)။ တဏှာနိရောဓောလို့ မှတ်ပြီးထားတော့ ဪ ဒီနေရာ တဏှာလာရမယ့်နေရာ၊ မဂ်လာပြီး သကာလ နေတော့ တဏှာအမြန်ကုန်တဲ့နည်းဟာ ဪ ဝေဒနာ နိရောဓောမြင်လို့ရှိရင် ကုန်တာပဲလို့ ဒီတရားတစ်ပွဲလုံးက မှတ်ရမယ် (မှန်ပါ)။ ဝေဒနာတို့၏ ကုန်တာ ပျက်တာမြင် ကို မြင်လို့ရှိရင်ဖြင့် ဝေဒနာက နိရောဓော ဖြစ်တယ် (မှန်ပါ)။ မဂ်က တဏှာကို သတ်တဲ့တရားဖြစ်သောကြောင့် သူ့တဏှာနိရောဓောဆိုတဲ့ဥစ္စာ မဂ်ပဲလို့ မှတ်ထားရမယ် (မှန်ပါ)၊ ရှုတဲ့မဂ်ပဲ (မှန်လှပါ ဘုရား)။
အဲဒီတော့ တဏှာမှ မလာလို့ရှိရင် ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏတွေ နောက်ထပ် လာစရာလိုသေးလား (မလိုတော့ပါ ဘုရား)။ မလိုတော့ပါဘူးတဲ့၊ ဝေဒနာချုပ်သွားကတည်းက တဏှာကလဲ ချုပ်နေပြီ။ တဏှာချုပ် သွားတော့ တဏှာလာမယ့်နေရာမှာ မဂ်လာမနေဘူးလား (လာပါတယ် ဘုရား)။ တဏှာလာမယ့်နေရာမှာ (မဂ်လာပါတယ် ဘုရား)။ မဂ်လာပြီး သကာလ နေတော့ မဂ်လာတဲ့ဥစ္စာကို တဏှာနိရောဓောမှတ်ပါ (မှန်ပါ)။ မဂ်ဖြစ်နေတာလေးကို ဘာခေါ် ကြမယ် (တဏှာနိရောဓောပါ ဘုရား)။
တဏှာမလာပဲနဲ့ ချုပ်တယ်လို့မှတ်ပါ
အဲ ဒါ အလကားနိရောဓလားလို့ မေးလို့ရှိရင် သူက ဝေဒနာလေးတွေ၏ ကုန်တာ ချုပ်တာကို မြင်နေ တယ်။ ကုန်တာ ချုပ်တာက နိရောဓဖြစ်တယ်တဲ့။ ရှုတဲ့မဂ်ကလေး နောက်ကဝင်လာတာက တဏှာချုပ်တာပဲ။ တဏှာ ချုပ်တယ်ဆိုတာ တဏှာမလာပဲနဲ့ ချုပ်တယ်လို့မှတ်ပါ (မှန်ပါ)။ မလာပဲနဲ့ ချုပ်တာကတစ်မျိုး၊ လာမှ ချုပ်တာတစ်မျိုး လို့ နှစ်မျိုးရှိတယ် (မှန်လှပါ ဘုရား)။
စိတ္တာနုပဿနာကျတော့ လာတဲ့တဏှာကိုပဲ ဖြစ်ပျက်ရှုရခြင်းကြောင့် လာပြီးမှ ချုပ်တာကို မြင်အောင်ကြည့် ရတယ် (မှန်ပါ)။ အခု ဒီနေရာမှာတော့ဖြင့် တဏှာမလာပဲနဲ့ ချုပ်တယ်လို့ ထူးထူးခြားခြား မှတ်ရမယ် (မှန်ပါ)။ ဝေဒနာနောက်က တဏှာလာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် တဏှာသည် မောင်ချစ်စိန် လာပြီးမှ ရှုရတာကတစ်မျိုး၊ မလာနိုင်အောင် ရှုနည်းကတစ်မျိုး (မှန်ပါ)။ ဘယ်နှစ်မျိုးရှိသတုံး (နှစ်မျိုးရှိပါတယ် ဘုရား)။ နှစ်မျိုးတဲ့၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်များကတော့ တဏှာမလာပဲနဲ့ ချုပ်တယ် (မှန်ပါ)။ ဘယ့်နှယ်ကြောင့် မလာသတုံးဆိုတော့ ရှုတဲ့ဉာဏ်ကလေးက ဝမ်းထဲ ဟဒယဝတ္ထုပေါ်ရောက်နေ တော့ တဏှာလာခွင့်ရသေးလား (မရပါ ဘုရား)။ ဒါဖြင့် သူက ဘယ့်နှယ်ဆိုကြမယ် (တဏှာမလာပဲနဲ့ ချုပ်ပါတယ် ဘုရား)။ မလာပဲနဲ့ချုပ်တယ်လို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
လာချုပ် မလာချုပ် နှစ်မျိုးရှိတယ်
တို့ စိတ္တာနုပဿနာ နေ့တိုင်းဟောနေတော့ကို တဏှာကိုလဲ ဖြစ် ပျက်ရှုဟေ့ဆိုတော့ လာပြီးမှ သူက ချုပ်တာ (မှန်ပါ)။ လာချုပ် မလာချုပ် နှစ်မျိုးမရှိဘူးလား (နှစ်မျိုးရှိပါတယ် ဘုရား)။ အဲ လာချုပ် မလာချုပ် နှစ်မျိုးရှိတဲ့အနက်က ဒီနေရာမှာ သိကြားကိုဟောတဲ့နေရာကျတော့ မလာပဲနဲ့ချုပ်တာကို ဟောတာ (မှန်လှပါ ဘုရား)။
ဟို သတိပဋ္ဌာန်ပါဠိတော်မှာ ဟောတာကတော့ လာပြီးမှချုပ်တာကို ဟောသည်လို့မှတ်ရမယ် (မှန်ပါ)။ ကောင်းစွာ နှစ်ခုစလုံး ရှုကောင်းတာချည်းပဲလို့ မှတ်ပါ (မှန်ပါ)။ သို့သော် ဉာဏ်ထဲမှာ ထူးထူးခြားခြား မှတ်စရာလေး ပါလာလို့ ဆရာဘုန်းကြီးက ထူးထူးခြားခြားလေး ဪ လာချုပ် မလာချုပ် နှစ်မျိုးရှိသကိုးလို့ ဗဟုသုတတိုး အောင်လို့ ဟောလိုက်သည် (မှန်လှပါ ဘုရား)။
ဒါဖြင့် တဏှာချုပ်သွားတော့ တဏှာပင် ချုပ်သလားလို့မေးတော့ တဏှာ၏ အစွယ်အပွား ဥပါဒါန်ကော (ချုပ်သွားပါတယ် ဘုရား)။ ဥပါဒါန်က ကျေးဇူးပြုမှ ပေါ်လာမယ့်ကံကော (ချုပ်သွားပါတယ် ဘုရား)။ ကံက ကျေးဇူး ပြုလို့ ပေါ်လာမယ့် နောက်ဘဝ ဇာတိ၊ ဇရာ၊ မရဏ ချုပ်တာသည် နိဗ္ဗာန်ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ တဏှာချုပ်တာလဲ (နိဗ္ဗာန်ပါ ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံ ချုပ်တာလဲ နိဗ္ဗာန်၊ ဇာတိ၊ ဇရာ၊ မရဏ ချုပ်တာလဲ (နိဗ္ဗာန်ပါ ဘုရား)။
အကြောင်းကော၊ အကျိုးကော ပြိုင်ချုပ်တယ်
အေး ဒါဖြင့် ဝေဒနာနုပဿနာရှုတာက အကြောင်းကော၊ အကျိုးကော ပြိုင်ချုပ်တယ် မှတ်ရမယ် (မှန်ပါ)။ ဝေဒနာနုပဿနာရှုတော့ (အကြောင်းကော၊ အကျိုးကော ပြိုင်ချုပ်ပါတယ် ဘုရား)။ အကြောင်း သမုဒယ သစ္စာလဲ ချုပ်တယ်၊ အကျိုးဒုက္ခသစ္စာကော (ချုပ်ပါတယ် ဘုရား)။ ဒါဖြင့် အကြောင်းသမုဒယလဲချုပ်၊ အကျိုးဒုက္ခသစ္စာ လဲ ချုပ်သောကြောင့် တဏှာကို အမြန်ကုန်တဲ့နည်းကို ဟောပါလို့ ဘုရားကို သွားလျှောက်တဲ့ အတွက် ဘုရားက ဝေဒနာတို့၏ ခယ-ဝယ မြင်အောင်ရှုနိုင်လို့ရှိရင် ဒါ အမြန်ဆုံးကုန်တဲ့နည်းတော့ဖြင့် ဝေဒနာနုပဿနာပဲဆိုတဲ့ဥစ္စာ ဘုရားက အမိန့်မှတ်လိုက်တယ်နော် (မှန်ပါ)။
အမိန့်တော်မှတ်လိုက်တော့ သူ သောတာပန်တည်သလားလို့ မေးတဲ့ အခါကျတော့ မဟုတ်ဘူး သူ နည်းရပြီး ပြန်တာပဲရှိတယ် (မှန်ပါ)။ နည်းရပြီး သကာလ တာဝတိံသာနတ်ပြည် ပြန်သွားတာပဲ (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် သိကြားကပြန်သွားပြီ၊ ဟိုကျတော့ လုပ်မှမလုပ်ပဲကိုး၊ နည်းယူရုံတင်လေး လာယူတာ ကိုး။ ဒီ တကာ၊ တကာမတွေကျတော့ ဒီအလုပ်ကို လုပ်လို့ရှိရင်ဖြင့် ဒီလိုပဲချုပ်မှာပဲ (မှန်ပါ)။ နည်းရရုံတင် မဟုတ်ပဲနဲ့ အလုပ်ပါ လုပ်ကြလို့ရှိရင်တော့ သမုဒယသစ္စာလဲ ချုပ်မှာပဲ၊ ဒုက္ခသစ္စာလဲ ချုပ်မှာပဲဆိုတာ သေသေချာချာ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ရှင်မောဂ္ဂလာန်ကြီး ကလဲ ရှိနေတယ်
အဲဒီကဲ့သို့ သူကတော့ နည်းယူပြီး သကာလ မောင်ချစ်စိန် ပြန်သွားတယ် (မှန်ပါ)။ ပြန်သွားတာ ရိုးရိုးမပြန် သေးဘူး၊ သူက သာဓု-သာဓု-သာဓုလို့ သုံးကြိမ်ခေါ်ပြီးမှ ပြန်တယ်။ ပြန်သွားတဲ့အခါကျတော့ ရှင်မောဂ္ဂလာန်ကြီး ကလဲ ပုဗ္ဗာရုံကျောင်းဘေးနားမှာ ရှိနေတယ်၊ ရှိနေတဲ့အခါကျတော့ ရှင်မောဂ္ဂလာန်ကြီးက အင်း သိကြားအသံပဲ၊ သာဓုခေါ်တဲ့အသံကတော့ ဘာများ သူက သာဓုခေါ်သွားတယ်လို့ မပြောတတ်ပါဘူး။ ကျောင်းနားနေပေမယ့် သူလဲ နှလုံးသွင်းမှ ကြားမှာကိုးကွ (မှန်ပါ)။ နှလုံးမသွင်းတော့ မကြားဘူး (မှန်ပါ)။ ဒါနဲ့ သိကြားက သာဓုခေါ်သံတော့ကြား ရဲ့၊ ဘာများ သာဓုခေါ်သွားတယ်မသိဘူး၊ ဘုရားဟောတဲ့တရားကို သူ သာဓုခေါ်တာတော့ အမှန်ပဲ၊ သို့သော်လည်း ဘာသာဓုခေါ်တယ်လို့ဆိုတာ သူ မသိဘူး၊ အဲဒီတော့ သာဓုခေါ်တဲ့တရားကို ဘုရားသွားလျှောက်လို့ရှိရင်လဲ ဘုရား နှစ်ခါဟောနေရလိမ့်မယ်၊ အဲဒီတော့ သိကြားလိုက်မေးတာပဲ အေးပါတယ်ဆိုပြီး ရှင်မောဂ္ဂလာန်ကြီးက တာဝတိံသာ နတ်ပြည်ကို ချက်ချင်းလိုက်သွားတယ် (မှန်လှပါ ဘုရား)။
ချက်ချင်းလိုက်တယ်ဆိုရင် ချက်ချင်းရောက်တာပဲ၊ သူလဲ ကွေးသည့်လက် ဆန့်သလောက်နဲ့ ရောက်သွားတယ် (မှန်ပါ)။ ရောက်သွားတော့ သိကြားကလဲ အရှင်ဘုရား ဒီထိုင်ပါ၊ ဒီနေပါဆိုပြီး နေရာထိုင်ခင်းပေးတယ်။
အဲဒီ သာဓုခေါ်တာကြားလို့ ရှင်မောဂ္ဂလာန်ကြီးက ဘုရားမေးနေရင် မောနေဦးမယ်၊ သိကြားဆီလိုက်မေး တာပဲ ကောင်းပါတယ်၊ ဒီတရားကို သူ သာဓုခေါ်တဲ့အခါကျတော့ သိကြားက ဟိုကျတော့ အာရုံတောထဲရောက်သွား တဲ့အခါ အကုန်မေ့နေတယ် (မှန်ပါ)။ ချက်ချင်းလိုက်မေးတာတောင် မေ့နေသေးတယ်ဆိုတော့၊ အာရုံတရားတွေဟာ ဘယ်လောက် ထိအောင် လှည့်စားတယ်ဆိုတာ ပေါ်လာပါတယ် (ပေါ်လာပါတယ် ဘုရား)။
အာရုံတွေက လှည့်စားထားတယ်
မင်းတို့လဲ အတူတူပါပဲ။ တရားတွေ ဟောလိုက်ပေမယ့် တော်တော်ကြာကျတော့ တွေးမရ၊ ကြံမရ။ ဒါတွေ ဟာ အာရုံတွေက လှည့်စားထားတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ)။ ဒီအာရုံတွေက လှည့်စားနေလို့ရှိရင်ဖြင့်၊ ဒီအာရုံ တွေက မကောင်းတဲ့အာရုံတွေမို့ ကောင်းတာပျောက်တာပဲလို့ မှတ်ရမယ် (မှန်ပါ)။ မကောင်းတဲ့အာရုံတွေ လာရင် ကောင်းတာတွေ (ပျောက်ပါတယ် ဘုရား)။
အဲ ရှေးက ဘုရားအဆူဆူနဲ့တွေ့လို့ တစ်ခါတလေ နာဖူးတာကိုလဲ ဒီအာရုံတွေက လှည့်စားပစ်လိုက် လို့ရှိရင် ပျောက်ပျက်သွားတဲ့အတွက် ကျွတ်လမ်း-လွတ်လမ်းတွေနဲ့ မကြုံခဲ့၊ မဆုံခဲ့တာဟာ ဒီအဓိပ္ပာယ်ပဲ (မှန်လှပါ ဘုရား)။
ဒါနဲ့ ရောက်သွားတဲ့ အခါကျတော့ သိကြားက ထိုင်ပါဦး၊ နေပါဦး အစရှိသည်နှင့် ပြောပြီး သကာလ ဒီက စကားမှ မစရသေးဘူး ဟိုက စကားတွေ အမျိုးမျိုးအဖုံဖုံ ဖာပြီးတော့ နတ်ပြည်မှာလည်း နတ်ကိစ္စများတဲ့ အကြောင်း ဆိုပြီး သကာလ သူကလဲ သတိကိုမရဘူး။ ဒါ မေးဖို့ လိုက်လာတယ်ဆိုတာလဲ သူ ရိပ်မိတယ် (မှန်ပါ)။ ဖြေကို မဖြေနိုင်ဘူး၊ သတိကို မရဘူး။ အဲဒီလောက်ကျအောင်ပဲ အာရုံတွေက လှည့်စားလိုက်လို့ မေ့သွားတော့ သူက နတ် မင်းကြီးတွေ ခေါ်ပြီး သကာလ ရှင်မောဂ္ဂလာန်ကို ငါ့ပြာသာဒ်ကြီးတွေ၊ ငါ့အကျိုးပေးကြီးတွေကို လျှောက်ပြစမ်းပါဦး ဆိုတော့ ဒိပြင် နတ်မင်းကြီးတွေကလဲ ရှင်မောဂ္ဂလာန်ကို ပင့်သွားပြီး သကာလ ဒါက ရွှေတိုင်၊ ဒါက ငွေတိုင်၊ ဒါက ပတ္တမြားတိုင်နဲ့ အမျိုးမျိုးအဖုံဖုံ တာဝတိံသာဘုံကြီး လျှောက်ပြနေတာပဲ (မှန်လှပါ ဘုရား)။
အခုနာလာတဲ့တရား အခုမေ့တယ်
လျှောက်ပြတော့ ရှင်မောဂ္ဂလာန်က ရိပ်မိတယ်။ ဒီကောင် အခုနာလာတဲ့တရား အခုမေ့တယ်ဆိုလို့ရှိရင် နေရာတော့မကျဘူးဆိုပြီး သကာလ ကောင်းကင်တက်ပြီးတော့ ဝေဇယန္တာပြာသာဒ်ကြီးကို ထိပ်ဦးကနေပြီး ခြေမနဲ့ညှပ် ပြီးတော့ ယမ်းတယ်။ အဲဒီလို ယမ်းတဲ့အခါကျတော့ အကုန် ဇီးဖြူသီး စကောထဲလိမ့်သလို နတ်သမီး၊ နတ်သားတွေ အကုန်လုံး လိမ့်ကုန်တာပဲ။ လိမ့်ကုန်တော့မှ ကိုးစားရာ၊ အားထားရာရှာတယ်။ အဲဒီတင်မှ အကုန်ကြောက်လန့်ပြီး သကာလ လာတော့မှ သိကြားက သတိလေးပြန်ရလာတယ် (မှန်ပါ)။ ဒီပြင်အာရုံတွေ ပျောက်သွားပြီကော၊ ကြောက်လန့် တော့ ကိုးစားစရာ ရှာလာပြီကော (မှန်ပါ)။ အင်း တဏှာအရင်ကုန်တဲ့ဥစ္စာ ဘာပါလိမ့်မတုံးဆိုပြီး တွေးလိုက် တဲ့အခါ ဪ ဘုရား အခုတင်ပဲ ဟောလိုက်သေးတာပဲ၊ ငါမေ့မှ မေ့နေတာပဲဆိုပြီး သူ ပြန်စဉ်းစားတော့မှ ဘုရားဟောတာကို သူ ပြန်သတိရပါတယ် (မှန်လှပါ ဘုရား)။
ဟာ သတိရပါပြီဘုရား၊ တပည့်တော်က သွားမေးပါတယ် အရှင်ဘုရား၊ တဏှာအမြန်ဆုံးကုန်ပြီး နိဗ္ဗာန် ရောက်တဲ့တရားကို ဟောတော်မူပါလို့ သွားပြောတဲ့အခါကျတော့ ဝေဒနာသုံးပါး လှည့်ရှုရမယ်၊
ခယ-ဝယ မြင်အောင် ရှုရမယ်
ရှုတဲ့အခါ ခယ-ဝယ မြင်အောင် ရှုရမယ်၊ ခယ-ဝယမြင်အောင် ရှုနိုင်လို့ရှိရင် ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်တယ်။
ခယ-ဝယ ကို မြင်အောင်ရှုနိုင်မှဆိုတော့ မင်းတို့သည် ရုပ်ရှုလဲ ခယ-ဝယမြင်အောင် ရှုရမှာပဲ၊ ကုန်တာ ပျက်တာ မြင်အောင် ရှုရမှာပဲ (မှန်ပါ)။ ဟာ တပည့်တို့ စိတ်ပဲရှုမယ်ဆိုရင်လဲ စိတ်မြင်နေလို့ မဖြစ်ဘူးတဲ့၊ ခယ-ဝယမြင်အောင် ရှုရ မှာချည်းပဲ (မှန်လှပါ ဘုရား)။
ဝေဒနာရှုသလိုချည်း မှတ်ရမယ် (မှန်ပါ)။ ဝေဒနာရှုလိုက်ပြန်လဲ ခယ-ဝယမြင်အောင်ကြည့်ဖို့ပဲ အရေးကြီး တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဝိပဿနာဉာဏ်၏အမြင်သည် မောင်ထွန်းတင် ခယ-ဝယမြင်ဖို့ အရေးကြီးတယ် (မှန်ပါ)။ ခယ-ဝယဆိုတာ ကုန်တာ ပျက်တာ (မှန်ပါ)။ တင်လှ ဘာတဲ့တုံး (ကုန်တာ ပျက်တာပါ ဘုရား)။ ကုန်တာ ပျက်တာ မြင်အောင်ကြည့်ဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)။
အဲဒါကြောင့် ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ပြီး သကာလ ဝေဒနာပေါ်တဲ့နေရာမှာ ကုန်တာ ပျက်တာလေးမြင်အောင် ကြည့်ရပါတယ်လို့ သိကြားကဖြေတယ် (မှန်ပါ)။ အေး နောက် ဒီလိုမမေ့စေနဲ့၊ ဒီဥစ္စာ အင်မတန်အဖိုးတန်တဲ့ တရား၊ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆည်းပူးတဲ့ဉာဏ်နဲ့မှ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ဘယ်ဟာသည် တဏှာကို အရင်ကုန်စေနိုင်သတုံးလို့ ဘုရားဉာဏ်နဲ့ ကြံလိုက်တဲ့အခါမှာ ဝေဒနာ၏ ကုန်တာ ပျက်တာကို၊ သုခဖြင့် လဲ သုခ၏ ကုန်တာ ပျက်တာ မြင်အောင်ကြည့်၊ ဒုက္ခဖြင့်လဲ ဒုက္ခ၏ ကုန်တာ ပျက်တာ မြင်အောင်ကြည့်၊ ဥပေက္ခာ ဖြင့်လဲ ဥပေက္ခာဝေဒနာကို ဥပေက္ခာဝေဒနာ မတွေ့စေနဲ့၊ ကုန်တာ ပျက်တာ မြင်အောင်ကြည့်လို့ ဘုရားသခင်ကိုယ် တော်မြတ်ကြီး ဟောတဲ့ဥစ္စာ မင်းကမေ့ပစ်လို့ အခု ချောက်လှန့်ပြီး သကာလ မေးယူရတာ၊ နောက် ဘယ်တော့မှမမေ့ စေနဲ့လို့ မှာရသေးတယ် (မှန်လှပါ ဘုရား)။
နင်တို့ကလဲ ဘာလုပ်ကြရမှာတုံး
ကဲ ဒါဖြင့် ဒီတရားပွဲမှာ နင်တို့ကလဲ ဘာလုပ်ကြရမှာတုံး (ကုန်တာ ပျက်တာ မြင်အောင်ကြည့်ရမှာ ပါ ဘုရား)။ ဝေဒနာသုံးပါး လှည့်ပြီးတော့လေ (ကြည့်ရမှာပါ ဘုရား)။ ဝေဒနာသုံးပါးလှည့်ရှု၊ သူကတော့ လှည့်ပေါ်မှာ ပဲ (မှန်ပါ)။ အင်း တစ်ခါ မျက်လုံးက မြင်လိုက်တယ်ဆို ဥပေက္ခာဝေဒနာပေါ်တယ်၊ အဲဒါလေး ကုန်တာ ပျက်တာ၊ အင်း မျက်လုံးထဲ မရှိပြန်ဘူး၊ မရှိပြန်ဘူး သိအောင်ရှုနေရမယ် (မှန်ပါ)။ နားကကြားတဲ့ စိတ်ကလေးကိုလဲ ဝေဒနာလေးကိုလဲ၊ စိတ်နဲ့ ဝေဒနာတွဲနေတာ (မှန်ပါ)။ မရှိပြန်ဘူး ကြားတဲ့စိတ်ကလေး မရှိပြန်ဘူး၊ မရှိပြန်ဘူး သိအောင် နှာခေါင်းကနံလဲ နံတဲ့စိတ်ကလေး မရှိပြန်ဘူး၊ မရှိပြန်ဘူး သိအောင် (မှန်ပါ)။ လျှာက စားပြန်လဲ စားပြီး စားတဲ့စိတ်ကလေးဟာလဲ မရှိဘူး၊ မျိုချ မရှိဘူး၊ မျိုချ မရှိဘူး၊ ကိုယ်ပေါ်မှာ ယားတယ်-ယံတယ် စိတ်ကလေးကလဲ ထို့အတူပဲ၊ မရှိတာ ကုန်တာ ပျက်တာ မြင်အောင်ကြည့်ရမယ် (မှန်လှပါ ဘုရား)။
ကုန်တာ ပျက်တာ မြင်အောင်ကြည့်လို့ရှိရင် ဝေဒနာနိရောဓာ တဏှာနိရောဓောဖြစ်သောကြောင့် တဏှာ မကုန်ဘူးလား ကုန်သလား (ကုန်ပါတယ် ဘုရား)။ တဏှာကုန်တယ်ဆိုတော့ ဪ ဒါဖြင့် မောင်ချစ်စိန်တို့ တင်လှတို့ မှတ်ရမှာက ဪ ဝေဒနာဟာ တဏှာအကုန်လွယ်ဆုံးပဲ (မှန်ပါ)။ သူကတော့ သူချုပ်သွားတယ်ဆို တော့ ဝေဒနာပစ္စယာ တဏှာမဖြစ်တော့ဘဲ (မှန်ပါ)။ ဝေဒနာရှိနေရင်သာ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန် ဆက်မှာကိုး (မှန်လှပါ ဘုရား)။
ဝေဒနာနိရောဓာ တဏှာနိရောဓော
အခုတော့ သူကုန်တာ ပျက်တာကို တို့ကမြင်နေတော့ သူ့ကိုက ချုပ်နေတာ (မှန်ပါ)။ သူချုပ်နေတော့ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။ တဏှာနိရောဓော၊ တဏှာနိရောဓာ (ဥပါဒါနနိရောဓောပါ ဘုရား)။ ဥပါဒါနနိရောဓာ (ကမ္မဘဝနိရောဓောပါ ဘုရား)။ ကမ္မဘဝနိရောဓာ (ဇာတိနိရောဓောပါ ဘုရား)။ အဲ ဇာတိ နိရောဓာ (ဇရာ၊ မရဏနိရောဓောပါ ဘုရား)။ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ နိရောဓောဟောတိ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။ အဲဒီတော့ ဇာတိ၊ ဇရာ၊ မရဏချုပ်တာ နိဗ္ဗာန် (မှန်ပါ)။ တဏှာ၊ ဥပါဒါန်၊ ကံချုပ်တာလဲ နိဗ္ဗာန် ပါ ဘုရား)။
အဲဒီတော့ နိဗ္ဗာန်ဆိုတာသည်ကား ဆိုလို့ရှိရင်ဖြင့် တဲ့၊ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချုပ်လို့ရှိရင် ဒါ နိဗ္ဗာန်ပဲ (မှန်ပါ)။ တဏှာ၊ ဥပါဒါန်၊ ကံက သမုဒယသစ္စာ။ ဇာတိ၊ ဇရာ၊ မရဏက (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာ၊ ဒီနှစ်ခု ချုပ်သွားတာက ခယ-ဝယ ရှုချလိုက်တာ (မှန်လှပါ ဘုရား)။
အဲဒီတော့ ဘယ်အချိန် ဘယ်ကာလမဆို သေခါနီးတောင်မှ ကိုယ့်ဝေဒနာ ကိုယ်ရှုပြီးသေလို့ရှိရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် မသေခင်ဖြစ်နိုင်သေးတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အဲဒီတင်မှတဲ့ ဝေဒနာ ဟာ အကောင်းဆုံးတရားထဲမှာ အပါအဝင်ပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် သုခဝေဒနာလာလဲ ဘာလုပ်ကြမှာတုံး (ဖြစ်-ပျက် ရှုရမှာပါ ဘုရား)။ ဖြစ်-ပျက် ရှုရ မယ်၊ ခယ-ဝယပဲနော် (မှန်ပါ)။ ဒုက္ခဝေဒနာလာလဲ (ဖြစ်-ပျက် ရှုရမှာပါ ဘုရား)။ ဥပေက္ခာဝေဒနာလာလဲ (ဖြစ်- ပျက် ရှုရမှာပါ ဘုရား)။ ဖြစ်-ပျက် ရှုရမှာချည်းပဲ တဲ့။
ဖြစ်-ပျက် ရှုရမှာချည်းပဲ
အဲဒီတော့ သုခဝေဒနာ ဖြစ်-ပျက် မရှုလို့ရှိရင် တဏှာမသေဘူး၊ ဒုက္ခဝေဒနာ ဖြစ်-ပျက် မရှုလို့ရှိရင် နောက်က ဒေါမနဿ၊ သောက၊ ပရိဒေဝတို့ မသေဘူး (မှန်ပါ)။ ဥပေက္ခာဝေဒနာကို ဖြစ်-ပျက် မရှုလို့ရှိရင်လဲ အဝိဇ္ဇာ-သင်္ခါရတို့ မသေနိုင်ဘူး (မှန်ပါ)။ အဲဒီတော့ ဝေဒနာသုံးမျိုး လှည့်ရှုလိုက်လို့ရှိရင် ပဋိစ္စသမုပ္ပာဒ်မှာ အစက လဲပြတ် အလယ်ကလဲပြတ်၊ အဆုံးကလည်း ပြတ်သောကြောင့် ဒုက္ခအဆက်ဟူသရွေ့ အကုန်မပြတ်ဘူးလား (ပြတ် ပါတယ် ဘုရား)။ ဒါဖြင့် ဒုက္ခပြတ်ရာကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲဒီတော့ ဒီဝေဒနာသုံးပါးတရားဟာ သိကြားကို အကျဉ်းဆုံးနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတဲ့ တရားဖြစ်သောကြောင့် ဘာမှသံသယမရှိပဲနဲ့ ဪ ဒါသည်ကားဆိုလို့ရှိရင် သမုဒယ၊ ဒုက္ခချုပ်တဲ့တရား အမှန် အစစ်၊ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ချုပ်တယ်ဆိုကတည်းက သစ္စာလေးပါးရှိတဲ့အနက်က နှစ်ခုပျောက်ရင် နှစ်ခုကျန် ရတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒုက္ခ-သမုဒယချုပ်ရင် မဂ္ဂ-နိရောဓကျန်တယ်
ဒုက္ခ-သမုဒယချုပ်သွားတယ် ဘာကျန်ရစ်တုံး (မဂ္ဂ-နိရောဓ ကျန်ပါတယ် ဘုရား)။ မဂ္ဂ-နိရောဓကျန်တော့ ဒီဝေဒနာတွေ၏ နိရောဓဟာ အကုန်ချုပ်သွားမယ်ဆိုရင် နိဗ္ဗာန်ပဲ (မှန်ပါ)။ မြင်တာဟာ မဂ်ဉာဏ်ပဲ (မှန်ပါ)။ ဒီ ဘက်က သမုဒယတို့၊ ဒုက္ခတို့ချုပ်တာသည် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာကို ပယ်ပြီးသား။ ပိုင်းခြားဖို့သစ္စာကို ပိုင်းခြား ပြီးသားဖြစ်နေသောကြောင့် အလယ်မှာ မဂ်ဟာ မပေါ်ပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။
အဲ ဒီအတိုင်းပဲ အထက်ကို တက်ရှုသွား (မှန်ပါ)။ သကဒါမိမဂ်လိုချင်လဲ ဒီဝေဒနာသုံးပါးကနေတက် လဲ ရတာပဲ (ရပါတယ် ဘုရား)။ ဒီကနေတက်၊ ရဟန္တာဖြစ်ချင်လဲ (ဒီကနေတက်ရမှာပါ ဘုရား)။ ဒီကနေတက်၊ သတိ ပဋ္ဌာန်လေးပါးမှာ ဒါကြောင့် ဝေဒနာနုပဿနာကို သီးသန့်ထားတာ (မှန်ပါ)။ မရနိုင်ဘူးလို့ ဒီလိုအယူမရှိပါနဲ့၊ ရနိုင်တာချည်းပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
