”အမှန်သုံးချက်ရောက်ဖို့ အရေးကြီးပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြားတော်မူအပ်သော
”အမှန်သုံးချက်ရောက်ဖို့ အရေးကြီးပုံ”
ည-အလုပ်ပေး တရားတော်
(၂၀-၁၂-၆၀)
လှံထိုးခံရာပစ္စည်းနဲ့တူတယ်
မင်းတို့ခန္ဓာကိုယ်ကြီးဟာ လှံထိုးခံရာပစ္စည်းနဲ့တူတယ်။ ခန္ဓာငါးပါးသည် လှံထိုးခံရာ ဝတ္ထုပစ္စည်းကြီးတစ်ခုနဲ့ တူပါတယ်။
ဘယ်လိုကြောင့် တူပါသတုံးလို့ မေးတဲ့အခါကျတော့ သားလေးကအော်လို့တယ်ဆိုလို့ရှိရင်ဖြင့်၊ အမေ-အဖေ လုပ်တဲ့ ပုဂ္ဂိုလ်က ဘယ့်နှယ်ပါလိမ့်မတုန်း၊ ဘာဖြစ်ပါလိမ့်မတုန်းဆိုတဲ့ ထိတ်လန့်လုံးတွေ မလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒီတော့ နားပေါက်ကနေပြီး၊ လှံနဲ့ထိုးလိုက်တာပဲ (မှန်လှပါ ဘုရား)။
သားလေးက ဟိုကနေ၊ ဗိုင်းကနဲ့ လဲလိုကတယ်ဆိုလို့ရှိရင်ဖြင့် မျက်လုံးပေါက်က ဘယ့်နှယ်ဖြစ်ပါလိမ့်မယ်၊ နာများသွားသလား၊ ပဲ့ရွဲ့များသွားသလားဆိုပြီး မျက်လုံးပေါက်ကလဲ အထိုးခံလိုက်ရတာပဲ (မှန်လှပါ ဘုရား)။
နှာခေါင်းပေါက်ကလဲ ပုပ်တဲ့အနံ့တွေ၊ ညှီတဲ့အနံ့တွေလာရင်၊ ဒေါမနုဿတွေမဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဖြစ်တော့ နှာခေါင်းပေါက်ကနေပြီး အနံ့ကနေ ထိုးလိုက်တော့လဲ၊ ဟိုမှာ ဒုက္ခဒေါမနဿ ခန္ဓာငါးပါးရှိတဲ့ ပုဂ္ဂိုလ်မှာ ဖြစ်ရတာပဲလို့မှတ်ရမယ် (မှန်လှပါ့ ဘုရား)။
လျှာပေါက်ကလဲ ငရုတ်သီးတို့ ဘာတို့၊ မတဲ့တာတွေကို စားမိတဲ့အခါကျလို့ရှိရင်ဖြင့်၊ တစ်ခါတည်း စိတ်ထဲမှာ ဒုက္ခဒေါမနဿတွေဖြစ်တော့၊ လျှာပေါက်ကလဲထိုးလိုက်တာပဲ (မှန်လှပါ ဘုရား)။
ကိုယ်ပေါက်ကိုလဲ ဆူးတွေ၊ နေတွေ၊ လေတွေက ကိုယ်ပေါက်ပေါ်မှာ ထိုးလိုက်တဲ့အခါကျတော့ တစ်ကိုယ်လုံဟာ ချမ်းသွားရတာနဲ့၊ တစ်ကိုယ်လုံးဟာ ပူပြင်းသွားရတာနဲ့၊ ဒုက္ခဒေါမနဿတွေမလာဘူးလား (လာပါတယ် ဘုရား)။
အားရုံငါးပါးသည် လှံငါးစင်း
ကောင်းပြီ ဒါဖြင့်၊ အားရုံငါးပါးသည် လှံငါးစင်းနဲ့တူတယ်လို့ မှတ်ထားရမယ် (မှန်ပါ့)၊ ခန္ဓာငါးပါးသည် အထိုးခံစရာ ပစ္စည်းနဲ့တူတယ်လို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးရတဲ့ ပုဂ္ဂိုလ်များမှာ ဒီငါးချက်ဟာ လှည့်ပြီးအထိုးခံနေရတယ်ဆိုလို့ရှိရင်လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဒါဖြင့် ခန္ဓာငါးပါးသည် လှံတို့၏ ထိုးရာဌာန၊ ဝတ္တုပစ္စည်းတစ်ခုလို့မှတ်ထားပါ (မှန်လှပါ ဘုရား)။
အဲ့ဒီတော့ တစ်နေ့လုံးမှာ၊ နင်တို့အိမ်မှာ နေကြတဲ့အခါ ကျလို့ရှိရင်ဖြင့်၊ ဘာသံကြားသေးတုံးဆိုပြီး လန့်စရာမြင့် လိုက်ပြန်လဲ လန့်သွားတာဘဲ၊ ဝမ်းမြောက်စရာမြင်လိုက်လဲ ဝမ်းမြောက်လာတာဘဲ (မှန်လှပါ ဘုရား)။
ဆိုတော့ ဒီခန္ဓာကြီးဟာဖြင့်၊ အမြဲတမ်းအငြိမ်နေရတယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါဖြင့် ဒီခန္ဓာငါးပါးကြီး ဟာ အမြဲတုန်လှုပ်နေရတဲ့ ခန္ဓာကြီးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ လှံငါးချက် ထိုးနေလို့နော် (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စလတော၊ စလတော – နဲ့၊ စလတော- တုန်လှုပ်တတ်သော သဘောသတ္တိရှိ၏၊
စလတော တုန်လှုပ်တတ်သော သဘောသတ္တိရှိ၏
တုန်လှုပ်တတ်သော သဘောသတ္တိရှိ၏ ဆိုတာ သူ့မှာ မတုန်လှုပ်ရတဲ့အချိန်ရယ်လို့ ပါသေးရဲ့လား (မပါ-ပါ ဘုရား)၊ မပါတော့ပါဘူး (မှန်လှပါ ဘုရား)။
အမြဲတမ်းတုန်လှုပ်ပြီး သကာလ နေရသောကြောင့်၊ သူမှာ တုန်လှုပ်တတ်တဲ့ သဘောသတ္တိရှိတယ် (မှန်ပါ့)၊ ခန္ဓာကြီးမှာ ဘာသတ္တိရှိသတုန်း (တုန်လှုပ်တတ်တဲ့ သတ္တိရှိပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် တုန်လှုပ်ရသတုန်းလို့ မေးလု့ိရှိရင် လှံငါးစင်းကဝိုင်းထိုးနေလို့ (မှန်လှပါ ဘုရား)။
ဒီပြင် လှံကတော့ ရှပ်ထိသွားတယ်၊ လွဲသွားတယ်ဆို တော်သေးတာပေါ့၊ ဒီဟာတွေကတော့၊ အတွင်းကို တစ်ခါတည်း နားပေါက်ကထိုးလိုက်လဲ ဝမ်းထဲကိုရောက်တာပဲ၊ နားပေါက်ကကြားပြီး ဝမ်းထဲက စိုးရိမ်လာတာကိုးကွ (မှန်လှပါ ဘုရား)၊ ဒီပြင်လှံတွေလို့ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)၊ သူကပိုမိုပြီး သကာလ ထက်မြက်တယ်ဆိုလို့ ရှိရင် ဖြင့်လလွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီးဟာ အမြဲတမ်းတုန်လှုပ်နေသောကြောင့် စလတော၊ ရောဂတော၊ ရောဂါတွေလဲ အမြဲရနေတယ်၊ ဒုက္ခဒေါမနဿ ရောဂါတွေမရဘူးလား (ရပါတယ် ဘုရား)၊ တုန်လှုပ်နေတာလဲ အမြဲတမ်း၊ တုန်လှုပ်ရင်းမတ္တနဲ့ ရောဂါရနေတာလဲ အမြဲတမ်း (မှန်လှပါ ဘုရား)။
အဲဒါဟာ အာရုံငါးပါးတွေက ၁-၂-၃-၄-၅၊ (ပုံစံခွက်များချပြသည်)၊ အာရုံငါးပါးတွေက အလှည့်ကျ ထိုးနေတာ ကွ (မှန်ပါ့)၊ ဒါကြောင့် အာရုံငါးပါးတို့၏ အလှည့်ကျထိုးရာ ဖြစ်သောကြောင့် တုန်လှုပ်တတ်တယ်၊ ရောဂါအမျိုးမျိုး ရှိတယ် ဒီခန္ဓာငါးပါးမှာ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုရားက ရောဂတော၊ စလတောနဲ့ ဟောတော်မူတယ်နော်(မှန်ပါ့)၊ တင်လှ- မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)၊
လှံငါးချက်ကလှည့်ထိုးနေတာ
ဟောသင့်တယ်တဲ့၊ ဟိုကနေထိုး၊ အဲဒီကြားထဲမှာ မင်းတို့ ဘယ်အချိန်များပျော်သတုန်းလို့ မေးလို့ရှိရင်ဖြင့် ဘယ်အချိန်မှ ပျော်စရာမရှိပါဘူး၊ လှံငါးချက်ကလှည့်ထိုးနေတာပဲ (မှန်လှပါ ဘုရား)။
လှံငါးချက်က (လှည့်ထိုးနေပါတယ် ဘုရား)၊ ဒီအထဲမှာ မင်းတို့က ပြုံးချည်တစ်လှည့်၊ မဲ့ချည်တစ်လှည့်နဲ့ ခံနေရ တာပဲ (မှန်ပါ့)၊ ပြုံးချည်တစ်လှည့်၊ မဲ့ချည်တစ်လှည့်နဲ့ခံပြီး သကာလ နေရသောကြောင့် စလတော၊ ရောဂတောလို့ဘုရားက ဟောလိုက်တယ်၊ စလတောဆိုတာက ပြုံးတာလဲ လှုပ်တာပဲ၊ မဲ့တာလဲမလှုပ်တာဘဲ (မှန်လှပါ ဘုရား)။
အဲ့ဒီတော့ ခန္ဓာကိုယ် အထဲမှာ ဒုက္ခဒေါမနဿဝေဒနာတွေဆိုတဲ့ ဒုက္ခရောက်တာတွေ၊ စိတ်နှလုံးမသာယာ တာတွေ၊ သောကတွေ၊ ပရိဒေဝတွေ၊ ပြင်းစွာ ပင်ပန်းတဲ့ဥပါယာသတွေ အစရှိတဲ့ရောဂါတွေဟာ ခန္ဓာကိုယ်အတွင်း ကို မရောက်လာပေဘူးလား (ရောက်လာပါတယ် ဘုရား)၊ အဲ ဝေဒနာတွေ ရောက်လာတယ်တဲ့။
ဘယ့်နှယ်ကြောင့် ဝေဒနာတွေ ရောက်လာသတုန်း -လို့မေးလို့ရှိရင် လှံထိုးတဲ့ ဒဏ်ချက်တွေက ပြင်းလွန်းလို့ (မှန်ပါ့)၊
ဘယ်လို့မှတ်ကြမယ် (လှံထိုးတဲ့ ဒဏ်ချက်တွေကပြင်းလွန်းလို့ပါ ဘုရား)၊ လှံထိုးတဲ့ ဒဏ်ချက်တွေ ပြင်းလွန်းလို့ ခန္ဓာကြီးထဲမှာဖြင့် ဝမ်းသာတစ်လှည့် – ဝမ်းနည်းတစ်လှည့်၊ ဝမ်းသာတစ်လှည့် ဝမ်းနည်းတစ်လှည့်ဖြစ်နေတယ် (မှန်ပါ့)၊ ဝမ်းသာတော့ သောမနဿဝေဒနာပေါ့ကွာ၊ ဝမ်းနည်းတော့ ဒေါမနဿဝေဒနာပေါ့ကွာ (မှန်လှပါ ဘုရား)။
အလိုလိုလာတဲ့ဝေဒနာတွေလား
ဒါ အလိုလိုလာတဲ့ဝေဒနာတွေလား၊ လှံချက်မိတာတွေလားလို့ မေးကြည့်ပါ (လှံချက်မိတာတွေပါ ဘုရား)၊ လှံချက်မိတာတွေဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊
ဒါဖြင့် မင်းတို့ခန္ဓာကြီးရတာသည် လှံထိုးခံရပါလို၏၊ ဝေဒနာအမျိုးမျိုးနဲ့ ကြုံရပါလို့၏ ဆိုတဲ့စကားဟာလွဲပါ့မလား (မလွဲပါ ဘုရား)၊ ဒါခန္ဓာဆုထောင်းတဲ့ ပုဂ္ဂိုလ်များ၏ မိုက်ပြစ် (မှန်လှပါ ဘုရား)။
ခန္ဓာဆုထောင်းတဲ့ပုဂ္ဂိုလ်မှာလှံထိုးခံရပါလို့၏၊ အနာမျိုးစုံကြုံရပါလို၏၊ မောင်ထွန်းတင် ဒါတွေတောင်းကြ ကွ (မှန်ပါ့)၊ အခုသေသေချာချာတွေးကြည့်တော့၊ ဒီအတိုင်းပဲမနေဘူးလား (ဒီအတိုင်းနေပါတယ် ဘုရား)၊ လှံကဘယ့်နှစ် ချောင်းတုန်း (ငါးချောင်းပါ ဘုရား)၊ ငါးချောင်းကလဲ ငါးချောင်းစလုံးတော့ ပြိုင်မထိုးပါဘူးတဲ့၊ တစ်ချောင်းပြီးတစ်ချောင်း လှည့်ထိုးနေတာဘဲ (မှန်လှပါ ဘုရား)။
နားကြားရလို့ မချမ်းသာတာမရှိဘူးလားကွာ (ရှိပါတယ် ဘုရား)၊ နှာခေါင်းက အနံ့တွေရလို့ မချမ်းသာတာကော (ရှိပါတယ် ဘုရား)၊ လျှာကမကောင်းတာတွေ စားမိလို့မချမ်းသာတာတွေ (ရှိပါတယ် ဘုရား)၊ ကိုယ်ကမကောင်းတာတွေ ထိမိလို့ မချမ်းသာတွေတွေ (ရှိပါတယ် ဘုရား)။
အဲဒီတော့ မချမ်းသာတာဟူသရွေ့က၊ သူအထဲချည်းလာတာဘဲ (မှန်ပါ့)၊ ဘယ်အထဲလာသတုန်း (ခန္ဓာထဲပါ ဘုရား)၊ ခန္ဓာငါးပါးထဲချည်း ဝင်လာတယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးသည် လှံထိုးခံရာဖြစ်လေသောကြောင့်၊ တုန်လှုပ်တတ်သော ခန္ဓာကိုယ်၊ ရောဂါအပြည့် ရှိသော ခန္ဓာကိုယ်လို့ ဆိုလို့ရှိရင်၊ ဘယ်အခါမှာလွဲသတုန်း (ဘယ်အခါမှမလွဲပါ ဘုရား)။
မတုန်လှုပ်ရတဲ့ နေ့ရယ်လို့ပါသေးရဲ့လား
ဒါဖြင့် လူဖြစ်တဲ့နေ့ကစ၊ နတ်ဖြစ်တဲ့နေ့ကစ၊ ခန္ဓာရတဲ့နေ့ကစ၊ စချင်တဲ့နေ့ကစ၊ သူ့မှာဖြင့် ရောဂါကင်းတဲ့နေ့၊ မတုန်လှုပ်ရတဲ့ နေ့ရယ်လို့ပါသေးရဲ့လား (မပါ-ပါ ဘုရား)၊
ကိုယ်ပေါက်ကနေပြီး ခြင်ကိုက်လိုက်လဲ တုန်လှုပ်လာတာပဲ (မှန်ပါ့) အင်း နာလိုက်တာ၊ ယားလိုက်တာ -ဆိုတဲ့ ဝေဒနာတေလဲ ဝမ်းထဲပေါ်နေတာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဒီခန္ဓာငါးပါးကြီးသည် ရောဂါအပြည့်ရှိတယ်၊ အမြဲတုန်လှုပ်တတ်တဲ့သဘော၊ လှံငါးချက်၏ အမြဲထိုးဆွ ရာဌာနကြီးတစ်ခုဖြစ်ပေါ်လာတယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကြီးကို လိုချင်စရာ၊ ရချင်စရာ၊ နှစ်သက်စရာ၊ ခင်တွယ်စရာ ရှိပါရဲ့လာ (မရှိပါ ဘုရား)၊ ဘာကြောင့်တုန်းဆိုတော့ ဘယ်ဘဝ ရ-ရပါလို့၏။ လှံထိုးခံရပါလို့၏။ ဒါပဲ (မှန်ပါ့)၊ နတ်ဖြစ်ရပါလို့၏ – ဆိုရင် နတ်တို့၏ လှံငါးချက်အထိုးခံရပါလို့၏ (မှန်ပါ့)၊ ဗြဟ္မာဖြစ်ရပါလို့၏ ဆိုတော့ကော (ဗြဟ္မာတို့၏လှံငါးချက် အထိုးခံရမှာ ပါ ဘုရား)။
အဲဒီလောက်ကျအောင် မင်းတို့က မသိလို့ ဘယ်ခန္ဓာဖြစ်ရင်ကောင်းနိုးနိုး၊ ဘယ်ခန္ဓာဖြစ်လို့ရှိရင် ချမ်းသာလိမ့် မယ်လို့ထင်နေတယ် (မှန်ပါ့)၊ ဘယ်ခန္ဓာဖြစ်လို့မှ မချမ်းသာဘူးဆိုတာ ဒီလှံငါးချက်ကို၊ ဒီနေ့ပေါ်ပေါ်လွင်လွင် မင်းတို့ သိလို့ရှိရင်တော့ ဘယ်ခန္ဓာဖြစ်မှပဲချမ်းသာလိမ့်မယ်၊ ရောဂါကင်းလိမ့်မယ်၊ တုန်လှုပ်မှုရပ်စဲလိမ့်မယ် ဆိုလို့ရကြရဲ့လား (မရပါ ဘုရား)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)၊ ဆိုးဝါးတယ်တဲ့။
အတွင်းလှုပ်လား၊ အပြင်လှုပ်လား
ဥပမာမယ် ဆန်ရှားတယ်လို့ အသံကြားလိုက်ရင်၊ အင်း တုန်လှုပ်ပြီး(မှန်ပါ့)၊ ဆီရှားတယ်လို့ အသံကြားလိုက်ရင် (တုန်လှုပ်ပါတယ် ဘုရား)၊ ချည်မရတော့ဘူးလို့ပြောလိုက်ရင် (တုန်လှုပ်ပါတယ် ဘုရား)၊ ဘယ်ဟာက တုန်လှုပ်တာတုန်းကွ (ခန္ဓာကပါ ဘုရား)၊ အတွင်းလှုပ်လား၊ အပြင်လှုပ်လား မေးကြည့်စမ်း (အတွင်းလှုပ်ပါ ဘုရား)၊
ဒါဖြင့်ကွာ တုန်လှုပ်တော့ကို ဘာတွေဖြစ်လာသတုန်း၊ ဒေါမနဿဝေဒနာတွေ မလာဘူးလား(လာပါတယ် ဘုရား)၊ စိတ်နှလုံးမချမ်းသာတဲ့ဝေဒနာတွေ (လာပါတယ် ဘုရား)၊ မင်းတို့စားတဲ့အစာတောင်မှ ကြေစရာမရှိပါဘူး (မှန်လှပါ ဘုရား)။
ဒီ လှံငါးချက်က လှည့်ထိုးနေတာပဲ (မှန်ပါ့)၊ ကိုယ်ပေါက်ကို နေကထိုးလိုက်၊ လေကထိုးလိုက်၊ ခြင်ကထိုးလိုက်နဲ့ အို တစ်ခါတည်း အနားများရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒီ တစ်ချက်ကနားလိုက်ရင်၊ ဟိုတစ်ချက်ကနားလိုက်ရင်၊ ဟိုတစ်ချက်ကဝင်လာတာဘဲ (မှန်လှပါ ဘုရား)။
အဲဒါကြောင့် ခန္ဓာငါးပါးရတဲ့ ပုဂ္ဂိုလ်များမှာ တုန်လှုပ်မှု၊ ရောဂါအပြည့်ရှိမှုမှ တစ်ပါး ဘာမှအမြတ်အစွန်း မထွက်ဘူး (မှန်ပါ့)၊ ခန္ဓာငါးပါးရတဲ့ ပုဂ္ဂိုလ်မှာ တုန်လှုပ်မှုရယ်၊ ရောဂါရမှုမှတစ်ပါး တင်လှတို့ ဘာရှိသေးတုန်း (ဘာမှမရှိပါ ဘုရား)။
ဒီလိုမှ အထိုးမခံရလို့ ရှိရင်လဲ မင်းတို့က လျှောက်မေးသေးတာကွ၊ ဘာသံများကြာသေးတုန်း၊ အထိုးခံချင်လို့ (မှန်ပါ့)၊ လျှောက်မမေးကြဘူးလား (မေးပါတယ် ဘုရား)၊ ထိတ်စရာရှိ စောစောစီးစီးထိတ်ပါရစေ၊ လန့်စရာရှိရင်ကော (စောစောစီးစီးလန့်ချက်လို့ပါ ဘုရား)။
မိုက်လိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့
မင်းတို့ကိုယ်ကလဲ မိုက်လိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့၊ နဂိုကတုန်လှုပ်ရတဲ့ အထဲမှာ၊ ဟင် (မှန်ပါ့)၊ မတုန်လှုပ်ရလို့ရှိရင် တုန်လှုပ်တတ်တဲ့အကြောင်းကို ပြောစမ်းပါဦးဆိုပြီး မင်းတို့ကလိုက်ပြီး သကာလ စကားတောင်း သေးတယ် (မှန်ပါ့)၊ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။
ဒါဖြင့် ဟိုကချည်းထိုးတာလား၊ မင်းတို့၏ ခံချင်မှုကလဲရှိနေသလားဆိုတာလဲတွက်ရသေးတယ် (ခံချင်မှုရှိနေ ပါတယ် ဘုရား)၊ ခံချင်မှုကလဲရှိ၊ ထိုးတဲ့ဥစ္စာကလဲလျှော့မှာမဟုတ်ဘူး (မှန်ပါ့)၊ ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ဘယ်အချိန်ကောင်းသတုန်းလို့ မေးရင်ဘယ့်နှယ်ပြောမှာတုန်း (ဘယ်အချိန်မှ မကောင်းပါ ဘုရား)။
ဘယ်အချိန်မှ မကောင်းသောကြောင့် တုန်လှုပ်တတ်တဲ့ခန္ဓာကိုယ်၊ ရောဂါအပြည့်ရှိတဲ့ခန္ဓာကိုယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကောလေးဆယ်မှာ-စလတော၊ ရောဂတော၊ ဂဏ္ဍတောနဲ့တစ်ခါတည်း အနာတွေအပြည့် ရှိတယ်ကွ၊ မင်းတို့က တဏှာမျက်လုံးနဲ့ ကြည့်နေလို့၊ ဉာဏ်မျက်လုံးနဲ့ ကြည့်မယ်ဆိုလို့ရှိရင်ဖြင့် ဘယ်အချိန်မှ အနာရောဂါ ကင်းတယ်လို့မရှိဘူးဆိုတာ ပေါ်လာပြီလာ (ပေါ်ပါပြီ ဘုရား)။
အနာကင်းတယ်လို့မရှိဘူး
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နကုလပီတာ သူ့ဘဝပေါင်းငါးရာက အဖတော်ခဲ့တဲ့ ဒကာကြီး ကိုသွားပြောတယ် ဒကာကြီး လူမိုက်ချန်လှပ်၊ ကျန်တဲ့ပညာရှိပုဂ္ဂိုလ်တို့က ခန္ဓာကိုယ်ထဲမှာဖြင့် အနာကင်းတယ်လို့ တစ်ခါမှမပြောပါဘူး (မှန်ပါ့)၊ ဘယ်တော့မှ အနာကင်းတယ်လို့မရှိဘူး၊
မင်းတို့ကသာ ကျန်းမာပါရဲ့လာ၊ ကျန်းမာပါတယ် လို့ မင်းတို့ကပြောနေတာ၊ လူမိုက်တွေတဲ့ (မှန်လှပါ့ ဘုရား)၊
အရိယာ မျက်လုံးတပ်ပြီး၊ သကာလ အခုပြောတဲ့မျက်လုံးကိုသာ တပ်ကြည့်မယ်ဆိုရင်၊ ဘယ်အချိန်များ ဝေဒနာ ကင်းသတုန်း (ဘယ်အချိန်မှ မကင်းပါ ဘုရား)၊ဘယ်အချိန် မတုန်လှုပ်ရတဲ့အချိန် (မရှိပါ ဘုရား)၊ ဘယ်အချိန် အနာကင်းတဲ့အချိန်(မရှိပါ ဘုရား)၊ မရှိပါဘုရား တဲ့၊ တစ်ခါတည်း အနာနဲ့၊ ရောဂါနဲ့၊ တုန်လှုပ်နေရတာတွေ၊ နဲ့ပဲ မောင်ထွန်းတင်တို့ အချိန်ကုန်သွားတာပဲ (မှန်လှပါ ဘုရား)။
အင်း ဘဝင်အေးအေးနဲ့နေရတဲ့အချိန်ကော မောင်ချစ်စိန် ပြောစမ်းပါဦး(မရှိပါ ဘုရား)၊ တင်လှကော ပြောစမ်းပါဦး (မရှိပါ ဘုရား)၊
မရှိဘူဆိုတော့၊ ဪ လှံငါးစင်းကြားမှာ လူဖြစ်ရတာအတော်ကံဆိုးလို့၊ အတော်မလိမ္မာလို့၊ ခန္ဓာငါးပါးကို ယောကျာ်း – မိန်းမရယ်လို့ ဖြစ်ပြီး သကာလ သမုတ်တဲ့ အထဲဝင်လာခဲ့ရတာ၊ဪ ဘယ်လိုပါလိမ့်မတုန်း ဆိုလို့ရှိရင်ဖြင့်၊ လှံထိုးခံဖို့ဖြစ်ပေါ်လာတဲ့ ခန္ဓာပဲလို့တထစ်ချမှတ်ရမယ် (မှန်ပါ)၊ ဘာဖြစ်ဖို့တုန်း (လှံထိုးခံဖို့ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီး ဘုရား)။
အို တော်တော်ကြာ အထည်ဈေးကျတယ်ဆိုတဲ့ အသံကြားလို့ရှိရင်လန့်လာပြီကွ (မှန်ပါ)၊ အထည်ကလေး ကိုယ့်အရှေ့တင်ဘဲ လွန်းကလေ-ဘာလေးက ထိုးဖေါက်သွားတယ်ဆိုရင်ကောကွာ၊ မြင်တာက မြင်တဲ့အနာ မပေါက်ရဘူးလား (ပေါက်ပါတယ် ဘုရား)၊
ကြားနာပေါက်ရတာနဲ့၊ မြင်နာပေါက်ရတာနဲ့
ဒါဖြင့် မင်းတို့ဟာ ကြားနာပေါက်ရတာနဲ့၊ မြင်နာပေါက်ရတာနဲ့၊ အနံ့တွေက ပုပ်လောင် ညှီလာလို့ ဝမ်းထဲမှာ အော်ဂလီဆန်တဲ့ ရောဂါတွေထရတာနဲ့၊ ဟင် (မှန်ပါ့)၊ အစားအသောက်တွေကြောင့် တစ်ခါတည်း အန်ထုတ်ရတဲ့ သဘောတွေကော (ရှိပါတယ် ဘုရား)။
နေပူ – လေပူတွေကြောင့်၊ အအေးမိ – အပူမိဆိုတဲ့ အနာတွေကော၊ မင်းတို့ခန္ဓာကိုယ်ထဲ မရောက်ရဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီခန္ဓာငါးပါးသည်ကားဆိုလို့ရှိရင်ဖြင့်၊ လှံငါးချက်တို့၏ ထိုးစရာအဖြစ်ကို ဆုတောင်းကြတာဘဲ (မှန်ပါ့)၊ သာယာစရာပါသေးရဲ့လား (မပါ – ပါ ဘုရား)။
အဲဒါ ဒီလောက်ထိအောင် မသိတဲ့ ပုဂ္ဂိုလ်ကျတော့ တင်လှတို့လူစုက လှချင်တယ်၊ ဝချင်တယ်၊ ဒီဘဝနည်းနည်း ပဲချမ်းသာတယ်၊ နောက်ဘဝများများကြီးချမ်းသာလိမ့်မယ်လို့ အထင်များမှားပြီး သကာလ ၊ သညာဝိပ္ပလ္လာသနဲ့ ဆုများ တောင်းလိုက်သေးတယ်ကွာ (မှန်လှပါ ဘုရား)။
ဒါကြောင်း အမှတ်မှားကြောင့် ဆုထောင်းမှား၊ တော်ကြကျတော့ မကောင်းကောင်းတာ တောင်းတဲ့ အတွက်၊ သက္ကာယဒိဋ္ဌိ ခန္ဓာကြီးတောင်းတဲ့အတွက်၊ အယူမှားကလဲလာသေးတယ်(မှန်လှပါ ဘုရား)။
အဲဒါကြောင့် မင်းတို့ ဒီခန္ဓာတောင်းမိတဲ့ လက်သည်ကိုရှာလို့ရှိရင်ဖြင့် ရောဂါကင်းတယ်လို့ အမှတ်မှားကြောင့် လဲတောင်းမိတယ် (တောင်းမိပါတယ် ဘုရား)၊
ဒီခန္ဓာငါးပါးကြီးကို ဆုတောင်းမိတာ ဘယ့်နှယ်ကြောင့်တုန်း (အမှတ်မှားကြောင့်ပါ ဘုရား)၊ အမှတ်မှားတော့ကို အတောင်းမှားမလားဘူးလား (လာပါတယ် ဘုရား)၊ အတောင်းမှားလာတယ်၊ အတောင်းမှားလာတဲ့အခါကျတော့ ဒီခန္ဓာငါးပါးကြီးဟာ ငါ့ကိုယ်၊ ငါ့ဟာ ဆိုတဲ့ အယူမှားကော (လာပါတယ် ဘုရား)။
အမှားသုံးချက်သည် လာပြီတဲ့
ဒါဖြင့် အမှားသုံးချက်သည် လာပြီတဲ့၊ အခုပြောခဲ့တဲ့ အပြစ်တွေကို မမြင်တဲ့အတွက်၊ အမှား ဘယ်နှစ်ချက်လာ တုန်း (အမှားသုံးချက်လာပါ ဘုရား)၊ အမှတ်မှား၊ အသိမှား၊ အယူမှား(မှန်ပါ့)၊
ဟေ့ တင်လှ အမှားဘယ်နှစ်ချက်လာ သတုန်း (သုံးချက်ပါ ဘုရား)၊ ဘယ်သူတွေပါလိမ့် (အမှတ်များ၊ အသိမှား၊ အယူမှားပါ ဘုရား)၊ အမှတ်မှားရယ်၊ အသိမှားရယ်၊ အယူမှားရယ်ဆိုတဲ့ အမှားသုံးချက်ဟာ တစ်ခါတည်းလာတာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့် သညာဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသဆိုတဲ့၊ ဒီအနာတွေကို မသိလို့ (မှန်ပါ့)၊ လှံထိုးခံရတာ မသိတာနဲ့၊ ဒီအမှားတွေ အကုန်ဝင်လာတော့တာပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် မင်းတို့သည် ဒီခန္ဓာကြီးရတဲ့လက်သည်ကို တွေပါပြီတဲ့၊ အမှတ်မှားကြောင့်လဲရတယ် (မှန်ပါ့)၊လှံထိုးခံ ရတဲ့ ခန္ဓာကြီး (မှန်ပါ့)၊ အသိမှားကြောင့်လဲ (ရပါတယ် ဘုရား)၊ အယူမှားကြောင့်လဲ (ရပါတယ် ဘုရား)။
ဘယ့်နှယ့် အမှတ်မှားသတုန်းဆိုတော့၊ ဟို ယောကျာ်းဖြစ်ရပါလို့၏၊ ယောကျာ်း မဟုတ်တာကို ယောကျာ်းရယ် လို့ အမှတ်များ၊ မိန်းမ မဟုတ်တာကို မိန်းမရယ်လို့ အမှတ်မှားပြီး သကာလ နောက်ဘဝ ယောကျာ်းဖြစ်ရပါလို့၏။ မိန်းမဖြစ်ရပါလို့၏ ဆိုတာ အမှတ်များ (မှန်လှပါ ဘုရား)။
အသိမှားက တစ်ခါတည်း ယောကျာ်းဖြင့် အားကိုးရတယ်၊ မိန်းမဖြင့်အားကိုးရတယ်၊ အစရှိသည်နဲ့ အသိမှား (မှန်လှပါ ဘုရား)။
အယူမှားကဖြင့် ဒါ – ငါ့ကိုယ်၊ ငါ့ဟာတေဘဲ၊ ငါ့သမီးဘဲ၊ ငါ့သားဘဲ၊ ငါ့မိန်းမဘဲ၊ ငါ့ယောကျာ်းဘဲ (မှန်ပါ့)၊ အယူမှားကကော လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)။
ဒီအမှားသုံးချက်ကို မပယ်နိုင်သရွေ့
ဒါဖြင့် ဒီအမှားသုံးချက်ကို မပယ်နိုင်သရွေ့ကာလပတ်လုံးဖြင့်၊ မင်းတို့ ဒီလှံထိုးခံရတဲ့ ခန္ဓာကိုယ်ကြီး၊ အနာတွေ ပြည့်ဝတဲ့ ခန္ဓာကိုယ်ကြီး၊ အနာတွေအမြဲရှိတဲ့ခန္ဓာကိုယ်ကြီးကို မင်းတို့သည် မရပါနဲ့ ဆိုလို့ဖြင့် ၊ ဘယ်နည်းနဲ့မှ မဖြစ်တော့ဘူး (မုန်လှပါ ဘုရား)။
ဒါဖြင့် အမှားသုံးချက်ပယ်ရင်ခန္ဓာရပါ့မလား (မရတော့ပါ ဘုရား)၊ အမှားသုံးချက်ကို မပယ်နိုင်သေးသရွေ့ ကာလပတ်လုံး (ခန္ဓာရနေမှာပါ ဘုရား)၊ ခန္ဓာရနေမှာပဲ (မှန်ပါ)၊ အခု ရနေကြတဲ့ ခန္ဓာငါးပါးသည်၊ ဒီအမှားသုံးချက်ကို မင်းတို့ မတော်လှန်နိုင်ခဲ့တာကြောင့် ရခဲ့တာပဲ (မှန်ပါ့)၊ မောင်ထွန်းတင် ဘာကို မတော်လှန်နိုင်တာတုန်း (အမှားသုံးချက်ကို မတော်လှန်နိုင်လို့ပါ ဘုရား)။
အမှားသုံးချက်ကို တော်လှန်မှု မလုပ်နိုင်တဲ့အတွက်၊ ဤကဲ့သို့ အကြီးအကျယ်ဒုက္ခအမျိုးမျိုး၊ အနာအမျိုးမျိုး၊ လှံထိုးခံရမှုအမျိုးမျိုး၊ တုန်လှုပ်မှုအမျိုးမျိုးတွေကို၊ ခဏခဏကြုံရတယ်ဆိုတဲ့ ဥစ္စာ၊ ဒီအမှားသုံးချက်ကို လက်ခံမိကြတယ် အတွက်ပဲ (မှန်လှပါ ဘုရား)။
အခုလဲ ဒီအမှားသုံးချက်ကို ဆက်ပြီးလက်ခံနေကြဦးမယ်ဆိုလို့ရှိရင်ဖြင့်၊ ဒီလိုအနာရတဲ့ခန္ဓာ၊ တုန်လှုပ်တဲ့ခန္ဓာ တွေကို တင်လှကို ပြန်ရဦးမှာပဲ (ရမှာပါ ဘုရား)၊ ဒါဖြင့် ဘာပယ်ရမှာတုန်း (အမှားသုံးချက်ပါ ဘုရား)၊ အမှားသုံးချက်ကို ပယ်မှသာလျှင်၊ လိုရာကိစ္စ ပြီးလိမ့်မယ်ဆိုတာမှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒီအမှားသုံးချက်ပယ်ကြပါစို့
ဒါဖြင့် အပြစ်တွေက အင်မတန်ဆိုးဝါးနေတာကို သိကြပြီမို့၊ ဒီအမှားသုံးချက်ပယ်ကြပါစို့ဆိုလို့ရှိရင်ဖြင့်၊ အမှတ်ကိုလဲ မှန်ရမယ်နော် (မှန်ပါ)၊ အသိကိုလဲ (မှန်ရမှာပါ ဘုရား)၊ အယူကိုလဲ (မှန်ရမှာပါ ဘုရား)။
အမှန်သုံးချက်လာလို့ရှိရင် အမှားသုံးချက်ပျောက်မှာပါပဲ (မှန်ပါ)၊ အမှန်သုံးချက်လာလို့ရှိရင် (အမှားသုံးချက် ပျောက်မှာပါ ဘုရား)၊ အမှားသုံးချက်ပျောက်မှာပဲဆိုတာကို ကျေကျေနပ်နပ်သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ပြင်ကြပါစို့တဲ့၊ ဒီဥစ္စာ ရုပ်နဲ့နာမ်ပဲရှိတယ်လို့ စောစောစီးစီးမှတ်ထားပါ (မှန်ပါ)၊ ရုပ်နဲ့နာမ်ပဲရှိတယ် လို့မှတ်ထားလိုက် (မှန်ပါ့)၊ အသိကလဲရုပ်နဲ့နာမ်ဆိုတဲ့ ဥစ္စာသည်ကားဆိုလို့ရှိရင်ဖြင့်တဲ့ ယောကျာ်းလဲမဟုတ်ဘူး၊ မိန်းမလဲ မဟုတ်ဘူး၊ သက်သက် ပျက်စီးတတ်တဲ့တရားလို့ မင်းတို့ကသိပေးရမယ် (မှန်လှပါ ဘုရား)။
ယောကျ်ား မိန်းမမဟုတ်ဘူးဆိုတဲ့ အမှတ်မှားကိုအရင်ပြင် (မှန်ပါ)၊ ရုပ်နဲ့နာမ်သာရှိတယ်ဆိုတဲ့အသိကို တိုးပေး (မှန်ပါ)၊ သဘောကျပြီးလား (ကျပါပြီ ဘုရား)၊ ယောကျာ်း-မိန်းမဆိုတဲ့ အမှတ်ကိုဖြုတ် (ဖြုတ်ရမှာပါ ဘုရား)၊ ရုပ်နဲ့နာမ်ရှိတယ်ဆိုတာကို (သိရမှာပါ ဘုရား)၊ ပြီးတော့ဖြင့် အသိနဲ့ တစ်ခါတည်း၊ ဒီဥစ္စာတွေဟာ ဖြစ်ပြီး ပျက်တဲ့တရားရယ်လို့ မင်းတို့ကလဲတဲ့၊ ကြည့်ပေးရမယ်နော် (မှန်လှပါ ဘုရား)။
ဖြစ်ပြီးပျက်တဲ့ တရားဆိုတော့
အဲဒီတော့ ဖြစ်ပြီးပျက်တဲ့ တရားဆိုတော့ ခိုင်တယ်၊ မြဲတယ် ယူသေးရဲ့လား (မယူပါ ဘုရား)၊ မယူတော့ အယူကလဲမှန်သွားပြီ (မှန်ပါ)၊ ဒါဖြင့် ယောကျာ်း-မိန်းမပယ်နိုင်တာက အမှတ်မှား ပယ်ချလိုက်တာ (မှန်ပါ့)၊ ယောကျာ်း-မိန်းမမရှိဘူး၊ ရုပ်-နာမ်သာရှိတယ်ဆိုတဲ့အသိကို (သိရမှာပါ ဘုရား)၊ အဲအသိမှားပယ်ပြီးပြီး (မှန်ပါ့)၊ ဒါဖြင့် ခိုင်မျှ-မြဲမှု မရှိဘူး၊ အနိစ္စသာရှိတယ်ဆိုတော့လဲ နိစ္စကို မပယ်လိုက်ဘူးလား (ပယ်ပါတယ် ဘုရား)။
အဲဒီသုံးချက်နဲ့ မင်းတို့သည်၊ ရှေးဦးစွာ ယောကျာ်း-မိန်းမရှိတယ်ထင်နေတဲ့ အမှတ်များကို၊ ယောကျာ်း-မိန်းမ မရှိဘူးလို့ အမှတ်ကို ပြင်ပစ်လိုက်ပါ(မှန်ပါ့)၊ ပုဂ္ဂိုလ်သတ္တဝါရှိတယ်လို့ထင်နေတဲ့ဥစ္စာကိုလဲပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါဘူး၊ ဒီဥစ္စာ ရုပ်နဲ့နာမ်သာရှိတယ်လို့ အသိမှားကိုလဲပြင်ပေးလိုက်ပါနော် (မှန်ပါ့)၊ ခိုင်တယ် – မြဲတယ်ထင်တဲ့ နိစ္စာဒိဋ္ဌိအယူမှားကိုလဲ၊ မခိုင်ဘူး – မမြဲဘူးလို့ မင်းတို့ဝိပဿာနာရူပါ (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ ရှုလိုက်လို့ ရှိရင်ဖြင့်တဲ့၊ အမှတ်မှားကို ပထမဖြုတ်၊ အသိမှားကို ဒုတိယဖြုတ်၊ အယူမှားကို တတိယဖြုတ် လိုက်လို့ရှိရင် မင်းတို့သန္တာန်၌ ဝိပဿနာရူလိုက်တဲ့အခါမှာ ဖြစ်တာနဲ့ပျက်တာပဲတွေ့လိမ့်မယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဘာတွေ့မယ်ထင်ကြတုန်း (ဖြစ်တာနဲ့ပျက်တာပါ ဘုရား)၊ ဖြစ်တာနဲ့ပျက်တာတွေ့ကြလို့ရှိရင်ဖြင့်တဲ့ အမှတ်မှားလဲပြုတ်၊ အသိမှားကော (ပြုတ်ပါတယ် ဘုရား)၊ ခိုင်တယ်-မြဲတယ်ထင်တဲ့ အယူမှားကော (ပြုတ်ပါတယ် ဘုရား)။
ဖြစ်ပျက်ရှုခိုင်းတာ ဒီအမှားသုံးချက်ပယ်ခိုင်းတာ
ဒါကြောင့်မင်းတို့သည် ဒီရုပ်နာမ်ဓမ္မတို့၏ ဖြစ်မှု-ပျက်မှုကို အရှုခိုင်းတဲ့ဥစ္စာသည်၊ ဒီအမှားသုံးချက် အပယ်ခိုင်း တာ (မှန်ပါ့)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ ရုပ်နာမ်ဓမ္မဖြစ်ပျက် အရှုခိုင်းတာဟာ-ဘာပါလိမ့် (အမှားသုံးချက် အပယ်ခိုင်းတာပါ ဘုရား)၊ အမှားသုံးချက်ကို အပယ်ခိုင်းတယ် ဆိုတာ ကောင်းကောင်းရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီအမှားသုံးချက်ကို ပယ်လိုက်လို့ရှိရင်ဖြင့်၊ အမှန်သုံးချက်ဆိုတဲ့အနှစ်ဟာ မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)၊
အမှားသုံးချက်ပယ်လိုက်ရင် (အမှန်သုံးချက် ပြန်ထွက်ပါတယ် ဘုရား)၊ အမှန်သုံးချက်ပြန်ပြီး သကာလ ထွက်လာတော့ သညာမှန်၊ စိတ်မှန်၊ အယူမှန်ဆိုတဲ့ အမှန်သုံးချက်မလာဘူးလား(လာပါတယ် ဘုရား)။
အဲဒီတော့ ဒါမှ အရိယာမျက်လုံးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ အရင်တုန်းက ဟာက၊ ပုထုဇဉ်အကန်း မျက်လုံး (မှန်ပါ့)၊ အခုဟာကတော့ (အရိယာမျက်လုံးပါ ဘုရား)၊
အခုဟာက အရိယာမျက်လုံး
အခုဟာကတော့ဖြင့် အရိယာမျက်လုံး၊ ရှေးကမျက်လုံးကဖြင့် တစ်လုံးမှ – အမှတ်ကလဲမှား၊ အသိကကော (မှားပါတယ် ဘုရား)၊ အယူကကော (မှားပါတယ် ဘုရား)။
အေး ဒါကြောင့်၊ ဒီနေ့ည ပြင်ပေးတာသည် ယောကျာ်း၊ မိန်းမ မရှိဘူးပယ်ရမယ်၊ တစ်နံပါတ်နော် (မှန်ပါ့)၊ ပုဂ္ဂိုလ်သတ္တိဝါမရှိဘူး၊ ရုပ်နာမ်သာရှိတယ်လို့သိပေးပါ (မှန်ပါ့)၊
ဒီရုပ်နာမ်ကလဲ ခိုင်တယ်-မြဲတယ်လို့ မရှိဘူး၊ အနိစ္စသဘော တွေပဲ၊ ဧကန် တကယ်ရှိတယ်လို့ ဉာဏ်ထဲမှာ မြင်အောင်လုပ်ပါ (မှန်ပါ)၊ ထိုကဲ့သို့ ဉာဏ်ထဲမြင်အောင် လုပ်လိုက်လို့ ရှိရင်တော့ဖြင့်၊ ဒီခန္ဓာကြီးကို လိုချင်တဲ့ သဘောတွေလာသေးရဲ့လား (မလာတော့ပါ ဘုရား)။
မလာနိုင်တော့ဘူးတဲ့၊ ဟောဒီ ဒိဋ္ဌိနှင့်တကွ၊ ဒိဋ္ဌိတဏှာရော ပယ်လိုက်တဲ့အတွက်၊ ဒိဋ္ဌုဒါန်လဲပြုတ်တာပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေလဲ ပြုတ်သွားတော့၊ ဒီဘက်မှာ ဒီခန္ဓာမျိုးပေါ်ပါ ဦးမလား (မပေါ်ပါ ဘုရား)၊ ဒီခန္ဓာမျိုးမပေါ်လို့ ရှိရင်ဖြင့် တုန်လှုပ်စရာလဲမရှိ၊ လှံထိုးခံစရာလဲ(မရှိတော့ပါ ဘုရား)၊ မရှိဘူး၊ ရောဂါပြည့်နေအောင်ကော-ရပါဦးမလား (မရတော့ပါ ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုန်းလို့ တွေးလိုက်တဲ့အခါကျတော့ အယူမှန်သွားလို (မှန်ပါ့)၊ သဘောပါပြီ လား (ပါ-ပါပြီ ဘုရား)။
ဝိပဿနာအလုပ်မှတစ်ပါး
ဒါဖြင့် မင်းတို့သည် ကားလို့ဆိုရင်၊ ဝိပဿနာအလုပ်မှတစ်ပါး အပြင်အဆင်တည့်တဲ့ အလုပ်ကမရှိတော့ဘူး (မှန်ပါ့)၊ အပြင်အဆင်တည့်တဲ့ အလုပ်ကဘာအလုပ်တုန်း(ဝိပဿနာအလုပ်ပါ ဘုရား)၊ ဝိပဿနာအလုပ်ပဲ ဆိုတာ ကျေနပ်ပြီးလား (မှန်လှပါ ဘုရား)။
ဒါဖြင့် ဝိပဿနာအလုပ်ကို မလုပ်ခဲ့သည်ရှိသော် အမှတ်မှားလဲမပြု၊ အသိမှားလဲမပြုတ်(မပြုတ်ပါ ဘုရား)၊ အယူမှားလဲ (မပြုတ်ပါ ဘုရား)။
ဝိပဿနာအလုပ် လိုက်တဲ့အခါကျတော့ကို၊ သုံးခုစလုံးပြုတ်တယ် (ပြုတ်ပါတယ် ဘုရား)၊ အမှတ်မှားလဲ (ပြုတ်ပါတယ် ဘုရား)၊ အသိမှားလဲ (ပြုတ်ပါတယ် ဘုရား)၊ အယူမှားလဲ(ပြုတ်ပါတယ် ဘုရား)၊ ဖြုတ်လိုက်တဲ့အခါ ကျတော့ကို ဒိဋ္ဌိကော ပြုတ်သွားတဲ့အတွက်၊ ဒိဋ္ဌုပါဒါန်ကော (ပြုတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိကြောင့်ဖြစ်တဲ့ ကံကော (ပြုတ်ပါတယ် ဘုရား)၊
အမှန်သုံးချက်ကို မရောက်ရောက်အောင်လုပ်ပါ
ဒါဖြင့် နောက်ခန္ဓာလာပါမလား (မလာတော့ပါ ဘုရား)၊ ဒါဖြင့် နောက်ခန္ဓာမလာတာသည် အယူမှန်သွားလို့မလာတာ (မှန်လှပါ ဘုရား)။
ဒါဖြင့် အယူမမှန်သရွေ့ကာလပတ်လုံး၊ ခန္ဓာမျိုးစုံလာဦးမှာပဲ (မှန်ပါ့)၊ ခန္ဓာမျိုးစုံလာခဲ့လို့ရှိရင်ဖြင့်၊ တုန်လှုပ်မှုမျိုးစုံခံရမှာပဲ (မှန်ပါ့)၊ လှံမျိုးစုံကော (အထိုးခံရမှာပါ ဘုရား)၊ အနာမျိုးစုံကော (ပေါက်မှာပါ ဘုရား)၊ အကုန်ရောက်ရမှာဘဲဆိုတာ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့သည် ယနေ့ညတရားမှာ၊ အမှန်သုံးချက်ကို မရောက်ရောက်အောင်လုပ်ပါ ဆိုတာကို လေးနက်စွာ ဆရာဘုန်းကြီးကတိုက်တွန်းလိုက်ပါတယ် (မှန်လှပါ ဘုရား)၊ သဘောပါပြီနော်(ပါ-ပါပြီ ဘုရား)။
