”ကာမဂုဏ်တို့၏အပြစ်ကို မီးပုံကြီးဖြင့်ပြပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြားဆုံးမတော်မူအပ်သော
”ကာမဂုဏ်တို့၏အပြစ်ကို မီးပုံကြီးဖြင့်ပြပုံ”
ည-အလုပ်ပေး တရားတော်
(၁၉-၁၂-၆၀)
ကာမဂုဏ်တွေဟာ မီးခဲကြီးနဲ့ တူတယ်
“အင်္ဂါရကာသူပမာ ကာမာ မဟာပရိဠာဟဋ္ဌောနာ”၊
ငါးပါးအာရုံကာမဂုဏ်တွေဟာ မီးခဲကြီးနဲ့ တူတယ်လို့ မှတ်ထားရမယ်။ ခန္ဓာငါးပါးရယ်၊ ရှာထားတဲ့ပစ္စည်းတွေ ရယ် သားသမီး၊ ဆွေမျိုးဉာတကာ ဆိုတာတွေကို ငါးပါးအာရုံကာမဂုဏ်လို့ ခေါ်တာပဲ။
ငါးပါးအာရုံကာမဂုဏ်ဟာ မီးခဲကြီးနဲ့တူပါတယ်။ သူ့နားသွားမကပ်လေနဲ့ ကပ်ရင်ပူတာပဲ၊ သားသမီးမျက်နှာလေးတွေကို သွားမကြည့်လေနဲ့၊ ဘယ်လို ရှာကျွေးရပါ့မလဲဆိုတဲ့ ပူပန်မှုကတစ်ခါတည်းလာတာပဲ၊ ဘယ်လိုစောင့်ရှောက်ရပါ့မလဲ ဆိုတဲ့အပူလုံးတွေကော (လာပါတယ် ဘုရား)၊ ဘယ်လိုများကြီးပွားအောင် ချီးမြှောက်ရမလဲဆိုတဲ့ပူလုံးတွေလဲ လာတော့တာပဲ (မှန်လှပါ ဘုရား)။
အဲဒီတော့ ဘယ်လိုလုပ်ရပါ့မလဲ ” ဆိုတဲ့စိတ်ကလေးပေါ်လာတာဟာ သူ့သွားကပ်မိလို့၊ ဒီစိတ်အပူလုံးကလေးတွေပေါ်လာတာပဲ (မှန်ပါ)၊ သူ့ဘက် ဉာဏ်လှည့်လိုက်တာနဲ့ စိတ်ပူတွေပေါ်လာတယ်၊ သူ့ဘက်ဉာဏ်မလှည့်ရင် (မပေါ်ပါ ဘုရား)၊ ဉာဏ်တောင်မဟုတ်ပါဘူး၊ သူ့ဘက်ကို တဏှာနဲ့လှည့်လိုက်တာပါ (မှန်လှပါ ဘုရား)။
တဏှာနဲ့ လှည့်လိုက်ပြီဆိုမှဖြင့်၊ အင်း ဒါလေးတွေကမလိမ္မာသေးဘူး၊ အများကြီးချီးမြှောက်ရဦးမှာ၊ အများကြီးသူတို့ အတွက်ရှာရဖွေရဦးမှာ၊ အများကြီး လိမ္မာယဉ်ကျေးအောင်ကို သင်ရဦးမှာပဲဆိုပြီး ဘာမဟုတ်တဲ့အပူတွေက၊ တစ်ခါတည်း အကုန်ကပ်လာတော့တာပဲ (မှန်လှပါ ဘုရား)။
ခင်ပွန်းမကို ကြည့်လိုက်လဲလာတာပဲ၊ ခင်ပွန်းသည်ကို ကြည့်လိုက်လဲလာတာပဲ။ တစ်ယောက်ကို တစ်ယောက်ကြည့်သာ နေကြလို့ရှိရင်ဖြင့်၊ သူ့ အတွက် ခက်ပါသေးတယ် ဆိုတာတွေက မလာဘူးလား (လာပါတယ် ဘုရား)၊
များများကပ် – များများပူတာပဲ
ဒါဖြင့် – မီးပုံနဲ့ တူတယ်လို့ ဆိုနိုင်ပြီလား (မှန်ပါ)၊ သူ့ကြည့်လိုက်လို့ ပူလာတာ၊ သူ့မကြည့်လိုက်လို့ ရှိရင် (မပူပါ ဘုရား)။
ဒါကြောင့် “အင်္ဂါရ ကာသူပမာ ကာမာ”၊ ကာမာ= ငါးပါးအာရုံ ကာမဂုဏ် တို့ သည်၊ အင်္ဂါရ ကာသူပမာ= မီးပုံကြီးနဲ့တူ၏၊ (ဝါ) မီးကျီးခဲရဲရဲကြီးနဲ့တူ၏ -တဲ့၊ သွားပြီးတော့မကပ်လေနဲ့၊ ကပ်ရင်တော့ မင်းတို့ များများကပ် – များများပူတာပဲ၊ နည်းနည်းကပ် – နည်းနည်းပူတာပဲ (မှန်လှပါ ဘုရား)။
များများခင်လို့ ရှိရင် များများကြီး ဒီဘက်ကအပူတွေဟာ ဝမ်းထဲ ရောက်လာတာပဲ၊ နည်းနည်းခင်ရင် (နည်းနည်းရောက်ပါတယ် ဘုရား)၊ အလတ်စား ခင်ရင် (အလတ်စားရောက်ပါတယ် ဘုရား)၊ အပူကတော့ရောက်လာတာချည်းပဲ (မှန်ပါ)၊ ဘာဖြစ်လို့တုံးမေးတော့ မီးပုံများကို မင်းတို့ကသွားပြီးကပ်မိလို့ ၊ တင်လှ သဘောပါပြီလား (ပါ – ပါပြီ ဘုရား)။
ကျော်သိန်းဘက်ကိုလှည့်မိလို့ ရှိရင်၊ တင်လှ နင်တော့တစ်ခါတည်းပူလာတာပဲ၊ နေပုံ ထိုင်ပုံ၊ စားပုံ သောက်ပုံ၊ ရောင်းပုံ ဝယ်ပုံတွေကို သဘောမကျပါဘူး၊ ခက်လိုက်တာဆိုပြီး တစ်ခါတည်းလာတော့တာပဲ၊ သူ့ဘက်လှည့်ပစ်လိုက်တာကိုးကွ (မှန်ပါ)၊ မီးပုံနားလှည့်ပစ်လိုက်တော့ ဒီအပူတွေဟာ တင်လှ မလာပါနဲ့ဆိုလို့ (မရပါ ဘုရား)။
အချို့မှာတော့ စိတ်မချ – လက်မချနဲ့မို့ ပိုကပ်တော့ ပိုပူနေတာပဲ (မှန်ပါ)၊ မင်းတို့က ကွယ်ရာရောက်ရင် ဒီပြင်စိတ်ပြောင်းသွားပြီးမပူသေးဘူး၊ အနီးနေရရင် အေးတယ်ဆိုပြီး ဒီအနီးမှာနေလို့ ရှိရင်ဖြင့် အမြဲတမ်းပူနေရတာပဲ (မှန်ပါ)၊ မီးပုံ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။
သားမယားနဲ့ ပစ္စည်းအာရုံ၊ မိမိခန္ဓာအာရုံတွေဟာ မီးပုံကြီးအစစ်မို့ မကပ်လေနဲ့ကွ၊ ကပ်ရင်ပူလိမ့်မယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဟောတဲ့ ဥစ္စာကို သဘောပါပြီလား (ပါ — ပါပြီ ဘုရား)။
တွေးလုံးနဲ့ကပ်ရင် တွေးပူ – ပူတာပဲ (မှန်ပါ)၊ မြင်လုံးနဲ့ကပ်ရင် (မြင်ပူ ပူပါတယ် ဘုရား)၊ ကြားလုံးနဲ့ကပ်ရင်ကော (ကြားပူ-ပူပါတယ် ဘုရား)၊ မင်းတို့ကြည့်ပါလားကွ၊ နေကောင်းကြရဲ့လား မေးကြည့်လိုက်တာ သွားကပ်တာပဲ (မှန်ပါ)၊ နေမကောင်းဘူးလို့ ကြားလိုက်တောာ့ (ပူလာပါတယ် ဘုရား)၊ မကပ်ဘဲနဲ့ ပူတာလား၊ ကပ်လို့ပူတာလား (ကပ်လို့ပူတာပါ ဘုရား)။
ဒါကိုမင်းတို့ကဲ နှုတ်တက်နေတယ်၊ အိမ်ဘယ့်နှယ်နေကြတုန်းဗျာ၊ ဘယ်လိုများ သတင်းကြားကြတုန်းဗျာဆိုတဲ့ ဥစ္စာကအဝေးမှာနေငြားသော်လည်း သွားကပ်တာပဲဆိုတဲ့ အဓိပ္ပာယ်ကရှင်းနေပါတယ် (မှန်ပါ)၊ အာရုံအားဖြင့် သွားကပ်တာပေါ့၊ ကပ်လိုက်တော့ဘာဖြစ်လာတုန်း (ပူပါတယ် ဘုရား)၊ ကျန်းမာတယ်ဆိုလို့ရှိရင်ဖြင့် လောဘအပူ (မှန်ပါ)၊ ဝမ်းသာတဲ့လောဘက ဝမ်းထဲလာကပ်တာပဲ၊ အဲဒီတော့ လောဘအပူလောင်တာပဲ (မှန်ပါ)၊ မကျန်းမာဘူး ကြားတယ်ဆိုရင် စိတ်မချမ်းသာတာနဲ့ ဒေါသပူလာကပ်တာပဲ (မှန်ပါ)။
မဆက်သွယ်ရင်မပူဘူး
ဒါဖြင့် မဆက်သွယ်ရင်မပူဘူးပေါ့ကွာ (မှန်ပါ)၊ ဆက်သွယ်ရင် (ပူပါတယ် ဘုရား)၊ မင်းတို့ကလဲမကပ်ဘဲမနေ နိုင်ဘူး (မှန်ပါ)၊ မမေးဘဲလဲမနေနိုင်ဘူး၊ မကြည့်ပဲလဲမနေနိုင်ဘူးဆိုတော့၊ မင်းတို့ဥစ္စာက ဝါသနာဆိုးကြီးရှိနေတယ် (မှန်ပါ)၊
ဝါသနာဆိုးကြီးရှိနေတော့ မင်းတို့ကလဲ အိမ်ကခွါလာခဲ့တာကြာပြီလို့တောင်ပြောချင် ပြောနေသေးတယ် (မှန်ပါ)၊ ဘယ်နှယ့်ကြောင့် ဒါပြောနေတာတုန်းဆိုတော့၊ မီးပုံနဲ့ဝေးနေလို့ မီးပုံကိုလွမ်းလာတဲ့ အဓိပ္ပါယ် မရောက်ဘူးလားကွ (ရောက်ပါတယ် ဘုရား)။
မီးပုံကြီးနဲ့တူပါတယ်
ဒါကြောင့် ငါးပါးအာရုံကာမဂုဏ်ဟာ ဘာနဲ့တူသတဲ့တုန်း (မီးပုံကြီးနဲ့တူပါတယ် ဘုရား)၊ ကပ်တဲ့ပုဂ္ဂိုလ်က နူနာရှိတဲ့ပုဂ္ဂိုလ်နဲ့တူသတဲ့ကွ (မှန်ပါ)၊ နူနာရှိတဲ့ပုဂ္ဂိုလ်နဲ့တူတယ်လို့ သေသေချာချာမှတ်ထားကြပါ။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဟောတာ ကပ်တဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ တူသတဲ့တုန်း (နူနာရှိတဲ့ပုဂ္ဂိုလ်နဲ့ တူပါတယ် ဘုရား)၊
မီးဆိုတာပူတာပဲကွ၊ ပူပေမယ့်လဲ နူနာရှိနေလို့ ကပ်တာလို့မှတ်ရမယ် (မှန်ပါ)၊ ဒီနူနာကို ဘာနူနာတုန်းမေးတော့ ကိလေသာနူနာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ခင်တဲ့နူနာ၊ စိုးရိမ်တဲ့နူနာ၊ ကြောင့်ကြတဲ့ နူနာတွေပေါ့ကွာ (မှန်လှပါ ဘုရား)။
နူနာရှိတဲ့ပုဂ္ဂိုလ်ဟာ တဲ့၊ ကိလေသာပိုးတွေက ကိုက်တော့မီးလှုံရပါတယ်၊ ဒါဖြင့်နူနာမပျောက်သရွေ့ မီးဖိုနားကပ် နေမှာပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)၊
မင်းတို့ သား-သမီးကို စိတ်မချ-လက်မချဖြစ်ပြီး အိမ်ကမခွါနိုင်- မစွန့်နိုင်ဖြစ်နေကြတာ နူနာရှိတဲ့ပုဂ္ဂိုလ်မို့လို့ပေါ့ကွ (မှန်ပါ)၊ အဝေးမှာ နေငြားသော်လည်း သွား-သွားကပ်တာပဲ (မှန်လှပါ ဘုရား)။
အနီးကနေကပ်တာလဲ ပူတာပဲ၊ အဝေးကနေ ကပ်ရင်ကော (ပူပါတယ် ဘုရား)၊ အာရုံပြုလိုက်ရင် ပူတာပဲ မဟုတ်လား (မှန်ပါ)၊ ဘယ့်နှယ့်ကြောင့် မင်းတို့ကပ်ဖြစ်ပါလိမ့်ဆိုတော့ ကိလေသာနူနာရှိလို့ (မှန်ပါ)၊ တင်လှ ဘယ့်နှယ် ဆိုမှာတုန်း (ကိလေသာနူနာရှိလို့ပါ ဘုရား)။
ခင်မှုဆိုတဲ့ကိလေသာနူနာရှိနေတော့
ဒါကြောင့် ခင်မှုဆိုတဲ့ကိလေသာနူနာရှိနေတော့၊ မီးဖိုနားက ခွါးနေရတာကိုပဲ စိတ်မချ လက်မချ ဖြစ်နေတယ် (မှန်ပါ)၊ မီးဖိုနား မကပ်ဘဲကို မနေနိုင်တာဟာ ကိလေသာနူနာ၏ စွမ်းရည်သတ္တိပဲဆိုတာ မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)။
ဒါဖြင့် နူနာမပျောက်သရွေ့၊ မီးဟာပူမှန်းသိလျက်သားနဲ့ ကပ်နေကြမှာပဲ (မှန်ပါ)၊ ဒီ-နူနာမပျောက်သရွေ့ (မီးနားကပ်မှာပါ ဘုရား)၊ ဟ တင်လှ နင်တို့ဥစ္စာကလွန်လှချည်လား (မှန်ပါ)၊ မလွန်ဘူးလား (လွန်ပါတယ် ဘုရား)၊
ဘာဖြစ်လို့ဒီလောက်တောင် သား-လင်-ခင်ပွန်းအတွက် စိုးရိမ်ကြောင့်ကြ ဗျာပါရတွေ ဖြစ်နေသတုန်းလို့ဆို၊ အိုကိုယ်က ခင်တဲ့ကိလေသာ နူနာတွေက ရှိသေးတော့ သူတို့ အကြောင်းကို၊ တွေး-တွေးပြီး သကာလ ပူလိုက်သေးတယ်၊ မောင်ချစ်စိန် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ တင်လှ-ပူမှန်း သိလျက်သားနဲ့ကိုပဲ မစွန့်နိုင်-မခွါနိုင် ဖြစ်နေတာဟာ၊ ကိုယ့်မှာ ကိလေသာနူနာ ရှိလို့ဆိုတဲ့ အဓိပ္ပာယ်ကို၊ ယနေ့ရှင်းရှင်းလင်းလင်း မှတ်ရမယ် (မှန်ပါ)၊
ပူမှန်းသိလျက်သားနဲ့ ကပ်နေတဲ့ဥစ္စာ၊ ဘာနူနာရှိလို့တုန်း (ကိလေသာနူနာရှိလို့ပါ ဘုရား)။
ဘာဖြစ်လို့ မီးဖိုနားကပ်ချင်ကြသတုန်း
ဘာဖြစ်လို့ မီးဖိုနားကပ်ချင်ကြသတုန်းလို့ မေးရင် ဘယ့်နှယ့်ဖြေကြမှာတုန်း (ကိလေသာနူနာရှိလို့ပါ ဘုရား)၊ ကိလေသာနူနာပိုးကိုက်လို့ (မှန်ပါ)၊ ပိုးကိုက်တော့ကိလေသာနူနာက ထတာပေါ့ကွ (မှန်ပါ)၊ ကိလေသာပိုးကကိုက်တော့ နူနာကထတယ်၊ နူနာကထတဲ့အခါကျတော့ မီးလှုံဖြစ်တယ် (မှန်လှပါ ဘုရား)။
ဒီကတည်းကိုက သားနဲ့-သမီးနဲ့၊ ဆွေနဲ့-မျိုးနဲ့၊ ခန္ဓာကိုယ်ကြီးခင်နေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ သည် ကိလေသာပိုးကိုက်လို့၊ နူနာထတဲ့သဘောဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)၊ သား – မယားနဲ့ ပစ္စည်းအာရုံ၊ ခန္ဓာကိုယ်အာရုံ၊ ဒါတွေကို မခွဲနိုင်တဲ့ သဘောဟာကော ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒီ- နူနာများပျောက်သွားရင်ကပ်ပါဦးမှာလား (မကပ်တော့ပါ ဘုရား)၊ ဒါဖြင့် နူနာကို၊ အခု ကပ်တာနဲ့ မကပ်တာနှိုင်းချိန်စရာ တစ်ခုကိုပြောပြပါ့မယ်-တဲ့၊ နူနာကို ဆေးသမားကလဲ ဒီ တရားထူးဆိုတဲ့ဆေးတွေနဲ့သောက်လို့ ကိလေသာတွေ ချုပ်ငြိမ်း – ရုပ်သိမ်းသွားပြီ၊ နူနာကို ဆေးသမားတွေနဲ့ကုလိုက်လို့ ပျောက်သွားတဲ့အခါကျတော့ ဒီလူကို မီးဖိုထဲသွားထည့်မယ်ဆို မအော်ဘူးလား၊ အော်မှာလား (အော်မှာပါ ဘုရား)၊ မီးဖိုနားကပ်ပါလို့ ပြောရင်ကော ကပ်ပါ့မလား (မကပ်တော့ပါ ဘုရား)၊ ဘာဖြစ်လို့တုံး (နူနာပျောက်လို့ ပါ ဘုရား)။
နူနာ ပျောက်သွားတဲ့အခါ
ကိလေသာပိုးကိုက်တဲ့ နူနာက ပျောက်သွားတဲ့အခါကျတော့ မေးကြည့်ပါလား – တဲ့၊ မီးဟာ အရင်တုံးကပူသလား၊ အခုမှပူသလားမေးရင် ဘယ့်နှယ်ပြောကြမှာတုံး (အရင်ကလဲပူပါတယ် ဘုရား)၊ အခုလဲပူတာပဲ၊ အရင်တုံးကကော (ပူပါတယ် ဘုရား)၊ သို့သော် ကပ်ချင်တာနဲ့မကပ်ချင်တာသည် ဘာကွာသွား တာတုံး (နူနာပျောက်သွားလို့ပါ ဘုရား)၊ နာမပျောက်တာနဲ့ ပျောက်တာကွာတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မင်းတို့ သားတွေ – မယားတွေနဲ့တကွ၊ ကိုယ့်ခန္ဓာကိုယ်ခင်ပြီးသကာလ နေကြတာတွေ၊ အိမ်ချည်း ပြန် – ပြန်ပြီးကပ်နေကြတာတွေဟာ နူနာမပျောက် သေးလို့ (မှန်ပါ)၊ တစ်နေ့သော်လဲ ဘယ်သွားသွား ဒီ – မီးဖိုပြန်လာရတာပဲ။ နောက်တစ်နေ့သွားပြန်တော့ကော (ဒီမီးဖိုနားပြန်လာပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် ပြန်လို့ မပြီးတာတုံးမေးလို့ ရှိရင် နူနာမပျောက်သေးလို့ ဆိုတဲ့အဖြေပဲထွက်မှာပဲ (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် ပြန်လို့ မပြီးသေးတာတုံး (နူနာမပျောက်သေးလို့ပါ ဘုရား)။
တစ်ခါတည်း လာလာကပ်နေတဲ့အဓိပ္ပါယ်သည် မနက်မိုးလင်းတော့ မင်းတို့ ဆရာဘုန်းကြီးရှိတဲ့ ကျောင်းကိုလာပြီးဝေယျာဝစ္စ တွေလုပ်တယ်၊ တော်ကြာ အိမ်ပြန်သွားတာပဲ၊ ဒါ – ဘာလုပ် သွားကြတာတုံးမေးလို့ ရှိရင်အဖြေထွက်ပြီလား (မှန်ပါ)၊ ကိလေသာနူနာ ထတာနဲ့ ရက်ကန်းစက်မချ၊ ကားစိတ်မချ၊ သားသမီး စိတ်မချနဲ့ မို့ မီးဖိုနားသွား – သွားကပ်တယ်၊ ဟိုရောက်တဲ့ အခါကျတော့ အအေးရသလား၊ အပူရသလား (အပူရပါတယ် ဘုရား)၊
အပူရလို့ မသွားပါနဲ့ ဆိုတော့လဲ မင်းတို့ ကသွားတာပဲ၊ ဘာဖြစ်လို့ တုံး (နူနာထလို့ ပါ ဘုရား)၊ ကိလေသာပိုးကိုက်လို့ နုနာထတာ (မှန်ပါ)၊ ကိလေသာပိုးကိုက်လို့ နူနာထလာပြီ ဆိုမှဖြင့် တားလို့ ကောရသေးရဲ့လား (မရပါ ဘုရား)။
ဆေးကောင်းရှာဖို့ အချိန်ရောက်နေ ပါပြီ
အဲဒါကြောင့် မင်းတို့ အခု ဆေးကောင်း ဝါးကောင်းရှာဖို့ အချိန်ရောက်နေ ပါပြီ – တဲ့၊ အခုတော့ အနာရှိမှန်းလဲသိပြီ (မှန်ပါ)၊ ဆေးကောင်းဝါးကောင်း ရှာဖို့ ဆိုတာက ဒီ – ကိလေသာပိုးတွေသေဖို့ရာအရေးကြီးပါတယ် (မှန်ပါ)၊ တင်လှ ဘာသေဖို့ အရေးကြီးတုံး (ကိလေသာပိုးပါ ဘုရား)၊ ကိလေသာပိုး မသေသရွေ့ ကာလပတ်လုံး ဒီမီးနားကပ်ပြီး၊ ဒီနားမှာပဲ အရှက်တကွဲအကျိုးနည်း ဖြစ်နေဦးမှာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ကိလေသာပိုးကိုက်လို့ နူနာထတဲ့ပုဂ္ဂိုလ်မှာ ကပ်မြဲဓမ္မတာပေါ့ကွာ (မှန်ပါ)၊ ကိလေသာချုပ်ငြိမ်း – ရုပ်သိမ်းတဲ့ပုဂ္ဂိုလ်များကျတော့ ဒီ နေရာသွားပါ။ ဒီ သား – သမီးလေးကွေ ပြန်ကြည့်ပါဦး ဆိုတော့ရသေးရဲ့လား (မရတော့ပါ ဘုရား)၊ ဘာဖြစ်လို့တုံး (ကိလေသာပိုး မကိုက်တော့လို့ ပါ ဘုရား)၊ ပိုးတွေပါ သေသွားတော့ နူနာက ပျောက်ထွက်သွားတာပေါ့ (မှန်လှပါ ဘုရား)။ ။
ဒါဖြင့် အရိယာပုဂ္ဂိုလ်တွေမှာ နာပျောက်တော့၊ ဘယ်ဘုံ ဘယ်ဘဝဆိုက်ချင် သေးတုံး (မဆိုက်ချင်တော့ပါ ဘုရား)၊ ဘယ်အိမ် – ဘယ်ဌာန ပြန်ချင်သေးတုံး (မပြန်ချင်တော့ပါ ဘုရား)၊ ဘာဖြစ်လို့ တုံးမေးကြရင် ဘယ့်နှယ်ဖြေကြမှာတုံး (ကိလေသာနူနာ ပျောက်သွားလို့ ပါ ဘုရား)၊ ကိလေသာနူနာ ပိုးတွေကသေပြီး သကာလ ပျောက်သွားပါတယ် (မှန်လှပါ ဘုရား)။
အနာရှိမှန်းမသိ၊ မီးပုံနားက မခွါ
အဲဒီတော့မှပဲ အနာကင်းမှန်းကိုယ့်ဟာကိုယ်သိတယ်၊ အခုတော့ဖြင့် ကိလေသာနူနာကရှိနေတော့ ကိုယ့်ဟာကိုယ်လဲ အနာရှိမှန်းမသိ၊ မီးပုံနားက မခွါတာကို ပြောမယ့်လူကလဲမရှိ၊ မင်း အနာရှိလို့ မီးကင်တာပါလို့ ပြောမယ့်လူကလဲ မရှိတော့ ကိုယ်လိုလူချည်း၊ အနူတွေချည်းစုနေတော့၍၊ ဒီအိမ် – ဒီရာကို ပြန် – ပြန်လာတာပဲ။ ကိုယ့်အိမ်ကိုယ့်ရာလေးများ တစ်ခါတည်း ဆိုက်ဆိုက်မြိုက်မြိုက် သွားနိုင်ကြတာသည် နူနာ မပျောက်သေးလို့ ပဲ (မှန်လှပါ ဘုရား)။
အေးစရာရှိတဲ့ နေရာဆီသွားသလား၊ ပူစရာရှိတဲ့နေရာဆီသွားသလား (ပူစရာရှိတဲ့နေရာဆီသွားတာပါ ဘုရား)၊ ဘုရားတို့၊ ကျောင်းတို့၊ ဇရပ်တို့ဆီ သွားတဲ့အခါကျလို့ရှိရင် ဘာအပူမှမရှိဘူး၊ ဒါပေမယ့် သွားဖြစ်ရဲ့လား (မသွားဖြစ်ပါ ဘုရား)၊
ဒီနေရာတော့မသွားဖြစ်ဘူး၊ ကိုယ့်အိမ်ကိုယ့်ရာကျလို့ရှိရင် တစ်နေ့ဘယ်နှစ်ခေါက် ဝင်ကြ၊ ထွက်ကြ၊ နေကြ၊ ထိုင်ကြတယ်ဆိုတာ မရေတွက်နိုင်ပါဘူး (မှန်ပါ)၊ ဘယ့်နှယ့်ကြောင့် မရေတွက်နိုင်သတုန်းဆိုရင်ဖြင့် မီးခဏခဏလှုံရမှ ကျေနပ်တဲ့ သဘောကရောက်နေတယ် (မှန်လှပါ ဘုရား)။
မီးခဏခဏလှုံရမှ ကျေနပ်တဲ့သဘောသည်ကားလို့ဆိုရင်ဖြင့် ကိလေသာပိုးကိုက်လို့ နူနာကြွနေတာ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊
ဟာကျုပ်အိမ်ပြန်ဦးမယ်ဆိုတာ မီးလှုံပြန်ဦးမယ်ပြောတာ၊ မီးအလောင်ခံပြန်ဦးမယ် ပြောတာ (မှန်ပါ)၊ အိမ်ကထွက်လာတော့ အိမ်ဘက်လှည့်ပြီး သကာလ အာရုံပြုလိုက်တဲ့အခါ၊ စိတ်မချ လက်မချနဲ့အပူ လောင်ပြန်တာပဲ (မှန်ပါ)၊ မလောင်ဘူးလား (လောင်ပါတယ် ဘုရား)၊ အဝေးကနေတွေးလိုက်ကော (လောင်ပါတယ် ဘုရား)၊ အဝေးကနေ လှုံတာကိုးကွ (မှန်ပါ)၊
အနီးတွေးပြန်တော့လဲ အနီးတင်လောင်တာပဲ၊ အဝေးကနေလဲ သူ့ဘက်သာ အာရုံပြုပြီးကပ်လိုက်ရင် စိတ်မချလက်မချတွေ ပေါ်လာတာပဲ (မှန်ပါ)၊ စိုးရိမ်သောက ဗျာပါရတွေကော (လာမှာပါ ဘုရား)။
ဒါဘယ့်နှယ့်ကြောင့်တုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ဆိုကြမှာတုန်း (ကိလေသာနူနာပိုးကြောင့်ပါ ဘုရား)၊ ကိလေသာနူနာပိုးကရှိနေတော့ မလှုံပါနဲ့ဆိုလို့လဲ (မရပါ ဘုရား)၊ မရပါဘူးတဲ့၊ ဒီအနာမပျောက်တဲ့အထိ မင်းတို့လူချမ်းသာ လူကျန်းမာ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
ကိလေသာနူနာကင်းခြင်းသည် လာဘ်ကြီး
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အာရောဂျံ ပရမံ လာဘံ”၊ နိဗ္ဗာနံ ပရမံ သုခံ”-အာရောဂျံ ကိလေသာနူနာကင်းခြင်းသည်။ ပရမံ၊ လွန်ကဲသော။ လာဘံ၊ လာဘ်ကြီးတည်း။
နိဗ္ဗာနံ ပရမံ သုခံ၊ နိဗ္ဗာန်ကျမှပဲ ဒီမီးပုံနဲ့ လွတ်တော့တာပဲ (မှန်လှပါ ဘုရား)။
”အဋ္ဌင်္ဂီဂေါစ မဂ္ဂနံ၊ ခေမာ အမတ ဂါမိနံ”၊ မဂ္ဂင်ရှစ်ပါးမှသာလျှင် အနာကင်းတဲ့ဆီကို ပို့တတ်တဲ့တရား (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ မဂ္ဂင်ရှစ်ပါးမှတစ်ပါး မီးလွတ်ရာပို့တတ်တဲ့ တရားရှိရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် မင်းတို့သည် ဘယ်အလုပ်မှလုပ်စရာမရှိဘူး၊ အေးချင်လို့ရှိရင် မဂ္ဂင်အလုပ် လုပ်ရလိမ့်မယ် (မှန်ပါ)၊ အေးချင်ရင် (မဂ္ဂင်အလုပ် လုပ်ရမှာပါ ဘုရား)၊ မဂ္ဂင်အလုပ်ဆိုတာ ဖြစ်-ပျက်ရှုရတဲ့အလုပ်ပဲ (မှန်ပါ)၊
မဂ္ဂင်အလုပ်ဆိုတာ ဘာပါလိမ့် (ဖြစ်-ပျက်ရှုရမှာပါ ဘုရား)၊ ဒါဖြင့် ဖြစ်-ပျက်ရှုတဲ့အခါ သူရှုနေတုန်းကို၊ မင်းတို့သည်ကားလို့ဆိုရင် အပူလောင် သေးရဲ့လား (မလောင်တော့ပါ ဘုရား)၊ သူ့မရှုဘဲတွေးလိုက်ရင်ကော (လောင်ပါတယ် ဘုရား)၊ ဖြစ်-ပျက်ရှုနေရင် မလောင်ပါဘူးတဲ့ (မှန်လှပါ ဘုရား)။
အခါမလင့်ဘဲ အကျိုးပေးလိုက် ပါတယ်
မလောင်ဘူးဆိုတော့ ဒါဒိဋ္ဌဓမ္မအကာလိကမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အခါမလင့်ဘဲ အကျိုးပေးလိုက် ပါတယ်တဲ့၊ မတွေးရင်မလောင်ဘူး၊ တွေးရင်လောင်တယ် (မှန်ပါ)၊ တင်လှရိပ်မိပြီလား (မှန်ပါ)၊
မင်းတို့ကိုယ်အိမ်များ လှည့်ပတ်ပြီးတွေးမနေနဲ့၊ တွေးလို့ရှိရင်တော့ သွားမီးလှုံတာနဲ့ပဲ လောင်ပြန်ပြီဆိုတဲ့ အဓိပ္ပါယ်ဟာ မောင်ထွန်းတင် လာမှာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် မင်းတို့သည် အခုအနာရှိမှန်းသိပြီလား (သိပါပြီ ဘုရား)၊ စိုးရိမ်တယ်၊ ကြောင့်ကြတယ်၊ ဗျာပါရဖြစ်တယ်ဆို တာတွေဟာ ဘယ်သူ့အတွက်တုန်းမေးတော့ မီးဖိုလေးတွေကြောင့် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊
မီးဖိုလေးတွေ သွား-သွားပြီး လှုံမိလို့၊ စိုးရိမ်ပူဆွေး ဗျာပါရတွေ အမျိုးမျိုး အဖုံဖုံဖြစ်ကြရတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အင်းကြောက်စရာကြီးပါလားကွ၊ မင်းတို့က အိမ်ပြန်ဦးမယ်ပြောတော့ ယာဉ်သလိုလိုထင်ရတယ် (မှန်ပါ)၊ စင်စစ်ကိလေသာပိုးကိုက်လို့ မီးသွားလှုံတာ (မှန်ပါ)၊ လှုံတော့မပူဘူးလား၊ ပူသလား (ပူပါတယ် ဘုရား)၊
တစ်ခါတလေ ဆွေ့ဆွေ့များခုန်လို့၊ မင်းတို့ သားသမီးထဲကတစ်ယောက်ယောက်များ မကျန်းမာရင်လေ (မှန်ပါ)၊ ဒီအနာ-က တော်တော် ပြင်းထန်နေတယ်ဆိုတော့၊ အမေမိဘမှာ ဆွေ့ဆွေ့များမခုန်ကြဘူးလား (ခုန်ပါတယ် ဘုရား)၊ ဘာဖြစ်ကြတာတုန်းဆိုတော့ မီးလောင်တာ (မှန်ပါ)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အင်း သား-မယားက မကျန်းမာဖြစ်နေတယ်ဆိုရင် ဒီတောင်ကတက်မှ တက်ပါ့မလားဆိုတဲ့ တွေးလုံးသာလာလို့ ရှိရင်ဖြင့်၊ အို ပူလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဘာလို့တုန်းဆို သားမယားဘက်သွားပြီး အာရုံပြုမိတာကိုးကွ (မှန်ပါ)၊
မီးပုံနားများရောက်ချင်လိုက်တဲ့ဖြစ်ခြင်း
ပြီးတော့လဲတဲ့၊ အဝေးမှာများရောက်နေရင် ဒီမှာနေမကောင်းဘူးဆိုတာလဲ ကြားပါရော၊ မော်တော်ကားတို့ လေယျာဉ်ပျံတို့နဲ့ ချက်ချင်းပြန်လာကြတာသည် ဘာဖြစ်လို့တုန်းဆိုတော့ မီးဝေနေလို့ မီးလှုံလာကြတာ (မှန်ပါ)၊
အဝေးက ပူရတာ မကျေနပ်ဘူး မီးပုံနားများရောက်ချင်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ)၊ မီးအနီးလောင်တာနဲ့ အဝေးလောင်တာ မောင်ထွန်းတင်ဘယ်ဟာက သက်သာတုန်းကွ (အဝေးလောင်တာက သက်သာပါတယ် ဘုရား)။
သို့သော် မင်းတို့ကတော့ ကိုယ်တိုင်တွေ့ရမှ ကျေနပ်တယ်ဆိုပြီး သကာလ ပြန်လာကြတယ် မဟုတ်လား (မှန်ပါ)၊ မင်းတို့က ဘယ်သဘောရောက်နေကြတုန်း (မီးလောင်ချင်လို့ပါ ဘုရား)၊ ဒါလောက်ဆိုးရွားနေတယ်ဆိုတာ၊ တင်လှတို့ရိပ်မိပြီလား (မှန်ပါ)၊ အနီးလောင်နဲ့အဝေးလောင်တာ ဘယ်ဟာကပိုပူတုန်းကွ (အနီးလောင်တာက ပိုပူပါတယ် ဘုရား)။
မီးလောင်ခံပြီး သေခြင်းဆိုးသေချင်လို့
သို့သော်- မင်းတို့က ဒီမှာမကျန်းမာ-မချမ်းသာရှိတယ် ဆိုလို့ရှိရင်ဖြင့် ကိုယ်တိုင်တွေ့ချင်သလား၊ ပြောသံ ကြားနဲ့ပဲပြီးချင်ကြသလား (ကိုယ်တိုင်တွေ့ချင်ပါတယ် ဘုရား)၊
ဘာဖြစ်လို့တုန်းကွ (အနီးလောင်ခံချင်လို့ပါ ဘုရား)၊ အနီးနဲ့ အဝေးမီးလောင်ခံရတဲ့အခါကျတော့ ဘယ်ဟာက ဒဏ်ချက်နာသတုန်း (အနီးကပါ ဘုရား)၊ ဒါဖြင့် မီးလောင်ခံပြီး သေခြင်းဆိုးသေချင်လို့ ဒါလောက်ပြန်လာတာပဲ (မှန်လှပါ ဘုရား)။
ငါးပါးအာရုံ ကာမဂုဏ်မီးဟာ ဘယ်လောက်ဆိုးရွာတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ မင်းတို့ကလဲ အခုထက်တိုင် အနာထလို့ မီးလှုံတာလို့ကို မသိဘူး (မှန်ပါ)၊ ဒါဖြင့်ဝေဒနာသည်က ဝေဒနာရှိမှန်းမသိတော့ အရူးနဲ့ အကန်းဖြစ်မနေဘူးလားကွ (ဖြစ်ပါတယ် ဘုရား)။
မီးဆိုတာ ပင်ကိုပူပါတယ်ဆိုတာ၊ မင်းတို့လူတိုင်းသိပြီးသား (မှန်ပါ)၊ ဒါဖြင့်အနာမပျောက်သရွေ့ ကာလပတ်လုံး ဟာဖြင့်၊ မင်းတို့မီးပူမှန်းသိမယ့်လူတွေ မဟုတ်သေးပါဘူး (မှန်ပါ)၊ တင်လှဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုန်းကွ (အနာ ပျောက်အောင်လုပ်ရမှာပါ ဘုရား)၊ အနာပျောက်ဆိုတာက ကိလေသာပိုး သတ်ပစ်လိုက်လို့ ရှိရင်ဖြင့်၊ မောင်ချစ်စိန်တို့ ပြီးတာပဲကွ (မှန်လှပါ ဘုရား)။
ကိလေသာပိုးမှ မသတ်နိုင်ဘူးဆိုလို့ရှိရင်
ကိလေသာပိုးမှ မသတ်နိုင်ဘူးဆိုလို့ရှိရင်တော့ဖြင့်၊ ကိလေသာပိုးက တစ်ကိုက်တည်းကိုက်၊ အနာတွေကထလို့ ရှိရင် သား-သမီး မီးပုံတွေကို မင်းတို့က ကပ်မြဲကပ်နေမှာပဲ (မှန်ပါ)၊ မကပ်ပေဘူးလား (ကပ်ပါတယ် ဘုရား)၊ တယ်ဆိုးတဲ့ အလုပ်ပါလား (မှန်ပါ)၊ သေချာပိုင်အောင်ကြည့်၊ ဒါမာဂဏ္ဍီပုဏ္ဏားကြီးကို ဟောတဲ့ကာမဂုဏ်၏ အပြစ်ကိုပြနေတာ (မှန်လှပါ ဘုရား)။
ကိုင်းဒါဖြင့် အနာပျောက်တဲ့ပုဂ္ဂိုလ်မှာ မီးကင်ချင်သေးရဲ့လား (မကင်ချင်တော့ပါ ဘုရား)၊ ဘာဖြစ်လို့တုန်းဆို တာ ကိလေသာပိုးသေသွားလို့ (မှန်ပါ)၊
ကိလေသာပိုးသေသွားရင် အနာကပျောက်ထွက်သွားတယ် (မှန်ပါ)၊ အခုတော့ဖြင့် သားသမီးမမာဘူးတဲ့ဆိုရင် ကပျာကယာရောက်သွားတော့ မီးကပ်လောင်တာကို ကျေနပ်တဲ့သဘောမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊
ဟေ့ တင်လှနင်တို့ဥစ္စာက လွန်လှချည်လား (မှန်ပါ)၊ အမိုက်ကို ကမ်းကုန်နေပြီဆိုရင် မောင်ချစ်စိန်လွဲသလား (မလွဲပါ ဘုရား)၊ ဒါဖြင့် အနာပျောက်အောင် မင်းတို့ဆေးရှာကြဦး (မှန်ပါ)၊ အနာပျောက်အောင် ဘာလုပ်ရမှာတုန်း (ဆေးရှာရမှာပါ ဘုရား)။
အာရောဂျံ ပရမံ လာဘံ
ဒါဖြင့် “အာရောဂျံ ပရမံ လာဘံ” ဆိုတာကော သဘောကျပြီလား (မှန်ပါ)၊ အာရောဂျံ-ကိလေသာအနာကင်း ခြင်းသည်၊ ပရမံ-လွန်ကဲသော၊ လာဘံ-လာဘ်ကြီးပဲ၊ ကိလေသာပိုး တွေများ သေသွားမယ်ဆိုရင် လာဘ်ကြီးရတာပဲ (မှန်ပါ)၊
ဒါဖြင့် ဘယ်လိုလာဘ်ကြီးရမှာလဲဆိုတော့ “နိဗ္ဗာနံ ပရမံ သုခံ”တဲ့၊ နိဗ္ဗာန်တည်းဟူသော သုခကို သူရမယ် (မှန်ပါ)၊ ဘယ်ကနေသွားရမှာတုန်းလို့မေးရင် “အဋ္ဌင်္ဂီဂေါစ မဂ္ဂါနံ” မဂ္ဂင်ရှစ်ပါးအလုပ်ကို လုပ်ပါ၊ အဲဒီတော့မှ “ခေမာ အမတဂါမိနံ” မြတ်တဲ့အေးချမ်းတဲ့ နိဗ္ဗာန်ကိုရောက်မယ် (မှန်ပါ)၊
အေးချမ်းတဲ့ နေရာဌာနကို၊ ကိုယ်ပိုင်ရကြမယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် အနာပျောက်ဖို့ အရေးဟာမကြီးလာဘူးလား (ကြီးပါတယ် ဘုရား)၊
သူတော်ဆည်းကပ် သူတော်ဆည်းကပ်
ကဲ အနာပျောက်ဖို့ အရေးဟာကြီး လာတော့ အနာပျောက်ချင်လို့ရှိရင် ဘုရားက “သူတော်ဆည်းကပ်” သူတော်ကောင်းကို ဆည်းကပ်ရမယ် (မှန်ပါ)၊ “သူတော်ဆည်းကပ်” သစ္စာလေးပါး တရားတွေကိုနာရမယ် (မှန်ပါ)၊ “လျော်စွာအကျင့်” တဲ့၊ ဖြစ်-ပျက်နဲ့ မဂ်ကိုက်အောင် လုပ်ပါ (မှန်ပါ)၊ “မဂ်ဖိုလ်အခွင့်ရလင့်ဧကန်သာ” ဆိုတော့ကို သူတော်ကောင်းလဲဆည်းကပ်မှ (မှန်ပါ)၊ တရားကလဲနာဦးမှ (မှန်ပါ) လျော်အောင်လဲကျင့်ဦးမှတဲ့ (မှန်ပါ)၊ ဖြစ်-ပျက်နဲ့မဂ်နဲ့ကိုက်သွားမှသာလျှင် “မဂ်ဖိုလ်အခွင့် ရလင့်ဧကန်သာ” ဆိုတဲ့ဥစ္စာ မာဂဏ္ဍီ ပုဏ္ဏားကြီးကို ဟောနေတာ (မှန်ပါ)၊
ဒါဖြင့် မီးငြိမ်း-ကိလေသာသိမ်းမှ ပိုးကိုက်သက်သာမယ်၊ ပိုးကိုက်သက်သာမှ မီးမလှုံချင်မယ်၊ မီးမလှုံချင်မှ အလောင်သက်သာမယ် မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
အဲဒီတော့ ဘာလုပ်ရမှာတုန်းဆိုတော့ သူတော်ဆည်းကပ်မှုက တစ်နံပါတ်၊ ပြီးတော့ တရားနာတာက နှစ်နံပါတ်၊ ပြီးတော့မှ ဖြစ်-ပျက်နဲ့မဂ်နဲ့ ကိုက်အောင်ကျင့်တာက (သုံးနံပါတ်ပါ ဘုရား)၊
ဒီတော့မှပဲ ခုနကအဋ္ဌင်္ဂီကမဂ်တွေကိုရမယ် တဲ့၊ ရှစ်ပါးရှိတဲ့မဂ်တွေကို ရမယ် (မှန်ပါ)၊ အဲဒီမဂ်ရမှ ကိလေသာနူနာပိုးတွေကို မဂ်ကသတ်ပစ်လိုက်တဲ့အခါကျတော့မှ ပိုးကမကိုက်နိုင်တော့လို့ အနာကထသေးရဲ့လား (မထနိုင်ပါ ဘုရား)၊ အနာမထတော့ မီးနားကပ်ချင်သေးလား (မကပ်ချင် တော့ပါ ဘုရား)၊ အဲဒါမှပျောက်မယ် (မှန်လှပါ ဘုရား)။
ဒါဖြင့်ပျောက်ခြင်း၏ အကြောင်းသည်၊ သူတော်ဆည်းကပ်မှုက ဘစ်ချက်၊ မြတ်တရားနာမှုက တစ်ချက်၊ လျော်စွာအကျင့်က တစ်ချက်၊ မဂ်ဖိုလ်အခွင့်ဆိုတဲ့ တကယ့်မဂ်စစ်ရဖို့ဟာက တစ်ချက်ဆိုတော့ အချက်လေးချက်ပေါ့ (မှန်ပါ)၊ အဲဒီလေးချက်ကို မင်းတို့ကိုက်ညီအောင် လုပ်နိုင်လို့ရှိရင်တော့ဖြင့်၊ ကိလေသာ နူနာပျောက်ပြီး သကာလ မီးလှုံတဲ့ ဇာတ်သိမ်းပါလိမ့်မယ် (မှန်ပါ)။
သူတော် ကောင်းလဲ မဆည်းကပ်ဘူး
နို့မိုလို့ဆိုရင် သိမ်းစရာအချက်-အလက်၊ အကွက်ကိုမမြင်ဘူးကွလို့ ဘုရားကဟောပါတယ် (မှန်ပါ)၊ သူတော် ကောင်းလဲ မဆည်းကပ်ဘူး၊ တရားလဲမနာဘူး၊ ကျင့်လဲမကျင့်ဘူးဆိုရင် လောကုတ္တရာမဂ်ကိုဘယ်နည်းနဲ့မှ မရနိုင်ဘူး (မှန်ပါ)၊ ရနိုင်ပါ့လား (မရနိုင်ပါ ဘုရား)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)၊ ဒါဖြင့် ဘယ်နှစ်ချက်လုပ်ရမှာတုန်း (လေးချက်ပါ ဘုရား)၊ သူတော်ကောင်းလဲဆည်းကပ်ရမယ် (မှန်ပါ)၊ တရားကော (နာရမှာပါ ဘုရား)၊ အေးပြီးတော့ကော (လျော်စွာကျင့်ရမှာပါ ဘုရား)၊ ဖြစ်-ပျက်နဲ့ မဂ်နဲ့ကိုက်အောင်ချည်းလုပ်ရမယ်၊ ဒါမှလောကီမဂ်က ပြည့်စုံသွားတယ် (မှန်လှပါ ဘုရား)။
လောကီ မဂ်လဲပြည့်စုံသွားတဲ့အခါကျမှ လောကုတ္တရာမဂ်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးကြီးဟာ မင်းတို့ကိုယ်ပိုင်ရတော့မှ ဘေးကင်းသွားတယ်၊ ရောဂါကင်းတဲ့ဘဝကို မင်းတို့ရောက်မယ်တဲ့ (မှန်ပါ)၊ နို့မို့ရင်ရောက်စရာကို ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ငါမျက်လုံးနဲ့ ကြည့်တယ်-တဲ့၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံးမှာဖြင့်၊ ဒီလေးချက်နဲ့မှ မပြည့်စုံရင် ဒီအနာဘယ်တော့မှမပျောက်ဘူး (မှန်လှပါ ဘုရား)။
သူတော်ကောင်းဆည်းကပ်တာလဲ ဆေးရှာတာပဲ
ဒါဖြင့် ဒီအနာပျောက်ရေးသည် ရှေးဦးစွာအရေးဟာဘာပါလိမ့်မတုန်း (သူတော်ကောင်းဆည်းကပ်ရမှာပါ ဘုရား)၊ သူတော်ကောင်း ဆည်းကပ်တာလဲ ဆေးရှာတာပဲ (မှန်ပါ)၊
တရားနာတာလဲ ဆေးလာယူတာပဲ (မှန်ပါ)၊ လျော်စွာ အကျင့်ဆိုတာကတော့ ဆေးကုစပြုတာပဲ (မှန်ပါ)၊ နောက်ကျတော့၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရတဲ့အခါမှာ အနာပျောက်ဆေး အစစ်ကိုရတာပါပဲတဲ့၊
ဤကဲ့သို့ တင်လှတို့ လူစုတွေက အေးစက်စက်လုပ်ပြီး သကာလ ၊ ဟိုပူ-ဒီကြောင့်ကြနဲ့သာနေဦးမယ် ဆိုရင် အဲဒါမီးဖိုနားကပ်တဲ့သဘောတွေဟာ ပေါ်ပေါ်လာတယ် (မှန်ပါ)၊
ဒါဖြင့်မီးဖိုသည်ပင်ကိုပူလား၊ ယာယီပူလားလို့ မေးရင်ဘယ်နှယ့်ပြောကြမှာတုန်း (ပင်ကိုပူပါ ဘုရား)၊ ပင်ကိုပူကို ဘာဖြစ်လို့မင်းတို့သည် နေ့တိုင်းကပ်နေရသတုန်းဆိုရင် ဒီနူနာမပျောက်သေးလို့ပဲကွ (မှန်ပါ)၊ စင်စစ်တော့ သူက (ပူပါတယ် ဘုရား)၊ ပူပင်ပူငြားသော်လည်း ကိလေသာပိုးကိုက်လို့ နူနာထနေတဲ့ ပုဂ္ဂိုလ်မှာတော့ ပူလို့ကပ်တာ (မှန်ပါ)။
ဒါဖြင့် အနာရှိတဲ့ပုဂ္ဂိုလ်မှမီးကင်တာ (မှန်ပါ)၊ အနာမရှိတဲ့ ပုဂ္ဂိုလ်ကတော့ (မီးမကင်ပါ ဘုရား)၊
ဒုက္ခချုပ်တဲ့ဆီ ရောက်အောင်လိုက်ပါ
ခုနကပြောခဲ့ တဲ့ဆေးလေးချက်ကို၊ မင်းတို့အစဉ်အတိုင်းသာ သောက်သွားကြမယ် ဆိုလို့ရှိရင်ဖြင့်၊ နူနာရောဂါ ရုပ်သိမ်းပြီး သကာလ အေးတဲ့နိဗ္ဗာန်ကို၊ မဂ္ဂင်ရှစ်ပါးနဲ့ ပြည့်စုံသောကြောင့် မရပါနဲ့ဆိုလို့ကို၊ နေလို့ရသေးရဲ့လား (မရပါ ဘုရား)။
ဒါဖြင့်သူတော်ကောင်းကို ဆည်းကပ်ပါ၊ တရားကိုနာပါ၊ ဖြစ်-ပျက်ကိုရှုပါ၊ မဂ္ဂင်ရှစ်ပါးဖြစ်အောင် ဒုက္ခချုပ်တဲ့ဆီ ရောက်အောင်လိုက်ပါ (မှန်ပါ)၊ ဤကဲ့သို့လိုက်ခဲ့လို့ရှိရင်ဖြင့် မင်းတို့သည် ကိစ္စပြီးပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
