3015

မာတိကာသို့

“အပါယ်ရေသောက်မြစ် ဖြတ်နည်း”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့-မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြားဆုံးမတော်မူအပ်သော

အပါယ်ရေသောက်မြစ် ဖြတ်နည်း

ည-အလုပ်ပေးတရားတော်

(၁၆-၁၂-၆၀)

အသီး-သီးတဲ့ သစ်ပင်နဲ့ တူတယ်

”ရုက္ခဖလူပမာ ကာမာ သမ္ဘဉ္ဇန ပရိဘဉ္ဇန ဌေနာ”

သားသမီးနဲ့ ပစ္စည်းအာရုံ၊ မိမိခန္ဓာကိုယ် ဆိုတာတွေက ဘာနဲ့တူသတုန်းဆိုလို့ရှိရင် အသီး-သီးတဲ့ သစ်ပင်နဲ့ တူတယ်လို့မှတ်ထားရမယ်၊ စားကောင်းတဲ့အသီး-သီးတဲ့သစ်ပင်နဲ့တူပါတယ်၊ နော် (မှန်လှပါ့ ဘုရား)။

သားသမီးနဲ့ ပစ္စည်း၊ ခန္ဓာကိုယ်ကြီးကို အသီး-သီးတဲ့သစ်ပင်နဲ့တူတယ်လို့ ဘုရားကဟောထားတယ်၊ အသီး-သီးတဲ့သစ်ပင် ဆိုလို့ရှိရင်ဖြင့် ကလေးတွေလဲ ခဲနဲ့ပစ်တာပဲ၊ လူကြီးတွေကလဲ တုတ်နဲ့ပစ်တာပဲဆိုတော့ ဒီအပင်ဟာ သက်သာမှု ရှိပါ့မလားလို့ မေးရင်ဘယ်နှယ့်ဖြေကြမှာတုန်း (မသက်သာပါ ဘုရား)၊ သက်သာမှု ဘာမှမရှိဘူးဆိုတာကို တစ်ထစ်ချဆုံးဖြတ်ချက်ချရမယ် (မှန်လှပါ ဘုရား)။

ဘာကြောင့်တုန်းဆိုလို့ရှိရင် အသီး-သီးမိလို့၊ အပွင့်-ပွင့်မိလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဒီမှာလဲ ဒကာ ဒကာမတွေက ပစ္စည်းရှာကြတယ်ဆိုတာ ဘာဖြစ်လို့တုန်းလို့မေးရင် သူခိုးဓါးပြ နှိုက်ရအောင်လို့ ရှာတယ်၊ အိမ်နီးနား ချင်းမုန်းအောင်လို့ရှာတယ်၊ အစိုးရက အမြတ်တော်ကြေး ခွဲဖို့ရာ ရှာတယ်၊ သူများပြစ်ဖို့-ခတ်ဖို့ရှာကြတာ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (သူများပစ်ဖို့-ခတ်ဖို့ရှာတာပါ ဘုရား)၊ အသီးသီးတဲ့ သစ်ပင်လိုပေ့ါကွာ (မှန်လှပါ ဘုရား)။

သက်ကောင်းရှည်တော့ မဖြစ်နိုင်

အသီး-သီးတဲ့ သစ်ပင်သည်ကားလို့ဆိုရင် သူ့အသီးကို သူများကလိုချင်၊ အညွှန့်ကို သူများကလိုချင်တော့ ဒီအပင်ဟာ သက်ကောင်းရှည်နိုင်ပါတော့မလား (မရှည်နိုင်တော့ပါ ဘုရား)၊ ဒါအသီး-သီးမိလို့ကွ (မှန်ပါ)၊ သီးမိတဲ့ အတွက် သက်ကောင်းရှည်တော့ မဖြစ်နိုင်တော့ဘူး၊ ဒီအပင်ဟာ အသီး-သီးတဲ့အချိန်ကစပြီး တချို့သော ပုဂ္ဂိုလ်ကတုတ် နဲ့ပစ်တယ်၊ တချို့သော ပုဂ္ဂိုလ်ကခဲနဲ့ပစ်တယ်၊ တချို့ကတော့ ဒီအပင်ပေါ်တက်ပြီး သကာလ အကိုင်းတွေချိုးကြ၊ အသီး တွေ အောက်ရောက်အောင်လှုပ်ချ၊ ဒီလိုမှမရရင် ခုတ်ချဆိုတာတွေခံရတယ် (မှန်လှပါ ဘုရား)။’

ဘယ့်နှယ်ကြောင့် ဒီအဖြစ်တွေခံရပါလိမ့်မလဲဆိုတာ အသီး-သီးမိလို့ ဆိုတာကို တင်လှ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ ဘယ်လိုကြောင့်တုန်း (အသီး-သီးမိလို့ပါ ဘုရား)။

မောင်ကျော်သိန်းတို့ လူစုကလဲ အခုရှာဖွေနေကြတာ အသီး-သီးဖို့ရှာနေကြတာပဲ (မှန်ပါ)၊ ဈေးဆိုင်တွေထွက်ကြ၊ ရက်ကန်းတွေထောင်ပြီး အမျိုးမျိုးရှာဖွေကြတာဟာ အသီး-သီးဖို့ ရှာကြတာနဲ့ အတူတူပဲ၊ သူများပစ်အောင်-ခတ်အောင် လို့၊ သူများမျက်စောင်း ထိုးအောင်လို့၊ သူခိုးဓါးပြတွေက ချောင်းမြောင်းပြီး သကာလ ကိုယ့်အသက်ပါသေအောင်လုပ်ဖို့ ဆိုတာကကောမဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

မင်းတို့ကလဲ မသီးရရင်ကို မကျေနပ်ဘူးဆိုတော့၊ ခုနက ဒဏ်ချက်တွေကို မခံဘဲမနေရဘူးဆိုတာ မှတ်ထားရ မယ် (မှန်ပါ)၊ ခုနကဒဏ်ချက်တွေ ဘယ်နှယ့်တုန်း (ခံရမှာပါ ဘုရား)၊ အသီး-သီးမိလို့ခံရတယ်ဆိုတာ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)၊ ဘယ်နှယ့်ကြောင့်တုန်း (သီးချင်လို့ပါ ဘုရား)။

မသီးသီးအောင် လုပ်တာ

နေ့တိုင်း ဟိုကရှာစု၊ ဒီကရှာစု၊ သူဌေး သူကြွယ်ဖြစ်အောင် နည်းမျိုးစုံနဲ့စုပြီး သကာလ ဒီ-အသီးတွေ စုနေကြတာ ဟာ၊ ကိုယ့်အိမ်တည်းဟူသော အပင်ကြီးမှာ ဒီအသီးတွေဝေချင်လို့ စုဆောင်းကြတာဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊

ဒါဖြင့်ကွာ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးက လွတ်အောင် ရှောင်လို့ရပါ့မလား (မရပါ ဘုရား)၊ ကိုယ်ကမင်းဘေး၊ စိုးဘေ၊ သူခိုးဘေးတွေကို တွေ့ချင်လို့ မသီးသီးအောင် လုပ်တာလားဆိုတာမေးဖို့ အချိန်ရောက်လာတယ် (မှန်ပါ)၊

ဘယ့်နှယ်ဆို ကြမှာတုန်း (မသီး-သီးအောင်လုပ်တာပါ ဘုရား)၊ ဒါဖြင့် မင်းတို့အပြစ်ပေါ့ကွ၊ မောင်ကျော်သိန်း ဘယ်သူ့အပြစ်ဆိုမှာလဲ (တပည့်တော်တို့အပြစ်ပါ ဘုရား)။

မင်းတို့က ဒီအသီးတွေနဲ့ ဝေဝေဆာဆာနေချင်လို့ လျှောက်စုနေတာ (မှန်ပါ)၊ အသီးအပွင့်တွေနဲ့၊ ရွှေနဲ့၊ ငွေနဲ့၊ ကားနဲ့၊ တိုက်နဲ့နေချင်တော့ အမြတ်တော်ကြေးကလဲလာမှာပဲ၊ မြူနီစီပယ်ကလဲ အိမ်ခွန်၊ မြေခွန်၊ ဥပစာခွန်တွေ လာမှာပဲ၊ မလာပေဘူးလား (လာမှာပါ ဘုရား)၊

နို့ ဒါတွေကို ဟိုကတောင်းချင်လို့ တောင်းတာလား၊ ကိုယ်ကသီးမိလို့ လားဆိုတာကိုလဲ မေးကြဦးကွ (ကိုယ်ကသီးမိလို့ပါ ဘုရား)။

တယ် ခက်နေတာကိုးကွ၊ ပြီးတော့ မင်းတို့က အစိုးရကိုဆိုးတယ်လဲဆိုသေးတယ်၊ ကိုယ်က သီးမိတာကိုတော့ ထည့်စကားပြောတာ မဟုတ်ဘူး (မှန်ပါ)။

ကိုယ်ကလဲမသီးမိဘူး၊ အိုးတစ်လုံး- ဖျာတစ်ချပ်တောင်မှ မရှိပါဘူး၊ သူတော် ကောင်းအလုပ်ကို လုပ်နေပါတယ်ဆိုရင် ဘယ်မြူနီစီပါယ်ခွန်၊ ဘယ်ဥပစာခွန်၊ ဘယ်အမြတ်ခွန်၊ ဘယ်သူကလာချိုးဖဲ့ စရာရှိသေးတုန်းမေးရင် ဘယ်နှယ့်ဖြေကြမှာတုန်း (မရှိပါ ဘုရား)။

သီးတဲ့သစ်ပင်၏အပြစ်ပါ

ဒါဖြင့် သီးမိတဲ့လူ၏အပြစ်လား၊ ဟိုကတုတ်နဲ့၊ ဓါးနဲ့၊ ဒီအသီးတွေကို ရိုက်နှက်တဲ့ပုဂ္ဂိုလ်၏အပြစ်လား၊ သီးတဲ့ သစ်ပင်၏အပြစ်လားဆိုတာကို မေးဖို့လိုပါတယ်၊ ဘယ့်နှယ်ဆိုကြမယ် (သီးတဲ့သစ်ပင်၏အပြစ်ပါ ဘုရား)၊

အဲဒါ မင်းတို့က စွဲချက်တင်လိုက်တာက ကိုယ့်စွဲချက်တင်တာလား၊ သူများသွားတင်တာလား (သူများသွားတင်ပါတယ် ဘုရား)၊ ဟာ မင်းတို့ဟာလွန်လွန်းတယ်ကွာ၊ ကိုယ်သီးမိလို့ ဖြစ်ရတာ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)၊ ဘာဖြစ်လို့တုန်း (ကိုယ့်အသီး-သီးမိလို့ပါ ဘုရား)။

ကိုယ်သီးမိလို့ဥစ္စာ သူတစ်ပါးကိုသွားပြီး သကာလ ၊ ဒီမြို့မှာမနေချင်တော့ပါဘူး မြူနီစီပယ်ခွန်က သိပ်ကြီးတာပဲ၊ ဌာနခွန်က သိပ်ကြီးတာပဲ၊ ဥပစာခွန်ကသိပ်ကြီးတာပဲ၊ အမြတ်တော်ကြေးကလဲ သိပ်နှိပ်စက်တာပဲ ဆိုတော့၊ ဟ သူတို့က သီးပြီးမှ လာတာလား၊ မသီးခင်ကလာတာလားလို့လဲ မေးဖို့လိုသေးတယ် (မှန်ပါ)၊

ဘယ့်နှယ်ဆိုကြမှာတုန်း (သီးပြီးမှ လာတာပါ ဘုရား)၊ သီးအောင်ဘယ်သူလုပ်တာတုန်း (ကိုယ်ကိုယ်တိုင်လုပ်တာပါ ဘုရား)၊ မိမိကိုယ်ကလုပ်တယ်ဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒါဖြင့် သီးမိတဲ့အပင်ဟာမသက်သာပါဘူး (မှန်ပါ)၊ သရက်ပင်တစ်ပင် သီးလိုက်တယ်ဆိုရင် အပွင့်ချိုးတဲ့သူက လဲလာမှာပဲ၊ အပွင့်ပွင့်ချိန်မှာ၊ အသီးအစိမ်း စားချင်တဲ့ပုဂ္ဂိုလ်ကော (လာမှာပါ ဘုရား)၊ လာမှာပဲ-တဲ့၊ တက်နိုင်တဲ့ ပုဂ္ဂိုလ်ကတက်မှာပဲ၊ မတက်နိုင်တဲ့ပုဂ္ဂိုလ်က အပင်လှဲယူသွားမှာပဲကွ (မှန်ပါ)၊ မယူပေဘူးလား (ယူမှာပါ ဘုရား)။

အပင်၏အပြစ်

အဲဒါ ဘယ်သူ့အပြစ်တုန်းဆိုလို့ရှိရင်ဖြင့် ခုတ်ထစ်ပစ်ခတ်တဲ့ပုဂ္ဂိုလ်၏ အပြစ်လား၊ အပင်၏အပြစ်လား (အပင်၏အပြစ်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊

ရိပ်မိပေမယ့် မင်းတို့ကလဲ ဒီအပင်မသီးစေချင်ပါဘူးဆိုတဲ့ စိတ်ကိုမင်းတို့က မပေါ်ဘူးဆိုတော့ ထပ်သီးရဦးမှာပဲ (မှန်ပါ)၊ ဟင်မောင်ထွန်းတင် ဘယ်နှယ့်နေတုန်းကွ (သီးစေချင် ပါတယ် ဘုရား)၊ မင်းတို့ကလဲ သီးချင်နေတာပဲ (မှန်ပါ)၊

သီးချင်လို့ရှိရင် အပစ်ခံချင်လို့၊ တစ်ပင်လုံးအလှဲခံချင်လို့ ဆိုတာကော (မလွှဲပါ ဘုရား)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

အဲဒီ ငါးပါးအာရုံ ကာမဂုဏ်တွေဟာ သီးချင်တဲ့ပုဂ္ဂိုလ်၏ အပြစ်သာရှိပါတယ်၊ ဘေးကရန်တွေ၊ အန္တရာယ်တွေ၊ မာန်တွေတွေ့တဲ့ အခါကျတော့ မင်းတို့ကကံမကောင်း အကြောင်းမသင့်လို့ တွေ့ရလေခြင်းလို့ ကံပေါ်များချလိုက်သေး တယ် (မှန်ပါ) ဒါဘာမှမဆိုင်ဘူး၊ မသီးတဲ့အပင် ဘယ်သူမှပစ်မယ့်လူမရှိဘူး (မရှိပါ ဘုရား)။

သားသမီး မသီးလို့ရှိရင်

သားသမီး မသီးလို့ရှိရင် ဖြင့် သားနဲ့ပတ်သက်ပြီး ရန်ဖြစ်စရာမရှိဘူး၊ သားနဲ့ပတ်သတ်ပြီး ပူစရာမရှိဘူး၊ သမီးအသီးမသီးလို့ရှိရင် (ပူစရာမရှိပါ ဘုရား)။ ပစ္စည်းအသီး မသီးလို့ရှိရင် (ပူစရာမရှိပါ ဘုရား)၊ ပစ္စည်းနဲ့ပတ်သက်လို့ ပူစရာပင်စရာရှိရဲ့လား (မရှိပါ ဘုရား)၊ ယုတ်စွအဆုံး ကိုယ်တောင်မရှိဘူး၊ နိဗ္ဗာန်ရောက်သွားပြီဆိုရင် ကိုယ့်အတွက်ကော (ပူစရာမရှိပါ ဘုရား)။

အခုတော့ မင်းတို့က ကိုယ်ကလဲဖြစ်ချင်တယ်၊ ဝေဝေဆာဆာလဲ ဖြစ်ချင်တယ်၊ ဒါမှအိမ်ကျက်သရေလို့ပြော ချင်ပြောနေသေးတာ (မှန်ပါ)၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)၊

ဒါ ဘယ်နှယ့်လုပ်မှာလဲကွ၊ ဒီအရူးဘယ့်နှယ် လုပ်ကုမှာတုန်း၊ ပြီးတော့ ဘေးတကာ၊ ရန်တကာ ကင်းဝေးအောင် ပရိတ်ရွတ်ပေးပါဦးက လာသေးတယ် ဟင် (မှန်ပါ)၊ နေတိုင်းလဲ မေတ္တာပို့ပေးတယ်၊ ကိုယ့်အိမ်အားလုံး အန္တရာယ်ကင်းအောင်း မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးမှ ကင်းအောင် မေတ္တာကလဲ ပို့လိုက်သေးတယ်၊ သိချင်တာကလဲလွန်လို့၊ တကယ်တော့ ဒီမေတ္တာနဲ့ သီးချင်တာနဲ့ဟာက ကန့်လန့်ကြီး မနေပေဘူးလား (နေပါတယ် ဘုရား)။

မင်းတို့ မျက်စိကလယ်လွန်းနေတယ်

မင်းတို့ မျက်စိကလယ်လွန်းနေတယ်၊ ဘယ်နှယ့်ဆိုကြမှာတုန်း (မျက်စိကလည်လွန်းနေပါတယ် ဘုရား)၊ ပြင်ရမှာ တော့မပြင်ဘူး၊ မပြင်ရမှာတွေအတွက်ကို ကံပေါ်ချနေတယ်ဆိုတော့၊ ဒါမလွဲဘူးလား လွဲသလား (လွဲပါတယ် ဘုရား)၊ စဉ်းစားမိကြရဲ့လား (မှန်ပါ)၊

ဒါဖြင့် ဘယ်သူ၏အပြစ်တုန်းဆိုလို့ရှိရင် ခန္ဓာကိုယ်၏အပြစ်ကွ၊ ခန္ဓာကိုယ်ရှိလို့ သီးချင်တာ (မှန်ပါ)၊ သူ့ရွှေနဲ့ရံချင်တယ်၊ ငွေနဲ့ရံချင်တယ်၊ သားနဲ့သမီးနဲ့ရံချင်တယ်၊ ဒီခန္ဓာကိုယ်ကြီးကို (မှန်ပါ)၊ ဥတစ်လုံး တစ်ကောင် ကြွက်ဖြစ်မှာစိုးရိမ်တယ်ဆိုပြီး အသီး-သီးချင်တယ် (မှန်ပါ)၊ ရွှေနဲ့၊ ငွေနဲ့၊ တိုက်နဲ့၊ ကားနဲ့၊ ဒီခန္ဓာကိုယ်ကြီးကို ဝိုင်းရံထားတာ ကိုမင်းတို့ကလဲ ကျေနပ်နေတယ်၊ မကျေနပ်ဘူးလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် အသီး-သီးတာကို ဘာဖြစ်နေတုန်း (ကျေနပ်ပါတယ် ဘုရား)၊ သူများလာခူးကြ၊ ဆွတ်ကြ၊ ဖြတ်ကြ၊ ထောက်ကြတာကော (မကျေနပ်ပါ ဘုရား)၊ မကျေနပ်ရင်မသီးဘဲနေလိုက်ပါလားကွ (မှန်ပါ)၊ မသီးပဲနေလိုက်တော့ တင်လှမပြီးဘူးလား (ပြီးပါတယ် ဘုရား)၊ သို့သော်လဲ မောင်ကျော်သိန်းတို့ကဟ လူချင်းတူတူ သီးဦးပွင့်ဦးမှပေါ့၊ ငွေလေး၊ ရွှေလေးနဲ့၊ ကားနဲ့၊ တိုက်နဲ့၊ စိန်နဲ့၊ ဒီလိုမှမနေရင် လူ့အောက်ကျ သွားမှာပေါ့၊ မင်းတို့ကလဲ သီးအောင်ပဲလုပ်နေကြတယ် (မှန်ပါ)၊ ဘယ်နှယ့်လုပ် နေကြတုန်း (သီးအောင်လုပ်နေပါတယ် ဘုရား)။

တုတ်ပစ်၊ အပင်လှဲခံချင်လို့

ဒါဖြင့် တုတ်ပစ်၊ အပင်လှဲခံချင်လို့ပေါ့ကွ (မှန်ပါ)၊ ဘယ့်နှယ့်ဆိုကြမှာတုန်း (တုတ်ပစ်၊ အပင်လှဲခံချင်လို့ပါ ဘုရား)၊ တုတ်နဲ့ပစ်တာလဲခံချင်လို့၊ အပင်လှဲတာကိုကော (ခံချင်လို့ပါ ဘုရား)၊

မင်းတို့ဥစ္စာက ဒီကျတော့လဲ ကံများခေ လိုက်တာ၊ ကိုယ့်မှဖြစ်ရလေတယ်၊ သူများဒီလောက်ပဲကျတယ်၊ ကိုယ်တော့ပိုကျတယ်၊ သူများသားသမီးမာတယ်၊ ကိုယ့် သားသမီးမမာဘူးဆိုတော့ ခက်လိုက်တာ၊ ဘာဖြစ်လို့တုန်းကွ၊ သီးမိလို့တုတ်ပစ်ခံရတာကွ၊ ဟင် (မှန်ပါ)၊

တုတ်ပစ်-ခဲပစ်ခံရတယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ကံမကောင်းလို့လား (မဟုတ်ပါ ဘုရား)၊ ဘာဖြစ်လို့တုန်း (သီးမိ-ပွင့်မိလို့ပါ ဘုရား)၊ သီးမိ-ပွင့်မိလို့ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ တပည့်တော်တို့ အတိတ်ကံကဆိုးခဲ့တယ်၊ လူတွေကအားလုံးပဲ မုန်းကြတယ်၊ ပစ္စည်းခိုးချင်ကြတယ်၊ ဝှက်ချင်ကြတယ်၊ ကိုယ့်မကောင်းကြံတဲ့လူတွေကများတယ် (မှန်ပါ)၊

ဟ လုံးဝမသီးပဲနေလို့ရှိရင် ဒီဥစ္စာဘယ်သူမှမကောင်း ကြံမယ်လူကိုမရှိဘူး (မရှိပါ ဘုရား)၊ ရှိသေးလား (မရှိပါ ဘုရား)၊ ဪ မင်းတို့မျက်စိလည်ချက်ကို နေ့တိုင်းသင်လို့ မပြီးနိုင်ပါလား (မှန်ပါ)၊ သင်တာကတော့ နေ့တိုင်း သင်ပေးနေတာဘဲ (မှန်ပါ)၊ နေ့တိုင်းသင်နေတဲ့အထဲကကို မရှင်းလာ ဘူး (မှန်လှပါ ဘုရား)။

မသိမှုက ဆိုးရွားတာ ပိုနေတယ်

ဒါမင်းတို့၏ မသိမှုက ဆိုးရွားတာ ပိုနေတယ်ဆိုတာများ အပြစ်တင်လို့ရှိရင် မင်းတို့ကအကုန်ဒီအတိုင်း မှန်တယ် လို့ ခံရရုံရှိမှာပဲကွ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊

ဒါဖြင့် ဘယ်နှယ့်လုပ်ကြမှာတုန်းဆိုတော့ ဒီအပင်ကြီး ဖြုတ်ပစ်လိုက်ရင် ဒီအသီးတွေ လာပါဦးမှာလား (မလာပါ ဘုရား)၊ ဘယ်သူကလာပြီးတုတ်နဲ့ပစ်၊ သစ်ပင်လှဲ၊ အကိုင်း အချိုးလုပ်မယ့်လူလာသေးလား (မလာပါ ဘုရား)။

ဒါဖြင့် အပင်ဖြစ်မိလို့အသီး-သီးမိတာ (မှန်ပါ)၊ အသီး-သီးမိလို့ တုတ်ပစ်-ခဲပစ် (ခံရတာပါ ဘုရား)၊ ဒါမင်းတို့က လဲလူ့ပြည် ရောက်ရပါလို၏၊ လူအပင် ပေါက်ရပါလို၏ဆိုပြီး ဒီလူပင်ကြီးရပြန်ချင်တော့ (ရမှာပါ ဘုရား)၊ နတ်ပင်ကော (ပေါက်ပါတယ် ဘုရား)၊ ဗြဟ္မာပင်ကော (ပေါက်ပါတယ် ဘုရား)၊ ပေါက်ချင်သီးဦးမှာပဲ၊ သီးရင်အပစ်ခံရဦးမှာပဲ (မှန်ပါ)၊ မျက်စိကလည်နေတယ် (မှန်ပါ)၊ မလည်ဘူးလား (လည်ပါတယ် ဘုရား)။

အမလေး အခုအပေါက်ခံနေရလျက်နဲ့ နောက်ထပ်အပေါက်ခံဖို့၊ နောက်ထပ်အလှဲခံဖို့၊ နောက်ထပ်သေပွဲဝင်ဖို့ ဆိုတာပေါ့ကွာ (မှန်ပါ)၊ မင်းတို့ကလဲ ဒီအပင်မှကျက်သရေမရှိ၊ မင်္ဂလာမရှိ၊ အညွှန့်တုံး-အကိုင်းကျိုးဖြစ်နေရတဲ့အထဲ၊ ဟိုအကိုင်းကျိုး-အညွှန့်ကျိုးဖြစ်ဖို့ရာကို သွားပြီးမင်းတို့ကဆက်ထားတဲ့ အဓိပ္ပာယ်ကသာဆိုးတယ် (မှန်ပါ)၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

တစ်ခါမိုက်လား၊ အကြိမ်ကြိမ်မိုက်လား

အဲဒီတော့ တစ်ခါမိုက်လား၊ အကြိမ်ကြိမ်မိုက်လားဆိုတာ မေးဖို့အချိန်ရောက်လာတယ် (အကြိမ်ကြိမ်မိုက်တာပါ ဘုရား)၊ ဒါဖြင့် ဘယ်နှယ့်လုပ်ကြမှာတုန်းကွ၊ ဒီအပင်မပေါက်မှကိုက်တာ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမယ် (အပင်မပေါက် မှကိုက်မှာပါ ဘုရား)၊ အပင်မပေါက်ရင် အသီး-မသီးဘူး၊ အကိုင်းအခက်မဝေဆာတော့ဘူး၊ သူများတုတ်ပစ်-ခဲပစ်ကော (မခံရပါ ဘုရား)။

ဒါဖြင့် မင်းတို့၊ အခုငါတရားဟောနေတာက အပင်မပေါက်ဖို့၊ ခန္ဓာမရှိဖို့ ဟောနေတာ (မှန်ပါ)၊ ဘာဟော နေတာတုန်း (ခန္ဓာမရှိဖို့ပါ ဘုရား)၊ ခန္ဓာပင်သာပေါက်လို့ရှိရင် သားသီး၊ သမီးသီး၊ ပစ္စည်းသီးဆိုတာတွေကတော့ မင်းတို့မသီးသီးအောင်လုပ်ဦးမှာပဲ (လုပ်မှာပါ ဘုရား)၊ လုပ်ရင်လဲ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေး၊ ကပ်ဘေးတွေက မင်းတို့ကို ညှင်းဆဲ၊ နှိပ်စက်၊ ဖျက်ဆီးလိမ့်ဦးမယ်ဆိုတာကလဲ အမှန်ပဲ (အမှန်ပါ ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။

အဲဒါကြောင့် မင်းတို့သည် ခန္ဓာကြောင့် ဒုက္ခတွေဖြစ်ရတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ဘယ်လိုပေါ်လာတုန်း (ခန္ဓာ့ကြောင့် ဒုက္ခဖြစ်ရတာပါ ဘုရား)၊ ခန္ဓာ့ကြောင့် ဒုက္ခဖြစ်ရတာ (မှန်ပါ)၊ ဒါဖြင့် ဒုက္ခကို ပြန်ယူဖို့ဝတ္တရားမရှိဘူးကွ (မရှိပါ ဘုရား)၊ ဒုက္ခပြန်ယူရင် ငါးပါးမှောက်မယ် (မှန်ပါ)၊ ဒါ ဒီလိုသိလာမှကောင်းတယ်၊ အခုသိကြပြီလား (သိပါပြီ ဘုရား)၊ သူတစ်ပါးက မုန်းတယ်၊ ခိုးတယ်၊ ဝှက်တယ်၊ ချောင်းရိုက်တယ်၊ အမြတ်တော်ကြေး တွေပိုချတယ်၊ ဆိုင်ခန်းခွန်တွေ အများကြီးယူလိုက်တယ်ဆိုတာ၊ ဘယ်သူထိုးလို့-ဘယ်သူကြိတ်လို့မှမဟုတ်ဘူး၊ ကိုယ်က သီးမိလို့ ဖြစ်ရတာချည်းပဲ (မှန်ပါ)၊ ဘယ်နှယ့်မှတ်ကြမယ် (ကိုယ်ကသီးမိတာပါ ဘုရား)။

ခန္ဓာကြီးက သူရှာထားတဲ့ အသီးတွေ

ဘယ်သူကသီးတာတုန်းမေးတော့ သူ့ခြံရံတဲ့အသီးတွေဟာ ခန္ဓာကြီးကြောင့်ဖြစ်လာတယ်၊ ခန္ဓာကြီးက သူရှာထားတဲ့ အသီးတွေပေါ့ကွာ (မှန်ပါ)၊ ဒီနားကရွှေ၊ ဒီနားကစိန်၊ ဒီနားကမြ၊ ဒီနားကတိုက်၊ ခန္ဓာကသီးပွင့်လာတာ (မှန်ပါ)၊ ဘယ်သူကသီးပွင့်တာတုန်း (ခန္ဓာကပါ ဘုရား)၊

ဒါဖြင့် ခန္ဓာကသီးပွင့်လာတော့ ‘လက်သည်’ ရှာရင်ခန္ဓာတွေ့ မှာပဲ (မှန်ပါ)၊ အားလုံးက ဒီအပင်ကြီးကို အမျိုးမျိုးအဖုံဖုံ ရိုက်နှက်အညှင်းဆဲခံနေရခြင်းသည် သီးမိ-ပွင့်မိလို့ပါပဲ (မှန်လှပါ ဘုရား)။

သီးမိ-ပွင့်မိတော့ ဘယ်သူရှိလို့သီးမိ-ပွင့်မိကြတာတုန်းဆိုလို့ရှိရင် အပင်လုံးရှိလို့ သီးမိ-ပွင့်မိတာ၊ ဟုတ်ပြီလား (မှန်ပါ)၊ အပင်လုံးမရှိရင် သီးမှု-ပွင့်မှုကော (မရှိပါ ဘုရား)။

ဒါဖြင့် မင်းတို့ဟာပင်လုံး မရှိတဲ့နည်းဟာ အကောင်းဆုံးပဲ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမှာလဲ (ပင်လုံးမရှိတဲ့နည်း ဟာအကောင်းဆုံးပါ ဘုရား)၊ အဲဒီ အကောင်းဆုံးကျပြန်တော့လဲ မင်းတို့က မကြိုက်ဘူး၊

ပင်လုံးကလုံးချောချည်း ဖြစ်နေတာ တောင်မှ၊ ဪ ဥတစ်လုံး တစ်ကောင်ကြွက် ဖြစ်နေတယ်၊ ပစ္စည်းမဲ့ လူတန်းစားကျောမွဲ ဖြစ်နေတယ်၊ မင်းတို့ကထင်နေ သေးတာ၊ အခွန်ငွေ မဆောင်ရလို့ (မှန်ပါ)၊ သူများနှိပ်စက်တာကို (မခံရလို့ပါ ဘုရား)၊ အပြည့်အစုံမခံရလို့ (မှန်လှပါ ဘုရား)။

ဘယ်နှယ့်တုန်းကွ မျက်စိလည်တာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ အမလေး များများလည်ရင် ဆယ်ရမှာ မဟုတ်ပါဘူး၊ အတော်ဆိုးနေတယ်ဆိုတာ မောင်ကျော်သိန်းပေါ်ပြီလားကွ (ပေါ်ပါပြီ ဘုရား)၊

မင်းအခုနေ့တိုင်း ဆိုင်သွားပြီး စီးပွားရှာနေတာ ငယ်ငယ်ကစပြီး အခုထက်တိုင်တိုင်၊ အသီးအပွင့်တွေ များအောင် မလုပ်ဘူးလား-လုပ်သလား (လုပ်ပါ တယ် ဘုရား)၊

မင်းကိုယ်တိုင်ပဲ ဒုက္ခအမျိုးမျိုး တွေ့ပြီးပြီလား

လုပ်တော့ မင်းကိုယ်တိုင်ပဲ ဒုက္ခအမျိုးမျိုး တွေ့ပြီးပြီလားလို့ မေးရင်ဘယ်နှယ့်ဖြေမှာတုန်း (တွေ့ပြီးပါပြီ ဘုရား)။

တွေ့ပြီးတော့ ဒီအသီး မသီးတော့ပါဘူးလို့လာရဲ့လား (မလာပါ ဘုရား)၊ ဟ-ခက်တာပဲကွ၊ နောက်ထပ်တွေ့ချင် သေးလို့ပဲ (မှန်ပါ)၊ ဒီပြင်ဘာရှိသေးတုန်း (မရှိပါ ဘုရား)၊ အဲဒါ ကံမကောင်း အကြောင်း မသင့်လို့လား၊ ကိုယ့်ကိုယ်က သီးလို့ပွင့်လို့လား (ကိုယ့်-ကိုယ်ကသီးလို့ပွင့်လို့ပါ ဘုရား)။

ဒါဖြင့် မင်းတို့က ဘာမှမဆိုင်တဲ့ကံတွေ လျှောက်ချနေတာကွ၊ ကံခေထင်ပါရဲ့၊ ဗေဒင်လေး ဘာလေး မေးဦးမှ ထင်ပါရဲ့၊ ဓာတ်ကလေးဘာလေးရိုက်ဦးမှနဲ့ (မှန်ပါ)၊ အမလေး ရိုက်မနေနဲ့၊ ဒီကသီးနေလို့ လာချိုးကြတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မင်းတို့က ကိုယ်ဆင်းရဲတဲ့အထဲ သူများစားပေါက်ကို သွားပေးပြန်တော့ ရူးတာကနှစ်ချက်ထပ်နေတယ် (မှန်ပါ) မထပ်ပေဘူးလား (ထပ်ပါတယ် ဘုရား)၊ ကိုယ်သီးပွင့်မိလို့သူများချိုးခြင်း၊ မြူနီစီပယ်ကနှိပ်စက်ခြင်း၊ ဘာလုပ်ခြင်း အမျိုးမျိုးအဖုံဖုံ မခံရဘူးလား (ခံရပါတယ် ဘုရား)။

ကောင်းပြီ ဒါဘာမှခန္ဓာမရှိတဲ့ပုဂ္ဂိုလ်မှလာတာလား၊ ခန္ဓာဆုတောင်းထားတဲ့ ပုဂ္ဂိုလ်လာတာလား မေးကြည့်တော့ (ခန္ဓာဆုတောင်းထားတဲ့ ပုဂ္ဂိုလ်မှလာတာပါ ဘုရား)၊ ခန္ဓာဆုတောင်းထားပြီး သီးမိပွင့်မိတဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာကနှိပ်စက်တာ

ဒါဖြင့် ခန္ဓာကနှိပ်စက်တာ (မှန်ပါ)၊ ဘယ်သူကနှိပ်စက်တာတုန်း (ခန္ဓာကနှိပ်စက်တာပါ ဘုရား)၊ ခန္ဓာနှိပ်စက် တာကို မင်းတို့က မင်းကနှိပ်စက်တယ်၊ သူခိုးကနှိပ်စက်တယ်၊ ဓါးပြကနှိပ်စက်တယ်၊ မင်းတို့စွဲချက်ကဒါပဲ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ မင်း၊ စိုး၊ သူခိုးတွေနှိပ်စက်တာလား၊ ခန္ဓာကြောင့် ဖြစ်ရတာလား (ခန္ဓာကြောင့်ဖြစ်ရတာပါ ဘုရား)။

ဒါဖြင့် မင်းတို့ခန္ဓာကို လက်စမသတ်နိုင်လို့ရှိရင် ဒီအဖြစ်ဟာရောက်ရာတွေ့မှာပဲ (မှန်ပါ)၊ ခန္ဓလက်စ မသတ်တဲ့ ပုဂ္ဂိုလ် (ရောက်ရာတွေ့ရမှာပါ ဘုရား)၊ ရောက်ရာတွေ့ရမှာပဲဆိုတော့ ဘယ်ဘုံချမ်းသာသတုန်း မေးစမ်း (ဘယ်ဘုံမှ မချမ်းသာပါ ဘုရား)၊ ဘယ်ခန္ဓာရရင် တော်ပါ့မလဲ မေးကြည့်စမ်း (ဘယ်ခန္ဓာမှ မတော်ပါ ဘုရား)၊ ခွေးခန္ဓာရရင် ဝဲစားတော့ လာမှာပဲကွ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ခွေးခန္ဓာရရင် (ဝဲစားလာမှာပါ ဘုရား)၊ ဝက်ခန္ဓာရလို့ရှိရင် လူစားဖို့ြ့ဖစ်လာတယ် (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

တောထဲက တောကောင်ဖြစ်ပြန်တော့ နိုင်ရာစားခန္ဓာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ နတ်ပြည်ရောက်ပြန် တော့လဲ နတ်မသာသွားပြီးဖြစ်လိုက်သလို မကျဘူးလား (ကျပါတယ် ဘုရား)၊ ဗြဟ္မာပြည် သွားပြန်တော့ကော (ဗြဟ္မာမသာ ဖြစ်မှာပါ ဘုရား)၊ ဗြဟ္မာပြည်မှာသွားပြီး မသာဖြည့်စွမ်းလိုက်တဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ခန္ဓာကထွက်လာတဲ့၊ အညွှန့်၊ အသီး၊

ဒါ ဘယ်သူ့ကြောင့်တုန်းကွ (ခန္ဓာကြောင့်ပါ ဘုရား)၊ ဒါဖြင့် ခန္ဓာကထွက်လာတဲ့၊ အညွှန့်၊ အသီး၊ အပွင့်တွေ အကောင်းပြောစမ်းလို့ဆိုရင် ဘယ်နှယ့်ပြောကြမှာတုန်း (ပြောစရာမရှိပါ ဘုရား)၊

ခန္ဓာကထွက်လာတဲ့အဖိုးတန် (ဘာမှ မရှိပါ ဘုရား)၊ ဘာမှမရှိဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ခန္ဓာကထွက်လာတဲ့အဖိုးတန်ကို ဘယ်လောက်ဈေးနဲ့ ရောင်းရတယ်ဆိုတဲ့ဥစ္စာကို မောင်ချစ်စိန် ငါ့ပြောစမ်းပါဦးကွာ (မရှိပါ ဘုရား)၊

သူ့ထဲကထွက်လာသရွေ့ဟာ ဒုက္ခနဲ့ အသုဘချည်း ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)၊ အိုမှုဒုက္ခရယ်၊ စွန့်ပစ်ရတဲ့ အသုဘတွေရယ်၊ ကျင်ကြီး-ကျင်ငယ်တွေရယ်၊ ချွေးတွေရယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ သူကဒုက္ခရှိလို့ ဒုက္ခတွေထွက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ကရှင်းလင်းနေတယ် (မှန်ပါ)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)၊ သူရှိလို့ချိုးဖဲ့၊ အပင်လှဲထိအောင်ခံရတယ်၊ မရဏမင်း ကြောက်နေတာလဲ သူရှိလို့ကြောက်နေတာ (မှန်ပါ)၊ အိုမှုကြောက်နေတာလဲ သူ့ထဲက အိုပါလာလို့ ကြောက်နေရတာ (မှန်ပါ)၊

ခန္ဓာထဲကပေါ်လာတာ

နာမှုကြောက်ရတာကော (သူ့ထဲကအနာ ပါလားလို့ပါ ဘုရား)၊ သူ့ထဲကအနာပါလာတာ၊ သူ့ထဲကအနာပါလို့ပေါ့ကွ၊ မင်းတို့ထိုင်ပါများတော့ ဟိုရွှေ့၊ ဒီရွှေ့၊ ဟ ဒါတွေကျောင်းကလုပ်တာလား၊ ခန္ဓာထဲကပေါ်လာတာလားမေးရင် ဘယ့်နှယ့်ဖြေမှာတုန်း (ခန္ဓာထဲကပေါ်တာပါ ဘုရား)။

ဟ လေနာတဲ့ကွ၊ ဒီကျောင်းကလုပ်တာလား၊ အတွင်းဝမ်းထဲကလေက နာအောင်လုပ်တာလား (ဝမ်းထဲကလေ က နာအောင်လုပ်တာပါ ဘုရား)၊ ဒါသူ့ထဲကချည်းထွက်လာတာပေါကွ (မှန်ပါ)၊ ဘယ်နှယ့်ဆိုကြမှာတုန်း (သူ့ထဲက ထွက်လာတာပါ ဘုရား)၊ ဒါတောင်မှထပ်ပြီး သကာလ ဒီပြင်ခန္ဓာဖြစ်ရကောင်းလိမ့်ဦးမယ်လို့ဆိုတော့၊ ဪ အခုရိုက်နှက် နှိပ်စက်တာကို ခံရတာမတင်းတိမ်သေးလို့၊ နောက်ထပ်ဒီဒဏ်တွေခံချင်သေးတဲ့ အဓိပ္ပာယ်ရှိသေးတယ်ဆိုတဲ့ စုံလုံးကန်း တို့၏မိုက်ပုံပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အခု ဒီဘဝလဲ သူမိုက်တုန်း၊ နောက်ဘဝဆုတောင်းပြန်တော့ပိုမိုက်လို့ပဲ၊ မမိုက်ဘူးလား (မိုက်ပါတယ် ဘုရား)၊ ဒါဘယ့်နှယ်ဖြစ်ကြတာတုန်း၊ မင်းတို့ထဲက အဖြေထွက်ကြစမ်းပါဦး (မိုက်လို့ပါ ဘုရား)၊ မသိမိုက်-မသိရူးလို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ မသိမိုက်-မသိရူးမှတစ်ပါး ဒီပြင်သူ့အတွက်ပြောစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကဲ အခုတော့ဖြင့် နည်းနည်းတော့မင်းတို့ မျက်လုံးလေးထဲအလင်းရောင် ကလေးတော့လာပြီ၊ “သူကပဲ” ဆိုတာတော့ ပေါ်လာပြီ (မှန်ပါ)၊ ဘယ်သူကလို့ ပေါ်လာတုန်း (ခန္ဓာကိုယ်က ပေါ်ပါတယ် ဘုရား)၊ ခန္ဓာကပေါ်လာတယ် ဆိုတာသေချာပြီလား (သေချာပါပြီ ဘုရား)၊

ဒါဖြင့် သူကထွက်တာအဖိုးတန်မရှိ၊ သူရှိတဲ့အတွက် သူကအသီးတွေ-အပွင့်တွေပွင့်လာလို့ ဒီပင်လုံးနှင့်တကွ သူများဖျက်ဆီးမှု၊ မီးရှို့မှု၊ ခုတ်ထစ်မှုမခံဘူးလား (ခံရပါတယ် ဘုရား)၊ ဟိုသစ်ပင် နဲ့အတူတူပေါ့ (မှန်လှပါ ဘုရား)။

ဘယ်သူ့အပြစ်တုန်း

ဒါဖြင့် ဘယ်သူ့အပြစ်တုန်း၊ ဘေးကပုဂ္ဂိုလ်တို့၏အပြစ်လား၊ သူပေါက်မိတဲ့အပြစ်လား (သူပေါက်မိတဲ့ အပြစ်ပါ ဘုရား)၊ ခန္ဓာပင်ပေါက်မိတဲ့အပြစ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊

ဘယ်လိုမှတ်ကြမှာလဲ (ခန္ဓာပင်ပေါက်မိ တဲ့အပြစ်ပါ ဘုရား)၊ ခန္ဓာပင်ပေါက်မိတဲ့အပြစ်၊ အခုဒီထဲ တရားနာနေကြတာ ဘယ်ခန္ဓာပင်ကသာသေးတုန်းမေးတော့ ဘယ့်နှယ့်ဖြေကြမယ် (ဘယ်ခန္ဓာပင်မှမသာပါ ဘုရား)၊ ဒုက္ခသစ္စာချည်းပဲမဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဘယ်ခန္ဓာမဆို ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာချည်းပဲဆိုတာရိပ်မိပြီလား (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာကို ဒီအတိုင်းထားရတော့မှာလား၊ ရုပ်သိမ်းရတော်မှာလားဆိုတာ ဉာဏ်ကလေးလဲလှည့်ဖို့ အချိန်ရောက်လာတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဘယ်လိုစိတ်ကူးကြမှာတုန်း (ရုပ်သိမ်းရမှာပါ ဘုရား)၊ အမယ်လေးဒါရုပ်သိမ်းရဖို့ကို၊ ငါအခုမနည်းပြောလာခဲ့တာ၊ မိနစ်အစိတ်လောက်ပြောရတယ် (မှန်ပါ)၊ အခုမှ ရုပ်သိမ်းမှ တော်မယ်ဆိုတာလာတာ (မှန်လှပါ ဘုရား)။

နို့မို့လို့ရှိရင်ဖြင့် ကိုယ့်ကိုကိုယ်မခင် ဘယ်သူခင်မှာတုန်း တိရစ္ဆာန်လား မေးချင်မေးနေတာ (မှန်ပါ)၊ စင်စစ် အခုတော့ဖြင့်ပေါ်လာပြီ၊ သူကသီးတယ်၊ သူကပွင့်တယ်၊

ဒါကြောင့် ဘေးရန်-မာန် အန္တရယ်တွေများတယ်၊ သူမရှိရင် အေးတယ်၊ မဟုတ်ဘူးလား (မှန်ပါ)၊ ဒီလိုမလာသေးဘူးလား (လာပါတယ် ဘုရား)၊ ခန္ဓာမရှိရင် (အေးပါတယ် ဘုရား)၊

ဘယ်နှယ့်ကြောင့် ခန္ဓာမရှိရင်အေးတာတုန်း

ဘယ်နှယ့်ကြောင့် ခန္ဓာမရှိရင်အေးတာတုန်း၊ ခန္ဓာမရှိရင်ဘာနဲ့နေရမှာတုန်းလို့ မင်းတို့ကမေးချင်လဲမေးလိမ့်မယ်၊ သူ့အပြစ်ကို သိတဲ့အခါကျမှ၊ သူမရှိတာကြိုက်တာ (မှန်ပါ)၊ သူ့အပြစ်သိပြီလား (သိပါပြီ ဘုရား)၊ သူရှိလို့ရှိရင် သူကဇာတိ၊ ဇရာ၊ မရဏလဲ သူ့ထဲမှာပါတယ် (မှန်ပါ)၊ မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ပြီးတော့ သူတစ်ပါး ရိုက်နှက်နှိပ်စက်စရာတွေကော (ပါ-ပါတယ် ဘုရား)၊ သူထဲကထွက်လာတာ မင်းတို့ခုနက ငါပြောပြီးပြီ၊ တစ်ခုမှအကောင်းမရှိပါဘူး (မှန်ပါ)၊ ဒါဖြင့် သူ့ဘာသစ္စာဖွဲ့မှာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊

အေး သူ့ဒုက္ခ သစ္စာလို့ မင်းတို့က အခုငါပြောတဲ့အတိုင်း ခန္ဓာငါးပါးခွဲပြီး သကာလ ဒုက္ခသစ္စာ သိအောင်လုပ် (မှန်ပါ)၊ မလုပ်ထိုက်ဘူး လား (လုပ်ထိုက်ပါတယ် ဘုရား)၊ ဒါလဲမင်းတို့ဉာဏ်နဲ့ဆိုရင် လုပ်လို့မရဘူး၊ သူကမကောင်းတာချည်း ပွားစီးနေတယ်၊ မကောင်းတာချည်း သူက အကိုင်းအခက် ဖြာနေတယ်ဆိုတာ သိမှ (မှန်ပါ)၊ နဂိုရှိလို့နဂိုဏ်း ထွက်လာတာကွ (မှန်ပါ)၊ သူကဒုက္ခမို့၊ သူကသီးတာ- ပွင့်တာတွေကော (ဒုက္ခပါ ဘုရား)။

ဒီအပင်မျိုးဆက် ဆက်ပေါက်နေမယ်ဆိုရင်

ဒါဖြင့် ဒီအပင်ကြီး၏ ရေသောက်မြစ်နဲ့တကွ တူးမပစ်ဘူးဆိုရင် သူကနောက်ထပ်သီးပွင့်ပြီး တစ်ခါပေါက်ဦးမှာ ကွ (မှန်ပါ)၊ ပေါက်ရင် ဒီအသီးသီးမျိုးပဲ လာဦးမယ်၊ ဒီအပင်မျိုး သူများနှိပ်စက်တဲ့အပင်မျိုးပဲ မလာပေဘူးလား (လာမှာပါ ဘုရား)၊

ဒါဖြင့် ဒီအပင်မျိုးဆက်-ဆက်ပေါက်နေမယ်ဆိုလို့ရှိရင် ပေါက်သလောက် အရုပ်ဆိုးနေမှာဘဲ (မှန်ပါ)၊ ဘယ်လိုဆိုကြမယ် (ပေါက်သလောက် အရုပ်ဆိုးမှာပါ ဘုရား)၊ အဲဒါဘယ်နှယ့်လုပ်ကြမယ် (မပေါက်အောင်လုပ်ရမှာပါ ဘုရား)၊ ဒါတော့မပေါက်အောင်ကိုလုပ်ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မပေါက်အောင်လုပ်မယ် ဆိုတော့မှ သူ့ရေသောက်မြစ်ရှာတော့ မင်းတို့ကိုငါပြောနေကျ၊ ဘုရား ဟောနေကျဖြစ်တဲ့ အဝိဇ္ဇာနဲ့တဏှာလာတွေ့ဟာပဲကွ (မှန်ပါ)၊

သူ့ရေသောက်မြစ်နှစ်ခုက အဝိဇ္ဇာနဲ့တဏှာပဲ၊ ခန္ဓာပင်၏ ရေသောက်မြစ်၊ ဒါကခန္ဓာငါးပါး၊ သူက ဒီရေသောက်မြစ် နှစ်ခုကိုမှီပြီး သူကပေါ်လာတာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သူ့ရေသောက်မြစ်ကဘယ်သူတုန်း (အဝိဇ္ဇာနဲ့တဏှာပါ ဘုရား)၊ ခန္ဓာငါးပါးကအပင် (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဒီပြင်စီးပွားတွေ ဘာတွေက အကိုင်း- အခက်- အရွက်- အလက်တွေ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိဇ္ဇာနဲ့ အလောဘနဲ့ ဖြတ်ပစ်ရမယ်

အဲဒါကို မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီအပင်ကြီးရေသောက်မြစ်ဖြစ်တဲ့ အဝိဇ္ဇာနဲ့တဏှာကို ဝိဇ္ဇာနဲ့ အလောဘနဲ့ ဖြတ်ပစ်ရမယ်၊ ဘယ်လိုလုပ်ရမှာတုန်း (ဝိဇ္ဇာနဲ့အလောဘနဲ့ဖြတ်ပစ်ရမှာပါ ဘုရား)၊

ဝိဇ္ဇာနဲ့ အလောဘနဲ့ ဖြတ်ပစ်တော့မယ်ဆိုတော့ ဒီခန္ဓာငါးပါးရေသောက်မြစ်ကိုသိပြီး၊ မင်းတို့က သိတဲ့အခါကျတော့ သူ့ကိုအနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ သူကနှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာလို့ မင်းတို့က ဒီကနေဖြစ်-ပျက်တိုင်း၊ ဖြစ်-ပျက်တိုင်း မဂ္ဂင်ငါးပါးနဲ့ ဒုက္ခသစ္စာ ရှုပေးနော် (မှန်ပါ)၊

သူဖြစ်-ပျက်တိုင်း၊ ဖြစ်-ပျက်တိုင်း ဘာလုပ်မှာတုန်း (မဂ္ဂင်ငါးပါးနဲ့ရှုပေးရမှာပါ ဘုရား)က၊ သူ့ဒုက္ခ သစ္စာလို့ရှုပေး (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာ သိသွားတော့ကို အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တယ် (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာ ကိုယ်ရှုတာကိုးကွ (မှန်ပါ)၊

ကိုယ်ခန္ဓာက ပေါက်လာတာက အဝိဇ္ဇာနဲ့တဏှာကြောင့် ပေါက်လာတာ (မှန်ပါ)၊ အဲဒီလို ရှုတဲ့အခါ ကျတော့ လိုချင်သေးရဲ့လား၊ မလိုချင်တော့ဘူးလား (မလိုချင်တော့ပါဘူး)၊ မလိုချင်လို့ရှိရင်လဲတဲ့၊ ဒီထဲမှာ အလောဘပါတာပဲ၊ မဂ္ဂင်ငါးပါးထဲ မလိုချင်တဲ့အလောဘလဲပါတယ် (မှန်ပါ)၊ မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ရှုတဲ့ဥစ္စာက ဝိဇ္ဇာ၊ မလိုချင်တာက အလောဘ

အဲဒီတော့ ဒီကကိုယ့်ခန္ဓာထဲမှာ ယခုဆရာပေးတဲ့ဉာဏ်၊ ဘုရာပေးတဲ့ဉာဏ်နဲ့ မင်းတို့ကဒီခန္ဓာကြီး၏ ရေသောက်မြစ်နှစ်ခုကို မင်းတို့ကဖြတ်ပစ်ရမယ် (မှန်ပါ)၊

ဖြတ်ပစ်တော့ ဒီခန္ဓာကြီးကို ဖြစ်-ပျက် ရှုလိုက်တော့၊ ရှုတဲ့ဥစ္စာက ဝိဇ္ဇာ၊ မလိုချင်တာက အလောဘဆိုတော့ အဝိဇ္ဇာနဲ့လောဘက သေသွားတယ် (မှန်ပါ)၊ ဒီရှုတဲ့ထဲမှာ ဒါကပါလာတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊

ရှုတဲ့ထဲမှာသူကပါလာတော့ အဝိဇ္ဇာနဲ့လောဘကဘယ်နှယ့်နေတုန်း (သေပါ တယ် ဘုရား)၊ အဝိဇ္ဇာနဲ့ တဏှာသေသွားတာ ဘယ်နှယ့်ကြောင့် သေတုန်းဆိုတော့ အဝိဇ္ဇာကိုဝိဇ္ဇာနဲ့ဖြတ်ချလိုက်တာ၊ ဒီထဲမှာရှိတဲ့ တဏှာကို အလောဘနဲ့ဖြတ်ချလိုက်တာ (မှန်ပါ)၊

ဖြတ်ချလိုက်တော့ ဒီအပင်ကြီးဟာဘယ်လိုပဲ နောက်-စည်ကား သီးပွင့်နိုင်သေးရဲ့လား၊ ရေသောက်မြစ် ပြုတ်ပြီလားလို့ မေးရင် ဘယ်နှယ့်ဖြေမှာတုန်း (ရေသောက်မြစ်ပြုတ်ပါ တယ် ဘုရား)။

ရေသောက်မြစ် ပြုတ်သွားလို့ရှိရင်၊ နောက်ဒီအပေါ်မှာတဲ့ သီးပွင့်နေတာလားတွေလဲ အသွံအကုန်ဖြစ်မယ် (မှန်ပါ)၊ အခုရှိတဲ့ မင်းတို့လုပ်ထားတဲ့ အကုသိုလ်တွေ-ကုသိုလ်တွေပေါ့ကွာ (မှန်ပါ)၊ ဒါတွေဟာ အမြစ်မရှိတဲ့ သစ်ပင်က သီးတာပွင့်တာဖြစ်နေတော့ အောင်သေးရဲ့လား (မအောင်ပါ ဘုရား)၊ အဲဒါဒီနှစ်ခုနဲ့ ဖြတ်ပစ်တာ၊ ဒီမဂ္ဂင်ငါးပါးထဲမှာ ဒီနှစ်ခုကဖြတ်လိုက်တာပဲ (မှန်ပါ)၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုမှပဲဖြစ်တာ

ဒါဖြင့် အဝိဇ္ဇာကဝိဇ္ဇာဖြစ်ရမယ် (မှန်ပါ)၊ လောဘက (အလောဘဖြစ်ရမှာပါ ဘုရား)၊ အလောဘဖြစ်ရမယ်ဆို တော့ ဒီဝိပဿနာရှုမှပဲဖြစ်တာ (မှန်ပါ)၊ မရှုလို့ရှိရင် ဒီအမြစ်နှစ်ခုက ပြတ်ကိုမပြတ်ဘူး (မပြတ်ပါ ဘုရား)၊

ဒီအမြစ်ပြတ် သွားကတည်းက ဒီသစ်ပင်သည် သီးနိုင်ပွင့်နိုင်သေးရဲ့လား (မသီးနိုင်၊ မပွင့်နိုင်ပါ ဘုရား)၊ မပွင့်နိုင်လို့ရှိရင် ဒီအမျိုး ပြုတ်တာပဲ (မှန်ပါ)၊ ဒီအမျိုးပြတ်လို့ရှိရင် ဘယ်သူကတူး၍၊ ဘယ်သူကထစ်၍၊ ဘယ်သူကအပင်လှဲဦးမှာလဲ (ဘယ်သူမှ မလုပ်နိုင်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိပဿနာဆိုတာ ဘာပါလိမ့်

ဒါဖြင့် ဒီအတိုင်း မင်းတို့သည်ကားလို့ဆိုရင်ဖြင့် ဝိပဿနာအလုပ် လုပ်နေတာဟာ၊ ဪ အသီး-သီးတဲ့ အပင်ကြီး အမြစ်ကို နောက်ထပ်မျိုးပြုတ်အောင် လုပ်နေတယ်ဆိုတာရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဝိပဿနာဆိုတာ ဘာပါလိမ့် (မျိုးပြုတ်အောင်လုပ်တာပါ ဘုရား)၊

မျိုးပြုတ်အောင်လုပ်တယ် ဆိုတာမျိုးကို ဘယ်သူကကျေးဇူးပြုနေတုန်း ဆိုလို့ရှိရင်၊ အမြစ်က ကျေးဇူးပြုနေတာ (မှန်ပါ)၊ သီးပွင့်မှာက ဒီရေသောက်မြစ်နှစ်ခုက ကျေးဇူးပြုမှ အသီးတွေ အပွင့်တွေက သီးနိုင်ပွင့်နိုင်တာက (မှန်ပါ)၊ နို့မို့ရင် သီးနိုင်ပွင့်နိုင်ရဲ့လား (မသီးနိုင်၊ မပွင့်နိုင်ပါ ဘုရား)၊ သဘောပါ ပြီလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် အခုဟာက ဝိပဿနာရှုကြဆိုတော့ ဘာလုပ်တာတုန်းဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ရေသောက်မြစ်ဖြတ်နေတာ (မှန်ပါ)၊

ဝိပဿနာရှုဆိုတာဘာတုန်း

ဝိပဿနာရှုဆိုတာဘာတုန်း (ရေသောက်မြစ်ဖြတ်နေတာပါ ဘုရား)၊ ရှုလိုက်တော့ ဒီထဲမှာ အဝိဇ္ဇာ ဘာဖြစ်သွားတုန်း (ဝိဇ္ဇာဖြစ်သွားပါတယ် ဘုရား)၊ ဝိဇ္ဇာဖြစ်သွားတယ်၊ ဒီထဲမှာလောဘဆိုတဲ့ဥစ္စာက ဘာဖြစ်သွားတုန်း (အလောဘဖြစ်သွားပါတယ် ဘုရား)၊ ရှုလိုက်တော့မြင်တယ်၊ မြင်တော့ မလိုချင်ဘူးဆိုတာ အလောဘ ဖြစ်သွားတာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

မြင်တာကဝိဇ္ဇာ၊ မလိုချင်တာက (အလောဘပါ ဘုရား)၊ အဲဒီတော့ ဝိဇ္ဇာနဲ့ အလောဘဆိုတော့၊ ဒါ-မဂ်တွေဖြစ် သွားတာပဲ (မှန်ပါ)၊ ဝိဇ္ဇာမဂ္ဂင်၊ အလောဘကလဲမဂ္ဂင်ပဲ (မှန်ပါ)၊ ရိပ်မိပြီလား (မှန်ပါ)၊

အဲဒီလို ရှုလိုက်တဲ့အခါကျတော့၊ သူတို့ဖြတ်ပစ်လိုက်တဲ့အတွက် ဒီအပင်ကြီးဟာ ရှိပင်ရှိငြားသော်လည်း ပင်ခြောက်၊ ပင်ဆွေး၊ နောက်ထပ်ပွားနိုင်စရာ အပင်မျိုးဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

ရေသောက်မြစ်ဖြတ်တဲ့နည်းဟာ အရေးကြီးဆုံး

အဲဒီကဲ့သို့မဖြစ်ဘူးဆိုလို့ရှိရင် သီးစရာပွင့်စရာတွေကော ဇာတ်မသိမ်းသေးဘူးလား (သိမ်းပါတယ် ဘုရား)၊ ဒါဖြင့် နောက်ဘယ်မျိုးကျပြီး၊ ဘယ်နတ်မျိုးဘယ်ဗြဟ္မာမျိုး အပင်တွေကောပေါက်စရာရှိသေးလား (မရှိပါ ဘုရား)၊ ဘယ်မင်းဘယ်စိုး၊ ဘယ်သူခိုးတွေကလဲ သူ့နိုင်လို့ဆွတ်စရာ၊ ခုတ်စရာ၊ ထစ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါဖြင့် သူ့ရေသောက်မြစ်ဖြတ်တဲ့နည်းဟာ အရေးကြီးဆုံးပဲဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ … ဒီတင်တော်ဦး၊ နာရီဝက်ရှိပြီကွ၊

သာဓု … သာဓု … သာဓု။