”အလယ်လမ်းမှ ကြိုးစားရမည်”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြား ဆုံးမတော်မူအပ်သော
”အလယ်လမ်းမှ ကြိုးစားရမည်”
ည-အလုပ်ပေး တရားတော်
(၁၃-၁၂-၆၀)
ပြင်ဘက်က ပစ္စည်းလဲ အတူတူပဲ
မင်းတို့ ဉာဏ်ကောင်းတဲ့လူတွေအတွက်မှာ ဒီလောက် တရားနာထားတဲ့ ပုဂ္ဂိုလ်တွေအတွက်၊ ဥပမာ သစ်ရွက် ကလေးတစ်ခုကြွေကျတယ်၊ သစ်ရွက်ကလေးနွမ်းသွားတယ်၊ သစ်ပင်ပေါ်ကြည့်လိုက်တယ်၊ ဪ မနေ့က အစိမ်းကလေး၊ ဒီကနေ့ အဝါကလေးဖြစ်လာတယ်၊ မနက်ဖြန် အဖြူကလေးဖြစ်ပြီး သန်ဘက်ခါ ကြွေကျတယ်။
သူလဲရုပ်ပဲကိုး၊ ရုပ်ဆိုတော့ ဖောက်ပြန်ပြီး၊ ပျက်စီးပြီးကြွေကျတယ်၊ ဪ ပြင်ဘက်က ပစ္စည်းလဲ အတူတူပဲလို့ စိတ်ထဲမှာမှတ်ရမယ် (မှန်လှပါ ဘုရား)။
နင်တို့ ဒယ်အိုးလေးတွေနဲ့၊ သတ္တုအိုးလေးတွေနဲ့ ဟင်းရွက်စိမ်းတွေကို အခြောက်ကြော် – ကြော်တဲ့အခါရှိတာပဲ၊ ကြည့်ပါလားတဲ့၊ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ပထမရေဆေးထားတုန်းကတော့ လတ်လတ်ဆတ်ဆတ်၊ နောက် ဆီပူနဲ့ အိုးနဲ့ မီးနဲ့သွားတွေ့လိုက်တဲ့အခါကျတော့၊ ခြောက်သယောင်းလာတယ် (မှန်လှပါ ဘုရား)။
သူလဲ သူ့အမှုနဲ့သူ ဖောက်ပြန်ပျက်စီးနေတာပဲဆိုတဲ့ဥစ္စာ ငြင်းစရာမရှိပါဘူး။ မီးအပူနဲ့တွေ့တယ်ဆို မီးနဲ့ ဖောက်ပြန်သွားတာပဲ၊ ဒါဖြင့် ရုပ်ဟူသရွေ့ဟာ အပူနဲ့တွေ့လဲဖောက်ပြန်၊ အအေးနဲ့တွေ့လဲ ဖောက်ပြန်၊ ဒီလိုပဲ မနေကြ ဘူးလား (နေပါတယ် ဘုရား)။
စိတ်ဟူသရွေ့ကလဲ ဖောက်ပြန်နေတာပဲ
စိတ်ဟူသရွေ့ကလဲ ဖောက်ပြန်နေတာပဲ၊ ကလေးလေးရဲ့ ငိုသံကြားတယ်ဆို နင်တို့ ဒကာမတွေ စိတ်က ဘာဖြစ်ပါလိမ့်မလဲဆိုပြီး လန့်တယ်၊ အရင်စိတ်မဟုတ်ဘူး ဒါ လန့်စိတ်၊ အခုမှပေါ်လာတာ၊ နောက် ကလေးက ဘာမှ မဖြစ်ဘူးဆိုရင် နင်တို့ ဝမ်းသာတဲ့စိတ်ပေါ်လာပြီး၊ ခုနက ဝမ်းနည်းတဲ့စိတ် ချုပ်သွားတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် နင်တို့သန္တာန်မှာ ပြုံးစရာလေးတစ်ခုနဲ့ တွေ့ပြန်ပြီဆိုလို့ရှိရင်ဖြင့် ပြုံးတယ်၊ ပြုံးစိတ်ကလေးက အခုမှ ပေါ်လာတယ်၊ ပြုံးစရာကလေးမကြည့်ဘဲ နေလိုက်တဲ့အခါကျတော့ ပင်ကိုစိတ်ပေါ်လာပြန်ပြီး ပြုံးတဲ့စိတ်ကလေးက တစ်ခါတည်း ဖောက်ပြန်ပျက်စီးသွားတယ်၊ ဆိုတော့ နင်တို့သန္တာန်မှာ ရုပ်ရယ်၊ ခုနကပြုံးတဲ့စိတ် ဆိုတဲ့နာမ်တွေရယ်၊ ဒါတွေဟာ သူ့အကြောင်းနဲ့ကျတော့ ဖောက်ပြန်တာပဲဆိုတဲ့ဥစ္စာကို မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
ပျက်ပြီးမှ အစားထိုးတယ်လို့ မှတ်ရမယ်
တစ်ချို့မှာ ဥတုသပ္ပါယ အစာအာဟာရနဲ့တွေ့ရင်လဲ တင်လှ တို့၊ မောင်ချစ်စိန် တို့ ပျက်မှာပဲကွ (မှန်ပါ)၊ မပျက်ပေဘူးလား (ပျက်မှာပါ ဘုရား)၊ ဥတုသပ္ပါယနဲ့တွေ့လဲ ရုပ်ဟာအမျိုးမျိုး ပြောင်းသွားမှာပဲ၊ ပြောင်းသွားတယ် ဆိုတာသည် ရှိရာက ပြောင်းသွားတာလား၊ ပျက်ပြီးမှ အစားထိုးတာလား ဆိုတာကို ဝေဖန်ရမယ်၊ ပျက်ပြီးမှ အစားထိုး တယ်လို့ ဘယ်အခါမဆိုမှတ်ရမယ် (မှန်ပါ)၊ ပြောင်းသွားတယ်လို့မယူပါနဲ့။
ပြောင်းသွားတယ်ယူရင် သဿတဒိဋ္ဌိနော် (မှန်ပါ)၊ တစ်ခုပျက်ပြီးမှ တစ်ခုအစားထိုးတယ်ဆိုမှသာလျှင် အနိစ္စဉာဏ် ဝင်နိုင်တယ်၊ အဲ့ဒီ အနိစ္စဉာဏ်ကသာ အမှန်ထားပြီး သကာလ အားလုံးဆုံးဖြတ်ချက်ချ၊ ဪ ပြောင်းတာ မဟုတ်ပါလား ပျက်တာ။
ပျက်တယ်လို့ယူရင် ဒိဋ္ဌိစင်သွားတယ်
ပြောင်းတာနဲ့ ပျက်တာသည် ပြောင်းတယ်လို့ယူရင် သဿတဒိဋ္ဌိ၊ ပျက်တယ်လို့ယူရင် ဒိဋ္ဌိစင်သွားတယ်၊ အဲ့ဒီတော့ ပြောင်းမှုနဲ့ပျက်မှုကော ထူးခြားကြပြီလား (ထူးခြားပါပြီ ဘုရား)၊ ပြောင်းတယ်ဆိုတာက ဟောဒီခွက်ကလေး ဒီနားကနေ ဒီနားပြောင်းတယ်လို့ဆိုတာ (မှန်ပါ)၊ ပျက်တယ်ဆိုတာက ဒီနေရာက ပျက်ပြီးတော့၊ ဒီနေရာအသစ်ပေါ်တာကို ဆိုတာ (မှန်ပါ)၊ ပြောင်းတာနဲ့ပျက်တာသည် တခြားစီလို့မှတ်ရမယ် (မှန်လှပါ ဘုရား)။
အဲ့ဒီတော့ ဟင်းရွက်ကြော်လိုက်တယ်၊ ကြော်လိုက်တဲ့အခါကျ မကြော်ခင်က စိမ်းနေတယ်၊ နောက်ကျတော့ မီးနဲ့ဆီနဲ့ အစရှိသည်တို့နဲ့ တွေ့သွားတဲ့အခါကျတော့ ပင်ကိုသဘောမှ စွန့်သွားတာဟာ ပျက်တာပဲ၊ ပင်ကိုသဘော စွန့်သွားတာ ဘာဆိုကြမယ် (ပျက်တာပါ ဘုရား)၊ ပျက်တာပဲဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ထားကြပါ။
အဲ့ဒီလို ဟင်းချက်ရင်းနဲ့လဲ ပျက်နေတာမြင်တာပဲ၊ ဟင်းကြော်ရင်းနဲ့လဲ ပျက်နေတာ မြင်တာပဲ၊ အဲ့ဒီပျက်တာ မြင်တဲ့အခါကျတော့ ကိုယ့်ခန္ဓာပြန်လှည့်လိုက်ရတယ်၊
သစ်ပင်က ပျက်တာမြင်ပြန်လဲ ကိုယ့်ခန္ဓာပြန်လှည့်လိုက်၊ ဪ ဒီခန္ဓာလဲ ဒီအတိုင်းပဲမြင်အောင် ပြန်လှည့်ကြည့်၊ လှည့်ကြည့်တဲ့ အခါကျတော့ ကိုယ့်ခန္ဓာမှာလဲ ခုနကစိတ် မရှိဘူး အခု စိတ်အသစ်ပါလား၊ စိတ်အသစ်လဲမရှိပြန်ဘူး၊ ဒါ နောက်စိတ်အသစ်ပါလား၊ ကိုယ့်သန္တာန် ပြန်ကြည့်လိုက်တော့လဲ ခုနက ဒယ်အိုးထဲမှာ ဟင်းကြော်တဲ့ အပျက်ကို မြင်ရသလို၊ ကိုယ့်သန္တာန် ပြန်ကြည့်တဲ့အခါလဲ ဒီအပျက်ကို ဒီအတိုင်းပဲ မြင်ရမယ်နော် (မှန်လှပါ ဘုရား)။
အတွင်းမှာလဲ ဒီအတိုင်းပဲလို့
ဒီအပျက်ကို ဒီအတိုင်း မြင်တဲ့အခါကျလို့ရှိရင်ဖြင့် ဗဟိဒ္ဓက အပြင်ဘက်ကနေပြီး အတွင်းလှမ်း ကျေးဇူးပြုတယ်၊ အပြင်ဘက် ကြည့်တဲ့ဉာဏ်ကတစ်ခါ အတွင်းလှည့်ကြည့်လိုက်တဲ့အခါ၊ အတွင်းမှာလဲ ဒီအတိုင်းပဲလို့ တစ်ထပ်တည်း ဖြစ်သွားတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်ထွက်သွားတယ်၊ ဘာပြုလို့တုန်း ဆိုတော့ အပျက်သိတဲ့ဉာဏ်ဝင်လာလို့ (မှန်လှပါ ဘုရား)။
အဲ့ဒါကြောင့် နင်တို့ ဟင်းချက်ခဲ့တာ အိုးပေါင်း ဘယ်လောက်ရှိပြီလဲလို့ တင်လှ တို့ကို မေးလို့ရှိရင်ဖြင့် မရေတွက်နိုင်ပါဘူးဘုရား၊ တစ်နေ့တော့ နှစ်အိုး သုံးအိုး ချက်နေရတာပဲ၊ အဲ့ဒီကနေပြီး သကာလ ငါ့ခန္ဓာလဲ ဒီလို ပျက်စီးနေပါလားလို့ ကြည့်မိရဲ့လားလို့မေးရင် မကြည့်မိပါဘူး၊ ဘာဖြစ်လို့ မကြည့်မိတာတုန်းဆိုတော့ မသိလို့ မကြည့် မိတာ၊ ပျက်တာနဲ့ပျောက်တာကို ကိုယ်ကလဲ နဂိုက ကြားဖူးနားဝက မရှိခဲ့တော့၊ အပြင်ဘက်က ဟာကြည့်ပြီး အတွင်း ကြည့်ရမယ်ဆိုတာကိုလဲ ယနေ့ နည်းပေးတော့မှ၊ ဪ ယနေ့ကစပြီးကြည့်ရမှာပဲ (မှန်လှပါ ဘုရား)။
ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အပြင်ဘက်ကဟာကြည့်ပြီး အတွင်းကြည့်တာနဲ့၊ အတွင်းနဲ့အပြင်နဲ့ တစ်ထပ်တည်းဖြစ်သွားလို့ရှိရင် ဒါ မဂ်ဉာဏ်ရနိုင်တာပဲ၊ အပြင်ဘက်နဲ့ အတွင်းနဲ့ တစ်ထပ်တည်းဖြစ်ရင် (မဂ်ဉာဏ် ရနိုင်ပါတယ် ဘုရား)၊
အတွင်းမှာမြင်သွားမယ်ဆိုလို့ရှိရင်
ဘာပြုလို့တုန်းဆိုတော့ အပြင်ဘက်က ပျက်စီးတာကို၊ နင်တို့က အထင်အရှား မြင်တယ်၊ အတွင်း ပျက်စီးတာကို ဒီအတိုင်းအပြင်ဘက်မြင်သလို အတွင်းမှာမြင်သွားမယ်ဆိုလို့ရှိရင်ဖြင့် ဒီဥစ္စာဟာ အထူးရှာနေရတာလား၊ ဒီဟာမျိုး ဒီလိုပဲဆိုပြီး ဆုံးဖြတ်ချက်ချရမှာလား (ဆုံးဖြတ်ချက်ချရမှာပါ ဘုရား)။
ဒီဟာမျိုး ဒီလိုနေတာပဲဆိုပြီး ဆုံးဖြတ်ချက်ချလိုက်လို့ရှိရင်ဖြင့်၊ ဒါဟာ ခန္ဓာဘက် ဉာဏ်လှည့်သွားတာပဲ၊ ဒါကြောင့် ခန္ဓာကို ဉာဏ်လှည့်မယ်ကြံလို့ရှိရင် ပြင်ဘက်တွေကိုလဲ ကြည့်ပေးကြပါ (မှန်လှပါ ဘုရား)။
ရှေးက ဒကာမလေး တစ်ယောက်ရှိတယ်၊ ဒီလိုပဲ သူ ဟင်းချက်ရင်း ဉာဏ်သက်ဝင်တယ်၊ ဟင်းရွက်စိမ်းတွေ ကြော်တယ်၊ ဟင်းရွက်စိမ်းတွေ ဆီသတ်လုပ်ပြီး ကြော်တယ်၊ သူ ဒါကြည့်ပြီး သကာလ ၊ ဪ ခုနကနဲ့မတူဘူး၊ ခုနကနဲ့ မတူဘူး၊ ခုနကနဲ့မတူဘူးဆိုပြီး သူ ကြည့်ပါတယ်တဲ့၊ ဒီလို ဟင်းရွက်ကြည့်လိုက်လို့ ခုနကနဲ့မတူတာတွေ၊ ဖောက်ပြန် ပျက်စီးနေတာတွေမြင်တာနဲ့ အတွင်းပြန်ကြည့်တာပဲ၊ အတွင်းပြန်ကြည့်တော့ ကြော်ရင်း လှော်ရင်းနဲ့ပဲ သူ သောတာပန် တည်ပါတယ်၊ ဒါ ဘာဖြစ်လို့တုန်းလို့ မေးလို့ရှိရင်ဖြင့် ပြင်ဘက်နဲ့အတွင်းဟာ တစ်ထပ်တည်းဆိုတာ သိသွားလို့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အပြင်ဘက်နဲ့ အတွင်းနဲ့ဟာ (တစ်ထပ်တည်းပါ ဘုရား)၊ အဲ့ဒါမှ “သဗ္ဗေသင်္ခါရာအနိစ္စ” ဆိုတာ ပြင်ဘက်ကလဲ အနိစ္စပဲ၊ အတွင်းကလဲအနိစ္စပဲ၊ အနိစ္စ အနိစ္စချင်း ထပ်သွားတဲ့အခါကျတော့၊ အပြင်ကြည့်တဲ့ဉာဏ်ကနေပြီး အတွင်း ကြည့်တဲ့ဉာဏ်ကို ကိုယ်က ပြန်လှည့်လိုက်၊ ထိုကဲ့သို့ ပြန်လှည့်လိုက်တဲ့ အခါကျတော့ အတွင်းသားမှာလဲ ပြင်ပစ်သလိုပဲ၊ ပိုမိုပြီး သကာလ မြန်တဲ့အပျက်တွေကို မြင်လာလို့ရှိရင် အပျက်မြင် အပျက်မုန်း အပျက်ဆုံးသွားတာပဲ၊ ဆုံးသွားရင် သောတာပန်တည်တာပဲ။
ဟင်းချက်ရင်းသောတာပန်တည်တယ်
အဲ့ဒီ “ထေရိကာ” ဆိုတဲ့ ဒကာမလေး တစ်ယောက်ဟာ ဟင်းချက်ရင်းမတ္တနဲ့ သောတာပန်တည်တယ်၊ ဘာဖြစ်လို့ တည်သတုန်းလို့မေးတဲ့ အခါကျတော့၊ အပြင်နဲ့ အတွင်းကို တစ်ထပ်တည်းဖြစ်အောင် ကြည့်နိုင်လို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရှေးဦးစွာတော့ အပြင်ကိုကြည့်ပေါ့၊ အပြင်ကြည့်ပြီး သကာလ နောက် ကိုယ့်ခန္ဓာအတွင်းကို ပြန်ကြည့်၊ အတွင်း ဆိုတာ ဝမ်းထဲကြည့်ဖို့မလိုပါဘူး၊ ဒီအပေါ်ယံကဟာတွေကလဲ အကုန်ပျက်နေတာပဲ၊ အဲ့ဒီလိုပျက်စီးနေတာတွေကို အတွင်းနဲ့အပြင်နဲ့ တစ်ထပ်တည်းဖြစ်သွားပြီဆိုလို့ရှိရင်ဖြင့် အတွင်းလဲ ခင်တွယ်တဲ့တဏှာ သေ၊ အပြင်ဘက်လဲ ခင်တွယ်တဲ့တဏှာသေ၊ ဘယ်တဏှာကျန်သေးတုန်း (မကျန်ပါ ဘုရား)၊ ရှိတာက အတွင်းအပြင်ရှိတာကိုး။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အတီတာ နာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ” အဲ့ဒါတွေဟာ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ပေါင်း – ပေါင်း – ပေါင်းပြီး သကာလ အပြင်ဘက်ကြည့်လိုက် – အတွင်းကြည့်လိုက်၊ အပြင်ဘက် ကြည့်လိုက် – အတွင်းကြည့်လိုက်၊ ဪ – ဒါအတွင်းမှာချည်းပဲ အပျက်တွေ မြင်နေပြီဆိုရင် အပြင်ဘက် လွှတ်ပစ် လိုက်တာပေါ့ အရေးမကြီးပါဘူး၊ သို့သော် မမြင်သေးရင် အပြင်ဘက်ကနေပြီး သကာလ အပြင်ဘက် ဖောက်ပြန် ပျက်စီးနေတာတွေကို ကြည့်ပေးရမယ် (မှန်လှပါ ဘုရား)။
ထေရိကာ ဆိုတဲ့ ကလေးမလေး
အဲ့ဒီ ထေရိကာ ဆိုတဲ့ ကလေးမလေးဟာ ဟင်းချက်ရင်း ပြင်ဘက်ကြည့်ပြီး အတွင်းပြန်ကြည့်လိုက်တာ ဟင်းအိုးလဲကြော်လို့ လှော်လို့လဲပြီးရော၊ သူ သောတာပန်တည်တာပဲ၊ အဲ့ဒီတင်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထေရိကာ ဟင်းချက်နေတာနဲ့ အဝေးကြီးမှာနေတာပဲ၊
ဘုရားက သူ့ကျောင်းသူနေတာ “သုခံ သုပါဟိ ထေရိကေ၊ ကတွာ စောဠေန ပါရုတာ” (ထေရီဂါထာ ၃၇၇) လို့ ဘုရားက ကျောင်းတော်ကနေ တရားဟောတယ်၊ တစ်ယောက်တည်းကို လှမ်းဟော နေတာ (မှန်ပါ)၊ ဘုရားက တစ်ယောက်တည်း ကြားစေချင်ရင် တစ်ယောက်တည်း ဟောလို့ရတယ် (မှန်လှပါ ဘုရား)။
”ဥပသန္တောဟိ တေ ရာဂေါ၊ သုက္ခဋာကံဝ ကုမ္ဘိယံ” လို့ ဘုရားက ကျောင်းတော်ကနေ ဟောလိုက်တယ်၊ မင်း ဟင်းအိုးထဲမှာ ချက်တဲ့ဟင်းရွက်တွေ ခြောက်ပြီး သကာလ သွားတာကို ကြည့်လိုက်သလို၊ မင်းရဲ့ခန္ဓာကို တစ်ခါပြန်လှည့်ပြီး ကြည့်ပါတော့လားဆိုပြီး၊ ဘုရားက ဟိုကနေ ဟောလိုက်တော့၊ သူက ခန္ဓာကိုပြန်ကြည့်တာပေါ့၊ အခု ဒီနေ့ည အဲ့ဒီ တရားသင်နေတယ်လို့မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
မင်း အကြည့်မှန်သွားပြီတဲ့
အပြင်ဘက်က ပျက်စီးနေတာမြင်သဖြင့် အတွင်းကိုလဲကြည့်လိုက်လို့ရှိရင် ဒီအတိုင်းတစ်ထပ်တည်း မြင်လာလိမ့် မယ်လို့ ဘုရားကဟောတယ်၊ “ဥပန္တောဟိ ထေရာဂေါ” တဲ့၊ မင်း အပြင်ဘက်ပျက်စီးတာ အတွင်းကြည့်လိုက်တာနဲ့ပဲ၊ မင်း အကြည့်မှန်သွားပြီတဲ့၊ အကြည့်မှန်သွားတဲ့အတွက်၊ မင်းသန္တာန်မှာ ကိုယ့်ခန္ဓာ ခင်တွယ်တဲ့ တဏှာ၊ ဥပါဒါန် ကံတွေ ချုပ်သွားပြီ၊ မင်းဟာ ဘိက္ခုနီမအဝတ်ကို ဝတ်နေဖို့ အချိန်တောင်ရောက်နေပြီလို့ ကျောင်းတော်ကနေ ဟောနေ တာနော် (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဒီတရားမှာ ဘာအသားယူပြီး မှတ်ရမှာတုန်းလို့မေးလို့ရှိရင် အပြင်ဘက်ကပျက်တာမြင်တိုင်း – မြင်တိုင်း အတွင်းကိုလှည့်ရမယ် (မှန်ပါ)၊ အပြင်ဘက်က ပျက်တာမြင်တိုင်း – မြင်တိုင်း (အတွင်းကိုလှည့်ရမှာပါ ဘုရား)၊ အတွင်းလှည့်ကြည့်တဲ့အခါကျတော့ အတွင်းမှာ ဒီအတိုင်းတွေ့လိမ့်မယ်၊ ဖျတ် – ဖျတ် – ဖျတ်နဲ့ ဟိုနေရာကယား၊ ဒီနေရာကယံ၊ ဟိုနေရာကနာ၊ ဒီနေရာကအောင့်၊ ဒါလေးတွေကလဲ အခုမှပေါ်ပြီး အခုမှပျက်တာလို့ ဒါကို နင်တို့က ဉာဏ်လှည့်ပေးကြရမယ်နော် (မှန်လှပါ ဘုရား)။
အဲ့ဒီကဲ့သို့ အတွင်းဉာဏ်လှည့်ပြီး သကာလ ပေးလိုက်တဲ့အခါကျလို့ရှိရင် ကြာလာတော့ အပ်သွားချစရာ မရှိဘူး၊ အပျက်တွေချည်းစုနေတာကို ဉာဏ်ထဲမှာ ရင့်လာတော့ မြင်လာလိမ့်မယ် (မှန်ပါ)၊ ထိုကဲ့သို့ မြင်ပြီးလာလို့ရှိရင်ဖြင့်၊ ဪ ဉာဏ်ဆိုတာက ချက်ချင်းထက်သွားတာပဲ၊
ဒုက္ခချုပ်လို့ရှိရင် နိဗ္ဗာန်မြင်ပါတယ်
မြင်လိုက် – မုန်းလိုက်၊ အင်း ဒီဟာကြီးနဲ့ မနေချင်ဘူး၊ ဒုက္ခသစ္စာကြီး ဆိုတာ ကိုယ်တိုင်သိလာတာပဲ၊ အဲ့ဒီကဲ့သို့ ကိုယ်တိုင် ဒုက္ခသစ္စာမှန်းသိရင် ဒုက္ခသစ္စာချုပ်ပြီး သကာလ နိဗ္ဗာန်မြင်တော့ တာပဲ၊ ဒုက္ခမချုပ်သေးရင် နိဗ္ဗာန်မမြင်သေးဘူး၊ ဒုက္ခချုပ်လို့ရှိရင် (နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊
ဒုက္ခဆိုတာ ဖြစ်-ပျက် ကို ဆိုတာ၊ အဲ့ဒီ ဖြစ် – ပျက် ချုပ်သွားလို့ရှိရင်တော့ ဒါနိဗ္ဗာန် မမြင်ပါနဲ့ ဆိုလို့မရဘူး၊ သူဖုံးကွယ်နေတာပဲ ဆိုတာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒုက္ခသစ္စာက နိရောဓသစ္စာကို ဖုံးကွယ်နေတယ် (မှန်ပါ)၊ ဒုက္ခသစ္စာက (နိရောဓသစ္စာကို ဖုံးကွယ်နေပါတယ် ဘုရား)၊
အဲ့ဒီတော့ နဂိုတုန်းက သူ့ခင်နေလို့ သူကဖုံးနေတာ (မှန်ပါ)၊ သူ့မခင်တော့ပါဘူး ဒုက္ခမှန်းသိလို့ သူ့မလိုချင် တော့ပါဘူးဆိုရင် ဒီအဖုံးဖြစ်တာကြီးက ပွင့်ထွက်သွားတယ် (ဝါ) ချုပ်သွားတယ် (မှန်ပါ)၊
ချုပ်သွားတဲ့အခါကျလို့ရှိရင် ဒုက္ခချုပ်တဲ့နိဗ္ဗာန်မြင်လာတယ်၊ မြင်လာလို့ရှိရင် မြင်တဲ့ဉာဏ်က မဂ်ဉာဏ်ပဲ၊
ဒုက္ခမြင်နေတာကတော့ကို ဝိပဿနာဉာဏ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ)၊ နောက်ကျတော့ ဒုက္ခမလိုချင်ဘူး၊ ဝိပဿနာဉာဏ်နဲ့ကို မလိုချင်တာလေး ပြင်းထန်လာပြီး ချုပ်သွားလို့ရှိရင် ချုပ်တာမြင်တာကတော့ ဒုက္ခမရှိတာကိုမြင်တာ၊ မဂ်ဉာဏ်ပဲလို့မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒုက္ခမရှိတာ မြင်တာမဂ်ဉာဏ်
ဒုက္ခမရှိတာ မြင်တာ ဘယ့်နှယ်ခေါ်ကြမယ် (မဂ်ဉာဏ်ပါ ဘုရား)၊ အဲ့ဒီ မဂ်ဉာဏ်ရလို့ရှိရင် နင်တို့မှတ်ထား၊ ရပ်ပြစ်ရှစ်ပါးလဲ မဖြစ်တော့ဘူး၊ အပါယ်လေးပါးလဲ ဘာမှစိုးရိမ်စရာ မရှိဘူး၊ ကိုယ့်အတွက် ငရဲမီးငြိမ်းလို့ ငရဲအိုး သိမ်းတယ်ဆိုတာ တစ်ထစ်ချမှတ်ရမယ် (မှန်ပါ)၊
ဒုက္ခချုပ်တာသာ မြင်အောင်လုပ်ရမယ်၊ နင်တို့ အလုပ်က ဘာတုန်း (ဒုက္ခချုပ်တာမြင်အောင်လုပ်ရမှာပါ ဘုရား)၊ ဒုက္ခချုပ်တာမြင်အောင် လုပ်ရမှာပဲ၊ ဒီပြင် ဘာမှလုပ်စရာမရှိဘူး၊
အဲ့ဒီ ဒုက္ခချုပ်တာကိုသာ နင်တို့က ကျကျနနမြင်အောင် ကြိုးစားပါတဲ့၊ အပြင်ဘက်ကဒုက္ခမြင်သဖြင့် အပြင်ဘက်မှာလဲ ဖြစ်-ပျက်၊ ဖြစ်-ပျက်ဆိုတဲ့ဒုက္ခ၊ အဲ့ဒီဒုက္ခမျိုးဟာ ခန္ဓာကိုယ်ထဲမှာက အပြည့်အစုံ ရှိတယ်၊ အဲ့ဒီအပြည့်အစုံကို မမြင် မြင်အောင်ကြည့်ပါ၊
မမြင် – မြင်အောင်ကြည့်တဲ့အခါကျလို့ရှိရင် မြင်လာမှာပဲ၊ မြင်လာလို့ရှိရင် ဒီဘက်က ဒုက္ခမုန်းတဲ့ ဉာဏ်ဟာ အလိုလိုလိုက်လာတယ်၊ နောက် ဒါတွေမလိုချင်တဲ့ဉာဏ်တွေ လိုက်လာလို့ရှိရင် ရှေ့ ဖြစ်-ပျက် ဒုက္ခကြီးဟာ ဖျတ်ခနဲဆို ဆုံးသွားတာပဲ၊ ဆုံးသွားတဲ့အခါကျလို့ရှိရင်ဖြင့်၊ ဒါ “ဒုက္ခ နိရောဓေါ နိဗ္ဗာနံ” ဆိုတဲ့ဥစ္စာဖြစ်လာတာပဲ။
ရှုနည်းကိုလဲဟောလိုက်တယ်
အဲ့ဒီတင် ဘုရားက ကျောင်းတော်ကနေပြီး သကာလ ၊ သင် ဘိက္ခုနီအဝတ်ကိုသာ ဝတ်တော့၊ သင့် သန္တာန် ရှိတဲ့ ဘဝသံသရာကပါလာတဲ့ ကိလေသာအယုတ်ဓာတ်တွေ၊ အမည်းဓာတ်တွေ၊ ဓာပုတ် – ဓာတ်ညစ်တွေ၊ အလုံးစုံ မရှိတော့ဘူးဆိုတာကို ဘုရားက ကျောင်းတော်ကနေဟောလိုက်တော့ ရှုနည်းကိုလဲဟောလိုက်တယ်၊ နောက် စင်ကြယ် သွားပြီဆိုတာကိုလဲပြလိုက်တယ်၊ ပထမတော့ ရှုနည်းသင်တယ်နော် (မှန်ပါ)၊ ပြင်ဘက်ရှုပြီး ဘယ်ရှုရမယ် (အတွင်းရှု ရမှာပါ ဘုရား)၊ အတွင်းခန္ဓာကိုယ်ရှုရမယ်။
အပြင်ဘက်ရှုပြီး အတွင်းခန္ဓာကိုယ်ရှု၊ ရှုပြီး သကာလ ပြင်ဘက် ပြန်မလှည့်ဘဲနဲ့ အတွင်းချည်းဆက်ရှုနေ၊ အကယ်၍ အတွင်းကပျောက်ပျက်သွားတယ်၊ မမြင်ပြန်ဘူးဆိုရင် အပြင်ဘက်ပြန်ရှု၊ ဒါကြောင့် ဘုရားက
အဇ္ဈတ္တံဝါ ဗဟိဒ္ဓိဝါ ဩဠာရိကံဝါ သုခုမံဝါ ဟီနံဝါ ပဏီတံဝါ ယံ ဒူရေ သန္တိကေဝါ၊ သဗ္ဗံ ရူပံ၊ ဝေဒနံ၊ သညံ- “နေတံ မမ၊ နေသောဟမသ္မိ၊ န မေ သော အတ္တာ” တိ၊
ဒါ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး၊ အတွင်းက ဖြစ် – ပျက်နေတာတွေ ဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုနေ၊ ငါ့ကိုယ်ဖြင့် ငါပြောတဲ့အတိုင်းတည်မှာပေါ့နော် (မှန်ပါ)၊ ငါဟာဖြင့်လဲ ငါထားတဲ့အတိုင်း မနေပေဘူးလား (နေမှာပါ ဘုရား)၊ ငါ့ဥစ္စာ ဖြစ်ခဲ့လို့ရှိရင်လဲ ငါ့သဘောအတိုင်း သူဘာမှ ပျက်စီးမှာ မဟုတ်ဘူး။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်
အခုတော့ သူ့သဘောအတိုင်း ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်လို့ ဖြစ်လိုက် – ပျက်လိုက်၊ ဖြစ်လိုက် – ပျက်လိုက်၊ ဖြစ်လိုက် – ပျက်လိုက်၊ ဒါပဲနေတဲ့အတွင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်ဘူးလို့ မှန်မှန် တကယ်တမ်း မြင်လာပြီဆိုလို့ ရှိရင်ဖြင့် မောင်ချစ်စိန် ဖျတ်ဆိုချုပ်မှာပဲကွ (မှန်ပါ)၊ တကယ်တမ်း မမြင်သေးရင် (မချုပ်သေးပါ ဘုရား)၊
မချုပ်သေးဘူး သူပြနေဦးမှာပဲ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ တဏှာအငြိကလေးရှိနေသေးတယ်၊ ဒိဋ္ဌိအငြိကလေးရှိနေသေးတယ်ဆိုလို့ ရှိရင် မချုပ်သေးပါဘူး၊ မချုပ်သေးလို့ရှိရင် နင်တို့က ပေစိုက်ပြီး သကာလ ရှုနေပါ (မှန်လှပါ ဘုရား)။
ပေရှုလိုက်လို့ရှိရင်တော့ ဉာဏ်ကရင့်လာမှာပဲ၊ တစ်နေ့မရင့် နောက်တစ်နေ့ ရင့်မှာပဲ၊ နောက်တစ်နေ့မရင့် ဟိုဘက်တစ်နေ့ရင့်မှာပဲ၊ ဒါ ပင်ပန်းတယ်လို့မယူနဲ့ (မှန်ပါ)၊ ဒါ ပင်ပန်းတယ်လို့ယူလို့ရှိရင် မှားကြလိမ့်မယ်တဲ့၊ ဒီဥစ္စာ ပင်ပန်းတဲ့အလုပ် မဟုတ်ဘူး၊
အလယ်လမ်းဆိုတာ ပင်ပန်းတာမဟုတ်ဘူး
အလယ်လမ်းဆိုတာ ပင်ပန်းတာမဟုတ်ဘူး၊ ကာမဂုဏ်လိုက်စားတဲ့ လမ်းဆိုရင် ငွေရှာရတာ ပင်ပန်းလိုက်တာ၊ ဆိုတော့ ကာမဂုဏ်ခံစားတဲ့လမ်းကိုလဲ မလိုက်နဲ့၊
တစ်ခါ – တိတ္ထိတွေအကျင့်ကျတော့ တုံးခု၊ ဇယ်ခတ်၊ မီးလှုံ၊ ရေချိုး ဆိုတဲ့ အမောအပန်းခံပြီး ကျင့်ရတဲ့လမ်းကိုလဲမလိုက်နဲ့ (မှန်လှပါ ဘုရား)။
အမောအပန်းခံ ကျင့်တဲ့လမ်းက ကိုယ့်ကိုယ်ကိုဆင်းရဲအောင်ကျင့်တဲ့လမ်း၊ ကာမဂုဏ် လိုက်စားတဲ့လမ်း ကတော့ အညစ်အကြေးရှိတဲ့လမ်း၊ လမ်းဘယ်နှစ်လမ်းရှိသတုန်း (နှစ်လမ်းပါ ဘုရား)၊ အခု ဖြစ်-ပျက်ရှုတဲ့လမ်းကတော့ အလယ်လမ်း (မှန်ပါ)၊ ဖြစ် – ပျက်ရှုတဲ့လမ်းက (အလယ်လမ်းပါ ဘုရား)။
အဲ့ဒီ တုံးခု၊ ဇယ်ခတ်၊ မီးလှုံပြီး ကိလေသာကိုရအောင်လုပ်တဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ့်ကိုယ်ကိုပင်ပန်းအောင် လုပ်ခြင်းကြောင့် မဂ်ဖိုလ်လဲမရနိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကို ဆင်းရဲတဲ့လမ်းဖြစ်တယ် (မှန်ပါ)၊ သားရေး၊ သမီးရေး၊ စီးပွားရေး ကို ပူပန်ပြီးရှာဖွေကြ၊ ကိစ္စတွေအမျိုးမျိုးဖြစ်နေတဲ့ လမ်းကတော့ ပင်ပန်းတော့ တစ်မျိုးပဲလို့ မှတ်ရမှာပဲ (မှန်လှပါ ဘုရား)။
အလယ်လမ်းပေါ် မတက်တတ်သရွေ့
အဲ့ဒါ အလယ်လမ်းပေါ် မတက်တတ်သရွေ့ ကာလပတ်လုံးကတော့ ဒီနှစ်လမ်းလှည့်နေတာပဲ (မှန်ပါ)၊ ဆရာမှားနဲ့တွေ့ပြန်လဲ တုံးခုန်၊ ဇယ်ခတ်၊ ခုနက ကြက်ဖခွပ်တဲ့လမ်းတွေပေါ့ကွာ (မှန်ပါ)၊ တစ်ခါ ကာမဂုဏ်လမ်းလိုက် နေလို့ သား – စီးပွားရေး၊ သမီး – စီးပွားရေး၊ ဒါတွေလိုက်နေပြန်တော့လဲ ကာမသုခလ္လိကာနုယောဂလမ်း။
အဲ့ဒီလမ်းက ဘာဖြစ်သတုန်းလို့မေးလို့ရှိရင် ကာမဂုဏ်ခံစားတဲ့လမ်းကတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဘက်သွားတယ်။ ဇာတိ၊ ဇရာ၊ မရဏ ချုပ်ရာသွားရဲ့လား (မသွားပါ ဘုရား)၊ ဒါ ကာမဂုဏ်ခံစားတဲ့လမ်း (မှန်ပါ)၊ အိမ်ထောင်ခြင်း၊ သားမွေးခြင်း အလုပ်ကတော့ ခုနက နောက် ပဋိသန္ဓေဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲကို ရှာတဲ့လမ်းလို့မှတ်ရမယ် (မှန်လှပါ ဘုရား)။
တစ်ခါ အကျင့်မှားလမ်းကတော့ဖြင့်တဲ့၊ ဒုက္ခတွေဖြစ်ပြီး သကာလ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရနဲ့ မောင်ချစ်စိန် သွားပြန်တာပဲ (မှန်ပါ)၊ သူကလဲ သံသရာလည်လမ်းပဲ၊ သံသရာလည်ပြီး သူက အပါယ်ကျတဲ့လမ်း (မှန်လှပါ ဘုရား)။
ဘယ်လမ်းလိုက်ရမယ်ဆိုတာသိပြီလား
အဲ့ဒီတော့ကို နင်တို့ ဘယ်လမ်းလိုက်ရမယ်ဆိုတာသိပြီလား (သိပါပြီ ဘုရား)၊ မပင်မပန်းဘဲနဲ့ ပြင်ဘက် ကြည့်လိုက် – အတွင်းကြည့်လိုက်၊ ပြင်ဘက်ကြည့်လိုက် – အတွင်းကြည့်လိုက် ဒီပဲသွားနေရမယ်၊ နောက်တော့ ပြင်ဘက်က မလိုတော့ဘူး၊ အတွင်းစိုက်စိုက် – စိုက်ကြည့်လို့ အတွင်းမှာဖြင့် အနှစ်သာရရှိတာ ဘာမှမပါဘူး၊ ခိုင်တာ မြဲတာ ဘာမှမပါဘူး၊ ကိုယ်ပိုင်ဥစ္စာဘာမှမရှိဘူး၊ ကိုယ့်ဥစ္စာဆိုလို့ တစ်ခုမှ အပ်သွားချဖို့တောင်မရှိဘူး၊ အဲ့ဒီလိုသိလာလို့ရှိရင်ဖြင့် လူဝတ်ကြောင်အဖြစ်နဲ့လဲ သောတာပန် လမ်းဟာ ရောက်သွားတာပဲ (မှန်လှပါ ဘုရား)။
အရေးကြီးတာက ဘယ်လမ်းတက်မှုဖို့ အရေးကြီးတုန်း (အလယ်လမ်းပါ ဘုရား)၊ အဲ နင်တို့လိုက်နေတာက ဟောဒီဘက်လမ်း (ပုံစံခွက်ချပြသည်) လိုက်နေလို့ မောင်ထွန်းတင် တို့ ငါးပါးမှောက်နေတာ (မှန်ပါ)၊ အခု ငါးပါးမှောက် နေတော့၊ အခု အသက်ရှုဖို့တောင် နင်တို့မလွယ်ဘူး (မှန်ပါ)၊ တစ်ခါတလေ အောင့်များထားရတယ် အကြံထုတ်ရတာလေ (မှန်ပါ)၊ တစ်ခါတလေ အလိုမကျလို့များ အောင့်ပြီး သကာလ ဒေါသကြီးနေတဲ့အခါကောမရှိဘူးလား (ရှိပါတယ် ဘုရား)။
ကာမဂုဏ်လမ်းလိုက်မိတဲ့သူ
အဲ့ဒါ ကာမဂုဏ်လမ်းလိုက်မိတဲ့သူကတော့ဖြင့် ဒုက္ခ၊ ဒေါမနဿ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ၊ အဲ့ဒီတော့ကို ဘုရားကဟောတယ် မင်းတို့ဟာကွာ ကာမဂုဏ်လိုက်စားတဲ့လူတွေကတော့ ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတာ၊ မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား)၊
ယခု ဒုက္ခခန္ဓာကြီးကို ကျွေးဟယ်၊ မွေးဟယ်၊ သုတ်သင်ဟယ်၊ ဆေးကု ဟယ်နဲ့၊ ဒီအထဲကလဲ ကိုယ့်အလို၊ ကိုယ့်အကြိုက်၊ ကိုယ့်အလိုက်၊ ဘာလိုက်တာပါသေးသတုန်း (မပါ-ပါ ဘုရား)၊ ဒါ ဒီဒုက္ခကြီးရှိလျက်နဲ့ နောက်ဒုက္ခကို ပျော်တယ်၊ ရွှင်တယ်၊ ပွဲလမ်းသဘင် ရုပ်ရှင်တို့သွားလာနေကြတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ဒီဒုက္ခရှိလျက်နဲ့ နောက်ဒုက္ခပြန်ရှာနေတာ (မှန်လှပါ ဘုရား)။
ဒုက္ခရှိလျက်နဲ့ (နောက်ဒုက္ခရှာတာပါ ဘုရား)၊ အဲ့ဒါက ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတာက တစ်နံပါတ် မသွားကောင်းတဲ့ လမ်းလို့မှတ်ပါ (မှန်ပါ)၊
အခု ခန္ဓာကိုယ်ကြီးထဲမှာ ကိလေသာ ချုပ်ငြိမ်းအောင် လုပ်ဖို့ရာကို၊ ကိုယ့်ကိုယ်ကို ညှဉ်းဆဲတဲ့ လမ်းလုပ်ဖြစ် သောကြောင့် သူကလဲ အပါယ်တောက်လျှောက်သွားတဲ့လမ်း (မှန်ပါ)၊ ကိုယ့်ကိုယ်ကို ညှဉ်းဆဲတဲ့လမ်းက (အပါယ်တောက်လျှောက် သွားတဲ့လမ်းပါ ဘုရား)၊ အပါယ်တောက်လျှောက် သွားတဲ့လမ်းဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဆရာကောင်းနဲ့တွေ့မှ အလယ်လမ်းရောက်တယ်
အဲ့ဒီ လမ်းကလဲ မလိုက်ကောင်းတဲ့လမ်း၊ ဆရာမှားနဲ့တွေ့ရင် ဒီလမ်းလိုက်လိမ့်မယ် (မှန်ပါ)။ ကိုယ့်ဟာကိုယ် နေရင် ဒီလမ်းလိုက်တယ် (မှန်ပါ)၊ ဆရာကောင်းနဲ့တွေ့မှ အလယ်လမ်းရောက်တယ် (မှန်ပါ)၊ ဆရာမှားနဲ့တွေ့ရင် (အပါယ်သွားတဲ့လမ်းပါ ဘုရား)၊ အေး ခုနက ကိုယ့်ကိုယ်ကိုဆင်းရဲတဲ့လမ်း (မှန်ပါ)၊ ဆရာသမားနဲ့ မတွေ့တော့ပါဘူး၊ ကိုယ်ထင်သလို ကိုယ်နေကြလို့ရှိရင်တော့ဖြင့် ကာမဂုဏ်ခံစားတဲ့လမ်း (မှန်ပါ)၊ နောက်ဒုက္ခရှာတဲ့လမ်းပေါ့ (မှန်လှပါ ဘုရား)။
အဲ ဒီနှစ်လမ်းကတော့ နောက်ဒုက္ခရတဲ့လမ်းချည်းပဲ၊ အလယ်လမ်းဖြစ်-ပျက်ရှုတဲ့လမ်း၊ ဖြစ်-ပျက်မုန်းတဲ့လမ်း၊ ဖြစ်-ပျက်အဆုံးကိုမြင်တဲ့လမ်းဟူသရွေ့ကတော့ဖြင့် နောက်ကို ပဋိသန္ဓေနေချင်ပါတယ်ဆိုလို့လဲမရဘူး၊ အိုချင်ပါတယ်၊ သေချင်ပါတယ်ဆိုလဲမရဘူး၊ သောက၊ ပရိဒေဝတွေဖြစ်ချင်ပါတယ်ဆိုရင်ကော (မရပါ ဘုရား)၊ ဒါက ဘယ်လမ်းကတုန်း (အလယ်လမ်းပါ ဘုရား)။
အဲ ဘုရားသခင် ကိုယ်တော်မြတ်ကလဲ ဟောတယ်တဲ့၊ ဘုရားဖြစ်လာတာ ဘယ်လမ်းကဖြစ်တာတုန်း (အလယ်လမ်း ပါ ဘုရား)၊ သောတာပန်၊ သကဒါဂါမ်၊ သူ့တပည့် သား မြေးတွေကော (အလယ်လမ်းပါ ဘုရား)၊ အလယ်လမ်းကချည်း ဖြစ်တယ်ဆိုတာကို မှတ်ထားလိုက်တော့မှ၊ ဪ တို့ဟာ အလယ်လမ်းကလွဲရင်တော့ ကိုယ်ကျိုးနည်းပြီလို့ အောက်မေ့ ရမယ် (မှန်ပါ)၊ အလယ်လမ်းကလွဲရင် (ကိုယ်ကျိုးနည်းပါတယ် ဘုရား)။
အလယ်လမ်း မလွဲဖို့အရေးဟာ
အလယ်လမ်း မလွဲဖို့အရေးဟာ သိပ်ကြီးတဲ့အရေးဆိုတာမှတ်ကြရမယ်နော် (မှန်ပါ)၊ အလယ်လမ်းက ပင်ပန်း သလားမေးတော့ ပြင်ဘက်ကြည့်လိုက်၊ အတွင်းကြည့်လိုက်၊ ပြင်ဘက်ကထင်မြင်သရွေ့ အတွင်းကြည့်လိုက်လို့ရှိရင်လဲ ဒါ ပြီးသွားတာပဲ (မှန်ပါ)၊ ဒါဖြင့် သူကဉာဏ်နဲ့သွားတဲ့လမ်း၊ သွားစွဲတဲ့လမ်းလဲ မဟုတ်ပါဘူး၊ ဟင် (မှန်ပါ)၊ ပင်ပန်းတဲ့ အလုပ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူကိုယ်တိုင် ဒုက္ကာရစရိယာကျင့်ကြည့်တယ် (မှန်လှပါ ဘုရား)။
ကာမဂုဏ်ခံစားတဲ့လမ်းကလဲ အပါယ်သွားတာပဲ (မှန်ပါ)၊ ကိုယ့်ကိုယ်ကို ဆင်းရဲအောင်ကျင့်တဲ့လမ်းကလဲ (အပါယ်သွားပါတယ် ဘုရား)၊ “မဇ္ဈိမပဋိပဒါ” ဆိုတဲ့ အလယ်အလတ်လေး နှလုံးသွင်းတဲ့လမ်းကတော့ နိဗ္ဗာန်သွားတယ် (မှန်လှပါ ဘုရား)။
အဲ့ဒီတော့ နိဗ္ဗာန်သွားတဲ့လမ်းကို၊ ဆရာကောင်း သမားကောင်း တွေ့တုန်းသာပေါ်လာတာ၊ နို့မို့လို့ရှိရင် ကာမဂုဏ်ခံစားတဲ့လမ်းက အမေသင်တဲ့လမ်း (မှန်ပါ)၊ အမေ – အဖေ သင်တဲ့လမ်းကတော့ နင့်ကြီးပြီ အိမ်ထောင် ချမှတော်မယ်၊ နင် – ပညာသင် ဒါမှ အသက်မွေးဝမ်းကျောင်း ဖြစ်မယ်၊ သူတို့ တတ်သလောက် သင်လိုက်တော့၊ ဒါပဲ တတ်သွားတယ် (မှန်ပါ)၊ ဒါနဲ့ပဲ အခေါင်းထဲဝင်ကြတာ များတယ် (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ညှင်းဆဲပြီး ကျင့်တဲ့ အကျင့်တွေ
အဲ ဒီလမ်းကလဲ လမ်းကောင်းမဟုတ်ဘူးဆိုတာကို မှတ်ထားရမယ် (မှန်ပါ)၊ တစ်ခါ အသက် အရွယ်ကြီးလို့ အကျင့်ရှာပြန်တော့လဲ ပင်ပန်းပြီးကျင့်တဲ့အကျင့်တွေဟာ၊ ကိုယ့်ကိုယ်ညှင်းဆဲပြီး ကျင့်တဲ့ အကျင့်တွေဟူသရွေ့ကလဲ နိဗ္ဗာန်သွားကြောင်းမဟုတ်ဘူးတဲ့၊ ဆင်းရဲတဲ့လမ်းဖြစ်နေလို့ သူကလဲ အပါယ်လေးပါးပဲ ကျေးဇူးပြုတယ်၊ ဒီလမ်းကိုလဲ လိုက်ဖို့မလိုဘူး၊ အလယ်လမ်းကိုလိုက်ဖို့လိုတယ် (မှန်လှပါ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ခြောက်နှစ်တိုင် ကိုယ့်ကိုယ်ကို ဆင်းရဲတဲ့လမ်း “ဒုက္ကရစရိယာ” ဆိုတာ လိုက်ကြည့်တယ်၊ ဒီလမ်း လိုက်ကျင့်တယ်၊ မစားဘဲ ကျင့်ကြည့်တယ်၊ ရေမသောက်ဘဲ ကျင့်ကြည့်တယ်၊ ဝမ်းရေစမ်းလိုက် လို့ရှိရင် ကျောတွေ့တယ်၊ ကျောစမ်းလိုက်လို့ရှိရင် ဝမ်းရေတွေ့တယ်၊ ပိန်သွားလိုက်တာ (မှန်ပါ)၊
ဒါလောက်ထိ ဆင်းရဲအောင် ကျင့်တာကို ဘုရားကို ဖြစ်မလာဘူး (မှန်ပါ)၊ သဗ္ဗညုတဉာဏ်ကိုမရဘူး၊ သစ္စာလေးပါးသိတဲ့ဉာဏ်ကိုမရဘူး၊ ဒါကိုယ့်ကိုယ်ကို ဆင်းရဲတဲ့လမ်းပါလားဆိုပြီး သကာလ နောက် – ဒီအကျင့်ကိုလျှော့တဲ့ပြီး အစာရေစာစားပြီး မှန်မှန်နှလုံးသွင်းပြီးလာ တော့မှ သူ ဘုရားဖြစ်တယ် (မှန်လှပါ ဘုရား)။
အဲ့ဒီတော့ သူကိုယ်တိုင်လက်တွေ့စမ်းပြီးသားဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ နို့ သူ့တော့ ဘာလို့ကျင့်ရသတုန်းလို့မေးတဲ့အခါကျတော့၊ ဪ တို့ဘုရားထုံးတမ်းရှိတယ်၊ ဘုရားဆိုတာ ခဲယဉ်းစွာကျင့်နိုင်မှ ဘုရားဖြစ်တယ်ဆိုတဲ့ဥစ္စာ အများကလဲယုံကြည်လို့၊ အများအတွက် ငဲ့ပြီးတော့ကို ဘုရားထုံးတမ်းအတိုင်း ကျင့်လိုက် ရတာပါ (မှန်ပါ)၊
သူ့ခြောက်နှစ်ကတော့ ဝဋ်ပါလို့
စင်စစ်တော့ ခြောက်ရက်လောက်ကျင့်ရင် ပြီးတာပါပဲ (မှန်ပါ)၊ သူ့ခြောက်နှစ်ကတော့ ဝဋ်ပါလို့ ကျင့်တယ်လို့ မှတ်ရမယ် (မှန်ပါ)၊ ဝစီကံဝဋ်ပါလို့ကျင့်ရတာလို့ မှတ်ရမယ်၊ ဒါ ဘုရားမှ ကျင့်ရတာနော်၊ ဆင်းရဲတဲ့ လမ်းက (မှန်ပါ)၊ ဒီ့ပြင်ပုဂ္ဂိုလ် ကျင့်ရတဲ့လမ်းဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ဘုရားတောင်မှ ခြောက်ရက်တင် ကျင့်ရတာ၊ အကုန်ကျင့်ရတာ မဟုတ်ဘူး၊ ခုနှစ်ရက်ကျင့်ရင် သေမှာကိုး (မှန်ပါ)၊ ခုနှစ်ရက် အစာမစားဘဲနေ သေမြဲပဲ။
အဲ့ဒါကို မင်းတို့က ပင်ပန်းတဲ့လမ်းကိုလိုက်ပြီးကျင့်ဖို့မလိုဘူး (မှန်ပါ့)၊ ခုနက ကလေးမလေး ဒုက္ကစရိယာ ကျင့်တာပါရဲ့လား၊ ဟင်းရွက်ကြော်ရင်းနဲ့ပဲ အပြင်ကြည့်ပြီး၊ အတွင်းကြည့်တာနဲ့ သူ ရဟန္တာ ဖြစ်သွားတယ်၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)၊ ပါသေးလား ခုနကဟာတွေ (မပါ-ပါ ဘုရား)၊ မပါဘဲနဲ့လဲ ရသွားတာပဲ၊ ဒီ့ပြင် ဝတ္ထုတွေ လျှောက်ကြည့် သက်သေသာဓကတွေ ကြည့်ပြန်တော့လဲ ပါကြရဲ့လား (မပါ-ပါ ဘုရား)။
အဲဒါ ကိုယ့်ကိုယ်ကိုဆင်းရဲအောင်ကျင့်တဲ့လမ်း ဟူသရွေ့ဟာဖြင့် လမ်းမှားလို့ မှတ်ရမယ် (မှန်ပါ)၊ ပျော်ပျော် ပါးပါးနေတဲ့လမ်းဟာကော (လမ်းမှားပါ ဘုရား)၊ လမ်းမှားပဲ၊ အလတ်စားခန္ဓာကြည့်တဲ့လမ်း၊ ခန္ဓာ၏ ဖြစ်-ပျက်ကို ကြည့်တဲ့လမ်း၊ ဒါသာလျှင် ပျော်တဲ့လမ်းလဲမဟုတ်ဘူး၊ ကြမ်းတဲ့လမ်းလဲမဟုတ်ဘူး၊ အလတ်စားလမ်းဆိုတဲ့ဥစ္စာ ဉာဏ်ထဲမှာ ရှင်းထားရမယ် (မှန်လှပါ ဘုရား)။
ကိုယ့်အိမ်ကိုယ့်ရာကျတော့ ထိုင်
ဒါကြောင့် ကိုယ့်အိမ်ကိုယ့်ရာကျတော့ ထိုင်၊ အပြင်ဘက်ကဂျောင်းကနဲ ကြားပြန်လို့ရှိရင် ကြားတဲ့စိတ် ကလေးကို၊ ဂျောင်းဆီမလိုက်ဘဲနဲ့၊ ဪ ဖြစ်ပြီး ပျက်သွားတာပဲ၊ နံရင်လဲ နံတဲ့စိတ်ကလေး ဖြစ်ပြီးပျက် သွားတာပဲ၊ ယားတယ် ယားတဲ့စိတ်ကလေး ဒီနေရာတင်ဖြစ်၊ ဒီနေရာတင်ပျက်တာပဲ၊ နာတယ် နာတဲ့စိတ်ကလေး ဒီနေရာတင်ဖြစ်၊ ဒီနေရာတင် ပျက်တာပဲ၊ ဒါလေးကို ထိုင်ပြီးရှုနေရတော့ အလယ်လမ်း မကျဘူးလား (ကျပါတယ် ဘုရား)၊ ပင်ပန်းတဲ့လမ်းလို့ဆိုလို့ ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)။
အဲ့ဒါ နင်တို့က ကြိုးစားနိုင်သလောက် ကြိုးစားလို့ရှိရင်တော့ဖြင့်၊ ဒီဘဝ ဆရာကောင်း သမားကောင်းတွေ့လို့၊ ဪ ကျွတ်တမ်းဝင်မှာ သေချာတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ)၊
ဒီအတိုင်း ရောင်းကာ၊ ဝယ်ကာ၊ ပျော်ကာ၊ ပါးကာ နေကြလို့ ဒီဘက်လမ်းသွားလို့ရှိရင် အအိုရှိလျက်နဲ့အအိုရှာ၊ အနာရှိလျက်နဲ့အနာရှာ၊ အသေရှိလျက်နဲ့အသေရှာ၊ ဘယ်လိုမှ လက်စသတ်မှာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။
အဖြစ်အပျက်ကိုမြင်တဲ့လမ်းသည် အလယ်လမ်း
အဲ့ဒါကြောင့် “ကာမသုခလ္လိကာလမ်း” ဆိုတဲ့ တစ်လမ်းကိုလဲ မလိုက်နဲ့၊ “အတ္တကိလမထာလမ်း” ဆိုတဲ့ မိမိကိုယ် ဆင်းရဲအောင်ကျင့်တဲ့လမ်းကိုလဲ မလိုက်ဘဲနဲ့၊ ခန္ဓာကိုယ်ထိုင်ပြီး သကာလ ဖြစ်စေ၊ ရပ်ပြီး သကာလ ဖြစ်စေ၊ သွားရင်းနဲ့ ဖြစ်စေ၊ အဖြစ်အပျက်ကိုမြင်တဲ့ လမ်းသည်သာလျှင် အလယ်လမ်း အစစ်လို့မှတ်ရမယ် (မှန်ပါ)။
အဲ့ဒီအလယ်လမ်း လိုက်လို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာကိုအမှန်သိလို့ အမှန်မုန်းမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အမှန်သိ အမှန်မုန်းလို့ရှိရင် အမှန်ဆုံးချင်တဲ့စိတ်ကော မလာပေဘူးလား (လာပါတယ် ဘုရား)၊ သူရှိလို့ဆင်းရဲနေတာ၊ သူရှိလို့ ကျွေးရတာနဲ့မအားရဘူး၊ ရေချိုးရတာနဲ့ မအားရဘူး၊ အဝတ်ဆင်နေရတာနဲ့ မအားရဘူး၊ မအားသာ မအားတယ် ကိုယ့်အလို ကိုယ့်အကြိုက် ကိုယ့်အလိုက်ကိုလဲ ဘာများခန္ဓာက ရွက်ဆောင်သေးသတုန်း (ဘာမှမရွက်ဆောင်ပါ ဘုရား)၊ ဘာမှ မဆောင်တဲ့ပြင် ဂြိုဟ်မွှေနေတာများတာပဲ (မှန်လှပါ ဘုရား)။
ဒီခန္ဓာနဲ့ခွဲရရင် အေးမှာပဲ
အဲ့ဒီ ဂြိုဟ်မွှေနေတာများတဲ့လမ်းကို သိလာပြီဆိုမှဖြင့်၊ ကဲ – ဒီခန္ဓာနဲ့ခွဲရရင် အေးမှာပဲ၊ ဒီခန္ဓာကိုဖြင့် နည်းနည်းမှ မလိုချင်တော့ဘူးဆိုရင်၊ ခန္ဓာကဖျတ်ခနဲ ချုပ်သွားမှာပဲ (မှန်ပါ)၊ ချုပ်သွားလို့ရှိရင်ဖြင့် ခန္ဓာဆုံးနိဗ္ဗာန်၊ တဏှာဆုံးနိဗ္ဗာန်၊ ခန္ဓာကလဲ ဉာဏ်ထဲတင်ဆုံးသွားရမယ် (မှန်ပါ)၊ တဏှာကလဲ ဉာဏ်လာသည်နှင့် တစ်ပြိုင်နက်တည်း ဆုံးမှန်းမသိ သူ့ဟာသူဆုံးသွားတာပဲ၊ မလိုချင်တာဟာ သူမရှိလို့ မလိုချင်တာ၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
