”အဝိဇ္ဇာက ဝိဇ္ဇာ ဖြစ်အောင်လုပ်နည်း”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့-မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြားဆုံးမတော်မူအပ်သော
”အဝိဇ္ဇာက ဝိဇ္ဇာ ဖြစ်အောင်လုပ်နည်း”
ည-အလုပ်ပေး တရားတော်
(၁၂-၁၂-၆၀)
ပဋိစ္စသမုပ္ပန္နဆိုရင် အကျိုး
ပဋိစ္စသမုပ္ပန္နလို့ပါရင် အကျိုးလို့မှတ်ကြ ပဋိစ္စသမုပ္ပါဒ်ဆိုရင် ဘာခေါ်ကြမယ် (အကြောင်းပါ ဘုရား)၊ ပဋိစ္စသမုပ္ပန္န ဆိုရင် (အကျိုးပါ ဘုရား)။
အဲဒီတော့ကို အကြောင်းနဲ့ အကျိုးလို့ သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား)၊ ဥပမာမယ် မင်းတို့လုပ်နေကြတယ်၊ ဒီခန္ဓာကြီးကို ယောကျ်ားပဲ၊ မိန်းမပဲ၊ သူပဲ၊ ငါပဲလို့ ဒီလိုထင်နေလို့ရှိရင် ဒါဘယ်သူမှမဟုတ်ဘူး၊ မသိလို့ ထင်နေတာ။
ယောကျ်ားပဲ၊ မိန်းမပဲ၊ သူပဲ၊ ငါပဲ၊ စက္ကူပဲ၊ မင်းပဲ ဒီလိုထင်နေလို့ရှိရင်ဖြင့် ဒါအလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှထင်တာ အလုပ်-လုပ်တဲ့အချိန်ကျရင် မထင်ပါဘူး (မှန်ပါ)၊ အလုပ်မလုပ်တဲ့အချိန်ကျတော့ တကယ့်စက္ကူ၊ တကယ့်မှင်၊ တကယ့်ယောကျ်ား၊ တကယ့်မိန်းမ လို့၊ တကယ်ထင်နေတဲ့ဥစ္စာဟာ မသိလို့ထင်နေတာ ဆိုတဲ့ အဓိပ္ပါယ်ရတယ် (မှန်လှပါ ဘုရား)။
မသိတဲ့အချိန်ဟာ ဘယ်သူ့အချိန်တုန်း
အဲဒီတော့ ဒီအချိန်ဟာ ဘယ်သူပါလိမ့်မတုန်းလို့တွေးမနေနဲ့ မသိတဲ့အချိန်လို့မှတ်ပါ (မှန်ပါ့)၊ မသိတဲ့အချိန်ဟာ ဘယ်သူ့အချိန်တုန်းမေးလို့ရှိရင် ဝမ်းထဲမှာ အဝိဇ္ဇာဆိုတာကိန်းအောင်းနေလို့သာမှတ်ရမယ်၊ အဝိဇ္ဇာပစ္စယာ ပေါ်လာတာပဲ (မှန်ပါ့)။
ယောကျ်ားပဲ၊ မိန်းမပဲ၊ သူပဲ၊ ငါပဲ အမျိုးမျိုးအဖုံဖုံထင်နေလို့ရှိရင် တင်လှဘယ့်နှယ်ပြောမှာတုန်း (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပဲ။
ကောင်းပြီ အဝိဇ္ဇာမို့ပေါ်လာတယ်ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ပေါ်လာတယ်လို့မှတ်လိုက် (မှန်ပါ့)၊ ဪ အကြောင်းတစ်ခုပေါ်လာပြီ ပဋိစ္စသမုပ္ပါဒ် တရားကလေးပေါ်လာပြီး၊ သူသာပေါ်လာလို့ရှိရင်ဖြင့် ပြင်ဖို့ ဆင်ဖို့၊ နေရာထိုင်ခင်း လှအောင် ပအောင်၊ သူများဝယ်ချင်အောင်ဆိုပြီး၊ ကိုယ်နဲ့လဲ ဟိုရွေ့-ဒီရွေ့လုပ်တယ်၊ ဝစီကံနဲ့လဲ လာလို့ရှိရင်ပြောလိုက် ဆိုလိုက်၊ ဒါ ဒီဈေးပဲ၊ ထိုင်ပါဦး အစရှိသည်နဲ့၊ ကိုယ်နဲ့ ရင်းရင်းနှီးနှီး လက်နဲ့ဆွဲခေါ်ရင် ကာယကံမှတ်ပါ (မှန်ပါ့)။
ကာယကံသင်္ခါရလို့မှတ်လိုက် နှုတ်နဲ့ပြောဆိုလို့ရှိရင် ဝစီကံသင်္ခါရလို့မှတ်ပါ့ (မှန်ပါ့)။
ဒါ ဘယ့်နှယ်ကြောင့်တုန်း ဆိုတော့၊ မသိလို့လူကိုလက်သွားဆွဲတယ်၊ ဂုဏ်ကြီးရှင်ဖြင့် ပါးစပ်နဲ့လဲ နှုတ်ချိုသွေးပြီး သကာလ စကားပြောတယ်၊ ကာယကံ၊ ဝစီကံမပြောမိကြပေဘူးလား (ပြောမိပါတယ် ဘုရား)။
အဝိဇ္ဇာပစ္စယာ သင်္ခါရာလုပ်နေတာ
အဲဒါ ပြောမိတာလည်း လူလာလို့မှမခေါ်လို့ရှိရင် ဘယ်ကောင်းမှာတုန်း (မှန်ပါ့)၊ တစ်ခါတည်း လူဖြစ်နေတာ၊ အဲဒါက ဈေးရောင်းနေတာလား အဝိဇ္ဇာပစ္စယာ သင်္ခါရာလုပ်နေတာလားလို့မေးရင် မင်းတို့ဘယ်နှယ်ဖြေကြမှာတုန်း (အဝိဇ္ဇာပစ္စယာ သင်္ခါရာလုပ်နေတာပါ ဘုရား)၊ အဝိဇ္ဇာပစ္စယာသင်္ခါရာလုပ်နေတာပဲ။
ဪ ဒါဖြင့် အဝိဇ္ဇာပစ္စယာသင်္ခါရာချည်းပဲ အချိန်ကုန်နေတော့ အဝိဇ္ဇာက သစ္စာလေးပါးမသိတာ၊ သင်္ခါရလို့မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။
အဲဒီတော့ကို ဘယ်အချိန်တုန်းလို့မေးမနေနဲ့တဲ့၊ ဖြစ်-ပျက် ဒုက္ခသစ္စာမရှုတိုင်း မရှုတိုင်းဟာ အဝိဇ္ဇာပစ္စယာ သင်္ခါရာအလုပ်ပဲလုပ်နေတယ် (မှန်ပါ့)၊ ဖြစ်-ပျက်ကို ရှုတဲ့အလုပ်ကို မလုပ်ဘဲနေတဲ့အချိန်တိုင်း အချိန်တိုင်းဟာ၊ မိမိဘာနဲ့ပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် အဝိဇ္ဇာနဲ့နေလို့၊ သင်္ခါရအလုပ် လုပ်နေတယ်လို့မှတ်ရမယ် (မှန်လှပါ ဘုရား)။
မင်းတို့က အကောင်းနေတာ အောက်မေ့နေတာ (မှန်ပါ)၊ ဘယ်ဟုတ်မှာလဲ မသိလို့ကာယကံနဲ့လဲ ချည်တွေကိုင် လိုက်၊ အထည်တွေကိုင်လိုက်၊ ဝစီကံနဲ့လဲ ဒါက ဘယ်လောက်ဈေးပါ၊ ဒါက ဘယ်ဈေးပါ အစရှိသည်နဲ့ ပြောလိုက် ဆိုလိုက်တာက ကာယကံ၊ ဝစီကံ (မှန်ပါ)။
မသိလို့လုပ်နေတဲ့ကံတွေပဲ
ဒါ တခြားမဟုတ်ပါဘူး၊ မသိလို့ လုပ်နေတဲ့ကံတွေပဲလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာပစ္စယာသင်္ခါရာပေါ့ (မှန်ပါ့)၊ အဝိဇ္ဇာနဲ့ သစ္စာလေးပါးကိုမသိလို့ သင်္ခါရဆိုတဲ့အလုပ်ကြီး လုပ်နေတယ်လို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဪ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတာ တို့ ဘယ်အချိန်မှာလုပ်မှတုန်းလို့ နောက်ကိုဘာမှတွေးမနေနဲ့ (မှန်ပါ)၊ ယောကျာ်း-မိန်းမ ပေါ်လာတဲ့အချိန်၊ ယောကျ်ား-မိန်းမလို့မြင်နေတဲ့အချိန်၊ ဒါ အဝိဇ္ဇာကြောင့် မြင်တာပဲ (မှန်ပါ)၊ သစ္စာကို ကြည့်ပါလျက်သားနဲ့ သစ္စာမမြင်လို့ဘဲဆိုတော့ အဝိဇ္ဇပစ္စယာသင်္ခါရာ ဖြစ်သွားတာပဲ (မှန်ပါ့)။
အဲဒါ ဘာအကုသိုလ်ရှိသတုန်းလို့ မောင်ချစ်စိန်တို့က မေးမနေနဲ့ကွ၊ ဒါ အကုသိုလ်ချည်းပဲ ဒီဟာက (မှန်ပါ)၊ ဘာအကုသိုလ်ရှိတုန်း၊ အို ဒီအဝိဇ္ဇာက အကုသိုလ်ချည်းပဲ၊ ဒါ လုပ်နေတာက သင်္ခါရတွေပဲဆိုတော့ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဆိုတာ အဝိဇ္ဇာကအကုသိုလ်၊ အကုသိုလ်က ခိုင်းတာ လုပ်နေတာပဲ (မှန်ပါ)၊ ဆိုတော့ အဝိဇ္ဇာပစ္စယာသင်္ခါရာမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ပဝတ္တိဝိညာဏ်မြင်မှုလာတော့တာပဲ
လုပ်တဲ့အခါကျလို့ရှိရင် သင်္ခါရပစ္စယာဆိုတဲ့အတိုင်း၊ တစ်ခါရောက်တဲ့အခါကျတော့ ဟိုတစ်ယောက်မြင်ပြန်ပြီ၊ ဟော မြင်ပြန်ပြီဆိုတော့ မြင်တဲ့ စက္ခုဝိညာဏ်ပေါ်လာတယ် (မှန်ပါ)။
မြင်စိတ်ကလေးပေါ်လာတယ်၊ မြင်တဲ့ပုဂ္ဂိုလ်သည် ကားလို့ဆိုလို့ရှိရင်ဖြင့်၊ မြင်ပြန်ပြီဆိုတော့ မုန်းတဲ့ပုဂ္ဂိုလ်ဖြင့် မုန်းတယ်၊ ဒေါသဖြစ်တယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
အင်း ဒေါသဖြစ်လို့ရှိရင် သောကဖြစ်တယ်၊ ပရိဒေဝဖြစ်တယ်၊ ဥပါယာသဖြစ်တယ်ဆိုတာတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒါတွေလာနေတဲ့ဥစ္စာ၊ ဪ အဝိဇ္ဇာပစ္စယာသင်္ခါရာသာလို့ရှိရင် သင်္ခါရသမုဒယာဝိညာဏံ ဆိုတဲ့ မြင်မှုဟာလာတော့တာပဲ ပဝတ္တိဝိညာဏ်မြင်မှုလာတော့တာပဲ၊ မြင်တယ်ဆိုလို့ရှိရင်ဖြင့် မုန်းတယ်ဆိုတဲ့ဒေါသ၊ စိုးရိမ်တယ် ဆိုတဲ့သောက၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဆိုတာတွေဟာ မလာပါနဲ့ဆိုလို့မရဘူး (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် ဝိပဿနာလက်လွတ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာလုပ်နေကြသတုန်းလို့ မေးဖို့မလိုပါဘူး၊ ဒီကအကုသိုလ် ကလာတာ ဒီကအကုသိုလ်ဖြစ်မှာပဲ၊ ဒီကအကုသိုလ်ကနေမစဘူးလား (စပါတယ် ဘုရား)၊ ဒီဘက်အကုသိုလ် ဆက်မသွား ဘူးလား (ဆက်ပါတယ် ဘုရား)၊ အကုသိုလ်လာသရွေ့ အကုသိုလ်တွေပဲဆက်သွားတယ်လို့ သီလရှင်ကြီးတို့ တင်လှတို့ မှတ်ရမှာပဲ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မနောကံ ကတော့ ဒီအတိုင်းသွားနေတယ်
အဲဒီတော့ ရောင်းဝယ်ဖောက်ကားပြီး သကာလ ၊ နေကြ-ထိုင်ကြတဲ့ပုဂ္ဂိုလ်တွေ အကုသိုလ်မရှိပါဘူးလို့ မောင်ချစ်စိန်တို့က ဆိုချင်ဆိုနေမှာပေါ့ကွာ (မှန်ပါ)၊ သီလအလိုတော့မရှိဘူးတဲ့၊ သီလကကာယကံ- ဝစီကံတွေကိုး၊ မနောကံ ကတော့ ဒီအတိုင်းသွားနေတယ်၊ ဒါကမနောက်တွေနော် (မှန်လှပါ ဘုရား)။
ကာယကံ-ဝစီကံတော့ဖြင့်၊ ဪ သီလမပျက်ပါဘူးနော်၊ မနောကံကတော့ ဘယ့်နှယ်နေကြတုန်းဆို အကုသိုလ် လာပြီး အကုသိုလ်ဆက်နေတာပဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အကုသိုလ်လာပြီး အကုသိုလ်ဆက်နေတယ်ဆိုတော့ ဪ ဒီအတိုင်းဆိုလို့ရှိရင်ဖြင့် ချမ်းသာလမ်း၊ တက်လမ်းကို မရှိပါလားဆိုတဲ့ ဉာဏ်ကပေါ်လာတော့မှာပဲ၊ ချမ်းသာလမ်း၊ တက်လမ်းကိုမရှိဘူး စားဖို့သောက်ဖို့ရှာရတဲ့အလုပ်ဟာ တကယ့် အပါယ်သွားဖို့အလုပ်ပဲဆိုတဲ့ဥစ္စာဟာ အတော်သေချာနေတယ် (သေချာပါတယ် ဘုရား)။
အဲဒီကဲ့သို့ သေချာနေတော့ တင်လှတို့ ဘာလုပ်နေတုန်းဆို အဝိဇ္ဇာ ပစ္စယာသင်္ခါရာ လုပ်နေတယ်၊ သင်္ခါရပစ္စယာ ဝိညာဏံလုပ်နေတယ် မြင်တဲ့ဝိညာဏ်ဖြစ်တယ်၊ မြင်တဲ့ဝိညာဏ်ဖြစ်လို့ရှိရင်ဖြင့် မုန်းတဲ့ပုဂ္ဂိုလ်မြင်လို့ရှိရင်ဖြင့်၊ မြင်တယ် ဒေါသဖြစ်တယ်၊ သောကဖြစ်တယ်၊ ပရိဒေသဖြစ်တယ်၊ ဒုက္ခဖြစ်တယ်၊ ဒေါမနဿဖြစ်တယ် ဆိုတာတွေမလာပေဘူးလား (လာပါတယ် ဘုရား)။
တစ်နေ့လုံးဟာ ဒါလှည့်နေတာပဲ
ဒါ ဘယ်ကစလိုက်တာတုန်းလို့မေးရင် ဘယ့်နှယ်ဖြေကြမှာတုန်း (အဝိဇ္ဇာကပါ ဘုရား)၊ အဝိဇ္ဇာပစ္စယာသင်္ခါရာက စလိုက်တယ် အဝိဇ္ဇာပစ္စယာသင်္ခါရာကနေ စလိုက်တဲ့ဖြစ်ခြင်း၊ အဲဒီတော့ကို လူတိုင်းမှာဒီဥစ္စာက ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဆိုတာတွေသာ အားထုတ်တဲ့နည်းကို အားထုတ်ဖို့ တိုက်တွန်းတဲ့ဆရာနဲ့ မတွေ့ဖြစ်ဘူး၊ မိမိကလဲ အားမထုတ်ဘူး ဆိုလို့ရှိရင် တစ်နေ့လုံးဟာ ဒါလှည့်နေတာပဲ (မှန်လှပါ ဘုရား)။
တစ်နေ့လုံး ဒါလှည့်နေတယ်ဆိုတော့ ဘယ်လိုများလှည့်နေပါလိမ်မတုန်းဆိုတော့ မြင်တယ်-မုန်းတယ်၊ မုန်းတယ်ဆိုတာဒေါသ၊ မုန်းရင်စိုးရိမ်တယ် သူလာတဲ့အတွက်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ ဒေါမနဿဖြစ်တယ်၊ သူဟာ တစ်ခါတည်း အဝိဇ္ဇာနဲ့ တွဲလာတာ၊ မလာဘူးလား (လာပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့တွဲလာတော့ ဟော့ဒီ သင်္ခါရပြန်ပတ်သွားတယ် (မှန်ပါ)၊ အဝိဇ္ဇာက ဟိုဘက်ရောက် သွားပြန်တယ် (မှန်ပါ)၊ မြင်တယ်၊ မုန်းတယ်၊ စိုးရိမ်တယ် ဆိုတော့ မသိလို့ ဒါတွေဖြစ်လာတယ် ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)၊
မသိလို့ မုန်းတာပဲ (မှန်ပါ)၊ မသိလို့ သောကဖြစ်တာပဲ၊ ဒုက္ခဖြစ်တယ်၊ ဒေါမနဿဖြစ်တယ်၊ ဥပါယာသဖြစ်တယ်ဆိုတော့ မသိတဲ့ အဝိဇ္ဇာနဲ့ပြန်မတွဲဘူးလား (တွဲပါတယ် ဘုရား)၊ တွဲတဲ့အခါခကျတော့ ဒီမှာ အဝိဇ္ဇာပစ္စယာသင်္ခါရာ ပြန်ပတ်တယ် (မှန်ပါ)၊ ဝိုင်းသွားတာမြင်လိုက်ပြီမဟုတ်လား (မှန်လှပါ ဘုရား)။
ခုနကတုန်းကတော့ သူ့နောက်ကအဝိဇ္ဇာ၊ အခုလဲ သူ့နောက်ကအဝိဇ္ဇာပဲလာမှာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တစ်နေ့ဘယ်နှစ်ဝိုင်း-ဝိုင်းသတုန်း
ဒါဖြင့် မင်းတို့သည် တစ်နေ့ဘယ်နှစ်ဝိုင်း-ဝိုင်းသတုန်းလို့မေးရင် ဘယ့်နှယ်ပြောကြမှာတုန်း (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်ဘူး၊ ဘာဖြစ်လို့တုန်းဆို ဒီ သင်္ခါရပစ္စယာဝိညာဏံကနေစတော့ မြင်တယ်၊ မြင်တယ် ဆိုလို့ရှိရင် ဒေါသဖြစ်တယ်၊ သောကဖြစ်တယ်၊ ပရိဒေဝဖြစ်တယ်၊ ဒုက္ခဖြစ်တယ်၊ ဒေါမနဿဖြစ်တယ် ဆိုတော့ မသိတဲ့အဝိဇ္ဇာ တွဲပြီးဖြစ်တာ (မှန်ပါ)။
ဒီလိုဆိုတော့ အဝိဇ္ဇာကနောက်ကနေတစ်ခါပြန်မပတ်ဘူးလား (ပတ်ပါတယ် ဘုရား)၊ အစက အဝိဇ္ဇာက လာခဲ့တယ်၊ နောက်တော့ အဆုံးအဝိဇ္ဇာနဲ့ပြန်ပတ်တယ်ဆိုတော့ ဝိုင်းမနေဘူးလား (ဝိုင်းနေပါတယ် ဘုရား)။
အဲ ဝိုင်းနေတော့ကို၊ ဪ တစ်နေ့လုံးဟာ တို့သည် အဝိုင်းပြေးပြေးနေတယ် ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဒါက သင်္ခါရနှစ်ခုပဲထားပါတော့ (ပုံစံခွက်များချပြသည်)၊ ဒါက အဝိဇ္ဇာနဲ့တွဲနေတာ၊ ဒေါမနဿက အဝိဇ္ဇာနဲ့တွဲနေတော့ တင်လှတို့ အရင်တုန်းကစောစောသာငါနဲ့မတွေ့ခင် သေလိုက်မယ် ဆိုလို့ရှိရင်တော့ ဒီထဲမှာပဲ လျှောက်သွားနေမှာပဲ (မှန်ပါ)၊ ဒီတွေ့တဲ့ အချိန်မှာလဲတစ်ခါ ဝိပဿနာ အလုပ်မလုပ်ပြန်ဘူးဆိုလို့ရှိရင်ဖြင့် တစ်နေ့လုံးမှာ ဒီအဝိုင်းကြီးထဲ လှည့်ပြေးနေမှာပဲ ကိုယ့်စိတ်တွေ ပေါ့လေ (မှန်လှပါ ဘုရား)။
ကိုယ့်စိတ်တွေက ဒီအဝိုင်းအတိုင်း ဒီအဝိုင်းအတိုင်းလှည့်ပြေးနေတော့၊ တစ်နေ့ဘယ်နှစ်ပတ်တုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမှာတုန်း (မရေတွက်နိုင်ပါ ဘုရား)၊ မရေတွက်နိုင်တဲ့ အပတ်တွေ လှည့်နေမှာပဲဆိုတဲ့ ဥစ္စာငြင်းစရာ မလိုပါဘူး (မလိုပါ ဘုရား)။
အဝိဇ္ဇာကစတယ် နောက်အဝိဇ္ဇာ ပြန်ဆုံတယ်
အဲဒီတော့ကို ဒါကဝိုင်းနေတဲ့ဖြစ်ပုံ ဒီအဝိဇ္ဇာပြန်ရောက်နေတာပဲ (မှန်ပါ့)၊ အဝိဇ္ဇာကစတယ် နောက်အဝိဇ္ဇာ ပြန်ဆုံတယ်၊ ပြန်ဆုံတော့ သင်္ခါရက ပြန်ပြီးကျေးဇူးပြုတယ်လို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒီလိုချည်းပဲ လှည့်လှည့် အဝိုင်းပြေး ပြေးနေတယ် (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမှာတုန်း (အဝိုင်းပြေး ပြေးနေပါတယ် ဘုရား)။
အဝိုင်းပြေး-ပြေးနေတယ် ဆိုရုံမှတစ်ပါး ဒီပြင်ဘာပါသေးတုန်း (မပါပါ ဘုရား)၊ ဘာမှဆိုစရာမရှိတော့ဘူး၊ ဪ ခုနကလာတုန်းကတော့ အမိုက်အဝိဇ္ဇာကလာတယ်၊ အခု အမိုက်အဝိဇ္ဇာပြန်ဆုံးလို့သင်္ခါရပြန်ပတ်တာပဲ ဟင် (ပြန်ပတ်ပါတယ် ဘုရား)၊ အမိုက်အဝိဇ္ဇာလာတယ် အမိုက်အဝိဇ္ဇာမှာပဲပြန်ပြီး သကာလ လမ်းဆုံးတော့၊ အမိုက်အဝိဇ္ဇာက သင်္ခါရ ပြန်လုပ် တယ်ဆိုတော့ ဒေါ်ကုမ္မာရ ဒီအဝိုင်းပြေးမှ တစ်ပါးဘာရှိသေးတုန်း (မရှိပါ ဘုရား)၊ မရှိဘူး။
မရှိတော့ကို ဒီ သင်္ခါရကလဲ ဒီ ဝိညာဏ်ဖြစ်စေမှာပဲ၊ ဒီ ဝိညာဏ်သာပေါ်လို့ရိရင် ဒုက္ခ၊ ဒေါမနဿ၊ သောက၊ ပရိဒေဝ၊ ဥပါယာသ ဒါတွေလာပြီး ဥပါယာသဆိုတာ အဝိဇ္ဇာနဲ့တွဲတာပဲ၊ ဥပါယာသ ဆိုတာပြင်းစွာ ပင်ပန်းတာ၊ ဘာလို့ပင်ပန်းတာတုန်း၊ မသိလို့ပင်ပန်းတာ၊ မသိတဲ့အဝိဇ္ဇာ တွဲပြန်လို့ရှိရင် သူကသင်္ခါရပြန်လုပ်ပြန်တာပဲ (မှန်ပါ့)၊ သင်္ခါရပစ္စယာဝိညာဏံနဲ့ လှည့်မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ဒီတရားတွေကလဲ ခန္ဓာကိုဝိုင်းအောင် လုပ်နေတာပဲ
အဲဒါ မင်းတို့သည် ဆိုင်ရောင်းနေတာ၊ အလုံးစုံအကုန် သားနဲ့သမီးနဲ့ညီမသာချင်း၊ တူသားနောင်မယ်တွေနဲ့ နေတာဟူသရွေ့ ဒီအဝိဇ္ဇာပစ္စယာသင်္ခါရာအလုပ်ကိုလုပ်နေတာပဲ (မှန်လှပါ ဘုရား)။
အဲဒီတော့ အစုစုပတ်ဝိုင်းနေသလို၊ ဒီတရားတွေကလဲ ခန္ဓာကိုဝိုင်းအောင် လုပ်နေတာပဲ (မှန်ပါ)၊ ဒီ စိတ်တွေက ဝိုင်းတော့၊ ဒီစိတ်ကလဲ ခန္ဓာဖြစ်စေတယ်၊ အဲစိတ်ကလဲခန္ဓာဖြစ်စေတယ်၊ မဟုတ်ဘူးလား (မှန်ပါ)၊
ဒီစိတ်ကလဲ ဥပမာမယ် ဒေါသဖြစ်တယ်ဆိုရင် တိရစ္ဆာန်ခန္ဓာဖြစ်စေတယ် (မှန်ပါ)၊ အင်း သောကစိတ်ကလဲ၊ သောက စိုးရိမ်တယ်ဆို လို့ရှိရင် သူကလဲ တိရစ္ဆာန်ခန္ဓာဖြစ်စေတယ်၊ သူကလ တိရစ္ဆာန်ခန္ဓာဖြစ်စေတယ်၊ တစ်ခု-တစ်ခုဟာ တိရစ္ဆာန်ခန္ဓာဟာခန္ဓာပဲ၊ တစ်ခုတစ်ခုဖြစ်စေတယ် (မှန်ပါ)။
တိရစ္ဆာန်ဟာ ဘယ်ခန္ဓာပင်ဖြစ်စေတော့ စိတ်အတိုင်းခန္ဓာကတော့ ဝိုင်းမနေဘူးလား (ဝိုင်းနေပါတယ် ဘုရား)၊ အဲ သေသည့်အခြားမဲ့၌ ဒီခန္ဓာအဝိုင်းကြီးဖြစ်ရမယ် (မှန်ပါ)၊ အခုစိတ်ကဝိုင်းနေတာကိုး (မှန်ပါ)၊ စိတ်အတိုင်းအကျိုးပေးမှာ မဟုတ်လား(မှန်လှပါ ဘုရား)။
စိတ်အတိုင်းအကျိုးပေးတော့ ခန္ဓာတွေက၊ ဒါကလဲ သူ့ခန္ဓာတစ်မျိုးလို့ မှတ်ရမယ်၊ ဒါကတော့ (တစ်မျိုးပါ ဘုရား)၊ အကုသိုလ်တွေကိုးကွ (မှန်ပါ့)၊ အဝိဇ္ဇာကလဲ ခန္ဓာတစ်မျိုးမလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
အဝိဇ္ဇာကလဲ ခန္ဓာတစ်မျိုးမလုပ်ပေဘူးလား
အဲ သူက တိရစ္ဆာန်ခန္ဓာလုပ်မယ်၊ သူက ပြိတ္တာခန္ဓာလုပ်မယ်၊ သူက အသူရကာယ်ခန္ဓာလုပ်မယ်၊ သူက အပါယ်လေးပါး ခန္ဓာလုပ်မယ် သူ့ဆိုင်ရာဆိုင်ရာ မကောင်းတဲ့ခန္ဓာတွေလျှောက်လုပ်မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
ဘာဖြစ်လို့လုပ်သတုန်းလို့မေးလို့ရှိရင် အကြောင်းတွေကဝိုင်းနေလို့ အကျိုးတွေက ဒီအဝိုင်းအတိုင်း ပြေးရတာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား) အကြောင်းဝိုင်းသလောက် (အကျိုးဝိုင်းပါတယ် ဘုရား)။
အကျိုးဝိုင်းတယ်ဆိုတော့ အကြောင်းကတော့ နာမ်တရား၊ အကျိုးတရားကတော့ နောက် နာမ်-ရုပ်တွေမလာပေ ဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ မင်းတို့သည်ကားလို့ဆိုရင်၊ ဒီခန္ဓာအဆက်ဘယ့်နှယ်လုပ်ပြတ်မှာလဲ (မပြတ်ပါ ဘုရား)။ ပြတ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ပြတ်စရာမရှိတော့ကို ဪ ဒီခန္ဓာကလဲ၊ တစ်ခုခန္ဓာမှ ဒီတိရစ္ဆာန် ဒီခန္ဓာသေ၊ အင်းပြိတ္တာ ခန္ဓာဖြစ်၊ အသူရကာယ်ခန္ဓာသေ-နတ်ခန္ဓာဖြစ်၊ ဗြဟ္မာခန္ဓာဖြစ်၊ အင်း ဒီခန္ဓာတွေ ဖြစ်ချင်လို့ရှိရင် ဒါဒုက္ဓသစ္စာခန္ဓာ ချည်းဖြစ်နေမှာပဲ၊ ခန္ဓာဟူသရွေ့ဒုက္ခသစ္စာကိုး (မှန်လှပါ ဘုရား)။
ဒီအကျိုးပေးတွေကလဲ ဒီလိုဝိုင်းလိမ့်မယ်
အဲဒီတော့ ဒီတရားတွေကဝိုင်းနေလို့ရှိရင် ဒီအကျိုးပေးတွေကလဲ ဒီလိုဝိုင်းလိမ့်မယ်ဆိုတာ မင်းတို့ဒီနေ့အထူး မှတ်ထားရမယ် (မှန်ပါ)၊ အကြောင်းတွေက ဝိုင်းနေတော့ (အကျိုးတွေကဝိုင်းမှာပါ ဘုရား)။
ဒါဖြင့် အကျိုးတွေကဝိုင်းနေတော့ ဒီခန္ဓာဖြစ်ပြီးဒီခန္ဓာသေ၊ သေပြီးဒီခန္ဓဖြစ်၊ ဒီခန္ဓာဖြစ်ပြီးသေ၊ ဒီခန္ဓာဖြစ်၊ သူကလုပ်တဲ့ခန္ဓာဖြစ်ပေါ့ (မှန်ပါ့)၊ ဒါဖြင့် ခန္ဓာတွေကောမွေးလိုက်-သေလိုက်၊ မွေးလိုက်-သေလိုက်ခန္ဓာတွေလဲ တစ်ခုတစ်ခုမှ တစ်ခုတစ်ခုစီမဖြစ်ဘူးလား (ဖြစ်စေပါတယ် ဘုရား)။
အဲ တစ်ခုတစ်ခုမှ တစ်ခုတစ်ခုစီဖြစ်စေတော့ အင်း မွေး-သေဒုက္ခသစ္စာကြီးလဲ ဒီမှာဝိုင်းနေတယ် (မှန်ပါ)။ ဘာပြုလို့တုန်းဆို အကြောင်းဒုက္ခသစ္စာလုပ်ထားတော့ အကျိုးဒုက္ခသစ္စာကလဲဝိုင်းနေမယ်ဆိုတာ၊ ငြင်းနေဖို့မလိုတော့ဘူး (မှန်ပါ)၊ လိုသေးလား (မလိုတော့ပါ ဘုရား)။
အေး ဒါကြောင့်၊ ဒါက တို့ဟာ အလကားနေရင်း ငှက်သင့်နေတာပါလားဆိုတာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ အလကားနေရင်း ငှက်သင့်နေတာပဲ ဆိုတာ ပေါ်လာတော့မှ၊ အင်း ဒါဘယ့်နှယ်လုပ်ဇာတ်သိမ်းရပါ့မတုန်း၊ သူကလဲ သူ့ခန္ဓာလုပ်တော့မယ် ဒေါသကလဲ သူ့ခန္ဓာလုပ်တော့မယ်၊ သောကကလဲ သူ့ခန္ဓာတစ်မျိုးမလုပ်ပေဘူးလား (လုပ်မှာပါ ဘုရား)၊ ဒီလိုချည်းပဲ လုပ်လိမ့်မယ်၊ လုပ်လိမ့်မယ် ဆိုတဲ့ ဥစ္စာသေချာမှတ်ထားပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် တင်လှတို့ ခန္ဓာကြီးဟာ အဆက်ပြတ်ပါ့ဦးမလား (မပြတ်ပါ ဘုရား)၊ မေးလိုက်-သေလိုက်၊ မွေးလိုက်-သေလိုက်၊ မွေးလိုက်-သေလိုက်၊ ဒီခန္ဓာကြီးချည်းရနေတော့-ဒီခန္ဓာကြီးကဘာသစ္စာရကြမှာတုန်း (ဒုက္ဓသစ္စာရမှာပါ ဘုရား)။ ဒုက္ခသစ္စာတွေချည်းလှည့်ဝိုင်းမနေပေဘူးလား (မှန်ပါ)။
ဒီဒုက္ခသစ္စာပြီး ဒီဒုက္ခသစ္စာခန္ဓာဖြစ်
ဒီဒုက္ခသစ္စာပြီး ဒီဒုက္ခသစ္စာခန္ဓာဖြစ်၊ ဒီဒုက္ခသစ္စာပြီး ဒီဒုက္ခသစ္စာခန္ဓာဖြစ်၊ ဒီလိုချည်းပဲလှည့်နေဦးမှာပဲ (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါ ဒုက္ခသစ္စာလှည့်ပုံကိုြ့ပတာ၊ ကိုင်း ဒါဖြင့် ဆရာဘုန်းကြီးက အလုပ်ခိုင်းတယ်၊ ဒေါ်ကုမ္မာရတု့ိ၊ တင်လှတို့ တရားလုပ်ပါဟ တရားလုပ်ပါဟနဲ့ (မှန်ပါ)၊ နင်တို့တရားမလုပ်လို့ရှိရင် ဒီအဝိုင်းခန္ဓာကြီးနဲ့သေလိုက်၊ ဒုက္ခရောက်မွေးလိုက်၊ ဒုက္ခရောက်မွေးလိုက်-သေလိုက်၊ မွေးလိုက်-သေလိုက်၊ ဒီလိုချည်းပဲ ဆက်နေလိမ့်မယ်ဆိုတော့မှ၊ ဥပမာ ဒါ မြင်လို့ဒေါသလေးပေါ်တယ် ဆိုပါစို့။
ဒီ ဒေါသလေးကနေပြီး သကာလ ဒီဒေါသလေးပေါ်တော့ကို၊ ကိုယ့်ဒေါသ လေးကိုကိုယ်ပဲ ဖြစ်-ပျက်ရှုလိုက်၊ ရှုလိုက်တော့ကို ဒီဒေါသကလေးကလဲ၊ အင်း အနိစ္စမို့ အနိစ္စရှုလိုက်တဲ့အခါကျလို့ရှိရင်၊ အနိစ္စကြောင့် ဒေါသခန္ဓာ မလုပ်တော့ဘူး၊ ဒီ ဒေါသခန္ဓာကောလုပ်သေးရဲ့လား (မလုပ်တော့ပါ ဘုရား)၊ ဒေါသကြောင့်ဖြစ်တဲ့ တိရစ္ဆာန်ခန္ဓာကော လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)၊ ဒီအထဲ နောက်ခန္ဓာတွေ လုပ်မယ့်တရားတွေကော ပြတ်-မပြတ် (ပြတ်ပါတယ် ဘုရား)။
ဖြစ်-ပျက်ရှုလိုက်တဲ့အတွက်
ပြတ်သွားတော့ကို ပစ္စုပ္ပန်ပေါ်ရမယ့်ခန္ဓာလဲ၊ ဖြစ်-ပျက်ရှုလိုက်တဲ့အတွက် သူ့ကြောင့်ဖြစ်မယ့် ခန္ဓာကလဲ မပေါ်ဘူး၊ နောက်တရားတွေကြောင့် ဖြစ်မယ့်ခန္ဓာတွေလဲ နောက်တရားတွေ မပေါ်လို့ ခန္ဓာဖြစ်ဦးမှာလား (မဖြစ်တော့ပါ ဘုရား)၊
မဖြစ်တော့ကို ဪ ဒါဖြင့် ကယ်မယ့်လူ-ယူမယ့်လူက ဒီခန္ဓာကို တစ်ဆင့်တက်ရှာတယ်၊ ဖြစ်ပျက်ဒုက္ခသစ္စာမြင်တဲ့ ပုဂ္ဂိုလ်သာလျှင် မွေး-သေခန္ဓာကြီး (ဝါ)၊ ဒုက္ခခန္ဓာကြီး လှည့်နေတာ ပျောက်ပျက်သွားသလို၊ ဝိပဿနာမလုပ်တဲ့အချိန်မှာ ဒါချည်း ဆက်လုပ်နေ၊ သေသည့်အခြားမဲ့၌ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဪ ဒါဖြင့် မင်းတို့အလကားနေတဲ့သတ္တိဟာ အတော်အကျိုးယုတ်ပါလားဆိုတာမပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ အလကားနေတဲ့သတ္တိဟာလေ (မှန်ပါ)၊ အလကားနေလို့ ဪ ဘာမှမဖြစ်ဘူးဆိုလို့ရှိရင်လဲ ဆရာဘုန်းကြီးကရော ဘုရားကရော ဒါဘာမှ ကြောင့်ကြစရာမလိုပါဘူး (မှန်ပါ)၊ အခုဟာ အလကားနေတော့ အလကား ခန္ဓာတွေကဆက်-ဆက်လာတယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒီ ဒေါသဖြစ်တယ်ဆို ဒေါသခန္ဓာကနောက်ဘဝလာမှာပဲ (လာမှာပါ ဘုရား)၊ သောကဖြစ်တယ်ဆို သောကကြောင့် ဖြစ်တဲ့အပါယ်လေးပါးခန္ဓာကကော (လာမှာပါ ဘုရား)၊ သောကဖြစ်တယ်ဆို သောကကြောင့် ဖြစ်တဲ့အပါယ်လေးပါး ခန္ဓာကကော (လာမှာပါ ဘုရား)။
အဲဒီတော့ ဟိုမလာခင် တို့ကဒါတွေကို လောဘလာရင် လောဘဖြစ်ပျက်ရှု၊ ဒေါသလာ ဒေါသဖြစ်-ပျက်ရှု၊ ထိုကဲ့သို့ရှုလိုက်ပြီဆိုမှဖြင့် ဒီတရားကလဲ ဒေါသမဟုတ်တော့ဘူး အနိစ္စဖြစ်သွားတယ်၊ အနိစ္စဖြစ်သွားလို့ရှိရင် သူက လုပ်စေချင်တဲ့ခန္ဓာလုပ်နိုင်သေးရဲ့လား (မလုပ်နိုင်တော့ပါ ဘုရား)၊ နောက်တရားတွေကလဲ (သူတို့မလာဘဲနဲ့ ဒီမဂ်ထဲဝင်သွားတော့၊ ဒါတေါဟာအကုန်မချုပ်ဘူးလာညး (ချုပ်ပါတယ် ဘုရား)။
မဂ်ဝင်လို့ချုပ်သွားတဲ့အခါ
မဂ်ဝင်လို့ချုပ်သွားတဲ့အခါ၊ သူတို့လုပ်မယ့်ခန္ဓာတွေကောလာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ မလာဘူး၊ မလာတော့ ဪ ဒီဘဝဖြစ်-ပျက် ရှုရတဲ့ဥစ္စာသည် သူကလုပ်မယ့်ခန္ဓာလဲမလာ၊ နောက်တရားတွေ လုပ်မယ့်ခန္ဓာလဲ မလာတော့၊ ဒုက္ခသစ္စာတွေပြတ်သွားပါလား ဆိုရင်ကောလွဲသလား (မလွဲပါ ဘုရား)။
အဲဒီတော့ ဒုက္ခသစ္စာကို ပြတ်ချင်လို့ရှိရင် မင်းတို့က ဒါလုပ်ရမှာပဲ (မှန်ပါ)၊ ဒါ မလုပ်လို့ရှိရင်တော့ဖြင့် မင်းတို့ ဝိုင်းပြီး ဒုက္ခစက်ကြီးထဲလှည့်ဦးမှာပဲ (မှန်ပါ)၊ နာမ်တရားလှည့်တော့ ရုပ်တရားကကော (လှည့်မှာပါ ဘုရား)၊ နာမ်တရား လှည့်တဲ့အခါမှာ ရုပ်ခန္ဓာတွေကလဲ အကုန်လှည့်နေမှာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် နင် ဒါမလုပ်လို့ရှိရင်တော်ပါ့မလား (မတော်ပါ ဘုရား)၊ ဒေါ်ကုမ္မာရဆွမ်းဆန်ခံစားနေရုံနဲ့ သူများ ထောက်ပံ့တာစားနေရလို့ ခပ်အေးအေးနေမယ်ဆိုရင် ခပ်အေးအေးလှည့်မှာပဲ (မှန်ပါ)၊ ဟင် ဒီအတိုင်းပဲခပ်အေးအေး နေရင် ခပ်အေးအေးလှည့်နေမှာပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် အခုဆရာဘုန်းကြီးက မင်းတို့ ဒီရှုတဲ့ ဥစ္စကလေးကိုမပျင်းပါနဲ့ ဒါကို လုပ်ဖြစ်အောင်လုပ်ပါ လို့ဆိုတာ မသိလို့ဖြစ်တဲ့ဥစ္စာ၊ အခုတော့ သိတဲ့ဝိဇ္ဇာက ဒီမဂ်ထဲမှာဝင်လာတဲ့အခါကျတော့ အဝိဇ္ဇာကပြန်မပတ်တော့ဘူး (မှန်ပါ)၊ ပတ်နိုင်သေးရဲ့လား (မပတ်နိုင်တော့ပါ ဘုရား)၊ မပတ်နိုင်တော့ဘူး ရှုတဲ့ဝိဇ္ဇာကဒီမဂ်ထဲမှာပါနေတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို သူ့နောက်ကလဲပြတ်တယ်၊ ရှေ့ဆက်မယ့်အဝိဇ္ဇာကော (ပြတ်ပါတယ် ဘုရား)၊ ပြတ်တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီအလုပ်မှတစ်ပါး ကိုးစားစရာမရှိ
ဒါဖြင့် ဪ ဒီအလုပ်မှတစ်ပါး တို့မှာကိုးစားစရာ၊ အားထားစရာမရှိဘူးဆိုတာ တင်လှတို့က သေချာမှတ်ရမှာ (မှန်ပါ)၊ ဒီ့ပြင်အလုပ်ကဖြင့် ဒုက္ခရောက်ဖို့နဲ့ဒီချည်းပဲသွားမယ်ဆိုတာသဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီအလုပ်ဟာဘာလုပ်တာတုန်းဆိုတော့ ကိုယ့်မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့ ခန္ဓာတွေလာတဲ့ဥစ္စာကို၊ မကောင်းတဲ့စိတ်ကြောင့်မကောင်းတဲ့ခန္ဓာဖြစ်မှာမို့၊ မကောင်းတဲ့စိတ်ကိုကောင်းတဲ့ စိတ်ဖြစ်အောင် အနိစ္စဖြစ်အောင် ရှုလိုက်တဲ့အတွက် ဒီခန္ဓာလဲ ဇာတ်သိမ်းတယ်၊
ဒီနောက်က ဒီစိတ်မှမလာရင် ဒီတရားတွေ ကလဲ ဒီမကောင်းတဲ့ခန္ဓာတွေကို အမျိုးမျိုးအဖုံဖုံလုပ်ဦးမှာပဲ (မှန်ပါ)၊ မလုပ်ပေဘူးလား (လုပ်မှာပါ ဘုရား)၊ အဲဒါတွေကော ပြတ်ထွက်မသွားဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် အခု အကျိုးပေးမယ့်၊ ရှေးက-အကျိုးပေးမယ့်ခန္ဓာနဲ့ အနိစ္စဉာဏ်မြင်လိုက်ခြင်းကြောင့် အနိစ္စကိုမြင် လိုက်ခြင်းကြောင့် ခန္ဓာဇာတ်ပြတ်သွားတယ်၊ နောက်ဆက်မှာတွေကောလာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ ပြီးတော့ ဖြစ်ပျက်ကိုမြင်တဲ့အတွက်၊ မြင်တာကဖြစ်-ပျက်တာကဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမြင်ခြင်းကြောင့် ဒီ-အစဝိဇ္ဇာကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်အစကချုပ်သွားတဲ့ပုဂ္ဂိုလ်
ဒါအဖြင့် ပဋိစ္စသမုပ္ပါဒ်အစကချုပ်သွားတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ၊ အဝိဇ္ဇာပစ္စာသင်္ခါရာလို့ဆိုလို့ ရသေးရဲ့လား (မရတော့ပါ ဘုရား)၊ သင်္ခါရပစ္စယာ ဝိညာဏံလို့ကော (ဆိုလို့မရပါ ဘုရား)၊ ဘာပြုလို့တုန်း (အစက ချုပ်သွားလို့ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါကြောင့် နင်တို့ ဝိပဿနာရှုနေတာဟာ တစ်ခြားလား အောက်မေ့နေတယ်၊ ပဋိစ္စသမုပ္ပါဒ်အစက ပြတ်ထားရင် ဒုက္ခဖြစ်ကြောင်းကြီးကို အရင်ပြတ်နေတာ (မှန်ပါ)။ ဒေါ်ကုမ္မာရ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊
ဘာ-အရင်ဖြတ် တာတုန်း (ဒုက္ခဖြစ်ကြောင်းပါ ဘုရား)၊ ဒုက္ခဖြစ်ကြောင်းကို အရင်ဖြတ်ရမှာ (မှန်ပါ)၊ ရှုလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ရှုတဲ့ဉာဏ်က ဝိဇ္ဇာဖြစ်သွားပြီကော၊ ဒီ-အဝိဇ္ဇာမသေ သေးဘူးလား(သေပါတယ် ဘုရား)။
ကိုယ့်ဆိုးကြောင်းကို ကိုယ်ဖြတ်နေတာပါလား
အဲဒီတော့ ဤကဲ့သို့သိတဲ့ ပုဂ္ဂိုလ်တွေကျလာတဲ့အခါမှာတော့၊ ဪ ကိုယ့်ဆိုးကြောင်းကို ကိုယ်ဖြတ်နေတာပါလားလို့ အောက်မေ့ရမယ် (မှန်ပါ)။ ကိုယ့်ဆိုးကြောင်းက အဝိဇ္ဇာကို (မှန်ပါ)၊ အဲဒီ ကိုယ့်ဆိုးကြောင်းကို ကိုယ်ဖြတ်နေတာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား)၊
အဲဒီတော့ ဝိပဿနာမှတစ်ပါး ဒေါ်ကုမ္မာရကိုးစားစရာ၊ အားထားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ဘူးဆိုတော့ ဒီ့ပြင်ဟာတွေက သိန်းတစ်ရာချမ်းသာလဲအပိုပဲ၊ ပဋိစ္စသမုပ္ပါဒ်မပြတ်လို့ရှိရင် ဒုက္ခပဲပြန်ရမှာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီတော့ ယခု ဒီနေ့ညပြလိုက်တာသည် ဘယ်ကစပြတာတုန်းလို့ မေးလို့ရှိရင်ဖြင့်၊ အဝိဇ္ဇာကိုအချုပ်ခိုင်း နေတာမှတ်ရမယ် (မှန်ပါ)၊ အဝိဇ္ဇာချုပ်တော့ အဝိဇ္ဇာပစ္စယာသင်္ခါရာ လာနိုင်သေးရဲ့လား (မလာနိုင်တော့ပါ ဘုရား)၊ နောက်ကပြန်ပတ်တာတွေ မလာတော့ဘူးကွ (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် နင်တို့ ဒေါသလာလို့ရှိရင်လဲ ဒေါသစိတ်ကူးလေး၊ စိတ်မချမ်းသာတဲ့စိတ်ကလေး၊ မချစ်မနှစ်သက်တဲ့ စိတ်ကလေးတွေချည်း ဖြစ်၊ ပျက်ရှု (မှန်ပါ)၊ စိုးရိမ်လို့ရှိရင်ကော စိုးရိမ်တဲ့စိတ်ပဲ ဖြစ်-ပျက် ရှုရမှာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဒီဒုက္ခကလေးပဲဖြစ်-ပျက်ရှု
အင်း ယားတယ်၊ နာတယ်၊ ဒုက္ခကလေး ပေါ်လာရင်ကော (ယား-နာတာဖြစ်-ပျက်ရှုရမှာပါ ဘုရား)၊ ဒီဒုက္ခကလေးပဲဖြစ်-ပျက်ရှု၊ စိတ်ထဲဒေါသမနဿလေးဖြစ်လာရင်ကော (ဒေါသမနဿဖြစ်-ပျက်ရှုရမှာပါ ဘုရား)၊ ပြင်းစွာ ပင်ပန်းတဲ့စိတ်ပေါ်လာရင်ကော (ပြင်းစွာပင်ပန်းတဲ့စိတ်ဖြစ်-ပျက်ရှုရပါမှာပါ ဘုရား)။
အဲ ဖြစ် ပျက် ရှုလိုက်လို့ရှိရင်ဖြင့်တဲ့၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတဲ့ အတွက် သောကပရိဒေဝတွေလဲ ချုပ်တယ်၊ အဝိဇ္ဇာလဲချုပ်တယ်ဆိုတော့၊ နောက်ပိုင်းမှာ အကုန်မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ အဲ နောက်ပိုင်းက အကုန်ချုပ်တာ ကို နင်တို့ကသေသေချာချာ မှတ်ပြီးထားတော့၊
ဪ ဒီ-အလုပ်ဟာ ကိုယ်သွားရမယ့် လမ်းခရီးကြီးရှေ့ ဒုက္ခပင်လယ်ဝေအောင် ဖြစ်မယ့်ဒုက္ခခန္ဓာတွေကို၊ ပင်လယ်ဝေအောင်ဖြစ်မယ့်ဥစ္စာကို မသိရာကစတော့ မသိတာအသိလုပ်တဲ့အတွက်၊ ဪ ကိုယ့်ဒုက္ခ မူလအကြောင်းကို လဲ ပြတ်သွားပါပကောလားလို့ အောက်မေ့ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မူလအကြောင်းပြတ်ပါတယ်
ဘယ်အကြောင်းပြတ်ပါလိမ့်မတုန်းဆို မူလအကြောင်းပြတ်ပါတယ်၊ မူလအကြောင်းဆိုတာက၊ ဥပမာမယ် တင်လှ ချောင်းဆိုးနေတယ်၊ တင်လှချောင်းဆိုးနေတာ ဘာကြောင့်တုန်း၊ အို အအေးပတ်လို့ဆိုးတာ၊ အဲဒီအအေးနေရာမှာ အပူကလေး သွင်းလိုက်တော့၊ ဒီချောင်းတည်းဟူသော အကျိုးတရားဟာ ပျောက်မသွားဘူးလား (ပျောက်ပါတယ် ဘုရား)။
အခုအေးတဲ့အခိုက်မှာ အအေးပတ်လို့အာခေါင်ထဲဆိုးတဲ့ချောင်းသည်၊ အဲဒီအအေးနေရာလေးမှာ အပူကလေး ထည့်လိုက်ပါ တဲ့၊ အကျိုးဖြစ်တဲ့ချောင်းဟာ ဆိုးလို့ရသေးရဲ့လား (မရတော့ပါ ဘုရား)။
ဒီမှာလဲ သူ့ကြောင့် အဝိဇ္ဇာကြောင့် ဒုက္ခဖြစ်နေတာကို အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင်လုပ်ပစ်လိုက်ပါ (မှန်ပါ)၊ အကြောင်းကိုဖျက်ချပစ်လိုက်တာ (မှန်ပါ)၊ အကြောင်းဖျက်ချပြီး၊ သူကလုပ်မယ့် သူရှိမှ ဖြစ်ပေါ်လာမယ့်အကျိုးတရားတွေ ဒါတွေက ဖြစ်စေမယ့် ခန္ဓာတွေကောလာနိုင်သေးရဲ့လား (မလာနိုင်တော့ပါ ဘုရား) မလာနိုင်တော့ဘူး။
ဪ ဒါဖြင့် ဆရာဘုန်းကြီးက၊ ငါ့ကယ်တင်နေတာ မင်းတို့ကယ်တင်နေတာ ဘာပါလိမ့်မတုန်းလို့မေးတဲ့ အခါကျတော့မှ၊ အကြောင်းဖြတ်ခိုင်းတာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
မဂ္ဂသစ္စာဝင်လာတော့ ဝိဇ္ဇာဝင်လာတာ
အကြောင်းကိုဘယ်လိုဖြတ်လိုက် သတုန်းဆိုတော့ ဖြစ်-ပျက်ဒုက္ခသစ္စာလို့ ဒီကသိတဲ့မဂ္ဂသစ္စာဝင်လာတော့ ဝိဇ္ဇာဝင်လာတာ (မှန်ပါ)၊ ဖြစ်-ပျက်ကဒုက္ခသစ္စာ၊ သိတာကဝိဇ္ဇာ၊ မဂ္ဂသစ္စာဆိုတော့ အဝိဇ္ဇာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
အဲဒီ အဝိဇ္ဇာချုပ်တော့ ဒီသင်္ခါရကြီးက ငါဖြစ်ဦးမယ်လို့ရသေးရဲ့လား (မရပါ ဘုရား)၊ ဒီ ဝိညာဏ်ကော လာနိုင်သေး ရဲ့လား (မလာနိုင်တော့ပါ ဘုရား)၊ ဒီ ဒုက္ခဒေါသမနဿတွေကော (မလာနိုင်ပါ ဘုရား)၊ မလာနိုင်တော့ဘူး တဲ့။
တစ်ခါတည်း ဪ ဒုက္ခလက်စသတ်တာ ဘာပါလိမ့်မတုန်းလို့မေးတဲ့ အခါကျတော့ ဖြစ်-ပျက်ရှုတဲ့ ဉာဏ်ကလက် စသတ်ပေးတာ (မှန်ပါ)၊ ဘယ်သူက သတ်ပေးတာတုန်း (ဖြစ်-ပျက်ရှုတဲ့ဉာဏ်က သတ်ပေးတာပါ ဘုရား)။
ဖြစ်-ပျက်ရှုတဲ့ဉာဏ်က လက်စသတ်ပေးလိုက်တော့ကို၊ ဪ ငါတရားနာပြီး ဆရာဘုန်းကြီးနားကပ်ပြီး တရားအားထုတ်နေတာဘာပါလိမ့်မလဲဆို ကိုယ့်ဒုက္ခကိုယ်လက်စသတ်နေတာ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ ဘာ-လက်စသတ်နေတာတုန်း (ကိုယ့်ဒုက္ခကိုယ်လက်စသတ်နေတာပါ ဘုရား)။
ဒါ သိလို့သတ်တာဟ၊ ဟို-မသိတဲ့ပုဂ္ဂိုလ်များတော့ တစ်နေ့လုံး ခုနက ဝိုင်းနေတာပဲ (မှန်ပါ)၊ တစ်ခုသောဒုက္ခခန္ဓာ ပြီးရင် တစ်ခုသောဒုက္ခခန္ဓာ ဖြစ်ကြောင်းတွေကို ကြိုးစားနေတယ် ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
အဝိဇ္ဇာကဝိဇ္ဇာဖြစ်အောင်
အဲဒါ သေသေချာချာသိတော့မှ ဪ ဆရာဘုန်းကြီး ကယ်ယူဆောင်တင်နေတာ ဘာပါလိမ့်မတုန်း ဆိုတော့ ဝိဇ္ဇာဖြစ်အောင်လုပ်နေတာ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ ဘာကိုဘာဖြစ်အောင်လုပ်နေတာတုန်း (အဝိဇ္ဇာကဝိဇ္ဇာဖြစ်အောင်ပါ ဘုရား)။
အဝိဇ္ဇာကိုဝိဇ္ဇာဖြစ်အောင်လုပ်ထားတော့ ဝိဇ္ဇာလဲဖြစ်ပါရော၊ ပြုပြင်တဲ့သင်္ခါရတွေရောချုပ်သွားမယ်၊ ဝိညာဏ်ကော (ချုပ်သွားမှာပါ ဘုရား)၊ ချုပ်ရမှာပဲ၊ သူ ဝိညာဏ်ဆိုတဲ့မြင်မှုကြောင့် ဖြစ်တဲ့ဒုက္ခတွေ၊ ဒေါမနဿတွေကော (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် သူတို့အကြောင်းတွေချုပ်ပါ သူတို့က ဖြစ်စေတဲ့ ခန္ဓာတွေကကောကွာ (ချုပ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဝိပဿနာအလုပ်ဟာ ပဋိစ္စသမုပ္ပါဒ်ကို ဒုက္ခဖြစ်ကြောင်းကိုအစက ဖြတ်တဲ့အလုပ်ကိုးလို့ သေချာမှတ်ထားပါ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊
ဝိပဿနာလုပ်တာညသည် ဒုက္ခဖြစ်ကြောင်းကို ဘယ်ကနေဖြစ်တုန်း (အစကနေဖြတ်ပါတယ် ဘုရား)၊ အစကနေဖြတ်တယ်။
ဒါဖြင့် ဘယ်အခါကာလမှ တို့သည် ဒုက္ခဖြစ်ကြောင်းလဲ မသိဘူး၊ ဘယ်ကဖြတ်ရမယ်လို့လဲမသိဘူး၊ ဒုက္ခဖြစ် ကြောင်းတွေလဲမသိဘူး၊ ဒီဒုက္ခဖြစ်ကြောင်းကို မသိတဲ့အတွက် ဒုက္ခဖြစ်ကြောင်း ဖြတ်ရလိမ့်မယ် လို့လဲ သိရဲ့လား (မသိပါ ဘုရား)၊
ဖြစ်-ပျက်ကိုမသိတဲ့အဝိဇ္ဇာကြောင့်
အခုတော့ဖြင့်၊ ဒုက္ခဖြစ်ကြောင်းဟာ ဖြစ်-ပျက်ကိုမသိတဲ့အဝိဇ္ဇာကြောင့် ဒုက္ခဖြစ်နေတာ (မှန်ပါ)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ဖြစ်-ပျက် မသိတာဟာ အဝိဇ္ဇာ၊ ဖြစ်-ပျက်မသိတဲ့အဝိဇ္ဇာကြောင့်ဘာဖြစ်တုန်း (ဒုက္ခတွေဖြစ်ပါ တယ် ဘုရား)၊ ဒုက္ခ ဖြစ်ကြောင်းတွေ အများကြီးမပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီတော့ သူ့ကိုပဲဝိဇ္ဇာလုပ်ပစ်လိုက်တယ်၊ တစ်ခုသောတရားဖြစ် ပျက်မြင်လို့ရှိရင် ဒါ ဝိဇ္ဇာဖြစ်တော့တာပဲ (မှန်ပါ)၊ ထိုကဲ့သို့ ဝိဇ္ဇာဖြစ်တော့တာပဲလို့ သိနေတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကျတော့၊ ဪ သံသရာဟာ အစကနေပြီး သကာလ ၊ သစ်ပင်တစ်ပင်ဟာ ဒီအပင်ကသီးလို့ရှိရင်ဖြင့်၊ အကောင်းတစ်ခုမှ သီးမှာမဟုတ်ဘူး အဆိပ်ပင်ကြီး အဆိပ်သီး၊ အဆိပ်ပွင့်တွေ၊ အဝိဇ္ဇာကနေသီးလိုက်တဲ့ အသီးအပွင့်တွေကို တစ်ခါတည်း အဝိဇ္ဇာတည်းဟူသော ရေသောက်မြစ်ကို ဖြစ်ပျက်ရှုတဲ့ ဝိဇ္ဇာကနေ တူးပစ်လိုက်တာ (မှန်လှပါ ဘုရား)။
တူးပစ်လိုက်တော့ ဒီအပင်ကသီးတာတွေပွင့်တာတွေ၊ အဆိပ်မျိုးစေ့တွေ ပေါက်ပွားစရာ၊ အစားမှားစရာတွေ လာသေးရဲ့လား (မလာတော့ပါ ဘုရား)။
မလာအောင်လုပ်တဲ့နည်းဟာ
အဲဒီတော့ မလာအောင်လုပ်တဲ့နည်းဟာ အကျဉ်းချုပ်ကို သေသေချာချာ ဆရာဘုန်းကြီးက ပြောတော့၊ ဪ ဝိပဿနာရှုဆိုတာ တစ်ခြားလားအောက်မေ့နေတယ်၊ သစ္စာလေးပါးမသိတာကို သိအောင်လုပ်နေတာ (မှန်ပါ)၊ မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)၊
ဘာလုပ်တာတုန်း (သစ္စာလေးပါး မသိတာကို သိအောင်လုပ်ပါ ဘုရား)၊ သစ္စာလေးပါးမသိတာကို သိအောင်လုပ်နေတာ (မှန်လှပါ ဘုရား)။
ဖြစ်-ပျက်က ဒုက္ခသစ္စာ၊ အင်း သိတာလေးကမဂ္ဂသစ္စာဆိုကတည်းက ဪ သစ္စာမသိတာကိုသိအောင် လုပ်နေကတည်းက သစ္စာမသိတာအဝိဇ္ဇာ၊ သိတာကဝိဇ္ဇာ၊ အင်း ဖြစ်-ပျက်မသိတာဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)၊ ဖြစ်-ပျက်သိတာ (ဝိဇ္ဇာပါ ဘုရား)၊ ဝိဇ္ဇာလာတော့ ဒီအဝိဇ္ဇာ မချုပ်သေးဘူးလား- ချုပ်သလား (ချုပ်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်မူလအကြောင်းက စချုပ်ပါတယ်
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်မူလအကြောင်းက စချုပ်ပါတယ်ဆိုကတည်းကိုက အားလုံးသိပြီးသားပဲ၊ ခန္ဓာတွေကွာ မချုပ်ချင်ဘူးဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။
အဲဒါကြောင့် သီလရှင်ကြီးတို့ တင်လှတို့ မင်းတို့လူစုတွေ၊ ဒါမလုပ်လို့ဖြစ်ကိုမဖြစ်ဘူး (မှန်ပါ)၊ မလုပ်လို့ရှိရင် မင်းတို့အသက်ခန္ဓာကတစ်ခုပြီးတစ်ခုဆက်မှာပဲ၊ ဒုက္ခသစ္စာကြီးတစ်ခုပြီးတစ်ခု (ဆက်နေမှာပါ ဘုရား)၊ အင်းလုပ်လိုက်တဲ့ အခါ ကျတော့ ဒုက္ခသစ္စာသိသွားတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ကျတော့ ဒုက္ခတွေမပြတ်ဘူးလား (ပြတ်သွားပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့သည် ဒီအလုပ်ပဲ အရေးတကြီးထားပြီးလုပ်ပါမှ၊ သစ္စာသိတဲ့အလုပ်ဖြစ်မယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်မှလဲ သံသရာပြတ်တယ် (မှန်ပါ)၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်(သံသရာမပြတ်ပါ ဘုရား)၊ အဲ သစ္စာသိဆိုတာက တင်လှက တခြား မှတ်မနေနဲ့၊ ဖြစ်-ပျက်ကဒုက္ခသစ္စာ၊ သိတာကမဂ္ဂသစ္စာ၊ အဲဒီ မဂ်ကလေးပေါ်တာကိုဆိုတာ (မှန်လှပါ ဘုရား)။
မဂ္ဂသစ္စာက ဝိဇ္ဇာလား အဝိဇ္ဇာလား
ဖြစ်-ပျက်ကဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာက ဝိဇ္ဇာလား အဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)၊ ဝိဇ္ဇာ “အ” ဖြုတ်ပစ်နော် (မှန်လှပါ ဘုရား)။
အဲဒီတော့ ဝိဇ္ဇာဖြစ်သွားတဲ့အတွက်၊ ဝိဇ္ဇာမဂ္ဂင်ဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဝိဇ္ဇာမဂ္ဂင်ဖြစ်သွားတော့ ဝိဇ္ဇာလာတော့၊ အဝိဇ္ဇာက နေနိုင်သေးရဲ့လား (မနေနိုင်ပါ ဘုရား)။
မနေနိုင်လို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်အစက ဒုက္ခဖြစ်ကြောင်းကို၊ တို့ အစကနေပြီး သကာလ ဉာဏ်နဲ့ဖြတ်ချလိုက်တာ ဝိဇ္ဇာဉာဏ်နဲ့ဖြုတ်ချလိုက်တာ (မှန်ပါ)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာရှုတာသည် ကိုယ့်ဒုက္ခဖြစ်ကြောင်းကို အစကနေဖျက်ဆီးပစ်လိုက်တယ် (မှန်ပါ)၊ ဝိပဿနာရှုတာ ပါလိမ့် (ဒုက္ခဖြစ်ကြောင်းကိုအစကနေ ဖျက်ပစ်တာပါ ဘုရား)၊ ကိုယ့်ဒုက္ခ ဖြစ်ကြောင်းကို အစကနေပယ်ချလိုက်တာ (မှန်ပါ)၊
ကိုယ့်အိမ်ထဲမှာ ဒီအပင်ကြီးရှိနေမယ် ဒီသစ်ပင်ကြီး ရှိနေမယ်ဆိုလို့ရှိရင် ဒီအိမ်က ကိုယ်လဲသေမယ့် အနံ့တွေလာမှာမို့၊ ကိုယ့်သားသမီးတွေလဲသေမယ်၊ ကိုယ့်ဆွေမျိုးတွေလဲသေမယ်ဆိုတော့ ဒီသစ်ပင်ကြီးကို ဒီအတိုင်းခုတ်လို့တော့မရဘူး အမြစ်ပါ တူးပစ်လိုက်မယ် ဆိုလို့ရှိရင် ဒီအပင်ကြီးဟာ သီးနိုင်-ပွင့်နိုင်၊ အမျိုးတူသေအောင် လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်တော့ ပါ ဘုရား)။
အဝိဇ္ဇာအမြစ်တူးပစ်တာ
ဒီမှာလဲ အဝိဇ္ဇာအမြစ်တူးပစ်တာ (မှန်ပါ)၊ ဝိပဿနာအလုပ်ဆိုတာဘာတုန်း (အဝိဇ္ဇာအမြစ်ကိုတူးပစ်တာ ပါ ဘုရား)၊ အဝိဇ္ဇာအမြစ်တူးတဲ့အလုပ်ကို ကဲ ဒါဖြင့် တစ်ဆွေလုံး တစ်မျိုးလုံးသေမယ့် သစ်ပင်ကြီးကို၊ ကိုယ်က အမြစ်တူး နိုင်တဲ့ ဉာဏ်ကလေး ရလိုက်တဲ့အတွက်၊ ကိုယ်လဲမသေရတော့ဘူး- ကိုယ့်ဆွေမျိုးတွေကော (မသေရတော့ ပါ ဘုရား)၊ မသေရတော့ဘူး၊
ကိုယ့်ရောဂါတွေကော (မရောက်ရတော့ပါ ဘုရား)၊ အဲ မရောက်ရတော့ဘူးဆိုတဲ့ အဓိပ္ပါယ်က ရှင်းလင်းမနေဘူးလား (ရှင်းလင်းနေပါတယ် ဘုရား)။
အဲဒါကြောင့်-နင်ဟာ၊ အခု ဒီလာနေတဲ့အခိုက်အတန့်မှာ ဒီအလုပ်မှတစ်ပါး ဘာမှလုပ်စရာမရှိဘူး (မှန်ပါ)၊ ဒါကို ပိုင်ပိုင်နိုင်နိုင် လုပ်ရမယ် (မှန်ပါ)။
လုပ်နေလို့ရှိရင်ဖြင့် ဖြစ်-ပျက်ကဘာသစ္စာတုန်း (ဒုက္ခာသစ္စာပါ ဘုရား)၊ လုပ်တဲ့ ဘဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာကဝိဇ္ဇာလား၊ အဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)၊ ဝိဇ္ဇာဆိုရင် ဘယ်သူချုပ်သတုန်း (အဝိဇ္ဇာချုပ်ပါတယ် ဘုရား)။
အဝိဇ္ဇာချုပ်သွားတယ်ဆိုရင်
အဝိဇ္ဇာချုပ်သွားတယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ် သစ်ပင်ရေသောက်မြစ်ကစပြီး တူးပစ်လိုက်တယ် (မှန်ပါ)၊ ရေသောက်မြစ်ကတူးပစ်လိုက်တော့ သူ့အသီးတွေ၊ သူ့အပွင့်တွေကြောင့် ရောဂါရောက်စရာ၊ သေစရာ၊ ကြေစရာရှိသေး ရဲ့လား (မရှိတော့ပါ ဘုရား)၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
အဲဒါကြောင့် နင့် ဒီနေ့ညပေါ်တဲ့စိတ်တွေ၊ ဝမ်းထဲကပေါ်ရင် ဝမ်းထဲရှု၊ ယားတဲ့နေရာပေါ်ရင်ယားတဲ့နေရာရှု၊ ကြားတဲ့နေရာလာရင် ကြားတဲ့နေရာရှု၊ အကုန်သာရှုပြီး ဒါတွေ အကုန်ချုပ်အောင်၊ ငြိမ်းအောင်၊ မုန်းအောင်၊ သုဉ်းအောင်၊ အကုန်လုပ်ရမယ်ဆိုတာ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
