”ဒိဋ္ဌိဖြစ်ခြင်း အကြောင်း ရှစ်ပါး”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြား ဆုံးမတော်မူအပ်သော
”ဒိဋ္ဌိဖြစ်ခြင်း အကြောင်း ရှစ်ပါး”
ည အလုပ်ပေးတရားတော်
(၁၀-၁၂-၆၀)
ဒုက္ခပေါ်၍ ဒုက္ခချုပ်တယ်လို့သိတိုင်း
ခန္ဓာကိုယ်ထဲမှာ သိဖို့အရေးဟာက ဘယ်ဟာပဲပေါ်လာလာ၊ ရုပ်ကလေး အထူးပေါ်လာလဲ ဪ ဒုက္ခပေါ် တာပဲ၊ ရုပ်ကလေး ပျက်သွားတာလဲ ဒုက္ခပျက်တာပဲ၊ ဒါကို အမြဲတမ်း မလွဲစေဖို့ အရေးကြီးပါတယ်။
ခန္ဓာကိုယ်ထဲမှာရှိတာက ရုပ်ကလေးပေါ်လာလဲ ဒုက္ခ ပေါ်လာတာပဲ၊ ရုပ်ကလေး ပျက်သွားလို့ရှိရင်လဲ ဒုက္ခ လေး ချုပ်သွားတာပဲ။ ထို့အတူ ဝေဒနာလေးပေါ်တယ်ဆို ဒုက္ခ လေးပေါ်လာတာပဲ၊ ဒုက္ခလေး ချုပ်သွားတာပဲလို့၊ ဒီလို သိနေလို့ရှိရင် ပေါ်တိုင်းပျက်တိုင်း ဒုက္ခပေါ်တယ် ဒုက္ခ ချုပ်တယ်၊ ဒုက္ခပေါ်တယ် ဒုက္ခချုပ်တယ်လို့ သိတိုင်း သိတိုင်းဟာ၊ ပုဂ္ဂိုလ်သတ္တဝါ ပျောက်နေတယ်လို့ မှတ်ရမယ်။
ဒုက္ခပေါ်၍ ဒုက္ခချုပ်တယ်လို့သိတိုင်း သိတိုင်း ဘာပျောက်တုန်း (ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပါတယ် ဘုရား)၊ ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်လို့ မှတ်ကြရမယ်၊ ပုဂ္ဂိုလ်သတ္တဝါ ပျောက်လို့ရှိရင် ပုဂ္ဂိုလ်သတ္တဝါမရှိလို့၊ နဂိုထင်နေတာတွေ ကိုယ့်ဉာဏ်ထဲပျောက်သွားတာပဲ။
နဂိုထင်နေတာတွေ ကိုယ့်ဉာဏ်ထဲပျောက်သွားလို့ရှိရင်ဖြင့် နဂိုထင်နေတာတွေက ဒိဋ္ဌိ၊ အဲဒါတွေ ပျောက်သွား တယ်ဆိုကတည်းက ဝမ်းထဲမှာ ဒိဋ္ဌိစင်သွားတယ်ဆိုတာ မှတ်ရမယ်၊ ဝမ်းထဲမှာ ဘာစင်သွားတုန်း (ဒိဋ္ဌိစင်သွားပါတယ် ဘုရား)။
ဒိဋ္ဌိစင်သွားတယ်
ဒိဋ္ဌိစင်သွားတယ်လို့ မှတ်လို့ရှိရင်ဖြင့် ဒါဟာ နဂိုက မကြားဖူးတာ၊ နဂိုက မသိဖူးတော့ကို ဒိဋ္ဌိကဝင်အောင်းနေ တာ၊ ဝေဒနာလေးပေါ်လာလို့ရှိရင်ဖြင့် ငါကောင်းစားတယ်၊ ဝေဒနာလေးချုပ်သွားလို့ရှိရင် ငါကောင်းစားတာ မရှိတော့ ဘူး၊ ခုနက ကောင်းလိုက်တာ အခုကောင်းတာလေး ပျောက်သွားပြီဆိုတာ နဂိုမြင် မှတ်ကြီးဖြစ်တဲ့ဥစ္စာက ငါကောင်းစား တယ်၊ ငါဆင်းရဲသွားပြီ၊ ဆင်းရဲသွားပြီ ဆိုပြန်တော့လဲ ဒုက္ခလေးပေါ်လာတာကို ငါဆင်းရဲတယ်လို့ ထင်လိုက်ပြန်တာပဲ။
ငါအခု အသင့်အတင့်ရှိပြန်ပြီဆိုလို့ရှိရင်လဲ ဥပေက္ခာဝေဒနာ ပေါ်တာကို ငါကဝင်ပြီး ရှုပ် ရှုပ်နေတယ်၊ ဝေဒနာထဲ ငါဝင်ရှုပ်နေတယ်၊ ဒါ ငယ်မှတ်လို့ မှတ်ထားပါ၊ ဝေဒနာထဲမှာ ငါဝင်ရှုပ်လို့ရှိရင် ဘယ်လို မှတ်ကြမယ် (ငယ်မှတ်ပါ ဘုရား)၊ ငယ်မှတ်လို့ မှတ်ထားပါ။
ငယ်မှတ်သည်ကားလို့ဆိုလို့ရှိရင်၊ ဒါ အမေမိဘက သင်လွှတ်လိုက်တာရယ်၊ ပြောသံကြားတွေရယ်၊ တရားနာ လွဲတာတွေရယ်၊ ဒါတွေကြောင့် ဒီငယ်မှတ်ကြီးက စွဲနေတာ၊ ဒီငယ်မှတ်ကြီး စွဲနေသရွေ့ ကာလပတ်လုံးဖြင့် ဝေဒနာ ငါထင်၊ စိတ်ငါထင် ရုပ်တွေငါထင်တော့ ဖြစ်နေတာက ရုပ်ဟာလဲ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာ၊ ဝေဒနာပေါ်လာလဲ ဒုက္ခ ဖြစ်၍ ဒုက္ခချုပ်တာ၊ စိတ်ပေါ်လာလဲ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာ၊ ဒါပဲရှိပြီး သကာလ နေတဲ့ ဥစ္စာကို ဒုက္ခဖြစ်၍ ဒုက္ခချုပ် နေတာကို ငယ်မှတ်က ဝင်ပြီး သကာလ ဒီတရားမျိုးမကြားဖူးတော့ ငယ်မှတ်ဒိဋ္ဌိကို ဖြုတ်လို့မရဘူး။
ပေါ်လာရင် ဒုက္ခ၊ ပျက်သွားရင်လဲ ဒုက္ခ
နောက် အခုတရားကြားရသည်နှင့် တပြိုင်နက်တည်း၊ ခန္ဓာထဲမှာပေါ်တာလေးတွေကို ဪ ပေါ်လာရင် ဒုက္ခ၊ ပျက်သွားရင်လဲ ဒုက္ခမရှိတာဘဲ ဒုက္ခချုပ်သွားတာပဲ၊ ဒုက္ခပေါ်တာရယ်၊ ဒုက္ခချုပ်တာရယ် သိပြီး သကာလ မှန်မှန် လေးရှုပြီး မှန်မှန်သိနေလို့ရှိရင်၊ ဒါ ငယ်မှတ် ဒိဋ္ဌိပြုတ်နေတာပဲ။
ငယ်မှတ်ဒိဋ္ဌိလာခြင်း၏ အကြောင်းက၊ ဥပမာ ရူပက္ခန္ဓာပေါ်လာတယ် ဒါလဲ မသိဘူး၊ ဝေဒနာက္ခန္ဓာ ပေါ်လာ တယ် မသိဘူး၊ မသိလို့ ဒိဋ္ဌိ ဝင်လာတာ။
(၂)အဝိဇ္ဇာဆိုတဲ့ မသိမှုကြောင့်လဲ
တစ်နည်း အဝိဇ္ဇာဆိုတဲ့ မသိမှုကြောင့်လဲ ရုပ်ပေါ်တာတွေလဲမသိ၊ ရုပ်ပျက်သွားတာလဲမသိ၊ ဝေဒနာပေါ်လာတာ လဲ မသိ၊ ဝေဒနာပျက်သွားတာလဲမသိဆိုတော့၊ ခန္ဓာမသိလို့လဲ ဒိဋ္ဌိဖြစ်တယ်၊ အဝိဇ္ဇာရှိလို့လဲ ဒိဋ္ဌိဖြစ်တယ်၊ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်း ဘယ်နှစ်ကြောင်းလဲ (နှစ်ကြောင်းပါ ဘုရား)၊ နှစ်ကြောင်းလို့ မှတ်ထားပါ။
ပြီးတော့ ဒီ တွေ့တာလေးတွေကို၊ တွေ့တာလေးတွေဟာ ငါတွေ့နေ၊ သူတွေ့နေ၊ ဝေဒနာကို ငါရယ်လို့တွေ့၊ သူရယ်လို့တွေ့၊ ဒီအတွေ့ဖဿနှိပ်စက်နေလို့လဲ ဒိဋ္ဌိဖြစ်နေတာလဲ ရှိသေးတာပဲ၊ ဖဿကြောင့်လဲ ဒိဋ္ဌိဖြစ်နေတယ်၊ သုံးပါးရှိသွားပြီ၊ အမှတ်မှားလို့လဲ ဒိဋ္ဌိဖြစ်နေတာပဲ၊ ဒါတွေဟာ ငါပဲ၊ သူပဲ၊ ယောကျ်ားပဲ၊ မိန်းမပဲလို့၊ ခန္ဓာတွေကို ငါပဲ၊ သူပဲ၊ ယောကျ်ားပဲ၊ မိန်းမပဲလို့ အမှတ်မှားနေလို့လဲ ဘာဖြစ်တုန်း (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။
ဒိဋ္ဌိ ဖြစ်ခြင်း၏အကြောင်း
ဟော ဒိဋ္ဌိကလေးခုရှိသွားပြီ၊ ဒိဋ္ဌိ ဖြစ်ခြင်း၏အကြောင်း လေးခုရှိသွားပြီ၊
(၁) ခန္ဓာမသိလို့ ဖြစ်ခြင်း၊
(၂) အဝိဇ္ဇာမသိ လို့ဖြစ်ခြင်း၊ အဝိဇ္ဇာရှိလို့ဖြစ်ခြင်း၊
(၃) တွေ့ထိရတာကြောင့်လဲ ဒိဋ္ဌိဖြစ်ခြင်း၊
(၄) အမှတ်မှားလို့လဲ ဒိဋ္ဌိ ဖြစ်ခြင်း၊ ဘယ်နှစ်ကြောင်း ရှိလဲ (လေးကြောင်းပါ ဘုရား)။
(၅) ကိုယ့်ဟာကိုယ် ကြံစည်လို့လဲ
ဒီ ဒိဋ္ဌိတွေကို ဒီနေ့ည စင်အောင်ထုတ်ပစ်ရမယ်၊ ပြီးတော့ ကိုယ့်ဟာကိုယ် ကြံစည်လို့လဲ ဒါကလေးဟာက ငါနဲ့တူတယ်၊ မျက်လုံးဟာ ငါ၊ ဒါကလေးဟာ ငါပဲ၊ ငါပိုင်တာပဲ၊ ငါဆိုင်တာပဲလို့ မျက်လုံးကိုလဲ ငါပိုင်၊ ငါဆိုင်၊ ဝေဒနာလေးပေါ်လာလဲ ငါ ကောင်းစားတာပဲလို့၊ ငါပိုင်၊ ငါဆိုင်ထင်နေလို့ ကိုယ့်ကြံလုံးကြောင့်လဲ ကိုယ်ဒိဋ္ဌိဖြစ်တယ်၊ ဝိဘက်ကြောင့်လဲ ဒိဋ္ဌိ ဖြစ်တယ်၊ ဘယ်နှစ်ခု ရှိသွားပြီဘဲ (ငါးခုရှိပါပြီ ဘုရား)။
(၆)နှလုံးသွင်းမှားတာနဲ့
ငါးခုရှိသွားပြီနော် နှလုံးသွင်းမှားတာနဲ့လဲ၊ ဒါ ယောကျ်ားရယ်လို့ နှလုံးသွင်းလိုက်၊ မိန်းမရယ်လို့ နှလုံးသွင်းလိုက်၊ ပေါ်တာကတော့ ရုပ်ပေါ်လိုက်၊ ဝေဒနာပေါ်လိုက်၊ စိတ်ပေါ်လိုက်၊ ဒါတွေကို နှလုံးသွင်းမှားနေတော့ ရုပ်လို့လဲမသိ၊ ဝေဒနာလို့လဲမသိ၊ စိတ်လို့လဲမသိ နှလုံးသွင်းက ဒီဟာ ယောကျ်ားတွေ၊ ယောကျ်ားမျက်လုံးဖွင့်နေတယ်၊ ယောကျ်ားမျက်လုံး ပိတ်နေတယ်၊ အစရှိသည်နဲ့ ဤကဲ့သို့ဖြစ်ပြီး သကာလ နေလို့ နှလုံးသွင်းမှားတာလဲ ဒိဋ္ဌိ ဖြစ်တယ် (မှန်လှပါ ဘုရား)။
(၇)မိတ်ဆွေသင်္ဂဟ မကောင်းတာပေါင်းမိလို့လဲ
မိတ်ဆွေသင်္ဂဟ မကောင်းတာပေါင်းမိလို့လဲ ဒိဋ္ဌိ ဖြစ်တယ်၊ မိတ်သင်္ဂဟမကောင်းတာဆိုတာ ခရစ်ယာန် တရားဟောလို့ ခရစ်ယာန်ဖြစ်သွားတယ်၊ မဟာမေဒင် တရားနာမိလို့ မဟာမေဒင်ဘက် ကိုယ်ကစိတ်ပါပြီးသွားတာလဲ “ပါပမိတ္တ” မကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ပေါင်းမိလို့လဲ ဒိဋ္ဌိ ဖြစ်တယ်၊ ဒိဋ္ဌိ ဖြစ်ခြင်းအကြောင်း အခု ခုနစ်ပါး ရှိသွားပြီ။
(၈) တရားနာမှားလို့လဲ
တရားနာမှားလို့လဲ သူတစ်ပါးအသံတွေကြားပြီး သကာလ ၊ သူတစ်ပါး ပြောဆိုတာကို မဟုတ်တဲ့ တရားနာမိလို့လဲ ဒိဋ္ဌိ ဖြစ်တယ်၊ ခန္ဓာရယ်လို့မသိ၊ ဝေဒနာရယ်လို့မသိ၊ ရူပက္ခန္ဓာရယ်လို့မသိ၊ ရုပ်တရားရယ်လို့မသိ၊ ဝေဒနာက္ခန္ဓာလို့ ဝေဒနာတရားရယ်လို့မသိဆိုတော့ ဒိဋ္ဌိဖြစ်ခြင်းအကြောင်းသည် ရှစ်ပါးရှိတယ်။
အဲဒီရှစ်ပါးကို ယနေ့ ညမှာ၊ ဖြစ် ပျက်မြင်တဲ့ ဉာဏ်တစ်လုံးတည်းနဲ့ ဒီရှစ်ပါးကို သတ်ပစ်ရမယ် (မှန်ပါ)၊ ဖြစ် ပျက်မြင်တဲ့ မဂ္ဂင်ငါးပါးနဲ့ ခန္ဓာကိုယ်ထဲမှာ မောင်ကျော်သိန်း ဘာပဲပေါ်ပေါ်၊ ဪ ဒါ ဖြစ်မှုလေးပဲ၊ ဒါလေးမရှိ တာ ပျက်မှုလေးပဲ၊ တင်လှ ကော မှတ်မိပြီလား (မှန်လှပါ ဘုရား)။
တစ်ခုပေါ်လာရင် ဘယ်လိုဆိုကြမယ် (ဖြစ်မှုပါ ဘုရား)၊ ဖြစ်မှုပဲ၊ တစ်ခုပျောက်သွားရင် (ပျက်မှုပါ ဘုရား)၊ ပျက်မှုပဲ၊ ဝေဒနာလေးပေါ်လာရင် ဖြစ်လာတာကို မြင်လိုက်၊ ပျက်သွားတာ မြင်လိုက်လို့ရှိရင်၊ ဪ ဖြစ်တာနဲ့ ပျက်တာရှိတာပဲ။
ပျက်တာလေးပေါ်လာတာကိုလဲ သိရမယ်၊ ဪ ဒါလေးဟာ ဝေဒနာလေးပေါ်ပြီး ဝေဒနာလေး ပျောက်သွား တယ်လို့ သူ့နာမည်နဲ့တပ်ပြီး သိလိုက်လို့ရှိရင် ဝေဒနာ ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်၊ ရုပ် ဖြစ်ပျက်၊ ဤကဲ့သို့ ဒါ ချည်းသိနေ ကြမယ်ဆိုလို့ရှိရင်ဖြင့် ဝေဒနာမှန်းလဲသိတယ်၊ ဖြစ်ပျက် အနိစ္စမှန်းလဲ သိတယ်၊ စိတ်မှန်းလဲသိတယ်၊ ဖြစ် ပျက် အနိစ္စ မှန်းလဲသိတယ်၊ ဤကဲ့သို့ သိနေတော့ကို ကိုယ့်ဉာဏ်နဲ့၊ ဒီ မဂ္ဂင်နဲ့ ကိုယ်သိပြီးနေတဲ့အတွက် အရင်တုန်းက မသိလို့ဖြစ်တဲ့ ရှစ်ပါး၊ အခု သိလိုက်သည်နှင့်တစ်ပြိုင်နက်တည်း ဝေဒနာ ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်၊ ရှုလိုက်တဲ့အခါ အသိကြဘူးလား (သိပါတယ် ဘုရား)။
ဒိဋ္ဌိဖြစ်ခြင်းအကြောင်းက ဘယ်နှစ်ပါးတုန်း
ထိုကဲ့သို့ သိလိုက်လို့ရှိရင်၊ ဟိုရှစ်ပါးတည်းဟူသော အကြောင်းကြောင့်ဖြစ်တဲ့ ဒိဋ္ဌိတွေဟာ ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူး၊ ဒိဋ္ဌိဖြစ်ခြင်းအကြောင်းက ဘယ်နှစ်ပါးတုန်း (ရှစ်ပါးပါ ဘုရား)၊ အဲဒီ ရှစ်ပါးဟာ ဆရာကောင်း သမား ကောင်းနဲ့မတွေ့ခင်တုန်းကတော့ဖြင့် မသိလို့ ဒီ ရှစ်ပါးကရှိနေတာပဲ။
သိသည်နှင့် တစ်ပြိုင်နက်တည်း ဒီဟာတွေအကုန် ဝမ်းထဲမှာ ကိန်းအောင်းနေတဲ့ သဘောမျိုးမရှိတော့ဘူး၊ နဂိုကတည်းက ဖျတ်ခနဲဆို ဒီရှစ်ပါးထဲက တစ်မျိုးမျိုးလာပြီး သကာလ ၊ ဒီတရားတွေ ပေါ်လာသည်နှင့်တစ်ပြိုင်နက်တည်း ငါပဲ၊ သူပဲ၊ ယောကျ်ားပဲ၊ မိန်းမပဲ၊ ပုဂ္ဂိုလ်ပဲ၊ သတ္တဝါပဲလို့ မလာဘူးလား (လာပါတယ် ဘုရား)။
အခုတော့ဖြင့် ဉာဏ်နဲ့ ခန္ဓာကိုယ်စိုက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဝေဒနာလေးပေါ်လာတယ်၊ ဖြစ်ပြီး ပျက်တာပဲ၊ စိတ်ကလေးပေါ်လာကော (ဖြစ်ပြီးပျက်ပါတယ် ဘုရား)၊ ဒီလိုပဲသိနေပြီး ရုပ်ကလေး ပေါ်လာရင်လဲ (ဖြစ်ပြီး ပျက်ပါတယ် ဘုရား)။
အေး ကိုယ် ဉာဏ်တည့်ချင်တာကို တည့်လိုက်ပါတဲ့၊ တည့်လိုက်တဲ့အခါကျတော့ ရုပ် ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်၊ ဝေဒနာ ဖြစ်ပျက်၊ သညာ ဖြစ်ပျက်၊ စေတနာ ဖြစ်ပျက်၊ ဤကဲ့သို့ သိပြီး သကာလ နေတဲ့ပုဂ္ဂိုလ်များကျတော့၊ ဘဝသံသရာက ဒီရှစ်ခုကြောင့်မှားတဲ့ ပုဂ္ဂိုလ်သတ္တဝါထင်နေတဲ့အမှားရှစ်ခု အကုန်စင်သွားတယ်လို့ မှတ်ရမယ်၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
ရှစ်ခုကြောင့်မှားခဲ့ကြတယ်
ဘဝသံသရာက ဘယ်နှစ်ခုကြောင့်မှားခဲ့တာတုန်း (ရှစ်ခုကြောင့်ပါ ဘုရား)၊ ရှစ်ခုကြောင့်မှားခဲ့ကြတယ်၊ အဲဒီ အမှားကို အခု ဆရာဘုန်းကြီးနဲ့တွေ့ပြီး၊ ဘုရားသာသနာနဲ့တွေ့ပြီး၊ တွေ့တာကို မကောင်းတာတွေကတော့ ဟောဒီ ရှစ်ခုအစဉ်ရှိပါတယ်၊ ပြင်လိုက်တော့ကို ဝေဒနာ ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်၊ ရုပ် ဖြစ်ပျက်လို့ မင်းတို့ဉာဏ်ထဲမှာသာ တွေ့ပါစေ။
တွေ့သည်နှင့် တစ်ပြိုင်နက်တည်း အပါယ်လေးပါးကို တကယ်တမ်း ပို့တတ်တဲ့ ဒိဋ္ဌိစင်သွားတယ်၊ ဒိဋ္ဌိဖြစ်ခြင်း အကြောင်းကဒီရှစ်ပါး၊ ဒိဋ္ဌိစင်တယ်ဆိုရင် ဒီရှစ်ပါးကို ဝမ်းထဲမှာ မရှိတော့ဘူးလို့ တင်လှ က မှတ်ရမယ် (မှန်လှပါ ဘုရား)။
ခန္ဓာမသိလို့ ဒိဋ္ဌိ ဖြစ်တယ်၊ အဝိဇ္ဇာရှိလို့ ဒိဋ္ဌိ ဖြစ်တယ်၊ ဖဿရှိလို့ ဒိဋ္ဌိ ဖြစ်တယ်၊ သညာ အမှတ်မှားကြောင့် ဒိဋ္ဌိ ဖြစ်တယ်၊ အကြားမှားလို့လဲ ဒိဋ္ဌိ ဖြစ်တယ်၊ နှလုံးသွင်းမှားလို့လဲ ဒိဋ္ဌိ ဖြစ်တယ်၊ မကောင်းတဲ့မိတ်ဆွေနဲ့ပေါင်းမိလို့လဲ ဒိဋ္ဌိ ဖြစ်တယ်၊ တရားနာမှားလို့လဲ ဒိဋ္ဌိ ဖြစ်တယ်။
အခု မင်းသေချင်ရင် မင်းရမှာပါပဲကွဆိုတဲ့ ဥစ္စာ တရားနာမှားတာပဲ၊ မင်းသေရင် မင်းလုပ်ထားတဲ့ အကုသိုလ် မင်းခံရမှာပဲ၊ ဒီ မင်းသည် ဟိုသွားခံတဲ့ အဓိပ္ပာယ်ရတယ်၊ ဒါ တရားနာမှားလို့နော် (မှန်လှပါ ဘုရား)။
မင်းကျောင်းဆောက်၊ မင်း ဘုရားတည်ထားတယ်ဆိုရင် မင်းခံစားရမှာပဲဆိုတော့ မင်းသွားပြီး ခံစားရမယ့် အဓိပ္ပာယ်က သဿတဒိဋ္ဌိ ဘက်ချည်း ပြေးနေတယ် (မှန်လှပါ ဘုရား)။
အကြောင်းကြောင့်အကျိုးဖြစ်တာ
မဟုတ်ဘူး အကြောင်းကြောင့်အကျိုးဖြစ်တာလို့ ယူရမယ် မောင်ကျော်သိန်း တို့က (မှန်ပါ)၊ ဒီက အကြောင်း လုပ်ထားတယ်၊ နိဗ္ဗာန်မရသေးရင် အကျိုးတော့ပေါ်မှာပဲ၊ အကြောင်းကြောင့်ဖြစ်တဲ့အကျိုးသာ ရှိတယ်၊ ကိုယ်ကသွားနိုင် တာ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒီလို ယူလိုက်ပြန်တော့လဲ တည့်သွားတယ် (မှန်ပါ)၊ ဒီကကျောင်း တစ်ကျောင်းဆောက်ထားလို့၊ စုတေမနေ သေလွန်တဲ့အခါကျတော့ အကျိုးဘုံတွေ ပေါက်တယ်၊ အကျိုးခန္ဓာကြီး ဟိုမှာသွားဖြစ်တယ် (မှန်လှပါ ဘုရား)။
ဒီက ခန္ဓာ တစ်တိုတစ်စမှ မလိုက်ဘူး၊ အကြောင်းသတ္တိသာ လိုက်တယ် (မှန်ပါ)၊ အကြောင်းသတ္တိလိုက်လို့ ဟိုမှာအကျိုးပေါ်တယ်၊ အကျိုးကိုသွားပြီး သကာလ မိမိတို့နေကြ၊ ထိုင်ကြရတယ်ဆိုတော့၊ ဪ အကြောင်းကြောင့်ဖြစ် တဲ့ အကျိုးပေးလို့ သိနေတယ်၊ ပုဂ္ဂိုလ်သွားတာ ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)၊ သတ္တဝါသွားတာကော (မရောက် ပါ ဘုရား)၊ ဒီလိုသိထားပြန်တော့လဲ ဒိဋ္ဌိက စင်သွားတာပဲ။
မပြတ်ရင် သဿတ ဆက်နေတယ်
မင်းလုပ် မင်းခံစားရမယ့် တရားမျိုး ဟောထားလို့ရှိရင်လဲ၊ ဒါ ဒိဋ္ဌိ ဖြစ်တာပဲ (ဖြစ်ပါတယ် ဘုရား)၊ မင်း မကောင်းတာလုပ်ရင် မင်းပဲ မင်းငရဲသွားရမှာပဲဆို၊ ဒီ မင်းက ဟိုသွားတဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ)၊ ကြားထဲ ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊ မပြတ်ရင် သဿတ ဆက်နေတယ် (မှန်ပါ)၊ ဆက်နေတယ်ဆိုတဲ့ အယူကို မောင်ကျော်သိန်း က ယူမယ်ဆိုရင်၊ မင်းက ကျောင်းရေစက်ချရမှာဆိုတော့ ဒီဥစ္စာ သေချာမှတ်ထား (မှန်ပါ)၊ တင်လှ ကလဲ သေချာမှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတော့ ပေါ်မှာပဲ၊ ငါက မပေါ်ပါစေနဲ့ဆိုလဲ မရဘူး (မှန်ပါ)၊ မင်း ဒီဘဝ နိဗ္ဗာန်ဝင်သွားလို့ရှိရင်တော့ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးခံစားစရာမရှိဘူး (မှန်ပါ)၊ နိဗ္ဗာန်တော့ မဝင်နိုင်သေးဘူး၊ တစ်မဂ်လောက်ပဲ ရသေးတယ်၊ သုံးမဂ်လောက် ကျန်နေသေးတယ်ဆိုရင် အကြောင်းကြောင့်ဖြစ်တဲ့အကျိုးကို မိမိက သွားပြီး ခံစားရဦးမှာပဲ (မှန်ပါ)၊ သွားဆယ်ဆိုတာ ဒီကလူသွားတာလဲ မဟုတ်ဘူး၊ အကြောင်းကြောင့် အကျိုးပေါ်တာ ပဲ။
ဥပမာမယ် ဒီနားမှာ မီးဖိုရှိတယ်၊ ဒီနားရပ်နေရင် မောင်ကျော်သိန်း မပူပေဘူးလား (ပူပါတယ် ဘုရား)၊ မီးက လိုက်လာတာလား၊ မီးတန်ခိုးကြောင်းလားလို့မေးရင် ဘယ့်နှယ်ပြောမှာတုန်း (မီးတန်ခိုးကြောင့်ပါ ဘုရား)၊ မီးက လိုက်ပြီးပူတာ မဟုတ်ပါဘူး၊ မီး၏ တန်ခိုးသတ္တိကြောင့် (မှန်လှပါ ဘုရား)။
ဒီမှာလဲ အကြောင်းကြောင့် ဟို နတ်ပြည်မှာ ဘုံပေါက်တယ်၊ ဒီက အကြောင်းတည်းဟူသော ကျောင်းဆောက် လိုက်လို့ပဲ၊ ဒီက မီးကြောင့် ဟိုမှာ အရှိန်တည်းဟူသော အကျိုးပေါ်တာပဲ၊ ပုဂ္ဂိုလ်သတ္တဝါနဲ့ ဆိုင်သေးရဲ့လား (မဆိုင်ပါ ဘုရား)၊ မဆိုင်ဘူးတဲ့၊ ဒီပုဂ္ဂိုလ်ကကော သွားလို့ရရဲ့လား (မရပါ ဘုရား)။
အကြောင်းကြောင့် အကျိုးပေါ်တာလို့ပဲ မှတ်ရမယ်
မရဘူးတဲ့၊ အကြောင်းကြောင့် အကျိုးပေါ်တာလို့ပဲ မှတ်ရမယ်၊ သတ္တိတော့လိုက်တယ်၊ အထည်မသွားဘူး (မှန်ပါ)၊ ခန္ဓာထည်မသွားဘူး၊ သတ္တိတော့ အကြောင်းကြောင့် ဘာဖြစ်မှာတုန်း (အကျိုးပေါ်ပါတယ် ဘုရား)၊ အကျိုးတော့ ပေါ်ရမှာပဲတဲ့၊ ခန္ဓာသွားသလားလို့မေးလို့ရှိရင် (မသွားပါ ဘုရား)၊ ခန္ဓာက ဒီခန္ဓာ ဒီတင် ဖြစ်ပျက်ကိုး၊ ဒီ နတ်ပြည်သွား နိုင်ရဲ့လား (မသွားနိုင်ပါ ဘုရား)၊ မသွားနိုင်ဘူး၊ အဲဒီလို အကြောင်းအကျိုးတော့ ဆက်တယ်လို့ ယူရမယ်တဲ့၊ ပုဂ္ဂိုလ်သတ္တဝါ နဲ့တော့ မလိုက်ဘူးလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် စိတ် ဖြစ်ပျက်၊ ရုပ် ဖြစ်ပျက်၊ ဪ ရုပ်လဲ ဖြစ် ပျက်ပဲ၊ စိတ်လဲ ဖြစ် ပျက်ပဲ၊ ဝေဒနာလဲ ဖြစ် ပျက်ပဲ၊ ခန္ဓာငါးပါးစလုံး ဖြစ်ပျက်ချည်းပဲ သိနေတော့၊ ဒီနေရာဖြစ်ပြီး ဒီနေရာ ပျောက်တာကို ဘယ်သွားစရာ ရှိသေးတုန်း (မရှိပါ ဘုရား)။
မရှိတော့ကို ဪ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ရုပ်သာရှိသည်၊ ဖြစ်ပျက်သာရှိတယ်၊ စိတ်သာရှိတယ်၊ ဖြစ်ပျက် သာရှိတယ် ဒီလိုသိနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဘဝများစွာက မှားခဲ့တဲ့အမှားရှစ်ခုကို မောင်ကျော်သိန်းတို့၊ တင်လှတို့ မရှိတော့ဘူး (မှန်ပါ)၊ ဒီအမှားရှိမှ အပါယ်သွားတာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
တရားနာရတော့ အမှားရှစ်ခု စင်သွားတယ်
ဒါဖြင့် ဒီနေ့ည တရားနာရတော့ အမှားရှစ်ခု စင်သွားတယ် (မှန်ပါ)၊ ဒိဋ္ဌိ ဖြစ်ခြင်း၏ အကြောင်း ရှစ်ခုကော မင်းတို့ သန္တာန်မှာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဘာဖြစ်လို့ မရှိတုန်းဆို ရုပ် ဖြစ်ပျက်လို့၊ ဟောဒီ မဂ်က သိနေလို့ပဲ၊ မင်းတို့ ဝိပဿနာရှုတဲ့ မဂ်ကသိနေတာ (မှန်ပါ ဘုရား)။
စိတ်တွေ့ပြန်တော့လဲ ဘယ်လမ်းဆုံးသွားတုန်း (ဖြစ် ပျက်လမ်းဆုံးပါတယ်)၊ ဖြစ် ပျက် လမ်းဆုံးသွားတယ်လို့ ဤကဲ့သို့ သိနေတဲ့အခါကျတော့၊ ဘယ်သူက ဟိုလိုက်စရာများ ရှိသေးလား ဒီခန္ဓာတွေက (မရှိတော့ပါ ဘုရား)၊ နတ်ပြည် လိုက်စရာ ရှိသေးလား (မရှိပါ ဘုရား)၊ ဗြဟ္မာပြည် လိုက်စရာ (မရှိတော့ပါ ဘုရား)၊ မရှိတော့ပါဘူး။
မရှိလို့ရှိရင် လုံးလုံးပြတ်ပြီလားဆိုတော့၊ ဒီမှာ ကျောင်းဆောက်ထားတဲ့ စေတနာ အဟုန်သတ္တိ၊ သဒ္ဓါအဟုန် သတ္တိကြောင့် နိဗ္ဗာန်မရသေးလို့ရှိရင် နတ်ပြည်၊ လူ့ပြည်မှာ သူအကျိုးတရားတော့ ပေါ်ဦးမှာပဲ (မှန်ပါ)၊ အကြောင်း ကြောင့် (အကျိုးပေါ်ပါတယ် ဘုရား)၊ အကြောင်းကြောင့် အကျိုးပေါ်တာသာ အမှန်ထားပါတဲ့၊ ပုဂ္ဂိုလ်သတ္တဝါကတော့ မလိုက်ပါဘူး (မှန်ပါ)၊ တင်လှကော ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
မီးနဲ့ အပူနဲ့ဟာလဲ ရောတယ်လို့ မယူနဲ့
ပုဂ္ဂိုလ်သတ္တဝါတော့ (မလိုက်ပါ ဘုရား)၊ အကြောင်းကြောင့် အကျိုးတော့ (ပေါ်ပါတယ် ဘုရား)၊ ပေါ်ရမှာပဲ တဲ့၊ ဒါ အကြောင်းလုပ်ထားလို့ မီးရှိနေရင် အပူရှိန်ကတော့ လာမှာပဲ၊ မီးနဲ့ အပူနဲ့ဟာလဲ ရောတယ်လို့ မယူနဲ့၊ အကြောင်းအကျိုးသာ ဖြစ်ရတယ်၊ မီးရှိလို့ပူတယ် (မှန်ပါ)၊ မီးသေရင် (မပူပါ ဘုရား)။
မပူဘူးဆိုတော့ မီးနဲ့ အပူနဲ့ဟာလဲ တစ်သဘောတည်းလို့ ယူလို့မရဘူးနော်၊ မီးတည်းဟူသော အကြောင်း ကြောင့် အပူတည်းဟူသော အကျိုးတော့ပေါ်ရမှာပဲ၊ ရေတည်းဟူသော အအေးဓာတ်ကြောင့် အနားမှာနေတဲ့ ပုဂ္ဂိုလ် ကလဲ ရေထဲကလာတဲ့ လေတိုက်ပြီး အေးတာပဲ (မှန်ပါ)၊ မအေးဘူးလား (အေးပါတယ် ဘုရား)။
ရေကြောင့် အေးတာလားဆိုတော့ ရေအကြောင်းကြောင့်သာ ဟိုမှာအေးတာ၊ ရေလိုက်လာတာတော့ မဟုတ် ဘူး (မှန်ပါ)၊ ပုဂ္ဂိုလ်သတ္တဝါတွေကကတော့ နတ်ပြည် လိုက်တယ်လို့ ဒီလိုမယူရဘူး၊ ဒီက အကြောင်းကြောင့် ဟိုမှာ အကျိုးပေါ်တာပဲ၊ ဒီက လိုက်သလားဆိုတော့ မလိုက်ဘူး။
တံဆိပ်တုံးဥပမာ
လောကီ ဥပမာ ပြောကြစို့ဆိုလို့ရှိရင်ဖြင့် စာတိုက်တံဆိပ်တုံးတစ်ခုကို ဒီကနေ ရိုက်လိုက်တယ်၊ တံဆိပ်ပါသွား တယ် စာအိတ်ပေါ်မှာသာဆို ရတယ်၊ ဒီက တံဆိပ်တုံးပါရဲ့လား (မပါပါ ဘုရား)၊ ဒါဖြင့် တံဆိပ်တုံးတော့ မပါဘူးလို့ ဆိုလို့ရှိရင် ဟိုမှာ သတ္တိပါသွားတယ် (မှန်လှပါ ဘုရား)။
တံဆိပ်ပါတာလား၊ သတ္တိပါတာလား (သတ္တိပါတာပါ ဘုရား)၊ သို့သော် ပြောတဲ့ ပုဂ္ဂိုလ်က တံဆိပ်ပါတယ်လို့ ပြောနေတယ်၊ တံဆိပ်ပါရင် အတုံးကြီးပါ ဟိုလိုက်သွားမှာပေါ့၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
အဲဒီတော့ အကြောင်းကြောင့် ဘာဖြစ်တုန်း (အကျိုးဖြစ်ပါတယ် ဘုရား)၊ အကျိုးပေါ်တာပဲ ရှိတယ်၊ မင်းတို့ ကျောင်းဆောက်တာ အကြောင်းကြောင့် အကျိုးတော့ နိဗ္ဗာန်မရသေးရင် ပေါ်နေဦးမှာပဲ (မှန်ပါ)၊ ချမ်းသာတာ ခံစားမှု၊ စံစားမှုဆိုတဲ့ အကျိုးတရားတွေ သွားပေါ်မှာပေါ့ကွာ၊ မပေါ်ပေဘူးလား (ပေါ်မှာပါ ဘုရား)၊ အကြောင်းအကျိုး တော့ ပြတ်ကဲ့လား (မပြတ်ပါ ဘုရား)၊ မပြတ်ဘူးတဲ့၊ ပုဂ္ဂိုလ်သတ္တဝါကော လိုက်သလား (မလိုက်ပါ ဘုရား)။
ဒီဘက် ရုပ်နာမ်တွေက ဒီတင် နေရစ်တာပဲ
ပုဂ္ဂိုလ်သတ္တဝါက ဒီမှာ စုတိဆိုကတည်းက၊ ဒီဘက် ရုပ်နာမ်တွေက ဒီတင် နေရစ်တာပဲ မောင်ကျော်သိန်း ရ (မှန်ပါ)၊ ဟိုဘက်မှာ ဒီနာမ်မျိုးပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)၊ ဒီမှာလဲ လူခန္ဓာငါးပါး၊ ရုပ်နာမ် ချုပ်သွားတယ်၊ ဟိုမှာ အကျိုးတရားကြောင့် နတ်ခန္ဓာ ရုပ်နာမ် ပေါ်မှာပဲရှိတယ် (မှန်လှပါ ဘုရား)။
ဒီက ခန္ဓာတော့လိုက်ကဲ့လား (မလိုက်ပါ ဘုရား)၊ မလိုက်ဘူးတဲ့၊ ဒီလို ခန္ဓာမလိုက်ဘူးလို့ သိထားတယ်ဆိုသဖြင့်၊ မလိုက်ရင် ဥစ္ဆေဒ ဒိဋ္ဌိလားလို့ မေးစရာရှိတယ်၊ မဟုတ်ဘူးတဲ့၊ အကြောင်းနဲ့အကျိုးတော့ ဆက်သေးတယ် (မှန်လှပါ ဘုရား)။
ဆိုတော့ကို ကြားထဲ ပုဂ္ဂိုလ်သတ္တဝါလဲ မပါသောကြောင့် သဿတဒိဋ္ဌိလဲ မရှိဘူး၊ အကြောင်းအကျိုး ဆက်တာကို မြင်သဖြင့်လဲ ဥစ္ဆေဒ ဒိဋ္ဌိကော ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ အကြောင်းအကျိုး ဆက်တယ်ယူရင် ဘာဒိဋ္ဌိစင်တုန်း (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် အကြောင်းအကျိုးတော့ဖြင့် ဆက်ပါတယ်၊ ဒီပုဂ္ဂိုလ်က ဟိုဘုံးသွားပြီး ဖြစ်တာလား၊ ခံစားတာလားလို့ မေးတော့ ဒီလိုတော့လဲ ပုဂ္ဂိုလ်က မလိုက်ဘူး (မှန်ပါ)၊ ပုဂ္ဂိုလ်က နဂိုကမှပါရဲ့လား (မပါပါ ဘုရား)၊ နာမ်ရုပ်၊ ဖြစ်ပျက်ပဲ ရှိတယ်၊ ဒီတင်ဖြစ်ပျက် ဇာတ်သိမ်းခဲ့တာပဲ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ခန္ဓာထဲက ဘာပေါ်ပေါ်
ကောင်းပြီ၊ ဒါဖြင့် အလုပ်ထဲသွင်းကြစို့တော့၊ ဒီ ခန္ဓာထဲက ဘာပေါ်ပေါ်၊ မင်းတို့မှတ်စရာကဖြစ်ပြီး ပျက်တာသာ ပေါ်သောကြောင့် ဘာသစ္စာ ဆိုမှာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာတွေပေါ်ပြီး၊ ဒုက္ခသစ္စာတွေ ချုပ်နေတဲ့ဥစ္စာပဲ၊ ခန္ဓာထဲမှာ ဘယ်အချိန်မှာ ဘာဖြစ်နေတယ်၊ ဘယ်အချိန်မှာ လူဖြစ်နေတယ်၊ ဘယ်အချိန်မှာ နတ်ဖြစ်နေတယ်၊ အဘယ်အချိန်မှာ ဗြဟ္မာဖြစ်နေတယ်ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ခန္ဓာကိုသာ ကြည့်လို့ရှိရင် ဘယ်အချိန်မှာ ဘာမှမဖြစ်ဘူး၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်နေတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ်အချိန်မှာ ဒီလူ ကြီးပွားလာတယ်၊ ဒီလူ ဝလာတယ်၊ ဒီလူ ပိတ်သွားတယ်၊ ဒီလူ ယူရမှာလားတဲ့၊ ဒုက္ခ ဖြစ်၍ ဒုက္ခပျက်နေတာလား ဆိုတာကို ကိုယ့်ဉာဏ်ထဲကြည့်ပါ (ဒုက္ခဖြစ်၍ ဒုက္ခပျက်နေတာပါ ဘုရား)။
ကိုယ့်ဉာဏ်ထဲကြည့်တဲ့အချိန်မှာ အမှန်ယူရမယ်နော်၊ သူများပြောတာကို အမှန်မယူပါနဲ့ (မှန်ပါ)၊ သူများ ပြောတာ အမှန်ယူလို့ရှိရင် သူတစ်ပါးပြောခြင်းကြောင့် ဒိဋ္ဌိ ဖြစ်ဦးမယ် (မှန်လှပါ ဘုရား)။
ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာထဲမှာကြည့်၊ ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်မှုပျက်မှုလေးတွေဟာ ဖျတ်ဖျတ် ဖျတ်ဖျတ် နဲ့၊ ဤကဲ့သို့ မြင်နေကြလို့ရှိရင်ဖြင့်၊ ဪ ခန္ဓာထဲ ဒုက္ခသစ္စာရှိလို့ ဒုက္ခသဘောတွေသာ ပြောနေတာပဲဆိုတာ မထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား)။
ဒုက္ခဖြစ်၍ (ဒုက္ခပျက်တာပါ ဘုရား)၊ ဒုက္ခပျက်နေတာပဲ ရှိပါတယ်၊ ဒီကျတော့မှ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုတော့၊ ဪ ဒီခန္ဓာရှိသရွေ့ကာလပတ်လုံး ဒုက္ခဖြစ်၍ ဒုက္ခချုပ်နေမှာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒီခန္ဓာ ရှိနေနေသရွေ့ကာလပတ်လုံး ဘယ်ဘုံရောက်ရောက်၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်နေတာရှိမှာပဲဆိုတာကို တင်လှ တို့ သေချာမှတ်ရမယ် (မှန်လှပါ ဘုရား)။
နိဗ္ဗာန် ဆိုတာဒုက္ခချုပ်သွားတာပဲ
ဟ ဒီခန္ဓာမရှိပါဘူး၊ တပည့်တော်တို့ခန္ဓာ မရှိတော့ပါဘုရားဘုရား၊ ရှုလိုက်တဲ့အခါမှာ၊ အို ဒုက္ခဖြစ်၍ ဒုက္ခပျက်တယ်၊ ဒုက္ခကို မမြင်တော့ဘူး၊ ဒုက္ခနဲ့ဖြင့် ဉာဏ်ထဲမှာ ဆက်လို့မရဘူး၊ ဒုက္ခတွေ ချုပ်သွားပြီလို့ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ပဲ၊ နိဗ္ဗာန် ဆိုတာဘာတုန်းလို့ မေးလို့ရှိရင် ဒုက္ခချုပ်သွားတာပဲရှိတယ် (မှန်လှပါ ဘုရား)။
နိဗ္ဗာန်ဆိုတာဘာတုန်း (ဒုက္ခသွားတာပါ ဘုရား)၊ ဒုက္ခချုပ်သွားတာပဲရှိတယ်လို့ သိသွားတော့ ဪ နိဗ္ဗာန်ဆိုတာ မရှိဘူးလားဆိုတော့ ရှိတယ် (မှန်ပါ)၊ ဘာရှိတာတုန်း၊ ဒုက္ခချုပ်တာချည်း ရှိနေတယ် (မှန်လှပါ ဘုရား)။
ဒုက္ခလုံးဝမရှိတဲ့တရား တစ်ခုရှိနေတယ်ဆိုတာ မောင်အောင်မြတ်က သေချာမှတ် (မှန်ပါ)၊ ဒုက္ခမရှိတဲ့တရားဆို တာ ဘာတုန်းဆို “နိဗ္ဗာန်”၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒုက္ခရှိတဲ့တရားက ရုပ်နာမ် (မှန်ပါ)၊ မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)၊ ဒုက္ခရှိတဲ့တရားက (ရုပ်နာမ်ပါ ဘုရား)၊ ဒုက္ခမရှိတဲ့တရားက (နိဗ္ဗာန်ပါ ဘုရား)၊ ဒီလိုခွဲသိရမယ်။
ဒါဖြင့် နိဗ္ဗာန်ဟာ မရှိဘူးလား ရှိသလားလို့မေးရင် ဘယ့်နှယ်ပြောကြမှာတုန်း (ရှိပါတယ် ဘုရား)၊ ရှိပါတယ်တဲ့၊ နိဗ္ဗာန်က ရှိတဲ့ပစ္စည်းပဲ၊ ဘယ်လိုရှိသတုန်းလို့မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ အင်း ဒုက္ခသဘောနဲ့ မရှိတာဘဲ (မှန်ပါ)၊ သုခသဘောနဲ့တော့ (ရှိပါတယ် ဘုရား)၊ သုခသဘောနဲ့ရှိတယ်ဆိုတော့၊ ဒါ ဒုက္ခကို ငါမထင်တဲ့ ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်မှ နိဗ္ဗာန်ကိုသိတယ် (မှန်လှပါ ဘုရား)။
ဒုက္ခကို ငါထင်နေတဲ့ပုဂ္ဂိုလ်
ငါထင်နေတဲ့ပုဂ္ဂိုလ်၊ ဒုက္ခကို ငါထင်နေတဲ့ပုဂ္ဂိုလ်၊ ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မှန်ပါ)၊ နိဗ္ဗာန်လဲသူမသိဘူး (မှန်ပါ)၊ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာတုန်းလို့မေးတော့ ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ၊ ဘဝများစွာ သံသရာကလဲ ဒုက္ခသစ္စာ၊ အခုလဲ ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာကြီးကို ပိုင်ပိုင်နိုင်နိုင် သိတဲ့ပုဂ္ဂိုလ်မှ ဒီ ဒုက္ခမကြိုက်တော့မှ နိဗ္ဗာန်က ဒီနေရာအစားထိုး ပေါ်တယ် (မှန်လှပါ ဘုရား)။
ဒုက္ခကြိုက်နေတဲ့ ပုဂ္ဂိုလ်ကတော့ ဒုက္ခနဲ့ နေရတာပဲ (မှန်ပါ)၊ ဒုက္ခမလိုချင်ပါဘူးဆိုတဲ့ ဒီဉာဏ်ပေါ်လာတဲ့ပုဂ္ဂိုလ်က ဒုက္ခမရှိတာနဲ့ နေရတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခမရှိတာနဲ့ နေရတာက နိဗ္ဗာန်နဲ့နေရတာ (မှန်ပါ)၊ ဒုက္ခရှိတာနဲ့ နေရတာက ရုပ်နာမ်နဲ့ နေရတာ၊ ကွဲပြီလား (ကွဲပါပြီ ဘုရား)၊ ဒါ မရှုပ်စေနဲ့တဲ့၊ ဒါကဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်မှာမှ နိဗ္ဗာန်ကို သဘောကျမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ကို ရမ်းပြီးဆုတောင်း၊ ရမ်းပြီးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက သဘောကျလို့ တောင်းတာမဟုတ်ဘူး၊ သူများပြောသံကြားနဲ့ တောင်းနေတာ (မှန်ပါ)၊ ကောင်းတယ်လို့ ပြောလို့ တောင်းနေတာပဲ၊ တောင်းလို့လဲ မရဘူးတဲ့။
ကိုယ့်သန္တာန်ဝမ်းထဲက ဖြစ်ပျက်ရှုလိုက်လို့ ဒိဋ္ဌိတစ်ပဲသားမရှိတဲ့ ပုဂ္ဂိုလ်မှသာလျှင် မောင်ကျော်သိန်း ကရတာ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)၊ ဒါက အေးအေးဆေးဆေးပြောမှ မောင်ကျော်သိန်း ကရတာတွေ (မှန်လှပါ ဘုရား)။
ဒုက္ခသိတဲ့ပုဂ္ဂိုလ်ဖြင့်
ဒါဖြင့် ဒုက္ခသိတဲ့ပုဂ္ဂိုလ်ဖြင့် ဒုက္ခချုပ်၍၊ ရုပ်နာမ်ချုပ်၍၊ နိဗ္ဗာန်ပေါ်မှာပဲ၊ ဒုက္ခမသိတဲ့ ပုဂ္ဂိုလ်က (မပေါ်ပါ ဘုရား)၊ မပေါ်နိုင်ဘူးတဲ့၊ ဒုက္ခမှမသိတဲ့ပုဂ္ဂိုလ်က ဒုက္ခဖက်ထားမှာပေ့ါကွ၊ ဒီမဂ် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ ဒီ မဂ်ပေါ်မှ ဒုက္ခသိမှာ ဒီရုပ်နာမ်ကို၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာထဲမှာ အခုရှိနေတာကို အမှန်သိဖို့ အရေးကြီးပါတယ် (မှန်ပါ)၊ အခုရှိနေတာက ဝေဒနာ၊ အင်း ဝေဒနာကို ဆုံးအောင်လိုက်ကြည့်တဲ့အခါကျတော့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ၊ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ၊ စိတ်တွေကြည့် လိုက်ပြန်လဲ ဘာရှိတုန်း (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါ ဘုရား)။
ဒါဖြင့် ဘာပေါ်ပေါ်၊ မင်းတို့သန္တာန်မှာ ဘာမှတ်ထားရမှာတုန်း (ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါ ဘုရား)၊ အဲဒါကို အခု ဆရာပြောတဲ့အတိုင်းမှတ်၊ မှတ်တဲ့အတိုင်း မင်းတို့က ရှု၊ ရှုတဲ့အတိုင်း စိတ်ထဲ ကိုယ့်ဉာဏ်ထဲကိုယ် ဆုံးဖြတ်ချက်ချလို့ ရှိရင်၊ ဒီဒုက္ခချုပ်ပြီး နိရောဓပေါ်မှာပဲ (မှန်ပါ)၊ ရုပ်နာမ်ချုပ်ပြီး သကာလ နိဗ္ဗာန်ပေါ်မှာပဲ (မှန်လှပါ ဘုရား)။
နို့မို့လို့ရှိရင်ဖြင့် ဒီအတိုင်းသာအော်ပြီး ဆုတောင်းနေလို့၊ ဘာတွေညာတွေလုပ်နေလို့တော့ဖြင့် သူပေါ်လာမှာ မဟုတ်ဘူး (မှန်ပါ)၊ ဒါဖြင့် သူ့ပေါ်စေချင်လို့ရှိရင် မိမိခန္ဓာကိုယ် ဘာမြင်အောင်ကြည့်ရမှာတုန်း (ဒုက္ခဖြစ်၍ ဒုက္ခ ချုပ်တာကို ကြည့်ရမှာပါ ဘုရား)၊ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာကို တင်လှ တို့က မြင်အောင်ကြည့်ရမယ် (မှန်ပါ)၊ မောင်ကျာ်သိန်း ကော မြင်အောင်ကြည့်ရမယ် (မှန်လှပါ ဘုရား)။
ရေမရောတဲ့ ဒုက္ခပါလား
ဒါ မြင်အောင်ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဪ အဟုတ်ဒုက္ခပါလား၊ တကယ်ကို ရေမရောတဲ့ ဒုက္ခ ပါလား၊ ဘယ်လိုကြည့်ကြည့် ဒုက္ခပါလား၊ ခဏခဏမွေး၊ ခဏခဏသေနေတဲ့ ဒုက္ခက မောင်ကျော်သိန်း အကြီးဆုံးပေ့ါ ကွ (မှန်လှပါ ဘုရား)။
ဒီ ဒုက္ခမရှိဘူးဆိုကတည်းက၊ ဪ အသေလဲမရှိဘူး၊ အမွေးလဲမရှိဘူး၊ ခိုင်မြဲတာသာ ရှိမှာပေါ့ (မှန်ပါ့)၊ သူတို့နှစ်ခု အသေ အမွေးမရှိမှ ခိုင်မြဲတာက ဒီနေရာပေါ်မှာ၊ အသေ အမွေးရှိနေလို့ရှိရင် (မပေါ်ပါ ဘုရား)၊ ခိုင်မြဲတာ မပေါ်နိုင်သေးဘူး၊ ဒါ ဒုက္ခနယ်ထဲပဲ ရှိသေးတယ် (မှန်လှပါ ဘုရား)။
ဒုက္ခနယ်ထဲက ဒီနှစ်ခုချုပ် ပျောက်သွားတဲ့အချိန်ကျတော့မှ “ဒုက္ခ နိရောဓော နိဗ္ဗာနံ” ဖြစ်ပါတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘာတဲ့တုန်း (ဒုက္ခနိရောဓောနိဗ္ဗာနံပါ ဘုရား)။
ဒါဖြင့် ဒုက္ခနိရောဓောနိဗ္ဗာနံဆိုတဲ့ ဥစ္စာဟာ၊ ဒုက္ခချုပ်တာမှ မောင်ကျော်သိန်း က မမြင်လို့ရှိရင် ဒုက္ခမှန်းမသိတဲ့ ပုဂ္ဂိုလ်ဟာ “ဒုက္ခနိရောဓောနိဗ္ဗာနံ” ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။
ဘယ် ပေါ်နိုင်လိမ့်မတုန်း ဒိဋ္ဌိက စွဲနေတာ
ဘယ် ပေါ်နိုင်လိမ့်မတုန်း ဒိဋ္ဌိက စွဲနေတာ၊ ဒုက္ခတွေ ငါ့ဟာ ငါ့ဟာလို့ စွဲနေတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒုက္ခတွေ ငါ့ဟာ ငါ့ဟာလို့ စွဲနေတော့ ဪ မင်းတို့မရောင်းရတဲ့ မင် (ပုံနှိပ်မင်ကို ဆိုပါသည်) တွေလို ဖြစ်နေတာပေ့ါကွ (မှန်ပါ)၊ ရောင်းလဲ မရောင်းရဘူး၊ အိမ်လဲ ရှုပ်လိုက်တာ၊ သို့သော် ငါ့ဟာကလဲ မပြုတ်သေး (မှန်ပါ)၊ ဒုက္ခကို ငါ့ဟာလုပ်နေတော့ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ကဲ သွားကြပေတော့ကွာဆိုပြီး ဧရာဝတီမြစ်ထဲကို ကားနဲ့သွားသွန်လိုက်တဲ့အခါကျတော့ ဒုက္ခကင်းပြီပေါ့ (မှန်ပါ)၊ အစိုးရ လာစစ်လဲအရေးမကြီးတော့ဘူး (မှန်ပါ)၊ မင်း လှောင်ထားတယ်ဆိုတဲ့ ဒုက္ခမျိုးလဲ လွတ်သွားတယ်၊ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။
အဲဒီလို ဒုက္ခမှန်းသိလို့ သွန်လိုက်တဲ့အခါကျတော့လဲ ဒုက္ခမှ လွတ်သွားတယ် (မှန်ပါ)၊ ဒုက္ခမှန်းမသိသေးလို့ မသွန်သေးဘူးကွ၊ ဈေးကောင်းစောင့်နေသေးတယ်ဆိုရင် ဒိဋ္ဌိနဲ့ ငါ ငွေရဦးမယ်ဆိုပြီးစောင့်နေတာ (မှန်ပါ)၊ မစောင့် ဘူးလား (စောင့်ပါတယ် ဘုရား)၊ အဲဒါ ဘာဖြစ်လို့စောင့်နေတာတုန်း (ဒုက္ခမှန်း မသိလို့ပါ ဘုရား)၊ ဒုက္ခမှန်း မသိလို့။
ဒုက္ခဝန်ကျသွားတာ
ဒုက္ခမှန်းသိလို့ ကဲ မလိုချင်တော့ဘူးကွာ၊ ဘယ်သူပဲ ယူယူကွာ၊ ရေထဲပဲ သွားသွန်ကွာဆိုတော့ မင်းတို့ ဝန်ကျ မသွားဘူးလား (ကျပါတယ် ဘုရား)၊ ဘာဝန်ကျသွားသတုန်းမေးရင် (ဒုက္ခဝန်ပါ ဘုရား)၊ အဲ ဒုက္ခဝန်ကျသွားတာဟာ ချမ်းသာ တဲ့ နိဗ္ဗာန်ပဲ၊ ဒုက္ခဝန်ကျသွားတာ ဘယ့်နှယ်ဆိုမှာတုန်း (ချမ်းသာတဲ့ နိဗ္ဗာန်ပါ ဘုရား)။
ဟို မောင်အောင်မြတ်က ဆီဆုံချည်း တိုးနေမယ်ဆိုရင် ဒုက္ခတိုးနေတာ (မှန်ပါ)၊ ဆီဆုံချည်းတိုးနေရင် ဘာတိုး နေတုန်း (ဒုက္ခပါ ဘုရား)၊ မောင်ကျော်သိန်းကလဲ ဆိုင်ချည်းချဲ့နေရင် ဘယ့်နှယ်ဆိုမှာတုန်း (ဒုက္ခတိုးနေတာပါ ဘုရား)၊ ဒုက္ခတိုးနေပတာပဲဆိုတော့ တစ်ခုတိုးလိုက် တစ်ခုချင်းကိုင်ရ၊ တစ်ခုတိုးလိုက် တစ်ခုချင်းကိုင်ရဆိုတော့ ဒုက္ခတိုးမှန်းကို မသိဘူး၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
ဒုက္ခတိုးမှန်းသိတာက သမ္မာဒိဋ္ဌိကသိတာ
အဲဒါ ဒုက္ခတိုးမှန်းမသိတာက ဒိဋ္ဌိက မသိတာ၊ ဒုက္ခတိုးမှန်းသိတာက သမ္မာဒိဋ္ဌိကသိတာ (မှန်ပါ)၊ မိစ္ဆာဒိဋ္ဌိ က ဘယ်နည်းနဲ့မှမသိဘူး (မသိပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့ဘယ့်နှယ် လုပ်ကြမှာတုန်း၊ ဒါ ဒုက္ခအစစ်လို့ သိဖို့ပဲ အရေးကြီးတယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒုက္ခအစစ်လို့သိတဲ့ တစ်နေ့ကျတော့ လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်ရင် ဒီဒုက္ခ တွေ ချုပ်သွားတော့ ဝန်ပေ့ါသွားတာပဲ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုရား၊ ရဟန္တများမှာ ခန္ဓာရှိတုန်းကို ကောင်းကင်ပျံနိုင်တယ် (မှန်ပါ)၊ ဒုက္ခနဲ့ပတ်သက်တဲ့ ဒိဋ္ဌိက ပြုတ်လို့ ခန္ဓာဝန်ပေါ့သွားတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
