3007

မာတိကာသို့

”သုည မှ သုညတ ကူးအောင်လုပ်ရန်”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြား ဆုံးမတော်မူအပ်သော

”သုည မှ သုညတ ကူးအောင်လုပ်ရန်”

ည အလုပ်ပေးတရားတော်

(၈-၁၂-၆၀)

သေမင်းမမြင်တဲ့နေရာရှိသားပဲ

ခန္ဓာငါးပါးရှိနေလို့ရှိရင်ဖြင့် သေမင်းဆိုတဲ့ ဥစ္စာကတော့ ရှိနေတယ်ဆိုတာ ထစ်ထစ်ချမှတ်ထားရမယ်။

သေမင်းဆိုတဲ့ဥစ္စာ ရှိနေလို့ရှိရင်ဖြင့် သေမင်းနယ်ကလွတ်အောင် မပြေးတတ်တဲ့လူဟာ လူဖျင်း၊ လူအ၊ လူမိုက်။

သေမင်းမမြင်တဲ့နေရာရှိသားပဲ၊ ဒါကြောင့် သေမင်းမမြင်တဲ့နေရာကို ရောက်ရလို့ရှိရင်ဖြင့် ဘယ်ဆေး ဘယ်ဝါး မှဆောင်ထားစရလဲမလိုတော့ဘူး၊ ဘယ်အိမ် ဘယ်တိုက်မှလဲ ဆောက်စရာမလိုတော့ဘူး၊ ဘယ်ကား ဘယ်စိန်မှလဲ အားကိုးစရာမလိုတော့ဘူး။

ခုတော့ ဒါတွေကို စုဆောင်းနေရတာ၊ သေမင်းဆီ အခွန်ဆက်ဖို့၊ သေမင်းက ဗြုန်းခနဲ ခေါ်မယ်ဆိုလို့ရှိရင် ဖြင့် ဒါတွေနဲ့တောင်းပန်ရအောင်လို့ စုနေကြတာပဲ၊ ဒါဖြင့် ပစ္စည်းဟာ စုကြရတယ်၊ ချန်ကြရတယ်၊ ထားကြရတယ်၊ ချွေကြရတယ်ဆိုတာ သေမင်းတောင်းပန်ဖို့ ထားနေရတာ။

သေမင်းနယ်ထဲနေလို့ အကုန်သုံးပစ်လိုက်လို့ ဘယ်ဟာမှမဖြစ်ဘူး၊ မခိုင်တာလုပ်လို့လဲမဖြစ်ဘူး၊ ဘာဖြစ်လို့ တုန်းဆို တချို့ကျတော့လဲ အိမ်ကလေးနဲ့ တောင်းပန်ရတယ်၊ သေမင်းဗြုန်းခနဲ မခေါ်ပါနဲ့ အိမ်ကောင်းကောင်းနဲ့ ဆောက်ပြီးကာကွယ်ထားလို့ရှိရင် အဖျားအနာသက်သာတော့ သေမင်းနောက်ကို ဗြုန်းခနဲမလိုက်ရဘူး၊ အဲဒါ ဘာပြုလို့ ဆောက်တာတုန်းလို့ မေးလို့ရှိရင်ဖြင့် သေမင်းတောင်းပန်ဖို့ ဆောက်တာ။

သေမင်းတောင်းပန်ဖို့

ဘယ့်နှယ်ကြောင့် ဆောက်ရတာတုန်း သေမင်းနယ်မှာနေမိလို့၊ အဲဒီတော့ တောင်ပန်းစရာတွေ ဘယ်လောက် များ၊ လုပ်ရသတုန်းလို့ မေးလို့ရှိရင် ဆန်နဲ့တောင်းပန်ရ၊ ဆီနဲ့ တောင်းပန်ရ၊ ငါးပိ ငါးခြောက်နဲ့ တောင်းပန်ရ၊ နို့မို့ သေမင်းဆီကို ဒီခန္ဓာကြီးက ထိုး ထိုးသွားတယ်၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့လုပ်ကိုင်စားသောက်နေကြတာ၊ ရှာဖွေစုဆောင်းနေကြတာ၊ ဘာလုပ်ဖို့တုန်းလို့မေးလို့ရှိရင် သေမင်းတောင်းပန်ဖို့ စုကြဆောင်းကြရတယ်၊ ဪ ဒါဖြင့် သေမင်းကို အမြဲတမ်းကြောက်လန့်နေရတဲ့ဘဝပဲလို့ ဆိုလို့ရှိ ရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ မလွဲပါဘူး။

ဘယ့်နှယ်ကြောင့် ဒါလောက်တောင်တောင်းပန်တိုးလျှိုးပြီး၊ တစ်ဘဝလဲ တောင်းပန်တိုးလျှိုးရင်း ထိုးအပ်လိုက် ရတာပဲ၊ နောက်ဘဝလဲတောင်းပန်တိုးလျှိုးဖို့ရှာဦးမယ်။ ပြီးတာ့ ခန္ဓာထိုးအပ်ပဲ၊ ဒီလိုချည်းပဲ ဇာတ်သိမ်းခဲ့ကြတာမဟုတ် လား။

ဒီနှစ်လုပ်ပဲရှိပါလိမ့်မယ်

မသေခင်ဘာလုပ်ကြတုန်း၊ တောင်းပန် တိုးလျှိုးဖို့ စုကြတယ်၊ လွတ်ပါရဲ့လား နောက်ဆုံးပိတ် ထိုးအပ်လိုက်ရတယ် တောင်းပန်တိုးလျှိုးဖို့ အလုပ်ရယ် နောက်ဆုံးပိတ်တောင်းပန်လို့မရလို့ ထိုးအပ်ရတဲ့ အလုပ်ရယ် တစ်ဘဝမှာ ဘယ်နှစ် လုပ်ရှိသလဲဆိုရင် ဒီနှစ်လုပ်ပဲရှိပါလိမ့်မယ်၊ ဉာဏ်ရောက်ကြရဲ့လား (ရောက်ပါတယ် ဘုရား)။

လုပ်ကိုင်ပြီး စုဆောင်းနေတဲ့ ဆန်တွေ၊ ဆီတွေ၊ အိမ်တွေ၊ ယာတွေ၊ ငွေတွေ၊ စိန်တွေ၊ ရွှေတွေ၊ ကားတွေ၊ ဒါတွေက ဘာတုန်းဆိုရင် ဗြုန်းခနဲ သေမင်းဆီ မရောက်အောင်တောင်းပန်ထားရတာ၊ ခန္ဓာကိုယ်ကြီးကို ဒီအတိုင်း သေသွားရင်ခက်ရချည့်ရဲ့လို့ ခန္ဓာကိုယ်ကြီးကို ပြုဖို့ စုဖို့ တောင်းပန်ထားရတယ်၊ ဗြုန်းခနဲ သေမင်းဆီမသွားပါနဲ့ ခင်ဗျားသက်သာအောင် ကားဝယ်ပေးပါ့မယ်၊ ဆီစက် ထောင်ပေးပါ့မယ်၊ ဒါလေးကရတာနဲ့ ကျွေးနေပါမယ်၊ ပြုနေပါ့ မယ်၊ စုနေပါ့မယ်။

ဒါဖြင့် မင်းတို့လုပ်ကိုင်သရွေ့ဟာ သေမင်းကိုတောင်းပန်ဖို့ လုပ်တာမှတစ်ပါးဘာမှမပါဘူး (မှန်ပါ)၊ လုပ်ကိုင် သရွေ့ဟာ စဉ်းစားကြည့် တင်လှ ဘာလုပ်ဖို့ လုပ်ကိုင်နေကြတာတုန်းလို့မေးရင် (သေမင်းတောင်းပန်ဖို့ပါ ဘုရား)။

မျက်နှာ ငယ်ဘဝချည့်ပဲ

တောင်းပန်တိုးလျှိုးရတယ်ဆိုတဲ့ မျက်နှာငယ်ဘဝမှတစ်ပါး ဒီ့ပြင် သဘာဝရှိသေးတုန်း (မရှိပါ ဘုရား)၊ မျက်နှာ ငယ်ဘဝချည့်ပဲလို့ ဆုံးဖြတ်ချက်ချပါ ကိုယ်ဖြစ်လာခဲ့ရတာက (မှန်ပါ)၊ မျက်နှာတင်းတင်းထားနိုင်တဲ့ဘဝ၊ သေမင်းကို မတောင်းပန်ဘဲနဲ့၊ မင်းနယ်က လွတ်ပြီကွဆိုတဲ့ မျက်နှာခပ်တင်းတင်းထားနိုင်တဲ့ ဘဝကို မောင်အောင်မြတ်တွေ့ခဲ့ ဖူးရဲ့လား (မတွေ့ခဲ့ပါ ဘုရား)၊ မတွေ့ခဲ့ရဘူး၊ အမလေး အောက်ကျ၊ နောက်ကျဘဝ၊ ဒါနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်ဆိုတဲ့ ဥစ္စာ ဘဝပေါင်းဘယ်လောက်တုန်းလို့ တင်လှ မေးရင်ဘယ်နှယ့်ပြော့ပါ့မယ် (မရေတွက်နိုင်ပါ ဘုရား)။ မရေတွက်နိုင် ဘူး။

ဒါ မျက်နှာအောက်ကျတဲ့ဘဝနဲ့ကို မရေတွက်နိုင်ဘူး၊ နောက်ဆုံးပိတ် လွတ်ရေး ကျွတ်ရေးကောပါရဲ့လား (မပါပါ ဘုရား)၊ ထိုးအပ်ရတယ်၊ ခန္ဓာထိုးအပ်မှ ကျေနပ်တာ၊ ဒါဖြင့် ရေချိုးတာလဲ ဘာလုပ်ဖို့တုန်း၊ အို ဖြူဖြူစင်စင် အပ်ချင်လို့၊ စားနေတာလဲ ဘာလုပ်တာတုန်း၊ ဝဝဖြိုးဖြိုး အပ်ချင်လို့၊ နေမပူ လေမပူ အသားတွေအပ်ချင်လို့၊ မောင်ချစ်စိန် ဒါပဲရှိမှာပါပဲ (မှန်ပါ)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ ဒါဖြင့် လုပ်ကိုင်လေသမျှဟာက ကိုယ့်ဖို့ကိုမပါဘူး၊ သေမင်းကို တောင်းပန်ဖို့ပဲ၊ လုပ်ကိုင်လေသမျှတွေဟာ ဘာပါလိမ့် (သေမင်းကိုတောင်းပန်ဖို့ပါ ဘုရား)၊ ကိုယ့်ဖို့ပါရဲ့လား လို့မေးရင် (မပါပါ ဘုရား)။

မသေပါနဲ့လို့ တောင်းပန်တဲ့ အလုပ်

ခက်ပါသေးရဲ့လို့ ဆရာသမားညည်းတာသည် အမှန်ကိုမြင်လို့ ညည်းတယ်ဆိုတဲ့ အဓိပ္ပါယ်ကော မင်းတို့သိပြီ လား (သိပါပြီ ဘုရား)၊ မင်းတို့အလိုကတော့ စားဖို့ သောက်ဖို့လုပ်နေတယ်လို့ ထင်တာပဲ၊ ကြွားဖို့ ဝါဖို့လုပ်နေတယ်လို့ ထင်တာပဲ၊ ထင်ပင်ထင်ငြားသော်လည်း သူ့အလုပ်သဘောက မသေပါနဲ့လို့ တောင်းပန်တဲ့ အလုပ်မှတစ်ပါး ဘာပါသေး တုန်း၊ (မပါပါ ဘုရား)၊ အဝတ်ကလေး ခြုံပြီး တောင်းပန်ထားတယ်၊ ဗြုန်းခနဲလဲပြီး သေမင်းဆီ မသွားလိုက်ပါနဲ့၊ ဖိနပ် ကလေးစီးပြီး တောင်းပန်ထားတယ်၊ ထီးကလေးဆောင်းပြီးတော့ကော (တောင်းပန်ထားပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့က ခန္ဓာကိုယ်အတွက်လုပ်ကိုင်လေသမျှဟာ ဘယ်သူတောင်းပန်တဲ့ အချက်အလက်လဲဆိုတာကို ယနေ့တရားမှာ ပေါ်ရောပေါ့ (မှန်ပါ)၊ ဘာတုန်း (သေမင်းကို တောင်းပန်ဖို့ပါ ဘုရား)၊ သေမင်းတောင်းပန်ဖို့ လုပ်နေ တာ၊ တောင်းပန်ဖန်များရင် ဘယ်သူသည် ကျေနပ်နိုင်ပါ့မလဲလို့ တစ်ခါမေးကြည့်ရတယ်၊ တောင်းပန်ဖန်များတော့ ကျေနပ်ကြရဲ့လား (မကျေနပ်ပါ ဘုရား)၊ မကျေနပ်တော့ ခန္ဓာပါထိုးအပ်လိုက်ရတာပဲ၊ မကျေနပ်တော့ဘာလုပ်ကြရတုန်း (ခန္ဓာပါထိုးအပ်ရပါတယ် ဘုရား)၊ ဒါဖြင့် မသေခင်တော့ တောင်းပန်တယ်၊ တောင်းပန်လို့မရတော့ ထိုးအပ်၊ တင်လှ ကိုယ့်ဖြစ်စဉ် ဒါပဲ (မှန်လှပါ ဘုရား)။

တစ်သံသရာလုံး ကိုယ့်ဖြစ်စဉ်က မောင်အောင်မြတ် ဒါပဲကွ (မှန်ပါ)၊ သေချတွေးကွ မောင်ချစ်စိန်တို့က ဒီ့ ပြင်ဘာအလုပ်ရှိသေးတုန်း၊ မေးကြည့်စမ်း (ဘာမှမရှိပါ ဘုရား)၊ တောင်းပန်တဲ့အလုပ်ရယ်၊ ထိုးအပ်ရတဲ့အလုပ်ရယ်၊ ဒီနှစ်လုပ်မှတစ်ပါး ဘာရှိသေးတုန်း (ဘာမှမရှိပါ ဘုရား)။

ရှေ့နေငှားပြီး တောင်းပန်

တစ်နံပါတ်က ဘာလုပ်ရတုန်း၊ (တောင်းပန်ရပါတယ် ဘုရား)၊ ဒါဖြင့် ရှာဖွေနေတာက တောင်းပန်ဖို့ရှာဖွေ နေကြတာ (မှန်ပါ)၊ ဆရာဝန်ကူပြီး ရှေ့နေငှားပြီး တောင်းပန် ဗိန္ဒောဆရာခေါ်ပြီး ရှေ့နေငှားပြီး တောင်းပန်၊ ဒါတွေ ဟာရှေ့နေငှားတာတွေ မဟုတ်လား (မှန်ပါ)၊ တစ်ချို့ကျတော့ ရှေ့နေရှေ့တင်သေသွားတာပဲ၊ ရှေ့နေလဲလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

ဘယ်ဆေးလေး လိုသွားလို့ပဲ ပြောပြော၊ ဘာတွေပဲပြောပြော နောက်ဆုံးပိတ်ကျတော့ ရှေ့နေရှေ့တင် ဝိညာဉ် ချုပ်ပြီး ထိုးအပ်လိုက်ရတာပဲ၊ သေမင်းထိုးအပ်လိုက်ရတယ်၊ ရှေ့နေငှားလို့မရတဲ့အလုပ်ဆိုတာ ရိပ်မိပြီလားကွ (ရိပ်မိ ပါပြီ ဘုရား)။

တရားသေလွတ်လိုက်တယ်လို့မရှိဘူး၊ တစ်ခါတည်းအပ်ခဲ့တော့ဆိုတဲ့ အဓိပ္ပါယ်မျိုးသာများတယ် (မှန်ပါ)၊ ဘယ် ရှေ့နေငှားပြီးသကာလ မင်းတို့ကာကွယ်ကြမှာတုန်းလို့ မေးလို့ရှိရင်၊ ဘယ်ရှေ့နေမှ မရဘူးလို့ လောကရှေ့နေတွေက (မှန်ပါ)၊ ဗိန္ဒော ငှားငှား၊ ဓာတ်ဆရာငှားငှား၊ ပယောဂဆရာ ငှားငှား၊ သူတို့ကိုယ်တိုင် ထိုးအပ်နေရတာကွ (မှန်လှပါ ဘုရား)။

ဒီဆေးဆရာတွေကို ဆေးဆရာ မသာဆိုပြီး ထိုးအပ်နေရတာတွေကို မင်းတို့တွေ့ဖူးလျက်သားနဲ့ ရှာနေတာဟာ အရေးရှိကုန်ဖို့ပေါ့၊ ကုန်လဲကုန်ရမယ်၊ ထိုးလဲအပ်ရမယ်၊ တင်လှ ကုန်လဲ ကုန်ရမယ်နော် (မှန်ပါ့)၊ နောက်ဆုံးပိတ်ကော (ထိုးအပ်ရမှာပါ ဘုရား)၊ သေမင်းဆီ ထိုးအပ်ရမှာဘဲ (မှန်ပါ)၊ ကုန်ကျိုးနပ်တဲ့လားလို့ မေးလိုက်ပါတယ် (မနပ်ပါ ဘုရား)၊ ကုန်ကျိုးမနပ်ပါဘူးဆိုတာ မောင်အောင်မြတ် ပေါ်ပြီလားကွ (ပေါ်ပါပြီ ဘုရား)။

ဘဝပေါင်းဘယ်လောက်ကုန်ခဲ့

ဘဝပေါင်းဘယ်လောက်ကုန်ခဲ့ပြီး ဘဝပေါင်းဘယ်လောက်ကုန်ကျိုးမနပ်ခဲ့သတုန်းလို့မေးလို့ရှိရင် မောင်ချစ်စိန် တို့ ဘယ့်နှယ်ဖြေမှာတုန်း (ဘဝပေါင်းမရေတွက်နိုင်ပါ ဘုရား)၊ ဘယ်ဘဝကလာလား အမြတ်ထွက်တဲ့ဘဝကိုပြောစမ်း ပါကွာ (မရှိပါ ဘုရား)၊ အရှုံးနဲ့ ဇာတ်သိမ်းခဲ့တာချည်ပဲ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာနဲ့ ဇာတ်သိမ်းခဲ့ကြသတုန်း (အရှုံးနဲ့ဇာတ်သိမ်းခဲ့ရပါတယ် ဘုရား)၊ ဒါကြီးဘယ်အခါ ကာလမှအမြတ်ထွက် ပါ့မတုန်း မတောင်းပန်ရတဲ့ဘဝနဲ့ ထိုးမအပ်ရတဲ့ဘဝ၊ ဘယ်လိုရှောင်လို့ ကွင်းလို့ လွတ်ကင်းပါ့မလဲဆိုတဲ့ ဥစ္စာများ မင်းတို့ဉာဏ်ကို မပေါ်လာဘူး၊ ပေါ်ကိုမပေါ်လာဘူး၊ ခွကျလိုက်တဲ့ဖြစ်ခြင်း၊ ထူလိုက်တဲ့ဖြစ်ခြင်း၊ အလိုက်တဲ့ဖြစ်ခြင်းလို့ ပြောလို့ရှိရင် မင်းတို့ခံရုံရှိမှာဘဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ မောယရာဇ ရဟန်းကို ဘုရားကဟောပါတယ်၊ ဟေ့ မောယရာဇ ရဟန်း မင်းဟာ တစ်ဘဝလဲ တောင်းပန်၊ တိုးလျှိုး၊ ထိုးအပ်၊ တောင်းပန်တိုးလျှိုးတုန်းကလဲ မျက်နှာငယ်၊ ထိုးအပ်ရတော့ဖြစ်လဲ ကြောက်ကြောက် လန့်လန့်နဲ့ သေပွဲဝင်လိုက်ရတယ်၊ ဟင် (မှန်လှပါ ဘုရား)။

ဒါတောင်မှ မင်းလမ်းစမတွေ့ဘူးလား၊ ငါ့လမ်းစ၊ ငါ့ဘုရားဖြစ်တဲ့ ဘဝ မင်းကိုငါပြောမယ်ဆိုပြီး မောဃရာဇ ရဟန်းကို ဘုရားကဟောပါတယ်၊ မောဃရာဇရဟန်းကို သေမင်းမမြင်တဲ့နေရာငါပြမယ်၊ မင်း သွားပါလို့ ဟောပါတယ်၊ (မှန်လှပါ ဘုရား)။

“ငါ ငါ့ဥစ္စာ” မဟုတ်အောင် မင်းကြည့်ရမယ်

အဲဒီတော့ ဘယ်လိုသွားရမှာတုန်းလို့ မေးတဲ့အခါကျတော့၊ ဒီက ခန္ဓာငါးပါးရှိတယ်ကွာ တဲ့၊ ခု တရားနာနေတဲ့ ဥစ္စာ ခန္ဓာငါးပါးပေါ့၊ ခန္ဓာငါးပါးကို “ငါ ငါ့ဥစ္စာ” မဟုတ်အောင် မင်းကြည့်ရမယ် (မှန်ပါ)၊ ခန္ဓာငါးပါးကို (ငါ ငါ့ဥစ္စာ မဟုတ်အောင် ကြည့်ရမှာပါ ဘုရား)၊ ငါလဲ မဖြစ်စေနဲ့၊ ငါ့ဥစ္စာလဲ မဖြစ်စေနဲ့၊ သုညဖြစ်အောင်ကြည့်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငါလဲ (မဖြစ်စေနဲ့ပါ ဘုရား)၊ ငါ့ဥစ္စာကော (မဖြစ်စေနဲ့ပါ ဘုရား)၊ သုညဖြစ်အောင် (ကြည့်ရမှာပါ ဘုရား)၊ သုညဖြစ်အောင် ခန္ဓာကိုကြည့်ရမယ်ကွ (မှန်ပါ)၊ သုညသာဖြစ်သွားလို့ရှိရင် ဒီအကြည့်အတိုင်း မင်းတို့ သုညဖြစ်အောင် ကြည့်နိုင်လို့ရှိရင် “မစ္စုရာဇံ နပဿတိ”တဲ့၊ သုညဖြစ်အောင် ကိုယ်ကြည့်တဲ့အလုပ်ဟာ သေမင်းမမြင်တဲ့အလုပ်ပဲ (မှန်လှပါ ဘုရား)။

သုညဖြစ်အောင် ကြည့်တဲ့အလုပ်ဟာ (သေမင်းမမြင်တဲ့အလုပ်ပါ ဘုရား)၊ အဲဒါကြောင့် ဆရာဘုန်းကြီးက ဟောတယ် တစ် လဲမဖြစ်စေနဲ့၊ နှစ်လဲမဖြစ်စေနဲ့၊ သုညဖြစ်အောင်ကြည့်၊ တစ် ဆိုရင် ငါ၊ နှစ် ဆိုရင် ငါ့ဥစ္စာ၊ခန္ဓာ ငါးပါးအပေါ်၌ ဝေဒနာဖြင့် ဝေဒနာဝင်လိုက်၊ ဝမ်းထဲ တစ် ဆိုတဲ့ ငါလဲမဖြစ်စေနဲ့၊ ငါ နာတယ်လဲ မဖြစ်စေနဲ့နော် (မှန်လှပါ ဘုရား)။

ဝေဒနာဟာ ငါ့ဥစ္စာပဲ ကောင်းစားတာငါပဲလို့ ဒီလိုလဲမယူနဲ့၊ နာတာငါပဲလို့လဲ မသိမ်းပိုက်လိုက်ပါနဲ့၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် တစ်လဲမဖြစ်စေနဲ့၊ တစ်ဆိုတာ “ငါ” မဖြစ်စေနဲ့လို့ပြောတာ (မှန်ပါ)၊ နှစ်လဲ မဖြစ်စေနဲ့ ဆိုတာဘာတုန်း (ငါ့ ဥစ္စာပါ ဘုရား)၊ ဘာဖြစ်အောင် ကြည့်ရမှာတုန်း (သုညဖြစ်အောင်ကြည့်ရမှာပါ)၊ ဪ “ငါ ငါ့ဥစ္စာ” မဟုတ်ဘူးဆိုတဲ့ ဉာဏ်ရောက်အောင်ကြည့်ရမှာ၊ “ငါ ငါ့ဥစ္စာ” မဟုတ်ဘူးဆိုတဲ့ ဉာဏ်ရောက်အောင်ကြည့်ပေး ပါတဲ့ ခန္ဓာငါးပါး တစ်ပါးပါးကို (မှန်ပါ)၊ အဲဒီတော့ “ငါ ငါ့ဥစ္စာ”မဟုတ်တော့ဘူး၊ ဒါဟာ သုညသဘော “ငါ ငါ့ဥစ္စာ” မှ ဆိတ်သုဉ်းတဲ့ သုညသဘော ရောက်အောင်ကြည့်လိုက်ပါ (မှန်လှပါ ဘုရား)။

သုညသဘော ရောက်အောင်ကြည့်ပါ

ထိုကဲ့သို့ ကြည့်လိုက်လို့ရှိရင်ဖြင့် တဲ့၊ မောဃရာဇရဟန်း မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သေမင်းမမြင်တဲ့ နေရာကို၊ ဒီ အမြင်ရတဲ့ပုဂ္ဂိုလ်ဟာ သေမင်း ရှာမတွေ့ဘူးကွ၊ ဒီအမြင်မရသေးတဲ့ပုဂ္ဂိုလ်က သေမင်းကိုတောင်းပန်း တိုးလျှိုးထိုးအပ်၊ ခုနကပြောတဲ့ဆီသွားရတယ်ကွ၊ တောင်းပန်းတိုးလျှိုးထိုးအပ်တဲ့ဆီ သွားရတယ်ကွ၊ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။

ဘယ်အမြင်မရပါလိမ့် (သုညအမြင်ပါ ဘုရား)၊ သုညဟူသောအမြင်နဲ့ ခန္ဓာကို ဘယ်ဘဝမှ မမြင်ခဲ့တဲ့အတွက်၊ တစ်ဘဝလဲ တောင်းပန် တိုးလျှိုးတဲ့အလုပ်တွေ လုပ်ပြီးသကာလ ထိုးအပ်တဲ့ဇာတ်မှာသိမ်းလိုက်ရတယ်၊ မဟုတ်ဘူူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒါ တင်လှတို့ လွတ်ချင်ပါတယ်၊ မောင်အောင်မြတ်တို့က လွတ်ချင်ပါတယ် ဆိုလို့ရှိရင်ဖြင့်၊ ခန္ဓာငါးပါး တစ်ပါးပါးကို တစ် လဲမဖြစ်စေနဲ့၊ နှစ်လဲ မဖြစ်စေနဲ့၊ သုညဖြစ်အောင်ကြည့်ရမယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါး တစ်ပါးပါးကို (သုညဖြစ်အောင်ကြည့်ရမှာပါ ဘုရား)၊ တစ်လဲမဖြစ်စေနဲ့၊ တစ်ဆိုရင် ငါ လို့စွဲတာ (မှန်ပါ)၊ နှစ် ဆိုရင် ငါ့ဥစ္စာလို့ စွဲတာ၊ “အတ္တ အတ္တနိယ”ကို ဟောနေတယ်၊ ငါ လဲမဖြစ်စေနဲ့၊ ငါ့ဥစ္စာလဲ မဖြစ်စေနဲ့၊ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့သဘော သုညဖြစ်အောင်ကြည့်ပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့သုည

ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ (သုညဖြစ်အောင်ကြည့်ရမှာပါ ဘုရား)၊ သုညဖြစ်အောင် ကြည့်ရလိမ့်မယ်၊ အဲဒီ သုညမြင်ပြီးသားပုဂ္ဂိုလ်၊ သုညမှန်းသိတဲ့ပုဂ္ဂိုလ်ကျတော့ ဒီခန္ဓာနောက်က ငါ ဆိုတဲ့တဏှာလဲ မလိုက်ဘူး၊ ငါဆိုတဲ့ ဒိဋ္ဌိလဲ မလိုက်ဘူး၊ ငါ့ဥစ္စာဆိုတဲ့ တဏှာကောလိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)၊ ဒါဖြင့် ဥပါဒါန်းတို့၊ ကံတို့ကော (မလိုက်ပါ ဘုရား)၊ မလိုက်နိုင်တော့ကို တဲ့၊ နောက် ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)၊ ခန္ဓာမှ မပေါ်တော့ သေမင်းကမြင်နိုင်သေးရဲ့လား (မမြင်နိုင်ပါ ဘုရား)၊ သူ့ စားစရာ၊ ဝါးစရာပေါ်လာပြန်ပြီလို့ မြင် သေးရဲ့လား (မမြင်ပါ ဘုရား)။

ဪ ဒါ ဘယ်အကြည့် မှန်သွားလို့ပါးလိမ့်မလဲဆိုတာ ဒီတရားပွဲမှာ ပေါ်ရော့ပေါ့ (ပေါ်ပါပြီ ဘုရား)၊ ဘယ်လို အကြည့်မှန်သွားတာတုန်း (သုညဖြစ်အောင် အကြည့်မှန်လို့ပါ ဘုရား)၊ ငါ ဟူသော အဖြစ်မှလဲ ဆိတ်သုဉ်းအောင်ကြည့် ပါ (မှန်ပါ)၊ ငါ့ဥစ္စာဟူသောအဖြစ်မှလဲ (ဆိတ်သုဉ်းအောင် ကြည့်ရမှာပါ ဘုရား)။

ငါ ငါ့ဥစ္စာဟူသော အဖြစ်မှဆိတ်သုဉ်းအောင်ကြည့်တော့ကို ခုနက ပြောခဲ့တဲ့ ငါ ဆိုတဲ့ ဒိဋ္ဌိလာသေးရဲ့လး (မလာပါ ဘုရား)၊ ငါ့ဥစ္စာဆိုတဲ့ တဏှာ (မလာပါ ဘုရား)၊ စွဲလမ်းတဲ့ ဥပါဒါန် (မလာပါ ဘုရား)၊ အားထုတ်တဲ့ကံ (မလာပါ ဘုရား)။

မရဏဆိုတဲ့ သေမင်းလာပါ့မလား

ဘယ်သူမှ မလာလို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏ၊ ဇာတိဆိုတဲ့ခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)၊ မပေါ်ရင် မရဏဆိုတဲ့ သေမင်းလာပါ့မလား၊ (မလာပါ ဘုရား)၊ ဒါ ဘယ်လိုကြောင့် မလာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ မင်းတို့သိပြီးသားအတိုင်းတဲ့ အကြည့်မှန်သွားလို့ (မှန်လှပါ ဘုရား)။

သေမင်းမြင်ရသေးရဲ့လား (မမြင်ရတော့ပါ ဘုရား)၊ နောက်ခန္ဓာမလာတော့ဘူး (မှန်ပါ)၊ ဒါဖြင့် ဘယ်လိုကြည့် မှသာလျှင် တို့ ဝိပဿနာ အလုပ်ခရီးပေါက်မှာပါလိမ့်မလဲလို့ဆိုတာ ဒါ ဝိပဿနာအလုပ်သင်တဲ့ညလို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

ငါ ဟူသော အဖြစ်မှလဲ ဆိတ်သုဉ်းအောင်ကြည့်ရမယ် (မှန်ပါ)၊ ငါ့ ဥစ္စာဟူသောအဖြစ်မှလဲ (ဆိတ်သုဉ်းအောင် ကြည့်ရမှာပါ ဘုရား)၊ ဆိတ်သုန်းအောင် ကြည့်ရမယ်တဲ့၊ ထိုကဲ့သို့ ကြည့်လိုက်တော့ ငါပြုတ်တာက ဒိဋ္ဌိပြုတ်တာ၊ ငါ့ဥစ္စာပြုတ်တာက တဏှာပြုတ်တာ၊ ဒိဋ္ဌိ တဏှာပြုတ်တယ်ဆိုတော့ ဥပါဒါန်ပြုတ်၊ ကံပြုတ်၊ ဇာတိ ဇရာ ပြုတ်တဲ့အခါ ကျတော့ မရဏကောလာဦးမှာလား (မလာပါ ဘုရား)၊ မရဏဆိုတဲ့ သေမင်းသည် တင်လှတို့ကို စားချင်၊ ဝါးချင်လို့ စောင့်နေငြားသော်လည်း စောင့်ဖို့ရာကို ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ဝိပဿနာ အကြည့်မှန်လို့

ဒါ ဘယ့်နှယ်ကြောင့် မပေါ်ပါလိမ့်မတုန်းလို့ သေချာကြည့်တော့ ဝိပဿနာ အကြည့်မှန်လို့ (မှန်ပါ)၊ ဘာမှန် သွားပါလိမ့် (ဝိပဿနာအကြည့်မှန်သွားလို့ပါ ဘုရား)၊ ဘယ်လိုကြည့်လိုက်ပါလိမ့်ဆိုတော့၊ ဝေဒနာလေး ပေါ်လာတယ် ငါရယ်လို့ မထင်တော့ဘူး၊ ငါ့ဥစ္စာရယ်လို့လဲ (မထင်ပါ ဘုရား)၊ မထင်တော့ “ဝေဒနာပစ္စယာတဏှာ”က လာသေးရဲ့လား (မလာပါ ဘုရား)၊ တဏှာမလာ၊ ဥပါဒါန်မလာ၊ ကံ မလာဆိုတော့၊ နောက်ခန္ဓာ ဇာတိ၊ ဇရာ၊ မရဏတွေကော (မလာ တော့ပါ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒိဋ္ဌိစွဲပြုတ်၊ တဏှာစွဲပြုတ်လို့ပေါ့ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌိစွဲပြုတ်၊ တဏှာစွဲပြုတ်လို့ပါ ဘုရား)၊

ဪ ဒါဖြင့် သေမင်းနိုင်ငံချည်းသွားနေရတာက ဒိဋ္ဌိစွဲ၊ တဏှာစွဲ မပြုတ်လို့ဆိုတာကို ဒီနေ့ည ထူးထူးခြားခြား မှတ်ရမယ် (မှန်ပါ)၊

သေမင်းနိုင်ငံကြီး တိုးလျှိုးနေရတယ် ဟုတ်လား တောင်းပန်တိုးလျှိုး ထိုးအပ်ဆိုတဲ့ အလုပ်ကို ခုနကပြောခဲ့ပါပြီ၊ တောင်းပန်တိုးလျှိုး ထိုးအပ်တဲ့အလုပ် လုပ်နေရတာ၊ ဪ ခန္ဓာငါးပါးကို ဒီဘဝလဲ မစွန့်နိုင်လို့ နောက်အဆက်ပါလာတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒီဘဝ (မစွန့်နိုင်လို့ပါ ဘုရား)၊ မစွန့်နိုင်တော့ နောက်အဆက်က (ပါ ပါတယ် ဘုရား)။

ဒီဘဝမစွန့်နိုင်လို့ နောက်အဆက်ပါသွားတော့

ဪ ဒီဘဝမစွန့်နိုင်လို့ နောက်အဆက်ပါသွားတော့ နောက်အဆက်ဖြစ်တဲ့ ခန္ဓာကလဲ တောင်းပန်ဦးဟ၊ တိုးလျှိုးဦးဟ၊ ထိုးအပ်ဟ၊ ဒါပဲ ဆက်လာမယ်ဆိုတာ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)၊ ဒါဖြင့် ရှုနည်းဒီနေ့ညရပါ ပြီလားလို့ မေးလို့ရှိရင်ဖြင့် (ရပါပြီ ဘုရား)၊ ဖြစ် ပျက်မြင်လိုက်လို့ရှိရင် ငါကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ငါ့ ဥစ္စာကော (မဟုတ်ပါ ဘုရား)။

အဲဒီတော့ ဒါ သေချာမှတ်ပါတော့တဲ့၊ ခန္ဓာငါးပါးကို ဖြစ် ပျက်မြင်တဲ့ မဂ်ဝင်လာလို့ရှိရင်ဖြင့် ငါ ငါ့ဥစ္စာမှ၊ ငါ ငါ့ဥစ္စာမဟုတ်ကြောင်း သိတာဟာ မဂ်တစ်ခုပဲသိနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကောရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

အင်း မဂ်တစ်ခုရှုလိုက်တော့ မဂ်ကဒိဋ္ဌိကောမဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ငါ ဒိဋ္ဌိ၊ ငါ့ဥစ္စာဆိုတဲ့ တဏှာ၊ စွဲလမ်းတဲ့ ဥပါဒါန်ဖြတ်တယ်၊ ဥပါဒါန်ဖြတ်လို့ရှိရင်ဖြင့် နောက် ခန္ဓာ တည်ထောင်မယ့်ကံလာသေးရဲ့လား (မလာပါ ဘုရား)၊ ခန္ဓာတည်ထောင်မယ် ကံမလာသောကြောင့် သေမင်းမမြင်တဲ့နေရာရောက်သွားပြီ၊ နိဗ္ဗာန်ရောက်သွား ပြီဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာဆုံးတာဟာ သေမင်းမမြင်တာဘဲ (မှန်ပါ)၊ နောက်ခန္ဓာမလာတာ (သေမင်းမမြင်တာပါ ဘုရား)၊ ဒါဖြင့် မောဃရာဇရဟန်းမင်းလည် ဘဝများစွာ သံသရာက တောင်းပန်တိုးလျှိုးထိုးအပ်ဆိုတဲ့အလုပ်တွေမင်းလုပ်ခဲ့တယ်၊ ဘယ်တော့မှလဲ တောင်းပန်တိုးလျှိုးပြီးသကာလ ထိုးမအပ်ရတဲ့ဘဝကော ရှိရဲ့လား (မရှိပါ ဘုရား)။

ရှင်စဉ်အခါက တောင်းပန် တိုးလျှိုး

ပထမတော့လဲ ရှင်စဉ်အခါက တောင်းပန် တိုးလျှိုးနေရတယ်၊ မမာလဲတောင်းပန်နေရတာပဲ၊ ဆေးဝါး၊ ဓာတ်စာ ဆရာ၊ ဆရာဝန်၊ ရှေ့နေအကူအညီနဲ့ တောင်းပန်နေရတာပဲ၊ တော်ကြာကျတော့လဲ ရှေ့နေပါထိုးအပ်လိုက်ရတဲ့အခါ လူမမာပါ ထိုးအပ်လိုက်ရတဲ့အခါ မပါရဘူးလား (ပါရပါတယ် ဘုရား)၊

ဒါဖြင့် ဒါ လိုရင်းမဆိုက်လို့ပေ့ါ (မှန်ပါ)၊ သေမင်းမမြင်ရာလမ်းကို ကာကွယ်ပေးပါ ဆိုငြားသော်လည်း ဆရာကလဲ မကွာကွယ်နိုင်၊ ကိုယ် ကိုယ်တိုင်ကလဲ မကာကွယ်တတ်တော့၊ တော်ကြာ ဆရာဝန် မသာ၊ လူမမာ မသာ၊ ဆရာဝန်နဲ့ လူမမာနဲ့ မတိမ်းမယိမ်း သေကြတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီလို ဘယ့်နှယ်ကြောင့်ဆိုရတာတုန်းဆိုတော့ ဆရာဝန်လဲလူမမာ၏ ရှေ့နေလိုက်တာကို အမှန်လိုက်တတ် တဲ့ဉာဏ်မရှိလို့ (မှန်ပါ)၊ လူမမာ၏ ရှေ့နေဆရာဝန်၊ ဆရာ အမှန်လိုက်တတ်တဲ့လား (မလိုက်တတ်ပါ ဘုရား)၊ အမှန် မလိုက်တတ်လို့ သူပါသေရတယ်ဆိုတာ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)၊ သူပါ တောင်းပန်တိုးလျှိုး ထိုးအပ်ထဲ မပါဘူးလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့၊ လူမမာရှိတိုင်း ဆရာဝန်ရှေ့နေငှားလို့ အောင်မြင်တာရှိကြရဲ့လားလို့မေးတော့ နောက်ဆုံးပိတ် ဘယ်သူမှ မအောင်မြင်ဘူး၊ အောင်မြင်ကြရဲ့လား (မအောင်မြင်ပါ ဘုရား)၊ ခဏတောင်းပန်တုန်းတော့ အောင်မြင်သလို နဲ့ နောက်ထိုးအပ်လိုက်ရတာချည်းပဲလို့ ဆိုရင်လွဲပါ့မလား၊ (မလွဲပါ ဘုရား)၊ ဒါ ဘယ်နှယ့်ကြောင့်တုန်းဆိုလို့ရှိရင် သေမင်း မမြင်တဲ့နေရာကို သွားနိုင်တဲ့ဉာဏ် ကြည့်နည်းမရှိလို့ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။

သေမင်းမမြင်တဲ့နေရာကို သွားတတ်တဲ့ဉာဏ်

သေမင်းမမြင်တဲ့နေရာကို သွားတတ်တဲ့ဉာဏ်ကြည့်နည်းမရှိလို့၊ တင်လှ နေရာကျပြီလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် အခုကြည့်တတ်ပြီလား တဲ့၊ ဝေဒနာကြည့်ကြည့်၊ စိတ်ကြည့်ကြည့်၊ ကြည့်ချင်တာကြည့်၊ ဖြစ် ပျက်ကလေးတွေ ကြည့်လိုက်လို့ရှိရင် ငါကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)၊ အဲဒီ အမြင်ရအောင် လုပ်ရမယ် (မှန်ပါ)၊ မောင်ချစ်စိန် ဒီအမြင်ရအောင်လုပ်ရမယ် (မှန်လှပါ ဘုရား)။

ဒီအမြင်ရတော့ ဒီအမြင်ဟာ မဂ်အမြင်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ မဂ်က ဘာသတ်သတုန်း လို့မေးလို့ရှိရင်ဖြင့်၊ ခန္ဓာလုပ်မယ့်တရားတွေကို မသတ်လိုက်ဘူးလား (သတ်ပါတယ် ဘုရား)၊ ခန္ဓာလုပ်တဲ့တရားတွေ သတ်လိုက်တော့ တောင်းပန်တတ်တဲ့ ခန္ဓာကြီးလဲပေါ်သေးရဲ့လား (မပေါ်တော့ပါ ဘုရား)၊ ဪ ဒါဖြင့် တဏှာ၊ ဥပါဒါန်၊ ကံတွေသတ်လိုက်လို့ ခန္ဓာမပေါ်လာလို့၊ တောင်းပန်တိုးလျှိုး ထိုးအပ်မှလွတ်သွားတယ်လို့ဆိုလို့ရှိရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် မင်းတို့သည် ကြည့်နည်းမမှန်လို့ ဘဝများစွာသံသရာက တောင်းပန်တိုးလျှိုး ထိုးအပ်ဆိုတာဖြစ်ခဲ့ရပါ တယ် (မှန်ပါ)၊ ကြည့်နည်း မမှန်လို့နော်၊ အခု ယနေ့ည တရားပွဲမှာ ကြည့်တတ်ကြပြီလား (ကြည့်တတ်ပါပြီ ဘုရား)၊ တစ် လဲမဖြစ်စေနဲ့ဆိုတော့ဘာတုန်း (ငါ မဖြစ်ပါစေနဲ့ ဘုရား)၊ ငါ လဲမဖြစ်စေနဲ့ (မှန်ပါ)၊ ဝေဒနာလေးကြည့်လိုက်ရင် ငါ မဖြစ်စေနဲ့ (မှန်ပါ)၊ နှစ် လဲမဖြစ်စေနဲ့ဆိုတာဘာပါလိမ့် (ငါ့ဥစ္စာ မဖြစ်စေနဲ့ပါ ဘုရား)၊ ဘယ်လိုဖြစ်အောင် ကြည့်ရမှာ ဘဲ (သုညဖြစ်အောင် ကြည့်ရမှာပါ ဘုရား)၊ သုညဖြစ်အောင် ကြည့်ရမယ်ဆိုတော့ ငါ ငါ့ဥစ္စာမဟုတ်တဲ့တရားလေး ဖြစ် ပျက်နေတာလို့ သိရမယ် (မှန်ပါ)၊ ငါ ငါ့ဥစ္စာမဟုတ်တဲ့ တရားလေးမို့ ဖြစ်ချင်သလိုဖြစ်၊ ပျက်ချင်သလိုပျက်နေတာပဲ လို့ ဤအတိုင်းအမှန်သိရမယ်ဆိုတာကော သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

သုညကအကြည့်ခံ၊ အကြည့်မှန်ကမဂ်ဉာဏ်

အဲဒီ ကြည့်နည်းမှန်တော့ သုညကအကြည့်ခံ၊ အကြည့်မှန်ကမဂ်ဉာဏ်၊ မဂ်ဉာဏ်၊ လာသောကြောင့် တောင်းပန် တိုးလျှိုးဖို့ ခန္ဓာလုပ်မယ့်တရားတွေက သေ၊ သေတော့ ခန္ဓာကြီးပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)၊ တောင်းပန်တိုးလျှိုး ဖို့ ခန္ဓာလုပ်မယ့် တဏှာ၊ ဥပါဒါန်၊ ကံတွေကသေသွားတဲ့အခါကျတော့ကို၊ တောင်းပန်တိုးလျှိုးတတ်တဲ့ခန္ဓာ၊ ထိုးအပ် စရာခန္ဓာ ပေါ်သေးသလား (မပေါ်ပါ ဘုရား)၊ မပေါ်ဘူးမဟုတ်လား (မှန်လှပါ ဘုရား)။

အဲဒါကြောင့် အကျဉ်းချုပ်ပြောပါတော့မယ် တဲ့၊ ဒီဖြစ် ပျက်က သုညတာဖြစ်သွားလို့ရှိရင်ဖြင့် ဖြစ် ပျက်ချုပ် လို့ရှိရင်ဖြင့်၊ ဒီသုညတ က နိဗ္ဗာန် သုညတကူးတယ်လို့ မှတ်ရမယ် (မှန်ပါ)၊ ပထမတော့ ဖြစ် ပျက်ကလေးသည်ကား ဆိုလို့ရှိရင်ဖြင့် ဖြစ်တာနဲ့ ပျက်တာသည် ငါ လဲမဟုတ်၊ ငါ့ဥစ္စာလဲမဟုတ်ဘူး၊ ဒါ သုညပဲနော် (မှန်ပါ)၊ ဒါတွေ ချုပ်ပျောက် သွားလို့ရှိရင် သုညတဖြစ်တယ် (မှန်ပါ)၊ ဒါတွေ ချုပ်ပျောက်သွားရင် (သုညတဖြစ်ပါတယ် ဘုရား)၊ မချုပ်ခင်သုည (မှန်ပါ)၊ ချုပ်ပျောက်သွားရင် (သုညတပါ ဘုရား)။

မချုပ်ခင်သုည၊ ချုပ်ပျောက်သွားရင်သုညတ

အဲ မချုပ်ခင်တော့ (သုညပါ ဘုရား)၊ ချုပ်သွားလို့ရှိရင် (သုညတပါ ဘုရား)၊ သုညက သုညတကို ကူးမှ၊ မင်းတို့ သေမင်းမမြင်တဲ့နေရာရောက်မယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သုညကဘယ်ကူးရမယ် (သုညတ ကူးရမှာပါ ဘုရား)၊ သုညတ ဆိုတော့ ဒါလေးတွေ ပထမရှေးဦးစွာ ဖြစ် ပျက်၊ ဖြစ် ပျက်၊ ဖြစ် ပျက်လို့ရှုနေ၊ ငါ ငါ့ဥစ္စာ မဟုတ်၊ ငါ ငါ့ဥစ္စာမဟုတ်လို့သာရှုနေ ရှုနေရာက ဒီဥစ္စာ ဖြစ် ပျက်ကလေးတွေတော့ရှိနေတာပဲ၊ သုညတော့ ဖြစ်နေတာ ပဲ၊ ကြာတော့ ဒီအဖြစ် ပျက်ကလေးတွေမှန်း၊ ဖြစ်ပျက်ကလေးတွေ ဆုံးသွားတဲ့ အခါကျတော့ သုညတသွားဖြစ်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သုညက သုညတ ကူးအောင်လုပ်ကြ

သုညက ဘာဖြစ်သွားတုန်း (သုညတပါ ဘုရား)၊ ပထမ သုညအမြင်၊ နောက် ဘယ်လိုမြင်ကြသတုန်း၊ (သုညတအမြင်ပါ ဘုရား)၊ သုညတအမြင်ကူးစက်ပြီးသကာလ မသွားဘူးလား (သွားပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ညမှာ သုညက သုညတ ကူးအောင်လုပ်ကြ (မှန်လှပါ ဘုရား)။

ကဲ ဒီတင်တော်ကြဦးစို့။

သာဓု…သာဓု…သာဓု