“ကာလိက နှင့် အကာလိက”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့ – မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြား ဆုံးမတော်မူအပ်သော
“ကာလိက နှင့် အကာလိက”
ည အလုပ်ပေးတရားတော်
(၇-၁၂-၆၀)
ကာလိကဆိုတာ ဘာတုန်း
ကာလိကနဲ့ အကာလိက ဆိုတာကို ယနေ့ဟောမယ်၊ ကာလိကဆိုတာ ဘာတုန်းလို့မေးလို့ရှိရင်ဖြင့်၊ ကိစ္စတွေ ဟူသရွေ့ လောကီကိစ္စတွေဟူသရွေ့ “ကာလိက”လို့မှတ်ရမယ်၊ လောကီကိစ္စတွေဟူသရွေ့ ဘာခေါ်ကြမယ် (ကာလိက ပါ ဘုရား)။
အကာလိကဆိုတာက ဝိပဿနာရှုလို့ ချက်ချင်း တဏှာ၊ ဥပါဒါန်၊ ကံ မလာတဲ့ဥစ္စာဟာ “အကာလိက” (မှန်လှပါ ဘုရား)။
ကာလိက ကတော့ လောကီကိစ္စတွေနဲ့ အချိန်ကုန်ပြီး သကာလ နေတာ “ကာလိက”၊ ဝိပဿနာရှုပြီး သကာလ နေတာကတော့ “အကာလိက” ၊ ဘာကြောင့် တုန်းဆို ကိလေသာ၊ တဏှာ၊ ဥပါဒါန်၊ ကံ မလာလို့၊ ကာလိကနဲ့ အကာ လိကကွဲကြပြီလား (ကွဲပါပြီ ဘုရား)။
ကာလိကဆိုတာ ဘာပါလိမ့်မလဲ (လောကီကိစ္စတွေနဲ့ အချိန်ကုန်တာပါ ဘုရား)၊ လောကီကိစ္စဟူသမျှကို တဏှာ ခိုင်းတာလျှောက်လုပ်နေတာ ဘာခေါ်ကြမယ် (ကာလိကပါ ဘုရား)၊ ဉာဏ်ခိုင်းတာ လျှောက်လုပ်နေတာ (အကာလိကပါ ဘုရား)။
အဲဒီတော့ မင်းတို့က အကျိုးပေးချင်တာက အခါမလင့်အကျိုးပေးချင်တယ်၊ အခါမလင့်အကျိုးပေးချင်တော့ အကာလိကတော့ မလုပ်ဘူး၊ ကာလိကတွေ လျှောက်လုပ်နေတော့ ကာလိကဆိုတာက ဗဟုဒုက္ခာ၊ ဗဟုပါယာသာဖြစ် တယ် (မှန်လှပါ ဘုရား)။
များစွာသော ဒုက္ခတွေလာတာပဲ
ကာလိက ကတော့ ကာလိက အလုပ်သာလုပ်လို့ရှိရင်ဖြင့်၊ များစွာသော ဒုက္ခတွေလာတာပဲ (မှန်ပါ)၊ များစွာ သောပူပန်စရာတွေလာတာကို ကာလိကလို့ မှတ်ကြပါ (မှန်ပါ)၊ များစွာ ဒုက္ခ၊ များစွာပူပန်စရာ လာတာဘာခေါ်ကြမယ် (ကာလိကပါ ဘုရား)၊ ကာလိကလို့ခေါ်ရမယ်။
များစွာ ဒုက္ခတွေချုပ်ငြိမ်း၊ သားမယား ဒုက္ခတွေချုပ်ငြိမ်းတာကို အကာလိက အလုပ်လု့ိမှတ်ရမယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ကာလိကဆိုတာ အခုရှင်းသွားပြီ၊ အကာလိကလဲ ရှင်းသွားတော့ များစွာ ဒုက္ခတွေဖြစ်နေကြတာ၊များစွာ ပူပန်ရတဲ့ ကာလိကအလုပ်ကို မဲလိုက်ပြီး သကာလ နေကြသောကြောင့် လူတွေမှာ ဘယ့်နှယ်ဖြစ်နေသတုန်းလို့မေးဖို့ လိုတယ်၊ ရောဂါဥပဒ်အန္တရာယ်များ၊ အိုခြင်းဆိုး မြန်မြန်ရ၊ နားခြင်းဆိုး မြန်မြန်ရ၊ သေခြင်းဆိုး နီးကပ်နေတာက ကာလိက လိုက်စားနေလို့။
အကာလိက လိုက်စားလို့ရှိရင်ဖြင့် အိုတာလဲမှန်မှန်ဘဲ အိုမယ်၊ နာတာလဲမှန်မှန်ဘဲ။ သေတာလဲမှန်မှန်ဘဲ၊ နောက်သေသည့်အခြားမဲ့၌လဲ ဒုက္ခတွေဟူသရွေ့ အကုန်ဇာတ်သိမ်းပါတယ်။
ကာလိကလိုက်စားနေတဲ့ပုဂ္ဂိုလ်ကဖြင့် များစွာ ဒုက္ခ၊ များစွာပူပန်ခြင်းရလိမ့်မယ်လို့ မှတ်ရလိမ့်မယ်၊ အကာလိက လိုက်တဲ့ ပုဂ္ဂိုလ်ကတော့ကို များစွာသော ဒုက္ခ၊ များစွာသောပူပန်ခြင်းတွေကို ဇာတ်သိမ်းလိမ့်မယ်လို့ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒါ ဘယ်မှာ လာသတုန်းလို့မေးလို့ရှိရင် သံယုတ်ပါဠိတော်က လာသည်လို့ မှတ်ထားရမယ် (မှန်ပါ)။
ရှင်သမိဒ္ဓိဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်
သံယုတ် ပါဠိတော်၌ ရှင်သမိဒ္ဓိဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်။ အဲဒီ ရှင်သမိဒ္ဓိဆိုတဲ့ ရဟန်းတစ်ပါးက “တပေါဒါ”မြစ်မှာရေချိုးပြီး သကာလ နေပါတယ်၊ နတ်တစ်ယောက်က ကောင်းကင်ဆင်းလာပြီး၊ အရောင် အဆင်း အလင်းတွေနဲ့ မြစ်ကြီးလင်းပြီး သကာလ ၊ အရှင်ဘုရား ပျိုပျိုရွယ်ရွယ်အချိန်၌ ငါးပါးအာရုံကာမဂုဏ်ကို မခံစားဘဲနဲ့ ဘယ့်နှယ်ကြောင့် ဆွမ်းခံစားတဲ့ အလုပ်ကို အရှင်ဘုရား လုပ်နေရသတုန်း။
ကာလိကတွေလွှတ်ပြီး အကာလိအလုပ်ဘယ့်နှယ်ကြောင့် လုပ်ရသတုန်းလို့ မေးလိုက်တာပဲ (မှန်ပါ)၊ ကာလိက တွေလွတ်ပြီး သကာလ အကာလိကအလုပ် ဘယ့်နှယ်ကြောင့်လုပ်ရသတုန်း၊
အို ငါသည်ကားလို့ဆိုရင်ဖြင့် ကာလိကတွေ စွန့်ပြီး အကာလိ အလုပ်လုပ်ရခြင်းသည်၊ ကာလိကအလုပ်ဟာ များသောဒုက္ခ၊ များသော ပူပန်ခြင်းရှိမှန်းကို ငါ သိ တဲ့အတွက် သန္ဒိဋ္ဌိကဖြစ်တာထက်၊ အခု အာရုံတွေကိုစွန့်ပြီး သကာလ အကာလိကဖြစ်တဲ့ အခါမလင့်အကျိုးပေးတဲ့ အလုပ်ကြီး ငါလိုက်စားနေတယ်လို့ ရှင်သမိဒ္ဓိကနတ်အားဖြေလိုက်တယ်၊ (မှန်လှပါ ဘုရား)။
အရှင်ဘုရား ကာလိကလိုက်စားတော့ ဘာဖြစ်သတုန်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လောကီအာရုံတွေလိုက်စားနေ တော့ဘာဖြစ်သတုန်းဆိုတော့ ကြီးစွာသော ဒုက္ခ၊ ကြီးစွာသော ပူပန်ခြင်းတွေဖြစ်ရပါတယ်။
အခု မင်းတို့ကိုပင်လျှင် ငယ်ငယ်ရွယ်ရွယ်ကတည်းက သားတွေမယားတွေနဲ့ အိမ်ထောင်တွေ တည်ထောင် လိုက်တဲ့အတွက် ကြီးစွာသောဒုက္ခ၊ ကြီးစွာသော ပူပန်ခြင်းတွေဟာ ပူပန်ခြင်းလာသေးသလား၊ ပူပန်ခြင်းကြီးလာ သလား၊ ဒုက္ခသေးလာ သလား၊ ဒုက္ခကြီးလာသလားဆိုတာ အကဲခတ်ကြည့်ပါ (ဒုက္ခကြီးလာပါတယ် ဘုရား)၊ ပူပန်ခြင်း ကော (ကြီးလာပါတယ် ဘုရား)၊ ဒါ ကာလိကလိုက်စားတဲ့အတွက် ဖြစ်ရတာပဲ။
အကာလိကလိုက်စားလို့ရှိရင်
အကာလိကလိုက်စားလို့ရှိရင် များစွာသော ဒုက္ခတွေလဲ သိမ်းမယ်၊ များစွာသော ပူပန်ခြင်းတွေလဲ ငြိမ်းသွားမယ် ဆိုတာပြောဖို့ရာမလိုပါဘူး (မှန်လှပါ ဘုရား)။
အဲဒါကြောင့် ရဟန်းက ကာလိက က များသောဒုက္ခရှိတယ်၊ များသော ပူပန်ခြင်းရှိပြီး သကာလ နေတဲ့အတွက် ငါ မလိုက်စားဘူးဆိုတော့ အရှင်ဘုရား ဒါဖြင့် များစွာသော ဒုက္ခ၊ များစွာသော ပူပန်ခြင်းရှိတယ်ဆိုတာ တပည့်တော် ရှင်းပေးပါ၊ အို ငါ ရဟန်းငယ်သေးတယ်ကွ၊ အခုမှ ဘုရားဆီရဟန်းခံလို့ ရဟန်းအဖြစ်သို့ ရောက်တာ၊ ဘုရားဆီမှာ ဘာမှမကြာသေးဘူး၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးရှိတယ်ကွ၊ အဲဒီကို မင်းသွားမေးပါ။
ဟာ တပည့်တော် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ညနေတရားဟောတဲ့ဆီသွားမေးရမယ်ဆို တပည့်တော်က လဲ တန်ခိုးသေးတဲ့ နတ်ဖြစ်ပါတယ်၊ တန်ခိုးကြီးတဲ့ နတ်တွေကရှေ့က ရောက်နေတော့ တပည့်တော်ဘယ်မေးရဲလိမ့် မလဲ၊ နတ်မွဲပဲ၊ နတ်တန်ခိုးသိမ်ပဲ၊ ဒါကြောင့် အရှင်ဘုရားလဲ ကြွခဲ့ပါ၊ အရှင်ဘုရားကပဲ မေးပေးပါ။
ကောင်းပြီ ဒါဖြင့် ညနေ တရားပွဲကျလို့ရှိရင် ရှင်သမိဒ္ဓိက ငါလဲ လာခဲ့မယ် ဆိုပြီး သကာလ ပြောလိုက်ပါတယ်၊ ရေချိုးပြီး နေ့လယ် နေ့သန့်လေး ကောင်းကောင်းမွန်မွန် နေပြီး သကာလ ညနေအချိန်ရောက်တော့သွားကြပါတယ်။
သွားကြတဲ့အခါကျလို့ရှိရင်ဖြင့် နတ်ကပြောတယ်၊ ရှင်သမိဒ္ဓိ တပည့်တော် ဒီတရားပွဲမှာရောက်ပါပြီဆိုတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရှင်သမိဒ္ဓိက မေးပါတယ်။
အရှင်ဘုရား ကာလိကနဲ့ အကာလိကကို နတ်တစ်ယောက်ကလာမေးတော့ ကာလိကကို တပည့်တော်က မလိုက် စားဘူး၊ အကာလိကကို လိုက်စားနေတယ်၊ အဲဒီတော့ ကာလိကကို ဗဟုဒုက္ခာရှိတယ်၊ ဒုက္ခများတယ်လို့တပည့်တော်က ပြောတဲ့ဥစ္စာကို၊ အကျယ်ပြောပါဆိုတော့ တပည့်တော်ကလဲ ငယ်သေးတယ်၊ မပြောတတ်လို့ အရှင်ဘုရားဆီကျမှပဲ မေးတော့လို့ ပြောခဲ့ပါတယ်၊ အခု တပည့်တော်က ဒီနတ်၏ ကိုယ်စားလှယ်လုပ်ပြီး အရှင်ဘုရားထံမေးရပါတယ်။
ဒါသိရဲ့လားလို့ ဘုရားကမေးလိုက်တယ်
ဒီလိုမေးတော့မှ ဒီနတ်ကို ဘုရားက
“အက္ခေယျသညိနော သတ္တာ၊ အက္ခေယျသ္မိံ ပတိဋ္ဌိတာ၊ အက္ခေယျံ အပရိ ညာယ၊ ယောဂ၊ မာယန္တိ မစ္စုနော”။
ဒါသိရဲ့လားလို့ ဘုရားကမေးလိုက်တယ်၊ အရှင်ဘုရား ဒီဂါထာဟာ အင်မတန်ကျဉ်းနေတဲ့ ပါဠိပါဌ်သားဖြစ်ပါတယ်၊ တပည့်တော်များမသိရပါဘူး၊
အေး အကျယ်နားထောင်ကွ၊ အက္ခေယျ သညိနော သတ္တာ မင်းတို့မှာတဲ့ ကာလိက လိုက်စားဖြစ်တာ တခြားကြောင့် မဟုတ်ပါဘူး၊ ကမ္ဘာဦးသားလူအများက ယောက်ျားရယ်၊ မိန်းမရယ်၊ သားရယ်၊ သမီးရယ်လို့ သမုတ်ထားကြတာကို မင်းတို့ကတကယ်ထင်ပြီး သကာလ ယောက်ျားဆိုရင် မိန်းမရှိ မှတော်မယ်၊ သားသမီးရှိမှတော်မယ်လို့ သူတို့သမုတ်ထားတဲ့ နောက်ကိုလိုက်မိတာနဲ့ ကိုယ့်မှာသေမင်းနိုင်ငံသို့ ရောက် လောက်တဲ့လောဘ၊ ဒေါသ၊ မောဟတွေဖြစ်ပေါ်ပေါက်ပြီးလာတယ်။
သမုတ်ထားတဲ့နောက်ကိုလိုက်မိတာ
ကမ္ဘာဦးသားလူအများက ယောကျ်ားရယ်၊ မိန်းမရယ်၊ သားရယ်၊ သမီးရယ်လို့ သမုတ်မထားဘူးလား (ထားပါ တယ် ဘုရား)၊ အဲဒီ သမုတ်ထားတာကို မင်းတို့က အဟုတ်ထင်ပြီးလိုက်မိတာနဲ့ (မှန်ပါ)၊ ရုပ် နာမ်၊ ဖြစ် ပျက်တို့ မင်းတို့က မသိတကယ့် ယောက်ျား၊ တကယ့် မိန်းမ၊ ယောက်ျားဆိုရင် မိန်းမရှိမှ တော်မယ်၊ မိန်းမဆိုရင် ယောက်ျားရှိ မှတော်မယ်၊ လူမလေး ခွေးမခန့်ဖြစ်တတ်တယ်။
ဟို တင်လှတို့ လူစုတွေပေါ့ကွာ၊ အဲဒီအလိုက်မှားကြီးလိုက်မိတာနဲ့ အခုတော့ဖြင့် လူရုပ်ကိုမပီဘူး၊ များစွာသော ဒုက္ခတွေရောက်ပြီး များစွာသော ပူပန်ခြင်းတွေနဲ့ သူများပြောထားတဲ့ သမုတ်ထားတာကို သမုတ်ထားတယ်လို့ မင်းတို့ မသိဘူး၊ မသိတာ့ မင်းတို့က ဒီအလုပ်လိုက်စားမိတဲ့အတွက် ကာလိကဆိုတဲ့ များသောဒုက္ခ၊ များသောပူပန်ခြင်းတွေ ပေါ်ပေါက်လာပါတယ်၊ ကဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဪ မင်းတို့အလွဲကဖြင့် ပြောပေးမယ့်လူလဲမရှိဘူး၊ ရှေးက ပြောထားတဲ့ စကားတွေကို တကယ်တမ်းအဟုတ် ထင်ပြီး သကာလ ရှေးက ပြောတဲ့သူကလဲ အမှားပြောသလားဆိုတော့ မဟုတ်ပါဘူး တဲ့၊ ဆိုင်းဘုတ်ကလေးတွေရေး ထားလိုက်တာပါ တဲ့၊ တကယ်တမ်းမမှတ်နဲ့လို့ ဆိုတာပြောပြီးသားပါ။
သို့သော် မင်းတို့က ဆိုင်းဘုတ်လမ်းဆုံးပြီး သကာလ ၊ တကယ်မမှတ်နဲ့ဆိုတဲ့ဆီကို ဉာဏ်ကမရောက်တော့ မင်းတို့ သည် ကာလိကအလုပ်တွေ လုပ်ဖြစ်တာပေါ့၊ သားရေး၊ သမီးရေး၊ စီးပွားရေး၊ အိမ်ထောင်တည်ထောင်ရေး၊ သားသမီး ရရေး၊ သားသမီးတွေ ကျောင်းထားရေး၊ အလုံးစုံအကုန် ကာလိက အလုပ်တွေလုပ်ဖြစ်တော့ ဘယ့်နှယ်ကြောင့် ဒီကာလိက အလုပ်တွေလုပ်ဖြစ်ရသတုန်းဆိုတော့ သူများသမုတ်ထားတာကို အဟုတ်ထင်နေလို့ (မှန်လှပါ ဘုရား)။
သူများသမုတ်ထားတာကို အဟုတ်ထင်နေတာ
တင်လှ ဘယ့်နှယ်ကြောင့်တုန်း (သူများသမုတ်ထားတာကို အဟုတ်ထင်နေတာပါ ဘုရား)၊ သူများသမုတ်ထား တာကို အဟုတ်ထင်နေတော့ နင့်ယောက်ျားရှိမှ တော်မယ်လို့ သူများကပြောတယ်၊ နင့် ဆွေလဲမရှိဘူး၊ မျိုးလဲမရှိဘူး၊ ယောက်ျားရှိမှ တော်မယ်လို့ သူများကပြောတာကို အဟုတ်ထင်ပြီး ယောက်ျားတည်ထောင်လိုက်တော့ အခု ဘယ့်နှယ် နေတုန်းမေးရင် အခု ကောင်းကောင်း ဒုက္ခရောက်နေတာပေါ့ဘုရား (မှန်လှပါ ဘုရား)။
ရောင်းရ၊ ဝယ်ရတဲ့ဒုက္ခ၊ အင်း သား လင် ခင်ပွန်းကိစ္စအတွက်လဲ ပူပန်ရ၊ ကိုယ့်အလုပ်သမားတွေကိစ္စ ပူပန်ရ၊ ဟာ ဒီဥစ္စာ သူများသမုတ်ထားတာ တကယ်အဟုတ်ထင်ပြီး ကိုယ်က ကာလိကအဖြစ်နဲ့ လိုက်စားမိလို့ ကာလိက တွေများပြီး များသောဒုက္ခ၊ များသော ပူပန်ခြင်းတွေ၊ အခုတော့ နောက်ဆုတ်လို့လဲ မရဘူးဘုရား၊ ရှေ့တိုးလို့လဲမရဘူး၊ ရှေ့ကို သူတော်ကောင်းက တိုးပေးလဲ နောက်က ပြန်ဆွဲနေတာပဲ၊ နောက်ဆုတ်မယ်လို့ တကယ်ကြံလိုက်ပြန်လဲ နောက် ကလဲထိစရာတွေ၊ ခိုက်စရာတွေက သိပ်များတယ်။
ဆိုင်သိမ်းလိုက်မယ်ဆိုလို့ရှိရင် ကြွေးဆုံးရလိမ့်မယ်၊ မသိမ်းဘဲနေပြန်လို့ရှိရင်လဲ ကြွေးကျလိမ့်မယ်ဆိုတဲ့ဥစ္စာ ကြွေးပိုးသွားလိမ့်မယ်ဆိုတာ နောက်ဆုတ်အခက်၊ ရှေ့တိုးအခက်နဲ့ ဒီအခြေအနေရောက်နေတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဟုတ်ပြောတာကိုတော့ မရောက်ဘူး
နောက်ဆုတ်လိုက်ပြန်လို့ရှိရင်လဲ၊ ဟင် ဒီစားအိုးနဲ့ ထမင်းမကျွေးနိုင်ဘူး၊ ရှေ့တိုးမယ်ဆိုလို့ရှိရင်လဲ အကြွေး တွေက ဒီထက်ပိုကျလိမ့်မယ်၊ ခုမှ ခက်ပြီး သကာလ ၊ ဒါ သူများပြောဆိုတဲ့ သမုတ်ထားတာကို လမ်းဆုံးပြီး သကာလ နေ တော့ အဟုတ်ပြောတာကိုတော့ မရောက်ဘူး၊ သမုတ်ထားတာမှာလမ်းဆုံးပြီး နေသောကြောင့် ရှေ့တိုးလဲမသက်သာ၊ နောက်ဆုတ်လဲ (မသက်သာပါ ဘုရား)။
အဲဒီတော့ မသက်သာတာတွေက ဒီကာလိက လိုက်စားမိလို့ တဏှာဒိဋ္ဌိ၊ မာနဒိဋ္ဌိ ခိုင်းတာ၊ စေတာ၊ သား လင် ခင်ပွန်းတည်ထောင်မှ တော်မယ်ဆိုတဲ့ ကာလိကတွေ လိုက်စားမိတဲ့အတွက် တဲ့၊ အခု ရှေ့တိုး နောက်ဆုတ်ခက် နေပါပေါ့လားဆိုရင် ငြင်းဖို့လိုသေးလား (မလိုပါ ဘုရား)။
အဲဒီတော့ ဒီအထဲကနေ အတင်းရုန်းကန်ပြီး သကာလ ၊ ဘာဖြစ်ဖြစ်ကွာဆိုပြီး လုပ်နိုင်ရင် ဒါ တော်သေးတာပဲ၊ သိတဲ့အချိန်မှာလေ (မှန်ပါ)၊ ဟာ ဒီအတိုင်းပဲ တည်ထောင်ပြီးပေါ့၊ ရှေ့တိုးလဲ မတက်နိုင်ဘူး၊ နောက်လဲမတက်နိုင်ဘူး ဆိုလို့ရှိရင်ဖြင့် ကိုယ့်ဟာကိုယ် သေခြင်းဆိုး၊ သေရာ သေကြောင်းကို အားပေးနေတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။
အဲဒီတော့ မင်းတို့ အခုလုပ်နေတဲ့ အခြေအနေကတော့ ဗြုန်းခနဲ ထွက်သွားရမှာလဲ မဟုတ်သေး၊ ပစ်ထားခဲ့ရမှာ လဲ မဟုတ်သေးဆိုတော့ ရှေ့လဲ မင်းတို့က မတိုးဘူး၊ နောက်ကလဲ ပစ်ထားခဲ့မယ်ဆိုတဲ့ ဥစ္စာကို သဘောကလဲမပါဘူး၊ ရှေ့သွားမယ်လို့ စိတ်ကူးလဲရှိရဲ့ သွားလဲမသွားဖြစ်ဘူး၊ နောက်ပစ်ထားခဲ့ရမှာကလဲ ခက်တယ်ဆိုပြီး နောက်ကလဲ ဆွဲလျက်ဆိုတော့ ရှေ့လဲ မတိုးဘူး၊ နောက်လဲ စွန့်မပစ်နိုင်ခဲ့ဘူးဆိုတော့၊ ရှေ့တိုးနောက်ဆုတ်ခက်နေတဲ့ အဓိပ္ပါယ်ဟာ မကျဘူးလား (ကျပါတယ် ဘုရား)။
ဒါ ကာလိကလိုက်စားမှုပဲ
ဒါ ကာလိကလိုက်စားမှုပဲ (မှန်ပါ)၊ သူများသမုတ်ထားတာကြီးကို အဟုတ်ထင်ပြီး သကာလ လိုက်စားမိတဲ့ အတွက်၊ သူများက ယောယျ်ား မိန်းမဆိုတော့ အဟုတ်ယောကျ်ား၊ အဟုတ်မိန်းမ၊ ကိုယ့်ကိုယ်ကိုထင်ပြီး သကာလ ယောက်ျားဖြစ်ခဲ့လို့ရှိရင် မိန်းမရှိမှဆိုတာက လာ၊ မိန်းမဖြစ်ပြန်လို့ရှိရင် ယောက်ျားရှိမှဆိုတာက လာ၊ သားသမီးထွန်းကား မှဆိုတာက လာ၊ အရောင်းအဝယ်ရှိမှ လူချင်း သူချင်း ဂုဏ်ပြိုင်နိုင်တယ်ဆိုတာက လာပြီး ကာလိကတွေအတွက်နဲ့ အခုတော့ဖြင့် မသေရုံတစ်မယ်ကျန်တော့တယ်၊ ဒုက္ခတွေပင်လယ်ဝေနေပြီး သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီ သူများရေးထားတဲ့ ယောက်ျား မိန်းမကို လမ်းဆုံးပြီး သကာလ နေကြတဲ့ အလွဲဟာ အကြီးဆုံးပဲလို့မှတ် (မှန်ပါ)၊ သူများက ယောက်ျား မိန်းမဆိုတော့ ကိုယ့်ကိုယ်ကို ယောက်ျားထင်လိုက်၊ ကိုယ့်ကိုယ်ကို မိန်းမထင်လိုက်၊ မိန်းမထင်တော့ ထင်ရုံတင်မကဘူး၊ မိန်းမဖြစ်ရင် ယောက်ျားအထိန်းအကျောင်းရှိမှ၊ ယောကျ်ားဆိုလို့ရှိရင်လဲ နောက်က ထိန်းမယ့် သိမ်းမယ့် မိန်းမရှိမှဆိုတော့ ရှည်သွားကုန်ရော (မှန်ပါ)၊ မရှည်ပေဘူးလား (ရှည်ပါတယ် ဘုရား)။
ဒါ ရှည်ချင်လို့ ရှည်တာလားတဲ့၊ သူများပြောဆို သမုတ်ထားတာလေးတင် လမ်းဆုံးနေလို့လား၊ အဟုတ်ရှိတာ မှာ လမ်းဆုံးလို့လားလို့ မေးကြည့်ပါ (သမုတ်ထားတာမှာ လမ်းဆုံးနေတာပါ ဘုရား)၊ သမုတ်ထားတာတင် လမ်းဆုံးနေ တယ်၊ အဟုတ်ရှိတာကို လမ်းမဆုံးဘူးဆိုတာ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မင်းတိုသည်ကားလို့ဆိုလို့ရှိရင်ဖြင့် “အက္ခေယျ သညိနော” စာလေးနဲ့ ရေးထားတာကို မဟုတ်ထင်တာတဲ့ (မှန်ပါ)၊ တကယ်ရှိနေတဲ့ ရုပ်နာမ်အပေါ် ဉာဏ်ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
တကယ်တမ်းတော့ နာမ် ရုပ်တွေပါ
စာလေးနဲ့ရေးထားတဲ့ ယောက်ျား မိန်းမသာ မင်းတို့က လမ်းဆုံးနေတယ်၊ ယောက်ျား မိန်းမ မဟုတ်ပါဘူး၊ တကယ်တမ်းတော့ နာမ် ရုပ်တွေပါ၊ ဖြစ် ပျက်တွေပါ ဆိုတဲ့အထိ မင်းတို့က ရောက်ရဲ့လား (မရောက်ပါ ဘုရား)၊ မရောက်တော့ မင်းတို့သည်ကားလို့ ဆိုရင်ဖြင့် အက္ခရာနဲ့ ရေးထားတဲ့စာကို ဖတ်ကြည့်တော့ ယောက်ျားရယ်၊ မိန်းမ ရယ်လို့ တွေ့ရတယ်၊ အဲဒီမှာ လမ်းဆုံးနေတဲ့အတွက် ဒီအတိုင်းဆက်လက်ပြီး သကာလ သွားလိုက်တာ ကာလိကဆိုတဲ့ အလုပ်တွေဟာ ဖြတ်လို့၊ တောက်လို့ကို ရသေးရဲ့လား (မရပါ ဘုရား)၊ မရတော့ များစွာသော ဒုက္ခ၊ များစွာသော ပူပန်ခြင်းတွေ၊ မင်းတို့ကိုယ်ပိုင် မရကြဘူးလား (ရပါတယ် ဘုရား)။
ဒါ ဘာတုန်းဆိုတော့ ဆိုင်းဘုတ်လမ်းဆုံးပြီး အရှိလမ်းမဆုံးလို့ လို့မှတ်လိုက်ပါ (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (ဆိုင်းဘုတ်လမ်းဆုံးပြီး အရှိလမ်းမဆုံးလို့ပါ ဘုရား)၊ ဆိုင်းဘုတ်ဆိုတာက ယောက်ျား မိန်းမ၊ အရှိက ရုပ် နာမ်၊ ဖြစ် ပျက် (မှန်ပါ)၊ ဆိုတော့ အရှိ ရုပ် နာမ်၊ ဖြစ် ပျက်ကို ရောက်သလား၊ ဆိုင်းဘုတ်တင် လမ်းဆုံးနေသလား (ဆိုင်းဘုတ် တင်လမ်းဆုံးနေပါတယ် ဘုရား)။
ဟ မောင်အောင်မြတ်တို့တော့ ကိုယ်ကျိုးကို နည်းပြီ၊ ဆိုင်းဘုတ်လမ်းဆုံးခဲ့တဲ့အတွက် တစ်ခါတည်း အခုတော့ သားတန်းလန်း၊ သမီးတန်းလန်း၊ ပစ္စည်းတန်းလန်း၊ အလုပ်ထဲမှာ တို့လို့တန်းလန်း၊ ပူစရာတန်းလန်း၊ ဆွေးစရာတန်းလန်း နဲ့၊ အို သေဖို့အချိန်တောင် အတော်ရှာရဦးမလိုလိုဖြစ်နေတယ်ကွ (မှန်ပါ)၊ ဘယ်လောက်ထိအောင် ဒုက္ခရောက်နေတယ် ဆိုတာ တင်လှပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဆိုင်းဘုတ်လမ်းဆုံးမိလို့
ဒါ ဘာလမ်းဆုံးမိလို့တုန်း (ဆိုင်းဘုတ်လမ်းဆုံးမိလို့ပါ ဘုရား)၊ ဆိုင်းဘုတ်လမ်းဆုံးမိလို့ ကာလိကတွေ ရှုပ်လာ တာကွ (မှန်ပါ)၊ မလုပ်မဖြစ်တဲ့ကိစ္စတွေ မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)၊
ဆိုင်းဘုတ်လမ်းဆုံးမိတဲ့အခါကျတော့ ဟိုကလဲ အလှူအတန်းဖိတ်စာနဲ့ ဖိတ်လိုက်ပြန်လဲ ကိုယ့်ဝတ်ပြု ပေးနေတဲ့ ပုဂ္ဂိုလ်မို့ မသွားရင်မဖြစ်ပါဘူးဆိုတဲ့ ကာလိက ကိစ္စတွေပေါ် ပေါ်မလားဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒီပုဂ္ဂိုလ်ကျတော့ နှုတ်ကလေးမှထွက်မဆက်လို့ရှိရင် မကောင်း မှာစိုးတာနဲ့ ထွက်ဆက်ရတဲ့ အလုပ်ပိုတွေကကော မလာဘူးလား (လာပါတယ် ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် လာရသတုန်းလို့ မေးလို့ရှိရင်ဖြင့်၊ မင်းတို့သည်ကား ဆိုင်းဘုတ်လမ်းဆုံးပြီး သကာလ နေခဲ့ လို့ ကာလိကတွေ ရှုပ်လာတယ်ဆိုတာကို သဘောပါပြီလား (ပါ ပါပြီ ဘုရား)၊ ဘယ်မှာလမ်းဆုံးသတုန်း (ဆိုင်းဘုတ် လမ်းဆုံးပါတယ် ဘုရား)၊ အရှိမှာလမ်းဆုံးတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
အဲဒီတော့ ဆိုင်းဘုတ်လမ်းဆုံးတဲ့အတွက် ဘာတွေရှုပ်လာသတုန်း ဆိုတော့ ကိစ္စပိုတွေရှုပ်လာတယ်၊ ဘာတွေ ရှုပ်တုန်း (ကိစ္စပိုတွေပါ ဘုရား)၊ ကိစ္စပိုတွေရှုပ်လာတော့ တင်လှတို့များ ရုံးသွားလိုက်ရတာနဲ့ ဟင် (မှန်ပါ)၊
အမြတ်တော် ရုံးသွားလိုက်ရတာကတစ်မျိုး၊ အစိုးရရုံးသွားလိုက်ရတာကတစ်မျိုး၊ အရှေ့ရုံးကြီး သွားလိုက်ရတာက တစ်မျိုးဆိုတော့၊ ဟ ဒီကိစ္စတွေက ရှုပ်လှချည်လား ဒါ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ့်ကိုယ်ကို မိန်းမထင်ပြီးတည်ထောင်မိတဲ့အတွက် ယောက်ျားစာရာ၊ ကိုယ့်အစာရောရှာရခြင်းကြောင့် ထောင်ကိစ္စ၊ တန်းကိစ္စတွေလဲ ကာကွယ်ရ၊ နင်တို့ရဲ့သက်သာမှုရှေ့ ရှုပြီး သကာလ ငွေထိုးရ၊ ပေးရ၊ ကာကွယ်ရ၊ ကိစ္စတွေလဲ နည်းမထင်ပါဘူး၊ ကိစ္စနည်းကြပြီးလား (မနည်းပါ ဘုရား)။
ဘာလို့ဗဟုကိစ္စဖြစ်ပါလိမ့်
အဲဒါ ဗဟုကိစ္စ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲဒါ ဘာလို့ ဗဟုကိစ္စဖြစ်ပါလိမ့်မတုန်း ဆိုတော့ ဆိုင်းဘုတ်လမ်းဆုံးမိလို့၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)၊
“အက္ခေယျံ အပရိညာယ”တဲ့၊ အဲဒီ ဆိုင်းဘုတ်နဲ့အရှိနဲ့ မင်းတို့ ခွဲခြားပြီးမသိလို့ (မှန်ပါ)၊ ဆိုင်းဘုတ်က ယောက်ျား မိန်းမ၊ ရှိတာက ရုပ် နာမ်၊ ဖြစ် ပျက်၊ အဲဒါ မင်းတို့က ခွဲခြားမသိဘူးတဲ့၊ သိသေးရဲ့လား (မသိပါ ဘုရား)၊ ဆိုင်းဘုတ်ကဘာတုန်း (ယောကျ်ား မိန်းမပါ ဘုရား)၊ ရှိတာက (ရုပ် နာမ်၊ ဖြစ် ပျက်ပါ ဘုရား)၊ မင်းတို့က ခွဲသိသေးရဲ့လား (မသိပါ ဘုရား)။
အင်း ရုပ် နာမ်၊ ဖြစ် ပျက်ဖုံးပြီး သကာလ ၊ ဆိုင်းဘုတ်တည်းဟူသော ယောက်ျား၊ မိန်းမမှာ လမ်းဆုံးပြီးနေတော့ တည်ထောင်ကြ၊ ချစ်ခင်ကြ၊ ရင်းနှီးကြ၊ စားဖို့သောက်ဖို့ရှာကြဆိုတော့ မင်းကိစ္စ၊ စိုးကိစ္စ၊ သူခိုးကိစ္စ၊ နေဖို့ ထိုင်ဖို့ ကိစ္စတွေဟာ ဘယ်တော့ပြီးကြမှာတုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမှာတုန်း (ဘယ်တော့မှမပြီးပါ ဘုရား)။
တစ်ချက်တည်း မှားလိုက်တာနဲ့ သွားပါရော
ဒါ တစ်ချက်တည်း မှားလိုက်တာနဲ့ သွားပါရော (မှန်ပါ)၊ တစ်ချက်တည်း မှားလိုက်တဲ့ဖြစ်ခြင်း မိန်းမက ယောကျ်ားရှိမှတော်မယ်၊ ယောက်ျားက မိန်းမရှိမှတော်မယ်လို့ တစ်ချက်တည်း ဆိုင်းဘုတ်လမ်းဆုံးလိုက်တဲ့ဖြစ်ခြင်းဟာ အခုထက်ထိ ကျောဒဏ်ရာတွေ၊ အမာရွတ်တွေကိုပျောက်မှာမဟုတ်ဘူး၊ သေရာပါတော့မှာဘဲ (မှန်လှပါ ဘုရား)။
အမလေး ကြောက်စရာကြီးပါလား မင်းတို့လုပ်ထားတဲ့ဒဏ်ချက်က မိထားတာ နည်းသလား (မနည်းပါ ဘုရား)၊ တင်လှ ပိန်လှချည့်လားဆိုလို့ရှိရင် အို ကိစ္စတွေက ရှုပ်လွန်းလို့ မစားနိုင်၊ မသောက်နိုင်နဲ့၊ ဘာဖြစ်တာတုန်းလို့မေးလို့ ရှိရင်ဖြင့် ဆိုင်းဘုတ်လမ်းဆုံးပြီး အရှိကို မဝေဖန်မိတဲ့အတွက်၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)၊ ဆိုင်းဘုတ်လမ်း ဆုံးပြီးတော့ (အရှိ မဝေဖန်မိလု့ိပါ ဘုရား)၊ အရှိမဝေဖန်မိလို့ ရုပ် နာမ်၊ ဖြစ် ပျက် သာဝေဖန်မိမယ်ဆိုရင် အကာလိက ဖြစ်ရတော့မယ်၊ ပူပန်စရာ၊ သောကဖြစ်စရာ၊ စိုးရိမ်စရာ၊ ဗျာပါဒဖြစ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
”ယောဂမာယန္တိ မစ္စုနော်”တဲ့၊ ဒါဖြင့် ဒီအတိုင်းသာသွားကြလို့ရှိရင်ဖြင့် သေမင်းနိုင်ငံလိုက်ရုံရှိတော့တာပဲ တဲ့၊ ဒီ ကာလိကကိစ္စတွေနဲ့ သေမင်းနိုင်ငံသွားရုံပဲ ရှိတော့တယ် (မှန်ပါ)၊ သေမင်းလွတ်ရာသွားနိုင်သေးရဲ့လား (မသွား နိုင်ပါ ဘုရား)၊ ဘယ်သွားနိုင်တော့မှာတုန်း ကိစ္စတွေက အမျိုးမျိုးအဖုံဖုံနဲ့ တစ်ခါတည်း ဒေါသကိစ္စရှိတယ်၊ လောဘကိစ္စ ရှိတယ်၊ မသိလို့မှားတဲ့ မောဟကိစ္စတွေကော မရှိကြဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီလို ကိစ္စပေါ်လိုက် ဖြေရှင်းလို့မရလိုက်၊ ကိစ္စပေါ်လိုက် ဖြေရှင်းရတာက ရှည်လိုက်၊ ဒီကိစ္စဖြေရှင်းပြီးနောက် ကိစ္စတစ်ခုကပေါ်လာဆိုတော့ အားကြသေးရဲ့လား (မအားပါ ဘုရား)၊ မအားတော့ဘူးဆိုတော့ မောင်အောင်မြတ် သဘောကျပြီလား (ကျပါပြီ ဘုရား)။
စာရင်းမချုပ်၊ အင်းမချုပ်နဲ့ အခေါင်းထဲဝင်လာပုံရတယ်
ဒါဖြင့် မင်းတို့ဟာ စာရင်းမချုပ်၊ အင်းမချုပ်နဲ့ ခေါင်းထဲဝင်လာပုံရတယ် (မှန်ပါ)၊ ပေးစရာကလဲတန်းလန်း၊ ရစရာကကော (တန်းလန်းပါ ဘုရား)၊ ပေးစရာတန်းလန်း၊ ရစရာတန်းလန်းဆိုတော့ စာရင်းပိတ်ရတယ်လို့ ပါသေးရဲ့ လား (မပါ ပါ ဘုရား)၊ ဒါဖြင့် စာရင်းမချုပ်၊ အင်းမချုပ်နဲ့ တစ်ခါတည်းခေါင်းထဲ သာလိုက်ရတယ်၊ သေမင်းနိုင်ငံသာ လိုက်ရတယ်လို့ဆိုသဖြင့်၊ ကာလိကနှိပ်စက်တာ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီ ကာလိကတွေ ဘယ့်နှယ်ကြောင့် ဒီလောက်များပါလိမ့်မတုန်းဆိုတော့ ဆိုင်းဘုတ်လမ်းဆုံးမိလို့၊ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)၊ ဟေ့ တင်လှတို့ ဘယ်များလမ်းဆုံးမိတုန်း (ဆိုင်းဘုတ်လမ်းဆုံးမိပါတယ် ဘုရား)။
ယောကျ်ားမရှိတာကို ယောက်ျားရှိမှ တော်မယ်လို့ ဖြစ်နေတယ်၊ ဆိုင်းဘုတ်ကိုစွဲပြီး သကာအဟုတ်ကို တည်ထောင်လိုက်တာပဲ၊ တည်ထောင်လိုက်တဲ့အတွက် အခုတာ့ဖြင့် ကာလိကတွေက ရှုပ်လို့၊ စာရင်းမချုပ် အင်းမချုပ် နဲ့ပဲ ခေါင်းထဲဝင်ရပုံ၊ သေမင်းနိုင်ငံလိုက်ရပုံတွေ ပေါ်နေပြီ (မှန်ပါ)၊ ဘယ်လောက် ဆိုးရွာတယ်ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါတွေ လွန်တာ လွန်ပေစေတော့ အဖြေကလေးထွက်လိုက်ဦးမှပဲလို့ မောင်ချစ်စိန်က မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဆိုင်းဘုတ်နဲ့အရှိတော့ ခွဲပါတော့မယ်
ကဲ ယနေ့ကစပြီး ဆိုင်းဘုတ်နဲ့အရှိတော့ ခွဲပါတော့မယ်၊ ဘယ်လိုလုပ်ကြမယ် (ဆိုင်းဘုတ်နဲ့ အရှိကို ခွဲရမှာပါ ဘုရား)၊ အဲဒီတော့ ဆိုင်းဘုတ်ကတော့ ယောက်ျား မိန်းမဘဲ၊ အရှိကတော့ ရုပ် နာမ်၊ ဖြစ် ပျက်ပဲဆိုတော့ ကိုင်းလွဲ တုန်းက လွဲခဲ့တာက ဆိုင်းဘုတ်ကြောင့်၊ အရှိနဲ့ အမှန်ယူပါမယ်ဆိုရင် ဒီအချိန်ဖြစ်သေးတယ် (မှန်ပါ)၊ အရှိနဲ့အမှန် ယူရင် (ဒီအချိန်ဖြစ်ပါသေးတယ် ဘုရား)၊ ဒီအချိန်ဖြစ်သေးတယ် ဆိုတော့၊ ဟို ပြင်ချိန်မရလို့ သေသွားတဲ့ပုဂ္ဂိုလ်တော့ ဆွမ်းတော့ မသွတ်နဲ့တော့ အပါယ်လေးပါး တန်းသွားနေလို့ ဘာမှမျှော်လင့်ချက်မရှိတော့ဘူး (မှန်လှပါ ဘုရား)။
ဒီမှာ ပြင်ချိန်ရှိတဲ့ ပုဂ္ဂိုလ်က ပြင်မယ်ဆိုရင်ရပါသေးတယ်၊ မကောင်းအစဉ်ပြင်ခဏပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ မကောင်းအစဉ် (ပြင်ခဏပါ ဘုရား)၊ အဲ မကောင်းတဲ့အစဉ်ကြီးက ရှည်လာတာတော့ အမှန်ပါပဲတဲ့၊ ပြင်တဲ့ခဏမတွေ့တဲ့ ပုဂ္ဂိုလ်ကလဲ အတော်ကြောက်စရာကောင်းတယ် (မှန်ပါ)၊ ပြင်တဲ့ခဏကလဲ ဆရာကောင်းနဲ့လဲ တွေ့ဦးမှ၊ ကိုယ်ကလဲ ပြင်ချင်တဲ့စိတ်ကလေး ပေါ်ဦးမှ (မှန်ပါ)၊ ကာလဒေသလေးကလဲ ဟုတ်ပါဦးမှ၊ ဟင် (မှန်လှ ပါ ဘုရား)။
ဒါကြောင့် ပြင်ပေမယ့် ဆရာကောင်းလဲ တွေ့ဦးမှ၊ ပြင်ချင်တဲ့ ဉာဏ်ကလေးလဲ ပေါ်တဲ့အချိန်နဲ့ ကြုံဦးမှ၊ ကာလဒေသကလေးကလဲ အရင်းပြုထားတဲ့အခါနဲ့ သွားလို့လာလို့ လွယ်ကူဦးမှ (မှန်ပါ)၊ နို့မို့လို့ရှိရင် ဒီသုံးချက်တစ်ချက် ချက်ပျက်လို့ရှိရင်လဲ တင်လှ အမှားနဲ့လာခဲ့တာ၊ အမှားနဲ့ပဲသေဖို့ရှိတော့တယ် (မှန်လှပါ ဘုရား)။
အမှားနဲ့လာ၍ အမှားနဲ့ပဲသေ
လာခဲ့တာကလဲ ဘာတုန်း (အမှားနဲ့ပါ ဘုရား)၊ အင်း သေတော့လဲ (အမှားနဲ့ပါ ဘုရား)၊ အမှားနဲ့သေသွားတယ် ဆိုတော့ မှန်နိုင်သေးရဲ့လား (မမှန်နိုင်ပါ ဘုရား)၊ အဲဒီထဲက နုတ်နေလို့ရှိရင်ဖြင့် မရှိတဲ့အထဲကနုတ်နေလို့ရှိရင် ဘာ ကျန်တော့မှာတုန်း (ဘာမှမကျန်တော့ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီကရှေ့ မရှိတဲ့အထဲက နုတ်ရဦးမှာလား မနုတ်တော့ဘူးလား ဆိုတာ ကိုယ့်ဟာကိုယ်ဝေဖန်ကြဦး (မနုတ်တော့ပါ ဘုရား)။
မနုတ်တော့ပါဘူးလို့ပြောတာ ငါရှေ့မို့ပြောနေတာပါတဲ့၊ တော်ကြားကိစ္စလေးတွေပေါ်လာရင်၊ နင် ပြေးရမှာ၊ ကဲ နုတ်သွားတာပဲ၊ ဒါတွေက မလွဲသာလို့ တပည့်တော်မှ မပါရင်မပြီးကိုမပြီးလို့၊ မောင်အောင်မြတ်တို့လဲ ဒါ တပည့် တော်မရှိရင် မဖြစ်ဘူးဆိုတာ၊ ပြင်ချိန် ဆင်ချိန်ထဲက နုတ်သွားတာပဲ (မှန်ပါ)၊ နည်းနည်းကျန်တဲ့ထဲကဘာတုန်း (နုတ် သွားတာပါ ဘုရား)။
မင်းတို့ဟာက နည်းနည်းကျန်ရင် မနုတ်ကောင်းဘူးကွ (မှန်ပါ)၊ သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)၊ နည်းနည်းထဲက နုတ်ဦးမယ်ဆိုတော့ “အဇ္ဇေဝသုဝေဝ” ယနေ့လား၊ မနက်ဖြန်လား မသိတဲ့ထဲကနုတ်ဦးမယ်ဆိုလို့ရှိ ရင် ဘယ်ကျန်တော့မှာတုန်းကွ (မှန်ပါ)၊ ကျန်စရာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
ဒုက္ခထဲကလာ၊ ဒုက္ခထဲပဲသွားမှာစိုးရိမ်လို့
အဲဒီထဲက ငါတော့ မနုတ်စေချင်ဘူး (မှန်ပါ)၊ နို့မို့လို့ရှိရင်ဖြင့် ဒုက္ခထဲကလာ၊ ဒုက္ခထဲပဲသွားမှာစိုးရိမ်းလို့ နည်းတဲ့အထဲကနုတ်ယူလိုက်မယ်ဆိုလို့ရှိရင် ဘယ်နည်းနဲ့မှ ကိုယ့်ဖို့ကျန်စရာ မရှိတော့ဘူး (မှန်ပါ)၊ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ ဒုက္ခထဲကလာပြီး၊ ဒုက္ခထဲတန်းသွားဖို့ပဲ ရှိတယ်ဆိုတာ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
နဂိုကလွဲထားတာကလဲ ဆိုင်းဘုတ်ကြောင့် လွဲထားတဲ့ဒဏ်ချက်ကလဲ ခုထက်ထိ မပြေသေးဘူး၊ အဲဒီ ဒဏ်ချက် အနာတွေအပြင်၊ အနာထပ်ပေါက်ပါရစေဦး ဆိုလို့ရှိရင် နဂိုအနာမပျောက်ခင်က အနာထပ်ပေါက်ပါရစေဦး ဆိုလို့ရှိ ရင် နဂိုအနာမပျောက်ခင်က အနာထပ်ပေါက်ပါရစေဦးဆိုရင် မောင်ချစ်စိန် သွားပြီးကွ (မှန်ပါ)၊ မင်းတို့က အနာပေါက် ရေးကိုသာ ကြိုးစားနေတာနဲ့ကော မတူဘူးလား (တူပါတယ် ဘုရား)။
ဒီနေ့တော့ တရားမနာနိုင်ဘူး၊ တရားအားမထုတ်နိုင်ဘူး ကိစ္စလေးက ရှိသေးတယ်ဆိုတော့ ဟို နဂိုဒဏ်ချက်ကို လက်စမသတ်နိုင်လို့ ပြန်ပေါက်တဲ့ အဓိပ္ပါယ်ကောမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါတွေ သေသေချာချာ ဉာဏ်နဲ့ စဉ်းစားတော့မှ၊ ဪ တို့ ဟာအနည်းထဲကပဲ ပြန်နုတ်ဦးမယ်ပုံဆို လူမိုက် ဘဲ (မှန်ပါ)၊ အနည်းထဲက ပြန်နုတ်ရင် ဘာတုန်း (လူမိုက်ပါ ဘုရား)၊ အဲဒီတော့ အနည်းဆိုတော့လဲ မင်းတို့သိပြီနော်၊ နေပြီးသားကတော့ အများကြီးနေခဲ့ရတယ်၊ ရက်တွေ၊ လတွေ၊ အခုနေရမယ့်ဥစ္စာကတော့ “အဇ္ဇေဝ သုဝေဝ” ယနေ့ လား မနက်ဖြန်လားဆိုတာမသိဘူး (မှန်လှပါ ဘုရား)။
မှားထားတာကြီးကလဲ အကြီးအကျယ်
အခု မှားထားတာကြီးကလဲ အကြီးအကျယ် မှားထားတယ်၊ မှားတဲ့ မှားသက်ကြီးကလဲ ရှည်ခဲ့ပြီ၊ မှန်သက်ကလေး ကလဲ နည်းနည်းကျန်တော့တယ်၊ ဒီထဲက နုတ်ဦးမယ်ဆိုရင်မကောင်းဘူး၊ မှားသက်ကြီးက ရှည်တာလဲ လေးဆယ်ရှိတဲ့ လူ လေးဆယ်ပေါ့ (မှန်ပါ)၊ မှန်သက်ကလေးကလဲ မနက်ဖြန်လား၊ သန်ဘက်လား မသိဘူး (မှန်ပါ)၊ မှန်တဲ့အသက် ကလေးက ရှင်ဖို့ဟာလေ (မှန်လှပါ ဘုရား)။
အဲဒီထဲက နုတ်ဦးမယ်ဆိုရင် ဘယ့်နှယ်တုန်း၊ ဘာကျန်မှာတုန်း (မကျန်တော့ပါ ဘုရား)၊ ကဲ တင်လှ ဘာများ ကျန်စရာရှိသေတုန်း (ကျန်စရာမရှိပါ ဘုရား)၊ မကျန်တော့ ဆင်းရဲထဲကလား ဆင်းရဲထဲ သွားရုံရှိမှာဘဲ၊ ဒီတစ်ခါ ဆင်းရဲ ထဲကလာပြီး ဆင်းရဲထဲသွားမယ်ဆိုလို့ရှိရင် ဆင်းရဲလက်စသတ်ပေးမယ့် ခေါင်းဆောင်ကောင်းလဲ မရှိတော့ဘူး (မှန်ပါ)၊ ရှိပါဦးမလား (မရှိတော့ပါ ဘုရား)။
အဲဒါကြောင့် အခု ဒီဘဝမှာ ဆိုင်းဘုတ်လမ်း မဆုံးဘဲနဲ့၊ အရှိကို လမ်းဆုံးတဲ့ ဉာဏ်ကိုသွင်းရတော့မယ်၊ ဆိုင်းဘုတ်လမ်းမဆုံးဘဲနဲ့ (အရှိကို လမ်းဆုံးတဲ့ဉာဏ်ကို သွင်းရမှာပါ ဘုရား)၊ အရှိလမ်းဆုံးတဲ့ဆီကို ဉာဏ်သွင်းတော့ ခန္ဓာငါးပါးရှိတယ်လို့ လာရမှာဘဲ (မှန်ပါ)၊ ခန္ဓာငါးပါးကို ခွဲလိုက်တော့ ရုပ်တစ်ပါး နာမ်လေးပါးဆိုတာရှိမနေဘူး လား (ရှိပါတယ် ဘုရား)။
ခန္ဓာငါးပါးဟာ ပေါင်းလိုက်တဲ့အခါ ရုပ် နာမ်ပဲရှိတယ်၊ မဟုတ်ဘူးလား (မှန်ပါ)၊ ခန္ဓာငါးပါးကို ချဉ်းလိုက်တော့ ရုပ် နာမ်ဘဲ၊ ရုပ်နာမ်ကို တစ်ခါချဉ်းလိုက်တော့ ဖြစ် ပျက်ပဲရှိတယ် (မှန်ပါ)၊ ရုပ်လဲ ဖြစ် ပျက်၊ နာမ်လဲ ဖြစ် ပျက်၊ အဲဒီ ဖြစ် ပျက်တွေကို ဒီကနေ ရှုပြီး သကာလ နေလို့ရှိရင်ဖြင့်၊ ဒါတွေ သန္ဒိဋ္ဌိက ကိုယ်တိုင်မြင်လို့ရှိရင် အကာလိကဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ချုပ်ဖို့အရေးတွေဟာ မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ချုပ်ဖို့အရေး တွေဟာလာတယ်။
ဒါဖြင့် ကာလိကလိုက်နေလို့ရှိရင် အကာလိကမင်းတို့မဖြစ်နိုင်ဘူး (မှန်ပါ)၊ ကာလိကသာလိုက်နေရင် ဟောဒီ ခန္ဓာကြီးကိစ္စနဲ့ရောင်းလိုက်၊ ဝယ်လိုက်၊ ကျွေးလိုက်၊ မွေးလိုက်၊ ဒီခန္ဓာကို မုန်းမှာစိုးတာနဲ့ သွားလိုက်၊ လာလိုက်နဲ့ ကာလိကသာ လိုက်နေကြမယ်ဆိုလို့ရှိရင်တော့ဖြင့် ဘယ်နည်းနဲ့မှ မင်းတို့သည်ကားလို့ဆိုရင် ဒုက္ခတွေသာ ပွားတော့မယ် (မှန်လှပါ ဘုရား)။
ဒီခန္ဓာကို ဖြစ် ပျက်ရှုလို့ရှိရင်
ဒါဖြင့် ဒီခန္ဓာကို ဖြစ် ပျက်ရှုလို့ရှိရင် အကာလိကဖြစ်တဲ့တဏှာ၊ ဥပါဒါန်၊ ချုပ်တာလုပ်ရမယ် (မှန်ပါ)၊ တဏှာ၊ ဥပါဒါန်ချုပ်တာလုပ်လိုက်လို့ရှိရင် အကာလိက မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဒီခန္ဓာ အလိုလိုက်မယ် ဆိုရင် ကာလိကတွေ ပေါ်လာမယ် (မှန်ပါ)၊ ခန္ဓာကြီးကို လူမုန်းများမှာစိုးလို့၊ ခန္ဓာကြီးစားဖို့ ကျွေးဖို့၊ မရမှာစိုးလို့၊ ဒီ ယောက်ျားပီပီ မနေနိုင်မှာစိုးလို့၊ အိုးနဲ့အိမ်နဲ့ မတူမှာစိုးလို့ဆိုပြီး ကာလိကသာ လိုက်နေမယ်ဆိုလို့ရှိရင်တော့ဖြင့် သွားကြ ပေတော့ နောက်ဘဝလဲ ဆိုင်းဘုတ်လမ်းဆုံး၊ ဒီ ဒုက္ခတွေနဲ့ ကြုံ၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် ဘာလိုက်ကြမယ်၊ ကာလိကလိုက်ရမှာလား၊ အကာလိက လိုက်ရမှာလား (အကာလိကလိုက်ရမှာပါ ဘုရား)၊ မင်းတို့ခရီးသွားမယ်ကြံလို့ရှိရင် ဒီကိစ္စဟာ နိဗ္ဗာန်ရောက်မယ့်ကိစ္စလား၊ ဗဟုဒုက္ခကွာ များစွာသောဒုက္ခနဲ့ များစွာပူပန်ခြင်းရမယ့်ကိစ္စတွေလား၊ ဝေဖန်ပါ (မှန်ပါ)၊ ဝေဖန်တဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဟာ ဒါများစွာ ဒုက္ခရမှာဘဲ၊ များစွာပူပန်မှုနှင့် ကြုံရမှာဘဲဆိုပြီး အကာလိကလိုက်ပါမယ်၊ ဒီကာလိကရှုပ်ပါတယ်ဆိုပြီး သကာလ ဖြစ် ပျက် ရှုတဲ့အလုပ် ကို လိုက်လို့ရှိရင်ဖြင့် အကာလိကအလုပ် (မှန်ပါ)၊ ဖြစ် ပျက် ရှုတဲ့အလုပ်ကို မလုပ်လို့ရှိရင်ဖြင့်ကာလိကအလုပ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကာလိကအလုပ်သာလိုက်မယ်ဆိုရင် “ဗဟုဒုက္ခာ၊ ဗဟုပါယာသာ” ဆိုတာတွေဟာ များများကြီးမလာပေးဘူး လား (လာပါတယ် ဘုရား)၊ “ဗဟုဒုက္ခာ ဗဟုပါယာသာ” ဆိုတာ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ ဇာတိ၊ ဇရာ၊ မရဏဘက် လှည့်သွားတာ (မှန်ပါ)၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ကာလိကနဲ့အကာလိက ခွဲဖို့အရေးကြီးတယ်
ဒါဖြင့် မင်းတို့၊ ဒီနေ့ည ဟောတဲ့တရားမှာ ကာလိကနဲ့အကာလိက ခွဲဖို့အရေးကြီးတယ် (မှန်ပါ)၊ ကာလိက ကဘယ်ကလာတာတုန်းဆိုတော့ သမုတ်တာက လာတာ (မှန်ပါ)၊ သမုတ်ထားတာမှားမိလို့ ကာလိကတွေ ရှုပ်လာတာ (မှန်ပါ)၊ အခု ဆရာဘုန်းကြီးက၊ ဒီ ကျန်တဲ့အချိန်လေး ရှင်းပေးလိုက်တဲ့အတွက် အကာလိက လုပ်လိုက်လို့ရှိရင်ဖြင့်၊ သံသရာဒုက္ခတွေကော ဇာတ်မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။
ဒါဖြင့် ကာလိကကိုဖြုတ်၊ အကာလိကကိုလိုက်ပါလို့ အခုညမှာ နိဂုံးချုပ်တာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
