3003

မာတိကာသို့

”ဝိပဿနာလုပ်ချင်ရင် ဒိဋ္ဌိရှေ့ထားဖြုတ်ရမည်”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ – မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြား ဆုံးမတော်မူအပ်သော

”ဝိပဿနာလုပ်ချင်ရင် ဒိဋ္ဌိရှေ့ထားဖြုတ်ရမည်”

ည အလုပ်ပေးတရားတော်

(၄-၁၂-၆၀)

ဒိဋ္ဌိတန်းလန်းရှိနေရင် မဂ်ဖိုလ်မဆိုက်နိုင်ဘူး

ဒီနေ့ဟောရမယ့် တရားက ဝိပဿနာကိုဖြစ် ပျက် အနိစ္စတွေကို မြင်နေရုံနဲ့ ဒိဋ္ဌိတန်းလန်းရှိနေရင် မဂ် ဖိုလ် မဆိုက်နိုင်ဘူး။

ဖြစ် ပျက်တော့မြင်တယ်၊ အနိစ္စတွေအချက်၊ ဒုက္ခတွေအချက်၊ အနတ္တတွေအချက် မြင်တယ်၊ မြင်ပင်မြင်ငြား သော်လည်း သက္ကာယဒိဋ္ဌိဝမ်းထဲက သိမှုနဲ့ ဖြုတ်မထားလို့ရှိရင် မဂ် ဖိုလ်မရနိုင်ဘူးဆိုတဲ့ ဥစ္စာမှတ်ထားရမယ်။

ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ နောက်ထားပြီး၊ သက္ကာယဒိဋ္ဌိဖြုတ်မှုကို ရှေ့ထားပါ၊ ဒီ အဓိပ္ပါယ်ပဲရပါတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို နောက်ထားပါ၊ သက္ကာယဒိဋ္ဌိဖြုတ်မှုကို ရှေ့ထားမှသာလျှင် ဝိပဿနာလမ်းစဉ်မှာ မှန်တယ်လို့ ဆုံးဖြတ်ချက်ချပါ။

ကောင်းပြီ၊ ဒါဖြင့် ဝတ္ထုသက်သေသာဓက ထုတ်ကြပါစို့ ဆိုလို့ရှိရင် ဝေသာလီပြည်မှာ ဘုရားသခင် ကိုယ်တော် မြတ်ကြီး သီတင်းသုံးနေတယ်၊ “အနုရာဓ”ဆိုတဲ့ ပုဂ္ဂိုလ်က သက်ကယ်ကျောင်းလေးနဲ့ ဘေးနားမှာ သီတင်းသုံးနေတယ်၊

ထိုစဉ်အခါမှာ အနုရာဓဆီကို တိတ္ထိတွေဝင်လာကြတယ်၊ ဝင်လာပြီး တိတ္ထိတွေက ဘယ်လိုပြောသလဲ ဆိုတော့ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆရာဖြစ်တဲ့ ဂေါတမဘုရားဟာ ယောက်ျားထူး၊ ယောက်ျားမြတ်၊ ယောက်ျားချွန်လဲ ဖြစ်ပါတယ်။

သတ္တဝါသေရင်ဖြစ်သေးသလား

အဲဒီ ပုဂ္ဂိုလ်ကဘယ်လိုများ ဟောဘူးပါသတုန်း တဲ့၊ သတ္တဝါသေရင်ဖြစ်သေးသလားလို့ တစ်နံပါတ် မေးလိုက် တယ်၊ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးလိုက်တယ်။

ဒုတိယအချက်က သတ္တဝါသေရင်မဖြစ်တော့ဘူးလားလို့ မေးလိုက်တယ်၊ ပထမအချက်က သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတာက သဿတဒိဋ္ဌိမေးလိုက်တာ၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့မေးတာက ဥစ္ဆောဒိဋ္ဌိ မေးလိုက်တာ။

သတ္တဝါသေလို့ရှိရင် သုံးနံပါတ်နဲ့ မေးပြန်တော့ ဖြစ်ချည် တစ်လှည့် မဖြစ်ချည် တစ်လှည့်များရှိပါသလား၊ “အန္တဂ္ဂါဟိကာ” ဒိဋ္ဌိမေးလိုက်တာ၊ သတ္တဝါသေလို့ရှိရင်ဖြင့် မဖြစ်သည်မဟုတ်၊ ဖြစ်သည့်သဘောမျိုးလားလို့၊ လေးချက် မေးလိုက်တယ်၊ ဒါ “အမေရာဝိက္ခေပ” ဒိဋ္ဌိမေးလိုက်တာ၊ လေးချက်မြောက်က။

အဲဒီတော့ ရှင် အနုရာဓက ဝိပဿနာတော့လုပ်နေတာပဲ၊ လုပ်ပေမယ့် သူကလဲ ဒိဋ္ဌိကမပြုတ်တော့ ဘုရား တော့ ဒီလိုမဟောဘူး၊ ဒါပဲ သူဖြေတတ်တယ်။

ဘုရားက ဒီလိုမဟောပါဘူး

ဘုရားက ဒီလိုမဟောပါဘူး၊ သတ္တဝါသေရင် ဖြစ်သေးတယ်လို့လဲ မဟောဘူး၊ မဖြစ်ဘူးလို့လဲ မဟောဘူး၊ ဖြစ်ချည်တစ်လှည့် မဖြစ်ချည် တစ်လှည့်လို့လဲ မဟာဘူး၊ မဖြစ်သည်မဟုတ် ဖြစ်သည်လဲ ရှိတတ်တယ်လို့ ဒီလိုလဲ မဟောပါဘူးဆိုတော့ တိတ္ထိတွေက စွဲချက်တင်လိုက်တယ်။

ဪ ဒီကိုယ်တော်ဟာ လူငယ်လေးဖြစ်လို့ ဘာမှမသိသေးလို့ မဖြေတတ်တာဘဲ၊ ဘုရားဟော တော်မူတာတွေ ကို သူမဖြေတတ်တာ၊ တစ်နည်းအားဖြင့်လဲ အရွယ်ကြီးပေမယ့် ဘာမှအသုံးမကျတဲ့ ကိုယ်တော်မို့ ဒီအဖြေတွေ မဖြေ တတ်တာဘဲဆိုပြီး တိတ္ထိတွေက ကဲ့ရဲ့ပြီး ပြန်သွားကြတယ်။

သူ့စိတ်ထဲ သံသယရှိလာတယ်

ထိုကဲ့သို့ တိတ္ထိတွေက ကဲ့ရဲ့ပြီး ပြန်သွားတဲ့အချိန်မှာ၊ သူ့စိတ်ထဲ သံသယရှိလာတယ်၊ သတ္တဝါသေရင်ဖြစ်သေး သလား၊ ရဟန္တာများသေရင်ဖြစ်သေးသလား၊ သူက ရဟန္တာနဲ့တွေးလိုက်တယ်၊ ရဟန္တသေရင် ဖြစ်သေးသလား၊ ရဟန္တာ သေရင်မဖြစ်တော့ဘူးလား၊ ရဟန္တာသေရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ သို့မဟုတ် မဖြစ်သည်မဟုတ် ဖြစ်သလိုလိုရှိတဲ့ သဘောမျိုးလား။

တိတ္ထိတွေက ဒီထက်များတက်မေးလို့ရှိရင် ငါခက်ချည်သေးရဲ့ဆိုတော့၊ သူကိုယ်တိုင် ဒိဋ္ဌိမပြုတ်ဘူးဆိုတာကို ဦးမာဒင် မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

သူကိုယ်တိုင် ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ)၊ သူ ဝိပဿနာတွေတော့ ရှုနေတဲ့ပုဂ္ဂိုလ်ပဲ၊ ဒါနဲ့ သူဘုရားဆီ သွားလိုက်တယ် အရှင်ဘုရား အရှင်ဘုရားကျောင်းဘေးနားမှာ တပည့်တော်သက်ကယ်ကျောင်းနဲ့ သီတင်းသုံးနေပါတယ်။

ထိုစဉ်အခါခဏမှာ တိတ္ထိတွေဝင်လာပြီး တပည့်တော်ကို မှာပါတယ်၊ သတ္တဝါသေရင်ဖြစ်သေးသလား မဖြစ် တော့ဘူးလား၊ ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ မဖြစ်သည်မဟုတ် ဖြစ်သေးတယ်ဆိုတဲ့ သဘောမျိုးလား လို့မေးတဲ့အခါ တပည့်တော်က ဘုရားတော့ ဒီလို မဟောဘူးလို့ ဖြေလိုက်တာပဲရှိတယ်။

သို့သော် တပည့်တော်ကိုယ်တိုင်ကို ပင်လျှင် ဒီဥစ္စာ ရဟန္တာသေရင် ဖြစ်သေးသလား မဖြစ်တော့ဘူးလား၊ ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင်လားဆိုတဲ့ ဥစ္စာ၊ သံသယဒိဋ္ဌိ ရှိနေပါတယ်ဆိုတော့ ဘုရားကရိပ်မိတယ်၊ ဪ ဒီရဟန်းဟာ ဝိပဿနာအလုပ်သာ ကြိုးစားနေတယ် ဒိဋ္ဌိမပြုတ်လို့ သူကိုယ်တိုင်ကိုပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရတာကိုးလို့ ဘုရားက တွေးတော်မူလိုက်ပါတယ်။

ဝိပဿနာအလုပ်ဆိုတာ

အဲဒါ ဦးမာဒင်တို့က သေချာမှတ်ရမယ်၊ ဪ ဝိပဿနာအလုပ်ဆိုတာ ရောက်လာပြီး ရှုကွာ၊ ရှုကွာ ဆိုတဲ့ နည်းဟာ ဪ မဂ် ဖိုလ်မရနိုင်တဲ့နည်းပါလား၊ ရှေ့ကဆရာသမားက ဒိဋ္ဌိခွါမှုကို ရှင်းလင်းပြီး သကာလ ထားပြီတဲ့ ပုဂ္ဂိုလ်ကို အရှုခိုင်းမှသာလျှင် ရနိုင်တယ်ဆိုတော့ အရင်းရှင်းလင်းရမှာကို မရှင်းလင်းဘဲနဲ့၊ နောက်အလုပ်တွေလုပ်နေလို့ ရှိရင်ဖြင့်၊ ဒါ ဦးမာဒင်တို့ မှတ်စရာက ခရီးမပေါက်တဲ့ လမ်းစဉ်ပဲလို့ သေချာမှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီတရားပွဲမှာ ရှေ့ နောက်မလွဲဖို့ကို ဆရာသမားသည်အလွန်အရေးကြီးတယ်ဆိုတာကို မှတ်ကြရမယ် (မှန်ပါ)၊ ရှေ့ နောက်က ဒိဋ္ဌိကွာမှု ရှေ့ထားပြီးမှ ဝိပဿနာရှုမှုနောက်ထားပါ၊ ဒိဋ္ဌိကွာမှုကို ဘာလုပ်ကြမယ် (ရှေ့ထား ရမှာပါ ဘုရား)၊ ဝိပဿနာရှုမှုကို (နောက်ထားရမှာပါ ဘုရား)။

အဲ ရောက်လာရင် ရှုဆိုတဲ့ ယောဂီသိုက်တွေနဲ့တွေ့မယ် ဆိုလို့ရှိရင်ဖြင့် ဒါ သတိထားရတော့မယ်ဆိုတာကို ဆရာသမားသည် ဆုံးမတာပဲ၊ ရောက်လာပြီး ရှုကွာ၊ ရှုကွာ၊ ရှုကွာ၊ ရှိုက်ကွာ၊ ဝေဒနာရှာရှုကွာဆိုတော့ သူ့မှာ ဒိဋ္ဌိဖြုတ် နည်း နိဿရည်းက မရတော့၊ ဘယ်လောက်ပဲရှုနေနေ၊ အာပေါက်အောင် အားထုတ်နေနေ ဒိဋ္ဌိတန်းလန်းခံနေလို့ ဒိဋ္ဌိ တည်းဟူသော အပင်းခံနေလို့ ဦးမာဒင် ဘယ်တော့မှ မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ မပြုတ်လို့

ဒီ အနုရာဓ မှာ ဝိပဿနာရှုတတ်သားပဲ၊ ဟို တိတ္ထိတွေ မေးတာကို သူကိုယ်တိုင် ဒိဋ္ဌိ ဝိစိကိစ္ဆာ မပြုတ်လို့ သံသယရှိပြီး သကာလ နေတယ်၊ သူကိုယ်တိုင် ရှုနေတာ ခရီးမပေါက်လို့ ဘုရားက၊ ဪ ငါ့လာလျှောက်တဲ့ အနုရာဓ ကိုက ဒိဋ္ဌိမပြုတ်သေးပါလားလဆိုတာကို ဘုရားက ရိပ်မိတယ် (မှန်လှပါ ဘုရား)။

တင်လှတို့ သဘောကျပြီနော် (ကျပါပြီ ဘုရား)၊ ဒိဋ္ဌိဖြုတ်တာကို ဘာလုပ်ရမယ် (ရှေ့ထားရမှာပါ ဘုရား)၊ ရှေ့ထားရမယ်၊ ဝိပဿနာရှုတာကို (နောက်ထားရမှာပါ ဘုရား)၊ နောက်ထားရမယ်ဆိုတော့ ဒါ အချိန်တိုင်းလားလို့ မေးတဲ့အခါကျတော့ အချိန်တိုင်းမဟုတ်ပါဘူးလို့ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ)၊ အချိန်တိုင်း မဟုတ်ပါဘူး၊ နဂိုက ဉာဏ်နဲ့ဖြုတ်ပြီးသား ပုဂ္ဂိုလ်မှာတော့ ရောက်လာရှု၊ ပြီးတာပါပဲ (မှန်လှပါ ဘုရား)။

ဟာ ဖြုတ်မှ မဖြူတ်ရသေးတဲ့ ပုဂ္ဂိုလ်၊ ဉာဏ်နဲ့မှ ဖြုတ်မပေးရသေးတဲ့ ပုဂ္ဂိုလ်ကျတော့ကို မောင်အောင်မြတ် တို့မှတ်၊ မရှုကောင်းသေးဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

သိမှု ဉာတပရိညာမရှိဘဲနဲ့

သိမှု ဉာတပရိညာမရှိဘဲနဲ့၊ တိရဏပရိညာကို မလုပ်ရမဘူး၊ ဉာတပရိညာဆိုတဲ့ သိမှုမရှိဘဲနဲ့၊ တိရဏပရိညာ ဆိုတဲ့ ကျင့်မှုကို မလုပ်ရဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် သိမှုကို ရှေ့ထား၊ ကျင့်မှုကို နောက်ထားရမယ်ဆိုတာ ဒီဝတ္ထုကနေပြီး သကာလ သက်သေသာဓက အခိုင်အမာပြပြီလို့ မှတ်ကြရမယ် (မှန်လှပါ ဘုရား)။

ဒါ ဒီနေ့ညဟောတဲ့တရားမှာဖြင့်၊ ဪ လိုရင်းကကိုင်ပြောနေပေါ့ ဆိုတာကို၊ တစ်ပွဲလုံးက မှတ်ရမယ် (မှန်ပါ့)၊ ကောင်းပြီ၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီကို အနုရာဓကသွားလျှောက်တဲ့အခါ၊ သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာမပြုတ်ပါလား ဒါကြောင့် ငါ့တပည့်မှာ မဂ် ဖိုလ်လဲမရ၊ တိတ္ထိတွေမေးတာကိုလဲ သူအကျယ်တဝင့်ကလဲ မဖြေနိုင်၊ သူကိုယ်တိုင် သံသယဝိစိကိစ္ဆာမသေသေးပါလားဆိုပြီး သူ့ကိုပဲ ခန္ဓာငါးပါးပြပြီး သကာလ ဟောရပြန်သေးတယ် (မှန်လှပါ ဘုရား)။

အနုရာဓ မင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ရုပ်တရားဟော ခဏခဏဖောက်ပြန်ပျက်စီးနေတယ်၊ ရုပ်တရားဟာ ခဏခဏဖောက်ပြန်ပျက်စီးနေတယ်၊ဆိုတော့ကို ဒါက ဆရာဘုန်းကြီးကချဲ့ရတော့မယ် တဲ့၊ အခု ဘုရားဟောတာက တော့ အင်မတန်းကျဉ်းနေပါတယ်ဆိုတော့ ရုပ်တရားဟာ ဘယ့်နှယ်ကြောင့် ဖောက်ပြန်ပျက်စီးနေပါလိမ့်မတုန်းဆိုလို့ရှိ ရင်ဖြင့် အေးတဲ့ ရုပ်ဟာအေးပြီးချုပ်တာပဲ၊ ပူတဲ့ရုပ်အဖြစ်နိုင်ဘူး၊ ပူတဲ့ရုပ်ဟာလဲ ပူတဲ့နေရာမှာချုပ်ပြီး သကာလ အေးတဲ့ရုပ်မဖြစ်နိုင်ဘူး (မှန်လှပါ ဘုရား)။

သဿတဒိဋ္ဌိဖြစ်လိမ့်မယ်

ဒါဖြင့် သူသည် အအေးအပူဖြစ်လာတယ်၊ အပူကအအေးဖြစ်လာတယ် ဆိုရင်သဿတဒိဋ္ဌိဖြစ်လိမ့်မယ်၊ ဒါဖြင့် အေးတဲ့ရုပ်ဟာ အေးတဲ့နေရာတွင် ချုပ်၊ ပူတဲ့ဆီ နည်းနည်းတစ်စက်မှမကူးဘူး၊ တစ်ပဲသားလောက်မှပေးနဲ့ တိုင်းကြည့်ရင် မကူးနိုင်ဘူး ဒီနေရာတွင်ဖြစ်၊ ဒီနေရာတွင်ပျက်၊ အေးတဲ့ရုပ်ဟာလဲ အေးတဲ့နေရာမှာ ဒီနေရာတွင်ဖြစ် ဒီနေရာတွင်ပျက် (မှန်လှပါ ဘုရား)။

တို့အတူပဲ ဝေဒနာသည်လဲ မျက်လုံးထဲပေါ်တဲ့ဝေဒနာသည် မျက်လုံးထဲမှာဘဲ ပျက်ရမယ်၊ မျက်လုံးထဲ ဥပေက္ခာ ဝေဒနာပေါ်တယ်၊ မျက်လုံးထဲ ဥပေက္ခာဝေဒနာပျက်၊ နားထဲ ဥပေက္ခာဝေဒနာပေါ်တယ်၊ နားထဲတွင်ပျက်၊ နှာခေါင်းထဲ ဥပေက္ခာဝေဒနာပေါ်တယ်၊ နှာခေါင်းထဲတွင်ပျက်၊ လျှာပေါ်မှာပေါ်ရင် လျှာပေါ်မှာပျက်၊ ကိုယ်ပေါ်မှာသုခဝေဒနာပေါ်တဲ့ နေရာတွင်ပျက်ရမယ် (မှန်ပါ့)၊ ဒုက္ခဝေဒနာပေါ်ရင် ဒုက္ခဝေဒနာပေါ်တဲ့နေရာတွင် ပျက်ရမယ်၊ ဘယ်မှရွေ့သွားပြီး သကာလ မပျောက်နိုင်ဘူး (မှန်လှပါ ဘုရား)။

လောကီ ဥပမာ ပြောစမ်းပါလို့ ဆိုလို့ရှိရင်းဖြင့်

”အဒဿနတော အာယန္တိ၊ ဘဂ္ဂါ ဂစ္ဆ န္တိ အဒဿနံ၊

ဝိဇ္ဇပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇ န္တိ ဝယန္တိ စ”

ချုပ်ဆဲက ဖြစ်ဆဲမဟုတ်ဘူး

ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာက ပြောထားတာလဲ တစ်ကြောင်း၊ ယမိုက်ပါဠိတော်မှာ အကြင်စိတ်သည်ဖြစ်၏။ ထိုစိတ်ချုပ်ဆဲမဟုတ်ဘူးဆိုတာကိုလဲ ဘုရားကသေချာဟောထားတယ်။

ချုပ်ဆဲက ဖြစ်ဆဲမဟုတ်ဘူး၊ ဒီ ယခု ဖြစ် ချုပ်သွားတဲ့ဥစ္စာသည် နောက် ဖြစ် ချုပ်လိမ့်ဦးမှာလား၊ ဒီလိုလဲ မဟုတ်ဘူး၊ ဒီလို “စိတ္တ” ယမိုက်ပါဠိတော်မှာ သေသေချာချာ ဟောထားတဲ့အတွက် ဒီနေရာတွင်ဖြစ်၊ ဒီနေရာတွင် ပျက်တဲ့တရားကို ခိုင်တယ်၊ မြဲတယ်၊ ကူးသွားသေးတယ်၊ ဆက်သွားသေးတယ်လို့ ဦးမာဒင်ယူနိုင်ပါ့မလား (မယူနိုင်ပါ ဘုရား)။

ရဟန္တာဆိုတာကလဲ သမုတိသစ္စာသာ

မယူနိုင်ပါဘူးဆိုတော့ ကျုပ်တို့မှာ နဂိုကလဲ ရဟန္တာမရှိဘူး၊ ခန္ဓာငါးပါးသာ ရှိတယ်၊ ရဟန္တာမရှိဘူး၊ ဒီ ရဟန္တာဆိုတာကလဲ သမုတိသစ္စာသာ ဟုတ်တယ်၊ ပရမတ္တ သစ္စာကတော့ ခန္ဓာငါးပါး၊ လူတိုင်း အတိုင်းပဲ၊ ကိလေသာ ချုပ်တာနဲ့ မချုပ်တာပဲကွာကြတယ်၊ ဒီ ခန္ဓာငါးပါးက အတူတူပဲ (မှန်လှပါ ဘုရား)။

ခန္ဓာငါးပါး အတူတူဆိုတော့ ရုပ်တရားမှာလဲ ရဟန္တာမဟုတ်ဘူး၊ ဖြစ်ပျက်ပဲ ရှိမှာဘဲ၊ ဝေဒနာတရားမှာ ရဟန္တာမဟုတ်ဘူး၊ ဖြစ်ပျက်ပဲ ရှိမှာဘဲ၊ သညာလေးတွေ မှတ်မှုရမှာလဲ “ရူပသဉ္စေတနာ၊ သဒ္ဒ သဉ္စေတနာ”နဲ့ အမျိုးမျိုး အဖုံးဖုံးဟောတော့ ရူပါရုံမှတ်တဲ့ အမှတ်ဟာလဲ မှတ်ပြီး ပျက်တာပဲ၊ သဒ္ဒါရုံမှတ်တဲ့ အမှတ်ဟာလဲ မှတ်ပြီး ပျက်တာပဲ၊ ထို့အတူ စေတနာမှာလဲ ရူပသဉ္စေတနာ၊ သဒ္ဒ သဉ္စေတနာ၊ ခြောက်စေတနာလာတာပဲ (မှန်လှပါ ဘုရား)။

ဒါလဲ သူ့နေရာသူပေါ်၊ သူ့နေရာပျက်ပြီး သကာလ သွားတော့ စိတ်တွေမှာလဲ ဘယ်နေရာပဲပေါ်ပေါ်၊ သူ့နေရာ နဲ့သူပေါ်ပြီး၊ သူ့နေရာနဲ့သူ ပျက်ရတယ်၊ ဘယ်မှရွေ့ပြောင်းပြီး သကာလ ပျက်နိုင်တဲ့၊ သွားနိုင်တဲ့သတ္တိမရှိဘူး၊ လျှပ်စစ် ကလေးဟာ ကောင်းကင်မှာလင်း၊ လင်းတဲ့နေရာမှာပျောက်တာပဲ (မှန်လှပါ ဘုရား)။

အဲဒါတွေ သိထားတော့ ဒီအထဲမှာဖြစ် ပျက်နှစ်ခုသာရှိတယ်၊ ရဟန္တာပါ ပါရဲ့လားလို့ မေးရင် ဘယ့်နှယ်ဖြေကြ မှာတုန်း (မပါ ပါ ဘုရား)၊ မပါဘူးဆိုတော့ ဘုရားက ဒီလိုဖြစ် ပျက်သာရှိတယ်ကွာ လို့ဟောလိုက်တော့ ဝေဒနာကိုရှု နေတဲ့ ပုဂ္ဂိုလ်ဖြင့် ဝေဒနာဟာ အနိစ္စလား၊ နိစ္စလား မေးရင်ဘယ့်နှယ့်ဖြေကြမှာတုန်း (အနိစ္စပါ ဘုရား)၊ အနိစ္စပဲ။

အနိစ္စဖြစ်တဲ့ တရားကိုပင်လျှင်

အဲဒီ အနိစ္စဖြစ်တဲ့ တရားကိုပင်လျှင် ဒုက္ခ သုခ ဝေဖန်လိုက်တဲ့အခါကျတော့၊ သူ မွေးလဲမွေးတယ်၊ သေလဲ သေတာကို သေချာထောက်ကြည့်သဖြင့် ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခသာရှိနေသောကြောင့် ဒုက္ခပဲ (မှန်လှပါ ဘုရား)။

၎င်း အနိစ္စ ဒုက္ခဖြစ်တဲ့တရားကို “ဧတံ မမ ဧသော ဟ မသ္မိ၊ ဧသော မေ အတ္တာ”ဆိုတာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါ ဘုရား)၊ မဆိုနိုင်လို့ရှိရင်ဖြင့် ဒါ အနုတ္တပဲ (မှန်လှပါ ဘုရား)။

ဒီလိုချည်း ဘုရားက ခန္ဓာငါးပါးလှည့်ပြီး သကာလ ဟောသွားတဲ့ အခါကျတော့ အနုရာဓသည် တရားအဆုံးသို့ ရောက်သွားတယ် (ဝါ) သောတာပန်း သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သွားတယ် (မှန်လှပါ ဘုရား)။

ဖြစ်သွားတာက ရဟန္တာပျောက်ပြီး၊ ဖြစ် ပျက် ဉာဏ်ရောက်လို့၊ ရဟန္တာသေရင် ဖြစ်သေးသလားဆိုတဲ့ သံသလယလဲမရှိဘူး၊ ရဟန္တာမရှိဘူးဆိုတာကို သိသွားပြီ (မှန်ပါ့)၊ သတ္တဝါမရှိဘူးဆိုတာလဲသိသွားပြီ (မှန်လှပါ ဘုရား)။

အဲဒီတော့ အခုတရား နာနေတဲ့ တကာ တကာမတွေလဲ၊ သတ္တဝါမရှိတာကို သိဖို့ရာ တစ်နံပါတ်အရေးကြီးတယ် ဆိုတော့ ဒိဋ္ဌိဖြုတ်ရမျာ (မှန်ပါ့)၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ပါပြီ တဲ့၊ သတ္တဝါဟာ နဂိုကကိုက မောင်အောင်မြတ် ရ၊ မပါခဲ့ဘူး (မှန်ပါ့)၊ မပါတာကို ဟိုက သတ္တဝါကို ဒိဋ္ဌိနဲ့မေးတော့၊ ဒီကလဲ ဒိဋ္ဌိရှိတဲ့ သူမို့ သံသယရှိနေတာ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိမပြုတ်ဘဲနဲ့ ဝိပဿနာအလုပ် လုပ်ခိုင်းခဲ့သော်

ဒါကြောင့် ဒိဋ္ဌိမပြုတ်ဘဲနဲ့ ဝိပဿနာအလုပ် လုပ်ခိုင်းခဲ့သော် အနုရာဓကို ထောက်သဖြင့်လည်းကောင်း၊ သမကတို့ကို ထောက်သဖြင့်လည်းကောင်း၊ မဂ် ဖိုလ်မရနိုင်ဘူးဆိုတာ “ကဉ္စိ သင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမ္မန္ဓာဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ” တဲ့၊ တစ်ခုသော ဒိဋ္ဌိရှိနေလို့ရှိရင် သစ္စာအနုလောဓိကဉာဏ်တောင်မရနိုင်ပါဘူးလို့ ဘုရားက အင်္ဂုတ္တိုရ်ပါဠိတော်မှာသေချာဟောတယ် (မှန်လှပါ ဘုရား)။

သစ္စာသိဖို့ အသာထားစမ်းပါဦး တဲ့၊ သစ္စာနဲ့ လျော်တဲ့ ဉာဏ်တောင်မရပါဘူး (မှန်ပါ့)၊ ဒိဋ္ဌိခံနေလို့တဲ့၊ သစ္စာတဲ့ လျော်တဲ့ ဉာဏ်မရလို့ရှိရင်ဖြင့် “သမ္မတ္တနိယာတဓမ္မာ”ဆိုတဲ့ မဖောက်မပြန်ဘဲနဲ့ မြဲတဲ့သဘောပတ္တိမဂ် ရလိမ့်မယ်လို့ ငါဘုရားလဲမဟောဖူးဘူး၊ နောက်ဘုရားတွေလဲ မဟောဘူး (မှန်လှပါ ဘုရား)။

အဲဒီ သောပတ္တိမဂ်မှမရဘဲနဲ့ သောတာပန်ဖြစ်လိမ့်မယ်၊ သကဒါဂါမ်ဖြစ်လိမ့်မယ်၊ အနာဂါမ်ဖြစ်လိမ့်မယ်၊ ရဟန္တာဖြစ်လိမ့်မယ်လို့ ဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်ကို ငါ ဘယ်တော့မှ မဟောဖူးဘူးလို့ဆိုတော့ ခိုင်လုံးမသွားဘူးလား (မှန်လှ ပါ ဘုရား)။

ခိုင်လုံးသွားပြီ တဲ့၊ အဲဒါတွေကို အခုတကာတကာမတွေက သိထားတော့၊ ဪ ဒိဋ္ဌိအရင်ဖြုတ်ပြီးမှ ဝိပဿနာ နောက်ထားရှုရမှာပါလားဆိုတာ ခိုင်လုံးသွားတယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိအရင်ဖြုတ်ရမယ်နော်

ဒါဖြင့် တင်လှတို့လူစု၊ ဝိပဿနာရှုတော့မယ်ဆိုလို့ရှိရင်ဖြင့်၊ ဘာအရင်ဖြုတ်ရမယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်လိုပေါ်ကြတုန်း (ဒိဋ္ဌိအရင်ဖြုတ်ရမှာပါ ဘုရား)၊ ဒိဋ္ဌိအရင်ဖြုတ်ရမယ်နော်၊ ဒိဋ္ဌိမဖြုတ်ဘဲနဲ့ဝိပဿနာ ရှုလို့ရှိရင်၊ ဒီ အနုရာဓလိုဖြစ်မယ် (မှန်လှပါ ဘုရား)။

အနုရာဓကို ဘုရားက ခန္ဓာငါးပါးသာရှိတယ်၊ အနိစ္စလား နိစ္စလား၊ ဒုက္ခလား သုခလား၊ အနတ္တလား အတ္တလား လို့မေးလိုက်တဲ့အခါကျတော့ ဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိပါတယ်လို့ အမှန်ဖြေလိုက်တဲ့အတွက်၊ သူ့ဉာဏ်ထဲမှာ ဒိဋ္ဌိပြုတ်သွားတယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိပြုတ်သွားပြီးတော့ ဟောလိုက်တဲ့အခါကျတော့မှ၊ သူသည် ရဟန္တာဖြစ်သွားတယ်ဆိုတာကိုထောက်သဖြင့် နဂိုကတိတ္ထိတွေမေးတုန်းက သူ ဒိဋ္ဌိမပြုတ်တုန်းက၊ ဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ရှုတော့ ရှုနေတာပဲ၊ သူ ရဟန္တာမဖြစ် ခဲ့ဘူး (မှန်ပါ့)၊ ဒါဖြင့် ဆရာကောင်း သမားကောင်း သိပ်လိုတယ်ဆိုတာ ဦးမာဒင်တို့ပေါ်သွားပြီ (မှန်လှပါ ဘုရား)၊ ပေါ်သွားပြီ တဲ့။

ရောက်လာရင် ရှုကွာ၊ မင်းခန္ဓာကိုယ်ထဲမှာရှိတာတွေ ရှာရှုကွာလို့၊ အမျိုးမျိုးအဖုံဖုံ ဘယ်လိုပင်ဟောငြား သော်လည်း တဲ့၊ ဆရာမှားနဲ့တွေ့ပြီဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းကြတာပဲ (မှန်ပါ့)၊ လုပ်သလောက်ခရီးမရောက်ပေဘူး လုပ်သလောက် ခရီးမရောက်ပေဘူးဆိုတာမှတ်ကြပါ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဒီကနေ့ အခြေအမြစ်နဲ့တကွ ကိုင်ပြီး သကာလ ၊ ဝတ္ထုသက်သေ သာဓကနဲ့ လုံလောက်အောင်ပြ တဲ့အတွက်၊ ဪ ဒိဋ္ဌိ ရှေ့ထားဖြုတ်ပြီးမှ ဝိပဿနာလုပ်ပါဆိုတာကိုး ဒီ တရားတစ်ပွဲလုံးကပဲ သေသေချာချာမှတ်ဖို့ ရာအရေးဟာ ကြုံလာတယ် (မှန်လှပါ ဘုရား)။

ဘုရားကပြန်မေး လိုက်တယ်၊

ကဲ ဒါဖြင့် ဒိဋ္ဌိဖြုတ်လိုက်တဲ့အခါကျတော့ကို သူဟာ ရဟန္တာဖြစ်သွားတယ်ဆိုတော့ ကိုင်း ဘုရားကပြန်မေး လိုက်တယ်၊ အနုရာဓ သတ္တဝါသေရင် ဖြစ်သေးသလား၊ မဖြစ်တော့ဘူးလား၊ သတ္တဝါသေလို့ရှိရင် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လား၊ သတ္တဝါသေလို့ရှိရင် မဖြစ်သည်မဟုတ်၊ ဖြစ်သေးတယ်ဆိုတဲ့သဘောမျိုးလား လို့ဆိုတော့၊ တပည့်တော် ဒီလိုမဖြေပါဘူးဘုရား တဲ့၊ သတ္တဝါမှ မရှိဘဲနဲ့ သတ္တဝါသေရင်ဖြစ်သေးသလားဆိုတာလဲ တပည့်တော် မဖြေလိုတော့ပါဘူးဆိုပြီး၊ ဒိဋ္ဌိပြုတ်ကြောင်းကို သူသက်သေခံလိုက်တယ် (မှန်လှပါ ဘုရား)။

သတ္တဝါသေရင်မဖြစ်တော့ဘူးလား ဆိုတာလဲ တပည့်တော်ဖြေစရာမရှိပါဘုရား တဲ့၊ သတ္တဝါသေရင် ဖြစ်ချည် တစ်လှည့်၊ မဖြစ်ချည်တစ်လှည့်လား ဆိုတာလဲ တပည့်တော် ဖြေစရာမရှိပါဘူး တဲ့၊ ဒိဋ္ဌိမရှိတဲ့အတွက် သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ ဖြစ်တဲ့သဘောကလေးများရှိသေးသလားလို့မေးတာလဲ သတ္တဝါမှမရှိလို့ တပည့်တော်ဖြေစရာမရှိပါ ဘူးဆိုတော့ ဒိဋ္ဌိပြုတ်တဲ့အဖြေကို သူဖြေထားတယ်၊ အနုရာဓက (မှန်လှပါ ဘုရား)။

ဒိဋ္ဌိပြုတ်တဲ့အဖြေကို သူဖြေပြီး သကာလ ထားတဲ့အတွက် ဒိဋ္ဌိပြုတ်ပြီးမှ သူဟာ ဒီအဖြေထွက်လာတယ်ဆိုသဖြင့် နဂိုက ဒိဋ္ဌိမပြုတ်တာဟာ ပေါ်မသွားဘူးလား (ပေါ်ပါတယ် ဘုရား)၊ အနုရာဓမှာ နဂိုကဒိဋ္ဌိမပြုတ်ခဲ့ဘူးဆိုတဲ့ဥစ္စပေါ် သွားတယ်၊ အဲဒီတင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနုရာဓ မသေမခြင်း တစ်သက်လုံးသာ မှတ်ပေတော့၊ မင်းတို့ခန္ဓာကိုယ်ထဲမှာ ဝဋ်ဒုက္ခဖြစ်နေတာရယ်၊ ဝဋ်ဒုက္ခပျက်နေတာရယ်၊ ဒါပဲရှိတယ် (မှန်လှပါ ဘုရား)။

ဝဋ်ဒုက္ခဖြစ်နေတာရယ်၊ ဝဋ်ဒုက္ခပျက်နေတာရယ်

ဆိုတော့ တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်များမှာ၊ ဪ “ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”လို့ ဘုရားက ဟောထားတဲ့အတိုင်း၊ ဒီဥစ္စာ ခန္ဓာငါးပါးသည်ကားလို့ဆိုလို့ရှိရင်ဖြင့် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ ခန္ဓာငါးပါးပဲ၊

ဝိညာဏ်သာဆိုတယ် ခန္ဓာငါးပါးတွဲဖြတ်တယ်လို့ ပဋိစ္စသမုပ္ပါဒ်မှာလဲ သေသေချာချာမှတ်ရမယ်၊ ဝိညာဏ်ချည်း တစ်ခုတည်းမဖြစ်ပါဘူး၊ ဝိညာဏ်နဲ့ သဟဇာတဖြစ်တဲ့ နာမက္ခန္ဓာ လေးပါးကလဲ ပါတယ် (မှန်လှပါ ဘုရား)။

ဝိညာဏ်နဲ့ သဟဖာတဖြစ်တဲ့ ရုပ်ကလဲ ပါပြီသားဖြစ်နေလို့ “ဝိညာဏ်”လို့ ပဋိစ္စသမုပ္ပါဒ်က ဆိုငြားသော်လည်း ဦးမာဒင်တို့က “သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုတာ ဝိညာဏ်တစ်ခုတည်း ဖြစ်တယ်လို့မယူပါနဲ့၊ “ပဉ္စဝေါကရဘုံ”မှာ ခန္ဓာငါး ပါးနဲ့ ဖြစ်တယ်လို့ယူပါ (မှန်လှပါ ဘုရား)။

စာမို့တန်းပြတာတဲ့ သုတ္တန်နည်းမို့၊ စင်စစ် အဘိဓမ္မာနည်းနဲ့ သေချာဖြစ်စဉ် ကြည့်လိုက်တဲ့အခါ ခန္ဓာငါးပါး ဟာ “ပဉ္စဝေါကာရဘုံ” မှာ မွေးဖွားတဲ့ပုဂ္ဂိုလ်ဟူသရွေ့မှာ၊ အတူတူဖြစ်၍ အတူတူပျက်တယ်ချည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ) သဘောပါပြီနော် (ပါ ပါပြီ ဘုရား)။

အတူတူဖြစ်၍ အတူတူပျက်တာ

အတူတူဖြစ်၍ အတူတူပျက်တာကို သိပြီး သကာလ နေတဲ့အတွက်၊ ခန္ဓာငါးပါးသည် ဝိပါကဝဋ်ကြီးဆိုတာလဲ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဝိဇ္ဇာတည်းဟူသော ကိလေသဝဋ်ကြောင့် သင်္ခါရတည်းဟူသော ကမ္မဝဋ် ဖြစ်တယ်၊ ကမ္မဝဋ်ကြောင့် ခန္ဓာငါးပါးတည်းဟူသော ဝိပါကဝဋ် ပေါ်မလာဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီ ဝိပါကဝဋ်ထဲမှာ သေချာစဉ်းစားကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဝဋ်ဒုက္ခသစ္စာကြီးသာဖြစ်နေတော့ ဖြစ်တာလဲ ဝဋ်ဒုက္ခပဲ၊ ပျက်တာလဲ (ဝဋ်ဒုက္ခပါ ဘုရား)။

ဒါ အနုရာဓကို ဘုရားကဟောတာ (မှန်ပါ့)၊ ဖြစ်တာလဲ ဝဋ်ဒုက္ခ၊ ပျက်တာလဲ (ဝဋ်ဒုက္ခပါ ဘုရား)၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဉာဏ်နဲ့ကြည့်တဲ့အခါကျတော့ ဖြစ်တဲ့ဝဋ်ဒုက္ခနဲ့ ပျက်တဲ့ ဝဋ်ဒုက္ခသာရှိတယ်ဆိုသဖြင့်၊ သတ္တဝါနဂိုမပါဘူး (မပါ ပါ ဘုရား)၊ ဒီအတိုငးသာ ဦးမာဒင်တို့၊ တင်လှတို့က ရှုလိုက်မယ်ဆိုလို့ရှိရင်ဖြင့် အမြန်ပဲရ သွားမယ် (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်ပြီးသား ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ကဲ အနုရာဓ၊ ကိလေသာဝဋ်ကြောင့်ဆိုတာက အဝိဇ္ဇာကကိလေ သဝဋ်၊ အဝိဇ္ဇာပစ္စယာသင်္ခါရကမ္မဝဋ်၊ သင်္ခါရပစ္စယာဝိညာဏံဆိုတော့ ခန္ဓာငါးပါးဟာ ဝိပါကဝဋ် (မှန်ပါ့)၊ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ ဒီထဲမှာ ဝိပါကဝဋ်ဖြစ်မှုနဲ့ ဝိပါကဝဋ်ပျက်မှုပဲရှိရမယ် (မှန်ပါ့)၊ ဒိဋ္ဌိ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား)၊ မဝင်နိုင်ဘူး တဲ့၊ ဒါ အင်မတန် ရှင်းသွားပါပြီ၊ ဖြစ်လာတာလဲ ဝိပါဝဋ်ဖြစ်လာတာ ပဲ၊ ပျက်သွားတာကော (ဝိပါကဝဋ် ပျက်တာပါ ဘုရား)။

ဝိပါကဝဋ်ဖြစ်၍ ဝိပါကဝဋ်ပျက်တာပဲ

ဒါဖြင့် ဝေဒနာလေးဖြစ်တာလဲ ဝိပါကဝဋ်ဖြစ်၍ ဝိပါကဝဋ်ပျက်တာပဲ၊ သညာလေးဖြစ်တာလဲ ဝိပါကဝဋ်ဖြစ်၍ ဝိပါကဝဋ်ပျက်တာပဲ၊ စိတ်ဘက်ကဖြစ်တာလဲ ဝိပါကဝဋ်ဖြစ်၍ ဝိပါကဝဋ် ပျက်တာပဲကွ၊ အနုရာဓ ရ၊ မင်း ဒါမသေ မခြင်း မှတ်ပါ၊ ဘုရားက ဆုံးဖြတ်ချက် ချပေးလိုက်တယ် (မှန်လှပါ ဘုရား)။

မသေမခြင်း မှတ်ပါဆိုတော့ တပည့်တော် ဒီဥစ္စာကို ရှင်းရှင်းလင်းလင်းနဲ့ ဉာဏ်ထဲမှာ ရှင်းပါပြီဆိုတော့မှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာရောက်အောင်ဖြစ်သွားတယ်၊ အဲဒါကြောင့် အခု တရားနာတဲ့ ဒကာ ဒကာမတွေမှာလဲ ကိလေသဝဋ်ကိုလဲ ရှုနေဖို့မလိုပါဘူး၊ ကမ္မဝဋ်ကိုလဲ ရှုမနေပါနဲ့၊ ဝိပါကဝဋ်ကြီး၏ ဆိုးရွားမှုကိုသာ မြင်ဖို့ အရေးကြီးပါတယ် (မှန်လှပါ ဘုရား)။

နို့ ဘာဖြစ်သတုန်းလို့မေးတဲ့အခါ ကျတော့ကိုတဲ့၊ သူက ကျုပ်တို့မှာ အကျိုးတရားဆိုတဲ့ ဝိပါကဝဋ်ကြီးရပြီး သားဖြစ်နေတော့ကို ဒီကနေပြီး မဂ္ဂင်နဲ့ ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်၊ ဒီ အဝိဇ္ဇာကလဲ ကျုပ်တို့ သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်နေလို့ ဝိဇ္ဇာဖြစ်သွားတော့ကို တဲ့၊ နောက် အဝိဇ္ဇာလာသေးရဲ့လား (မလာပါ ဘုရား)။

သင်္ခါရကလဲ အဝိဇ္ဇာမှ မရှိလို့ရှိရင် သင်္ခါရက ပေါ်ခွင့်ရှိပါ့မလား (မရှိပါ ဘုရား)၊ မရှိတော့ကို သင်္ခါရကလဲ မဂ္ဂင်ငါးပါးနဲ့ ရှုလိုက်ရင် သင်္ခါရကလဲ အသင်္ခါရဖြစ်သွားတယ်၊ (မှန်ပါ့)။

အဝိဇ္ဇာကဝိဇ္ဇာဖြစ်

အဝိဇ္ဇာကဝိဇ္ဇာဖြစ်၊ သင်္ခါရက အသင်္ခါရဖြစ်သွားတော့ ပဋိစ္စသမုပ္ပါဒ် ကျုပ်တို့မှာ အစက ပြတ်နေတယ်တဲ့၊ ရှုတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ)၊ မပြတ်သေးဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် အစကပြတ်နေတဲ့ပုဂ္ဂိုလ်မှာဖြင့် သတ္တဝါ၏ ရေသောက်မြစ်ပြတ်တာပဲ (မှန်ပါ)၊ ခန္ဓာ၏ ရေသောက်မြစ် ကော (ပြတ်ပါတယ် ဘုရား)၊ ခန္ဓာ၏ ရေသောက်မြစ် ပြတ်တာပဲလို့ဆိုလို့ရှိရင်၊ ဒီခန္ဓာကြီးဟာ ဝဋ်သစ္စာကြီး၊ ဝဋ်သစ္စာ ကြီး၏ ရေသောက်မြစ်ပြတ်ပါတယ်ဆိုသဖြင့် ကျုပ်တို့မှာ နောက်ဝဋ်ကောင်ပေါ်ဖို့ ဝဋ်ကောင်းဖြစ်ကြောင်း ပေါ်ဖို့ရှိ သေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီ ရှုလိုက်တဲ့ ပုဂ္ဂိုလ်မှာ၊ ဒီဘက်က သတ္တဝါ၏ ရေသောက်မြစ်ဖြစ်တဲ့ အဝိဇ္ဇာချုပ်တယ် (မှတ်ပါ)၊ ဒီဘက်ကတော့ သင်္ခါရလဲချုပ်တယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ အင်း နောက်လာမယ့် ဝိညာဏ် ကော (ချုပ်ပါတယ် ဘုရား)၊ ချုပ်တော့ကို ကျုပ်တို့မှာ၊ ဟော ကိလေသဝဋ်၊ ဟော ကမ္မဝဋ်၊ ဟော ဝိပါကဝဋ်၊ ကျုပ်တို့ ဝိပဿနာလုပ်တဲ့သူမှာ ဝဋ်သုံးပါးကျွတ်သွားတယ် (မှန်လှပါ ဘုရား)။

ဘာကြောင့် ဝဋ်သုံးပါး ကျွတ်ရသတုန်းဆိုလို့ရှိရင် ဟောဒီထဲမှာ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတယ် (မှန်ပါ)၊ ပြုပြင်တတ်တဲ့ သင်္ခါရကလဲ မပါတော့ဘူးတဲ့၊ သင်္ခါရကမပါတဲ့အခါကျတော့ “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့နောက် ပဋိစ္စသမုပ္ပါဒ်အကျိုးတရားပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)။

ဝဋ်ကျွတ် တရားဟေ့

မပေါ်တော့ကို အခု ဆရာဘုန်းကြီး ယနေ့ညဟောနေတဲ့ တရားဟာ အင်မတန်အဖိုးတန်းတဲ့တရား၊ ဝဋ်ကျွတ် တရားဟေ့ (မှန်လှပါ ဘုရား)၊ ဝဋ်ကျွတ်တရားဆိုတော့ ဟောဒီမှာဖြစ် ပျက် ရှုနေတဲ့အတွက် ဖြစ် ပျက်ကိုရှုနေတဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ဆိုတဲ့ ပါဠိကပျက်သွားတယ် (မှန်ပါ့)၊ မပျက်သေးဘူးလား (ပျက်ပါတယ် ဘုရား)။

ပျက်သွားပြီ တဲ့၊ “အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော” ဖြစ်သွားတယ် (မှန်ပါ့)၊ “သင်္ခါရနိရောဓော ခန္ဓာငါးပါး နိရောဓော” ပဉ္စက္ခန္ဓာနိရောဓော မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ထိုကဲ့သို့ ဖြစ်တာကို သေသေချာချာသိနေ သဖြင့် ဪ ဒီအလုပ်မှတစ်ပါး ဝဋ်ပြတ်စေတတ်တဲ့ တရးမရှိပါလားဆိုတာကို ကျုပ်တို့ အကျိုးဘက်ကလဲသိသွားတယ် (မှန်လှပါ ဘုရား)။

အဲဒီတာ့ ဒီအကျိုးဘက်က သိရတာသည် ဘယ်ထိအောင် အဖိုးတန်ပါလိမ့် မလဲလို့၊ ဒီ ဒကာ ဒကာမတွေက မေးလိုက်တဲ့အခါ ကျတော့ ဒီ အကျိုးတရားကို မကောင်းမှန်းသိလို့ ဝဋ်ဒုက္ခသစ္စာကြီးလို့ မကောင်းတာ မကောင်းမှန် သိတာက ဝိဇ္ဇာ ဖြစ်သွားတယ်ဆိုတော့ ကျုပ်တို့မှာ ဝိဇ္ဇာဥဒပါဒိဖြစ်သွားတယ် (မှန်လှပါ ဘုရား)။

ဝိဇ္ဇာဥဒပါဒိ ဖြစ်သွားတဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့၊ အဝိဇ္ဇာချုပ်လို့သာ ဖြစ်သောကြောင့်၊ ဟော အဝိဇ္ဇာက နောက်မနေချုပ်၊ ဟော သင်္ခါရကလဲ အဝိဇ္ဇာမရှိလို့၊ သူကလဲ အမြစ်လဲလို့ အပင်ပါလဲရတယ် (မှန်ပါ့)၊ ဟော အသီး အပွင့်တွေကော သီးနိုင် ပွင့်နိုင်သေးရဲ့လား (မသီးပွင့်နိုင်ပါ ဘုရား)။

ဝဋ်မြစ်တွေဖြတ်လိုက်လို့

မသီးနိုင် မပွင့်နိုင်တာသည် ကျုပ်တို့ ဝဋ်မြစ်တွေဖြတ်လိုက်လို့၊ ဘယ်ဝဋ်မြစ်တုန်းဆိုတော့ ဟော ကိလေသဝဋ် မြစ်လဲ ဖြတ်လိုက်တယ်၊ ဟော ကမ္မဝဋ်မြစ်ကော (ဖြတ်လိုက်ပါတယ် ဘုရား)။

ဝိပါကဝဋ်မြစ်ဆိုတာက သူများပေါမှပေါရမှာ၊ သူ့အကျိုးတရားကြီးက ပြတ်ပြီးသာဖြစ်ပြီး သကာလ နေတော့ ကျုပ်တို့မှာ စိုးရိမ်စရာမရှိတဲ့အလုပ်ဟာ ဒီဝဋ်ဒုက္ခကြီး၏ ဖြစ်မှု ပျက်မှုကို မမြင်တဲ့ပုဂ္ဂိုလ်သာ ဒီဝဋ်ပြန်ဆက်မယ် (မှန်ပ့ါ)၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ပြန်ဆက်မယ်၊ ဒီလိုသိနေတဲ့ ပုဂ္ဂိုလ်မှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ကို အသစ်မတည်ထောင်တဲ့အတွက်၊ အသစ်ခန္ဓာတော့ မရတော့ဘူး၊ အသစ်ခန္ဓာရလို့ရှိရင် ဒီဒုက္ခသစ္စမျိုး ပြန်ရမယ် (မှန်ပါ့)၊ အသစ်ခန္ဓာရစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ဘူးဆိုတာ သေချာသဖြင့် အနုရာဓ မင်းမသေမခြင်းသာမှတ်ပေတော့ ဒိဋ္ဌိဝင်ခန်းကို မရှိပါဘူး၊ သတ္တဝါသေရင် ဖြစ်သေးသလား ဆိုတော့ ဒီအထဲမှာ ဝဋ်ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာမြင်နေတဲ့ပုဂ္ဂိုလ်က သတ္တဝါလို့ စွဲလို့ရသေးရဲ့လား (မရပါ ဘုရား)၊ ဟော ဒိဋ္ဌိက ပြုတ်သွားပြီ (မှန်လှပါ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိလဲ လွတ်မသွားဘူးလား

သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးတဲ့အခါ ကျတော့လဲ သတ္တဝါမှ ဒီထဲမှာ မပါတာ၊ ဝဋ်ဒုက္ခဖြစ်၍ ဝဋ်ဒုက္ခပျက်တာကို သိထားတဲ့အတိုင်း ဥစ္ဆေဒဒိဋ္ဌိလဲ လွတ်မသွားဘူးလား (လွတ်သွားပါတယ် ဘုရား)။

အဲ သတ္တဝါသေရင်ဖြစ်သေးသလားမေးတာက “သဿတ” ဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်မှ မေးတာ (မှန်ပါ့)၊ သတ္တဝါ သေလို့ရှိရင်ဖြင့် မဖြတ်တော့ဘူးလားလို့ မေးတာက “ဥစ္ဆေဒ” ဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်မှသာ မဆုံးဖြတ်နိုင်တာ (မှန်ပါ့)၊ သတ္တဝါ သေရင် ဖြစ်ချည်တစ်လှည့်၊ မဖြစ်ချည် တစ်လှည့်ဆိုတာ “အန္တဂ္ဂါဟိကာ” ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မှ သတ္တဝါသေရင် မဖြစ်သည် မဟုတ် အနည်းငယ်ဖြစ်သေးတဲ့ သဘောပဲလားဆိုတာ “အမရာ ဝိက္ခေပ” ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မှ ဒီလေးချက်မေးတာ (မှန်လှပါ ဘုရား)။

အခုတော့ ဒီလေးချက်ကို သတ္တဝါမှ ကျုပ်တို့က အစောကြီးကပဲ၊ ဝဋ်ဒုက္ခဖြစ်၍ ဝဋ်ဒုက္ခပျက်တာ သိနေက တည်းကိုက သတ္တဝါပျောက်သွားတယ် (မှန်ပါ့)၊ အဲဒီတင် ဒိဋ္ဌိကစင်လို့ အနုရာဓမှာ ဒီဘက်က ဝဋ်ပြတ်ပြီး သကာလ ရဟ-န္တာဖြစ်ရပါတယ် (မှန်လှပါ ဘုရား)။

ဝဋ်ပြတ်မှ ရဟန္တာဖြစ်နိုင်တယ်

ဒါဖြင့် ဝဋ်ပြတ်မှ ရဟန္တာဖြစ်နိုင်တယ်ဆိုကတည်းက ကျုပ်တို့သည် ဝိပါကဝဋ်ကြီးကို ပိုင်ပိုင်နိုင်နိုင်သိပါမှ အားလုံး တရားနာတဲ့ ပုဂ္ဂိုလ်တွေမှာ ဝိပဿနာ ဉာဏ်စခန်း ခရီးပေါက်ပါတယ်၊ ဒီ ဝိပါကဝဋ်ကြီး၏ ဖြစ်ပုံ ပျက်ပုံ ကို မသိသရွေ့ကာလပတ်လုံး ဒိဋ္ဌိရှိနေသေးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဝိပါကဝဋ် ဖြစ်ပုံ ပျက်ပုံကိုမသိရင် (ဒိဋ္ဌိရှိနေပါတယ် ဘုရား)၊ ဒိဋ္ဌိရှိရင် ဝိစိကိစ္ဆာရှိတော့တာပဲ (မှန်ပါ)၊ အဲဒါကြောင့် အနုရာဓကို ဘုရားက သေသေချာချာဆုံးမတာက ဝဋ်ဒုက္ခဖြစ်၍ ဝဋ်ဒုက္ခအပျက်တာကိုသာ မင်း မသေမခြင်းမှတ်ပါဆိုတော့ ပုဂ္ဂိုလ်သတ္တဝါအကုန်စင်သွားပြီ၊ မစင်သေးဘူးလား (စင်ပါတယ် ဘုရား)။

အဲဒါကြောင့် အခုတရားနာတဲ့ ပုဂ္ဂိုလ်တွေမှာ ဒီတရားဟာ ဪ ဒိဋ္ဌိမပြုတ်ဘဲနဲ့ သူအားထုတ်နေတုန်းက တိတ္တိတွေမေးတော့ သူနောက်တစ်ခါ ထပ်မေးရင် ငါခက်တယ်၊ ဘယ်လိုဖြေရမှန်း မသိဘူးဆိုတော့ သူ ဒိဋ္ဌိရှိနေလို့ ဖြစ်နေတာ၊ အနုရာဓမှာ (မှန်ပါ့)၊ ဘုရားသွားလျှောက်တာ ကြည့်ပါလား၊ နောက်တစ်ခါ တိတ္ထိတွေကလာမေးရင် တပည့်တော်ဘယ်လိုဖြေရမှန်းမသိဘူး (မှန်လှပါ ဘုရား)။

ဆိုတော့ သူ့ကိုယ်ပင်လျှင် ဝဋ်ဒုက္ခဖြစ်မှု၊ ဝဋ်ဒုက္ခပျပ်မှုကို ရှုသာနေတယ်၊ ဝဋ်ဒုက္ခအဖြစ် ဒိဋ္ဌိကွာတဲ့အဖြစ်မျိုး ဉာဏ်ရောက်ပြီလား (မရောက်သေးပါ ဘုရား)၊ မရောက်သေးတဲ့အတွက် သူ့မှာ ဒုက္ခရောက်နေတာ (မှန်ပါ့)၊ ပေါ်ကြ ပြီလား (ပေါ်ပါပြီ ဘုရား)။

မူလအကြောင်း ကိုလဲ သတ်တယ်

ဒါဖြင့် အားလုံး ဦးမာဒင်တို့၊ တင်လှတို့ လူစုတွေ ဪ တို့ဆရာဘုန်းကြီးသည် ယနေ့ည ဘယ်လိုကယ်တင် ပါလိမ့် ဘယ်လို ယူဆောင်ပြီး ဘယ်လိုဝဋ်ကျွတ်အောင် လုပ်နေပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် ဟောဒီ မူလအကြောင်း ကိုလဲ သတ်တယ်၊ ဟော ဒုတိယအကြောင်းကိုလဲ သတ်တယ်ဆိုတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီဘက်က အလိုလိုသေတယ်ဆိုရမယ် (မှန်ပါ့)၊ ဝိပဿနာရှုဆိုတာက ဦးမာဒင်တို့က သေချာမှတ်ပေတော့၊ အနာဂတ်အကြောင်းသတ်နေတာဟေ့ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

အနာဂတ်အကြောင်း သတ်တတယ်ဆို တော့ ဟောဒီ အနာဂတ်၊ ဒီနှစ်ကြောင်း သတ်လိုက်တော့ အနာဂတ်အကျိုးလာသေးရဲ့လား (မလာပါ ဘုရား)၊ မလာတော့ ဘူး၊ အနာဂတ်ရှေ့လာမယ့်ဥစ္စာ မလာဘူးဆိုတာ လွန်ခဲ့ပြီးသားကို သတ်တယ်လို့ မယူပါနဲ့ (မှန်ပါ့)၊ ဒါဖြင့် အနာဂတ် အကြောင်း သတ်ချင်လို့ရှိရင်ဖြင့် ပစ္စုပ္ပန်အကျိုးကို ရှုရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဟော ပေါ်လာပြီ (မှန်ပါ)၊ အနာဂတ်အကြောင်း သတ်ချင်လို့ရှိရင် (ပစ္စုပ္ပန်အကျိုးကို ရှုရမှာပါ ဘုရား)၊ ပစ္စုပ္ပန်အကျိုးကို ရှုမှသာလျှင် အနာဂတ်အကြောင်း သေတော့မှာပေါ့ (မှန်ပါ့)၊ ပစ္စုပ္ပန်အကျိုးမှ တွေ့အောင်မရှာနိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဦးမာဒင်တို့ အနာဂတ်အကြောင်း သေလိမ့်မယ်ဆိုတာ အုန်းသီး ဆီဆွတ် မျိုလို့ရ ရမလားပဲ၊ ဒါမသေနိုင် ဘူး (မှန်ပါ့)၊ သေနိုင်ပါ့မလား (မသေနိုင်ပါ ဘုရား)။

မသေနိုင်ဘူးဆိုတာ သဘောပေါက်ကြပြီလား (ပါ ပါပြီ ဘုရား)၊

ဝိပဿနာရှုဆိုတာလည်း

ဒါဖြင့် ဝိပဿနာရှုဆိုတာလည်း ဒိဋ္ဌိကိုအရင် ခွါမှုဆိုတဲ့ဥစ္စာက၊ ဒီ ဝိပါကဝဋ်ကို ရှေးဦးစွာသိဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ဒါ ဝဋ်ဒုက္ခ (မှန်ပါ့)၊ သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။

ဝဋ်ဒုက္ခမှ မသိတဲ့ပုဂ္ဂိုလ်ဟာ သတ္တဝါလို့ သူဆိုမှာဘဲ၊ ဒါ လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာသတ္တဝါ၊ ဖြစ်လိမ့်မယ် (မှန်ပါ့)၊ ဝဋ်ဒုက္ခမသိတဲ့ ပုဂ္ဂိုလ်က (မှန်ပါ့)၊ အခုတော့ ဆရာသမားက ရှင်းပြတော့ ဟော ကိလေသဝဋ်ကွ၊ ဟော ကမ္မဝဋ်ကွ၊ ဟော ဝိပါကဝဋ်ကွလို့ ပြောထားတော့၊ ဪ ဝိပါကဝဋ်ကို ဝဋ်ဒုက္ခရှုရမှာပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကဲ ဝဋ်ဒုက္ခ ရှုလို့ရှိရင်ဖြင့် ဒါ ဝိပဿနာဉာဏ်နဲ့သာ ရှုပေးလို့ရှိရင်ဖြင့် ဝဋ်ဒုက္ခရှုနေတဲ့ ပုဂ္ဂိုလ်လို့သေချာသိ နေလို့ရှိရင် ဒိဋ္ဌိခွါပြီးသား ရှုနေတာလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ကဲ သဘောတော်တော်ကိုပါသွားပြီ (ပါ ပါပြီ ဘုရား)။

ပါသွားပြီတဲ့၊ ဒါဖြင့် အခုအခါမှာ မဂ်မဆိုက်၊ ဖိုလ်မဆိုက်ဖြစ်နေကြတဲ့ ပုဂ္ဂိလ်များ လုပ်လဲလုပ်ကြတာ၊ နှစ်ပေါင်း ၃၀၊ နှစ်ပေါင်း ၂၅နှစ်၊ နှစ်ပေါင်း ၂၆ နှစ် လုပ်ကြလျက်သားနဲ့၊ ဘာကြောင့် ခရီးမပေါက်ကြ ပါလိမ့်မတုန်းဆိုတော့ ဝဋ်ဒုက္ခကို မပေါ်လာလို့ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝဋ်ဒုက္ခရယ်လို့ကို သိတဲ့ဉာဏ်ကမရောက်

ဝဋ်ဒုက္ခရယ်လို့ကို သိတဲ့ဉာဏ်ကမရောက်တော့ ဒိဋ္ဌိက၊ ဒါ ကိုယ့်ကိုယ်ကို ရှုနေတာလို့ ထင်ချင်ထင်နေမှာပဲ ကိုယ့်ကိုယ်လဲမရှိဘူး၊ သူတစ်ပါး ရှုနေရတာပဲလို့ ထင်ချင်လဲ ထင်မှာပဲ (မှန်ပါ့)၊ ထင်တော့ သူတစ်ပါး ရှုတယ်ဆိုတော့လဲ ဒိဋ္ဌိမပြုတ်ဘူး၊

ကိုယ့်ကိုယ်ကို ရှုနေရတယ်ဆိုတော့လဲ (ဒိဋ္ဌိကမပြုတ်ပါ ဘုရား)၊ ဒိဋ္ဌိက မပြုတ်ဘူး၊ အဲဒါခံနေတာ (မှန်လှပါ ဘုရား)။

ဪ ဒါဖြင့် ဆရာမပြနည်းမရဆိုတဲ့ဥစ္စာ၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ယထာဘူတံ ဉာဏာယသတ္တာ ပရိယေသိတဗ္ဗော” ယထာဘူတံ ဒိဋ္ဌိဖြုတ်တဲ့နည်းကို ဉာဏာယ သိဖို့ရန် ဟောတတ်တဲ့ဆရာကို ပရိယေ သိတဗ္ဗော မင်းတို့ ငါမရှိ ရှာဖြစ်အောင်ရှာဟေ့ (မှန်ပါ့)၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ဒါဖြင့် အခု ဦးမာဒင်တို့သိတဲ့အတိုင်း ရောက်လာရင် အရှုခိုင်း၊ ရောက်လာရင် အရှုခိုင်း၊ ဘာမှ ဒိဋ္ဌိကလဲ ဖြုတ်မပေး (မှန်ပါ့)၊ ဝိစိကိစ္ဆာလဲ ဖြုတ်မပေးဘူးဆိုလို့ရှိရင်ဖြင့် တဲ့၊ ဪ ကြိုးသာကုန် မောင်ပုံစောင်းမတတ်ဖြစ်မှာဘဲ (မှန်ပါ့)၊ မဖြစ်ပေဘူးလား (ဖြစ်မှာပါ ဘုရား)။

အခုရှင်းပြလိုက်တော့ ၊ ဟောဒီ ကိလေသာဝဋ်ကြောင့်၊ ဟောဒီ ကမ္မဝဋ် ကျုပ်တို့မှာ အတိတ်က လာခဲ့ရပါတယ် (မှန်ပါ့)၊ ဟောဒီ အဝိဇ္ဇာတည်းဟူသော ကိလေသဝဋ်ကြောင့် ဟောဒီကမ္မဝဋ်ကော မဖြစ်ဘူးလား၊

ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်

ဟောဒီကမ္မဝဋ် ကြောင့် အခု ဦးမာဒင်တို့ ခန္ဓာကိုယ်၊ ဘုန်းကြီးခန္ဓာကိုယ်၊ တင်လှတို့ ခန္ဓာကိုယ်ဟာ ဝိပါကဝဋ်ကြီးဖြစ်နေတယ် (မှန်ပါ့)၊ အဲဒီ ဝိပါကဝဋ်ဖြစ်၍ ဝိပါကဝဋ်ပျက်တာကို သိပါမှ ပုဂ္ဂိုလ်သတ္တဝါပျောက်တယ် (မှန်ပါ့)၊ အင်မတန်အရေး မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ အင်မတန်အရေးကြီးတယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီဝဋ်ကို ပြမပေးဘဲနဲ့လဲ ဝဋ်ဒုက္ခသစ္စာလို့မှ မသိသေးတဲ့ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင် သစ္စာအနုလောမိက ဉာဏ်မှ မရတော့ပံ (မှန်ပါ့)၊ သစ္စာအနုလောမိကဉာဏ် မရလို့ရှိရင် မဂ်ဉာဏ်မရနိုင်ဘူး (မှန်ပါ့)၊ မဂ်ဉာဏ် မရနိုင်လို့ရှိရင် သောတာပတ္တိ ဖိုလ် ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ် ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ် ပုဂ္ဂိုလ်၊ ရဟန္တာ ဘယ်နည်းနဲ့မှ မဖြစ်ဘူးဆိုတာ ငါဘုရား ရဲဝံ့စွာတာဝန်ခံတယ်တဲ့၊ ဝဋ်မသိဘဲနဲ့ ဟောလို့ရှိရင် (မှန်ပါ့)၊ သေပျော်တဲ့တရားဆိုတာလဲ ရိပ်မိပြီလား (မှန်လှပါ ဘုရား)။

ဒါက စာအုပ်ထဲမှာလဲ မပါသေးပါဘူး (မှန်ပါ့)၊ ဒါ အထူးတရားလို့မှတ်ပါ (မှန်ပါ့)၊ အဲဒီတော့ ဆရာ မမှားစေနဲ့ ဆိုတာ ပြောသင့်၊ မပြောသင့်ကို ဦးမာဒင်တို့ ဝေဖန်ကြည့်ပါ (မှန်လှပါ ဘုရား)။

အကျဉ်းအားဖြင့် ၄၄ကြိမ်မှာခဲ့တယ်

ဒိဋ္ဌိကို ခွါပေးတတ်တဲ့ ဟုတ်တိုင်းမှန်စွာ သိအောင်ဟောတတ်သော သတ္တာဆရာကို ပရိယေသိတဗ္ဗော ရှာရစ် ဆိုတာ အကျဉ်းအားဖြင့် ၄၄ကြိမ်မှာခဲ့တယ်၊ အကျယ်အားဖြင့် ၁၇၉၂ကြိမ်မှာခဲ့တယ် (မှန်ပါ့)၊ မှာသင့်၊ မမှာသင့်၊ (မှာသင့်ပါတယ် ဘုရား)။

အခု ဒီအတိုင်းသာ ရှုနေမယ်ဆိုရင် ဦးမာဒင်တို့ ဘုန်းကြီးနဲ့မတွေ့လို့ ဝဋ်ဒုက္ခမိဘဲနဲ့ ကိုယ့်ခန္ဓာကို ဖြစ်ပျက်သာ ရှုနေမယ်ဆို၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာအပင်းက ဝမ်းထဲက ပြုတ်ကိုမပြုတ်ဘူး (မှန်ပါ့)၊ ပြုတ်ပါ့မလား (မပြုပါ ဘုရား)။

မပြုတ်ဘဲနဲ့ လုပ်နေလို့ရှိရင်ဖြင့် အပင်းရှိလျက်နဲ့ ထမင်းစားလဲ ဒီအစာကြေမယ်မဟုတ်ဘူး (မှန်ပါ့)၊ ရေသောက် လဲမကြေပေဘူး၊ ဘယ်တော့ဝေဒနာပျောက်မှာတုန်း (မပျောက်ပါ ဘုရား)၊ ဒီအပင်းကို အရင်ချပြီးတော့မှ၊ အခုနက ဒီဆေးသောက်ရမှာ (မှန်ပါ့)၊ အပင်ချတဲ့ဆေးကို အရင်သောက်၊ ပြီးတော့မှ ပျောက်စေတတ်တဲ့ဆေးနောက်ကလိုက်ရမှာ (မှန်လှပါ ဘုရား)။

အခုတော့ အပင်းချတဲ့ဆေးကိုလဲ မတိုက်ဘဲနဲ့ ပျောက်စေတတ်တဲ့ ဆေးနဲ့သာ ကုမယ်ဆိုလို့ရှိရင် ဒီဆရာဟာ အတော်အကဲခတ်လွဲပြီ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ ဘုရား)၊ ဆိုနိုင်ပါတယ် တဲ့၊ အပင်ချတဲ့ဆေး အရင်ပေးပြီး တော့မှ သူ့ကျန်းမာရေး၊ ချမ်းသာရေးကို နောက်မှ ဓာတ်လေးပါးမျှတဲ့ ဆေးပေးရမှာ (မှန်လှပါ ဘုရား)။

အပင်းချမှမချဘဲနဲ့ ကုနေလို့

အခုတော့ အပင်းချမှမချဘဲနဲ့ ဓာတ်လေးပါးမျှတဲ့ဆေးသာ ပေးနေမယ်ဆိုရင် ရောဂါတန်းလန်းနဲ့ ကုနေလို့ ဒီဆရာဟာ အတော်ဖျင်းတဲ့ဆရာ၊ အတော်နုံချာတဲ့ ဆရာလို့ ဦးမာဒင် စွဲချက်သာတင် (မှန်ပါ့)၊ မတင်ထိုက်ဘူးလား (တင်ထိုက်ပါတယ် ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ကြပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့သည် ဘယ်လိုလုပ်မှ သင့်မယ်ဆိုတာကော၊ အခု ဒီနေ့ညတရားမှာ ရှင်းကြပြီးလား (ရှင်းပါပြီ ဘုရား)၊ ဝိပဿနာ လုပ်တော့မယ်လို့ ကြံရင်ဘာ အရင်ဖြုတ်ရမယ် (ဒိဋ္ဌိအရင်ဖြုတ်ရမှာပါ ဘုရား)၊ ဒိဋ္ဌိအရင်ဖြုတ်ဆို တော့ ဒီကပဋိစ္စသမုပ္ပါဒ်မပြဘဲနဲ့လဲ၊ ဒါဝဋ်ဒုက္ခမှန်းမသိရင်မပြုတ်ဘူး (မှန်ပါ့)၊ ဒီကမှအကြောင်းအကျိုးဆက်မပြလို့ရှိ ရင် ဒါ ဝဋ်ဒုက္ခလို့ မသိသေးသရွေ့ ကာလပတ်လုံးလဲ ဒီခန္ဓာငါးပါးကို ငါပဲ သူပဲ ထင်နေမှာဘဲ (မှန်ပါ့)၊ မထင်ပေ ဘူးလား (ထင်ပါတယ် ဘုရား)။

အဲ ခုတော့၊ ဒီဘက် ပဋိစ္စသမုပ္ပဒါကို ပြလိုက်လို့ရှိရင် ဝဋ်ပဲလို့သိရတယ် (မှန်ပါ)၊ ဒါက ကိလေသဝဋ် ဒါက ကမ္မဝဋ်ဆို ဒါက ဝိပါကဝဋ်ဖြစ်သွားပြီဗျ (မှန်ပါ့)၊ ပုဂ္ဂိုလ်သတ္တဝါ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တော့ဘူးလဲ၊ အဲဒီတော့ ဒီဝဋ်တရားကြီးကိုပင်လျှင် ဘယ်လိုနေပါလိမ့်မတုန်း ကြည့်လိုက်တော့၊ ဪ ဝဋ်တရား စြဖ်၍ ဝဋ်တရားပျက်တာပဲဆိုတော့ ပုဂ္ဂိုလ် သတ္တဝါပြုတ်ထွက်သွားတယ် (မှန်လှပါ ဘုရား)။

ဒီသိမှုကိုမဖျောက်ပါနဲ့၊ ဒီ ရှုမှုကိုလုပ်ပါ

အင်မတန်စေ့သွားပြီ (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် မင်းတို့သည် အခု ဆရာကောင်း သမားကောင်းက သေချာလမ်းညွှန်ပြီး အတွင်းကျကျ ပြောနေတဲ့ တရားဖြစ်နေသောကြောင့်၊ ဦးမာဒင် ဒါသေသည့် တိုင်အောင် ဒီ သိမှုကို မဖျောက်ပါနဲ့ (မှန်ပါ့)၊ ဒီ ရှုမှုကိုလုပ်ပါ (မှန်လှပါ ဘုရား)။

ဒီ ရှုမှုလုပ်တဲ့အတွက် ဒီဘက်က အနာဂတ်ဖြစ်တဲ့ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တွေကော ဘယ့်နှယ်နေတုန်း (ပြုတ်ပြီးသား ဖြစ်ပါတယ် ဘုရား)၊ ပြုတ်ပြီးသား ဖြစ်သွားတော့ ဒါတော့ မင်းတို့သွားကြတော့လို့ဆိုရတာမဟုတ်ပါဘူး တဲ့၊ ရှုမှုနဲ့ ပြုတ်ပါတယ် (မှန်ပါ)၊ ဒီဘက်က သိမှုနဲ့ ဖြုတ်ထားရမယ်၊ ဒီဘက် သိမှုနဲ့ ဖြုတ်မှ ဒီကရှုမှုနဲ့ကပြုတ်တယ် (မှန်ပါ့)၊ သိမှုမရှိဘဲနဲ့ ရှုမှုလုပ်ရင် မပြုတ်ဘူး (မှန်လှပါ ဘုရား)။

အင်မတန်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ အဲဒါကြောင့် ဒီနေ့ ညတရားမှာ ဪ တော်တော် အရေးကြီးတာကို ဘုန်းကြီးပြောနေပါလား ဆိုတာကို ဦးမာဒင် သေချာမှတ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ရပ်ကြစို့၊ နာရီစေ့သွားပြီ။

သာဓု…သာဓု…သာဓု