3002

မာတိကာသို့

”လမ်းခွဲရှာရန်’

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

(၃-၁၂-၆၀)နေ့တွင် အမရပူရမြို့မင်္ဂလာရိပ်သာ ကျောင်းတိုက်၌

ဟောကြား ဆုံးမတော်မူအပ်သော

”လမ်းခွဲရှာရန်’

ည အလုပ်ပေးတရားတော်

မနေ့က ပဋိသန္ဓေဘူတာကို ခန္ဓကိုယ်ရထားတွဲကြီးဝင်ဆိုက်တယ်လို့ ပြောတယ်နော် ဆိုက်လို့ ကောင်းရဲ့လား (မကောင်းပါ ဘုရား) ဒီကနေပြီး ထွက်သွားပြန်တော့ကော အိုတဲ့ဘူတာကို နေပူ လေပူကရိုက်၊ ပရိယေသန ကိစ္စတွေက ရှာရ ဖွေရ၊ ဒီဘူတာကလဲ အိုဘူတာဆိုတော့လဲ သိပြီးသားအတိုင်း မကောင်းဘူး ဒီဘက်ကျတဲ့အခါကျလို့ရှိရင်လဲ အရှက်တကွဲ အကျိုးနည်းဘူတာ၊ အနာကြီးပေါက်ပြီး သကာလ သေနာပေါ်နေတဲ့ဘူတာဖြစ်နေတော့ ဒါလဲ ကောင်းရဲ့လား (မကောင်းပါ ဘုရား)။

ဒီကနေပြီးဆက်သွားပြန်တော့ ဒီခန္ဓာကိုယ်ကြီးဟာ သူ့လမ်းအတိုင်း သွားတာပဲ လမ်းစဉ်အတိုင်းသွားတာပဲ ဘူတာအစဉ်အတိုင်းသွားတာပဲဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

သေ မွဲ ကွဲ ဘူတာ

ဒီကနေပြီး သကာလ ဒီဘူတာဟာ သေ မွဲ ကွဲ ဘူတာဆိုတော့ သေတယ်ဆိုတာလဲ သေရတာပဲ သတ်တဲ့ဘူတာ ကိုး၊ မွဲ ဆိုတာက ကိုယ့်ရှိတဲ့ပစ္စည်း ဘာတစ်တိုတစ်စမှ ကိုယ့်နောက်လိုက်လာတာမှ မဟုတ်ဘဲ၊ ကွဲ ဆိုတာကတော့ ကိုယ့်ချစ်ခင်တဲ့ သား၊ လင်၊ ခင်ပွန်းတွေနဲ့ ကွဲပြီး သကာလ ဒီကျတော့ ဒီအတိုင်းလဲ မနေရဘူး ခေါင်းပြောင်းပြီး သွားရပြန်တယ် ဒီရထားကြီးကနော် (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်ရထားကြီးက ခေါင်းပြောင်းပြီး သကာလ သွားရပြန်တယ် သွားတဲ့အခါကျလို့ရှိရင် ပဋိသန္ဓေဘူတာ ပြန်ဆိုက်တာပဲ (မှန်ပါ) ဒီကဲ့သို့ ဆိုက်နေတော့ တစ်သံသရာလုံးမှာ ဒီဘူတာ “လေးဘူတာ” လှည့်နေတာမှတစ်ပါး ဘယ်မှထွက်သွားစရာလမ်းကိုမရှိဘူး။

အဲဒီတော့ ဒီထဲမှာလဲ စက်ဆုပ်စရာနဲ့ ရွံမုန်းစရာချည်းမှတစ်ပါး ဘာမှမရှိဘူးဆိုတာကို မှတ်ထားပါနော်၊ အဲဒီတော့ ငါနဲ့ အခုတွေ့လာတာ တခြားမဟုတ်ပါဘူး နင်တို့ကို လမ်းခွဲပြမလို ဒါကတော့ နောက်ကနေခဲ့တာကို ပြတာပါ ရှေ့ကိုလဲ ဒီတရားမျိုးကိုအားမထုတ်သေးရင် ဒီအတိုင်းသွားရလိမ့်မယ်ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ဘယ်နေရာလမ်းခွဲရမှာတုန်း

အဲဒီတော့ကို ဘယ်နေရာလမ်းခွဲရမှာတုန်းလို့ မေးတဲ့အခါကျတော့ ပဋိသန္ဓေဘူတာကနေ အိုဘူတာရောက် လာတာ ပထမနေ့ကတရား အိုဘူတာကနေပြီး တစ်ခါနာဘူတာမရောက်ခင် မဂ္ဂင်လမ်းကိုခွဲရမယ်၊ အအိုနဲ့ အနာကြား မှာလမ်းခွဲရှာရမယ်၊ နာမှရှာမယ်ဆိုလဲမရဘူး၊ အခု အိုနေတဲ့အချိန်နဲ့ မနာခင် အိုဘူတာကနေ နာဘူတာ အသွားမှာ မရောက်ခင်လမ်းခွဲရမယ် သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဘယ်အချိန်လမ်းခွဲကြမယ် (အအိုကအနာမရောက်ခင်ပါ ဘုရား) အိုဘူတာက နာဘူတာမရောက်ခင်လမ်းခွဲ ရမှာ နင်တို့က အခု ရောက်လုတဲတဲ ဖြစ်နေတယ်၊ အဲဒီတော့ မရောက်ခင်ခွဲရမှာဆိုတာ ဒီလောက်ဆိုရင် နားလည်ပြီလား (မှန်လှပါ ဘုရား)။

အခု တရားအားထုတ်နိုင်ကြတယ် ဆိုတာက နာဘူတာမရောက်ခင်လေး အိုဘူတာကနေ သွားတော့ သွားတာပဲ နာဘူတာကိုမရောက်ခင်လေးလမ်းခွဲမှာ ဒီနေရာလမ်းခွဲနိုင်ခွဲ မခွဲနိုင်လို့ နာဘူတာကျမှတော့ သေဘူတာသွားရုံပဲ ရှိတော့တယ်၊ ဘယ့်နှယ်မှ မတတ်နိုင်ဘူး (မှန်လှပါ ဘုရား)။

ဒါကြောင့် မနေ့က ပြောခဲ့တယ်၊ လမ်းခွဲပြမယ် လမ်းခွဲပြမယ်လို့ ပြောတော့ အခုလမ်းခွဲသိပြီ အအိုနဲ့အနာ အကူးကြားမှာ ခွဲရမှာ အနာမရောက်ခင်ကြားမှာခွဲရင်ခွဲ မခွဲရင် ဒီခန္ဓာကိုယ်ဟာ တောက်လျှောက် အရင်လမ်းအတိုင်း သွားမယ်ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

အအိုက အနာ မရောက်ခင်လမ်းခွဲလုပ်ရမယ်

ကဲ မင်းတို့ကော ဘယ်ကနေဘယ်လိုလမ်းခွဲလုပ်ရမှာတုန်း (အအိုက အနာ မရောက်ခင်ပါ ဘုရား) မရောက် ခင်လေး ခွဲရမှာ ရောက်မှဆိုရင်တော့ ဘယ်သူတတ်နိုင်သေးသတုန်း (မတတ်နိုင်ပါ ဘုရား)။

ရောက်မှဆိုလို့ရှိရင် ဘယ်သူမှမတတ်နိုင်ဘူး၊ ဒါဖြင့် ဒီမှာ လမ်းခွဲရမယ်ဆိုတော့ ဪ လမ်းခွဲရှိတဲ့နည်းကို သိရလို့ လမ်းခွဲပြမယ့်ဆရာနဲ့လဲတွေ့လို့ မင်းတို့ ဪ လမ်း ဒီနေရာမှာခွဲရင် ရသေးတယ်ဆိုတာ ကလေးဟာ မင်းတို့ အမြတ်ထွက်လာသေးတယ် (မှန်လှပါ ဘုရား)။

နို့မို့လို့ရှိရင် ဒီအတိုင်းနဲ့ပဲ သားရေး၊ သမီးရေး၊ စီးပွားရေးကနေပြီ အိုဘူတာသွား အိုဘူတာကနေနာဘူတာ ဆိုက်တာပဲ ဆိုက်ပြီး သေ မွဲ ကွဲ ဘူတာကနေ ခေါင်းပြောင်းခုတ်ဦးမှာပဲ ဒီအတိုင်းမနေပေဘူးလား (နေပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘယ်ကနေ ဘယ် တင်လှကခွဲရမှာတုန်း (အိုဘူတာက နာဘူတာ မရောက်ခင်ပါ ဘုရား) အနာ မရောက်ခင် ခွဲရမှာကွ၊ စဉ့်ကိုင်က ဒကာရ (မှန်ပါ)၊ ဒီနေရာမခွဲလိုက်တော့ပါဘူး ဆိုလို့ရှိရင်တော့ နာခြင်းဆိုးပြီး သေခြင်းဆိုလာမှာပဲ မလာပေဘူးလား (လာမှာပါ ဘုရား)။

နာခြင်းဆိုးပြီး သေခြင်းဆိုးလာမယ်ဆိုတာ မှတ်ထားတော့ ဒီနေရာမှာ လမ်းရှာပါဆိုတာကို ဆရာဘုန်းကြီးက သတိပေးတယ်၊ ဒီနေရာမှာ လမ်းရှာချိန်ကလေးကလဲ လွတ်လွတ် လပ်လပ် ရှာရတာလားလို့ မေးဖို့လိုလာတယ်၊ လွတ်လွတ်လပ်လပ် ရှာရတယ်လို့ မင်းတို့က အောက်မေ့မနေနဲ့၊ နောက်က အိုဘူတာဆိုတာ အရိုက်အနှက်ခံရင်း ကိုယ့်ဖို့ရှာရမှာပဲ သူကလဲ မအိုပါနဲ့ဆိုလို့ တားလို့ဆီးလို့ ရရဲ့လား (မရပါ ဘုရား)။

အရိုက်အနှက်ခံရင်းရှာရမှာကွ

အဲ အရိုက်အနှက်ခံရင်းရှာရမှာကွ (မှန်ပါ) လွတ်လွတ်လပ်လပ် ရှာချင်လို့တော့မရပါဘူး၊ အရိုက်အနှက်ခံရင်း နေပူ လေပူတွေ၊ ရောဂါဥပဒ်အန္တရာယ်တွေ အနည်းငယ်တော့ ကပ်တာပဲ ရိုက်နှက်နေတာပဲ။

အဲဒီ ရိုက်နှက်နေရင်း မတ္တနဲ့ပဲ ကဲ အိပ်ရာထဲ မလဲသေးဘူးဟ မလဲခင်လေးတော့ လမ်းခွဲရှာမှပဲလို့ ဆိုတဲ့ ဥစ္စာ ရှာတော့မှ မင်းတို့သည် ကိုယ့်ခန္ဓာကိုယ်ကြီးကို ကိုယ်အိုတဲ့ ခန္ဓာငါးပါးကြီးကို ပြန်ကြည့်ရမယ်၊ ပြန်ကြည့်တဲ့အခါကျတော့ ကြည့်တဲ့မဂ္ဂင်လမ်း ပေါ်လာတယ်၊ မဂ္ဂင်ငါးပါးလမ်းပေါ်လာတယ်လို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။

အိုတဲ့ခန္ဓာကြီးကို ဘယ့်နှယ်ကြောင့် အိုပါလိမ့်မတုန်း ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ ခဏခဏ အိုပြီး ခဏခဏ ပျက်စီးနေတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်း ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်းလို့ ခန္ဓာကိုယ်ကိုတွေးပါ တွေးတဲ့အခါကျတော့မှ တွေးလုံးဆိုတာ မဂ္ဂလမ်းခွဲလို့မှတ် ခန္ဓာကိုယ်တွေးလုံးကို ဘာခေါ်ကြမယ် (မဂ္ဂင်လမ်းခွဲပါ ဘုရား)။

အဲ နာမှတွေးမယ်ဆိုတော့လဲ မတွေးနိုင်တော့ဘူး (မှန်ပါ) အိုဘူတာနဲ့ နာဘူတာ မရောက်ခင်လေးတင် တွေးလုံးမဂ္ဂင်လေးပေါ်လာတာပဲ ဒီအချိန်မှာ လမ်းခွဲလေးလာတွေ့တာပဲ (မှန်ပါ)

ဒါ အားလုံးက ဪ ဒီကနေ ခွဲရတယ်ဆိုတာကို ယနေ့ ထူးထူးလည်လည် မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

အိုဘူတာက နာဘူတာ မရောက်ခင် ခွဲမှ

အိုဘူတာက နာဘူတာ မရောက်ခင် ခွဲမှ ရောက်မှဆိုရင်တော့ဖြင့် အရပ်ကူလူဝိုင်းနဲ့ သေနာပေါ်နေတာနဲ့ပဲ ဘာမှ မတတ်နိုင်တော့ဘူး၊ တတ်နိုင်သေးရဲ့လား (မတတ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် စဉ့်ကိုင်က ဒကာကလဲ ထို့အတူပဲ မင်းအခု လမ်းခွဲလေးတွေ့နေတုန်းကို ခွဲလိုက်မှ ဒီအချိန်မှ မခွဲတော့ပါဘူး ဆိုလို့ရှိရင်ဖြင့် အင်း နာဘူတာရောက်မှတော့ ဘယ်ဆရာဖြင့် ကောင်းလိုက်တာ ဘာကောင်းကောင်း မင်း သေ မွဲ ကွဲ ဘူတာသာ တောက်လျှောက်သွားပေတော့။

အဲဒီကနေလဲ ခေါင်းပြောင်းပြီး ခုတ်ပြန်တော့ ပဋိသန္ဓေဘူတာ ပြန်ဆိုက်မှာပဲ တခြားသွားစရာလမ်း ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါကို ဉာဏ်နဲ့ သေချာစဉ်းစားပြီး ကြည့်တော့မှ ဪ လမ်းခွဲပြတဲ့ ဆရာဖြင့် တွေ့ပြန်သေးတယ်ဆိုတာ မင်းတို့ ဝမ်းသာရမယ် (မှန်လှပါ ဘုရား)။

ကဲ လမ်းခွဲပြတဲ့အခါ ကျတော့ကို အလုပ်လုပ်လို့ရှိရင် လမ်းပေါ်လာတာပဲ၊ မင်းတို့ လောကီစီးပွားရှာတဲ့ ပုဂ္ဂိုလ်ဟာ အလုပ်လုပ်လို့ရှိရင် အလုပ်က လမ်းပြသွားတာပဲ အလုပ်မှ မလုပ်တဲ့ပုဂ္ဂိုလ်ကတော့ သူများအစေခံအတိုင်း လုပ်နေမယ် ဆိုလို့ရှိရင်ဖြင့် သုံးကျပ်စားဖြင့် သုံးကျပ်စား၊ ငါးကျပ်စားဖြင့် ငါးကျပ်စား ပြီတော့ အိုပြီး သေနာပေါ်လိုက် သေနာပေါ်ပြီး သေလိုက် ဒါပဲလှည့်ပြီး ခေါင်းပြောင်းပြီး သွားလိုက် ဒီ့ပြင် လမ်းခွဲရှိသေးရဲ့လား (မရှိပါ ဘုရား)။

အလုပ် လုပ်ပြီး လမ်းရှာရမယ်

အဲဒီတော့ကို အလုပ် လုပ်ပြီး လမ်းရှာရမယ်ဆိုတော့ အလုပ်မပါဘဲနဲ့ လမ်းရှာနေလို့တော့ဖြင့် ဘယ်သူမှ တွေ့မှာမဟုတ်ပါဘူး၊ အလုပ်လုပ်ပြီး လမ်းရှာရမယ် ဆိုတာကို သေချာမှတ်ထားကြပါ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဘယ်သူ့အလုပ် လုပ်ရမှာတုန်းလို့ မေးတဲ့အခါကျတော့ကို အိုတတ်တဲ့ ခန္ဓာကြီးကိုပဲ ကြည့်ပေး အိုတတ်တာသည် ခန္ဓာငါးပါးစလုံးရှိတယ်ဆိုတာ မှတ်ထားလိုက်တာပေါ့ အိုတာသည် ခန္ဓာငါးပါးစလုံး အိုတာ တစ်ပါး တည်း အိုတယ်လို့ မှတ်မနေနဲ့ (မှန်လှပါ ဘုရား)။

အဲဒီ ခန္ဓာ ငါးပါး တစ်ပါးပါးကို ဝေဒနာကြိုက်ရင်ဝေဒနာရှု၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ရှုပြီး သကာလ အဖြစ် အပျက်တွေ မြင်လာလို့ရှိရင်တော့ဖြင့် မြင်တဲ့မဂ္ဂင်ဟာ မဂ္ဂင်လမ်းပေါ်လာတာပဲ မြင်တာဟာဘာတုန်း (မဂ္ဂင်လမ်းပါ ဘုရား)။

မဂ္ဂင်ဟာ မဂ္ဂင်လမ်းလို့ ဘုရားမဟောဘူးလား (ဟောပါတယ် ဘုရား)၊

“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဘိက္ခဝေ ရဟန်းတို့၊ အယံ အဂ္ဂေါ ဤရှုပွားတဲ့ မဂ္ဂင်သည်၊ ဧကာယနော တစ်ကြောင်းတည်းနှင့် မအိုရာ မသေရာပို့၏ လို့ ဘုရားက ဟောထားတယ်နော် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီလမ်းတွေ့မှဘဲ မအိုရာ မသေရာဆိုတဲ့ နောက်ထပ်ဆုတောင်းပြည်ထားတဲ့၊ ဒီ အို သေတော့ရှိတာ ပေါ့လေ၊ နောက်ထပ် အိုသေ ခေါင်းပြောင်းခုတ်တဲ့လမ်း မရောက်တော့ဘူး (မှန်ပါ)၊

အို သေသာ တွေ့တော့တယ် ခေါင်းမပြောင်းရတော့ဘူး၊ ဒီလမ်းလိုက်တဲ့ ပုဂ္ဂိုလ်ကလေ အို သေတော့ တွေ့ရတာပေါ့ကွ၊ နောက်ဘဝက လူ့ဘဝ ရ ရပါလို၏ ဆိုတော့ လူအို၊ လူနာ၊ လူသေ ဖြစ်ရပါလို၏က ပါသေးတာကိုး မင်းတို့ဆုထဲက (မှန်ပါ) ပါပြီး သကာလ နေတော့ နောက်ထပ် ခေါင်းပြောင်း မခုတ်ဖို့ရာကို ဒါ လမ်းခွဲပြတာပဲ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒါကတော့ ဒီလဲ (သုံးနံပါတ်ခွက် ညွှန်ပြသည်) ရောက်ဦးမှပဲ ဒီလဲ (လေးနံပါတ်ခွက် ညွှန်ပြသည်) ရောက်မှပဲ ရောက်ပေမယ့် ခေါင်းပြောင်းခုတ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊

မဂ္ဂင်လမ်းအတိုင်း သွားလိုက်တဲ့အခါ

မဂ္ဂင်ရ ထားတဲ့ ပုဂ္ဂိုလ်က (မှန်ပါ) သေတဲ့ ပုဂ္ဂိုလ်သည် မဂ္ဂင်လမ်းအတိုင်း သွားလိုက်တဲ့အခါကျတော့ မဂ္ဂင်သည် တစ်ဖြောင့်တည်းနဲ့ နိဗ္ဗာန်သွားတဲ့လမ်းပဲဆိုတော့ ခန္ဓာကိုယ်ကိုဖြစ် ပျက်ရှုတဲ့လမ်းသည် ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်သည် တစ်ခါတည်း မှတ်ထား နိဗ္ဗာန်သွားတဲ့လမ်း ပေါ်လာတယ် ဆိုတာ ကိုယ်ရှုတဲ့ဉာဏ်ဟာ ကိုယ့်လမ်းပဲ (မှန်လှပါ ဘုရား)။

လောကီ စီးပွားရှာတဲ့ပုဂ္ဂိုလ်ဟာ ဉာဏ်လေး ပေါ်လာလို့ရှိရင် စီးပွားရေးဟာဖြောင့်သွားတာပဲ၊ ဉာဏ်ကလေး မပေါ်လာလို့ရှိရင်လဲ ဒုန်းပဲ တစ်နေ့လဲ ငါးမူးဖြင့် ငါးမူး တစ်ကျပ်ဖြင့် တစ်ကျပ် ဒီအတိုင်း သွားနေမှာပဲ ဉာဏ်ကလေး ပေါ်လာတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ပိုမိုပြီး အမြတ်အစွန်းထွက်သလို ဒီမှာလဲ ခန္ဓာပေါ်၌ ဉာဏ်ကလေးပေါ်လာရမယ် (မှန်လှပါ ဘုရား)။

ဪ ဒီခန္ဓာကြီးဟာ အကောင်းပဲလား၊ အနိစ္စပဲလား၊ နိစ္စပဲလား ဆိုတဲ့ ဉာဏ်ကလေးနဲ့ မွှေနှောက်ကြည့် ရမယ်လို့ ဆိုတဲ့ အဓိပ္ပာယ်ပြထားတယ် (မှန်ပါ)၊ မွှေနောက်ကြည့်တော့ ဘယ်စိတ်ကလေးပေါ်လာလာ၊ ဒီနေ့ပဲ ဟောခဲ့ပါ သေးတယ်၊ ပုထုဇဉ်ဟာ ပုထုဇဉ်စိတ်ပေါ်မယ်လို့မပြောဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒီ ပုထုဇဉ်ပေါ်တွင် စိတ်တွေ ကို မင်းတို့က ရှုပေး၊ ရှုပေးတဲ့အခါကျတော့ ပုထုဇဉ် သန္တာန်ပေါ်လာတဲ့စိတ်က အနိစ္စ၊ ရှုတာက မဂ္ဂဆိုသဖြင့်၊ ဪ မဂ္ဂင်လမ်းဟာ ကိုယ့်ဝမ်းထဲပဲ ပြန်ရောက်လာတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒီလမ်းပေါ်တက်မိအောင်တက်ရ မယ်

အဲ မဂ္ဂင်လမ်း ရောက်လာလို့ရှိရင်ဖြင့် တဲ့၊ ဒီလမ်းပေါ်မှာ ဒီပုဂ္ဂိုလ်ရောက်တယ်လို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ အဲဒီတော့ကို အအိုက အနာမရောက်ခင်၊ (ဒီလမ်းပေါ်တက်ရမှာပါ ဘုရား)၊ ဒီလမ်းပေါ်တက်မိအောင်တက်ရ မယ် တင်လှတို့ လူစုက (မှန်လှပါ ဘုရား)။

အနာကြီးစွဲလို့ နင့် ဆရာဝန်လက်လွှတ်ရမှတော့ မတတ်နိုင်ဘူး၊ ဆရာဝန်လက်လွှတ်ရမှတော့ မရတော့ဘူး၊ ဒီလမ်း သေ မွဲ ကွဲ ဘူတာသွားပြီး ခေါင်းပြောင်းခုတ်ရုံပဲ၊ အခု လမ်းခွဲကို တွေ့ထားတဲ့ ပုဂ္ဂိုလ်ကတော့ ခေါင်းတော့ မပြောင်းရတော့ဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဘူတာနဲ့ ဘယ်ဘူတာကြားမှာလမ်းရှာရမယ်ဆိုတာလဲ ဒီနေ့ပေါ်သွားပြီ၊ ပေါ်သွားတဲ့အခါကျတော့ အခု၊ ဪ တခြားမဟုတ်ပါလား၊ တို့လုပ်နေတဲ့ အလုပ်ဟာ လမ်းခွဲအလုပ်ပါလားဆိုတာ ရှင်းသွားတယ်၊ တို့လုပ်နေတဲ့ အလုပ်ကို ဘာအလုပ်ဆိုကြမယ် (လမ်းခွဲအလုပ်ပါ ဘုရား)၊ လမ်းခွဲပေါ်ကို ရောက်တဲ့ ဉာဏ်အလုပ်ပဲ ဆိုတာမှတ်ထားပါ (မှန်ပါ့)၊ အဲဒီ ဉာဏ်အလုပ်ကို လုပ်လို့ရှိရင်တော့ဖြင့်၊ ဒီတစ်ခါ နာပွဲတော့တွေ့မယ်၊ သေပွဲတော့တွေ့မယ်၊ တွေ့ပေမယ့် ခေါင်းပြောင်းစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ခေါင်းပြောင်းမခုတ်ရလို့ရှိရင်လဲ ဇာတ်သိမ်းတယ်

အဲဒီတော့ ခေါင်းပြောင်းမခုတ်ရလို့ရှိရင်လဲ ဇာတ်သိမ်းတယ်၊ ဇရာသိမ်းတယ်၊ ဗျာဓိသိမ်းတယ်၊ မရဏသိမ်း တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊

ဒါဖြင့် ဇာတ်သိမ်း၊ ဇရာသိမ်း၊ ဗျာဓိသိမ်း၊ မရဏသိမ်းတာသည် “နိဗ္ဗာန်”ပဲ ဆိုတဲ့ ဥစ္စာပေါ်လာတယ် (မှန်လှပါ ဘုရား)။

ခေါင်းမပြောင်းရတော့ မေင်ချစ်စိန်တို့ ဇာတိက စသိမ်းတာပေါ့ (မှန်ပါ့)၊ ဇာတ်သိမ်း၊ ဇရာသိမ်းတော့ဗျာဓိ သိမ်း၊ နောက် မရဏကောမသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။

ဒါ လမ်းခွဲပေါ်တက်မိလို့ကွ၊ လမ်းပြောင်းမိလို့ (မှန်ပါ့)၊ လမ်းသာမပြောင်းမိခဲ့ရင် ဒီလမ်းရိုးကြီးအတိုင်း မင်းတို့သွားနေဦးမှာဘဲ၊ မသွားပေဘူးလား (သွားမှာပါ ဘုရား)။

အဲဒါကြောင့် ခန္ဓာကိုယ်ကို ရှေးဦးစွာ၊ မနေ့ကပြောခဲ့တယ် စောင့်ကြည့်ပါ၊ စောင့်ကြည့်တဲ့အခါကျလို့ရှိရင် ခန္ဓာကိုယ်ကပြောပါလိမ့်မယ်၊ ခန္ဓာကိုယ်က ဘယ်လိုပြောမှာတုန်းလို့ မေးလို့ရှိရင်ဖြင့် တဲ့၊ ခန္ဓာကိုယ်ပြောတာကိုသာ လူတွေက မရိပ်မိဘူး (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်က ဥပမာမယ် ညကြီး အမှောင်ထဲမှာတောင်မှ၊ ယားတယ်ဆိုရင် ယားတဲ့နေရာသွားထောက်တဲ့ လက်ကလေးကရောက်သွားသေးတာပဲ (မှန်ပါ)၊ နားရင် နာတဲ့နေရာသွား စမ်းတာပဲကွ၊ လက်ကမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ စိတ်ကကောမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ စိတ်က အရင်ရောက်တာပေါ့ကွ၊ စိတ်ကအရင်ရောက်ပြီးမှ လက်ကနောက်ကလိုက်ရတာ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

“ဝိပဿနာရှု”ဆိုတာ သူခေါ်ရာ လိုက်ရမှာ

အဲဒီတော့ကို အဲဒီ နာတဲ့နေရာ၊ ယားတဲ့နေရာတွေပေါ်တဲ့နေရာက “ဧဟိပဿိကော”၊ ဧဟိ – လာခဲ့ပါ၊ ပဿ ကျုပ်ကိုရှုပါ လို့၊ သူကခေါ်နေတာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် “ဝိပဿနာရှု”ဆိုတာ သူခေါ်ရာ လိုက်ရမှာ၊ “ဝိပဿနာရှု”ဆိုတာ ဘာတုန်း (သူခေါ်ရာလိုက်ရမှာပါ ဘုရား)၊ “ဧဟိ – လာခဲ့ပါ၊ ပဿ ရှုပါလို့” ဝေဒနာကပေါ်နေရင်လဲ ဝေဒနာကခေါ်တာပဲ၊ ညတောင်လက်သွားသေးတာ ကိုးကွ၊ သူက ဉာဏ်သွားရုံပဲ၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဪ တို့က ဉာဏ်နဲ့မသွားဘဲနဲ့၊ တယ် ကြမ်းပိုးကိုင်သကိုး တယ် ခြင်းကိုက်သကိုး၊ တယ် သွေးဆူသကိုး ယားသကိုး ဆိုပြီး သကာလ ၊ ဒေါသနဲ့သွားလဲ အသွားပဲ “ဧဟိပဿိကော”ပဲ၊ ဉာဏ်နဲ့သွားရင် မဂ္ဂင်နဲ့သွားတာ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဒေါသနဲ့သွားလို့ ရှိရင် အပါယ်သွားတယ်၊ ဉာဏ်နဲ့သွားရင် (မဂ္ဂင်နဲ့သွားတာပါ ဘုရား)၊ ဉာဏ်နဲ့ဖြစ်ပျက် ဆီကိုသွား လို့ ယားတဲ့ဆီသွားသွား၊ ပေါ်တဲ့စိတ်ဆီသွားသွား၊ သွားချင်တဲ့ဆီသွား၊ ဉာဏ်နဲ့သွားမှရမယ်၊ ဉာဏ်နဲ့သွားတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ကိုယ်မသွားခင်က သူကချုပ်နှင့်နေပြီ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ကိုယ်မသွားခင်က ချုပ်နှင့်နေပြီ တဲ့။

ချုပ်နှင့်နေတဲ့အနိစ္စပါလား

အဲဒီတော့ ချုပ်နှင့်တာဖြစ်နေသောကြောင့်၊ ဪ ဒီ ခန္ဓာကြီးက အနိစ္စပါလား၊ ချုပ်နှင့်နေတဲ့အနိစ္စပါလား ဉာဏ်လေးက အဲဒီဘက် လှည့်သွားတော့၊ ဪ ဒါသည် အနိစ္စမြင်တဲ့ ဉာဏ်ပါလားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

အဲဒီလို “ဧဟိပဿိကော”ကို လုပ်ဖြစ်အောင်လုပ်၊ ဧဟိဆိုတာ၊ ဒီဝေဒနာက ခေါ်တာ၊ ဧဟိ-လာခဲ့ပါ၊ ပဿ ကျုပ်ကိုရှုပါလို့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

အဲဒါကလဲ ဘယ်ပုဂ္ဂိုလ်မျိုးမှ ခေါ်သတုန်းဆိုလို့ရှိရင် ဒီလိုစောင့်နေတဲ့ “သန္ဒိဋ္ဌိကော” ပုဂ္ဂိုလ်မှခေါ်တာ၊ စောင့် ပြီးကြည့်နေတဲ့ လာရင်ဖမ်းမယ်တဲ့ ဆိုတဲ့ ပုဂ္ဂိုလ်သာ “ဧဟိပဿိကော” ကလဲခေါ်လိုက်တဲ့အခါ၊ ဗြုန်းခနဲသွားဖြစ်တာပဲ (မှန်လှပါ ဘုရား)။

စောင့်နေတဲ့ပုဂ္ဂိုလ်ကို ဟိုက “သန္ဒိဋ္ဌိကော” ကိုယ်တိုင်တစ်ခါတည်းစောင့်ကြပ်ပြီး ကြည့်နေတဲ့ပုဂ္ဂိုလ်သာ “ဧဟိပဿိကော”လို့ ဝေဒနာကခေါ်တယ်၊ စိတ်ကခေါ်တယ်လို့မှတ်ရမယ်၊ ဟိုက ခေါ်ငြားသော်လည်း စောင့်မနေတဲ့ ပုဂ္ဂိုလ်၊ သူ့လမ်းသူသွားနေတဲ့ပုဂ္ဂိုလ်ကတော့ သွားဖြစ်ပါ့မလား (မသွားဖြစ်ပါ ဘုရား)။

“သန္ဒိဋ္ဌိကော” ကိုယ်တိုင်မြင်အောင်ကြည့်

ဒါဖြင့် “သန္ဒိဋ္ဌိကော” ကိုယ်တိုင်မြင်အောင်ကြည့်ပြီး သကာလ ၊ ကိုယ်တိုင်စောင့်ပြီး သကာလ နေမှ၊ “ဧဟိပဿိကော”ဆိုတဲ့ ခေါ်ရာဆီကို ဖြစ် ပျက်သွားရှုရမယ် (မှန်ပါ့)၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ခေါ်ရာကို ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ် ပျက်ရှုရမယ်နော်၊ “ဧဟိ-လာခဲ့ပါ၊ ပဿ ရူပါ”လို့ ခေါ်ပါလျက်သားနဲ့ မသွားခဲ့လို့ရှိရင် တခြားလူက သွားမယ်ဆိုရင် ဒေါသနဲ့သွားလိမ့်မယ်၊ ဉာဏ်ကသွားဖြစ်ပါ့မလား (မသွားဖြစ်ပါ ဘုရား)။

အဲဒီတော့ အသွားကိုလဲသင်ပြန်တယ် တဲ့၊ ဟေ့ ဒေါသနဲ့မသွားနဲ့ ဉာဏ်နဲ့သွား၊ ဉာဏ်နဲ့သွားတော့ အနိစ္စပြော လိမ့်မယ်၊ ဒေါသနဲ့ သွားလို့ရှိရင်ဖြင့် တစ်ခါတည်း “သက္ကာယ”က ခေါ်တာဖြစ်သွားလိမ့်မယ် နော် (မှန်လှပါ ဘုရား)။

”သက္ကာယ”ဆိုတာ ခန္ဓာငါးပါး

”သက္ကာယ”ဆိုတာ ခန္ဓာငါးပါးကသက္ကာယ (မှန်ပါ့)၊ “သက္ကာယ”က ခေါ်တဲ့ဆီသွားရင် အပါယ်သွားတာပဲ (မှန်ပါ့)၊ “အနိစ္စ” ကခေါ်တဲ့ဆီသွားလို့ ရှိရင်ဖြင့်၊ ဒါ အနိစ္စတွေ့ရမှာဘဲ၊ အနိစ္စတွေ့တာသည် မဂ္ဂင်လမ်းပေါ်တာပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် “သက္ကာယ”က ခေါ်တာကတစ်မျိုး၊ “အနိစ္စ”က ခေါ်တာက တစ်မျိုး၊ ခေါ်တော့ကို “သက္ကာယ”က ခေါ်လို့ရှိရင် လောဘနဲ့သွားတယ်၊ ဒေါသနဲ့သွားတယ်၊ မောဟနဲ့သွားတယ်၊ ဉာဏ်ကခေါ်လို့သွားလို့ရှိရင်ဖြင့် မဂ်နဲ့သွားတယ်လို့ မှတ်ရမယ် (မှန်ပါ့)၊ ဒါဖြင့် မင်းတို့ဘာနဲ့သွားကြမှာလဲ (မဂ်နဲ့ပါ ဘုရား)။

တင်လှ ဘာနဲ့သွားမယ် (မဂ်နဲ့ပါ ဘုရား)၊ မဂ်နဲ့သွားရမယ်ဆိုတာ၊ ဉာဏ်နဲ့သွားပါလို့ဆိုတာပါပဲ၊ ဉာဏ်နဲ့သွားတဲ့ အခါကျလို့ရှိရင်ဖြင့် သွားသည်နှင့် တစ်ပြိုင်နက်တည်းမရှိတာတွေမှာဘဲ နော်၊ အဲ မရှိတာတွေ့တော့၊ မရှိတာက အနိစ္စ၊ တွေ့တာက မဂ္ဂ ဖြစ်သွားတာပဲ၊ မရှိတာက ဘာခေါ်မယ် (အနိစ္စပါ ဘုရား)၊ တွေ့တာက (မဂ္ဂပါ ဘုရား)။

မဂ္ဂဖြစ်သွားတဲ့အခါကျတော့

မဂ္ဂဖြစ်သွားတဲ့အခါကျတော့ ဪ မရှိတောတွေ့အောင် ကိုယ့်ခန္ဓာကြီးမမြဲတာ၊ အနိစ္စတရားမရှိတာကို ဉာဏ်ကလိုက်ရမှာကိုး ဆိုတော့၊ ဪ ကိုယ့်ခန္ဓာကြီးဟာ ကိုယ့်လမ်းခွဲရှာလိုက်လို့ သွားတတ်ပြီ၊ ဉာဏ်နဲ့သွားလို့ရှိရင် ဖြင့် ဒီဥစ္စာအနိစ္စရယ် ရောက်သွားတာပဲ၊ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် သွားတတ်ပြီလား (သွားတတ်ပါပြီ ဘုရား)၊ လောဘနဲ့ သွားမှာလား၊ ဒေါသနဲ့သွားမှာလား၊ မောဟနဲ့ သွားမှာလား၊ ဉာဏ်နဲ့သွားမှာလား (ဉာဏ်နဲ့သွားမှာပါ ဘုရား)၊ အေး “ဧဟိပဿိကော”ခေါ်တဲ့ဆီကို ဉာဏ်နဲ့သွားရမယ်၊ ထိုကဲ့သို့ ဉာဏ်နဲ့သွားလို့ရှိရင်ဖြင့် ဉာဏ်နဲ့သွားတော့ကို၊ ကိုယ့်အသေကိုယ်တွေ့မယ်၊ ဘာတွေ့မှာလဲ၊ (ကိုယ့်အသေပါ ဘုရား)၊ ဒါဖြင့် ကိုယ်အသေက ဝေဒနာကလဲ ကိုယ့်ခန္ဓာကိုး (မှန်ပါ့)။

ဒါဖြင့် ကိုယ့်အသေကအနိစ္စ၊ တွေ့တာက မဂ္ဂဖြစ်သွားတယ်၊ ကိုယ့်အသေက ဘာတုန်း (အနိစ္စပါ ဘုရား)၊ အေး အဲဒီတော့ ကိုယ့်အသေကိုလဲကိုယ်မြင်သောကြောင့် “သန္ဒိဋ္ဌိက”ဖြစ်တယ်၊ ခေါ်ရာကိုလိုက်သောကြောင့်လဲ “ဧဟိ ပဿိက”ဖြစ်တယ် (မှန်ပါ)၊ ကိုယ့်အသေကိုယ်မြင်သောကြောင့် “သန္ဒိဋ္ဌိက” ဖြစ်တယ်၊ ကိုယ်တိုင်မြင်တာကိုး (မှန်ပါ)၊ ခေါ်ရာလိုက်သောကြောင့် “ဧဟိပဿိကော” မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

”သန္ဒိဋ္ဌိကော”နဲ့ ဧဟိပဿိကော”ဆိုတာ ဒီအတိုင်းပါပဲတဲ့၊ ကိုယ့်အသေရှိရာကို ကိုယ်တွေ့နေလို့ရှိရင်ဖြင့် “သန္ဒိဋ္ဌိကော၊ သာမံ ပဿိတဗ္ဗော”တဲ့၊ သူများပြောတာ မဟုတ်ဘူးတဲ့၊ ကိုယ့်ဉာဏ်လေးနဲ့ ကိုယ်အသေကို ကိုယ်မြင်တာ ပဲ (မှန်ပါ့)၊ ဝေဒနာက္ခန္ဓာလေးသေတာ၊ ကိုယ့်ဝေဒနာက္ခန္ဓာသေလို့ ကျန်ခန္ဓာလေးပါးပါ ရောသေတယ်လို့ ယနေ့ဟော ပြီးပေါ့၊ မဟုတ်ဘူး (မှန်လှပါ ဘုရား)။

ကိုယ့်အသေကို ကိုယ်တိုင်မြင်တာက “သန္ဒိဋ္ဌိက”

အဲဒါ ကိုယ့်အသေတွေက မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)၊ အဲဒီလို ကိုယ့်အသေကို ကိုယ်တိုင်မြင်တာက “သန္ဒိဋ္ဌိက”၊ ကိုယ့်အသေရှိရာသို့ ဉာဏ်က လှည့်မိတောက “ဧဟိပဿိက” (မှန်ပ့ါ)၊ ကိုယ့်အသေရှိရာကို ကိုယ်မြင်တာ က”သန္ဒိဋ္ဌိကော”၊ ကိုယ်တိုင်မြင်တာ နော်၊ ကိုယ့်အသေရှိရာကို ကိုယ်သွားမိတာက “ဧဟိပဿိကော” (မှန်လှပါ ဘုရား)။

”ဧဟိပဿိကော”ဖြစ်သွားတယ် တဲ့၊ အဲဒီတော့ “သန္ဒိဋ္ဌိကော”နဲ့ “ဧဟိပဿိကော”ဟာ ကိုယ့်အသေ ကိုယ် မြင်တာကို ဘာခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား)၊ ကိုယ့်အသေကိုယ်မြင်တော့ကို၊ အသေရှိရာကိုသွားမိတာက (ဧဟိ ပဿိကောပါ ဘုရား)။

အဲဒီတော့ မင်းတို့မှာ ဒီနှစ်ခုလိုနေလို့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရတာ (မှန်ပ့ါ)၊ “စန္ဒိဋ္ဌိကော”နဲ့ “ဧဟိပဿိကော” နှစ်ခုကို ဖြိုင်ဖြိုင်လိုက်နေမယ်ဆိုလို့ရှိရင်ဖြင့် မင်းတို့သည် မဂ်အမြဲပေါ်နေသောကြောင့် မဂ္ဂင်လမ်းပေါ်ရောက်နေတာပဲ (မှန်ပါ့)၊ လမ်းခွဲပေါ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကဲ သွားတတ်ကြပြီလား (သွားတတ်ပါပြီ ဘုရား)၊ “သန္ဒိဋ္ဌိကော”ဆိုတာ ဘာတုန်း၊ ကိုယ့်အသေကို ကိုယ်တိုင် မြင်တာ၊ ကိုယ်တိုင်ဆိုတာ ဒီမဂ်နဲ့မြင်တာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ “ဧဟိပဿိကော”ဆိုတာက အသေကပဲ ကျုပ်သေနေပါပြီ ကြည့်စမ်းပါဦးလို့လာပြောတာကို သူကမခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)၊ ခေါ်လို့ သွားလိုက်တော့ ကိုယ်တိုင်မြင်မှာပဲ (မှန်ပါ့)၊ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

သေတာဟာ အနိစ္စပဲ၊ မြင်တာသည် မဂ္ဂပဲ၊

မြင်တော့ သေတာဟာ အနိစ္စပဲ၊ မြင်တာသည် မဂ္ဂပဲ၊ သွားတာသည် မဂ္ဂပဲ၊ မြင်တာလဲ “သန္ဒိဋ္ဌိကော”ဆိုတဲ့ အတိုင်း၊ ဒီဉာဏ်ဆိုတာပဲနော် (မှန်ပါ့)၊ “ဧဟိပဿိကော”ဆိုတာ ပဿ ရှုတာလဲ ဉာဏ်နဲ့ရှုတာပဲ ဒါကြောင့် မင်းတို့ တရားဂုဏ်တော်တွေက၊ တရားကတော့ခေါ်ပါရဲ့ မင်းတို့က မသွားတတ်လို့ ခက်နေတာ၊ တရားကတော့မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

”သန္ဒိဋ္ဌိကော” ကိုယ်တိုင်မြင်အောင်ကြည့်စမ်းပါ၊ ကိုယ်တိုင်မြင်အောင်ကြည့်စမ်းပါ၊ ကျုပ်သေနေပါတယ်၊ လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒါ နင်တို့က မသွားမိလို့ရှိရင် “ဧဟိပဿိကော” အလုပ်လက်လွတ်သွား တယ်လို့မှတ်ရမယ် (မှန်လှပါ ဘုရား)။

အဲဒီ “ဧဟိပဿိကော” လက်မလွတ်လို့ရှိရင်ဖြင့်၊ တစ်ခါတည်း “အတ္တနော စိတ္တံ ဥပနေတဗ္ဗော” ဆိုတဲ့အတိုင်း “ဩပါနေယျိကော”ဆိုတော့၊ မိမိစိတ်ကိုပဲ မိမိစိတ်ဟာ၊ မိမိစိတ်ကို ဆွဲဆောင်တယ်၊ အနိစ္စက ဆွဲဆောင်သွားတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အနိစ္စက ဆွဲဆောင်သွားတာနော်၊ “ဩပါနေယျိကော” “အတ္တနောစိတ္တံ ဥပနေတဗ္ဗော”ဆိုတာ မိမိစိတ်ကို အနိစ္စကဆွဲဆောင်တဲ့ဆီကို လိုက်နေပါ၊ ကြာတော့ အနိစ္စက ဆွဲဆောင်ရာကို၊ တို့က လိုက်ပါများပြီး သကာလ နေပြီဆိုမှ ဖြင့် “ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ”ဆိုတော့၊ ပညာရှိဖြစ်သွားပြီ တဲ့။

ဆွဲဆောင်တိုင်းသာ လိုက်နေမယ်ဆိုရင် ပထမမဂ်လဲရမှာဘဲ၊ ဒုတိယမဂ်ကော (ရမှာပါ ဘုရား)၊ တတိယမဂ်ကော (ရမှာပါ ဘုရား)၊ စတုတ္တမဂ်ကော (ရမှာပါ ဘုရား)၊ အေး အသီးသီး ခံစားရတော့မှာဘဲတဲ့၊ ပထမမဂ်လဲ ကိုယ်ခံစားရ မှာဘဲ၊ ဒုတိယမဂ်လဲ ကိုယ်ခံစားရမှာဘဲ၊ တတိယမဂ်လဲ ကိုယ်ခံစားမှာဘဲ၊ စတုတ္ထမဂ်လဲ ကိုယ်ခံစားရမှာဘဲ တဲ့၊ အဲဒီ တော့ “သန္ဒိဋ္ဌိကော” ခေါ်ရာကို “ဧဟိပဿိကော”နဲ့သာ လိုက်လို့ရှိရင်ဖြင့် ကိုယ်ခံစားရတဲ့အကျိုးဟာ တစ်ခါတည်းလာ မှာဘဲ၊ ဘယ်လိုမခံစားရသတုန်းဆိုတော့၊ နောက်ထပ် အို နာ သေ လာသေးရဲ့လား (မလာတော့ပါ ဘုရား)။

ဒီဘဝတစ်ခါပြီးရင် နောက်ထပ် အို နာ သေ မလာတော့ဘူး၊ အို နာ သေ မလားလို့ရှိရင်ဖြင့်၊ ဪ ကိုယ့် အအိုလွတ်၊ အနာလွတ်၊ အသေလွတ်ကို၊ ကိုယ်ကိုယ်တိုင် ခံစားရတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုယ်တိုင်မြင်အောင်ရှုဖို့အရေး ကြီးတယ်

ဒါဖြင့် ဒီနေ့ တရားမှာ၊ ဘာအရေးကြီးပါလိမ့်မတုန်းဆိုတော့ “သန္ဒိဋ္ဌိကော”ကိုယ်တိုင်မြင်အောင်ရှုဖို့အရေး ကြီးတယ်၊ ရှုရင် “ဧဟိပဿိကော”ဖြစ်တာပဲနော် (မှန်ပါ့)၊ “ဩပါနေယျိကော”တဲ့၊ မိမိစိတ်ကို ဒီက အနိစ္စတွေကမဆွဲ ဘူးလား (ဆွဲပါတယ် ဘုရား)၊ ဒါဖြင့် ဆွဲတဲ့ဆီလိုက်ရုံပဲ၊ ဆွဲတဲ့ဆီတစ်ခါတည်း ဒီစိတ်က အနိစ္စနဲ့ကို နီးကပ်နေအောင်လုပ် ပြီး သကာလ နေလိုက်စမ်းပါ၊ ထိုကဲ့သို့ နေလို့ရှိရင်ဖြင့်၊ အနိစ္စနဲ့ မဂ္ဂနဲ့ချည်းမနေပေဘူးလား (နေပါတယ် ဘုရား)။

အနိစ္စနဲ့မဂ္ဂနဲ့ချည်းနေတာ ဒီ မဂ်ဟာ ရှုပါများလာလို့ရှိရင် လောကီမဂ်က လောကုတ္တရာမဂ်ဖြစ်ရမှာပဲ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ လောကီမဂ်က ငါးပါး၊ လောကုတ္တရာမဂ်က ရှစ်ပါးဖြစ်လာမှာဘဲ၊ အဲဒီတော့ ရှုပါများလာတဲ့ အခါကျလို့ရှိရင် ရှစ်ပါးဖြစ်မယ်၊ ရှစ်ပါးဖြစ်လို့ရှိရင် ဒီခန္ဓာပျောက်လိမ့်မယ်၊ ခန္ဓာငါးပါးဘာဖြစ်မှာတုန်း (ပျောက်မှာပါ ဘုရား)။

ရှစ်ပါးဖြစ်လို့ ခန္ဓာငါးပါး ပျောက်သွားလို့ ရှိရင်ဖြင့်၊ ခနက အသေခေါ်တဲ့ နေရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိဘူး၊ ဪ အသေလွတ်တဲ့နေရာလဲ ကိုယ်တိုင်မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

အဲဒါလဲ “သန္ဒိဋ္ဌိကော”ပဲ တဲ့၊ ကိုယ်တိုင်သွားလို့ အသေလွတ်တဲ့နေရာလဲ ကိုယ်တိုင်ရောက်သွားတာပဲ၊ အသေရှိ တဲ့ဆီကိုသွားမှ အသေမုန်း၊ အသေရွံ၊ အသေမလိုချင်မှ အသေလွတ်တဲ့ဆီလဲ ကိုယ်တိုင်မြင်ပြီး ကိုယ်တိုင်ရောက်မှာဘဲ၊ နို့မို့ရင် ရောက်နိုင့်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။

ပထမတော့ အသေတွေက ခေါ်တာပဲ တဲ့၊ နောက်ကျလာတဲ့အခါကျလို့ရှိရင်ဖြင့် အသေတွေက ချုပ်ငြိမ်း၊ ရုပ်သိမ်းသွားတဲ့ အခါကျတော့ အနောဘက်ကခေါ်တယ်လို့ မှတ်ရမယ် (မှန်ပါ့)၊ ပထမတော့ ဘယ်ကခေါ်မှာတုန်း (အသေကခေါ်မှာပါ ဘုရား)၊ နောက် ရှုပါများလာတော့ (အနေဘက်ကခေါ်မှာပါ ဘုရား)။

အနိစ္စကခေါ်တယ်လို့မှတ်ပါ

အသေဘက်ကခေါ်ရင် အနိစ္စကခေါ်တယ်လို့မှတ်ပါ (မှန်ပါ့)၊ အနေဘက်ကခေါ်လို့ရှိရင် မဂ္ဂင်ရှစ်ပါးပြည့်စုံ လို့ အနေဘက်က နိဗ္ဗာန်က ခေါ်တယ်လို့မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် အနိစ္စက ခေါ်တဲ့ဆီသွားမှ နိစ္စတွေ့မှာဘဲ၊ အနိစ္စအဆုံးမှာမှ နိစ္စနိဗ္ဗာန်ရှိတယ် (မှန်ပါ)၊ ဒုက္ခအဆုံးမှာမှ သုခ နိဗ္ဗာန်ရှိတယ်၊ အနတ္တဆုံးသွားတဲ့အခါကျတော့မှ အနတ္တနိဗ္ဗာန်ရှိတယ်ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ယနေ့ည လုပ်ရမှာက၊ ကိုယ်တိုင်မြင်အောင်ဖြစ် ပျက်ဆီကိုသွားပါ၊ သူတို့ကတော့ ခေါ်နေတယ်၊ မိမိ စိတ်က လိုက်ဖြစ်အောင် လိုက်ပါ၊ အကျိုးထူးခံစားရပါလိမ့်မယ်၊ အကျိုးထူး ခံစားရမယ်ဆိုတာ နောက်ခေါင်းပြောင်းပြီး ခုတ်တရာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲ ခေါင်းပြောင်းပြီး ခုတ်စရာမရှိတာသည် သေသေချာချာမှတ်ပါ၊ ကိုယ့်အကျိုး ခံစားရတာ (မှန်လှပါ ဘုရား)။

ဒါ ဝိပဿနာအလုပ် လုပ်လို့၊ “သန္ဒဋ္ဌိကော”လုပ်လို့၊ “ဧဟိပဿိကော”လုပ်လို့၊ “ဩပါနေယျိကော”လုပ်လို့၊ “ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ”ဆိုတဲ့အတိုင်း၊ ဝိညူဟိ ပညာရှိတို့သည်၊ ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ”ဆိုတဲ့အတိုင်း၊ ဝိညူဟိ ပညာရှိတို့သည်၊ ပစ္စတ္တံ အသီးသီး၊ ဝေဒိတဗ္ဗော ခံစား၏ ဆိုတော့ ပထမမဂ်နိဗ္ဗာန်လဲ သူခံစားရတာပဲ၊ ဒုတိယမဂ်နိဗ္ဗာန် ကော (ခံစားရပါတယ် ဘုရား)၊ အဲ ရှုတဲ့ပုဂ္ဂိုလ်ခံစားရတယ် တဲ့၊ မရှုတဲ့ ပုဂ္ဂိုလ်ခံစားရတယ်လို့များလာရဲ့လား (မလာပါ ဘုရား)။

အဲဒါ သေချာစဉ်းစားကြည့်တော့မှ၊ ဪ ငါ့မှာ တခြားလဲမှတ်စရာ မရှိပါလား၊ ငါလဲရပြီးသားဖြစ်တဲ့ သဂဝတာ မြတ်စွာဘုရားသခင်သည်၊ ဓမ္မော တရားတော်ကို၊ သွာကွာတော ကောင်းစွာ ဟောတော်မူတယ်။

ဘုရားက ကောင်းစွာဟောထားတာပဲ၊ ဘယ်လိုဟောထားတုန်းဆိုတော့ “သန္ဒိဋ္ဌိကော”ဖြစ်အောင်လုပ်၊ အသေကို ကိုယ်တိုင်မြင်အောင်လုပ်ပါနော် (မှန်ပါ့)၊ “ဧဟိပဿိကော” ဖြစ်အောင် လုပ်ပါတဲ့၊ အသေရှိတဲ့ဆီကို သွားဖြစ်အောင် သွားပါ “အတ္တနော စိတ္တံ ဥပါနေတဗ္ဗော” မိမိစိတ်က ဘယ်မှ မပြေးစေနဲ့ တဲ့၊ ဒီအသေရှိတဲ့ ဆီပဲသွားနေတဲ့ နော် (မှန်လှပါ ဘုရား)။

အသီးသီးကိုယ်ခံစားရမှာဘဲ

”ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”တဲ့၊ ဒီလိုသာဆိုလို့ရှိရင် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဆိုတာ အသီးသီးကိုယ်ခံစားရမှာဘဲ၊ ကိုယ်ခံစားရလို့ရှိရင်ဖြင့် တဲ့၊ ခုနက ခေါင်းပြောင်းပြီးသွားစရာလမ်း ဟာ ဆုံးသွားတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီနေ့ တရားနိဂုံးချုပ်လိုက်မယ်၊ အအိုကအနာမရောက်ခင်ကို တရားဂုဏ်တော်ခြောက်ပါးနဲ့အလုပ် လုပ်ပါ (မှန်ပါ့)၊ အအိုက အနာမရောက်ခင် (တရားဂုဏ်တော်ခြောက်ပါးနဲ့အလုပ် လုပ်ရမှာပါ ဘုရား)၊ တရားဂုဏ်တော် ခြောက်ပါးနဲ့အလုပ် လုပ်လိုက်လို့ရှိရင်ဖြင့် ခါတိုင်းလှည့်နေကျ လမ်းကြီးဟာ၊ ခေါင်းပြောင်းပြီး ခုတ်တဲ့ ဇာတ်ဟာ အကုန်သိမ်းတယ်လို့ ဆုံးဖြတ်ချက်ချနိုင်ပြီလား (ချနိုင်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒီတင်တော်ပါဦး၊ နာရီဝက်ပြည့်ပြီ။

သာဓု…သာဓု…သာဓု