အဘိဏှသုတ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား အမရပူရမြို့
မင်္ဂလာရိပ်သာ ကျောင်းတိုက်၌
ဟောကြား ဆုံးမတော်မူအပ်သော
”အဘိဏှသုတ်”
ည အလုပ်ပေးတရားတော်
ခန္ဓာကိုယ်ကြီးဟာ ရထားကြီးနဲ့ တူတယ်
ဒီ ခန္ဓာကိုယ်ဟာ ခန္ဓာငါးပါး၊ အခု တရားနာနေတဲ့ ရုပ် နာမ်တရား၊ ဒီ ခန္ဓာကိုယ်ကြီးဟာ ရထားကြီးနဲ့ တူတယ်လို့ မှတ်ထားရမယ်၊ သူသည် ရထားဆိုလို့ရှိရင် ဘူတာအစဉ်ဆိုက်ရတော့မယ်ဆိုတာ ရထား၏ ဝတ္တရား။
ရှေးဦးစွာ တင်လှ တို့ ဘယ်ဆိုက်လာသတုန်းလို့ မေးလို့ရှိရင်ဖြင့်၊ နင်တို့၏ ခန္ဓာကိုယ်ဟာ ဒီ (ပုံစံခွက်ချပြသည်) ပဋိသန္ဓနေတဲ့ အမိဝမ်းခေါင်းဘူတာ ဝင်ဆိုက်တယ်၊ ဒါ ဘယ်ဘဝက လာလာ၊ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာသမားကတော့ ဒီဘူတာလာဆိုက်တာပဲ။
ပဋိသန္ဓေဘူတာ
ဒီဘူတာလာဆိုက်တော့ ဒီဘူတာကလဲ ပဋိသန္ဓေဘူတာ ဆိုတာက တို့ နေခဲ့ရတာဟာ ထိုင်ရတာကကျင်ကြီး၊ ခေါင်းပေါ်က ရွက်ရတာက အမိစားသောက်တဲ့ အစာအဟာရတွေ၊ ဒီထဲမှာ ပဋိသန္ဓေ နေရတယ်၊ အမိကျောဘက် မျက်နှာမူရတယ်၊ ဪ ဒီဘူတာကို ရှေးဦးစွာလဲ ဆိုက်ရသေးတယ်၊ ထိုင်ရတာကကျင်ကြီး၊ ခေါင်းပေါ်မှာ အရေတစ်စက်စက်နဲ့ကျနေတာတွေက အမေစားသောက်လိုက်တဲ့ အစာသစ်တွေ၊ အူထဲကတစိမ့်စိမ့် အရေတွေ ယိုကျပြီး သကာလ နေတယ်။
ဒီ သားကောင်လေးဟာ၊ အမိဝမ်းခေါင်းထဲမှာ ထိုင်ရတာကော ကောင်းရဲ့လား (မကောင်းပါ ဘုရား)၊ အပေါ်က ကျတာတွေကော (မကောင်းပါ ဘုရား)၊ အပေါ်ကကျတာတွေကလဲ မကောင်းတော့၊ ဪ ဒီဘူတာ ဝင်ဆိုက်ရတာ ပဋိသန္ဓေဘူတာ ဝင်ဆိုက်ရခြင်းဟာ ဒုက္ခရောက်ဖို့ ဝင်ဆိုက်တာပဲ၊ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)။
ဒုက္ခရောက်ဖို့ ဝင်ဆိုက်တာပဲဆိုတာ သေသေချာချာမှတ်ပါ၊ ဒါဖြင့် လူ့ဘဝအစ ပဋိသန္ဓေဘူတာကစရတာပဲ၊ ခန္ဓာကိုယ်ရထားကြီး ပဋိသန္ဓေဘူတာ ဝင်ဆိုက်တော့ ဒီဘူတာမှာ ကျက်သရေမင်္ဂလာများ တွေ့ပါရဲ့လားလို့မေးရင် ဘယ့်နှယ် ပြောကြမှာလဲ (မတွေ့ပါ ဘုရား)။
ထိုင်ရတာ ကျင်ကြီးအပေါ်၊ အမေစားသောက်တဲ့ အစာအဟာရတွေ၊ အစာအသစ်တွေက အရေတစ်စက်စက်နဲ့ ယိုကျနေတယ်၊ ကလေး၏ခေါင်းပေါ်မှာပဲကျတယ်၊ သူဟာ အမိ၏ ကျောဘက်ကိုလဲ မျက်နှာမူနေရသေးတယ်၊ အသက်ကလဲ မရှုရဘူး၊ ရွေ့ကလဲမရွေ့ရဘူး၊ ဒူးနှစ်လုံးပေါ်၌ လက်နှစ်ခု ထောက်ပြီး သကာလ ခေါင်းပေါ်မှာ လက်နှစ်ခု အုပ်ထားရတယ် ယှက်ပြီးတော့ (မှန်လှပါ ဘုရား)။
ဘယ်လောက်နေရမှာတုန်း ဆိုလို့ရှိရင်ဖြင့် ကိုးလခွဲ ဆယ်လနေရမယ်၊ ကိုးလခွဲ ဆယ်လနေရမယ်ဆိုတော့ နင်တို့ အခုခဏလေး၊ ငါ နာရီဝက် တရားပြမှာတောင်မှ ဟိုရွေ့ချင် ဒီပြောင်းချင် ဒီလိုဖြစ်ပြီး သကာလ နေသေးတာ ကိုးလခွဲ ဆယ်လ ဒုက္ခရောက်ရမယ်၊ မရွေ့မပြောင်းရဘူးဆိုတော့ သာမညဒုက္ခလား အကြီးအကျယ်ဒုက္ခလားဆိုတာကို အကဲခတ်ကြည့်တာပေါ့ (အကြီးအကျယ်ဒုက္ခပါ ဘုရား)။
သစ္စာမသိတဲ့ပုဂ္ဂိုလ်မှ ရောက်တာ
အဲဒါ လူ့ဘဝ ရရပါလို၏လို့ ဆိုပြီး သကာလ ဒီဘူတာဝင်ဆိုက်လိုက်တာ လူ့ဘဝအစ ပဋိသန္ဓေဘူတာက စဆိုက်တာပဲ၊ ဒီခန္ဓာကိုယ်ဟာ ကံကနေပစ်ထည့်လိုက်တာ ဒီဘူတာကို အရင်ပစ်ထည့်လိုက်တဲ့အတွက် ဒီဘူတာဟာ သစ္စာမသိတဲ့ပုဂ္ဂိုလ်မှ ရောက်တာ။
”ဇာတိပိဒုက္ခသစ္စံ”ဆိုတာ မသိတဲ့ပုဂ္ဂိုလ်မို့ရောက်တာ၊ ဘယ်ပုဂ္ဂိုလ်ရောက်ပါလိမ့် (မသိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)၊ ဘာမသိတာပါလိမ့် (သစ္စာမသိတာပါ ဘုရား) “ဇာတိပိဒုက္ခသစ္စံ” မသိတာ။
ဇာတိပိ ပဋိသန္ဓေနေရတဲ့ ဒီဘူတာမှာ ဆိုက်ကပ်ရခြင်းသည်လည်း ဒုက္ခံ ဒုက္ခသစ္စာပဲလို့ မသိတဲ့ပုဂ္ဂိုလ်မို့ ၊ ဒီဘူတာဝင်ဆိုက်ရတာ၊ ဇာတိမရှိတဲ့ပုဂ္ဂိုလ်တွေ ဘုရားကိုယ်တော်မြတ်ကြီးနှင့်တကွ ကုဋေရှစ်ဆယ်နှင့် ဗိုလ်ခြေတစ်သိန်း ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီဘူတာတွေကို မဆိုက်တော့ဘဲ သွားကုန်ကြပြီ၊ အဲဒါ သစ္စာသိတဲ့ပုဂ္ဂိုလ်တွေကတော့ ဒီဘူတာကို မဆိုက်ဘူး၊ တစ်ခါဆိုက်ပြီး နောက်ကျတော့ ဒီဘူတာမျိုး ဘယ်တော့မှ ပြန်လှည့်ပြီး သကာလ ဆိုက်ဖို့ရာကို တွေးတော မြော်မြင်ခြင်းမရှိတော့ဘူးလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
တို့ ဒကာ ဒကာမတွေက မိုက်လက်စ မသတ်သေးလို့ ဒီဘူတာပြန်ဆိုက်နေရတယ်၊ ဒီတစ်ခါ ရှေ့ ဒီဘူတာမျိုး ဆိုက်ရဦးမယ်ဆိုလို့ရှိရင်၊ ဘယ်မှာကျက်သရေမင်္ဂလာတိုးစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ အဲဒါ ဒေါ်ကုမ္မာရ တို့က မှတ်ရမယ်၊ ဪ မသိသော ပုဂ္ဂိုလ်တို့၏ ဆိုက်ရာဘူတာပါလားဆိုတာ မှတ်ထားရမယ် (မှန်ပါ)၊ ဘယ်ပုဂ္ဂိုလ်တို့၏ (မသိသောပုဂ္ဂိုလ်ပါ ဘုရား)၊ ဘာမသိတာတုန်း (သစ္စာမသိတာပါ ဘုရား)၊ ဘာသစ္စာမသိတာတုန်း (ဇာတိပိဒုက္ခသစ္စာ ပါ ဘုရား)။
”ဇာတိပိဒုက္ခသစ္စံ” ကြားမှမကြားဖူးဘူး၊ သိမှမသိဖူးတဲ့ ပုဂ္ဂိုလ်တို့၏ ဒုက္ခရောက်ရာဌာနဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ “ဇာတိပိ ဒုက္ခသစ္စံ” ဒီဘူတာ လာဆိုက်တာကို ဆိုတာကွ၊
သစ္စာမသိခဲ့တဲ့ပုဂ္ဂိုလ်တို့၏တည်ရာဌာန
ဪ ဒီဘူတာက ကျင်ကြီးစော်ကနံ၊ ချဉ်ဖတ်တွေကလဲနံ၊ နေရထိုင်ရတာလဲ ကျဉ်းမြောင်းလိုက်တာ ဘယ်နှစ်လနေရမှာလဲဆိုတော့ လူတစ်ယောက် ပဋိသန္ဓေနေတာ ခုနှစ်လခွဲရှိတယ်၊ ကိုးလခွဲ ဆယ်လလဲရှိတယ်။
ဒါ အခု နင်တို့က ပြန်မေ့ပစ်ကုန်တဲ့အတွက်တဲ့ ဒီဥစ္စာ အခုအဝိဇ္ဇာက ဖုံးထားတော့ ကိုယ်ဘယ်က လာမှန်းလဲ မသိဘူး၊ ဘယ်ကိုသွားမှန်းလဲ မသိဘူး၊ အဲဒီလိုဖြစ်ပြီး သကာလ နေတာဟာ သစ္စာမသိခဲ့တဲ့ပုဂ္ဂိုလ်တို့၏တည်ရာဌာန၊ ရောက်ရာဌာန၊ နေရာလို့မှတ်ထားရမယ်။
ကဲ ဒီဘူတာကို ဘယ်သူ ပြန်ဆိုက်ချင်သေးသတုန်းလို့၊ မင်းတို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေကို မေးရင် ဘယ့်နှယ် ဖြေကြမှာတုန်း (မဆိုက်ချင် ဘုရား) မဆိုက်ချင်ပေမယ့် မင်းတို့သည် ဒီဘူတာကို ဒုက္ခသစ္စာလဲမသိ၊ ဒီဘူတာ ရောက်ကြောင်း အလုပ်တွေကို လုပ်နေကြမယ် ဆိုလို့ရှိရင်လဲ ဆိုက်ရမှာပဲ မဆိုက်ချင်လို့ကို မနေရဘူး(မှန်ပါ) ဆိုက်ရမှာ ပဲဆိုတာ မှတ်ထားရမယ်။
အဲဒီတော့ ဇာတိဘူတာ လာဆိုက်တာပဲ ပဋိသန္ဓေဘူတာလာဆိုက်တာ ဒီဘူတာလာဆိုက်တဲ့ပုဂ္ဂိုလ်ဖြင့် ကျင်ကြီးပေါ်မှာထိုင်၊ ခွေးအန်ဖတ်နဲ့တူတဲ့ အစာတွေ ခေါင်းပေါ်ရွက်ပြီး တစ်စက် တစ်စက်ကျတာ မျက်လုံးပေါ်စီး ဘယ်အပေါ်စီး ဘယ်သူမှလဲ ရေချိုးသုတ်သင်ပေးမယ့်လူလဲမရှိဘူး၊ ဘယ်သူမှ အဝတ်လဲပေးမယ့်သူလဲမရှိဘူး။
ကိုယ့်ကျင်ကြီးကလဲ ဒီအပေါ်မှာပဲ ဒီထဲမှာယိုရတာလဲ ဒီထဲ လုံးထွေးနေရုံပဲ၊ မင်းတို့ အခုနေ နေကြည့်မယ်၊ အသက်လဲမရှုရဘူး၊ ကျင်ကြီးပေါ်လဲ ထိုင်ရမယ်၊ ခေါင်းပေါ်ကလဲ ခွေးအန်ဖတ်နဲ့တူတဲ့ အစာတွေရွက်ရမယ်ဆိုရင် မင်းတို့တစ်စက္ကန့်နေလို့ ဖြစ်ပါမလား (မဖြစ်ပါ ဘုရား)။
ဝိပါကဝဋ်သမားမို့နေရတာ
သို့သော် ဝိပါကဝဋ်သမားမို့နေရတာ ဘာသမားမို့လဲ (ဝိပါကဝဋ်သမားမို့ပါ ဘုရား) ကိုယ်က နောက်က ကိလေသဝဋ်တွေ လုပ်ခဲ့လို့ ဝိပါကဝဋ်သမားဖြစ်နေတာ။
နောက်က ကိလေသာတွေကဆွဲချခဲ့လို့၊ ကံတွေကကောဖြစ်ခဲ့လို့ ဝိပါကဝဋ် ဆိုတဲ့ ကံကနေပစ်ချလိုက်တာ ဒီဘူတာလာဆိုက်ရတာ ဒေါ်ကုမ္မာရ သဘောကျပြီလား (ကျပါပြီ ဘုရား)။
နောက်ထပ် ဆိုက်ချင်သေးသလား (မဆိုက်ချင်ပါ ဘုရား) မဆိုက်ချင်လို့ရှိရင်ဖြင့် တဲ၊ မဆိုက်ချင်ရုံနဲ့တော့ မဖြစ်သေးဘူး၊ မဆိုက်ချင်ရင်သစ္စာသိအောင် လုပ်ရလိမ့်မယ်၊ တင်လှ ဘာလုပ်ရမှာလဲ (သစ္စာသိအောင်လုပ် ရမှာပါ ဘုရား)၊ ဒီဘူတာက ဘာသစ္စာတဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဇာတိပိ (ဒုက္ခသစ္စာပါ ဘုရား)၊ ဇာတိပိထည့်လိုက်ပါ (ဇာတိပိဒုက္ခသစ္စာဘူတာပါ ဘုရား)၊ အဲ ဇာတိဘူတာပဲ။
ဒါဖြင့် အစက ကတည်းက မကောင်းခဲ့ဘူးဆိုတော့ ဒီဘဝ အစက ကတည်းက မကောင်းခဲ့ဘူး ဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)၊
ကဲ ဒီအထဲမှာ မသေခဲ့မကြေခဲ့လို့ ဒီကနေ ကိုးလ ဆယ်လကျတော့ မွေးဖွားတော့မယ် ဒီ ဇာတိကောင်လေး မွေးဖွားတော့မယ်ဆိုတော့ တစ်လက်မရှိတဲ့ သံပြားပေါက်ကို နှစ်လက်မအလုံး ရှိတဲ့ ကြွက်ကိုရိုက်ထုတ်လို့ရှိရင် ဒီအပေါက်မှတစ်ပါးလဲ ပြေးစရာမရှိဘူးဆိုတော့ ဟိုဘက်မှာ အရေပြား ပါစရာတောင် မရှိဘူးနော် (မှန်လှပါ ဘုရား)။
ကြွက်လုံးက ကြီးပြီအပေါက်က ကျဉ်းနေတာကိုး ဒီကလဲ နောက်က အတင်းရိုက်နေမယ်ဆိုရင် တိုးမိ တိုးရာ တိုးလို့ အရေကျွတ်ကျအောင်ပဲ ကျန်ရစ်ရမယ်ဆိုတာက မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကံသတ္တိနဲ့ အောက်ကလေကနေ မှုတ်တယ်
အဲဒီအတိုင်းပဲတဲ့၊ နင်တို့ ပထမက အမိကျောဘက်မျက်နှာမူပြီး သကာလ နေတယ် လက်နှစ်ဘက်ကလဲ ခေါင်းပေါ်မှာယှက် နောက်ကျတော့ ကံကြောင့်ဖြစ်တဲ့လေက ကိုးလခွဲရှိတဲ့အခါကျတော့ ကံသတ္တိနဲ့ အောက်ကလေကနေ မှုတ်တယ် (မှန်လှပါ ဘုရား)။
လေကနေ မှုတ်လိုက်တော့ ခုနကကျင်ကြီးပေါ်ထိုင်နေတဲ့ကလေးလေးက ကျွမ်းပြန်ပြီးတော့ကို အောက်လှည့်လာ တယ် ခေါင်းအောက်လှည့်လာတယ် (မှန်ပါ)၊ ခေါင်းအောက်လှည့်တော့၊ ဪ နဂိုက ဆင်းရဲတာက အကြီးအကျယ်ဆင်းရဲ ခဲ့တယ်၊ ဒီတစ်ခါ လေတိုးပြန်လို့ ခေါင်းအောက်စိုက်နေရပြန်ပြီ ဆိုတော့ အုန်းပင်စိုက်သလိုဖြစ်ပြီး သကာလ နေတော့ မမွေးဖွားမီကို ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာ အကဲခတ်ကြစမ်းပါ (ဆင်းရဲပါတယ် ဘုရား)။
အဲဒါ မင်းတို့ ဒီလမ်းကလာခဲ့တာကွ (မှန်ပါ)၊ ကဲ စဉ့်ကိုင်က ဒကာလဲ ဒီလမ်းကလာခဲ့တာလို့မှတ်ရမယ် (မှန်ပါ)၊ ဒီလမ်းကလာခဲ့တာ အပြင်ဘက်ရောက်ပြီလားလို့မေးတော့ အို လေမှုတ်လို့ လှည့်တုန်း ရှိသေးတယ် သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ချမ်းသာသလား ဆင်းရဲသလား
ချမ်းသာသလား ဆင်းရဲသလား အကဲခတ်ကြည့်စမ်း (ဆင်းရဲပါတယ် ဘုရား)၊ ကိုယ်လာခဲ့တဲ့ လမ်းကလေး (မှန်ပါ)၊ ကိုယ်လာခဲ့တဲ့လမ်းက ဆင်းရဲကမ်းကုန်နေပါပြီ၊ ဒီလို ခေါင်းအောက်စိုက်နေတော့၊ သူဝမ်းထဲမှာ နင်တို့လဲမွေးဖွား ခဲ့တာပဲ၊ လေက မှုတ်လိုက်လို့ ဝမ်းထဲမှာလှည့်နေတုန်း အမေသည် သားဖွားချင်လို့ဝမ်းနာတယ်ဆိုတဲ့ အဓိပ္ပာယ်က သူလှည့်နေတာကွ အတွင်းမှာ (မှန်လှပါ ဘုရား)။
ကဲ နဂိုကလဲ သူအသက်ကလဲမရှုရ၊ ကျင်ကြီး ကျင်ငယ်တွေကလဲ နံလိုက် စော်လိုက်တာ ဟောင်လို့၊ ဒီအထဲမှာ မွေးခါနီးကျွမ်းပြန်ရပြန်တယ်ဆိုတော့ ဒေါ်ကုမ္မာရ နောက်ထပ် ဒီနေရာရောက်ချင်ရင်တော့ တော်တော်မိုက်သေးလို့ပဲ (မှန်လှပါ ဘုရား)။
လူဖြစ်ရပါလို၏ဆိုရင် ဒီအနေနဲ့ ဒီအလှည့်ကိုတော့ မောင်ချစ်စိန် လုပ်ရမှာပဲ၊ မလုပ်ရင်ရပါ့မလား (မရပါ ဘုရား)၊ သူ့လမ်းစဉ်ကိုးကွ (မှန်ပါ)၊ ကိုင်း အပြင်ဘက်ရောက်ပြီလားလို့ မေးလို့ရှိရင် မရောက်သေးပါဘူး၊ ဒီတင် ဒုက္ခလား သုခလားဆိုတာ စဉ်းစားကြည့်ကြစမ်း (ဒုက္ခပါ ဘုရား)၊ ဒုက္ခမှ အုန်းပင်စိုက်နေရပြီကွ (မှန်လှပါ ဘုရား)။
အဲဒီတင်မှ နောက်ကလေက အတင်းမှုတ်တွန်းတယ်၊ တွန်းတဲ့အခါကျတော့ မွေးဖွားရာဌာနသို့ ရောက်တဲ့အခါ၊ မွေးဖွားရာဌာနကကျဉ်းကျဉ်းမြောင်းမြောင်းသားကောင်းကကြီးကြီး ဆိုလို့ရှိရင်၊ ခုနက တစ်လက်မရှိတဲ့အပေါက်မှာ နှစ်လက်မရှိတဲ့ကြွက်က ထွက်ချင်၊ နောက်ကလဲ ရိုက်ထုတ်နေမယ်ဆိုရင်ဖြင့် ဒီကြွက်ဟာ ဟိုဘက်အရေမပါဘူး၊ ဒီထက် ဆင်းရဲကော ရှိပါဦးမလား (မရှိပါ ဘုရား)။
အဲဒီလို အမိတို့၏ မွေးရာဌာနသို့ ထွက်တော့၊ အပြင်ဘက် လေကအတင်းမှုတ်ထားတယ်၊ ကလေးစိတ်ထဲ အောက်မေ့တယ်၊ ဒီတစ်ခါတော့ဖြင့် သေခြင်းဆိုးတော့သေပြီ အရင်ဒုက္ခတွေက ကြီးလှပြီ၊ အဲဒီ ဒုက္ခတွေထက် အခု အဆပေါင်းထောင်၊ သောင်း၊ သိန်း၊ သန်း မကကြီးတဲ့ ဒုက္ခတွေနဲ့ ငါ့မှာဖြင့် ရင်ဆိုင် တိုးရပြီဆိုပြီး တက်သွားတာကိုးကွ (မှန်လှပါ ဘုရား)။
လက်သည်တွေက ဆွဲထုတ်တယ်
တက်သွားပြီး သကာလ မှ ခုနက ဆရာတွေ၊ လက်သည်တွေက ဆွဲထုတ်တယ်၊ သာရေလက်ပတ်ကြီးနဲ့ ဆွဲထုတ် လိုက်တဲ့အခါကျလို့ရှိရင် ဪ တကယ့်ကို ဘီလူးလက်တော့ရောက်ပြန်ပြီ ငါတော့သေပွဲတော့ ဒီတစ်ခါလှလှကြီး ရတော့မှာ ပဲလို့၊ အို ကြောက်ပြီး တက်သွားတယ် (မှန်ပါ ဘုရား)။
ကြောက်ပြီး တက်သွားတဲ့အတွက်၊ ကလေးလေးမွေးလာရင်မငိုဘူး မငိုဘူး (မှန်ပါ)၊ ဒါ ဇာတိဒုက္ခစခန်းကွ၊ ဇာတိဒုက္ခစခန်းကိုပဲ၊ ကဲ ဒေါ်ကုမ္မာရတို့၊ တင်လှတို့ ဘယ့်နှယ်နေတုန်း၊ ဘယ်အချိန်ကောင်းခဲ့တုန်း (မကောင်းပါ ဘုရား)၊ ဘယ်အချိန်မှကို ကောင်းစရာတစ်ကွက်ပါရဲ့လား (မပါပါ ဘုရား)။
ကိုင်း ဒါဖြင့် အပြင်ဘက်သို့ရောက်ပြီး သကာလ လာတော့၊ ရေတွေ ဘာတွေ ချိုးကြ၊ မိုးကြ ဘယ်သူမှမကိုင်ဖူးတဲ့ အသားနုနုလေးကိုင်ကြ၊ သေချာခေါင်းတွေ ဘာတွေရိတ်ကြနဲ့ အို ဒီတစ်ခါတော့ ဘီလူးလက်တော့အပ်ရပါပြီ ဆိုပြီး သကာလ တက်သွားလိုက်တာ တက်သွားတဲ့အခါကျတော့မှ ခုနက ခြေထောက်ကလေး မြှောက်ပြီးတော့ကာ၊ ဆရာဝန်က သော်လည်းကောင်း၊ ဆရာမကသော်လည်းကောင်း ရေလေးနဲ့ပက်ပြီးရိုက်တော့မှ အသံလေးထွက်လာတာ (မှန်လှပါ ဘုရား)။
ဘယ်လောက်ဒုက္ခကြီးတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ မင်းတို့ အခုပျော်ခဲ့တယ်၊ ပျော်နေတာဟာ အရမ်းပျော် ပျော်နေတာ၊ ကိုယ်လာတဲ့ လမ်းမသိလို့ ပျော်နေတာ (မှန်ပါ)၊ ကိုယ်လာတဲ့လမ်းကို သေချာကြည့်မယ်ဆိုရင် ဒီဘူတာက ထွက်ရတာကိုက အထွက်ဆိုပြီး (မှန်ပါ) ဒီဘူတာဆိုက်ရတာလဲ အဆိုက်ဆိုကြီး (မှန်ပါ)၊ ဒီဘူတာ ဆိုက်ရတာကော (အဆိုက်ဆိုးကြီးပါ ဘုရား) ထွက်ရကော (အထွက်ဆိုးကြီးပါ ဘုရား)။
နေလဲမကောင်းဘူး၊ သွားလဲမကောင်းဘူး
ဘယ်နေနေ နေလဲမကောင်းဘူး၊ သွားလဲမကောင်းဘူးဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အမလေး ဒေါ်ကုမ္မာရ တို့ တင်လှတို့ ငါနဲ့သာ မတွေ့လို့ရှိရင် ဒီဘူတာ ဆိုက်ရတာကော (အဆိုက်ဆိုးကြီးပါ ဘုရား) ထွက်ရတာကော (အထွက်ဆိုးကြီးပါ ဘုရား)။
ဘယ်နေနေ၊ နေလဲမကောင်းဘူး၊ သွားလဲမကောင်းဘူးဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အမလေး ဒေါ်ကုမ္မာရ တို့၊ တင်လှတို့၊ ငါနဲ့သာ မတွေ့လို့ရှိရင် ဒီဘူတာ နင်တို့က ပြန်ရောက်ချင်ဦးမှာ ဒီဘဝ လူဆင်းရဲဖြစ်တယ်၊ နောက်ဘဝ လူချမ်းသာဖြစ်ချင် ဒီဘူတာပြန်ဆိုက်ရပါလို၏ဆိုလဲ ရောက်ဦးမှာကွ (မှန်ပါ)၊ မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)။
မသွားကောင်းတဲ့ နေရာကြီးကို သွားပါရမစေဖြစ်နေတော့ တော်တော်ရူးလို့၊ တော်တော်အ လို့ပဲ၊ အ ဆိုတော့ သစ္စာမသိအောင် အနေတာ ဒါ “ဇာတိပိဒုက္ခသစ္စံ” စခန်း ပြောနေတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
နောက်ထပ် ရောက်ချင်ကြ မရောက်ချင်ကြ (မရောက်ချင်ပါ ဘုရား)၊ မရောက်ချင်လို့ရှိရင် မရောက်တဲ့ နည်းလမ်းကို အခုနေတဲ့နေရာဟာ ဒုက္ခသစ္စာလို့ သိမှ နောက် ဘာမှမဖြစ်ပါရစေနဲ့ဆိုတဲ့ ဉာဏ်လာမယ် (မှန်လှပါ ဘုရား)။
ဘယ်ခန္ဓာမှ မဖြစ်မှ၊ ဘယ်ဇာတိမှ မရမှာ၊ တစ်ခုသော ခန္ဓာဖြစ်ရင် ဇာတိက စ နေဦးမယ်၊ ခွေးဝမ်းခေါင်း ထဲများကျမယ်ဆိုရင် ခွေးပြေးတိုင်းပါနေလို့ဖြင့် မင်းတို့သွားပြီ၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား) ကိုယ်ကလဲ နုနု၊ ခွေးမကြီးကလဲ အပြေးသန်သန်နဲ့ အစာကလဲ ကျွေးမယ့်သူမရှိလို့ ဟိုခုန်ရှာရ၊ ဒီတက်ရှာရ ဆိုရင်တော့ ဒေါ်ကုမ္မာရ သွားပြီး ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီလောက်ထိအောင် ဆိုးရွားတယ်ဆိုတာ ကိုယ့်အဖြစ်ဆိုးကို ကိုယ်ပြန်တွေးကြည့်ပါ၊ ဒါ မပေါ် ပေါ်အောင်ပြော နေတယ်လို့ မှတ်လိုက်ပါ (မှန်ပါ)၊ အခု ဆရာဘုန်းကြီးပြောနေတဲ့ ဒုက္ခသည် ကျဉ်းသေးတယ်လို့မှတ်ပါ။ ကိုယ်ခံနေရတဲံ ဒုက္ခက ဒီထက် ကြီးကြီးကျယ်ကျယ် လို့မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။
ဇရာဘူတာ ရောက်လာတယ်
ကဲ အပြင်ဘက်ရောက်လာတဲ့အခါကျတော့၊ တစ်နေ့တခြား ဟောဒီ ဇရာဘူတာ ရောက်လာတယ်၊ ဇရာ ဘူတာဆိုတာက၊ နေပူ လေပူရိုက်လိုက်တာနဲ့တစ်ခါတည်း အသားတွေရင့်ကုန်တာပဲ၊ အပြင်ဘက်မှာ လေကတိုက်လိုက်၊ နေရာက ပူလိုက်၊ အအေးဓာတ်တွေက ဒီ ခန္ဓာကိုယ်အငယ်လေး၊ ခုနက မွေးဖွားလို့ ပြင်ဘက်ရောက်လာတဲ့ ကလေးလေးကို ရိုက်လိုက်တော့၊ ကြီးရင့်မလာဘူးလား (လာပါတယ် ဘုရား)၊
ကြီးရင့်လာတာဟာ သေမလို့ကြီးရင့်လာ တာကွ၊ ကြီးတာ ဘာဖြစ်လို့ ကြီးလာတာတုန်း (သေမလို့ပါ ဘုရား) ဒေါ်ကုမ္မာရ ကြီးတာ ဘာဖြစ်လို့ ကြီးတာတုန်း (သေမလို့ပါ ဘုရား)။
ဒီဘူတာရောက်တော့လဲ အရိုက်အနှက်ခံရပါတယ်၊ ဒါက ဘိုဘူတာလို့ ခေါ်တယ်၊ ခုနက ပဋိသန္ဓေဘူတာက ထွက်လာလို့ရှိရင် အရိုက်အနှက်ခံရတဲ့ဘူတာ ရောက်လာတယ် သဘောပါပြီလား (ပါပါပြီ ဘုရား)။
နေပူ လေပူကရိုက်၊ ညှော်တွေကရိုက်၊ ဟိုလူကလာကိုင်၊ ဒီလူကလာကိုင်လိုက် လက်ကြမ်းကြီးတွေနဲ့ ဒုက္ခိတလေး တစ်ခါဖြစ်နေပြီ ဒုက္ခိတလေးက ဘာတုန်းလို့ မေးလို့ရှိရင် သူ့မှာ ခြေလက်တွေနဲ့ ကလန်ကလန်တော့ လုပ်တတ်ပါရဲ့၊ လုပ်ပင်လုပ်ငြားသော်လည်း၊ သူကဘာတောင်းတတ်သတုန်း၊ ရေဆာလဲ အမေက နို့လာပေးချင်ပေး၊ ခြင်ကိုက်လို့ အော်ပြန်လို့ရှိရင်လဲ ခြင်ကိုက်လို့အော်တယ်လို့ မသိဘူး၊ ကိုယ်ဟာကိုယ်လဲ ဘာဖြစ်ပါတယ်လို့ မပြောတတ်ဆိုတော့ သူများရိုက်ထားလို့ ဒုက္ခိတဘူတာ ရောက်နေတာကွ (မှန်လှပါ ဘုရား)။
ဒုက္ခိတလေးမဟုတ်လား
ဟင် ဒုက္ခိတလေးမဟုတ်လား၊ ကလန် ကလန်နဲ့ပုခက်ကလေးထဲမှာ ခြေထောက်ကလေးအထက်ကန်လိုက် လက်ကလေးတွေ ကလန်ကလန်နဲ့ ဒီလို မနေဘူးလား (နေပါတယ် ဘုရား)၊ ထမင်းတောင်း တတ်သလား၊ ရေတောင်တတ် သလား၊ နို့တောင်းတက်သလားလို့မေးရင် ဘယ့်နှယ်ဖြေကြမှာလဲ (မတောင်းတတ်ပါ ဘုရား)။
မတောင်းတတ်တော့ သူ့မှာ ခြေပါ လက်ပါငြားသော်လည်း ဘာအသုံးကျသေးတုန်း (မကျပါ ဘုရား) ပါးစပ် ပါငြားသော်လည်း (အသုံးမကျပါ ဘုရား) အဲဒီတော့ ဒုက္ခိတဆိုတာပေါ်မနေဘူးလား၊ ကဲ ဟို ဘူတာကထွက်တော့ ဒီဒုက္ခိတဖြစ်နေပြန်ပြီ တင်လှ ဒုက္ခိဖြစ်ချင်သေးလား (မဖြစ်ချင်ပါ ဘုရား)။
မဖြစ်ချင်လို့ရှိရင်ဖြင့် အစကကို မရမှ ဒီဥစ္စာ နို့မို့ ဒုက္ခိတက ဆက်နေရမှာ (မှန်ပါ)၊ အစကရမှ ရလို့ရှိရင် ဒီ ဒုက္ခိတဘဝက သေချာဖြစ်ရမှာပဲဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒီဘူတာကျတော့ ဘယ့်နှယ်ကြောင့် ဒုက္ခိတဖြစ်ရသတုန်းလို့ မေးတဲ့အခါ နေပူ လေပူက ရိုက်လိုက်တဲ့ ဖြစ်ခြင်း ဟာ တစ်ခါတည်း အသားအရေတွေ ကြမ်းထွက်လာတယ်၊ ကြမ်းထွက်လာတယ်ဆိုတော့ ဘာဖြစ်လာတုန်းဆို အို လာတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အိုသာ အိုရတယ်၊ ဒီ အအိုကလေးဟာက ကိုယ့်စွမ်းရည်သတ္တိ ဘာရှိသတုန်း မေးရင်ဘယ့်နှယ်ပြောရမလဲ (ဘာမှမရှိပါ ဘုရား) ဒုက္ခိတကိုးကွ၊ ဒုက္ခိတဆိုတော့ ကိုယ့်စွမ်းရည်သတ္တိတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒီဘူတာကော နေလို့ ထိုင်လို့ ကောင်းကြရဲ့လား
ဒါ တခြားမှတ်မနေနဲ့ “အဘိဏှသုတ်”ကို ဟောနေတာ အဘိဏှသုတ်ကို အကျယ်တဝင် တန်ဆာဆင်ပြီး ဟောနေတယ်လို့ မှတ်ရမယ်နော် (မှန်ပါ)၊ ကဲ ဒီဘူတာကော နေလို့ ထိုင်လို့ ကောင်းကြရဲ့လား (မကောင်းပါ ဘုရား) ဒုက္ခိတဖြစ်နေတဲ့ ဥစ္စာ နေလို့ ထိုင်လို့ ကောင်းဆိုတာ မောင်ချစ်စိန် ဘယ့်နှယ်လုပ်ပြောမှာတုံးကွ (မဖြစ်ပါ ဘုရား) မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကောင်းပြီး ဒီဘူတာရောက်ပြန်တော့လဲ၊ အရိုက် အနှက်ခံရတဲ့ ဘူတာဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒီဘူတာကနေပြီး သကာလ ဒီခန္ဓာကိုယ်မသေလို့ ဆက်သွားရလို့ရှိရင် ဟောဒီဘက် အရိုက်အနက်ခံပြီး ဒီလဲတဲ့ နာဘူတာ ရောက်လာတာပဲ (မှန်လှပါ ဘုရား)။
နာလာတာပဲ နှာစေ၊ ချောင်းဆိုး၊ သေခါနီး နာတွေမလာဘူးလား (လာပါတယ် ဘုရား)၊ တော်ကြာ နှာစေးပြန်ပြီ၊ သေနာပေါ်ပြန်ပြီ၊ ချောင်းဆိုးပြန်ပြီ၊ သေနာပေါ်ပြန်ပြီ ဒီရောက်လာတာပဲကွ၊ ဒီဘူတာကလဲ ဆိုက်သာဆိုက်ရတယ် အနာမျိုးစုံရတဲ့ နေရာဆိုတော့ ဆိုက်လို့ ကောင်းရဲ့လား (မကောင်းပါ ဘုရား)။
မကောင်းပေမယ့် ဆိုက်ရလိမ့်မယ် (မှန်ပါ) မကောင်းပေမယ့် ဆိုက်ရလိမ့်မယ် ဆိုတာကော ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ အဲဒါတွေ ဉာဏ်နဲ့ကြည့်တော့မှ ဪ ဒီက ဇရာပိဒုက္ခသစ္စာဘူတာ၊ ဒီက ဗျာဓိပိဒုက္ခသစ္စာဘူတာ၊ ဗျာဓိဒုက္ခကိုးကွ (မှန်လှပါ ဘုရား)။
ဗျာဓိပိ ဒုက္ခသစ္စာဘူတာ
ကောင်းပြီ ဒါဖြင့် ဘယ်ဘူတာတုန်းကဖြင့် ပျော်ခဲ့၊ ရွှင်ခဲ့စရာ ရှိရဲ့လား (မရှိပါ ဘုရား) ဘာလဲဆို ဇာတိပိ ဒုက္ခသစ္စာဘူတာ၊ ဒါက ဇရာပိ ဒုက္ခသစ္စာဘူတာ၊ ဒါက ဗျာဓိပိ ဒုက္ခသစ္စာဘူတာ ဆိုတော့ကို ဘယ်မှာတုန်းကွ တင်လှတို့ရ အစကတည်းက မကောင်းခဲ့တာ၊ အလယ်လဲမကောင်းဘူး၊ အခု ဆုံးခါနီးလဲ မကောင်းသေးပါဘူး ဆိုနိုင်ပြီ လား (ဆိုနိုင်ပါတယ် ဘုရား)။
ဉာဏ်နဲ့တွေးလိုက်တော့ ဒီသစ္စာတွေမသိလို့ လူ့ဘဝဆုတောင်းကြတာ၊ နတ်ဘဝ၊ ဗြဟ္မာဘဝဆုတောင်းကြတာ ဇာတိဘူတာဆိုက်ရလိမ့်မယ်လို့လဲ သူမသိဘူး ဒုက္ခသစ္စာဘူတာ၊ ဇရာဘူတာ ဆိုက်ရမယ်လို့လဲ သူမသိဘူး၊ ဗျာဓိ ဘူတာကော (မသိပါ ဘုရား)၊ ဒါဖြင့် မသိတာနဲ့ တိုးတာပဲ (မှန်ပါ) မသိတဲ့ ပုဂ္ဂိုလ်က အမိုက်ထဲချည်း တိုးတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဘူတာကလဲ ဘာတုန်းလို့ ဆိုလို့ရှိရင်ဖြင့် သူများပေးမှ ရေသောက်ရတဲ့ဘူတာ၊ ကိုယ့်သလိပ်မှ ကိုယ်အန်ထုတ်နိုင်တဲ့ ဘူတာမဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်မှ စောင်းနိုင်တာမဟုတ်ဘူး၊ ကိုယ့်အဝတ်မှ ကိုယ်ဖုံးနိုင်တဲ့ ဘူတာမဟုတ်ဘူး၊ ဗျာဓိဘူတာကလေ (မှန်ပါ)၊ ကိုယ့်အဝတ်ကိုယ်ဖုံးနိုင်တာလား၊ သူများက ဖုံးဖိပေးရတာလား (သူများက ဖုံးဖိပေးရတာပါ ဘုရား) ဒါဖြင့် အရှက်တကွဲ အကျိုးနည်း ဘူတာပေါ့ကွ (မှန်ပါ)၊ အရှက်တကွဲ အကျိုးနည်းဘူတာဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဗျာဓိပိဒုက္ခသစ္စာဘူတာကို မသိတဲ့အခါကျတော့ အိုခြင်းကောင်းများ ထင်လိုက်သေးတယ်၊ နာခြင်း ကောင်းများ တင်လိုက်သေးတယ်၊ နာရပေမယ့် ကျုပ်တို့က ပိုက်ဆံရှိမို့မေးမယ် မြန်းမယ့်လူ၊ ဓာတ်စာပေးမယ့် လူရှိတယ်လို့ ဂုဏ်များ ယူမနေလိုက်ပါဦး၊ တချို့ကဂုဏ်ယူနေသေးတယ်ကွ၊ လူ အ တွေက ဟင် (မှန်လှပါ ဘုရား)။
သူတို့လိုများတော့ နာချင်ပါရဲ့
နာရပေမယ့် သူတို့လိုများတော့ နာချင်ပါရဲ့လို့ဘေးကလူကတောင်မှ လွမ်းသလိုလိုလာသေးတယ် (မှန်ပါ) စပျစ်သီးနဲ့လာတဲ့ပုဂ္ဂိုလ်နဲ့၊ ပန်းသီးနဲ့ လာတဲ့ပုဂ္ဂိုလ်နဲ့၊ မုန့်သေတ္တာနဲ့လာတဲ့ပုဂ္ဂိုလ်နဲ့ လူမမာမေးလာတာ ဒီလိုများဖြင့် ကျုပ်မမာချင်သေးတယ်လို့ အရူးကထသေးတာကွ (မှန်ပါ) မထဘူးလား (ထပါတယ် ဘုရား)။
အရူးက အတော်ထပစ်တာ ကိုယ်ကိုယ်တိုင် နာကြည့်တာမဟုတ်ဘူး၊ သူများနာတာကြီး ကိုယ်နာချင်တဲ့သဘော ဆိုတော့ ဒီထက် အ တာ၊ ထူ တာ ဘယ်ရှိမှာတုန်းကွ (မှန်ပါ) မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။
အဲဒီလောက်ကျအောင် မင်းတို့ကဖျင်းသားကတက်နေတာ၊ ဗျာဓိပိဒုက္ခသစ္စာကို လုံးဝမသိဘူး၊ နာတောင် နာလိုက်ချင်သေးတယ်ကိုးကွ၊ ဟင် (မှန်ပါ) ရူးချက်မသန်ဘူးလားကွ (သန်ပါတယ် ဘုရား)၊ ရူးချက်က တင်လှ တို့များ သန်ခဲ့တဲ့ဖြစ်ခြင်း၊ ငါနဲ့သာမတွေ့ရင် နင်သွားပြီ၊ ရူးချက်ကသိပ်သန်တာ (မှန်လှပါ ဘုရား)။
ဒီဘူတာကလဲ အရှက်တကွဲ အကျိုးနည်းဘူတာ ကိုယ့်အဝတ် ကိုယ်မဖုံးနိုင်တဲ့ဘူတာ နာခန်းကိုးကွ (မှန်ပါ) ကိုယ့်ရေကော (မသောက်နိုင်ပါ ဘုရား)၊ ကိုယ့်နှပ်ကော (မညှစ်နိုင်ပါ ဘုရား)၊ ကိုယ့်ဟာကိုယ်မညှစ်နိုင်ဘူး၊ ကိုယ့် သလိပ်ကော အပြင်ဘက်ရောက်အောင် ထွေးခံနားသွားနိုင်ရဲ့လား (မသွားနိုင်ပါ ဘုရား) ကျင်ကြီး ကျင်ငယ်ကော (မသွားနိုင်ပါ ဘုရား)။
အရှက်တကွဲ အကျိုးနည်း ဇာတ်ခင်းရတာပဲ
အို နဂိုဖုံးခဲံသမျှ အလုံးစုံအကုန်ပေါ်တော့တာပဲ၊ အရှက်တကွဲ အကျိုးနည်း ဇာတ်ခင်းရတာပဲ (ခင်းရပါတယ် ဘုရား) ဘာခင်းရတာတုန်း (အရှက်တကွဲအကျိုးနည်းဇာတ်ပါ ဘုရား) အမလေး မင်းတို့ကလဲ အဲဒီရောက်အောင် သွားတုန်းရှိသေးတယ် (မှန်ပါ)၊ တင်လှတို့ ဘယ်ရောက်အောင်သွားနေတာလဲ (အရှက်တကွဲ အကျိုးနည်းဆီပါ ဘုရား) ခင်းရဦးမှာ နင်က ပေါတော့တော့လုပ်မနေနဲ့၊ နင် နဂိုကဆုတောင်းမှားလာတယ် (မှန်လှပါ ဘုရား)။
ဒေါ်ကုမ္မာရတို့လဲ ခင်းရပေါင်းကို များလှပါပြီ ဟင် (မှန်ပါ) ဒါ လူ့ဘဝ ရ ရပါလို၏ဆိုတဲ့ ပုဂ္ဂိုလ်၏ တစ်လုံးတည်း တောင်းလိုက်တာ မောင်ချစ်စိန် သွားတာပဲကွ (မှန်ပါ) တစ်လုံးတည်းနဲ့ကို ဒုက္ခတွေ အတော်မိနေပြီ (မှန်ပါ) မမိသေး ဘူးလား (မိပါတယ် ဘုရား)။
ကျင်ကြီးပေါတဲ့ ဘူတာလဲ ဆိုက်ခဲ့ရပြီ (မှန်ပါ) ခုနက အရိုက်အနှက်ခံရတဲ့ ဘူတာကော (ဆိုက်ခဲ့ရပါတယ် ဘုရား) လူပုံအလယ် အရှက်ကွဲတဲ့ ဘူတာကော (ဆိုက်ခဲ့ရပါတယ် ဘုရား)။
အမလေး ဒါ အပျော့စားရှိသေးတယ် ဒီထက်ကြီးတဲ့ဘူတာ ရောက်ရလိမ့်ဦးမယ် မင်းတို့မလျှော့နဲ့ဦး၊ မင်းတို့ အမှားတော်ပုံမဆုံးသေးဘူး (မှန်ပါ) ဆုံးပြီလား (မဆုံးသေးပါ ဘုရား) မဆုံးသေးဘူး တဲ့။
သေ မွဲ ကွဲ ဘူတာ
တင်လှ ရှေ့ဘူတာအထိ ခန္ဓာကြီးသွားရဦးမယ် ဒေါ်ကုမ္မာရ ရှေ့ဘူတာ သွားရဦးမှာ ရှေ့ဘူတာက ဘာတုန်း ဆိုတော့ ခေါင်းဖြတ် အသက်သတ်ပြီး သကာလ ဆွေမျိုးတွေရော ဆွေမျိုးတွေနဲ့ခွဲပြီး ပစ္စည်းနဲ့ခွဲ ရမယ့်ဘူတာ သေ မွဲ ကွဲ ဘူတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီမှာ အသတ်လဲခံရမယ်ဆိုတော့ မသေဘူးလား (သေပါတယ် ဘုရား)၊ ကိုယ့်ပစ္စည်းတွေကကိုယ့်နောက်မှာ မပါလို့ မမွဲဘူးလား (မွဲပါတယ် ဘုရား) ကိုယ့်ဆွေမျိုးတွေနဲ့လဲ အကုန်ခွဲရတယ် (ခွဲရပါတယ် ဘုရား)၊ ဒါကြောင့် ဒီဘူတာ ကျတော့ သာဆိုးသေးတယ်၊ သေလဲသေရမယ်၊ မွဲလဲမွဲရမယ်၊ ကွဲလဲကွဲရမယ် (မှန်လှပါ ဘုရား)။
အမလေး ဘယ့်နှယ်တုန်းကွ၊ ဒီဘူတာက သာအရုပ်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) အသတ်လဲ ခံရသေးတယ်ကွ မင်းတို့ ညနေကပြောခဲ့တဲ့ တေဇောနဲ့ သတ်ချလိုက်တာ ဟင် သတ်ပြီး သကာလ ကိုယ်လုပ်ထားတဲ့ ပစ္စည်းတွေ ကဲ စဉ့်ကိုင်က ဒကာရဲ့ ဆီစက်တွေကော ဘာများတတ်နိုင်သေးတုန်း မွဲရတော့မှာပဲ (မှန်ပါ) ဆွေမျိုးဉာတကာ တွေနဲ့လဲ (ခွဲရမှာပါ ဘုရား)။
ကဲ ရှင်းကြပြီးလား ဒီဘူတာဆိုက်တော့ ဘာဖြစ်ရတုန်းဆိုတော့ သေရတယ် ဘုရား၊ မွဲရတယ်ဘုရား၊ ကွဲရတယ် ဘုရား ကမ်းကိုကုန်လို့ မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)။
ခေါင်းပြောင်းပြီး ရထားကြီးခုတ်ပြန်တယ်
သို့သော်လဲ သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်က ဒီနေရာကျတော့ ခေါင်းပြောင်းပြီး ရထားကြီးခုတ်ပြန်တယ် (မှန်ပါ) ဒါ လူခေါင်းတော့ ဒီမှာ ချိတ်ပစ်ခဲ့တယ်၊ မြေထဲမြှုပ်ပစ်ခဲ့တယ် (မှန်ပါ) တိရစ္ဆာန်ဖြစ်မယ်ဆို တိရစ္ဆန်ခေါင်းကြီးနဲ့ ဒီဘူတာ ပြန်ဆိုက်တာပဲ အစပြန်ဆိုက်တယ် ရိပ်မိပြီလား (မှန်လှပါ ဘုရား)။
သေ မွဲ ကွဲ ဘူတာကနေ ဘယ်ဘူတာ ပြန်ဆိုက်တုန်း (အစပါ ဘုရား) အစ ပဋိသန္ဓေဘူတာပြန်ဆိုက်တယ် ကဲ တင်လှ ဘယ်ဘူတာကြိုက်တုန်း (သုံးမျိုးစလုံး မကြိုက်ပါ ဘုရား)။
ဟုတ်ကဲ့လား ဒေါ်ကုမ္မာရကော မဲချကြည့် ဘယ်ဘူတာကျချင်တုန်းလို့ မင်းတို့ လူစုတွေကောကွ မဲချကြည့် ဘယ်ဘူတာကျချင်ကြလဲ (ဘယ်ဘူတာမှ မကျချင်ပါ ဘုရား) ဟ မကျချင်ပေမယ့်လဲ မင်းတို့က ဒီဘူတာတွေ အစဉ် အတိုင်း ခုတ်တုန်းရှိသေးတယ် အခု ဒီ “နာ” ဘူတာ နားမင်းတို့ရောက်ပြီး နောက်ကျတော့ သေ မွဲ ကွဲ ဘူတာ ဘယ့်နှယ်တုန်း (ရောက်မှာပါ ဘုရား) ရောက်ရမယ်။
မွဲဘူတာရောက်တော့ကို ခေါင်းပြောင်းပြီး ခုတ်မယ် လူခေါင်း ဒီမှာ ထားပစ်ခဲ့ပြီး သကာလ “ရှန်တိန်” လုပ်သလိုပေါ့ကွာ (မှန်ပါ) မင်း ခွေးဝမ်းထဲ သွားအောင်းတာ ခွေးခေါင်းကြီးနဲ့ သွားအောင်းတာ (မှန်ပါ) အမလေး ကြောက်စရာကြီးပါလား ဟို “သတ္တ ဘတ္တ” ဇာတ်မှာ ဒကာမကြီးက ခွေးခေါင်းပြောင်းပြီးအောင်းတာပဲကွ ကဲ ဒီမှာ ခေါင်းပြောင်းပြီး ခုတ်လိုက်ရသေးတယ်ကွ ဒီရထားက (မှန်လှပါ ဘုရား)။
ဘာခေါင်းများ ပြောင်းချင် သေးတုန်း
ဘယ်နှယ်တုန်း ပြောင်းချင်ကြသေးလား (မပြောင်းချင်ပါ ဘုရား) ဒေါ်ကုမ္မာရကော ဘာခေါင်းများ ပြောင်းချင် သေးတုန်း (မပြောင်းချင်တော့ပါ ဘုရား) ကျွဲခေါင်းကြီးများ ပြောင်းလိုက်ချင်သေးသလား ချိုကားရားကြီးနဲ့၊ နွားခေါင်းများ ကော ပြောင်းလိုက်ချင်သေးလား ကဲ စဉ့်ကိုင်က ဒကာကော ဘာခေါင်း ပြောင်းချင်သေးတုန်း ဘာခေါင်းမှ မပြောင်းပါ ရစေနဲ့ဘုရားဆိုတာကော အဓိပ္ပာယ်ရပြီလား (ရပါပြီ ဘုရား)။
ကဲ ဘယ့်နှယ်တုန်း တင်လှ ဘာခေါင်းပြောင်းပြီးအောင်းချင်သေးတုန်း (မအောင်းချင်တော့ပါ ဘုရား) ဒါဖြင့် ဒါ ပဋိစ္စသမုပ္ပါဒ်ဆိုလဲ ဟုတ်တာပဲ လှည့်သွားတာကိုးကွ သဘောကျပြီလား (မှန်ပါ) ဒါ ပဋိစ္စသမုပ္ပါဒ် အတိုနည်းနဲ့ ပြတာ “အဘိဏှသုတ်” ဆိုလဲ ဟုတ်တာပဲ။
”ဥပရိ” မိဖုရားကြီးကျတော့ တစ်ခါတည်း ငရဲခေါင်းကြီးပြောင်းပြီး ဒီသွားအောင်းတာပဲကွ “သတ္တ ဘတ္တ” ဇာတ်ကျတော့ အဘွားကြီးဟာ လူခေါင်း ဒီမှာထားပြီး ခွေးခေါင်းပြောင်းပြီး ဒီအထဲ သွားအောင်းတာပဲ (မှန်လှပါ ဘုရား)။
မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား) နို့ အောင်းမယ့် ဘူတာကလဲ ကျင်ကြီးပေါတဲ့ဘူတာ ပြန်ရောက်တာပဲ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ခန္ဓာကိုယ်ကတော့ ခေါင်းပြောင်းခုတ်နေတာပဲ
ဒါဖြင့် မင်းတို့သည် ၁၊ ၂၊ ၃၊ ၄ (ပုံစံခွက်များ ချပြသည်) ခန္ဓာကိုယ်ကတော့ ဒီအတိုင်းလျှောက်ပြီး တစ်ခါတည်း ခေါင်းပြောင်းခုတ်နေတာပဲ (မှန်ပါ) ဒီ့ပြင် နေရာရောက်သေးရဲ့လား (မရောက်ပါ ဘုရား) ဒီလေးချက်လှည့်နေတယ် (မှန်ပါ) ပဋိသန္ဓေဘူတာ၊ အိုဘူတာ၊ နာဘူတာ၊ သေ မွဲ ကွဲ ဘူတာ၊ (၄ နံပါတ် ခွက်ထောက်ပြသည်) သူက ဆိုင်းဘုတ်သုံးခု တပ်ရတဲ့ဘူတာကိုး (မှန်လှပါ ဘုရား)။
ဘယ်ဘူတာ မဲချ ကျချင်တုန်း
ကဲ တင်လှ ဘယ်ဘူတာ မဲချ ကျချင်တုန်း (ဘယ်ဘူတာမှ မကျချင်ပါ ဘုရား) ဘယ်ဘူတာမှ မကျချင်လို့ရှိရင် ဪ ဒါလဲ ဒုက္ခသစ္စာဘူတာပဲ၊ ဒါလဲ ဒုက္ခသစ္စာဘူတာပဲ၊ ဒါလဲ ဒုက္ခသစ္စာဘူတာပဲ၊ ဒါလဲ ဒုက္ခသစ္စာဘူတာပဲ လို့ အလုံးစုံ အကုန်သိရမယ် (မှန်ပါ) အလုံးစုံ အကုန်သိထားလို့ရှိရင် ဇာတိကစပြီး ဇရာ၊ ဗျာဓိ၊ မရဏ၊ မရောက်ရပါလို၏လို့ ဆုလဲတောင်းရမယ် မရောက်ကြောင်းလဲ လုပ်ရလိမ့်မယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား) မရောက်ရပါလို၏ လို့လဲ တောင်းရမယ် (မှန်ပါ) မရောက်ကြောင်းလဲ (လုပ်ရမှာပါ ဘုရား)။
အဲ မရောက်ကြောင်းတော့ မနက်ဖြန်မှ ဟောမယ်နော်၊
